Monday, February 4, 2008

အဆိုးဆုံးအတွက် အသင့်ပြင်ထားရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

အကျယ်ချုပ်ခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးမှုအခြေအနေကို ကျေနပ်မှု မရှိကြောင်းနှင့် လူထုကိုလည်း အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် အသင့်ပြင်ထားကြရန် ပြောကြားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားသည်။ ဗုဒ္ဓဟူးနေ့ နံနက်က ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်အမှုဆောင်များ တွေ့ဆုံပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲတွင် အချိန်ကန့်သတ်ချက် မရှိခြင်းကို မနှစ်မြို့ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

NLD ခေါင်းဆောင်များနှင့် တွေ့ဆုံနေသော ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်က အဆိုးဆုံးအတွက် အသင့်ပြင်ထားကြရန် ပြောသည့် စကားမှာ လူထုအကြား ချက်ချင်း ပြန့်နှံ့သွားခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလက ကံဆောင် ရဟန်းတော်များနှင့် လူထု၏ ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းပြီးနောက်ပိုင်း အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂက စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် ဖိအားပေးခဲ့သည်။ ဆက်ဆံရေးဝန်ကြီးအဖြစ် ဦးအောင်ကြည်ကို နအဖက ခန့်အပ်ခဲ့သော်လည်း ဆွေးနွေးပွဲအပေါ် နိုင်ငံတကာ၏ ယုံကြည်မှုကို မရသေးပေ။

“ကျနော် ပြောနိုင်တာကတော့ ဒေါ်စုဟာ စစ်အစိုးရနဲ့ လက်ရှိ ဆွေးနွေးပွဲတွေကို ကျေနပ်မှု မရှိဘူး။ အထူးသဖြင့် ဆွေးနွေးမှုက အချိန်ကန့်သတ်ချက် မရှိတာကိုပေါ့”ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။
ကျမတို့ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ပြင်ဆင်ထားရမယ်။ ကျမတို့ နှစ်တွေအများကြီး စွန့်လွှတ်လာခဲ့ပြီဆိုတော့ စိတ်ရှည်ရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ရန်ကုန်မြို့ စစ်အစိုးရ ဧည့်ဂေဟာတွင် ပြုလုပ်ခဲ့သော တွေ့ဆုံပွဲနှင့် ပတ်သက်၍ စစ်အစိုးရဘက်မှ ဝေဖန်ချက် တစုံတရာ မပေးသေးပေ။

အမေရိကန် ပြည်ထောင်စုကလည်း ဆွေးနွေးပွဲတွင် အချိန်ကန့်သတ်ချက် မရှိခြင်းကို မနှစ်မြို့ကြောင်း ဖော်ပြသည်။ “ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောလာတာကို ကြားရတာ ၀မ်းသာပါတယ်”ဟု အိမ်ဖြူတော် လက်ထောက် ပြန်ကြားရေး အတွင်းရေးမှူး တိုနီ ဖရက်တိုက ပြောကြားသည်။ “ဒါပေမယ့် အဓိပ္ပာယ်ရှိတဲ့ အချိန်ကန့်သတ်ချက်နဲ့ ဆွေးနွေးပွဲဖြစ်ဖို့ တိုးတက်မှုမရှိတာ ကြားရလို့ ကျနော်တို့ စိတ်ပျက်မိပါတယ်”ဟု ဆိုသည်။
ဇန်န၀ါရီ ၃၀။

0 ထင်မြင်ချက်: