Friday, January 25, 2008

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၃)

လူငယ်များ မိမိတို့ လက်ရှိ ဘ၀ကို အမှန်ကို အမှန်တိုင်း၊ အရှိကို အရှိတိုင်း၊ သုံးသပ်နိုင်စွမ်း ကင်းမဲ့အောင် ဖန်တီးထားသည့် စစ်အာဏာရှင် စနစ်အောက် ကျနော်တို့လို လူငယ်များ ကြုံရာ၊ မြင်ရာ၊ ထိတွေ့ကူးစက်ရာတို့မှ အဘယ်ကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွင်း ၀င်ရောက်ရန် စိတ်ကူးတွေ ဖြစ်ပေါ်ခဲ့ကြပါသနည်း။ ဗိုလ်လောင်း ပထမနှစ် သင်တန်းသား ဘ၀မှ ပြင်ပ အရပ်သားတို့ မသိနိုင်သော လေ့ကျင့်သင်ကြားမှု ဘယ်လိုရှိခဲ့ပါသနည်း ဆိုသည်ကို ယခု တပတ်တွင် တင်ပြသွားပါမည်။

တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပင်ပေးကာ၊ ကာကွယ် စောင့်ရှောက်နေသည်ဆိုသော တပ်မတော် အစိုးရ လက်ထက်၊ အရာရာသည် အသိပိတ်။ အမြင်ပိတ်ဖြစ်၍ ဘ၀ အတွေ့အကြုံ နုနယ်သေးသူ လူငယ်တို့ မြင်မြင်ရာ အားကျ မက်မောလာသည်မှာ မဆန်း။ ကျနော်တို့ မြန်မာနိုင်ငံကြီး ပြိုကွဲပျက်စီးမည့် ဘေးအန္တရာယ် ချောက် ကမ္ဘားကြီးထဲ ကျလုတဲတဲ အခြေအနေဆိုးကြီးအတွင်းမှ လက်မတင်လေး လွတ်မြောက်အောင် စွန့်စား ကယ်တင် စောင့်ရှောက်ကာ၊ ယနေ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေခဲ့ ရသည်ဆိုသော တပ်မတော် အစိုးရ (ခေါ်) နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်၌ တိုင်းပြည်ကြီး ယခင်ကနှင့် မတူ ထူးခြားစွာ ဖွံ့ဖြိုး တိုးတက် နေပြီ အစရှိသည့် ကြေငြာချက်များကို ယုံစားမိ၍၊ တိုင်းပြည်နှင့် လူမျိုးတို့ကို ကာကွယ်စောင့်ရှောက်အံ့ ဟု ကြွေး ကြော်ပြီး မြန်မာ့မျိုးချစ် တပ်မတော်ကြီးအတွင်း စစ်မှုတာဝန်ထမ်းဆောင်ရန် ၀င်ရောက်ကြသည့် လူငယ်များထဲ တွင် ကျနော်လည်း တဦးအပါအ၀င် ဖြစ်ပါသည်။

ပြင်ပတွင် အတန်းပညာ ဆက်လက်သင်ကြားရေး အခြေအနေမှာ တတ်မြောက်ချောမွှေ့ခြင်း မရှိနိုင်သည်က တကြောင်း၊ အားမာန်နုပျို တက်ကြွ ဖြတ်လတ်သည့် အရွယ်မို့ အရာရာကို လက်တွေ့ ရှုခြင်း၊ စမ်းသပ်တွေ့ကြုံ လိုသည်ကလည်း တကြောင်း၊ တိုင်းပြည်အတွက် စစ်သူရဲကောင်း ဆန်ဆန် ဖြစ်လိုစိတ်ကို အခြေခံ သင်ကြား ပေးလိုက်သော မြန်မာ့သမိုင်းနှင့် အလွတ်ကျက်ဖြေ အတွေးအခေါ်မဲ့ ပညာရေးစနစ်၏ လှုံ့ဆော် တိုက်တွန်း မြူ ဆွယ်ချက်များကြောင့်လည်းကောင်း၊ မိမိလိုလားသော အတန်းပညာကိုလည်း တည်ငြိမ်အေးချမ်းစွာ ဆက်လက် သင်ယူနိုင်မည်ဟု ယူဆကာ (အရှေ့တောင် အာရှနိုင်ငံများတွင် တစ်ခုတည်းသော ကမ္ဘာ့အဆင့်မှီ စစ်တက္ကသိုလ် ကြီး ဟူသော ၀ါဒဖြန့်ချက်ကို ယုံမှတ်၍) စစ်တက္ကသိုလ်သို့ တက်ရောက် သင်ကြား ခွင့်ရရေးကို စတင်စိတ်ဝင်စား လာခဲ့၏။

ပြည်တွင်းထုတ် မြန်မာသတင်းစာများမှ စာမျက်နှာပြည့် ကြေငြာထားသော ဗိုလ်လောင်း ရွေးချယ်ခေါ်ယူမည့် အကြောင်း အထင်ကြီးလေးစားဖွယ် စာလုံးမည်းကြီးများကိုဖတ်၍ မိမိ၏ မိဘများက သဘောမတူ၊ ကန့်ကွက်နေ သည့်ကြားမှ ငယ်သူငယ်ချင်းတဦး၏တိုက်တွန်းအားပေးမှုဖြင့် စတင်ကြိုးပမ်းခဲ့ပါ၏။ ထိုအချိန်ခါက စစ်တက္ကသိုလ် ဟူသည် လက်တွေ့ရင်ဆိုင်ဖြေဆိုရန် အလွန်ခက်ခဲသော အရည်အချင်းစစ် စာမေးပွဲများ၊ ကိုယ်တွေ့ စစ်ဆေးမေး မြန်းမှုများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါမှ တက်ရောက်ခွင့်ရနိုင်သော၊ တော်တန်ယုံ သာမန်အရည်အချင်း၊ စိတ်ခံယူချက်၊ ကျန်းမာရေး၊ ကိုယ်ကာယ သာမန် သန်စွမ်းမှုမျှဖြင့် ဗိုလ်ရွေး (ခေါ်) စစ်တက္ကသိုလ် ဗိုလ်လောင်း၊ ရွေးချယ်ခြင်း စားမေးပွဲကို လုံးဝ မအောင်မြင်နိုင်ဟု (ကျောင်းသား လူငယ်များအကြား ၀ါဒဖြန့်ထား၍) တိတ်တခိုး နာမည်ကြီး နေသော ပညာသင်ကြားရေး မဟာကျောင်းတော်ကြီး တစ်ခုဖြစ် နေပေသည်။

စစ်တက္ကသိုလ်၏ နာမည်ကပင် Defence Services Academy (ခေါ်) စစ်အတတ်ပညာသင် အကယ်ဒမီ မဟာ ကျောင်းတော်ကြီး ဟု လေးစားအားကျဖွယ် မှည့်ခေါ်ထားဝေရာ ကျနော်တို့လို ဘာမှ မသိသည့် လူငယ်ထု အားကျ မက်မောမည်ဆိုလည်း မက်မောလောက်ပါပေသည်။ မြန်မာပြည်တွင်း စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေးစနစ် ကလည်း အတော်ဝင် အရှိန်အဟုန် ကောင်းကောင်း၊ တွင်တွင်ကြီး ကြေငြာ အားကောင်း သည်ဖြစ်ရာ ဘာမှမသိ နားမလည်၊ အသိမကြွယ်သေးသော ကျနော်တို့ အရွယ်မျိုးချစ်စိတ် အရင်းခံရှိသော လူငယ်အတော် များများမှာ ခေတ်စနစ်နှင့် အနာဂတ်ရေး ဘာမှကြိုတင်မတွက်အချက်၊ မသုံးသပ်ဘဲ၊ စစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး များ၏ စစ်တပ်အင်အား ကြီးထွားရေး တစ်ခုတည်းအတွက် ချမှတ် ကျင့်သုံး နေသော၊ စစ် မဟာဗျူဟာ၊ အောင်မြင်ရန် ၀ါဒဖြန့် ကျုံးသွင်းဖြူဆွယ်ရာ နောက်သို့ မြန်မာတိုင်းရင်းသား လူငယ် တချို့ ကောက်ကောက်ပါအောင် လိုက်ခဲ့ မိကြသည်မှာ အမှားဟု မဆိုနိုင်ပေ။

ထို ခေတ်ရေစီးကြောင်းအတိုင်းပင် စစ်တက္ကသိုလ် ဗိုလ်လောင်း ရွေးချယ်ရေး စာမေးပွဲတွင်လည်း ဤစနစ်မျိုး၊ ဖြတ်လမ်းနည်းဖြင့် အရည်အချင်းစစ် စာမေးပွဲကို ဖြတ်ကျော်နိုင်သည့် လမ်းကြောင်းများ တည်ရှိနေသည်ကို လည်း အံ့သြစွာ တွေ့ရှိရ၏။ ဗိုလ်လောင်း ရွေးချယ်ရေး စာမေးပွဲ မဆိုထားနှင့် စစ်တပ်အကြောင်း ဘာဆိုဘာမှ ရေရာစွာ မသိခဲ့ဖူးသည် ကျနော်တို့ ကိုယ်တိုင်ပင်လျှင် မိတ်ဆွေ တစ်ဦး၏ စီစဉ်ပေးချက်ဖြင့် ဗိုလ်ရွေးစာမေးပွဲ အတွက် အနီးကပ် ကျူရှင်တက်ခဲ့ရသေး၏။ အဆိုပါ ကျူရှင် ဆရာ၏ ကြိုတင်စီစဉ် ချိတ်ဆက်မှုဖြင့် ဗိုလ်လောင်း ရွေးချယ်ရေး တာဝန်ကျသော ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူ တစ်ဦး၏ နေအိမ်သို့ (ညအမှောင်ထုကို အကာ အကွယ်ယူ၍) ၎င်းနှင့်အတူ သွားရောက်ပြီး ထိုအရာရှိကြီးကို တန်စိုးလက်ဆောင်နှင့်၊ ငွေကြေးများ (ဂါရ၀ပြု ကန် တော့သည် ဟုဆိုကာ) လာဘ်ထိုးခဲ့ရသေး၏။ ထိုအချိန်အထိ ထိုခေတ် ထိုစနစ်၏ ဆိုးဝါး ရင်လေးဖွယ် ကောင်း လှသော နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ပတ်သက်၍ ဘာဆိုဘာမှ ရေရေရာရာ ကျနော်မသိ၊ သိအောင်လည်း အားမထုတ်ခဲ့၊ ထိုအချိန်က ကျနော့် ဦးနှောက်ထဲသိသည်မှာ ကျနော်သည် တနေ့သော အခါတွင် မိမိဖြစ်လိုသော နိုင်ငံ့သားကောင်း ရတနာ တဦးဖြစ်လာလိမ့်မည်ဟုသာ မျှော်လင့် ယုံကြည်လျှက် ရရာ၊ ကြုံရာ နည်းလမ်းများဖြင့် မိမိရည်မှန်းချက် အောင်မြင်ရေးကိုသာ အပတ်တကုတ် ကြိုးစားခဲ့၏။ နိုင်ငံ့သားကောင်းရတနာ ဟူသည် ကိုယ်ကျင့်စာရိတ္တ အရာတွင် မတရားမှု၊ ကင်းရှင်းသူ၊ ရိုးသား ဖြောင့်မတ်သူ ဖြစ်ရမည်ဆိုသည်ကို သိတော့၏။ ထိုသို့ ငွေကြေးဖြင့် လာဘ်ထိုး၍ အခွင့်အရေး တခုကို တောင်းဆိုခြင်းသည် အကျင့်စာရိတ္တကို ပျက်ဆီးစေတတ် ကြောင်း ထိုအချိန်က ကျနော် နားမလည်ပေ။

ကျူရှင် ကြိုတက်ထားသောကြောင့်လား၊ ငွေကြေးကန်တော့ထား၍ လားတော့ မသိပါ။ ဗိုလ်လောင်း ရွေးချယ် ရေး စာမွေးပွဲကို ချောမောစွာ ဖြေဆိုနိုင်ခဲ့ပြီး၊ စစ်တက္ကသိုလ် တက်ရောက်ရန် ခေါ်ယူသည့် အကြောင်းကြားစာ နေအိမ်သို့ ရောက်လာပါသည်။ မိဘများကတော့ ၀မ်းမသာပါ။ တားမြစ်၍ မရမည့်အတူ ကျနော့်ကို ဖြစ်လိုရာ ဖြစ်စေဟု လွှတ်ပေးလိုက်၏။ သို့သော်လည်း လိုအပ်မည့် ငွေကြေးစရိတ်ကိုတော့ လုံလောက်အောင် ထောက်ပံ့ နေမည့် အကြောင်းနှင့် ကျနော့်အား တိုင်းပြည်မှ အမှန်တကယ် အားထား ယုံကြည်ရမည့် သားကောင်း စစ်သည် တစ်ဦးအဖြစ် ရောက်အောင်သာ ကြိုးစားပါဟု ဖခင်မှ မှာကြားလိုက်၏။ ထိုအချိန်မှစ၍ အသက် ၁၉ နှစ် အရွယ် ကျနော်သည် တခါမှ မခွဲဘူးသော မိဘနှစ်ပါးနှင့် ညီအကိုသားချင်းများအား ခွဲခွာကာ၊ နောင်တခေတ်၏ အောင် စစ်သည်၊ သားကောင်း ရတနာ တဦးအဖြစ် မိမိဘ၀ကို မြှင့်တင် တည်ဆောက်ရန် လက်တွေ့ဘ၀ ခရီးကို စတင် ခဲ့ပါ၏။

စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းသို့ တက်ရောက် ပညာသင်ကြားရန်အတွက်၊ မဏာမ ရွေးချယ်ထားခြင်း ခံရသော လူငယ် ၃၀၀ နီး ပါးခန့်သည် ရန်ကုန်ဘူတာကြီးမှ တဆင့် မန္တလေးမြို့သို့ ထွက်ခွာလာခဲ့ပြီး၊ မန္တလေး မြို့မှ တဆင့် မေမြို့၊ ပန်းမြို့တော်၊ နှင်းမြို့တော်၊ တောင်လှေခါးမြို့တော် (ခေါ်) ငါးမည်ရမြို့ဖြစ်မည့် ပြင်ဦးလွင် မြို့တော်ကြီးသို့ တရုတ်ပြည်လုပ် စစ်ကားများဖြင့် စီးနင်းရောက်ရှိခဲ့ကြလေပြီ။

စစ်သက္ကသိုလ်သို့အ၀င်
ရောက်ရောက်ချင်း ခမ်းနားကြီးကျယ်လှသော စစ်တက္ကသိုလ် ကျောင်းဝင်းကြီးကို ကြည့်၍ ကျနော်တို့ လူငယ် လူသစ်များမှ အတော်ကျေနပ်ဂုဏ်ယူ မိကြပေသည်။ စီနီယာ ဗိုလ်လောင်းများမှာ ခွင့်ပြန်နေဆဲ ကာလဖြစ်၍ စစ်တက္ကသိုလ် ကျောင်းဝင်းကြီး တခုလုံးတွင် မိမိတို့ ပထမနှစ် ဗိုလ်လောင်းလျာ လူသစ်တွေချည်းသာ ဖြစ်ရာ၊ လွတ်လပ်စွာပင်၊ ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့်၊ ဘယ်နေရာ ကြည့်ကြည့် လှပစွာ ဖန်တီးထားသော ရှုခင်း များကြောင့် အတော်ပင် ပျော်ရွှင်နေကြ၏။ မည်သို့ပင် လှပသော အလွမ်းဓါတ်ကတော့ မပျောက်သေးပေ။ ရောက်ရှိပြီး ရက်ပိုင်းအတွင်းတွင်ပင် ဗိုလ်လောင်း အားလုံးအား မေမြို့ စစ်ဆေးရုံကြီးသို့ ဆေးစစ်ရန် ခေါ်ဆောင် သွားပါသည်။ ထိုအချိန်ကျမှ မေမြို့၏ မြို့လယ်ရှုခင်း ပသာဒ ကို စတင်တွေ့မြင်ရခြင်းဖြစ်၏။
ပြင်ဦးလွင်၏ မြို့တွင်းတနေရာ
စစ်ဆေးရုံတွင် ဆေး စစ်ခြင်း ခံယူကြရရာ၌ လူပျို၊ လူလွှတ်များ ဖြစ်သူ ကျနော်တို့ အားလုံးအတွက် အရှက်တရား အကုန်ကြုံခဲ့ကြရသည်။ ဖင်ကုန်း၊ ချောင်းဆိုး၊ လေးဘက်ထောက် အီးပေါက်ဟု၊ အရပ်သားဘ၀က လှောင်ပြောင် သရော်ခဲ့ကြသည့်အတိုင်း မိမွေးတိုင်း၊ ဖမွေးအတိုင်း ဆရာဝန်နှင့် နာ့(စ်)မ များရှေ့တွင် ချွတ်ပြရကာ တကိုယ်လုံး ဆေးစစ် ခြင်းကို ခံရ၏။ လူပျို နုနုထွတ်ထွတ် ကျနော်တို့မှာ နာ့(စ်)မ လေးများ ဘေးတွင်ထား၍၊ မျက်နှာပြင်များ ရဲထွက် အောင် (အနည်းငယ်တော့ ပိုရေးထားပါသည်။ တချို့ကတော့ ကိုယ်တိုင်ပစ္စည်း လက်ရာမွန်တခုကို ယခုမှ ပေါ်ပေါ်ထင်ထင် ထုတ်ကြွားခွင့်ရမည့် ပုံစံဖြင့် စပ်ဖြီးဖြီးပါ) ရှက်စိတ်ဖြစ်သည်အထိ ဆေးစစ်ခြင်းကို ခံရပါသည်။ တကိုယ်လုံး ချွတ်ပြရပြီး တဖန်လေးဘက်ကုန်းဆို၍ ဘုမသိဘမသိ လေးဘက်ထောက် ပြရပြန်ပါသည်။ ဆရာဝန်နှင့် မှတ်တမ်းတင်သူ နာ့(စ်)မတို့က တင်ပါးနောက်မှ ကြည့်ပြီး ချောင်းဆိုး၊ ချောင်းဆိုးဟု ပြောပြန်၏။ ချောင်းဆိုးခြင်းဆိုသည်မှာ လည်ချောင်းယားမှ၊ ရောဂါရှိမှ သရုပ်မှန် ချောင်းကို ဆိုးနိုင်မည် ဖြစ်ရာ၊ ယခု ကဲ့သို့ ရှက်စိတ်ကြောင့်၊ မွန်ထူနေရသည့်အထဲ၊ လေးဘက်ကလည်း ထောက်ထားရသေးသည် (ခွေးလေး တကောင်ပမာ လုံးတီးပါ) ဒီကြားထဲ ဒီဆရာဝန်က ချောင်းဆိုးခိုင်းသေးသည်။ နာ့(စ်)မလေးတွေက ကျနော်တို့ကို ကြည့်နေသည်ဟု (ကျနော့်အထင်) ကျနော်တွေးမိလေ။ ရှက်လေ။ ….. ဖြစ်ချင်အုံးဟဲ့ စစ်သားဟုသာ စိတ်ထဲက တွေးနေမိပါ၏။

ဟူး….. သက်ပြင်း မောတော့ ချမိသည် ထင်ပါသည်။ မြန်မြန်ပြီး ပြီးရော၊ ဘောင်းဘီ ပြန်ဝတ်ချင်လှပါပြီ။

ကိုယ်ကာယပိုင်း ဆေးစစ်ပြီးသော်လည်း၊ ဆိုက်ဂိုဟု ခေါ်သော စိတ်ပညာ ကဏ္ဍမှ စိတ်ခံယူချက် စိတ်ဓါတ်နှင့် စိတ်အခြေအနေကို စစ်မေးသည်။ စိတ်ပညာ ပါရဂူ ဟု ဆိုသော အူကြောင်ကြောင် စစ်ဗိုလ်ဆရာဝန်၏ ကြောင် တောင်တောင်၊ အမျိုးအမည်ခွဲခြား နားလည်ရန် ခက်ခဲသည့် မေးခွန်းများကိုလည်း အူတူတူဖြင့် ဖြေခဲ့ရသေး၏။ ဘာတွေ ဘယ်လို အသေးစိတ် စစ်မေးခံရ၍ ဘယ်လိုဖြေဆိုခဲ့သည်ကို ကောင်းစွာ မမှတ်မိတော့ပါ။ ဆေးစစ်ခြင်း တွင် အောင်မြင်သူများစရင်း ကြေငြာသောအခါ ကျနော့်နာမည်ပါလာ၏။ ဆေးစစ်ခြင်းတွင် ကျရှုံးသော လူငယ် တချို့ ၀မ်းနည်းစွာဖြင့် မိဘရပ်ထံ ပြန်ကြရ၏။ ဆေးစစ်ခြင်း အောင်မြင်ပြီး ကျန်ရှိသူ စုစုပေါင်း အယောက် (၃၀၀) နီးပါးမျှသာ ပထမနှစ် သင်တန်းသားများအဖြစ် ဆက်လက် တည်ရှိခဲ့သည်။

ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
ဆက်လက်ဖတ်ရှုရန် အပိုင်း...... (၁). (၂). (၃).(၄)...

PDF ဖိုင်ဖြင့်ဖတ်လိုပါကဤနေရာတွင်ဒေါင်းလုပ် လုပ်ယူပါ

0 ထင်မြင်ချက်: