Friday, January 18, 2008

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၁)အပိုဒ်(က)

.... ... ...မြန်မာပြည်၏ စာသင်ကျောင်းနှင့် တက္ကသိုလ်များ ပိတ်ချည်၊ ဖွင့်ချည်ဖြင့် ကျောင်းသားလှုပ်ရှားမှု များဖြစ်တိုင်း ကျောင်းသားတို့၏ ပညာရေး ကိုသာ ပိတ်ဆို့ဖျက်ဆီး တားမြစ်ခြင်းခံနေရချိန် .........။


နိုင်ငံရေးကမတည်ငြိမ်၊ စီးပွားရေးကျဆင်းမှုမုန်တိုင်းကလည်း မကြာခဏ တိုက်ခတ် မွှေနှောက်သောကြောင့် ကုန်ဈေးနှုန်းပမာဏက အတက်သာရှိပြီး အကျဟူသည်မကြားဖူးချိန်..
ထိုအချိန် ထိုကာလအတွင်း၊ မြန်မာပြည်၏ တောင်ပေါ်မြို့တစ်မြို့တွင် တည်ရှိသော အထင်ကရကျော်ကြား လှသည့် တက္ကသိုလ်ကြီးတခုအတွင်းဝယ် ဤသို့သောဖြစ်စဉ် ဖြစ်ရပ်များ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသည်ကိုတွေ့ရှိ ရမည် ဖြစ်သည်။
..... ...... ...... ....... .........
‘ကွေး.. ... ...ဆန့် .... ..... ... တစ်’
‘ကွေး.. ... ...ဆန့် .... ..... ... နှစ်’

စစ်သက္ကသိုလ်လေ့ကျင့်ရေးကွင်း
ကြွေပြား အနီများဖြင့်တန်ဆာဆင်ထားသည့် သုံးထပ်မှ လေးထပ်ထိမြင့်သော ဗိုလ်လောင်းအိပ်ဆောင်များ ကြားရှိ ဗိုလ်လောင်းများ စုပေါင်းတန်းစီကွင်းအတွင်းမှ အမိန့်ပေးသံများနှင့် သံပြိုင်အော်ဟစ်သံများဖြစ်ပါသည်။ ထိုကဲ့သို့သော အသံများကို မနက်၊ ညနေ စုပေါင်းတန်းစီချိန်များအတွင်း ပုံမှန်ကြားရလေ့ရှိပြီး ၊ စနေ ၊တနင်္ဂနွေ ကျောင်းပိတ်ရက်အတွင်းတွင်မူ တနေကုန်နီးပါးကြားနေရလေ့ရှိသော အော်သံ၊ ဟစ်သံများ ဖြစ်ပေသည်။
ကွေး၊ ဆန့် ဟူ၍ ခိုင်းစေအမိန့်ပေးနေသူများမှာ စစ်သက္ကသိုလ် ဗိုလ်လောင်း စတုထ္ထနှစ် စီနီယာများဖြစ်ကြပြီး၊ ၎င်းတို့အော်သည့်အမိန့်အတိုင်း လက်ထောက် မှောက် ( ဒိုက်ထိုးခြင်း) ပုံစံဖြင့် မြေကြီးပေါ်ထောက်ထားသော လက် နှစ်ဖက်အား ပင်ပန်းနွမ်းနယ်စွာဖြင့် ကွေးချည်၊ ဆန့်ချည် လိုက်လုပ်ရင်း အော်ဟစ်၍ အမှတ်စဉ် ရွတ်ဆိုနေကြသူ များမှာ နောင်တစ်ခေတ်၏ အောင်စစ်သည်များ ဖြစ်လာကြမည့် စစ်သက္ကသိုလ် (Defence Services Academy) ခေါ် D. S. A ၏ ပထမနှစ် သင်တန်းသား ဗိုလ်လောင်းလူငယ်လေးများ ဖြစ်ကြ၏ ။
စစ်သက္ကသိုလ်၏စုပေါင်းတန်းစီကွင်းကြီးမှာ အလျှားပေ (၅၀၀) နှင့် အနံပေ (၃၀၀) ခန့်ရှိပြီး ပြန့်ပြူးသော ကွန်ကရစ်ခင်း လေးထောင့်ကွင်းကြီးဖြစ်၏။ ပတ်ပတ် လည်တွင် အလှကွက်များဖြင့် တန်ဆာဆင်ထားသော ပန်း ဘောင်ကြီးများ အစီအရီ တည်ရှိပြီး ၎င်းဘောင်များထဲတွင် ရာသီအလိုက်စိုက်ပျိုးထားသော ရောင်စုံပန်း အမျိုးမျိုးတို့မှ အရောင်စုံအလှစုံတို့၏ ရှုခင်းပသာဒနှင့် ကွင်းပြင်ကြီးအတွင်းမှ အော်သံ၊ ဟစ်သံ၊ ငေါက်ငန်းသံ၊ နွမ်းလျှ ပင်ပန်းစွာ လှုပ်ရှားဟန်တို့မှာ ဘယ်လို နည်းဖြင့်မှ ဆက်စပ်၍မရနိုင်သော အလှနှင့် အကျည်းတန်မှုတို့ပင်ဖြစ်ပေသည်။
ထိုမြင်ကွင်း၊ ထိုအချင်းတို့မှာ D.S.A ၏ မရိုးနိုင်သော နေ့စဉ်ဖြစ်ရပ်တို့သာ ဖြစ်၏ ။ စစ်သက္ကသိုလ်၏ အုပ်ချုပ် မှုအစဉ်အလာအရ စီနီယာ ဗိုလ်လောင်းက ဂျူနီယာ ဗိုလ်လောင်းကို ကြီးကြပ်အုပ်ချုပ်ရပြီး၊ အပြစ်တစ်စုံတစ်ရာ တွေ့ရှိ သော အခါများဝယ် ဤကဲ့သို့အပြစ်ပေးခြင်းမျိုး မကြာခဏ ပြုလေ့ရှိသည်။ စီနီယာ ဗိုလ်လောင်း၏ နည်းအမျိုးမျိုးဖြင့် အပြစ်ပေးခြင်းများကို ဂျူနီုယာဗိုလ်လောင်းများက ရိုသေကျိုးနွံ့စွာ၊ ကြောက်ရွံ့သော မျက်နှာပေးလေးများဖြင့် လိုက်နာ လုပ်ဆောင်ရ၏။ အပြစ်ပေးနည်းအမျိုးမျိုးကို နည်းစနစ်တကျအတိုင်း လိုက်ပါလုပ်ဆောင်ရန် ငြင်းဆန်ခြင်း၊ ဖီဆန်ခြင်း၊ ကလန်ကဆန်လုပ်ခြင်း ပြုမိသူ ဂျူနီယာ ပထမနှစ် (first year cadet) ဗိုလ်လောင်းသည် အထက်အမိန့်ကိုမနာ ခံခြင်း၊ အာဏာဖီဆန်ခြင်းဟူသော ပြစ်မှုဖြင့် အခြားကြီးလေးသောပြစ်ဒဏ်များ၊ ရုံးတင်စစ်ဆေးအရေးယူခြင်း၊ စစ် ဘက်ဥပဒေဖြင့် အရေးယူခံရခြင်း စသော အတောမသတ်သည့် ပြစ်ဒဏ်များက မိုးကျရွှေကိုယ်များနှယ် ရောက်လာ မည်ဖြစ်၏။ ထို့အပြင် စိတ်ဓါတ်ခံယူချက် အောက်တန်းကျသော စီနီယာဗိုလ်လောင်းအချို့၏ အငြိုးတေးဖွဲ့ ရန်ငြိုးထား ခြင်းကို ခံရမည်ဖြစ်ပြီး၊ အပြစ်မရှိ အပြစ်ရှာခံရခြင်းများစွာ ကြုံတွေ့ရတော့မည်ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ ထိုဗိုလ်လောင်းသည် စိတ်ဓတ်ကျဆင်းလာရပြီး နောက်ဆုံးတွင် ဂျူနီယာပထမနှစ် (First Year Cadet) ဘ၀မှထွက် ပြေးကာ စစ်ပြေး၊ ၀ရမ်းပြေး ဘ၀သို့ရောက်သွားမည်ဖြစ်၏။
ဤရွေ့ဤမျှအထိ ဆိုးကျိုးသက်ရောက်စေနိုင်သော အမိန့်မနာခံမှုဆိုသည့် ပြစ်မှုကို ဗိုလ်လောင်းသင်တန်း သားတိုင်းက ကြောက်ရွံ့ကြသည်မှာ မဆန်းပါပေ။
အပြစ်ပေးခံနေရသူများထဲတွင် လက်ထောက်မှောက်သူကမှောက်၊ ဂျွမ်းထိုး သူကထိုး၊ ဖါးခုန်ဟုခေါ်သော ဖါးတစ်ကောင်ကဲ့သို့ ခုန်ဆွ၊ ခုန်ဆွ၊ ခုန်သူကခုန် အမျိုးမျိုးအစုံစုံ ပုံစံတို့ကိုတွေ့ကြရမည်ဖြစ်သည်။ ပါးစပ်မှလည်း တစ်.. ...နှစ်... ....သုံး စသည်ဖြင့် အမှတ်စဉ်များ အော်ဟစ်နေကြရ၏။ တချို့သောဗိုလ်လောင်း များက ...ဟုတ် ... ... မဟုတ် ဟူသောအသံနက်ကြီးများဖြင့် စီနီယာဗိုလ်လောင်း၏ အမေးကို ဖြေကြားနေပုံကိုလည်း တွေ့ရပေမည်။
တန်းစီကွင်းကြီး၏ အရှေ့ဘက်အရပ် ကွင်းထိပ်မျက်နှာစာမှ တပ်မတော် (ကြည်း. ရေ. လေ) စစ်သား သုံးဦး၏လက်တွဲဖေါ်၊ အတူယှဉ်တွဲနေဟန် ပလာစတာ ရုပ်တုကြီးများကလည်း အလွန်ခန့်ထည်စွာဖြင့်၊ ကြီးကျယ်ခမ်း နားလှသော ဗိုလ်လောင်းအိပ်ဆောင်များနှင့်အပြိုင် ပဏာရတင့်တယ်လှပေသည်။ ( ယခုတော့ ကြေး ရုပ်တုကြီးတွေ ဖြစ်သွားပါပြီ ) ။
စစ်သက္ကသိုလ်၏ ပရ၀ုဏ်အတွင်း ဘယ်နေရာကြည့်ကြည့် သပ်ရပ်သန့်ရှင်း စွာဖြင့် တည်ဆောက် မွမ်းမံထား ၏။ ဗိုလ်လောင်းအိပ်ဆောင်များ၏ အရှေ့မှပတ်၍ ဖေါက်လုပ်ထားသော ကုန်းမြင့်မို့မို့လေးအပေါ် ကွေ့ဝိုက် မောင်းနှင်ရ သည့် မော်တော်ကားလမ်းမှာလည်း ကွန်ကရစ်ဖြင့် စနစ်တကျ ညီညာစွာသွန်းလောင်းထား၏ ကားလမ်း၏တဖက် တချက်တွင်လည်း စနစ်တကျစိုက်ပျိုးထားသည့် စိန်ပန်းနီပင်၊ စိန်ပန်းပြာပင်နှင့် တောင်ပေါ်ဒေသ၏ ပိတောက်ပန်းဟု ခေါ်နိုင်သော ပန်းချယ်ရီပင် တို့ကလည်း အစီအရီ ....။
စိန်ပန်းပြာပွင့်တို့ ကြွေလင့်ချိန်ဖြစ်သောကြောင့် စိန်ပန်းပြာပင်တို့၏အခြေ ကားလမ်းတ၀ိုက်သည် အပြာ ရောင် အပွင့်တို့ဖြင့် ရှုခင်းပန်းချီကားတစ်ချပ်မှ အပြာရောင်ဆေးစက်တို့ ကြဲပက်ထားသည့်ဟန်၊ တောင်ပေါ်ဒေသ၏ သဘာဝရာသီဥတုအတိုင်း ကောင်းကင်ပြာပြာကြီးကလည်းပြာ .. စိန်ပန်းပွင့်ကြွေတို့ကလည်းပြာ .. အရာရာသည် အပြာရောင်လွှမ်းသော ဆေးရောင်စုံ ပန်းချီကားတစ်ချပ်နှယ်ပါပင် ။
တောင်ပေါ်ဒေသ၏ရာသီဥတုကလည်း လေအေးပေးစက်တပ်ဆင်စရာမလိုဘဲ အေးမြချမ်းစိမ့်နေ၏။ လေနု အေးအေးလေးများ၏ လတ်ဆတ်သန့်ရှင်းမှုများနှင့်အတူ မွှေးပျံ့သင်းထုံသော ပန်းရနံ့တို့ကလည်း စွဲမက်ဖွယ်တောင် ပေါ်ဒေသ၏အလှကို ပေါ်လွင်ထင်ရှားစေပေသည်။
အဆိုပါ မြင်ကွင်း၊ ရှုခင်းတို့သည် မြန်မာနိုင်ငံ မန္တလေးတိုင်းအတွင်းရှိ မေမြို့၊ ပန်းမြို့တော်၊ တောင်လှေခါး မြို့တော်၊ နှင်းမြို့တော်၊ ပြင်ဦးလွင်ဟု ငါးမည်ရမြို့တော် ပြင်ဦးလွင်တွင်တည်ရှိသည့် (အရှေ့တောင် အာရှတွင် တစ်ခုတည်းသော တက္ကသိုလ်) ဟု မြန်မာစစ်တပ်အတွင်းဝါဒဖြန့်ထားသည့် (Defence Services Academy) ခေါ် D.S.A ၏ နွေနှောင်းရက်တစ်ရက် မြင်ကွင်းပင်ဖြစ်ပါသည်။
စစ်သက္ကသိုလ်သည် မြန်မာ့တပ်မတော်ခေါ် မြန်မာ လက်နက်ကိုင်စစ်တပ် အတွက် စစ်ဗိုလ်အရာရှိ၊ စစ်ခေါင်း ဆောင်ငယ်များ မွေးထုတ် သင်ကြားပေးနေရာ စစ်သင်တန်းကျောင်းကြီးတစ်ခုဖြစ်၏။ ၁၉၅၀ ခုနှစ် လွန်များမှ စတင် တည်ထောင်ခဲ့ပြီး မြန်မာလက်နက်ကိုင်စစ်တပ်အတွက် စစ်မှုထမ်းအရာရှိ ပေါင်း ၃၀၀၀၀ ကျော် မျှ လေ့ကျင့်မွေး ထုတ်ခဲ့ပြီးဖြစ်၏။ ယနေ့လက်ရှိ မြန်မာ့စစ်တပ်တွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အာဏာရယူဆုပ် ကိုင်ထားဆဲဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီးမောင်အေးသည် အဆိုပါ D.S.A ခေါ် စစ်သက္ကသိုလ် ပထမအပတ် ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦးဖြစ်သည်။
ဗိုလ်ချုပ်ကြီးမောင်အေး
ထို့အပြင် စစ်တပ်၏လတ်တလော အရေးပါအရာရောက်သော တိုင်းမှုး၊ တပ်မမှုး ရာထူးများ၊ ဌါန၊ နေရာ အတော်များများကိုလည်း စစ်သက္ကသိုလ်ဆင်း အရာရှိ များကသာ ဦးစီး၍ လွှမ်းမိုးချုပ်ကိုင်ထားသည်ကို တွေ့ရမည်ဖြစ်၏။
ယနေ့မြန်မာ့တပ်မတော်အပေါ် ဦးစီးကြိုးကိုင် ချယ်လှယ်နေသော စစ်ဗိုလ်ချုပ်များ၊ တပ်မတော် ခေါင်းဆောင် များသည် မြန်မာလက်နက်ကိုင် စစ်တပ်ကို အင်အားအဖြစ် အသုံးပြု၍ မြန်မာနိုင်ငံအပေါ် စစ်အာဏာရှင်စနစ်ဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့ သည်မှာ ၁၉၈၈ ခုနှစ် (မြန်မာတစ်နိုင်ငံလုံး အုံကြွ၍ ဒီမိုကရေစီတောင်းဆိုပွဲကြီး ဖြစ်ပွားသောနှစ်) မှ စတင်၍ ယနေ့ထိတိုင်ပင်ဖြစ်၏။ ယနေ့ ၂၀၀၆ ခုနှစ် မြန်မာ နိုင်ငံ၏ နိုင်ငံတကာ မျက်နှာစာတွင် ခေါင်းမဖေါ်ဝံ့အောင် ဖြစ်နေရသည့် လက်ရှိအခြေအနေ၏ အကြောင်းအရင်းမှန်ကို မြန်မာပြည်သူ၊ ပြည်သားများနှင့် ကမ္ဘာ့ ပြည်သူတရပ် လုံး သိရှိမှသာ မြန်မာပြည်၏ အနာဂတ်အလားအလာ ကောင်းမွန် လာနိုင်ဖွယ်ရှိသည်။
စစ်အာဏာရှင်စနစ်ကျင့်သုံး၍ တိုင်းပြည်နှင့်လူမျိုးအား တိုးတက်ဖွံ့ဖြိုး အောင်စွမ်းဆောင်နိုင်ခဲ့သည့် အစိုးရ အဖွဲ့ဟူ၍ ကမ္ဘာ့သမိုင်းတွင် မရှိခဲ့ဘူးပါ။ သို့သော်လည်း ယနေ့ ကျနော်တို့ မြန်မာနိုင်ငံကို လက်နက်ကိုင်စစ်တပ် အင်အားဖြင့် ခြိမ်းခြောက်ဖိနှိပ် အနိုင်ကျင့် ဗိုလ်ကျကာ အဓမ္မအုပ်ချုပ်နေသော စစ်အာဏာရှင်အုပ်စု၏ လက်အောက်၌ တိုင်းပြည်၏ အထွေထွေ အခြေအနေသည် တဖြည်းဖြည်း ဆုတ်ယုတ်နိမ့်ပါးပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် အမွဲဆုံးနိုင်ငံဖြစ်နေပေပြီ။ ထိုသို့အဆိုးဝါးဆုံးအခြေအနေ ရောက်နေသည့်တိုင် စစ်အာဏာရှင်အုပ်စုသည် ၎င်းတို့ ဖန်တီးနေသော အာဏာရှင်စစ်အုပ်ချုပ်ရေးစနစ်ဖြင့် တိုင်းပြည်၏လက်ရှိ ဖြစ်ပေါ်နေသော ဆင်းရဲမွဲတေခြင်းနှင့် ဆုတ်ယုတ်နိမ့်ပါးမှု အခြေအနေမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်မှု မရှိကြောင်း အမြင်မှန်မရနိုင်တော့ဘဲ၊ ၎င်းတို့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးနှင့် ၎င်းတို့၏ သားချင်းဆွေမျိုးတသိုက် ချမ်းသာကောင်းစားရေးကိုသာ၊ အရှက် တရားကင်းမဲ့စွာဖြင့် အစွမ်းကုန်၊ နည်းလမ်းစုံ၊ ကောက်ကျစ်ရက်စက်မှုပေါင်းစုံ သုံး၍ ကြိုးပမ်းဆောင်ရွက်နေကြ၏။


ပြည်သူလူထုတစ်ရပ်လုံးမှ ရွေးကောက်တင်မြှောက်ထားသော ပြည်ချစ်နိုင်ငံရေးပါတီတခုဖြစ်သည့် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်များအား အကြောင်းမဲ့ ဖမ်းဆီးထိမ်းသိမ်းထားခြင်း၊ ဒီမိုကရေစီရရှိရေး ဆောင် ရွက်သူ မျိုးချစ်နိုင်ငံရေးသမား မည်သူ့ကိုမဆို ရက်စက်ကြမ်းကြုပ်စွာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ခြင်း၊ အပြစ်မရှိပါဘဲ သားချင်း၊ ဆွေမျိုးမကျန် ဖမ်းဆီး နှစ်ရှည်ထောင်ဒဏ်များပေး၍ မျိုးဆက်တုံး သုတ်သင်ခြင်းများပြုလုပ်ကာ ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်နေကြသည်။ တိုင်းပြည်အား အမှောင်တိုက်လမ်းမှားသို့ ဇွတ်အတင်း သွတ်သွင်းဆွဲချနေကြသည်။ ၎င်းတို့ စစ်ဗိုလ်ချုပ်ကြီးတစ်စု အာဏာတည်မြဲရေး အတွက် ဘာကိုမဆို ရက်စက် ကြမ်းကြုပ်စွာ ပြုလုပ်နေသည့် အချိန်လည်း ဖြစ်၏။
လာဘ်စား၊ ခြစားမှုများ၊ မတရားမှုမျာ၊ ဥပဒေမဲ့လုပ်ရပ်များ၊ အာဏာအလွဲသုံးစား လုပ်၍ ကိုယ်ကျိုးရှာနေမှု များ၊ ဥပဒေဘက်တော်သားဟု အမည်ခံထားသော စစ်ဘက်၊ နယ်ဘက်၊ အာဏာပိုင်အဖွဲ့အစည်းများ၏ ပြည်သူလူထု အပေါ် မတရားဖိစီးနှိပ်စက်အနိုင်ကျင့်၍ ၎င်းတို့ကိုယ်ကျိုးစီးပွားတစ်ခုတည်းအတွက် မတရားစီးပွား ရှာဖွေနေကြခြင်း ဖြစ်စဉ်များ တိုင်းပြည်၏နေရာအနှံ့တွင် ဖြစ်ပွားနေ၏။ ဥပဒေ၏ အထက်တွင်မည်သူမှမရှိစေရဟု အမိန့်ထုပ်ပြန်သူ အာဏာရှင်ကြီးကိုယ်တိုင်ကပင် မတရားကိုယ်ကျိုးစီးပွား ရှာဖွေနေသူဖြစ်နေခြင်း၊ စသောအနာဂတ် ပြည်ထောင်စု အတွက် ရတက်မအေးစဖွယ်၊ ရင်လေးဖွယ်၊ အခြေအနေများကြောင့် ယနေ့မြန်မာ နိုင်ငံကိုစိုးမိုးအုပ်ချုပ်နေသည့် မြန်မာစစ်တပ်အစိုးရ၏ ကျောထောက် နောက်ခံ အဖြစ်ရပ်တည်နေသော မြန်မာ့တပ်မတော်သည် ကမ္ဘာ့လူထုကြီး၏ ဝေဖန်ရှုတ်ချခြင်းကို ခံရယုံသာမက၊ မြန်မာတိုင်းရင်းသားအပေါင်း၊ မိဘပြည်သူ အပေါင်း၏ မလိုမုန်းထားခြင်း၊ စက် ဆုပ်ရွံ့ရှာစွာ ရှောင်ရှားဖယ်ကျဉ်ခံရခြင်း၊ မေတ္တာတရား ကင်းမဲ့စွာ ဆက်ဆံပြောဆိုခံရခြင်း၊.. စသောရင်ထုမနာ ဖြစ်ဖွယ်အကြောင်းများ ဖြစ်ပေါ်လာနေပေ၏။

ဆက်လက်ဖတ်ရှုရန် အပိုဒ်များ....
(က).
(ခ). (ဂ). (ဃ)

0 ထင်မြင်ချက်: