Thursday, February 14, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၀)

….. မိမိတို့ ပထမနှစ်များအား စားရိပ်သာမှ ကျွေးသော ထမင်း၊ ဟင်းမှလွဲ၍ မည့်သည့် နည်းဖြင့်ပင် ရရ၊ မည်သည့် သွားရည်စာ မည်သည့်မုန့်မျှ စားသောက်ခွင့် မပြုပေ။ စားရသော ထမင်းနီနီနှင့် ခွေးမစား ငါးခြောက် ပုပ်၊ အရည်ဖျော် ဟင်းများကို သင်တန်းစဖွင့်သည့် ရက်မှစ၍ နှစ်ပတ်ခန့်အထိ လုံးဝစားမ၀င်ပါ။ အစား၊ အသောက်က မကောင်းရသည့်အထဲ ရောက်စမှစ၍ တောက်လျှောက် မောင်းနှင် လေ့ကျင့်လာသည့် သင်ခန်း စာများ၊ စီနီယာ တို့၏ ရက်စက်သော ပြစ်ဒဏ်ပေး ခံရခြင်းများ၊ စသော မိမိတို့ ဘ၀တွင် တခါမှ မကြုံဘူးခဲ့သည့် အခြေအနေ၊ ကိုယ်ကာယပိုင်းဆိုင်ရာ ပင်ပမ်းကြမ်းတမ်းမှု အခြေအနေဆိုးများကို အံခဲဇွဲဖြင့် ပေတေဖြတ်ကျော် ခဲ့ကြရခြင်း ခံလိုက်ရသော လေထိုးအရုပ်များကဲ့သို့ ရုတ်ခြည်း ပိန်ချုံးကျသွား၏။ ကျနော်တို့ အားလုံးနီးပါးဟု ဆိုရခြင်းမှာ အကုန်လုံး မဟုတ်၍ဖြစ်သည်။

အားလုံး မဟုတ်ရခြင်း၏ အကြောင်းမှာ ကျနော်တို့ အပတ်စဉ် အတွင်းတွင် ရာထူး၊ ရာခံ ကြီးကြီးများ၏ သားများ လည်းပါ၏။ ထိုသူတို့မှာကား ကျနော်တို့ကဲ့သို့သော အညတရ မိဘတို့မှ မွေးဖွားလာသူ ဗိုလ်လောင်း များနှင့် မတူပေ။ ထိုသို့သော လူကြီးသားဆိုလျှင် စီနီယာများကအစ သိသာကွဲပြားစွာ မျက်နှာသာပေး ဆက်ဆံကြသည်။ မကြာခဏ ၎င်းတို့အခန်းအတွင်း လျှို့ဝှက်ခေါ်ဆောင်သွားကာ စားကောင်းသောက်ဖွယ် များဖြင့် ဧည့်ခံကျွေးမွေး ၏။ အလာပ၊ သလာပ စကားများ ပြောဆိုကြ၏။ ထိုအချိန် ကျနော်တို့ မအူမလည် ငတိလေးတွေကတော့၊ မည်သည့်ပြင်ပ အစားအစာကိုမှ ရှာဖွေစားသောက်ခြင်း မပြုရဆိုသော အမိန့်ကြောင့် ဆာလောင် မွတ်သိပ်နေ သော ဗိုက်ပြသနာအတွက် ဉာဏ်နီ၊ ဉာဏ်နက်တွေ သုံးကာ၊ မုန့်ပဲ သွားရေစာလေး တစ်ခုတစ်လေ ရရှိဖို့ကို စွန့်စားခန်းကြီးများ သဖွယ် ရင်တုန် ပန်းတုန်ဖြင့် ကြိုးစားရတော့၏။

ကျနော်တို့ ဗိုလ်လောင်း အိပ်ဆောင်များနှင့် အကွာအဝေး ကိုက် ၃၀ ခန့်တွင် တပ်ရင်း ဗျူဟာဆိုင်ဟု ခေါ်သော မုန့်ပဲ၊ သွားရေစာလေးများ ရောင်းသည့် တစ်ခုတည်းသော မုန့်ဆိုင်တစ်ဆိုင်ရှိ၏။ ထိုဆိုင်လေးသည် ကျနော်တို့ ပီတီ ဆင်းသည့် လမ်းကြားလေး နံဘေးတွင် ရှိပြီး၊ ထိုအချိန်က စစ်တက္ကသိုလ်တွင် နည်းပြ (ဒု/ဦးစီး၊ ညှိနှိုင်း) ဟု ခေါ်သော ဗိုလ်မှူးမြင့်လွင် (ကျနော်တို့ ဗိုလ်လောင်း အားလုံးက အဆိုပါ ဗိုလ်မှူးမြင့်လွင်ကို ကြောက်မဲဟု လျို့ဝှက်ခေါ်ကြသည်။ စီနီယာများ၏ ပြောဆိုချက်အရ သူသည် သူ့အထက် အရာရှိဆိုလျှင် အလွန်ကြောက်ပြီး၊ သူထင်သလို အနိုင်ကျင့်ပိုင်ခွင့်ရှိသည့် လက်အောက် ငယ်သားများနှင့် ဗိုလ်လောင်း သင်တန်းသားများ အပေါ်တွင်တော့ သဲသဲမဲမဲ ခြောက်လှန့် အနိုင်ကျင့်၊ မာန်မဲတတ်၍ ဟု ဆိုကြသည်။ ထို့ပြင် သူ၏ အသားအရည် မှာလည်း လုံးဝ မဖြူပါ။)၏ သမီးပျိုလေးများက ဈေးရောင်းသော တာဝန်ယူထားကြသည်။ ထိုမိန်းမပျိုလေးများ သည်ပင် ဗိုလ်လောင်း အားလုံး၏ မျက်စိ စားပွဲထိုင်ရာ အလှမယ်တို့ ဖြစ်ကြသည်။

ထိုဆိုင်လေးတွင် ဗိုလ်လောင်းများ အဆာပြေ စားသုံးနိုင်သော မုန့်ပဲ သွားရည်စာ အမျိုးမျိုး ရောင်း၏။ စီနီယာများ အတွက် ထိုဆိုင် ဖွင့်လှစ်ချိန်တိုင်းတွင် သွားရောက်ဝယ်ယူ စားသောက်ခွင့် ရှိသော်လည်း ကျနော်တို့ ပထမနှစ်များ အတွက်ကတော့ ယောင်၍ပင် သိခွင့်မရှိ။ နှစ်အစပိုင်းတွင်သာ ထိုဆိုင်သို့ လုံးဝသွားခွင့် မရှိသော်လည်း လ အတန်ကြသောအခါ ထိုဆိုင်လေးသို့ တခါတရံ သွားခွင့်ရှိလာသည်။ ကိုယ်ပိုင် ၀ယ်စားရန်အတွက် မဟုတ်ပေ။ စီနီယာ၏ ၀ယ်ယူခိုင်းသော အခါတချို့တွင်သာ ရောက်ရှိခြင်း ဖြစ်၏။ မိမိကိုယ်တိုင် ၀ယ်စားရန်အတွက် ဟူ၍ ခိုးဝှက် သွားရောက်ရန် မကြံစည်လိုက်နှင့်။ စီနီယာ တဦးဦးသာ သိရှိသွားပါ ချွေးတို့ လှိုင်လှိုင်ထွက်ဖို့သာ ပြင်ပေ ရော့… ယခုဖြစ်စဉ်မှာ နှစ်အစပိုင်းတွင် ကျနော်တို့ ကြုံတွေ့ရသော အခြေအနေများမှ တဆင့် ကျနော်တို့ အများစု ဘယ်လို စိတ်ခံယူချက်တွေဆီ ပြောင်းလဲကျက်စား လာသည်ဆိုသည့် အကြောင်းကို သုံးသပ်ပါမည်။

ထိုသို့ လူသားတစ်ဦး၏ အခြေခံရပိုင်ခွင့် ဖြစ်သော မိမိဝမ်းရေး မပြေလည်မှုအတွက် ဆာလောင် မွတ်သိပ်မှုကို အစားထိုးဖြေရှင်းရန် အခွင့်အရေးလေးကိုပင် တားဆီးပိတ်ပင်ခြင်း ခံရ၏။ ဤသို့ လူတစ်ဦး၏ ဘ၀ ရပ်တည်မှု အခြေခံဖြစ်သော၊ စားဝတ်နေရေး အခွင့်အရေး လေးများအနက်၊ အရေးကြီးဆုံးဖြစ်သော ၀မ်းရေးစားသောက် ဖြည့်တင်းမှုကိုပင် တားမြစ်ကန့်သတ် ချုပ်ချယ်ခြင်းခံရ၏။ မြန်မာစကားပုံပင် ရှိသေး၏။ အူမတောင့်မှ၊ သီလစောင့် မည်ဟု ရှေးပညာရှိတို့က လူတို့၏ ကိုယ်ကျင့် သီလနှင့် ပတ်သက်၍ ၀မ်းရေးဝမှ သီလတည်မည် ဖြစ်ကြောင်း ဆိုရိုးစကား ထားခဲ့ကြခြင်း ဖြစ်ပေသည်။

ကဲ… ယခု ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းများမှာ သင်တန်းသားများ အတူတူ ဆွေကြီး မျိုးကြီး သားချင်း ဗိုလ်လောင်းတို့ကျတော့ သင်တန်းနည်းပြ အရာရှိကြီး၊ ငယ်ကအစ စီနီယာ ဗိုလ်လောင်းအဆုံး၊ အခွင့်အရေး ကို မျှော်ချင့် ဖန်တီးရယူလိုသူတို့က ဖူးဖူးမှုတ်ကာ ခယ၀ပ်တွားမှု ပြသ၊ လျှို့ဝှက် တိတ်တဆိတ် ခေါ်ယူ ကျွေးမွေးပြုစု ခြင်းဖြင့် ဆွေကြီး မျိုးကြီး သားတို့ စည်းစိမ်ခံစား ပျော်ရွှင်နေချိန်ဝယ်၊ သာမည ၀န်ထမ်း၊ အညတရ မိဘတို့မှ မွေးဖွားလာသော၊ ကျနော်နှင့် အခြားမြောက်များစွာသော ပထမနှစ် ဗိုလ်လောင်းတို့မှာ ယနေ့ ကြုံတွေ့နေရသော စားရေး သောက်ရေး အကြပ်အတည်းကို စီနီယာတို့အား ကြောက်ရွံ့ ကြသောကြောင့်၊ ဘာမှ မစား မသောက် ရဘဲ၊ ရေသောက် ဗိုက်မှောက်ကာ ဘာမှ ၀ယ်မစားရဆိုသည့် ချမှတ် စည်းကမ်းအတိုင်း အငတ်ခံ အဆာခံ နေကြပါမည်လား။ သင်သာ ဤကဲ့သို့သော အခြေအနေကို ရင်ဆိုင် ဖြတ်ကျော်နေသည့် ကျနော်တို့လို (၁၈) နှစ် သားအရွယ် လူငယ်တစ်ယောက် နေရာတွင်ဆို ဘယ်လိုနေမည်လဲ။ သင်တန်းသား သက်တူ ရွယ်တူချင်း အတူတူ၊ လူသားတစ်ဦး၏ အခြေခံ ရပိုင်ခွင့် လူ့အခွင့်အရေးအရ တန်းတူညီတူ မရှိဘဲ အဆင့်အတန်း မျိုးရိုးအရ ခွဲခြား ဆက်ဆံ ခံရခြင်းကို (လူသားတစ်ဦး၏ အခြေခံ ရပိုင်ခွင့် လူ့အခွင့်အရေး ဆိုသည်ကို လုံးဝ မသိနားမလည်၊ ရယူခံစားရမှန်း မသိအောင် ပုံသွင်း ဖီစီးချုပ်ချယ်ခြင်း ခံထားရသည့် မြန်မာနိုင်ငံမှ ကြီးသူတိုင်းကို ကြောက်နေရ သည့် စနစ်ဆိုးအောက် မျိုးဆက်နှစ်ဆက်ခန့် အထိ တိမ်မြုပ်ရိုက်သွင်း ခံထားရခြင်း၏ ဆိုးကျိုးဆက်၊ မသိသား ဆိုးရွားစွာ နားမလည် အသိမကြွယ် ခြင်းကြောင့်) ဖာသိဘာသာ နေနိုင်သည် ထားအုံး၊ တကြွက်ကြွက်၊ တဂွီဂွီ၊ တစီစီဖြင့် အူသိမ် အူမ အချင်းချင်း စစ်ခင်း၊ ပွတ်တိုက်နေသည့် ၀မ်းတွင်းမှ ဆာလောင် မွတ်သိပ်မှု ပြဿနာ ကိုတော့ မြိုသိပ် ကြိတ်မှိတ် မနေနိုင်ဟု ကျိမ်းသေ ဆိုဝံ့ပါသည်။ ဒီတော့ ဘာလုပ်ကြ ပါမည်နည်း။ ဘယ်လို ဖြေရှင်းကြပါ မည်နည်း။

လွယ်လွယ်လေးပါ။ ထိုအချိန် ထိုကာလက ထိုပြဿနာမျှသည် ဖြေရှင်းရန် လွယ်လွယ်လေးပါ။ ခိုးကြပါသည်၊ ခိုးကြောင် ခိုးဝှက်၊ ငတက်ပြားတို့၏ အတွေးအခေါ်၊ အပြုအမူတို့ဖြင့် ရရာ၊ ကြုံရာ နည်းလမ်းများကို အသုံးပြု၍ မိမိတို့ ၀မ်းတွင်း သွတ်သွင်းနိုင်မည့် စားစရာဟူသမျှတို့ကို မရ၊ ရအောင် ကြံဆောင်ရှာဖွေ ကြပါတော့သည်။ ထို သို့ ဗိုလ်လောင်းတို့၏ အုပ်ချုပ်မှုနည်းနှင့် ကာလ အပိုင်းအခြားအလိုက် ဖြစ်ပေါ်လေ့ရှိသော အခြေအနေတို့ကို အစဉ်အလာအားဖြင့် ကျွမ်းဝင်ရင်းနှီးပြီး ဖြစ်သူ စစ်တက္ကသိုလ်မှ နည်းပြ တပ်ကြပ်ကြီး တဦးက နှစ်ရက်ခြား၊ တခါလောက် မယောင်မလည် ဟိုကြည့်ဒီကြည့်ဖြင့် ကျနော်တို့ ပထမနှစ်များ အိပ်ဆောင်အနီး ချည်းကပ် ၀င်ရောက်လာကာ ၎င်း၏ စစ်လွယ်အိတ်လေးထဲ ခိုးဝှက် သယ်ဆောင်လာသော မြေပဲယို၊ မြေပဲပြား အထုပ် ငယ်များကို လျှင်လျှင်သုတ်သုတ်၊ ရောင်းချပါသည်။ ဈေးနှုန်းမှာ ပြင်ပမှ ပေါက်ဈေး ထက် (၃) ဆခန့် ပိုမို များပြား နေသည်ကို နောင်ကျမှ သိရ၏။ ထိုအချိန်တုန်းကတော့ မိမိတို့ ညစာကြည့်ချိန် ပြီးခါးနီး စီနီယာတို့ ဆင်းမလာ သေးခင်၊ ခိုးကြောင် ခိုးဝှက် အမူအရာဖြင့် ရောက်ရောက် လာတတ်သော ထို တပ်ကြပ်ကြီး (တပ်တွင်းတွင် ဆရာကြီးဟု ခေါ်သည်) ကိုပင် ကျေးဇူးရှင် တစ်ဦးအလား စောင့်ရ၊ မျှော်ရသည်။ သြော်… ရွှေဗိုက်က နေမခိုက် အောင် ဆာလှပြီကိုး…။ သူ ရောက်လာလျှင် ဗိုလ်လောင်းတွေက အလုအယက်၊ မှောင်ခိုဈေးတန်းမှ မှောင်ခိုဈေး သည်နှင့် မသမာသူ ဈေးဝယ်တို့ စည်ပင်သာယာ ရဲမလာခင် လက်စသတ် ကသုတ်ကရက် အလုပ်လုပ် ကြရသည့်ဟန်၊ ဟိုကြည့် သည်ကြည့် ကျီးကန်းမင်းတို့၏ တောက်ပ စူးရှ၊ လျှင်မြန်၊ ဖြတ်လတ်သော မျက်လုံး များဖြင့်၊ ဘေးဘီကို အကဲခတ်၊ ကလိန်ကကျစ် စီနီယာတို့ မရှိလောက်ဘူး ဟု ယုံကြည်ရလောက်လျှင် ခေတ်ပေါ် ခါးပိုက်နှိုက်၊ ခေတ်ပေါ် ငတက်ပြားတို့၏ သွက်လက်လျှင်မြန်မှု မျိုးဖြင့် အလုအယက် ၀ယ်ယူဖို့ အသံတစ်သံမှ မထွက်ဝံ့ဘဲ၊ တိတ်တဆိတ် လုယက်တိုးဝှေ့နေသည့် အုပ်စုထဲ ရင်တထိတ်ထိတ်ဖြင့် တိုးဝှေ့ ၀င်ရောက် ၀ယ်ယူပြီး အလွန်အင်မတန် ကံကောင်းထောက်မစွာ ရရှိလာသော မြေပဲယို ထုတ်ငယ်အားလည်း ချက်ချင်း မစားဝံ့။ မစားရဲ။ ချက်ချင်းပင် စီနီယာတို့ လုံးဝ မထင်မှတ်နိုင်သည့် အ၀တ်ထည့်ခင်းပြသရာ သံဗီဒို (လော့ကာ ဟုခေါ်သည်) အောက်သို့ သွက်လက် လျှင်မြန်သော လှုပ်ရှားမှုဖြင့် ချက်ချင်း ထိုးသွင်းသိုဖွက်ကာ မိမိနေရာတွင် ဟန်မပျက် ပြန်ပြေးထိုင် နေကြရသည်။ အဘယ့်ကြောင့် ဆိုလျှင် စီနီယာတို့သည် နေရာမရွေး၊ အချိန်မရွေး ၀င်ရောက်လာကာ အပြစ်ကျူးလွန်သူတို့ကို ရှာဖွေ အပြစ်ပေးလေ့ ရှိသောကြောင့် ဖြစ်၏။

ဒီအချိန်မှာ ဆင်းရဲချို့တဲ့သော မိသားစုမှ မွေးဖွားလာသော ဗိုလ်လောင်းများကတော့ မိမိတို့နေရာ၊ သံခုတင်လေး ပေါ်မှပင် ထိုင်၍ အခြားသောငွေကြေး တတ်နိုင်သူတို့ ၀ယ်ယူ စားသောက်ဖို့ စွန့်စားစွာ ကြိုးစားနေကြသည်ကို ထိုင်ကြည့် ငေးမောနေကြသည်။ ဤမျှ ဈေးကြီးသော မတန်မရာ ဈေးဖြင့် ရောင်းချသော မြေပဲယို ထုတ်ငယ်ကို သူတို့ မ၀ယ်ယူနိုင်။ အလွန်ဆာလောင် မွတ်သိပ်လှသော်လည်း မတတ်နိုင်၊ ဒီလို လူငယ်မျိုးတွေက ဘယ်လို ဖြေရှင်းကြပါမည်လဲ။ အကယ်၍ မိဘက ပိုက်ဆံ တတ်နိုင်သောကြောင့် ဈေးကြီးပေး ၀ယ်ယူစားနိုင်သူတို့က သူငယ်ချင်း အချင်းချင်း နားလည်စွာ ကျွေးမွေး၍၊ သဘောထားကြီးစွာ ဝေမျှစားသောက်လျှင် ပြဿနာ မရှိ၊ တစ်ကိုယ်တည်း တကိုယ်ကောင်း ကြံတတ်သူ လူချမ်းသာ ဗိုလ်လောင်း၏ ကိုယ်ဝမ်းဝလျှင်ပြီး၊ မည်သူ ဘာ ဖြစ်ဖြစ်၊ တကြွပ်ကြွပ်ဖြင့်၊ တဟပ်ဟပ်ဖြင့် မြေပဲယို ချိုချိုကို အငမ်းမရ အာသာမပြေ၊ အားရ ပါးရ ၀ါးစား နေချိန် တွင်၊ နံဘေး ခုတင်မှ မြင်နေရ၊ ကြားနေရသူ ကိုယ်တိုင်လည်း ဆာလောင်မွတ်သိပ်မှု မြောက်များစွားဖြင့် စားသောက်ဖွယ် တခုခုကို တမ်းတနေသူ သနားစဖွယ် လူငယ်လေး… သူ့ဝမ်းတွင်း ဘယ်လို နေပါလိမ့်။ အားကျမက်မောမှု သွားရည်တို့ တစိမ့်စိမ့် ထွက်မလာ နိုင်ပေဘူးလား။ လူသည် အားကျသွားရည် ယိုတတ်သော သက်ရှိသတ္တ၀ါ တဦးပင် ဖြစ်၏။ တဖက်သူ၏ လုပ်ရပ်၊ အောင်မြင်မှုကို အားကျ အတုယူတတ်သော အသိဉာဏ်၊ အပြုအမူ ကူးစက်ရယူ တတ်သော လူဖြစ်၏။

သို့နှင့် ကျနော်အပါအ၀င် ချို့တဲ့သော သာမာန်မိဘမှ မွေးဖွားလာသူ ဗိုလ်လောင်းအချို့သည် ဈေးကြီးပေး ၀ယ်ယူ စားသောက်ရခြင်းကို မတတ်နိုင်၍ လူတကာ ၀ယ်စားနိုင်ခွင့်ရှိသော တပ်တွင်း ဗျူဟာမုန့်ဆိုင်မှ မုန့်များကို သာ မရ-ရသည့်နည်းဖြင့် ရအောင် ကြိုးစား လာကြပါတော့သည်။ အပြစ်ပေး ခံရမည်ကိုလည်း ကြောက်တော့ လူ မမိအောင်လည်း ပါးနပ် လိမ္မာမှုများစွာ သုံးကာ မိမိတို့ ခံစားနေရသော ဒုက္ခကို ပြေလည်အောင် ကြံဆောင် ဖြေရှင်း ရပါတော့သည်။ မနက် မိုးမလင်းမီ မည်သူမှ မထသေးခင် ဝေလင်းဝေလင်းအချိန်တွင် အိပ်ဆောင် အတွက် သောက်သုံးရေ သွားခပ်မည့် ဟန်ပန်ဖြင့် ရေအိုး တလုံး ပုခုံးပေါ်ထမ်းကာ မယောင်မလည်ဖြင့် မုန့်ဆိုင် နားသွား၊ မဖွင့်သေးသော မုန့်ဆိုင်ဘေးနားမှာ မယောင်မလည်လုပ်ပြီး၊ မနက်ခင်းစောစော ဆိုင်လာဖွင့်လေ့ ရှိသည့် အဘိုးကြီးတို့ကို စောင့်မျှော်ရသည်၊ အိပ်ငိုက်လိုက်သည်မှာလည်း အလွန်၊ ဆိုင်တံခါး ဖွင့်သံကြား သည်နှင့် ချက်ချင်းပင် ပြေးဝင်ကာ တောင်းပန်ဝယ်ယူ ပြေးထွက်ခဲ့ပြီး၊ သောက်ရေအိုးထဲ မုန့်ထည့်ကာ ခပ်တည် တည်ပင် ရေခပ် ပြန်လာသည့် ဟန်လုပ်၍ အိပ်ဆောင်သို့ ပြန်လာ၏။

ဤသို့ ကျနော်၏ မဟာမုန့် ၀ယ်ယူရေး စီမံကိန်း အောင်မြင်မှုကြီးကို ကျနော်က ခင်သူ သူငယ်ချင်းအချို့ကို ပြောပြလိုက်၏။ ဂုဏ်ယူ ၀င့်ကြွား မိလိုက်၏။ နောက်ရက်ပိုင်းမျှ မကြာမှီ ကျနော် ထိုသို့ ခိုးဝှက် ၀ယ်ယူရန် မနက်ဝေလီ ဝေလင်း ဇွဲဖြင့်သွားသောအခါ ကျနော့်ထက် စောစီးစွာ ရောက်နှင့် နေကြသော တပတ်စဉ်ထဲ သူငယ် ချင်းများကို တွေ့ရ၏။ ကျနော်နှင့် အချို့သာ မုန့်ကို လျို့ဝှက် သယ်ဆောင်ရန် သောက်ရေအိုးလေးများ ပါကြ၏။ အများစုမှာ မပါ။ ဤသို့သော ခိုးဝှက်မုန့်ဝယ်ယူမှု စစ်ဆင်ရေးကြီး ကြာရှည် မခံလိုက်ပါ။ မည်သူက လက်ထောက် ချလိုက်သလဲ မသိ။ သို့မဟုတ် မည်သူ တဦးတယောက်များ မုန့်ဝယ်ပြီး အပြန် စီနီယာက တွေ့သွားပြီး ကျနော်တို့ လုပ်ရပ်ကို ရိပ်မိသွားဟန်ရှိသည် မသိ၊ နောက်ရက်များတွင် အဆင်သင့် စောင့်ဆိုင်း ချောင်းမြောင်း နေသူ စီနီယာက မုန့်ဝယ်ရန် သွားသူ ကျနော်တို့အား လက်ဝယ်မုန့်များ ကိုင်လျှက်ဖြင့် ပက်ပင်းမိ သွားကာ မုန့်လည်းဆုံး၊ ပြင်းထန်သော အပြစ်ပေးမှုများကိုလည်း အီစိမ့် နေအောင် ခံစားလိုက်ရ၏။

ဤမှာပင် ကျနော်ပြောလိုသော အဓိကအချက်မှာ မြန်မာနိုင်ငံ၏ အနာဂတ်တွင် နောင်တစ်ခေတ်၏ အောင်စစ် သည် ဖြစ်လည်မည့် မျိုးဆက်သစ် လူငယ် ကျနော်တို့အား ကိုယ်ကျင့် စာရိတ္တစောင့်စည်း ထိန်းသိမ်းမှု စံနှုန်းနှင့် ထိုစံနှုန်းအပေါ် တန်ဖိုးထားမှုကို လျစ်လျှူမရှုလိုဘဲ၊ ကျောခိုင်းလိုက်ရခြင်း၏ အခြေခံ အစကို ရှင်းပြလိုခြင်း ဖြစ်သည်။ ငယ်ဘ၀မှ မိမိကိုယ်မိမိ တန်ဖိုးထား စောင့်ထိန်းခဲ့သော ကိုယ်ကျင့် သိက္ခာစံနှုန်းကို မည်သို့ တန်ဖိုးမဲ့ စွာ ပစ်ပယ်ခဲ့ရသလဲ။ ကျနော်တို့ ကဲ့သို့ လူငယ်များ မြန်မာစစ်တပ်တွင်း ၀င်ရောက်မိကာမှ နဂိုကောင်းစိတ်ထား ရှိခဲ့သူ၊ လူငယ်တို့ ကိုယ်ကျင့် သိက္ခာ စံနှုန်းကို မည်သို့မည်ပုံ စတင် လျစ်လျှူရှု ပစ်ပယ်ခဲ့ ကြသလဲ ဆိုသော အရေးကြီးသည့် စိတ်ထားပြောင်းလဲလာမှု အခြေအနေများ၏ မူလအစနှင့် ဘယ်လို့သော အကြောင်းအရာတို့က သိမ်းသွင်းမြူဆွယ် ယိမ်းယိုင်သွေဖည် သွားစေသလဲ ဆိုသည်တို့၏ အဆုံး မူလဇာတ်မြစ် တို့ကို စစ်တပ်နှင့် မနီးစပ်ခဲ့သူ သာမာန်ပြည်သူတို့ နားလည်သိရှိ စေနိုင်ရန် ရှင်းပြရခြင်း ဖြစ်ပါသည်။

စစ်အာဏာရှင် စနစ်အောက်ရှိ အခွင့်ထူးခံ လူတန်းစား တစ်ရပ်အတွင်း သာမာန်ပြည်သူတို့နှင့် ကွဲပြားခြား နားသော အခွင့်အရေးတို့ကို မိမိတို့အား ပေးအပ် ခံစားယစ်မူးနေစေသည်မှာ အောက်ပါတို့ကို ဖြစ်ပေါ်လာ စေလို သောကြောင့် ဖြစ်ဆိုသည်ကို ကျနော်တို့ အရာရှိငယ်များ ကျောင်းဆင်းပြီး မကြာမီမှာပင် သိရှိလာကြသည်။

နိုင်ငံတော် တာဝန်ဟု ကျုံးသွင်း ၀ါဒဖြန့်ထားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နောက်လိုက်နောက်ပါ စစ်အာ ဏာရှင် တစုတို့ ဆွေစဉ်မျိုးဆက် ကြီးပွားချမ်းသာရေးနှင့် လက်ရှိရယူ စံစားနေသော အာဏာရှင်စနစ် ယန္တရား ကြီး လည်ပတ်ရေးအတွက် မဖြစ်မနေလိုအပ်သည့်…

(၁) ပြည်သူလူထုအား အာဏာရှင်စနစ်ကို ဆန့်ကျင် ဖီဆန်လိုသော တော်လှန်ရေး စိတ်ဓါတ် လုံးဝမွေးမြူ ကြီး ထွားခွင့် မရအောင် အုပ်ချုပ်ရာတွင် လည်းကောင်း။

(၂) ဖိနှိပ်အုပ်ချုပ်မှု၊ သွေးခွဲ သပ်လျှိုမှုများ၊ တိုင်းရင်းသား၊ ပြည်သူလူထုများ အကြားအချင်းချင်းအကြား မယုံသင်္ကာမှုများစွာဖြင့် စိတ်ဝမ်းကွဲ မညီညွတ် တိုးသည်ထက် တိုးလာစေရေး၊ စနစ်တကျ ဖန်တီးရာတွင် လက် နက်ကိုင် တပ်ဖွဲ့ဝင် မိမိတို့ကို အဆင့်အတန်းအရ လုပ်ပိုင်ခွင့်အရ၊ ခံစားပိုင်ခွင့်အရ၊ ပြည်သူနှင့်အတူ ကွဲပြားစွာ ခွဲခြား၍ ကြားခံအဖြစ် သုံးစွဲနိုင်အောင် သော်လည်းကောင်း။

(၃) သမိုင်းကို တွက်ဆ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ရိုးသားမှု ဂုဏ်၊ ယဉ်ကျေးမှု အစဉ်အလာ ကောင်းမြတ် မြင့်မား ခဲ့ခြင်း ဂုဏ်၊ သွေးစည်း ညီညွတ်စွာဖြင့် ဖိနှိပ် အုပ်ချုပ်လာသူ မည်သူကိုမဆို၊ ရဲဝံ့ပြောင်မြောက် စွန့်စားသော သူရဲကောင်းတို့၏ စိတ်ဓါတ်ဖြင့် တော်လှန်ရေး အစဉ်အလာကောင်များ ရှိခဲ့သော မြန်မာတိုင်းရင်းသား တစ်ရပ်လုံး၏ ကိုယ်ကျင့်သိက္ခာပိုင်း၊ အတွေးအခေါ်ပိုင်း ဆုတ်ယုတ်နိမ့်ပါး လျော့နည်း ပျောက်ဆုံးစေရေးအတွက် သော်လည်းကောင်း။

(၄) မိမိတို့ ကိုယ်ကို ယုံကြည် အားကိုးမြတ်နိုးသည့် မျိုးချစ်စိတ် အရင်းခံ မျိုးဂုဏ် ဇာတိဂုဏ်တို့ ထက်သန်ကြီး ထွား လှုပ်ရှားခွင့်မပြုရေး စနစ်တကျ အကွက်ချ ဖိနှိပ်အုပ်ချုပ်မှုဖြင့် သမိုင်းပျောက်ဖြစ်စဉ်များ ဖန်တီးရာတွင် သော်လည်းကောင်း။

(၅) အသိဉာဏ်မဲ့စွာ ခိုင်းတာလုပ်မည့် ကျွန်လူမိုက်များ အဖြစ်၊ အသုံးချနိုင်ရေး တင်ကြို အကွက်ချ ပြင်ဆင် လေ့ကျင့်မှု၏၊ တစိတ်တပိုင်းအဖြစ် သော်လည်းကောင်း၊ ထားရာနေ စေရာသွား၊ ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောသော ကျွန်စိတ်ဓါတ်၊ တရယူ တမှီနှိုက် ဘနှဖူး သိုက်တူးမည့် စိတ်ဓါတ်၊ အခွင့်အရေးသာ ရမည်ဆိုလျှင် ပေးသလို ကိုယ်ကျိုးအတွက် ရှာဖွေဖန်တီးမှု၊ တကိုယ်ကောင်း စိတ်ဓါတ်၊ စိတ်ညံ့၊ စိတ်ရိုင်းများ၏ အခြေခံ အယူလွဲမှားမှု အဓိက မဏ္ဍိုင်ဖြစ်သော ခံယူချက်တို့ မွေးမြူလာစေရန်အတွက် သော်လည်းကောင်း တရားဝင် သင်းရိုးညွန်းတမ်း မရှိသော အရိပ်ပြ အကောင်ထင် သွန်သင် ကြပ်မတ်စရာမလို၊ အလိုလို နားလည်တတ်သိ လာစေသည့် ဆင့်ကဲ အမွေ။ အုပ်ချုပ်ရေး နည်းနာများ၊ နှိပ်ကွပ် ရက်စက်နည်းများ၊ ခေါင်းတော်ညိတ်၍ စိတ်တော် အလိုကို လိုက်တတ်အောင် မြူဆွယ်ခြောက်လှန့် သိမ်းသွင်း ကူးစက်စေတတ်သော လေ့ကျင့် အပြစ်ပေးမှုများဖြင့် ပြည်သူကို ဖိနှိပ်တတ်သည့် အာဏာရှင် အငယ်စားလေးများ ပေါ်ထွက် လာရသည့် အခြေခံ များဖြစ်ပေသည်။

ထို အကြောင်းရင်းခံ၊ အဖြစ်မှန်တို့ကို အများပြည်သူတို့ တွေးဆသုံးသပ်၊ သတိနှင့်ယှဉ် သံဝေဂ ယူကာ နောင် ကြဉ်စေလိုသောကြောင် ယခုကဲ့ အာဏာပိုင် အသိုင်းအ၀ိုင်း အတွင်းရောက်ရှိကာ မိမိကိုယ်မိမိ ဟုတ်လှပြီ ထင်ခဲ့ သူ လူငယ်ကျနော်တို့၏ ဘ၀ရပ်တည်မှု အခြေအနေနှင့် စိတ်ဓါတ်ခံယူချက် လွဲမှားမှု စတင် သန္ဓေတည်စေသည့် ဖန်တီး စေ့ဆော်မှုများကြောင့်၊ တိုင်းပြည် တစ်ပြည်၏ အဖိုးတန် သားကောင်း ရတနာများ၊ လမ်းလွဲရောက်ကာ စိတ်ခံယူချက် လွဲမှားခံယူ ယုံကြည်သွားစေသော ဖြစ်စဉ်များ၏ အကြောင်းရင်းမှန် အခြေခံကို ရေးဖွဲ့တင်ပြ ရခြင်း ဖြစ်၏။

ဗိုလ်ကြီးနေသူ (အငြိမ်းစားတပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင်ဒေါင်းလုပ် လုပ်ပါ

0 ထင်မြင်ချက်: