Friday, February 8, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၈)

ကဲ..စာဖတ်သူတို့ ကျနော့်နေရာ အစားဝင်ပြီး ခံစားကြည့်ပါ။ ဘယ်လောက်ခံရ ခက်ပါမည်နည်း။ ဆေးလိပ်စည်းမှ ထွက်သော မီးခိုးငွေ့တို့သည် မြေပြင်သို့ အလိုလို လွင့်ပျံကျဆင်းသည် မဟုတ်၊ တလူလူ၊ တငွေ့ငွေ့ဖြင့် ဦးခေါင်းငုံ့ ထားရသော ကျနော့်မျက်နှာပြင်အနှံ့ လာရောက်ရိုက်ခက်နေ၏။ ဖွင့်၍ပိတ်၍ ရသော၊ မျက်စိနှစ်လုံးကို မျက်ခွံ နှစ်ဖက် မှိတ်ထားခြင်းဖြင့်၊ ဆေးလိပ်မီးခိုးပူပူတို့ မ၀င်အောင် ကာကွယ်ထားနိုင်သော်လည်း၊ ကျနော့် နှာခေါင်း ပေါက်နှစ်ခုမှာ ရှုံ့ချည်ပွချည်ဖြင့် ပိတ်၍မရ၊ လက်နှစ်ဖက်မှာလည်း မြေကြီးပေါ် ၀မ်းလျှောက်မှောက် ထောက် ထားရ၍ မအား…။ ခံရခက်လွန်း၍ တအား.. အား အော်ရအောင်လည်း ပါးစပ်ပေါက်ထဲက ဟာကြီးက အငွေ့ တလူလူ…။ ပူတူတူ ဆေးလိပ်ငွေ့တွေက အတားအဆီးမဲ့စွာဖြင့် ကျနော့်နှာခေါင်းပေါက်ထဲ ၀င်ချည်၊ ထွက်ချည်…. ကလူ၏ သို့… မြူ၏သို့ အသက်ရှုခြင်းကိုလည်း ဂျိမ်းစ်ဘွန်း ဇာတ်လိုက်မင်းသားလို သေချင်ယောင်ဆောင်၊ အောင့်မထားနိုင်… မကြာပါ။ ဆေးလိပ်စည်း၏ သုံးပုံ တပုံပင် မီးမလောင်သေး… ကျနော့်နှာခေါင်းပေါက်နှင့် ခံတွင်းမှ၊ နှာရည်ခါးခါးများ ဒလဟော စီးကျလာကာ၊ အငွေ့တလူလူ ဆေးလိပ်စည်းကြီး၊ မီးသေသွား၏။ မီးသေ သွား၍ ပွဲပြီးပြီ မထင်ပါနှင့်.. ပွဲမပြီးသေးခင် မီးသေသွားခြင်းသာ ဖြစ်ပါသည်။

ဂတ်စတာပို စီနီယာ ဗိုလ်လောင်းလင်းထွေးက စေတနာ ဗလပွဖြင့် ဆေးလိပ်စည်းကို မီးထပ်ညှိပေးရန် ကြိုးစား သော်လည်း မရတော့.. ကျနော် ထွေးထုတ်လိုက်သော တံတွေးအရေများနှင့် သူ့အလိုလို စီးကျလာသော နှာရည် တို့က ဆေးလိပ်စည်းကို လောင်ကျွမ်းခွင့် မရတော့အောင် ကာကွယ်နိုင်လိုက်ပေပြီ။ သို့ပါသော်လည်း ထိုသို့ မီး သေသွားအောင် ကျနော်က ကူလီကူမာဖြင့် တံတွေးထွေးထုတ်လိုက်သည်ကို သူသိသည်ဟု ဆိုပြီး ကျနော်၏ ရင်ဘတ်အား အချက်ပေါင်းများစွာ ထိုးကြိတ်ပါတော့သည်။

ဤကဲ့သို့သော အလားတူ၊ ဆင်တူ ရက်စက်စွာ အပြစ်ပေး ခံရခြင်းမျိုး၊ ထိုးကြိတ်ခံရခြင်းတို့အား မကြာခဏ ဆိုးဆိုးဝါးဝါး ကြုံရ၊ ခံရဖန် များလာသောအခါ ကျနော်တို့ ကဲ့သို့သော အနာဂတ် စစ်ခေါင်းဆောင် ဖြစ်လာကြမည့် ပထမနှစ်ဗိုလ်လောင်း လူငယ်အများစုသည်၊ ဘာကိုမဆို ကြောက်လန့် စိုးရိမ်စိတ်ဖြင့် ကြိုတင်တွေးတော ဆင်ခြင် ခြင်း မရှိတော့ဘဲ လုပ်ချင်ရာတွေကို စွတ်လုပ်လာတတ်ကြပေပြီ။ ထိုသို့ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်၊ ဖြစ်လာလျှင် ခံ၊ လုပ်သမျှ ခံနိုင်မည်ဆိုလျှင် ဘယ်သူ့မျက်နှာမှ ထောက်စရာ မလို၊ နာသည်၊ သာသည် တွေးတော သုံးသပ်နိုင် စွမ်းထက် ကိုယ်လိုချင်သော အရာကို ကိုယ့်ဟာကိုယ် ဖန်တီးရယူတတ်စေရန် တကိုယ်တော် ခံစား တတ်လို စိတ်ကို မွေးမြူ ရိုက်သွင်းစေပြီး၊ အဓိက ရည်ရွယ်ချက်အဖြစ် သူတို့ လေ့ကျင့်ပေးလိုသော အထက်အာဏာပိုင်၏ အမိန့်ဟူသမျှ၊ တရားသည် မတရားသည် မဝေဖန် မစဉ်းစားနှင့်၊ ပေးသမျှ၊ ညွန်ကြားသမျှ အမိန့်ကို တသွေး၊ တသံ၊ တမိန့် နာခံနေလျှင် ပြီးရော ဟု ရိုက်သွင်းလေ့ကျင့် ပေးခြင်းခံခဲ့ရမှန်း၊ မကြာသော ကာလ၀ယ် ကျနော်တို့ သိမြင် လာခဲ့သည်။

ပထမနှစ် သင်တန်း ကာလ၏ ဦးဆုံးတလ၊ နှစ်လခန့်အတွင်း အထက်ကပြောပြခဲ့ပြီးသော ဆေးလိပ်ခိုးသောက် မိ၍ ခံစားရသော ပြစ်ဒဏ်ပေးခံရလောက် ယုံခံသာ၊ ဖြေသာသည့် ဝေဒနာကျန် အပြစ်ပေးခံရမှုမျိုးသာ ခံစားရ သေး၏။ ဆိုးဆိုးရွားရွား၊ ကြမ်းကြမ်းတမ်းတမ်း မခံရသေးပေ။ ဆေးလိပ်ငွေ့လေး နှာခေါင်းထဲ ၀င်ရောက် မွှေ နှောက် ကျီစယ် ယုံခံစားရခက်သော ဝေဒနာသည်၊ နောက်များ မကြာမီ တွေ့ကြုံခံစားလာရသော ပြစ်ဒဏ်ပေးခံရ မှုများနှင့် ယှဉ်လိုက်သောအခါ ဆိတ်၏ ကျည်စားမှုကို ခံခဲ့ရသော ဆင်၏ အယားပြေ၊ ဟာသ လောက်သာ အထင်ရှိတော့၏။ ယုံချင်ယုံ၊ မယုံချင်နေပါ။

စစ်ရေးပြ သင်ခန်းစာဟု ဆိုသော စစ်ယူနီဖောင်း ဆင်တူဝတ်၊ လူတစုတို့ ရှေ့နောက်၊ ဘေးဘယ်ညာ၊ ညီညာ ဖြောင့်တန်းစွာ ရင်ဘောင်တန်း ရပ်ပြီး၊ လမ်းလျှောက်ခြင်း၊ ဘေးဘယ်ညာ လှည့်ခြင်း၊ သေနတ်ထမ်း၊ သေနတ် အောက်ချခြင်း စသည်တို့အပြင် ခြေလှမ်းညီညီ၊ လက်လွှဲညီညီ၊ အားလုံးသော လှုပ်ရှားမှုတို့ကို တဦးတည်း သော သူ၏ အမိန့်ပေးသံကို နာခံရင်း လေ့ကျင့်ရ၏။ ထိုကဲ့သို့ အချိန်တခုအတွင်း တညီတညာ တစိတ်ထဲတွေး၍ ပတ်ဝန်းကျင်မှ ရှုမြင်မှု မြင်ကွင်းကို ဟန်ချက်ညီသော လှုပ်ရှားမှုတို့ဖြင့် လေးစားအားကျဖွယ်၊ ပသာဒဖြစ်စေခြင်း၊ စုစည်းညီညွတ်စွာ ပါဝင်ဆောင်ရွက်ရသူတို့ အချင်းချင်း အကြား၊ အပြန်အလှန် ယုံကြည်လေးစား အားထားမှု တိုး ပွားစေခြင်းတို့ဖြင့် မမောနိုင်၊ မပမ်းနိုင် လေ့ကျင့်ရင်း များပြားသောအင်အားတို့၏၊ စုစည်းညီညွတ် ဟန်ချက်ညီမှု ဖြင့် မိမိကိုယ်မိမိ အဖွဲ့လိုက်အအုံအကျင်းလိုက်၊ တက်ညီလက်ညီ စုပေါင်း ဆောင်ရွက်ခြင်း၏ ရလာဒ်များ အတွင်း မိမိကိုယ်မိမိနှင့် အဖွဲ့အစည်းအတွင်းမှ အဖွဲ့ဝင်ဟူသော ယုံကြည်ချက် တစ်ခုကို ဖြစ်ပေါ် ခံစားစေ၏။ ဤသို့ လုပ် ဆောင်နေစဉ် စိတ်ဓါတ်၊ ခံယူချက် စိတ်ပါဝင်စားမှုတို့ ထပ်တူကျနေစဉ် ပမာဏအတွင်း အတိုင်းအဆမဲ့သော အဟုန်အင်အားတရပ် ရရှိပေါ်ထွန်းစေနိုင်သည်ကို လည်းကောင်း၊ ချိန်သားကိုက်သောတွက်ချက်ပုံတူ၊ သဏ္ဍာန်ပုံ တူ ခံစားချက်တို့ဖြင့် စိတ်တူကိုယ်တူ၊ ဟန်တူ မာန်တူ၊ ရည်ရွယ်ချက် တူသော ရှေးရှုချက် တခုဆီသို့ အောင်မြင် ပြီးမြောက်စေအောင် လှမ်းတက်ဆွတ်ခူး နိုင်ခြင်းရှိပုံသည်လည်းကောင်း၊ ယင်းသို့သော ဟန်ဟုန်၊ မာန်ဟုန် ချိန် သားကိုက် လှုပ်ရှားပုံ ထပ်တူကျနေသော လူစု၊ လူဝေး၏ အနှိုင်းအဆမဲ့ စိတ်ဓါတ်ခွန်အားတို့ကို ကောင်းမြတ် မှန် ကန်သော ရှေးရှုရာ ရည်ရွယ်ချက် တခုဆီသို့၊ လမ်းကြောင်းပေး ထိန်းသိမ်းမောင်းနှင် နိုင်စွမ်းရှိသည့် အမျိုးသား ခေါင်းဆောင် (ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ မျိုးချစ်ခေါင်းဆောင်မျိုး) သာ ရှိခဲ့ပါလျှင် အလွန်တရာ ကြီးမားလှသော နိုင်ငံနှင့် ချီသည့်ရလာဒ်၊ တိုးတက်မှုများဆီသို့ အလျှင်အမြန် ရောက်ရှိအောင် လုပ်ဆောင်နိုင်စွမ်း ရှိကြောင်း ကျနော်လေ့လာ သိရှိခဲ့၏။

လက်နက်ငယ် ကျွမ်းကျင်မှုဟု ခေါ်သော မောင်းပြန် ရိုင်ဖယ်သေနတ် ဖြုတ်ခြင်း၊ တပ်ဆင်ခြင်း၊ စနစ်တကျ တိုက် ချွတ်ခြင်း၊ လက်တွေ့ ပစ်ခတ်လေ့ကျင့်ခြင်း စသော စစ်မြေပြင်တွင် လက်တွေ့ အသုံးပြုရမည့် ချေမှုန်းရေး နည်း များကို လေ့ကျင့်သင်ကြားရသော အခါဝယ်၊ မိမိကိုင်ဆောင်သည့် လက်နက်နှင့် ပတ်သက်ပြီး အမြဲ ယုံကြည် စိတ်ချ အားထားရမှုရှိနေစေရန်၊ စဉ်ဆက်မပြတ် ပြင်ဆင်တိုက်ချွတ်၊ စစ်ဆေးစောင့်ကြည့်နေရန်၊ လိုအပ်ပြီး။ ပိုမို သာလွန် ကောင်းမွန်သည့် စွမ်းပကားရှိသည့် အရည်အချင်းကို အချိန်နှင့် တပြေးညီ ရယူပိုင်ဆိုင်နေနိုင်ရန် ပြင် ဆင်ဆောင်ရွက်နေရခြင်းတို့ကို အဓိက အချက်များအဖြစ် စွဲမြဲစွာ မှတ်သား မိလာသည်။ ထိုအချက်ကို အခြေပြု၍ ဆင့်ပွားရယူ တွေးတောမိလာသည်မှာ မိမိကိုယ်ပိုင် အတွင်းစိတ်၏ အနှိုင်းအဆမဲ့သော စိတ်ဓာတ်စွမ်းပကား တန်းခိုး၏ မွန်မြတ်မှန်ကန်မှုမှ ထွက်ပေါ်လာသော တန်ဖိုးစွမ်းရည်ထက်၊ ပြင်ပမှ ယာယီအကူအဖြစ် ငှားရမ်း ပိုင် ဆိုင်နိုင်သော ခေတ်မှီနည်းပညာသုံး အဖျက်စွမ်းအား ကြီးမြင့်သော လူသတ်လက်နက်များကို ရယူပိုင်ဆိုင်ကိုင် စွဲပြီး၊ မိမိမှ အင်အားပြခြိမ်းခြောက်နိုင်စွမ်း ရှိသော၊ အင်အားမဲ့ပြည်သူတွေအပေါ် အုပ်ချုပ်မှု အာဏာတန်ခိုး တည် ဆောက်ခြင်းဖြင့် မသိနားမလည်၊ အသိမကြွယ်၊ မျက်စိသူငယ်၊ နားသူငယ်ဖြင့် ဧရိယာ၊ ပရ၀ုဏ် ၊ အရပ်အ၀န်း၊ မြေမျက်နှာပြင် တခုအတွင်းမှီတင်း နေထိုင်နေကြသော ပြည်သူပြည်သား၊ နိုင်ငံသားများကို (လက်တလုံးခြား ဥပဒေ၏ လှည့်ကွက်ကို အသုံးပြု၍ အာဏာ အမိန့်အား မနာခံပါက၊ ထိခိုက် ဒဏ်ရာရသည်အထိ ပစ်ခတ်ဖမ်းဆီး ခြင်း၊ သို့မဟုတ် အသက်သေဆုံးသည် အထိ၊ သတ်ဖြတ်ခြင်း၊ ခံလာရနိုင်ဖွယ် ရှိလာစေမည် ဟူသော ခြိမ်းခြောက် မှုဖြင့် လည်းကောင်း၊ ဆင်ခြင်တုံတရား၊ အကြောင်းအကျိုး ဆက်စပ် တွေးခေါ်ခြင်း၊ အားနည်းသေးသည့်၊ တရားမဲ့၊ ဥပဒေမဲ့၊ အားကိုးရာမဲ့၊ ယုံကြည်ရာမဲ့ အခြေအနေအတွင်း၊ ဘ၀ရပ်တည် နေရရှာသော သာမန်လူတို့တွင် ပြစ်ပေါ် လေ့ရှိသည့် တစုံတခု ဆုံးရှုံး စွန့်လွှတ်ရမည်ကို စိုးထိတ်ခြင်း ကြောက်စိတ်ကို အခြေပြု ခြိမ်းခြောက် တည်ဆောက် ကာ၊ တန်ပြန်အံတုရန် မ၀ံ့နိုင်သော ဖိနှိပ် အုပ်ချုပ်မှုမျိုးကို အသုံးပြု၍ လည်းကောင်း) အာဏာသုံး၊ ကိုယ်ကျိုးရှာ၊ လက်နက်ရှိသူ လူနည်းစု တစုမှ၊ လက်နက်မဲ့သူ လူများစုအပေါ် ၊ ဖိနှိပ် အုပ်ချုပ်ခြင်း စနစ်ဖြစ်ပေါ်လာခြင်း ဖြစ်မည်ဟု တွေးမိလာသည်။ ထိုသို့ ဆိုးရွား ရက်စက်လွန်းသည့် အကြမ်းဖက် ဖိနှိပ်ခြိမ်းခြောက်မှုကို အခြေပြု သည့် အာဏာရှင်စနစ် ဆိုသည်ကိုလည်း တစ်ကိုယ်ကောင်း အတွင်းစွဲ ဆန်လွန်းသည့် လူမဆန်သူ၊ အဓမ္မ၀ါဒီ၊ ကြောင်သူတော်များက တဖြည်းဖြည်း ရုပ်လုံးသွင်း တည်ထောင်လာခဲ့ခြင်း ဖြစ်တန်ရာ၏ ဟု ဆက်စပ်တွေးခေါ်မှု လေးတွေ ကျနော်တို့ ခံစားမိလာသည်။

ကျနော်၏ အရင်းခံစိတ်ကူးတွင်မတော့ အဓမ္မ၀ါဒီ၊ လူလွန်မသား အတွေးအခေါ်၊ လုပ်ရပ်များကို ငယ်စဉ်ကပင် ဆန့်ကျင်တတ်ခဲ့သူဖြစ်ရာ၊ လူသတ်လက်နက်များဖြင့် အပြစ်မဲ့သူကို ခြိမ်းခြောက်ပြီး၊ အာဏာတန်ခိုး တည် ဆောက် အနိုင်ကျင့်နေသူတို့နှင့် ရည်ရွယ်ချက်ချင်း ဆန့်ကျင်သည့်၊ မွန်မြတ်၊ သန့်စင် ခိုင်မာမြဲမြံ၊ အများအကျိုး ရှေးရှုသော စစ်မှန်သည့် ခေါင်းဆောင်မှု အတွင်းစိတ် တန်ခိုးဖြင့် လွှမ်းဖြန့် ရယူတည်ဆောက် နိုင်သည့် အမျိုး သားခေါင်းဆောင်မျိုး ပေါ်ထွန်းလာလျှင် အာဏာရှင်စနစ်ဆိုး ကျဆုံးမသွားပေဘူးလား၊ ထိုခေတ်တခေတ်၊ ထိုကာလတခုအတွက် မလိုလား၊ မအပ်စပ်ဖွယ်ဖြစ်သည့် လူလွန်မသား၊ ကြောင်သူတော်တို့ ကြီးစိုးသော အာဏာရှင်စနစ် ဆိုသည်ကို ချေဖျက်သုတ်သင်၊ တွန်းလှန်ဖယ်ရှားမပြစ်နိုင် ပေဘူလား၊ ဟူသည့် အတွေးအခေါ် တို့ ကျနော် ဗိုလ်လောင်း ပထမနှစ်အတွင်းမှာပင် တွေးမိလာသည်။ သို့သော် ငြားလည်း အတွေးက နုနု .. လူ့ဘ၀ က ငယ်ငယ်.. ၁၉ နှစ် မြန်မာပြည်သားတဦးအတွက် သင်ကြားလေ့လာဖွယ်၊ ဆက်စပ်တွေးခေါ်ဖွယ်တို့ အများ ကြီး ကျန်ရှိသေးသည်ကို ကျနော် သိရှိခံစားမိလာ၏။

ကြုံတွေ့လာရသော အခြေအနေတို့သည် ကျနော်လိုချင်သော ကြောင်းကျိုး ဆက်စပ်၊ တွေးခေါ် သုံးသပ်နိုင်မှု အခြေအနေကို မပံ့ပိုးနိုင်ပါ။ များမြောင်လှသော စည်းကမ်းများအကြား၊ ကျပ်တည်းလှသော စောင့်ကြည့် အပြစ် ရှာမှုများကြားဝယ် မလူးသာ၊ မလွန့်သာဖြင့် အချိန်တွေ၊ ကုန်မှန်းမသိ ကုန်နေခဲ့ရ၏။

စကားလည်း ပြောခွင့်မရှိ၊ ကိုယ့်အချင်းချင်း ပြောဆိုမေးမြန်း လိုလျှင်ပင် လူမိမှာ အလွန်စိုးထိတ်သည့် သူခိုးလေး တွေ အလား၊ တီတိုးလေသံမျှဖြင့် ပြောဆို ဆက်သွယ်ရ၏။ ထောင်တွင်းမှ ထောင်သားများအား စောင့်ကြပ်ကြည့် ရှုသူ တန်းစီးဟု ခေါ်သော ထောင်ဝါဒါ၏ ခြေသံကို နားစွင့်ရင်း မိမိလုပ်လိုရာကို ခိုးဝှက် လုပ်ကိုင်နေရသလို ပြုမူရသည်မှာ တနှစ်ပတ်လုံးပင်ဖြစ်၏။

မိမိတို့ ပထမနှစ်များအား စားရိပ်သာမှ ကျွေးသော ထမင်း၊ ဟင်းမှလွဲ၍ မည်သည့် နည်းဖြင့်ပင် ရရ၊ မည်သည့် သွားရည်စာ မည်သည့်မှနှ်မျှ စားသောက်ခွင့်မပြုပေ။ စားရိပ်သာ ဟုခေါ်သော အလွန်ကြီးကျယ် ခမ်းနားစွာ ဆောက်လုပ်ထားသည့် ဗိုလ်လောင်း စားရိပ်သာမှ ကျွေးသော၊ ခဲရောရော ကျောက်ရောရော ဆန်ကွဲ ထမင်း နီနီနှင့် ခွေးမစားငါးခြောက်ပုပ် အရည်ဖျော် ဟင်းများကို သင်တန်းစဖွင့် သည့်ရက်မှစ၍ နှစ်ပတ်ခန့် အထိ လုံးဝ စားမ၀င်ပါ။ အစား၊အသောက်က မကောင်းရသည့်အထဲ ရောက်စမှစ၍ တောက်လျှောက်မောင်းနှင် လေ့ကျင့်လာသည့် သင်ခန်းစာများ၊ စီနီယာတို့၏ ရက်စက်သော ပြစ်ဒဏ်ပေးခံရခြင်းများ၊ စသော မိမိတို့ ဘ၀ တွင် တခါမှ မကြုံဘူးးခဲ့သည့် အခြေအနေ၊ ကိုယ်ကာယပိုင်းဆိုင်ရာ ပင်ပန်းကြမ်းတမ်းမှု အခြေအနေဆိုးများကို အံခဲဇွဲဖြင့် ပေတေဖြတ်ကျော်ခဲ့ကြရပြီး၊ ထိုရက်အနည်းငယ် အတွင်းတွင်ပင် ကျနော်တို့ အားလုံးနီးပါသည် လေစုပ်ထုတ်ခြင်း ခံလိုက်ရသော လေထိုးအရုပ်များကဲ့သို့ ရုတ်ခြည်း ပိန်ချုံးကျသွား၏။ ကျနော်တို့ အားလုံးနီးပါး ဟု ဆိုရခြင်းမှာ အကုန်လုံး မဟုတ်၍ ဖြစ်သည်။

ဗိုလ်ကြီးနေသူ (အငြိမ်းစားတပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

PDF ဖိုင်ဖြင့်ဖတ်လိုက.. ဤနေရာတွင်ဒေါင်းလုပ်.. လုပ်ပါ

0 ထင်မြင်ချက်: