ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ မနက်ဖြန်ဆိုရင် တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။
............................
နေဖုန်းလတ်(မြို့စားကြီး)
မှတ်မှတ်ရရ သူ့  ဘလော့ဂ် မှာ ပထမဆုံး တင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမား ဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ်။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်းရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန် ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့ သူဟာလည်း သူတစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ် လောကအကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကိုအပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်။ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ရင်နဲ့တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင်သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေ အခြာပဲ။ ဒါပေမယ့် သူ…ဘယ်မှာလဲ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့်နေ ကြတယ်။
..ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ....။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။
နေဖုန်းလတ်..ဘလော့ဂ်သို့
Read More...
Collapse...
ယင်းတို့က ကျနော်တို့၏ သွားပုံ၊ လာပုံ၊ နေပုံ၊ ထိုင်ပုံ အစစကို အသေးစိတ် စောင့်ကြည်ပြီး၊ ၎င်းတို့စိတ်နှင့် မတည့်သူများကို မညှာမတာ အပြစ်ပေး၏။ ကျနော်တို့ ပထမနှစ် လူသစ် အင်အား ၃၀၀ နီးနီးတွင် ဗိုလ်ကျ မင်းမူ နေသော နှစ်ကျ ဗိုလ်လောင်း (၈) ယောက်ခန့်ကို အားလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်နေရ၏။ ၎င်းတို့ ခိုင်း သောအမိန့်ကို အတိအကျ လိုက်လုပ်လျှင် လုပ် သို့မဟုတ်ပါက နာပြီသာမှတ်၊ သို့သော် ၎င်းတို့က အိပ်ဆောင် အပေါ်ထပ်နေ စီနီယာတို့လောက် မဆိုးဟု ဆိုနိုင်သည်။ တတိယနှစ်နှင့် ဖိုင်နယ် ဗိုလ်လောင်းတို့က မိမိတို့ကို ၎င်းတို့ အိပ်ခန်းအား ကြမ်းတိုက်ခိုင်းလို ခိုင်း၊ ဖိနပ်တိုက်ခိုင်းလို ခိုင်း၊ ယင်းတို့ ခိုင်းသမျှ ကျနော်တို့က လိုက်လုပ် ရ၏။ ထွေရာလေးပါး၊ တောက်တိုမယ်ရ သာမက ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုပါ ခိုင်းစေသမျှ လုပ်ပေးရ၏။ နှစ်ကျ ပထမနှစ်များက ဤလောက် မခိုင်းနိုင်။
ကျနော်တို့ ပထမနှစ်များသည် မည်သည့် နေရာ၌ နေနေသည်ဖြစ်စေ၊ မိမိတို့၏ လက်သီးနှစ်ဘက်ကို ကျစ်ကျစ် ပါအောင် ဆုပ်ထားရမည်ဖြစ်သည်။ အိပ်ချိန်မှလွဲ၍ လက်သီးနှစ်ဘက်ကို ကျစ်နေအောင် ဆုပ်မထားကြောင်း စီနီယာ တဦးဦးက တွေ့ရှိပါက တွေ့သည့် နေရာတွင်ပင် အပြစ်ပေးခံမည် ဖြစ်၏။ ထိုမျှမကသေး၊ ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းများ အားလုံးသည်၊ အိပ်ဆောင်တွင်းနှင့် အမိုးအကာရှိသော အဆောက်အဦး များအောက် တွင်သာ လမ်းလျှောက်သွားခွင့်ရှိပြီး၊ လမ်းလျှောက်ရာတွင်လည်း ရိုးရိုးတန်းတန်း၊ သာမန်လူတစ်ယောက်ကဲ့သို့ ဟန်နှင့်ပန်နှင့် သွားခွင့်ရမည် မဟုတ်ပေ။ စစ်ရေးပြ သင်ခန်းစာများတွင် လေ့ကျင့်ပေး ထားသည့်အတိုင်း စစ်မာန် ပါပါဖြင့် လက်နှစ်ဘက်ကို ၉၀ ဒီဂရီ အပြည့်ဟု ခေါ်သော၊ တံတောင်ဆစ်ကို ဖြောင့်တန်းအောင် ဆန့်တန်းထားပြီး လက်သီးဆုပ်ကို ပခုံးအမြင့်အထိ ရောက်အောင် အားဖြင့်လွှဲရင်း ခြေလှမ်းကြဲကြဲဖြင့် လမ်းလျှောက်ရ၏။ စစ်တက္ကသိုလ်၏ ဘယ်နေရာတွင် သွားသွား လမ်းလျှောက်ခွင့်မရသည့် နေရာတိုင်းတွင် ဤပုံစံဖြင့်သာ သွားခွင့် ရှိ၏။
အမိုးအကာ၏ အောက်တွင် မဟုတ်သော နေရာများတွင် သွားလာရသောအခါဝယ် ဤလမ်းလျှောက် ပုံစံဖြင့် သွားခွင့် မရှိတော့ပေ။ ဘယ်နေရာ ရောက်ရောက် အပြေးတက်ဖြင့်သာ သွားခွင့်ရှိ၏။ အပြေးတက်ခြင်း ဆိုရာတွင် လည်း လွတ်လပ်ပေါ့ပါးစွာ ပြေးရခြင်း မဟုတ်ပေ။ လက်သီးဆုပ် နှစ်ဘက်ကို ရင်ဝမှာ ပူးကပ်၍ လက်လုံးဝ အောက်မကျစေဘဲ၊ မာန်ပါပါဖြင့် ပြေးရခြင်းဖြစ်သည်။ ထိုသို့ ပြေးရာတွင်လည်း ပြေးပုံ၊ ပြေးနည်း မမှန်ကန်ပါက၊ အပြစ်ပေးခြင်း ခံရပေဦးမည်။ လမ်းလျှောက်ပုံ မမှန်လျှင်လည်း အပြစ်၊ ပြေးပုံပြေးနည်းမမှန်လျှင်လည်း အပြစ်၊ များပြားရှုပ်ထွေးလှသော စည်းကမ်းကလနားများကို အတိအကျ မလုပ်လျှင်လည်း အပြစ်၊ နေရာတိုင်း၊ အချိန် တိုင်းတွင် ကျနော်တို့အတွက် အပြစ်ဆိုသည်များက အသင့်စောင့်ကြိုနေပြီး၊ ရက်ရောစွာ အပြစ်ပေးရန် အတွက် သိမ်းငှက်တို့၏ စူးရှသော မျက်လုံးမျိုးတို့ဖြင့် ရှာဖွေစောင့်ကြည့်နေသော စီနီယာတို့ကလည်း နေရာအနှံ့၊ ကျနော် တို့မှာ အလွန်ပင် အနေအစား ကျပ်တည်းလှ၏။ ဘယ်နေရာ သွားသွား စိတ်လွတ်လပ်စွာ သွားလာရသည် ဟူ၍ မရှိခဲ့ပေ။
တိုက်ပုံ ဖျင်နီကြမ်း တစ်မျိုးတည်းသာလျှင် ကျနော်တို့အတွက် နေ့တဓူဝ တစုံဖြစ်ပြီး၊ အခြားဝတ်စုံ လုံးဝ ၀တ် ဆင်ခွင့် မရှိပေ။ အတွင်းခံအင်္ကျီအဖြစ် ကော်လံလည်ကတုံးအဖြူ တမျိုးသာ ပထမနှစ်တို့အတွက် မရိုးနိုင်သော တနှစ်တာအတွက် ၀တ်စုံဖြစ်ခဲ့ပါသည်။ ပုဆိုးနှင့် တိုက်ပုံ ၀တ်စုံမှာစစ်ယူနီဖောင်း ၀တ်ဆင်ရန် အချိန်မဟုတ်သော သာမန် အချိန်တိုင်းတွင် မဖြစ်မနေ ၀တ်ဆင်ထားရမည့် သတ်မှတ် ၀တ်စုံဖြစ်၏။ ထိုသို့ ပုဆိုးနှင့် တိုက်ပုံ ၀တ်စုံ ၀တ်ဆင်ရန် အမိန့်မှာ ဗိုလ်လောင်းအဆင့်အတန်းတိုင်းအတွက် ဖြစ်၏။ သို့သော်လည်း ၀တ်ဆင်ကြရပုံများက အဆင့်လိုက်မတူညီပေ။ ထိုအကြောင်းများကို အခွင့်အရေးကို ကြိုတွေး မျှော်လင့် တတ်စေရန် သင်ကြားကြပုံ အကြောင်းများ ရှင်းလင်းသောအခါ ထည့်သွင်းတင်ပြပါမည်။
အိပ်ဆောင်တွင်း နေထိုင်မှုစည်းကမ်း၊ ရေချိုးခန်း သွားလျှင်လည်း စည်းကမ်း၊ အိမ်သာ သုံးလျှင်လည်း စည်းကမ်း၊ နေရာတိုင်းတွင် စည်းကမ်းတို့က သတ်မှတ်ပြီး ဖြစ်ပေသည်။
အားလုံးသာ ရှင်းလင်းပြောပြနေရမည်ဆိုလျှင် များပြားလှသော စာမျက်နှာတို့ဖြင့် အချိန်ကုန်၊ လူပမ်းပေမည်။ မနက် ၄ နာရီကျော်ကျော်တွင် အိပ်ရာထ၊ သင်ခန်းစာ သွားရန်နှင့် မိမိ စစ်ယူနီဖောင်း ပြင်ဆင်မှုအတွက် အားလုံး ပြင်ဆင်စရာ ရှိသည်များကို ကော်ရစ်ဒါ(Corridor) မီးသီး၏ အလင်းရောင်ဖြင့် တိတ်ဆိတ်စွာ ပြင်ဆင်ရ၏။ အသံထွက်ခြင်း၊ စကားပြောဆိုခြင်း လုံးဝ မပြုလုပ်ရ။ ထို့နောက် မိမိတို့အတွက် ဒုတိယနှစ် ဗိုလ်လောင်း (အိပ်ဆောင်စစ် တာဝန်ကျသူ) မှ သတ်မှတ်ပေးသော အိပ်ဆောင်အတွင်းအပြင်၊ မြေပြင်၊ အိမ်သာ၊ ရေချိုးခန်း၊ ကော်ရစ်ဒါ စသော တာဝန်ကျရာ နေရာကို ပြောင်လက်နေအောင် တိုက်ချွတ်ခြင်း၊ ကြမ်းတိုက်ခြင်းကို အလျှင် အမြန် ပြုလုပ်ရ၏။ ထိုကဲ့သို့ ကျနော်တို့ ပထမနှစ်များ ကုတ်ကုတ်ဖြင့် အလုပ်တွေ လုပ်နေရချိန်အထိ၊ စီနီယာ များက မနိုးသေးပေ။ မနက် (၅)နာရီထိုး၍ တာဝန်မှူး ဖိုင်နယ်ဗိုလ်လောင်းက အိပ်ရာထချိန် ခရာမှုတ်သောအခါ၊ ကျနော်တို့ ပထမနှစ်များအားလုံး (တယောက်မကျန်) အိပ်ဆောင် အပြင်ဘက်ထွက်၍ ..အိပ်ရာထချိန်.. အိပ်ရာ ထချိန်… အိပ်ရာထချိန် ဟု သုံးကြိမ်တိတိ အော်ကြရ၏။ မအော်ဘဲ အပါးခိုနေ၍ မရ။ စောင့်ကြည့်နေသူ စီနီယာ တဦးဦးက တွေ့သွားလျှင် မအော်ဘဲ အသံတိတ်ရှိုင်းနေသူ ပထမနှစ်သည် အပြစ်ပေးခြင်းခံရမည် ဖြစ်၏။ မနက် (၅) နာရီ ဟုဆိုသော်လည်း ကျနော်တို့ကို အနီးကပ်စောင့်ကြည့်နေသူ နှစ်ကျ (Repeater) များနှင့် ဒုတိယနှစ် ဗိုလ်လောင်း (အိပ်ဆောင်စစ်ဆေးရန် တာဝန်ကျသူ) တို့မှ စောင့်ကြည့် နေကြ၏။ မှောင်နေလို့ မမြင်လောက်ဟု မရှိုင်းရဲပေ။ (စစ်တက္ကသိုလ် အတွင်းသမားရိုးကျ ဖြစ်နေသော ဗန်းစကား များစွာရှိသည့် အနက်ရှိုင်းသည်ဆိုသည် မှာ တာဝန်ကျသော အလုပ်၊ အကြောင်းအရာ တခုခုကို မလုပ်ဘဲ၊ အပါးခိုခြင်း၊ ကိုယ်ဘက်သာအောင် လိမ်ညာ၊ ဟန်ဆောင် ရှောင်တိမ်းခြင်း စသော နည်းလမ်းပေါင်းစုံဖြင့် ရေသာခို အချောင်လိုက်ခြင်းကို ခေါ်ဆို သုံးနှုန်းသော ဗန်းစကား တစ်ခုဖြစ်ပေသည်။) အိပ်ရာထချိန်ဟု အသံကုန် အော်ဟစ်ပြီး သည်နှင့် တပြိုက်နက်ထဲပင် ကျနော်တို့ အားလုံး မိမိလုပ်လက်စ ဖြစ်သော ကြမ်းတိုက်ခြင်း၊ တံမြက်စည်းလှဲခြင်း၊ ရေလောင်းခြင်း စသော အလုပ်များကို ကပြာကသီ လက်စသတ်၍ မိမိတို့ အိပ်ဆောင်အတွင်း ပြေးဝင်ကာ မနက် ပီတီ(PT)ဟု ခေါ်သော ကိုယ်ခန္ဓာ သန်စွမ်း ကြံ့ခိုင်ရေး လေ့ကျင့်ခန်း ဆင်းရန်အတွက် ပီတီကွင်းသို့ ပြေးဆင်းရန် ဖိနပ်စီးကြရ၏။
ပီတီဝတ်စုံကား မနက်အိပ်ရာထပြီးကတည်းက ၀တ်ဆင်ထားပြီး သန့်ရှင်းရေး အလုပ်များကို ချွေးတဒီးဒီး ကျ သည်အထိ လုပ်ပြီးဖြစ်၏။ သြော်… ကျနော်တို့ ပထမနှစ် သင်တန်းသားတို့သည်သာ မမောနိုင်၊ မပန်းနိုင် ပုရွက် ဆိတ်လေးတွေလို တကုပ်ကုပ် အလုပ်ရှုပ်နေကြ၏။ ပြင်ပမှ လောက တခွင်သည် တောင်ပေါ်မြို့၏ ရာသီဥတု အတိုင်း အေးမြချမ်းစိမ့်နေပေ၏။ ရောင်နီလင်း အာရုဏ်သည်ပင် ယခုမှ ခေါင်းပြူကာ လောကတခွင်ကို ကြည့်ရှု ရန် ပြင်ထန်ဆဲအချိန်မှာ ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းများတော့ ယခု ပြောပြခဲ့သည့် အတိုင်း တနှစ်တာ လုံး လုံး ရိုးအီနေအောင် ဖြတ်သန်းရင်ဆိုင် ခဲ့ရပါ၏။
မနက် ၅ နာရီ ၁၅ မိနစ်တွင် တာဝန်မှူးတာဝန်ကျသူ ဖိုင်နယ်ဗိုလ်လောင်းက ပီတီဆင်းချိန် အချက်ပေး ခရာကို မှုတ်၏။ ဤအချိန်တွင် ပထမနှစ်မှသည် နောက်ဆုံးနှစ် ဖိုင်နယ်အထိသော ဗိုလ်လောင်းအားလုံး ပီတီကွင်းသို့ ဆေးရုံတက်ရောက် နေသူမှအပ အားလုံး အချိန်မီ ရောက်ရှိနိုင်ရန် ဆင်းကြရသည်။ ပျက်ကွက်ခွင့် မရှိပေ။ ဤသို့ ပီတီကွင်းသို့ ဆင်းရာတွင်လည်း စီနီယာ အဆင့်လိုက် မူတည်ပြီး သွားပုံ၊ လျှောက်ပုံ မတူသေးပေ။ သူ့အခွင့် အရေးနှင့် သူ၊ ကိုယ့်အဆင့်နှင့် ကိုယ့်အမူအရာ ကွဲပြားကြလေသည်။ ဖိုင်နယ်များသည်ကား ဆင်းချင်သလိုဆင်း။ လမ်းပဲ လျှောက်လျှောက်၊ ပြေးချင်သည့် လမ်းကြား၊ ဖြတ်လမ်းက ပဲပြေးပြေး၊ ဘာမှ ပြဿနာ မရှိ၊ ဒီကြားထဲ အိပ် ရာထ နောက်ကျပြီး အချိန်မမီမှာ စိုးသည့်အတွက် ကသောကမျော၊ ဒရောသောပါး ပြေးဆင်းလာသူ ဖိုင်နယ် တွေက ရှိသေး၊ တချို့ဆို အင်္ကျီပင် မ၀တ်နိုင်ဘဲ ကိုယ်တုံးလုံးဖြင့် အင်္ကျီကိုင်ကာ ပြေးဆင်းလာပြီး ပြေးရင်းလွှား ရင်း စွပ်လာသည်ကိုလည်း တွေ့ရမည်။ တတိယနှစ်များ၊ ဤလောက် ပေတေနောက်ကျခြင်းတော့ မရှိ၊ ကျနော်တို့ ပထမနှစ်နှင့် ဒုတိယနှစ် ဗိုလ်လောင်းများကတော့ မြေနိမ့် ချိုမ့်ဝှမ်း အတွင်း တည်ရှိသည့် ပီတီကွင်းသို့ အပြေး ဆင်းခြင်းဖြင့် ဆင်းရ၏။ လမ်းလျှောက်ခွင့် လုံးဝမရှိပေ။ လက်မောင်းရင်းတွင် တပ်ဆင်ထားသည့် အပိုင်း တံဆိပ် များကို ကြည့်ခြင်းဖြင့် မည်သူသည် မည်သည့်နှစ် သင်တန်းသား ဖြစ်သည်ကို အထင်းသား သိနိုင်၏။
ပထမနှစ်နှင့် ဒုတိယနှစ် ဗိုလ်လောင်းတို့က အပြေးဆင်းဖြင့် ဆင်းရသည်ဆိုသော်လည်း ပုံစံချင်းက မတူပေ။ ပထမနှစ် ကျနော်တို့က ဆုပ်ထားရသော လက်သီးနှစ်ဖက်ကို ရင်ဘတ်တွင် ထိကပ်ထားပြီး ပြေးရခြင်း ဖြစ်၏။ ဒုတိယနှစ်ဗိုလ်လောင်းများကျတော့ ကျနော်တို့ကဲ့သို့ လက်သီးဆုပ်၍ ရင်ဘတ်မှာ ထိကပ်ပြီး ပြေးရန် မလိုတော့ သော်လည်း လက်သီးနှစ်ဖက်ကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားရသေးသည်။ သူတို့ ဒုတိယနှစ် ဘ၀သည် လည်း လွတ်လပ်မှု မရှိသေးပေ။ ဘယ်နေရာ၊ ဘယ်သွားသွား၊ လက်သီးနှစ်ဖက်ကို ဆုပ်ထားရပြီး လက်နှစ်ဖက် ကို ၄၅ ဒီဂရီလွှဲကာ လမ်းလျှောက်ရသည်။ ယခုကဲ့သို့ ပီတီကွင်းသို့ ဆင်းသော အခါတွင်လည်း၊ လက်သီး နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ပြေးဆင်းရသည်။ ဤနေရာတွင် ကျနော်တို့ ပထမနှစ်နှင့် ၎င်းတို့ ဒုတိယနှစ် ဗိုလ်လောင်းတို့ ပုံစံချင်း ကွဲပြားပါလေပြီ။ ကျနော်တို့က လက်သီးဆုပ် နှစ်ခုကို ရင်ဝတွင် ထိကပ်လျှက် ပြေးကြရ ပြီး၊ ၎င်းဒုတိယ နှစ်များကတော့ ထိုသို့ ပြေးရခြင်းမှ ကင်းလွတ်ခွင့် ပေးထား၏။ ထိုသို့သော သက်သာရာ၊ သက် သာကြောင်းပုံစံ၊ အခွင့်အရေးများကို စီနီယာဖြစ်လာသည်နှင့်အမျှ တဆင့်ပြီးတဆင့် ရရှိခံစားခွင့်ပြုမည် ဟု ဗိုလ် လောင်း တပ်ရင်းမှူးတာဝန်ကျ ဗိုလ်လောင်းက ပြော၏။
ထိုသို့ စီနီယာတန်းရောက်လာမှ ခံစားခွင့်ရသော အခွင့်အရေးမို့ထင်သည်။ ဒုတိယနှစ် ဗိုလ်လောင်းများသည် ပီတီကွင်းသို့ ပြေးဆင်းသည့် အခါတိုင်း ဒုတိယနှစ်ဟူသော စီနီယာ ဖြစ်ကြောင်းကို ကြွားလိုသည့်ဟန်ဖြင့် ကျနော် တို့ ရှေ့ရောက်တိုင်း၊ လက်နှစ်ဘက်ကို ပေါင်ရင်းနားထိ ချကပ်၍၊ ကားကား ကားယားဖြင့် ပြေးကြ၏။ သူတို့၏ အမူအရာဖြင့် ၀ါကြွား ပြောဆိုသော အဓိပ္ပါယ်မှာ ကျနော်တို့ ပထမနှစ်များ ကဲ့သို့ လက်သီးနှစ်ဖက်ကို ရင်ဝမှာ ထိကပ်၍ အားမာန် မပါစွာသော တင်းကျပ်မှုဖြင့် ပြေးတက်၊ ပြေးဆင်းရသော ဂျူနီယာ ဘ၀ကို သူတို့ ကျော်ဖြတ် နိုင်ခဲ့ပြီး၍ ယခုစီနီယာဘ၀ အခွင့်အရေးကို ရရှိလာခဲ့လေပြီ၊ အဆင့်ချင်း မတူလျှင်၊ ခြေရာ လာမတိုင်းနဲ့ ဆိုသော ပုံစံမျိုးဖြင့် ကျနော်တို့နှင့် ပုံသဏ္ဍာန်ချင်း ကွဲပြားစွာ၊ လက်ကားယား၊ ခြေကားယားဖြင့် အကွာကြီး မဟုတ်ပေ။ အလွန်ဆုံး ကွာလှ၊ တနှစ်သာဖြစ်၏။ အချို့သော ဒုတိယနှစ် ဗိုလ်လောင်းမှာ ကျနော်နှင့် သက်တူရွယ်တူ ဖြစ်၏။
ကျနော်တို့ ပထမနှစ်များထဲမှ ယောင်ရမ်းပြီး ထို ဒုတိယနှစ်များပြေးသကဲ့သို့ လက်နှစ်ဖက် ဘေးချ၍ စတိုင်လ် လုပ်ပြီး မပြေးမိလိုက်နှင့်၊ စီနီယာ တဦးဦးတွေ့ရှိသွားပါက နာပြီသာမှတ်၊ စစ်တက္ကသိုလ်တွင် သတ်မှတ်ထား သော စည်းမျဉ်းစည်းကမ်းများအနက်၊ စီနီယာကို ခြေရာတိုင်းသော (သို့မဟုတ်) ခွာရာတိုင်းခြင်းသည် အကြီး လေးဆုံး ပြစ်ဒဏ်ဖြစ်သည်ကို တွေ့ရှိခံစားရခြင်းဖြစ်၏။ စီနီယာကို ခြေရာတိုင်းခြင်း ဆိုသည်မှာ စောစောက ကျနော် ပြောပြခဲ့သော အဆင့်လိုက် ရရှိခံစားလာရမည့် အခွင့်အရေးများကို အချိန်မကျမီ၊ အထက်စီနီယာမှ ခွင့်မပြုမီ သွားရောက်လုပ်ဆောင်မိပါက အတောမသတ်၊ ပြောမတတ်သော ပြစ်ဒဏ်များက တသီတတန်းကြီး ရောက်လာပေလိမ့်မည်။ ငယ်ရွယ်စဉ်ကာလ သင်ကြားရေး ကဏ္ဍမှ အစပြုခဲ့သော မိမိတို့ မြန်မာစစ်တပ်အတွင်းရှိ စစ်အရာရှိ လောက၀ယ် မကျင်လည်ရသေးခင် ဤသင်တန်းသား ဘ၀ သင်ကြား လေ့ကျင့် ပေးသမျှကို ကြည့်၍ ရာထူးနှင့် ခံစားပိုင်ခွင့်ရှိသော အခွင့်အရေးများကို အချိန်နှင့် ကာလ သူ့သက်တမ်း စေ့မှ ရယူပိုင်ဆိုင်လာနိုင်သော မက်မောဖွယ် အခွင့်ထူးကြီးများအဖြစ် ယူဆယုံကြည်သူတို့ ပေါ်ပေါက်လာသည်။ မျှော်မှန်းတွက်ချက်ကာ ကြိုတင်စိတ်ကူးပြီး ထို့အခွင့်အရေး၊ ခံစားနိုင်သော အဆင့်မြင့်မြင့် ရာထူး၊ နေရာများကို အမြန်ဆုံးရောက်လို၊ ရလို စိတ်တို့ တဖြည်းဖြည်း ဆတိုး ပွားများလာကြသည်။ သြော်.. မက်မောဖွယ် အခွင့်အရေးများ၊ အရောင်ခြယ်ထား သော အဆိပ်လူး စိတ်ဓါတ်အတွေးများနှင့် လူငယ်တို့၏ ဖြူစင်ပွင့်လင်းရိုးသားမှု၊ အမှန်တရားကို တန်ဖိုးထား တတ်မှု အဖြူရောင် နှလုံးသားလေးများကို ဖျက်ချေ၊ ပုံသွင်း၊ မြူဆွယ်၊ ဖျားယောင်းကြလေပြီ။
စစ်အာဏာရှင်တို့၏ အခွင့်အရေး၊ ရာထူး၊ အာဏာ၊ နေရာ၊ ငွေကြေး၊ စသော မက်မောဖွယ်ရာ ငါးစာတပ်ထား သော ငါးမျှားချိတ်တို့ဖြင့် မသိနားမလည်သေးသော နုနုနယ်နယ် လူငယ်တိုင်း၏ ခံယူချက်တို့ကို မြူဆွယ် ကျုံး သွင်း၍ မရနိုင်ဆိုသည့်အကြောင်း စစ်ဗိုလ်ချုပ်ကြီးများ သိပါလေစ။
လူငယ်တိုင်းသည် သူတို့အား သမိုင်းကြောင်းကို မျက်ကွယ်ပြုခိုင်းတိုင်း မမြင်ချင်ဟန်ဆောင်နေမည် မဟုတ်၊ နိုင်ငံ၏ အနာဂတ် ကံကြမ္မာသည် လူငယ်တို့ လက်ထဲတွင်သာ ရှိသည်ဟု လေးလေးနက်နက် ခံယူကျင့်သုံးနေ သော မြန်မာလူငယ်မြောက်များစွာတို့၏။ ပေါင်းစည်းညီညွတ်မှု စိတ်ဓါတ်ခွန်အားကို စစ်အာဏာရှင်ကြီးတို့ လျစ် လျူရှုခဲ့သည်မှာ လွန်စွာမှားယွင်းခဲ့ကြောင်း မကြာမှီကာလများတွင် အာဏာရှင် ဗိုလ်ချုပ်ကြီးတို့ သိမြင်လာပေ လိမ့်မည်။
… မြန်မာ့ တပ်မတော်၏ အနာဂတ် သားကောင်း ရတနာများဟု ရည်ရွယ် ကင်ပွန်းတပ်ကာ စနစ်တကျ မောင်းနှင် လေ့ကျင့်ပေးနေသော စစ်တက္ကသိုလ်ကြီး၏ စိတ်ပိုင်း၊ ကိုယ်ခန္ဓာပိုင်း မြင့်မားကြံ့ခိုင်ရေး၊ ဆိုင်ရာ သင်ကြား လေ့ ကျင့် ပေးသမျှတွင် ရိုးသား၊ ဖြူစင် မြင့်မြတ်မှုဖြင့် လူကြီးလူကောင်း ဆန်သော၊ ခေါင်းဆောင်းကောင်း ပီသသော၊ အာဇာနည်တို့၏ ကိုယ်ကျင့်သိက္ခာများကို လေးစားအတုယူဖွယ် ဖြစ်စေသော၊ ကိုယ်ကျင့် စာရိတ္တ စံနှုန်းဆိုင်ရာ အရေးပါသော၊ နိုင်ငံသူ နိုင်ငံသားတို့ အကျိုးကို ရှေးရှုဆောင်ရွက် သယ်ပိုးမည့် ကိုယ်ကျိုးမငဲ့သော မျိုးချစ်စိတ်တို့ တဖွားဖွား ပေါ်ပေါက် စေနိုင်အောင် သင်ကြားလေ့ကျင့်ပေးမှု မည်မျှရှိခဲ့ ပါသနည်း ဆိုသည်ကို ကျနော် တွေ့ကြုံခဲ့ ရသော လက်တွေ့ ခံစားချက်များမှတဆင့် ပြည်သူသို့ ဖောက်သည်ချ ပြောပြသွားပါမည်။
စစ်ရေးပြ လက်နက်ပါ၊ လက်နက်မဲ့ သင်ခန်းစာများကို ကျနော်တို့ အိပ်ဆောင်များနှင့် ကိုက်နှစ်ထောင်မျှ ကွာဝေး သော ကျောင်းဆင်းပွဲ စစ်ရေးပြ ပြုလုပ်ရာ စစ်ရေးပြကွင်း၊ မြက်ခင်းပြင်ကြီးထဲတွင် လေ့ကျင့် သင်ကြားရ၏။ ထိုသင်ခန်းစာများ သင်ကြားရာသို့ နှစ်ကျ စီနီယာများလည်း လိုက်ပါ ရသည်ဖြစ်ရာ ဤသင်ခန်းစာ အချိန်များ အတွင်း သူတို့သည် နယ်စား၊ ပယ်စား ဘုရင်ခံများ အလား အာဏာပြကြတော့သည်။ သူတို့ကတော့ ဆေးလိပ်ခိုး သောက်သူက သောက်၊ အရက် ခိုးဝယ်သောက်သူက သောက်၊ လုပ်ချင်ရာ လုပ်နေပြီး၊ ကျနော်တို့ လူသစ်များ ကျတော့ ထောင့်ပေါင်းစုံမှ စောင့်ကြည့် ကြပ်မတ်၊ အပြစ်ပေး၊ ခြိမ်းခြောက် အနိုင်ကျင့်လျှက် ရှိ၏။ သူတို့ကို ကြောက်ရပုံမှာလည်း အိပ်ဆောင် အပေါ်ထပ်မှ တကယ့်စီနီယာကြီးများကို ကြောက်လန့်ရသည့် နည်းတူ စိုးရိမ် ထိတ်လန့်ရ၏။
ကျနော်က ထိုအချိန်တွင် ဆေးလိပ် ခိုးသောက်သော သူငယ်ချင်း အချို့နှင့် ပေါင်းမိပြီး ဆေးလိပ်သောက်တတ် လာပြီဖြစ်၏။ လူငယ်ဟူသည်မှာ ကောင်းသော အကျင့်စရိုက်ထက်၊ မကောင်းမှု၊ မကောင်းသော ဓလေ့စရိုက်ဆို လျှင် အလွယ်တကူ ကူးစက်ရယူတတ်သော သဘောရှိ၏ ဆိုသည်မှာ ကျနော့်လို လူငယ်မျိုးကို ဆိုလိုခြင်း ဖြစ်မည် ထင်ပါသည်။ စစ်ရေးပြ သင်ခန်းစာ လေ့ကျင့်ခန်း ခေတ္တနားခွင့် ပြုချိန် (၁၅) မိနစ် အချိန်ပိုင်းလေး အတွင်း ကျနော်တို့ အပေါင်းအသင်းတသိုက် ခြုံထူထူ၊ မြင်ကွင်း ဖုံးကွယ်မှု ကောင်းသည့် သစ်ပင်များ အောက်သို့ သွား၍ ဆေးလိပ် ခိုးသောက်ကြ၏။ နှစ်ကျ စီနီယာများမမြင်နိုင်သည့် နေရာဖြစ်သော်လည်း ခိုးကြောင်၊ ခိုးဝှက် ဖြင့် တီးတိုး စကားများ ပြောကာ ဇိမ်ယူကြစဉ်၊ ကျနော်တို့၏ လုပ်ရပ်ကို ချောင်းမြောင်း စောင့်ကြည့် နေသော နှစ်ကျဗိုလ်လောင်းက အလွန်အပြစ်ကြီးမားသော ပြစ်မှုကြီးကို ဖောက်ဖျက် ကျူးလွန်နေသူ တရားခံတို့အား မျက်ဝါးထင်ထင် ဖမ်းဆီးရမိသည့် အထူးစုံထောက်နှယ် ဂုဏ်ယူ ၀င့်ကြွားစွာဖြင့် လာရောက် ခေါ်ဆောင်သွားပါ တော့သည်။ ကံကောင်းစွာပင် သူက တိတ်တဆိတ် လာရောက် ချောင်းမြောင်းနေသည့် အချိန်တွင် ဆေးလိပ်ကို အရသာခံ ဖွာရှိုက်နေသူမှာ ကျနော်ဖြစ်နေ၏။ ထို့ကြောင့် ကျန်သော ဗိုလ်လောင်း များအကြား ဆေးလိပ်သောက် သူတို့အတွက် စံနမူနာပြအဖြစ် ကျနော်က အပြင်းအထန်ဆုံး အပြစ်ပေး ခံရတော့၏။ ထိုအချိန်က အဖြစ်အပျက် ကို ယနေ့တိုင် မမေ့နိုင်ပေ။
ငွေတောင် ဆေးပေါ့လိပ် သေးသေးလေးများ ထိုအချိန်က ခေတ်စားနေ၏။ ဈေးနှုန်းကလည်း အသင့်အတင့်သာ ရှိသည်မို့ အတော်များများသော ဆေးလိပ်သောက်သုံး သူများအကြား ရေပန်းစားအောင်မြင်နေသော ဆေးပေါ့ လိပ်လေးတွေဖြစ်၏။ ထိုနေ့က ငွေတောင်ဆေးပေါ့လိပ် တစည်း ခိုးဝှက် ၀ယ်ယူ၍ ရရှိထား၏။ ထို့ကြောင့် ကျနော် နှင့် အောင်မျိုးထွန်း အပါအ၀င် ပေတေတေ ဗိုလ်လောင်း အချို့တို့၊ လူလစ်မည်ဟု ထင်ရသော နေရာတွင် ဇိမ်ခံ နေခိုက်၊ ဗြုန်းဆိုဝင်လာသော နှစ်ကျ ဗိုလ်လောင်း လင်းထွေးက ကျနော့် လက်ထဲမှ ဆေးလိပ်စည်းကို လုယူပြီး ကျနော့်အား ခေါ်ဆောင်သွားပါတော့၏။
အခြားသော ဗိုလ်လောင်းများ နားနေသည့် မြင်ကွင်းနှင့် မလှမ်းမကမ်းတွင် ရှိသော အုတ်ဘောင် လေးပေခန့် အမြင့်ပေါ်၊ ကျနော်၏ ခြေနှစ်ဘက်တင်၍ လက်နှစ်ဘက်ကို မြေကြီးပေါ်တွင် ထောက်ထားရသော ကင်းမြီး ကောက် အနေအထား၊ အုန်းပင်စိုက် ဒိုက်ထိုးသည့် ပုံစံဖြင့် နေခိုင်း၏။ (ထိုကဲ့သို့ အပြစ်ပေးနည်းမျိုးကို ဘောင် ပေါ်တင်သည်ဟု ခေါ်သည်။ နောက်ပိုင်းတွင် အကျယ်တ၀င့် ရှုင်းပြပါမည်) ၎င်းနောက် ကျနော့်ထံမှ သူသိမ်း ဆည်းရမိသော ငွေတောင်ဆေးပေါ့လိပ် (၁၀)လိပ်ခန့် အစည်းငယ်အား၊ ထိုအစည်းလိုက်အတိုင်း မီးညှိ၍ မြေကြီး ကို မျက်နှာမူ အောက်စိုက်နေရသော ကျနော့်ပါးစပ်အတွင်း မဆန့်မပြဲ လာရောက် ထိုးသွင်း၏။ ကျနော့်မှာ လက် ထောက်မှောက် အနေအထားဖြင့် ဖြစ်ရာ သူ့စိတ်ကြိုက် ပြုမူသမျှ ခံစားနေရသည်။ စစ်အမိန့်ဟူသော အထက်စီနီ ယာ၏ အမိန့်ဟူသမျှ လွန်ဆန်ခွင့် မရှိဟု မကြာခင် ကာလကမှ သင်ကြား မောင်းနှင် ခံထားရသည့် ပြင်းထန် သော ဦးနှောက် ဆေးကြောခြောက်လှန့် ခံထားရမှု အရှိန်ကလည်း မကုန်သေး၊ စီနီယာ ဟူသော လူမှန်သမျှကို အရိပ်ပင် မကြည့်ဝံ့အောင် ကြောက်လန့်နေ နေပြီမို့ သူခိုင်းသမျှ ခေါင်းငုံ့ခံယုံမှတပါး အခြားမရှိပေ။ ..ကဲ.. ဒီ လောက် ဆေးလိပ်သောက်ချင်တဲ့ မောင် သောက်စမ်း.. အ၀သောက်.. အဲဒီ ဆေးလိပ်စည်း မကုန်မချင်း သောက် လုံးဝ ခေါင်းမမော့နဲ့ ဟု ဆိုကာ ဘေးနားမှ ကျနော့်အား အလွန် အင်မတန် ကျေနပ်အားရသော အကြည့်ဖြင့် ထိုင်ကြည့်နေလေ၏။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
Read More...
Collapse...
အကျယ်ချုပ်ခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးမှုအခြေအနေကို ကျေနပ်မှု မရှိကြောင်းနှင့် လူထုကိုလည်း အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် အသင့်ပြင်ထားကြရန် ပြောကြားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားသည်။ ဗုဒ္ဓဟူးနေ့ နံနက်က ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်အမှုဆောင်များ တွေ့ဆုံပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲတွင် အချိန်ကန့်သတ်ချက် မရှိခြင်းကို မနှစ်မြို့ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။
NLD ခေါင်းဆောင်များနှင့် တွေ့ဆုံနေသော ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်က အဆိုးဆုံးအတွက် အသင့်ပြင်ထားကြရန် ပြောသည့် စကားမှာ လူထုအကြား ချက်ချင်း ပြန့်နှံ့သွားခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလက ကံဆောင် ရဟန်းတော်များနှင့် လူထု၏ ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းပြီးနောက်ပိုင်း အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂက စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် ဖိအားပေးခဲ့သည်။ ဆက်ဆံရေးဝန်ကြီးအဖြစ် ဦးအောင်ကြည်ကို နအဖက ခန့်အပ်ခဲ့သော်လည်း ဆွေးနွေးပွဲအပေါ် နိုင်ငံတကာ၏ ယုံကြည်မှုကို မရသေးပေ။
“ကျနော် ပြောနိုင်တာကတော့ ဒေါ်စုဟာ စစ်အစိုးရနဲ့ လက်ရှိ ဆွေးနွေးပွဲတွေကို ကျေနပ်မှု မရှိဘူး။ အထူးသဖြင့် ဆွေးနွေးမှုက အချိန်ကန့်သတ်ချက် မရှိတာကိုပေါ့”ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။ “ကျမတို့ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ပြင်ဆင်ထားရမယ်။ ကျမတို့ နှစ်တွေအများကြီး စွန့်လွှတ်လာခဲ့ပြီဆိုတော့ စိတ်ရှည်ရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ရန်ကုန်မြို့ စစ်အစိုးရ ဧည့်ဂေဟာတွင် ပြုလုပ်ခဲ့သော တွေ့ဆုံပွဲနှင့် ပတ်သက်၍ စစ်အစိုးရဘက်မှ ဝေဖန်ချက် တစုံတရာ မပေးသေးပေ။
အမေရိကန် ပြည်ထောင်စုကလည်း ဆွေးနွေးပွဲတွင် အချိန်ကန့်သတ်ချက် မရှိခြင်းကို မနှစ်မြို့ကြောင်း ဖော်ပြသည်။ “ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောလာတာကို ကြားရတာ ၀မ်းသာပါတယ်”ဟု အိမ်ဖြူတော် လက်ထောက် ပြန်ကြားရေး အတွင်းရေးမှူး တိုနီ ဖရက်တိုက ပြောကြားသည်။ “ဒါပေမယ့် အဓိပ္ပာယ်ရှိတဲ့ အချိန်ကန့်သတ်ချက်နဲ့ ဆွေးနွေးပွဲဖြစ်ဖို့ တိုးတက်မှုမရှိတာ ကြားရလို့ ကျနော်တို့ စိတ်ပျက်မိပါတယ်”ဟု ဆိုသည်။
ဇန်န၀ါရီ ၃၀။
Read More...
Collapse...
စက်တင်ဘာ အရေးအခင်းဖြစ်ပြီးနောက် နိုင်ငံတကာဖိအား နှင့် ပြည်တွင်း၌ ဆန္ဒပြမှုများ ဖြစ်ပေါ်လာရန် အခြေအနေများက ဖန်လာနေသဖြင့် ဗိုလ်ချူပ်မှူးကြီးသည် ယနေ့ ည (၈) နာရီတွင် စစ်အုပ်ချုပ်ရေး ရပ်စဲ ကြောင်း ကြေငြာ လိုက်ရသည်။
နောက်တနေ့ မနက်စောစော အိပ်ယာမှ နိုးလာသောအခါ ဇနီးသည်ကိုလည်း မတွေ့ သားသမီးမြေးများကို မ တွေ့၍ အိမ်ဂေဟာပြတင်းပေါက်မှ အပြင်ကို ကြည့်လိုက်သော အခါတွင်လည်း အိမ်တော်ဝန်းတ၀ိုက် အစောင့် များလည်း ရှင်းနေသည်၊ တိတ်ဆိတ်နေသည်၊ အိမ်တော်ဝန်းအပြင်ဘက် ခပ်ဝေးဝေးတွင်သာ ကားသံများ ဆူညံ စွာ ကြားနေရသည်၊
ရုတ်တရက် တယ်လီဖုန်းသံ ကျယ်လောင်စွာမြည်လာ၍ ကောက်ကိုင်လိုက်ရာ …….
“ဟဲလို ဗိုလ်ချူပ်မှူးကြီးလားခင်ဗျာ ကျနော်ရွှေမန်းပါ နေကောင်းရဲ့လား”
“ကောင်းပါတယ် ဒါနဲ့ဘာတွေဖြစ်ကုန်တာတုံး ငါဘာမှနားမလည်နိုင်တော့ဘူး - တယောက်မှလည်း မရှိတော့ဘူး”
“အခြေအနေကို ပိုနေမြဲ ကျားနေမြဲ ထိမ်းထားရင်ရသေးတယ်လို့ ဒါမှကျနော်တို့ ပြေးဖို့အတွက် ပြင် ဆင်ချိန်ရမှာလို့ အခုတော့ တပ်ခေါင်းဆောင်ပိုင်းက အားလုံးပြေးကုန်ကြပြီလေ”
“ဟေ့! မထင်တာတွေ အားလုံးဖြစ်ကုန်ပါကောလား။ ဒါဆို မင်းနဲ့ငါ နှစ်ယောက်ထဲပဲ ကျန်တော့တာ ပေါ့ ဟုတ်လား”
“ဟင့်အင်း ---- ကျနော် ပီကင်း ကနေ ဆက်နေတာ
”
Network Midea Group
..............................................................
Read More...
Collapse...
ဘယ်လောက်အထိ ကြောက်လန့်စိုးထိတ်မှု ခံစားကြရသနည်း ဆိုလျှင်၊ ကျနော်တို့ အားလုံးသော ပထမနှစ် ဗိုလ်လောင်းတို့ ဆီးချုပ်၊ ၀မ်းချုပ်ဖြစ်ကုန်ကြပြီး နောက်သုံးရက် ခန့်အထိ ကြောက်သော အရှိန်မပျက်သေး၊ ဆီးမသွား၊ ၀မ်းမသွားနိုင်သေးပေ။
ဦးနှောက် တွေလည်း ဘယ်လောက် ထူပူသွားသလဲ ဆိုလျှင် မိမိ၏ မွေးမိခင်၊ ကျွေးဖခင် တို့၏ နာမည် ကိုပင် မနည်း စဉ်းစားယူရသည်အထိ မှတ်ဉာဏ်၊ စဉ်းစားဉာဏ်တွေ ဖရိုဖရဲ ဖြစ်ကုန်၏။
ထိုရက်မှစ၍ စီနီယာဗိုလ်လောင်း၊ အားလုံးတို့သည် ကျနော်တို့ပထမနှစ် ဗိုလ်လောင်း တို့အား တွေ့ရာနေရာ မရှောင်၊ အပြစ်မရှိ အပြစ်ရှာ၊ အပြစ်ပေးခြိမ်းခြောက် ဖိနှိပ်မှုများကို အရှိန်အဟုန်ဖြင့် ၀ိုင်းဝန်း လုပ်ဆောင်လာတော့သည်။ ကျနော်တို့မှာ အိပ်ဆောင်အခန်း ကျယ်အတွင်းမှ အပြင်ကိုပင် မထွက်ဝံ့အောင် စီနီယာတို့၏ နည်းမျိုးစုံဖြင့် ကြပ်ခြင်း၊ ခြောက်လှန့်ဖိစီးစေခြင်း၊ အပြစ်ပေးခြင်းစသော ပင်ပန်းဆင်းရဲ ထိတ်လန့်ဖွယ်တို့ကို အဆက် မပြတ် တွေ့ကြုံလာရပေပြီ။ ထိုရက်သတ္တပတ် တပတ်အတွင်းတွင်ပင် ကျနော်တို့ ပထမနှစ် သင်တန်းသားများသည် စီနီယာဆိုလျှင် အရိပ်ကိုပင် မကြည့်ဝံ့တော့ပေ။ အလွန်ကြောက်လန့် သောကြောင့် မော်ကြည့်ရန်ဝေး၊ ၎င်းတို့၏ ခြေသံမျှ ကြားလိုက်ရလျှင်ပင် ကြာပွတ်သံ ကြားလိုက်ရသော အိမ်မွေး တိရိစ္ဆာန် တကောင်အလား ဆောက်တည်ဖွယ်၊ ရပ်တည်ရာမရ ဖြစ်တတ်လာလေပြီ။
ထို့အပြင် ထိုစီနီယာတို့ ခိုင်းစေသမျှ၊ သူ့ကိုယ်ကျိုးအတွက်ရော ကိုယ်ရေးကိုယ်တာ ကိစ္စမကျန် ထိုင်ဆိုထိုင်၊ ထဆိုထ၊ လွန်ဆန်ခွင့်မရှိ၊ ခိုင်းတာလုပ်ရသော စစ်ကျွန်သားပေါက် ဘ၀သို့ ရောက်မှန်းမသိ ရောက်ခဲ့ရ၏။
မည်သည့် အကြောင်းအရာပဲ ခိုင်းခိုင်း၊ မဖြစ်ဖြစ်အောင်လုပ်ရ၏။ စောဒက တက်ခြင်း၊ ငြင်းဆန်ခြင်း၊ လုံးဝပြုခွင့်မရှိ။ အကယ်၍ အမိန့်ဖြင့် ခိုင်းစေသည်ကို ငြင်းဆန်ခြင်း၊ တာဝန် ပျက်ကွက်ခြင်း၊ စီနီယာ ဗိုလ်လောင်း၏စိတ် အလိုမကျဖြစ်အောင် တစ်ခုခု ပြုလုပ်မိပါက အတောမသတ် ပြောမပြတတ်သော ပြစ်ဒဏ်တွေက အလျှိုလျှို ပေါ်လာပေလိမ့်မည်။ ဒါကိုပင် စစ်တက္ကသိုလ်၏ စီနီယာ တစ်ချို့က အလွန်ကောင်းမြတ်သော တပ်မတော်၏ အစဉ်အလာ ဟု ကြွေးကြော်မြည်တမ်းသေး၏။ ထိုသို့ ပြောဆိုတတ်သော စီနီယာ ဖိုင်နယ် အချို့ကို ကျနော် မှတ်မိပါသေးသည်။ ဆွေကြီး၊ မျိုးကြီး၊ ပုခက်ကြီးမှ မွေးလာခဲ့သူများက ဤကဲ့သို့သော အထက်အောက် လွန်စွာကြောက်ရွံ့ရသော စနစ်ဆိုးကို အလွန့်အလွန် ကောင်းမြတ်သော အစဉ်အလာ တခုသဖွယ် ချီးမွမ်းပြောဆိုသည်ကို လေ့လာ မှတ်သား ခဲ့ရဖူး၏။
စစ်တက္ကသိုလ်တွင် စီနီယာဆိုသည်ကို ဤမျှကြောက်ရ၏။ စစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်သော မြန်မာစစ်တပ်အတွင်း အထက်အရာရှိနှင့် စီနီယာကို လက်အောက်ငယ်သား များမှ အချိန်မရွေး၊ နေရာမရွေး၊ ဘယ်လို အခြေအနေ မျိုးမှာပင်ဖြစ်ဖြစ် ကြောက်ရွံ့နေစေရန် ပုံစံချ ရိုက်သွင်းပေးလိုက်ခြင်းပင် ဖြစ်သည်။ ဒါကိုပင် ဂျပန်စစ်ပညာ နှင့် အင်္ဂလိပ်စည်းကမ်းကို ပေါင်းစပ်ဖွဲ့စည်းထားသော မြန်မာ့တပ်မတော်၏ ထူးခြားပြောင်မြောက်သည့် မဟာစစ် ပညာဟု မျက်နှာပြောင်တိုက် ၀ါဒဖြန့်စည်းရုံးနေသေး၏။ အမှန်တော့ ယနေ့မြန်မာပြည်၏ အနာဂတ်ရေးကို ဖျက်စီးနေသော တကိုယ်ကောင်းဝါဒ စစ်အာဏာရှင်ကြီးများ ယင်းတို့၏ စနစ်ဆိုးအဓွန့်ရှည်ရေး အဓိက မဏ္ဍိုင်ဖြစ်သည့် ကြောက်ရွံ့မှုပေါ် အခြေပြုသော ဆန့်ကျင်ခွင့် လုံးလုံး မရှိသည့် အမိန့်နာခံမှုကို ဖန်တီး မွေးမြူခြင်းပင် ဖြစ် သည်။
ကျနော်တို့လူသစ် ပထမနှစ်များအား၊ တပ်ခွဲ၊ တပ်စုများကို ဖြန့်ခွဲနေရာ ချထား၏။ ကျနော်က စစ်တက္ကသိုလ်ရှိ တပ်ခွဲကြီး လေးခွဲဖြစ်သော အောင်ဇေယျတပ်ခွဲ၊ ဘုရင့်နောင်တပ်ခွဲ၊ အနော် ရထာ တပ်ခွဲနှင့် အောင်ဆန်းတပ်ခွဲတို့အနက်မှ အောင်ဇေယျ တပ်ခွဲ၊ တပ်စု (၈) တွင် နေထိုင် ရန် သတ်မှတ်ပေးခြင်း ခံရ၏။ ကျန်သော ပထမနှစ် ဗိုလ်လောင်း အားလုံးလည်း ထိုနည်းတူပင် ကိုယ်စီ၊ ကိုယ်စီ သတ်မှတ်ပေးသော တပ်ခွဲ၊ တပ်စု အလိုက် အိပ်ဆောင်များသို့ ပြောင်းရွှေ့ နေထိုင်ကြရသည်။ ဤသူငယ်ချင်းများသည်သာ ကောင်းတူ၊ ဆိုးဖက်၊ မရှိအတူ ရှိအမျှ အတူတကွ နေခဲ့ကြရ၏။ ကျန်သော သူငယ်ချင်းများနှင့်မူ၊ ဤသူများလောက် အနေ မနီးလှပေ။
တပ်စု တစုတည်းနေရသူတို့မှာ စာသင်လျှင်လည်း အတူ၊ စားအတူ၊ သွားအတူ၊ ကင်းစောင့်အတူ၊ ဖိနပ်တိုက် အတူ၊ ရေချိုးအတူ၊ ဆေးလိပ်ခိုးသောက်အတူ၊ မုန့်ခိုးစား အတူ၊ အိပ်လျှင်လည်း ခုတင်ချင်းကပ်လျှက် အိပ်ကြရရာ၊ မိမိတို့ ညီရင်းအကိုများထက်ပင် ရင်းနှီး ခင်မင်ကြသေး၏။ တယောက်အကြောင်း၊ တယောက် အူမ ချေးခါးမကျန်၊ အကျင့်ဆိုး၊ အကျင့်ကောင်း၊ အကျင့်တန် အကျင့်စရိုက် အားလုံးကို သိကြ၏။ တဦးကိုတဦး ဖေးမကူညီ လျှက် ကြမ်းတမ်းခက်ထန် ပင်ပန်းမှုတို့အပြင်၊ ရိုင်းစိုင်းလှသည် ဆိုသော စစ်တက္ကသိုလ်၏ လေ့ကျင့် သင်ကြားမှု သင်ခန်းစာများ၊ လက်တွေ့လေ့ကျင့်မှုများအတွင်း ပင်ပန်းသမျှ အပြန် အလှန်၊ ဖြေသိမ့် အားပေး၊ နွေးထွေးစေခဲ့ကြ၏။ မြန်မာ့တပ်မတော်၏ ရဲဘော်ရဲဘက်စိတ်ဓါတ် အစစ်အမှန် ဆိုသည်ကို စစ်တက္ကသိုလ်တွင် ဗိုလ်လောင်း သင်တန်းသားအဖြစ် လေးနှစ်တာ တက်ရောက်စဉ်အတွင်းကသာ ကြုံတွေ့ ခဲ့ရဖူးပါ၏။
ဗိုလ်လောင်းကုန်ခေါ် ဗိုလ်လောင်း အိပ်ဆောင်ကြီးများဆီသို့ စတင်ရောက်သည့် နေ့မှစ၍ ကျနော်တို့သည် အရှင်လတ်လတ် ကြုံဆုံမြင်တွေ့ ဖြတ်သန်းနေရသော အခြေအနေ များကြောင့်၊ အပါယ်လေးဘုံတို့ ဆိုသည်မှာ ဒါတွေပင် ဖြစ်မလားဟု ထင်ရလောက်အောင် ဆိုးဝါးလှသော ထိတွေ့ဆက်ဆံခံရမှုတို့ဖြင့် တုန်လှုပ်ကြောက်ရွံ့ နေကြရ၏။ နေ့တဓူဝ၊ ကြုံတွေ့ရသမျှတို့သည်လည်း ယုံကြည် နိုင်ရန် ခက်ခဲလွန်းလှသော ကြမ်းတမ်း ရက်စက်စွာ ပြောဆို ပြုမူဆက်ဆံခံရခြင်း၊ အပြစ်မရှိ၊ အပြစ်ရှာ ခံရကာ နှိပ်စက် အပြစ်ပေးခံရခြင်းတို့ဖြင့် တုန်လှုပ် အံ့သြဖွယ်ရာ အချိန် များကို ဖြတ်သန်းရင်ဆိုင်ခဲ့ရ၏။
ပထမနှစ် ဗိုလ်လောင်း သင်တန်းသား တဦးအတွက် မလွှဲမသွေ လိုက်နာရမည့် စည်းကမ်းများကို ဖတ်ကြား ရှင်းလင်းခြင်းကပင် မတ်တပ်ရပ် သတိဆွဲကာ၊ မလှုပ်မရှက် နားထောင် နာခံကြရသူ ကျနော်တို့ လူသစ်တသိုက်ထဲ မူးမေ့သတိလစ်ကာ လဲကျသူအချို့ ရှိလာသည်အထိ ရှည်ကြာထွေလျှား၊ များပြားလှပေသည်။ အိပ်ဆောင် စည်းကမ်း၊ စာသင် ဆောင်စည်းကမ်း၊ စားရိပ်သာတွင်း စားသောက်မှုစည်းကမ်း၊ ကိုယ်ခန္ဓာ သန်စွမ်း ကြံ့ခိုင်ရေး လေ့ကျင့်ခန်း စည်းကမ်း၊ စသော စသော အတောမသတ်၊ ပြောမတတ်သော စည်းကမ်းတို့ကို ဖတ်ကြား ရှင်းလင်းကြ၏။ သရုပ်ပြသူ ဒုတိယနှစ် ဗိုလ်လောင်းတို့က ကျနော်တို့ နေ့စဉ် နေ့တိုင်း လှုပ်ရှားသွားလာ လုပ်ကိုင်ရမည့် လုပ်ဆောင်ဖွယ် တာဝန်တွေဖြစ်သည့် နေ့စဉ် သန့်ရှင်းရေး၊ ရေချိုးခန်း၊ အိမ်သာ သန့်ရှင်းရေး၊ လုပ်ဆောင်ရပုံ၊ လမ်းလျှောက်ခြင်း၊ အပြေးတက်ခြင်းဖြင့် ပြင်ပနေရာတို့သို့ သွားလာသောအခါ၊ လိုက်နာ လုပ်ဆောင်ရမည့် စည်းကမ်း၊ ကလနားတို့ကို လက်တွေ့ သရုပ်ပြ သင်ပေးကြ၏။ ကျနော်တို့မှာကား မကြား တစ်ချက်… ကြားတချက် အဘယ်ကြောင့်ဆို ပြင်းထန်များပြားလှသော အပြစ်ပေး ခံထားရမှုများကြောင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် လှုပ်ပင် မလှုပ်ချင်တော့အောင် နွမ်းနယ် ပင်ပန်း နေကြချိန်တွင် ရှည်လျှား ထွေပြားသော အမိန့်နှင့် ညွန်ကြားချက် စကားလုံး အကြောင်းအရာတို့ကို ခံစားမှတ်သားမနေနိုင်၊ ဤကဲ့သို့သော ခံပြင်းဖွယ်၊ နာကျည်း စက်ဆုပ်ဖွယ် ကောင်းလှသည့် အချိန်တို့ကိုသာ အလျှင်အမြန် ကုန်ဆုံးပြီးစီး ပါစေကြောင်း ရင်တွင်းမှ ကြိတ်ဆုတောင်းနေကြ သောကြောင့် ဖြစ်၏။
လိုက်နာလုပ်ဆောင်ရမည့် အမိန့်နှင့်ညွန်ကြားချက်များ ထုတ်ပြန်ကြေငြာနေချိန်က စိတ်တွေ ကယောင်ခြောက်ခြားဖြင့်၊ ဟိုတွေး ဒီတွေး တွေးနေခဲ့သော ကျနော် အပါအ၀င် ပထမနှစ် ဗိုလ်လောင်းအချို့တို့ သင်တန်းကာလ စစချင်းပင် မလုပ်ရဆိုသော အပြစ်တို့ကို ကျနော်တို့က လုပ်မိပြီး၊ မဖြစ်မနေ လုပ်ကို လုပ်ရမည် ဆိုသော အကြောင်းအရာ ကျတော့ မလုပ်ဖြစ်ပေ။ ထိုအခါ ကျနော်တို့ ပထမနှစ် တသိုက်ကို တချိန်လုံး စောင့်ကြည့် နေသော စီနီယာတို့အတွက် ကျနော်တို့သည် အပျင်းပြေ၊ အပြစ်ပေးခံရသော ပြစ်ဒဏ်ခံ အကျဉ်းသား လေးတွေလို ဖြစ်နေတော့၏။ သူတို့ပြုသမျှ နုရသော ဘာမှပြန်လည် ဝေဖန် ခံပြောခွင့် မရှိသော အနှိပ်စက်ခံ စစ်သားလေးတွေလို ဖြစ်နေတော့၏။ အဘယ်ကြောင့် ဤသို့ အပြစ် ဒဏ်ခံရမည်မှန်း သိရက်နှင့် ပြစ်မှုတွေကို ကျူးလွန်သလဲ ဟု မေးမည်ဆိုလျှင် အဖြေက တခုသာ ရှိပါ၏။ ယင်းမှာ သူတို့၏ လိုက်နာရမည့် စည်းကမ်းများ ကြေငြာချိန်က ကျနော်တို့ အားလုံးနီးပါးသည် ထိုအမိန့်နှင့် ညွန်ကြားချက်များကို စိတ်မ၀င်စား၊ မှတ်သားမနေနိုင်ကြဘဲ အချိန်တို့သာ အမြန်ဆုံး ကုန်ပါစေကြောင်း ဆုတောင်းနေခဲ့ကြသောကြောင့် အပြစ်ဖြစ် နိုင်သည်၊ မဖြစ်နိုင်သည်ကို မသိ၊ လုပ်ချင်ရာ စွတ်လုပ်ကြ၏။ ထိုကြောင့် အပြစ်တွေဖြစ်ကာ ပြစ်ဒဏ်ပေးခြင်း ခံကြရခြင်း ဖြစ်ပေသည်။
ပထမနှစ် ဗိုလ်လောင်းဖြစ်သော ကျနော်တို့သည် စီနီယာ ဗိုလ်လောင်းများဖြစ်သော ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် ဗိုလ်လောင်းများကိုသာ ကြောက်လန့်ရသည် မဟုတ်ပေ။ ယမန်နှစ်က အပတ်စဉ် (----) တွင် ပထမနှစ် ဗိုလ်လောင်းအဖြစ် တက်ရောက်ခဲ့ပြီး ဆန်းစစ်သော အရည်အချင်းစစ် စာမေးပွဲ ကျရှုံး၍ ကျနော်တို့နှင့် အတူ ပထမနှစ်ကိုပင် ပြန်လည်တက်ရောက်ရသော (Repeater) နှစ်ကျ ဗိုလ်လောင်း စီနီယာ ဆိုသူတွေက ပိုဆိုး၏။ မိမိတို့ ပထမနှစ် ဗိုလ်လောင်းများအပေါ် စောင့်ကြည့် ကြပ်မတ်မှုမှာ တကယ့် စီနီယာ ရင့်မကြီးတွေ ထက်ပင် ဆိုးသေး၏။ ၎င်းတို့မှာ ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းများနှင့်အတူ အမြဲပါ သူများဖြစ်ကြ၏။ အိပ်ဆောင်တွင်း ခုတင်ချင်းကပ်လျှက် တဆောင်တည်း နေရသူများဖြစ်ရာ ကျနော်တို့ အကဲကို ယင်းတို့က အမြဲစောင့် ကြည့်နေ၏။ ဂျပန်ခေတ် မြန်မာနိုင်ငံအကြောင်း ရေးသားထားသော စာအုပ်များတွင် ဖတ်ဖူးသည့် ကင်ပေတိုင် ဖက်ဆစ်ဂျပန်ဆိုသည်မှာ ယခုကျနော်တို့ကို အနီးကပ် စောင့်ကြည့်နေသည့် ထိုနှစ်ကျ စီနီယာ ဗိုလ်လောင်းများလောက် ဆိုးမည် မထင်။
ပထမနှစ် သင်တန်းကာလ စစချင်း ကျနော်တို့ ပထမနှစ် ဗိုလ်လောင်း သင်တန်းသား များအား စစ်ရေးပြနှင့် လက်နက်ငယ် ကျွမ်းကျင်မှု လေ့ကျင့်ခန်းများကို သင်ကြားလေ့ကျင့် ပေး၏။ ထိုသင်တန်းကာလမှာ သုံးလဖြစ်၏။ ထိုသုံးလ ကာလအတွင်း စစ်ပညာ အခြေခံ လေ့ကျင့်ခန်းများ ဖြစ်သော အထက်ပါ လေ့ကျင့်ခန်းများ လေ့ကျင့် သင်ကြားပေးနေချိန်တွင် အဆိုပါ နှစ်ကျ ဗိုလ်လောင်းများလည်း ပါ၏။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
PDF ဖိုင်ဖြင့်ဖတ်လိုပါက .ဒေါင်းလုပ်. ယူပါ
Read More...
Collapse...
အင်းစိန်ထောင်၌ ဖမ်းဆီးခံထားရသည့် ၈၈ မျိုး ဆက်ကျောင်းသား ခေါင်းဆောင်များကို
နအဖ စစ်အစိုးရက တရားမ၀င် ပုံနှိပ်ဖြန့်ဝေမှုဖြင့် တရားစွဲဆိုထားကြောင်း ယမန်နေ့က
ထောင်ဝင်စာ သွားတွေ့သည့် မိသားစုဝင်တဦးက ပြောသည်။
၈၈ မျိုး ဆက်ကျောင်းသား ခေါင်းဆောင်များ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို၏ ဇနီး မ၀ါဝါ၀င်းက “သူတို့ကို တရားဆွဲတာက
ပုဒ်မ ၁၇/၂၀ တဲ့။ ထောင်ထဲမှာပဲ ရီမန်လာယူတယ်တဲ့။ တရားမ၀င် ပုံနှိပ်ထုတ်ဝေမှု လို့ပြောတယ်။
တရားရုံးဘယ်နေ့ ထုတ်မှာလဲတော့မပြောဘူး။ အမှုအတွက် ရှေ့နေငှားဖို့တို့ဘာတို့ကို ကိုပြုံးချိုက
ဘာမှမပြောသေးတဲ့အတွက် ကျမတို့က ဘာမှ မလုပ်ရသေးဘူးပေါ့နော်။ အထဲရဲ့အနေ အထားက
ခက်တယ်လေ။ လုပ်ခွင့်ရရင်တော့ လုပ်ရမှာပေါ့ ကိုပြုံးချိုအပေါ်မှာ မူတည်ပြီး အပြင်က ကျမက
လုပ်ခွင့်ရှိရမှာ ပေါ့နော်။ အများနဲ့ လုပ်ထားတာဆိုတော့ အများ သဘောတူညီချက်နဲ့ ဆက်လုပ်ရမှာပေါ့” ဟု ပြောသည်။
ကိုပြုံးချို အပါအ၀င် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ၊ ကိုအံ့ဖွယ်ကျော် စသည့် ကျောင်းသားခေါင်းဆောင် (၁၆) ဦးတို့ကို ၁၇/၂၀ ပုဒ်မဖြင့် တရားစွဲထားခြင်းဖြစ်ပြီး ကျောင်းသား ခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေ ဆိုးဆိုးရွားရွားမရှိကြောင်း မ၀ါဝါ၀င်းက ပြောသည်။
ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၁၇/၂၀ သည် မှတ်ပုံမတင်ဘဲ ပုံနှိပ် ထုတ်ဝေသူများကို ချမှတ်သည့် ပြစ်ဒဏ်ဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် (၁) နှစ်မှ (၇) နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ်(၃)ထောင်မှ (၃) သောင်းထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟို တရားရုံးရှေ့နေ ဦးသိန်းညွန့်က ပြောသည်။
“သူ့ဥပဒေက ဥပဒေပေါ့ဗျာ။ ကျနော်တချက်ပြောချင်တာက လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၉) နဲ့ အခု ၈၈ ကျောင်းသား ခေါင်းဆောင်တွေအပေါ်မှာ အရေးယူထားတဲ့အချက်က နှိုင်းယှဉ်ဖို့ လိုအပ်တယ်။ သူတို့ရဲ့ဆောင်ရွက်ချက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းအပုဒ် (၁၉) ဘောင်အတွင်းမှာ ရောက်တယ်ဆိုရင် အခုလိုသူတို့ကို ပြည်တွင်းဥပဒေအရ၊ ပုံနှိပ်ဥပဒေအရ အရေးယူတယ်ဆိုတာ ဥပဒေကြောင်းအရ သင့်မြတ်ခြင်းရှိ၊ မရှိ ဒါက မေးခွန်းထုတ် စရာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၉) ၌ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်၊ လွတ်လပ်
စွာဖွင့်ဟ ဖော်ပြနိုင်ခွင့် လူတိုင်း၌ရှိကြောင်း၊ ထိုအခွင့်အရေးနှင့် ပတ်သက်၍ နိုင်ငံနယ်နိမိတ်ကို ထောက်ထားစရာ မလိုဘဲ လွတ်လပ်စွာ ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်ရှိသည်
ဟု ကုလသမဂ္ဂက ပြဋ္ဌာန်းထားပြီး မြန်မာနိုင်ငံ အပါအ၀င် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လိုက်
နာပါမည်ဟု လက်မှတ်ရေးထိုးထားသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို လောင်စာဆီဈေးနှုန်း လျော့ချပေးရေး ဆန္ဒပြမှု နှင့်စပ်လျဉ်း၍ ယမန်နှစ် သြဂုတ်လကတည်းက တရား မစွဲဆိုဘဲ ဖမ်းဆီးထားခဲ့ပြီး ယခုအချိန်မှ ပုံနှိပ်ဥပဒေဖြင့် တရားစွဲခြင်းဖြစ်သည်။
၂၀၀၅ ခုက ဦးခွန်ထွန်းဦး အပါအ၀င် ရှမ်းခေါင်းဆောင်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ရာတွင်လည်း ပုံနှိပ်ဥပဒေသည် တခုအပါအ၀င်ဖြစ်သည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် မရှေးမနှောင်း ဖမ်းဆီးခံခဲ့ရသည့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူ ကိုထင်ကျော်ကိုမူ စစ်အစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ယခင်လက တရားစွဲဆိုခဲ့သည်။
Read More...
Collapse...
ထိုသို့ မထောက်မညှာ၊ ခိုင်းသည့်အတိုင်း တသွေမတိမ်းလိုက် မလုပ်မချင်း၊ အပြစ်ပေး ကျွမ်းထိုးခိုင်းလိုက်၊ ပြန်ထ သတိဆွဲ မတ်တပ်ရပ် ခိုင်းလိုက်၊ နည်းနည်းလှုပ်မိ လိုက်သည်နှင့် ချက်ချင်း ဆိုသလို၊ လက်သီးဖြင့် ထိုးခံရခြင်း၊ လက်ဖနှောင့်ဖြင့် ဆောင့်တွန်း ရိုက်နှက်ခြင်း၊ နောက်မှ နားရင်းအုပ် ရိုက်နှက်ခြင်းကိုခံရခြင်း၊ ဒိုက်ထိုးခိုင်းရင် ထိုး ထိုသို့မဟုတ်ပါက ဖားခုန်, ခုန်ခြင်းဟူသည့် ဖားတကောင်နှယ် ဦးခေါင်းပေါ် လက်နှစ်ဘက်တင် ဆောင့်ကြောင့်ထိုင်ခြင်း ရှေ့သို့ တခါခုန်လိုက်၊ နောက်ရောက်အောင် တခါပြန်ခုန်လိုက်ဖြင့် ဒူးခေါင်းရိုးများအတွင်း မီးဝင်ရှို့နေသလို ပူလောင်ဆူပွက် နာကျင်မှုဝေဒနာကို ခံစားလာရသည်အထိ ဖားခုန်ခြင်းကို အဆက်မပြတ် ခုန်နေရပေမည်။
ထိုအချိန် ကျန်သောသူများမှာ ဂျွမ်းထိုးသူက ထိုး၊ လေထီးခုန် ဟု ခေါ်သော ဆောင့်ကြောင့်ထိုင်လျှင် အနေအထားမှ အထက်သို့ မြောက်တက်သွားအောင် ခုန်ခုန်နေရသည့် အပြစ်ပေးနည်းကို ကြောက်ရွံ့စွာ လုပ်နေရသူကလုပ်၊ ပုံစံမျိုးစုံ အနေအထား မျိုးစုံဖြင့် ထိုနေ့ တနေ့လုံးသည် အလွန်ရှုပ်ထွေးသော ခံစားချက်ကိုသာ တချိန်လုံး ခံစား နေကြရသည်၊ မိမိတို့ ဦးနှောက်တွေသည်ပင်လျှင် ထိုအချိန်က ရူးသွပ်မှု၊ အခြေအနေ ဟု ပြောနိုင်သော အဆင့်အတန်း တခုခုသို့ ရောက်နေကောင်း ရောက်နေပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ထိုနေ့ ရက်များအတွင်း ကျနော်တို့၏ ဦးနှောက်များသည် မိမိတို့ မိဘများနာမည် ကိုပင် မှတ်မိအောင် မနည်းစဉ်းစား တွေးခဲ့ကြရသည်ကို ကျနော်မှတ်မိနေသေး၏။
ဖားခုန်၊ ခုန်ခုန်ဆိုသောကြောင့် ခုန်ရသည် အလေ့အကျင့် လုံးဝမရှိသေးသော ဒူးခေါင်းတို့က စိတ်ထဲ ဘယ်လောက် ခုန်ခုန်၊ မခုန်နိုင်တော့သည်ကို တွေ့ရ၏။ အမိန့်တွေက တရစပ်၊ လူတွေကမလုပ်နိုင်တော့ပြီ။ နာကျင်မှု။ ပင်ပန်းမှုတို့က ခံနိုင်ရည်ရှိမှု၏ အဆုံး၊ အထွဋ် အထိပ်၏ အခြားတဖက်ကို ရောက်နေပြီထင်၏။ ထိုသို့ မခုန်နိုင် ခုန်နိုင်ဖြင့် ခုန်နေရင်း မည်သူမည်ဝါက တွန်းထိုး ကန်ကြောက်လိုက်မှန်း မသိနိုင်ဘဲ နောက်မှ ဆောင့်ကန်ခြင်း၊ တွန်းခြင်းကိုလည်း ကြောက်ရွံ့စွာ ခံစားရသေး၏။ ထိုမျှဖြင့် မကျေနပ်သေး၊ ထိုထက် ပိုမိုပြင်း ထန်ပင်ပန်းသော မီးရထားစီးခြင်းဟု ခေါ်သည့် ဖားခုန်ခုန်ခြင်းကိုလည်း မတတ်နိုင်တော့ သည့်ကြားမှ လုပ်ခိုင်းသေးသည်။ ထိုမီးရထား စီးခြင်းဆိုသည်မှ ထိုလျှက် အနေအထားဖြင့် ဆောင့်ကြောင့်ထိုင်လျှက်အနေအထားအတိုင်း၊ ရှေ့နောက် တယောက်၏ခါးကို တယောက်က ဖက်ကိုင် တွယ်ဆက်ကာ၊ အတွဲအတန်း လုံးဝမပျက် မပြုတ်စေရဘဲ၊ အိပ်ဆောင်၏ ဧရိယာ အကျယ်ကုန်သည်အထိ၊ ခေါက်တုန့်ခေါက်ပြန် လူးလားခေါက်တုန့် သူတို့ မကျေနပ်မချင်း ဖားခုန် ခုန်ကာ မောင်းနှင်အခုန်ခိုင်းစေခြင်းကို ပင်ပန်းကြီးစွာ လိုက်ပါ လုပ်ဆောင်ရ၏။
ပြောပြလျှင်လည်း ကျနော်က ဟာသလုပ်သည်ဟုဆိုမည်ထင်ကြမည်။ ထိုသို့ ပင်ပန်းမှု အဟုန်ကြီးစွာ ကြောက်ရွံ့ထိတ်လန့်မှု အနှိုင်းအဆမဲ့စွာ၊ ချွေးတပြိုက်ပြိုက်ကျလျှက် ရှိစဉ်ပင် ခုန်ဟု အော်သံကြားလျှင် ခုန်၊ တခါ ခုန်ဟု အမိန့်ပေးသံကြားလျှင် ထပ်ခုန်၊ အကြိမ်ကြိမ် ခုန်နေရင်း ပါးစပ်မှလည်း (ဘော်ဘူး… ဘော်)ဟု မီးရထားစက်ခေါင်း ဥသြသံလို အော်ရ သေး၏။ ပျော်ရွှင်စွာဖြင့် အော်ဟစ်ကြခြင်းတော့ လုံးဝ မဟုတ်ပါချေ။ ပင်ပန်းဆင်းရဲ ကြီးစွာ လုပ်ဆောင် နေရရင်းမှ နောက်တတ်၊ ပြောင်တတ်သူ စီနီယာတစ်ဦး၏ အမိန့်အရ အော်ရခြင်းဖြစ်၏။
ကြမ်းမပြင် ကွန်ကရစ်၊ သံမံတလင်း တလျောက်လုံးတွင်လည်း ကျနော်တို့ထံမှ ကျဆင်းထားသော ချွေးရည်တို့ဖြင့် ကြမ်းတိုက်ရေဆေးထားပြီးစ ကြမ်းပြင်လို ရွှဲရွှဲစို ပြောင်လက်နေ၏။ ထိုချွေးကွက်ကိုပင် နင်းမိ၍ ဖားခုန်ခုန်ရင်း ချော်လဲကြရသေး၏။ မည်မျှ ဖိစီးနှိပ်စက်တတ်သည့် စစ်တပ်၏ အစဉ်အလာပါနည်း။ အစကတည်းက ယဉ်သကို… ဆိုသလို ကျနော်တို့ကဲ့သို့ စစ်ခေါင်းဆောင် လုပ်ရမည့် စစ်ဗိုလ်အလောင်းလျှာတို့ကို ဤသို့သော မနှစ်မြို့ဖွယ် ကောင်းလှသည့် နှိပ်စက်အပြစ်ပေးမှု နည်းမှ စတင်ကာ လေ့ကျင့်ပေးခြင်း ကိုခံရ၏။
အပြစ်ပေးခိုင်းစေ၍ ကျိုးကျိုးနွံနွံ ရိုရိုသေသေ လိုက်ပါ မလုပ်ဆောင်သူတို့ကို သီးသန့် ရှေ့သို့ ထုတ်၍ အခြားသူ များထက်ပြင်းထန်သည့် အပြစ်ပေးမှုများလုပ်ဆောင်စေကာ ပိုမိုပင်ပန်း နွမ်းနယ်စေ၏။ ပိုမိုကြောက်လန့် စိုးထိတ်စေ၏။ ထိုသို့အများနှင့်မတူ အထူးသီးသန့် အပြစ်ပေးခြိမ်းခြောက်၊ ကြောက်လန့်စေအောင် အလုပ်ခံ။ အပြစ်ပေးခံ ရသည့်အထဲတွင် ကျနော်အမြဲလိုလိုပါ၏။ မည်သူမည်ဝါမှန်းပင် ခွဲခြားမသိနိုင်အောင် ရှုပ်ထွေးဗြောင်းဆန် နေသော ဤအချိန် ခဏလေးအတွင်း အသံတချို့ကို ကျနော် ကြားဖြစ်အောင်ကြား လိုက်သေး၏။ ဘာတဲ့ ဇော်ဝင်းရှိန် သီချင်းကို ဆိုချင်တဲ့ First Year က ရှိသေးတယ်။ ဒီမောင်… ဒီမောင် (စစ်တက္ကသိုလ်တွင် ပထမနှစ် ဗိုလ်လောင်းများအား First Year ဟုခေါ်၍ လူပုဂ္ဂိုလ် နာမ်စားများအား ဒီကောင် ဟိုကောင် စသော ကြမ်းတမ်းသည်ဟု ယူဆရသည့် အသုံးအနှုန်းတို့ မသုံးနှုန်းကြပါ။ ဒီမောင်ဟုသာ ရည်ညွန်းခေါ်ဆိုကြသည့် ဗန်းစကား ဖြစ်၏။ စကားချပ်…) ထိုစီနီယာ၏ လက်ညိုးကား ဘယ်သူ့ဆီ ဦးတည်ညွန်ပြနေမည် ဆိုသည်ကိုတော့ မပြောလိုပြီ။ ထိုနှစ်ရက်ခန့်သော ဦးနှောက်ဆေးကြောမှု ၀ရုန်းသုန်းကား မောင်းနှင် လေ့ကျင့် ခံရခြင်းသင်ခန်းစာတွင် ကျနော်အတော်ပင် အီစိမ့်အောင် ခံလိုက်ရ၏။ အကြောင်းအရင်းကို တော့ ရိပ်မိသိရှိပြီး ဖြစ်လောက်ပေမည်။
ဟော.. ၀င်လာပြန်ပြီ… နောက်တစ်အုပ် ရောက်လာတဲ့ အသစ်စီနီယာတိုင်းတွင် ငယ်သားများကို ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်စေနိုင်သည့် နည်းနိသျှ အသစ် အသစ်တို့ တမျိုးနှင့် တမျိုးမရိုးအောင် ပါလာကြသည်။
တယောက်နှင့်တယောက် ဂျူနီယာ ဗိုလ်လောင်း ကျနော်တို့ အပေါ်ကို ဖိစီးနှိပ်စက် ပုံခြင်း မတူကြပေ။ ဒီအုပ်စုက သတိဆွဲ ငြိမ်သက်စွာနေခိုင်းပြီး စောင့်ကြည့်ကာ လှုပ်သူကို အပြစ်ပေးနှိပ်စက်တာမျိုး မဟုတ်တော့… သူတို့က သင်္ကာမကင်း ခံရသောလူတန်းထဲ စူးစိုက် လိုက်ကြည့်ကာ ပြစ်မှုကျူးလွန်ထားသော တရားခံကို ရွေးနေသူတို့နှင့် ကျနော်တို့ ရှေ့က ခေါက်တုန့် ခေါက်ပြန် လျှောက်ပြီး သိမ်းငှက်မျက်လုံးတို့၏ စူးရှမှုမျိုးဖြင့် တန်းစီထားသော လူတန်းထဲသို့ အလစ်မပေး၊ အငိုက်ဖမ်းလိုက်ကြည့်၏။
သူတို့စိတ်ဖြင့် ကြည့်၍မရဟုထင်သော First Year ရှေ့တွင် ရပ်၍ မျက်နှာကို စေ့စေ့ ကြည့်ကာ ငါ့နာမည် သိလား…ဟုမေးတော့၏။ ထိုအခါ အမေးခံရသူ First Year က မသိသောကြောင့် ကျနော် မသိပါဘူးခင်ဗျ…ဟု ဖြေလိုက်သည်နှင့် ၀ိုင်းဝန်းစောင့်ကြပ်နေသော ကျန်သည့် စီနီယာတို့က လွန်စွာ အံ့သြကြသည့် ဟန်ပန်ဖြင့် …ဟာ ဟ First Year က မသိဘူးတဲ့ကွ… ထွက်ခဲ့စမ်း အဲဒီမသိပါဘူးဆိုတဲ့ မောင်… ဟုဆိုကာ အိပ်ဆောင်ကြမ်းပြင် တလျှောက် ကျွမ်းထိုးခိုင်းတော့၏။ တရစပ် မနားရအောင် ထိုသူအား အခြားတဦးမှ အပြစ် ပေးနေချိန်ဝယ်၊ နောက်ထပ် ပထမနှစ် တဦးကို ထိုကဲ့သို့ပင် မေးပြန်ပါသည်။ သူ့နာမည်ကို အလိုလို သိရအောင်၊ ကျနော်တို့က တန်ခိုးရှင်တွေမဟုတ်…. ထိုသို့ လေး၊ ငါးဦးခန့် ဘုမသိ ဘမသိဖြင့် အတွယ်ခံရပြီးနောက်မှ ကျနော်တို့ ထိုသို့ ကြောင်တောင် တောင်ဖြင့် အပြစ်ပေး ခံရခြင်း၏ အရင်းအမြစ်မှာ ထိုစီနီယာ၏ နာမည်ကို မသိ၍မဟုတ်၊ မသိ၍ မသိကြောင်းကို အရပ်သားစကားဖြစ်သော မသိပါဘူးခင်ဗျ.. ဟု ပြန်ဖြေသောကြောင့် အပြစ်ပေးခံရခြင်းဟု ပြော၏။
ပထမနှစ် ဗိုလ်လောင်းသင်တန်းသား ဘ၀တွင် အရပ်ဘက်သုံး စကားလုံး တစ်လုံးမျှ ပြောဆို သုံးနှုန်းခွင့်မရှိဟု အမိန့်ထုတ်၏။ ပထမနှစ် တနှစ်ပတ်လုံး ကျနော်တို့ ပြောဆိုသုံးနှုန်း ခွင့်ရသည့် စကားလုံးကြီးများမှာ .. (ဟုတ်) ဟူသော ဟုတ်မှန်၊ လက်ခံ၊ သဘောတူကြောင်း၊ ဖြေကြားသည့် မဟာဝေါဟာရ စကားလုံးကြီး တလုံးနှင့် (မဟုတ်) ဟု ဆိုသော ငြင်းဆိုခြင်း၊ မဟုတ်မှန်ကြောင်း ပြောဆိုလိုခြင်းတို့တွင် အသုံးပြုခွင့်ရရှိသည့် မဟာ့မဟာ စကားလုံးကြီး တလုံး၊ စုစုပေါင်း ကျနော်တို့ ပြောဆိုခွင့် ရရှိသည့် စကားလုံးများက ထို ဟုတ်.. မဟုတ် နှစ်လုံးသာလျှင် ဖြစ်ပြီး သီခြားအမိန့်တစုံတရာ မရရှိဘဲ၊ အခြားသော စကားလုံးတို့ကို ပြောဆိုမိလျှင် အမျိုးအမည် တပ် မထားသော ပြစ်ဒဏ်တို့ ရရှိခံစားရမည်ဖြစ်ကြောင်းဖြင့် ကျနော် ဗိုလ်လောင်း၊ စစ်ဗိုလ်လောင်း၏ စစ်တက္ကသိုလ် ပထမနှစ် သင်တန်းသား ဘ၀သည် ကန့်သတ်ချုပ်ချယ်ခြင်းဖြင့် အစပျိုးကာ၊ စစ်သားဟူသော မြန်မာစစ်တပ်မှ စစ်သား တစ်ဦး၏ လက်တွေ့ နယ်ပယ်တွင်း စတင်ခြေချခဲ့ပါ၏။
First Year တွေ… ပြာတာကြားလား .. (ဟုတ်) .. တစ်ယောက်ယောက်က အပြစ် ကျူးလွန်ရင်လည်း အားလုံးမှာ အပြစ်ရှိတယ်… ကြားလား…..(ဟုတ်)။ တယောက် မကောင်းလည်း အများမှာ အပြစ်ရှိတယ်.. ကြားလား .. (ဟုတ်) … သံပြိုင် ဖြေဆိုသံများဖြင့် ခန်းမကျယ်အတွင်း လိုဏ်ထပ်ဟိန်းနေ၏။
ထိုသို့သော ဦးနှောက်ဆေးသည်ဟု ခေါ်သည့် စိတ်ဂယောက်ခြောက်ခြား၊ သွေးပျက် ကြောက်လန့်ဖွယ် မြင်ကွင်းများ၊ ခိုင်းစေအမိန့်ပေး အော်ဟစ်သံများ စသော လိုလား နှစ်ခြိုက်ဖွယ် အနည်းငယ်မျှ မရှိသည့် အချိန်များကို စိတ်ပင်ပန်းခြင်း ကြီးမားစွာ ကြုံတွေ့ခဲ့ရ၏။ အမျိုးအမည် ဖေါ်ပြနိုင်ဖွယ်မရှိသော ခံစားမှုများဖြင့် နှစ်ရက်တာမျှသော အချိန်များကို နေ့ရော၊ ညပါ သွေးပျက်ထိတ်လန့် ရင်ခုန်ခြင်းများဖြင့် ဖြတ်ကျော်ခဲ့ကြရ၏။
ဤတစ်ပတ် ဤမျှဖြင့်နားခွင့်ပြုပါ။ ရှေ့တစ်ပတ်တွင် ဆက်လက်ဖေါ်ပြပါမည်။
ကျေးဇူးတင်ရှိစွာဖြင့်
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest
အပိုင်း(၅) အား PDF ဖိုင်ဖြင့်ဖတ်လိုပါက ဒေါင်းလုပ် လုပ်ယူပါ။
Read More...
Collapse...
ထိုအချိန်တွင် စီနီယာ ဗိုလ်လောင်းများမှာ ခွင့်ပြန်ရာမှ တဖွဲဖွဲပြန်လည် ရောက်ရှိလာကြ၏။ ကျနော်တို့ လူသစ် များကို ယာယီနေခိုင်းထားသော အဆောင်ပုလေးများမှာ စီနီယာ ဗိုလ်လောင်းများနေကြသည့် အိပ်ဆောင်များနှင့် မလှမ်းမကမ်းတွင်ဖြစ်ရာ သူတို့တတွေ ပြန်လာကြပုံ၊ ပျော်ရွှင်မြူးတူးနေကြပုံတို့ကို ကြည့်၍ အားကျမိကြ၏။
သူတို့တတွေ ၀တ်ဆင်လာသော ခွင့်ပြန်ဝတ်စုံ (ရွှေကြယ်သီးတပ်၊ ပခုံး ဒေါက်ဖြူဖြူ၊ ကြေးခါးပတ် ခေါင်းကြီးမှ တံဆိပ်ကြီးကလည်း ပြောင်လက်လက်၊ ရှုးဖိနပ် လက်လက်၊ ပြောင်ပြောင်ဝင်းဝင်းနှင့် ဘယ်ရီကက်ဦးထုပ် အနီ ရောင် ဆင်တူဝတ်စုံ)ကို ကြည့်၍ အထင်ကြီးလေးစား၊ အားကျစိတ်တို့ တဖွားဖွား ပေါ်ပေါက်ကာ ယခုချက်ချင်း ပင် သူတို့လို ဖြစ်လိုစိတ်ပေါ်လာမိခဲ့ကြ၏။ ထိုအချိန်မှစ၍ မြန်မာစစ်တပ်၏ တောက်ပြောင်ခန့်ငြားစွာ ဆင်ယင်မှု၊ ရာထူးအလိုက် ၀တ်ဆင်ရသော၊ အဆင်တန်ဆာအပေါ် တပ်မက်စေခြင်း၊ မက်မောအားကျ တုပလိုစိတ် ဖြစ်ပေါ် စေခြင်း ဟူသော ဖြားယောင်းသွေးဆောင်မြူဆွယ်ခံရမှု နောက်သို့ ကျနော်တို့ စတင်လိုက်ပါမိခဲ့ကြ၏။
စီနီယာဗိုလ်လောင်းများ ထိုအချိန်အထိ စစ်တက္ကသိုလ်၏ အစဉ်အလာဖြစ်သည့် စီနီယာမှ ဂျူနီယာ ဗိုလ်လောင်းတို့အား ကွပ်ကဲအုပ်ချုပ် ခြင်းကို ကျနော်တို့လူသစ်များ မခံကြရသေးပါ။ ပေါ့ပါးး၊ လွတ်လပ်စွာပင် မိမိတို့ အိပ်ဆောင်ဝန်းကျင် တခွင် ပျော်ရွှင်စွာ နေခဲ့ကြသည်။ စစ်တပ် အသိုင်းအ၀ိုင်းမှ မွေးဖွားကြီးပြင်းလာသူ အချို့၏ ပြောပြမှုကြောင့် စီနီယာတွေ ကို ကြိုတင်ကြောက်လန့်နေသူ လူငယ်အချို့ကတော့ မျက်စိသူငယ်၊ နားသူငယ်ဖြင့် အားငယ်သည့်ဟန်ပန်တို့ ပေါ်ပေါက်ကာ စိုးရိမ်ထိတ်လန့် နေကြ၏။ ဘာမှမသိ၊ ဘာမှ မလေ့လာခဲ့သော ကျနော်ကဲ့သို့ ခပ်ဝေေ၀ လူငယ် တချို့သာလျှင် ပျော်ပျော်ပါးပါး လူ့မင်းသား အုပ်စုဖွဲ့ကာ ဟေးလားဝါးလား နေနိုင်ကြသည်။ အဘယ်ကြောင့် ဆိုသော် စီနီယာ ဗိုလ်လောင်းများသည် သူတို့အိပ်ဆောင်တွင်သာ သူတို့နေကြပြီး ကျနော်တို့ ရှိရာသို့ တခါတ လေမှသာ တယောက်တလေ ရောက်ရှိလာတတ်သာကြောင့် သူတို့နှင့်ပတ်သက်၍ အမှုမဲ့အမှတ်မဲ့သာ ကျနော် တို့ အများစုက နေနေမိကြ၏။ လောလောဆယ် ကျနော်တို့ကို အုပ်ချုပ် စောင့်ကြည့်နေကြသူများမှာ စစ်တက္ကသိုလ်မှ နည်းပြအရာရှိ အချို့နှင့် နည်းပြ အရာခံ၊ အကြပ်ကြီး အချို့သာလျှင်ဖြစ်ရာ မည်သူ့၊ မည်သူကိုမှ ကြောက်ရွံ့စိုးထိတ်ဖို့ မလိုသလို ခံစားပျော်ရွှင်နေကြ၏။
ထိုကာလ ရက်အနည်းငယ်အတွင်း စီနီယာ ဗိုလ်လောင်းအချို့ ရောက်ရှိလာကာ ကျနော်တို့အား နွေးထွေး ရင်းနှီး ပျူငှာသည့် မျက်နှာပေးများဖြင့် လာရောက် စကားပြောဆို နှုတ်ဆက်၏။ ကျနော်တို့ အများစုကလည်း သဘော ရိုးဖြင့် အရပ်သားပုံစံ အတိုင်းပြန်လည် နောက်ပြောင်နှုတ်ဆက်ကြ၏။ စိတ်တွင်းမှလည်း စစ်တက္ကသိုလ် စီနီယာ ဆိုတာ သူလိုကိုယ်လိုတွေလိုပါပဲ၊ ဘယ်သူတွေက ဘာတွေ လျှောက်ပြီး ကြောက်လန့်အောင် ခြောက်နေ ကြပါ လိမ့်ဟု အပြစ်ပင်မြင်လိုက်သေး၏။
အချို့စီနီယာ ဗိုလ်လောင်း အချို့က ကျနော်တို့ လူသစ်များအစား ရင်းနှီးနွေးထွေးသော လေသံများဖြင့် မေးမြန်း ၏။ ကိုယ့်ညီတို့ထဲမှာ သီချင်းအဆို၊ အတီး ၀ါသနာပါတဲ့ ဗိုလ်လောင်းတွေ ရှိသလား… ညီတို့ ဗိုလ်လောင်း အိပ် ဆောင်ကြီးတွေအပေါ် ပြောင်းတဲ့နေ့ကျရင် မောင်သစ်လွင် ကြိုဆိုပွဲ (Fresher Welcome) ရှိတယ်လေ။ စပါယ် ရှယ် တီးဝိုင်းကြီးနဲ့ ဧည့်ခံမှာဆိုတော့ ကိုယ့်ညီတို့ထဲက အဆိုကျော်တွေ၊ ဂီတသမားတွေ ပါရင် ပိုပြီး စည်ကားမှာ ပေါ့။ …. ကဲ- ပြော ဘယ်သူတွေ သီချင်းဆိုမလဲ။
ဟား..ဟေ့ အစ်ကို… ဒီဘက်လှည့်စမ်းပါအုံးဗျ… ကျနော် သီချင်းဆိုမယ်.. ဟိုသီချင်းဗျ.. ဇော်ဝင်းရှိန်ဆိုထားတဲ့ .. ရိုစီတာမှ မနှင်းဆီသို့ ဆိုတဲ့ သီချင်းလေ.. အဟဲ ..အဲဒါ ကျနော်ဆိုရင် ရမလားအစ်ကို… ထိုစီနီယာက ကျနော့် မျက်နှာကို သေချာ စူးစူးစမ်းစမ်း စိုက်ကြည့်၏။ မျက်နှာကို သေချာမှတ်မိအောင် မှတ်သားနေဟန် ရှိ၏။ ကျနော်ကတော့ သီချင်းဆိုကာနီး ကျနော့်ကို ခေါ်ထုတ်နိုင်ဖို့ ကျနော့်ကို မှတ်မိအောင် ကြည့်ရှုသည်ဟုသာ ထင် မိ၏။ ထိုအခါ ကျနော့်ကို အခြားသော ပထမနှစ် ဗိုလ်လောင်းများက ထူးဆန်းအံ့သြသည့် အကြည့်တချို့ဖြင့် ကြည့်၏။ ဒါလည်း ကျနော် သတိမမူမိသေး၊ ဆက်ကွန့်၏။ ဟေ့ကောင်တွေ ဂီတာတီးဖို့ မင်းစာရင်း ပေးမယ်ဆို။ ပေးလိုက်လေ၊ အစ်ကို သူက ဂီတာကျွမ်းတယ်။ သူ့ကို ဂီတာတီးခိုင်းနော်။ ကိုယ်တယောက်တည်း လူတွင်ကျယ် လုပ်ရတာ အားမရ၍ သူများကိုပင် ဆွဲထည့်လိုက်သေး၏။ ကျနော်ကဲ့သို့ မအူမလည် သူငယ်ချင်း အချို့ကလည်း ကျနော်၏ တက်ကြွဖြတ်လတ်နေသော ဟန်ပန်ကို ကြည့်၍ သူတို့လည်း စာရင်းပေးကြသည်။ ထိုအချိန်ထိ ကျနော်တို့တတွေမှာ အခြေအနေမှန်ကို မရိပ်မိသေးပေ။
ဆေးအောင်ပြီးသော ပထမနှစ် ဗိုလ်လောင်းများ ဗိုလ်လောင်းကုန်း(ခေါ်) အနီရောင် လေးထပ်ဆောင်၊ သုံးထပ် ဆောင် အမြင့်ကြီးများဆီသို့ ပြောင်းရွှေ့ရပါတော့မည်။ အချို့ကြိုတင် သိရှိ ရိပ်မိထားသူတွေကတော့ အလွန် တရာ ညိုးငယ်လှသော မျက်နှာပေး လေးများဖြင့် မပြောင်းချင် ပြောင်းချင် ဗိုလ်လောင်းကုန်းပေါ်သို့ ပြောင်းရွှေ့ လာရပုံဖြင့် စိုးတထိတ်ထိတ် ပုံစံတို့ရှိ၏။
အဖြူရောင် စွပ်ကျယ်၊ ဘောင်းဘီတို၊ ကင်းဘတ် ဖိနပ် ၀တ်စုံတူများဖြင့် ကိုယ်စီပါလာသော အထုပ်အပိုး၊ သေတ္တာတွေနေရာချပြီး အတော်ကြာသော ကာလအခါဝယ် ကျနော်တို့ ပထမနှစ် ဗိုလ်လောင်း အားလုံးသည် အရှင်လတ်လတ်ဖြင့် လူ့လောက၏ ငရဲခန်းများရှိရာသို့ ချက်ချင်းဆိုသလို ရောက်သွားကြ၏။ သို့မဟုတ် ရုပ်ရှင် တွေထဲ ကြည့်ဖူးသော နာဇီဖက်ဆစ်ခေတ်က အိုက်ခမန်း၏ ငရဲခန်းများဆီသို့ အလည်တခေါက် ရောက်သွား သလို ခံစားရမိပါတော့သည်။ သို့မဟုတ် စာအုပ်တွေထဲ ဖတ်ခဲ့ဖူးသော ဖက်ဆစ်ဂျပန်ခေတ်က ကင်ပေတိုင် စစ် ပုလိပ်တို့၏ ချွေးတပ် စခန်းသို့၊ ညှဉ်းပမ်းနှိပ်စက်ရာ အခန်းများဆီသို့ အလိုလို ရောက်သွားသလို ခံစားရတော့၏။
ကျနော်တို့ကို စီနီယာ အချို့လာပြောထားသည့် မောင်သစ်လွင်ကြိုဆိုပွဲကြီးမှာ ကျနော်တို့ ထင်သလို လုံးဝ မဟုတ်ပါ။ ဘယ်လိုမှ မျှော်လင့်တွက်ဆ မထားသော ကြောက်ရွံ့ ထိတ်လန့်ဖွယ် အခြေအနေဆိုး ကြီးတစ်ခုက ကြိုလင့်၏။ စီနီယာ ဗိုလ်လောင်း အရေအတွက်ပင် ခန့်မှန်း၍ မရလောက်အောင် များပြားလှသော လူတို့က စစ် ယူနီဖောင်း အပြည့်အစုံဖြင့် အိပ်ခန်းဆောင် ခန်းမကျယ်ကြီးအတွင်းမှ စောင့်နေကြပြီး၊ ထိုအခန်း ကျယ်ကြီး အတွင်းသို့ ကျနော်တို့ လူသစ် (ထိုအချိန်ထိ ကျနော်တို့ လူသစ်များမှာ စစ်ယူနီဖောင်း မ၀တ်ရသေး၊ ဗိုလ်ရွေးဖြေ ဆိုစဉ်က ၀တ်စုံဖြစ်သည့် စွပ်ကျယ်အဖြူနှင့် ဘောင်းဘီတိုအဖြူ၊ ကင်းဘတ်ဖိနပ် အဖြူတို့ကို ၀တ်ဆင်ထားကြ၏။ ထိုဝတ်စုံအဖြူတို့သည်လည်း ထိုတရက်အတွင်းတွင် နီစွန်းပေတူးသော အရောင်များ အဖြစ် ပြောင်းလဲသွား၏) များကို နွားအုပ်ကြီး မောင်းထည့်သကဲ့သို့ အတင်းတွန်းထိုး ၀င်ရောက်စေ၏။ ကျနော်တို့လည်း ဘုမသိ ဘမသိဖြင့် ကြောင်တောင်တောင်ဖြစ်ကာ ကြောက်လန့် နေကြစဉ်၊ ဗိုလ်လောင်း တာဝန်ကျ လက်ဝက် ၀တ်ထားသူ တစ်ဦးက ဦးဆောင်၍ ကျနော်တို့ လူသစ်ဗိုလ်လောင်းများကို စစ်သားစိတ် သွင်းသည်ဟု ဆိုသော (Brain Wash) လုပ်ခြင်း၊ အရပ်သား စိတ်ဖျောက်ပျက်အောင်၊ ဦးနှောက်ကို ဆေးကြောခြင်းဟု ဆိုသော၊ လုံးဝကြိုတင် မမျှော်လင့်နိုင်ခဲ့သည့် ကြောက်လန့်တုန်လှုပ်ဖွယ် ဆက်ဆံခြင်း ခံရသည့် အခြေအနေဆိုး တရပ်ကို မမျှော်လင့်စွာ ကြုံတွေ့ကြရ၏။
ဝရုန်းသုန်းကား၊ ခြောက်လှန့်အနိုင်ကျင့်၊ ဖိစီးလွှမ်းမိုး၊ ဗိုလ်ကျ၊ အုပ်စီးမှု အပြစ်ပေးမှု နှိပ်စက်မှု၊ ခြိမ်းခြောက်နည်း အမျိုးမျိုးဖြင့်၊ စိတ်ဓါတ်ခံယူချက် အတွင်းမနောကို၊ အတင်းကာရော ပုံသွင်းပြောင်းလဲ ခံစားစေခြင်းကို အံ့အားပင် သင့်ချိန်မရ၊ ဦးနှောက်ဆဲလ်များ ထူပူနေအောင် ခံစားရ၏။
ဘယ်သူ ဘယ်ဝါ ဘာတွေ မှန်းမသိ၊ ဘာမှ တွေးတောမှတ်သားချိန်မရဘဲ၊ ပြင်းထန်စွာ စိုးထိတ်ဖွယ်ကောင်းလှ သည့်၊ အမိန့်ပေးခိုင်းစေမှုများ၊ အတင်းကာရော၊ တွန်းထိုး အပြစ်ပေးမှုများ၊ ကိုယ်ကာယပိုင်းဆိုင်ရာ အနိုင်ကျင့် နာကျင်စေမှုများဖြင့်၊ ထိတ်လန့်တုန်လှုပ်ဖွယ် အခြေအနေဆိုးများကို အချိန်အပိုင်းလိုက်။ အပိုင်းလိုက် အစီအစဉ် တကျ၊ အကွက်ချ မောင်းနှင် နှိပ်စက် လေ့ကျင့်ပေးခြင်းကို မနှစ်မြို့စွာ ခံကြရသည်။
စီနီယာ ဗိုလ်လောင်းများက အုပ်စုလိုက်ဖြင့် ကျနော်တို့ လူသစ်များကို နည်းမျိုးစုံ၊ အမိန့်မျိုးစုံ သုံးကာ အမိန့်ပေး စေခိုင်းခြင်း၊ အမိန့်နာခံမှု အားနည်းသော ပထမနှစ် ဗိုလ်လောင်းအား နည်းလမ်းအမျိုးမျိုးဖြင့် အပြစ်ပေးခြင်း၊ တွန်းထိုး ခြောက်လှန့်ခြင်း၊ ၀ရုန်းသုန်းကား ဖရိုဖရဲ ကမ္ဘာပျက် နေမတတ်အထိ လူတဦးတည်းအား လူအုပ်စု အများဖြင့် ၀ိုင်းဝန်း ခြောက်လှန့်ကာ စိုးထိတ်ကြောက်လန့်စေ၏။ ကျနော်တို့ ကြုံခဲ့ရသော ထိုအချိန်၊ ထိုနေ့မှ ဖြစ်စဉ်များကို စာစီကုံး ရေး၍ပင် ထင်ရှားပေါ်လွင် မြင်ယောင်နိုင်မည် မထင်ပေ။
တယောက်အိပ် သံခုတင်များကို ဖယ်ရှားထားပြီး၊ ခန်းဝင်းကျယ်ကြီး အတွင်းဝယ် လူသစ် ဗိုလ်လောင်းများဖြစ် သော ကျနော်တို့ (၂၅) ယောက်ခန့်မှာ ကိုယ့်ကိုယ်ကို ဘာတွေဖြစ်နေလို့၊ ဘာတွေ လိုက်လုပ်နေကြရမှန်း မသိ နိုင်အောင်ပင် စိတ်အာရုံတွေက စိုးထိတ်ကြောက်လန့် အားငယ် ထူပူနေကြရလေ၏။ ဟော… လာပြန်ပြီ စီနီယာ နောက်တအုပ်စု၊ ပထမအုပ်စုက ဂူးဂဲ၊ ဗျူးဗြဲဖြင့် ကျနော်တို့ကို ဆောက်တည်၊ ရပ်တည်ရာ မရအောင် နည်း မျိုးစုံဖြင့် နှိပ်စက်သွားပြီး ပြန်ထွက်သွားပြီး၊ ယခု နောက်တစ်အုပ်စုက ထပ်ရောက်လာပြန်၏။ ကိုယ့်ကိုယ်ကို ဘာ တွေဖြစ်လို့ ဘာတွေခံစားနေကြရမှန်း တွေးတောချိန် မရလောက်အောင် ကြောက်လန့် ကျန်ခဲ့သော ကျနော်တို့ လူသစ်အုပ်စု အယောက်အစိတ်ခန့်မှာ ကြောင်တက်တက်၊ သွေးတလန့်လန့်ဖြင့် စိုးထိတ်စွာ ကြောက်သေးများ ပင် ထွက်ကျမတတ် ကြောက်လန့်မှုတွေဖြင့် ကျန်ခဲ့၏။ သူတို့တန်းစီးခိုင်းထားသည့် ပုံစံအတိုင်း ထိတ်လန့် ကြောက်ရွံ့စွာ ချွေးအရွှဲရွှဲ၊ မျက်နှာ တငယ်ငယ်၊ ဘာတွေဆက်ဖြစ်လာမည်မှန်း မသိနိုင်အောင် တွေးတော ကြောက်လန့်ရင်း ကျန်ရစ်၏။ ခြေစုံရပ်၊ လက်သီး နှစ်ဘက် ကျစ်ကျစ်ပါအောင်ဆုပ်၊ ဦးခေါင်းကိုမော့၊ မေး ကြောကိုလည်မျိုနှင့် ထိလုမတတ်၊ လည်ပင်းကြွက်သားတွေကို တင်း၍ ဦးခေါင်းကို မလှုပ်မရှက် လုံးဝ ငြိမ်သက် စွာဖြင့်……
……. မျက်နှာမူရာ ရှေ့တည့်တည့်ကိုသာ ကြောင်တောင်ကန်း မျက်ဝန်းများဖြင့် ကြည့်၍၊ မလှုပ်ရဲဘဲ ကျောက်ရုပ် ကြီးတွေလို နေနေကြရ၏။
အဘယ်ကြောင့်ဆိုသော် စောစောက စီနီယာများသည် မိမိတို့ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားသည့်တိုင် အပြင်အထိ ထွက်သွားခြင်း မဟုတ်ဘဲ၊ အပြင်ကော်ရစ်တာ ပြုတင်းမှ စောင်းငဲ့ ချောင်းမြောင်းနေတာ မတ်တပ်ရပ် သတိဆွဲခိုင်းထားခြင်း အနေအထားမှ မိမိတို့ မည်သူမည်ဝါ လှုပ်ရှားသည်။ ဘယ်သူက မလှုပ်ရဆိုသော အမိန့်ကို မနာခံသေးဘဲ ဟိုကြည့် သည်ကြည့် လုပ်သေးသည်စသော အပြစ်များကို စောင့်ကြည့်နေသေးသောကြောင့် ဖြစ် သည်။
ကျနော်တို့ အားလုံး၏ ကိုယ်ခန္ဓာအနှံ့ ချွေးစေးများ ပြန်လျှက်၊ နှဖူးဦးရေပြားမှသည် တကိုယ်လုံးမှ ကျနေသော ချွေးတို့သည်၊ မိမိတို့ ရင်ဘတ်၊ ကျောပြင်တို့မှ တဆင့် ပေါင်တွင်းကြောအတိုင်းစီးဆင်းကာ ခြေဖ၀ါးသို့တိုင် ကျ နေ၏။ သံမံတလင်း ကြမ်းပြင်ပေါ်တွင်လည်း ချွေးကွက်ကြီးတွေက နေရာအနှံ့၊ ပူပင်သောက စိုးထိတ်မှု၊ ကြောက် လန့် အားငယ်မှုတွေကလည်း တိုးသထက်သာ တိုးလာနေ၏၊ အဘယ်ကြောင့်ဆိုသော် ၎င်းစီနီယာ တို့ပေးသော အတိအကျ အမိန့်ပေးမှုတွင် မိမိတို့ လူသစ်များ၏ နာခံမှု အခြေအနေသည် အားလုံးပေါ်တွင် လွှမ်းမိုး ခိုင်မြဲမှု မရှိမချင်း ထပ်ကာ တလဲလဲ စောင့်ကြည့် နှိပ်ကွပ်နေပေသေးသောကြောင့် ဖြစ်သည်။ မူးမေ့လဲကျသူတွေက လည်း တဗုန်းဗုန်း၊ ဒါလည်းမရ၊ အတင်းပြန်ထ မတ်တပ်ပြန်ရပ် ခိုင်းပြီး သတိဆွဲခြင်းဆိုသော မလှုပ်မယှက် နေရခြင်းကို ပြန်လုပ်ခိုင်း၏။ ပြန်လဲကျသူတွေက နောက်ပြန်တွေရော၊ ရှေ့ပြန်တွေပါ တ၀ုန်းဝုန်း… နောက်ဆုံး လုံးဝ ဆွဲထူ၍ မထနိုင်တော့သော သူတွေကို အခန်းပြင်သို့ ခွေးသေတကောင်လို တရွတ်တိုက် ဆွဲထုတ်သွား၏။ ထိုအချိန်ထိ ကျနော် သတိမလစ်သေး၊ ဦးနှောက်တွေကတော့ ဗြောင်းဆန်နေပြီး မြင်မြင် သမျှသည် ဇဝေဇ၀ါဖြင့် ဘာတွေက ဘယ်လိုဖြစ်နေသည်ကို လိုက်လံ တွေးတောရန် အလျင်မမှီတော့သလို ဖြစ်လာသည်။ ဟော.. လာပြန်ပြီ ၀င်လာပြန်ပြီ စီနီယာ ဆိုသည့် နောက်တအုပ်စု ကျနော့် စိတ်ထဲတော့ အမေရေ သားမှားပြီဗျဟုသာ အော်ချင်မိတော့၏။ မကြာပါ ကျနော်လည်း သတိလစ်သွားသလား၊ ဘယ်အရပ်၊ ဘယ်ကမ္ဘာကို အလည်အပတ် ရောက်သွားသည် မသိ၊ အားလုံးသည် အလွန်ရှုပ်ထွေးသော အာရုံတွေသာ ဆင့်ကဲ ဆင့်ကဲဖြစ်နေတော့၏။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိတဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
ဆက်လက်ဖတ်ရှုရန် အပိုင်း(၅)
PDF ဖိုင်ဖြင့်ဖတ်လိုပါကဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ
Read More...
Collapse...
လူငယ်များ မိမိတို့ လက်ရှိ ဘ၀ကို အမှန်ကို အမှန်တိုင်း၊ အရှိကို အရှိတိုင်း၊ သုံးသပ်နိုင်စွမ်း ကင်းမဲ့အောင် ဖန်တီးထားသည့် စစ်အာဏာရှင် စနစ်အောက် ကျနော်တို့လို လူငယ်များ ကြုံရာ၊ မြင်ရာ၊ ထိတွေ့ကူးစက်ရာတို့မှ အဘယ်ကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွင်း ၀င်ရောက်ရန် စိတ်ကူးတွေ ဖြစ်ပေါ်ခဲ့ကြပါသနည်း။ ဗိုလ်လောင်း ပထမနှစ် သင်တန်းသား ဘ၀မှ ပြင်ပ အရပ်သားတို့ မသိနိုင်သော လေ့ကျင့်သင်ကြားမှု ဘယ်လိုရှိခဲ့ပါသနည်း ဆိုသည်ကို ယခု တပတ်တွင် တင်ပြသွားပါမည်။
တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပင်ပေးကာ၊ ကာကွယ် စောင့်ရှောက်နေသည်ဆိုသော တပ်မတော် အစိုးရ လက်ထက်၊ အရာရာသည် အသိပိတ်။ အမြင်ပိတ်ဖြစ်၍ ဘ၀ အတွေ့အကြုံ နုနယ်သေးသူ လူငယ်တို့ မြင်မြင်ရာ အားကျ မက်မောလာသည်မှာ မဆန်း။ ကျနော်တို့ မြန်မာနိုင်ငံကြီး ပြိုကွဲပျက်စီးမည့် ဘေးအန္တရာယ် ချောက် ကမ္ဘားကြီးထဲ ကျလုတဲတဲ အခြေအနေဆိုးကြီးအတွင်းမှ လက်မတင်လေး လွတ်မြောက်အောင် စွန့်စား ကယ်တင် စောင့်ရှောက်ကာ၊ ယနေ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေခဲ့ ရသည်ဆိုသော တပ်မတော် အစိုးရ (ခေါ်) နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်၌ တိုင်းပြည်ကြီး ယခင်ကနှင့် မတူ ထူးခြားစွာ ဖွံ့ဖြိုး တိုးတက် နေပြီ အစရှိသည့် ကြေငြာချက်များကို ယုံစားမိ၍၊ တိုင်းပြည်နှင့် လူမျိုးတို့ကို ကာကွယ်စောင့်ရှောက်အံ့ ဟု ကြွေး ကြော်ပြီး မြန်မာ့မျိုးချစ် တပ်မတော်ကြီးအတွင်း စစ်မှုတာဝန်ထမ်းဆောင်ရန် ၀င်ရောက်ကြသည့် လူငယ်များထဲ တွင် ကျနော်လည်း တဦးအပါအ၀င် ဖြစ်ပါသည်။
ပြင်ပတွင် အတန်းပညာ ဆက်လက်သင်ကြားရေး အခြေအနေမှာ တတ်မြောက်ချောမွှေ့ခြင်း မရှိနိုင်သည်က တကြောင်း၊ အားမာန်နုပျို တက်ကြွ ဖြတ်လတ်သည့် အရွယ်မို့ အရာရာကို လက်တွေ့ ရှုခြင်း၊ စမ်းသပ်တွေ့ကြုံ လိုသည်ကလည်း တကြောင်း၊ တိုင်းပြည်အတွက် စစ်သူရဲကောင်း ဆန်ဆန် ဖြစ်လိုစိတ်ကို အခြေခံ သင်ကြား ပေးလိုက်သော မြန်မာ့သမိုင်းနှင့် အလွတ်ကျက်ဖြေ အတွေးအခေါ်မဲ့ ပညာရေးစနစ်၏ လှုံ့ဆော် တိုက်တွန်း မြူ ဆွယ်ချက်များကြောင့်လည်းကောင်း၊ မိမိလိုလားသော အတန်းပညာကိုလည်း တည်ငြိမ်အေးချမ်းစွာ ဆက်လက် သင်ယူနိုင်မည်ဟု ယူဆကာ (အရှေ့တောင် အာရှနိုင်ငံများတွင် တစ်ခုတည်းသော ကမ္ဘာ့အဆင့်မှီ စစ်တက္ကသိုလ် ကြီး ဟူသော ၀ါဒဖြန့်ချက်ကို ယုံမှတ်၍) စစ်တက္ကသိုလ်သို့ တက်ရောက် သင်ကြား ခွင့်ရရေးကို စတင်စိတ်ဝင်စား လာခဲ့၏။
ပြည်တွင်းထုတ် မြန်မာသတင်းစာများမှ စာမျက်နှာပြည့် ကြေငြာထားသော ဗိုလ်လောင်း ရွေးချယ်ခေါ်ယူမည့် အကြောင်း အထင်ကြီးလေးစားဖွယ် စာလုံးမည်းကြီးများကိုဖတ်၍ မိမိ၏ မိဘများက သဘောမတူ၊ ကန့်ကွက်နေ သည့်ကြားမှ ငယ်သူငယ်ချင်းတဦး၏တိုက်တွန်းအားပေးမှုဖြင့် စတင်ကြိုးပမ်းခဲ့ပါ၏။ ထိုအချိန်ခါက စစ်တက္ကသိုလ် ဟူသည် လက်တွေ့ရင်ဆိုင်ဖြေဆိုရန် အလွန်ခက်ခဲသော အရည်အချင်းစစ် စာမေးပွဲများ၊ ကိုယ်တွေ့ စစ်ဆေးမေး မြန်းမှုများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါမှ တက်ရောက်ခွင့်ရနိုင်သော၊ တော်တန်ယုံ သာမန်အရည်အချင်း၊ စိတ်ခံယူချက်၊ ကျန်းမာရေး၊ ကိုယ်ကာယ သာမန် သန်စွမ်းမှုမျှဖြင့် ဗိုလ်ရွေး (ခေါ်) စစ်တက္ကသိုလ် ဗိုလ်လောင်း၊ ရွေးချယ်ခြင်း စားမေးပွဲကို လုံးဝ မအောင်မြင်နိုင်ဟု (ကျောင်းသား လူငယ်များအကြား ၀ါဒဖြန့်ထား၍) တိတ်တခိုး နာမည်ကြီး နေသော ပညာသင်ကြားရေး မဟာကျောင်းတော်ကြီး တစ်ခုဖြစ် နေပေသည်။
စစ်တက္ကသိုလ်၏ နာမည်ကပင် Defence Services Academy (ခေါ်) စစ်အတတ်ပညာသင် အကယ်ဒမီ မဟာ ကျောင်းတော်ကြီး ဟု လေးစားအားကျဖွယ် မှည့်ခေါ်ထားဝေရာ ကျနော်တို့လို ဘာမှ မသိသည့် လူငယ်ထု အားကျ မက်မောမည်ဆိုလည်း မက်မောလောက်ပါပေသည်။ မြန်မာပြည်တွင်း စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေးစနစ် ကလည်း အတော်ဝင် အရှိန်အဟုန် ကောင်းကောင်း၊ တွင်တွင်ကြီး ကြေငြာ အားကောင်း သည်ဖြစ်ရာ ဘာမှမသိ နားမလည်၊ အသိမကြွယ်သေးသော ကျနော်တို့ အရွယ်မျိုးချစ်စိတ် အရင်းခံရှိသော လူငယ်အတော် များများမှာ ခေတ်စနစ်နှင့် အနာဂတ်ရေး ဘာမှကြိုတင်မတွက်အချက်၊ မသုံးသပ်ဘဲ၊ စစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး များ၏ စစ်တပ်အင်အား ကြီးထွားရေး တစ်ခုတည်းအတွက် ချမှတ် ကျင့်သုံး နေသော၊ စစ် မဟာဗျူဟာ၊ အောင်မြင်ရန် ၀ါဒဖြန့် ကျုံးသွင်းဖြူဆွယ်ရာ နောက်သို့ မြန်မာတိုင်းရင်းသား လူငယ် တချို့ ကောက်ကောက်ပါအောင် လိုက်ခဲ့ မိကြသည်မှာ အမှားဟု မဆိုနိုင်ပေ။
ထို ခေတ်ရေစီးကြောင်းအတိုင်းပင် စစ်တက္ကသိုလ် ဗိုလ်လောင်း ရွေးချယ်ရေး စာမေးပွဲတွင်လည်း ဤစနစ်မျိုး၊ ဖြတ်လမ်းနည်းဖြင့် အရည်အချင်းစစ် စာမေးပွဲကို ဖြတ်ကျော်နိုင်သည့် လမ်းကြောင်းများ တည်ရှိနေသည်ကို လည်း အံ့သြစွာ တွေ့ရှိရ၏။ ဗိုလ်လောင်း ရွေးချယ်ရေး စာမေးပွဲ မဆိုထားနှင့် စစ်တပ်အကြောင်း ဘာဆိုဘာမှ ရေရာစွာ မသိခဲ့ဖူးသည် ကျနော်တို့ ကိုယ်တိုင်ပင်လျှင် မိတ်ဆွေ တစ်ဦး၏ စီစဉ်ပေးချက်ဖြင့် ဗိုလ်ရွေးစာမေးပွဲ အတွက် အနီးကပ် ကျူရှင်တက်ခဲ့ရသေး၏။ အဆိုပါ ကျူရှင် ဆရာ၏ ကြိုတင်စီစဉ် ချိတ်ဆက်မှုဖြင့် ဗိုလ်လောင်း ရွေးချယ်ရေး တာဝန်ကျသော ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူ တစ်ဦး၏ နေအိမ်သို့ (ညအမှောင်ထုကို အကာ အကွယ်ယူ၍) ၎င်းနှင့်အတူ သွားရောက်ပြီး ထိုအရာရှိကြီးကို တန်စိုးလက်ဆောင်နှင့်၊ ငွေကြေးများ (ဂါရ၀ပြု ကန် တော့သည် ဟုဆိုကာ) လာဘ်ထိုးခဲ့ရသေး၏။ ထိုအချိန်အထိ ထိုခေတ် ထိုစနစ်၏ ဆိုးဝါး ရင်လေးဖွယ် ကောင်း လှသော နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ပတ်သက်၍ ဘာဆိုဘာမှ ရေရေရာရာ ကျနော်မသိ၊ သိအောင်လည်း အားမထုတ်ခဲ့၊ ထိုအချိန်က ကျနော့် ဦးနှောက်ထဲသိသည်မှာ ကျနော်သည် တနေ့သော အခါတွင် မိမိဖြစ်လိုသော နိုင်ငံ့သားကောင်း ရတနာ တဦးဖြစ်လာလိမ့်မည်ဟုသာ မျှော်လင့် ယုံကြည်လျှက် ရရာ၊ ကြုံရာ နည်းလမ်းများဖြင့် မိမိရည်မှန်းချက် အောင်မြင်ရေးကိုသာ အပတ်တကုတ် ကြိုးစားခဲ့၏။ နိုင်ငံ့သားကောင်းရတနာ ဟူသည် ကိုယ်ကျင့်စာရိတ္တ အရာတွင် မတရားမှု၊ ကင်းရှင်းသူ၊ ရိုးသား ဖြောင့်မတ်သူ ဖြစ်ရမည်ဆိုသည်ကို သိတော့၏။ ထိုသို့ ငွေကြေးဖြင့် လာဘ်ထိုး၍ အခွင့်အရေး တခုကို တောင်းဆိုခြင်းသည် အကျင့်စာရိတ္တကို ပျက်ဆီးစေတတ် ကြောင်း ထိုအချိန်က ကျနော် နားမလည်ပေ။
ကျူရှင် ကြိုတက်ထားသောကြောင့်လား၊ ငွေကြေးကန်တော့ထား၍ လားတော့ မသိပါ။ ဗိုလ်လောင်း ရွေးချယ် ရေး စာမွေးပွဲကို ချောမောစွာ ဖြေဆိုနိုင်ခဲ့ပြီး၊ စစ်တက္ကသိုလ် တက်ရောက်ရန် ခေါ်ယူသည့် အကြောင်းကြားစာ နေအိမ်သို့ ရောက်လာပါသည်။ မိဘများကတော့ ၀မ်းမသာပါ။ တားမြစ်၍ မရမည့်အတူ ကျနော့်ကို ဖြစ်လိုရာ ဖြစ်စေဟု လွှတ်ပေးလိုက်၏။ သို့သော်လည်း လိုအပ်မည့် ငွေကြေးစရိတ်ကိုတော့ လုံလောက်အောင် ထောက်ပံ့ နေမည့် အကြောင်းနှင့် ကျနော့်အား တိုင်းပြည်မှ အမှန်တကယ် အားထား ယုံကြည်ရမည့် သားကောင်း စစ်သည် တစ်ဦးအဖြစ် ရောက်အောင်သာ ကြိုးစားပါဟု ဖခင်မှ မှာကြားလိုက်၏။ ထိုအချိန်မှစ၍ အသက် ၁၉ နှစ် အရွယ် ကျနော်သည် တခါမှ မခွဲဘူးသော မိဘနှစ်ပါးနှင့် ညီအကိုသားချင်းများအား ခွဲခွာကာ၊ နောင်တခေတ်၏ အောင် စစ်သည်၊ သားကောင်း ရတနာ တဦးအဖြစ် မိမိဘ၀ကို မြှင့်တင် တည်ဆောက်ရန် လက်တွေ့ဘ၀ ခရီးကို စတင် ခဲ့ပါ၏။
စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းသို့ တက်ရောက် ပညာသင်ကြားရန်အတွက်၊ မဏာမ ရွေးချယ်ထားခြင်း ခံရသော လူငယ် ၃၀၀ နီး ပါးခန့်သည် ရန်ကုန်ဘူတာကြီးမှ တဆင့် မန္တလေးမြို့သို့ ထွက်ခွာလာခဲ့ပြီး၊ မန္တလေး မြို့မှ တဆင့် မေမြို့၊ ပန်းမြို့တော်၊ နှင်းမြို့တော်၊ တောင်လှေခါးမြို့တော် (ခေါ်) ငါးမည်ရမြို့ဖြစ်မည့် ပြင်ဦးလွင် မြို့တော်ကြီးသို့ တရုတ်ပြည်လုပ် စစ်ကားများဖြင့် စီးနင်းရောက်ရှိခဲ့ကြလေပြီ။
စစ်သက္ကသိုလ်သို့အ၀င်
ရောက်ရောက်ချင်း ခမ်းနားကြီးကျယ်လှသော စစ်တက္ကသိုလ် ကျောင်းဝင်းကြီးကို ကြည့်၍ ကျနော်တို့ လူငယ် လူသစ်များမှ အတော်ကျေနပ်ဂုဏ်ယူ မိကြပေသည်။ စီနီယာ ဗိုလ်လောင်းများမှာ ခွင့်ပြန်နေဆဲ ကာလဖြစ်၍ စစ်တက္ကသိုလ် ကျောင်းဝင်းကြီး တခုလုံးတွင် မိမိတို့ ပထမနှစ် ဗိုလ်လောင်းလျာ လူသစ်တွေချည်းသာ ဖြစ်ရာ၊ လွတ်လပ်စွာပင်၊ ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့်၊ ဘယ်နေရာ ကြည့်ကြည့် လှပစွာ ဖန်တီးထားသော ရှုခင်း များကြောင့် အတော်ပင် ပျော်ရွှင်နေကြ၏။ မည်သို့ပင် လှပသော အလွမ်းဓါတ်ကတော့ မပျောက်သေးပေ။ ရောက်ရှိပြီး ရက်ပိုင်းအတွင်းတွင်ပင် ဗိုလ်လောင်း အားလုံးအား မေမြို့ စစ်ဆေးရုံကြီးသို့ ဆေးစစ်ရန် ခေါ်ဆောင် သွားပါသည်။ ထိုအချိန်ကျမှ မေမြို့၏ မြို့လယ်ရှုခင်း ပသာဒ ကို စတင်တွေ့မြင်ရခြင်းဖြစ်၏။
ပြင်ဦးလွင်၏ မြို့တွင်းတနေရာ စစ်ဆေးရုံတွင် ဆေး စစ်ခြင်း ခံယူကြရရာ၌ လူပျို၊ လူလွှတ်များ ဖြစ်သူ ကျနော်တို့ အားလုံးအတွက် အရှက်တရား အကုန်ကြုံခဲ့ကြရသည်။ ဖင်ကုန်း၊ ချောင်းဆိုး၊ လေးဘက်ထောက် အီးပေါက်ဟု၊ အရပ်သားဘ၀က လှောင်ပြောင် သရော်ခဲ့ကြသည့်အတိုင်း မိမွေးတိုင်း၊ ဖမွေးအတိုင်း ဆရာဝန်နှင့် နာ့(စ်)မ များရှေ့တွင် ချွတ်ပြရကာ တကိုယ်လုံး ဆေးစစ် ခြင်းကို ခံရ၏။ လူပျို နုနုထွတ်ထွတ် ကျနော်တို့မှာ နာ့(စ်)မ လေးများ ဘေးတွင်ထား၍၊ မျက်နှာပြင်များ ရဲထွက် အောင် (အနည်းငယ်တော့ ပိုရေးထားပါသည်။ တချို့ကတော့ ကိုယ်တိုင်ပစ္စည်း လက်ရာမွန်တခုကို ယခုမှ ပေါ်ပေါ်ထင်ထင် ထုတ်ကြွားခွင့်ရမည့် ပုံစံဖြင့် စပ်ဖြီးဖြီးပါ) ရှက်စိတ်ဖြစ်သည်အထိ ဆေးစစ်ခြင်းကို ခံရပါသည်။ တကိုယ်လုံး ချွတ်ပြရပြီး တဖန်လေးဘက်ကုန်းဆို၍ ဘုမသိဘမသိ လေးဘက်ထောက် ပြရပြန်ပါသည်။ ဆရာဝန်နှင့် မှတ်တမ်းတင်သူ နာ့(စ်)မတို့က တင်ပါးနောက်မှ ကြည့်ပြီး ချောင်းဆိုး၊ ချောင်းဆိုးဟု ပြောပြန်၏။ ချောင်းဆိုးခြင်းဆိုသည်မှာ လည်ချောင်းယားမှ၊ ရောဂါရှိမှ သရုပ်မှန် ချောင်းကို ဆိုးနိုင်မည် ဖြစ်ရာ၊ ယခု ကဲ့သို့ ရှက်စိတ်ကြောင့်၊ မွန်ထူနေရသည့်အထဲ၊ လေးဘက်ကလည်း ထောက်ထားရသေးသည် (ခွေးလေး တကောင်ပမာ လုံးတီးပါ) ဒီကြားထဲ ဒီဆရာဝန်က ချောင်းဆိုးခိုင်းသေးသည်။ နာ့(စ်)မလေးတွေက ကျနော်တို့ကို ကြည့်နေသည်ဟု (ကျနော့်အထင်) ကျနော်တွေးမိလေ။ ရှက်လေ။ ….. ဖြစ်ချင်အုံးဟဲ့ စစ်သားဟုသာ စိတ်ထဲက တွေးနေမိပါ၏။
ဟူး….. သက်ပြင်း မောတော့ ချမိသည် ထင်ပါသည်။ မြန်မြန်ပြီး ပြီးရော၊ ဘောင်းဘီ ပြန်ဝတ်ချင်လှပါပြီ။
ကိုယ်ကာယပိုင်း ဆေးစစ်ပြီးသော်လည်း၊ ဆိုက်ဂိုဟု ခေါ်သော စိတ်ပညာ ကဏ္ဍမှ စိတ်ခံယူချက် စိတ်ဓါတ်နှင့် စိတ်အခြေအနေကို စစ်မေးသည်။ စိတ်ပညာ ပါရဂူ ဟု ဆိုသော အူကြောင်ကြောင် စစ်ဗိုလ်ဆရာဝန်၏ ကြောင် တောင်တောင်၊ အမျိုးအမည်ခွဲခြား နားလည်ရန် ခက်ခဲသည့် မေးခွန်းများကိုလည်း အူတူတူဖြင့် ဖြေခဲ့ရသေး၏။ ဘာတွေ ဘယ်လို အသေးစိတ် စစ်မေးခံရ၍ ဘယ်လိုဖြေဆိုခဲ့သည်ကို ကောင်းစွာ မမှတ်မိတော့ပါ။ ဆေးစစ်ခြင်း တွင် အောင်မြင်သူများစရင်း ကြေငြာသောအခါ ကျနော့်နာမည်ပါလာ၏။ ဆေးစစ်ခြင်းတွင် ကျရှုံးသော လူငယ် တချို့ ၀မ်းနည်းစွာဖြင့် မိဘရပ်ထံ ပြန်ကြရ၏။ ဆေးစစ်ခြင်း အောင်မြင်ပြီး ကျန်ရှိသူ စုစုပေါင်း အယောက် (၃၀၀) နီးပါးမျှသာ ပထမနှစ် သင်တန်းသားများအဖြစ် ဆက်လက် တည်ရှိခဲ့သည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
PDF ဖိုင်ဖြင့်ဖတ်လိုပါကဤနေရာတွင်ဒေါင်းလုပ် လုပ်ယူပါ
Read More...
Collapse...
စစ်တက္ကသိုလ်သို့ မတက်ရောက်မှီ ပြင်ပအရပ်သားဘ၀မှ စတင်၍ ကျနော်တို့အရွယ် လူငယ်တွေဘယ်လို ခံစားတွေ့ကြုံမှုများဖြင့် မိမိတို့ ဘ၀ကို ရှင်သန်နိုင်အောင်၊ ရပ်တည်ခွင့်ရအောင် ကြုံရာ၊ ဆုံရာ ၊ နီးစပ်ရာတို့မှ တဆင့် ဖြစ်သလို ကြိုးပမ်းခဲ့ကြရသည်ကို အစပြု ဖေါ်ပြ ပါရစေ။......
(ဒဿမတန်း) ခေါ်(၁၀)တန်းအောင်မြင်ပြီးသူ အသက်(၁၉) ကျနော်သည် တက္ကသိုလ် ပညာရေးကို ဆက်လက် ဆည်းပူး လေ့လာ သင်ကြားနိုင်ရန်အတွက် ၊ မြန်မာ့ ပညာရေးစနစ်ကို လေ့လာသောအခါ ဖွင့်ချည်၊ ပိတ်ချည်ဖြင့် ကလေးဆော့ကစားသလို ပညာသင်ကြား နေရရှာ သော ကောလိပ်များ၊ တက္ကသိုလ်များ၏ မရေရာသော အခြေနေကိုကြည့်၍ စိတ်ပျက်မိ၏။ မြန်မာနိုင်ငံသား ဖြစ်ရသော ကိုယ့်ဘ၀ကို အားမရဖြစ်မိ၏။ ကျောင်းဖွင့်ချိန်တက်၊ ကျောင်းပိတ် လိုက်လျှင်နား၊ စာမေးပွဲမှာ မဖြေနိုင်လျှင် ခိုးချ၊ စာမေးပွဲ ကြီးကြပ်သူတို့ကလည်း မသိယောင် ဆောင်၊ စာသင်ချိန် စာမသင်ရရှာသော ကျောင်းသား၊ ယခုလို စာမေးပွဲမှာ စာခိုးမချရင် ဘယ် အောင်လိမ့်မလဲဟူသည့် တလွဲစေတနာလား၊ ရေရှည်အနာဂတ် ကြိုတင်မတွက်ချက်တတ်မှုများ လားတော့ မသိပါ။ အမှန်စင်စစ် အကြောင်းရင်းမှန် ဖြစ်သည့် မြန်မာ မျိုးဆက်သစ် လူငယ်ထု တစ်ရပ်လုံး၏ အနာဂတ် တိုင်းပြည်အတွက် အရေးအကြီးဆုံး ခွန်အားဖြစ်သော ကိုယ် ကျင့်စာရိတ္တနှင့် ဆင်ခြင်တုံတရား၊ မိမိကိုယ်ကို အားကိုး ယုံကြည်သည့် လူငယ့်အားမာန်တို့ကို ရိုက်ချိုးဖျက်ဆီိးရေး ပြုလုပ်ပြီး လူငယ်တွေ လူညွန့်တုံးအောင် စနစ်တကျ အကွက်ချ ဖျက်ဆီးရေး မဟာဗျူဟာအဖြစ် စစ်အာဏာရှင်တို့ စီမံခဲ့ကြသည်ကို မသိခဲ့ကြလေရော့သလား၊ အာဏာရှင် ဗိုလ်ချုပ်ကြီးများက ရေရှည်စီမံကိန်းများ ချမှတ်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက် ခဲ့သည်ကို ပညာတတ်သော ပညာရေးဋ္ဌာနမှ ဆရာ၊ ဆရာမကြီးများ မသိခဲ့လေရော့သလား။ သို့မဟုတ် သိလျှက်နှင့် အလိုတူ အလိုပါ ၀ိုင်းဝန်းကူညီ လုပ်ဆောင်ခဲ့ကြလေသလားမသိပါ။ အမှန်စင်စစ် ထိုအချိန်က ကျနော်လည်း ထိုသို့သော ပညာရေး စနစ်တကျ ဖျက်ဆီးခံနေရသည် ဆိုသည်ကို မသိ။ အလွယ်တကူအောင်မြင်နိုင်သော ပညာရေးစနစ်ကိုပင် လူငယ်များအတွက် သက်တောင့် သက်သာ ရှိလှပါပေ့ဟု အပေါစားအတွေးအခေါ်ဖြင့် ကျေနပ်နှစ်သက်ခဲ့ ဖူးပါသည်။ သို့ပါသော် လည်း ထိုအချိန် ထိုကာလအထိ ကျနော်တို့ကို စာသင်သောဆရာအများစုသည် စာမေးပွဲ၌ စာခိုး ချခြင်းကို ပြင်းထန်စွာ ရှုံ့ချကန့်ကွက် သူများဖြစ်ခဲ့သည်။ ဆရာတိုင်းက ဤအပေါစား ပညာရေး စနစ်ဆိုးကို အလွယ်တကူ လိုက်လျော အကောင်အထည် ဖေါ်ပေးခဲ့ကြသည် မဟုတ်ပေ။ နောင် တဖြည်းဖြည်း ပညာရေးဝန်ထမ်းများ စားဝတ်နေရေးကျပ်တည်းမှု မြင့်မားလာသည်မှ စကာ ထိုသို့ သော ပညာရေးဖြင့် ကိုယ်ကျိုးစီးပွားကို ဦးစားပေးသော ဆရာ မပီသသည့် ပညာရေး ၀န်ထမ်း များမှိုလို ပေါက်လာတော့ခြင်း ဖြစ်သည်။
ထိုပညာရေးစံလွဲမှု စနစ်ကစပြီး ပြောင်းလဲဖြစ်ပေါ်လာသော လူသားအရင်းအမြစ် ဆုံး ရှုံးနစ်နာရမှု တို့ကို အရှိအတိုင်း ရှုမြင်သုံးသပ်ပါမည်။ လွန်တာရှိလျှင် ခွင့်လွတ်နားလည်ပေးစေလို၏။
ယနေ့ မြန်မာပြည်၏ အချို့သော လူလတ်ပိုင်းအရွယ်အတော်များများတွင် မိမိကိုယ် မိမိ ယုံကြည် အားကိုးမှု စိတ်ဓါတ်၊ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ခြင်း၊ စာရိတ္တ အခြေခံစံနှုန်း အပေါ် တန်ဖိုးထား ဂုဏ်ယူသော စိတ်ဓါတ်လျော့ကျလာသည်ကို သိရှိမိလာ၏။ မိမိတိုင်းပြည် မိမိလူမျိုး၊ မိမိ ဘာသာနှင့် မိမိအနာဂတ် အရေး ကြိုတင်မျော်မြင် တွက်ဆသော အတွေးအခေါ်တို့ အတော်ပင် အားနည်းချို့ယွင်းလာနေသည်ကို ၀မ်းနည်းစဖွယ် တွေ့မြင်နေရ၏။ ထိုအကြောင်းရင်း၏ အဓိက လက်သည်တရားခံတို့မှာ ထိုလူငယ်တို့ ကျောင်းသားဘ၀၊ ပညာသင်ကြားစဉ် ငယ်ရွယ်နုနယ်စဉ် ကာလက ရင်ဆိုင်ဖြတ်သန်းခဲ့ရသော လူစွမ်းလူစမြင့်မားရေးထက် လူညွန့်တုံးစေသည့် အလွတ် ကျက်ဖြေ၊ စာမေးပွဲခန်းမှပြန်အထွက် ဦးနှောက်ထဲ ဘာမှမကျန်တော့သည့် ပညာရေး စနစ်နှင့် တုပနည်းယူနိုင်မှု နည်းပါးသော အကြောင်းအရာများသာ သင်ကြားတွေးခေါ် ခဲ့ကြရ၍ဖြစ်သည် ဆိုခြင်းအား မည်သူမျှ မငြင်းနိုင်ပေ။
လူငယ်ထု၏ အထွေထွေ စာရိတ္တ ညံ့ဖျင်းကျဆင်းရခြင်း၏ အဓိက အရင်းအမြစ်မှာ ကိုယ်စွမ်း ကိုယ်စရှိစရာမလို၊ ရေသာခို အချောင်လိုက်နိုင်သော စိတ်ဓါတ်များ မွေးမြူခွင့်ပေးခဲ့သော ကျောင်း ပညာသင်ကြားရေး (ကျောင်းအားလုံးတော့ မဟုတ်ပါ ) စနစ်မှ တာဝန်မဲ့ ပညာရေးဝန်ထမ်း အချို့၏ အမှားသရုပ်ပြ သင်ကြားပေးခဲ့သော လုပ်ရပ်များက အခြေခံဖြစ်ပြီး၊ မိဘဆွေမျိုး သားချင်း နှင့် အုပ်ထိန်းသူတို့၏ ကိုယ်တိုင်လည်း မိမိတို့ဘ၀ အနာဂတ်နှင့် နိုင်ငံ့အရေး ကြိုတင် မတွက်ဆ တတ်မှု၊ မသွန်သင်မှု၊ ကိုယ်တိုင်ကိုယ်ကျ မသိနားမလည်မှုများကြောင့် အရာရာကို လေ့လာ သင်ယူနေသူ လူငယ်တို့ ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများ မဖြစ်လာနိုင်ခဲ့ ခြင်းဖြစ် သည်။ မိဘအုပ်ထိန်းသူများက ထိုအခြေခံ အကြောင်းရင်း တို့ကို သိနားလည်ခဲ့ပါသော်လည်း စံနမူနာပြအဖြစ် အမှန်တရား ဘက်မှရဲရဲရင့်ရင့် ထောက်ခံသော အတွေးအခေါ်၊ လုပ်ရပ်များ လုပ်ဆောင် ပြသနိုင်ခြင်း ကင်းမဲ့အောင် စနစ်တကျဖန်တီးထားသော ကြောက်မက်ဖွယ် စစ်အုပ် ချုပ်ရေး စီမံချက်များကြောင့် ဆိုသောဆင်ခြေဖြင့် သတ္တိရှိရှိ မလုပ်ရဲ မတွေးရဲ၊ မြိုသိပ်ဆဲဆို နေနေခဲ့ကြသော လူလတ်ပိုင်း၊ လူကြီးပိုင်း အချို့၏ ရဲရင့်မှု အားနည်းခြင်း စံနမူနာတွေကလည်း ရေနစ်သူ ၀ါးကူထိုး သလို လူငယ်တွေ အတွေး အမြင်ပိတ်ဆို့စေခဲ့သည်။ ခံယူချက်များ လမ်းလွဲမှု အပေါ် ပံ့ပိုးအားပေး ကူညီခဲ့ကြသလို ဖြစ်စေခဲ့သူများဖြစ်သည်။ မျိုးရိုးနှင့်ချီ၍ ယခင်က မရှိခဲ့ဘူး သေးသည့် အရာရာကို ကြောက်တတ်သော၊ မြိုသိပ်ကြိတ်မှိတ် ခံစားတတ်သော စိတ်ကို ပံ့ပိုး မွေးမြူစေ ခဲ့သလိုဖြစ်ခဲ့ရ၏။
အလွယ်နည်းဖြင့် မိမိတို့ဘ၀ကို တန်ဖိုးမထားစွာ ရင်ဆိုင်ရန်၊ နားလည်မှု လွဲမှားစွာ ခံယူ ဆောက်တည် သွားနိုင်ဖို့ ကူညီပံ့ပိုး နည်းလမ်းပြသလို ဖြစ်နေသည့်နေ့စဉ်ဘ၀ အခြေအနေ များစွာတို့ကို ရင်ဆိုင် နေကြရခြင်းကလည်း လူငယ်ထု၏ စိတ်ဓါတ် ခံယူချက်တို့ နိမ့်ကျလျော့ပါး စေသည့် အခြေခံကျသော အကြောင်းရင်း တစ်ခုဖြစ်သည်။ မိမိတို့ဘ၀ အနာဂတ်ကို မိမိတို့ ဘာသာ အဆုံးအဖြတ်ပေး လမ်းထွင် ဖေါက်လုပ်နိုင်ရေး လမ်းကြောင်း ခွန်အားပြုမည့် ဘ၀ သင်ခန်းစာ သင်ကြားရေး အခြေအနေ များအပေါ် စနစ်တကျ၊ အကွက်ချ လုပ်ဆောင်ဖျက်ဆီး လမ်းလွဲခံရမှုများ၊ သင်ခန်းစာ စံနှုန်း အတုအယောင် များဖြင့် ဆွဲဆောင် သင်ကြား နည်းယူမှားကာ အမှားသရုပ်ပြ သင်ကြားခြင်းများစွာ နေ့စဉ် သင်မြင် နေခဲ့ကြရခြင်း တို့ကလည်း မိမိတို့၏ မြန်မာပြည်သား လူ့ဘ၀ ရသကို ထင်မြင်ပေါ်လွင်မှု၊ ခံစားအားတင်းမှု ဆုတ်ယုတ်စေခဲ့သည်။ သင်ကြား နည်းယူမှု၊ အမှန်တရားကို မမြင်သာ မမြင်ရဲအောင်၊ အမှန်အတိုင်း လုပ်ဆောင် ကြိုးပမ်း သူ နည်းပါးအောင် ဖန်တီးထားသော စစ်အာဏာပိုင် ထောက်လှမ်းရေး စက်ဝန်း ယန္တရား၏ ကိုယ့်လူမျိုး အချင်းချင်းပင် ပွင့်လင်းယုံကြည်ရန် ခက်ခဲအောင် ၀ါဒဖြန့် စောင့်ကြည့် ထောက်လှမ်း နေသည့် ဖက်ဆစ်ကင်ပေတိုင် စစ်ပုလိပ်ဆန်ဆန် ကြီးစိုးအုပ်ချုပ်ရေး စနစ်ဆိုးကလည်း လူငယ်တို့ အနာဂတ်ကို တတိတိ တိုက်စား ဖြိုဖျက်နေ၏။
ဒီကြားထဲ တရားမ၀င် ခိုးသွင်းလာသည်ဆိုသော လိင်ဆက်ဆံရေး၊ ညစ်ညမ်းမှု ဇာတ်လမ်း ရုပ်ရှင်များ နေရာတကာတွင် ဗြောင်ကျကျ ပြသ၍ လူတိုင်း အလွယ်တကူ ကြည့်ရှုနိုင်အောင် ဥပဒေမဲ့၊ ဖြစ်ချင်ရာဖြစ်၊ ပြချင်ရာပြပိုင်ခွင့် ပြုထားသည့် အခြေအနေကလည်း အရွယ်မရောက် သေးသူ လူငယ်တို့ကို လမ်းမှားသို့ စောစီးစွာ တွန်းပို့ပေးနေကြပြန်၏။ ထိုသို့သော လူငယ်ထု အကျင့်စာရိတ္တပျက်ပြား ချို့တဲ့ရေး အထောက်အကူပြုသည့်ယဉ်ကျေးမှု ထိုးဖေါက် ၀င်ရောက်လာ မှုများကိုမူ အာဏာပိုင်တို့က မသိကျိုးကျွန်ပြုနေကြသည်။ ဆင်းရဲချို့တဲ့နေ သည့်မိမိတို့ဘ၀ကို နားမလည်ဘဲ မျိုးဂုဏ် ရိုးဂုဏ်မထောက် မြန်မာ မိန်းမပျိုလေးမျာ ကိုယ်ခန္ဓာရောင်းစားပြီး ဖြတ်လမ်းမှ ငွေကြေးရှာလိုစိတ်ကို ဆွဲဆောင် တွန်းအားပေးမှု အခြေအနေ များစွာကို ဖန်တီးပေး ထားသည်။ မီဒီယာကြော်ငြာများမှ အားကျလုခမန်း မြင်တွေ့နေရသော ခေတ်မှီပစ္စည်း အသုံးဆောင်များကို မအပ်မစပ်ဖြစ်စွာ ရေလိုက်လွဲ မိန်းမောတပ်မက် အားကျမှုဖြင့် သုံးစွဲရယူ ပိုင်ဆိုင် လိုစိတ်ပြင်းပြ လာအောင် ဆွဲဆောင်သည့် ကြော်ငြာများပါ ဇိမ်ခံ၊ အလှကုန်များကို ဘ၀ စတေးပြီး ၀ယ်ယူသုံးစွဲလာကြသည်။
ထို ရင်နင့်ဖွယ် မြန်မာ မိန်းမပျိုများ ပျက်စီးခြင်းလမ်းမှား ရောက်အောင် ဆွဲဆောင် သိမ်းသွင်းနေ သည့် ဥပဒေမဲ့ တွေးဆမျော်မြင်ချက်မဲ့ လုပ်ရပ်များ၊ ဖြစ်စဉ်များကို တားဆီးကာကွယ်ရန် တာဝန် ရှိသူများ ဖြစ်သည့်အာဏာပိုင် စစ်ဗိုလ်ချုပ်ကြီးများ ကိုယ်တိုင်ကပင် အတွေးနုနု၊ အသွေးနုနု ဖွေးအုအရွယ် ၊ ကိုယ့်သမီးငယ်မျှကို သားသမီးချင်းမှ မစာနာ၊ တကိုယ်စာ ကာမရာဂ လွန်ကျူး ခံစားဖို့အတွက် မတန်တဆ ခိုးဝှက် ချမ်းသာထားသော ခိုးရာပါငွေများဖြင့် မြန်မာ့သားသမီးပျို များကို အခပေးဖျက်ဆီး ခြေတော်တင်ကြသေးသည်။ (ဤ အကြောင်းအရာများ၊ ဖြစ်ရပ်မှန်များ ကို လက်တွေ့ဘ၀နယ်ပယ် ခြေချမိသော ကာလ အတွေ့ အကြုံများ ကဏ္ဍတွင် ထပ်မံဖြည့်စွက် တင်ပြပါအုံးမည်) ဘယ်လောက် ရင်ထုမနာဖြစ်ဖွယ် ဇာတ်တူသားစားခံရသည့်စနစ်ဆိုးကြီး ပါပေ နည်း။ ဘယ်လောက် ရှက်ရွံ့ဖွယ်ကောင်းလှသည့် တတိုင်းတပြည်လုံး၏ ကံခေမှု တွေပါနည်း။
ထိုသို့ မြန်မာ့ သားပျို၊ သမီးပျိုတို့ ရေလိုက်လွဲ လမ်းမှားရောက်အောင် ကူညီပံ့ပိုးပေးနေသော ပြည်ပမှ စီးပွားရေး ထိုးဖေါက် ကျူးကျော်မှုများ၊ အရွယ်မရောက်သေးသူ လူငယ်တို့ ဘူးသီးနုနု အမွှေးသပ်သလို ဖြစ်စေမည့် ဆင်ဆာမဲ့ ညစ်ညမ်း ရုပ်ရှင်၊ ဇာတ်လမ်းများ စသည့်တိုင်းပြည်နှင့် လူမျိုး အကျိုးစီးပွား ယုတ်လျော့ ကျဆင်းနိုင်မည့် အကြောင်းအရာများ ကိုသာ လွတ်လွတ် လပ်လပ် ၀င်ရောက် နေရာယူခွင့် ပေးထားပြီး ကျန်သော ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်မှု ရလာဒ်များ ဖြစ်ထွန်းပေါ်ပေါက်နိုင်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ သဘောတရားရေး၊ ဒီမို ကရေစီ လူ့အခွင့်အရေး ပညာရပ်၊ အတွေးအခေါ်တို့ကိုမူ ပြည်သူ ပြည်သားတို့နှင့် မဆိုင်သော အနောက်နိုင်ငံသားတို့၏ ဆိုးသွမ်းယုတ်ညံ့သော ယဉ်ကျေးမှုအဖြစ် ထင်မြင်စေရန် ၀ါဒဖြန့်ထားပြီး မြန်မာပြည်တွင်း ပြည်သူ၊ ပြည်သားများကြား စီးမျော လေ့လာနိုင်စွမ်း မရှိစေရန် ပိတ်ဆို့ တားမြစ် ထား၏။
ပြည်တွင်း နွားခြေရာခွက် ရပ်ဝန်း ကျဉ်းကျဉ်းငယ်မှလွဲ၍ ပြင်ပနိုင်ငံတကာ၊ ကမ္ဘ္ဘာ့အခြေအနေ တို့ကို ကင်းကွာအောင်၊ ထိတွေ့ဆက်ဆံမှု နည်းပါးအောင် အာဏာပိုင်တို့က နည်းမျိုးစုံဖြင့် ပိတ်ဆို့ ထား၏။ ပြင်ပကမ္ဘာနှင့် မိမိတို့မြန်မာပြည် လုံးဝသက်ဆိုင်ခြင်းမရှိသလို ခံစားရအောင် နိုင်ငံတကာ နှင့် ထိတွေ့ဆက်ဆံနိုင်သည့် အခြေအနေအားလုံးကို သံကန့်လန့်ကာပမာ တင်းကျပ်ထားပြီး သတင်းနည်းပညာ ပိတ်ဆို့ခံထားရသော လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင်း မျက်စိပိတ်၊ နားပိတ်၊ အတွေးအခေါ် ပိတ်ဆို့ပြီး ကျဉ်းမြောင်းသော အသိအာရုံကိုသာ ခံစားသင်ယူနေ ကြရသည်။ ထိုသို့မတရား ဖိနှိပ်၊ အသိဥာဏ် နိမ့်ကျအောင် စနစ်တကျ ပိတ်ဆို့အုပ်ချုပ်မှု စနစ်ဆိုးမှ ထွက်ပေါ်လာသည့် ဖြန့်ထွက် မကောင်းကျိုး၊ ဘေးထွက်ဆိုးကျိုး များကလည်း လက်တွေ့ရင်ဆိုင် နေကြရသူ လူငယ်များ အနေဖြင့် မိမိတို့ ဘ၀အပေါ် နှစ်နှစ်ကာကာ တန်ဖိုးထား ဂုဏ်ယူမှု အားလျော့ ကျဆင်းစေသည့် အဓိက အကြောင်းရင်းတခု ဖြစ်သည်။
ထို့ပြင် ပြည်သူပြည်သား များစွာတို့အတွင်း စိတ်ဓါတ်ခိုင်မာမှု အင်အားကို တန်ဖိုးထားမှု အဓိက အခြေခံဖြစ်သည့် ကိုယ့်ကိုကိုယ် စာရိတ္တကောင်းသည်ထက် ကောင်းအောင် ထိန်းသိမ်းခြင်း စံနှုန်း အဆင့်တန်း လျှော့ကျခြင်းများ မသိမသာမှ သိသိသာသာ ဖြစ်ပေါ်လာခြင်းကို မျိုးချစ် သက်ကြီး ရွယ်အို၊ လူကြီးလူကောင်းတိုင်းက စိုးရိမ်စွာဖြင့် တိုးတိုးတဖုံ၊ ပေါ်တင်တမျိုး စစ်အစိုးရအား အသိပေး တင်ပြကြသော်လည်း ထိုသို့ဖြစ်အောင် တမင်တကာဖန် တီးနေသူ စစ်အာဏာပိုင် များက ၄င်းတို့လုပ်ရပ်များ ပေါ်လွင်လာမည်စိုး၍ ပညာရှင်တို့ အကြံပြုတင်ပြချက်များကို မသိ သလိုနေ၏။ ကျောင်းစာမေးပွဲက အစပြုသော၊ ဘ၀ လောကဓံ ကြံ့ကြံ့ခံခိုင် ရင်ဆိုင်ရေး ယုံကြည်ချက် တည်ဆောက်မှုနှင့် လက်တွေ့ဘ၀ ရင်ဆိုင်ရေး သင်ကြားခြင်းကာလကို စနစ် တကျ ရိုက်ချိုးဖျက်ဆီးခံ လိုက်ရသော ကျောင်းသား အများစုမှာ မိမိတို့ကိုယ်ကို အနာဂတ်၏ မျိုးဆက်သစ်များ အဖြစ်ပင် မယုံရဲတော့အောင် စွမ်းရည်သတ္တိတွေ လျော့ကျကုန်၏။
Read More...
Collapse...