Friday, January 25, 2008

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၄)

ထိုအချိန်တွင် စီနီယာ ဗိုလ်လောင်းများမှာ ခွင့်ပြန်ရာမှ တဖွဲဖွဲပြန်လည် ရောက်ရှိလာကြ၏။ ကျနော်တို့ လူသစ် များကို ယာယီနေခိုင်းထားသော အဆောင်ပုလေးများမှာ စီနီယာ ဗိုလ်လောင်းများနေကြသည့် အိပ်ဆောင်များနှင့် မလှမ်းမကမ်းတွင်ဖြစ်ရာ သူတို့တတွေ ပြန်လာကြပုံ၊ ပျော်ရွှင်မြူးတူးနေကြပုံတို့ကို ကြည့်၍ အားကျမိကြ၏။

သူတို့တတွေ ၀တ်ဆင်လာသော ခွင့်ပြန်ဝတ်စုံ (ရွှေကြယ်သီးတပ်၊ ပခုံး ဒေါက်ဖြူဖြူ၊ ကြေးခါးပတ် ခေါင်းကြီးမှ တံဆိပ်ကြီးကလည်း ပြောင်လက်လက်၊ ရှုးဖိနပ် လက်လက်၊ ပြောင်ပြောင်ဝင်းဝင်းနှင့် ဘယ်ရီကက်ဦးထုပ် အနီ ရောင် ဆင်တူဝတ်စုံ)ကို ကြည့်၍ အထင်ကြီးလေးစား၊ အားကျစိတ်တို့ တဖွားဖွား ပေါ်ပေါက်ကာ ယခုချက်ချင်း ပင် သူတို့လို ဖြစ်လိုစိတ်ပေါ်လာမိခဲ့ကြ၏။ ထိုအချိန်မှစ၍ မြန်မာစစ်တပ်၏ တောက်ပြောင်ခန့်ငြားစွာ ဆင်ယင်မှု၊ ရာထူးအလိုက် ၀တ်ဆင်ရသော၊ အဆင်တန်ဆာအပေါ် တပ်မက်စေခြင်း၊ မက်မောအားကျ တုပလိုစိတ် ဖြစ်ပေါ် စေခြင်း ဟူသော ဖြားယောင်းသွေးဆောင်မြူဆွယ်ခံရမှု နောက်သို့ ကျနော်တို့ စတင်လိုက်ပါမိခဲ့ကြ၏။

စီနီယာဗိုလ်လောင်းများ
ထိုအချိန်အထိ စစ်တက္ကသိုလ်၏ အစဉ်အလာဖြစ်သည့် စီနီယာမှ ဂျူနီယာ ဗိုလ်လောင်းတို့အား ကွပ်ကဲအုပ်ချုပ် ခြင်းကို ကျနော်တို့လူသစ်များ မခံကြရသေးပါ။ ပေါ့ပါးး၊ လွတ်လပ်စွာပင် မိမိတို့ အိပ်ဆောင်ဝန်းကျင် တခွင် ပျော်ရွှင်စွာ နေခဲ့ကြသည်။ စစ်တပ် အသိုင်းအ၀ိုင်းမှ မွေးဖွားကြီးပြင်းလာသူ အချို့၏ ပြောပြမှုကြောင့် စီနီယာတွေ ကို ကြိုတင်ကြောက်လန့်နေသူ လူငယ်အချို့ကတော့ မျက်စိသူငယ်၊ နားသူငယ်ဖြင့် အားငယ်သည့်ဟန်ပန်တို့ ပေါ်ပေါက်ကာ စိုးရိမ်ထိတ်လန့် နေကြ၏။ ဘာမှမသိ၊ ဘာမှ မလေ့လာခဲ့သော ကျနော်ကဲ့သို့ ခပ်ဝေေ၀ လူငယ် တချို့သာလျှင် ပျော်ပျော်ပါးပါး လူ့မင်းသား အုပ်စုဖွဲ့ကာ ဟေးလားဝါးလား နေနိုင်ကြသည်။ အဘယ်ကြောင့် ဆိုသော် စီနီယာ ဗိုလ်လောင်းများသည် သူတို့အိပ်ဆောင်တွင်သာ သူတို့နေကြပြီး ကျနော်တို့ ရှိရာသို့ တခါတ လေမှသာ တယောက်တလေ ရောက်ရှိလာတတ်သာကြောင့် သူတို့နှင့်ပတ်သက်၍ အမှုမဲ့အမှတ်မဲ့သာ ကျနော် တို့ အများစုက နေနေမိကြ၏။ လောလောဆယ် ကျနော်တို့ကို အုပ်ချုပ် စောင့်ကြည့်နေကြသူများမှာ စစ်တက္ကသိုလ်မှ နည်းပြအရာရှိ အချို့နှင့် နည်းပြ အရာခံ၊ အကြပ်ကြီး အချို့သာလျှင်ဖြစ်ရာ မည်သူ့၊ မည်သူကိုမှ ကြောက်ရွံ့စိုးထိတ်ဖို့ မလိုသလို ခံစားပျော်ရွှင်နေကြ၏။

ထိုကာလ ရက်အနည်းငယ်အတွင်း စီနီယာ ဗိုလ်လောင်းအချို့ ရောက်ရှိလာကာ ကျနော်တို့အား နွေးထွေး ရင်းနှီး ပျူငှာသည့် မျက်နှာပေးများဖြင့် လာရောက် စကားပြောဆို နှုတ်ဆက်၏။ ကျနော်တို့ အများစုကလည်း သဘော ရိုးဖြင့် အရပ်သားပုံစံ အတိုင်းပြန်လည် နောက်ပြောင်နှုတ်ဆက်ကြ၏။ စိတ်တွင်းမှလည်း စစ်တက္ကသိုလ် စီနီယာ ဆိုတာ သူလိုကိုယ်လိုတွေလိုပါပဲ၊ ဘယ်သူတွေက ဘာတွေ လျှောက်ပြီး ကြောက်လန့်အောင် ခြောက်နေ ကြပါ လိမ့်ဟု အပြစ်ပင်မြင်လိုက်သေး၏။

အချို့စီနီယာ ဗိုလ်လောင်း အချို့က ကျနော်တို့ လူသစ်များအစား ရင်းနှီးနွေးထွေးသော လေသံများဖြင့် မေးမြန်း ၏။ ကိုယ့်ညီတို့ထဲမှာ သီချင်းအဆို၊ အတီး ၀ါသနာပါတဲ့ ဗိုလ်လောင်းတွေ ရှိသလား… ညီတို့ ဗိုလ်လောင်း အိပ် ဆောင်ကြီးတွေအပေါ် ပြောင်းတဲ့နေ့ကျရင် မောင်သစ်လွင် ကြိုဆိုပွဲ (Fresher Welcome) ရှိတယ်လေ။ စပါယ် ရှယ် တီးဝိုင်းကြီးနဲ့ ဧည့်ခံမှာဆိုတော့ ကိုယ့်ညီတို့ထဲက အဆိုကျော်တွေ၊ ဂီတသမားတွေ ပါရင် ပိုပြီး စည်ကားမှာ ပေါ့။ …. ကဲ- ပြော ဘယ်သူတွေ သီချင်းဆိုမလဲ။

ဟား..ဟေ့ အစ်ကို… ဒီဘက်လှည့်စမ်းပါအုံးဗျ… ကျနော် သီချင်းဆိုမယ်.. ဟိုသီချင်းဗျ.. ဇော်ဝင်းရှိန်ဆိုထားတဲ့ .. ရိုစီတာမှ မနှင်းဆီသို့ ဆိုတဲ့ သီချင်းလေ.. အဟဲ ..အဲဒါ ကျနော်ဆိုရင် ရမလားအစ်ကို… ထိုစီနီယာက ကျနော့် မျက်နှာကို သေချာ စူးစူးစမ်းစမ်း စိုက်ကြည့်၏။ မျက်နှာကို သေချာမှတ်မိအောင် မှတ်သားနေဟန် ရှိ၏။ ကျနော်ကတော့ သီချင်းဆိုကာနီး ကျနော့်ကို ခေါ်ထုတ်နိုင်ဖို့ ကျနော့်ကို မှတ်မိအောင် ကြည့်ရှုသည်ဟုသာ ထင် မိ၏။ ထိုအခါ ကျနော့်ကို အခြားသော ပထမနှစ် ဗိုလ်လောင်းများက ထူးဆန်းအံ့သြသည့် အကြည့်တချို့ဖြင့် ကြည့်၏။ ဒါလည်း ကျနော် သတိမမူမိသေး၊ ဆက်ကွန့်၏။ ဟေ့ကောင်တွေ ဂီတာတီးဖို့ မင်းစာရင်း ပေးမယ်ဆို။ ပေးလိုက်လေ၊ အစ်ကို သူက ဂီတာကျွမ်းတယ်။ သူ့ကို ဂီတာတီးခိုင်းနော်။ ကိုယ်တယောက်တည်း လူတွင်ကျယ် လုပ်ရတာ အားမရ၍ သူများကိုပင် ဆွဲထည့်လိုက်သေး၏။ ကျနော်ကဲ့သို့ မအူမလည် သူငယ်ချင်း အချို့ကလည်း ကျနော်၏ တက်ကြွဖြတ်လတ်နေသော ဟန်ပန်ကို ကြည့်၍ သူတို့လည်း စာရင်းပေးကြသည်။ ထိုအချိန်ထိ ကျနော်တို့တတွေမှာ အခြေအနေမှန်ကို မရိပ်မိသေးပေ။

ဆေးအောင်ပြီးသော ပထမနှစ် ဗိုလ်လောင်းများ ဗိုလ်လောင်းကုန်း(ခေါ်) အနီရောင် လေးထပ်ဆောင်၊ သုံးထပ် ဆောင် အမြင့်ကြီးများဆီသို့ ပြောင်းရွှေ့ရပါတော့မည်။ အချို့ကြိုတင် သိရှိ ရိပ်မိထားသူတွေကတော့ အလွန် တရာ ညိုးငယ်လှသော မျက်နှာပေး လေးများဖြင့် မပြောင်းချင် ပြောင်းချင် ဗိုလ်လောင်းကုန်းပေါ်သို့ ပြောင်းရွှေ့ လာရပုံဖြင့် စိုးတထိတ်ထိတ် ပုံစံတို့ရှိ၏။

အဖြူရောင် စွပ်ကျယ်၊ ဘောင်းဘီတို၊ ကင်းဘတ် ဖိနပ် ၀တ်စုံတူများဖြင့် ကိုယ်စီပါလာသော အထုပ်အပိုး၊ သေတ္တာတွေနေရာချပြီး အတော်ကြာသော ကာလအခါဝယ် ကျနော်တို့ ပထမနှစ် ဗိုလ်လောင်း အားလုံးသည် အရှင်လတ်လတ်ဖြင့် လူ့လောက၏ ငရဲခန်းများရှိရာသို့ ချက်ချင်းဆိုသလို ရောက်သွားကြ၏။ သို့မဟုတ် ရုပ်ရှင် တွေထဲ ကြည့်ဖူးသော နာဇီဖက်ဆစ်ခေတ်က အိုက်ခမန်း၏ ငရဲခန်းများဆီသို့ အလည်တခေါက် ရောက်သွား သလို ခံစားရမိပါတော့သည်။ သို့မဟုတ် စာအုပ်တွေထဲ ဖတ်ခဲ့ဖူးသော ဖက်ဆစ်ဂျပန်ခေတ်က ကင်ပေတိုင် စစ် ပုလိပ်တို့၏ ချွေးတပ် စခန်းသို့၊ ညှဉ်းပမ်းနှိပ်စက်ရာ အခန်းများဆီသို့ အလိုလို ရောက်သွားသလို ခံစားရတော့၏။

ကျနော်တို့ကို စီနီယာ အချို့လာပြောထားသည့် မောင်သစ်လွင်ကြိုဆိုပွဲကြီးမှာ ကျနော်တို့ ထင်သလို လုံးဝ မဟုတ်ပါ။ ဘယ်လိုမှ မျှော်လင့်တွက်ဆ မထားသော ကြောက်ရွံ့ ထိတ်လန့်ဖွယ် အခြေအနေဆိုး ကြီးတစ်ခုက ကြိုလင့်၏။ စီနီယာ ဗိုလ်လောင်း အရေအတွက်ပင် ခန့်မှန်း၍ မရလောက်အောင် များပြားလှသော လူတို့က စစ် ယူနီဖောင်း အပြည့်အစုံဖြင့် အိပ်ခန်းဆောင် ခန်းမကျယ်ကြီးအတွင်းမှ စောင့်နေကြပြီး၊ ထိုအခန်း ကျယ်ကြီး အတွင်းသို့ ကျနော်တို့ လူသစ် (ထိုအချိန်ထိ ကျနော်တို့ လူသစ်များမှာ စစ်ယူနီဖောင်း မ၀တ်ရသေး၊ ဗိုလ်ရွေးဖြေ ဆိုစဉ်က ၀တ်စုံဖြစ်သည့် စွပ်ကျယ်အဖြူနှင့် ဘောင်းဘီတိုအဖြူ၊ ကင်းဘတ်ဖိနပ် အဖြူတို့ကို ၀တ်ဆင်ထားကြ၏။ ထိုဝတ်စုံအဖြူတို့သည်လည်း ထိုတရက်အတွင်းတွင် နီစွန်းပေတူးသော အရောင်များ အဖြစ် ပြောင်းလဲသွား၏) များကို နွားအုပ်ကြီး မောင်းထည့်သကဲ့သို့ အတင်းတွန်းထိုး ၀င်ရောက်စေ၏။ ကျနော်တို့လည်း ဘုမသိ ဘမသိဖြင့် ကြောင်တောင်တောင်ဖြစ်ကာ ကြောက်လန့် နေကြစဉ်၊ ဗိုလ်လောင်း တာဝန်ကျ လက်ဝက် ၀တ်ထားသူ တစ်ဦးက ဦးဆောင်၍ ကျနော်တို့ လူသစ်ဗိုလ်လောင်းများကို စစ်သားစိတ် သွင်းသည်ဟု ဆိုသော (Brain Wash) လုပ်ခြင်း၊ အရပ်သား စိတ်ဖျောက်ပျက်အောင်၊ ဦးနှောက်ကို ဆေးကြောခြင်းဟု ဆိုသော၊ လုံးဝကြိုတင် မမျှော်လင့်နိုင်ခဲ့သည့် ကြောက်လန့်တုန်လှုပ်ဖွယ် ဆက်ဆံခြင်း ခံရသည့် အခြေအနေဆိုး တရပ်ကို မမျှော်လင့်စွာ ကြုံတွေ့ကြရ၏။

ဝရုန်းသုန်းကား၊ ခြောက်လှန့်အနိုင်ကျင့်၊ ဖိစီးလွှမ်းမိုး၊ ဗိုလ်ကျ၊ အုပ်စီးမှု အပြစ်ပေးမှု နှိပ်စက်မှု၊ ခြိမ်းခြောက်နည်း အမျိုးမျိုးဖြင့်၊ စိတ်ဓါတ်ခံယူချက် အတွင်းမနောကို၊ အတင်းကာရော ပုံသွင်းပြောင်းလဲ ခံစားစေခြင်းကို အံ့အားပင် သင့်ချိန်မရ၊ ဦးနှောက်ဆဲလ်များ ထူပူနေအောင် ခံစားရ၏။

ဘယ်သူ ဘယ်ဝါ ဘာတွေ မှန်းမသိ၊ ဘာမှ တွေးတောမှတ်သားချိန်မရဘဲ၊ ပြင်းထန်စွာ စိုးထိတ်ဖွယ်ကောင်းလှ သည့်၊ အမိန့်ပေးခိုင်းစေမှုများ၊ အတင်းကာရော၊ တွန်းထိုး အပြစ်ပေးမှုများ၊ ကိုယ်ကာယပိုင်းဆိုင်ရာ အနိုင်ကျင့် နာကျင်စေမှုများဖြင့်၊ ထိတ်လန့်တုန်လှုပ်ဖွယ် အခြေအနေဆိုးများကို အချိန်အပိုင်းလိုက်။ အပိုင်းလိုက် အစီအစဉ် တကျ၊ အကွက်ချ မောင်းနှင် နှိပ်စက် လေ့ကျင့်ပေးခြင်းကို မနှစ်မြို့စွာ ခံကြရသည်။

စီနီယာ ဗိုလ်လောင်းများက အုပ်စုလိုက်ဖြင့် ကျနော်တို့ လူသစ်များကို နည်းမျိုးစုံ၊ အမိန့်မျိုးစုံ သုံးကာ အမိန့်ပေး စေခိုင်းခြင်း၊ အမိန့်နာခံမှု အားနည်းသော ပထမနှစ် ဗိုလ်လောင်းအား နည်းလမ်းအမျိုးမျိုးဖြင့် အပြစ်ပေးခြင်း၊ တွန်းထိုး ခြောက်လှန့်ခြင်း၊ ၀ရုန်းသုန်းကား ဖရိုဖရဲ ကမ္ဘာပျက် နေမတတ်အထိ လူတဦးတည်းအား လူအုပ်စု အများဖြင့် ၀ိုင်းဝန်း ခြောက်လှန့်ကာ စိုးထိတ်ကြောက်လန့်စေ၏။ ကျနော်တို့ ကြုံခဲ့ရသော ထိုအချိန်၊ ထိုနေ့မှ ဖြစ်စဉ်များကို စာစီကုံး ရေး၍ပင် ထင်ရှားပေါ်လွင် မြင်ယောင်နိုင်မည် မထင်ပေ။

တယောက်အိပ် သံခုတင်များကို ဖယ်ရှားထားပြီး၊ ခန်းဝင်းကျယ်ကြီး အတွင်းဝယ် လူသစ် ဗိုလ်လောင်းများဖြစ် သော ကျနော်တို့ (၂၅) ယောက်ခန့်မှာ ကိုယ့်ကိုယ်ကို ဘာတွေဖြစ်နေလို့၊ ဘာတွေ လိုက်လုပ်နေကြရမှန်း မသိ နိုင်အောင်ပင် စိတ်အာရုံတွေက စိုးထိတ်ကြောက်လန့် အားငယ် ထူပူနေကြရလေ၏။ ဟော… လာပြန်ပြီ စီနီယာ နောက်တအုပ်စု၊ ပထမအုပ်စုက ဂူးဂဲ၊ ဗျူးဗြဲဖြင့် ကျနော်တို့ကို ဆောက်တည်၊ ရပ်တည်ရာ မရအောင် နည်း မျိုးစုံဖြင့် နှိပ်စက်သွားပြီး ပြန်ထွက်သွားပြီး၊ ယခု နောက်တစ်အုပ်စုက ထပ်ရောက်လာပြန်၏။ ကိုယ့်ကိုယ်ကို ဘာ တွေဖြစ်လို့ ဘာတွေခံစားနေကြရမှန်း တွေးတောချိန် မရလောက်အောင် ကြောက်လန့် ကျန်ခဲ့သော ကျနော်တို့ လူသစ်အုပ်စု အယောက်အစိတ်ခန့်မှာ ကြောင်တက်တက်၊ သွေးတလန့်လန့်ဖြင့် စိုးထိတ်စွာ ကြောက်သေးများ ပင် ထွက်ကျမတတ် ကြောက်လန့်မှုတွေဖြင့် ကျန်ခဲ့၏။ သူတို့တန်းစီးခိုင်းထားသည့် ပုံစံအတိုင်း ထိတ်လန့် ကြောက်ရွံ့စွာ ချွေးအရွှဲရွှဲ၊ မျက်နှာ တငယ်ငယ်၊ ဘာတွေဆက်ဖြစ်လာမည်မှန်း မသိနိုင်အောင် တွေးတော ကြောက်လန့်ရင်း ကျန်ရစ်၏။ ခြေစုံရပ်၊ လက်သီး နှစ်ဘက် ကျစ်ကျစ်ပါအောင်ဆုပ်၊ ဦးခေါင်းကိုမော့၊ မေး ကြောကိုလည်မျိုနှင့် ထိလုမတတ်၊ လည်ပင်းကြွက်သားတွေကို တင်း၍ ဦးခေါင်းကို မလှုပ်မရှက် လုံးဝ ငြိမ်သက် စွာဖြင့်……

……. မျက်နှာမူရာ ရှေ့တည့်တည့်ကိုသာ ကြောင်တောင်ကန်း မျက်ဝန်းများဖြင့် ကြည့်၍၊ မလှုပ်ရဲဘဲ ကျောက်ရုပ် ကြီးတွေလို နေနေကြရ၏။
အဘယ်ကြောင့်ဆိုသော် စောစောက စီနီယာများသည် မိမိတို့ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားသည့်တိုင် အပြင်အထိ ထွက်သွားခြင်း မဟုတ်ဘဲ၊ အပြင်ကော်ရစ်တာ ပြုတင်းမှ စောင်းငဲ့ ချောင်းမြောင်းနေတာ မတ်တပ်ရပ် သတိဆွဲခိုင်းထားခြင်း အနေအထားမှ မိမိတို့ မည်သူမည်ဝါ လှုပ်ရှားသည်။ ဘယ်သူက မလှုပ်ရဆိုသော အမိန့်ကို မနာခံသေးဘဲ ဟိုကြည့် သည်ကြည့် လုပ်သေးသည်စသော အပြစ်များကို စောင့်ကြည့်နေသေးသောကြောင့် ဖြစ် သည်။
ကျနော်တို့ အားလုံး၏ ကိုယ်ခန္ဓာအနှံ့ ချွေးစေးများ ပြန်လျှက်၊ နှဖူးဦးရေပြားမှသည် တကိုယ်လုံးမှ ကျနေသော ချွေးတို့သည်၊ မိမိတို့ ရင်ဘတ်၊ ကျောပြင်တို့မှ တဆင့် ပေါင်တွင်းကြောအတိုင်းစီးဆင်းကာ ခြေဖ၀ါးသို့တိုင် ကျ နေ၏။ သံမံတလင်း ကြမ်းပြင်ပေါ်တွင်လည်း ချွေးကွက်ကြီးတွေက နေရာအနှံ့၊ ပူပင်သောက စိုးထိတ်မှု၊ ကြောက် လန့် အားငယ်မှုတွေကလည်း တိုးသထက်သာ တိုးလာနေ၏၊ အဘယ်ကြောင့်ဆိုသော် ၎င်းစီနီယာ တို့ပေးသော အတိအကျ အမိန့်ပေးမှုတွင် မိမိတို့ လူသစ်များ၏ နာခံမှု အခြေအနေသည် အားလုံးပေါ်တွင် လွှမ်းမိုး ခိုင်မြဲမှု မရှိမချင်း ထပ်ကာ တလဲလဲ စောင့်ကြည့် နှိပ်ကွပ်နေပေသေးသောကြောင့် ဖြစ်သည်။ မူးမေ့လဲကျသူတွေက လည်း တဗုန်းဗုန်း၊ ဒါလည်းမရ၊ အတင်းပြန်ထ မတ်တပ်ပြန်ရပ် ခိုင်းပြီး သတိဆွဲခြင်းဆိုသော မလှုပ်မယှက် နေရခြင်းကို ပြန်လုပ်ခိုင်း၏။ ပြန်လဲကျသူတွေက နောက်ပြန်တွေရော၊ ရှေ့ပြန်တွေပါ တ၀ုန်းဝုန်း… နောက်ဆုံး လုံးဝ ဆွဲထူ၍ မထနိုင်တော့သော သူတွေကို အခန်းပြင်သို့ ခွေးသေတကောင်လို တရွတ်တိုက် ဆွဲထုတ်သွား၏။ ထိုအချိန်ထိ ကျနော် သတိမလစ်သေး၊ ဦးနှောက်တွေကတော့ ဗြောင်းဆန်နေပြီး မြင်မြင် သမျှသည် ဇဝေဇ၀ါဖြင့် ဘာတွေက ဘယ်လိုဖြစ်နေသည်ကို လိုက်လံ တွေးတောရန် အလျင်မမှီတော့သလို ဖြစ်လာသည်။ ဟော.. လာပြန်ပြီ ၀င်လာပြန်ပြီ စီနီယာ ဆိုသည့် နောက်တအုပ်စု ကျနော့် စိတ်ထဲတော့ အမေရေ သားမှားပြီဗျဟုသာ အော်ချင်မိတော့၏။ မကြာပါ ကျနော်လည်း သတိလစ်သွားသလား၊ ဘယ်အရပ်၊ ဘယ်ကမ္ဘာကို အလည်အပတ် ရောက်သွားသည် မသိ၊ အားလုံးသည် အလွန်ရှုပ်ထွေးသော အာရုံတွေသာ ဆင့်ကဲ ဆင့်ကဲဖြစ်နေတော့၏။

ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိတဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
ဆက်လက်ဖတ်ရှုရန် အပိုင်း(၅)

PDF ဖိုင်ဖြင့်ဖတ်လိုပါကဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

0 ထင်မြင်ချက်: