Tuesday, January 29, 2008

ယနေ့ စစ်တပ်… ဘာတွေ ဖြစ်နေသလဲ (၅)

ထိုသို့ မထောက်မညှာ၊ ခိုင်းသည့်အတိုင်း တသွေမတိမ်းလိုက် မလုပ်မချင်း၊ အပြစ်ပေး ကျွမ်းထိုးခိုင်းလိုက်၊ ပြန်ထ သတိဆွဲ မတ်တပ်ရပ် ခိုင်းလိုက်၊ နည်းနည်းလှုပ်မိ လိုက်သည်နှင့် ချက်ချင်း ဆိုသလို၊ လက်သီးဖြင့် ထိုးခံရခြင်း၊ လက်ဖနှောင့်ဖြင့် ဆောင့်တွန်း ရိုက်နှက်ခြင်း၊ နောက်မှ နားရင်းအုပ် ရိုက်နှက်ခြင်းကိုခံရခြင်း၊ ဒိုက်ထိုးခိုင်းရင် ထိုး ထိုသို့မဟုတ်ပါက ဖားခုန်, ခုန်ခြင်းဟူသည့် ဖားတကောင်နှယ် ဦးခေါင်းပေါ် လက်နှစ်ဘက်တင် ဆောင့်ကြောင့်ထိုင်ခြင်း ရှေ့သို့ တခါခုန်လိုက်၊ နောက်ရောက်အောင် တခါပြန်ခုန်လိုက်ဖြင့် ဒူးခေါင်းရိုးများအတွင်း မီးဝင်ရှို့နေသလို ပူလောင်ဆူပွက် နာကျင်မှုဝေဒနာကို ခံစားလာရသည်အထိ ဖားခုန်ခြင်းကို အဆက်မပြတ် ခုန်နေရပေမည်။

ထိုအချိန် ကျန်သောသူများမှာ ဂျွမ်းထိုးသူက ထိုး၊ လေထီးခုန် ဟု ခေါ်သော ဆောင့်ကြောင့်ထိုင်လျှင် အနေအထားမှ အထက်သို့ မြောက်တက်သွားအောင် ခုန်ခုန်နေရသည့် အပြစ်ပေးနည်းကို ကြောက်ရွံ့စွာ လုပ်နေရသူကလုပ်၊ ပုံစံမျိုးစုံ အနေအထား မျိုးစုံဖြင့် ထိုနေ့ တနေ့လုံးသည် အလွန်ရှုပ်ထွေးသော ခံစားချက်ကိုသာ တချိန်လုံး ခံစား နေကြရသည်၊ မိမိတို့ ဦးနှောက်တွေသည်ပင်လျှင် ထိုအချိန်က ရူးသွပ်မှု၊ အခြေအနေ ဟု ပြောနိုင်သော အဆင့်အတန်း တခုခုသို့ ရောက်နေကောင်း ရောက်နေပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ထိုနေ့ ရက်များအတွင်း ကျနော်တို့၏ ဦးနှောက်များသည် မိမိတို့ မိဘများနာမည် ကိုပင် မှတ်မိအောင် မနည်းစဉ်းစား တွေးခဲ့ကြရသည်ကို ကျနော်မှတ်မိနေသေး၏။

ဖားခုန်၊ ခုန်ခုန်ဆိုသောကြောင့် ခုန်ရသည် အလေ့အကျင့် လုံးဝမရှိသေးသော ဒူးခေါင်းတို့က စိတ်ထဲ ဘယ်လောက် ခုန်ခုန်၊ မခုန်နိုင်တော့သည်ကို တွေ့ရ၏။ အမိန့်တွေက တရစပ်၊ လူတွေကမလုပ်နိုင်တော့ပြီ။ နာကျင်မှု။ ပင်ပန်းမှုတို့က ခံနိုင်ရည်ရှိမှု၏ အဆုံး၊ အထွဋ် အထိပ်၏ အခြားတဖက်ကို ရောက်နေပြီထင်၏။ ထိုသို့ မခုန်နိုင် ခုန်နိုင်ဖြင့် ခုန်နေရင်း မည်သူမည်ဝါက တွန်းထိုး ကန်ကြောက်လိုက်မှန်း မသိနိုင်ဘဲ နောက်မှ ဆောင့်ကန်ခြင်း၊ တွန်းခြင်းကိုလည်း ကြောက်ရွံ့စွာ ခံစားရသေး၏။ ထိုမျှဖြင့် မကျေနပ်သေး၊ ထိုထက် ပိုမိုပြင်း ထန်ပင်ပန်းသော မီးရထားစီးခြင်းဟု ခေါ်သည့် ဖားခုန်ခုန်ခြင်းကိုလည်း မတတ်နိုင်တော့ သည့်ကြားမှ လုပ်ခိုင်းသေးသည်။ ထိုမီးရထား စီးခြင်းဆိုသည်မှ ထိုလျှက် အနေအထားဖြင့် ဆောင့်ကြောင့်ထိုင်လျှက်အနေအထားအတိုင်း၊ ရှေ့နောက် တယောက်၏ခါးကို တယောက်က ဖက်ကိုင် တွယ်ဆက်ကာ၊ အတွဲအတန်း လုံးဝမပျက် မပြုတ်စေရဘဲ၊ အိပ်ဆောင်၏ ဧရိယာ အကျယ်ကုန်သည်အထိ၊ ခေါက်တုန့်ခေါက်ပြန် လူးလားခေါက်တုန့် သူတို့ မကျေနပ်မချင်း ဖားခုန် ခုန်ကာ မောင်းနှင်အခုန်ခိုင်းစေခြင်းကို ပင်ပန်းကြီးစွာ လိုက်ပါ လုပ်ဆောင်ရ၏။

ပြောပြလျှင်လည်း ကျနော်က ဟာသလုပ်သည်ဟုဆိုမည်ထင်ကြမည်။ ထိုသို့ ပင်ပန်းမှု အဟုန်ကြီးစွာ ကြောက်ရွံ့ထိတ်လန့်မှု အနှိုင်းအဆမဲ့စွာ၊ ချွေးတပြိုက်ပြိုက်ကျလျှက် ရှိစဉ်ပင် ခုန်ဟု အော်သံကြားလျှင် ခုန်၊ တခါ ခုန်ဟု အမိန့်ပေးသံကြားလျှင် ထပ်ခုန်၊ အကြိမ်ကြိမ် ခုန်နေရင်း ပါးစပ်မှလည်း (ဘော်ဘူး… ဘော်)ဟု မီးရထားစက်ခေါင်း ဥသြသံလို အော်ရ သေး၏။ ပျော်ရွှင်စွာဖြင့် အော်ဟစ်ကြခြင်းတော့ လုံးဝ မဟုတ်ပါချေ။ ပင်ပန်းဆင်းရဲ ကြီးစွာ လုပ်ဆောင် နေရရင်းမှ နောက်တတ်၊ ပြောင်တတ်သူ စီနီယာတစ်ဦး၏ အမိန့်အရ အော်ရခြင်းဖြစ်၏။

ကြမ်းမပြင် ကွန်ကရစ်၊ သံမံတလင်း တလျောက်လုံးတွင်လည်း ကျနော်တို့ထံမှ ကျဆင်းထားသော ချွေးရည်တို့ဖြင့် ကြမ်းတိုက်ရေဆေးထားပြီးစ ကြမ်းပြင်လို ရွှဲရွှဲစို ပြောင်လက်နေ၏။ ထိုချွေးကွက်ကိုပင် နင်းမိ၍ ဖားခုန်ခုန်ရင်း ချော်လဲကြရသေး၏။ မည်မျှ ဖိစီးနှိပ်စက်တတ်သည့် စစ်တပ်၏ အစဉ်အလာပါနည်း။ အစကတည်းက ယဉ်သကို… ဆိုသလို ကျနော်တို့ကဲ့သို့ စစ်ခေါင်းဆောင် လုပ်ရမည့် စစ်ဗိုလ်အလောင်းလျှာတို့ကို ဤသို့သော မနှစ်မြို့ဖွယ် ကောင်းလှသည့် နှိပ်စက်အပြစ်ပေးမှု နည်းမှ စတင်ကာ လေ့ကျင့်ပေးခြင်း ကိုခံရ၏။

အပြစ်ပေးခိုင်းစေ၍ ကျိုးကျိုးနွံနွံ ရိုရိုသေသေ လိုက်ပါ မလုပ်ဆောင်သူတို့ကို သီးသန့် ရှေ့သို့ ထုတ်၍ အခြားသူ များထက်ပြင်းထန်သည့် အပြစ်ပေးမှုများလုပ်ဆောင်စေကာ ပိုမိုပင်ပန်း နွမ်းနယ်စေ၏။ ပိုမိုကြောက်လန့် စိုးထိတ်စေ၏။ ထိုသို့အများနှင့်မတူ အထူးသီးသန့် အပြစ်ပေးခြိမ်းခြောက်၊ ကြောက်လန့်စေအောင် အလုပ်ခံ။ အပြစ်ပေးခံ ရသည့်အထဲတွင် ကျနော်အမြဲလိုလိုပါ၏။ မည်သူမည်ဝါမှန်းပင် ခွဲခြားမသိနိုင်အောင် ရှုပ်ထွေးဗြောင်းဆန် နေသော ဤအချိန် ခဏလေးအတွင်း အသံတချို့ကို ကျနော် ကြားဖြစ်အောင်ကြား လိုက်သေး၏။ ဘာတဲ့ ဇော်ဝင်းရှိန် သီချင်းကို ဆိုချင်တဲ့ First Year က ရှိသေးတယ်။ ဒီမောင်… ဒီမောင် (စစ်တက္ကသိုလ်တွင် ပထမနှစ် ဗိုလ်လောင်းများအား First Year ဟုခေါ်၍ လူပုဂ္ဂိုလ် နာမ်စားများအား ဒီကောင် ဟိုကောင် စသော ကြမ်းတမ်းသည်ဟု ယူဆရသည့် အသုံးအနှုန်းတို့ မသုံးနှုန်းကြပါ။ ဒီမောင်ဟုသာ ရည်ညွန်းခေါ်ဆိုကြသည့် ဗန်းစကား ဖြစ်၏။ စကားချပ်…) ထိုစီနီယာ၏ လက်ညိုးကား ဘယ်သူ့ဆီ ဦးတည်ညွန်ပြနေမည် ဆိုသည်ကိုတော့ မပြောလိုပြီ။ ထိုနှစ်ရက်ခန့်သော ဦးနှောက်ဆေးကြောမှု ၀ရုန်းသုန်းကား မောင်းနှင် လေ့ကျင့် ခံရခြင်းသင်ခန်းစာတွင် ကျနော်အတော်ပင် အီစိမ့်အောင် ခံလိုက်ရ၏။ အကြောင်းအရင်းကို တော့ ရိပ်မိသိရှိပြီး ဖြစ်လောက်ပေမည်။

ဟော.. ၀င်လာပြန်ပြီ… နောက်တစ်အုပ် ရောက်လာတဲ့ အသစ်စီနီယာတိုင်းတွင် ငယ်သားများကို ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်စေနိုင်သည့် နည်းနိသျှ အသစ် အသစ်တို့ တမျိုးနှင့် တမျိုးမရိုးအောင် ပါလာကြသည်။

တယောက်နှင့်တယောက် ဂျူနီယာ ဗိုလ်လောင်း ကျနော်တို့ အပေါ်ကို ဖိစီးနှိပ်စက် ပုံခြင်း မတူကြပေ။ ဒီအုပ်စုက သတိဆွဲ ငြိမ်သက်စွာနေခိုင်းပြီး စောင့်ကြည့်ကာ လှုပ်သူကို အပြစ်ပေးနှိပ်စက်တာမျိုး မဟုတ်တော့… သူတို့က သင်္ကာမကင်း ခံရသောလူတန်းထဲ စူးစိုက် လိုက်ကြည့်ကာ ပြစ်မှုကျူးလွန်ထားသော တရားခံကို ရွေးနေသူတို့နှင့် ကျနော်တို့ ရှေ့က ခေါက်တုန့် ခေါက်ပြန် လျှောက်ပြီး သိမ်းငှက်မျက်လုံးတို့၏ စူးရှမှုမျိုးဖြင့် တန်းစီထားသော လူတန်းထဲသို့ အလစ်မပေး၊ အငိုက်ဖမ်းလိုက်ကြည့်၏။

သူတို့စိတ်ဖြင့် ကြည့်၍မရဟုထင်သော First Year ရှေ့တွင် ရပ်၍ မျက်နှာကို စေ့စေ့ ကြည့်ကာ ငါ့နာမည် သိလား…ဟုမေးတော့၏။ ထိုအခါ အမေးခံရသူ First Year က မသိသောကြောင့် ကျနော် မသိပါဘူးခင်ဗျ…ဟု ဖြေလိုက်သည်နှင့် ၀ိုင်းဝန်းစောင့်ကြပ်နေသော ကျန်သည့် စီနီယာတို့က လွန်စွာ အံ့သြကြသည့် ဟန်ပန်ဖြင့် …ဟာ ဟ First Year က မသိဘူးတဲ့ကွ… ထွက်ခဲ့စမ်း အဲဒီမသိပါဘူးဆိုတဲ့ မောင်… ဟုဆိုကာ အိပ်ဆောင်ကြမ်းပြင် တလျှောက် ကျွမ်းထိုးခိုင်းတော့၏။ တရစပ် မနားရအောင် ထိုသူအား အခြားတဦးမှ အပြစ် ပေးနေချိန်ဝယ်၊ နောက်ထပ် ပထမနှစ် တဦးကို ထိုကဲ့သို့ပင် မေးပြန်ပါသည်။ သူ့နာမည်ကို အလိုလို သိရအောင်၊ ကျနော်တို့က တန်ခိုးရှင်တွေမဟုတ်…. ထိုသို့ လေး၊ ငါးဦးခန့် ဘုမသိ ဘမသိဖြင့် အတွယ်ခံရပြီးနောက်မှ ကျနော်တို့ ထိုသို့ ကြောင်တောင် တောင်ဖြင့် အပြစ်ပေး ခံရခြင်း၏ အရင်းအမြစ်မှာ ထိုစီနီယာ၏ နာမည်ကို မသိ၍မဟုတ်၊ မသိ၍ မသိကြောင်းကို အရပ်သားစကားဖြစ်သော မသိပါဘူးခင်ဗျ.. ဟု ပြန်ဖြေသောကြောင့် အပြစ်ပေးခံရခြင်းဟု ပြော၏။

ပထမနှစ် ဗိုလ်လောင်းသင်တန်းသား ဘ၀တွင် အရပ်ဘက်သုံး စကားလုံး တစ်လုံးမျှ ပြောဆို သုံးနှုန်းခွင့်မရှိဟု အမိန့်ထုတ်၏။ ပထမနှစ် တနှစ်ပတ်လုံး ကျနော်တို့ ပြောဆိုသုံးနှုန်း ခွင့်ရသည့် စကားလုံးကြီးများမှာ .. (ဟုတ်) ဟူသော ဟုတ်မှန်၊ လက်ခံ၊ သဘောတူကြောင်း၊ ဖြေကြားသည့် မဟာဝေါဟာရ စကားလုံးကြီး တလုံးနှင့် (မဟုတ်) ဟု ဆိုသော ငြင်းဆိုခြင်း၊ မဟုတ်မှန်ကြောင်း ပြောဆိုလိုခြင်းတို့တွင် အသုံးပြုခွင့်ရရှိသည့် မဟာ့မဟာ စကားလုံးကြီး တလုံး၊ စုစုပေါင်း ကျနော်တို့ ပြောဆိုခွင့် ရရှိသည့် စကားလုံးများက ထို ဟုတ်.. မဟုတ် နှစ်လုံးသာလျှင် ဖြစ်ပြီး သီခြားအမိန့်တစုံတရာ မရရှိဘဲ၊ အခြားသော စကားလုံးတို့ကို ပြောဆိုမိလျှင် အမျိုးအမည် တပ် မထားသော ပြစ်ဒဏ်တို့ ရရှိခံစားရမည်ဖြစ်ကြောင်းဖြင့် ကျနော် ဗိုလ်လောင်း၊ စစ်ဗိုလ်လောင်း၏ စစ်တက္ကသိုလ် ပထမနှစ် သင်တန်းသား ဘ၀သည် ကန့်သတ်ချုပ်ချယ်ခြင်းဖြင့် အစပျိုးကာ၊ စစ်သားဟူသော မြန်မာစစ်တပ်မှ စစ်သား တစ်ဦး၏ လက်တွေ့ နယ်ပယ်တွင်း စတင်ခြေချခဲ့ပါ၏။

First Year တွေ… ပြာတာကြားလား .. (ဟုတ်) .. တစ်ယောက်ယောက်က အပြစ် ကျူးလွန်ရင်လည်း အားလုံးမှာ အပြစ်ရှိတယ်… ကြားလား…..(ဟုတ်)။ တယောက် မကောင်းလည်း အများမှာ အပြစ်ရှိတယ်.. ကြားလား .. (ဟုတ်) … သံပြိုင် ဖြေဆိုသံများဖြင့် ခန်းမကျယ်အတွင်း လိုဏ်ထပ်ဟိန်းနေ၏။

ထိုသို့သော ဦးနှောက်ဆေးသည်ဟု ခေါ်သည့် စိတ်ဂယောက်ခြောက်ခြား၊ သွေးပျက် ကြောက်လန့်ဖွယ် မြင်ကွင်းများ၊ ခိုင်းစေအမိန့်ပေး အော်ဟစ်သံများ စသော လိုလား နှစ်ခြိုက်ဖွယ် အနည်းငယ်မျှ မရှိသည့် အချိန်များကို စိတ်ပင်ပန်းခြင်း ကြီးမားစွာ ကြုံတွေ့ခဲ့ရ၏။ အမျိုးအမည် ဖေါ်ပြနိုင်ဖွယ်မရှိသော ခံစားမှုများဖြင့် နှစ်ရက်တာမျှသော အချိန်များကို နေ့ရော၊ ညပါ သွေးပျက်ထိတ်လန့် ရင်ခုန်ခြင်းများဖြင့် ဖြတ်ကျော်ခဲ့ကြရ၏။


ဤတစ်ပတ် ဤမျှဖြင့်နားခွင့်ပြုပါ။ ရှေ့တစ်ပတ်တွင် ဆက်လက်ဖေါ်ပြပါမည်။
ကျေးဇူးတင်ရှိစွာဖြင့်
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest

အပိုင်း(၅) အား PDF ဖိုင်ဖြင့်ဖတ်လိုပါက ဒေါင်းလုပ် လုပ်ယူပါ။

0 ထင်မြင်ချက်: