Wednesday, February 6, 2008

ယနေ့ စစ်တပ် ဘာတွေဖြစ်နေသလဲ (၇)

ယင်းတို့က ကျနော်တို့၏ သွားပုံ၊ လာပုံ၊ နေပုံ၊ ထိုင်ပုံ အစစကို အသေးစိတ် စောင့်ကြည်ပြီး၊ ၎င်းတို့စိတ်နှင့် မတည့်သူများကို မညှာမတာ အပြစ်ပေး၏။ ကျနော်တို့ ပထမနှစ် လူသစ် အင်အား ၃၀၀ နီးနီးတွင် ဗိုလ်ကျ မင်းမူ နေသော နှစ်ကျ ဗိုလ်လောင်း (၈) ယောက်ခန့်ကို အားလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်နေရ၏။ ၎င်းတို့ ခိုင်း သောအမိန့်ကို အတိအကျ လိုက်လုပ်လျှင် လုပ် သို့မဟုတ်ပါက နာပြီသာမှတ်၊ သို့သော် ၎င်းတို့က အိပ်ဆောင် အပေါ်ထပ်နေ စီနီယာတို့လောက် မဆိုးဟု ဆိုနိုင်သည်။ တတိယနှစ်နှင့် ဖိုင်နယ် ဗိုလ်လောင်းတို့က မိမိတို့ကို ၎င်းတို့ အိပ်ခန်းအား ကြမ်းတိုက်ခိုင်းလို ခိုင်း၊ ဖိနပ်တိုက်ခိုင်းလို ခိုင်း၊ ယင်းတို့ ခိုင်းသမျှ ကျနော်တို့က လိုက်လုပ် ရ၏။ ထွေရာလေးပါး၊ တောက်တိုမယ်ရ သာမက ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုပါ ခိုင်းစေသမျှ လုပ်ပေးရ၏။ နှစ်ကျ ပထမနှစ်များက ဤလောက် မခိုင်းနိုင်။

ကျနော်တို့ ပထမနှစ်များသည် မည်သည့် နေရာ၌ နေနေသည်ဖြစ်စေ၊ မိမိတို့၏ လက်သီးနှစ်ဘက်ကို ကျစ်ကျစ် ပါအောင် ဆုပ်ထားရမည်ဖြစ်သည်။ အိပ်ချိန်မှလွဲ၍ လက်သီးနှစ်ဘက်ကို ကျစ်နေအောင် ဆုပ်မထားကြောင်း စီနီယာ တဦးဦးက တွေ့ရှိပါက တွေ့သည့် နေရာတွင်ပင် အပြစ်ပေးခံမည် ဖြစ်၏။ ထိုမျှမကသေး၊ ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းများ အားလုံးသည်၊ အိပ်ဆောင်တွင်းနှင့် အမိုးအကာရှိသော အဆောက်အဦး များအောက် တွင်သာ လမ်းလျှောက်သွားခွင့်ရှိပြီး၊ လမ်းလျှောက်ရာတွင်လည်း ရိုးရိုးတန်းတန်း၊ သာမန်လူတစ်ယောက်ကဲ့သို့ ဟန်နှင့်ပန်နှင့် သွားခွင့်ရမည် မဟုတ်ပေ။ စစ်ရေးပြ သင်ခန်းစာများတွင် လေ့ကျင့်ပေး ထားသည့်အတိုင်း စစ်မာန် ပါပါဖြင့် လက်နှစ်ဘက်ကို ၉၀ ဒီဂရီ အပြည့်ဟု ခေါ်သော၊ တံတောင်ဆစ်ကို ဖြောင့်တန်းအောင် ဆန့်တန်းထားပြီး လက်သီးဆုပ်ကို ပခုံးအမြင့်အထိ ရောက်အောင် အားဖြင့်လွှဲရင်း ခြေလှမ်းကြဲကြဲဖြင့် လမ်းလျှောက်ရ၏။ စစ်တက္ကသိုလ်၏ ဘယ်နေရာတွင် သွားသွား လမ်းလျှောက်ခွင့်မရသည့် နေရာတိုင်းတွင် ဤပုံစံဖြင့်သာ သွားခွင့် ရှိ၏။

အမိုးအကာ၏ အောက်တွင် မဟုတ်သော နေရာများတွင် သွားလာရသောအခါဝယ် ဤလမ်းလျှောက် ပုံစံဖြင့် သွားခွင့် မရှိတော့ပေ။ ဘယ်နေရာ ရောက်ရောက် အပြေးတက်ဖြင့်သာ သွားခွင့်ရှိ၏။ အပြေးတက်ခြင်း ဆိုရာတွင် လည်း လွတ်လပ်ပေါ့ပါးစွာ ပြေးရခြင်း မဟုတ်ပေ။ လက်သီးဆုပ် နှစ်ဘက်ကို ရင်ဝမှာ ပူးကပ်၍ လက်လုံးဝ အောက်မကျစေဘဲ၊ မာန်ပါပါဖြင့် ပြေးရခြင်းဖြစ်သည်။ ထိုသို့ ပြေးရာတွင်လည်း ပြေးပုံ၊ ပြေးနည်း မမှန်ကန်ပါက၊ အပြစ်ပေးခြင်း ခံရပေဦးမည်။ လမ်းလျှောက်ပုံ မမှန်လျှင်လည်း အပြစ်၊ ပြေးပုံပြေးနည်းမမှန်လျှင်လည်း အပြစ်၊ များပြားရှုပ်ထွေးလှသော စည်းကမ်းကလနားများကို အတိအကျ မလုပ်လျှင်လည်း အပြစ်၊ နေရာတိုင်း၊ အချိန် တိုင်းတွင် ကျနော်တို့အတွက် အပြစ်ဆိုသည်များက အသင့်စောင့်ကြိုနေပြီး၊ ရက်ရောစွာ အပြစ်ပေးရန် အတွက် သိမ်းငှက်တို့၏ စူးရှသော မျက်လုံးမျိုးတို့ဖြင့် ရှာဖွေစောင့်ကြည့်နေသော စီနီယာတို့ကလည်း နေရာအနှံ့၊ ကျနော် တို့မှာ အလွန်ပင် အနေအစား ကျပ်တည်းလှ၏။ ဘယ်နေရာ သွားသွား စိတ်လွတ်လပ်စွာ သွားလာရသည် ဟူ၍ မရှိခဲ့ပေ။

တိုက်ပုံ ဖျင်နီကြမ်း တစ်မျိုးတည်းသာလျှင် ကျနော်တို့အတွက် နေ့တဓူဝ တစုံဖြစ်ပြီး၊ အခြားဝတ်စုံ လုံးဝ ၀တ် ဆင်ခွင့် မရှိပေ။ အတွင်းခံအင်္ကျီအဖြစ် ကော်လံလည်ကတုံးအဖြူ တမျိုးသာ ပထမနှစ်တို့အတွက် မရိုးနိုင်သော တနှစ်တာအတွက် ၀တ်စုံဖြစ်ခဲ့ပါသည်။ ပုဆိုးနှင့် တိုက်ပုံ ၀တ်စုံမှာစစ်ယူနီဖောင်း ၀တ်ဆင်ရန် အချိန်မဟုတ်သော သာမန် အချိန်တိုင်းတွင် မဖြစ်မနေ ၀တ်ဆင်ထားရမည့် သတ်မှတ် ၀တ်စုံဖြစ်၏။ ထိုသို့ ပုဆိုးနှင့် တိုက်ပုံ ၀တ်စုံ ၀တ်ဆင်ရန် အမိန့်မှာ ဗိုလ်လောင်းအဆင့်အတန်းတိုင်းအတွက် ဖြစ်၏။ သို့သော်လည်း ၀တ်ဆင်ကြရပုံများက အဆင့်လိုက်မတူညီပေ။ ထိုအကြောင်းများကို အခွင့်အရေးကို ကြိုတွေး မျှော်လင့် တတ်စေရန် သင်ကြားကြပုံ အကြောင်းများ ရှင်းလင်းသောအခါ ထည့်သွင်းတင်ပြပါမည်။

အိပ်ဆောင်တွင်း နေထိုင်မှုစည်းကမ်း၊ ရေချိုးခန်း သွားလျှင်လည်း စည်းကမ်း၊ အိမ်သာ သုံးလျှင်လည်း စည်းကမ်း၊ နေရာတိုင်းတွင် စည်းကမ်းတို့က သတ်မှတ်ပြီး ဖြစ်ပေသည်။

အားလုံးသာ ရှင်းလင်းပြောပြနေရမည်ဆိုလျှင် များပြားလှသော စာမျက်နှာတို့ဖြင့် အချိန်ကုန်၊ လူပမ်းပေမည်။ မနက် ၄ နာရီကျော်ကျော်တွင် အိပ်ရာထ၊ သင်ခန်းစာ သွားရန်နှင့် မိမိ စစ်ယူနီဖောင်း ပြင်ဆင်မှုအတွက် အားလုံး ပြင်ဆင်စရာ ရှိသည်များကို ကော်ရစ်ဒါ(Corridor) မီးသီး၏ အလင်းရောင်ဖြင့် တိတ်ဆိတ်စွာ ပြင်ဆင်ရ၏။ အသံထွက်ခြင်း၊ စကားပြောဆိုခြင်း လုံးဝ မပြုလုပ်ရ။ ထို့နောက် မိမိတို့အတွက် ဒုတိယနှစ် ဗိုလ်လောင်း (အိပ်ဆောင်စစ် တာဝန်ကျသူ) မှ သတ်မှတ်ပေးသော အိပ်ဆောင်အတွင်းအပြင်၊ မြေပြင်၊ အိမ်သာ၊ ရေချိုးခန်း၊ ကော်ရစ်ဒါ စသော တာဝန်ကျရာ နေရာကို ပြောင်လက်နေအောင် တိုက်ချွတ်ခြင်း၊ ကြမ်းတိုက်ခြင်းကို အလျှင် အမြန် ပြုလုပ်ရ၏။ ထိုကဲ့သို့ ကျနော်တို့ ပထမနှစ်များ ကုတ်ကုတ်ဖြင့် အလုပ်တွေ လုပ်နေရချိန်အထိ၊ စီနီယာ များက မနိုးသေးပေ။ မနက် (၅)နာရီထိုး၍ တာဝန်မှူး ဖိုင်နယ်ဗိုလ်လောင်းက အိပ်ရာထချိန် ခရာမှုတ်သောအခါ၊ ကျနော်တို့ ပထမနှစ်များအားလုံး (တယောက်မကျန်) အိပ်ဆောင် အပြင်ဘက်ထွက်၍ ..အိပ်ရာထချိန်.. အိပ်ရာ ထချိန်… အိပ်ရာထချိန် ဟု သုံးကြိမ်တိတိ အော်ကြရ၏။ မအော်ဘဲ အပါးခိုနေ၍ မရ။ စောင့်ကြည့်နေသူ စီနီယာ တဦးဦးက တွေ့သွားလျှင် မအော်ဘဲ အသံတိတ်ရှိုင်းနေသူ ပထမနှစ်သည် အပြစ်ပေးခြင်းခံရမည် ဖြစ်၏။ မနက် (၅) နာရီ ဟုဆိုသော်လည်း ကျနော်တို့ကို အနီးကပ်စောင့်ကြည့်နေသူ နှစ်ကျ (Repeater) များနှင့် ဒုတိယနှစ် ဗိုလ်လောင်း (အိပ်ဆောင်စစ်ဆေးရန် တာဝန်ကျသူ) တို့မှ စောင့်ကြည့် နေကြ၏။ မှောင်နေလို့ မမြင်လောက်ဟု မရှိုင်းရဲပေ။ (စစ်တက္ကသိုလ် အတွင်းသမားရိုးကျ ဖြစ်နေသော ဗန်းစကား များစွာရှိသည့် အနက်ရှိုင်းသည်ဆိုသည် မှာ တာဝန်ကျသော အလုပ်၊ အကြောင်းအရာ တခုခုကို မလုပ်ဘဲ၊ အပါးခိုခြင်း၊ ကိုယ်ဘက်သာအောင် လိမ်ညာ၊ ဟန်ဆောင် ရှောင်တိမ်းခြင်း စသော နည်းလမ်းပေါင်းစုံဖြင့် ရေသာခို အချောင်လိုက်ခြင်းကို ခေါ်ဆို သုံးနှုန်းသော ဗန်းစကား တစ်ခုဖြစ်ပေသည်။) အိပ်ရာထချိန်ဟု အသံကုန် အော်ဟစ်ပြီး သည်နှင့် တပြိုက်နက်ထဲပင် ကျနော်တို့ အားလုံး မိမိလုပ်လက်စ ဖြစ်သော ကြမ်းတိုက်ခြင်း၊ တံမြက်စည်းလှဲခြင်း၊ ရေလောင်းခြင်း စသော အလုပ်များကို ကပြာကသီ လက်စသတ်၍ မိမိတို့ အိပ်ဆောင်အတွင်း ပြေးဝင်ကာ မနက် ပီတီ(PT)ဟု ခေါ်သော ကိုယ်ခန္ဓာ သန်စွမ်း ကြံ့ခိုင်ရေး လေ့ကျင့်ခန်း ဆင်းရန်အတွက် ပီတီကွင်းသို့ ပြေးဆင်းရန် ဖိနပ်စီးကြရ၏။

ပီတီဝတ်စုံကား မနက်အိပ်ရာထပြီးကတည်းက ၀တ်ဆင်ထားပြီး သန့်ရှင်းရေး အလုပ်များကို ချွေးတဒီးဒီး ကျ သည်အထိ လုပ်ပြီးဖြစ်၏။ သြော်… ကျနော်တို့ ပထမနှစ် သင်တန်းသားတို့သည်သာ မမောနိုင်၊ မပန်းနိုင် ပုရွက် ဆိတ်လေးတွေလို တကုပ်ကုပ် အလုပ်ရှုပ်နေကြ၏။ ပြင်ပမှ လောက တခွင်သည် တောင်ပေါ်မြို့၏ ရာသီဥတု အတိုင်း အေးမြချမ်းစိမ့်နေပေ၏။ ရောင်နီလင်း အာရုဏ်သည်ပင် ယခုမှ ခေါင်းပြူကာ လောကတခွင်ကို ကြည့်ရှု ရန် ပြင်ထန်ဆဲအချိန်မှာ ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းများတော့ ယခု ပြောပြခဲ့သည့် အတိုင်း တနှစ်တာ လုံး လုံး ရိုးအီနေအောင် ဖြတ်သန်းရင်ဆိုင် ခဲ့ရပါ၏။

မနက် ၅ နာရီ ၁၅ မိနစ်တွင် တာဝန်မှူးတာဝန်ကျသူ ဖိုင်နယ်ဗိုလ်လောင်းက ပီတီဆင်းချိန် အချက်ပေး ခရာကို မှုတ်၏။ ဤအချိန်တွင် ပထမနှစ်မှသည် နောက်ဆုံးနှစ် ဖိုင်နယ်အထိသော ဗိုလ်လောင်းအားလုံး ပီတီကွင်းသို့ ဆေးရုံတက်ရောက် နေသူမှအပ အားလုံး အချိန်မီ ရောက်ရှိနိုင်ရန် ဆင်းကြရသည်။ ပျက်ကွက်ခွင့် မရှိပေ။ ဤသို့ ပီတီကွင်းသို့ ဆင်းရာတွင်လည်း စီနီယာ အဆင့်လိုက် မူတည်ပြီး သွားပုံ၊ လျှောက်ပုံ မတူသေးပေ။ သူ့အခွင့် အရေးနှင့် သူ၊ ကိုယ့်အဆင့်နှင့် ကိုယ့်အမူအရာ ကွဲပြားကြလေသည်။ ဖိုင်နယ်များသည်ကား ဆင်းချင်သလိုဆင်း။ လမ်းပဲ လျှောက်လျှောက်၊ ပြေးချင်သည့် လမ်းကြား၊ ဖြတ်လမ်းက ပဲပြေးပြေး၊ ဘာမှ ပြဿနာ မရှိ၊ ဒီကြားထဲ အိပ် ရာထ နောက်ကျပြီး အချိန်မမီမှာ စိုးသည့်အတွက် ကသောကမျော၊ ဒရောသောပါး ပြေးဆင်းလာသူ ဖိုင်နယ် တွေက ရှိသေး၊ တချို့ဆို အင်္ကျီပင် မ၀တ်နိုင်ဘဲ ကိုယ်တုံးလုံးဖြင့် အင်္ကျီကိုင်ကာ ပြေးဆင်းလာပြီး ပြေးရင်းလွှား ရင်း စွပ်လာသည်ကိုလည်း တွေ့ရမည်။ တတိယနှစ်များ၊ ဤလောက် ပေတေနောက်ကျခြင်းတော့ မရှိ၊ ကျနော်တို့ ပထမနှစ်နှင့် ဒုတိယနှစ် ဗိုလ်လောင်းများကတော့ မြေနိမ့် ချိုမ့်ဝှမ်း အတွင်း တည်ရှိသည့် ပီတီကွင်းသို့ အပြေး ဆင်းခြင်းဖြင့် ဆင်းရ၏။ လမ်းလျှောက်ခွင့် လုံးဝမရှိပေ။ လက်မောင်းရင်းတွင် တပ်ဆင်ထားသည့် အပိုင်း တံဆိပ် များကို ကြည့်ခြင်းဖြင့် မည်သူသည် မည်သည့်နှစ် သင်တန်းသား ဖြစ်သည်ကို အထင်းသား သိနိုင်၏။

ပထမနှစ်နှင့် ဒုတိယနှစ် ဗိုလ်လောင်းတို့က အပြေးဆင်းဖြင့် ဆင်းရသည်ဆိုသော်လည်း ပုံစံချင်းက မတူပေ။ ပထမနှစ် ကျနော်တို့က ဆုပ်ထားရသော လက်သီးနှစ်ဖက်ကို ရင်ဘတ်တွင် ထိကပ်ထားပြီး ပြေးရခြင်း ဖြစ်၏။ ဒုတိယနှစ်ဗိုလ်လောင်းများကျတော့ ကျနော်တို့ကဲ့သို့ လက်သီးဆုပ်၍ ရင်ဘတ်မှာ ထိကပ်ပြီး ပြေးရန် မလိုတော့ သော်လည်း လက်သီးနှစ်ဖက်ကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားရသေးသည်။ သူတို့ ဒုတိယနှစ် ဘ၀သည် လည်း လွတ်လပ်မှု မရှိသေးပေ။ ဘယ်နေရာ၊ ဘယ်သွားသွား၊ လက်သီးနှစ်ဖက်ကို ဆုပ်ထားရပြီး လက်နှစ်ဖက် ကို ၄၅ ဒီဂရီလွှဲကာ လမ်းလျှောက်ရသည်။ ယခုကဲ့သို့ ပီတီကွင်းသို့ ဆင်းသော အခါတွင်လည်း၊ လက်သီး နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ပြေးဆင်းရသည်။ ဤနေရာတွင် ကျနော်တို့ ပထမနှစ်နှင့် ၎င်းတို့ ဒုတိယနှစ် ဗိုလ်လောင်းတို့ ပုံစံချင်း ကွဲပြားပါလေပြီ။ ကျနော်တို့က လက်သီးဆုပ် နှစ်ခုကို ရင်ဝတွင် ထိကပ်လျှက် ပြေးကြရ ပြီး၊ ၎င်းဒုတိယ နှစ်များကတော့ ထိုသို့ ပြေးရခြင်းမှ ကင်းလွတ်ခွင့် ပေးထား၏။ ထိုသို့သော သက်သာရာ၊ သက် သာကြောင်းပုံစံ၊ အခွင့်အရေးများကို စီနီယာဖြစ်လာသည်နှင့်အမျှ တဆင့်ပြီးတဆင့် ရရှိခံစားခွင့်ပြုမည် ဟု ဗိုလ် လောင်း တပ်ရင်းမှူးတာဝန်ကျ ဗိုလ်လောင်းက ပြော၏။

ထိုသို့ စီနီယာတန်းရောက်လာမှ ခံစားခွင့်ရသော အခွင့်အရေးမို့ထင်သည်။ ဒုတိယနှစ် ဗိုလ်လောင်းများသည် ပီတီကွင်းသို့ ပြေးဆင်းသည့် အခါတိုင်း ဒုတိယနှစ်ဟူသော စီနီယာ ဖြစ်ကြောင်းကို ကြွားလိုသည့်ဟန်ဖြင့် ကျနော် တို့ ရှေ့ရောက်တိုင်း၊ လက်နှစ်ဘက်ကို ပေါင်ရင်းနားထိ ချကပ်၍၊ ကားကား ကားယားဖြင့် ပြေးကြ၏။ သူတို့၏ အမူအရာဖြင့် ၀ါကြွား ပြောဆိုသော အဓိပ္ပါယ်မှာ ကျနော်တို့ ပထမနှစ်များ ကဲ့သို့ လက်သီးနှစ်ဖက်ကို ရင်ဝမှာ ထိကပ်၍ အားမာန် မပါစွာသော တင်းကျပ်မှုဖြင့် ပြေးတက်၊ ပြေးဆင်းရသော ဂျူနီယာ ဘ၀ကို သူတို့ ကျော်ဖြတ် နိုင်ခဲ့ပြီး၍ ယခုစီနီယာဘ၀ အခွင့်အရေးကို ရရှိလာခဲ့လေပြီ၊ အဆင့်ချင်း မတူလျှင်၊ ခြေရာ လာမတိုင်းနဲ့ ဆိုသော ပုံစံမျိုးဖြင့် ကျနော်တို့နှင့် ပုံသဏ္ဍာန်ချင်း ကွဲပြားစွာ၊ လက်ကားယား၊ ခြေကားယားဖြင့် အကွာကြီး မဟုတ်ပေ။ အလွန်ဆုံး ကွာလှ၊ တနှစ်သာဖြစ်၏။ အချို့သော ဒုတိယနှစ် ဗိုလ်လောင်းမှာ ကျနော်နှင့် သက်တူရွယ်တူ ဖြစ်၏။

ကျနော်တို့ ပထမနှစ်များထဲမှ ယောင်ရမ်းပြီး ထို ဒုတိယနှစ်များပြေးသကဲ့သို့ လက်နှစ်ဖက် ဘေးချ၍ စတိုင်လ် လုပ်ပြီး မပြေးမိလိုက်နှင့်၊ စီနီယာ တဦးဦးတွေ့ရှိသွားပါက နာပြီသာမှတ်၊ စစ်တက္ကသိုလ်တွင် သတ်မှတ်ထား သော စည်းမျဉ်းစည်းကမ်းများအနက်၊ စီနီယာကို ခြေရာတိုင်းသော (သို့မဟုတ်) ခွာရာတိုင်းခြင်းသည် အကြီး လေးဆုံး ပြစ်ဒဏ်ဖြစ်သည်ကို တွေ့ရှိခံစားရခြင်းဖြစ်၏။ စီနီယာကို ခြေရာတိုင်းခြင်း ဆိုသည်မှာ စောစောက ကျနော် ပြောပြခဲ့သော အဆင့်လိုက် ရရှိခံစားလာရမည့် အခွင့်အရေးများကို အချိန်မကျမီ၊ အထက်စီနီယာမှ ခွင့်မပြုမီ သွားရောက်လုပ်ဆောင်မိပါက အတောမသတ်၊ ပြောမတတ်သော ပြစ်ဒဏ်များက တသီတတန်းကြီး ရောက်လာပေလိမ့်မည်။ ငယ်ရွယ်စဉ်ကာလ သင်ကြားရေး ကဏ္ဍမှ အစပြုခဲ့သော မိမိတို့ မြန်မာစစ်တပ်အတွင်းရှိ စစ်အရာရှိ လောက၀ယ် မကျင်လည်ရသေးခင် ဤသင်တန်းသား ဘ၀ သင်ကြား လေ့ကျင့် ပေးသမျှကို ကြည့်၍ ရာထူးနှင့် ခံစားပိုင်ခွင့်ရှိသော အခွင့်အရေးများကို အချိန်နှင့် ကာလ သူ့သက်တမ်း စေ့မှ ရယူပိုင်ဆိုင်လာနိုင်သော မက်မောဖွယ် အခွင့်ထူးကြီးများအဖြစ် ယူဆယုံကြည်သူတို့ ပေါ်ပေါက်လာသည်။ မျှော်မှန်းတွက်ချက်ကာ ကြိုတင်စိတ်ကူးပြီး ထို့အခွင့်အရေး၊ ခံစားနိုင်သော အဆင့်မြင့်မြင့် ရာထူး၊ နေရာများကို အမြန်ဆုံးရောက်လို၊ ရလို စိတ်တို့ တဖြည်းဖြည်း ဆတိုး ပွားများလာကြသည်။ သြော်.. မက်မောဖွယ် အခွင့်အရေးများ၊ အရောင်ခြယ်ထား သော အဆိပ်လူး စိတ်ဓါတ်အတွေးများနှင့် လူငယ်တို့၏ ဖြူစင်ပွင့်လင်းရိုးသားမှု၊ အမှန်တရားကို တန်ဖိုးထား တတ်မှု အဖြူရောင် နှလုံးသားလေးများကို ဖျက်ချေ၊ ပုံသွင်း၊ မြူဆွယ်၊ ဖျားယောင်းကြလေပြီ။

စစ်အာဏာရှင်တို့၏ အခွင့်အရေး၊ ရာထူး၊ အာဏာ၊ နေရာ၊ ငွေကြေး၊ စသော မက်မောဖွယ်ရာ ငါးစာတပ်ထား သော ငါးမျှားချိတ်တို့ဖြင့် မသိနားမလည်သေးသော နုနုနယ်နယ် လူငယ်တိုင်း၏ ခံယူချက်တို့ကို မြူဆွယ် ကျုံး သွင်း၍ မရနိုင်ဆိုသည့်အကြောင်း စစ်ဗိုလ်ချုပ်ကြီးများ သိပါလေစ။

လူငယ်တိုင်းသည် သူတို့အား သမိုင်းကြောင်းကို မျက်ကွယ်ပြုခိုင်းတိုင်း မမြင်ချင်ဟန်ဆောင်နေမည် မဟုတ်၊ နိုင်ငံ၏ အနာဂတ် ကံကြမ္မာသည် လူငယ်တို့ လက်ထဲတွင်သာ ရှိသည်ဟု လေးလေးနက်နက် ခံယူကျင့်သုံးနေ သော မြန်မာလူငယ်မြောက်များစွာတို့၏။ ပေါင်းစည်းညီညွတ်မှု စိတ်ဓါတ်ခွန်အားကို စစ်အာဏာရှင်ကြီးတို့ လျစ် လျူရှုခဲ့သည်မှာ လွန်စွာမှားယွင်းခဲ့ကြောင်း မကြာမှီကာလများတွင် အာဏာရှင် ဗိုလ်ချုပ်ကြီးတို့ သိမြင်လာပေ လိမ့်မည်။

… မြန်မာ့ တပ်မတော်၏ အနာဂတ် သားကောင်း ရတနာများဟု ရည်ရွယ် ကင်ပွန်းတပ်ကာ စနစ်တကျ မောင်းနှင် လေ့ကျင့်ပေးနေသော စစ်တက္ကသိုလ်ကြီး၏ စိတ်ပိုင်း၊ ကိုယ်ခန္ဓာပိုင်း မြင့်မားကြံ့ခိုင်ရေး၊ ဆိုင်ရာ သင်ကြား လေ့ ကျင့် ပေးသမျှတွင် ရိုးသား၊ ဖြူစင် မြင့်မြတ်မှုဖြင့် လူကြီးလူကောင်း ဆန်သော၊ ခေါင်းဆောင်းကောင်း ပီသသော၊ အာဇာနည်တို့၏ ကိုယ်ကျင့်သိက္ခာများကို လေးစားအတုယူဖွယ် ဖြစ်စေသော၊ ကိုယ်ကျင့် စာရိတ္တ စံနှုန်းဆိုင်ရာ အရေးပါသော၊ နိုင်ငံသူ နိုင်ငံသားတို့ အကျိုးကို ရှေးရှုဆောင်ရွက် သယ်ပိုးမည့် ကိုယ်ကျိုးမငဲ့သော မျိုးချစ်စိတ်တို့ တဖွားဖွား ပေါ်ပေါက် စေနိုင်အောင် သင်ကြားလေ့ကျင့်ပေးမှု မည်မျှရှိခဲ့ ပါသနည်း ဆိုသည်ကို ကျနော် တွေ့ကြုံခဲ့ ရသော လက်တွေ့ ခံစားချက်များမှတဆင့် ပြည်သူသို့ ဖောက်သည်ချ ပြောပြသွားပါမည်။

စစ်ရေးပြ လက်နက်ပါ၊ လက်နက်မဲ့ သင်ခန်းစာများကို ကျနော်တို့ အိပ်ဆောင်များနှင့် ကိုက်နှစ်ထောင်မျှ ကွာဝေး သော ကျောင်းဆင်းပွဲ စစ်ရေးပြ ပြုလုပ်ရာ စစ်ရေးပြကွင်း၊ မြက်ခင်းပြင်ကြီးထဲတွင် လေ့ကျင့် သင်ကြားရ၏။ ထိုသင်ခန်းစာများ သင်ကြားရာသို့ နှစ်ကျ စီနီယာများလည်း လိုက်ပါ ရသည်ဖြစ်ရာ ဤသင်ခန်းစာ အချိန်များ အတွင်း သူတို့သည် နယ်စား၊ ပယ်စား ဘုရင်ခံများ အလား အာဏာပြကြတော့သည်။ သူတို့ကတော့ ဆေးလိပ်ခိုး သောက်သူက သောက်၊ အရက် ခိုးဝယ်သောက်သူက သောက်၊ လုပ်ချင်ရာ လုပ်နေပြီး၊ ကျနော်တို့ လူသစ်များ ကျတော့ ထောင့်ပေါင်းစုံမှ စောင့်ကြည့် ကြပ်မတ်၊ အပြစ်ပေး၊ ခြိမ်းခြောက် အနိုင်ကျင့်လျှက် ရှိ၏။ သူတို့ကို ကြောက်ရပုံမှာလည်း အိပ်ဆောင် အပေါ်ထပ်မှ တကယ့်စီနီယာကြီးများကို ကြောက်လန့်ရသည့် နည်းတူ စိုးရိမ် ထိတ်လန့်ရ၏။

ကျနော်က ထိုအချိန်တွင် ဆေးလိပ် ခိုးသောက်သော သူငယ်ချင်း အချို့နှင့် ပေါင်းမိပြီး ဆေးလိပ်သောက်တတ် လာပြီဖြစ်၏။ လူငယ်ဟူသည်မှာ ကောင်းသော အကျင့်စရိုက်ထက်၊ မကောင်းမှု၊ မကောင်းသော ဓလေ့စရိုက်ဆို လျှင် အလွယ်တကူ ကူးစက်ရယူတတ်သော သဘောရှိ၏ ဆိုသည်မှာ ကျနော့်လို လူငယ်မျိုးကို ဆိုလိုခြင်း ဖြစ်မည် ထင်ပါသည်။ စစ်ရေးပြ သင်ခန်းစာ လေ့ကျင့်ခန်း ခေတ္တနားခွင့် ပြုချိန် (၁၅) မိနစ် အချိန်ပိုင်းလေး အတွင်း ကျနော်တို့ အပေါင်းအသင်းတသိုက် ခြုံထူထူ၊ မြင်ကွင်း ဖုံးကွယ်မှု ကောင်းသည့် သစ်ပင်များ အောက်သို့ သွား၍ ဆေးလိပ် ခိုးသောက်ကြ၏။ နှစ်ကျ စီနီယာများမမြင်နိုင်သည့် နေရာဖြစ်သော်လည်း ခိုးကြောင်၊ ခိုးဝှက် ဖြင့် တီးတိုး စကားများ ပြောကာ ဇိမ်ယူကြစဉ်၊ ကျနော်တို့၏ လုပ်ရပ်ကို ချောင်းမြောင်း စောင့်ကြည့် နေသော နှစ်ကျဗိုလ်လောင်းက အလွန်အပြစ်ကြီးမားသော ပြစ်မှုကြီးကို ဖောက်ဖျက် ကျူးလွန်နေသူ တရားခံတို့အား မျက်ဝါးထင်ထင် ဖမ်းဆီးရမိသည့် အထူးစုံထောက်နှယ် ဂုဏ်ယူ ၀င့်ကြွားစွာဖြင့် လာရောက် ခေါ်ဆောင်သွားပါ တော့သည်။ ကံကောင်းစွာပင် သူက တိတ်တဆိတ် လာရောက် ချောင်းမြောင်းနေသည့် အချိန်တွင် ဆေးလိပ်ကို အရသာခံ ဖွာရှိုက်နေသူမှာ ကျနော်ဖြစ်နေ၏။ ထို့ကြောင့် ကျန်သော ဗိုလ်လောင်း များအကြား ဆေးလိပ်သောက် သူတို့အတွက် စံနမူနာပြအဖြစ် ကျနော်က အပြင်းအထန်ဆုံး အပြစ်ပေး ခံရတော့၏။ ထိုအချိန်က အဖြစ်အပျက် ကို ယနေ့တိုင် မမေ့နိုင်ပေ။

ငွေတောင် ဆေးပေါ့လိပ် သေးသေးလေးများ ထိုအချိန်က ခေတ်စားနေ၏။ ဈေးနှုန်းကလည်း အသင့်အတင့်သာ ရှိသည်မို့ အတော်များများသော ဆေးလိပ်သောက်သုံး သူများအကြား ရေပန်းစားအောင်မြင်နေသော ဆေးပေါ့ လိပ်လေးတွေဖြစ်၏။ ထိုနေ့က ငွေတောင်ဆေးပေါ့လိပ် တစည်း ခိုးဝှက် ၀ယ်ယူ၍ ရရှိထား၏။ ထို့ကြောင့် ကျနော် နှင့် အောင်မျိုးထွန်း အပါအ၀င် ပေတေတေ ဗိုလ်လောင်း အချို့တို့၊ လူလစ်မည်ဟု ထင်ရသော နေရာတွင် ဇိမ်ခံ နေခိုက်၊ ဗြုန်းဆိုဝင်လာသော နှစ်ကျ ဗိုလ်လောင်း လင်းထွေးက ကျနော့် လက်ထဲမှ ဆေးလိပ်စည်းကို လုယူပြီး ကျနော့်အား ခေါ်ဆောင်သွားပါတော့၏။

အခြားသော ဗိုလ်လောင်းများ နားနေသည့် မြင်ကွင်းနှင့် မလှမ်းမကမ်းတွင် ရှိသော အုတ်ဘောင် လေးပေခန့် အမြင့်ပေါ်၊ ကျနော်၏ ခြေနှစ်ဘက်တင်၍ လက်နှစ်ဘက်ကို မြေကြီးပေါ်တွင် ထောက်ထားရသော ကင်းမြီး ကောက် အနေအထား၊ အုန်းပင်စိုက် ဒိုက်ထိုးသည့် ပုံစံဖြင့် နေခိုင်း၏။ (ထိုကဲ့သို့ အပြစ်ပေးနည်းမျိုးကို ဘောင် ပေါ်တင်သည်ဟု ခေါ်သည်။ နောက်ပိုင်းတွင် အကျယ်တ၀င့် ရှုင်းပြပါမည်) ၎င်းနောက် ကျနော့်ထံမှ သူသိမ်း ဆည်းရမိသော ငွေတောင်ဆေးပေါ့လိပ် (၁၀)လိပ်ခန့် အစည်းငယ်အား၊ ထိုအစည်းလိုက်အတိုင်း မီးညှိ၍ မြေကြီး ကို မျက်နှာမူ အောက်စိုက်နေရသော ကျနော့်ပါးစပ်အတွင်း မဆန့်မပြဲ လာရောက် ထိုးသွင်း၏။ ကျနော့်မှာ လက် ထောက်မှောက် အနေအထားဖြင့် ဖြစ်ရာ သူ့စိတ်ကြိုက် ပြုမူသမျှ ခံစားနေရသည်။ စစ်အမိန့်ဟူသော အထက်စီနီ ယာ၏ အမိန့်ဟူသမျှ လွန်ဆန်ခွင့် မရှိဟု မကြာခင် ကာလကမှ သင်ကြား မောင်းနှင် ခံထားရသည့် ပြင်းထန် သော ဦးနှောက် ဆေးကြောခြောက်လှန့် ခံထားရမှု အရှိန်ကလည်း မကုန်သေး၊ စီနီယာ ဟူသော လူမှန်သမျှကို အရိပ်ပင် မကြည့်ဝံ့အောင် ကြောက်လန့်နေ နေပြီမို့ သူခိုင်းသမျှ ခေါင်းငုံ့ခံယုံမှတပါး အခြားမရှိပေ။ ..ကဲ.. ဒီ လောက် ဆေးလိပ်သောက်ချင်တဲ့ မောင် သောက်စမ်း.. အ၀သောက်.. အဲဒီ ဆေးလိပ်စည်း မကုန်မချင်း သောက် လုံးဝ ခေါင်းမမော့နဲ့ ဟု ဆိုကာ ဘေးနားမှ ကျနော့်အား အလွန် အင်မတန် ကျေနပ်အားရသော အကြည့်ဖြင့် ထိုင်ကြည့်နေလေ၏။

ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင်ဒေါင်းလုပ် လုပ်ပါ

0 ထင်မြင်ချက်: