Friday, February 1, 2008

ယနေ့ စစ်တပ်… ဘာတွေ ဖြစ်နေသလဲ (၆)

ဘယ်လောက်အထိ ကြောက်လန့်စိုးထိတ်မှု ခံစားကြရသနည်း ဆိုလျှင်၊ ကျနော်တို့ အားလုံးသော ပထမနှစ် ဗိုလ်လောင်းတို့ ဆီးချုပ်၊ ၀မ်းချုပ်ဖြစ်ကုန်ကြပြီး နောက်သုံးရက် ခန့်အထိ ကြောက်သော အရှိန်မပျက်သေး၊ ဆီးမသွား၊ ၀မ်းမသွားနိုင်သေးပေ။

ဦးနှောက် တွေလည်း ဘယ်လောက် ထူပူသွားသလဲ ဆိုလျှင် မိမိ၏ မွေးမိခင်၊ ကျွေးဖခင် တို့၏ နာမည် ကိုပင် မနည်း စဉ်းစားယူရသည်အထိ မှတ်ဉာဏ်၊ စဉ်းစားဉာဏ်တွေ ဖရိုဖရဲ ဖြစ်ကုန်၏။

ထိုရက်မှစ၍ စီနီယာဗိုလ်လောင်း၊ အားလုံးတို့သည် ကျနော်တို့ပထမနှစ် ဗိုလ်လောင်း တို့အား တွေ့ရာနေရာ မရှောင်၊ အပြစ်မရှိ အပြစ်ရှာ၊ အပြစ်ပေးခြိမ်းခြောက် ဖိနှိပ်မှုများကို အရှိန်အဟုန်ဖြင့် ၀ိုင်းဝန်း လုပ်ဆောင်လာတော့သည်။ ကျနော်တို့မှာ အိပ်ဆောင်အခန်း ကျယ်အတွင်းမှ အပြင်ကိုပင် မထွက်ဝံ့အောင် စီနီယာတို့၏ နည်းမျိုးစုံဖြင့် ကြပ်ခြင်း၊ ခြောက်လှန့်ဖိစီးစေခြင်း၊ အပြစ်ပေးခြင်းစသော ပင်ပန်းဆင်းရဲ ထိတ်လန့်ဖွယ်တို့ကို အဆက် မပြတ် တွေ့ကြုံလာရပေပြီ။ ထိုရက်သတ္တပတ် တပတ်အတွင်းတွင်ပင် ကျနော်တို့ ပထမနှစ် သင်တန်းသားများသည် စီနီယာဆိုလျှင် အရိပ်ကိုပင် မကြည့်ဝံ့တော့ပေ။ အလွန်ကြောက်လန့် သောကြောင့် မော်ကြည့်ရန်ဝေး၊ ၎င်းတို့၏ ခြေသံမျှ ကြားလိုက်ရလျှင်ပင် ကြာပွတ်သံ ကြားလိုက်ရသော အိမ်မွေး တိရိစ္ဆာန် တကောင်အလား ဆောက်တည်ဖွယ်၊ ရပ်တည်ရာမရ ဖြစ်တတ်လာလေပြီ။
ထို့အပြင် ထိုစီနီယာတို့ ခိုင်းစေသမျှ၊ သူ့ကိုယ်ကျိုးအတွက်ရော ကိုယ်ရေးကိုယ်တာ ကိစ္စမကျန် ထိုင်ဆိုထိုင်၊ ထဆိုထ၊ လွန်ဆန်ခွင့်မရှိ၊ ခိုင်းတာလုပ်ရသော စစ်ကျွန်သားပေါက် ဘ၀သို့ ရောက်မှန်းမသိ ရောက်ခဲ့ရ၏။

မည်သည့် အကြောင်းအရာပဲ ခိုင်းခိုင်း၊ မဖြစ်ဖြစ်အောင်လုပ်ရ၏။ စောဒက တက်ခြင်း၊ ငြင်းဆန်ခြင်း၊ လုံးဝပြုခွင့်မရှိ။ အကယ်၍ အမိန့်ဖြင့် ခိုင်းစေသည်ကို ငြင်းဆန်ခြင်း၊ တာဝန် ပျက်ကွက်ခြင်း၊ စီနီယာ ဗိုလ်လောင်း၏စိတ် အလိုမကျဖြစ်အောင် တစ်ခုခု ပြုလုပ်မိပါက အတောမသတ် ပြောမပြတတ်သော ပြစ်ဒဏ်တွေက အလျှိုလျှို ပေါ်လာပေလိမ့်မည်။ ဒါကိုပင် စစ်တက္ကသိုလ်၏ စီနီယာ တစ်ချို့က အလွန်ကောင်းမြတ်သော တပ်မတော်၏ အစဉ်အလာ ဟု ကြွေးကြော်မြည်တမ်းသေး၏။ ထိုသို့ ပြောဆိုတတ်သော စီနီယာ ဖိုင်နယ် အချို့ကို ကျနော် မှတ်မိပါသေးသည်။ ဆွေကြီး၊ မျိုးကြီး၊ ပုခက်ကြီးမှ မွေးလာခဲ့သူများက ဤကဲ့သို့သော အထက်အောက် လွန်စွာကြောက်ရွံ့ရသော စနစ်ဆိုးကို အလွန့်အလွန် ကောင်းမြတ်သော အစဉ်အလာ တခုသဖွယ် ချီးမွမ်းပြောဆိုသည်ကို လေ့လာ မှတ်သား ခဲ့ရဖူး၏။

စစ်တက္ကသိုလ်တွင် စီနီယာဆိုသည်ကို ဤမျှကြောက်ရ၏။ စစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်သော မြန်မာစစ်တပ်အတွင်း အထက်အရာရှိနှင့် စီနီယာကို လက်အောက်ငယ်သား များမှ အချိန်မရွေး၊ နေရာမရွေး၊ ဘယ်လို အခြေအနေ မျိုးမှာပင်ဖြစ်ဖြစ် ကြောက်ရွံ့နေစေရန် ပုံစံချ ရိုက်သွင်းပေးလိုက်ခြင်းပင် ဖြစ်သည်။ ဒါကိုပင် ဂျပန်စစ်ပညာ နှင့် အင်္ဂလိပ်စည်းကမ်းကို ပေါင်းစပ်ဖွဲ့စည်းထားသော မြန်မာ့တပ်မတော်၏ ထူးခြားပြောင်မြောက်သည့် မဟာစစ် ပညာဟု မျက်နှာပြောင်တိုက် ၀ါဒဖြန့်စည်းရုံးနေသေး၏။ အမှန်တော့ ယနေ့မြန်မာပြည်၏ အနာဂတ်ရေးကို ဖျက်စီးနေသော တကိုယ်ကောင်းဝါဒ စစ်အာဏာရှင်ကြီးများ ယင်းတို့၏ စနစ်ဆိုးအဓွန့်ရှည်ရေး အဓိက မဏ္ဍိုင်ဖြစ်သည့် ကြောက်ရွံ့မှုပေါ် အခြေပြုသော ဆန့်ကျင်ခွင့် လုံးလုံး မရှိသည့် အမိန့်နာခံမှုကို ဖန်တီး မွေးမြူခြင်းပင် ဖြစ် သည်။

ကျနော်တို့လူသစ် ပထမနှစ်များအား၊ တပ်ခွဲ၊ တပ်စုများကို ဖြန့်ခွဲနေရာ ချထား၏။ ကျနော်က စစ်တက္ကသိုလ်ရှိ တပ်ခွဲကြီး လေးခွဲဖြစ်သော အောင်ဇေယျတပ်ခွဲ၊ ဘုရင့်နောင်တပ်ခွဲ၊ အနော် ရထာ တပ်ခွဲနှင့် အောင်ဆန်းတပ်ခွဲတို့အနက်မှ အောင်ဇေယျ တပ်ခွဲ၊ တပ်စု (၈) တွင် နေထိုင် ရန် သတ်မှတ်ပေးခြင်း ခံရ၏။ ကျန်သော ပထမနှစ် ဗိုလ်လောင်း အားလုံးလည်း ထိုနည်းတူပင် ကိုယ်စီ၊ ကိုယ်စီ သတ်မှတ်ပေးသော တပ်ခွဲ၊ တပ်စု အလိုက် အိပ်ဆောင်များသို့ ပြောင်းရွှေ့ နေထိုင်ကြရသည်။ ဤသူငယ်ချင်းများသည်သာ ကောင်းတူ၊ ဆိုးဖက်၊ မရှိအတူ ရှိအမျှ အတူတကွ နေခဲ့ကြရ၏။ ကျန်သော သူငယ်ချင်းများနှင့်မူ၊ ဤသူများလောက် အနေ မနီးလှပေ။

တပ်စု တစုတည်းနေရသူတို့မှာ စာသင်လျှင်လည်း အတူ၊ စားအတူ၊ သွားအတူ၊ ကင်းစောင့်အတူ၊ ဖိနပ်တိုက် အတူ၊ ရေချိုးအတူ၊ ဆေးလိပ်ခိုးသောက်အတူ၊ မုန့်ခိုးစား အတူ၊ အိပ်လျှင်လည်း ခုတင်ချင်းကပ်လျှက် အိပ်ကြရရာ၊ မိမိတို့ ညီရင်းအကိုများထက်ပင် ရင်းနှီး ခင်မင်ကြသေး၏။ တယောက်အကြောင်း၊ တယောက် အူမ ချေးခါးမကျန်၊ အကျင့်ဆိုး၊ အကျင့်ကောင်း၊ အကျင့်တန် အကျင့်စရိုက် အားလုံးကို သိကြ၏။ တဦးကိုတဦး ဖေးမကူညီ လျှက် ကြမ်းတမ်းခက်ထန် ပင်ပန်းမှုတို့အပြင်၊ ရိုင်းစိုင်းလှသည် ဆိုသော စစ်တက္ကသိုလ်၏ လေ့ကျင့် သင်ကြားမှု သင်ခန်းစာများ၊ လက်တွေ့လေ့ကျင့်မှုများအတွင်း ပင်ပန်းသမျှ အပြန် အလှန်၊ ဖြေသိမ့် အားပေး၊ နွေးထွေးစေခဲ့ကြ၏။ မြန်မာ့တပ်မတော်၏ ရဲဘော်ရဲဘက်စိတ်ဓါတ် အစစ်အမှန် ဆိုသည်ကို စစ်တက္ကသိုလ်တွင် ဗိုလ်လောင်း သင်တန်းသားအဖြစ် လေးနှစ်တာ တက်ရောက်စဉ်အတွင်းကသာ ကြုံတွေ့ ခဲ့ရဖူးပါ၏။

ဗိုလ်လောင်းကုန်ခေါ် ဗိုလ်လောင်း အိပ်ဆောင်ကြီးများဆီသို့ စတင်ရောက်သည့် နေ့မှစ၍ ကျနော်တို့သည် အရှင်လတ်လတ် ကြုံဆုံမြင်တွေ့ ဖြတ်သန်းနေရသော အခြေအနေ များကြောင့်၊ အပါယ်လေးဘုံတို့ ဆိုသည်မှာ ဒါတွေပင် ဖြစ်မလားဟု ထင်ရလောက်အောင် ဆိုးဝါးလှသော ထိတွေ့ဆက်ဆံခံရမှုတို့ဖြင့် တုန်လှုပ်ကြောက်ရွံ့ နေကြရ၏။ နေ့တဓူဝ၊ ကြုံတွေ့ရသမျှတို့သည်လည်း ယုံကြည် နိုင်ရန် ခက်ခဲလွန်းလှသော ကြမ်းတမ်း ရက်စက်စွာ ပြောဆို ပြုမူဆက်ဆံခံရခြင်း၊ အပြစ်မရှိ၊ အပြစ်ရှာ ခံရကာ နှိပ်စက် အပြစ်ပေးခံရခြင်းတို့ဖြင့် တုန်လှုပ် အံ့သြဖွယ်ရာ အချိန် များကို ဖြတ်သန်းရင်ဆိုင်ခဲ့ရ၏။

ပထမနှစ် ဗိုလ်လောင်း သင်တန်းသား တဦးအတွက် မလွှဲမသွေ လိုက်နာရမည့် စည်းကမ်းများကို ဖတ်ကြား ရှင်းလင်းခြင်းကပင် မတ်တပ်ရပ် သတိဆွဲကာ၊ မလှုပ်မရှက် နားထောင် နာခံကြရသူ ကျနော်တို့ လူသစ်တသိုက်ထဲ မူးမေ့သတိလစ်ကာ လဲကျသူအချို့ ရှိလာသည်အထိ ရှည်ကြာထွေလျှား၊ များပြားလှပေသည်။ အိပ်ဆောင် စည်းကမ်း၊ စာသင် ဆောင်စည်းကမ်း၊ စားရိပ်သာတွင်း စားသောက်မှုစည်းကမ်း၊ ကိုယ်ခန္ဓာ သန်စွမ်း ကြံ့ခိုင်ရေး လေ့ကျင့်ခန်း စည်းကမ်း၊ စသော စသော အတောမသတ်၊ ပြောမတတ်သော စည်းကမ်းတို့ကို ဖတ်ကြား ရှင်းလင်းကြ၏။ သရုပ်ပြသူ ဒုတိယနှစ် ဗိုလ်လောင်းတို့က ကျနော်တို့ နေ့စဉ် နေ့တိုင်း လှုပ်ရှားသွားလာ လုပ်ကိုင်ရမည့် လုပ်ဆောင်ဖွယ် တာဝန်တွေဖြစ်သည့် နေ့စဉ် သန့်ရှင်းရေး၊ ရေချိုးခန်း၊ အိမ်သာ သန့်ရှင်းရေး၊ လုပ်ဆောင်ရပုံ၊ လမ်းလျှောက်ခြင်း၊ အပြေးတက်ခြင်းဖြင့် ပြင်ပနေရာတို့သို့ သွားလာသောအခါ၊ လိုက်နာ လုပ်ဆောင်ရမည့် စည်းကမ်း၊ ကလနားတို့ကို လက်တွေ့ သရုပ်ပြ သင်ပေးကြ၏။ ကျနော်တို့မှာကား မကြား တစ်ချက်… ကြားတချက် အဘယ်ကြောင့်ဆို ပြင်းထန်များပြားလှသော အပြစ်ပေး ခံထားရမှုများကြောင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် လှုပ်ပင် မလှုပ်ချင်တော့အောင် နွမ်းနယ် ပင်ပန်း နေကြချိန်တွင် ရှည်လျှား ထွေပြားသော အမိန့်နှင့် ညွန်ကြားချက် စကားလုံး အကြောင်းအရာတို့ကို ခံစားမှတ်သားမနေနိုင်၊ ဤကဲ့သို့သော ခံပြင်းဖွယ်၊ နာကျည်း စက်ဆုပ်ဖွယ် ကောင်းလှသည့် အချိန်တို့ကိုသာ အလျှင်အမြန် ကုန်ဆုံးပြီးစီး ပါစေကြောင်း ရင်တွင်းမှ ကြိတ်ဆုတောင်းနေကြ သောကြောင့် ဖြစ်၏။

လိုက်နာလုပ်ဆောင်ရမည့် အမိန့်နှင့်ညွန်ကြားချက်များ ထုတ်ပြန်ကြေငြာနေချိန်က စိတ်တွေ ကယောင်ခြောက်ခြားဖြင့်၊ ဟိုတွေး ဒီတွေး တွေးနေခဲ့သော ကျနော် အပါအ၀င် ပထမနှစ် ဗိုလ်လောင်းအချို့တို့ သင်တန်းကာလ စစချင်းပင် မလုပ်ရဆိုသော အပြစ်တို့ကို ကျနော်တို့က လုပ်မိပြီး၊ မဖြစ်မနေ လုပ်ကို လုပ်ရမည် ဆိုသော အကြောင်းအရာ ကျတော့ မလုပ်ဖြစ်ပေ။ ထိုအခါ ကျနော်တို့ ပထမနှစ် တသိုက်ကို တချိန်လုံး စောင့်ကြည့် နေသော စီနီယာတို့အတွက် ကျနော်တို့သည် အပျင်းပြေ၊ အပြစ်ပေးခံရသော ပြစ်ဒဏ်ခံ အကျဉ်းသား လေးတွေလို ဖြစ်နေတော့၏။ သူတို့ပြုသမျှ နုရသော ဘာမှပြန်လည် ဝေဖန် ခံပြောခွင့် မရှိသော အနှိပ်စက်ခံ စစ်သားလေးတွေလို ဖြစ်နေတော့၏။ အဘယ်ကြောင့် ဤသို့ အပြစ် ဒဏ်ခံရမည်မှန်း သိရက်နှင့် ပြစ်မှုတွေကို ကျူးလွန်သလဲ ဟု မေးမည်ဆိုလျှင် အဖြေက တခုသာ ရှိပါ၏။ ယင်းမှာ သူတို့၏ လိုက်နာရမည့် စည်းကမ်းများ ကြေငြာချိန်က ကျနော်တို့ အားလုံးနီးပါးသည် ထိုအမိန့်နှင့် ညွန်ကြားချက်များကို စိတ်မ၀င်စား၊ မှတ်သားမနေနိုင်ကြဘဲ အချိန်တို့သာ အမြန်ဆုံး ကုန်ပါစေကြောင်း ဆုတောင်းနေခဲ့ကြသောကြောင့် အပြစ်ဖြစ် နိုင်သည်၊ မဖြစ်နိုင်သည်ကို မသိ၊ လုပ်ချင်ရာ စွတ်လုပ်ကြ၏။ ထိုကြောင့် အပြစ်တွေဖြစ်ကာ ပြစ်ဒဏ်ပေးခြင်း ခံကြရခြင်း ဖြစ်ပေသည်။

ပထမနှစ် ဗိုလ်လောင်းဖြစ်သော ကျနော်တို့သည် စီနီယာ ဗိုလ်လောင်းများဖြစ်သော ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် ဗိုလ်လောင်းများကိုသာ ကြောက်လန့်ရသည် မဟုတ်ပေ။ ယမန်နှစ်က အပတ်စဉ် (----) တွင် ပထမနှစ် ဗိုလ်လောင်းအဖြစ် တက်ရောက်ခဲ့ပြီး ဆန်းစစ်သော အရည်အချင်းစစ် စာမေးပွဲ ကျရှုံး၍ ကျနော်တို့နှင့် အတူ ပထမနှစ်ကိုပင် ပြန်လည်တက်ရောက်ရသော (Repeater) နှစ်ကျ ဗိုလ်လောင်း စီနီယာ ဆိုသူတွေက ပိုဆိုး၏။ မိမိတို့ ပထမနှစ် ဗိုလ်လောင်းများအပေါ် စောင့်ကြည့် ကြပ်မတ်မှုမှာ တကယ့် စီနီယာ ရင့်မကြီးတွေ ထက်ပင် ဆိုးသေး၏။ ၎င်းတို့မှာ ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းများနှင့်အတူ အမြဲပါ သူများဖြစ်ကြ၏။ အိပ်ဆောင်တွင်း ခုတင်ချင်းကပ်လျှက် တဆောင်တည်း နေရသူများဖြစ်ရာ ကျနော်တို့ အကဲကို ယင်းတို့က အမြဲစောင့် ကြည့်နေ၏။ ဂျပန်ခေတ် မြန်မာနိုင်ငံအကြောင်း ရေးသားထားသော စာအုပ်များတွင် ဖတ်ဖူးသည့် ကင်ပေတိုင် ဖက်ဆစ်ဂျပန်ဆိုသည်မှာ ယခုကျနော်တို့ကို အနီးကပ် စောင့်ကြည့်နေသည့် ထိုနှစ်ကျ စီနီယာ ဗိုလ်လောင်းများလောက် ဆိုးမည် မထင်။

ပထမနှစ် သင်တန်းကာလ စစချင်း ကျနော်တို့ ပထမနှစ် ဗိုလ်လောင်း သင်တန်းသား များအား စစ်ရေးပြနှင့် လက်နက်ငယ် ကျွမ်းကျင်မှု လေ့ကျင့်ခန်းများကို သင်ကြားလေ့ကျင့် ပေး၏။ ထိုသင်တန်းကာလမှာ သုံးလဖြစ်၏။ ထိုသုံးလ ကာလအတွင်း စစ်ပညာ အခြေခံ လေ့ကျင့်ခန်းများ ဖြစ်သော အထက်ပါ လေ့ကျင့်ခန်းများ လေ့ကျင့် သင်ကြားပေးနေချိန်တွင် အဆိုပါ နှစ်ကျ ဗိုလ်လောင်းများလည်း ပါ၏။

ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

PDF ဖိုင်ဖြင့်ဖတ်လိုပါက .ဒေါင်းလုပ်. ယူပါ


0 ထင်မြင်ချက်: