Monday, May 25, 2009

ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားပြီးနောက် ငယ်ထိပ် မြွေပေါက်သလို ဖြစ်နေတဲ့ နအဖ

Saturday, May 23, 2009
ရဲဘော်ဖိုးသံချောင်း

နအဖအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုဖမ်းဆီးရုံးတင်ဖို့ အခွင့်အရေး ရသွားတာ - ဒါမှမဟုတ် သူတို့ရဲ့လုပ်ကြံမှု အောင်မြင် သွားတာဟာ နအဖအဖို့ နိုင်ငံရေးအရ လက်ဦးမှု ရသွားတယ်လို့ ယူဆစရာ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ ဆက်ဖြစ်လာတာ တွေနဲ့ ဖြစ်လာ နိုင်တာတွေကို ပြန်တွေးလိုက်တော့ ဒါဟာ နအဖအဖို့ ကံကောင်းတာလား၊ ကံဆိုးတာလား စဉ်းစားစရာ ဖြစ်နေပါတယ်။

စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့ အဆက်ဖြတ်ရေးဟာ သူ့တသက် ကိုယ့်တသက် လုပ်ရမယ့် ကိစ္စလို့ သတ်မှတ် ထားကြဟန် တူပါတယ်။ ဒါကြောင့် နေအိမ်ချုပ် သက်တမ်းစေ့တဲ့ အခါမှာ အခု ဒီဖောက်ထွင်းမှုမှာ အိမ်ရှင်ကို စွဲချက်တင်၊ ထောင်ချဖို့ လုပ်ကြံတော့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ တွက်ထားတာတွေ ထဲမှာ မပါတာတွေ ဆက်တိုက် ဖြစ်လာနေလို့ ဗိုလ်သန်းရွှေ တယောက် ထိုင်နေ အကောင်းသားလို့ ဆိုရမလို ဖြစ်နေပါပြီ။

အိမ်ဖြူတော်မှာ အိုဘားမား တက်လာတဲ့နောက် နအဖ အစိုးရဟာ သူတို့ ဖောက်ချင်နေတဲ့ ရွှေလမ်း ငွေလမ်းတော့ဖြင့် ပေါက် တော့မယ်လို့ မျှော်လင့် ထင်စားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ ဒီကိစ္စ တခုတည်းနဲ့ပဲ စစ်ဗိုလ်ချုပ်တွေဟာ “ဆုချတာခံရမလား ထင်လို့ ဝင်သွားတာ၊ ထိပ်ချတာ ခံလိုက်ရတယ်” ဆိုတာမျိုး ဖြစ်သွားပါတယ်။ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နအဖကို ကလေးငေါက်သလို အပြစ်တင်တာ ခံလိုက်ရပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကတောင် ဒီကိစ္စအတွက် စိတ်ပူတဲ့ အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံရဲ့ကိစ္စကို ပြောခဲလှတဲ့ တရုတ်တို့၊ အာစီယံ တို့ကတောင် “ပညာပေး” တာ ခံနေရပါပြီ။ နောက်ပြီး ဂျပန်လို နိုင်ငံကိုရှင်းပြရ၊ ထိုင်းနဲ့ ကတောက်ကဆ ဖြစ်ရ၊ ဒါ့အပြင် အီးယူက ဘာများ ပြောလာဦးမလဲ၊ တခြားနိုင်ငံတွေက ဘာတွေ ပြောဦးမလဲဆိုပြီး ထမင်းလုံး တစ္ဆေခြောက်တာ ညတိုင်း ခံနေရပါတယ်။ သေချာတာကတော့ သံခင်း တမန်ခင်း အရ၊ နိုင်ငံတကာ ဆက်ဆံရေး အရ နအဖအဖို့ အကြီးအကျယ် နစ်နာရတဲ့ ဘယ်သူမပြု မိမိမှု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်လိုက်တာဟာ နအဖဗိုလ်ချုပ်တွေ အတွက် ဝမ်းသာ စရာလား၊ စိတ်ညစ် စရာလား ဆိုတာကို သိချင်ရင် ရန်ကုန်နဲ့ တခြားမြို့ကြီး တွေမှာ လုံခြုံရေးတွေ အပြည့် ယူနေရတာကို ကြည့်ရင် သိနိုင်ပါတယ်။ ပဒူအုံကို တုတ်နဲ့ ထိုးမိသလို ဖြစ်ဖို့ များနေပါပြီ။ တကယ်လို့ သာ ဒီကိစ္စကြောင့် လူထုအုံကြွ လာတယ်ဆိုရင် ဘယ်သူက သွေးထိုးပေးလို့၊ ပြည်ပက မြှောက်ပေးလို့ စသဖြင့် ပြောလို့ မရတာ သေချာနေပါပြီ။ ဗမာပြည်မှာ ဖြစ်ခဲ့တဲ့ အရေးကိစ္စတွေ မှန်သမျှဟာ အုပ်စိုးသူများ ဖက်က မတော် မတရား လုပ်တဲ့အတွက် ပေါ်ထွက်လာတာတွေ ချည်းဖြစ်ပါတယ်။ ဒါဟာတရားပါ။ စားဝတ်နေရေးနဲ့ လုံးချာလိုက်နေတဲ့ ပြည်သူလူထုဟာ အလကားနေရင်း လမ်းပေါ် ထွက်ပြီး ကိုယ့်ဒုက္ခ ကိုယ်မရှာကြ ပါဘူး။ သံဃာတော်များလည်း အလားတူပါပဲ။ ဒီလို တိုင်းပြည် အတွက် အရေးပါတဲ့ အမှုကြီးတခု၊ နိုင်ငံတကာကလည်း အာရုံစိုက်မယ့် အမှုမျိုးကို ဖန်တီး လိုက်ရတာဟာ တကယ်တော့ နအဖအတွက် ပြောရင်လည်း မရဲပဲကျွဲပြဲ စီးရတာပါ။ ဒါကြောင့်မို့ သံတမန် လောကကို ဟန်ပြအနေနဲ့ တရက်ထဲသာ တရားရုံး တက်ခွင့် ပြုခဲ့ပေမဲ့ ကျန်တာ အားလုံးကို ထောင်ထဲမှာ တံခါးပိတ် စစ်ဆေးနေပါတယ်။ ဒါဟာသူတို့ဖက်က ကျိုးကြောင်း မခိုင်လုံကြောင်း၊ မရိုးသား နိုင်ကြောင်း ဝန်ခံတာတမျိုးလို့ ယူဆရင် ရပါတယ်။

အခုတော့ အမှုကို လူအများရှေ့မှောက်မှာ စစ်ဆေးရေး ဆိုတဲ့ တောင်းဆိုချက်ဟာ ကျယ်လောင် သထက် ကျယ်လောင် လာနေပါပြီ။ အစိုးရ ပြတဲ့ သက်သေတွေကို စစ်ဆေးပြီးခဲ့ သလောက် အရဆိုရင် ဥပဒေအရ နအဖ မုချရှုံးမှာပါ။ သူတို့ ဖက်က သက်သေတွေရဲ့ အစစ်ခံချက် တွေဟာ သူတို့အတွက် အထောက်အကူ လုံးဝ မပြုပါဘူး။ တကယ်ဆိုရင် တရားခံပြ သက်သေတွေ ကိုတောင် စစ်နေဖို့ မလိုလောက်အောင် ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖဟာ သိုးကို မဖြစ်ဖြစ်အောင် စားချင်တဲ့ ဝံပုလွေလိုပဲ “နင်မဟုတ် နင့်အဖေပဲ” လို့ ပြောပြီး အပြစ်ပေးဖို့ လုံးပမ်းမှာပါပဲ။ ဒါမျိုးကို ထောင်ထဲမှာ တံခါးပိတ် စစ်ဆေးတဲ့ ရုံးမျိုးမှာလုပ်ရတာ ပိုလွယ်ကူပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမှုကို အများပြည်သူ တက်ရောက် နားထောင်နိုင်တဲ့ တရားရုံးမှာ စစ်ဆေးရေးဟာ တရားမျှတမှု အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် တရားခွင်ကို လူထု မျက်မှောက် ရောက်အောင် တောင်းဆို ကြရပါမယ်။ ဒါဟာ တရားမျှတ၊ ကျိုးကြောင်း ဆီလျော်တဲ့အပြင် လူတိုင်းသဘော တူနိုင်တဲ့ တောင်းဆိုချက် ဖြစ်တဲ့အတွက် လတ်တလော လှုပ်ရှားမှုမှာ ထိပ်တန်း တင်ရမယ့် တောင်းဆိုချက်၊ ကြွေးကြော်သံ ဖြစ်ပါတယ်။

ဒီတခါ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ကိစ္စဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ဖို့ ပြင်နေတဲ့ လူတွေအတွက်တော့ အတော်လေး အကြပ်ရိုက် သွားမှာ ဖြစ်ပါတယ်။ နအဖလုပ်လိုက်တာက သူတို့ကို ယမ်းချေးပန်း တယ်လို့ ပြောနိုင်ပါတယ်။ တကယ်လို့ သာ သူတို့ အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ သဘောထားပေးဖို့ မေးမြန်းတောင်းဆိုလာရင် သူတို့ဟာ အတတ်နိုင်ဆုံး ခေါင်းရှောင် ချင်ကြမှာပါ။ နအဖအလိုကို လိုက်ပြောရင် မဲရမှာကို ထိခိုက်မယ်၊ နအဖကို ဆန့်ကျင်ရင် ရွေးကောက်ပွဲ ဝင်ခွင့်တောင်မှ ရချင်မှ ရမယ်။ ဒါကြောင့် ဒီကိစ္စမှာ တတိယ အင်အားဆိုသူ တော်တော်များများက ပြောဖို့ ခေါင်းရှောင် နေကြပါတယ်။ ဒါဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း ဒီမိုကရေစီ အတွက် လေ့ကျင့်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

သူတို့နဲ့ပြောင်းပြန်၊ ပြည်သူလူထုကတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကိုယ့် ခံစားချက်၊ ကိုယ့် အမြင်တွေကို ရဲရဲ တင်းတင်းပဲ ဒေါသနဲ့ ပြောနေ ကြပါတယ်။ သည်းမခံနိုင်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ်တွေ ဖော်ပြ နေကြပါတယ်။ ဒီလို အခြေအနေမှာ အချိန်မရွေး ပေါက်ကွဲ ထွက်နိုင်တယ် ဆိုတာကို ဗမာပြည်အရေး နားလည်သူတိုင်း တွေးမိကြမှာပါ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ဆင်ပြီးတင်တာ ဟုတ်မဟုတ် ဆိုတဲ့ မေးခွန်းမျိုးကို ဘယ်သူကမှ အချိန်ကုန်ခံ ဆွေးနွေး မနေကြတော့ပါဘူး။ ဘာကို-ဘယ်လို လုပ်ရင် ကောင်းမလဲ ဆိုတာကိုပဲ ဆွေးနွေးကြမှာပါ။ ပြည်တွင်း၊ ပြည်ပ၊ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ မြို့နေ ဆင်းရဲသား၊ စာရေးစာချီ ဝန်ထမ်း၊ ပညာရှင်၊ ကုန်သည်ပွဲစား၊ စစ်ဗိုလ်စစ်သား၊ အိမ်ရှင်မ၊ မပြောပဲ ဘယ်သူမှ မနေပါဘူး။

ဒီအခြေအနေကို နအဖအစိုးရလည်း မသိတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ အတွက် အနည်းဆုံး ရွေးကောက်ပွဲ ပြင်ဆင်တဲ့ ကာလနဲ့ ကျင်းပတဲ့ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထဲမှာ မလှုပ်ရှားနိုင်အောင် လုပ်ထားဖို့က ပို အရေးကြီး နေပါ တယ်။ ဒါကြောင့်မို့ သူတိုဖက်က ကြည့်ရင်လည်း သေမြေကြီး - ရှင်ရွှေထီး လုပ်လိုက် ရတာပါ။ သူတို့က အမှုကို အမြန် ပြီးပြတ်အောင် တက်သုတ်ရိုက် စစ်နေတာ၊ ကမျောသုံးပါး စွဲချက်တင်တာ တို့ကို ထောက်ကြည့်ရင် နအဖ စစ်ဗိုလ်တွေ ဘယ်လောက် ခြောက်ခြား နေတယ်ဆိုတာ အတိုင်းသား တွေ့မြင်နိုင်ပါတယ်။

ရဲဘော်ဖိုးသံချောင်း

Read More...

Wednesday, April 29, 2009

KNU ဝေါ်လေခီးစခန်း သိမ်းပိုက်ခံရ

ကရင်သတင်းစဉ်
ဧပြီ ၂၉၊ ၂၀၀၉

ကရင်အမျိုးသား အစည်းအရုံး (KNU)၏ ဝေါ်လေခီးတပ်စခန်းကို ယနေ့ မနက်ပိုင်းတွင် ဒီကေဘီအေနှင့် နအဖတပ်များက သိမ်းပိုက်လိုက်သည်ဟု ၎င်းတပ်ရင်း၏ တပ်ခွဲမှူးတဦးက ပြောသည်။

(၂ဝ၁)တပ်ရင်း၊ တပ်ခွဲ(၁)မှူး ဗိုလ်နာ့ကြီးက “ဒီနေ့မနက် ၈နာရီခွဲ ကျော်ကျော်လောက်မှာ စခန်းကို သူတို့ သိမ်းလို့ ရသွားတယ်။ မနေ့ကတည်းက အဆက်မပြတ် တိုက်ပွဲဖြစ်နေတာ။ ထိုင်းရွာသားတွေကို ထိမှာ စိုးလို့ ကျနော်တို့လည်း ရှောင်ပေးလိုက်တယ်လေ” ဟု ကရင်သတင်းစဉ်ကို အတည်ပြုပြောဆိုသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် နအဖနှင့် ဒီကေဘီအေဘက်မှ (၁ဝ)ဦး ထိုင်းရွာသားတဦး လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့ပြီး ရွာသူ ရွာသား ၄ဝဝ ခန့်ကို ၎င်းတို့ရပ်ရွာမှ ပြောင်းရွှေ့ နေရာချထားပေးသည်ဟု သိရသည်။

ဝေါ်လေခီးစခန်းကို သိမ်းပိုက်လိုက်သည့် ဒီကေဘီအေ (၉ဝ၆)၊ (၉ဝ၇)၊ (၉၉၉)၊ (၃၃၃)၊ (၅၅၅) တပ်ဖွဲ့ဝင်များနှင့် နအဖတပ်မှ စစ်ကြောင်း နှစ်ကြောင်းသည် ယခုလ (၅)ရက်နေ့ကတည်းက ထိုးစစ် ဆင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Ref: မိုးမခ


Read More...

လူသတ်မှုကျူးလွန်သူ လေတပ်ဗိုလ်ကြီးကို ဖမ်းဆီးရမိ

NEJ /၂၈ ဧပြီ ၂၀၀၉

ပြီးခဲ့သည့် ဧပြီလဆန်းက ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်တစ်ထောင် လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈)၊ (၄) လွှာ ယာဘက်ခြမ်း အခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံ (၂) ဦးအနက် တဦးဖြစ်သူ လေတပ် ဗိုလ်ကြီး ဖုန်းဇော်အေးကို ဖမ်းဆီး ရမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ကမာရွတ် ရဲစခန်းမှ အမည် မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ဧပြီ (၁၅) ရက် သင်္ကြန်အကြတ်နေ့ တုန်းက ပြည်လမ်းအမှတ် (၄၃၇) မှာ ဖွင့်ထားတဲ့ Summer Palace ဟိုတယ် မန်နေဂျာက ကျနော်တို့ စခန်းကို ဖုန်းဆက်တယ်။ သူတို့ဆီမှာ လူတယောက် တည်းခိုခန်းခ မပေးဘဲ တည်းနေတာ လာစစ် ပေးပါလို့ ဆိုတယ်။ ကျနော်တို့ ဟိုတယ်ကို ရောက်ပြီး သိပ်မကြာဘူး။ လူတယောက် ဟိုတယ် အပေါ်ထပ်ကနေ ခုန်ချတယ်။ အောက်ထပ်က အဖီထုတ်ထားတဲ့ အမိုးပေါ်ကို ပြုတ်ကျပြီး ခြေထောက် ကျိုးသွားတယ်။ ဒါနဲ့ သူ့ကို သွားမေးကြတယ်။ နောက် ဆေးရုံပို့ပြီး စစ်ကြည့်တော့ မင်္ဂလာဒုံ လေတပ်စခန်းက ဗိုလ်ကြီးတယောက် ဖြစ်နေတယ်။ သူပြောတာတွေ ရှေ့နောက် မညီတာနဲ့ ဆက်ပြီး စစ်လိုက်တာ ဗိုလ်တစ်ထောင် လမ်းသွယ် (၄)၊ နှစ်လောင်းပြိုင် လူသတ်မှုက လူသတ်သမား ဖြစ်နေတာ သိရတယ်။ ခု သူ့ကို စစ်တပ်က လာလွှဲယူသွားပြီ” ဟု ပြောသည်။


ပြီးခဲ့သည့် ဧပြီ (၂) ရက်က ဗိုလ်တစ်ထောင်လမ်းသွယ် (၄) အပြင်က သော့ခတ် ထားသည့် တိုက်ခန်း တခန်းမှ အပုပ်နံ့ ထွက်လာ၍ လူများက ရဲကို အကြောင်းကြားခဲ့ရာမှ လူသတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အသတ်ခံရသူများမှာ အသက် (၄၆) နှစ်အရွယ် သင်္ဘောအရာရှိ ဦးခင်မောင်လေးနှင့် ရွှေပြည်သာတွင် နေထိုင်သည့် အငြိမ်းစား ဗိုလ်မှူးချုပ် ကျော်ဝင်း၏ သမီး အသက် (၄၄) နှစ်အရွယ် ဒေါ်အေးအေးဝင်း ခေါ် ဒေါ်မြတ်သီရိခင် ဖြစ်ပြီး မတ်လ (၃၀) ရက် ညက အသတ်ခံရကြောင်း သိရသည်။

ဖမ်းဆီးမိသူ ဗိုလ်ကြီးဖုန်းဇော်အေးသည် ဦးခင်မောင်လေး၏ တူတော်သူဖြစ်ပြီး မကြာခဏ ဦးလေးဖြစ်သူထံ လာရောက်လေ့ ရှိကြောင်း၊ အခင်းဖြစ်ပွားသည့် နေ့က ငွေချေးရာမှ အချင်းများကြပြီး အဖော် တယောက်နှင့် အတူ သတ်သွားသည်ဟု ယူဆရကြောင်း အိမ်နီးနားချင်းများက ပြောကြသည်။

ယခုမှုခင်းနှင့် ပတ်သက်၍ သတင်းထောက်များနှင့် ရဲမှုခင်း သတင်းထုတ်ပြန်ရေး အဖွဲ့ တွေ့ဆုံစဉ် သတင်းထောက်များ၏ မေးမြန်းချက်ကို တာဝန်ရှိသူများက တရားခံတဦး မိပြီ ဆိုသည်မှ လွဲပြီး အခြား ပြောဆိုခြင်း မပြုသကဲ့သို့ သတင်း ရေးသားရန်လည်း လုံးဝ ခွင့်မပြုကြောင်း သိရသည်။

ယခု ပြစ်မှုကျူးလွန်သူသည် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ စစ်အရာရှိ တယောက်ဖြစ်နေခြင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်တော်စပ်သူ ဗိုလ်မှူးချုပ် သိန်းနိုင်၏ တပ်မှ ဖြစ်နေခြင်းတို့ကြောင့် လုံးဝ သတင်းဖော်ပြခွင့် ပြုမည်မဟုတ်ကြောင်း ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်သတင်းထောက် တဦးက သုံးသပ်သည်။

အင်းလျားလမ်း (၅) လောင်းပြိုင် လူသတ်မှုတွင်လည်း ထိပ်တန်း စစ်အရာရှိတဦး၏ သားတဦး ပါဝင်ပတ်သက်နေ၍ မည်သည့်အခါမှ သတင်းထုတ်ပြန်မည် မဟုတ်ကြောင်း စစ်အစိုးရ ထိပ်ပိုင်း အာဏာပိုင်များနှင့် နီးစပ်သူ စစ်အရာရှိကြီးတဦးက ပြောကြားခဲ့သော်လည်း ထိပ်တန်းခေါင်းဆောင် မည်သူ၏ သားဖြစ်သည်ဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

Ref: ခေတ်ပြိုင်

Read More...

အန်အယ်လ်ဒီ စုံညီအစည်းအဝေး စတင် ပြည်နယ် နှင့် တိုင်း (၄) ခု က ဆွေးနွေး

မင်းနိုင်သူ /၂၈ ဧပြီ ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီစုံညီအစည်း အဝေးကို ယနေ့ စတင်ပြီး ကချင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ စသည့် ပြည်နယ်နှင့် တိုင်းတို့မှ ဗဟို အလုပ်အမှုဆောင် အဖွဲ့က တင်ပြသော စာတမ်းကို ပြန်လည်ဆွေး နွေးသွားကြကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“ပြန်လည်ဆွေးနွေးသွားကြတာတွေကတော့ အများကြီးပဲ။ စည်းရုံးရေး အကြောင်းအရာနဲ့ ပတ်သက် တာတွေရော၊ နိုင်ငံရေး အကြောင်းအရာနဲ့ ပတ်သက်တာတွေရော ပြန်လည် ဆွေးနွေး သွားကြပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေ နအဖ စစ်ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးနိုင်မှု ရှိမရှိ၊ အဲဒါတွေကို အဓိကထား ဆွေးနွေး သွားကြတာပေါ့။ မနက်ဖြန် ဆွေးနွေးမှုတွေ အပြီးမှာမှ တစုံတရာ သဘောထား ထုတ်ပြန်ချက် ပေးနိုင်မယ်” ဟု ၎င်းက ပြောသည်။

ယနေ့ဆွေးနွေးခဲ့ကြသော ပြည်နယ်နှင့်တိုင်းများသည် ဗဟို အလုပ်အမှုဆောင် အဖွဲ့မှ တင်ပြသော အစီရင်ခံစာ (၃) ရပ်အပေါ်တွင် ပြန်လည်တုံ့ပြန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲမစတင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ သဘောထား အစီရင်ခံစာကို ဦးသိန်းညွန့် ကလည်းကောင်း၊ ပါတီစည်းရုံးရေး ဆိုင်ရာ အစီအရင်ခံစာကို ဦးအုံးကြိုင်က လည်းကောင်း၊ နိုင်ငံရေးဆိုင်ရာ အစီရင်ခံစာကို ဒေါက်တာ သန်းငြိမ်းက လည်းကောင်း အသီးသီး ဖတ်ကြား တင်ပြခဲ့ကြောင်း သိရသည်။

“ပြည်နယ်နှင့်တိုင်းတွေက စည်းရုံးရေးအဖွဲ့ဝင် ထဲက တဦးနဲ့ လွှတ်တော် ကိုယ်စားလှယ်ထဲက တဦးစီက ပြန်လှန် ဆွေးနွေးတယ်။ မရှင်းတဲ့ အချက်တွေ ပြန်မေးတယ်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့က ပြန်လည် ဖြေကြား ပေးခဲ့တယ်” ဟု ဦးအုံးကြိုင်က ပြောသည်။

အဆိုပါ အန်အယ်လ်ဒီပါတီ စုံညီအစည်းအဝေးသို့ ပြည်နယ်နှင့် တိုင်းများမှ စည်းရုံးရေး အဖွဲ့ဝင် (၆၃) ဦး၊ လွှတ်တော် ကိုယ်စားလှယ် (၉၃) ဦး၊ ဗဟိုလူငယ် (၃) ဦးနှင့် ဗဟို အမျိုးသမီး (၃) ဦးတို့ အပြင် စီအာပီပီ ကိုယ်စား လှယ်များ၊ ၀ါရင့် နိုင်ငံရေး သမားကြီးများနှင့် သံတမန်များပါ တက်ရောက်ခဲ့ကြသည်။

အာဏာပိုင်များဘက်မှလည်း ရဲများ၊ လုံထိန်းများ၊ အရပ်ဝတ် လုံခြုံရေးများဖြင့် စောင့်ကြည့်မှုများ ရှိခဲ့ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...