Tuesday, June 24, 2008

လူလိမ်ကြီးများ

Read More...

Saturday, June 21, 2008

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းနှင့် ပြင်သစ်သမတ နစ်ကိုးလပ်စ်ဆာကိုဇီ မှ

ဒေါ်အောင်ဆန်းစုကြည်သို့ အိပ်ဖွင့်ပေးစာ

၁၉-၆-၂၀၀၈
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား....

ဗမာပြည်မှာ ဒီမိုကရေစီနဲ့ လူသားဘဝ ပီသရေးအတွက် အမရဲ့တသက်တာ ကြံ့ကြံ့ခိုင်တိုက်ပွဲဝင်မှုဘက်မှာ ကျနော်တို့ထောက်ခံရပ်တည်ကြောင်း ထပ်လောင်းပြောပြဖို့ အမရဲ့မွေးနေ့အခါသမယ အခွင့်အလမ်းကို ကျနော်တို့ သုံးပါရစေ။ အမဟာ တခြားလူတွေရဲ့ လွတ်လပ်ခွင့်အတွက် ကိုယ့်လွတ်လပ်ခွင့်ကို စတေးခဲ့ပါတယ်။ အမရဲ့ပြည်သူတွေ အတွက် သူမတူတဲ့ သတ္တိနဲ့ စွန့်လွှတ်ပိုင်းဖြတ်မှုကို အမ ပြခဲ့ပါတယ်။
အကျယ်ချုပ်ကနေ အမ လွတ်မြောက်ရေးနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအနာဂတ်မှာ အမ လွတ်လပ်စွာပါဝင်ဆောင် ရွက်ခွင့်ရှိရေးဟာ အချက်အချာဖြစ်နေဆဲပါ။ မကြာခင်ကလုပ်သွားခဲ့တဲ့ ဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒသဘောထားကို အမှန် တကယ်ထင်ဟပ်မှုအဖြစ် ယုံကြည်အားထားနိုင်စရာမရှိသလို အခြေခံဥပဒေသစ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုအတွက် ခိုင်ခန့်တဲ့အခြေအမြစ်ကို မဆောင်ကျဉ်းပေးနိုင်လို့ ကျနော်တို့ယုံကြည်မိပါတယ်။ အရပ်ဖက် အတိုက်အခံတွေ၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်စားလှယ်တွေ အပြည့်အစုံပါဝင်တဲ့၊ အားလုံးအကျုံးဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တခုကို အချိန်မဆိုင်းဘဲစတင်ဖို့ မြန်မာအစိုးရကို ကျနော်တို့တောင်းဆိုလိုက်ပါတယ်။
လက်ရှိလိပ်ခဲတည်းလည်း အခြေအနေကနေ ဖောက်ထွက်နိုင်ဖို့အတွက် စစ်ခေါင်းဆောင်ပိုင်းနဲ့ စစ်မှန်ပြီး အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အမအနေနဲ့ အသင့်ရှိတာကို ကျနော်တို့ကြိုဆိုပါတယ်။ ဒီလိုလူသားပီသပြီး ဆင်ခြင်တုံတရားလွှမ်းတဲ့ စကားသံဟာ နားပေါက်တွေကို ထွင်းဖောက်နိုင်လိမ့်မယ်ဆိုတာ ကျနော်တို့ သေချာပေါက် ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအနေအထားဟာ ဘယ်လိုမှ ကျေနပ်စရာလည်းမကောင်း၊ အရှည်သဖြင့် လည်း တည်တံ့နေလို့ မရနိုင်ဘူးဆိုတာနဲ့ ပြတ်သားရဲရင့်တဲ့ ရှေ့ဆောင်ရှေ့ရွက် အစချီချက်တွေ၊ အပေးအယူအလျှော့ အတင်းတွေ လုပ်ဖို့လိုတယ်ဆိုတာကို လူအများက အခုအခါ သဘောပေါက်ဖို့ လိုအပ်လာလို့ဖြစ်ပါတယ်။
ကျနော်တို့ဟာ နာဂစ်ဆိုင်ကလုံးမုန်တိုင်းတိုက်ပြီးနောက်ပိုင်း လူသားချင်းစာနာရေးအခြေအနေအပေါ် အလွန် တရာမှ စိုးရိမ်ပူပန်မိပါတယ်။ နဂိုကတည်းက အခြေခံလူ့လွတ်လပ်ခွင့်တွေ စီးပွားရေးအခွင့်အလမ်းတွေ ဆုံးရှုံးကင်းမဲ့နေ ရတဲ့ မြန်မာပြည်သူတွေဟာ အဲသလိုကြီးကျယ်လှတဲ့ သဘာဝကပ်ဘေးကြီးဒဏ် ခံရလေခြင်းဆိုပြီး အထူးဝမ်းနည်း စိတ် မကောင်း ဖြစ်ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာက အကူအညီပေးဖို့ ကမ်းလှမ်းချက်တွေကို စောစီးစွာကတည်းက လုံလုံ လောက်လောက် လက်မခံတဲ့အပေါ်မှာလည်း ရင်နင့်အောင်ဝမ်းနည်းမိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အာဆီယံနိုင်ငံတွေနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့က လှုပ်ရှားတုံ့ပြန်မှုတခုကို အစချီနိုင်လိုက်ပြီး ဘန်ကီမွန်းကလည်း ဒီဖြစ်စဉ်ကို ကိုယ်တိုင် ကိုယ်ကျ အားပေးထောက်ခံခဲ့တာကြောင့် ကျနော်တို့ဝမ်းသာမိပါတယ်။ ဒေသဆိုင်ရာကူညီရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေဟာ အားတက်စရာပါဘဲ၊ ဒါပေမဲ့ အရေးတကြီးလိုအပ်နေတဲ့ ပြည်သူလူထုဆီ ဒီ အကူအညီတွေ သေချာပေါက်ရောက်စေဖို့နဲ့ နောက်ထပ်အသက်ဆုံးရှုံးမှုတွေ၊ ဝေဒနာခံစားရမှုတွေကို ကာကွယ်တားဆီး နိုင်ဖို့ လုပ်ဆောင်စရာ အများကြီးလိုအပ်နေပါသေးတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ကယ်ဆယ်ရေးလုံးပမ်းမှုမှာ အားဖြည့်ကူညီပေးဖို့ ချက်ချင်းဆုံးဖြတ်တာဝန်ယူခဲ့ပြီး ရေရှည်ပြန်လည်တည်ဆောက်ရေးအတွက် အာဆီယံယန္တရားကို လည်း အားပေးထောက်ခံသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာမှကြိုးပမ်းအားထုတ်မှုရဲ့ အောင်မြင်မှု မအောင်မြင်မှုဟာ မြန်မာ အစိုးရရဲ့ လုပ်ရပ်တွေ၊ မြန်မာအစိုးရချမှတ်တဲ့ စည်းကမ်းချက်တွေအပေါ် မူတည်ပါလိမ့်မယ်။
မြန်မာနိုင်ငံက များပြားလှတဲ့အစုအဖွဲ့တွေရဲ့ မျှော်လင့်ချက်တွေကို ရင်ကြားစေ့ ညှိနှိုင်းပေးနိုင်တဲ့ အမရဲ့ စွမ်းအား ကိုရော တိုင်းပြည်ရဲ့ အမျိုးသားစုစည်းတည်တံ့ရေးအပေါ် အမရဲ့ ထက်သန်စူးနစ်မှုကိုပါ ကျနော်တို့ လေးစားသဘောကျ မိပါတယ်။ ဒီတိုက်ပွဲထဲမှာ အမနဲ့တကွ အမပြည်သူတွေကို ကျနော်တို့ မေ့ပစ်မှာမဟုတ်ပါဘူးခင်ဗျား။

ဂေါ်ဒွန်ဘရောင်း
နစ်ကိုးလတ်စ်ဆာကိုဇီ
NCGUB-Border Office မှ ဘာသာပြန်ဆိုသည်။

Read this document on Scribd: open letter

Read More...

Friday, June 20, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၁၄/ ၀6/ ၀၈


Read More...

ယနေ့ စစ်တပ်..... ဘာတွေဖြစ်နေသလဲ (၃၇)

ထုံးစံအတိုင်း နောက်ဆုံးနှစ် ဗိုလ်လောင်းများ ကျောင်းဆင်းသွားပါပြီ။ စစ်ရေးပြ အခမ်းအနားကြီး လဲ ပြီးပါပြီ။ ကျနော်တို့ ဒုတိယနှစ် အပတ်စဉ်လဲ ခွင့်ပြန်ကြပါပြီ။ ပထမနှစ် ခွင့်ပြန်စဉ်တုန်းကလို ပျော်ပျော်ရွှင်ရွှင် သောင်းကျန်းကြခြင်း ရှိတော့ ရှိပါသည်။ မနှစ်ကလောက် မဆိုးတော့ပါ။ အနည်းငယ် လူကြီးဆန်လာပါသည်။ ဒါတောင် ရာခိုင်းနှုန်း သုံးဆယ်ခန့်ကသာ တည်ငြိမ်လာပြီး ကျန်သူတို့မှာ ကလေးဆိုးကြီး များသဖွယ် ဆိုးဆဲ၊ တေဆဲဖြစ်ပါသည်။ ထိုသူများကို ကြည့်လိုက် လျှင် အောက်ပါအတိုင်း တွေ့ရပါသည်။

“အဖော်မရှိတောင်မှ စက်ကွန်ပြူတာနဲ့ ဖဲရိုက်မယ်” ဆိုသော ဖဲချပ်၏ အပွင့်ကလေးကိုမှ မပွတ်ရ၊ မကြည့်ရလျှင် မနေနိုင်သော ဖဲကစားခြင်းကို စွဲမြဲသော လူတချို့က နဂိုဆိုးမြဲ၊ တေမြဲ၊ ပြောမြဲ စကားများ၊ လုပ်မြဲအပြုအမူများကို မပြင်ပါ။ ဖဲကို အားတိုင်း ရိုက်သည်။ လောင်းကစားသည်။

“ပေါင်းခံရေကို မိခင်နို့ရည်ထက် ပိုနှစ်သက်တယ်” ဟု ကြွေးကြော်တတ်သော ယမကာ လုလင်တို့ ကလဲ ကျန်းမာရေး အတွက်ပါ။ မိတ်ဖြစ် ဆွေဖြစ်ပါ။ စိတ်ညစ်လို့၊ မိတ်ဆုံစားပွဲမှာ မို့ပါ။ ခရီး သွားဟန်လွှဲ ကြုံလို့သောက်တာပါ။ အရက်ဆိုသော မိန်းမထက် သစ္စာရှိတယ် စသော အကြောင်း အရာ၊ ခေါင်းစဉ် အမျိုးမျိုးပြ၍၊ အကြောင်းမရှိ အကြောင်းရှာကာ သောက်တတ်သည့် သူတို့၏ အကျင့် စရိုက်ကို မပြင်ပါ။ ပို၍ထူးခြားသည်မှာ ဖဲရိုက်သော သူသည် အရက်သောက်တာ နည်းပြီး၊ အရက်သောက်သော သူသည် ဖဲရိုက်ခြင်း တခါတလေ လုပ်တတ်လာခြင်းပင် ဖြစ်သည်။

“အရစ်ကျစနစ်ဖြင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း” ဟု ကျန်းမာရေး ပညာရှင်တို့က မှတ်ချက်ပြု ထားသော ဆေးလိပ်သောက်ခြင်းကိုမူ ဗိုလ်လောင်းအများစု ပြုလုပ်ကြပါသည်။ လုပ်မှာပေါ့၊ ရုပ်ရှင် ထဲကြည့်ကြည့်၊ တီဗွီထဲ ကြည့်ကြည့်၊ စီးကရက် ကြော်ငြာတွေက ဖွေးလို့၊ စီးကရက်ကို စတိုင် ထုတ်ခဲလိုက်ရင် ဘယ်မင်းသားနဲ့ တူသလို ခံစားရလေအောင် ဆွဲဆောင်မှုကလဲ များသည်။ တံငါ နားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဖြစ်လာသလို ဆေးလိပ်သောက်သူ အနား နေလျှင် ဆေးလိပ် သောက်တတ်လာသည်။ တားမြစ်ထားသည်ကိုမှ မရ ရအောင် ခိုးလုပ်ချင်သည့် ကူးစက်ညဉ် ကြောင့်လဲ ဆေးလိပ်မသောက်ရ တားမြစ်ထားသော်ငြား ကျနော်တို့ ခိုးသောက်ကြပါသည်။ (ထိုသို့သော အရစ်ကျစနစ်ဖြင့် ကိုယ့်ကိုယ်ကို သတ်သေရန် ဆေးလိပ် သောက်သူများ ထဲတွင် ကျနော်လည်း ပါခဲ့ပါသည်။ ယခုမူ အရစ်ကျစနစ်ဖြင့် သွင်းခဲ့သော နီကိုတင်း ဂျိုးများကို အရစ်ကျစနစ်ဖြင့် အားကစားလုပ်ကာ ပြန်လည်တိုက်ထုတ် ရွေးယူနိုင်ခဲ့ပါပြီ။) ဆေးလိပ်သောက် ရင်း ရောက်တတ်ရာရာ ပြောကာ ဗရုတ်သုက္ခ အတွေးများ တွေးဖတ်လာ၏။

နောက်တမျိုးကတော့ ရှေးမြန်မာကြီးများ၏ အမွေကို မမှိတ်မသုန် ဆက်ခံကြသူများ ဖြစ်ပါသည်။ ပါးစောင်နှင့် သွားများ ရဲရဲထ နေအောင် ကွမ်းယာဝါးသော သူများပင်တည်း။ အရပ်သူ အရပ်သား ကျေးလက်နေသူများသာ ကွမ်းဝါးကြသည် မဟုတ်။ ကျနော်တို့ ဗိုလ်လောင်းများလဲ မျိုးရိုးဇာတိ ဂုဏ် ထိန်းသိမ်းပါသည်။ ကွမ်းယာဝါးထားသော ကွမ်းရည် ပလုတ်ပလောင်းဖြင့် စကားမပီမသ ခေါင်းကြီးမော့၍ ပြောရသည်ကိုပင် တက္ကသိုလ် ဒိသာ ပါမောက္ခဟန်ပန်ဟု အထင်ရောက်၍ လိုက်လံ တုပ ကြသလား မသိပါ။ ကွမ်းယာ တံတွေးတပစ်ပစ်ထွေး၍ ပလုတ် ပလောင်းဖြင့် စကား ၀ူးဝါး ပြောတတ်သူ များလာ၏။ စီနီယာထဲမှာလဲ ကွမ်းယာဝါးသူတွေ ရှိလေသည်ကိုး။ အတုမြင် အတတ်သင် ဆိုသလိုပင် အတုယူမှားသလား၊ အတုမှန်မှားသလား၊ ဘာမှ ဝေခွဲ သုံးသပ်နိုင်စွမ်း မရှိပဲ နီးစပ်ရာအတုမြင်၊ အတတ်သင်ခြင်းဖြင့် ကျနော်သည်လဲ ကွမ်းယာကို တခါတရံ ၀ါးတတ် လာသည်။

မကောင်းသည့် အရာများကို မကောင်းဘူးဟု ထင်ထင်ရှားရှား ရေးပြနေ၍ ကျနော့်ကို လူကောင်း ဟု မထင်ပါနှင့်။ အရက်သောက်သူထဲတွင်လည်း ကျနော်ပါဖူးပါသည်။ ဆေးလိပ်လဲ ခိုးသောက် ဖူးပါသည်။ ကွမ်းလဲ ၀ါးဖူးပါသည်။ မျိုးရိုးဇာတိဂုဏ်ကို ကျနော် ထိန်းခဲ့ဖူးပါသည်။ ဖဲတစ်ခုပဲ ကျနော် မရိုက်တတ်၍ မဆော့ပါ။ ယခုအသက် (၃၀)ပြည့်သည့်တိုင် ကျနော်ဖဲ မရိုက်တတ်သေး ပါ။ ဖဲရိုက်နည်းပညာ သင်ရန်လဲ ယခုအချိန် အရွယ်ရောက်တော့မှ စိတ်မကူးတော့ပါ။

ထိုသို့သော ကိုယ်၊ နှုတ်၊ အကျင့်စာရိတ္တ စင်းလုံးချော မရင့်ကျက်သေးသည့် သူများမှာ ငယ်မူ ငယ်သွေးကြွ၍ ပျော်ရွှင်နေဆဲပင် ဖြစ်ပါသည်။ ကျနော်လဲ ရံဖန်ရံခါ သူတို့နှင့် သွားပေါင်းပြီး ပျော်ရွှင်ပါသည်။ တခါတရံလည်း ခပ်တည်တည်နှင့် လူကြီးလူကောင်း တစ်ယောက်လို စာထိုင် ဖတ်ပါသည်။ ကျနော် လူကောင်းတစ်ယောက် မဖြစ်သေးပါ။ အနည်းငယ်သာ စဉ်းစား တွေးခေါ် တတ်စ ပြုလာသော လူငယ် တစ်ယောက်သာ ဖြစ်ခဲ့ပါသည်။

ဒုတိယနှစ် ခွင့်ပြန်ချိန်တွင် ကျနော်သည် အိမ်တွင်းမှာချည်း ပုန်းအောင်း အိပ်စက်မနေတော့ပါ။ ပြည်သူလူထုများ အကြား လိုက်လံ လေ့လာခဲ့ပါသည်။ ရန်ကုန်၏ ဆင်ခြေဖုံးရပ်ကွက် ကြိုကြား မကျန် လျှောက်သွားကြည့်ပါသည်။ ဆိုင်ကယ်စီး၍ တကိုယ်တော် သော်လည်းကောင်း၊ ဘတ်စ် ကားစီး၍ ခရီးသည် တဦးအနေဖြင့် သော်လည်းကောင်း၊ လိုက်လံ လေ့လာမိပါသည်။

မင်္ဂလာဒုံ ဧရိယာဘက် ရံဖန်ရံခါ ရောက်ရှိပြီး စစ်သည် စစ်သားများ၏ အနေအထိုင်ကို တစေ့ တစောင်း သွားလေ့လာပါသည်။ ရန်ကုန်မြို့ဝန်းကျင် တပ်များဖြစ်၍ ထင်သည်။ သန့်ပြန့် သေသပ် သော စစ်ယူနီဖောင်းနှင့် စည်းကမ်းရှိဟန်တူသော စစ်သားများကို တွေ့ရပါသည်။

ရန်ကုန်မြို့နေ အရပ်သား လူတန်းစား အချို့ကတော့ ကိုယ်ပိုင်ကား ကိုယ်စီဖြင့် စီးပွားရေးကောင်း ကြဟန် တူပါသည်။ ရန်ကုန်မြို့တွင် ကားကြီးကားငယ် အသွယ်သွယ်ဖြင့် စည်ကားလှပါသည်။ ရွှေဆိုင်ကြီးတွေကလည်း ဟိန်းလို့ (သို့သော် ထိုအချိန်ကအထိ နိုင်ငံခြား ဘာသာဟူ၍ အင်္ဂလိပ် စာသာ လေ့လာဖူးရာ ဂျပန်စာလော၊ တရုတ်စာလော ကောင်းကောင်း မဖတ်တတ်ပါ)။ မည်သည့် အဓိပ္ပါယ်မှန်းမသိသည့် နိုင်ငံခြားဘာသာစကား စာလုံးအမျိုးမျိုးဖြင့် ရေးသားထားသော နီယွန် ဆိုင်းဘုတ်ကြီးတွေကို လျှောက်ကြည့်ရင်း တခုခုတော့ ခံစားလာရ သလိုလိုပင် ဖြစ်ပါသည်။ မြန်မာပြည် မြို့တော်ဖြစ်ပြီး မြန်မာစာ ဆိုင်းဘုတ်တို့ နည်းနေခြင်းအတွက် ၀မ်းနည်းမိခြင်း ဖြစ်ပါ သည်။

မြို့လယ်မှာ မြို့စွန်တို့၏ သာယာစည်ပင်ပုံ ကွာခြားချက်ကိုလဲ သတိပြုမိလာပါသည်။ မြို့လယ် တွင် ၀တ်ကောင်းစားလှဖြင့် သွားလာ လှုပ်ရှားနေသူ လူကြီး၊ လူငယ်၊ ကလေး များပြားသလောက်၊ ဆင်ခြေဖုံး ရပ်ကွက်တို့တွင် နေကြသော လက်လုပ်လက်စား လူတန်းစားတို့မှာမူ ဟောင်းနွှမ်း ပေရေသော ၀တ်စုံတို့ဖြင့် သွားလာ နေကြရသည်ကို လည်းကောင်း၊ ကျောင်းနေရန် အရွယ် ဖြစ်ပါ သော်လည်း ကျောင်းမနေနိုင်ပဲ ကျပန်းကြုံရာ အလုပ် လုပ်ကိုင်နေကြရသော ကလေးများ၊ အမှိုက် ကောက်သူ၊ တောင်းစားနေသူ ကလေးများကို ကြည့်၍လည်းကောင်း။ တစုံတခုကို ခံစားလာရ သလို ဖြစ်မိပါသည်။

သေချာတာ တခုကတော့ လူအချင်းချင်းတွင်ပင် ဆင်းရဲမှုနှင့် ချမ်းသာမှု အတော် ကွာဟလာသည် ကို တွေ့ရှိရခြင်း ဖြစ်၏။ ချမ်းသာသော လူကုံထံများထဲတွင်လည်း လူမျိုးခြား ပုံစံပေါက်သူ ပိုမို များပြား လာသည်ကို တွေ့ရှိရပါသည်။ မြန်မာစစ်စစ် ပုံစံပေါက်သူတို့မှာ လက်လုပ်လက်စား၊ ၀န်ထမ်းများသာ တွေ့မြင်ရပါသည်။ ဘာတွေကြောင့်လဲ၊ ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ၊ ကျနော် အနည်းငယ် စဉ်းစားမိလာပါသည်။ ရဲရင့်ပြတ်သား ခိုင်မာသော အဖြေတစ်ခု ကတော့ ထွက်မလာ သေးပါ။ ထွက်မလာနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျနော် ဦးနှောက်အသိဉာဏ် တစ်ခုတည်းနှင့် ဒီလိုလူတန်းစား ကွာဟချက် ပြဿနာကြီးကို အဖြေထုတ် နိုင်သည်အထိ ကျိုးကြောင်း ဆင်ခြင်မှု ဉာဏ် မပြည့်စုံသေး၍ ဖြစ်ပါသည်။

သေချာသည်ကတော့ ထိုအချိန်ထိ ကျနော်သည် တပ်မတော်၏ လုပ်ရပ်များကို ယုံကြည်စွာ အဟုတ်ထင်နေဆဲပင် ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)

Read More...

ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ စိတ်ပိုင်းဆိုင်ရာ လုပ်ကြံမှု


Read More...

New York မြန်မာသံရုံး အခြေအနေ

Read More...

Tuesday, June 3, 2008

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုတ်မာမှု (သို့) ဒီပဲယင်း အကြမ်းဖက်မှု အကြောင်း ဗိုလ်မှူး အောင်လင်းထွဋ်နှင့် အင်တာဗျူး

ဗိုလ်မှူးအောင်လင်းထွဋ်




ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဒီပဲယင်း အကြမ်းဖက်မှုများကို ဖွင့်ချဖော်ထုတ်ထားတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်နှင့် အင်တာဗျူးအသံဖိုင်ဖြစ်ပါတယ်။

ဤအသံဖိုင်အား ဗွီအိုအေမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။


လွန်ခဲ့တဲ့ ၅ နှစ်၊ ၂၀၀၃ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း လုပ်ကြံတိုက်ခိုက်မှုကို မြန်မာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးအောင်သောင်းတို့က အကွက်ချ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ မြန်မာ စစ်ထောက်လှန်းရေး အဆင့်မြင့် အရာရှိနဲ့ သံတမန်ဟောင်း တဦးဖြစ်တဲ့ ဗိုလ်မှူးအောင်လင်းထွဋ် ကပြောကြားလိုက်ပါတယ်။ အဲဒီတုန်းက စစ်အစိုးရ နောက်လိုက်နောက်ပါ လူမိုက်လူရမ်းကားတွေက ဒီပဲယင်းမြို့နယ် အတွင်း ကျည်ရွာအနီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယဉ်တန်းကို မှောင်ရိပ်ခို ချောင်းမြောင်း တိုက်ခိုက် ခဲ့တဲ့အတွက် လူပေါင်း ၇၀ ကျော် သေဆုံးပြီး ဒါဇင်နှင့်ချီ ဒါဏ်ရာရခဲ့တယ်လို့ ပြည်ပရောက် အတိုက်အခံတွေရဲ့ စုံစမ်းထွက်ဆိုချက်တွေမှာဖေါ်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကိုလည်း အဲဒီ အချိန်ကတည်းက မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားခဲ့တာပါ။ မြန်မာ နိုင်ငံမှာ လွန်ခဲ့တဲ့ ၅ နှစ်က အဲဒီဖြစ်ရပ် ဖြစ်ပြီးပြီးချင်း နာရီပိုင်း အတွင်းမှာပဲ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌါနက သတင်းရရှိခဲ့ပြီး ၀ါရှင်တန်မြို့ မြန်မာသံရုံးကို စုံစမ်း မေးမြန်းလာခဲ့တယ်လို့ အဲဒီ အချိန်က ၀ါရှင်တန် မြန်မာသံရုံးမှာ သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်က ဗွီအိုအေကို အခုလို ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဒီ ၁၂ နာရီ ၁နာရီ ပတ်ဝန်းကျင်ပေါ့လေ အဲဒီအချိန်လောက်မှာ ၀ါရှင်တန်က ဗမာသံအမတ်ကြီး ဦလင်းမြိုင်ဆီကို ကျနော်တို့ State Department ကနေပြီးတော့မှ ဒီပဲယင်းဖြစ်စဉ်နဲ့ ပါတ်သက်ပြီး ဖြစ်သွားပြီ အဲဒါဟုတ်လား မဟုတ်လားဆိုတာကို လှမ်းပြီးတော့မှ Confirm တောင်းပါတယ် အမှန်တိုင်းပြောရရင် ကျနော်တို့လည်း မသိသေးပါဘူး အဲဒီချိန်ကိုပြန်တွက်ကြည့်လိုက် တဲ့အခါကြတော့ လည်း ဗမာပြည်နဲ့ဆိုရင် တစ်နာရီခွဲ နှစ်နာရီလောက်ပဲ ခြားပါသေးတယ် အဲဒါနဲ့ ကျနော့်သံအမတ်ကြီး ဦလင်းမြိုင်ကနေပြီးတော့ ကိုအောင်လင်းထွဋ်ရေ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟုတ်လားမဟုတ်လားလဲ ကျနော်တို့ မသိသေးဘူး အဲတော့ ခင်ဗျား ကကလှမ်းကို မေးကြည့်ပါဦးဗျာ.. စုံစမ်းခိုင်းပါဦးဆိုပြီးတော့ ကျနော့်ကို တာဝန်ပေးပါတယ်။ သံအမတ်ကြီး ကျနော့်ကို တာဝန်ပေးချင်းချင်းပေါ့လေ ကျနော် ကကလှမ်းကို လှမ်းပြီး တော့မှ ကျနော်ဖုန်းဆက်ပါတယ်။ ကျနော် နံမည်တော့ မပြောပါရစေနဲ့ပေါ့လေ… အဲတော့ ဖုန်းဆက်တဲ့ အခါကြတော့ သူက ဘာပြန်ပြောလဲဆိုတော့ ဟာ..အကိုတဲ့ ဒီလောက်တောင် မြန်လှချည်လားတဲ့ ကျနော်တို့တောင်မှ အခုမှ ပူပူနွေးနွေးပဲ ရှိသေးတယ် ဆိုတဲ့ အခါကြတော့.. အေး ဟုတ်တယ် ဒီကတော့ သိနေပြီ အဲတော့မင်းတို့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ ငါ့ကိုပြောဖို့လိုတယ် ဒီမှာလည်း အကျိုးသင့် အကြောင်းသင့် ပြန်ပြီး ရှင်းပြရမယ်ဆိုတဲ့ အခါကြတော့ အဲတော့ သူလည်း အတော်လေးကို အကျပ်ရိုက် သွားပါတယ်.. အကိုရေ အမှန်ပဲတဲ့ အမှန်ပဲ ကျနော်တို့ အဘကိုပေါ့လေ (အဘဆိုတာက ဗိုလ်ချုပ် ခင်ညွန့်တို့ ဗိုလ်ချုပ်ကြီးမောင်အေးတို့ကို) သွားပြီးတော့မှ တားသေးတယ် တားပြီးတာနဲ့ ဗိုလ်ချုပ်မှူးကြီး အဘကြီး ကတော့နေပြီးမှ ငါခိုင်းတာ ဆိုပြီးတော့မှ ပြောလွတ်လိုက်တယ် ဆိုပြီးတော့မှ ကျနော့်ကို အစချီပြီး ပြောပါတယ်ခင်ဗျ

VOA ။ ။ ဟုတ်ကဲ့ သဘောက အဲဒါဆိုလို့ရှိရင် ဗိုလ်ချုပ် ခင်ညွန့်ရော ဗိုလ်ချုပ်ကြီးမောင်အေးတို့ ကရော နှစ်ဦးစလုံးက ဒီပဲယင်းဖြစ်စဉ် မဖြစ်ခင်ကတည်းက သိလို့ သွားပြီးတော့ တားတယ်ဆိုတဲ့ သဘောကို ပြောတာလား ခင်ဗျာ..။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကျနော် ဖြစ်စဉ်ကို ကျနော့်ကိုသိသလောက်ပေါ့လေ သူပြောတာကော နောက်ပိုင်းကျနော် သိတာကောပေါ့လေ ပြန်ပြောရရင် ကျနော်တို့ ဒီ မေလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးက ထောက်လှမ်းရေးတပ်ရယ် ကျနော်တို့ မုံရွာက ထောက်လှမ်းရေး တပ်ရယ်က နေပြီးတော့မှ ကျနော်တို့ ရန်ကုန် ကကလှမ်းကို သတင်းပို့ပါတယ်ခင်ဗျ.. သတင်းပို့တာက ဦးအောင်သောင်းပေါ့လေ ကျနော်တို့ ကြံခိုင်ဖွံ့ဖြိုးရေး အတွင်းရေးမှုးလုပ်တဲ့ ဦးအောင်သောင်းနဲ့ အဲဒီအချိန်က အဲဒီမှာ ခ၀တ ဥက္ကဌ လုပ်တဲ့ ဒုတိယ ဗိုလ်မှူးကြီးသန်းဟန်တို့ အဖွဲ့တွေပေါ့လေ ဆိုလိုချင်တာကတော့ ကြံခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေပေါ့လေ သူတို့တွေဟာ ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာမယ့်ယဉ်တန်းကို ၀ိုင်းဝန်းပြီးတော့မှ ရိုက်နှက်ဖို့ပေါ့လေ အကြမ်းဖက်ဖို့တွက်ကို လူတွေစုနေတယ် ဆိုပြီးတော့မှ အဲဒီသတင်းကို လှမ်းပြီးတော့မှ ကကလှမ်းကို ပြောတယ်လို့ သိရပါတယ်ခင်ဗျ အဲတော့ အဲဒီသတင်းကို ရတဲ့အခါကြတော့ ကကလှမ်းမှာ တာဝန်ရှိတဲ့ သူတွေအနေနဲ့လည်း ဟို ဗိုလ်ချုပ်ကြီးခင်ညွန့်ကို သတင်းပို့ပါတယ် ဗိုလ်ချုပ်ကြီးခင်ညွန့်က သိတဲ့အခါကြတော့ သူတယောက်တည်းတော့ ဒါ..ဒီကိစ္စတွေပေါ့လေ ဒီလိုဖြစ်လို့ရှိရင် နောက်ပိုင်းမှာ နိုင်ငံရေးကော ကျန်တဲ့ နိုင်ငံတကာရေးရာကော အရှုပ်အရှင်းတွေ အများကြီး ရှိလာနိုင်တယ်.. တားလို့ ရအောင်ဆိုပြီးတော့မှ သူက စစ်ကူအနေနဲ့ ဗိုလ်ချုပ်ကြီးမောင်အေးကို သွားပြီးတော့ သတင်းပို့ပါတယ်.. ဗိုလ်ချုပ်ကြီးမောင်အေးလည်း ရှင်းရှင်းပြောရရင်တော့ အဲဒီဖက်တ၀ိုက်မှာ ဦးအောင်သောင်းနဲ့ အဖွဲ့ လှုပ်ရှားနေတယ် ဆိုတာတော့ ကြိုပြီးတော့မှ သိတယ်.. ဒါပေမယ့် ဒီလို ရိုက်မယ် နှက်မယ် ဆိုတဲ့ အစီစဉ် ကိုတော့ ဗိုလ်ချုပ်ကြီးမောင်အေး ကိုယ်တိုင်လည်း မသိပါဘူးခင်ဗျ မသိတာနဲ့ ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှစ်ယောက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ သွားပြီးတော့မှ သတင်းပို့တယ်လို့ ကျနော်တို့ သိပါတယ်ခင်ဗျ.. သတင်းပို့တဲ့အခါမှာ ကျနော် သိသလောက်ပေါ့လေ အဲဒီနားမှာ ကျနော်တို့ ဗိုလ်မှူးနေစိုး အခု အင်းစိန်ထောင်ထဲမှာ ရောက်နေပါတယ် သူက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒီ ဒေါ်အောင်ဆန်းစုကြည် အနားမှာ လုံခြုံရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်တဲ့ သူရှိတယ်လို့ သိရပါတယ် အဲတော့ဘာဖြစ်လဲဆိုတဲ့ အခါကြတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် ကနေပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး အခြေနေ ဒီလို ဖြစ်တယ်ဆိုပြီးတော့ ပြောပြတဲ့အခါကြတော့ အေး..ဘာဖြစ်လဲကွာတဲ့ ငါခိုင်းထားတာ ဆိုပြီးတော့မှ ပြန်ပြောပါတယ် ပြန်ပြောတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဘာထပ်ပြောလဲ ဆိုတော့ ဗိုလ်ချုပ် မှူးကြီး အဲဒီလိုလုပ်မယ် ဆိုလို့ရှိရင် အားလုံး ရှုပ်ထွေးကုန်လိမ့်မယ် ကျနော်တို့ ဒီ ဗမာ့နိုင်ငံရေးရော ကျန်တဲ့ နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေ အပိုင်းမှာပါ အားလုံးက ရှုပ်ပြီးတော့မှ ရှင်းမရတဲ့ ပြဿနာတွေ ဖြစ်လာနိုင် တယ် ဆိုပြီးတော့မှ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြောပါတယ် အဲတော့ ပြောတဲ့ အခါကြတော့ ဒီအဖိုးကြီးက ဘာပြန်ပြောလဲဆိုတော့ အေး အဲဒါဆိုလဲ မင်းတို့ပါမင်းတို့ ကြည့်ကြပ် လုပ်ကြ ပေါ့ကွာ ဆိုပြီးတော့မှ ပြောပြီးတော့မှ အဲဒီ စကားပြောတဲ့ နေရာကနေပြီးတော့ အပြင်ကို ထွက်သွားတယ် ဆိုပြီးတော့မှ ကျနော် သိရပါတယ်ခင်ဗျ..

VOA ။ ။ ကြည့်ကြပ်လုပ်ကြ ဆိုတော့ ဗိုလ်ချုပ်ခင်ညွန့်တို့ အနေနဲ့ ဒီကိစ္စကိုတားဖို့ အချိန်မမှီ တော့ဘူးလား မတားနိုင်ဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ အချိန်မှီ တားဖို့အတွက်ကိုတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ အဖွဲ့ကတော့ ရှင်းရှင်း ပြောရရင် အဲဒီမှာ စစ်တပ်လည်းမပါ ပါဘူး ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်မပါဘူး ဆိုတာက ဒီ တိုင်းမှူး လုပ်တဲ့သူက အဲဒီအချိန်မှာ အနောက်မြောက်တိုင်းက ဗိုလ်ချုပ်စိုးနိုင်ပါ အခု ဟော်တယ်ဝန်ကြီး လုပ်နေတဲ့ ဗိုလ်ချုပ်စိုးနိုင်ပါ။ သူက ရှင်းရှင်းပြောရရင် တိုင်းမှူးက ဒီနယ်မြေမှာ တာဝန်ရှိတယ် ဆိုပေမယ့် အခုလို ကြိပ်ပြီးတော့မှ လုပ်မယ် ကိုင်မယ့် ဥစ္စာကို ဟို..တိုင်းမှူးတို့က ဒီလောက်ကြီး အတွင်းကျကျ သိပုံမပေါ်ဘူး ဘာဖြစ်လို့လဲဆိုတော့ ခါတိုင်းလည်း အဲဒီနေရာ တ၀ိုက်မှာ ဆန္ဒပြတယ် ဒီ ဒေါ်အောင်ဆန်းစုကြည် ယဉ်တန်းလာရင် ဆန္ဒပြမယ် ပြုမယ် အဲလောက်ပဲ သူတို့ထင်ကြတာ ဒါပေမယ့် တကယ်ကြံစည် လိုက်တာ ကတော့ အဓိက တရားခံကတော့ အဲဒီအချိန်တုန်းက ဦးအောင်သောင်း… ဦးအောင်သောင်းက စီစဉ်တယ် ဒုတိယ ဗိုလ်မှူးကြီးသန်းဟန် အခု ကျနော် သိရသလောက်က ရဲမှူးချုပ်နဲ့ ကွပ်ကဲရေးမှူး လားမသိဘူး လုပ်နေပါတယ် သူက ဒီ ကြံ့ဖွတ်တွေကို ဦးစီးပြီးတော့မှ ရိုက်တယ်.. ဒါပေမယ့် အဲဒီမှာ ကွပ်ကဲမှု အနေနဲ့ သူတို့ ပေးလိုက်တာက ကျနော်တို့ နောက်ပိုင်းသိတာက ကိုစိုးဝင်းပေါ့လေ အခု ၀န်ကြီးချုပ် သေသွားပါပြီ ဗိုလ်ချုပ်ကြီးစိုးဝင်းက တကယ်တော့ လူတွေကို မဖေါ်ပြပဲထားတဲ့ ရာထူးတခုပေါ့လေ ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ ဒုတိယ ဥက္ကဌပါ ဗိုလ်ချုပ်စိုးဝင်းက သူက ကွတ်ကဲသူအဖြစ် တာဝန်ယူတယ် ဆိုပြီးတော့မှ သိရပါတယ်ခင်ဗျ အဲဒါ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့..

VOA ။ ။ ဆိုတော့ သူတို့တွေက ဥပမာအားဖြင့် အဲဒီအချိန်က ဗိုလ်ချုပ်ကြီးစိုးဝင်းဆိုရင် စစ်တပ်က မဟုတ် ဘူးလား.. သူတို့က ဗိုလ်ချုပ်ခင်ညွန့်တို့ ဗိုလ်ချုပ်မောင်အေးတို့ရဲ့ ကွပ်ကဲမှုအောက်မှာ မရှိဘူးလားခင်ဗျ…

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကျနော်တို့ တပ်မတော်က ရှင်းရှင်းပြောရရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တယောက်တည်းရဲ့ အာဏာ Control အောက်မှာရှိပါတယ် လက်ရှိ ရှိနေတဲ့သူတွေကိုလည်း ပြန်ပြီး ပြန်ကြည့် ကြည့်ရင်သိပါတယ် အဲဒီ လူကြီးဖြစ်နေတဲ့သူတွေ အနီးနားမှာ ရောက်နေတဲ့သူတွေ တိုင်းမှူး တပ်မမှူးအဆင့် အားလုံးရှိတဲ့သူတွေက ကျနော်တို့ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ တနည်းမဟုတ် တနည်း ပတ်သက်နေတဲ့ သူတွေ အားလုံးပဲဖြစ်ပါတယ် အဲ နဲနဲကြီးကြီးပိုင်းက ဆိုရင် တပ်မ ၈၈ တို့က နေခဲ့တဲ့ သူတွေက ဗိုလ်ချုပ်အဆင့်လောက် ကျနော်တို့ ဖြစ်နေကြပြီ ကကကြည်းမှာ တွေ့တဲ့သူတွေဆိုရင် အခု တိုင်းမှူးပေါ့လေ ဗိုလ်ချုပ်လှဌေးဝင်းတို့ ဗိုလ်ချုပ်ဘိုဘိုတို့ အားလုံး ဒီ တိုင်းမှူးအားလုံးလောက် နီးပါး ပါ။ တယောက်နှစ်ယောက်ပဲ လွတ်မယ် အားလုံးက ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ ကွပ်ကဲမှုအောက်မှာ နေခဲ့ဖူးတဲ့ သူတွေပဲ အားလုံးဖြစ်ကြပါတယ် အဲတော့ အဲဒီသူတွေက ရှင်းရှင်းပြောရရင်တော့ ဗိုလ်ချုပ်ကြီးမောင်အေးတို့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ဆိုတာက နာမည်ပဲရှိတာပါ သူတို့ တကယ်အားလုံး ကြောက်ရတာက ဒီ အဘကြီး သန်းရွှေပါပဲခင်ဗျ…

VOA ။ ။ အဲတော့ သူ့ လက်နိုင်ခြေနိုင် ရှိတဲ့သူတွေနဲ့ သူကိုယ်တိုင် ခိုင်းတယ်ဆိုတဲ့ သဘော ဆိုတော့ ဦးအောင်လင်းထွဋ်ပြောတဲ့ စကားကိုပဲ ပြန်ကောက်ရမယ် ဆိုလို့ရှိရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ငါခိုင်း တာကွဆိုပြီး ပြောတယ်ဆိုတော့ ဒီနေရာမှာ ဘာ့ကြောင့် ဒီလိုလုပ်ရသလဲ ဘယ်လောက်ထိ သူ ရည်ရွယ် သလဲ ဆိုတာကတော့ သူကိုယ်တိုင်မှပဲ သိမှာပေါ့လေ ဒါပေမယ့်လည်း တခြား ဒီရည်ရွယ်ချက်နဲ့ ပတ်သက် လို့ ဦးအောင်လင်းထွဋ် အနေနဲ့လည်း ဘာတွေများသိထားတာရှိလဲ ဘာ့ကြောင့် သူဒီလိုလုပ်ရတာလဲ….

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူစတက်လာကတည်းက ကျနော်တို့ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို သူ ဒါ လူမှုရေးအသင်း အမည်ခံပြီးတော့မှ ဒီအသင်းကို တဖြည်းဖြည်း ကြီး ထွားအောင်လုပ်ပါတယ် အခုကိစ္စမှာလည်း သူ ရှင်းရှင်းပြောရရင်တော့ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေနဲ့ ဆန္ဒပြခိုင်း တာတွေ ပြုခိုင်းတာတွေ ဟာတွေကလည်း ဒီ ဦးအောင်သောင်းနဲ့ ဒီအဖိုးကြီးရဲ့ ဉာဏ်နီဉာဏ်နက်တွေပဲ ဖြစ်ပါတယ် နောက်ပိုင်းသူတို့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ဘယ်လိုမှ ပြည်သူလူထုနဲ့ ယှဉ်လို့မရတဲ့ အခါကြတော့ နောက်ဆုံးမှာ ဒီနည်းနဲ့ပဲ ဖြေရှင်းတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ..

VOA ။ ။ အဲတော့ ဒီလိုနည်းနဲ့ ဖြေရှင်းလိုက်တယ် ဆိုတဲ့နေရာမှာ အတည်မပြုနိုင်သေးတဲ့ သတင်းပေါ့နော် ဒါပေမယ့်လည်း တော်တော်များများ ဒီဘက်မှာ သက်သေထွက်ချက်တွေနဲ့ ဖေါ်ပြထားတဲ့ စာရင်းဇယားတွေ အရ ဆိုလို့ရှိရင် လူတစ်ရာကျော် အဲဒီတုန်းက သေဆုံးပြီးတော့ တော်တော်များများ ဒါဏ်ရာရပါတယ် အစိုးရကတော့ ၅ ယောက်လောက်ပဲ သေတယ်လို့ပြောပါတယ် ဆိုတော့ အဲဒီလောက်အထိ ဖြစ်သွား လောက်အောင်ရော သူတို့အနေနဲ့ တကယ်တမ်း ရည်ရွယ်ရင်း ရှိခဲ့ရဲ့လား…

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ အမှန်တိုင်းပြောရရင်တော့ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ရှင်းရှင်း ပြောရရင် အသေလုပ်ကြံတာပဲ ခင်ဗျ ကျနော် သိသလောက်ပေါ့လေ ကံကောင်းတာက ဒေါ်အောင်ဆန်း စုကြည်ကားက ထိပ်ဆုံးက ဖြစ်ပြီးတော့မှ နောက်ဆုံး သူ့ကားက မောင်းပြီးတော့မှ ပြေးပြီးတော့မှ ထွက်သွားနိုင်တယ်လို့ သိရတယ် နောက်ပိုင်းမှာ ကျနော်တို့ ရဲစခန်းတခုကို ၀င်သွားပြီးမှ သတင်းပို့တယ်လို့ ကျနော်တို့သိပါတယ် ရဲစခန်းရောက်တဲ့ အခါကြတော့ ကျနော်တို့အဲဒီမှာ ထောက်လှမ်းရေး တပ်စွယ်က လူတွေကနေပြီးတော့မှ သတင်းပို့လို့သိရပါတယ် နောက်ပိုင်း အန္တရာယ်ရှိတာနဲ့ ရဲစခန်းကနေပြီးတော့မှ ကျနော်တို့ တနေရာကို ရွှေ့တယ်လို့သိတယ် တပ်ကိုရွှေ့တယ်လို့ ကျနော်တို့သိတယ် ဒါကျနော်သိ သလောက်နော်. တိုက်တန်းကျမှ ကျနော်တို့ မိတ္ထီလာ လေတပ်ကရဟတ်ယဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ညတွင်းချင်းပဲ ရွှေ့သွားတယ်လို့ ဆိုပြီးတော့မှ ကျနော်တို့ သိပါတယ်..အဲတော့ လူတွေသေတာနဲ့ ပတ်သက်ပြီးတော့ အမှန်အတိုင်း ပြောရရင်တော့ သူတို့ သတင်းထုတ်ပြန်တာလည်း ကျနော်တို့ဆီက ဗိုလ်ချုပ်သန်းထွန်းတို့ ဗိုလ်ချုပ်ကျော်ဝင်းတို့ပါပဲ ကျနော်တို့ဆီမှာလည်း ဒါလုပ်လေ့လုပ်ထနဲ့ ပြောလေ့ ပြောထ ရှိတဲ့ စကားတွေပါပဲ ဒါနည်းနည်းပါးပါး ဟို..လူးသာခံသာ ဖြစ်အောင်အတွက်ကို သတင်း လေးကို လွှင့်တာပါ သေတာက ဒီထက်မက ဖြစ်နိုင်ပါတယ် ဒါပေမယ့် ခုန ရာဂဏာန်းလောက်လဲ ဖြစ်ချင်မလညှ်း ဖြစ်မှာပေါ့လေ အဲတော့ အဲဒါကတော့ သူတို့လည်း မသိနိုင်ဘူး ဘယ်သူမှလည်း ကြိုတင်မသိနိုင်ပါဘူး ခင်ဗျ။

VOA ။ ။ ဟုတ်ကဲ့ ဦးအောင်လင်းထွဋ် အနေနဲ့က အဲဒီအချိန်တုန်းက ၀ါရှင်တန်မှာ ရှိနေတော့ ဒီ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌါနကနေ စုံစမ်းမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ အကြာင်းကြား သတင်း ထုတ်ပြန်ပေးမှု လုပ်ခဲ့သလဲ ခင်ဗျာ..

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကျနော်တို့ အဲဒီတုန်းကတော့ သံအမတ်ကြီးကိုတော့ မူတရပ်အနေနဲ့ ကတော့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတဲ့ ဥစ္စာကိုပဲ မူတရပ်အနေနဲ့ပဲ အမေရိကန်ကို ပြန်ပြီးတော့မှ ရှင်းခိုင်း တယ်လို့ ကျနော်တို့သိရပါတယ် ဒါမျိုးကိစ္စကလည်း သံအမတ်ကြီး ပြန်ပြီးတော့မှ ဟိုကဘာမှ Green Light မရပဲနဲ့ ပြောရဲတဲ့ အနေအထားမရှိပါဘူး…

VOA ။ ။ အဲတော့ အဲဒီအချိန်က ဆိုလို့ရှိရင် ဦးအောင်လင်းထွဋ်တို့ အနေနဲ့က ဒီ နိုင်ငံခြား တိုင်းပြည်တွေမှာ မြန်မာနိုင်ငံ သံရုံးတွေမှာ အလုပ်လုပ်ခဲ့ရတဲ့ အလုပ်လုပ်နေရတဲ့ ၀န်ထမ်းတွေဆိုတော့ ဒီလို အဖြစ်အပျက် မျိုးတွေ ပေါ်လာတယ်ဆိုလို့ရှိရင် သံတမန် အမှုထမ်း တယောက်အနေနဲ့ ကိုယ်ပိုင်ခံစားမှုတွေ ဘယ်လို ဖြစ်ခဲ့သလဲ ခင်ဗျာ..

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကျနော်တို့ကတော့ ဒီနိုင်ငံတကာမှာနေခဲ့တဲ့ အခါကြတော့ ဒါမျိုးဖြစ်စဉ်အဖြစ်က အင်မတန်မှကျနော်တို့အတွက် ရှက်ဖို့ကောင်းပါတယ် ကျနော်တို့က ဗမာသံတမန် တယောက်အနေနဲ့ ဘယ်နိုင်ကိုမဆိုပါ အားလုံးက မျက်နှာငယ်ငယ်နဲ့ ကျနော်တို့ဘ၀က ဘယ်လိုခေါ်မလဲဆိုတော့ သံတမန် သူများလို ဟုတ်လား သံအမတ် သံရုံးယာယီတာဝန်ခံ ဒုတိယသံ သံအမတ် သံမှူးကြီး ဖြစ်ပင် ဖြစ်သော် ငြားလည်း သံတမန်တွေအကြားထဲမှာ သွားလို့ရှိရင် အင်မတန်မှ ကျနော်တို့ဟာ အမေးခံရတယ် အမြန်း ခံရတယ် ဒီအမေး အမြန်းခံရတဲ့ ဥစ္စာကိုလည်း ကျနော်တို့က အမှန်အတိုင်း ဖြေဖို့ကလည်း တော် တော်လေးခက်တယ် ဘယ်လိုပြောရမှန်း မသိဘူး မူဝါဒအပိုင်း အနေနဲ့လည်း အခုလို ဒီပဲယင်း ဖြစ်တဲ့ အခါကြတော့လည်း မင်းတို့ ဘယ်လိုပြန်ပြော ဆိုတာလည်း တိတိပပ မလာဘူး သတင်းစာ ရှင်းလင်းပွဲက ဥစ္စာကိုပဲ ဒါ Guide Line ဆိုပြီးတော့မှ ကျနော်တို့ ကိုယ့်သဘောနဲ့ ကိုယ်ပဲ အဲဒီလို ပြောရပါတယ်ခင်ဗျ..

VOA ။ ။ ဆိုတော့ ဦးအောင်လင်းထွဋ်ရဲ့ ဒါကိုယ်ပိုင်ခံစားချက်ပေါ့နော် အဲဒါဘယ်ရှိလဲခင်ဗျာ အခုဆိုလို့ရှိရင် ဒီအဖြစ်အပျက်က ၅ နှစ်ပြည့်ခဲ့ပြီဆိုတော့ ဘယ်လိုများ ပြန်ပြောင်းပြီးတော့ သတိတရ ရှိနေသလဲ ဘယ်လိုများ ခံစားမှု ရှိနေလဲခင်ဗျ….

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့မှ ကျနော့်အနေနဲ့ ပြောရရင်တော့ အင်မတန်မှ စိတ်မကောင်းစရာကောင်းတဲ့ အဖြစ်ပျက်တခုပါ ဒီလိုလည်း လုပ်လိမ့်မယ်လို့ ကျနော်တို့ မထင်ခဲ့ဘူး ဒါပေမယ့် မထင်မှတ်တဲ့ ဥစ္စာကို ရက်ရက်စက်စက် လုပ်ခဲ့တယ် ဒီအပိုင်းမှာလည်း ကျနော်ပြန်ကြည့်တော့ ကျနော်တို့ ကကလှမ်းကော ကျနော်တို့ ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ဒီတပ်တွေ ကောဟာ ဒီအဖြစ်ပျက်နဲ့ ပတ်သက်ပြီးတော့မှ နံမည်ပျက်ခဲ့တယ် ကမ္ဘာမှာ ကျနော်တို့ကပဲ လုပ်သယောင် ယောင် စစ်တပ်ကပဲ လုပ်သယောင်ယောင် ထင်ခဲ့တယ် တကယ်တော့ ဗမာပြည်ကို တဦးတည်း အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ မသမာမှုတွေ မရိုးသားမှုတွေ နိုင်ငံကို ထင်တိုင်း လုပ်ချင်တာလုပ်နေတဲ့ အကျိုးဆက်တခုပါပဲခင်ဗျ....။

မြန်မာ စစ်ထောက်လှမ်းရေးနဲ့ ၀ါရှင်တန်မြို့ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံ သံမှူးကြီးအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိ အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံ နေထိုင်နေသူ ဗိုလ်မှူးအောင်လင်းထွဋ် ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Read More...