Friday, February 29, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၃)

ကဲ လာပြန်ပြီ။ ရွှေတဆုပ်တဲ့.. အပြစ်ပေးခြင်း တမျိုးကလာပြန်ပါပြီ။ ရွှေတဆုပ်ဆိုတာ ဘာလဲ ကြည့်ကြအုံးစို့၊ ရွှေတုံး ရွှေခဲတွေကို ရော့…. အင့် ဟု အဆုပ်လိုက် ပေးသည် မဟုတ်ပါ။

စောစောက ပြောခဲ့သလို လက်သီးဆုပ်ဖြင့် ထောက်ထားခိုင်းကာ ဘောင်ပေါ်တင်ခိုင်းသည့် နေရာတွင် ပိုမို အညှာအတာ ကင်းမဲ့သော ပုံစံတခုသို့ ပြောင်းလဲ လုပ်ဆောင်ခိုင်းခြင်းပင် ဖြစ်သည်။ ဘယ်ဘက်လက်ကို လက်ဝါးဖြန့်ထားရပြီး လက်ဖမိုးဖြင့် ကြမ်းပြင်ကို အပြားလိုက်ချ ထောက်ထားရ၏။ ထိုဘယ်ဘက်လက်၏ လက်ဖ၀ါးအတွင်း ညာဖက် လက်သီးဆုပ်ကို ထည့်သွင်း ထောက်ထားရသော ဘောင်ပေါ်တင်သည့် နောက်ဆုံး ပုံစံပင် ဖြစ်သည်။ ကိုယ်ခန္ဓာ တစ်ခုလုံးသည် ဘယ်ဘက်လက်၏ ဘက်ဖမိုးအပြား တခုတည်း ပေါ်တွင် အလေးချိန်စီးပြီး အဓိက အားပြုထောက်ထားရသော အစွမ်းကုန် ညှဉ်းဆဲမှု နည်းသစ် တခုသာ ဖြစ်သည်။ ကျောက်ဆုံပေါ် တင်၍ ဆေးရွက်ကြိတ် သကဲ့သို့ ပင် မိမိ၏ လက်ဖ၀ါးကို မိမိ၏ လက်သီးဖြင့် ထုချေကြိတ် ထောင်းစေသော ပြင်းထန် ရက်စက်သည့် အပြစ်ပေးနည်း တစ်ခုလည်းဖြစ်၏။ တကိုယ်လုံး၏ စောက်ထိုးမိုးမျှော် ၀န်အလေးကို အဓိက ရပ်တည်မှု အောက်ခံခုံ အဖြစ်ဘယ်လက် တချောင်းတည်းဖြင့် ထောက်ထမ်းထားရသော ဤအချိန်တွင် အားပြုထားရသော လက်ဖမိုးလေးသည် မည်မျှနာကျင် ကျိမ်းစပ် ခံရခက်လွန်း နေမည်ကို ခံစားတွေးကြည့်လျှင် သိနိုင်ပေ၏။ အောက်ခံ ကြမ်းပြင်သည် ညီညာပြန့်ပြူးသော ကွန်ကရစ်ကဲ့သို့ ပြင်ညီဖြစ်လျှင် ပြဿနာမရှိ၊ ကျောက်စရစ်ခဲများ၊ ဘုကထစ်များ ရှိသော မညီမညာ ကြမ်းပြင်ဆိုလျှင် သနားစရာ လက်ဖမိုးလေးသည် ဗြုပ်ထနေသော အရေပြားမှ သွေးစို့ ဒဏ်ရာများဖြင့် အလွန်နာကျင်လှသော ဝေဒနာကို ခံစားပေရော့။

ဤနေရာတွင် ဖေါ်ပြလိုသည်မှာ ယခုမိမိတို့ကို စောင့်ကြည့် အပြစ်ပေးနေသော စီနီယာတို့သည် မိုးကျရွှေကိုယ် များမဟုတ်ကြပဲ၊ လွန်ခဲ့သည့် နှစ်အနည်းငယ်က ယခုမိမိတို့ အပြစ်ပေးခံနေရသကဲ့သို့ သူတို့လည်း အပြစ်ပေး ခံခဲ့ရဖူး သည်ဆိုခြင်းမှာ ကျိန်းသေပြောနိုင်ပေသည်။ ကိုယ်တိုင်ခံခဲ့ရသော စီနီယာတိုင်းက ယခုလို မသက်မညှာ ရက်စက်စွာ ဂျူနီယာများအပေါ် အပြစ်ပေးတတ်ရဲ့လား။ မဟုတ်ပါ။ စီနီယာတိုင်းသည် ဤသို့ ရက်စက်စွာ အပြစ်ပေးနည်း မျိုးကို မကျင့်သုံးကြပါ။ အထူးသဖြင့် ကျနော်တို့ အောင်ဇေယျတပ်ခွဲမှ ရိုးရိုးအေးအေး နေထိုင် တတ်သူ စာပေသမား စီနီယာတို့သည် ထိုဖက်စစ်ဆန်ဆန် အပြစ်ပေးနည်းများကို ဆန့်ကျင်ကြသည်။

ပေဖြစ်တုံးခံပေါ့ကွာ၊ တူဖြစ်ချိန်ကျ ကိုယ့်အလှည့် ရောက်လာမှာပေါ့ ဟူသော အတွေးတို့ မည်သူတွေမှာ တွေးလာသလဲ၊ တေးမှတ်ထားကြ သလဲ ဆိုတာ မိမိတို့ စီနီယာတန်း ရောက်သောအခါမှ သိနိုင်ပေမည်။ ထိုသို့ စွဲမြဲစွာ တေးမှတ်ထားပြီး စီနီယာတန်းသို့ ရောက်လာသောအခါ မိမိတို့ ထက်ငယ်သော ဂျူနီယာများကို အနိုင်ကျင့် နှိပ်စက်သူ သူငယ်ချင်းအချို့ ရှိလာသည့်ကိုလည်း မထူးခြားစွာ တွေ့ရှိလာရသည်။

အထက်ပါ ရွှေတဆုပ်ဟုခေါ်သော ညှာတာမှု ကင်းမဲ့သည့် ပြစ်ဒဏ်ပေးနည်းကိုပင် အနည်းငယ် အသွင်ပြောင်း ကာ ပိုမိုရက်စက်သည့် ပြစ်ဒဏ်အပြစ် အသုံးပြုပြန်ပါသည်။ လက်ဖ၀ါး တစ်ခုအတွင်း ကျန်လက်တစ်ဖက်၏ လက်သီးဆုပ်ကို ထည့်သွင်းကာ စောက်ထိုးမိုးမျှော်နေရသော ပုံစံမှ ထိုလက်ဖ၀ါးအတွင်း ကျန်လက်တစ်ဖက်၏ လက်သီးဆုပ်အစား လက်ညိုးတစ်ချောင်းထဲကိုသာ ထောက်ထားခိုင်းသော မုန့်လက်ညိုး ဟု ခေါ်သည့် ပြစ်ဒဏ်ဖြစ်သည်။ ဘယ်ဘက်လက်သည် သူ၏ လက်ဖမိုး တခုထဲဖြင့် ကိုယ်ခန္ဓာတစ်ခု လုံးဝန်ကို ထမ်းထားရပြီး၊ ညာဘက်လက်၏ လက်ညိုး တစ်ချောင်းထဲသာ ထောက်ခွင့်ရသော ပုံစံသည် မည်မျှ ခံရခက်မည်ကို စဉ်းစား နေစရာပင် မလို။ မိမိ ညာလက်ညိုးငယ် ကျိုးမသွားအောင် မနည်း ထိန်းထားရပြီး အချိန်ကြာလာသည်နှင့် အမျှ ခံနိုင်ရည် မရှိတော့ဘဲ ဘုန်းကနဲ မြည်အောင် ကိုယ်ခန္ဓာ တစ်ခုလုံး အောက်ခံ ကြမ်းပြင်ပေါ် အတားအဆီးမဲ့ ပြုတ်ကျမှု မကြာမဏ ဖြစ်ပါမှ ထိုသူကို အနည်းငယ် သက်သာသော အခြားပြစ်ဒဏ် တခုခုသို့ ပြောင်းလဲခွင့် ပြုတတ်သည်။

အခန်းတွင်း တစ်ဦးချင်း သီးသန့် ခေါ်ယူ အပြစ်ပေးခြင်းများတွင် အထက်ပါ နည်းလမ်းများ အနက်မှ ဘောင်ပေါ် တင်ခြင်း နည်းလမ်းကို အများဆုံး စေခိုင်းကြသည်။ အပင်ပန်းဆုံး နှိပ်စစ်မှု နည်းလမ်းပေါင်းစုံကို သုံး၍ စီနီယာကို ကြောက်ရွံ့မှု ဖြစ်ပေါ်အောင် ပုံသွင်းမှုများသာ ဖြစ်သည်။

စီနီယာတို့၏ အိပ်ခန်းတွင်း၌ အုတ်ဘောင် မရှိသောကြောင့် ခြင်ထောင် ကြိုးချည်သော သံကြိုးတန်းနှင့် အ၀တ် ထည့်ရာ သံဗီဒိုတို့သည် အပြစ်ပေး ခံရသူတို့၏ ခြေထောက် တင်ရာဖြစ်လာ၏။ ခြေထောက်တင်၊ ကင်းမြီး ကောက် ထောင်၍ အလွန်ညောင်းညာ လာသောအခါ မိမိတို့ ခါးရိုးသည်လည်း ဖြောင့်တန်းမထားနိုင် တော့ပါ။ ခါးရိုး ကွေးညွှတ်လာလျှင် စီနီယာကာ ခါးကို ဆန့်ခိုင်း၏။ ခါးဆန့်ခိုင်း၍ မရလျှင် အောက်မှ လက်သီးဖြင့် ဆတ်ကနဲ ထိုး၏။ လန့်ဖြတ်၍ ပြန်ဆန့်၊ တခါညောင်းလွန်း၍ ပြန်ကွေး၊ ဆတ်ကနဲ အထိုးခံရ၊ ပြန်ဆန့် နောက်ဆုံး လက်သီးဖြင့် ထိုး၍ မမှုတော့အောင် ခါး ညွှတ်ကွေး၍ လာသော ၀မ်းဗိုက်အောက်၌ ဖယောင်းတိုင်မီးကို ထွန်းထား၏၊ ခါးရိုး ညွှတ်ကွေးလိုက်၍ ၀မ်းဗိုက်နိမ့်ဆင်း လာသောအခါ၊ မီးပူထိ၏။ တခါပြန်ဆန့်၊ ခါးနာလွန်း၍ ပြန်ကွေးလျှ မီးပူလောင် ပြန်ဆန့်၊ ဒါနဲ့ပဲ ခါးနာရောဂါ စွဲကပ်ခဲ့ရာ ယခု ၁၂ နှစ်တိုင် ကြာခဲ့သော်လည်း ရံဖန်ရံခါ ကျနော့် ခါးနာနေဆဲဖြစ်သည်။

တခါက ကျနော်သည် ခြင်ထောင် ကြိုးတန်းပေါ် ခြေတင်ထားရပြီး ဝေဒနာ မခံမရပ်နိုင်လောက်အောင် ဖြစ်နေ သော အချိန်ဝယ် ဤသို့ ကြိုးတန်းပေါ် တင်ထားရာမှ မကြာခဏ ပြုတ်ကျလို့ ဆိုပြီး စီနီယာ တစ်ဦးက မြန်မာ စစ်တပ်သုံး ဟန်းကော (ထမင်းချက်သည့် သတ္တုချိုင့်) တစ်ခုကို ယူလာပြီး ကျနော်၏ ကြမ်းပြင်မာမာပေါ် ထောက်ထားရသော လက်သီးဆုပ်နှစ်ခုကို စောစောက သူယူလာသည့် ဟန်းကောချိုင့်အတွင်း အတင်းထိုးထည့် ကာ ထောက်ထား စေခိုင်းခြင်းခံရ၏။ ဟန်းကော၏ အတွင်း ဧရိယာအကျယ်မှာ လက်သီးနှစ်ဘက် ထိုးထည့် လိုက်သောအခါ ပြည့်ကျပ် တင်းမာလွန်းသည်။ ထိုတင်းကျပ်လွန်းသော လက်သီးနှစ်ဖက်ကိုပင် တစ်ကိုယ်လုံး၏ ၀န်ကို ထောက်မ အားပြု နေရသောအခါ လက်သီးထိပ်တို့သည် မည်မျှ နာကျင်ပေမည်နည်း။ မည်မျှ လူမဆန် လိုက်သော စီနီယာပေနည်း။ စောက်ထိုးမိုးမျှော် အောက်စိုက် ခိုင်းခံထားရ၍ အဆမတန် ပင်ပန်းဆင်းရဲ နေရ သည့် အချိန်တွင် ဟန်းကောချိုင့် ကျဉ်းကျဉ်းလေးထဲ လက်သီးနှစ်ဘက်ကို ထိုးထည့်ကာ တစ်ကိုယ်လုံး၏ ၀န်ကို အားပြု ထောက်မ နေရသည့်အပြင် ၀မ်းဗိုက်အောက်က ဖယောင်းတိုင် မီးကလည်း နိမ့်ဆင်းလာသော ခါးရိုးနှင့် ၀မ်းဗိုက်ကို လောင်မြိုက်ရန် အသင့်ဆိုသောအခါ မည်သို့ ရှိပါမည်နည်း၊ ထိုစီနီယာသည် ကျနော့်ကဲ့သို့ အပြစ်ပေး ခံခဲ့ရဖူးမည် မထင်ပါ။ သူ မလုပ်ဖူးသောကြောင့်လည်း ဤမျှ ဝေဒနာ ပြင်းထန်သော ပြစ်ဒဏ်မျိုးကို ပေးခြင်း ဖြစ်တန်ရာသည်ဟုသာ ဖြေသိမ့်ခဲ့ပါသည်။ ကျနော် စီနီယာ ဖြစ်လာလျှင် ကိုယ့်တုန်းက မကြိုက်ခဲ့သော ပြစ်ဒဏ် ပေးမှု မှန်သမျှ တစ်ခုမှ မပေးဟု ဆုံးဖြတ်ခဲ့ပြီး ဆုံးဖြတ်ခဲ့သည့်အတိုင်း နေထိုင်ခဲ့ပါသည်။

အဆိုးဝါးဆုံး၊ အယုတ်မာဆုံး ထိုဟန်းကောနှင့် ဖယောင်းတိုင်မီး ပြစ်ဒဏ်ကို (၂) ကြိမ်ခံခဲ့ရဖူးပါသည်။ အပြစ်ကျူး လွန်မှု ကြီးမာ၍လား။ အမြင်ကတ်လွန်း၍လား၊ ကျွန်တော်ပဲ ဒေါင့်မကျိုးလွန်း၍လား မသိ၊ ထိုပြစ်ဒဏ်ကို ကျွန်တော် နာနာကျည်းကျည်း ခံခဲ့ရပါသည်။ ယခုထိ မမေ့ပါ။

ခြေနှစ်ဘက်က ကြိုးတန်းလုံး သေးသေးပေါ်မှာ အသားမြုတ်မတတ်၊ ၀မ်းဗိုက်အောက်မှာက ဖယောင်းတိုင် သုံးတိုင်၊ လက်နှစ်ဖက်ကတော့ ရွှေတဆုပ်ဟု ခေါ် လက်တဖက်၏ လက်ဝါးပေါ်မှာ အခြားလက်သီးဆုပ်က ထောက်လျှက်၊ ရိုးရိုး ထိုပုံစံအပြင်၊ မုန့်လက်ညိုးဆိုတာလည်း လာသေးသည်။ မုန့်လက်ညိုးနှင့် မကျေနပ်သော အခါ ဟန်းကောနှင့် ဖယောင်းတိုင် မီးပူဇော်၏ ဤတွင် ထိုနေ့အတွက် နောက်ဆုံး အချိန်ဆိုသည်ကို သတိလစ် မေ့မြောခြင်းဖြင့် နောက်ဆုံး ပြစ်ဒဏ်ပေး ခံရခြင်းကိုသာ၊ မှတ်မိနေတော့ မည်ဖြစ်၏။ ဂျပန်ခေတ်က ဂတ်စတာပို စစ်ပုလိပ်တို့သည် မြန်မာတိုင်းရင်းသားများစွာကို နည်းအမျိုးမျိုးဖြင့် နှိပ်စက်ပြီး၊ နောက်ဆုံး လက်နှစ်ဘက်ကို ရေနွေးပူလောင်းကာ လက်သည်းတွေကို ပလာယာဖြင့် ဆွဲချွတ်သည်ဟု ကြားဖူး၏။ တော်ပေသေးသည်။ ကျနော်တို့ လက်သည်းတွေကိုတော့ စီနီယာတွေက ဆွဲမနှုတ်ကြပါ။

ဤမျှဖြင့် နားခွင့်ပြုပါ။ ဆက်လက်ဖေါ်ပြပါမည်။

ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ပါ

Read More...

Tuesday, February 26, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၂)

တဖန် မီးရထားစီးခြင်း ဆိုသော ပြင်ပမှ အရပ်သားတို့ မြင်လျှင် ပြုံးချင်စဖွယ် ဖြစ်သည့် အပြစ်ပေးနည်း တမျိုးအကြောင်း ရှုပါအုံး။ မီးရထား စီးရန် အနေအထား အသင့် ဟူသော နှုတ်အမိန့်ရသည်နှင့် တပြိုင်နက် အတွဲလိုက်၊ အတန်းလိုက် ၁၀ ယောက်တန်းမှ ၁၅ ယောက်တန်းခန့် တန်းစီထားရာ အနေအထားမှ နေ၍ ချက်ချင်း ထိုင်ချကာ ဘေးလှည့်၍ ရှေ့လူ၏ ပခုံးကို နောက်လူမှ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၊ အားလုံးဆောင့် ကြောင့် ထိုင်ကာ အတွဲ၊ အတန်း မပြုတ်အောင် တရွေ့ရွေ့ ဖားခုန် ခုန်ရခြင်းမျိုးကို ခေါ်၏။ မီးရထားစီးခြင်း ဆိုသော နာမည်ကသာ သာယာခံစား စီးချင်း စဖွယ်၊ တကယ် လိုက်လုပ်ရသူတွေ အတွက်တော့ တကယ့်ကို မလွယ်ပါ။ တဦးချင်း ဖါးခုန် ခုန်ခိုင်းလျှင် မိမိပင်ပန်းလွန်း၍ ဆက်လက် မခုန်နိုင်တော့သည့် အခါတွင် ခေတ္တမျှ ရပ်နားပြီး နာကျင်သည့်ဒဏ် အနည်းငယ် ဖြေသာသည့် တိုင်အောင် ဒူးခေါင်းကို အနားပေးခြင်းဖြင့် သက်သာရာ သက်သာကြောင်း လုပ်ယူ၍ ရသေး၏။ ယခုကဲ့သို့ အတွဲလိုက် မီးရထားစီးရသောအခါ၊ အပါးခို၍ မရတော့ပေ။ ညောင်းညာလွန်း၍ ရှေ့လူပုခုံးကို ဆုပ်ကိုင် ခုန်နေခြင်းကို အမှတ်တမဲ့ လက်လွှတ်လိုက် မိပါက နာပြီသာမှတ်၊ ထိုထက်ဆိုးသည့် သာဆိုးတွေ ရောက်လာလိမ့်မည်။ မည်မျှ ဒူးခေါင်းတို့ နာကျင်နေပါစေ။ အံကြိတ်၍ အမိန့် အတိုင်း လိုက်မှီအောင် ခုန်ရ၏။

ဤသို့ မီးရထားကြီး ပျော်ပျော်စီးကာ အပြစ်ပေးခံရခြင်း ကာလအတွင်းတွင် မိမိတို့ အချင်းချင်း ကြိတ်ဝိုင်း အသံ တိုးတိုးဖြင့် စကားများ၊ ရန်ဖြစ် နေကြရခြင်းလည်း ရှိသေး၏။ အဘယ်ကြောင့် ဆိုသော် အချို့သော ပထမနှစ် ဗိုလ်လောင်းတို့သည် နာကျင် ပင်ပန်း လွန်းသောကြောင့် အနားယူလိုသော်လည်း အတွဲပြုတ်ပါက စတင်၍ လက်အတွဲပြုတ်သူကို ပြင်းထန်စွာ အပြစ်ပေးလေ့ရှိသော ပြစ်ဒဏ်ကိုကြောက်၍ လက်ကို မပြုတ်ရဲ၊ ထို့ကြောင့် ဖာသိဖာသာ အမူအရာဖြင့် မိမိသက်သာရာ ရစေကြောင်း၊ အကြံကုန်၊ ဂဍုန် ငပိချက် ဆိုသည့်အတိုင်း မိမိဆုပ် ကိုင်ထားသည့် ရှေ့လူ၏ ပုခုံးကို အားကိုယ်း တကြီးဖြင့် မှီတွယ် အားပြုကာ ဆွဲခို လိုက်ခုန်ခြင်းဖြင့် သူစိုက် ထုတ်နေရသော အင်အားကုန် ဖါးခုန်ခြင်း အားအင်ကို သက်သာအောင် မှီတွယ် အပါးခိုကာ၊ ခုန်လာတတ် ကြတော့ခြင်း ဖြစ်သည်။ စဉ်းစားကြည့်ပါ၊ ရှေ့လူမှာလည်း သူ့ကိုယ်ခန္ဓာကို မနိုင်မနင်းဖြင့် အားယူကာ ပင်ပန်းကြီး စွာဖြင့် တဆင့်ချင်း လှမ်းခုန် နေရခိုက်တွင် မိမိကို နောက်မှ တွဲခိုစီးကာ ရေသာခိုသော လူပျင်း ကိုယ်ချင်းမစာ ကိုယ်သက်သာဖို့ တစ်ခုသာ ကြည့်သော သူနှင့် တွဲလျှက်သာ ကျလျှင်ဖြင့် အမယ်မင်း အဖြစ်ဆိုးလှချည်ရဲ့ ဟု ဇာတ်ထဲက မင်းသားကို ဆွဲဆွဲငင်ငင် အော်ချင်စိတ်ပေါက် ဒေါသတွေ အလိပ်လိုက်၊ အလိပ်လိုက် ထွက်နေရတော့၏။

သို့တိုင်အောင် (ထောင်ဝါဒါထက် ဆိုးသော) ငရဲသားဝါဒါ စီနီယာက ဘေးမှာ၊ သိမ်းငှက်တို့၏ မျက်လုံးဖြင့် သားကောင် ရှာနေသည်မို့ အမူအရာကိုလည်း မပျက်ရဲ။ နောက်ကလူ ဆွဲခိုထားသော လက်ပုခုံး ဆုပ်အား သူအလိုလို ပြုတ်ထွက်သွားအောင်၊ အငြိမ့် ဇတ်မင်းသမီးတို့ ငြုတုတု ခရာတာတာ လုပ်ပြတတ်ချိတ်တွင် သူတို့၏ ပုခုံးငယ်အား နိမ့်ချည်၊ မြင့်ချည်လှုပ်သလိုပင်၊ ကျနော်တို့၏ ပုခုံးကြီးတွေကို မသိမသာရော၊ သိသိသာသာပါ လှုပ်ခါကာ နောက်က ခိုစီးလိုက်နေသူ ကိုငပျင်းပြုတ်ထွက် ကျန်ခဲ့အောင် လုပ်ရသည်လည်း ရှိ၏။ ထိုသို့ ပုံခုံးသားကို ဆုပ်ကိုင်မှု အားမနိုင်တော့အောင် ကူလီကူမာ ဉာဏ်မျိုးစုံဖြင့် တွန့်ချည်၊ ရှုံ့ချည် လုပ်နေတာတောင် ရအောင် မှီတွဲ ခိုစီးသူ လူတော် သူငယ်ချင်းများလည်း ရှိ၏။ (သူတို့ ချစ်သူတွေတော့ ဘယ်လိုနေမည် မစဉ်းစားတတ်)။ ဤမျှမာကျော ခိုင်မာအောင် ဘယ်လိုနည်းဖြင့် လက်ဆုပ်အား စွမ်းရည်ကို လေ့ကျင့်ယူထား ခဲ့ကြသည် မသိနိုင်ပါ။ ကျနော်လည်း တခါတရံ လက်ဆုပ်ကိုင် မြဲလွန်းသော လူပျင်းထဲ ပါပါသွား တတ်ပါသည်။

ထိုအခါ ရှေ့နောက် နှစ်ကိုယ်ချင်းသာ ကြားနိုင်သော ရန်ပွဲလေးတွေကလည်း စောင့်ကြည့်နေသူ စီနီယာ မမြင်အောင် ကြိတ်ဖြစ်ကြသေးသည်။ (ဟေ့ကောင် ကိုယ်ချင်းစားလေကွာ၊ နှမပေး။ ဇွတ်ကြီး ဆွဲခိုစီး မနေနဲ့ကွ) စသည်ဖြင့် တိုးတိုး၊ တိုးတိုး ရန်ဖြစ်ဆဲဆို မာန်မဲ ကြသေးသည်။ ဒါကို စီနီယာ တွေ့သွားလျှင် နှစ်ယောက်စလုံး နာဖို့ပြင်ပေတော့။ အပြစ်ပေး ခံရချိန်ကြာလာသည်နှင့်အမျှ ကျနော်တို့ ဒူးခေါင်းတွေထဲ မီးဖိုကြီးတွေ လာထည့်ဖို့ထားသလား ထင်မှတ်ရအောင် ဒူးခေါင်းခြင်ဆီသို့ ပူလောင် ဆူပွက်ခမ်းခြောက်သည့် အာရုံ ခံစားရခိုင်။ ထွက်လိုက်သည့် ချွေးမှာလည်း ကျောတပြင်လုံး စိုစိုရွဲ၍။ ဤသို့ ရှုပ်ထွေး၊ ဆူညံ၊ လူဟန်၊ အသံတွေကြားထဲ ဥသြသံ ဆွဲအော်ခိုင်းသူ စီနီယာဆိုး တချို့က အောင်ခိုင်းသည့် ဘော်…ဘူး…ဘော် ဟူသည့် မီးရထား ဥသြသံမျိုးကို အားလုံးက သံပြိုင် အော်ရသေးသည်။ ထိုသို့ အော်ရခိုက်သည် ပျော်ရွှင်၍ အော်ခြင်းလား၊ ငိုချင်စွာ အော်ခြင်းလား၊ ကျနော်တို့သာ သိခဲ့သော ခံစားချက်လေးများ ဖြစ်ပါသည်။ မည်သို့ဆိုစေ မီးရထားကြီး ပျော်ပျော်စီး ခြင်းသည် အစ္စရေး ခရော (Israel Crawl) ခေါ် တွားသွားခြင်း အပြစ်ပေးခံရပုံ ထက်တော့ ပိုမို ပင်ပန်း ဆင်းရဲ သည်မှာ သေချာပါသည်။

ရိုလီလှိမ့်ခြင်း (Rolling) ဗိုလ်လောင်း အားလုံး တတန်းတည်း အိပ်လှဲ လျှက်မှ၊ ငှက်ပျောပင် လှိမ့်သကဲ့သို့ မိမိကိုယ်ကို ကွန်ကရစ် ကွင်းပြင် မြေပေါ်လှိမ့်ရသည့် အပြစ်ပေးခံရ နည်းတမျိုး။ ထိုအချိန်တွင်းတွင် မိမိ၏ လက်ဝါးနှစ်ဖက်ကို ပေါင်ခြံအတွင်း ထည့်သွား၍ မိမိကိုယ်ခန္ဓာကို ငှက်ပျောတုံးသဖွယ် သဘောထားကာ ကိုယ့်ဟန်ချက်ဖြင့်ကိုယ် မြေပေါ်တွင် အရှိန်ဖြင့် လှိမ့်ခြင်း ပုံစံဖြစ်သည်။ တခါလှိမ့်လျင် အကွာအဝေး အနည်းဆုံ ကိုက် (၁၀၀) ခန့်ထိ တောက်လျောက် လှိမ့်ရသည်။ စီနီယာထံက ရပ်ဆိုသော အမိန့်ရလျှင် လှိမ့်နေရာမှ ချက်ချင်း မတ်တပ်ထရပ်၍ သတိဆွဲ မတ်တပ်ရပ်ရခြင်း၊ အပြစ်ပေးခံရသော ပုံစံဖြစ်သည်။ ထိုအခါတွင် လှိမ့်လူးထားသော လည်ပတ်မှု ဟန်ချက် အရှိန်မကုန် သေးသောကြောင့် ချက်ချင်း မတ်တပ်ရပ်သော ထိုသူသည် အရှိန်မွှတ်မွှတ် လည်ပြီးသော ဂျင်လုံး အရှိန်ကုန်ခါနီး၊ ရပ်တံ့ လဲကျခါနီး ယိမ်းထိုးခါယမ်း နေသကဲ့သို့ မိမိကိုယ်ကို ဟန်ချက် မထိမ်းနိုင်ဘဲ ဘေးမှ ရပ်ကြည့်သူ ရယ်ချင်စဖွယ် ဟိုလည် ဒီယိမ်း ကိုယ့်ကိုကိုယ် မထိမ်းနိုင်အောင် မူးဝေ နောက်ကျိသော စိတ်အာရုံဖြင့် လည်တည် ဘူတည်၊ ဖြစ်ကျန် နေခဲ့ရသော အပြစ်ပေး ခံရခြင်း နည်းတမျိုးဖြစ်၏။ လှဲအိပ်လျှက်သား လူများစွာ တို့သည် စီနီယာ၏ ဘေးမှ စောင့်ကြည့် ကြပ်မတ်မှုဖြင့် မိမိ၏ လှိမ့်နေသော အရှိန်ကို မလျော့အောင်၊ မြန်သည်ထက် မြန်အောင် လှိမ့်ရ၏။ သက်သာရာ သက်သာ ကြောင်း လီဆယ်သည့် အနေနှင့် အရှိန်နှေးကွေးစွာ လှိမ့်ရန် ကြိုးစားမိသောသူသည် ဘေးမှ လမ်းလျှောက် လိုက်ပါလာသော စီနီယာ၏ ရေတိုင်ကီ တွန်းသကဲ့သို့ ၀င်ရောက် တွန်းလှိမ့်ကာ အရှိန်တင် ပေးခြင်းကို ဆင်းရဲ ပင်ပန်း မူးဝေခြင်း မြင့်မားစွာဖြင့် ခံစားရပေအုံးမည်။ အပြစ်ပေး ခံခဲ့ရသူမှာ အလွန့်အလွန် မူးဝေသည့် အာရုံခံစားရပြီး အစာအိမ်တွင်းရှိ အစာသစ်၊ အစာဟောင်း၊ အစိမ်းရည်များ အန်ထွက်သည်အထိ ဆိုးရွားစွာ ခံစားရသည်။ ကွင်းပြင် တလျောက်လုံးတွင်လည်း ရောင်စုံ အမျိုးမျိုးရှိသော အံဖတ် အပုံများက ဟိုနား၊ ဒီမှာ။ ထိုအစာ မဟောင်း၊ တဟောင်းများကို စားသောက်ရန် ပျံဝဲနေသော ရွှေကျီးကန်း တို့ကလည်း စားနေကျမို့ မည်သူ့ကိုမှ မကြောက်၊ အတင်းဝင်ရောက် ထိုးသုတ်နေကြပုံမှာ သုသာန် တစပြင်မှ သူသေတို့အား မကြောက်သော ဠင်းတ တို့၏ အလားဖြစ်နေ၏။ ဤသည်မှာ အံ့သြ ထိတ်လန့်ဖွယ် အပြစ်ပေးခြင်း တစ်မျိုး ဖြစ်သော ရိုလီလှိမ့်ခြင်း အပြစ်ပေးခံရနည်းမှ မြင်ကွင်း တမျိုးဖြစ်သည်။

လာပြန်ပါပြီ၊ နောက်တစ်မျိုး… တစွေ့ခုန် ဟု ခေါ်သော အပြစ်ပေးနည်း (တရုတ်သိုင်းကား ထဲမှ တရုတ်သရဲ ကဲ့သို့ လက်နှစ်ဘက် ရှေ့မှာ ဆန့်တန်းထား၍ ခုန်ဆွ၊ ခုန်ဆွ ခုန်သွားရခြင်း) ရှာရှာဖွေဖွေ ဘယ်သူတွေ စတင်တီထွင် ခဲ့သည် မသိပါ။ စစ်တက္ကသိုလ်တွင် ကြံကြံဖန်ဖန် ပုံစံအမျိုးမျိုး ရှိ၍ အပြင်လူတွေ့ မြင်လျှင် အလိုလို ဟာသဖြစ်နေ မည့် ပုံစံများစွာရှိသည်။ ယခု ကျနော်တို့ အားလုံးကို တစွေ့ခုန် အနေအထား အသင့်ဟူသော အမိန့်ရသည်နှင့် အားလုံးသော ကျနော်တို့သည် တရုတ် သရဲများကဲ့သို့ မတ်တပ်ရပ်လျက်မှ လက်နှစ်ဘက်ကို ရှေ့သို့ ဆန့်တန်း၍၊ သရဲကြီးများကဲ့သို့ မလှုပ်မရှက် ငြိမ်သက်နေကြရသည်။ လှုပ်ခွင့်မရှိ၊ လုံးဝ မလှုပ်ရပေ။ ခုန်ဆိုသော အမိန့်ရမှ ရှေ့သို့ တစ်ခါခုန် ရသည်၊ လက်နှစ်ဘက်ကို အောက်သို့ မကျရ၊ အတွဲလိုက်၊ အတန်းလိုက်ဖြစ်ရာ ခုန်ဆိုသော အချိန်တွင် မခုန်ဘဲ ကျန်ခဲ့၍ မဖြစ်၊ နာသွားမည်မှတ်၊ အဝေးက လှမ်းကြည့် နေမည် ဆိုလျှင် တန်းစီးကွင်း အတွင်းမှ တညီတညာ၊ ခုန်ခုန် သွားနေသော တရုတ်သရဲ အတု ကျနော်တို့၏ မြင်ကွင်းသည် အဆန်းတကြယ်၊ တညီတညာမို့ အံအားသင့်စဖွယ်ပင် ဖြစ်နေမည်လား မသိပါ။ ကျနော်တို့ အားလုံးမှာတော့ ချွေးတလုံးလုံး ကျောပြင်၊ ဦးခေါင်းထက်မှာလည်း ဖုန်အလိမ်းလိမ်း၊ အံဖတ်တွေလား ဘာမှန်း မသိသော ပေတူးတူးတွေက အပြည့်။ ဘာအနံ့ နံပါသည်ဟု မပြောတတ်အောင် အနံ့နှင့် ပတ်သက်ပြီး ဂန္ဓာရုံ၊ အာရုံ ခံစားမှုတွေလည်း ပျောက်ဆုံးနေပေပြီ။ ဒီလို ဘ၀မျိုးကို ဖြတ်သန်းခဲ့ရသူ ကျနော်တို့မှာ အနာဂတ်၏ လူကြီး၊ လူကောင်း သားကောင်း ရတနာတွေ ကျိမ်းသေ ဖြစ်လာလိမ့်မည်ဟု မည်သူ ဆိုဝံ့ပါသနည်း။

ဟောဒီမှာ လာပြန်ပါပြီ။ ပျိုတို့မောင်ရဲ့ အဆန်းတမျိုး၊ သူ့နာမည်က မုန့်ကြိုးလိမ် ဟု ခေါ်သည်။ နာမည်က ဆော့စရာလိုလို၊ မုန့်လိုလိုပါ။ သူလည်းပဲ သက်တောင့်သက်သာ ခံစားနိုင်စွမ်း လုံးဝ မရှိသော အပြစ်ပေးနည်း တခုဖြစ်၏။ သူ့ပုံစံမှာ လူစင်စစ် မတ်တပ်ရပ်လျက် ပုံစံမှ မတ်တပ်ခြေစုံရပ်၍ ဘယ်ဘက်လက်ကို ပခုံးရှေ့ တည့်တည့် ဆန့်ထုတ်ကာ လက်ညှိုး ထိုးထားရသည်။ ညာဘက်လက်ကို ဘယ်ချိုင်းအောက်မှ လျှို၍ ဘယ်ဘက် နားရွက်ကို ဆုပ်ကိုင်ထားရ၏။ ခြေစုံရပ် ကိုယ်ခန္ဓာကို ရဟတ်ယဉ်ပန်ကာ ၀န်းရိုးသဖွယ်ထား၍၊ ဆန့်တန်း ထားသော ဘယ်ဘက်လက်ကို ပန်ကာဒလက် သဖွယ် ပုံစံထားကာ ကိုယ်ခန္ဓာတစ်ခုလုံးကို ရွေ့လျား လှည့်ပတ်ရသည်။ လည်ပတ်မှု အရှိန်နည်း၍ မရပါ။ မိမိကိုယ်ကို သက်သာစေရန်၊ မမူးစေရန် အရှိန် မပါစေအောင် ထိန်း၍ လှည့်သော လူပါးကို၊ အနီးကပ် စောင့်ကြည့်နေသည့် စီနီယာ တစ်ဦးဦးမှ ၀င်ရောက် ကိုင်တွယ်၍ အိုးထိမ်း စက်လှည့်သကဲ့သို့ အရှိန်ကူ တွန်းထိုး ၀င်ကူ လှည့်တတ်သည်။ ထိုအခါမှ ချားရဟတ် အမြန်စီးလွန်သကဲ့သို့ အလွန်အင်မတန် မူးဝေစေခြင်း ခံစားရသည်။ ဦးနှောက်တွေ ချာချာလည်သည့် သွေးလှည့်ပတ်မှု မူးယစ်ေ၀၀ါးခြင်း ဝေဒနာဒဏ် ခံစားရသည်။ ရပ်ဆိုသည့် အမိန့်ရသည့်အခါ ချက်ချင်း မရပ်နိုင်တော့ပေ။ မိမိကသာ ရပ်လိုက်သော်လည်း ကိုယ်ခန္ဓာက မရပ်၊ အီနားရှား အရှိန်ဖြင့် ဆက်လည်နေကာ နောက်ဆုံး အရှိန်သေသွားသော အခါမှ ရောက်ရာ နေရာ၌ပင် ခွေခွေလေး လဲနေတော့၏။ ဤသို့ ကြိမ်ဖန်များစွာ လုပ်ရသည့် အပြစ်ပေးခြင်းမျိုးများ အပြင် အခြားရက်စက် ပြင်းထန်သော အပြစ်ပေးခြင်း မျိုးများလည်း ရှိသေးသည်။

အထက်ပါ အမျိုးမျိုးသော ပြစ်ဒဏ်ပေးခြင်းကို ကောင်းစွာ လိုက်မလုပ်သော၊ လိုက်မလုပ်နိုင်သော ပထမနှစ် ဂျူနီယာ ဗိုလ်လောင်းများအား ဘောင်ပေါ်တင်ခြင်း ဟုခေါ်သော အငြိမ်သက်ဆုံး အပြင်းထန်ဆုံး၊ ပြစ်ဒဏ်ကို ပေးပြန်လေသည်။ ကြည့်ကြပါအုံးစို့….။

ကျွန်တော်တို့ ဗိုလ်လောင်းများ တန်းစီးကွင်း၏ ပတ်ပတ်လည်တွင် လူ့ပုခုံးနီးပါး ခန့်မြင့်သည့် မြေတားအုတ်၊ အလှကွက် ဖေါ်ထားသည် အုတ်နံရံ ကြီးများ ရှိ၏။ ၎င်း၏အတွင်း၊ အပြင်ကို ပန်းအလှပင်များ၊ အလှမြက်ခင်းများ ဖြင့်၊ စိုက်ပျိုး အလှဆင်ထား၏။ ဘောင်ပေါ်တင်ခြင်း ဆိုသည့် အပြစ်ပေးနည်းမှာ ကွင်းပြောင် ကွန်ကရစ် တလင်း အတွင်း ပုံစံအမျိုးမျိုးဖြင့် အသီးသီး အပြစ်ပေးခံရသူများ အနက်မှ ဒေါင့် မကျိုးသူ၊ ကလန်တန်တန် လုပ်သူ၊ စီနီယာမှ အလိုမကျသူများကို ရွေးထုတ်ပြီး၊ သီးခြားခေါ်ထုတ်ကာ ဘောင်ပေါ်တင် ဟု အမိန့်ပေးခိုင်းစေ တော့သည်။ ထိုသို့ ခေါ်ထုတ်ခံလိုက်ရသည်နှင့် တပြိုင်နက် ထို (Specialized) ခေါ် အထူးခေါ်ထုတ် ရွေးချယ်ခံရ သူ ဂျူနီယာ ဗိုလ်လောင်းသည် မည်မျှပင်ပန်း မူးဝေနေသည်ဖြစ်စေ၊ ကိုယ့်ကိုကိုယ် ဟန်ချက်ပင် မထိန်းနိုင် လောက်အောင် ယိမ်းထိုးနေသည် ဖြစ်စေ၊ အမိန့်နာခံရန် မပျက်ကွက်ရပေ။ ဒယီးဒယိုင်ဖြင့် နှုတ်မိန့်အတိုင်း အနီးစပ်ဆုံး နေရာရှိ အုတ်ဘောင်ပေါ်သို့ မိမိ၏ ခြေဖ၀ါး နှစ်ဘက်ကို လှမ်းတင်၍ မြေသား ကြမ်းပြင်ပေါ်တွင် လက်နှစ်ဘက်ကို ထောက်ကာ စောက်ထိုး အုန်းပင်စိုက်ပုံစံ အနေအထားဖြင့် မလှုပ်မယှက် နေနေရ၏။ ယင်းသို့သော ပုံစံကို ဘောင်ပေါ်တင်ခြင်း ဟု ခေါ်သည်။ အမြင့် (၅)ပေခန့်ရှိသော အုတ်ဘောင်ပေါ်သို့ မိမိ၏ ခြေဖမိုး နှစ်ဘက်ကို လှမ်းတင်၍၊ လက်ဖ၀ါးနှစ်ဘက်ကို မြေပြင်ပေါ် ထောက်ကာ ကင်းမြီးကောက် သဖွယ် တောင့်ခံရခြင်း၊ (၅) ပေ အမြင့်ပေါ် ခြေတင်၍ မြေပြင်လက်ထောက် ထားရခြင်းဖြစ်၍ ကိုယ်ခန္ဓာသည် ဒေါင်လိုက် မဟုတ်ဘဲ၊ တစောင်း အနေအထား ၇၀ ဒီဂရီခန့် စောင်းနေ၍ အချိန်ကြာမြင့် လာသည်နှင့်အမျှ ပင်မ ခါးရိုးသည် ဆန့်တန်း မထားနိုင်တော့ဘဲ အလွန်အင်မတန် နာကျင်ကွေးညွှတ် လာတတ်သည်။ ထိုသို့သော ကင်းမြီးကောက် အနေအထားအတိုင်း အနည်းဆုံး အချိန်မိနစ် ၃၀ ခန့်မှ အများဆုံး ၂ နာရီခန့်အထိ ကြာတတ်သည်။ စာဖတ်သူ သာ ကိုယ်စားတွေးတော ခံစားကြည့်ပါတော့။ သဘာဝနှင့် ဆန့်ကျင်၍ လက်ဖ၀ါးပေါ် တကိုယ်လုံး အားပြု ထောက်ထားရပြီး။ ပူပြင်းသော နေရောက်အောက် ဖြစ်သောကြောင့် တကိုယ်လုံးမှ စီးကျလာသော ချွေးတို့သည် အင်္ကျီ၊ ဘောင်းဘီတို့မှပင် ထပ်မစုပ်နိုင်တော့ဘဲ နှာသီးဖျားထိတိုင် ရေတလျှောက် စီးသကဲ့သို့ စီးဆင်းလာသော ချွေးငန်ကျိကျိ၏ အရသာကိုလည်း မမေ့ရက်နိုင်အောင် ခံစားရသည်။ ငြိမ်သက်စွာ နေရသည် မှန်သော်လည်း ခံစားရသည်မှာ ကိုယ်ခန္ဓာအဖို့ အလွန်အင်မတန် ပင်ပန်းလှပေသည်။ စိတ်ဆင်းရဲခြင်း ဝေဒနာ ဒုက္ခ အလွန်ကြီး မားလှပေသည်။

ယင်းအဆင့်ထိ ခံစားရသော ပြစ်ဒဏ်ပေးခြင်းသည်၊ ရက်စက်မှု အစွမ်းမကုန်သေးပါ၊ သူ့ထက် ပြင်းထန်သော ပြစ်ဒဏ်တွေ ကျန်ရှိပါသေးသည်။ ကင်းမြီးကောက်ထောက်၍ လက်ဖ၀ါးနှစ်ဖက် မြေပြင်ပေါ် အပြားလိုက်ချ တွန်းထားရခြင်းသည် မထောင်းတာ လှသော်လည်း၊ သဘာဝ လက်ဖ၀ါးကို အပြားလိုက် ချထား ထောက်၍ ခံနိုင်ရည် ရှိသေးသည်။ လိုက်ပါလုပ်ဆောင်နိုင်သည့် အနေအထားတွင် ရှိသေးသည်။

စီနီယာ၏ မြင်ပြင်း အကတ်ဆုံး ဒေါင့်မကျိုးဆုံး သူတို့မှာ ဘောင်ပေါ်တင်လျှက် အနေအထားမှ လက်သီးထောက် ထားရန် ခိုင်းစေခံရခြင်းနှင့် အဆိုးဝါးဆုံး ပြစ်ဒဏ် တစ်ခုဖြစ်သည့် ရွှေတဆုပ် ဆိုသည့် ပုံစံကို ထပ်မံရရှိပေတော့ သည်။

ဘောင်အမြင့်ပေါ် တင်ထားရသည့် ခြေနှစ်ဖက်က အပေါ်မှာ၊ မိမိလက်နှစ်ဖက်က ခြေထောက်အစား ကြမ်းပြင်မှာ ထောက်လျှက် အနေအထား၊ ဘယ်လိုမှ ကြာရှည် မခံစားနိုင်သည့် ဤအချိန်တွင် လက်ဖ၀ါးဖြင့် အပြားလိုက် ချထောက်ထားရာမှ လက်သီးနှစ်ဖက်ဖြင့် ကြမ်းပြင်ကို ထောက်ရန် ခိုင်းစေခံရသောအခါ နဂိုကမှ ချိနဲ့ အားကုန် စပြုနေသော ကိုယ်ခန္ဓာကို ပိုမို ပင်ပန်းဆင်းရဲစေမည်မှာ အထူးပြောဖွယ် မရှိ။ ကြမ်းပြင်မှာ ကျောက်စရစ်ခဲတွေ၊ ဗြုပ်တွေ မညီမညာနဲ့ဆိုလျှင် မပြောလိုပြီ၊ ထိုလက်သီးထိပ်လေးသည် တစ်ပတ်ခန့်အထိ ကွေး၊ ဆုပ်၍ ရကောင်း တော့မည် မဟုတ်ပေ။

ခြေထောက်ကို မိုးမျှော်ထားကာ၊ လက်နှစ်ဘက်ဖြင့် အားပြု ထောက်ထားရ၍ သွေးလှည့်ပတ်မှု ပြောင်းပြန်ဖြစ် ကာ၊ မျက်နှာကြီးက ထူးအမ်းဖောင်းတင်းနေပြီး လက်ဖျံသွေးကြောများက ကြွတက်ကာ လက်နှင့် အပေါ်ပိုင်း တလျှောက် အပြင်းထန်ဆုံး ကြွက်သားများ နာကျင် ခံစားနေရချိန်ဝယ် လက်ဝါးဖြန့် အားပြုထောက်ထား ရပ်တည် ရမည့်အစား လက်သီးဆုပ်၍ အရိုးဖြင့် ထောက်ရ ပြန်ပြီဆိုပါက မည်သို့ ခံစားရမည်နည်း။

တကိုယ်လုံး၏ အလေးချိန်ကို လက်ဆစ် ထိပ်ရိုးလေး ရှစ်ခုပေါ်တွင်သာ စုပြုံတင်ထား အားပြု ရသောအခါ နာကျင်မှု ဝေဒနာသည် အဆုံးမရှိတော့၊ အရိုးထိပ်နှင့် ထိတွေ့ရာ အောက်ခံမြေပြင်သည် သဲ၊ နှုန်း၊ စသော ပျော့သော မြေပြင်ဆိုက ခံရ သက်သာ နိုင်သော်လည်း ကျောက်စရစ်ခဲတော၊ ကွန်ကရစ် ကြမ်းကြမ်းတို့ ပေါ်တွင် လက်သီးဆုပ်ဖြင့် ထောက်ရသောအခါ ဝေဒနာသည် အဆုံးမဲ့၊ အံကြိတ်၍ ခံပြင်းသော ဝေဒနာတို့ကြောင့် ကျဆင်းလာသော မျက်ရည်သည် ချွေးနဲ့ရောနှော ကျဆင်းနေပေပြီ။

အပြစ်ပေးခံရသော ပွဲတိုင်းလိုလိုပင် ကျနော်သည် အမြင့်ဆုံးသော အပြစ်ပေးခံရမှု ရာထူးများထိ အဆင်မြင့်မြင့် အောင်မြင်စွာ လှမ်းဆွတ်ရယူနိုင်သည် ချည်းပင်၊ ဤမျှထိ ဒေါင့် မကျိုးသူဖြစ်၏။ စီနီယာတို့၏ မြင်ပြင်းကတ် ခြင်းကို ခံရသူဖြစ်၏။ အပွင့်လင်းဆုံး ၀န်ခံရလျှင် ကျနော်သည် အဓမ္မမှုကို မကျေနပ်၍သာ စီနီယာ ဆိုသည်ကို ထီမထင်၊ စိတ်မထင်တိုင်း ဂရုမစိုက် သလို နေခဲ့သော်လည်း၊ ပြစ်ဒဏ် ပေးခံရသည့် အခါ နာကျင် ခံစားရမှု ဝေဒနာ ပြင်းထန်လွန်း၍ လူမသိအောင် အံကြိတ် ငိုခဲ့ရသည့် ပွဲတွေ ရှိခဲ့ဖူးပါသည်။

ဤမျှဖြင့် နားခွင့်ပြုပါ။ ဆက်လက်ဖေါ်ပြပါမည်။

ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine


PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ပါ

Read More...

Thursday, February 21, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၁)

လူသားတစ်ဦး၏ အခြေခံဖြစ်သော အခွင့်အရေးများကို အပြည့်အ၀ ရရှိခံစားစေပြီး၊ လူကြီး လူကောင်း တစ် ယောက် ဖြစ်လာမည့် လူငယ်တို့အား၊ မဟုတ်တာ၊ မမှန်တာ မလုပ်တတ်၊ မလုပ်ချင်၊ မလုပ်ဝံ့အောင်၊ မိမိ ကိုယ်ကျင့် သိက္ခာပိုင်း၊ အပြုအမူပိုင်းနှင့် ပတ်သက်လာလျှင် အနည်းငယ်မျှ အပွန်းအပဲ့ မခံဝံ့သော သတ္တိ၊ လူမြင်ကွင်း ရှေ့ရော၊ နောက်မှာတွင်ပါ တည်ကြည် ဖြောင့်မတ်သော စာရိတ္တ၊ ခံယူချက် စိတ်ဓါတ်တို့ကို မြဲမြံသော ခါးဝတ် ပုဆိုးကဲ့သို့ စွဲမြဲခိုင်မာစေရန် သင်ကြား ပေးသင့်သည့် ဤအရွယ် ဤအချိန်တွင်၊
ဤကဲ့သို့သော လူကွယ်ရာ ခိုးကြောင်ခိုးဝှက်ဖြင့် လုပ်တတ်၊ ဆောင်တတ်သော မသမာ စိတ်ထား၏ အစပြုလုပ်ရပ်များ အဖြစ်၊ မသိလိုက် ဘာသာ သင်ပေးလိုက်သကဲ့သို့ ရှိ၏။ ကျနော်တို့၏ မဟာကျောင်းတော်ကြီးက အစပျိုး လေ့ကျင့်ပေး လိုက်သကဲ့သို့ ရှိသည့် အထက်ပါ ကျုံးသွင်း စေစားချက်များ အနက်မှ အချို့ကိုသာ နားလည် ခံစားတွေးဆ နိုင်စေရန် အစပြု ဖေါ်ပြရခြင်း ဖြစ်၏။ နောက်ပိုင်းတွင် ထိုသို့ အလားတူ စေစားချက် မြောက်များစွာကို ထပ်မံ ခံစားလာရခြင်းဖြင့် စိတ်ခံ နဂိုအားဖြင့် ခိုင်မာသူ လူငယ်တို့ အားလုံးနီးပါးကို ထပ်တူကျသော စရိုက်တို့ ကူးစက် သွားကြသည့် အကြောင်းများကို သုံးသပ် တင်ပြပါအုံးမည်။

ကျနော်မှ စစ်တက္ကသိုလ်၏ ကြောက်ရွံ့ ထိတ်လန့်ဖွယ် လေ့ကျင့် သင်ကြားပေးမှုများ အကြောင်းချည်း ပြောပြနေ၍ ကောင်းမြတ် မှန်ကန်ပြီး၊ မြန်မာလူငယ်တိုင်း အမျိုးကောင်းသားတိုင်း ကျင့်ကြံနေထိုင် အပ်သည့် အပြုအမူ၊ အပြောအဆို၊ အလေ့အကျင့်၊ အနေအထိုင် စသော ပြင်ပအရပ်သား လောကတွင် မရနိုင်သည့် အတွေ့အကြုံများကို ကျနော်တို့ ကျောင်းတော်ကြီးက သင်ကြားပေးပါ၏။ စစ်တက္ကသိုလ်၏ ဆောင်ပုဒ်ကပင် သစ္စာ၊ သူရ၊ သိပ္ပ ဟူသည့် အနာဂတ် မျိုးဆက်သစ် လူငယ်လူရွယ်များ လုံးဝ မရှိမဖြစ်သည့် အဓိက အရည်အချင်း ကြီးများကို ဆောင်ကြဉ်း လေ့ကျင့် မွေးမြူစေရန်၊ ရည်ရွယ် သင်ကြားပေးနိုင်ရေး ရည်ရွယ်ဖွင့် လှစ်ထားသော မဟာကျောင်းတော်ကြီး တစ်ခုဖြစ်ပေရာ မွန်မြတ်မှုများစွာ ရှိနေပါသည်။ တော်တည့် မှန်ကန် ဖြောင့်မတ် တည်ကြည်မှုဖြင့် တိုင်းပြည်နှင့် လူမျိုးအပေး ရိုးသားစွာ လေးစားမြတ်နိုး ချစ်ခင်ပြီး၊ အမျိုးဂုဏ်၊ ဇာတိ ဂုဏ် အပေါ် နှစ်နှစ်ကာကာ သစ္စာစောင့်သိမှု နှင့် ရိုသေလေးစား စောင့်ထိန်းတတ်မှု ရှိရန် သွန်သင် ဆုံးမ ပဲ့ပြင်ပါ၏။ သူရသတ္တိပိုင်း ဆိုင်ရာနှင့် ပတ်သက်လာလျှင် မတရားမှုနှင့် တရားမှု ဟူသည်ကို မိမိတို့၏ ကိုယ်စီ ဆင်ခြင် တွေးတောနိုင်မှုဖြင့် ဝေဖန် ပိုင်းခြားမ၍ သမာ သမတ်ကျစွာ ရပ်တည်တတ်စေရန် သင်ကြား လေ့ကျင့် ပေးသော စီနီယာ များစွာရှိပါ၏။ ထိုစီနီယာ များသည် ဥပဒေ နည်းလမ်းတကျ နေထိုင်ကြပြီး၊ ဂျူနီယာ ဗိုလ်လောင်း များအား ကောင်းမြတ်သော အလေ့အကျင့်များကိုသာ သွန်သင် ပဲ့ပြင် ပေးလေ့ရှိသည်။ တရားမ၀င်သော ရက်စက်စွာ အပြစ်ပေးသည့် လုပ်ရပ်များကို ဆန့်ကျင်ကြပြီး ၎င်းတို့ ဂျူနီယာ ဘ၀က ခံခဲ့ရသော်လည်း ယခု သူတို့ စီနီယာဖြစ်သော အခါတွင်မူ ထိုရက်စက်သည့် ပြစ်ဒဏ်ပေးနည်းများကို ဆန့်ကျင် ကြသော်လည်း၊ ဗိုလ်လောင်း အချင်းချင်း အုပ်ချုပ်ရန် အထက် နည်းပြများက တာဝန်ပေးအပ်သော တာဝန်ကျ ဗိုလ်လောင်း အများစုသည် ထိုတရားမ၀င်သည့် ပြစ်ဒဏ်များကို မက်မက်မောမော ပေးတတ်၊ ရက်စက် တတ်ကြသူများ ဖြစ်သည့် အကြောင်းကတော့ ထူးဆန်းနေပါသည်။

မည်သို့ ဆိုစေ၊ သင်ကြားလေ့ကျင့်ပေးမှု အမျိုးမျိုးထဲမှ ကောင်းမြတ်မှုများလည်း များစွာ ပါဝင်ကြောင်း တွေ့ရှိရ သည်။ သတ္တိဟူသည် မိုက်ရူးရဲ ဆန်ခြင်းဟူသော ဂမူးရူးထိုး ဖြစ်ချင်ရင်ဖြစ် စိတ်ရူးနှင့် သူရဲဘောကြောင် ခြင်းဟူ သည့် အရာရာကို စဉ်းစားဆင်ခြင်မှု ကင်းမဲ့စွာ စိုးရိမ် ထိတ်လန့်နေခြင်း အစွန်းနှစ်ခု အကြားမှ မွန်မြတ်ဖြူစင် ရဲရင့်ပြတ်သားသော၊ ခိုင်ခိုင်မာမာ အဟုန်ထုထည် တည်တံ့စွာ မွေးမြူထားနိုင်မှု စိတ်ဓါတ် အရည်အချင်း တစ်ခု ဖြစ်သည် ကို ဆိုလိုနားလည် စေခဲ့သည်။ ထိုသို့ အနာဂတ် မြန်မာပြည်အတွက် အမှန်တကယ် လိုအပ်နေသည့် စိတ်ဓာတ် အရည်အချင်းများ အကြောင်း သင်ကြားပြသပေးသူ ဆရာကောင်းတို့၏ မှာကြားချက်သည် ယနေ့ လူငယ်ထုအတွင်း ရိုးသားရဲရင့်စွာ တိုင်းပြည်ချစ်စိတ်ဖြင့် သူရသတ္တိပြောင်မြောက်သော သူရဲကောင်းများ ပေါ်ထွန်းလာမှုကို များစွာ အထောက်အကူ ပြုနေပေလိမ့်မည် ဖြစ်သည်။ ထို့အပြင် တိုးတက်သော လူ့ဘောင် အဖွဲ့အစည်း တစ်ခု တည်ဆောက်ရန် အသိပညာ၊ အတတ်ပညာအားဖြင့် ခေတ်နှင့်အညီ ဖွံ့ဖြိုးသော သိပ္ပံ အတတ်ပညာတို့ တတ်သိနားလည် ကျွမ်းကျင်မှသာ စဉ်းစားဆင်ခြင်သုံးသပ် နိုင်စွမ်း ပြည့်ဝစွာဖြင့် အမှားအယွင်း နည်းပါးသော ဦးဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းလာလိမ့်မည် အကြောင်းကိုလည်း ကျနော်တို့ကို လေးလေးနက်နက် တွေးတောမိစေခဲ့သည်။ ဆိုခဲ့ပြီးသော သစ္စာ၊ သူရ၊ သိပ္ပဟူသည့် အနာဂတ် တိုင်းပြည် တည်ဆောက်ရေး ကဏ္ဍအတွက် အလွန်အရေးကြီးသော အကြောင်းရင်းခံ စိတ်ဓါတ်၊ ခံယူချက်၊ အတွေးအခေါ်တို့ကို ထက်မြတ် မြင့်မားစေရန် သင်ကြားပေးသည့် စစ်တက္ကသိုလ်၏ ကောင်းမြတ်သော သင်ပြမှု အခြေအနေများ အကြောင်းကို ကျနော် စီနီယာ ဘ၀ရောက်သောအခါ တွေ့ကြုံလာသော အတွေ့အကြုံများပေါ် မူတည်၍ တင်ပြပါမည်။

ယခုတော့ ပထမနှစ်၏ ရွှင်ပျော်ပျော် နေ့စွဲများအကြောင်း ပြန်ဆက်ကြပါအုံးစို့……။

ပထမနှစ် ဘ၀၏ သက်တမ်း နှစ်လခန့်မှစ၍၊ စီနီယာတို့၏ စည်းကမ်း ကြပ်မတ်မှုနှင့် အပြစ်ပေး အရေးယူမှုတို့ သည် ပိုမိုပြင်းထန်လာ၏။ စီနီယာတို့အဆို စစ်ပုံ မကျသေးဟု ဆိုသော ကြွပ်ဆတ်ဆတ် ဗိုလ်လောင်းတို့က ပိုအထိနာ၏။ အမိန့် နာခံမှု။ အထက်စီနီယာကို ကြောက်ရွံ့ခန့်ငြားမှု၊ ရိုသေမှု ပုံစံတို့၌ သူတို့ စိတ်တိုင်း မကျ မချင်း ပုံသွင်း၏။ အထက်စီနီယာကို ကြောက်ရွံ့ပုံ မရှိသော ကျနော်ကဲ့သို့ ဂျစ်ကန်ကန် ဗိုလ်လောင်းများကို အပြစ်မရှိ အပြစ်ရှာကာ၊ မှတ်လောက် သားလောက်သည်ထက် ပို၍ အပြစ်ပေး၏။ အခြားသူများထက် စာလျှင် ထိုသူများကို ပိုမို၍ အနေအထိုင် ကျုံ့အောင် ဘက်ပေါင်းစုံမှ စောင့်ကြည့် အပြစ်ရှာ၏။ အပြစ်ပေးရာတွင်လည်း တရားမ၀င်သော အပြစ်ပေးနည်းများ၊ ရက်စက်သော နည်းလမ်းများကို တစတစ သုံး၍ လုံးဝ မခံမရပ်နိုင်အောင် ခံစားရသည်အထိ ပြင်းထန်စွာ အပြစ်ပေး၏။

စစ်ရေးပြ၊ လက်နက်ငယ် လေ့ကျင့်ခန်းမှ အိပ်ဆောင်သို့ နေ့စဉ်ပြန်လာရသော အပြန်လမ်းသည် ကျနော်တို့ အတွက် ငရဲခန်းသို့ အပြန်လမ်း တစ်ခုနှယ်၊ မလျှောက်ချင် လျှောက်ချင်ဖြင့် နှေးကွေး လေးလံသော ခြေလှမ်းများ ဖြင့်၊ အိပ်ဆောင်သို့ ပြန်လာရသည့်အချိန်များသာ ဖြစ်၏။ ထို ကာလများမှာ အလွန်ညစ်ညူး ဖွယ်ကောင်းသော အတွေးစိတ်ကူးများသာ ဖိစီးလွှမ်းမိုးနေသည့် အချိန်ဖြစ်သည်။ စုပေါင်းတန်းစီ ကွင်းတွင် အသင့်စောင့်နေသော စီနီယာတို့သည် တရားခံတို့ကို စောင့်ကြိုနှင့်သော ရဲများကဲ့သို့ အပြစ်တွေ့နိုင်မည့် သူကို စူးစိုက် ရှာဖွေလျှက်ရှိ၏။ ထို့နောက် စီနီယာတို့က မိမိ ပထမနှစ်များကို၊ တန်းစီလူစစ်ပြီး လူပျောက်ဆုံးမှု ရှိ၊ မရှိ စစ်ဆေး၏။ ထို့နောက် မည်သူ၊ မည်ဝါက၊ မနေ့က ဘယ်လို ပြစ်မှုကျူးလွန်လို့ ဆိုကာ ကျနော်တို့ အပတ်စဉ် တစ်ခုလုံးကို အပြစ်ပေး ပါတော့သည်။ ထိုကဲ့သို့ အပတ်စဉ်အလိုက် အပြစ်ပေးခြင်းကို တပတ်လျှင် (၅) ရက်မျှ ခံစားနေရ မြဲဖြစ်သည်။ အစောပိုင်း ကာလများက သမရိုးကျ တရားဝင်သော အပြစ်ပေးနည်းများ ဖြစ်သည့် လက်ထောက်မှောက် (ဒိုက်ထိုးခြင်း)၊ လေထီးခုန်ခြင်း (လက်နှစ်ဘက်ကို ခေါင်းပေါ်တင်၍ အမြင့်သို့ မြောက်သွားအောင် ခုန်တက်ရ ခြင်း)၊ ဖားခုန် (ဆောင့်ကြောင့် ထိုင်လျှက် ဦးခေါင်းပေါ် လက်နှစ်ဘက်ကို တင်ပြီး ဖါးတစ်ကောင် ခုန်သွားသကဲ့ သို့ ခုန်ဆွ၊ ခုန်ဆွ ခုန်သွားရသော အပြစ်ပေးနည်း)၊ ဂျွမ်းထိုးခြင်း (မတ်တပ်ရပ်လျှက် အနေအထားမှ ရှေ့ကြမ်းပြင် အပေါ်သို့ ဦးခေါင်းထိုးစိုက်ချကာ ကိုယ်ခန္ဓာ တစ်ခုလုံးကို တပတ်လှည့်သွားအောင် လှိမ့်၍ ရှေ့သို့ တိုးသွားရ သော အပြစ်ပေးနည်း)၊ စသည့် အပြစ်ပေးနည်းတို့သည် စစ်တက္ကသိုလ်မှ တရားဝင် သတ်မှတ်ထားသော အပြစ် ပေးနည်းများ ဖြစ်၏။

ယခု ကျနော်တို့ သင်တန်းကာလ သက်တန်း အနည်းငယ် ရလာသောအခါတွင် ကြုံတွေ့လာရသည့် အပြစ်ပေး ခံရမှု များသည် ထိုတရားဝင် အပြစ်ပေးခွင့်ရှိသည့် နည်းလမ်းများဖြင့် အပြစ်ပေးခံရသည်က နည်းပြီး၊ တရားမ၀င် သော၊ ရက်စက်သော ပြင်းထန်းသော၊ အန္တရာယ်များသော၊ လူမဆန်သော အပြစ် ပေးနည်းများဖြင့် အပြစ်ပေးခြင်း မျိုးကို တစတစ ပြုလုပ်ခိုင်းစေခြင်း ခံရလာကြ၏။ ပိုမို ဖိစီးနှိပ်စက်၊ ချုပ်ချယ် အနိုင်ကျင့် လာကြ၏။ ထိုသို့ တရား မ၀င်သော ရက်စက် ပြင်းထန်လှသည့် အပြစ်ပေး ခံရခြင်းမျိုး များဖြင့် မကြာခဏ ဆိုသလို အပြစ်ရှိသည် ဖြစ်စေ၊ ဘာအပြစ်မှ မရှိဘဲလဲ ဖြစ်စေ၊ မည်သို့မျှ ငြင်းဆန်ခွင့် မရှိဘဲ အပြစ်ပေးခြင်း ခံလာရ၏။ ဤသို့ ဘုမသိ ဘမသိဖြင့် အပြစ်ပေးခံရခြင်း အကြိမ် အရေအတွက် များပြားလာသော အခါ ကျနော်တို့သည် လက်တွေ့ ခံစားနေရသော ပတ်ဝန်းကျင် အခြေအနေ၏ လိုအင်ဖန်တီးမှုကို တဖြည်းဖြည်း ညှိယူလက်ခံ နိုင်လာခဲ့ကြသည်။ ထိုအခါ ထုပေတာပေ ခံနိုင်ရည် ရှိလာသော၊ ခေါင်းမာသော၊ တဇွတ်ထိုး တဇောက်ကန်း လုပ်တတ်သော၊ စဉ်းစားဉာဏ် နည်းသော လူငယ်လေးများ ဖြစ်မှန်းမသိ ဖြစ်လာ၏။ ပေးသမျှ အမိန့်ကို မျက်စိရှေ့မှောက်တွင်သာ နာခံပြီး၊ ကြီးကြပ်သူ၊ အုပ်ချုပ်သူ မရှိသည့် အချိန်၊ နေရာတို့တွင် ကိုယ်လုပ်ချင်ရာ လုပ်တတ်သော မင်းစေ၊ အမှုထမ်း ပေါက်စ ခပ်ပေပေ လူငယ်လေးများ ဖြစ်မှန်းမသိ ဖြစ်လာ၏။ ဖြစ်လည်း ဖြစ်ချင် စရာပေကိုး၊ ပြစ်မှုနှင့် ပြစ်ဒဏ်သည် ဆိတ်ကို ဆင်ခတ်သည့် ထူးခြေချင်း ခတ်ထားသလိုပင် မမျှတသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ မကျေနပ်သည့်၊ တရားခံရှာ၍ မတွေ့နိုင်သော ပစ္စည်းမဲ့ ဒေါသ တွေက နောက်ဆုံး ကိုယ်ကိုကိုယ် ဖြစ်ချင်ရာဖြစ်၊ လုပ်ချင်ရာ လုပ်မည်ဆိုသော ဉာဉ်ဆိုးကိုသာ အလိုလို မွေးမြူ လာစေတော့ သောကြောင့် ဖြစ်သည်။

ဒါကိုပင် အချို့ ဗိုလ်လောင်းများက လေ့ကျင့်သား ပြည့်ဝလာပြီဟု ပြောသူများ ရှိသလို၊ လောကကြီး ဆိုတာ ဒီလိုပါဘဲ၊ သူဖြစ်ချင်တာဖြစ်၊ ကိုယ်ကလည်း ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုသော အတွေးအခေါ်များ ၀င်ရောက် အမြစ် တွယ်လာသူများလည်း ရှိလာသည်။ ကိုယ်ထင်ရာ ကိုယ်စိုင်း၊ ကိုယ်လုပ်ချင်သလို လုပ်သူများ ပေါ်လာကြ သည်။ အဘယ်ကြောင့် ဆိုသော် စစ်တက္ကသိုလ်၏ အုပ်ချုပ်မှု အစဉ်အလာ အရ တစ်ယောက် မကောင်းလျှင် အများက စုစည်း အပြစ်ပေးခြင်း ခံရသောကြောင့် နဂိုက ယဉ်ယဉ် ကျေးကျေး နေလာခဲ့ ကြသော ရိုးရိုးအေးအေး လူအများစုပင် မိမိမှ အပြစ်မကျူးလွန်၊ စည်းကမ်း မဖောက်ဖျက်ပါဘဲလျှင် တစ်ဦးတစ်ယောက်၏ စည်းကမ်း ဖောက်ဖျက် မှုကြောင့် ကျန်သောသူ အားလုံးပါ အပြစ်ပေး ခံရသော အခါ၊ စည်းကမ်းအတိုင်း နေထိုင်ကြသူတို့ စိတ်ထဲတွင် မခံချိ မခံသာဖြစ်လာ ကြတော့သည်။ ဤသို့ ရိုင်းစိုင်းသော၊ နောင်ရေးကို မတွက်ဆသော ခံယူချက် နှင့်အတူ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ များပြောင်းလဲ သွားမည် ဆိုလည်း ပြောင်းလဲချင် စဖွယ်ပင် ဖြစ်၏။ အဘယ့် ကြောင့် ဆိုသော ကျနော်တို့ အားလုံး ခံစားတွေ့ကြုံနေရသော အခြေအနေများမှ နေ၍ ဘယ်အရာသည် ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြစ်၍၊ ဘယ်အပြုအမူသည် ဥပဒေမဲ့ ပြုမူ ဆက်ဆံခြင်း ခံရသော မတရားမှု ဖြစ်သည် ဆိုင်ခြင်းကို ဝေဖန်ခွဲခြားနိုင်စွမ်း မရှိတော့သောကြောင့် ဖြစ်၏။ အားလုံးသော ပြစ်ဒဏ်များသည် အထက် အာဏာပိုင်လုပ်သူ ငြိုငြင်စေသော အမှုကို မိမိတို့က ကျူးလွန်မိသောကြောင့် ရရှိခံစား လာရသော ပြစ်ဒါဏ်များ သာ ဖြစ်သည်ဟု ယူဆ ယုံကြည်သူ များလာပြီး။ အထက် အရာရှိနှင့် သင့်တင့်အောင် နေတတ်လျှင် အနေ၊ အစားချောင်လည်မည်။ မသင့်တင့်လျှင် အနေအစား ဆင်းရဲ ကျပ်တည်းမည့် အပြင်၊ အပြစ်မရှိ၊ အပြစ်ရှာ ခံနေရကာ ဘ၀ရပ်တည်မှု အခြေအနေ မတည်မြဲအောင် နည်းမျိုးစုံဖြင့် ပုံစံပေးခြင်း ခံလာရနိုင်မည်။

ထို့အပြင် အထက်အရာရှိ၊ စီနီယာ ဟူသည် အဓမ္မ၊ ဓမ္မ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ၎င်းတို့စိတ်ထဲရှိ သည့်၊ စိတ်ထင်ရာ အမိန့်နှင့် ပြစ်ဒဏ်ကို ပေးပိုင်ခွင့်ရှိသော၊ အာဏာပိုင်ရှင်များ ဖြစ်ပြီး မိမိတို့မှာ ယခု ဂျူနီယာ ဘ၀ ရောက်ခိုက်ပေးသမျှ ခံလိုက်မည်။ အံကြိတ်ခံလိုက်မည်။ အဲ…. မိမိတို့ စီနီယာ ဘ၀ရောက်လာလျှင်၊ စီနီယာ အဖြစ် ရောက်လာလျှင် ဤပုံ ဤနည်းအတိုင်း လက်အောက် ဂျူနီယာများကို နှိပ်စက် အုပ်ချုပ်မည်ဟု တေးမှတ် ခံယူသူ ဗိုလ်လောင်းများစွာတို့ ပေါ်ပေါက်လာတော့၏။ ပေဖြစ်တုံးခံ၊ တူဖြစ်လာလျှင် နှံမည်ဟူ သော စကားပုံမှာ မြန်မာ စစ်တပ်အတွက် လွန်စွာ မှန်ကန်သော လူမှုရေး ပုံစံဖြစ်လာပေတော့သည်။

ကျနော်တို့ ဗိုလ်လောင်းသင်တန်း တက်ရောက်သော ကာလက ခံစားခဲ့ရသေည့် တရားမ၀င်သော ပြစ်ဒဏ် ပေးနည်းများ အကြောင်းကို တင်ပြခွင့်ပြုပါ။ အချို့သော ပြစ်ဒဏ်များသည် သာမာန်လူ တစ်ဦး လက်ခံ လုပ်ဆောင် နိုင်သည့် ပင်ပန်းဆင်းရဲမှု အတိုင်းအတာထက် ပိုမိုသောကြောင့် ပြင်ပမှ အရပ်သူ၊ အရပ်သားတို့က လက်ခံယုံကြည်မှု ရှိချင်မှ ရှိမည်။ ယုံချင်ယုံ၊ မယုံချင်နေကြပါ၊ ကျနော်တို့ အမှတ်စဉ် (၃၉) စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းကို တက်ရောက်ခဲ့သူ မည်သည့် အရာရှိကို မဆို မေးမြန်း လေ့လာနိုင်ပါသည်။ ကျနော် ပြောသော ဖြစ်ရပ်တို့ တကယ် ဟုတ်ခဲ့၏။ မဟုတ်ခဲ့၏ ဆိုသည်ကို စုံစမ်းနိုင်ပါသည်။

ကျနော်တို့ ကြုံတွေ့ခဲ့ရသည် အကြိမ်အရေအတွက် မမှတ်သားနိုင်တော့ လောက်အောင် မြောက်များစွာသော အပြစ်ပေးခံပွဲ တစ်ခုမှ၊ ပုံစံ နမူနာ တစ်ခုကို ဖေါ်ပြလိုပါသည်။ အပြစ်တစ်ခု၊ အကြောင်းအရာတစ်ခုကို ဗန်းပြ၍၊ ကျနော်တို့ အပတ်စဉ်မှ ဗိုလ်လောင်း အားလုံးကို စုပေါင်းတန်းစီးကွင်းကြီးအတွင်း တင်ကြို တန်းစီးထားခိုင်းပြီး၊ မကြာခင် ကျနော်တို့ကို အပြစ်ပေးရန် တာဝန်ကျသည့် စီနီယာများက စစ်ယူနီဖောင်း အပြည့်အစုံဖြင့် ဆင်းလာ ပါတော့သည်။ ကျနော်တို့ကတော့ ပီတီဒရက်စ်(PT Dress) ခေါ် ကြံ့ခိုင်ရေး ၀တ်စုံဖြင့် အဆင်သင့် စောင့်ဆိုင်း နေကြရ၏။ မိမိတို့ ကိုယ်တိုင်ပင် မသိလိုက်သော ပြစ်မှုများ၊ ဘယ်သူဘယ်ဝါက ကျူးလွန်လိုက်မှန်း မသိသော လက်သည်ပျောက် အမှုများ၊ စီနီယာ အပေါ် ဒေါင့်မကျိုးသော ကျနော်အပါအ၀င် အချို့ဗိုလ်လောင်း တစ်ချို့၏ မထီမဲ့မြင်၊ မလေးမစား ပြုမူ ဆက်ဆံပုံများကို အပြစ်အဖြစ် ဖေါ်ပြပြီး၊ ထိုအပြစ်များ အတွက် ထိုက်သင့် တန်ဖိုးကြေ ပေးဆပ်ရသည့် ပြစ်ဒဏ်ပေးမည့် ပွဲကြီး စတင်ပါတော့သည်။ အပြစ်ရှိသည့်အတွက် အပြစ်ပေးမည် ဟု ဆိုကာ ဖိုင်နယ် ဗိုလ်လောင်း တာဝန်ကျသူ တစ်ဦး၏ နှုတ်မိန့်ဖြင့် ကျနော်တို့ အားလုံးက သူခိုင်းသည့် အတိုင်း တသွေမတိမ်း လိုက်ပါ လုပ်ဆောင်ရတော့၏။ ကျနော်တို့ အနီးတွင် အနီးကပ်စောင့်ကြည့် ကြပ်မတ်နေသူ၊ ဒုတိယနှစ် ဗိုလ်လောင်းများ၊ တတိယနှစ် ဗိုလ်လောင်းများက ၎င်းတို့၏ အမိန့်အတိုင်း ကျနော်တို့ ပထမနှစ်များမှ တသွေမတိမ်း လိုက်ပါ လုပ်ဆောင်မှုရှိ၊ မရှိ၊ ဒေါင့်မကျိုးသာ၊ ကလန်ကဆန် အပြုအမူဖြင့် အံကြိတ်ခြင်းမျိုး၊ မကျေနပ်သော အမူအရာ အကြည့်ဖြင့် အထက်စီနီယာကို ပြန်ကြည့်ခြင်းမျိုးများ ရှိ မရှိ အနီးကပ် စောင့်ကြည့်နေ ၏။

ထိုသို့သော ပြစ်ဒဏ်ပေးပွဲ အချိန်မျိုးတွင် အစ ကနဦးအဖြစ် ပေးသော ပြစ်ဒဏ်များသည် တရားဝင် ပေးပိုင်ခွင့် ရှိသည့် လက်ထောက်မှောက်၊ လေထီးခုန်၊ ဖားခုန်လောက် သာဖြစ်၏။ ခက်သည်ကား ထိုသို့သော လက်၊ ခုန်၊ ဂျွမ်းလောက်ဆိုလျှင် ကျနော်တို့ အားလုံးအတွက် မမှုတော့သော ပါမွှား ပြစ်ဒဏ် ဖြစ်နေပြီဖြစ်၏။ ပြင်းထန်၊ နာကျင်၊ နောင်ကြဉ်စေမည့် အပြစ်ပေးခြင်း၊ ခံရခက်သည့် ပင်ပန်းဆင်းရဲသော အပြစ်ပေးခံရချက် စာရင်းမ၀င် နိုင်တော့ လောက်အောင် ကျနော်တို့က ပင်ပန်းမှု အရေထူနေပေပြီ။ ဂရုစိုက်သော၊ စာရင်းမသွင်းသော ပုံစံဖြင့် ခံနိုင်ရည် ရှိလာပေပြီ။ အဘယ့်ကြောင့်ဆိုသော် မကြာခဏ ဆိုသည်ထက် ပိုမိုစွာ၊ အမြဲလိုလို၊ အပြစ်ပေး ခံရလွန်း အားကြီး၍ ကျနော်တို့ အားလုံး၏ ကိုယ်ခန္ဓာ၊ တစ်ခုလုံး၊ လက်မောင်း၊ ပေါင်၊ ခြေထောက်တို့မှာ နာရကောင်းမှန်း၊ ကျင်ရကောင်းမှန်း၊ မသိတော့လောက်အောင် ထုံနေပြီ ဖြစ်၏။ ထို့ကြောင့် သာမာန်ဖါးခုန်၊ လက်ထောက်မှောက်၊ လေထီး ခုန်လောက်ဆိုလျှင် ကျနော်တို့က အိပ်ငိုက်ချင်စိတ် ပင်ပေါ်လာက်အောင် ရိုးအီနေပြီ။ လက်ထောက် မှောက်ကွေး၊ ဆန့်လိုက် လုပ်နေရင်း တချက်တချက် ငိုက်ကနဲ ဖြစ်ကာ၊ အသိစိတ် လွတ်သွားပြီး တံတောင်ဆစ် ညွတ်ကျ အိပ်ငိုက်သွားသည် အထိ၊ အပြစ်ပေးခံရမှု၌ အလေ့အကျင့် ဖြစ်နေပေပြီ။ ထိုသို့ ဖြစ်ရလောက် အောင်လည်း မိမိတို့မှာ အိပ်ချိန် အလွန်ရှားပါးသည့် တိုင်အောင် ဒေါင့်ပေါင်းစုံမှ၊ နေရာမရွေး၊ အချိန်မရွေး ကြုံးသွင်း စောင့်ကြည့် မောင်းနှင်လေ့ကျင့်၊ အပြစ်ပေးခြင်း ခံနေရ ပေသေးသည်။ ကဲ... တရားမ၀င်သော ပြစ်ဒဏ် ပေးနည်းများ အကြောင်း ဆက်ကြပါအုံး စို့….။

စစ်တက္ကသိုလ်မှ သင်ကြားပေးနေသော စစ်ပညာရပ်များသည် ဖက်ဆစ်ဂျပန်တို့၏ စစ်ပညာ၊ နည်းနာများကို နည်းယူ တုပ ရယူထားသည် ဆိုခြင်းမှာ ဟုတ်မှန်နိုင်ဖွယ်ရာ ဖြစ်သည်ဟု ယခု ကျနော်ပြောပြမည့် ဖြစ်စဉ်များ၊ ထူးခြား ဆန်းကျယ်သော အပြစ်ပေးနည်းများကို လေ့လာလျှင် လက်ခံလာပေလိမ့်မည်။

ဦးဆုံး အစ္စရေး ခရော (ခေါ်) ၀မ်းလျှားမှောက် အနေအထားမှ တွားသွားခြင်း၊ ပြစ်ဒဏ်အကြောင်း လေ့လာ ကြည့်ကြပါစို့။ ပုံစံမှာ ကွန်ကရစ် ကြမ်းပြင်ပေါ်တွင် ၀ပ်တွား၍ တံတောင်ဆစ်နှင့် ဒူးဒေါင်းကိုသာ အသုံးပြုကာ၊ မိကျောင်းကဲ့သို့ တွားသွားခြင်း၊ အပြစ်ပေးနည်း အကြောင်းရှင်းပြ ပါမည်။ ထိုအပြစ်ပေးနည်းမှာ စစ်ရေးပြ လက်နက်ငယ်၊ တိုက်ပွဲဝင် လေ့ကျင့်ခန်းများ သင်ကြားခဲ့စဉ်က လက်တွေ့ လုပ်ဆောင်ခဲ့ရသော ကိုယ်ဟန် အမူအရာ တစ်ခုပုံစံ ဖြစ်၏။ ထိုသို့ တံတောင်ဆစ်နှင့် ဒူးဒေါင်း နှစ်ခုကိုသာ ကြမ်းပြင်နှင့် ထိတွေ့စေပြီး ရှေ့သို့ ရောက်အောင် တဖြည်းဖြည်း တွားတက်ရခြင်းကို သာမာန်မြေပြင်တွင် လုပ်ဆောင်ခိုင်းက ပြဿနာ မရှိပေ။ စုပေါင်းတန်းစီကွင်း ကဲ့သို့ မညီမညာ၊ ဗြုပ်ထနေသော ကွန်ကရစ် ပြင်ပေါ်တွင် တွားသွားရသောအခါ ကျနော်တို့၏ တံတောင်ဆစ် အရိုးထိပ်များနှင့် ဒူးခေါင်းထိပ်တို့မှ အရေပြားတို့သည် ချင်းချင်းနီသော သွေးကွက် တို့ဖြင့် ပွန်းပဲ့ ဒဏ်ရာရသည်အထိ ထိုအပြစ်ပေးခြင်း မျိုးကို ခံရသည်။ မည်သို့ဆိုစေ လက်ထောက် မှောက်ခြင်း ထက်တော့ သူက ပို၍ ပင်ပန်းဆင်းရဲခြင်း ဝေဒနာ ခံစားရပေသည်။

ဆက်လက်ဖေါ်ပြပါမည်။ ။

ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင်ဒေါင်းလုပ် လုပ်ယူပါ

Read More...

Thursday, February 14, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၀)

….. မိမိတို့ ပထမနှစ်များအား စားရိပ်သာမှ ကျွေးသော ထမင်း၊ ဟင်းမှလွဲ၍ မည့်သည့် နည်းဖြင့်ပင် ရရ၊ မည်သည့် သွားရည်စာ မည်သည့်မုန့်မျှ စားသောက်ခွင့် မပြုပေ။ စားရသော ထမင်းနီနီနှင့် ခွေးမစား ငါးခြောက် ပုပ်၊ အရည်ဖျော် ဟင်းများကို သင်တန်းစဖွင့်သည့် ရက်မှစ၍ နှစ်ပတ်ခန့်အထိ လုံးဝစားမ၀င်ပါ။ အစား၊ အသောက်က မကောင်းရသည့်အထဲ ရောက်စမှစ၍ တောက်လျှောက် မောင်းနှင် လေ့ကျင့်လာသည့် သင်ခန်း စာများ၊ စီနီယာ တို့၏ ရက်စက်သော ပြစ်ဒဏ်ပေး ခံရခြင်းများ၊ စသော မိမိတို့ ဘ၀တွင် တခါမှ မကြုံဘူးခဲ့သည့် အခြေအနေ၊ ကိုယ်ကာယပိုင်းဆိုင်ရာ ပင်ပမ်းကြမ်းတမ်းမှု အခြေအနေဆိုးများကို အံခဲဇွဲဖြင့် ပေတေဖြတ်ကျော် ခဲ့ကြရခြင်း ခံလိုက်ရသော လေထိုးအရုပ်များကဲ့သို့ ရုတ်ခြည်း ပိန်ချုံးကျသွား၏။ ကျနော်တို့ အားလုံးနီးပါးဟု ဆိုရခြင်းမှာ အကုန်လုံး မဟုတ်၍ဖြစ်သည်။

အားလုံး မဟုတ်ရခြင်း၏ အကြောင်းမှာ ကျနော်တို့ အပတ်စဉ် အတွင်းတွင် ရာထူး၊ ရာခံ ကြီးကြီးများ၏ သားများ လည်းပါ၏။ ထိုသူတို့မှာကား ကျနော်တို့ကဲ့သို့သော အညတရ မိဘတို့မှ မွေးဖွားလာသူ ဗိုလ်လောင်း များနှင့် မတူပေ။ ထိုသို့သော လူကြီးသားဆိုလျှင် စီနီယာများကအစ သိသာကွဲပြားစွာ မျက်နှာသာပေး ဆက်ဆံကြသည်။ မကြာခဏ ၎င်းတို့အခန်းအတွင်း လျှို့ဝှက်ခေါ်ဆောင်သွားကာ စားကောင်းသောက်ဖွယ် များဖြင့် ဧည့်ခံကျွေးမွေး ၏။ အလာပ၊ သလာပ စကားများ ပြောဆိုကြ၏။ ထိုအချိန် ကျနော်တို့ မအူမလည် ငတိလေးတွေကတော့၊ မည်သည့်ပြင်ပ အစားအစာကိုမှ ရှာဖွေစားသောက်ခြင်း မပြုရဆိုသော အမိန့်ကြောင့် ဆာလောင် မွတ်သိပ်နေ သော ဗိုက်ပြသနာအတွက် ဉာဏ်နီ၊ ဉာဏ်နက်တွေ သုံးကာ၊ မုန့်ပဲ သွားရေစာလေး တစ်ခုတစ်လေ ရရှိဖို့ကို စွန့်စားခန်းကြီးများ သဖွယ် ရင်တုန် ပန်းတုန်ဖြင့် ကြိုးစားရတော့၏။

ကျနော်တို့ ဗိုလ်လောင်း အိပ်ဆောင်များနှင့် အကွာအဝေး ကိုက် ၃၀ ခန့်တွင် တပ်ရင်း ဗျူဟာဆိုင်ဟု ခေါ်သော မုန့်ပဲ၊ သွားရေစာလေးများ ရောင်းသည့် တစ်ခုတည်းသော မုန့်ဆိုင်တစ်ဆိုင်ရှိ၏။ ထိုဆိုင်လေးသည် ကျနော်တို့ ပီတီ ဆင်းသည့် လမ်းကြားလေး နံဘေးတွင် ရှိပြီး၊ ထိုအချိန်က စစ်တက္ကသိုလ်တွင် နည်းပြ (ဒု/ဦးစီး၊ ညှိနှိုင်း) ဟု ခေါ်သော ဗိုလ်မှူးမြင့်လွင် (ကျနော်တို့ ဗိုလ်လောင်း အားလုံးက အဆိုပါ ဗိုလ်မှူးမြင့်လွင်ကို ကြောက်မဲဟု လျို့ဝှက်ခေါ်ကြသည်။ စီနီယာများ၏ ပြောဆိုချက်အရ သူသည် သူ့အထက် အရာရှိဆိုလျှင် အလွန်ကြောက်ပြီး၊ သူထင်သလို အနိုင်ကျင့်ပိုင်ခွင့်ရှိသည့် လက်အောက် ငယ်သားများနှင့် ဗိုလ်လောင်း သင်တန်းသားများ အပေါ်တွင်တော့ သဲသဲမဲမဲ ခြောက်လှန့် အနိုင်ကျင့်၊ မာန်မဲတတ်၍ ဟု ဆိုကြသည်။ ထို့ပြင် သူ၏ အသားအရည် မှာလည်း လုံးဝ မဖြူပါ။)၏ သမီးပျိုလေးများက ဈေးရောင်းသော တာဝန်ယူထားကြသည်။ ထိုမိန်းမပျိုလေးများ သည်ပင် ဗိုလ်လောင်း အားလုံး၏ မျက်စိ စားပွဲထိုင်ရာ အလှမယ်တို့ ဖြစ်ကြသည်။

ထိုဆိုင်လေးတွင် ဗိုလ်လောင်းများ အဆာပြေ စားသုံးနိုင်သော မုန့်ပဲ သွားရည်စာ အမျိုးမျိုး ရောင်း၏။ စီနီယာများ အတွက် ထိုဆိုင် ဖွင့်လှစ်ချိန်တိုင်းတွင် သွားရောက်ဝယ်ယူ စားသောက်ခွင့် ရှိသော်လည်း ကျနော်တို့ ပထမနှစ်များ အတွက်ကတော့ ယောင်၍ပင် သိခွင့်မရှိ။ နှစ်အစပိုင်းတွင်သာ ထိုဆိုင်သို့ လုံးဝသွားခွင့် မရှိသော်လည်း လ အတန်ကြသောအခါ ထိုဆိုင်လေးသို့ တခါတရံ သွားခွင့်ရှိလာသည်။ ကိုယ်ပိုင် ၀ယ်စားရန်အတွက် မဟုတ်ပေ။ စီနီယာ၏ ၀ယ်ယူခိုင်းသော အခါတချို့တွင်သာ ရောက်ရှိခြင်း ဖြစ်၏။ မိမိကိုယ်တိုင် ၀ယ်စားရန်အတွက် ဟူ၍ ခိုးဝှက် သွားရောက်ရန် မကြံစည်လိုက်နှင့်။ စီနီယာ တဦးဦးသာ သိရှိသွားပါ ချွေးတို့ လှိုင်လှိုင်ထွက်ဖို့သာ ပြင်ပေ ရော့… ယခုဖြစ်စဉ်မှာ နှစ်အစပိုင်းတွင် ကျနော်တို့ ကြုံတွေ့ရသော အခြေအနေများမှ တဆင့် ကျနော်တို့ အများစု ဘယ်လို စိတ်ခံယူချက်တွေဆီ ပြောင်းလဲကျက်စား လာသည်ဆိုသည့် အကြောင်းကို သုံးသပ်ပါမည်။

ထိုသို့ လူသားတစ်ဦး၏ အခြေခံရပိုင်ခွင့် ဖြစ်သော မိမိဝမ်းရေး မပြေလည်မှုအတွက် ဆာလောင် မွတ်သိပ်မှုကို အစားထိုးဖြေရှင်းရန် အခွင့်အရေးလေးကိုပင် တားဆီးပိတ်ပင်ခြင်း ခံရ၏။ ဤသို့ လူတစ်ဦး၏ ဘ၀ ရပ်တည်မှု အခြေခံဖြစ်သော၊ စားဝတ်နေရေး အခွင့်အရေး လေးများအနက်၊ အရေးကြီးဆုံးဖြစ်သော ၀မ်းရေးစားသောက် ဖြည့်တင်းမှုကိုပင် တားမြစ်ကန့်သတ် ချုပ်ချယ်ခြင်းခံရ၏။ မြန်မာစကားပုံပင် ရှိသေး၏။ အူမတောင့်မှ၊ သီလစောင့် မည်ဟု ရှေးပညာရှိတို့က လူတို့၏ ကိုယ်ကျင့် သီလနှင့် ပတ်သက်၍ ၀မ်းရေးဝမှ သီလတည်မည် ဖြစ်ကြောင်း ဆိုရိုးစကား ထားခဲ့ကြခြင်း ဖြစ်ပေသည်။

ကဲ… ယခု ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းများမှာ သင်တန်းသားများ အတူတူ ဆွေကြီး မျိုးကြီး သားချင်း ဗိုလ်လောင်းတို့ကျတော့ သင်တန်းနည်းပြ အရာရှိကြီး၊ ငယ်ကအစ စီနီယာ ဗိုလ်လောင်းအဆုံး၊ အခွင့်အရေး ကို မျှော်ချင့် ဖန်တီးရယူလိုသူတို့က ဖူးဖူးမှုတ်ကာ ခယ၀ပ်တွားမှု ပြသ၊ လျှို့ဝှက် တိတ်တဆိတ် ခေါ်ယူ ကျွေးမွေးပြုစု ခြင်းဖြင့် ဆွေကြီး မျိုးကြီး သားတို့ စည်းစိမ်ခံစား ပျော်ရွှင်နေချိန်ဝယ်၊ သာမည ၀န်ထမ်း၊ အညတရ မိဘတို့မှ မွေးဖွားလာသော၊ ကျနော်နှင့် အခြားမြောက်များစွာသော ပထမနှစ် ဗိုလ်လောင်းတို့မှာ ယနေ့ ကြုံတွေ့နေရသော စားရေး သောက်ရေး အကြပ်အတည်းကို စီနီယာတို့အား ကြောက်ရွံ့ ကြသောကြောင့်၊ ဘာမှ မစား မသောက် ရဘဲ၊ ရေသောက် ဗိုက်မှောက်ကာ ဘာမှ ၀ယ်မစားရဆိုသည့် ချမှတ် စည်းကမ်းအတိုင်း အငတ်ခံ အဆာခံ နေကြပါမည်လား။ သင်သာ ဤကဲ့သို့သော အခြေအနေကို ရင်ဆိုင် ဖြတ်ကျော်နေသည့် ကျနော်တို့လို (၁၈) နှစ် သားအရွယ် လူငယ်တစ်ယောက် နေရာတွင်ဆို ဘယ်လိုနေမည်လဲ။ သင်တန်းသား သက်တူ ရွယ်တူချင်း အတူတူ၊ လူသားတစ်ဦး၏ အခြေခံ ရပိုင်ခွင့် လူ့အခွင့်အရေးအရ တန်းတူညီတူ မရှိဘဲ အဆင့်အတန်း မျိုးရိုးအရ ခွဲခြား ဆက်ဆံ ခံရခြင်းကို (လူသားတစ်ဦး၏ အခြေခံ ရပိုင်ခွင့် လူ့အခွင့်အရေး ဆိုသည်ကို လုံးဝ မသိနားမလည်၊ ရယူခံစားရမှန်း မသိအောင် ပုံသွင်း ဖီစီးချုပ်ချယ်ခြင်း ခံထားရသည့် မြန်မာနိုင်ငံမှ ကြီးသူတိုင်းကို ကြောက်နေရ သည့် စနစ်ဆိုးအောက် မျိုးဆက်နှစ်ဆက်ခန့် အထိ တိမ်မြုပ်ရိုက်သွင်း ခံထားရခြင်း၏ ဆိုးကျိုးဆက်၊ မသိသား ဆိုးရွားစွာ နားမလည် အသိမကြွယ် ခြင်းကြောင့်) ဖာသိဘာသာ နေနိုင်သည် ထားအုံး၊ တကြွက်ကြွက်၊ တဂွီဂွီ၊ တစီစီဖြင့် အူသိမ် အူမ အချင်းချင်း စစ်ခင်း၊ ပွတ်တိုက်နေသည့် ၀မ်းတွင်းမှ ဆာလောင် မွတ်သိပ်မှု ပြဿနာ ကိုတော့ မြိုသိပ် ကြိတ်မှိတ် မနေနိုင်ဟု ကျိမ်းသေ ဆိုဝံ့ပါသည်။ ဒီတော့ ဘာလုပ်ကြ ပါမည်နည်း။ ဘယ်လို ဖြေရှင်းကြပါ မည်နည်း။

လွယ်လွယ်လေးပါ။ ထိုအချိန် ထိုကာလက ထိုပြဿနာမျှသည် ဖြေရှင်းရန် လွယ်လွယ်လေးပါ။ ခိုးကြပါသည်၊ ခိုးကြောင် ခိုးဝှက်၊ ငတက်ပြားတို့၏ အတွေးအခေါ်၊ အပြုအမူတို့ဖြင့် ရရာ၊ ကြုံရာ နည်းလမ်းများကို အသုံးပြု၍ မိမိတို့ ၀မ်းတွင်း သွတ်သွင်းနိုင်မည့် စားစရာဟူသမျှတို့ကို မရ၊ ရအောင် ကြံဆောင်ရှာဖွေ ကြပါတော့သည်။ ထို သို့ ဗိုလ်လောင်းတို့၏ အုပ်ချုပ်မှုနည်းနှင့် ကာလ အပိုင်းအခြားအလိုက် ဖြစ်ပေါ်လေ့ရှိသော အခြေအနေတို့ကို အစဉ်အလာအားဖြင့် ကျွမ်းဝင်ရင်းနှီးပြီး ဖြစ်သူ စစ်တက္ကသိုလ်မှ နည်းပြ တပ်ကြပ်ကြီး တဦးက နှစ်ရက်ခြား၊ တခါလောက် မယောင်မလည် ဟိုကြည့်ဒီကြည့်ဖြင့် ကျနော်တို့ ပထမနှစ်များ အိပ်ဆောင်အနီး ချည်းကပ် ၀င်ရောက်လာကာ ၎င်း၏ စစ်လွယ်အိတ်လေးထဲ ခိုးဝှက် သယ်ဆောင်လာသော မြေပဲယို၊ မြေပဲပြား အထုပ် ငယ်များကို လျှင်လျှင်သုတ်သုတ်၊ ရောင်းချပါသည်။ ဈေးနှုန်းမှာ ပြင်ပမှ ပေါက်ဈေး ထက် (၃) ဆခန့် ပိုမို များပြား နေသည်ကို နောင်ကျမှ သိရ၏။ ထိုအချိန်တုန်းကတော့ မိမိတို့ ညစာကြည့်ချိန် ပြီးခါးနီး စီနီယာတို့ ဆင်းမလာ သေးခင်၊ ခိုးကြောင် ခိုးဝှက် အမူအရာဖြင့် ရောက်ရောက် လာတတ်သော ထို တပ်ကြပ်ကြီး (တပ်တွင်းတွင် ဆရာကြီးဟု ခေါ်သည်) ကိုပင် ကျေးဇူးရှင် တစ်ဦးအလား စောင့်ရ၊ မျှော်ရသည်။ သြော်… ရွှေဗိုက်က နေမခိုက် အောင် ဆာလှပြီကိုး…။ သူ ရောက်လာလျှင် ဗိုလ်လောင်းတွေက အလုအယက်၊ မှောင်ခိုဈေးတန်းမှ မှောင်ခိုဈေး သည်နှင့် မသမာသူ ဈေးဝယ်တို့ စည်ပင်သာယာ ရဲမလာခင် လက်စသတ် ကသုတ်ကရက် အလုပ်လုပ် ကြရသည့်ဟန်၊ ဟိုကြည့် သည်ကြည့် ကျီးကန်းမင်းတို့၏ တောက်ပ စူးရှ၊ လျှင်မြန်၊ ဖြတ်လတ်သော မျက်လုံး များဖြင့်၊ ဘေးဘီကို အကဲခတ်၊ ကလိန်ကကျစ် စီနီယာတို့ မရှိလောက်ဘူး ဟု ယုံကြည်ရလောက်လျှင် ခေတ်ပေါ် ခါးပိုက်နှိုက်၊ ခေတ်ပေါ် ငတက်ပြားတို့၏ သွက်လက်လျှင်မြန်မှု မျိုးဖြင့် အလုအယက် ၀ယ်ယူဖို့ အသံတစ်သံမှ မထွက်ဝံ့ဘဲ၊ တိတ်တဆိတ် လုယက်တိုးဝှေ့နေသည့် အုပ်စုထဲ ရင်တထိတ်ထိတ်ဖြင့် တိုးဝှေ့ ၀င်ရောက် ၀ယ်ယူပြီး အလွန်အင်မတန် ကံကောင်းထောက်မစွာ ရရှိလာသော မြေပဲယို ထုတ်ငယ်အားလည်း ချက်ချင်း မစားဝံ့။ မစားရဲ။ ချက်ချင်းပင် စီနီယာတို့ လုံးဝ မထင်မှတ်နိုင်သည့် အ၀တ်ထည့်ခင်းပြသရာ သံဗီဒို (လော့ကာ ဟုခေါ်သည်) အောက်သို့ သွက်လက် လျှင်မြန်သော လှုပ်ရှားမှုဖြင့် ချက်ချင်း ထိုးသွင်းသိုဖွက်ကာ မိမိနေရာတွင် ဟန်မပျက် ပြန်ပြေးထိုင် နေကြရသည်။ အဘယ့်ကြောင့် ဆိုလျှင် စီနီယာတို့သည် နေရာမရွေး၊ အချိန်မရွေး ၀င်ရောက်လာကာ အပြစ်ကျူးလွန်သူတို့ကို ရှာဖွေ အပြစ်ပေးလေ့ ရှိသောကြောင့် ဖြစ်၏။

ဒီအချိန်မှာ ဆင်းရဲချို့တဲ့သော မိသားစုမှ မွေးဖွားလာသော ဗိုလ်လောင်းများကတော့ မိမိတို့နေရာ၊ သံခုတင်လေး ပေါ်မှပင် ထိုင်၍ အခြားသောငွေကြေး တတ်နိုင်သူတို့ ၀ယ်ယူ စားသောက်ဖို့ စွန့်စားစွာ ကြိုးစားနေကြသည်ကို ထိုင်ကြည့် ငေးမောနေကြသည်။ ဤမျှ ဈေးကြီးသော မတန်မရာ ဈေးဖြင့် ရောင်းချသော မြေပဲယို ထုတ်ငယ်ကို သူတို့ မ၀ယ်ယူနိုင်။ အလွန်ဆာလောင် မွတ်သိပ်လှသော်လည်း မတတ်နိုင်၊ ဒီလို လူငယ်မျိုးတွေက ဘယ်လို ဖြေရှင်းကြပါမည်လဲ။ အကယ်၍ မိဘက ပိုက်ဆံ တတ်နိုင်သောကြောင့် ဈေးကြီးပေး ၀ယ်ယူစားနိုင်သူတို့က သူငယ်ချင်း အချင်းချင်း နားလည်စွာ ကျွေးမွေး၍၊ သဘောထားကြီးစွာ ဝေမျှစားသောက်လျှင် ပြဿနာ မရှိ၊ တစ်ကိုယ်တည်း တကိုယ်ကောင်း ကြံတတ်သူ လူချမ်းသာ ဗိုလ်လောင်း၏ ကိုယ်ဝမ်းဝလျှင်ပြီး၊ မည်သူ ဘာ ဖြစ်ဖြစ်၊ တကြွပ်ကြွပ်ဖြင့်၊ တဟပ်ဟပ်ဖြင့် မြေပဲယို ချိုချိုကို အငမ်းမရ အာသာမပြေ၊ အားရ ပါးရ ၀ါးစား နေချိန် တွင်၊ နံဘေး ခုတင်မှ မြင်နေရ၊ ကြားနေရသူ ကိုယ်တိုင်လည်း ဆာလောင်မွတ်သိပ်မှု မြောက်များစွားဖြင့် စားသောက်ဖွယ် တခုခုကို တမ်းတနေသူ သနားစဖွယ် လူငယ်လေး… သူ့ဝမ်းတွင်း ဘယ်လို နေပါလိမ့်။ အားကျမက်မောမှု သွားရည်တို့ တစိမ့်စိမ့် ထွက်မလာ နိုင်ပေဘူးလား။ လူသည် အားကျသွားရည် ယိုတတ်သော သက်ရှိသတ္တ၀ါ တဦးပင် ဖြစ်၏။ တဖက်သူ၏ လုပ်ရပ်၊ အောင်မြင်မှုကို အားကျ အတုယူတတ်သော အသိဉာဏ်၊ အပြုအမူ ကူးစက်ရယူ တတ်သော လူဖြစ်၏။

သို့နှင့် ကျနော်အပါအ၀င် ချို့တဲ့သော သာမာန်မိဘမှ မွေးဖွားလာသူ ဗိုလ်လောင်းအချို့သည် ဈေးကြီးပေး ၀ယ်ယူ စားသောက်ရခြင်းကို မတတ်နိုင်၍ လူတကာ ၀ယ်စားနိုင်ခွင့်ရှိသော တပ်တွင်း ဗျူဟာမုန့်ဆိုင်မှ မုန့်များကို သာ မရ-ရသည့်နည်းဖြင့် ရအောင် ကြိုးစား လာကြပါတော့သည်။ အပြစ်ပေး ခံရမည်ကိုလည်း ကြောက်တော့ လူ မမိအောင်လည်း ပါးနပ် လိမ္မာမှုများစွာ သုံးကာ မိမိတို့ ခံစားနေရသော ဒုက္ခကို ပြေလည်အောင် ကြံဆောင် ဖြေရှင်း ရပါတော့သည်။ မနက် မိုးမလင်းမီ မည်သူမှ မထသေးခင် ဝေလင်းဝေလင်းအချိန်တွင် အိပ်ဆောင် အတွက် သောက်သုံးရေ သွားခပ်မည့် ဟန်ပန်ဖြင့် ရေအိုး တလုံး ပုခုံးပေါ်ထမ်းကာ မယောင်မလည်ဖြင့် မုန့်ဆိုင် နားသွား၊ မဖွင့်သေးသော မုန့်ဆိုင်ဘေးနားမှာ မယောင်မလည်လုပ်ပြီး၊ မနက်ခင်းစောစော ဆိုင်လာဖွင့်လေ့ ရှိသည့် အဘိုးကြီးတို့ကို စောင့်မျှော်ရသည်၊ အိပ်ငိုက်လိုက်သည်မှာလည်း အလွန်၊ ဆိုင်တံခါး ဖွင့်သံကြား သည်နှင့် ချက်ချင်းပင် ပြေးဝင်ကာ တောင်းပန်ဝယ်ယူ ပြေးထွက်ခဲ့ပြီး၊ သောက်ရေအိုးထဲ မုန့်ထည့်ကာ ခပ်တည် တည်ပင် ရေခပ် ပြန်လာသည့် ဟန်လုပ်၍ အိပ်ဆောင်သို့ ပြန်လာ၏။

ဤသို့ ကျနော်၏ မဟာမုန့် ၀ယ်ယူရေး စီမံကိန်း အောင်မြင်မှုကြီးကို ကျနော်က ခင်သူ သူငယ်ချင်းအချို့ကို ပြောပြလိုက်၏။ ဂုဏ်ယူ ၀င့်ကြွား မိလိုက်၏။ နောက်ရက်ပိုင်းမျှ မကြာမှီ ကျနော် ထိုသို့ ခိုးဝှက် ၀ယ်ယူရန် မနက်ဝေလီ ဝေလင်း ဇွဲဖြင့်သွားသောအခါ ကျနော့်ထက် စောစီးစွာ ရောက်နှင့် နေကြသော တပတ်စဉ်ထဲ သူငယ် ချင်းများကို တွေ့ရ၏။ ကျနော်နှင့် အချို့သာ မုန့်ကို လျို့ဝှက် သယ်ဆောင်ရန် သောက်ရေအိုးလေးများ ပါကြ၏။ အများစုမှာ မပါ။ ဤသို့သော ခိုးဝှက်မုန့်ဝယ်ယူမှု စစ်ဆင်ရေးကြီး ကြာရှည် မခံလိုက်ပါ။ မည်သူက လက်ထောက် ချလိုက်သလဲ မသိ။ သို့မဟုတ် မည်သူ တဦးတယောက်များ မုန့်ဝယ်ပြီး အပြန် စီနီယာက တွေ့သွားပြီး ကျနော်တို့ လုပ်ရပ်ကို ရိပ်မိသွားဟန်ရှိသည် မသိ၊ နောက်ရက်များတွင် အဆင်သင့် စောင့်ဆိုင်း ချောင်းမြောင်း နေသူ စီနီယာက မုန့်ဝယ်ရန် သွားသူ ကျနော်တို့အား လက်ဝယ်မုန့်များ ကိုင်လျှက်ဖြင့် ပက်ပင်းမိ သွားကာ မုန့်လည်းဆုံး၊ ပြင်းထန်သော အပြစ်ပေးမှုများကိုလည်း အီစိမ့် နေအောင် ခံစားလိုက်ရ၏။

ဤမှာပင် ကျနော်ပြောလိုသော အဓိကအချက်မှာ မြန်မာနိုင်ငံ၏ အနာဂတ်တွင် နောင်တစ်ခေတ်၏ အောင်စစ် သည် ဖြစ်လည်မည့် မျိုးဆက်သစ် လူငယ် ကျနော်တို့အား ကိုယ်ကျင့် စာရိတ္တစောင့်စည်း ထိန်းသိမ်းမှု စံနှုန်းနှင့် ထိုစံနှုန်းအပေါ် တန်ဖိုးထားမှုကို လျစ်လျှူမရှုလိုဘဲ၊ ကျောခိုင်းလိုက်ရခြင်း၏ အခြေခံ အစကို ရှင်းပြလိုခြင်း ဖြစ်သည်။ ငယ်ဘ၀မှ မိမိကိုယ်မိမိ တန်ဖိုးထား စောင့်ထိန်းခဲ့သော ကိုယ်ကျင့် သိက္ခာစံနှုန်းကို မည်သို့ တန်ဖိုးမဲ့ စွာ ပစ်ပယ်ခဲ့ရသလဲ။ ကျနော်တို့ ကဲ့သို့ လူငယ်များ မြန်မာစစ်တပ်တွင်း ၀င်ရောက်မိကာမှ နဂိုကောင်းစိတ်ထား ရှိခဲ့သူ၊ လူငယ်တို့ ကိုယ်ကျင့် သိက္ခာ စံနှုန်းကို မည်သို့မည်ပုံ စတင် လျစ်လျှူရှု ပစ်ပယ်ခဲ့ ကြသလဲ ဆိုသော အရေးကြီးသည့် စိတ်ထားပြောင်းလဲလာမှု အခြေအနေများ၏ မူလအစနှင့် ဘယ်လို့သော အကြောင်းအရာတို့က သိမ်းသွင်းမြူဆွယ် ယိမ်းယိုင်သွေဖည် သွားစေသလဲ ဆိုသည်တို့၏ အဆုံး မူလဇာတ်မြစ် တို့ကို စစ်တပ်နှင့် မနီးစပ်ခဲ့သူ သာမာန်ပြည်သူတို့ နားလည်သိရှိ စေနိုင်ရန် ရှင်းပြရခြင်း ဖြစ်ပါသည်။

စစ်အာဏာရှင် စနစ်အောက်ရှိ အခွင့်ထူးခံ လူတန်းစား တစ်ရပ်အတွင်း သာမာန်ပြည်သူတို့နှင့် ကွဲပြားခြား နားသော အခွင့်အရေးတို့ကို မိမိတို့အား ပေးအပ် ခံစားယစ်မူးနေစေသည်မှာ အောက်ပါတို့ကို ဖြစ်ပေါ်လာ စေလို သောကြောင့် ဖြစ်ဆိုသည်ကို ကျနော်တို့ အရာရှိငယ်များ ကျောင်းဆင်းပြီး မကြာမီမှာပင် သိရှိလာကြသည်။

နိုင်ငံတော် တာဝန်ဟု ကျုံးသွင်း ၀ါဒဖြန့်ထားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နောက်လိုက်နောက်ပါ စစ်အာ ဏာရှင် တစုတို့ ဆွေစဉ်မျိုးဆက် ကြီးပွားချမ်းသာရေးနှင့် လက်ရှိရယူ စံစားနေသော အာဏာရှင်စနစ် ယန္တရား ကြီး လည်ပတ်ရေးအတွက် မဖြစ်မနေလိုအပ်သည့်…

(၁) ပြည်သူလူထုအား အာဏာရှင်စနစ်ကို ဆန့်ကျင် ဖီဆန်လိုသော တော်လှန်ရေး စိတ်ဓါတ် လုံးဝမွေးမြူ ကြီး ထွားခွင့် မရအောင် အုပ်ချုပ်ရာတွင် လည်းကောင်း။

(၂) ဖိနှိပ်အုပ်ချုပ်မှု၊ သွေးခွဲ သပ်လျှိုမှုများ၊ တိုင်းရင်းသား၊ ပြည်သူလူထုများ အကြားအချင်းချင်းအကြား မယုံသင်္ကာမှုများစွာဖြင့် စိတ်ဝမ်းကွဲ မညီညွတ် တိုးသည်ထက် တိုးလာစေရေး၊ စနစ်တကျ ဖန်တီးရာတွင် လက် နက်ကိုင် တပ်ဖွဲ့ဝင် မိမိတို့ကို အဆင့်အတန်းအရ လုပ်ပိုင်ခွင့်အရ၊ ခံစားပိုင်ခွင့်အရ၊ ပြည်သူနှင့်အတူ ကွဲပြားစွာ ခွဲခြား၍ ကြားခံအဖြစ် သုံးစွဲနိုင်အောင် သော်လည်းကောင်း။

(၃) သမိုင်းကို တွက်ဆ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ရိုးသားမှု ဂုဏ်၊ ယဉ်ကျေးမှု အစဉ်အလာ ကောင်းမြတ် မြင့်မား ခဲ့ခြင်း ဂုဏ်၊ သွေးစည်း ညီညွတ်စွာဖြင့် ဖိနှိပ် အုပ်ချုပ်လာသူ မည်သူကိုမဆို၊ ရဲဝံ့ပြောင်မြောက် စွန့်စားသော သူရဲကောင်းတို့၏ စိတ်ဓါတ်ဖြင့် တော်လှန်ရေး အစဉ်အလာကောင်များ ရှိခဲ့သော မြန်မာတိုင်းရင်းသား တစ်ရပ်လုံး၏ ကိုယ်ကျင့်သိက္ခာပိုင်း၊ အတွေးအခေါ်ပိုင်း ဆုတ်ယုတ်နိမ့်ပါး လျော့နည်း ပျောက်ဆုံးစေရေးအတွက် သော်လည်းကောင်း။

(၄) မိမိတို့ ကိုယ်ကို ယုံကြည် အားကိုးမြတ်နိုးသည့် မျိုးချစ်စိတ် အရင်းခံ မျိုးဂုဏ် ဇာတိဂုဏ်တို့ ထက်သန်ကြီး ထွား လှုပ်ရှားခွင့်မပြုရေး စနစ်တကျ အကွက်ချ ဖိနှိပ်အုပ်ချုပ်မှုဖြင့် သမိုင်းပျောက်ဖြစ်စဉ်များ ဖန်တီးရာတွင် သော်လည်းကောင်း။

(၅) အသိဉာဏ်မဲ့စွာ ခိုင်းတာလုပ်မည့် ကျွန်လူမိုက်များ အဖြစ်၊ အသုံးချနိုင်ရေး တင်ကြို အကွက်ချ ပြင်ဆင် လေ့ကျင့်မှု၏၊ တစိတ်တပိုင်းအဖြစ် သော်လည်းကောင်း၊ ထားရာနေ စေရာသွား၊ ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောသော ကျွန်စိတ်ဓါတ်၊ တရယူ တမှီနှိုက် ဘနှဖူး သိုက်တူးမည့် စိတ်ဓါတ်၊ အခွင့်အရေးသာ ရမည်ဆိုလျှင် ပေးသလို ကိုယ်ကျိုးအတွက် ရှာဖွေဖန်တီးမှု၊ တကိုယ်ကောင်း စိတ်ဓါတ်၊ စိတ်ညံ့၊ စိတ်ရိုင်းများ၏ အခြေခံ အယူလွဲမှားမှု အဓိက မဏ္ဍိုင်ဖြစ်သော ခံယူချက်တို့ မွေးမြူလာစေရန်အတွက် သော်လည်းကောင်း တရားဝင် သင်းရိုးညွန်းတမ်း မရှိသော အရိပ်ပြ အကောင်ထင် သွန်သင် ကြပ်မတ်စရာမလို၊ အလိုလို နားလည်တတ်သိ လာစေသည့် ဆင့်ကဲ အမွေ။ အုပ်ချုပ်ရေး နည်းနာများ၊ နှိပ်ကွပ် ရက်စက်နည်းများ၊ ခေါင်းတော်ညိတ်၍ စိတ်တော် အလိုကို လိုက်တတ်အောင် မြူဆွယ်ခြောက်လှန့် သိမ်းသွင်း ကူးစက်စေတတ်သော လေ့ကျင့် အပြစ်ပေးမှုများဖြင့် ပြည်သူကို ဖိနှိပ်တတ်သည့် အာဏာရှင် အငယ်စားလေးများ ပေါ်ထွက် လာရသည့် အခြေခံ များဖြစ်ပေသည်။

ထို အကြောင်းရင်းခံ၊ အဖြစ်မှန်တို့ကို အများပြည်သူတို့ တွေးဆသုံးသပ်၊ သတိနှင့်ယှဉ် သံဝေဂ ယူကာ နောင် ကြဉ်စေလိုသောကြောင် ယခုကဲ့ အာဏာပိုင် အသိုင်းအ၀ိုင်း အတွင်းရောက်ရှိကာ မိမိကိုယ်မိမိ ဟုတ်လှပြီ ထင်ခဲ့ သူ လူငယ်ကျနော်တို့၏ ဘ၀ရပ်တည်မှု အခြေအနေနှင့် စိတ်ဓါတ်ခံယူချက် လွဲမှားမှု စတင် သန္ဓေတည်စေသည့် ဖန်တီး စေ့ဆော်မှုများကြောင့်၊ တိုင်းပြည် တစ်ပြည်၏ အဖိုးတန် သားကောင်း ရတနာများ၊ လမ်းလွဲရောက်ကာ စိတ်ခံယူချက် လွဲမှားခံယူ ယုံကြည်သွားစေသော ဖြစ်စဉ်များ၏ အကြောင်းရင်းမှန် အခြေခံကို ရေးဖွဲ့တင်ပြ ရခြင်း ဖြစ်၏။

ဗိုလ်ကြီးနေသူ (အငြိမ်းစားတပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင်ဒေါင်းလုပ် လုပ်ပါ

Read More...

ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၏ မိန့်ခွန်းကောက်နုတ်ချက်များ(၁)


ကျမ ဒီနေ့က စပြီးတော့ ပြည်သူလူထုနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါရစေ။ ကျမ နိုင်ငံခြားမှာ နေခဲ့ တယ်ဆိုတာလည်း မှန်ပါတယ်။ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတယ် ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဒါလေးအတွက်နဲ့ ကျမ တိုင်းပြည်အပေါ်မှာထားတဲ့ မေတ္တာဟာ ဘယ်လိုမှ ကျဆင်းမသွား နိုင်ပါဘူး။
(ရွှေတိဂုံစေတီ အနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး။ ၂၆-၈-၈၈)

နိုင်ငံရေးလောကနဲ့ ဝေးဝေးကင်းကင်း နေခဲ့ချင်ပါတယ်။ အဲ့ဒီလို ဝေးဝေးကင်းကင်း နေချင်ခဲ့လျက် သားနဲ့ အခုမှ ဘာဖြစ်လို့ ဒီအရေးအခင်းမှာ ၀င်ပါနေသလဲလို့ မေးစရာရှိပါတယ်။ အဲဒီဟာကတော့ ဒီအရေးအခင်းဟာ တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ အရေးအခင်း ဖြစ်ပါတယ်။ ကျမမှာလည်း ဖေ့ဖေ့ရဲ့ သမီး လုပ်နေပြီးတော့ ခေါင်းရှောင်ပြီးတော့ နေလို့ မဖြစ်တော့ဘူး။ ဒီအရေးခင်းကြီးဟာ တကယ် တော့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကြီးလို့ ခေါ်ရင်လည်း ဖြစ်ပါတယ်။
(ရွှေတိဂုံစေတီ အနောက်ဘက်မုခ် လူထု အစည်းအဝေးပွဲကြီး။ ၂၆-၈-၈၈)

ကျမဟာ ကျမအဖေရဲ့ အစဉ်အလာအတိုင်း ဒီမိုကရေစီ တိုက်ပွဲကို ၀င်လို့နွှဲခဲ့ရပါတယ်။ အဲဒီတော့ ဒီမိုကရေစီရဖို့ရန် ပြည်သူလူထုအားလုံး စည်းလုံးညီညွတ်ဖို့ လိုပါတယ်။ ညီညွတ်ရင် ဘာမဆို ဖြစ်နိုင်ပါတယ်။
(ရွှေတိဂုံစေတီ အနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး။ ၂၆-၈-၈၈)

လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ ကျမ ပြောစရာလေးတွေ ရှိပါ တယ်။ ကျောင်းသား လူငယ်များဟာ အင်မတန်မှ တော်ပါတယ်။ သူတို့ရဲ့ လက်ရုန်းရည် ကိုလည်း ပြပြီးပါပြီ။ အခုလည်း ဆက်ပြီးတော့ သူတို့ရဲ့ နှလုံးရည်ကို ပြမယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။
(ရွှေတိဂုံစေတီ အနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး။ ၂၆-၈-၈၈)

အစိုးရဆိုတာ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီမယ့် တိုင်းပြည်အကျိုးကို ဆောင်ရွက်ဖို့ အချိန် ကန့်သတ် စေခိုင်းထားတဲ့ သစ္စာအရှိဆုံး ပြည်သူ့ဝန်ထမ်းပဲဖြစ်ရမယ်။
(အဖွဲ့ချုပ်ရုံး။ နတ်မောက်မြို့။ ၁-၁၁-၈၈)

အဖွဲ့ချုပ် ရည်ရွယ်ချက်ကိုကလည်း ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ သက်သက်မှ မဟုတ်ဘဲ။ ၁၈ ရက် စက်တင်ဘာ စစ်အဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပြန့်ကြဲသွားတဲ့ ဒီမိုကရေစီ အင်အား တွေကို တစုတရုန်းတည်းဖြစ်အောင် စုစည်းပြီး၊ အဲ့ဒီစုစည်းထားတဲ့ အင်အားတွေကို စနစ်တကျ ဖြစ်အောင် ပေါင်းပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် အခြေ အနေမျိုးကို ဖန်တီးပေးဖို့ပါပဲ။
(အဖွဲ့ချုပ်ရုံး။ ပုဂံမြို့။ ၂-၁၁-၈၈)

မြန်မာမင်းတွေထဲမှာ ကျန်စစ်သားနဲ့ ဘုရင့်နောင်ဟာ သိပ်ချီးကျုးဖို့ ကောင်းတယ်။ သူတို့ နှစ်ယောက်စလုံးဟာ ကျန်စစ်သားဆိုရင် အနော်ရထာ၊ ဘုရင့်နောင်ဆိုရင် တပင်ရွှေထီးကို ပုန်ကန် ခြားနားနိုင်တဲ့ အရည်အချင်းရှိတယ်။ ဒါပေမဲ့ ကျန်စစ်သားရော ဘုရင့်နောင်ပါ သစ္စာ ရှိကြပါတယ်။ လူတော်တယောက်၊ အရည်အချင်းရှိတဲ့ လူတယောက်ဟာ သစ္စာရှိဖို့ သိပ်အရေးကြီးတယ်။
(အဖွဲ့ချုပ်ရုံး။ ပုဂံမြို့။ ၂-၁၁-၈၈)

စစ်ရှုံးပြီးစ ဂျပန်ဘုရင်ပြောခဲ့တဲ့ စကားတခု ရှိပါတယ်။ ကျုပ်တို့ဟာ မခံနိုင်တဲ့ ကိစ္စတွေကို ခံနိုင်ရည်ရှိအောင် လုပ်ရမယ်။ မဖြစ်နိုင်တဲ့ ကိစ္စတွေကို ဖြစ်နိုင်အောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိရမယ်တဲ့။ အဲ့ဒီလိုပဲ ကျမတို့ ပြည်သူလူထုကလည်း ဒုက္ခဆင်းရဲခံပြီး ဇွဲရှိရှိ၊ သတ္တိရှိရှိနဲ့ မဖြစ်မနေ ကြိုးစား လုပ်ဆောင်ကြမယ်ဆိုရင် ဘာမှ မအောင်မြင်နိုင်စရာ မရှိပါဘူး။
(အဖွဲ့ချုပ်ရုံး။ ကျောက်ပတောင်း။ ၂-၁၁-၈၈)

အဆိုးဆုံး အစိုးရဆိုတာ ပြည်သူလူထု ရွံရှာမုန်းတီးတဲ့ အစိုးရ၊ ဒီထက် နဲနဲကောင်းတာက ပြည်သူ လူထုက ကြောက်တဲ့ အစိုးရ၊ ဒီထက်ပိုပြီး ကောင်းတာက ပြည်သူလူထု ချီးမွန်းတဲ့ အစိုးရ၊ အကောင်းဆုံးကတော့ ပြည်သူလူထုက ရှိမှန်းတောင် မသိတဲ့ အစိုးရတဲ့။ ကျမတို့ အိမ်တအိမ်မှာ ဆိုလို့ရှိရင် အမေလိုပေါ့။ အမေရှိမှန်းတောင် သတိမထားမိဘူး စားချိန်တန် စားမယ်၊ ၀တ်ချိန်တန် ၀တ်ရမယ်၊ အားလုံး အဆင်သင့်ပဲ။ အဲ့ဒီလို ဖြစ်နေရမယ်။ နားလည်ထားရမယ်။
(အဖွဲ့ချုပ်ရုံး မြင်းခြံ။ ၃-၁၁-၈၈)

ဒီမိုကရေစီ စနစ်မှာ အမတ်လုပ်ချင်သူတွေဟာ အပင်ပန်း အဆင်းရဲ ခံနိုင်ရမယ်။ အစွမ်းကုန် အလုပ်လုပ်ရမယ်။ ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးကို ပီပီပြင်ပြင် ကျေကျေပွန်ပွန် ထမ်းဆောင် နိုင်ရမယ်။
(မြတောင် ကျောင်းတိုက်။ မန္တလေး ၆-၁၁-၈၈)

နိုင်ငံရေး အသိအမြင်ဆိုတာ လူမှုရေး အသိအမြင်ပဲ ဖြစ်ပါတယ်။ ကိုယ်ဟာ အိမ်နီးနားချင်း တယောက် ပီသလို့ ရှိရင် တဖြေးဖြေးနဲ့ လူမှုရေးကနေ စပြီးတော့ နိုင်ငံရေးသမားကောင်း တယောက် ပီသနေမှာပဲလို့ ကျမမြင်ပါတယ်။
(မြောက်ဥက္ကလာပမြို့နယ်၊ ၁၀-၁၂-၈၈)

ဒီမိုကရေစီစနစ်ဆိုတာ လူတိုင်းတယောက်နဲ့ တယောက် လေးစားတဲ့ စနစ်ပါပဲ။
(မြောက်ဥက္ကလာပမြို့နယ်။ ၁၀-၁၂-၈၈)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်ခဲ့တာဟာ ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှု အောင်မြင်ရေးအတွက် ထူထောင်ခဲ့တာပဲ ဖြစ်တယ်။ ပြည်သူလူထုနဲ့ ကျမတို့ တစည်းတရုံးထဲ မလုပ်နိုင်လို့ရှိရင် ကျမတို့ အဖွဲ့ချုပ်ကြီးဟာ ဖျက်ဖို့ပဲ ရှိတော့တယ်။ အဲဒီတော့ အဖွဲ့ဝင်များဟာ ပြည်သူလူထုရဲ့ သဘောထားကို နားလည်ရမယ်။ ပြည်သူလူထုရဲ့ သဘော အတိုင်း လုပ်ရမယ်။
(အဖွဲ့ချုပ်ရုံး သထုံမြို့။ ၁၄-၁၂-၈၈)

လူ့အခွင့်အရေးဆိုတာ လူတိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်။ ကိုယ်တင်မဟုတ်ဘူး ကိုယ့်ရန်သူများပင်လျှင် လူ့အခွင့်အရေး ရှိရမယ်။ အဲဒီတော့ တနေ့ ကျမတို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အောင်မြင်သွားတဲ့ အခါကျရင် ရှုံးတဲ့လူတွေဟာ သူတို့အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ခံစားနိုင်ရမယ်။ ဒါဟာ ကျမတို့ရဲ့ ဒီမိုကရေစီ တာဝန်ဖြစ်တယ်။
(အဖွဲ့ချုပ်ရုံး သထုံမြို့။ ၁၄-၁၂-၈၈)

မက်လုံးပေးပြီးတော့ စည်းရုံးမှုမျိုးကို ကျမ မလိုချင်ဘူး။ ငါတို့ အစိုးရတက်ရင် ဒါတွေ လုပ်ပေးမယ် ဆိုတဲ့ စည်းရုံးမျိုးတော့ မလုပ်ကြပါနဲ့။
(အဖွဲ့ချုပ်ရုံး သထုံမြို့။ ၁၄-၁၂-၈၈)

ဒီမိုကရေစီစနစ် ထူထောင်တဲ့ အခါကျရင် ကျောင်းတိုင်းကျောင်းတိုင်းမှာ ကိုယ်တိုင်းပြည်မှာ ရှိတဲ့ ဘာသာထဲက အနည်းဆုံး ဘာသာနှစ်ရပ်ကို လူတိုင်းလူတိုင်း သင်မယ်။ ဗမာနဲ့ ရှမ်းဖြစ်ဖြစ်၊ ဗမာနဲ့ ကရင်ဖြစ်ဖြစ်၊ ဗမာနဲ့ မွန်ဖြစ်ဖြစ် သင်သင့်တယ်။
(အဖွဲ့ချုပ်ရုံး ကျိုက်ထိုမြို့။ ၁၄-၁၂-၈၈)

မွန်၊ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း စသည်ဖြင့် ခွဲခြားပြီး မတွေးပါနဲ့။ ငါတို့အားလုံးဟာ ပြည်ထောင်စု တိုင်းရင်းသားများ ဖြစ်တယ်ဆိုပြီးတော့ စိတ်ထဲမှာ ထားပြီး အတူတူ လုပ်သွားစေချင်တယ်။ ဒီမို ကရေစီ နိုင်ငံတခု ဖြစ်သွားတယ်ဆိုလို့ရှိရင် တိုင်းရင်းသား လူမျိုးအားလုံးရဲ့ အခွင့်အရေးများကို ကျမတို့ ပြည့်ပြည့်စုံစုံ ပေးချင်တယ်။ တိုင်းရင်းသား လူမျိုးများရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု စသည်ဖြင့် ကျမတို့ အားပေးချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အများအတွေးအခေါ်၊ အများ ယဉ်ကျေးမှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံကြီးဟာ ဘယ်သူတွေရဲ့ အတွေးအခေါ်နဲ့ ဘယ်သူ တွေရဲ့ ယဉ်ကျေးမှုနဲ့ တည်ဆောက်ခဲ့တဲ့ နိုင်ငံကြီးထက် အများကြီး ခိုင်ခံ့လာပေမယ်။ အများကြီး လည်း တိုးတက်နိုင်မယ်။ အများကြီးလည်း ကျမတို့အတွက် အဖိုးတန်နိုင်မယ်လို့ ယုံကြည်ပါတယ်။
(အဖွဲ့ချုပ်ရုံး ကျိုက်ထိုမြို့။ ၁၄-၁၂-၈၈)

ဒီမိုကရေစီ စနစ်ဆိုတာ လူတိုင်း တယောက်နဲ့ တယောက် လေးစားတဲ့ စနစ်ပါပဲ။
(မြောက်ဥက္ကလာပ မြို့နယ်။ ၁၀-၁၂-၈၈)

တချို့က ဒီမှာ တမျိုးပြော၊ ဟိုမှာ တမျိုးပြော၊ ဒီမှာ ဒီဟာလုပ်မယ်ပြော၊ ခု ဒီမှာ ဟိုဟာ လုပ်မယ် ပြော၊ စိတ်တွေက ပြောင်းလိုက်၊ အပြောတွေက ပြောင်းလိုက်၊ ဒါတွေကို သူတို့က ဒါ နိုင်ငံရေးပဲ လို့ပြောတယ်။ ကျမကတော့ ဒါ နိုင်ငံရေးပဲလို့ နားမလည်ဘူး။ ဒါ ကလိမ်ကကျစ် လုပ်တာပဲလို့ နားလည်တယ်။ ဒီလိုနိုင်ငံရေးတွေကို ကျမတို့ လက်ခံလို့ မဖြစ်ဘူး။
(အဖွဲ့ချုပ်ရုံး ပေါင်မြို့။ ၁၄-၁၂-၈၈)

နိုင်ငံရေး ပရိယာယ်ဆိုတာ တကယ် သေချာကြည့်လိုက်တော့ ကလိမ်ကကျစ် လုပ်တာချည်းပဲ။ ဒီ နိုင်ငံရေး ပရိယာယ်ဆိုတာလည်း အထင်မကြီးပါနဲ့။ ပရိယာယ်ဆိုတဲ့ စကားလုံးကို ကျမ မကြိုက်ဘူး။ ကိုယ့်ကိုထိပါးလာရင်လည်း ခံနိုင်ရည်ရှိရမယ်။ မှန်မှန်ကန်ကန်ပဲလုပ်ပါ။
(အဖွဲ့ချုပ်ရုံး ပေါင်မြို့။ ၁၄-၁၂-၈၈)

နောက်တိုင်းပြည်ကောင်းကျိုးအတွက်ဆိုရင် ခုကနေစပြီးတော့ ကျမတို့ လက်ခံမယ့် ခေါင်းဆောင် များဟာ စကားတည်ရမယ်။ စကားမှန်ရမယ်။ အများသဘောကို လိုက်နာရမယ်။ အဲ့ဒီလို ခေါင်းဆောင်မျိုးသာ ကျမတို့ လိုချင်ပါတယ်။
(အဖွဲ့ချုပ်ရုံး ပေါင်မြို့။ ၁၄-၁၂-၈၈)

ဗမာလူမျိုးများဟာ လူမျိုးစုကြီး ဖြစ်နေလို့ တိုင်းရင်းသားများကို လေးစားပါ။ တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုကို လေးစားပါ။ စိတ်ဝင်စားကြပါ။ လေ့လာကြပါ။ အဲ့ဒီလို တယောက်နဲ့ တယောက်ရဲ့ ယဉ်ကျေးမှု၊ တယောက်နဲ့ တယောက်ရဲ့ ယုံကြည်ချက်များကို လေ့လာနားလည်မှ ကျမတို့ အချင်းချင်း တကယ့် သဘောထားတူတွေ အဖြစ်နဲ့ ရနိုင်မှာပါ။
(မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး မော်လမြိုင်မြို့။)

တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အုပ်ချုပ်တာပဲ ဖြစ်ရမယ်။ လက်နက်အားကိုးနဲ့ အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတာ မွေးကတည်းက ကျမကို သင်ထားတဲ့ သိခဲ့တဲ့ သင်ခန်းစာပါပဲ။
(မြို့နယ် အဖွဲ့ချုပ်ရုံး အောက်လမ်မကြီး မော်လမြိုင်မြို့။)

မှန်ကန်တဲ့ နိုင်ငံရေး စနစ်မှာ ကျမတို့ လိုချင်တဲ့ ခေါင်းဆောင်တွေကို ကျမတို့ ဖော်ထုတ်ရမယ်။ လိုချင်တဲ့ပုံ သွင်းရမယ်။ ကိုယ်လိုချင်တဲ့ပုံ ကိုယ်မသွင်းလို့ရှိရင် ခေါင်းဆောင်လုပ်တဲ့သူများက တိုင်းပြည်ကို သူတို့ လိုချင်တဲ့ပုံ သူတို့ သွင်းသွားလိမ့်မယ်။ အဓိပ္ပာယ်က ဘာဖြစ်မလဲဆိုတော့ အာဏာရှင်စနစ်ကြီး ဖြစ်သွားမှာပဲ။
(မြို့နယ် အဖွဲ့ချုပ်ရုံး အောက်လမ်းမကြီး မော်လမြိုင်မြို့။)

ဒီ မြန်မာပြည်ကြီးဟာ ဘာဖြစ်လို့ ဒီလောက်တောင်မှ နှစ်ဆယ်ခြောက်နှစ်လုံးလုံး တပါတီ အာဏာရှင်စနစ် အောက်မှာ နေခဲ့ရလဲ။ ဘာဖြစ်လို့ ဒီလိုဆင်းရဲ ဒုက္ခတွေကို ခံခဲ့ရသလဲဆိုတာ ကျမ စဉ်းစားတယ်။ တခါပြန်ပြီးတော့ စဉ်းစားလို့ရှိရင် ပြည်သူလူထုကြီးက အချင်ချင်း မညီလို့ပဲ။
(မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သံဖြူဇရပ်။ ၁၆-၁၂-၈၈)

အစိုးရဟာ မတရားသဖြင့် လုပ်သလား၊ မဟုတ်မမှန်တဲ့ ကိစ္စတွေကို လုပ်သလား၊ ကိုယ်မလုပ်ဘဲနဲ့ သူများတွေကို လုပ်ရင်လည်း မခံရဘူး။ ကိုယ့်ရန်သူကိုပင် မတရားလုပ်လို့ရှိရင် မခံရဘူး။ ဒီနေ့ ကိုယ့်ရန်သူကို လုပ်တယ်။ နောက်နေ့ ကိုယ့်ကိုလုပ်ရင် လုပ်လိမ့်မယ်။
(မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သံဖြူဇရပ်။ ၁၆-၁၂-၈၈)

မတရားသဖြင့် လုပ်တဲ့ သူတွေကို မုန်းဖို့ဆိုတာ ကလေးလေးတွေကို သင်ထားရမယ်။ မတရားတဲ့ ကိစ္စမှန်သမျှကို ကန့်ကွက်ရမယ်။ မတရားတဲ့ ကိစ္စမှန်သမျှကို ငါတို့ အသက်ပေးပြီးတော့ ခုခံမယ်ဆိုတဲ့ စိတ်တွေကို ကလေးလူငယ်တွေထဲမှာ သွင်းထားပါ။ ကျမတို့ကိုယ်တိုင်ကလည်း ဒီလိုစိတ်တွေကို မွေးပါ။
(မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သံဖြူဇရပ်။ ၁၆-၁၂-၈၈)

ဒီမိုကရေစီ အပင်ကြီးဟာ ရှင်သန်လို့ရှိရင် ဒီအပွင့်တွေ အသီးတွေဟာ ကျမတို့ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေက ခံစားချင်မှ ခံစားရမယ်။ ဒါပေမဲ့ လူငယ်ပိုင်းနဲ့ ကလေးလေးတွေ ကြီးလာလို့ရှိရင် အသီးအပွင့်တွေ ခံစားနိုင်မယ်ဆိုရင် ကျမတို့ ကျေနပ်ပါတယ်။
(ကမာဝက်။ ၁၆-၁၂-၈၈)

လူတယောက်ဟာ မွေးလာပြီးတော့ ကိုယ့်အတွက် ကိုယ်လုပ်ပြီးတော့ ကိုယ်ပဲ ကောင်းစားပြီးတော့ သေသွားပြီဆိုရင် ဘာလုပ်တော့မှာလဲ။ လူဖြစ်ရကျိုးမနပ်ဘူး။ အဲ့ဒီတော့ တကိုယ်ကောင်း မကြံကြ ပါနဲ့။ အများအတွက် လုပ်ကြပါ။ အများအကျိုးဆောင်တဲ့ လူများဟာ လူသာသေသွားမယ်။ ဘယ်တော့မှ နာမည်မသေဘူး။
(ကမာဝက်။ ၁၆-၁၂-၈၈)

လူငယ်တွေရဲ့ ဘ၀ကို သာယာပါစေ။ လူငယ်များရဲ့ဘ၀ သာယာမှ ကျမတို့ရဲ့ တိုင်းပြည်ဟာ တိုးတက်နိုင်မှာပါ။ လူငယ်များရဲ့ ဘ၀ သာယာအောင် ဖန်တီးမပေးနိုင်ရင် နောက်ခေတ် အဆက်ဆက် ကျမတို့ လူမျိုးများ သာယာမှု ရနိုင်မှာ မဟုတ်ပါဘူး။
(လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မုဒုံမြို့။ ၁၆-၁၂-၈၈)

Read More...

ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နုတ်ချက်များ(၂)


အရင် လွတ်လပ်ရေး တိုက်ပွဲတုန်းက ဆိုလို့ရှိရင် လူမျိုးခြားတယောက်ကို တိုက်ခဲ့ရတာ။ လူမျိုးခြား ကို တိုက်ရတာထက် ကိုယ့်အချင်းချင်း ပြန်ပြီးတိုက်ရတာက အင်မတန်မှ စိတ်ညစ်စရာ ကောင်းတယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စကြီးပဲ။
(ကမာကေး။ ၁၇-၁၂-၈၈)

တိုင်းပြည်တပြည်မှာ အစိုးရရယ်၊ တပ်မတော်ရယ်၊ ပြည်သူလူထုရယ် တပေါင်းတစည်းတည်း မဖြစ်နိုင်လို့ရှိရင် ဘယ်နည်းနဲ့မှ တိုးတက်မှုမရှိနိုင်ပါဘူး။ ပြည်သူလူထုကိုလည်း နှိပ်စက် ညှင်းပမ်းမယ်၊ တပ်မတော်နဲ့ ပြည်သူလူထုကြားမှာလည်း စိတ်ဝမ်းကွဲအောင် လုပ်မယ်ဆိုရင် ဒီတိုင်းပြည်အပေါ်မှာ စေတနာ နည်းနည်းမှ မရှိဘူးလို့ ကျမတို့ သက်မှတ်ရမှာပဲ။
(ကမာကေး။ ၁၇-၁၂-၈၈)

ပြည်သူ လူထုကြားမှာလည်း စိတ်ဝမ်းကွဲအောင် လုပ်နေတယ်၊ ဒီလို စိတ်ဝမ်းကွဲအောင် လုပ်နေ တာဟာ ပြည်သူလူထုက လုပ်နေတာမဟုတ်ဘူး။ ကျမတို့ နိုင်ငံရေး လုပ်တဲ့ သူတွေကလည်း လုပ်နေတာ မဟုတ်ဘူး။ တပ်မတော်ကို ကိုယ်ကျိုးအတွက် သုံးချင်တဲ့ သူများက လုပ်နေတာပဲ ဖြစ်တယ်။ အဲ့ဒီတော့ ဒီလိုစနစ်မျိုးကို ကျမတို့ အားလုံးကနေပြီးတော့ အတိုက်အခံလုပ်ရမယ်။
(ကမာကေး။ ၁၇-၁၂-၈၈)

ဒီမိုကရေစီ စနစ်အောက်မှာဆိုလို့ရှိရင် အများစုရဲ့ သဘောတူညီချက်အရ အနည်းစုက လုပ်ရ တယ်ဆိုပေမဲ့ အနည်းစုကို အများစုက အတိုက်အခံလုပ်တယ်၊ နှိပ်စက်တယ်၊ ညှဉ်းပမ်းတယ်၊ အမျိုးမျိုး အနှောင့်အယှက် ပေးတယ် ဆိုတာ လုံးလုံးမရှိရဘူး။
(ကမာကေး။ ၁၇-၁၂-၈၈)

နိုင်ငံရေးသမား အမျိုးမျိုးရှိတယ်။ တချို့ကတော့ တိုင်းပြည် အကျိုးအတွက် လုပ်ချင်တဲ့ နိုင်ငံရေး သမားများရှိပါတယ်။ တချို့ကတော့ မိမိအကျိုးအတွက် နိုင်ငံရေးလုပ်ချင်တဲ့ နိုင်ငံရေး သမားများရှိပါတယ်။ တချိုကတော့ နိုင်ငံရေး သက်သက် လုပ်စားချင်တဲ့ နိုင်ငံရေးသမားများ ရှိပါတယ်။ နိုင်ငံရေးလုပ်စားတာ အကျင့်ဖြစ်နေပြီးတော့ နိုင်ငံရေးပဲ လုပ်စားတော့မယ်ဆိုတဲ့ နိုင်ငံရေး သမားများလည်း ရှိပါတယ်။ ဒီနိုင်ငံရေး သမားအမျိုးမျိုးထဲမှာ တိုင်းပြည်အကျိုးကို ဆောင်နိုင်မယ့် နိုင်ငံရေးသမားမျိုးကို ရွေးချယ်စေချင်ပါတယ်။ အဲ့ဒီလို နိုင်ငံရေးသမားမျိုးဟာ ဗလငါးတန်းနဲ့ ပြည့်စုံရပါမယ်။
(အမျိုးသား ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီပါတီ ချောင်းဆုံ။ ၁၇-၁၂-၈၈)

ခေါင်းဆောင် တယောက်ရဲ့ အရည်အချင်းကို ခန့်မှန်းချင်လို့ရှိရင် အရင်တုန်းက ဒီခေါင်းဆောင် ဟာ ဘယ်လိုလုပ်ခဲ့သလဲ။ တကယ်ပဲ သယ်ပိုးခဲ့သလား။ တိုင်းပြည်ကပဲ ဒီခေါင်းဆောင်ကို သယ်ပိုး ခဲ့တာလား။ ဒီခေါင်းဆောင်က တိုင်းပြည်ကို သယ်ပိုးခဲ့တာလား ဆိုတာဟာ အများကြီးစဉ်းစားဖို့ လိုပါတယ်။
(ချောင်းဆုံ။ ၁၇-၁၂-၈၈)

အမှန်ကို လုပ်ရတာဟာ အမှားကို လုပ်ရတာထက် အင်မတန်ကိုမှ ခက်ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးကျတော့ အမှန်လုပ်တဲ့သူကသာ အောင်မြင်ရမှာပါ။ အမှန်တရားလုပ်တဲ့ သူတွေကသာ ရှုံးရင်လည်း နိုင်ရမယ်၊ နိုင်ရင်လည်း နိုင်ရမယ်ဆိုတာ ပြောလို့ရပါတယ်။ အမှန်တရားအရ မလုပ်တဲ့ သူတွေကသာ ရှုံးရင်လည်း ရှုံးရမယ်။ နိုင်ရလည်း ရှုံးရမယ်။
(အဖွဲ့ချုပ်ရုံး မအူပင်။ ၁၄-၁-၈၉)

ကျမတို့ ၁၉၈၈ က ကျဆုံးသွားတဲ့ ကျောင်းသားလေးတွေဆိုရင် အသက်သာပျောက်သွားတယ် သူတို့ကို ဆုံးရှုံးတယ်လို့ မဆိုနိုင်ပါဘူး။ သူတို့ဟာ အောင်မြင်ခြင်းပဲ။ အဲ့ဒီဟာကို စိတ်ထဲမှာ စွဲထား ကြပါ။
(အဖွဲ့ချုပ်ရုံး မအူပင်။ ၁၄-၁-၈၉)

ဒီမိုကရေစီ အခွင့်အရေး လိုချင်တယ်ဆိုတာ ဘယ်သူ့ကိုမှ တိုက်ခိုက်စေချင်လို့ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ စွဲဖြုတ်ချင်လို့ မဟုတ်ဘူး။ ပြည်သူလူထုအများကြီးဟာ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးစွာနဲ့ ကိုယ့်အသက် မွေးဝမ်းကျောင်းကို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်အောင်လို့ ဆိုတဲ့ စိတ်မျိုးနဲ့ ဒီမိုကရေစီအတွက် တိုက်နေကြတာပဲ။ အားလုံးက ဒီအခွင့်အရေးကို လိုချင်ရင် အားလုံးက လှုပ်ရှားရမှာပဲ။
(အဖွဲ့ချုပ်ရုံး မအူပင်။ ၁၄-၁-၁၉၈၉)

ကျမတို့ ခေတ်မှာ ကျမတို့ ကုသိုလ်ကံကြောင့်မို့လို့ ဒီတိုင်းပြည် ပြည်သူလူထုကို အကြောက် တရားကနေပြီးတော့ လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့ အခွင့်အရေးတွေရလာတယ်။ ဒီအခွင့် အရေးကို လက်လွှတ်ဆုံးရှုံးမခံပါနဲ့။ ဒီလိုပြည်ထောင်စုအသစ် တည်ထောင်ဖို့ အခွင့်အရေးတွေကို လက်လွှတ်လိုက်ရင် ကျမတို့ဟာ သမိုင်းပေးတာဝန် မကျေပွန်သူတွေအဖြစ် သမိုင်းမှာ အင်မတန်မှ အပြစ်တင်စရာ ဖြစ်မှာပဲ။
(အဖွဲ့ချုပ်ရုံး မအူပင်။ ၁၄-၁-၁၉၈၉)

ကျမတို့က ပြည်သူလူထုကို အားကိုးတယ်။ ပြည်သူလူထုကလည်း ကိုယ့်ကိုကိုယ် အားကိုးကြပါ။ ကိုယ့်ကိုကိုယ် အထင်မသေးကြပါနဲ့။ လူထုရဲ့ အင်အားဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ လူထုရဲ့ အင်အားဆိုတာကို မလေးစားဘဲ မနေနိုင်ပါဘူး။ ကျမတို့ကလည်း လေးစားတယ်။ နောင် လည်း အစိုးရအဆက်ဆက်က လေးစားသင့်တယ်။ ပြည်သူလူထုကို လေးစားတဲ့ အစိုးရ မျိုးကို ကျမတို့ ဖြစ်စေချင်ပါတယ်။ ဒါမှ တိုင်းပြည်မှာလည်း အကျိုးဖြစ်စေမယ်။ ပြည်သူလူထုလည်း စိတ်ချမ်းသာလာမယ်။
(အဖွဲ့ချုပ်ရုံး မအူပင်။ ၁၄-၁-၁၉၈၉)

ဒီအချိန်မှာ သတ္တိရှိရှိနဲ့ လုပ်လိုက်လို့ရှိရင် နောင်ကျရင် ကျမတို့ဟာ မကြောက်ကြရတဲ့ ခေတ်ကို ရောက်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်နိုင်ခဲ့လို့ရှိရင် နောက်ဆက်ပြီးတော့ ကြောက်နေရတဲ့ စနစ်ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားပါမယ်။ လူတယောက်အနေနဲ့လည်း အများကြီး ဂုဏ်သိက္ခာကျပါတယ်။ အဲ့ဒီတော့ အားလုံးက မှန်တာ လုပ်ရလို့ရှိရင် ကြောက်နေလည်း လုပ်ရမှာပါ။
(မြတ်မေတ္တာသင်္ဘော ရွှေဒင်္ဂါးကျေးရွာ။ ၁၄-၁-၈၉)

ဒီမိုကရေစီ လိုချင်တဲ့ လူများဟာ မုန်းတဲ့စိတ်နဲ့ တိုက်နေတာ မဟုတ်ဘူး။ မေတ္တာစိတ်နဲ့ တိုက်နေ တာပဲ။ ပြည်သူလူထုအပေါ် မေတ္တာရှိလို့၊ တိုင်းပြည်အပေါ် မေတ္တာရှိလို့၊ ပြည်သူလူထု ခံနေရတာ၊ တိုင်းပြည်ခံနေရတာ၊ ပြည်ထောင်စုကြီး နစ်နာနေတာကို မကြည့်ရက်လို့ မေတ္တာစိတ်နဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။
(မြတ်မေတ္တာသင်္ဘော ရွှေဒင်္ဂါးကျေးရွာ။ ၁၄-၁-၈၉)

ကျမတို့ ဒီမိုကရေစီ လှုပ်ရှားမှုအထဲမှာ ပါဝင်လာတာဟာ အာဏာလိုချင်လို့ ပါဝင်လာတာ မဟုတ် ပါဘူး။ တာဝန်ကို ထမ်းဆောင်ချင်လို့ ပါဝင်လာကြတာပဲ။ ကျမတို့ အဖွဲ့ချုပ်အတွက်ရော၊ လှုပ်ရှားမှုအထဲမှာ ပါဝင်နေကြတဲ့ ပြည်သူလူထု အတွက်ရော၊ အဓိက စကားလုံးဟာ အာဏာ မဟုတ်ပါဘူး။ တာဝန်ပါ။ ပြည်ထောင်စုနဲ့ ပြည်သူလူထုအပေါ်မှာရှိတဲ့ တာဝန်အရ ဒီလှုပ်ရှားမှု ထဲမှာ အားလုံးပါဝင်နေကြတာပါ။
(အဖွဲ့ချုပ်ရုံး ကျုံမငေး။ ၁၅-၁-၈၉)

ကျမတို့ဟာ မှန်ကန်တဲ့နည်းနဲ့ လိုချင်တာကို လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိအောင်လို့ ကိုယ့်ကို ကိုယ် ပြုစုပျိုးထောင်ရမယ်။ တခြားလူတွေကိုလည်း ဒီလို အရည်အချင်းတွေရှိအောင် ပြုစုပျိုး ထောင်ပေးရမယ်။ ဒီလိုဆိုရင် ကျမတို့ဟာ အဆင့်မြင့်တဲ့ နိုင်ငံတခု ဖြစ်လာမယ်။
(အဖွဲ့ချုပ်ရုံး ကျုံမငေး။ ၁၅-၁-၈၉)

တချို့က ဒီမိုကရေစီဆိုတာ အားလုံးက ဗိုလ်ချည်းပဲလို့ ထင်တယ်။ တကယ်တော့ ဒီမိုကရေစီ ဆိုတာ အားလုံးတန်းတူရည်တူလို့ ပြောတာမဟုတ်ဘူး။ အားလုံးဟာ တန်းတူညီတူ အခွင့်အရေး ရှိတယ်လို့ ပြောတာပဲ ဖြစ်တယ်။ အားလုံးမှာရှိတဲ့ တန်းတူညီတူ အခွင့်အရေးနဲ့ အများအကျိုး ဆောင်မယ့် သူတွေကို ရွေးထုတ်ပိုင်ဆိုင်ခွင့်ဆိုတာ ရှိတယ်။ ဒါကိုပြောတာပဲ။
(အဖွဲ့ချုပ်ရုံး ကျုံမငေး။ ၁၅-၁-၈၉)

ရပ်ကွက်ညီလာခံတွေ လုပ်တဲ့အခါ အကျင့်စာရိတ္တကောင်းတဲ့လူတွေကို ရွေးချယ်ပါ။ ပညာ အမြော်အမြင်ရှိတဲ့လူကို ရွေးချယ်ပါ။ အကျင့်စာရိတ္တနဲ့ အရည်အချင်း နှစ်ခုကြားမှာ ရွေးရမယ် ဆိုရင်တော့ ကျမကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အကျင့် စာရိတ္တကောင်းတဲ့လူကို ရွေးကြပါ။
(အဖွဲ့ချုပ်ရုံး ကျုံမငေး ၁၅-၁-၈၉)

အစိုးရဟာ ပြည်သူလူထု ဆင်းရဲနေတဲ့အခါမှာ ဇိမ်နဲ့နေဖို့ မစဉ်းစားသင့်ဘူး။ နောက်တက်မယ့် အစိုးရဟာ အင်မတန်မှ ရုန်းကန်ရမည့် အစိုးရပါ။ အဲ့ဒီတော့ နောက်တက်မယ့်အစိုးရထဲမှာ ၀ိုင်း ၀န်းပြီး ကူညီပါဝင်လိုတဲ့ သူများဟာ နေရာလိုချင်လို့ မဟုတ်ဘဲ၊ အာဏာလိုချင်လို့ မဟုတ်ဘဲ၊ ချမ်းသာချင်လို့ မဟုတ်ဘဲ၊ ပြည်သူ့အကျိုးဖို့ အနစ်နာခံလိုတဲ့ လူမျိုးဖြစ်ဖို့လိုပါတယ်။
(အဖွဲ့ချုပ်ရုံး ကျုံမငေး။ ၁၅-၁-၈၉)

သူများမှားလို့၊ သူများ မဟုတ်တာလုပ်လို့ ကိုယ်လည်း လိုက်လုပ်ရမယ်ဆိုရင် ကိုယ်လည်း သူတို့နဲ့ အတူ တန်းတူဖြစ်သွားမှာပဲ။ ကလေးက ငိုလို့ လူကြီးကပါ လိုက်ပြီး ခြေဆောင့်ငိုလို့ရှိရင် လူကြီးသာ သိက္ခာကျမှာပေါ့။ ကလေးကတော့ ကလေးမို့လို့ ငိုတယ်ဆိုပြီး ဘေးကနေ ခွင့်လွှတ် ကြရမှာပေါ့။ လူများတွေ ဂုဏ်သိက္ခာမရှိလို့ ကိုယ်က ဂုဏ်သိက္ခာမရှိတဲ့ အလုပ်ကို လုပ်ရမယ် ဆိုတာ မဖြစ်စေရဘူး။ မဖြစ်သင့်ဘူး။ အဲ့ဒီတော့ ကျမတို့ စည်းရုံးရေးလုပ်တဲ့အခါ ဘယ်သူ့ကိုမှ ပုတ်ခတ်တာ၊ မမှန်ကန်တဲ့ နည်းနဲ့ တိုက်ခိုက်တာ မလုပ်ကြပါနဲ့။ မူတွေကိုပဲ တိုက်ခိုက်ကြရပါ့မယ်။
(အဖွဲ့ချုပ်ရုံး ကျုံမငေး ၁၅-၁-၈၉)

ဒီမိုကရေစီ တိုက်ပွဲဝင်တဲ့အခါမှာ ပထမဦးဆုံး ကျမတို့ လိုချင်တာက လွတ်လပ်စွာ တွေးတော ပိုင်ခွင့်ပဲ။ လူကိုသာ ချုပ်ထားနိုင်မယ်။ စိတ်ကိုတော့ မချိုပ်ထားနိုင်ဘူး။ ဒီလို မချုပ်ထားနိုင်တဲ့ စိတ်ကြောင့် ဒီလောက်တောင်မှ ၂၆နှစ် လုံးလုံး လွတ်လပ်စွာ တွေးတောပိုင်ခွင့် မရှိတဲ့အထဲက ပြည်သူလူထုဟာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးထဲကို သတ္တရှိရှိနဲ့ ၀င်ခဲ့ပြီ၊ စခဲ့ပြီ။ ဒီလှုပ်ရှားမှုကြီးကို ဆုံးခန်းတိုင်အောင်၊ အောင်မြင်အောင် လုပ်သွားရမယ်။
(အဖွဲ့ချုပ်ရုံး လပွတ္တာ။ ၁၅-၁-၁၉၈၉)


ဖေဖေက ပြောခဲ့တယ်။ လုပ်ရဲတာ သတ္တိမဟုတ်ဘူး။ ခံရဲတာဟာ သတ္တိတဲ့။ ခံရဲတယ်ဆိုတာလည်း အမှန်တရားအတွက် ခံရဲတာကို ပြောတာ၊ မမှန်ကန်တဲ့ ကိစ္စအတွက် ခံရဲတာ သတ္တိမဟုတ်ဘူး။ ဒါဟာ လူမိုက်ရဲ့ ထုံးပဲ။ ကျမတို့ဟာ လူမိုက်တွေ မဟုတ်ဘူး။ အင်မတန်မှ ပညာအမြော်အမြင်ရှိတဲ့ လူထုဆိုတာ ကျမ ဖြစ်စေချင်တယ်။ ဒီလို အမြော်အမြင်ရှိတဲ့ ပြည်သူလူထုကမှ ခေတ်သစ် မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်နိုင်မှာပါ။
(အဖွဲ့ချုပ်ရုံး လပွတ္တာ။ ၁၅-၁-၁၉၈၉)

ကိုယ့်တိုင်းပြည်အတွက် အသက်ကို ပေးရတယ်ဆိုတာ အင်မတန်မှ ကြည်နူးစရာကောင်းတယ်။ အင်မတန်မှ သင့်တော်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လူတိုင်းလူတိုင်းဟာ မိမိရဲ့ တိုင်းပြည်ကို အားလုံးထက် ပိုပြီးတော့ ချစ်ရမယ်။ မိမိရဲ့ ကိုယ်ထက် ပိုပြီးတော့ ချစ်ရမယ်။ မိမိရဲ့ မိသားစုထက် ပိုပြီး ချစ်ရမယ်။ မိမိရဲ့ မိဘများထက်လည်း ပိုပြီးချစ်ရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီတိုင်းပြည်က ဒီမိသားစု၊ ဒီမိဘအားလုံးကို မွေးထုတ်လိုက်တဲ့ တိုင်းပြည်ပဲ။ အားလုံးရဲ့ ကျေးဇူး ရှင်ပဲဖြစ်တယ်။ ပြည်သူလူထုအားလုံးရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ နိုင်ငံကို အမြဲပဲ အထွတ်အမြတ် ထားရမယ်။ ဒီနိုင်ငံအတွက်ဆိုရင် ဘာပဲ စွန့်ရ၊ စွန့်ရ စွန့်နိုင်တဲ့ သတ္တိရှိရမယ်။ လူတိုင်း လူတိုင်း အတွက် အစွန့်နိုင်ဆုံး၊ တန်ဖိုးအရှိဆုံးအရာကတော့ မိမိရဲ့ အသက်ပဲ။ အဲဒီတော့ ကိုယ့်ရဲ့ တန်ဖိုး အရှိဆုံး အသက်ကို စွန့်လွှတ်သွားတဲ့ ဒီမိုကရေစီ ရဲဘော်တွေကို ထောက်ထားသောအားဖြင့် ကျမတို့ဟာ ဒီမိုကရေစီ အောင်မြင်တဲ့ အထိ ချီတက်သွားရမယ်။
(အဖွဲ့ချုပ်ရုံး လပွတ္တာ။ ၁၅-၁-၁၉၈၉)

ဒီခေတ်ဟာ ဒီမိုကရေစီ အုတ်မြစ်ချတဲ့ ခေတ်ပဲ။ အုတ်မြစ်ချပြီးတော့မှ အပေါ်က အဆောက် အဦးကြီးကို တည်ဆောက်ရမှာ။ ကျမတို့ဟာ အုတ်မြစ်ချတဲ့ လူတွေဆိုတော့ ပင်ပင်ပန်ပန်းနဲ့ လုပ်ပြီးတော့ တကယ့်အနှစ်သာရကို ခံစားသွားရချင်မှ ခံစားသွားရမယ်။ ကိစ္စမရှိပါဘူး၊ နောင်လာ နောက်သားတွေ၊ ပြည်ထောင်စု မြန်မာနိုင်ငံသားများဟာ ကျမတို့ ချခဲ့တဲ့ အုတ်မြစ်ပေါ်မှာ ဒီမို ကရေစီနိုင်ငံကြီးကို တည်တည်တဲ့တဲ့ တည်ထောင်ပြီး ဒီမိုကရေစီ အခွင့်အရေးတွေကို ခံစားသွားမယ်ဆိုရင် ကျမတို့အတွက် အများကြီး ဂုဏ်ယူစရာဖြစ်ပါတယ်။
(အဖွဲ့ချုပ်ရုံး လပွတ္တာ။ ၁၅-၁-၁၉၈၉)

ကျောင်းသားလူငယ်များဟာ ဘယ်လိုပဲ ဖိနှိပ်မှုတွေရှိရှိ၊ ဘယ်လိုပဲ သူများတွေ ဘယ်လိုလုပ်လုပ်၊ ဘယ်လိုပဲ သူများတွေ ညစ်ပတ်ညစ်ပတ်၊ တို့တတွေကတော့ သန့်သန့်ရှင်းရှင်း စင်စင်ကြယ် ကြယ်နဲ့ တိုင်းပြည်အကျိုးဆောင်တဲ့ လူငယ်တွေ ဖြစ်အောင်နေမယ်။ နောင်တခေတ်ကျလို့ ရှိရင်လည်း တိုင်းပြည်အကျိုး ဆက်ပြီးဆောင်မယ့် လူကြီးတွေ ဖြစ်အောင် နေမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ထားကြပါ။
(လွတ်လပ်ရေးကျောက်တိုင်ရှေ့ ဘီတွတ်ကျေးရွာ။ ၁၅-၁-၈၉)

ဝေဿန္တရာဟာဆိုရင် အလွန်တရာမှ မြင့်မြတ်တဲ့ အလောင်းမင်းတရား ဖြစ်ပေမယ့်လည်း ပြည်သူလူထုကို ဆန့်ကျင်ပြီး ဆင်ဖြူတော်ကို လှုလိုက်တဲ့ အခါ ပြည်နှင်ဒဏ်ခံရတယ်။ ပြည်သူ လူထုရဲ့ ဆန္ဒကို မလိုက်လျောတဲ့ မင်းဆိုတာ မင်းကျင့်တရား ဆယ်ပါးနဲ့လည်း မကိုက်ညီဘူး။ ပြည်သူလူထုကလည်း လက်မခံဘူးဆိုတာ ကျမတို့ ဗုဒ္ဓဘာသာ တရားအရလည်း လက်ခံခဲ့တယ်။ ခရစ်ယာန် တရားမှာလည်း မင်းကောင်း မင်းမြတ်များဟာ ဂရုဏာနဲ့ မေတ္တာနဲ့ ဆက်ဆံရမယ် ဆိုတာ ပါပါတယ်။ ဒါကြောင့်မို့လို့ ဘယ်ဘာသာပဲ ဖြစ်ဖြစ်၊ ဘာသာမရွေး၊ လူမျိုးမရွေး မင်းကောင်းမှန်ရင် ပြည်သူလူထုကို မဆန့်ကျင်သင့်ပါဘူး။
(အဖွဲ့ချုပ်ရုံး မြောင်းမြ။ ၁၆-၁-၈၉)

Read More...

ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နုတ်ချက်များ(၃)


အများပြည်သူ စိတ်ဒုက္ခရောက်နေတဲ့ တိုင်းပြည်မှာ စိတ်ချမ်းသာတဲ့လူဆိုတာ အင်မတန်မှ ရှက် စရာကောင်းတယ်။ ဒီလောက်တောင်မှ ကိုယ့်ဘေးကလူအများ ဆင်းရဲဒုက္ခ ရောက်နေလျက် သားနဲ့ ကိုယ်က စိတ်ချမ်းချမ်းသာသာနဲ့ နေနိုင်တယ်ဆိုတာ ကိုယ့်မှာ လူ့နှလုံးသားမရှိလို့ဘဲလို့ သတ်မှတ်ရပါမယ်။ ကိုယ်တယောက်ထဲ ကိုယ့်မိသားစု ကိုယ့်အသိုင်း အ၀ိုင်းပဲ စိတ်ချမ်းသာရင် တော်ပြီလို့ဆိုတဲ့ သူများဟာ လူမဆန်ပါဘူး။
(အဖွဲ့ချုပ်ရုံး ၀ါးခယ်မ။ ၁၆-၁-၈၉)

ကျမဟာ တပ်မတော်နဲ့ ပြည်သူလူထုကြားမှာ လုံးလုံး စိတ်ဝမ်းမကွဲစေချင်ဘူး။ အခုအချိန်မှာ တပ်မတော်ဟာ ဖေဖေဖြစ်စေချင်တဲ့ ပြည်သူကို ကာကွယ်မယ့် ပြည်သူကို စောင့်ရှောက်မယ့် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းမယ့် တပ်မတော်ကြီးရယ်လို့ ဖြစ်စေချင်တယ်။ မဖြစ်တာကိုတော့ ကျမ ၀မ်းနည်းတယ်။ ဒီလို တပ်မတော်ကြီးပဲ ပြန်ပြီးတော့ ဖြစ်သွားစေချင်တယ်။
(အဖွဲ့ချုပ်ရုံး ၀ါးခယ်မ။ ၁၆-၁-၈၉)

ဖေဖေ အမြဲပဲမှာခဲ့တယ်၊ ကလေးတွေကို ဘာကိုမှ မကြောက်စေနဲ့၊ သူတို့ကြောက်ဖို့ရာ နှစ်ခုပဲ ရှိတယ်၊ မတရားတဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်၊ မမှန်တဲ့ကိစ္စကို လုပ်ဖို့ ကြောက်ရမယ်၊ လောက မှာ ကြောက်ဖို့ဆိုတာ ဒီနှစ်ခုပဲ ရှိပါတယ်တဲ့၊ အဲ့ဒီတော့ ကျမတို့ရဲ့ မိဘပြည်သူများကိုလည်း အဲ့ဒီလိုပဲ နားလည်စေချင်ပါတယ်။
(လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရုံး။ ၀ါးခယ်မ ၁၆-၁-၈၉)

ကျမတို့လူမျိုးတွေကို သစ္စာရှိတဲ့ လူမျိုး ဖြစ်စေချင်တယ်။ တယောက်နဲ့တယောက် တိုက်ခိုက်တဲ့ နေရာမှာတောင်မှ မြင့်မြင့်မြတ်မြတ် တိုက်ခိုက်တဲ့နည်းများနဲ့ တိုက်ခိုက်နိုင်ပါတယ်။ ရန်သူဆိုတာ မြင့်မြတ်တဲ့ရန်သူနဲ့ ယုတ်မာတဲ့ရန်သူ နှစ်မျိုးရှိပါတယ်။ မြင့်မြတ်တဲ့ ရန်သူဆိုတာ ယုတ်မာတဲ့ မိတ်ဆွေထက် အများကြီးပိုပြီးတော့ တန်ဖိုးရှိပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ဟာ ရန်သူဖြစ်နေတဲ့ သူတွေအပေါ်မှာလည်း မြင့်မြတ်တဲ့ စိတ်ထားရှိရမယ်။
(လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရုံး။ ပုသိမ် ၁၇-၁-၈၉)

နောင် တိုင်းပြည်ခေါင်းဆောင်များဖြစ်မယ့် လူငယ်များဟာ အခုကနေစပြီးတော့ ကိုယ်မှားသလား။ မှန်သလားဆိုတာ သုံးသပ်ရဲတဲ့ သတ္တိလည်းရှိရမယ်၊ မှားတဲ့အခါ ကိုယ့်ကိုကိုယ် ပြန်ပြီးတော့ ပြုပြင်နိုင်တဲ့ အရည်အချင်းလည်းရှိရမယ်။ ဒီလို ကျမတို့တိုင်းပြည်မှ လူငယ်များဟာ ကိုယ့်ကိုကိုယ် မှားလို့ရှိရင် သုံးသပ်နိုင်မယ်။ ၀န်ခံနိုင်မယ်။ မမှားအောင် ပြုပြင်နိုင်မယ်ဆိုရင် နှစ်ဆယ့်ခြောက်နှစ် အတွင်းက ပျက်စီးခဲ့တဲ့ ကိစ္စမှန်သမျှကို ကျမတို့ ပြန်ပြီးတော့ ပြင်သွားနိုင်မှာ ဖြစ်ပါတယ်။
(လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရုံး။ ပုသိမ် ၁၇-၁-၈၉)

အခု ဒီမိုကရေစီလိုချင်တဲ့ စိတ်ဆန္ဒများဟာ မြစ်ကြီးသဖွယ်ပဲ စီးဆင်းနေပါတယ်၊ ဒီမြစ်ရေတွေကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ပါဘူး၊ အဲ့ဒီတော့ ကျမတို့အဖွဲ့ချုပ်ဟာ ဒီမြစ်ရေတွေကို မှန်တဲ့၊ ကန်တဲ့ လမ်းကနေပြီးတော့ သွားနိုင်အောင်လို့ မြစ်ရေတွေဟာ လျှံပြီးတော့ အန္တရာယ် မဖြစ်နိုင် အောင်ဆိုတဲ့ တာဝန်တွေရှိပါတယ်၊ ပြည်သူလူထုရဲ့ အင်မတန်မှ တက်ကြွတဲ့ စိတ်ဆန္ဒတွေကို ထိမ်းထိမ်းသိမ်းသိမ်းလုပ်ဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီလှုပ်ရှားမှုထဲမှာ ညီညွတ်မှုနဲ့ ထပ်တူ အရေးကြီးတာကတော့ စည်းကမ်းရှိမှုပဲလို့ ကျမတို့ အတန်တန် ပြောနေတာဖြစ်ပါတယ်။
(အနောက်မြို့နယ်ရုံး ပုသိမ်။၁၇-၁-၈၉)

အခုတိုက်ပွဲဟာ မြန်မာနိုင်ငံသူ နိုင်ငံသားအချင်းချင်း တိုက်ပွဲသဘောမျိုးဖြစ်လို့ အင်မတန်မှ ရင်နာ စရာ ကောင်းပါတယ် ဒါပေမဲ့လည်း ဒီမိုကရေစီအတွက် လှုပ်ရှားတယ်ဆိုတာ အမှန်တရားကို အောင်မြင်စေချင်လို့ အများအကျိုးအတွက် ဖြစ်စေချင်လို့ လှုပ်ရှားတာပဲ ကိုယ်ကျိုးအမြတ် ထွက်ချင်လို့လည်း မဟုတ်ဘူး၊ ဘယ်သူ့ကိုမှလည်း မဆုံးရှုံး မနစ်နာစေချင်ဘူး၊ အဲ့ဒီတော့ အမှန်တရားကို အောင်မြင်စေချင်တဲ့ စိတ်စေတနာသန့်သန့်နဲ့ ကျမတို့အားလုံး ဆက်လုပ်သွားဖို့ လိုပါတယ်။
(အဖွဲ့ချုပ်ရုံး။ချောင်းဝ။ ၁၈-၁-၈၉)

မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံမှာ ချမ်းသာနေရတာ အင်မတန် ရှက်ဖို့ကောင်းပါတယ်။ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေဟာ မရှက်သင့်တဲ့နေရာမှာ ရှက်နေကြပါတယ်။ တောင်သူလယ်သမား ကျေးလက်လူထုက ထမင်းနှစ်နပ်ကို အနိုင်နိုင် စားနေရတဲ့ချိန်မှာ တချို့က ငါးနပ်၊ ခြောက်နပ် စား နေတာ ရှက်စရာပါ။ တကယ် အကျင့်စာရိတ္တကောင်းပြီး စိတ်သဘောထား မြင့်မြတ်တဲ့လူများ အနေနဲ့တော့ မြန်မာနိုင်ငံမှာ မိမိချမ်းသာဖို့ ကြိုးစားရတာဟာ ရှက်စရာ ဘယ်လောက်ကောင်း မလဲလို့ တွေးထင်ကြမှာပါ။
(အဖွဲ့ချုပ်ရုံး ဟင်္သာတ။ ၂၄-၁-၈၉)

နေရာလိုချင်တယ်ဆိုတာ ကိုယ့်တယောက်ထဲအတွက်ပါ။ နေရာပေးချင်တယ်ဆိုတာ အများအကျိုး အတွက်ပါ။ အဲ့ဒီတော့ နေရာမလိုချင်ကြပါနဲ့ နေရာပေးချင်ကြပါ။ အရည်အချင်းရှိပြီး အကျင့်စာရိတ္တ ကောင်းတဲ့သူတွေကို နေရာပေးကြပါ။
(အဖွဲ့ချုပ်ရုံး ဟင်္သာတ။ ၂၄-၁-၈၉)

မိဘတွေက ဒီမိုကရေစီ လှုပ်ရှားမှုထဲမှာပါတဲ့ လူငယ်တွေကို ဟန့်တား နေကြတယ်ဆိုတာ သိရ ပါတယ်။ မဟန့်တားကြပါနဲ့ ကိုယ်ကြောက်လို့ ကိုယ့်သားသမီးတွေပါ ကြောက်ဖို့ သင်ပေးတယ် ဆိုရင် သိပ်ပြီးဆိုးတာပေါ့။
(အဖွဲ့ချုပ်ရုံး ဟိုပုံး။ ၁၂-၂-၈၉)

ခေါမ ခေတ်က စပါတာနိုင်ငံမှာ ပြောလေ့ရှိတယ်၊ စစ်တိုက်သွားဖို့ ဒိုင်းကိုင်ပြီး ထွက်သွားတဲ့အခါ အိမ်ကနေ အမေ တွေ၊ အမ တွေက အမြဲပဲမှာလိုက်တယ်။ ဒိုင်းကိုင်ပြီးတော့ ပြန်လာရင်လာ။ ဒိုင်းပေါ်အိပ်ပြီးတော့ ပြန်လာရင်လာ။ သေပြီးတော့ ပြန်လာရင်လာ။ ဒါမှမဟုတ် စစ်ကိုနိုင်ပြီးတော့ ပြန်လာရင်လာ။
စစ်ရှုံးပြီးတော့ ပြန်မလာပါနဲ့ ဆိုတဲ့အဓိပ္ပာယ်နဲ့ ပြောတာပဲ။ ကျမတို့အားလုံးဟာ ဒီလိုစိတ်ထားမျိုး ရှိရမယ်။
(အဖွဲ့ချုပ်ရုံး ဟိုပုံး။ ၁၂-၂-၈၉)

ကျမတို့ဟာ နောင် ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်ရေးအတွက်ကို ပင်လုံညီလာခံလို တိုင်းရင်းသားလူမျိုး အားလုံးပါဝင်တဲ့ ညီလာခံကြီးတခု ခေါ်ဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ ဒီ ညီလာခံကနေပြီးတော့ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားလူမျိုးစုများရဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေးများ ကိုယ်ပိုင်ပြဋ္ဌာန်းချက်များ စတဲ့ကိစ္စတွေကို သေသေချာချာ ဆွေးနွေး ပြီးတော့ အားလုံးရဲ့ သဘောတူညီချက်အရ အကောင်းဆုံးအဖြေကို ရှာမယ်ဆိုတဲ့ ရည်ရွယ် ချက်ရှိပါတယ်။
(အဖွဲ့ချုပ်ရုံး ပင်လုံ။ ၁၂-၂-၈၉)

မြန်မာနိုင်ငံမှာ နှစ်ပေါင်း လေးဆယ်ကျော် လက်နက်ကိုင်နည်းနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရှာခဲ့ ပါတယ်။ ဒါပေမဲ့ခုထက်ထိ မရသေးပါဘူး။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ဆိုတာ နိုင်ငံရေးနည်းနဲ့ရှာရမယ်လို့ ယုံကြည်ပါတယ်။
(အဖွဲ့ချုပ်ရုံး ပင်လုံ။၁၂-၂-၈၉)

ကျမတို့ဟာ အနိုင်ယူချင်ရင် အနိုင်ယူနိုင်တဲ့စိတ်တွေ မွေးရပါမယ်။
(အဖွဲ့ချုပ်ရုံး တောင်ကြီး။ ၁၃-၂-၈၉)

ဆယ့်ရှစ်ရက် စက်တင်ဘာမှာ စစ်အစိုးရကနေပြီးတော့ အာဏာအရပ်ရပ်ကို သိမ်းပြီးတဲ့နောက် တိုက်ပွဲပုံစံပြောင်းရမယ်လို့ ယုံကြည်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။
(အဖွဲ့ချုပ်ရုံး တောင်ကြီး။ ၁၃-၂-၈၉)

ဘယ်စနစ်မျိုးမဆို အောင်မြင်ဖို့ဆိုတာ ခေါင်းဆောင်ကောင်းလည်း ရှိရမယ်၊ နောက်လိုက်ကောင်း လည်း ရှိရမယ်၊ အဲ့ဒီတော့ နောက်လိုက်ကောင်း တယောက်ရဲ့ အရည်အချင်းဟာ ဘာလဲဆိုရင် အရေးအကြီးဆုံးကတော့ ခေါင်းဆောင်ကောင်းများ ဖော်ထုတ်နိုင်တဲ့ အရည်အချင်း ရှိရမယ်။
(အဖွဲ့ချုပ်ရုံး တောင်ကြီး။ ၁၃-၂-၈၉)

လူတယောက်ရဲ့တန်ဖိုးကို ဒီလူရဲ့အသက်ကို ကြည့်ပြီးတော့ မဆုံးဖြတ်နိုင်ပါဘူး၊ ဒါကြောင့် ကျမတို့ဟာ လူတိုင်းလူတိုင်းရဲ့ တန်ဖိုးကို မှန်မှန်ကန်ကန် ဝေဖန်ပြီးတော့ ပေးသင့်ပေးထိုက်တဲ့ နေရာကိုပေးကြပါ။
(အဖွဲ့ချုပ်ရုံး တောင်ကြီး။ ၁၃-၂-၈၉)

ဒီအဖွဲ့ချုပ်ကြီး ဖျက်သိမ်းပေးမှ အမျိုးသားရေးဖြစ်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီး အောင်မြင်မယ် ဆိုလို့ရှိရင် ကျမတို့ ဖျက်သိမ်းပေးဖို့ အဆင်သင့်ပါပဲ၊ ဒီအဖွဲ့ချုပ်က ရှေ့က နေပေးမှ ကာကွယ် ပေးမှ ဒီလှုပ်ရှားမှုကြီးဟာ အောင်မြင်မယ်ဆိုရင်လည်း ကျမတို့ရှေ့ကနေပြီး ကာကွယ်ပေးပါ့မယ်။
(အဖွဲ့ချုပ်ရုံး တောင်ကြီး။ ၁၃-၂-၈၉)

ကျောင်းသားသမဂ္ဂဆိုတာ နိုင်ငံရေးပါတီ အရှိန်အ၀ါနဲ့လည်း ကင်းဝေးရမယ်၊ ပါတီသြဇာနဲ့လည်း ကင်းဝေးရမယ်၊ ကျောင်းသားသမဂ္ဂတခု ထူထောင်ပေးပြီးတော့ နိုင်ငံရေး မလုပ်ရဘူးဆိုတာ စစ်မှန်တဲ့သမဂ္ဂတခု ဖြစ်မှာမဟုတ်ဘူး။ ကျောင်းသားသမဂ္ဂဆိုတာ ဒီမိုကရေစီရမှ ကျောင်းတွေ အားလုံးဖွင့်မှ ကျောင်းသားအားလုံးရဲ့ သဘောတူညီဆန္ဒအရ တင်မြှောက်ထားတဲ့ သမဂ္ဂမှ ဖြစ်နိုင်မှာပါ။
(အဖွဲ့ချုပ်ရုံး တောင်ကြီး။ ၁၃-၂-၈၉)

အောင်ဆန်း လမ်းစဉ်ဆိုတာ နိုင်ငံအတွက် အကောင်းဆုံးလမ်းစဉ်ပဲ။ လမ်းစဉ်တခုရယ်လို့ မဟုတ်ဘူး။ နိုင်ငံ့အတွက် အကောင်းဆုံးလမ်းစဉ်။ ဒီလမ်းစဉ်ဟာ ကျမတို့ တချိန်လုံး အဖြေရှာ နေရမယ်။ ဒီနှစ်အတွက် ကောင်းတဲ့လမ်းစဉ်ဟာ နောက်နှစ်အတွက် ကောင်းတဲ့လမ်းစဉ် ဖြစ်ချင်မှ ဖြစ်မယ်။ နောက်နှစ်အတွက် ကောင်းတဲ့လမ်းစဉ်ဟာ နောင်ဆယ်နှစ်ကြာရင် ကောင်းတဲ့ လမ်းစဉ် လည်း ဖြစ်ချင်လည်းဖြစ်မယ်။ ဒါပေမဲ့ ဒီလမ်းစဉ်တွေအားလုံးမှာ တူညီတဲ့ သဘောတခုရှိတယ် လမ်းစဉ်တိုင်း လမ်းစဉ်တိုင်းဟာ နိုင်ငံအကျိုးအတွက် အများပြည်သူ အကျိုးအတွက် ဦးတည်ပြီး တော့ ခင်းလိုက်တဲ့လမ်းစဉ်ဟာ အောင်ဆန်းလမ်းစဉ်ပဲ။
(အဖွဲ့ချုပ်ရုံး တောင်ကြီး။ ၁၃-၂-၈၉)

ပြည်သူလူထုက စောင့်ကြည့်မယ်လို့ပြောရင် ကျမက မေးချင်ပါတယ်။ ဘာကို စောင့်ကြည့်မှာလဲ။ သူများတွေ လုပ်သွားပြီးတော့ ဒီမိုကရေစီရတဲ့အထိ စောင့်ကြည့်မှာလား။ ကျမတို့ စောင့်လို့ မဖြစ်ပါဘူး။ အဲ့ဒီတော့ အားလုံး ၀ိုင်းဝန်းပြီးတော့ လုပ်ကြပါ။
(အဖွဲ့ချုပ်ရုံး အောင်ပန်း။ ၁၅-၂-၈၉)

ဒီတိုင်းပြည်မှာ တောင်သူလယ်သမား ကျေးလက်ပြည်သူလူထုဟာ တိုင်းပြည်ရဲ့ အများစု ကြီးပဲ ဖြစ်ပါတယ်။ ဒီတော့ ကျေးလက်ပြည်သူတွေဟာ ကိုယ့်ကိုကိုယ် အထင်မသေးကြပါနဲ့ အားလုံးက ဒီမိုကရေစီ လှုပ်ရှားမှုထဲ ပါဝင်လှုပ်ရှားဖို့ လိုပါတယ်။ ကျမတို့ကလည်း ကျေးလက်လူထုကြီးကို အားကိုယ်းနေရတာပါ။
(အဖွဲ့ချုပ်ရုံး ဖယ်ခုံ။ ၁၆-၂-၈၉)

ဆိုင်းဘုတ်တင်တယ်ဆိုတာ ဘုံရန်သူကို ပြဖို့ပဲဖြစ်တယ်။ ဒါ ငါတို့ရဲ့နေရာလို့ အားလုံးက တစု တစည်းတည်းနဲ့ ဘုံရန်သူကို ပြလိုက်တဲ့အနေနဲ့ ဆိုင်းဘုတ်တင်တာဖြစ်တယ်။
(အဖွဲ့ချုပ်ရုံး ဖယ်ခုံ။ ၁၆-၂-၈၉)

ပြည်ထောင်စုတခု ထူထောင်ဖို့ဆိုတာ ဗမာတွေရဲ့ ကတိအပေါ်မှာ မတည်ပါဘူး။ ပြည်ထောင်စု တိုင်းရင်းသားများအားလုံး တယောက်ပေါ်တယောက် သစ္စာရှိမှုအပေါ်မှာ မူတည်ပါတယ်။
(မွေတော်ဓါတ်ဆင်စေတီ မိုးဗြဲ။ ၁၆-၂-၈၉)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိဖို့ဆိုတာ ပြည်မမှာပဲ ဒီမိုကရေစီရလို့မဖြစ်ဘူး။ ပြည်နယ်တချို့မှာပဲ ဒီမိုကရေစီရရုံနဲ့လည်း မဖြစ်ဘူး။ မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ ဒီမိုကရေစီရမှ ဒီမိုကရေစီနိုင်ငံတခု ထူထောင်နိုင်မှာပါ။
(မွေတော်ဓါတ်ဆင်စေတီ။ မိုးဗြဲ ၁၆-၂-၈၉)

ကျောင်းသားလူငယ်များ နယ်စပ်ရောက်သွားရတဲ့ကိစ္စ။ လက်နက်ကိုင်ပြီး ဒီစနစ်ကို တိုက်ခိုက်ချင် တယ်ဆိုတဲ့ ကိစ္စများဟာ လက်ရှိအစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ အရင်နှစ်ကဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပြီး ပြည်သူလူထုကို ဒီမိုကရေစီလှုပ်ရှားမှုကို နှိမ်နင်းခဲ့တဲ့ကိစ္စများရဲ့ အကျိုးဆက်ပဲ။
(အဖွဲ့ချုပ်ရုံး ဖရူးဆိုး။ ၁၇-၂-၈၉)

နိုင်ငံရေးအလုပ် လုပ်တဲ့အခါမှာ ပြည်သူလူထုနဲ့ ကျမတို့ဟာ တတ်နိုင်သမျှ ပွင့်ပွင့်လင်းလင်း ဆက်ဆံချင်ပါတယ်။
(အဖွဲ့ချုပ်ရုံး တပ်ကုန်း။ ၁၉-၂-၈၉)

ရွေးကောက်ပွဲမှာ လွတ်လပ်ဖို့၊ တရားမျှတဖို့ဆိုရာမှာ ပြည်သူလူထုက လူ့အခွင့်အရေးများရဖို့ လိုပါတယ်။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ စည်းရုံးပိုင်ခွင့်၊ လွတ်လပ်စွာ စုရုံးပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးတွေ ရဖို့လိုပါတယ်။ ဒီလိုအခွင့်အရေးတွေ မရဘဲနဲ့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးမယ်ဆိုတာ နည်းနည်းမှ အဓိပ္ပာယ်မရှိပါဘူး။
(အဖွဲ့ချုပ်ရုံး တပ်ကုန်း။ ၁၉-၂-၈၉)

ကျမတို့ဟာ ကျမတို့ရဲ့ နိုင်ငံထဲမှာ အကျဉ်းသားဖြစ်နေရတယ်ဆိုတာ ကမ္ဘာက သိစေချင်တယ်။
(၂၀-၇-၈၉)

Read More...

Wednesday, February 13, 2008

ယနေ့ စစ်တပ်… ဘာတွေ ဖြစ်နေသလဲ (၉)

ပြည်တွင်းပြည်ပမှ မျိုးချစ်နိုင်ငံရေး အင်အားစုများကလည်း အကြမ်းမဖက်သော ငြိမ်းချမ်းရေး နည်းလမ်းစဉ်ဖြင့် ဒီမိုကရေစီ အမြန်ဆုံး ရရှိရန် နိုင်ငံတကာ၏ နားလည်ထောက်ခံမှုကို ရယူကြိုးပမ်း ဆောင်ရွက်နေကြပြီး ပြည်သူ လူထု တရပ်လုံး၏ စိတ်ရောကိုယ်ပါ အားပေးထောက်ခံမှုကို ယခုရရှိနေသည်ထက် ပိုမိုပြင်းထန် ခိုင်မာသော စုစည်းညီညွတ်စွာ ပေါင်းစည်းမှုကို အမြန်ဆုံး ရရှိတည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက် နေကြချိန်ဖြစ်၏။
မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူများထဲမှ ကိုယ့်မွေးရပ်မြေ၊ ဤတိုင်းပြည်ကို စစ်မှန်စွာ မြတ်နိုးလေးစား ချစ် ခင်သော အမျိုးသား၊ အမျိုးသမီး လူကြီး လူငယ်အားလုံးတို့သည် အမိမြန်မာပြည်ကို ဤစစ်အာဏာရှင် စနစ်ဆိုး အောက်မှ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဖြစ်တန်စွမ်းသော နည်းလမ်းပေါင်းစုံဖြင့်၊ စုစည်း ညီညွတ်စွာ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် အချိန်အခါ ကျရောက်နေပြီ ဖြစ်ကြောင်း၊ အလေးဂရုပြု မိပါစေရန် ရည်ရွယ်၍ ကျနော် မျိုးချစ်စစ်ဗိုလ်နှင့် မျိုးချစ်စစ်သားများမှ လှုံ့ဆော်တိုက်တွန်းရင်း၊ ကိုယ်တိုင်လည်း စံနမူနာပြ အဖြစ် တိုင်းပြည်၏ အရေးအရာတို့တွင် တတ်စွမ်းသမျှ ပူးပေါင်းကူညီ ဆောင်ရွက်နေပါ၏။

တိုင်းပြည်တာဝန် ထမ်းဆောင်နေသည်ဟု မိမိတို့ဘာသာ ရိုးသားစွာယုံကြည်ထားကြသော၊ အရာရှိ(ခေါ်) စစ် ဗိုလ်လူတန်းစားတရပ်၊ စစ်တပ်လက်နက်ကိုင် အဖွဲ့အစည်း တရပ်အတွင်း စစ်ဗိုလ်ချုပ်ကြီးများက အထက်ပါ အမျိုးသားအရေး၊ နိုင်ငံရေး လှုပ်ရှားဆောင်ရွက်နေသူများအပေါ် မလိုမုန်းထားစိတ်၊ ဆန့်ကျင်လို စိတ်ဖြစ်ပေါ်နေ အောင် စစ်တပ်တွင်း အမှုထမ်းများအား နားလည်မှု၊ ခံယူမှု လွဲမှားစေရန် ပါးနပ်စွာ ၀ါဒဖြန့်ထားခြင်း ခံခဲ့မှန်း ကျနော်တို့ မျိုးချစ်စစ်သည်အများစုက ယနေ့အချိန်တွင် သိရှိလာပေပြီ၊ စစ်တပ်လွှမ်းမိုးသော နိုင်ငံ အုပ်ချုပ်ရေး စနစ်နှင့် ပတ်သက်၍ စစ်အာဏာရှင် စနစ်ဆိုးတည်တံ့ရေး တခုတည်းအတွက်သာ ခံယူကျင့်သုံးချက် ၀ါဒရေးရာ လမ်းလွဲမှုများဖြင့် မိမိတို့တပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်နေကြရမှုများကို အဟုတ်ထင်နေအောင် လိမ်ညာ ၀ါဒဖြန့် ထားခြင်းခံရမှန်း ခံစားနားလည်သိရှိလာသူများစွာကို ပေါ်ပေါက်လာပေပြီ၊ ကြုံရာ၊ ရရာအခြေအနေများကို စူးစမ်း လေ့လာရာမှ တဆင့်တက်ကာ၊ သမိုင်းပေါ်အခြေပြုသော နိုင်ငံရေး ဆင့်ကဲပြောင်းလဲမှုအပေါ် လေ့လာသုံးသပ် ခြင်း၊ သတင်းနည်းပညာ၊ လွတ်လပ်သော ပြည်သူ့အကျိုးပြု စာအုပ်စာပေနှင့် ကမ္ဘာ့လွတ်လပ်သော သတင်းမီဒီ ယာများမှတဆင့် ဆန်းစစ်လေ့လာခြင်း အတွေ့အကြုံတွေရလာမှ မိမိတို့ဘ၀ အခြေအနေမှန်တွေ သိလာခဲ့ကြ၏။

စစ်အာဏာရှင်စနစ်၏ ကြောက်ရွံ့ထိတ်လန့် ဖွယ်ကောင်းလှသည့်ခေတ်နှင့် မလျော်ညီတော့သော ပဒေသရာဇ် ဆန်ဆန်၊ အာဏာသုံး ကိုယ်ကျိုးရှာသူများ ကြီးစိုးဖို့ အချင်းချင်း အာဏာစားခွက်လုနေကြပုံများ၊ သူတို့ တန်ခိုး သြဇာကြီးမားမှု အထောက်အကူပြုသည့် လူသတ်လက်နက်၊ အဖျက်လက်နက်များ ၀ယ်ယူနိုင်ရန် နိုင်ငံခြားငွေရ သည့် နည်းဖြင့် ရှာနေကြပုံများ၊ တိုင်းပြည်၏ ရေရှည် အမွေအနှစ်များ၊ ပြည်သူတိုင်း ပိုင်ဆိုင်သည့် သယံ ဇာတ အရင်းအမြစ်များကို သူတို့ ဘိုးဘွားပိုင် အမွေကဲ့သို့ လက်ညိုးထိုးရောင်းစားနေသော စစ်ဗိုလ်ချုပ်များ၏ အတွေး အခေါ်မဲ့စွာ လုပ်ချင်ရာလုပ်နေမှု လုပ်ရပ်များကြောင့် တိုင်းပြည်တပြည်လုံး၊ လူမျိုးတမျိုးလုံး ကမ္ဘာ့မြေပေါ်မှ ပျောက်ထွက်သွားနိုင်သည်အထိ စိုးရိမ်ဖွယ်ကောင်းလှသော အနာဂတ်အရေး တွေးဆပူပင်လာမိသည်။ ယနေ့ တိုင်းပြည်အပေါ် စနစ်ဆိုးကြီးတခုဖြင့် ဂုတ်ပိုးခွစီး ဖျက်ဆီးနေသည့် စစ်အာဏာပိုင် အခွင့်ထူးခံလူတန်းစား တရပ် အတွင်း ရိုးသားစွာ တိုင်းပြည်ကို ချစ်ခင်မြတ်နိုးသော စိတ်ဓါတ် အရင်းခံထားကာ အတတ်နိုင်ဆုံး ကိုယ်ကျင့် သိက္ခာ ထိန်းသိမ်း၍ ကျင်လည်ဖြတ်သန်းနေခဲ့သော မျိုးဆက်သစ် လူငယ်အရာရှိ တဦး၏ ယနေ့ဖြစ်ပေါ် နေသော အမိနိုင်ငံအတွင်း ကောင်းမှု၊ ဆိုးမှု အထွေထွေ အခြေအနေ အရပ်ရပ်အပေါ်၊ ပွင့်လင်းရိုးသားစွာ ရှုမြင်သုံးသပ်မိ သမျှအား၊ တတ်စွမ်းနားလည်သရွေ့ စီစဉ်ရေးသား တင်ပြသွားခြင်းသာ ဖြစ်ပါ၍၊ ဖြုတ်သတ္ထ၀ါငယ်၏ အတွေး အခေါ်မျှ၊ အရေးအသားငယ်မျှသာဟု ဆိုချင်ဆို၊ မှတ်ချက်ပြုလိုက ပြုပါ။ တိုင်းပြည် အနာဂတ်အတွက် ကောင်း မွန်သော ဦးတည်ချက်ဖြင့် အရေးကြီးသော ကဏ္ဍများအား ပြင်ပြုပြောင်းလဲရေးများ လုပ်ဆောင်ရာတွင် တနည်း တဒေါင့်မှ၊ တစုံတခုသောအတိုင်းအတာ နယ်ပယ်တချို့အထိ အထောက်အကူ ပြုနိုင်လျှင် ကျနော့် ရည်ရွယ် ချက် အထမြောက်ပါ၏။ အပင်ပန်းခံ စွန့်လွှတ်ပေးဆပ်ရကျိုးနပ်ပါ၏။

စစ်အာဏာရှင်စနစ် လည်ပတ်ရေး အဓိက ယန္တရား တခုဖြစ်သော မြန်မာ့တပ်မတော်အတွင်း ဖြစ်ပေါ် ခံစားနေရ သော တကယ့်အခြေအနေမှန်များ၊ မျိုးချစ်မြန်မာ့ တပ်မတော်ဟူသော အစဉ်အဆက် ဂုဏ်ရောင် ထွန်းပြောင်လာ ခဲ့သော ယနေ့ မြန်မာ့တပ်မတော်၏ ယနေ့ကာလ အောက်ခြေ အဖွဲ့အစည်းများအတွင်း ဖြစ်ပေါ်ခံစားနေကြရ သော လက်တွေ့ဘ၀များကို ပြည်သူလူထု တရပ်လုံး၊ ကမ္ဘာ့လူသားများ အားလုံး သိမြင်နားလည်း လာနိုင်စေရန် အတွက် မြန်မာ့တပ်မတော် (ခေါ်) လက်နက်ကိုင် စစ်တပ်အတွင်းသို့ ကျနော် စတင်ဝင်ရောက်ခဲ့ချိန် ၁၉ ခုနှစ်မှ စ၍ ယနေ့ ၂၀၀၅ ခုနှစ် ၀န်းကျင်အထိ ရင်ဆိုင်ဖြတ်သန်း တွေ့ကြုံခဲ့ရသမျှ အကြောင်းအကျိုး၊ အကောင်းအဆိုး အားလုံးကို မချွင်းမချန် တင်ပြသုံးသပ် ဖေါ်ပြသွားမည် ဖြစ်၏။

နိဒါန်းတွင် အစပျိုး ဖေါ်ပြခဲ့ပြီးသော မြန်မာနိုင်ငံ၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ ကျနော်စတင် တက်ရောက် ပညာသင်ကြားရန် ကြိုးစားခဲ့သည့် အချိန်မှ စတင်၍၊ မြန်မာ့မျိုးချစ် လူငယ်တစ်ဦး၏ မိမိနိုင်ငံနှင့် နိုင်ငံရေး စနစ်အပေါ် နားလည်သုံးသပ် ရှုမြင်မိသမျှတို့ကို ရေးသား ပြုစု၍ တင်ပြသွားပါမည်။ နောက်တစ်ခေတ်၏ အောင် စစ်သည်များဖြစ်သော ယနေ့ မြန်မာ့တပ်မတော်မှ မျိုးချစ်စစ်သားများ အနေဖြင့် မိမိတို့တိုင်းပြည်ကို ဓါးမိုး အုပ်ချုပ်နေသော စနစ်ဆိုးကြီးဖြစ်သည့် စစ်အာဏာရှင် စနစ်တည်တံ့လည်ပတ်ရေး၊ ဖိနှိပ်အုပ်ချုပ်မှု ယန္တရားကြီး အတွင်း မသိနားမလည်စွာဖြင့် ကိုယ်တိုင်ပါဝင် နေကြရသော ဘ၀မှ၊ လျှင်မြန်စွာ ရုန်းထွက် လွတ်မြောက်နိုင်ရေး၊ ဦးဆောင်လမ်းပြအဖြစ် မိမိတို့ကိုယ်တိုင် ဖြတ်သန်းရင်ဆိုင်နေခဲ့ကြရသော စစ်တပ်တွင်း အတွေ့အကြုံ၊ အခြေ အနေ၊ အဆိုးအကောင်း အကျိုးအကြောင်းများကို အခြေခံကာ (တပ်မတော်၏ သဘောထား အမှန်များကို သိမြင် လာကာ) အမှန်တရားကို ရှုမြင်သုံးသပ်နားလည် လက်ခံလာကြပြီး၊ အမိမြန်မာပြည်၏ အနာဂတ်တွင် လွတ်လပ် ဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ်၊ အမြန်ဆုံး ပေါ်ပေါက်နိုင်ရေး ကြိုးပမ်းမှု ဖြစ်စဉ်များတွင် အုတ်တချပ် သဲတပွင့်များအဖြစ် ပါဝင်ကြိုးပမ်လားနိုင်ကြပါစေခြင်းငှာ ရည်မျှော် ဆန္ဒ ရှေ့ထားပြီး ရှေးဦးစွန့်လွှတ်ပေးဆပ် နေခြင်းဖြစ်ပါသည်။ ဒီမိုကရေစီ မြန်မာပြည်တည်ဆောက်ရေးသမိုင်းတွင် တနည်းတဖုံ အထောက်အကူ ပြုနိုင် မည်ဟု လေးလေးနက်နက် ယုံကြည်ချက်ဖြင့် စစ်မှန်သောမျိုးချစ်စိတ်တစ်ခုကိုသာ အရင်းခံ စေတနာထား၍ ဤ စာစုများကို ကြိုးစားပြုစု ရေးသားသွားမည် ဖြစ်ပါသည်။

ဗိုလ်ကြီးနေသူ (အငြိမ်းစားတပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင်ဒေါင်းလုပ် လုပ်ပါ

Read More...

Friday, February 8, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၈)

ကဲ..စာဖတ်သူတို့ ကျနော့်နေရာ အစားဝင်ပြီး ခံစားကြည့်ပါ။ ဘယ်လောက်ခံရ ခက်ပါမည်နည်း။ ဆေးလိပ်စည်းမှ ထွက်သော မီးခိုးငွေ့တို့သည် မြေပြင်သို့ အလိုလို လွင့်ပျံကျဆင်းသည် မဟုတ်၊ တလူလူ၊ တငွေ့ငွေ့ဖြင့် ဦးခေါင်းငုံ့ ထားရသော ကျနော့်မျက်နှာပြင်အနှံ့ လာရောက်ရိုက်ခက်နေ၏။ ဖွင့်၍ပိတ်၍ ရသော၊ မျက်စိနှစ်လုံးကို မျက်ခွံ နှစ်ဖက် မှိတ်ထားခြင်းဖြင့်၊ ဆေးလိပ်မီးခိုးပူပူတို့ မ၀င်အောင် ကာကွယ်ထားနိုင်သော်လည်း၊ ကျနော့် နှာခေါင်း ပေါက်နှစ်ခုမှာ ရှုံ့ချည်ပွချည်ဖြင့် ပိတ်၍မရ၊ လက်နှစ်ဖက်မှာလည်း မြေကြီးပေါ် ၀မ်းလျှောက်မှောက် ထောက် ထားရ၍ မအား…။ ခံရခက်လွန်း၍ တအား.. အား အော်ရအောင်လည်း ပါးစပ်ပေါက်ထဲက ဟာကြီးက အငွေ့ တလူလူ…။ ပူတူတူ ဆေးလိပ်ငွေ့တွေက အတားအဆီးမဲ့စွာဖြင့် ကျနော့်နှာခေါင်းပေါက်ထဲ ၀င်ချည်၊ ထွက်ချည်…. ကလူ၏ သို့… မြူ၏သို့ အသက်ရှုခြင်းကိုလည်း ဂျိမ်းစ်ဘွန်း ဇာတ်လိုက်မင်းသားလို သေချင်ယောင်ဆောင်၊ အောင့်မထားနိုင်… မကြာပါ။ ဆေးလိပ်စည်း၏ သုံးပုံ တပုံပင် မီးမလောင်သေး… ကျနော့်နှာခေါင်းပေါက်နှင့် ခံတွင်းမှ၊ နှာရည်ခါးခါးများ ဒလဟော စီးကျလာကာ၊ အငွေ့တလူလူ ဆေးလိပ်စည်းကြီး၊ မီးသေသွား၏။ မီးသေ သွား၍ ပွဲပြီးပြီ မထင်ပါနှင့်.. ပွဲမပြီးသေးခင် မီးသေသွားခြင်းသာ ဖြစ်ပါသည်။

ဂတ်စတာပို စီနီယာ ဗိုလ်လောင်းလင်းထွေးက စေတနာ ဗလပွဖြင့် ဆေးလိပ်စည်းကို မီးထပ်ညှိပေးရန် ကြိုးစား သော်လည်း မရတော့.. ကျနော် ထွေးထုတ်လိုက်သော တံတွေးအရေများနှင့် သူ့အလိုလို စီးကျလာသော နှာရည် တို့က ဆေးလိပ်စည်းကို လောင်ကျွမ်းခွင့် မရတော့အောင် ကာကွယ်နိုင်လိုက်ပေပြီ။ သို့ပါသော်လည်း ထိုသို့ မီး သေသွားအောင် ကျနော်က ကူလီကူမာဖြင့် တံတွေးထွေးထုတ်လိုက်သည်ကို သူသိသည်ဟု ဆိုပြီး ကျနော်၏ ရင်ဘတ်အား အချက်ပေါင်းများစွာ ထိုးကြိတ်ပါတော့သည်။

ဤကဲ့သို့သော အလားတူ၊ ဆင်တူ ရက်စက်စွာ အပြစ်ပေး ခံရခြင်းမျိုး၊ ထိုးကြိတ်ခံရခြင်းတို့အား မကြာခဏ ဆိုးဆိုးဝါးဝါး ကြုံရ၊ ခံရဖန် များလာသောအခါ ကျနော်တို့ ကဲ့သို့သော အနာဂတ် စစ်ခေါင်းဆောင် ဖြစ်လာကြမည့် ပထမနှစ်ဗိုလ်လောင်း လူငယ်အများစုသည်၊ ဘာကိုမဆို ကြောက်လန့် စိုးရိမ်စိတ်ဖြင့် ကြိုတင်တွေးတော ဆင်ခြင် ခြင်း မရှိတော့ဘဲ လုပ်ချင်ရာတွေကို စွတ်လုပ်လာတတ်ကြပေပြီ။ ထိုသို့ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်၊ ဖြစ်လာလျှင် ခံ၊ လုပ်သမျှ ခံနိုင်မည်ဆိုလျှင် ဘယ်သူ့မျက်နှာမှ ထောက်စရာ မလို၊ နာသည်၊ သာသည် တွေးတော သုံးသပ်နိုင် စွမ်းထက် ကိုယ်လိုချင်သော အရာကို ကိုယ့်ဟာကိုယ် ဖန်တီးရယူတတ်စေရန် တကိုယ်တော် ခံစား တတ်လို စိတ်ကို မွေးမြူ ရိုက်သွင်းစေပြီး၊ အဓိက ရည်ရွယ်ချက်အဖြစ် သူတို့ လေ့ကျင့်ပေးလိုသော အထက်အာဏာပိုင်၏ အမိန့်ဟူသမျှ၊ တရားသည် မတရားသည် မဝေဖန် မစဉ်းစားနှင့်၊ ပေးသမျှ၊ ညွန်ကြားသမျှ အမိန့်ကို တသွေး၊ တသံ၊ တမိန့် နာခံနေလျှင် ပြီးရော ဟု ရိုက်သွင်းလေ့ကျင့် ပေးခြင်းခံခဲ့ရမှန်း၊ မကြာသော ကာလ၀ယ် ကျနော်တို့ သိမြင် လာခဲ့သည်။

ပထမနှစ် သင်တန်း ကာလ၏ ဦးဆုံးတလ၊ နှစ်လခန့်အတွင်း အထက်ကပြောပြခဲ့ပြီးသော ဆေးလိပ်ခိုးသောက် မိ၍ ခံစားရသော ပြစ်ဒဏ်ပေးခံရလောက် ယုံခံသာ၊ ဖြေသာသည့် ဝေဒနာကျန် အပြစ်ပေးခံရမှုမျိုးသာ ခံစားရ သေး၏။ ဆိုးဆိုးရွားရွား၊ ကြမ်းကြမ်းတမ်းတမ်း မခံရသေးပေ။ ဆေးလိပ်ငွေ့လေး နှာခေါင်းထဲ ၀င်ရောက် မွှေ နှောက် ကျီစယ် ယုံခံစားရခက်သော ဝေဒနာသည်၊ နောက်များ မကြာမီ တွေ့ကြုံခံစားလာရသော ပြစ်ဒဏ်ပေးခံရ မှုများနှင့် ယှဉ်လိုက်သောအခါ ဆိတ်၏ ကျည်စားမှုကို ခံခဲ့ရသော ဆင်၏ အယားပြေ၊ ဟာသ လောက်သာ အထင်ရှိတော့၏။ ယုံချင်ယုံ၊ မယုံချင်နေပါ။

စစ်ရေးပြ သင်ခန်းစာဟု ဆိုသော စစ်ယူနီဖောင်း ဆင်တူဝတ်၊ လူတစုတို့ ရှေ့နောက်၊ ဘေးဘယ်ညာ၊ ညီညာ ဖြောင့်တန်းစွာ ရင်ဘောင်တန်း ရပ်ပြီး၊ လမ်းလျှောက်ခြင်း၊ ဘေးဘယ်ညာ လှည့်ခြင်း၊ သေနတ်ထမ်း၊ သေနတ် အောက်ချခြင်း စသည်တို့အပြင် ခြေလှမ်းညီညီ၊ လက်လွှဲညီညီ၊ အားလုံးသော လှုပ်ရှားမှုတို့ကို တဦးတည်း သော သူ၏ အမိန့်ပေးသံကို နာခံရင်း လေ့ကျင့်ရ၏။ ထိုကဲ့သို့ အချိန်တခုအတွင်း တညီတညာ တစိတ်ထဲတွေး၍ ပတ်ဝန်းကျင်မှ ရှုမြင်မှု မြင်ကွင်းကို ဟန်ချက်ညီသော လှုပ်ရှားမှုတို့ဖြင့် လေးစားအားကျဖွယ်၊ ပသာဒဖြစ်စေခြင်း၊ စုစည်းညီညွတ်စွာ ပါဝင်ဆောင်ရွက်ရသူတို့ အချင်းချင်း အကြား၊ အပြန်အလှန် ယုံကြည်လေးစား အားထားမှု တိုး ပွားစေခြင်းတို့ဖြင့် မမောနိုင်၊ မပမ်းနိုင် လေ့ကျင့်ရင်း များပြားသောအင်အားတို့၏၊ စုစည်းညီညွတ် ဟန်ချက်ညီမှု ဖြင့် မိမိကိုယ်မိမိ အဖွဲ့လိုက်အအုံအကျင်းလိုက်၊ တက်ညီလက်ညီ စုပေါင်း ဆောင်ရွက်ခြင်း၏ ရလာဒ်များ အတွင်း မိမိကိုယ်မိမိနှင့် အဖွဲ့အစည်းအတွင်းမှ အဖွဲ့ဝင်ဟူသော ယုံကြည်ချက် တစ်ခုကို ဖြစ်ပေါ် ခံစားစေ၏။ ဤသို့ လုပ် ဆောင်နေစဉ် စိတ်ဓါတ်၊ ခံယူချက် စိတ်ပါဝင်စားမှုတို့ ထပ်တူကျနေစဉ် ပမာဏအတွင်း အတိုင်းအဆမဲ့သော အဟုန်အင်အားတရပ် ရရှိပေါ်ထွန်းစေနိုင်သည်ကို လည်းကောင်း၊ ချိန်သားကိုက်သောတွက်ချက်ပုံတူ၊ သဏ္ဍာန်ပုံ တူ ခံစားချက်တို့ဖြင့် စိတ်တူကိုယ်တူ၊ ဟန်တူ မာန်တူ၊ ရည်ရွယ်ချက် တူသော ရှေးရှုချက် တခုဆီသို့ အောင်မြင် ပြီးမြောက်စေအောင် လှမ်းတက်ဆွတ်ခူး နိုင်ခြင်းရှိပုံသည်လည်းကောင်း၊ ယင်းသို့သော ဟန်ဟုန်၊ မာန်ဟုန် ချိန် သားကိုက် လှုပ်ရှားပုံ ထပ်တူကျနေသော လူစု၊ လူဝေး၏ အနှိုင်းအဆမဲ့ စိတ်ဓါတ်ခွန်အားတို့ကို ကောင်းမြတ် မှန် ကန်သော ရှေးရှုရာ ရည်ရွယ်ချက် တခုဆီသို့၊ လမ်းကြောင်းပေး ထိန်းသိမ်းမောင်းနှင် နိုင်စွမ်းရှိသည့် အမျိုးသား ခေါင်းဆောင် (ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ မျိုးချစ်ခေါင်းဆောင်မျိုး) သာ ရှိခဲ့ပါလျှင် အလွန်တရာ ကြီးမားလှသော နိုင်ငံနှင့် ချီသည့်ရလာဒ်၊ တိုးတက်မှုများဆီသို့ အလျှင်အမြန် ရောက်ရှိအောင် လုပ်ဆောင်နိုင်စွမ်း ရှိကြောင်း ကျနော်လေ့လာ သိရှိခဲ့၏။

လက်နက်ငယ် ကျွမ်းကျင်မှုဟု ခေါ်သော မောင်းပြန် ရိုင်ဖယ်သေနတ် ဖြုတ်ခြင်း၊ တပ်ဆင်ခြင်း၊ စနစ်တကျ တိုက် ချွတ်ခြင်း၊ လက်တွေ့ ပစ်ခတ်လေ့ကျင့်ခြင်း စသော စစ်မြေပြင်တွင် လက်တွေ့ အသုံးပြုရမည့် ချေမှုန်းရေး နည်း များကို လေ့ကျင့်သင်ကြားရသော အခါဝယ်၊ မိမိကိုင်ဆောင်သည့် လက်နက်နှင့် ပတ်သက်ပြီး အမြဲ ယုံကြည် စိတ်ချ အားထားရမှုရှိနေစေရန်၊ စဉ်ဆက်မပြတ် ပြင်ဆင်တိုက်ချွတ်၊ စစ်ဆေးစောင့်ကြည့်နေရန်၊ လိုအပ်ပြီး။ ပိုမို သာလွန် ကောင်းမွန်သည့် စွမ်းပကားရှိသည့် အရည်အချင်းကို အချိန်နှင့် တပြေးညီ ရယူပိုင်ဆိုင်နေနိုင်ရန် ပြင် ဆင်ဆောင်ရွက်နေရခြင်းတို့ကို အဓိက အချက်များအဖြစ် စွဲမြဲစွာ မှတ်သား မိလာသည်။ ထိုအချက်ကို အခြေပြု၍ ဆင့်ပွားရယူ တွေးတောမိလာသည်မှာ မိမိကိုယ်ပိုင် အတွင်းစိတ်၏ အနှိုင်းအဆမဲ့သော စိတ်ဓာတ်စွမ်းပကား တန်းခိုး၏ မွန်မြတ်မှန်ကန်မှုမှ ထွက်ပေါ်လာသော တန်ဖိုးစွမ်းရည်ထက်၊ ပြင်ပမှ ယာယီအကူအဖြစ် ငှားရမ်း ပိုင် ဆိုင်နိုင်သော ခေတ်မှီနည်းပညာသုံး အဖျက်စွမ်းအား ကြီးမြင့်သော လူသတ်လက်နက်များကို ရယူပိုင်ဆိုင်ကိုင် စွဲပြီး၊ မိမိမှ အင်အားပြခြိမ်းခြောက်နိုင်စွမ်း ရှိသော၊ အင်အားမဲ့ပြည်သူတွေအပေါ် အုပ်ချုပ်မှု အာဏာတန်ခိုး တည် ဆောက်ခြင်းဖြင့် မသိနားမလည်၊ အသိမကြွယ်၊ မျက်စိသူငယ်၊ နားသူငယ်ဖြင့် ဧရိယာ၊ ပရ၀ုဏ် ၊ အရပ်အ၀န်း၊ မြေမျက်နှာပြင် တခုအတွင်းမှီတင်း နေထိုင်နေကြသော ပြည်သူပြည်သား၊ နိုင်ငံသားများကို (လက်တလုံးခြား ဥပဒေ၏ လှည့်ကွက်ကို အသုံးပြု၍ အာဏာ အမိန့်အား မနာခံပါက၊ ထိခိုက် ဒဏ်ရာရသည်အထိ ပစ်ခတ်ဖမ်းဆီး ခြင်း၊ သို့မဟုတ် အသက်သေဆုံးသည် အထိ၊ သတ်ဖြတ်ခြင်း၊ ခံလာရနိုင်ဖွယ် ရှိလာစေမည် ဟူသော ခြိမ်းခြောက် မှုဖြင့် လည်းကောင်း၊ ဆင်ခြင်တုံတရား၊ အကြောင်းအကျိုး ဆက်စပ် တွေးခေါ်ခြင်း၊ အားနည်းသေးသည့်၊ တရားမဲ့၊ ဥပဒေမဲ့၊ အားကိုးရာမဲ့၊ ယုံကြည်ရာမဲ့ အခြေအနေအတွင်း၊ ဘ၀ရပ်တည် နေရရှာသော သာမန်လူတို့တွင် ပြစ်ပေါ် လေ့ရှိသည့် တစုံတခု ဆုံးရှုံး စွန့်လွှတ်ရမည်ကို စိုးထိတ်ခြင်း ကြောက်စိတ်ကို အခြေပြု ခြိမ်းခြောက် တည်ဆောက် ကာ၊ တန်ပြန်အံတုရန် မ၀ံ့နိုင်သော ဖိနှိပ် အုပ်ချုပ်မှုမျိုးကို အသုံးပြု၍ လည်းကောင်း) အာဏာသုံး၊ ကိုယ်ကျိုးရှာ၊ လက်နက်ရှိသူ လူနည်းစု တစုမှ၊ လက်နက်မဲ့သူ လူများစုအပေါ် ၊ ဖိနှိပ် အုပ်ချုပ်ခြင်း စနစ်ဖြစ်ပေါ်လာခြင်း ဖြစ်မည်ဟု တွေးမိလာသည်။ ထိုသို့ ဆိုးရွား ရက်စက်လွန်းသည့် အကြမ်းဖက် ဖိနှိပ်ခြိမ်းခြောက်မှုကို အခြေပြု သည့် အာဏာရှင်စနစ် ဆိုသည်ကိုလည်း တစ်ကိုယ်ကောင်း အတွင်းစွဲ ဆန်လွန်းသည့် လူမဆန်သူ၊ အဓမ္မ၀ါဒီ၊ ကြောင်သူတော်များက တဖြည်းဖြည်း ရုပ်လုံးသွင်း တည်ထောင်လာခဲ့ခြင်း ဖြစ်တန်ရာ၏ ဟု ဆက်စပ်တွေးခေါ်မှု လေးတွေ ကျနော်တို့ ခံစားမိလာသည်။

ကျနော်၏ အရင်းခံစိတ်ကူးတွင်မတော့ အဓမ္မ၀ါဒီ၊ လူလွန်မသား အတွေးအခေါ်၊ လုပ်ရပ်များကို ငယ်စဉ်ကပင် ဆန့်ကျင်တတ်ခဲ့သူဖြစ်ရာ၊ လူသတ်လက်နက်များဖြင့် အပြစ်မဲ့သူကို ခြိမ်းခြောက်ပြီး၊ အာဏာတန်ခိုး တည် ဆောက် အနိုင်ကျင့်နေသူတို့နှင့် ရည်ရွယ်ချက်ချင်း ဆန့်ကျင်သည့်၊ မွန်မြတ်၊ သန့်စင် ခိုင်မာမြဲမြံ၊ အများအကျိုး ရှေးရှုသော စစ်မှန်သည့် ခေါင်းဆောင်မှု အတွင်းစိတ် တန်ခိုးဖြင့် လွှမ်းဖြန့် ရယူတည်ဆောက် နိုင်သည့် အမျိုး သားခေါင်းဆောင်မျိုး ပေါ်ထွန်းလာလျှင် အာဏာရှင်စနစ်ဆိုး ကျဆုံးမသွားပေဘူးလား၊ ထိုခေတ်တခေတ်၊ ထိုကာလတခုအတွက် မလိုလား၊ မအပ်စပ်ဖွယ်ဖြစ်သည့် လူလွန်မသား၊ ကြောင်သူတော်တို့ ကြီးစိုးသော အာဏာရှင်စနစ် ဆိုသည်ကို ချေဖျက်သုတ်သင်၊ တွန်းလှန်ဖယ်ရှားမပြစ်နိုင် ပေဘူလား၊ ဟူသည့် အတွေးအခေါ် တို့ ကျနော် ဗိုလ်လောင်း ပထမနှစ်အတွင်းမှာပင် တွေးမိလာသည်။ သို့သော် ငြားလည်း အတွေးက နုနု .. လူ့ဘ၀ က ငယ်ငယ်.. ၁၉ နှစ် မြန်မာပြည်သားတဦးအတွက် သင်ကြားလေ့လာဖွယ်၊ ဆက်စပ်တွေးခေါ်ဖွယ်တို့ အများ ကြီး ကျန်ရှိသေးသည်ကို ကျနော် သိရှိခံစားမိလာ၏။

ကြုံတွေ့လာရသော အခြေအနေတို့သည် ကျနော်လိုချင်သော ကြောင်းကျိုး ဆက်စပ်၊ တွေးခေါ် သုံးသပ်နိုင်မှု အခြေအနေကို မပံ့ပိုးနိုင်ပါ။ များမြောင်လှသော စည်းကမ်းများအကြား၊ ကျပ်တည်းလှသော စောင့်ကြည့် အပြစ် ရှာမှုများကြားဝယ် မလူးသာ၊ မလွန့်သာဖြင့် အချိန်တွေ၊ ကုန်မှန်းမသိ ကုန်နေခဲ့ရ၏။

စကားလည်း ပြောခွင့်မရှိ၊ ကိုယ့်အချင်းချင်း ပြောဆိုမေးမြန်း လိုလျှင်ပင် လူမိမှာ အလွန်စိုးထိတ်သည့် သူခိုးလေး တွေ အလား၊ တီတိုးလေသံမျှဖြင့် ပြောဆို ဆက်သွယ်ရ၏။ ထောင်တွင်းမှ ထောင်သားများအား စောင့်ကြပ်ကြည့် ရှုသူ တန်းစီးဟု ခေါ်သော ထောင်ဝါဒါ၏ ခြေသံကို နားစွင့်ရင်း မိမိလုပ်လိုရာကို ခိုးဝှက် လုပ်ကိုင်နေရသလို ပြုမူရသည်မှာ တနှစ်ပတ်လုံးပင်ဖြစ်၏။

မိမိတို့ ပထမနှစ်များအား စားရိပ်သာမှ ကျွေးသော ထမင်း၊ ဟင်းမှလွဲ၍ မည်သည့် နည်းဖြင့်ပင် ရရ၊ မည်သည့် သွားရည်စာ မည်သည့်မှနှ်မျှ စားသောက်ခွင့်မပြုပေ။ စားရိပ်သာ ဟုခေါ်သော အလွန်ကြီးကျယ် ခမ်းနားစွာ ဆောက်လုပ်ထားသည့် ဗိုလ်လောင်း စားရိပ်သာမှ ကျွေးသော၊ ခဲရောရော ကျောက်ရောရော ဆန်ကွဲ ထမင်း နီနီနှင့် ခွေးမစားငါးခြောက်ပုပ် အရည်ဖျော် ဟင်းများကို သင်တန်းစဖွင့် သည့်ရက်မှစ၍ နှစ်ပတ်ခန့် အထိ လုံးဝ စားမ၀င်ပါ။ အစား၊အသောက်က မကောင်းရသည့်အထဲ ရောက်စမှစ၍ တောက်လျှောက်မောင်းနှင် လေ့ကျင့်လာသည့် သင်ခန်းစာများ၊ စီနီယာတို့၏ ရက်စက်သော ပြစ်ဒဏ်ပေးခံရခြင်းများ၊ စသော မိမိတို့ ဘ၀ တွင် တခါမှ မကြုံဘူးးခဲ့သည့် အခြေအနေ၊ ကိုယ်ကာယပိုင်းဆိုင်ရာ ပင်ပန်းကြမ်းတမ်းမှု အခြေအနေဆိုးများကို အံခဲဇွဲဖြင့် ပေတေဖြတ်ကျော်ခဲ့ကြရပြီး၊ ထိုရက်အနည်းငယ် အတွင်းတွင်ပင် ကျနော်တို့ အားလုံးနီးပါသည် လေစုပ်ထုတ်ခြင်း ခံလိုက်ရသော လေထိုးအရုပ်များကဲ့သို့ ရုတ်ခြည်း ပိန်ချုံးကျသွား၏။ ကျနော်တို့ အားလုံးနီးပါး ဟု ဆိုရခြင်းမှာ အကုန်လုံး မဟုတ်၍ ဖြစ်သည်။

ဗိုလ်ကြီးနေသူ (အငြိမ်းစားတပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

PDF ဖိုင်ဖြင့်ဖတ်လိုက.. ဤနေရာတွင်ဒေါင်းလုပ်.. လုပ်ပါ

Read More...

နအဖရဲ့ ရှေ့ခြေလှမ်းကိုရိုက်ချိုးဖို့ ပြင်ကြစို့

ဒီတခါ အာစီယံမှာ နအဖ တုံးကျော်သွားတာလား၊ သက်ပြင်းချနိုင်သွားသလား။
ဒါ ဆွေးနွေးစရာ၊ ငြင်းခုံစရာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ တကယ်တော့ ဒီ အစည်းအဝေးက ရလဒ်ဟာ ဘာကြီးပဲဖြစ်နေနေ ဗမာပြည်ပြည်သူတွေအတွက် အထူးသဖြင့် စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် သိပ်ပြီး အရေးမပါပါဘူး။
နအဖကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအလယ်မှာ သိက္ခာချနိုင်တာကလွဲလို့ သိပ်အရေးပါ ထိရောက်တာမဟုတ်ဘူး။ အဲဒီမှာ ဘာပဲဆုံးဖြတ် ဆုံးဖြတ် နအဖက ဂရုမစိုက်တာ သေချာတယ်။ သံတမာန်ရေးရာနဲ့ နိုင်ငံ တကာ ဆက်ဆံရေး အပိုင်းကို နအဖအစိုးရက နကမ္ပတိ လုပ်ထားရတာကြာပြီ။ ဂမ်ဘာရီနဲ့ ပီညဲရိုး တို့အပေါ် ဆက်ဆံပြနေပုံတွေဟာ ကုလသမဂ္ဂနဲ့ အိုင်အယ်လ်အို ကိုတောင် ဂရုမစိုက်ဘူးလို့ ပြောနေတာဖြစ်တယ်။ နောက်ပြီး ဂမ်ဘာရီရဲ့လှုပ်ရှားမှုကို တရုတ်နဲ့ အိန္ဒိယတို့က ထောက်ခံထား တယ်ဆိုတာလည်း သူတို့ မသိတာမဟုတ်ဘူး။ နအဖဟာ ဒီနယ်ပယ်မှာ သန်းခေါင်ထက် ညဥ့်မနက်ဘူးလို့ တွက်ထားပြီးဖြစ်တယ်။ သူတို့မှာ လိမ္မာထိရောက်တဲ့ သံတမန်ရေးလှုပ်ရှားမှု ပြုလုပ်နိုင်စွမ်းမရှိတော့တာ ကြာပြီပဲ။ နပေ နကတ်လို တုတ်တောင်းနေတာ ဖြစ်တယ်လို့ ပြောရင် ရမယ်။ အဲဒီ တုတ်ချက်လောက်ကိုတော့ စစ်ဗိုလ်ချုပ်တွေက မမှုဘူးလုပ်နေကြတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ သံဃာ့အရေးအခင်းကြီးက ရှင်းရှင်းလင်းလင်း ပြသလိုက်တဲ့ အချက်တချက်ကတော့ နအဖ တကယ်ကြောက်တာ သူတို့ကို တကယ်ကိုင်လှုပ်နိုင်တာဟာ ပြည်တွင်းက ပြည်သူတွေရဲ့ အုံကြွမှုသာ ဖြစ်တယ်ဆိုတာပဲ။ သူတို့တတွေ အခုထက်ထိ အရေးအခင်းရဲ့ ကျိန်စာကတော့ မလွတ်နိုင်သေးဘူးဆိုတာ အဘက်ဘက်မှာ အထင်အရှား တွေ့နေရတယ်။ အခုထက်ထိ လူတွေကို လိုက်ရှာဖမ်းဆီးနေတာဟာ နယ်ပယ်ပေါင်းစုံမှာ ဆင်ဆာအမျိုးမျိုးလုပ်နေတာ စတာတွေဟာ သူတို့ စိုးရိမ် ထိတ်လန့် နေတုန်းပဲ ဆိုတာကို ပြတာ ဖြစ်တယ်။ နအဖအဖို့ ငြိမ်းအဖွဲ့တွေအပေါ် မီးမသေလှဘူး ဆိုတာလည်း သူ ခြေတလှမ်းလှမ်းတိုင်း တွေ့နေရတယ်။ တချို့အဖွဲ့ဟာဆိုရင် စစ်အစိုးရက လုပ်ခိုင်းသမျှကို ဆန့်ကျင်နေတဲ့ သဘောမျိုး တောင် တွေ့လာနေရပြီ။ သူတို့ချင်း ထိပ်တိုက်တွေ့မှာကို ရှောင်ဖို့ကြိုစားလို့ ရပါအုန်းမလား ဆိုတာတောင်မှ တွေးစရာဖြစ်လာနေတယ်။ နိုဝင်ဘာလ (၂၄) ရက်နေ့က ကေအိုင်အေစခန်းကို သိမ်းတာကိုထောက်ရင် နအဖ က သူတို့အပေါ်မှာ စစ်ရေးအရကိုပဲ စပြီး ဖိအားပေးလာနေပြီ ဆိုတာ သေချာတယ်။

ဒီလိုအနေအထားမှာ ပြည်တွင်းက ဆန့်ကျင်မှုကိုသာ တကယ်လန့်သူဖြစ်တဲ့ နအဖဟာ သူ့တပ်တွင်းက တုန့်ပြန်မှုကို အဓိကထားကြည့်နေတယ်။ တပ်ဟာ သူတို့ထင်သလို ခိုင်းလို့ရမရ ဆိုတာနဲ့ အခြေအနေတွေနဲ့ သူတို့ ဆက်ပြီးအုပ်စိုးလို့ ရမရဆိုတာကို သုံးသပ်တာပါ။ အခုတလော လေးမှာပဲ တပ်ထိပ်ပိုင်းမှာ နေရာတွေ၊ ရာထူးတွေ ခွဲတမ်းချ ဝေခြမ်းပြီးတဲ့နောက် သူတို့ကိုယ် သူတို့ အတော်စိတ်ချ သွားဟန်တူတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေရဲ့ ကြံ့ဖွတ်တွေကိုပြောတဲ့ မိန့်ခွန်းမှာ သူ့ကိုယ်သူ အတော်ယုံကြည်မှုရှိတဲ့ လေသံတွေ ပါနေတာဖြစ်တယ်။

ဘယ်အခမ်းအနား မှာပဲဖြစ်ဖြစ်၊ ဘယ်ပြည်ပ ခေါင်းဆောင်နဲ့ တွေ့ရာမှာပဲ ဖြစ်ဖြစ် နအဖက တိုင်းပြည် အခြေအနေ တည်ငြိမ် နေပါတယ်လို့ ပြောနေတာဟာ သူ့တပ်ကိုသူပိုင်တယ်လို့ ယူဆပြီး ပြောနေတာသာဖြစ်တယ်။ သူတို့ပြောတိုင်းမှာ တိုင်းပြည်အခြေအနေ တည်ငြိမ်တယ်၊ သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း ဆက်လုပ်မယ်ဆိုတာ အမြဲပါတယ်ဆိုတာ သတိထားမိစရာပဲ။ ဒါတွေ ကပြနေတာ ကတော့ နအဖ အနေနဲ့ လမ်းပြမြေပုံရဲ့ အဆင့် (၄) ကို မဖြစ်မနေ လုပ်တော့မယ် ဆိုတာပဲ။

နအဖဟာ ဘာကြောင့်မို့ ဒီ ဆန္ဒခံယူပွဲဆိုတဲ့ အဆင့် (၄) ကို အင်မတန် စိတ်ထက်သန် နေရတာလဲ။ သေချာတာက သူတို့အစီအစဉ်အတိုင်းသာ ဆန္ဒခံယူပွဲလုပ်နိုင်မယ်ဆိုရင် သူတို့ အနေနဲ့ ထောက်ခံမဲ ၁၀၅ ရာခိုင်နှုန်းတောင် ရအောင်လုပ်နိုင်တယ်ဆိုတာ ဘာမှ သံသယရှိစရာ မလိုဘူး။ သူတို့ပြချင်တဲ့ ကိန်းဂဏန်းကို ပြလို့ရအောင် လုပ်နိုင်တယ်။ ၁၉၇၄ ခုနှစ်တုန်းက ဗိုလ်နေ၀င်းလုပ်ခဲ့တာနဲ့ တလောက ပါကစ္စတန်က စစ်အာဏာရှင် မူရှာရာ့ဖ် လုပ်ပြသွားတာတွေ ကိုပဲ ကြည့်တော့။

တကယ်က နအဖ အခု လုပ်နေပြောနေတာတွေမှန်သမျှဟာ တခုမှ မျက်စိလည်စရာ မရှိဘူး။ အင်မတန် ရှင်းနေတာတွေမို့ အတိုက်အခံတွေအကြားမှာ ဘာမှ အငြင်းမပွားကြဘူး။ နအဖ အလိုတော်ရိတွေတောင်မှ အသံမထွက်ကြဘူး။ (သူတို့ကို နအဖက ပါးစပ်ပိတ်ခိုင်းထား လို့လည်း ဖြစ်ကောင်းဖြစ်မယ်)။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည် စကားပြောတယ် ဆိုတဲ့ လုပ်ဇာတ်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မဗေဒါ ရေခပ်ခိုင်းသလို လုပ်ထားတာ ဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မပြောနဲ့ သာမန်လူထုတောင် သိတယ်။

ဒီတော့ အတိုက်အခံတွေ၊ အထူးသဖြင့် မြေအောက်လုပ်ငန်း လုပ်နေသူတွေဟာ အဲဒီ လမ်းပြမြေပုံ အဆင့် (၄) လုပ်လာမှာအတွက် အခုကတည်းက စဉ်းစားပြင်ဆင်တာတွေ လုပ်သင့်တယ်။ အာဏာရှိတဲ့လူနဲ့ မရှိတဲ့လူနဲ့ တူတာမဟုတ်ဘူး။ အာဏာရှိတဲ့လူက လုပ်ချင်ရင် မြန်တယ်။ အချိန်ဆိုတာကလည်း ကုန်မှန်းမသိ ကုန်သွားတတ်တယ်။ ပြီးခဲ့တဲ့ သံဃာ့ အရေးအခင်းကြီး တုန်းက ကိုယ်က နောက်ကလိုက်ရတာမျိုး ဖြစ်ခဲ့ကြတယ် မဟုတ်လား။

ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းကြီးကို ပြန်ပြီးသုံးသပ်၊ နိဂုံးချုပ်ပြီး ရှေ့လုပ်စရာတွေ ချမှတ်ကြသင့်ပြီ၊ ဒါကို ပါဝင်လှုပ်ရှားခဲ့သူတွေက အဓိက လုပ်သင့်တယ်။ ဘာဖြစ်လို့ ဒီရေလှိုင်း လုံးတွေလို ဗြုံးစားကြီး ပေါ်ပေါက်လာသလဲ၊ ဘာဖြစ်လို့ တုံးတိပြတ်တောက်သွားရသလဲ၊ နအဖ တကယ်လန့်တာ ဘာလဲ၊ သူ့တပ်တွင်းကို ဘယ်လို ဂယက်ရိုက်ခဲ့သလဲ စတာတွေကို ကိုယ်ဖြစ်စေ ချင်တာ၊ ကိုယ့်ဆန္ဒအစွဲမပါဘဲ သေသေချာချာ သုံးသပ်သင့်တယ်။

အဲဒီကနေ ဘယ်လိုတိုက်ပွဲပုံစံတွေ ကျင့်သုံးလို့ရမလဲ၊ ကျင့်သုံးရင်ကောင်းမလဲ စတာ တွေကိုလည်း သုံးသပ်၊ ဆုံးဖြတ်သင့်ပြီ။ ပြီးရင် ပြင်ဆင်ရမယ်။ ဒီတိုင်းပြည်မှာက ဘယ်သူကပဲ ဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ်၊ ဘယ်ပုံစုံနဲ့ဖြစ်ဖြစ် ဒီနအဖစစ်ဗိုလ်တွေကို ဆန့်ကျင်ဆန္ဒပြတယ် ဆိုတာ တရားတာ မှန်တာချည်းပဲ၊ ထောက်ခံရမှာချည်းပဲ။ ဒါကြောင့် ဒါမျိုးဟာ အချိန်မရွေး ပေါ်ပေါက်လာနိုင်တယ်။

ကိုယ့်ဘက်က ပြင်ဆင်မှုမရှိဘဲ တိုက်ရတယ်ဆိုတာမျိုး မဖြစ်ရင် အကောင်းဆုံးပဲ။

ဗသြ

Read More...