Wednesday, January 30, 2008

၈၈ မျိုး ဆက်ကျောင်းသား ခေါင်းဆောင်များကို ပုံနှိပ်ဥပဒေဖြင့်တရားစွဲခြင်း

အင်းစိန်ထောင်၌ ဖမ်းဆီးခံထားရသည့် ၈၈ မျိုး ဆက်ကျောင်းသား ခေါင်းဆောင်များကို
နအဖ စစ်အစိုးရက တရားမ၀င် ပုံနှိပ်ဖြန့်ဝေမှုဖြင့် တရားစွဲဆိုထားကြောင်း ယမန်နေ့က
ထောင်ဝင်စာ သွားတွေ့သည့် မိသားစုဝင်တဦးက ပြောသည်။

၈၈ မျိုး ဆက်ကျောင်းသား ခေါင်းဆောင်များ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို၏ ဇနီး မ၀ါဝါ၀င်းက “သူတို့ကို တရားဆွဲတာက
ပုဒ်မ ၁၇/၂၀ တဲ့။ ထောင်ထဲမှာပဲ ရီမန်လာယူတယ်တဲ့။ တရားမ၀င် ပုံနှိပ်ထုတ်ဝေမှု လို့ပြောတယ်။
တရားရုံးဘယ်နေ့ ထုတ်မှာလဲတော့မပြောဘူး။ အမှုအတွက် ရှေ့နေငှားဖို့တို့ဘာတို့ကို ကိုပြုံးချိုက
ဘာမှမပြောသေးတဲ့အတွက် ကျမတို့က ဘာမှ မလုပ်ရသေးဘူးပေါ့နော်။ အထဲရဲ့အနေ အထားက
ခက်တယ်လေ။ လုပ်ခွင့်ရရင်တော့ လုပ်ရမှာပေါ့ ကိုပြုံးချိုအပေါ်မှာ မူတည်ပြီး အပြင်က ကျမက
လုပ်ခွင့်ရှိရမှာ ပေါ့နော်။ အများနဲ့ လုပ်ထားတာဆိုတော့ အများ သဘောတူညီချက်နဲ့ ဆက်လုပ်ရမှာပေါ့” ဟု ပြောသည်။

ကိုပြုံးချို အပါအ၀င် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ၊ ကိုအံ့ဖွယ်ကျော် စသည့် ကျောင်းသားခေါင်းဆောင် (၁၆) ဦးတို့ကို ၁၇/၂၀ ပုဒ်မဖြင့် တရားစွဲထားခြင်းဖြစ်ပြီး ကျောင်းသား ခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေ ဆိုးဆိုးရွားရွားမရှိကြောင်း မ၀ါဝါ၀င်းက ပြောသည်။

ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၁၇/၂၀ သည် မှတ်ပုံမတင်ဘဲ ပုံနှိပ် ထုတ်ဝေသူများကို ချမှတ်သည့် ပြစ်ဒဏ်ဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် (၁) နှစ်မှ (၇) နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ်(၃)ထောင်မှ (၃) သောင်းထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟို တရားရုံးရှေ့နေ ဦးသိန်းညွန့်က ပြောသည်။

“သူ့ဥပဒေက ဥပဒေပေါ့ဗျာ။ ကျနော်တချက်ပြောချင်တာက လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၉) နဲ့ အခု ၈၈ ကျောင်းသား ခေါင်းဆောင်တွေအပေါ်မှာ အရေးယူထားတဲ့အချက်က နှိုင်းယှဉ်ဖို့ လိုအပ်တယ်။ သူတို့ရဲ့ဆောင်ရွက်ချက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းအပုဒ် (၁၉) ဘောင်အတွင်းမှာ ရောက်တယ်ဆိုရင် အခုလိုသူတို့ကို ပြည်တွင်းဥပဒေအရ၊ ပုံနှိပ်ဥပဒေအရ အရေးယူတယ်ဆိုတာ ဥပဒေကြောင်းအရ သင့်မြတ်ခြင်းရှိ၊ မရှိ ဒါက မေးခွန်းထုတ် စရာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၉) ၌ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်၊ လွတ်လပ်
စွာဖွင့်ဟ ဖော်ပြနိုင်ခွင့် လူတိုင်း၌ရှိကြောင်း၊ ထိုအခွင့်အရေးနှင့် ပတ်သက်၍ နိုင်ငံနယ်နိမိတ်ကို ထောက်ထားစရာ မလိုဘဲ လွတ်လပ်စွာ ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်ရှိသည်
ဟု ကုလသမဂ္ဂက ပြဋ္ဌာန်းထားပြီး မြန်မာနိုင်ငံ အပါအ၀င် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လိုက်
နာပါမည်ဟု လက်မှတ်ရေးထိုးထားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို လောင်စာဆီဈေးနှုန်း လျော့ချပေးရေး ဆန္ဒပြမှု နှင့်စပ်လျဉ်း၍ ယမန်နှစ် သြဂုတ်လကတည်းက တရား မစွဲဆိုဘဲ ဖမ်းဆီးထားခဲ့ပြီး ယခုအချိန်မှ ပုံနှိပ်ဥပဒေဖြင့် တရားစွဲခြင်းဖြစ်သည်။

၂၀၀၅ ခုက ဦးခွန်ထွန်းဦး အပါအ၀င် ရှမ်းခေါင်းဆောင်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ရာတွင်လည်း ပုံနှိပ်ဥပဒေသည် တခုအပါအ၀င်ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် မရှေးမနှောင်း ဖမ်းဆီးခံခဲ့ရသည့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူ ကိုထင်ကျော်ကိုမူ စစ်အစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ယခင်လက တရားစွဲဆိုခဲ့သည်။

Read More...

Tuesday, January 29, 2008

ယနေ့ စစ်တပ်… ဘာတွေ ဖြစ်နေသလဲ (၅)

ထိုသို့ မထောက်မညှာ၊ ခိုင်းသည့်အတိုင်း တသွေမတိမ်းလိုက် မလုပ်မချင်း၊ အပြစ်ပေး ကျွမ်းထိုးခိုင်းလိုက်၊ ပြန်ထ သတိဆွဲ မတ်တပ်ရပ် ခိုင်းလိုက်၊ နည်းနည်းလှုပ်မိ လိုက်သည်နှင့် ချက်ချင်း ဆိုသလို၊ လက်သီးဖြင့် ထိုးခံရခြင်း၊ လက်ဖနှောင့်ဖြင့် ဆောင့်တွန်း ရိုက်နှက်ခြင်း၊ နောက်မှ နားရင်းအုပ် ရိုက်နှက်ခြင်းကိုခံရခြင်း၊ ဒိုက်ထိုးခိုင်းရင် ထိုး ထိုသို့မဟုတ်ပါက ဖားခုန်, ခုန်ခြင်းဟူသည့် ဖားတကောင်နှယ် ဦးခေါင်းပေါ် လက်နှစ်ဘက်တင် ဆောင့်ကြောင့်ထိုင်ခြင်း ရှေ့သို့ တခါခုန်လိုက်၊ နောက်ရောက်အောင် တခါပြန်ခုန်လိုက်ဖြင့် ဒူးခေါင်းရိုးများအတွင်း မီးဝင်ရှို့နေသလို ပူလောင်ဆူပွက် နာကျင်မှုဝေဒနာကို ခံစားလာရသည်အထိ ဖားခုန်ခြင်းကို အဆက်မပြတ် ခုန်နေရပေမည်။

ထိုအချိန် ကျန်သောသူများမှာ ဂျွမ်းထိုးသူက ထိုး၊ လေထီးခုန် ဟု ခေါ်သော ဆောင့်ကြောင့်ထိုင်လျှင် အနေအထားမှ အထက်သို့ မြောက်တက်သွားအောင် ခုန်ခုန်နေရသည့် အပြစ်ပေးနည်းကို ကြောက်ရွံ့စွာ လုပ်နေရသူကလုပ်၊ ပုံစံမျိုးစုံ အနေအထား မျိုးစုံဖြင့် ထိုနေ့ တနေ့လုံးသည် အလွန်ရှုပ်ထွေးသော ခံစားချက်ကိုသာ တချိန်လုံး ခံစား နေကြရသည်၊ မိမိတို့ ဦးနှောက်တွေသည်ပင်လျှင် ထိုအချိန်က ရူးသွပ်မှု၊ အခြေအနေ ဟု ပြောနိုင်သော အဆင့်အတန်း တခုခုသို့ ရောက်နေကောင်း ရောက်နေပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ထိုနေ့ ရက်များအတွင်း ကျနော်တို့၏ ဦးနှောက်များသည် မိမိတို့ မိဘများနာမည် ကိုပင် မှတ်မိအောင် မနည်းစဉ်းစား တွေးခဲ့ကြရသည်ကို ကျနော်မှတ်မိနေသေး၏။

ဖားခုန်၊ ခုန်ခုန်ဆိုသောကြောင့် ခုန်ရသည် အလေ့အကျင့် လုံးဝမရှိသေးသော ဒူးခေါင်းတို့က စိတ်ထဲ ဘယ်လောက် ခုန်ခုန်၊ မခုန်နိုင်တော့သည်ကို တွေ့ရ၏။ အမိန့်တွေက တရစပ်၊ လူတွေကမလုပ်နိုင်တော့ပြီ။ နာကျင်မှု။ ပင်ပန်းမှုတို့က ခံနိုင်ရည်ရှိမှု၏ အဆုံး၊ အထွဋ် အထိပ်၏ အခြားတဖက်ကို ရောက်နေပြီထင်၏။ ထိုသို့ မခုန်နိုင် ခုန်နိုင်ဖြင့် ခုန်နေရင်း မည်သူမည်ဝါက တွန်းထိုး ကန်ကြောက်လိုက်မှန်း မသိနိုင်ဘဲ နောက်မှ ဆောင့်ကန်ခြင်း၊ တွန်းခြင်းကိုလည်း ကြောက်ရွံ့စွာ ခံစားရသေး၏။ ထိုမျှဖြင့် မကျေနပ်သေး၊ ထိုထက် ပိုမိုပြင်း ထန်ပင်ပန်းသော မီးရထားစီးခြင်းဟု ခေါ်သည့် ဖားခုန်ခုန်ခြင်းကိုလည်း မတတ်နိုင်တော့ သည့်ကြားမှ လုပ်ခိုင်းသေးသည်။ ထိုမီးရထား စီးခြင်းဆိုသည်မှ ထိုလျှက် အနေအထားဖြင့် ဆောင့်ကြောင့်ထိုင်လျှက်အနေအထားအတိုင်း၊ ရှေ့နောက် တယောက်၏ခါးကို တယောက်က ဖက်ကိုင် တွယ်ဆက်ကာ၊ အတွဲအတန်း လုံးဝမပျက် မပြုတ်စေရဘဲ၊ အိပ်ဆောင်၏ ဧရိယာ အကျယ်ကုန်သည်အထိ၊ ခေါက်တုန့်ခေါက်ပြန် လူးလားခေါက်တုန့် သူတို့ မကျေနပ်မချင်း ဖားခုန် ခုန်ကာ မောင်းနှင်အခုန်ခိုင်းစေခြင်းကို ပင်ပန်းကြီးစွာ လိုက်ပါ လုပ်ဆောင်ရ၏။

ပြောပြလျှင်လည်း ကျနော်က ဟာသလုပ်သည်ဟုဆိုမည်ထင်ကြမည်။ ထိုသို့ ပင်ပန်းမှု အဟုန်ကြီးစွာ ကြောက်ရွံ့ထိတ်လန့်မှု အနှိုင်းအဆမဲ့စွာ၊ ချွေးတပြိုက်ပြိုက်ကျလျှက် ရှိစဉ်ပင် ခုန်ဟု အော်သံကြားလျှင် ခုန်၊ တခါ ခုန်ဟု အမိန့်ပေးသံကြားလျှင် ထပ်ခုန်၊ အကြိမ်ကြိမ် ခုန်နေရင်း ပါးစပ်မှလည်း (ဘော်ဘူး… ဘော်)ဟု မီးရထားစက်ခေါင်း ဥသြသံလို အော်ရ သေး၏။ ပျော်ရွှင်စွာဖြင့် အော်ဟစ်ကြခြင်းတော့ လုံးဝ မဟုတ်ပါချေ။ ပင်ပန်းဆင်းရဲ ကြီးစွာ လုပ်ဆောင် နေရရင်းမှ နောက်တတ်၊ ပြောင်တတ်သူ စီနီယာတစ်ဦး၏ အမိန့်အရ အော်ရခြင်းဖြစ်၏။

ကြမ်းမပြင် ကွန်ကရစ်၊ သံမံတလင်း တလျောက်လုံးတွင်လည်း ကျနော်တို့ထံမှ ကျဆင်းထားသော ချွေးရည်တို့ဖြင့် ကြမ်းတိုက်ရေဆေးထားပြီးစ ကြမ်းပြင်လို ရွှဲရွှဲစို ပြောင်လက်နေ၏။ ထိုချွေးကွက်ကိုပင် နင်းမိ၍ ဖားခုန်ခုန်ရင်း ချော်လဲကြရသေး၏။ မည်မျှ ဖိစီးနှိပ်စက်တတ်သည့် စစ်တပ်၏ အစဉ်အလာပါနည်း။ အစကတည်းက ယဉ်သကို… ဆိုသလို ကျနော်တို့ကဲ့သို့ စစ်ခေါင်းဆောင် လုပ်ရမည့် စစ်ဗိုလ်အလောင်းလျှာတို့ကို ဤသို့သော မနှစ်မြို့ဖွယ် ကောင်းလှသည့် နှိပ်စက်အပြစ်ပေးမှု နည်းမှ စတင်ကာ လေ့ကျင့်ပေးခြင်း ကိုခံရ၏။

အပြစ်ပေးခိုင်းစေ၍ ကျိုးကျိုးနွံနွံ ရိုရိုသေသေ လိုက်ပါ မလုပ်ဆောင်သူတို့ကို သီးသန့် ရှေ့သို့ ထုတ်၍ အခြားသူ များထက်ပြင်းထန်သည့် အပြစ်ပေးမှုများလုပ်ဆောင်စေကာ ပိုမိုပင်ပန်း နွမ်းနယ်စေ၏။ ပိုမိုကြောက်လန့် စိုးထိတ်စေ၏။ ထိုသို့အများနှင့်မတူ အထူးသီးသန့် အပြစ်ပေးခြိမ်းခြောက်၊ ကြောက်လန့်စေအောင် အလုပ်ခံ။ အပြစ်ပေးခံ ရသည့်အထဲတွင် ကျနော်အမြဲလိုလိုပါ၏။ မည်သူမည်ဝါမှန်းပင် ခွဲခြားမသိနိုင်အောင် ရှုပ်ထွေးဗြောင်းဆန် နေသော ဤအချိန် ခဏလေးအတွင်း အသံတချို့ကို ကျနော် ကြားဖြစ်အောင်ကြား လိုက်သေး၏။ ဘာတဲ့ ဇော်ဝင်းရှိန် သီချင်းကို ဆိုချင်တဲ့ First Year က ရှိသေးတယ်။ ဒီမောင်… ဒီမောင် (စစ်တက္ကသိုလ်တွင် ပထမနှစ် ဗိုလ်လောင်းများအား First Year ဟုခေါ်၍ လူပုဂ္ဂိုလ် နာမ်စားများအား ဒီကောင် ဟိုကောင် စသော ကြမ်းတမ်းသည်ဟု ယူဆရသည့် အသုံးအနှုန်းတို့ မသုံးနှုန်းကြပါ။ ဒီမောင်ဟုသာ ရည်ညွန်းခေါ်ဆိုကြသည့် ဗန်းစကား ဖြစ်၏။ စကားချပ်…) ထိုစီနီယာ၏ လက်ညိုးကား ဘယ်သူ့ဆီ ဦးတည်ညွန်ပြနေမည် ဆိုသည်ကိုတော့ မပြောလိုပြီ။ ထိုနှစ်ရက်ခန့်သော ဦးနှောက်ဆေးကြောမှု ၀ရုန်းသုန်းကား မောင်းနှင် လေ့ကျင့် ခံရခြင်းသင်ခန်းစာတွင် ကျနော်အတော်ပင် အီစိမ့်အောင် ခံလိုက်ရ၏။ အကြောင်းအရင်းကို တော့ ရိပ်မိသိရှိပြီး ဖြစ်လောက်ပေမည်။

ဟော.. ၀င်လာပြန်ပြီ… နောက်တစ်အုပ် ရောက်လာတဲ့ အသစ်စီနီယာတိုင်းတွင် ငယ်သားများကို ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်စေနိုင်သည့် နည်းနိသျှ အသစ် အသစ်တို့ တမျိုးနှင့် တမျိုးမရိုးအောင် ပါလာကြသည်။

တယောက်နှင့်တယောက် ဂျူနီယာ ဗိုလ်လောင်း ကျနော်တို့ အပေါ်ကို ဖိစီးနှိပ်စက် ပုံခြင်း မတူကြပေ။ ဒီအုပ်စုက သတိဆွဲ ငြိမ်သက်စွာနေခိုင်းပြီး စောင့်ကြည့်ကာ လှုပ်သူကို အပြစ်ပေးနှိပ်စက်တာမျိုး မဟုတ်တော့… သူတို့က သင်္ကာမကင်း ခံရသောလူတန်းထဲ စူးစိုက် လိုက်ကြည့်ကာ ပြစ်မှုကျူးလွန်ထားသော တရားခံကို ရွေးနေသူတို့နှင့် ကျနော်တို့ ရှေ့က ခေါက်တုန့် ခေါက်ပြန် လျှောက်ပြီး သိမ်းငှက်မျက်လုံးတို့၏ စူးရှမှုမျိုးဖြင့် တန်းစီထားသော လူတန်းထဲသို့ အလစ်မပေး၊ အငိုက်ဖမ်းလိုက်ကြည့်၏။

သူတို့စိတ်ဖြင့် ကြည့်၍မရဟုထင်သော First Year ရှေ့တွင် ရပ်၍ မျက်နှာကို စေ့စေ့ ကြည့်ကာ ငါ့နာမည် သိလား…ဟုမေးတော့၏။ ထိုအခါ အမေးခံရသူ First Year က မသိသောကြောင့် ကျနော် မသိပါဘူးခင်ဗျ…ဟု ဖြေလိုက်သည်နှင့် ၀ိုင်းဝန်းစောင့်ကြပ်နေသော ကျန်သည့် စီနီယာတို့က လွန်စွာ အံ့သြကြသည့် ဟန်ပန်ဖြင့် …ဟာ ဟ First Year က မသိဘူးတဲ့ကွ… ထွက်ခဲ့စမ်း အဲဒီမသိပါဘူးဆိုတဲ့ မောင်… ဟုဆိုကာ အိပ်ဆောင်ကြမ်းပြင် တလျှောက် ကျွမ်းထိုးခိုင်းတော့၏။ တရစပ် မနားရအောင် ထိုသူအား အခြားတဦးမှ အပြစ် ပေးနေချိန်ဝယ်၊ နောက်ထပ် ပထမနှစ် တဦးကို ထိုကဲ့သို့ပင် မေးပြန်ပါသည်။ သူ့နာမည်ကို အလိုလို သိရအောင်၊ ကျနော်တို့က တန်ခိုးရှင်တွေမဟုတ်…. ထိုသို့ လေး၊ ငါးဦးခန့် ဘုမသိ ဘမသိဖြင့် အတွယ်ခံရပြီးနောက်မှ ကျနော်တို့ ထိုသို့ ကြောင်တောင် တောင်ဖြင့် အပြစ်ပေး ခံရခြင်း၏ အရင်းအမြစ်မှာ ထိုစီနီယာ၏ နာမည်ကို မသိ၍မဟုတ်၊ မသိ၍ မသိကြောင်းကို အရပ်သားစကားဖြစ်သော မသိပါဘူးခင်ဗျ.. ဟု ပြန်ဖြေသောကြောင့် အပြစ်ပေးခံရခြင်းဟု ပြော၏။

ပထမနှစ် ဗိုလ်လောင်းသင်တန်းသား ဘ၀တွင် အရပ်ဘက်သုံး စကားလုံး တစ်လုံးမျှ ပြောဆို သုံးနှုန်းခွင့်မရှိဟု အမိန့်ထုတ်၏။ ပထမနှစ် တနှစ်ပတ်လုံး ကျနော်တို့ ပြောဆိုသုံးနှုန်း ခွင့်ရသည့် စကားလုံးကြီးများမှာ .. (ဟုတ်) ဟူသော ဟုတ်မှန်၊ လက်ခံ၊ သဘောတူကြောင်း၊ ဖြေကြားသည့် မဟာဝေါဟာရ စကားလုံးကြီး တလုံးနှင့် (မဟုတ်) ဟု ဆိုသော ငြင်းဆိုခြင်း၊ မဟုတ်မှန်ကြောင်း ပြောဆိုလိုခြင်းတို့တွင် အသုံးပြုခွင့်ရရှိသည့် မဟာ့မဟာ စကားလုံးကြီး တလုံး၊ စုစုပေါင်း ကျနော်တို့ ပြောဆိုခွင့် ရရှိသည့် စကားလုံးများက ထို ဟုတ်.. မဟုတ် နှစ်လုံးသာလျှင် ဖြစ်ပြီး သီခြားအမိန့်တစုံတရာ မရရှိဘဲ၊ အခြားသော စကားလုံးတို့ကို ပြောဆိုမိလျှင် အမျိုးအမည် တပ် မထားသော ပြစ်ဒဏ်တို့ ရရှိခံစားရမည်ဖြစ်ကြောင်းဖြင့် ကျနော် ဗိုလ်လောင်း၊ စစ်ဗိုလ်လောင်း၏ စစ်တက္ကသိုလ် ပထမနှစ် သင်တန်းသား ဘ၀သည် ကန့်သတ်ချုပ်ချယ်ခြင်းဖြင့် အစပျိုးကာ၊ စစ်သားဟူသော မြန်မာစစ်တပ်မှ စစ်သား တစ်ဦး၏ လက်တွေ့ နယ်ပယ်တွင်း စတင်ခြေချခဲ့ပါ၏။

First Year တွေ… ပြာတာကြားလား .. (ဟုတ်) .. တစ်ယောက်ယောက်က အပြစ် ကျူးလွန်ရင်လည်း အားလုံးမှာ အပြစ်ရှိတယ်… ကြားလား…..(ဟုတ်)။ တယောက် မကောင်းလည်း အများမှာ အပြစ်ရှိတယ်.. ကြားလား .. (ဟုတ်) … သံပြိုင် ဖြေဆိုသံများဖြင့် ခန်းမကျယ်အတွင်း လိုဏ်ထပ်ဟိန်းနေ၏။

ထိုသို့သော ဦးနှောက်ဆေးသည်ဟု ခေါ်သည့် စိတ်ဂယောက်ခြောက်ခြား၊ သွေးပျက် ကြောက်လန့်ဖွယ် မြင်ကွင်းများ၊ ခိုင်းစေအမိန့်ပေး အော်ဟစ်သံများ စသော လိုလား နှစ်ခြိုက်ဖွယ် အနည်းငယ်မျှ မရှိသည့် အချိန်များကို စိတ်ပင်ပန်းခြင်း ကြီးမားစွာ ကြုံတွေ့ခဲ့ရ၏။ အမျိုးအမည် ဖေါ်ပြနိုင်ဖွယ်မရှိသော ခံစားမှုများဖြင့် နှစ်ရက်တာမျှသော အချိန်များကို နေ့ရော၊ ညပါ သွေးပျက်ထိတ်လန့် ရင်ခုန်ခြင်းများဖြင့် ဖြတ်ကျော်ခဲ့ကြရ၏။


ဤတစ်ပတ် ဤမျှဖြင့်နားခွင့်ပြုပါ။ ရှေ့တစ်ပတ်တွင် ဆက်လက်ဖေါ်ပြပါမည်။
ကျေးဇူးတင်ရှိစွာဖြင့်
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest

အပိုင်း(၅) အား PDF ဖိုင်ဖြင့်ဖတ်လိုပါက ဒေါင်းလုပ် လုပ်ယူပါ။

Read More...

Friday, January 25, 2008

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၄)

ထိုအချိန်တွင် စီနီယာ ဗိုလ်လောင်းများမှာ ခွင့်ပြန်ရာမှ တဖွဲဖွဲပြန်လည် ရောက်ရှိလာကြ၏။ ကျနော်တို့ လူသစ် များကို ယာယီနေခိုင်းထားသော အဆောင်ပုလေးများမှာ စီနီယာ ဗိုလ်လောင်းများနေကြသည့် အိပ်ဆောင်များနှင့် မလှမ်းမကမ်းတွင်ဖြစ်ရာ သူတို့တတွေ ပြန်လာကြပုံ၊ ပျော်ရွှင်မြူးတူးနေကြပုံတို့ကို ကြည့်၍ အားကျမိကြ၏။

သူတို့တတွေ ၀တ်ဆင်လာသော ခွင့်ပြန်ဝတ်စုံ (ရွှေကြယ်သီးတပ်၊ ပခုံး ဒေါက်ဖြူဖြူ၊ ကြေးခါးပတ် ခေါင်းကြီးမှ တံဆိပ်ကြီးကလည်း ပြောင်လက်လက်၊ ရှုးဖိနပ် လက်လက်၊ ပြောင်ပြောင်ဝင်းဝင်းနှင့် ဘယ်ရီကက်ဦးထုပ် အနီ ရောင် ဆင်တူဝတ်စုံ)ကို ကြည့်၍ အထင်ကြီးလေးစား၊ အားကျစိတ်တို့ တဖွားဖွား ပေါ်ပေါက်ကာ ယခုချက်ချင်း ပင် သူတို့လို ဖြစ်လိုစိတ်ပေါ်လာမိခဲ့ကြ၏။ ထိုအချိန်မှစ၍ မြန်မာစစ်တပ်၏ တောက်ပြောင်ခန့်ငြားစွာ ဆင်ယင်မှု၊ ရာထူးအလိုက် ၀တ်ဆင်ရသော၊ အဆင်တန်ဆာအပေါ် တပ်မက်စေခြင်း၊ မက်မောအားကျ တုပလိုစိတ် ဖြစ်ပေါ် စေခြင်း ဟူသော ဖြားယောင်းသွေးဆောင်မြူဆွယ်ခံရမှု နောက်သို့ ကျနော်တို့ စတင်လိုက်ပါမိခဲ့ကြ၏။

စီနီယာဗိုလ်လောင်းများ
ထိုအချိန်အထိ စစ်တက္ကသိုလ်၏ အစဉ်အလာဖြစ်သည့် စီနီယာမှ ဂျူနီယာ ဗိုလ်လောင်းတို့အား ကွပ်ကဲအုပ်ချုပ် ခြင်းကို ကျနော်တို့လူသစ်များ မခံကြရသေးပါ။ ပေါ့ပါးး၊ လွတ်လပ်စွာပင် မိမိတို့ အိပ်ဆောင်ဝန်းကျင် တခွင် ပျော်ရွှင်စွာ နေခဲ့ကြသည်။ စစ်တပ် အသိုင်းအ၀ိုင်းမှ မွေးဖွားကြီးပြင်းလာသူ အချို့၏ ပြောပြမှုကြောင့် စီနီယာတွေ ကို ကြိုတင်ကြောက်လန့်နေသူ လူငယ်အချို့ကတော့ မျက်စိသူငယ်၊ နားသူငယ်ဖြင့် အားငယ်သည့်ဟန်ပန်တို့ ပေါ်ပေါက်ကာ စိုးရိမ်ထိတ်လန့် နေကြ၏။ ဘာမှမသိ၊ ဘာမှ မလေ့လာခဲ့သော ကျနော်ကဲ့သို့ ခပ်ဝေေ၀ လူငယ် တချို့သာလျှင် ပျော်ပျော်ပါးပါး လူ့မင်းသား အုပ်စုဖွဲ့ကာ ဟေးလားဝါးလား နေနိုင်ကြသည်။ အဘယ်ကြောင့် ဆိုသော် စီနီယာ ဗိုလ်လောင်းများသည် သူတို့အိပ်ဆောင်တွင်သာ သူတို့နေကြပြီး ကျနော်တို့ ရှိရာသို့ တခါတ လေမှသာ တယောက်တလေ ရောက်ရှိလာတတ်သာကြောင့် သူတို့နှင့်ပတ်သက်၍ အမှုမဲ့အမှတ်မဲ့သာ ကျနော် တို့ အများစုက နေနေမိကြ၏။ လောလောဆယ် ကျနော်တို့ကို အုပ်ချုပ် စောင့်ကြည့်နေကြသူများမှာ စစ်တက္ကသိုလ်မှ နည်းပြအရာရှိ အချို့နှင့် နည်းပြ အရာခံ၊ အကြပ်ကြီး အချို့သာလျှင်ဖြစ်ရာ မည်သူ့၊ မည်သူကိုမှ ကြောက်ရွံ့စိုးထိတ်ဖို့ မလိုသလို ခံစားပျော်ရွှင်နေကြ၏။

ထိုကာလ ရက်အနည်းငယ်အတွင်း စီနီယာ ဗိုလ်လောင်းအချို့ ရောက်ရှိလာကာ ကျနော်တို့အား နွေးထွေး ရင်းနှီး ပျူငှာသည့် မျက်နှာပေးများဖြင့် လာရောက် စကားပြောဆို နှုတ်ဆက်၏။ ကျနော်တို့ အများစုကလည်း သဘော ရိုးဖြင့် အရပ်သားပုံစံ အတိုင်းပြန်လည် နောက်ပြောင်နှုတ်ဆက်ကြ၏။ စိတ်တွင်းမှလည်း စစ်တက္ကသိုလ် စီနီယာ ဆိုတာ သူလိုကိုယ်လိုတွေလိုပါပဲ၊ ဘယ်သူတွေက ဘာတွေ လျှောက်ပြီး ကြောက်လန့်အောင် ခြောက်နေ ကြပါ လိမ့်ဟု အပြစ်ပင်မြင်လိုက်သေး၏။

အချို့စီနီယာ ဗိုလ်လောင်း အချို့က ကျနော်တို့ လူသစ်များအစား ရင်းနှီးနွေးထွေးသော လေသံများဖြင့် မေးမြန်း ၏။ ကိုယ့်ညီတို့ထဲမှာ သီချင်းအဆို၊ အတီး ၀ါသနာပါတဲ့ ဗိုလ်လောင်းတွေ ရှိသလား… ညီတို့ ဗိုလ်လောင်း အိပ် ဆောင်ကြီးတွေအပေါ် ပြောင်းတဲ့နေ့ကျရင် မောင်သစ်လွင် ကြိုဆိုပွဲ (Fresher Welcome) ရှိတယ်လေ။ စပါယ် ရှယ် တီးဝိုင်းကြီးနဲ့ ဧည့်ခံမှာဆိုတော့ ကိုယ့်ညီတို့ထဲက အဆိုကျော်တွေ၊ ဂီတသမားတွေ ပါရင် ပိုပြီး စည်ကားမှာ ပေါ့။ …. ကဲ- ပြော ဘယ်သူတွေ သီချင်းဆိုမလဲ။

ဟား..ဟေ့ အစ်ကို… ဒီဘက်လှည့်စမ်းပါအုံးဗျ… ကျနော် သီချင်းဆိုမယ်.. ဟိုသီချင်းဗျ.. ဇော်ဝင်းရှိန်ဆိုထားတဲ့ .. ရိုစီတာမှ မနှင်းဆီသို့ ဆိုတဲ့ သီချင်းလေ.. အဟဲ ..အဲဒါ ကျနော်ဆိုရင် ရမလားအစ်ကို… ထိုစီနီယာက ကျနော့် မျက်နှာကို သေချာ စူးစူးစမ်းစမ်း စိုက်ကြည့်၏။ မျက်နှာကို သေချာမှတ်မိအောင် မှတ်သားနေဟန် ရှိ၏။ ကျနော်ကတော့ သီချင်းဆိုကာနီး ကျနော့်ကို ခေါ်ထုတ်နိုင်ဖို့ ကျနော့်ကို မှတ်မိအောင် ကြည့်ရှုသည်ဟုသာ ထင် မိ၏။ ထိုအခါ ကျနော့်ကို အခြားသော ပထမနှစ် ဗိုလ်လောင်းများက ထူးဆန်းအံ့သြသည့် အကြည့်တချို့ဖြင့် ကြည့်၏။ ဒါလည်း ကျနော် သတိမမူမိသေး၊ ဆက်ကွန့်၏။ ဟေ့ကောင်တွေ ဂီတာတီးဖို့ မင်းစာရင်း ပေးမယ်ဆို။ ပေးလိုက်လေ၊ အစ်ကို သူက ဂီတာကျွမ်းတယ်။ သူ့ကို ဂီတာတီးခိုင်းနော်။ ကိုယ်တယောက်တည်း လူတွင်ကျယ် လုပ်ရတာ အားမရ၍ သူများကိုပင် ဆွဲထည့်လိုက်သေး၏။ ကျနော်ကဲ့သို့ မအူမလည် သူငယ်ချင်း အချို့ကလည်း ကျနော်၏ တက်ကြွဖြတ်လတ်နေသော ဟန်ပန်ကို ကြည့်၍ သူတို့လည်း စာရင်းပေးကြသည်။ ထိုအချိန်ထိ ကျနော်တို့တတွေမှာ အခြေအနေမှန်ကို မရိပ်မိသေးပေ။

ဆေးအောင်ပြီးသော ပထမနှစ် ဗိုလ်လောင်းများ ဗိုလ်လောင်းကုန်း(ခေါ်) အနီရောင် လေးထပ်ဆောင်၊ သုံးထပ် ဆောင် အမြင့်ကြီးများဆီသို့ ပြောင်းရွှေ့ရပါတော့မည်။ အချို့ကြိုတင် သိရှိ ရိပ်မိထားသူတွေကတော့ အလွန် တရာ ညိုးငယ်လှသော မျက်နှာပေး လေးများဖြင့် မပြောင်းချင် ပြောင်းချင် ဗိုလ်လောင်းကုန်းပေါ်သို့ ပြောင်းရွှေ့ လာရပုံဖြင့် စိုးတထိတ်ထိတ် ပုံစံတို့ရှိ၏။

အဖြူရောင် စွပ်ကျယ်၊ ဘောင်းဘီတို၊ ကင်းဘတ် ဖိနပ် ၀တ်စုံတူများဖြင့် ကိုယ်စီပါလာသော အထုပ်အပိုး၊ သေတ္တာတွေနေရာချပြီး အတော်ကြာသော ကာလအခါဝယ် ကျနော်တို့ ပထမနှစ် ဗိုလ်လောင်း အားလုံးသည် အရှင်လတ်လတ်ဖြင့် လူ့လောက၏ ငရဲခန်းများရှိရာသို့ ချက်ချင်းဆိုသလို ရောက်သွားကြ၏။ သို့မဟုတ် ရုပ်ရှင် တွေထဲ ကြည့်ဖူးသော နာဇီဖက်ဆစ်ခေတ်က အိုက်ခမန်း၏ ငရဲခန်းများဆီသို့ အလည်တခေါက် ရောက်သွား သလို ခံစားရမိပါတော့သည်။ သို့မဟုတ် စာအုပ်တွေထဲ ဖတ်ခဲ့ဖူးသော ဖက်ဆစ်ဂျပန်ခေတ်က ကင်ပေတိုင် စစ် ပုလိပ်တို့၏ ချွေးတပ် စခန်းသို့၊ ညှဉ်းပမ်းနှိပ်စက်ရာ အခန်းများဆီသို့ အလိုလို ရောက်သွားသလို ခံစားရတော့၏။

ကျနော်တို့ကို စီနီယာ အချို့လာပြောထားသည့် မောင်သစ်လွင်ကြိုဆိုပွဲကြီးမှာ ကျနော်တို့ ထင်သလို လုံးဝ မဟုတ်ပါ။ ဘယ်လိုမှ မျှော်လင့်တွက်ဆ မထားသော ကြောက်ရွံ့ ထိတ်လန့်ဖွယ် အခြေအနေဆိုး ကြီးတစ်ခုက ကြိုလင့်၏။ စီနီယာ ဗိုလ်လောင်း အရေအတွက်ပင် ခန့်မှန်း၍ မရလောက်အောင် များပြားလှသော လူတို့က စစ် ယူနီဖောင်း အပြည့်အစုံဖြင့် အိပ်ခန်းဆောင် ခန်းမကျယ်ကြီးအတွင်းမှ စောင့်နေကြပြီး၊ ထိုအခန်း ကျယ်ကြီး အတွင်းသို့ ကျနော်တို့ လူသစ် (ထိုအချိန်ထိ ကျနော်တို့ လူသစ်များမှာ စစ်ယူနီဖောင်း မ၀တ်ရသေး၊ ဗိုလ်ရွေးဖြေ ဆိုစဉ်က ၀တ်စုံဖြစ်သည့် စွပ်ကျယ်အဖြူနှင့် ဘောင်းဘီတိုအဖြူ၊ ကင်းဘတ်ဖိနပ် အဖြူတို့ကို ၀တ်ဆင်ထားကြ၏။ ထိုဝတ်စုံအဖြူတို့သည်လည်း ထိုတရက်အတွင်းတွင် နီစွန်းပေတူးသော အရောင်များ အဖြစ် ပြောင်းလဲသွား၏) များကို နွားအုပ်ကြီး မောင်းထည့်သကဲ့သို့ အတင်းတွန်းထိုး ၀င်ရောက်စေ၏။ ကျနော်တို့လည်း ဘုမသိ ဘမသိဖြင့် ကြောင်တောင်တောင်ဖြစ်ကာ ကြောက်လန့် နေကြစဉ်၊ ဗိုလ်လောင်း တာဝန်ကျ လက်ဝက် ၀တ်ထားသူ တစ်ဦးက ဦးဆောင်၍ ကျနော်တို့ လူသစ်ဗိုလ်လောင်းများကို စစ်သားစိတ် သွင်းသည်ဟု ဆိုသော (Brain Wash) လုပ်ခြင်း၊ အရပ်သား စိတ်ဖျောက်ပျက်အောင်၊ ဦးနှောက်ကို ဆေးကြောခြင်းဟု ဆိုသော၊ လုံးဝကြိုတင် မမျှော်လင့်နိုင်ခဲ့သည့် ကြောက်လန့်တုန်လှုပ်ဖွယ် ဆက်ဆံခြင်း ခံရသည့် အခြေအနေဆိုး တရပ်ကို မမျှော်လင့်စွာ ကြုံတွေ့ကြရ၏။

ဝရုန်းသုန်းကား၊ ခြောက်လှန့်အနိုင်ကျင့်၊ ဖိစီးလွှမ်းမိုး၊ ဗိုလ်ကျ၊ အုပ်စီးမှု အပြစ်ပေးမှု နှိပ်စက်မှု၊ ခြိမ်းခြောက်နည်း အမျိုးမျိုးဖြင့်၊ စိတ်ဓါတ်ခံယူချက် အတွင်းမနောကို၊ အတင်းကာရော ပုံသွင်းပြောင်းလဲ ခံစားစေခြင်းကို အံ့အားပင် သင့်ချိန်မရ၊ ဦးနှောက်ဆဲလ်များ ထူပူနေအောင် ခံစားရ၏။

ဘယ်သူ ဘယ်ဝါ ဘာတွေ မှန်းမသိ၊ ဘာမှ တွေးတောမှတ်သားချိန်မရဘဲ၊ ပြင်းထန်စွာ စိုးထိတ်ဖွယ်ကောင်းလှ သည့်၊ အမိန့်ပေးခိုင်းစေမှုများ၊ အတင်းကာရော၊ တွန်းထိုး အပြစ်ပေးမှုများ၊ ကိုယ်ကာယပိုင်းဆိုင်ရာ အနိုင်ကျင့် နာကျင်စေမှုများဖြင့်၊ ထိတ်လန့်တုန်လှုပ်ဖွယ် အခြေအနေဆိုးများကို အချိန်အပိုင်းလိုက်။ အပိုင်းလိုက် အစီအစဉ် တကျ၊ အကွက်ချ မောင်းနှင် နှိပ်စက် လေ့ကျင့်ပေးခြင်းကို မနှစ်မြို့စွာ ခံကြရသည်။

စီနီယာ ဗိုလ်လောင်းများက အုပ်စုလိုက်ဖြင့် ကျနော်တို့ လူသစ်များကို နည်းမျိုးစုံ၊ အမိန့်မျိုးစုံ သုံးကာ အမိန့်ပေး စေခိုင်းခြင်း၊ အမိန့်နာခံမှု အားနည်းသော ပထမနှစ် ဗိုလ်လောင်းအား နည်းလမ်းအမျိုးမျိုးဖြင့် အပြစ်ပေးခြင်း၊ တွန်းထိုး ခြောက်လှန့်ခြင်း၊ ၀ရုန်းသုန်းကား ဖရိုဖရဲ ကမ္ဘာပျက် နေမတတ်အထိ လူတဦးတည်းအား လူအုပ်စု အများဖြင့် ၀ိုင်းဝန်း ခြောက်လှန့်ကာ စိုးထိတ်ကြောက်လန့်စေ၏။ ကျနော်တို့ ကြုံခဲ့ရသော ထိုအချိန်၊ ထိုနေ့မှ ဖြစ်စဉ်များကို စာစီကုံး ရေး၍ပင် ထင်ရှားပေါ်လွင် မြင်ယောင်နိုင်မည် မထင်ပေ။

တယောက်အိပ် သံခုတင်များကို ဖယ်ရှားထားပြီး၊ ခန်းဝင်းကျယ်ကြီး အတွင်းဝယ် လူသစ် ဗိုလ်လောင်းများဖြစ် သော ကျနော်တို့ (၂၅) ယောက်ခန့်မှာ ကိုယ့်ကိုယ်ကို ဘာတွေဖြစ်နေလို့၊ ဘာတွေ လိုက်လုပ်နေကြရမှန်း မသိ နိုင်အောင်ပင် စိတ်အာရုံတွေက စိုးထိတ်ကြောက်လန့် အားငယ် ထူပူနေကြရလေ၏။ ဟော… လာပြန်ပြီ စီနီယာ နောက်တအုပ်စု၊ ပထမအုပ်စုက ဂူးဂဲ၊ ဗျူးဗြဲဖြင့် ကျနော်တို့ကို ဆောက်တည်၊ ရပ်တည်ရာ မရအောင် နည်း မျိုးစုံဖြင့် နှိပ်စက်သွားပြီး ပြန်ထွက်သွားပြီး၊ ယခု နောက်တစ်အုပ်စုက ထပ်ရောက်လာပြန်၏။ ကိုယ့်ကိုယ်ကို ဘာ တွေဖြစ်လို့ ဘာတွေခံစားနေကြရမှန်း တွေးတောချိန် မရလောက်အောင် ကြောက်လန့် ကျန်ခဲ့သော ကျနော်တို့ လူသစ်အုပ်စု အယောက်အစိတ်ခန့်မှာ ကြောင်တက်တက်၊ သွေးတလန့်လန့်ဖြင့် စိုးထိတ်စွာ ကြောက်သေးများ ပင် ထွက်ကျမတတ် ကြောက်လန့်မှုတွေဖြင့် ကျန်ခဲ့၏။ သူတို့တန်းစီးခိုင်းထားသည့် ပုံစံအတိုင်း ထိတ်လန့် ကြောက်ရွံ့စွာ ချွေးအရွှဲရွှဲ၊ မျက်နှာ တငယ်ငယ်၊ ဘာတွေဆက်ဖြစ်လာမည်မှန်း မသိနိုင်အောင် တွေးတော ကြောက်လန့်ရင်း ကျန်ရစ်၏။ ခြေစုံရပ်၊ လက်သီး နှစ်ဘက် ကျစ်ကျစ်ပါအောင်ဆုပ်၊ ဦးခေါင်းကိုမော့၊ မေး ကြောကိုလည်မျိုနှင့် ထိလုမတတ်၊ လည်ပင်းကြွက်သားတွေကို တင်း၍ ဦးခေါင်းကို မလှုပ်မရှက် လုံးဝ ငြိမ်သက် စွာဖြင့်……

……. မျက်နှာမူရာ ရှေ့တည့်တည့်ကိုသာ ကြောင်တောင်ကန်း မျက်ဝန်းများဖြင့် ကြည့်၍၊ မလှုပ်ရဲဘဲ ကျောက်ရုပ် ကြီးတွေလို နေနေကြရ၏။
အဘယ်ကြောင့်ဆိုသော် စောစောက စီနီယာများသည် မိမိတို့ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားသည့်တိုင် အပြင်အထိ ထွက်သွားခြင်း မဟုတ်ဘဲ၊ အပြင်ကော်ရစ်တာ ပြုတင်းမှ စောင်းငဲ့ ချောင်းမြောင်းနေတာ မတ်တပ်ရပ် သတိဆွဲခိုင်းထားခြင်း အနေအထားမှ မိမိတို့ မည်သူမည်ဝါ လှုပ်ရှားသည်။ ဘယ်သူက မလှုပ်ရဆိုသော အမိန့်ကို မနာခံသေးဘဲ ဟိုကြည့် သည်ကြည့် လုပ်သေးသည်စသော အပြစ်များကို စောင့်ကြည့်နေသေးသောကြောင့် ဖြစ် သည်။
ကျနော်တို့ အားလုံး၏ ကိုယ်ခန္ဓာအနှံ့ ချွေးစေးများ ပြန်လျှက်၊ နှဖူးဦးရေပြားမှသည် တကိုယ်လုံးမှ ကျနေသော ချွေးတို့သည်၊ မိမိတို့ ရင်ဘတ်၊ ကျောပြင်တို့မှ တဆင့် ပေါင်တွင်းကြောအတိုင်းစီးဆင်းကာ ခြေဖ၀ါးသို့တိုင် ကျ နေ၏။ သံမံတလင်း ကြမ်းပြင်ပေါ်တွင်လည်း ချွေးကွက်ကြီးတွေက နေရာအနှံ့၊ ပူပင်သောက စိုးထိတ်မှု၊ ကြောက် လန့် အားငယ်မှုတွေကလည်း တိုးသထက်သာ တိုးလာနေ၏၊ အဘယ်ကြောင့်ဆိုသော် ၎င်းစီနီယာ တို့ပေးသော အတိအကျ အမိန့်ပေးမှုတွင် မိမိတို့ လူသစ်များ၏ နာခံမှု အခြေအနေသည် အားလုံးပေါ်တွင် လွှမ်းမိုး ခိုင်မြဲမှု မရှိမချင်း ထပ်ကာ တလဲလဲ စောင့်ကြည့် နှိပ်ကွပ်နေပေသေးသောကြောင့် ဖြစ်သည်။ မူးမေ့လဲကျသူတွေက လည်း တဗုန်းဗုန်း၊ ဒါလည်းမရ၊ အတင်းပြန်ထ မတ်တပ်ပြန်ရပ် ခိုင်းပြီး သတိဆွဲခြင်းဆိုသော မလှုပ်မယှက် နေရခြင်းကို ပြန်လုပ်ခိုင်း၏။ ပြန်လဲကျသူတွေက နောက်ပြန်တွေရော၊ ရှေ့ပြန်တွေပါ တ၀ုန်းဝုန်း… နောက်ဆုံး လုံးဝ ဆွဲထူ၍ မထနိုင်တော့သော သူတွေကို အခန်းပြင်သို့ ခွေးသေတကောင်လို တရွတ်တိုက် ဆွဲထုတ်သွား၏။ ထိုအချိန်ထိ ကျနော် သတိမလစ်သေး၊ ဦးနှောက်တွေကတော့ ဗြောင်းဆန်နေပြီး မြင်မြင် သမျှသည် ဇဝေဇ၀ါဖြင့် ဘာတွေက ဘယ်လိုဖြစ်နေသည်ကို လိုက်လံ တွေးတောရန် အလျင်မမှီတော့သလို ဖြစ်လာသည်။ ဟော.. လာပြန်ပြီ ၀င်လာပြန်ပြီ စီနီယာ ဆိုသည့် နောက်တအုပ်စု ကျနော့် စိတ်ထဲတော့ အမေရေ သားမှားပြီဗျဟုသာ အော်ချင်မိတော့၏။ မကြာပါ ကျနော်လည်း သတိလစ်သွားသလား၊ ဘယ်အရပ်၊ ဘယ်ကမ္ဘာကို အလည်အပတ် ရောက်သွားသည် မသိ၊ အားလုံးသည် အလွန်ရှုပ်ထွေးသော အာရုံတွေသာ ဆင့်ကဲ ဆင့်ကဲဖြစ်နေတော့၏။

ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိတဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
ဆက်လက်ဖတ်ရှုရန် အပိုင်း(၅)

PDF ဖိုင်ဖြင့်ဖတ်လိုပါကဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၃)

လူငယ်များ မိမိတို့ လက်ရှိ ဘ၀ကို အမှန်ကို အမှန်တိုင်း၊ အရှိကို အရှိတိုင်း၊ သုံးသပ်နိုင်စွမ်း ကင်းမဲ့အောင် ဖန်တီးထားသည့် စစ်အာဏာရှင် စနစ်အောက် ကျနော်တို့လို လူငယ်များ ကြုံရာ၊ မြင်ရာ၊ ထိတွေ့ကူးစက်ရာတို့မှ အဘယ်ကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွင်း ၀င်ရောက်ရန် စိတ်ကူးတွေ ဖြစ်ပေါ်ခဲ့ကြပါသနည်း။ ဗိုလ်လောင်း ပထမနှစ် သင်တန်းသား ဘ၀မှ ပြင်ပ အရပ်သားတို့ မသိနိုင်သော လေ့ကျင့်သင်ကြားမှု ဘယ်လိုရှိခဲ့ပါသနည်း ဆိုသည်ကို ယခု တပတ်တွင် တင်ပြသွားပါမည်။

တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပင်ပေးကာ၊ ကာကွယ် စောင့်ရှောက်နေသည်ဆိုသော တပ်မတော် အစိုးရ လက်ထက်၊ အရာရာသည် အသိပိတ်။ အမြင်ပိတ်ဖြစ်၍ ဘ၀ အတွေ့အကြုံ နုနယ်သေးသူ လူငယ်တို့ မြင်မြင်ရာ အားကျ မက်မောလာသည်မှာ မဆန်း။ ကျနော်တို့ မြန်မာနိုင်ငံကြီး ပြိုကွဲပျက်စီးမည့် ဘေးအန္တရာယ် ချောက် ကမ္ဘားကြီးထဲ ကျလုတဲတဲ အခြေအနေဆိုးကြီးအတွင်းမှ လက်မတင်လေး လွတ်မြောက်အောင် စွန့်စား ကယ်တင် စောင့်ရှောက်ကာ၊ ယနေ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေခဲ့ ရသည်ဆိုသော တပ်မတော် အစိုးရ (ခေါ်) နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်၌ တိုင်းပြည်ကြီး ယခင်ကနှင့် မတူ ထူးခြားစွာ ဖွံ့ဖြိုး တိုးတက် နေပြီ အစရှိသည့် ကြေငြာချက်များကို ယုံစားမိ၍၊ တိုင်းပြည်နှင့် လူမျိုးတို့ကို ကာကွယ်စောင့်ရှောက်အံ့ ဟု ကြွေး ကြော်ပြီး မြန်မာ့မျိုးချစ် တပ်မတော်ကြီးအတွင်း စစ်မှုတာဝန်ထမ်းဆောင်ရန် ၀င်ရောက်ကြသည့် လူငယ်များထဲ တွင် ကျနော်လည်း တဦးအပါအ၀င် ဖြစ်ပါသည်။

ပြင်ပတွင် အတန်းပညာ ဆက်လက်သင်ကြားရေး အခြေအနေမှာ တတ်မြောက်ချောမွှေ့ခြင်း မရှိနိုင်သည်က တကြောင်း၊ အားမာန်နုပျို တက်ကြွ ဖြတ်လတ်သည့် အရွယ်မို့ အရာရာကို လက်တွေ့ ရှုခြင်း၊ စမ်းသပ်တွေ့ကြုံ လိုသည်ကလည်း တကြောင်း၊ တိုင်းပြည်အတွက် စစ်သူရဲကောင်း ဆန်ဆန် ဖြစ်လိုစိတ်ကို အခြေခံ သင်ကြား ပေးလိုက်သော မြန်မာ့သမိုင်းနှင့် အလွတ်ကျက်ဖြေ အတွေးအခေါ်မဲ့ ပညာရေးစနစ်၏ လှုံ့ဆော် တိုက်တွန်း မြူ ဆွယ်ချက်များကြောင့်လည်းကောင်း၊ မိမိလိုလားသော အတန်းပညာကိုလည်း တည်ငြိမ်အေးချမ်းစွာ ဆက်လက် သင်ယူနိုင်မည်ဟု ယူဆကာ (အရှေ့တောင် အာရှနိုင်ငံများတွင် တစ်ခုတည်းသော ကမ္ဘာ့အဆင့်မှီ စစ်တက္ကသိုလ် ကြီး ဟူသော ၀ါဒဖြန့်ချက်ကို ယုံမှတ်၍) စစ်တက္ကသိုလ်သို့ တက်ရောက် သင်ကြား ခွင့်ရရေးကို စတင်စိတ်ဝင်စား လာခဲ့၏။

ပြည်တွင်းထုတ် မြန်မာသတင်းစာများမှ စာမျက်နှာပြည့် ကြေငြာထားသော ဗိုလ်လောင်း ရွေးချယ်ခေါ်ယူမည့် အကြောင်း အထင်ကြီးလေးစားဖွယ် စာလုံးမည်းကြီးများကိုဖတ်၍ မိမိ၏ မိဘများက သဘောမတူ၊ ကန့်ကွက်နေ သည့်ကြားမှ ငယ်သူငယ်ချင်းတဦး၏တိုက်တွန်းအားပေးမှုဖြင့် စတင်ကြိုးပမ်းခဲ့ပါ၏။ ထိုအချိန်ခါက စစ်တက္ကသိုလ် ဟူသည် လက်တွေ့ရင်ဆိုင်ဖြေဆိုရန် အလွန်ခက်ခဲသော အရည်အချင်းစစ် စာမေးပွဲများ၊ ကိုယ်တွေ့ စစ်ဆေးမေး မြန်းမှုများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါမှ တက်ရောက်ခွင့်ရနိုင်သော၊ တော်တန်ယုံ သာမန်အရည်အချင်း၊ စိတ်ခံယူချက်၊ ကျန်းမာရေး၊ ကိုယ်ကာယ သာမန် သန်စွမ်းမှုမျှဖြင့် ဗိုလ်ရွေး (ခေါ်) စစ်တက္ကသိုလ် ဗိုလ်လောင်း၊ ရွေးချယ်ခြင်း စားမေးပွဲကို လုံးဝ မအောင်မြင်နိုင်ဟု (ကျောင်းသား လူငယ်များအကြား ၀ါဒဖြန့်ထား၍) တိတ်တခိုး နာမည်ကြီး နေသော ပညာသင်ကြားရေး မဟာကျောင်းတော်ကြီး တစ်ခုဖြစ် နေပေသည်။

စစ်တက္ကသိုလ်၏ နာမည်ကပင် Defence Services Academy (ခေါ်) စစ်အတတ်ပညာသင် အကယ်ဒမီ မဟာ ကျောင်းတော်ကြီး ဟု လေးစားအားကျဖွယ် မှည့်ခေါ်ထားဝေရာ ကျနော်တို့လို ဘာမှ မသိသည့် လူငယ်ထု အားကျ မက်မောမည်ဆိုလည်း မက်မောလောက်ပါပေသည်။ မြန်မာပြည်တွင်း စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေးစနစ် ကလည်း အတော်ဝင် အရှိန်အဟုန် ကောင်းကောင်း၊ တွင်တွင်ကြီး ကြေငြာ အားကောင်း သည်ဖြစ်ရာ ဘာမှမသိ နားမလည်၊ အသိမကြွယ်သေးသော ကျနော်တို့ အရွယ်မျိုးချစ်စိတ် အရင်းခံရှိသော လူငယ်အတော် များများမှာ ခေတ်စနစ်နှင့် အနာဂတ်ရေး ဘာမှကြိုတင်မတွက်အချက်၊ မသုံးသပ်ဘဲ၊ စစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး များ၏ စစ်တပ်အင်အား ကြီးထွားရေး တစ်ခုတည်းအတွက် ချမှတ် ကျင့်သုံး နေသော၊ စစ် မဟာဗျူဟာ၊ အောင်မြင်ရန် ၀ါဒဖြန့် ကျုံးသွင်းဖြူဆွယ်ရာ နောက်သို့ မြန်မာတိုင်းရင်းသား လူငယ် တချို့ ကောက်ကောက်ပါအောင် လိုက်ခဲ့ မိကြသည်မှာ အမှားဟု မဆိုနိုင်ပေ။

ထို ခေတ်ရေစီးကြောင်းအတိုင်းပင် စစ်တက္ကသိုလ် ဗိုလ်လောင်း ရွေးချယ်ရေး စာမေးပွဲတွင်လည်း ဤစနစ်မျိုး၊ ဖြတ်လမ်းနည်းဖြင့် အရည်အချင်းစစ် စာမေးပွဲကို ဖြတ်ကျော်နိုင်သည့် လမ်းကြောင်းများ တည်ရှိနေသည်ကို လည်း အံ့သြစွာ တွေ့ရှိရ၏။ ဗိုလ်လောင်း ရွေးချယ်ရေး စာမေးပွဲ မဆိုထားနှင့် စစ်တပ်အကြောင်း ဘာဆိုဘာမှ ရေရာစွာ မသိခဲ့ဖူးသည် ကျနော်တို့ ကိုယ်တိုင်ပင်လျှင် မိတ်ဆွေ တစ်ဦး၏ စီစဉ်ပေးချက်ဖြင့် ဗိုလ်ရွေးစာမေးပွဲ အတွက် အနီးကပ် ကျူရှင်တက်ခဲ့ရသေး၏။ အဆိုပါ ကျူရှင် ဆရာ၏ ကြိုတင်စီစဉ် ချိတ်ဆက်မှုဖြင့် ဗိုလ်လောင်း ရွေးချယ်ရေး တာဝန်ကျသော ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူ တစ်ဦး၏ နေအိမ်သို့ (ညအမှောင်ထုကို အကာ အကွယ်ယူ၍) ၎င်းနှင့်အတူ သွားရောက်ပြီး ထိုအရာရှိကြီးကို တန်စိုးလက်ဆောင်နှင့်၊ ငွေကြေးများ (ဂါရ၀ပြု ကန် တော့သည် ဟုဆိုကာ) လာဘ်ထိုးခဲ့ရသေး၏။ ထိုအချိန်အထိ ထိုခေတ် ထိုစနစ်၏ ဆိုးဝါး ရင်လေးဖွယ် ကောင်း လှသော နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ပတ်သက်၍ ဘာဆိုဘာမှ ရေရေရာရာ ကျနော်မသိ၊ သိအောင်လည်း အားမထုတ်ခဲ့၊ ထိုအချိန်က ကျနော့် ဦးနှောက်ထဲသိသည်မှာ ကျနော်သည် တနေ့သော အခါတွင် မိမိဖြစ်လိုသော နိုင်ငံ့သားကောင်း ရတနာ တဦးဖြစ်လာလိမ့်မည်ဟုသာ မျှော်လင့် ယုံကြည်လျှက် ရရာ၊ ကြုံရာ နည်းလမ်းများဖြင့် မိမိရည်မှန်းချက် အောင်မြင်ရေးကိုသာ အပတ်တကုတ် ကြိုးစားခဲ့၏။ နိုင်ငံ့သားကောင်းရတနာ ဟူသည် ကိုယ်ကျင့်စာရိတ္တ အရာတွင် မတရားမှု၊ ကင်းရှင်းသူ၊ ရိုးသား ဖြောင့်မတ်သူ ဖြစ်ရမည်ဆိုသည်ကို သိတော့၏။ ထိုသို့ ငွေကြေးဖြင့် လာဘ်ထိုး၍ အခွင့်အရေး တခုကို တောင်းဆိုခြင်းသည် အကျင့်စာရိတ္တကို ပျက်ဆီးစေတတ် ကြောင်း ထိုအချိန်က ကျနော် နားမလည်ပေ။

ကျူရှင် ကြိုတက်ထားသောကြောင့်လား၊ ငွေကြေးကန်တော့ထား၍ လားတော့ မသိပါ။ ဗိုလ်လောင်း ရွေးချယ် ရေး စာမွေးပွဲကို ချောမောစွာ ဖြေဆိုနိုင်ခဲ့ပြီး၊ စစ်တက္ကသိုလ် တက်ရောက်ရန် ခေါ်ယူသည့် အကြောင်းကြားစာ နေအိမ်သို့ ရောက်လာပါသည်။ မိဘများကတော့ ၀မ်းမသာပါ။ တားမြစ်၍ မရမည့်အတူ ကျနော့်ကို ဖြစ်လိုရာ ဖြစ်စေဟု လွှတ်ပေးလိုက်၏။ သို့သော်လည်း လိုအပ်မည့် ငွေကြေးစရိတ်ကိုတော့ လုံလောက်အောင် ထောက်ပံ့ နေမည့် အကြောင်းနှင့် ကျနော့်အား တိုင်းပြည်မှ အမှန်တကယ် အားထား ယုံကြည်ရမည့် သားကောင်း စစ်သည် တစ်ဦးအဖြစ် ရောက်အောင်သာ ကြိုးစားပါဟု ဖခင်မှ မှာကြားလိုက်၏။ ထိုအချိန်မှစ၍ အသက် ၁၉ နှစ် အရွယ် ကျနော်သည် တခါမှ မခွဲဘူးသော မိဘနှစ်ပါးနှင့် ညီအကိုသားချင်းများအား ခွဲခွာကာ၊ နောင်တခေတ်၏ အောင် စစ်သည်၊ သားကောင်း ရတနာ တဦးအဖြစ် မိမိဘ၀ကို မြှင့်တင် တည်ဆောက်ရန် လက်တွေ့ဘ၀ ခရီးကို စတင် ခဲ့ပါ၏။

စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းသို့ တက်ရောက် ပညာသင်ကြားရန်အတွက်၊ မဏာမ ရွေးချယ်ထားခြင်း ခံရသော လူငယ် ၃၀၀ နီး ပါးခန့်သည် ရန်ကုန်ဘူတာကြီးမှ တဆင့် မန္တလေးမြို့သို့ ထွက်ခွာလာခဲ့ပြီး၊ မန္တလေး မြို့မှ တဆင့် မေမြို့၊ ပန်းမြို့တော်၊ နှင်းမြို့တော်၊ တောင်လှေခါးမြို့တော် (ခေါ်) ငါးမည်ရမြို့ဖြစ်မည့် ပြင်ဦးလွင် မြို့တော်ကြီးသို့ တရုတ်ပြည်လုပ် စစ်ကားများဖြင့် စီးနင်းရောက်ရှိခဲ့ကြလေပြီ။

စစ်သက္ကသိုလ်သို့အ၀င်
ရောက်ရောက်ချင်း ခမ်းနားကြီးကျယ်လှသော စစ်တက္ကသိုလ် ကျောင်းဝင်းကြီးကို ကြည့်၍ ကျနော်တို့ လူငယ် လူသစ်များမှ အတော်ကျေနပ်ဂုဏ်ယူ မိကြပေသည်။ စီနီယာ ဗိုလ်လောင်းများမှာ ခွင့်ပြန်နေဆဲ ကာလဖြစ်၍ စစ်တက္ကသိုလ် ကျောင်းဝင်းကြီး တခုလုံးတွင် မိမိတို့ ပထမနှစ် ဗိုလ်လောင်းလျာ လူသစ်တွေချည်းသာ ဖြစ်ရာ၊ လွတ်လပ်စွာပင်၊ ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့်၊ ဘယ်နေရာ ကြည့်ကြည့် လှပစွာ ဖန်တီးထားသော ရှုခင်း များကြောင့် အတော်ပင် ပျော်ရွှင်နေကြ၏။ မည်သို့ပင် လှပသော အလွမ်းဓါတ်ကတော့ မပျောက်သေးပေ။ ရောက်ရှိပြီး ရက်ပိုင်းအတွင်းတွင်ပင် ဗိုလ်လောင်း အားလုံးအား မေမြို့ စစ်ဆေးရုံကြီးသို့ ဆေးစစ်ရန် ခေါ်ဆောင် သွားပါသည်။ ထိုအချိန်ကျမှ မေမြို့၏ မြို့လယ်ရှုခင်း ပသာဒ ကို စတင်တွေ့မြင်ရခြင်းဖြစ်၏။
ပြင်ဦးလွင်၏ မြို့တွင်းတနေရာ
စစ်ဆေးရုံတွင် ဆေး စစ်ခြင်း ခံယူကြရရာ၌ လူပျို၊ လူလွှတ်များ ဖြစ်သူ ကျနော်တို့ အားလုံးအတွက် အရှက်တရား အကုန်ကြုံခဲ့ကြရသည်။ ဖင်ကုန်း၊ ချောင်းဆိုး၊ လေးဘက်ထောက် အီးပေါက်ဟု၊ အရပ်သားဘ၀က လှောင်ပြောင် သရော်ခဲ့ကြသည့်အတိုင်း မိမွေးတိုင်း၊ ဖမွေးအတိုင်း ဆရာဝန်နှင့် နာ့(စ်)မ များရှေ့တွင် ချွတ်ပြရကာ တကိုယ်လုံး ဆေးစစ် ခြင်းကို ခံရ၏။ လူပျို နုနုထွတ်ထွတ် ကျနော်တို့မှာ နာ့(စ်)မ လေးများ ဘေးတွင်ထား၍၊ မျက်နှာပြင်များ ရဲထွက် အောင် (အနည်းငယ်တော့ ပိုရေးထားပါသည်။ တချို့ကတော့ ကိုယ်တိုင်ပစ္စည်း လက်ရာမွန်တခုကို ယခုမှ ပေါ်ပေါ်ထင်ထင် ထုတ်ကြွားခွင့်ရမည့် ပုံစံဖြင့် စပ်ဖြီးဖြီးပါ) ရှက်စိတ်ဖြစ်သည်အထိ ဆေးစစ်ခြင်းကို ခံရပါသည်။ တကိုယ်လုံး ချွတ်ပြရပြီး တဖန်လေးဘက်ကုန်းဆို၍ ဘုမသိဘမသိ လေးဘက်ထောက် ပြရပြန်ပါသည်။ ဆရာဝန်နှင့် မှတ်တမ်းတင်သူ နာ့(စ်)မတို့က တင်ပါးနောက်မှ ကြည့်ပြီး ချောင်းဆိုး၊ ချောင်းဆိုးဟု ပြောပြန်၏။ ချောင်းဆိုးခြင်းဆိုသည်မှာ လည်ချောင်းယားမှ၊ ရောဂါရှိမှ သရုပ်မှန် ချောင်းကို ဆိုးနိုင်မည် ဖြစ်ရာ၊ ယခု ကဲ့သို့ ရှက်စိတ်ကြောင့်၊ မွန်ထူနေရသည့်အထဲ၊ လေးဘက်ကလည်း ထောက်ထားရသေးသည် (ခွေးလေး တကောင်ပမာ လုံးတီးပါ) ဒီကြားထဲ ဒီဆရာဝန်က ချောင်းဆိုးခိုင်းသေးသည်။ နာ့(စ်)မလေးတွေက ကျနော်တို့ကို ကြည့်နေသည်ဟု (ကျနော့်အထင်) ကျနော်တွေးမိလေ။ ရှက်လေ။ ….. ဖြစ်ချင်အုံးဟဲ့ စစ်သားဟုသာ စိတ်ထဲက တွေးနေမိပါ၏။

ဟူး….. သက်ပြင်း မောတော့ ချမိသည် ထင်ပါသည်။ မြန်မြန်ပြီး ပြီးရော၊ ဘောင်းဘီ ပြန်ဝတ်ချင်လှပါပြီ။

ကိုယ်ကာယပိုင်း ဆေးစစ်ပြီးသော်လည်း၊ ဆိုက်ဂိုဟု ခေါ်သော စိတ်ပညာ ကဏ္ဍမှ စိတ်ခံယူချက် စိတ်ဓါတ်နှင့် စိတ်အခြေအနေကို စစ်မေးသည်။ စိတ်ပညာ ပါရဂူ ဟု ဆိုသော အူကြောင်ကြောင် စစ်ဗိုလ်ဆရာဝန်၏ ကြောင် တောင်တောင်၊ အမျိုးအမည်ခွဲခြား နားလည်ရန် ခက်ခဲသည့် မေးခွန်းများကိုလည်း အူတူတူဖြင့် ဖြေခဲ့ရသေး၏။ ဘာတွေ ဘယ်လို အသေးစိတ် စစ်မေးခံရ၍ ဘယ်လိုဖြေဆိုခဲ့သည်ကို ကောင်းစွာ မမှတ်မိတော့ပါ။ ဆေးစစ်ခြင်း တွင် အောင်မြင်သူများစရင်း ကြေငြာသောအခါ ကျနော့်နာမည်ပါလာ၏။ ဆေးစစ်ခြင်းတွင် ကျရှုံးသော လူငယ် တချို့ ၀မ်းနည်းစွာဖြင့် မိဘရပ်ထံ ပြန်ကြရ၏။ ဆေးစစ်ခြင်း အောင်မြင်ပြီး ကျန်ရှိသူ စုစုပေါင်း အယောက် (၃၀၀) နီးပါးမျှသာ ပထမနှစ် သင်တန်းသားများအဖြစ် ဆက်လက် တည်ရှိခဲ့သည်။

ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
ဆက်လက်ဖတ်ရှုရန် အပိုင်း...... (၁). (၂). (၃).(၄)...

PDF ဖိုင်ဖြင့်ဖတ်လိုပါကဤနေရာတွင်ဒေါင်းလုပ် လုပ်ယူပါ

Read More...

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၂)အပိုဒ်(က)

စစ်တက္ကသိုလ်သို့ မတက်ရောက်မှီ ပြင်ပအရပ်သားဘ၀မှ စတင်၍ ကျနော်တို့အရွယ် လူငယ်တွေဘယ်လို ခံစားတွေ့ကြုံမှုများဖြင့် မိမိတို့ ဘ၀ကို ရှင်သန်နိုင်အောင်၊ ရပ်တည်ခွင့်ရအောင် ကြုံရာ၊ ဆုံရာ ၊ နီးစပ်ရာတို့မှ တဆင့် ဖြစ်သလို ကြိုးပမ်းခဲ့ကြရသည်ကို အစပြု ဖေါ်ပြ ပါရစေ။......

(ဒဿမတန်း) ခေါ်(၁၀)တန်းအောင်မြင်ပြီးသူ အသက်(၁၉) ကျနော်သည် တက္ကသိုလ် ပညာရေးကို ဆက်လက် ဆည်းပူး လေ့လာ သင်ကြားနိုင်ရန်အတွက် ၊ မြန်မာ့ ပညာရေးစနစ်ကို လေ့လာသောအခါ ဖွင့်ချည်၊ ပိတ်ချည်ဖြင့် ကလေးဆော့ကစားသလို ပညာသင်ကြား နေရရှာ သော ကောလိပ်များ၊ တက္ကသိုလ်များ၏ မရေရာသော အခြေနေကိုကြည့်၍ စိတ်ပျက်မိ၏။ မြန်မာနိုင်ငံသား ဖြစ်ရသော ကိုယ့်ဘ၀ကို အားမရဖြစ်မိ၏။ ကျောင်းဖွင့်ချိန်တက်၊ ကျောင်းပိတ် လိုက်လျှင်နား၊ စာမေးပွဲမှာ မဖြေနိုင်လျှင် ခိုးချ၊ စာမေးပွဲ ကြီးကြပ်သူတို့ကလည်း မသိယောင် ဆောင်၊ စာသင်ချိန် စာမသင်ရရှာသော ကျောင်းသား၊ ယခုလို စာမေးပွဲမှာ စာခိုးမချရင် ဘယ် အောင်လိမ့်မလဲဟူသည့် တလွဲစေတနာလား၊ ရေရှည်အနာဂတ် ကြိုတင်မတွက်ချက်တတ်မှုများ လားတော့ မသိပါ။ အမှန်စင်စစ် အကြောင်းရင်းမှန် ဖြစ်သည့် မြန်မာ မျိုးဆက်သစ် လူငယ်ထု တစ်ရပ်လုံး၏ အနာဂတ် တိုင်းပြည်အတွက် အရေးအကြီးဆုံး ခွန်အားဖြစ်သော ကိုယ် ကျင့်စာရိတ္တနှင့် ဆင်ခြင်တုံတရား၊ မိမိကိုယ်ကို အားကိုး ယုံကြည်သည့် လူငယ့်အားမာန်တို့ကို ရိုက်ချိုးဖျက်ဆီိးရေး ပြုလုပ်ပြီး လူငယ်တွေ လူညွန့်တုံးအောင် စနစ်တကျ အကွက်ချ ဖျက်ဆီးရေး မဟာဗျူဟာအဖြစ် စစ်အာဏာရှင်တို့ စီမံခဲ့ကြသည်ကို မသိခဲ့ကြလေရော့သလား၊ အာဏာရှင် ဗိုလ်ချုပ်ကြီးများက ရေရှည်စီမံကိန်းများ ချမှတ်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက် ခဲ့သည်ကို ပညာတတ်သော ပညာရေးဋ္ဌာနမှ ဆရာ၊ ဆရာမကြီးများ မသိခဲ့လေရော့သလား။ သို့မဟုတ် သိလျှက်နှင့် အလိုတူ အလိုပါ ၀ိုင်းဝန်းကူညီ လုပ်ဆောင်ခဲ့ကြလေသလားမသိပါ။ အမှန်စင်စစ် ထိုအချိန်က ကျနော်လည်း ထိုသို့သော ပညာရေး စနစ်တကျ ဖျက်ဆီးခံနေရသည် ဆိုသည်ကို မသိ။ အလွယ်တကူအောင်မြင်နိုင်သော ပညာရေးစနစ်ကိုပင် လူငယ်များအတွက် သက်တောင့် သက်သာ ရှိလှပါပေ့ဟု အပေါစားအတွေးအခေါ်ဖြင့် ကျေနပ်နှစ်သက်ခဲ့ ဖူးပါသည်။ သို့ပါသော် လည်း ထိုအချိန် ထိုကာလအထိ ကျနော်တို့ကို စာသင်သောဆရာအများစုသည် စာမေးပွဲ၌ စာခိုး ချခြင်းကို ပြင်းထန်စွာ ရှုံ့ချကန့်ကွက် သူများဖြစ်ခဲ့သည်။ ဆရာတိုင်းက ဤအပေါစား ပညာရေး စနစ်ဆိုးကို အလွယ်တကူ လိုက်လျော အကောင်အထည် ဖေါ်ပေးခဲ့ကြသည် မဟုတ်ပေ။ နောင် တဖြည်းဖြည်း ပညာရေးဝန်ထမ်းများ စားဝတ်နေရေးကျပ်တည်းမှု မြင့်မားလာသည်မှ စကာ ထိုသို့ သော ပညာရေးဖြင့် ကိုယ်ကျိုးစီးပွားကို ဦးစားပေးသော ဆရာ မပီသသည့် ပညာရေး ၀န်ထမ်း များမှိုလို ပေါက်လာတော့ခြင်း ဖြစ်သည်။

ထိုပညာရေးစံလွဲမှု စနစ်ကစပြီး ပြောင်းလဲဖြစ်ပေါ်လာသော လူသားအရင်းအမြစ် ဆုံး ရှုံးနစ်နာရမှု တို့ကို အရှိအတိုင်း ရှုမြင်သုံးသပ်ပါမည်။ လွန်တာရှိလျှင် ခွင့်လွတ်နားလည်ပေးစေလို၏။
ယနေ့ မြန်မာပြည်၏ အချို့သော လူလတ်ပိုင်းအရွယ်အတော်များများတွင် မိမိကိုယ် မိမိ ယုံကြည် အားကိုးမှု စိတ်ဓါတ်၊ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ခြင်း၊ စာရိတ္တ အခြေခံစံနှုန်း အပေါ် တန်ဖိုးထား ဂုဏ်ယူသော စိတ်ဓါတ်လျော့ကျလာသည်ကို သိရှိမိလာ၏။ မိမိတိုင်းပြည် မိမိလူမျိုး၊ မိမိ ဘာသာနှင့် မိမိအနာဂတ် အရေး ကြိုတင်မျော်မြင် တွက်ဆသော အတွေးအခေါ်တို့ အတော်ပင် အားနည်းချို့ယွင်းလာနေသည်ကို ၀မ်းနည်းစဖွယ် တွေ့မြင်နေရ၏။ ထိုအကြောင်းရင်း၏ အဓိက လက်သည်တရားခံတို့မှာ ထိုလူငယ်တို့ ကျောင်းသားဘ၀၊ ပညာသင်ကြားစဉ် ငယ်ရွယ်နုနယ်စဉ် ကာလက ရင်ဆိုင်ဖြတ်သန်းခဲ့ရသော လူစွမ်းလူစမြင့်မားရေးထက် လူညွန့်တုံးစေသည့် အလွတ် ကျက်ဖြေ၊ စာမေးပွဲခန်းမှပြန်အထွက် ဦးနှောက်ထဲ ဘာမှမကျန်တော့သည့် ပညာရေး စနစ်နှင့် တုပနည်းယူနိုင်မှု နည်းပါးသော အကြောင်းအရာများသာ သင်ကြားတွေးခေါ် ခဲ့ကြရ၍ဖြစ်သည် ဆိုခြင်းအား မည်သူမျှ မငြင်းနိုင်ပေ။

လူငယ်ထု၏ အထွေထွေ စာရိတ္တ ညံ့ဖျင်းကျဆင်းရခြင်း၏ အဓိက အရင်းအမြစ်မှာ ကိုယ်စွမ်း ကိုယ်စရှိစရာမလို၊ ရေသာခို အချောင်လိုက်နိုင်သော စိတ်ဓါတ်များ မွေးမြူခွင့်ပေးခဲ့သော ကျောင်း ပညာသင်ကြားရေး (ကျောင်းအားလုံးတော့ မဟုတ်ပါ ) စနစ်မှ တာဝန်မဲ့ ပညာရေးဝန်ထမ်း အချို့၏ အမှားသရုပ်ပြ သင်ကြားပေးခဲ့သော လုပ်ရပ်များက အခြေခံဖြစ်ပြီး၊ မိဘဆွေမျိုး သားချင်း နှင့် အုပ်ထိန်းသူတို့၏ ကိုယ်တိုင်လည်း မိမိတို့ဘ၀ အနာဂတ်နှင့် နိုင်ငံ့အရေး ကြိုတင် မတွက်ဆ တတ်မှု၊ မသွန်သင်မှု၊ ကိုယ်တိုင်ကိုယ်ကျ မသိနားမလည်မှုများကြောင့် အရာရာကို လေ့လာ သင်ယူနေသူ လူငယ်တို့ ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများ မဖြစ်လာနိုင်ခဲ့ ခြင်းဖြစ် သည်။ မိဘအုပ်ထိန်းသူများက ထိုအခြေခံ အကြောင်းရင်း တို့ကို သိနားလည်ခဲ့ပါသော်လည်း စံနမူနာပြအဖြစ် အမှန်တရား ဘက်မှရဲရဲရင့်ရင့် ထောက်ခံသော အတွေးအခေါ်၊ လုပ်ရပ်များ လုပ်ဆောင် ပြသနိုင်ခြင်း ကင်းမဲ့အောင် စနစ်တကျဖန်တီးထားသော ကြောက်မက်ဖွယ် စစ်အုပ် ချုပ်ရေး စီမံချက်များကြောင့် ဆိုသောဆင်ခြေဖြင့် သတ္တိရှိရှိ မလုပ်ရဲ မတွေးရဲ၊ မြိုသိပ်ဆဲဆို နေနေခဲ့ကြသော လူလတ်ပိုင်း၊ လူကြီးပိုင်း အချို့၏ ရဲရင့်မှု အားနည်းခြင်း စံနမူနာတွေကလည်း ရေနစ်သူ ၀ါးကူထိုး သလို လူငယ်တွေ အတွေး အမြင်ပိတ်ဆို့စေခဲ့သည်။ ခံယူချက်များ လမ်းလွဲမှု အပေါ် ပံ့ပိုးအားပေး ကူညီခဲ့ကြသလို ဖြစ်စေခဲ့သူများဖြစ်သည်။ မျိုးရိုးနှင့်ချီ၍ ယခင်က မရှိခဲ့ဘူး သေးသည့် အရာရာကို ကြောက်တတ်သော၊ မြိုသိပ်ကြိတ်မှိတ် ခံစားတတ်သော စိတ်ကို ပံ့ပိုး မွေးမြူစေ ခဲ့သလိုဖြစ်ခဲ့ရ၏။
အလွယ်နည်းဖြင့် မိမိတို့ဘ၀ကို တန်ဖိုးမထားစွာ ရင်ဆိုင်ရန်၊ နားလည်မှု လွဲမှားစွာ ခံယူ ဆောက်တည် သွားနိုင်ဖို့ ကူညီပံ့ပိုး နည်းလမ်းပြသလို ဖြစ်နေသည့်နေ့စဉ်ဘ၀ အခြေအနေ များစွာတို့ကို ရင်ဆိုင် နေကြရခြင်းကလည်း လူငယ်ထု၏ စိတ်ဓါတ် ခံယူချက်တို့ နိမ့်ကျလျော့ပါး စေသည့် အခြေခံကျသော အကြောင်းရင်း တစ်ခုဖြစ်သည်။ မိမိတို့ဘ၀ အနာဂတ်ကို မိမိတို့ ဘာသာ အဆုံးအဖြတ်ပေး လမ်းထွင် ဖေါက်လုပ်နိုင်ရေး လမ်းကြောင်း ခွန်အားပြုမည့် ဘ၀ သင်ခန်းစာ သင်ကြားရေး အခြေအနေ များအပေါ် စနစ်တကျ၊ အကွက်ချ လုပ်ဆောင်ဖျက်ဆီး လမ်းလွဲခံရမှုများ၊ သင်ခန်းစာ စံနှုန်း အတုအယောင် များဖြင့် ဆွဲဆောင် သင်ကြား နည်းယူမှားကာ အမှားသရုပ်ပြ သင်ကြားခြင်းများစွာ နေ့စဉ် သင်မြင် နေခဲ့ကြရခြင်း တို့ကလည်း မိမိတို့၏ မြန်မာပြည်သား လူ့ဘ၀ ရသကို ထင်မြင်ပေါ်လွင်မှု၊ ခံစားအားတင်းမှု ဆုတ်ယုတ်စေခဲ့သည်။ သင်ကြား နည်းယူမှု၊ အမှန်တရားကို မမြင်သာ မမြင်ရဲအောင်၊ အမှန်အတိုင်း လုပ်ဆောင် ကြိုးပမ်း သူ နည်းပါးအောင် ဖန်တီးထားသော စစ်အာဏာပိုင် ထောက်လှမ်းရေး စက်ဝန်း ယန္တရား၏ ကိုယ့်လူမျိုး အချင်းချင်းပင် ပွင့်လင်းယုံကြည်ရန် ခက်ခဲအောင် ၀ါဒဖြန့် စောင့်ကြည့် ထောက်လှမ်း နေသည့် ဖက်ဆစ်ကင်ပေတိုင် စစ်ပုလိပ်ဆန်ဆန် ကြီးစိုးအုပ်ချုပ်ရေး စနစ်ဆိုးကလည်း လူငယ်တို့ အနာဂတ်ကို တတိတိ တိုက်စား ဖြိုဖျက်နေ၏။

ဒီကြားထဲ တရားမ၀င် ခိုးသွင်းလာသည်ဆိုသော လိင်ဆက်ဆံရေး၊ ညစ်ညမ်းမှု ဇာတ်လမ်း ရုပ်ရှင်များ နေရာတကာတွင် ဗြောင်ကျကျ ပြသ၍ လူတိုင်း အလွယ်တကူ ကြည့်ရှုနိုင်အောင် ဥပဒေမဲ့၊ ဖြစ်ချင်ရာဖြစ်၊ ပြချင်ရာပြပိုင်ခွင့် ပြုထားသည့် အခြေအနေကလည်း အရွယ်မရောက် သေးသူ လူငယ်တို့ကို လမ်းမှားသို့ စောစီးစွာ တွန်းပို့ပေးနေကြပြန်၏။ ထိုသို့သော လူငယ်ထု အကျင့်စာရိတ္တပျက်ပြား ချို့တဲ့ရေး အထောက်အကူပြုသည့်ယဉ်ကျေးမှု ထိုးဖေါက် ၀င်ရောက်လာ မှုများကိုမူ အာဏာပိုင်တို့က မသိကျိုးကျွန်ပြုနေကြသည်။ ဆင်းရဲချို့တဲ့နေ သည့်မိမိတို့ဘ၀ကို နားမလည်ဘဲ မျိုးဂုဏ် ရိုးဂုဏ်မထောက် မြန်မာ မိန်းမပျိုလေးမျာ ကိုယ်ခန္ဓာရောင်းစားပြီး ဖြတ်လမ်းမှ ငွေကြေးရှာလိုစိတ်ကို ဆွဲဆောင် တွန်းအားပေးမှု အခြေအနေ များစွာကို ဖန်တီးပေး ထားသည်။ မီဒီယာကြော်ငြာများမှ အားကျလုခမန်း မြင်တွေ့နေရသော ခေတ်မှီပစ္စည်း အသုံးဆောင်များကို မအပ်မစပ်ဖြစ်စွာ ရေလိုက်လွဲ မိန်းမောတပ်မက် အားကျမှုဖြင့် သုံးစွဲရယူ ပိုင်ဆိုင် လိုစိတ်ပြင်းပြ လာအောင် ဆွဲဆောင်သည့် ကြော်ငြာများပါ ဇိမ်ခံ၊ အလှကုန်များကို ဘ၀ စတေးပြီး ၀ယ်ယူသုံးစွဲလာကြသည်။

ထို ရင်နင့်ဖွယ် မြန်မာ မိန်းမပျိုများ ပျက်စီးခြင်းလမ်းမှား ရောက်အောင် ဆွဲဆောင် သိမ်းသွင်းနေ သည့် ဥပဒေမဲ့ တွေးဆမျော်မြင်ချက်မဲ့ လုပ်ရပ်များ၊ ဖြစ်စဉ်များကို တားဆီးကာကွယ်ရန် တာဝန် ရှိသူများ ဖြစ်သည့်အာဏာပိုင် စစ်ဗိုလ်ချုပ်ကြီးများ ကိုယ်တိုင်ကပင် အတွေးနုနု၊ အသွေးနုနု ဖွေးအုအရွယ် ၊ ကိုယ့်သမီးငယ်မျှကို သားသမီးချင်းမှ မစာနာ၊ တကိုယ်စာ ကာမရာဂ လွန်ကျူး ခံစားဖို့အတွက် မတန်တဆ ခိုးဝှက် ချမ်းသာထားသော ခိုးရာပါငွေများဖြင့် မြန်မာ့သားသမီးပျို များကို အခပေးဖျက်ဆီး ခြေတော်တင်ကြသေးသည်။ (ဤ အကြောင်းအရာများ၊ ဖြစ်ရပ်မှန်များ ကို လက်တွေ့ဘ၀နယ်ပယ် ခြေချမိသော ကာလ အတွေ့ အကြုံများ ကဏ္ဍတွင် ထပ်မံဖြည့်စွက် တင်ပြပါအုံးမည်) ဘယ်လောက် ရင်ထုမနာဖြစ်ဖွယ် ဇာတ်တူသားစားခံရသည့်စနစ်ဆိုးကြီး ပါပေ နည်း။ ဘယ်လောက် ရှက်ရွံ့ဖွယ်ကောင်းလှသည့် တတိုင်းတပြည်လုံး၏ ကံခေမှု တွေပါနည်း။

ထိုသို့ မြန်မာ့ သားပျို၊ သမီးပျိုတို့ ရေလိုက်လွဲ လမ်းမှားရောက်အောင် ကူညီပံ့ပိုးပေးနေသော ပြည်ပမှ စီးပွားရေး ထိုးဖေါက် ကျူးကျော်မှုများ၊ အရွယ်မရောက်သေးသူ လူငယ်တို့ ဘူးသီးနုနု အမွှေးသပ်သလို ဖြစ်စေမည့် ဆင်ဆာမဲ့ ညစ်ညမ်း ရုပ်ရှင်၊ ဇာတ်လမ်းများ စသည့်တိုင်းပြည်နှင့် လူမျိုး အကျိုးစီးပွား ယုတ်လျော့ ကျဆင်းနိုင်မည့် အကြောင်းအရာများ ကိုသာ လွတ်လွတ် လပ်လပ် ၀င်ရောက် နေရာယူခွင့် ပေးထားပြီး ကျန်သော ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်မှု ရလာဒ်များ ဖြစ်ထွန်းပေါ်ပေါက်နိုင်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ သဘောတရားရေး၊ ဒီမို ကရေစီ လူ့အခွင့်အရေး ပညာရပ်၊ အတွေးအခေါ်တို့ကိုမူ ပြည်သူ ပြည်သားတို့နှင့် မဆိုင်သော အနောက်နိုင်ငံသားတို့၏ ဆိုးသွမ်းယုတ်ညံ့သော ယဉ်ကျေးမှုအဖြစ် ထင်မြင်စေရန် ၀ါဒဖြန့်ထားပြီး မြန်မာပြည်တွင်း ပြည်သူ၊ ပြည်သားများကြား စီးမျော လေ့လာနိုင်စွမ်း မရှိစေရန် ပိတ်ဆို့ တားမြစ် ထား၏။

ပြည်တွင်း နွားခြေရာခွက် ရပ်ဝန်း ကျဉ်းကျဉ်းငယ်မှလွဲ၍ ပြင်ပနိုင်ငံတကာ၊ ကမ္ဘ္ဘာ့အခြေအနေ တို့ကို ကင်းကွာအောင်၊ ထိတွေ့ဆက်ဆံမှု နည်းပါးအောင် အာဏာပိုင်တို့က နည်းမျိုးစုံဖြင့် ပိတ်ဆို့ ထား၏။ ပြင်ပကမ္ဘာနှင့် မိမိတို့မြန်မာပြည် လုံးဝသက်ဆိုင်ခြင်းမရှိသလို ခံစားရအောင် နိုင်ငံတကာ နှင့် ထိတွေ့ဆက်ဆံနိုင်သည့် အခြေအနေအားလုံးကို သံကန့်လန့်ကာပမာ တင်းကျပ်ထားပြီး သတင်းနည်းပညာ ပိတ်ဆို့ခံထားရသော လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင်း မျက်စိပိတ်၊ နားပိတ်၊ အတွေးအခေါ် ပိတ်ဆို့ပြီး ကျဉ်းမြောင်းသော အသိအာရုံကိုသာ ခံစားသင်ယူနေ ကြရသည်။ ထိုသို့မတရား ဖိနှိပ်၊ အသိဥာဏ် နိမ့်ကျအောင် စနစ်တကျ ပိတ်ဆို့အုပ်ချုပ်မှု စနစ်ဆိုးမှ ထွက်ပေါ်လာသည့် ဖြန့်ထွက် မကောင်းကျိုး၊ ဘေးထွက်ဆိုးကျိုး များကလည်း လက်တွေ့ရင်ဆိုင် နေကြရသူ လူငယ်များ အနေဖြင့် မိမိတို့ ဘ၀အပေါ် နှစ်နှစ်ကာကာ တန်ဖိုးထား ဂုဏ်ယူမှု အားလျော့ ကျဆင်းစေသည့် အဓိက အကြောင်းရင်းတခု ဖြစ်သည်။

ထို့ပြင် ပြည်သူပြည်သား များစွာတို့အတွင်း စိတ်ဓါတ်ခိုင်မာမှု အင်အားကို တန်ဖိုးထားမှု အဓိက အခြေခံဖြစ်သည့် ကိုယ့်ကိုကိုယ် စာရိတ္တကောင်းသည်ထက် ကောင်းအောင် ထိန်းသိမ်းခြင်း စံနှုန်း အဆင့်တန်း လျှော့ကျခြင်းများ မသိမသာမှ သိသိသာသာ ဖြစ်ပေါ်လာခြင်းကို မျိုးချစ် သက်ကြီး ရွယ်အို၊ လူကြီးလူကောင်းတိုင်းက စိုးရိမ်စွာဖြင့် တိုးတိုးတဖုံ၊ ပေါ်တင်တမျိုး စစ်အစိုးရအား အသိပေး တင်ပြကြသော်လည်း ထိုသို့ဖြစ်အောင် တမင်တကာဖန် တီးနေသူ စစ်အာဏာပိုင် များက ၄င်းတို့လုပ်ရပ်များ ပေါ်လွင်လာမည်စိုး၍ ပညာရှင်တို့ အကြံပြုတင်ပြချက်များကို မသိ သလိုနေ၏။ ကျောင်းစာမေးပွဲက အစပြုသော၊ ဘ၀ လောကဓံ ကြံ့ကြံ့ခံခိုင် ရင်ဆိုင်ရေး ယုံကြည်ချက် တည်ဆောက်မှုနှင့် လက်တွေ့ဘ၀ ရင်ဆိုင်ရေး သင်ကြားခြင်းကာလကို စနစ် တကျ ရိုက်ချိုးဖျက်ဆီးခံ လိုက်ရသော ကျောင်းသား အများစုမှာ မိမိတို့ကိုယ်ကို အနာဂတ်၏ မျိုးဆက်သစ်များ အဖြစ်ပင် မယုံရဲတော့အောင် စွမ်းရည်သတ္တိတွေ လျော့ကျကုန်၏။

ဆက်လက်ဖတ်ရှုရန် စာပိုဒ်များ......(က). (ခ). (ဂ)

Read More...

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၂)အပိုဒ်(ခ)

တကိုယ်ကောင်းသမား စစ်အာဏာပိုင်များမှာ ၄င်းတို့၏ စနစ်ဆိုး သက်ဆိုးရှည်ရေး တခုတည်း အတွက် အနာဂတ်မျိုးဆက်သစ်လူငယ်တို့၏ ထက်မြက်မှု၊ စည်းလုံးမှုများကို အစဉ်ရိုက်ချိုးဖျက်ဆီး ရန်သာ အားထုတ်နေကြရရာ လူငယ် ကျောင်းသားထု၏ ငယ်ရွယ်စဉ် ဘ၀ နေ့စဉ်ဖြတ်သန်း ရမှုများအား ပေါ့ဆစွာ နေနိုင်ဖို့ ဘောင်သွင်းစီစဉ် ထားခံရသော ပေါ့ဆ သိမ်ဖျင်းသော ပညာရေး စနစ်၏ နှေးကွေးမှုနောက် မသိလိုက် မသိဘာသာ နေရင်း မိမိတို့၏ ပင်ကိုယ် အရည်သွေးများ လျော့ပါးပျောက်ဆုံးကုန်၏။

စာတတ် ဖို့ထက်၊ အတွေးအခေါ် မြင့် မားဖို့ထက်၊ ခံယူချက်မြင့်မား ဖို့ထက် စာခိုးချ၍ဘဲ အောင်အောင်၊ ဘယ်လိုနည်းဖြင့် အောင်အောင် ဘွဲ့တစ်ခုခု အမြန်ရပြီး၊ စားဝတ် နေရေးအတွက် ရရာ အလုပ်တစ်ခုခု လုပ်နိုင်ဖို့ကိုသာ တွေးတော စိတ်ကူးလာကြသည်။ မိမိတို့ဘ၀ကို ကြုံရာလှေဖြင့်၊ တွေ့ရာနည်းဖြင့် ရေစုန်မျောလိုစိတ်များ ဖြစ်ပေါ်လာကာ ဆိုခဲ့ပြီး သော မိမိကိုယ်မိမိ အားကိုး ယုံကြည် စိတ်တို့ ခန်းခြောက် နည်းပါးလာခြင်း ဖြစ်ပေသည်။

မရိုးမသားစိတ်ဓါတ်ဖြင့် အာဏာပိုင်များ ခိုင်းသမျှ လက်ညိုးထောင် ခေါင်းညိတ် လုပ်တတ်သူတို့ သည် ရိုးသားမှု အခြေခံ စိတ်ထားဖြင့် ရိုးရိုးကျင့် မြင့်မြင့်ကြံသူတို့ထက် အစစ အရာရာ သာလွန် ကြီးပွား ချမ်းသာ နိုင်ခွင့် ရှိနေကြသည့် စက်ဆုပ်ဖွယ် အခြေအနေများကြောင့် အကျင့်စာရိတ္တ္တ တန်ဖိုးထက် ငွေကြေး၊ အခွင့်အရေး ရုပ်ဝတ္တုကြွယ်ဝမှုကို မက်မောလာသူတို့သည် ပိရိသေသပ်စွာ၊ ဟန်ဆောင် ကောင်းကောင်းဖြင့် အထက်အာဏာရှိသူကို ဖေါ်လံဖါးကာ လက်အောက်ငယ်သား တို့ကို ဖိနှိပ်လာတတ်ကြခြင်းဖြစ်သည်။ ထိုသူတို့သည် သြဇာအာဏာ ရှိသူများကို အခြားသော အဆင့်တူ သူများထက် ပိုမို ဖါးယားနိုင်မှ အခွင့်အရေး ငွေကြေးတို့ အခြားသူများထက် ပိုရမည် ဖြစ်၍ အထက်ပါ ဆင်ခြေဖြစ်သော အများမိုးခါးရေ သောက်၍ ကိုယ်က မသောက်ချင်လည်း လိုက်သောက်ရသည်ဟု လှီးလွဲ ဟန်ဆောင် သူတော်ကောင်း ယောင်ဆောင် ပြောဆိုတတ်လာ ခြင်းဖြစ်သည်ကို နားလည်စွာ တွေ့ရှိလာရသည်။ အများမိုးခါးရေသောက်လို့ ကိုယ်လိုက်သောက် ရတယ် ဆိုသော တကိုယ်ကောင်းသမားတွေ များလေလေ စစ်ဗိုလ်ချုပ်ကြီးများက ကြိုက်လေလေ ပင်ဖြစ်သည်၊ အဘယ့်ကြောင့် ဆိုသော် ပြည်သူလူထုကို အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်ရာတွင် ထိုသို့ သော တစ်ကိုယ်ကောင်း သမားများကို တည်ကြက်သဖွယ်၊(ပြောမရ ဆိုမရ၍ လစ်လျူရှု ထားရ သော လူထုကြားမှ လူမိုက်များသဖွယ်)မွေးထားကာ နောက်ကွယ်မှ အခွင့်ရေးများ ပေးထား၏။ အရေးအရာနှင့်ကြုံသောအခါ ထိုသူတို့ကို ဘေးတီးပေးကာ အာဏာရှင်များ လုပ်လိုသည့် အကြမ်း ဖက် လုပ်ရပ်များကို ထိုသူတို့အား မျှားဦးတည်ပေးပြီး ဖါသိဘာသာ နေနေလိုက်တတ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့် ပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ကို အကြမ်းဖက် သတ်ဖြတ်ရန် ကြိုးစားစဉ်က ပါဝင်ခဲ့သော လူအုပ်သည် ထိုသို့သော စနစ်တကျ မွေးမြူထားသည့် သစ္စာဖေါက် ပုဆိန်ရိုး တစ်ကိုယ်ကောင်း သမားများဖြစ်ကြောင်း လေ့လာတွေ့ရှိလာရသည်။ အတော်ပင် ကြောက်ရွံ့ဖွယ် ကောင်းသော စစ်အာဏာရှင် စနစ်၏ လုပ်ရပ်များ ဖန်တီးမှုများ ဖြစ်ပေသည်။ ကျနော်တို့လူငယ် ဗိုလ်လောင်းများမှာသာ လွတ်လပ် ပွင့်လင်းသော လူမှုဆက်ဆံရေးနှင့် သတင်းလွတ်လပ်မှု ရှိသော အခြေအနေတွင် နေထိုင်ခဲ့ဖူးပါက ထိုအခြေအနေများကို ကြိုတင် လေ့လာသုံးသပ်မိခဲ့ကြမည် ဖြစ်ပေသည်။ သို့သော် ကျနော်တို့ ကြီးပြင်း လူလားမြောက်ခဲ့ရသော မြန်မာနိုင်ငံ၏ ပြည်တွင်း အခြေအနေတို့သည် အားလုံးကို မျက်စိပိတ်၊ နားပိတ်ထားသော သတင်းအမှောင်ချ ထားခံရသည့် ရပ်ဝန်း ဖြစ်ပေရာ မိမိတို့ အနာဂတ် အရေးနှင့် ပတ်သက်၍ဘာဆိုဘာမှ ကြိုတင်တွေးတော သုံးသပ် ဆင်ခြင်နိုင်စွမ်း မရှိခဲ့ ကြရခြင်းမှာ သဘာဝ ကျပေသည်။

ထိုသို့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ဘက်စုံ နိမ့်ကျမှုများနှင့်အတူ မိမိတိုင်းပြည်၏ အနာဂတ်သည် မိမိတို့ နှင့်မဆိုင်ဟု ထင်မြင်လာသူ၊ နိုင်ငံ့အရေး၊ နိုင်ငံရေးနှင့် မပတ်သက်ရဲသူ၊ ပြောဆိုဖို့ဝေးစွ၊ တွေးခေါ် နားထောင်မိမှာကို ကြောက်သူ လူငယ်များစွာကို စစ်အာဏာရှင် စနစ်၏ ဘက်ပေါင်းစုံ ကျုံးသွင်း ဖန်တီးမှုများက မွေးထုတ်ပေးလိုက်၏။ ထိုလူငယ်တွေသည် မိမိတို့ကိုကျုံးသွင်း၊ ပုံသွင်း လိုက်သည့် အတိုင်း မိမိတိုင်းပြည်အရေး၊ မိမိနိုင်ငံ၏ အနာဂတ် ရေးသည် မိမိတို့နှင့် မဆိုင်သလို နေနေကြ မည်ဆိုလျှင်၊ နေသွားကြအုံးမည်ဆိုလျှင် မိမိတို့တိုင်းပြည်သည် တိုင်းတပါးသား၊ ကွန်မြူနစ်တိုင်း ပြည်ကြီး တပြည်မှ လူမျိုးခြားနယ်ချဲ့တို့၏ ခေတ်သစ်ရေရှည် စီမံကိန်းဖြင့် မြန်မာပြည် မြေမျက်နှာ ပြင်များ တတိတိ ၀ယ်ယူသိမ်းပိုက်ရေး စီမံချက် မဟာဗျူဟာ အတိုင်း ပညာမဲ့သော၊ မြေယာမဲ့ သော၊ နေစရာမဲ့သော၊ အားကိုးရာမဲ့သော ဘုံကျွန်ဘ၀ဖြင့် ရာသက်ပန် နေသွားကြရတော့မည် ဖြစ်သည်။
ဤ စစ်အာဏာရှင် စနစ်ဆိုးကြီးကို တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး ဖါသိဘာသာ လစ်လျူရှု ခဲ့ကြခြင်း၏ အကျိုးဆက်အဖြစ် မကြာမှီကာလတွင်ပင် ကမ္ဘာပေါ်၌ နယ်ပယ် ဧရိယာ ပြောင်းလဲ ဖြစ်ပေါ်မှု သမိုင်းဖြစ်စဉ်သစ်တို့ ပေါ်ထွက်လာပေတော့မည် ကိုမြင်ယောင်မိ၏။
ယဉ်ကျေးမှု မြင့်မားစွာနေခဲ့ဖူးသော၊ တိုင်းရင်းသား မျိုးနွယ်စု များစွာဖြင့် ပါဝင်ဖွဲ့စည်း တည်ထောင် နေထိုင်ခဲ့သော ရိုးသားယဉ်ကျေးရဲရင့်မှု အစဉ်အလာကောင်းများ ရှိခဲ့ဖူးသူ မြန်မာ လူမျိုးဆိုသည့် ထက်ထက်မြက်မြက် ကြံ့ကြံ့ခိုင်ခိုင်၊ မြန်မြန်မာမာ၊ ကျန်းခံသာသော လူမျိုးစုကြီးများသည် ဤ ဧရာဝတီ၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်တို့ဟူ၍ အမည်ရှိခဲ့သော ယခု အမည်ပြောင်းထားခံရသည့် ဤမြစ်ကြီးများ ဘေးတလျောက်ရှိ ကျယ်ပြန့်သော သဘာဝမြေ မျက်နှာပြင် တောတောင်များ မြို့ကြီးများတွင် နေထိုင်ခဲ့ဖူးကြလေသည်။

အဆိုပါ လူမျိုးတို့သည် အုပ်ချုပ်သူ အာဏာရှင်တို့အား ကြောက်ရွံ့စွာ ဖြင့်သော်လည်းကောင်း၊ သူတို့ကိုးကွယ်သည့် ဘာသာတရားက သည်းခံခွင့်လွှတ်ဖို့ သွန်သင်ထားသည် ဆိုကာ လှီးလွဲ ဆင်ခြေပေး ကြောက်စိတ်လွှမ်း၍ လည်းကောင်း၊ (သတ္တိရှိရှိ ရင်မဆိုင်ရဲမှု နှင့် အမှန်အတိုင်း မဖွင့်ပြောရဲခြင်း ဆိုသည်ကို ဟန်ဆောင် ဖုံးလွှမ်းထားသည့်) သည်းခံခွင့်လွှတ်ခြင်း ဆိုသည်ဖြင့် လည်းကောင်း ရှောင်လွဲရင်း အချိန်တွေ ကုန်လွန်သွားကာ ယခုလို လူမျိုးပျောက်ရသည့် အခြေ အနေ ရောက်ခဲ့ရပေသည်။ သူတို့ကိုးကွယ်ရာ ဘာသာတရားမှ ဟောကြားခဲ့သည့် အတိုင်း အတုံ့ အလှည့်ကံကြမ္မာဆိုသည် မကြာခင် ရောက်လာလိမ့်မည်ဟု ကြွေးကြော်ယုံကြည် စောင့်စားရင်း၊ စောင့်စားရင်း၊ စောင့်စားရင်း ယခုတော့ အသားဝါ၀ါ၊ မျက်စိပေါက်မှေးမှေး၊ မျက်ရစ် မပါသူ လူမျိုးကြီးတမျိုး၏ ၀ါးမြိုသွားခြင်းကို ခံခဲ့ကြရပေသည်ဆိုသော သမိုင်းစာမျက်နှာ သစ်တို့ ပေါ်ထွက် လာပေတော့မည်။ ယဉ်ကျေးမှုမြင့်မားခဲ့သော ရှေးဟောင်းမာယာ လူမျိုးများနည်းတူ ရှေးနှစ် ထောင်ချီကပင် တည်ဆောက်ခဲ့သော အံ့သြလေးစား လောက်သည့် ရှေးဟောင်း ဗိသုကာပညာ ဖြင့် တည်ဆောက်ထားခဲ့သော ဘုရား၊ စေတီပုထိုးတို့ ထိုမြစ်ကမ်းပါး တနေရာတွင် ထည်ဝါ ခန့်ငြားစွာ ရှိခဲ့ဖူးလေ၏။ ထိုမြန်မာလူမျိုးတို့မှာ ကမ္ဘာ့ သမိုင်းတွင်သာ ယခင်က ရှိခဲ့ဖူးပြီး ယခုတော့ အာရှတိုက် မဟာအင်အား ကြီးနိုင်ငံတခု ပိုင်ဆိုင်သိမ်းပိုက်ထားသော လက်အောက်ခံ ပြည်နယ် ငယ် တစ်ခုအတွင်း သွေးခွဲ ဖိနှိပ်အုပ်ချုပ်ခြင်း ခံနေရသော သနားစရာ လူမျိုးစုငယ်လေး တစ်စု ဖြစ်နေခဲ့ပေပြီ ဆိုသော သမိုင်းသစ်တို့ ပေါ်ထွက်လာဖို့ နီးနေပေပြီ။ မြန်မာ လူငယ်ထု ကြပ်ကြပ် ဂရုစိုက်လေ့လာရန် လိုပြီဖြစ်ကြောင်း လူငယ်တဦး ဖြစ်သော ကျနော်ကပင် တင်ပြပါရစေ.......။

ဤနေရာတွင် မျိုးချစ် စာရေးဆရာကြီး တစ်ဦးမှ လူငယ့်ဘ၀တိုးတက် မြင့်မားရေး ရည်ရွယ် ရေးသားထားသည့် လူကြီးလူကောင်းအမည်ရှိ စာအုပ်တအုပ်မှ အဆိုပါ စာရေးဆရာ ကြီး၏ အမှာစာကို ကူးယူဖေါ်ပြခွင့် ပြုပါခင်ဗျာ။ ထိုစာရေး ဆရာကြီးမှာ ယခုတိုင် သက်ရှိထင်ရှား ရှိသေးသော စာရေးဆရာကြီး နတ်မောက် ဘုန်းကျော် ဖြစ်၍မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့သော မျိုးချစ်စစ်သားဟောင်းတဦး ဖြစ်ပြီး၊ တပ်မတော် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ အဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဂျပန်ခေတ် စစ်တက္ကသိုလ် ကျောင်းဆင်း အရာရှိဟောင်း တဦးလည်းဖြစ်သည်။ ဆရာကြီး၏ လူငယ်များကို ပါးသော အမှာစာမှာ..
“အသက်အရွယ် အတော်ထောက်လာသည်နှင့် အညီ ခေတ်အမျိုးမျိုး၊ လူအမျိုးမျိုးကို ကြုံတွေ့ ခဲ့ရဖူးပါပြီ။ စစ်ဖြစ်ရခြင်းကြောင့် သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်တို့ ကြောင့်သော် လည်းကောင်း၊ တိုင်းပြည် တပြည်၊ လူမျိုးတမျိုး တွေ့ကြုံရသော အပျက်အစီး ဒုက္ခ ဗရပွများသည်၊ မည်မျှပင် ကြီးမားများပြားစေကာမူ တိတိကျကျ၊ ထိထိခိုက်ခိုက် ကြောက်မက်ဖွယ်ရာ စိတ်ပျက် စရာ ကောင်းလှသေးသည် မဟုတ်ပါ။ လူမျိုးတမျိုး၌ ခယ၀ယ မြှောက်ထိုးပင့်ကော် ဖော်လံဖါး စိတ်ဓါတ်၊ ရေသာခို အချောင်သမားစိတ်ဓါတ်၊ ကိုယ်ကျိုးရှာ စိတ်ဓါတ်၊ တိုင်းချစ်ပြည်ချစ် စိတ်ဓါတ် ကင်းမဲ့သည့် စိတ်ဓါတ် စသော စိတ်ဓါတ်ဝဲစားသော ရောဂါ နှင့် မရိုးမသား၊ မဖြောင့်မတ်ခြင်း၊ နိုင်ငံရေးဖြင့် (တစ်ဆွေလုံး တစ်မျိုးလုံး ) ကိုယ်ကျိုးစီးပွား ရှာနေကြခြင်း၊ ကိုယ်ကျင့်သိက္ခာပျက်ပြား သော ရောဂါ.. ထိုရောဂါ နှစ်ခုသည်သာလျှင် အဓိကကြောက်မက်ဖွယ် ကောင်းသော ကိစ္စ ဖြစ်ပါသည်။ အိုးအိမ်တိုက်တာ အဆောက်အဦ ၊ လမ်းတံတား စသည်များ ပျက်စီးသွားလျှင် တမျိုး သားလုံးတွင် ရှိသော ငွေကြေးဘဏ္ဍာ ပစ္စည်း ပစ္စယများဖြင့် ပြန်လည် ပြုပြင်တည်ဆောက်လျှင် ရနိုင်သေး၏။ ငါးနှစ်၊ ဆယ်နှစ် ကြာချင်ကြာပေမည်၊ ကိစ္စမရှိ။ ပြသနာမဟုတ်၊ ပြန်လည်ကောင်းမွန် လာနိုင်ပါသည်။ စိတ်ဓါတ်ဝဲစား နေသော ရောဂါနှင့် ကိုယ်ကျင့်သိက္ခာ ပျက်ပြားနေသောရောဂါ တို့ကို ကုစားရန်မှာ နောင်နှစ်ပေါင်း ငါးဆယ်၊ နှစ်ပေါင်း တစ်ရာကြာသည်အထိ ကြန့်ကြာအောင် အချိန်ယူပြီး၊ ကြိုးစား ပြုပြင် တည်ဆောက်ကြစေကာမူ မူလဒုံရင်း အနေအထားအတိုင်း ပြန်လည်ရရှိရန် ခဲယဉ်းလှ၏။ နိုင်ငံသူ၊ နိုင်ငံသားတို့ တရားလက်လွတ် ဖေါက်ပြန် ပျက်စီးလာ ကြခြင်း၊ ဟိရိသြတ္တပ္ပ ကင်းစွာ ပေါက်လွတ်ပဲစား ပြုမူလာကြခြင်း၊ (ဗြဟ္မစိုရ်တရားကင်းမဲ့ပြီး) တစ်ဦးနှင့် တစ်ဦး ရက်စက် ကြမ်းကြုပ်စွာ ပြုမူတတ်လာ ကြခြင်းကြောင့် ရှေးပဝေသဏီ ကတည်း က ဂုဏ်ရောင်ပြောင်ခဲ့သော ရောမ နိုင်ငံတော်ကြီး၏ ဂုဏ်သိက္ခာမှာ မှေးမှိန်လာခဲ့ရချေ၏။ ”

ဤနေရာတွင် စာပေလွတ်လပ်မှု မရှိသော မြန်မာပြည်တွင်းမှ ထုတ်ဝေခြင်းဖြစ်၍ စာပေ စီစစ်ရေးဟူသော ကင်ပေတိုင်အဖွဲ့မှ ကင်းလွတ်အောင် မိမိတို့ တိုင်းပြည်အစား ရောမဟူသော နိုင်ငံကို အစားထိုးသုံးကာ တိုင်းပြည်နှင့် အနာဂတ်အတွက် မကြောက်မရွံ့ ဝေဖန်ရဲသူ စာရေး ဆရာကြီး ဦးဘုန်းကျော်၏ လူငယ်တို့အပေါ် မှာကြားချက်အား အဓိက အလေးထားကာ ပြုမူတွေးခေါ်သူ လူငယ်တို့ တဖြည်းဖြည်း များပြား လာပြီ ဖြစ်ကြောင်း ဤစာစုမှ နေ၍ တိုင်းပြည်နှင့် ဆရာကြီး အားတင်ပြပါရစေ။

တိုင်းပြည်တစ်ပြည် ပျက်ဆီးချင်လာပြီဆိုလျှင်၊ အဆိုပါရောဂါဆိုး နှစ်ခုပေါ်ထွန်းလာ လေ့ရှိကြောင်း သတိမူကြရန်ဖြစ်သည်။ ထိုရောဂါဆိုးများ မကပ်ငြိစေရန် ကျွန်ုပ်တို့ မည်သို့ ကာကွယ်ကြ မည်နည်း။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်လူရွယ် များထံသို့ ထိုရောဂါဆိုးများ မကူးစက် စေရန် ကာကွယ်ဖို့ အရေးကြီး လာလေပြီ။ တိုင်းနိုင်ငံ တခုကိုဖျက်ဆီးလိုသော် ထိုတိုင်းပြည်ကို ရန်စ စစ်မက်ပြု၍ တိုက်ခိုက်ဖို့ မလိုတော့ပါ။ ထိုတိုင်းပြည်၏ အညွန့်အဖူး လူငယ်အင်၏အားစု၏ ကာယ စွမ်းအား တောင့်တင်းကြံ့ခိုင်ရေး၊ စိတ်ဓါတ်ကြံ့ခိုင်ရေး၊ ကိုယ်ကျင့်စာရိတ္တ သိက္ခာကြံ့ခိုင်ရေး များကို စနစ်တကျ အကွက်ချပြီး (နည်းမျိုးစုံဖြင့်) ဖျက်ဆီးပေးပါ။ မကြာမီ ထိုတိုင်းပြည်၏ မျိုးဆက် အင်အားသစ်များ အညွန့်အတက်မထွက်နိုင်တော့ဘဲ၊ ပျက်သုဉ်းသွားပြီး၊ ထိုတိုင်းပြည်မှာ ဖွတ် ကျောပြာစု၊ ခရု အဆံကျွတ်၊ ချွတ်ခြုံကျ ပြိုလဲပျက်ဆီး သွားရသော ရောက်ရှိသွားရမည်သာဖြစ်၏။ မြေကြီး လက်ခတ် မလွဲပါ။ ကမ္ဘာ့သင်ခန်းစာများ အထင်အရှား ရှိပါသည်။
နောက်တနည်း... လွန်လေပြီးသော တချိန်တုံးက (၁၉၃၆-၁၉၃၈) ဂျာမနီမှ ဟစ်တလာက ဆူဒီတန်နယ်ထဲ သို့ဂျာမန်လူမျိုး ကျား၊ မ နှစ်သန်းခန့် မောင်းနှင် သွင်းထားလိုက်ပြီး ၊ လူမျိုးလိုက် ၀ါးမြိုပစ်သော နည်းလည်း ရှိပေသေးသည်။ မြန်မာတွေ သတိထား သင့်ကြပေပြီ ဟု ဆရာကြီးက ရဲရင့်စွာ လူငယ်တို့ကို ဆုံးမစကားဆိုထား၏။ လူမျိုးလိုက် ၀ါးမြိုခြင်းဖြင့် နိုင်ငံကိုသိမ်းပိုက် ကျွန်ပြု ခြင်းနည်းသည် မသိလိုက် မသိဘာသာ နေတတ်သော မြန်မာတို့အပေါ် အလွယ်တကူ ၀ါးမြို သိမ်းယူနိုင်သည့် အလွန်ကြောက်စရာကောင်းသော သိမ်းပိုက် ကျွန်ပြုနည်း တခုဖြစ်သည်ကို ယနေ့ မြန်မာ လူငယ်တို့ တဖြည်းဖြည်း သတိမူမိ လာကြပေပြီ။ မည်သည့် လူမျိုး တိုင်းတပါးသား တို့က မြန်မာ အမျိုးကောင်း သမီးတို့ကို မယားပြု သွေးနှောကာ လူမျိုးတုံး ၀ါးမြိုနေကြသလဲ ဆိုသည်ကို ကျနော် ရှင်းပြရန် မလိုတော့ပေ။
သူတို့ကွန်မြူနစ် ၀ါဒကို ထောက်ခံသော ရုပ်သေး စစ်အာဏာရှင် အစိုးရကို ထောက်ခံ ပံ့ပိုးပေးပြီး ကိုယ်ပြည်သူချင်း နှိမ်နှင်းသတ်ဖြတ်ရန် လူသတ်လက်နက်များပေးခြင်း၊ ရောင်းချ ခြင်းတို့ကို တဖက်မှပြုလုပ်၊ အခြားတဖက်မှ လူတိုင်း သတိမပြုမိနိုင်ဟု သူတို့ ယုံကြည်သော လူမျိုးလိုက် ၀ါးမြိုရေး နည်းဗျူဟာကို ရဲရဲတင်းတင်း ကျင့်သုံးကာ ကျုးကျော်လာသူတိုင်း တပါးသား လူမျိုးခြား တို့မှာ ဘယ်နိုင်ငံကဟု ပြောစရာပင်မလို။ မြန်မာတိုင်း သိနေကြပြီ၊ မျိုးချစ်စိတ် ရှိသူတိုင်း အံတကြိတ်၊ လက်သီး တဆုပ်ဆုပ်၊ တောက်တခေါက်ခေါက်ဖြင့် မကျေမနပ်ရပ်ကြည့်ခဲ့ရသော ထိုလူမျိုးခြား ယောက်ျားသားတို့နှင့် မြန်မာ့ကညာစင် သမီးပျိုတို့ လူထပ်ပွဲကြီးတွေကို စစ်အာဏာ ပိုင်များက ကိုယ်တိုင်ကိုယ်ကျ တက်ရောက် အားပေး ချီးမြင့်ကာ မိမိတို့တိုင်းရင်းသူ လုံမပျိုတို့အား တိုင်းတပါးသား တို့ထံ ရောင်းချနေသည့်ဟန် ပွဲသဘင်ပေါင်း များစွာတို့ ယနေ့ ဖြစ်ပေါ်နေ၏။

ဆက်လက်ဖတ်ရှုရန် စာပိုဒ်များ.... (က). (ခ). (ဂ)...

Read More...

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၂)အပိုဒ်(ဂ)

မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဆိုသော ငွေပေးသူ မည်သူ့ကိုမဆို အမျိုးသားမှတ်ပုံတင်လက်မှတ် ထုတ်ပေးသည့် ကိုယ်ကျိုးရှာ အဖွဲ့အစည်းနှင့် ဒေသခံစစ်အာဏာ ပိုင်များကို ငွေတွေပုံပေးပြီး၊ နိုင်ငံသားဟု ခံယူလာသည့် မြန်မာစကား လုံးဝနားမလည်သည့် လူမျိုးခြား တိုင်းတပါးသားတို့ကိုပင် မယူရလျှင် မနေနိုင်တော့အောင် ၄င်းတို့က စီးပွား၊ ဓန ချမ်းသာ ကြွယ်ဝလွန်းပြီး၊ မြန်မာ အမျိုးသမီးတို့မှာ ကုန်းကောက်စရာပင် မရှိအောင် ဆင်းရဲမွဲတေ လာ၍လော..။

သို့မဟုတ် စစ်အာဏာရှင်စနစ်ကြီးကပင် အတင်းအဓမ္မ ဆွဲဆောင် လူထပ်ခံစေ၍ လော။.. မြန်မာ့ သမီးပျိုတို့ကပင် မျိုးချစ်စိတ် ခေါင်းပါးလာ၍လော..။ မြန်မာယောက်ျားတို့ အိမ်ထောင်ဦးစီး အဖြစ်ပင် အားကိုးမှု မပြုနိုင်တော့လောက်အောင် အသောက်အစား လောင်း ကစားမက်ပြီး ပင်ကိုယ်အရည်အချင်း၊ စွမ်းရည်၊ စိတ်ဓါတ်၊ ဥာဏ၊ ကာယတို့ ညံ့ဖျင်းကုန်ကြ၍ လော.....။ ကျနော်တို့ကဲ့သို့ မြန်မာတိုင်းရင်းသား မျိုးချစ် လူငယ်တွေကတော့ မြန်မာတိုင်းရင်းသား အမျိုးသမီးထု တရပ်လုံးကို တိုင်းပြည်နှင့် လူမျိုးဂုဏ်ကို စောင့်ထိန်းသည့်၊ မျိုးရိုးဇာတိဂုဏ်မာန မြင့်သော၊ မြန်မာ တိုင်းရင်းသား စင်စစ် ကလေးငယ်တို့ကိုသာ နို့ချိုတိုက်ကျွေးသော သားကောင်း မိခင်တို့ဖြစ်စေချင်ပါသည်။

ကဲ ပြည်သူပြည်သား လူငယ်၊ လုံမငယ်များ၏ အသိဥာဏ် ပညာ၊ အတွေးအခေါ်၊ ခံယူချက်၊ မျိုးချစ်စိတ်ဓါတ်တို့ စတင်မွေးမြူပေးရာ..မြန်မာပြည်၏ (၁၉၉၃ ခုနှစ်) ပညာရေး စနစ်ကို လေ့လာ ကြပါအုံးစို့..။
လူသားတဦး၏ စာရိတ္တ အခြေခံမဏ္ဍိုင်ဖြစ်သည့် စစ်အာဏာရှင် ခေတ်အောက် မြန်မာ့ပညာ သင်ကြားရေး စနစ်ကိုလေ့လာမည်ဆိုလျှင်လည်း အားရကျေနပ်ဖွယ် တစက်မှမရှိပေ။ ကျနော်တို့ အရွယ်လူငယ်များ လူလားမြောက်ရာ ထိုကာလမှအစပြုခဲ့၍ ယနေ့တိုင်အသက်ဝင်နေဆဲ ဖြစ်သော ငွေတတ်နိုင်လျှင် ပညာတတ်တတ်၊ မတတ်တတ်၊ အောင်လက်မှတ် အလွယ်တကူ ရရှိနိုင်သည့် စစ်အာဏာရှင်ခေတ်မြန်မာ့ ပညာသင်ကြားရေး စနစ်အတိုင်း၊ သင်ပေးသလောက်ယူ၊ ကျန်တာ ကိုယ့်ဟာကိုယ် လိုချင်လျှင် ပြင်ပမှာ ရသလို၊ ကြုံသလို၊ ဖြစ်သလို ဆက်လက် လေ့လာ၊ ပညာ တတ်တာ မတတ်တာ၊ စစ်အစိုးရ တာဝန်မဟုတ်ဟု၊ တရားဝင် မကြေငြာယုံ တမယ်၊ ကြောက်ရွံ့ စိုးထိတ်ဖွယ် ပညာရေးစနစ်ပျက်အတွင်း ဆက်လက်ပညာ သင်ကြားလျှင် ကောင်းမည်လား၊ အပြင်လောကသို့ထွက်ပြီး စီးပွားရေးလုပ်ငန်းအတွက် အခြေခံလုပ်ငန်း ပညာရပ်တွေပဲ ဆည်းပူး သင်ယူလျှင် ကောင်းမည်လား၊ စသည်ဖြင့် ကျနော်တို့အရွယ် လူငယ်တွေ ဝေခွဲရန် ခက်နေသော၊ ဇဝေဇ၀ါ အဖြေမရှာ နိုင်သော ကာလ လည်းဖြစ်၏။

ထိုနှစ် ထိုကာလ အတွင်းက မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍမှ ပညာသင်ကြားမှု၊ စာပေနှင့် အတတ်ပညာ တတ်မြောက်မှု တို့တွင် ပညာသင်သူ ကျောင်းသား၊ ကျောင်းသူများ၏ ပင်ကိုယ် အစွမ်းအစဖြင့် အရည်အချင်းစစ် စာမေးပွဲများကို ဖြေဆို အောင်မြင်နိုင်ခဲ့ကြသူများ ရှိသကဲ့သို့ အာဏာအကူ၊ ဆွေမျိုးအကူ၊ ရာထူးအကူတို့ဖြင့် ဖြေဆို အောင်မြင်နိုင်ကြသည့် မပေါ်လွင်၊ မထင်ရှားခဲ့သည့် မသမာသော နည်းလမ်း ဖြစ်ရပ်များစွာတို့ ရှင်သန်လှုပ်ရှား နေချိန်လည်း ဖြစ်၏။ အတန်းပညာ သင်ရိုးကို ဖြတ်ကျော် အောင်မြင်စေကြောင်း၊ မသမာသော ဥပဒေမဲ့ ဖြတ်လမ်း နည်းများဖြင့် ကြိုးစားခဲ့ကြသည့် ဖြစ်စဉ်များ နိုင်ငံအနှံ့ ဟိုမှ သည်မှ၊ ဖြစ်ပွားနေခဲ့သော အချိန် လည်းဖြစ်၏။

ကျောင်းများတွင် စာမသင်၊ ချဲထီ၊ နှစ်လုံးထီ ထိုင်တွက်နေကာ ကျောင်းသားတို့ဖြစ်ချင်ရာဖြစ်၊ သူနှင့်မဆိုင်သလိုနေသောဆရာ၊ ဆရာမတို့က၊ ၄င်းတို့ပညာရေးဋ္ဌာနဆိုင်ရာ၊ တာဝန်ရှိသူဟု ၄င်းတို့ဘာသာ ကြော်ညာထားသော စစ်အာဏာပိုင်များ စာသင်ကျောင်းသို့ လာစစ်လျှင်၊ ထိုတာဝန်မဲ့ နေတတ်သလို နေကာ ကိုယ်ကျိုးရှာနေသော ဆရာ၊ ဆရာမတို့သည် အထက် အာဏာပိုင်ဆိုသူကို ဖိန့်ဖိန့်တုန်မျှ ကြောက်လန့်ဟန်ဖြင့် လက်အုပ်လေးချီကာ၊ မိမိတို့၏ ကိုယ်ကျိုး စီးပွား ရပ်တည်ရေးအတွက် မတရားသော နည်းလမ်း ပေါင်းစုံဖြင့် ဘ၀ရပ်တည် နေရခြင်းကို ငဲ့ညှာ သနား၊ နားလည်ခွင့်လွှတ်ပါစေကြောင်း တောင်းပန်ပြောဆို ပြုမူနေကြသလို၊ ဘာမှမသိ နားမလည်သော အပြစ်ဟူ၍ မြူတစ်မှုန်မျှ မရှိသည့် ကျနော်တို့အရွယ် ကျောင်းသား၊ ကျောင်းသူ လူငယ်တို့ကိုလည်း ထိုစစ်အာဏာပိုင် ကြီးများကို အတင်းအကျပ်၊ လက်အုပ်ချီမိုး ရှိခိုးခိုင်း၏။ ကန်တော့ခိုင်း၏။

စစ်ဗိုလ်များကို ဤသို့ လက်အုပ်ချီ၍
မျက်နှာလို၊ မျက်နှာရ၊ ဖေါ်လံဖါးပြီး ကိုယ်ကျိုးရှာ၊ သာရာစီး၊ အခွင့်အရေး ယူတတ်ရပုံ စိတ်ဓါတ်နှင့်၊ မှားယွင်းသော ကိုယ်ကျင့် စံနှုန်းတို့ကို သင်ကြားရိုက်သွင်း ပေးနေ၏။ ထိုသို့ လက်အုပ်ချီ ရှိခိုးတောင်းပန်ပြီး၊ နောက်ကွယ် လုပ်ချင်ရာလုပ်ခွင့်ရှိသည့်၊ ပဒေသရာဇ် အုပ်ချုပ်ရေးပုံစံကို၊ ဥာဏ်နီ ဥာဏ်နက်သုံးကာ နည်းမျိုးစုံဖြင့်ရအောင် အကောင်အထည် ဖေါ်နေ သော စစ်အာဏာရှင်ကြီးများကတော့ ကျေနပ်အားရစွာဖြင့် ထိုဆရာကြောက်၊ ဆရာရှော်တို့အား ဆုတော်၊ လာဒ်တော်များ၊ ပါမစ်များ ပေးသနားတော်မူ၏။ ပညာရေး သင်ကြားရင်းမှ၊ ကိုယ်ကျိုး ရှာပိုင်ခွင့်များ၊ ကျောင်းသား မိဘများကို လည်ပင်းနင်းငွေညစ်ခွင့်၊ အိမ်ခေါ်ပြီး ကျူရှင်သင်ကာ ငွေရှာပိုင်ခွင့်၊ ကျောင်းသားအချင်းချင်းကြားမှ ငွေတတ်နိုင်သူ သား၊ သမီးကိုသာ ပညာ အနည်း ငယ်သင်ပေးပြီး ဆင်းရဲသူ သားသမီးများ ဖြစ်ချင်ရာဖြစ် လစ်လျူရှု ပစ်ပယ်ထားပိုင်ခွင့် စသော မဟာ အခွင့်အရေးများဖြင့် ချီးမြှင့်၏။

၎င်းနောက် ယင်းတို့အား ကြောက်လန့်တကြား၊ ၀ပ်တွား ခယ အလုပ်အကျွေး ပြုနေသည့် လူငယ် လူရွယ်များ ကိုကြည့်ကာ၊ လူစွမ်းလူစ အင်မတန် ညံ့သည့်၊ ဆင်ခြင်တုံတရားမဲ့သော၊ တွေးခေါ် မြော်မြင်မှု မရှိသော၊ ထားရာနေ စေရာသွားပြီး၊ လူလစ်လျှင် ထင်ရာလုပ်ကာ၊ အာဏာရှိသူကို တွေ့လျှင် ကြောက်ရွံ့ စိုးထိတ်ဟန်ဖြင့် တောင်းပန်ရှိခိုးမည့်၊ ကြောင်သူတော် မျိုးဆက်သစ် လေး များ စနစ်တကျ ပေါ်ထွက်လာတော့မည်မို့ စစ်အာဏာပိုင်များ နှလုံးပီတိ ဂွမ်းဆီထိ၊ ပျော်တပြုံးပြုံး၊ ပီတိတဖြာဖြာ။ ဒီပုံစံတွေကို ၀ါဒဖြန့်ချီရေး၊ မီဒီယာတွေကနေ တခမ်းတနား လွှင့်ထုတ်ပြသနေ၏။ ထိုကဲ့သို့ ဖါးတတ်၊ ယားတတ်စွာ အာဏာပိုင်တို့ကို ပြုမူဆက်ဆံပြီး၊ အဆင့်အတန်းမဲ့သော အကျင့်မှားတို့ကို စံနမူနာပြအဖြစ် သင်ကြားပေးနေသော ကိုယ်ကျင့် သိက္ခာတန်ဖိုး လုံးဝမရှိသည့် ကျောင်းဆရာ၊ ကျောင်းဆရာမ အမည်ခံ ၀ိသမ လောဘသား အချို့ကမိမိအိမ်တွင် အခကြေးငွေ ပေးပြီး၊ ကျူရှင် လာတက်သော ကျောင်းသားကိုမှ စာသင်ပေးသော ပညာရေး စနစ်ဆိုးကြီးက ၀ံ့ကြွားစွာ အောင်လံထူနေချိန်ကို ကျနော်တို့ လူငယ်များ ဖြတ်ကျော် တွေ့ကြုံခဲ့ရ၏။
လက်ရှိ ပညာသင်ကြားရေး စနစ်တွင် တာဝန်ထမ်းလျှက်ရှိသော ကျောင်းဆရာ၊ ဆရာမ အားလုံး တို့က ထိုစရိုက်ဆိုး၊ အစဉ်အလာဆိုးကို လက်ခံ၊ ယုံကြည် လိုက်ပါ လုပ်ဆောင်ကြသည် မဟုတ်ပါ။ ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက်ကာ၊ အာဏာ ရှင်ကြီး များကို လက်အုပ်ချီမိုး၊ မရှိခိုးသူ ဆရာမြတ်၊ ဆရာကောင်း တို့ကိုလည်း ကျနော်တို့တွေ့မြင်ခဲ့ရ၏။ စိတ်မကောင်း ဖြစ်ဖွယ် အဓိက အချက်မှာ၊ ထိုဆရာကောင်း၊ ဆရာမြတ်တို့သည် စိတ်ထားမမှန်သူ စီးပွားရေးသမား ကျောင်းဆရာ များနှင့်ယှဉ်လျှင် လွန်စွာ ဆင်းရဲချို့တဲ့ မွဲတေစွာ၊ လူမှုဘ၀ရပ်တည် နေကြရခြင်းဖြစ်ပါ၏။ ရိုးသားမှု ကိုမြတ်နိုးသော ပြည်သူပြည်သားများ၊ ကျောင်းသားလူငယ်များက ထိုဆရာကောင်း၊ ဆရာမြတ် တို့အား မည်မျှပင် နွမ်းပါးချို့တဲ့နေပါစေ၊ လေးစား ချစ်ခင်လျှက် ရှိမြဲပင်ဖြစ်၏။ အဓိက အားဖြင့် ဆိုလိုသည်မှာ အုပ်ချုပ်မှု စနစ်မှားယွင်းစွာဖြင့် မိမိတို့တစ်ကိုယ်ကောင်းကျိုးကို တိုင်းပြည် ကောင်းကျိုးထက် ဦးစားပေးသော ခေါင်းဆောင်များ၏ လက်အောက် အမှန်တကယ် ဖြစ်ပျက် နေသော အခြေအနေမှန်များကို စစ်ဗိုလ်ချုပ်ကြီးများက မသိသည်လား၊ သိလျက် မသိဟန်ဆောင် သည်လား မသိနိုင်ပါ။ နောင်ရေး မျှော်တွေး ပူပန်တတ်သူ မျိုးချစ်စိတ်ဓါတ်ရှိသူ အားလုံးအတွက် နိုင်ငံ့ အနာဂတ် အရေးသည် အလွန်ရင်လေးဖွယ်ရာ ဆုတ်ယုတ်မှုဆီ ဦးတည်နေသည်မှာ သေချာ လှ၏။ ကျနော်တင်ပြခဲ့သော လူငယ်များ ရေလိုက်လွဲပြီး စိတ်ခံယူချက် အလွဲများနောက် ကောက် ကောက်ပါအောင် ဆွဲဆောင်စည်းရုံးနေသည့် မျိုးဖျက်ဝါဒဖြင့် ချည်းကပ်လာနေသော ကျူးကျော် ရေး အင်အားကြီးဝါဒရှင် ကွန်မြူနစ်နိုင်ငံကြီး၏ သိမ်းပိုက်ခံရမှုကို သိသိကြီးနှင့် ခံခဲ့ရသည် ဆိုသော သမိုင်းဖြစ်စဉ်တို့ မဖြစ်စေချင်၍ ပျက်စီးယိုယွင်းလာနေသည့် သတိထားအပ်သော အကြောင်း အရာများကို ထင်းထင်းမြင်သာအောင် တင်ပြနေခြင်းဖြစ်ပေသည်၊ အဆိုးချည်းသာ ဖွံ့ထွား ပွားများ နေသည်မဟုတ်ပါ။ နိုင်ငံ အနာဂတ်အတွက် မိမိတို့ကိုယ် မိမိ ထိန်းသိမ်းပြုပြင် စောင့်ရှောက်မွမ်းမံ နေသော မျိုးဆက်သစ်လူငယ်များစွာ ရှိနေသေးကြောင်း ယခုစာစုများမှ တဆင့်ရင်ဖွင့် တင်ပြ ပါမည်။

ကျနော်တို့ခေတ်မှ ပျင်းရိသော ကျောင်းသား၊ လူငယ်တို့၊ များသောအားဖြင့် ရေလိုက်လွှဲ လမ်းမှား ရောက်သွားတတ်ကြသည်မှာ အတန်းတင် စာမေးပွဲ နီးကပ်ကာမှ ၄င်းကိုယ်ကျိုးရှာ ဆရာတို့၏ ခန့်မှန်း မေးခွန်းများကိုသာ အလွတ်ရအောင် တွန်းသင်၊ တွန်းကျက်စေပြီး၊ ဖြေဆိုရသော၊ ၀င်ကြေးများစွာ ပေးရသည့် အနီးကပ် ကျူရှင်တက် ဖြေဆိုခြင်းဖြစ်သည်။ အစိုးရစစ်ဟု ခေါ်သော အတန်းတင်စာမေးပွဲ မေးခွန်းကြီးများကလည်း မကြာခဏဆိုသလို ကျောင်းသားလူငယ်ထု ရှေ့ မှောက်သို့ စာမေးပွဲကာလ မတိုင်မီကပင် ကြိုတင်ရနှင့် နေတတ်သော၊ စာမေးပွဲ မေးခွန်း ပေါက်ကြားမှု ဖြစ်စဉ်များကလည်း မကြာမကြာ ဖြစ်ပေါ်နေချိန်၊ အကယ်၍ ဤမျှ အလွယ်တကူ အရည်ချင်းမဲ့စွာ ဖြတ်ကျော်အောင်မြင်နိုင်ရေး၊ အာဏာပိုင် စစ်ဗိုလ်ချုပ်ကြီးများက ပေါ်ပေါ်ထင် ထင်တဖုံ၊ နောက်ကွယ်က တစ်မျိုး၊ အမျိုးမျိုးကူညီ ပံ့ပိုး နေပါလျက်၊ အလွန်အင်မတန် ညံ့ဖျင်းသူ လူထုံ၊ လူပေ၊ လူညံ့တို့ စာမေးပွဲတွင် မဖြေဆိုနိုင်ခဲ့သော အခါတွင်လည်း ပူပင်စိုးထိတ်ဖွယ် မရှိပေ၊ စာစစ်သူ ဆရာ၊ ဆရာမ၊ ကျောင်းအုပ်နှင့် တာဝန်ရှိသူ အာဏာပိုင် တို့ထံ ချည်းကပ်ပြီး ငွေကြေး၊ တန်စိုး လက်ဆောင်ပေး၍ စာမေးပွဲ တွင် မိမိ မဖြေဆိုနိုင်ထားခြင်းကို ကူညီကယ်မ ပေးပါရန် တိုးလျိုး တောင်းပန်၊ ခယ၊ ၀ပ်တွားလိုက်ယုံမျှဖြင့် အတန်းတင်၊ အရည်အချင်း စစ်မေးသည် ဆိုသော ထိုစာမေးပွဲကိုလည်း အောင်မြင်အောင် ဖန်တီးနိုင်စွမ်း ရှိကြသည့် ကာလဖြစ်၏။

ထို့အပြင် အလွန်တရာမျှ ထူးဆန်းအံ့သြဖွယ် ကောင်းသော နည်းလမ်း တစ်ခုလည်း ရှိသေး၏။ ယင်းမှာ စစ်အာဏာပိုင်များ ကိုယ်တိုင် ယုံကြည်စွာ လုပ်ဆောင် နေသော ဗေဒင်၊ ယတြာ၊ ကိန်းခန်း တို့ဖြင့် ကြိုတင်တွက်ချက်ကာ စာမေးပွဲတွင်း မေးနိုင်မည့် မေးခွန်းကို ကြိုတင် ပြင်ဆင် တွက်ဆလျှက်၊ စတိသဘော ကျက်မှတ်သူနှင့်၊ ဗေဒင် ယတြာဆောင်ကာ အပိုင်ခိုးချရန် ကြိုးစား သူ လူပျက်၊ လူပျင်းတို့လည်း နာမည်ကောင်း ရနေချိန်၊ လူများစွာတို့၏ အဟုတ်ကြီးထင်မှတ် ခံနေရချိန် ဖြစ်၏။
ထိုအချိန် ထိုကာလက မြန်မာ့ ပညာရေးနှင့် ပတ်သက်၍ စစ်အာဏာပိုင်များ ကြွေးကြော် နေခဲ့သော ဆောင်ပုဒ် အချို့ကို မှတ်မိပါသေးသည်။ ပညာမြင့်မှ၊ လူမျိုးတင့်မည်။ ပညာရေးဖြင့် ခေတ်မှီ နိုင်ငံတော်ကြီး တည်ဆောက်အံ့။ စသော မစားရ ၀ခမန်း ကြွေးကြော်သံများဖြင့် မသိ နားမလည်၊ အသိမကြွယ်သေးသော ကျောင်းသားလူငယ်ထုအား အထင်ကြီးစဖွယ် ဖြစ်အောင် မှိုင်းတိုက် သိမ်းသွင်း ထားနိုင်ခဲ့သည်။ ယနေ့အချိန်အခါတွင်တော့ ခေတ်လူငယ်တို့သည် မထုံ၊ မအ တော့ပေ။ စစ်အာဏာရှင်ကြီးများ၏ စနစ်ဆိုးတည်တံ့ရေး ၀ါဒဖြန့်ချက်များကို ယုံမှတ်၊ ပုံအပ်သူ နည်းပါးလာကြောင်း၊ ကျနော်တို့ လေ့လာတွေ့ရှိ နေပြီဖြစ်၏။

ကျနော်တို့ လူလားမြောက်ကာစ၊ ဆိုခဲ့ပြီးသော အရပ်သား ပညာရေးစနစ်က မရေမရာဖြစ်နေချိန်၊ မြန်မာ အစိုးရထုတ် သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ မီဒီယာ ပေါင်းစုံတို့တွင် မြန်မာ့မျိုးချစ် တပ်မတော်ကြီး၏ စုစည်းညီညွတ်၊ တောင့်တင်း ခိုင်မာပုံ၊ ခေတ်မှီ တပ်မတော်ကြီးအဖြစ် ဖွဲ့စည်း တည်ဆောက် တော့မည့်ပုံများ၊ ဝေေ၀ဆာဆာ၊ မြိုင်မြိုင်ဆိုင်ဆိုင်၊ အားကျ လုခမန်း ရေးသား ဖေါ်ပြကြ၏။ သတင်း၊ စာပေ လွတ်လပ်မှု မရှိသော မြန်မာနိုင်ငံတွင်းမှ၊ လူငယ်တို့သည် မြင်ရ၊ တွေ့ရသမျှ၊ မမြင်ချင်၊ မတွေ့ချင်လည်း တွေ့နေရသော မြန်မာသတင်းစာများမှ စစ်တပ် ကောင်း စားရေး အတွက် စစ်ဝါဒ ဖြန့်ချက်များကို အဟုတ်ကြီး ထင်မှတ် ယုံကြည်ခဲ့ကြ၏။

တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပင်ပေးကာ၊ ကာကွယ် စောင့်ရှောက် နေသည်ဆိုသော တပ်မတော် အစိုးရ လက်ထက်၊ အရာရာသည် အသိပိတ်၊ အမြင်ပိတ်ဖြစ်၍ ဘ၀ အတွေ့အကြုံ နုနယ်သေးသူ လူငယ်တို့ မြင်မြင်ရာ အားကျ မက်မောလာသည်မှာ မဆန်း။ ကျနော်တို့ မြန်မာ နိုင်ငံကြီး ပြိုကွဲပျက်စီးမည့် ဘေးအန္တရာယ် ချောက်ကမ္ဘားကြီးထဲ ကျလုတဲတဲ အခြေအနေဆိုးကြီး အတွင်းမှ လက်မတင်လေး လွတ်မြောက်အောင် စွန့်စားကယ်တင် စောင့်ရှောက်ကာ၊ ယနေ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေခဲ့ရသည်ဆိုသော တပ်မတော်အစိုးရခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်၌ တိုင်းပြည်ကြီး ယခင်ကနှင့် မတူ ထူးခြားစွာ ဖွံ့ဖြိုး တိုးတက်နေပြီ အစရှိသည့် ကြော်ငြာချက်များကို ယုံစားမိ၍၊ တိုင်းပြည် နှင့် လူမျိုးတို့ကို ကာကွယ် စောင့်ရှောက် အံ့ ဟု ကြွေးကြော်ပြီး မြန်မာ့ မျိုးချစ် တပ်မတော်ကြီးအတွင်း စစ်မှုတာဝန် ထမ်းဆောင်ရန် ၀င်ရောက်ကြသည့် လူငယ် များထဲတွင် ကျနော်လည်း တစ်ဦး အပါအ၀င် ဖြစ်ပါသည်။

ဤတစ်ပတ် ဤမျှဖြင့်နားခွင့်ပြုပါ။ ရှေ့တစ်ပတ်တွင် ဆက်လက်ဖေါ်ပြပါမည်။
ကျေးဇူးတင်ရှိစွာဖြင့်
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

ဆက်လက်ဖတ်ရှုရန် စာပိုဒ်များ.....(က). (ခ). (ဂ). အပိုင်း(၃)သို့

အပိုင်း (၂) အားလုံး PDF ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

ပတ္တနိက္ကုဇ္ဇနကံ အောင်ပွဲ

အရှင်ခေမာစာရ(မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမ္မဂ္ဂ)
၂၀၀၇ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ပခုက္ကူမြို့မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေ စီတန်းလှည့်လည်ပြီး၊ ပရိတ်ရွတ် မေတ္တာပို့ ဆန္ဒပြကြတော့ အာဏာရှင်စစ်အုပ်စု န.အ.ဖ လက်ပါးစေ စစ်သားတွေ၊ ကြံ့ဖွတ်တွေ၊ လူ စွမ်းအားရှင်တွေ၊ သံဃာ့ စွမ်းအားရှင်တွေက ထူးထူးဆန်းဆန်း ဖမ်းနည်းတွေနဲ့

အမေရိကတိုက်၊ အာဖရိကတိုက်တွေမှာ သုံးတဲ့ ရိုဒီယို တိရိစ္ဆာန် ဖမ်းနည်းတွေနဲ့ ကြိုးကွင်းပစ် ဖမ်းပြီးတော့ မိတဲ့ သံဃာ လမ်းဘေး လျှပ်စစ် ဓါတ်မီးတိုင်မှာ ချည်နှောင်၊ ရိုက်နှက်၊ ထိုးကြိတ်၊ သေနတ်ဒင်တွေ နဲ့ထု၊ လေးနှစ် သစ်သားဒုတ်တွေနဲ့ ရိုက်၊ ပြီးတော့ ဖမ်းမိတဲ့သံဃာ ရဲစခန်း ခေါ်သွားပြီး အတင်းအကြပ် လူဝတ်လဲပစ် လိုက်တာကြောင့် ကြားရတဲ့ သိရတဲ့ သံဃာတွေ၊ ဗုဒ္ဓဘာသာဝင် ပြည်သူတွေ အင်မတန်မှ စိတ်ဆိုး မာန်ဆိုး ဖြစ်ခဲ့ကြရပြီး “ဒီလုပ်ရပ်နဲ့ ပါတ်သက်လို့ သံဃာတော်တွေ ကျေနပ်တဲ့အထိ ၀န်ချတောင်းပန်ရမယ် …….. မဟုတ်ယင်တော့ ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ် ” ဆိုပြီးဖြစ်လာတယ်။
ဒီပြဿနာဟာ သေးသေးလေးတော့ မဟုတ်ဘူး အခြားနယ်မြို့တွေ၊ မြို့ကြီးတွေကိုလည်း သံဃာ့ ဆန္ဒပြမှုတွေဟာ ကူးစက်လာ တယ်။ နောက်ဆုံး သတ်မှတ်ထားတဲ့ အချိန်ကတော့ စက်တင်ဘာလ (၁၇) ရက်နေ့ဟာ ၁၉၈၈ ခုနှစ်တုန်းက ရှစ်လေးလုံး အရေးတော်ပုံမှာ စစ်တပ်က အာဏာသိမ်းပိုက်ခဲ့တဲ့နေ့မှာမို့ ပိုပြီး လူထုထောက်ခံမှု ရနိုင်တယ်လို့ သံဃာတွေက တွက်ထားခဲ့ကြတာပါ… စက်တင်ဘာ ၁၇ရက် နီးကပ်လာတာနဲ့အမျှ သံဃာတွေရဲ့ စိတ်လှုပ်ရှားမှုတွေဟာ ပိုမို ပြင်းထန်လာ တာကတော့ အမှန်ပါပဲ…..။ တချို့ ကျောင်းတိုက်တွေမှာဆိုယင် သံဃာတော်တွေ ညတောင် မကျိန်းကြတော့ဘူး၊ ဒီကနေ့ ဘာဖြစ်လာမလဲ၊ ဘာသတင်းတွေ ထပ်ထူးသလဲ၊ သပိတ် ကံဆောင်နေကြပြီလား…… ဆိုပြီး ဖုန်းတွေ ဆက်ကြ၊ အင်တာနက်တွေ ဖွင့်ကြ၊ အီး မေးလ်တွေ ဖတ်ကြနဲ့ အတော်ကလေး အလုပ်ရှုပ်နေတာတွေ တွေ့ရတယ်။
စက်တင်ဘာလ (၁၇) ရက်နေ့ ၁၂နာရီ အထိတော့ သပိတ်ကံဆောင်မှုတွေ ထူးခြားလာတာ မတွေ့ရဘူး…….ခေါင်းမာတဲ့ အာဏာရှင် န.အ.ဖ တွေကလည်း တောင်းပန်ဖို့တော့ ……. ဝေလာဝေး … စစ်တွေမှာ ဆန္ဒပြခဲ့တဲက သံဃာနှစ်ပါးတောင် ရန်ကုန် ကို ဖမ်းဆီးခေါ်ဆောင်လာတာကို တွေ့ရသေးတယ်…..။
ဒါပေမဲ့ ၁၈ရက်မှာတော့ သံဃာတွေရဲ့ စိုးရိမ်စိတ် မရှိကြတော့ဘူး… တမြို့ပြီးတမြို့၊ တနယ်ပြီး တနယ် သပိတ်ကံဆောင်မှုတွေ ဆန္ဒပြထောက်ခံပွဲတွေ ဆက်တိုက် ဆိုသလို လှုပ်ရှားလာကြတာတွေ့ရတယ်။ ထူးထူးခြားခြား ပြည်ပရောက် သံဃာတော်များ ကလည်း နိုင်ငံ အတော်များများမှာ သပိတ်ကံဆောင်ခဲ့ကြတာတွေ့ရတယ်၊ ဒီကနေ့ သပိတ်ကံဆောင်မှုဟာ ပတ္တနိက္ကုဇ္ဇန ကံဆောင်မှု သမိုင်းမှာ အကြီးကျယ်ဆုံး ဖြစ်ခဲ့တယ်။
၁၉၉၀ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ သပိတ်ကံဆောင်မှုဟာ ဒုတိယနေရာရောက်သွားတယ်။ ၁၉၉၀ ခု သပိတ်ကံဆောင်မှု သပိတ် မှောက်ခြင်းဟာ သံဃာ နှစ်သောင်း ကျော်ကနေပြီးတော့ မန္တလေးမှာ စတင် မှောက်ခဲ့တာပါ။ ပြီးတော့မှ တနိုင်ငံလုံးကို ကျယ်ပြန့် သွားခဲ့ပေမယ့်လို့ ပြည်ပနိုင်ငံတွေမှာ ကံဆောင်မှုတွေ ထင်ထင်ရှားရှား မတွေ့ရဘူး၊ အသံလွှင့်ဌာနတွေက ထုတ်လွှင့်မှုတွေကလည်း အခုလို ဟိုးလေးတကျော် မဟုတ်ဘူး… အဲဒီတုန်းက သတင်းထုတ်လုပ်မှုတွေဟာ န.အ.ဖ (န.၀.တ) ထိမ်းချုပ်မှုအောက်မှာရှိနေတဲ့ ဆက်သွယ်ရေး ကိရိယာတွေကို သုံးရလေတော့ တခါတခါ သတင်းတိကျ ပေမယ့် မမြန်ဆန်တဲ့ အတွက် စည်းရုံးရတဲ့ နေရာတွေမှာ နှေးကွေးနေတာတွေကို တွေ့ရတယ်။ ပြီးတော့ လုံခြုံမှုလည်းမရှိဘူး။ အခု ၂၀၀၇ ခု စက်တင်ဘာလ သပိတ်မှောက် ကံဆောင်မှုမှာတော့ ကိုယ်ပိုင် ဆက်သွယ်ရေး ကိရိယာတွေ ခပ်များများ ဖြန့်ချထားနိုင်တဲ့ အတွက် ပိုပြီး မြန်တယ်၊ အောင်မြင်တယ်လို့ တွက်ရပါတယ်။
ဒီကနေ့ စက်တင်ဘာ သပိတ်ကံဆောင်မှုဟာ သံဃာတော်တွေ ကိုယ့်နည်းကိုယ်ဟန်နဲ့ ထွင်ပြီးတော့ အုပ်စိုးသူတွေ ကို မကျေနပ်လို့ ထလုပ်တာမျိုးတော့ မဟုတ်ဘူး၊ ဘုရား သက်တော်ထင်ရှားရှိစဉ် အခါ ကတည်းကစခဲ့တာပါ….။ ( ၎င်း သပိတ်မှောက် ကံဆောင်မှု အကြောင်းအသေးစိတ်ကို ဆဌမူ အင်္ဂတ္တရ နိကာယ (၃) စာ ၂၅၄ ပတ္တနိက္ကုဇ္ဇန သုတ္တ ၌ လည်းကောင်း၊ ၀ိနိယစူဠ၀ဂ္ဂ ပါဠိတော်စာပိုဒ်ရေ ၂၆၅ ၌ လည်ကောင်း လေ့လာသိရှိနိုင်ပါသည်။ )
ဗုဒ္ဓဘုရားရှင် ဝေသာလီပြည် မဟာဝန်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူစဉ်မှာပင် သံဃာတော်များရဲ့ ဆွမ်းကွမ်းကိစ္စ စီစဉ်ပေးတော်မူရတဲ့ အရှင် ဒဗ္ဗ မထေရ်မြတ်ကို မလိမ္မာ လူမိုက်တစုက မြှောက်ထိုး ပင့်ကော်လုပ်လို့ လဇ္ဇ၀ီ လူမျိုးနွယ် ၀ဍ္ဎ ဆိုတဲ့ပုဂ္ဂိုလ်က ပထမ ပါရာဇိကနဲ့ စွပ်စွဲမှု ဖြစ်ပွားရာက သပိတ်မှောက် ကံဆောင် ဖို့ထိုက်တဲ့ အချက် (၈) ချက်အနက် တချက်ချက် နဲ့ ငြိစွမ်းမယ် ဆိုလို့ရှိယင် သပိတ်မှောက်ခွင့်ကို ခွင့်ပြုတော်မူခဲ့တယ်လို့ တွေ့ရတယ်။ သာသနာနဲ့ သံဃာကို ဖျက်ဆီးလိုသူတို့ ဘေးမှ ကာကွယ်ခွင့် ပေးလိုက်တဲ့ အခွင့်အရေးတမျိုးလို့ ပြောလို့ရပါတယ်…..။
အချက် (၈) ချက် ဆိုတာကတော့...
(၁) သံဃာတွေကို လာဘ် လာဘ မရအောင် ဖန်တီးရင်……..
(၂) သံဃာတော်တွေကို အကျိုးမဲ့အောင် လုပ်ရင်……………..
(၃) သံဃာတော်တွေကို နေရာထိုင်ခင်း မရရှိအောင်လုပ်ရင်…
(၄) သံဃာတော်တွေကို မဟုတ်မတရား ကဲ့ရဲ့ပြောဆိုရင်……
(၅) သံဃာတော်တွေကို မညီမညွတ် ဖြစ်အောင် စိတ်ဝမ်းကွဲပြားအောင် လုပ်ရင်
(၆) မြတ်စွာ ဘုရားကို မရိုမသေလုပ် ရှုတ်ချပြောဆိုရင်……….
(၇) မြတ်စွာ ဘုရားရဲ့ တရားတော်ကို မရိုမသေလုပ် ရှုတ်ချပြောဆိုရင်
(၈) သံဃာတော်တွေကို မရိုမသေ ရှုတ်ချပြောဆိုရင်………….။
သပိတ်မှောက် ကံဆောင် ပတ္တနိက္ကုဇ္ဇနကံ ပြုလုပ်လို့ ရတယ်ဆိုတာ ခွင့်ပြုတော်မူခဲ့တယ်…..။
ဒီတော့ အာဏာရှင် စစ်အုပ်စုဟာ အချက် (၈)ချက် အနက် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ နဲ့ (၈) ဆိုတဲ့ အချက် ၆ချက်နဲ့ ပြည့်ပြည့်၀၀ကြီး ကိုက်ညီနေတာကို တွေ့ရတယ်…..၊ လမ်းဘေးလျှပ်စစ်မီးတိုင်တွေမှာ သံဃာတွေကို ချည်နှောင်ရိုက်နှက်တယ်၊ အတင်းအကြပ် လူဝတ်လဲပစ်တယ်၊ သီတင်းသုံးတဲ့ ကျောင်းတွေမှာ မနေနိုင်အောင်လုပ်တယ်၊ ဒါယကာ ဒါယိကာမတွေ အယုံအကြည်မဲ့သွားအောင် (လာဘ် မရအောင်) လုပ်တယ်၊ စသဖြင့် ဖြစ်လေတော့ သပိတ်မှောက်ကံဆောင်ဖို့ အဆင့်ထက် ကျော်လွန်နေပြီလို့ သံဃာတော်များက သတ်မှတ်တော်မူခဲ့ကြတယ်……။
ဒါကြောင့် မို့လို့ ……………“ နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ သူဏာတု မေဘန္တေ (အာဍ္ဎသော) သံဃော စဏ္ဍာ ရုဒ္ဓါ ရဘသာ အဒယာလုကာ ၀ိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇာနော ပခုက္ကူသံဃံ အမူလဇောန မဟာရဒါနဉ္စ ဒဏ္ဍဒါနဉ္စ အဒါသိ၊ ဇီဝိတိန္ဒြိယဉ္ဓ ကရောတိ၊ ယဒိ သံဃဿ ပတ္တကလ္လံ သံဃော စဏ္ဍာရုဒ္ဓါ ရဘသာ အဒယာလုကာ ၀ိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တံ နိက္ကု ဇ္ဇေယျ အသမ္ဘောဂံ သံဃေန ကရေယျ၊ ဇသာဥတ္တိ။
သုဏာတု မေ ဘန္တေ(အာဝုသော) သံဃော စဏ္ဍာရုဒ္ဓါ ရဘသာ အဒယာလုကာ ၀ိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇာနော ပခုက္ကူ သံဃံ အမူလကေန မဟာရ ဒါနဉ္စ ဒဏ္ဍဒါနဉ္စ အဒါသိ၊ ဇီဝိတိန္ဒြိယဉ္စ ကရောတိ။ သံဃော စဏ္ဍာရုဒ္ဓါ ရဘသာ အဒယာလုကာ ၀ိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တံ နိက္ကုဇ္ဖတိ အသမ္ဘောဂံ သံဃေန ကရောတိ။ ယဿာ .သ္ခတော ခမတိ စဏ္ဍာ ရုဒ္ဒါ ရဘသာ အဒယာလုကာ ၀ိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တဿ နိက္ကုဇ္ဖနာ အသမ္ဘောဂံ သံဃေန ကရဏံ သောတုဏှဿ ယဿ နက္ခမတိသော ဘာသေယျ။
နိက္ကုဇ္ဇိတော သံဃေန စဏ္ဍာ ရုဒ္ဓါ ရဘသာ အဒယာလုကာ ၀ိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တော အသမ္ဘောဂေါ သံဃေန။ ခမတိ သံဃဿ တသ္မာတုဏှီ ဇာမေတံ ဓါရယာမိ ” ဆိုပြီး ကမ္မ၀ါ အမိန့်စာ နဲ့ နေပြီးတော့ သပိတ်မှောက် ကံဆောင်ရတယ်……..။
ပထမမှာ “ နမောတဿ” ၃ကြိမ်ရွတ်ပြီးတော့ “ သုဏာတုမေ ” ကနေပြီး “ ဇသာ ဉ တ္တိ ” အထိပေါ့၊ တချို့ တကြိမ် တချို့ သုံးကြိမ်ရွတ်ဖတ်ကြတယ်………။ “ သုဏာတု မေ” ကနေပြီး “ သောဘာသေယျ ” ဆိုတဲ့ အလယ်ပိုဒ်နဲ့ “ နိက္ကုဇ္ဇိတော ” ကနေပြီး “ ဓါရယာမိ ” အထိ အဆုံးပိုဒ်ကို သုံးကြိမ်စီ အသီးသီး ရွတ် ဖတ်ရမှာ ဖြစ်တယ်……..။
ဒီ ကမ္မ၀ါရွတ်ဖတ်တာမှာ အခြား ကမ္မ၀ါတွေလို ပါပဲ၊ အသံ အနိမ့်အမြင့်၊ အပြင်း အပျော့၊ သိထိလ ဓနိတ ဌာန်ကရိုဏ်း “တုံး” သဘောတရားဆန်တဲ့ သံစဉ်တွေနဲ့ ရွတ်ရမှာဖြစ်တယ်…….စကားပြေတွေလို တပြေးတည်း ရွတ်ဖတ်လို့ မရဘူး……။ ဌာန်ကရိုဏ်း မှန်မှလဲပဲ စူးရှု အဓိပ္ပါယ်သက်ရောက် မှု ပိုပြီးရှိရမယ် မဟုတ်လား……..။
ကမ္မ၀ါရဲ့ ဆိုလိုချက်ကတော့ အင်မတန် စိတ်ဝင်စားစရာကောင်းတယ်၊ “ သံဃာတော် အရှင်မြတ်များ ဘုရား၊ နားဆင်တော်မူကြပါ ဘုရား….။ ရုပ်ရင်း ကြမ်တမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှင်းဆဲ သတ်ဖြတ်ပြီး အာဏာကို မတရား ရယူတဲ့ (သူခိုးကြီး) အာဏာရှင် စစ်အုပ်စု န.အ.ဖ တွေက ပခုက္ကူ သံဃာတွေကို အခြေအမြစ် မရှိတဲ့ အကြောင်းပြ စွပ်စွဲချက်တွေနဲ့ ရိုက်ပုတ် နှိပ်စက်နေ ပါပြီ၊ ဖမ်းဆီးချုပ်နှောင်နေပါပြီ၊ အသက်ကိုပင် အန္တရာယ်ပြု နေပါပြီ ဘုရား…..။ ဘုရား တပည့် တော်များ အနေနဲ့ အဲဒီရုပ်ရင်း ကြမ်းတမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှင်းဆဲ သတ်ဖြတ်သော အာဏာကို မတရားရယူထားသော (သူခိုးကြီး) အာဏာရှင်စစ်အုပ်စု (န.အ.ဖ) ကို ဘာသာရေးအရ ဆက်ဆံမှုတွေ မလုပ်ဘဲ သပိတ်မှောက်ကံဆောင်ကြောင်း အသိပေးလျှောက်ထားပါတယ် ဘုရား………။
ဒီ သပိတ်မှောက် ကံဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ပြောစရာ ဆိုစရာ ရှိပါက ပြောဆို နိုင်ပါတယ် …..ဘုရား။ ပြောမဲ့ဆိုမဲ့ မထေရ်များ မရှိဘဲ ဆိတ်ဆိတ်နေတော်မူကြမယ်ဆိုယင် ဘုရား တပည့်တော်များ သဘောတူတယ်လို့ သတ်မှတ်ပါတယ်…….ဘုရား” ဆိုတဲ့ အဓိပ္ပါယ်ပါပဲ………။
အဲဒီ သပိတ်ကံဆောင်မှုကို စာရေးသူ လေ့လာမိသလောက်ဆိုရင် ဘုရားရှင် လက်ထက်က တကြိမ်၊ သီရိလင်္ကာ နိုင်ငံ( သီဟိုဠ်ကျွန်း) မှာ သီဟိုဠ်ဘုရင် ဒါဌောပတိဿမင်း ( အေဒီ ၆၅၀-၆၅၈ ) ကိုတကြိမ်၊ ပုဂံခေတ်မှာ တကြိမ်၊ အင်းဝခေတ်မှာ တကြိမ်၊ ၁၉၉၀ ခုနှစ် အာဏာရှင် စစ်အုပ်စု န.၀.တ ခေတ်မှာ တကြိမ် နဲ့ ဒီကနေ့ စက်တင်ဘာလ (၁၈) ရက် အာဏာရှင်စစ်အုပ်စု န.အ.ဖ ကို တကြိမ် အားလုံး (၇) ကြိမ် ရှိသွားပြီ ဖြစ်တယ်။
ဒီကနေက ကံဆောင်မှု ကတော့ ထေရ၀ါဒ မဟာယာန ဗုဒ္ဓဘာသာ သမိုင်းမှာ အကျယ်ပြန့်ဆုံး အကြီးကျယ်ဆုံး ဆိုပြီး မှတ်တမ်းပြုရမှာဖြစ်တယ်၊ ယနေ့ခေတ်ဟာ “ ဂလိုဘယ်လိုက်ဇေးရှင်းခေတ် ” ဆိုတော့ တနိုင်ငံလုံး ကမ္မ၀ါ သံ၊ သာဓုခေါ်သံ သောသောညံ နေသလို တကမ္ဘာလုံးမှာလည်း ညံနေတာကို တွေ့ရတယ်…၊ အခြားသော စင်္ကြာဝဠာ ဂြိုလ် ကမ္ဘာတွေမှာလည်း တကယ်လို့များ ဗုဒ္ဓဘာသာ သံဃာတွေ ဗုဒ္ဓဘာသာဝင်ပြည်သူတွေ ရှိခဲ့မယ်ဆိုရင် ကမ္မ၀ါ ရွတ်ဖတ်သံတွေ စင်္ကြာဝဠာ ဆခုလုံး ပွက်လောညံ နေမယ်လို့ ယူဆရင် မှားပါ့မလား…….။ အဲဒါမမှားနိုင်ဘူး…… သပိတ်မှောက် ကံဆောင်မှုနဲ့ ပတ်သက်လို့ မဟာယာန သာသနာထွန်းကားတဲ့ နိုင်ငံတွေကလည်း “သိချင်တယ်” ဆိုလို့ စာရေးသူ အသေးစိတ် ဖြစ်ကြောင်း ကုန်စင် ထဲထဲဝင်ဝင် အကြောင်းကြားလိုက်ရသေးတယ်…….။
ဓမ္မ နဲ့ အဓမ္မ အားပြိုင်ပွဲမှာ ဓမ္မက ရှုံးခဲ့တယ် ဆိုတာမရှိပါဘူး…..၊ “ငါ့မှာ လက်နက်ရှိတယ်၊ အာဏာ ရှိတယ်” ဆိုပြီး လုပ်တိုင်းဖြစ်လာမှာ မဟုတ်ပါဘူး……၊ မကြောက်သမျှ ရှုံးမှာ မဟုတ်ပါဘူး….၊ ကဲ…. ဒီကနေ့ ဘာတတ်နိုင်လဲ ဆိုရင် ဘယ်သူတွေ ဘာပြောမလဲ…..၊ မာနထားတဲ့ သဘော မဟုတ်ဘူး……၊ ဓမ္မရဲ့ အောင်ပွဲကို ကြည့်ပြီး ကြည်နူးမိတာပါ။

ဟစ်တိုင်မှကူးယူဖေါ်ပြသည်

Read More...

Friday, January 18, 2008

ပြည်တွင်းပြည်ပပေါင်းစပ်ခြင်းနှင့် ခေါင်းဆောင်မှု

စက်တင်ဘာဤမှာဘက်ရဲ့ ဗမာပြည်နိုင်ငံရေးကို အားလုံးက စိတ်ဝင်တစား စောင့် ကြည့်နေကြပါတယ်။ နအဖ ဘာလုပ်နေသလဲ။ ပြည်သူလူထု ဘာစဉ်းစားနေလဲ။ ပြည်တွင်းပြည်ပ အတိုက် အခံတွေ ဘာလုပ်နေသလဲ။အခြေအနေဟာ ငြိမ်နေလို့မရတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ကြီး ပြနေတယ်။ တောင်းဆိုနေတယ်။ စစ်ရေးသဘောပြောရရင် နှစ်ဘက်အကြားမှာ နေရာအရ အသာစီးရစေမယ့် တောင်ကုန်းတကုန်း ရှိနေတယ်။ အဲဒီကုန်းကို ကိုယ်က မစီးမိရင် သူက စီးသွားလိမ့်မယ်။

နအဖဟာ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းမှာ ဘယ်လိုမှပြန်ကုလို့မရတဲ့ ဒဏ်ရာကြီး ရသွားပြီ။ အဲဒါကတော့ သာသနာ့လောကကို သွေးစွန်းစေတဲ့လုပ်ရပ်ကြောင့် သာမန် ပြည်သူ လူထုတွေကတောင် စိတ်နာမုန်းတီးသွားတာဖြစ်တယ်။ ဒီလုပ်ရပ်ကြောင့် နိုင်ငံရေးကို စိတ်မဝင် စားကြတဲ့၊ တမင် နိုင်ငံရေးနဲ့ကင်းအောင်နေကြတဲ့ လူတွေ၊ သာသနာရေးပုဂ္ဂိုလ်တွေကို အမျက် ထွက်စေခဲ့တယ်။ ဗုဒ္ဓဘာသာမှမဟုတ်၊ ဘာသာစုံကပုဂ္ဂိုလ်တွေကို လှုပ်နှိုးလိုက်သလို ဖြစ်သွားခဲ့ တယ်။ နအဖစစ်ဗိုလ်တွေဟာ သူတို့ အင်မတန်ကြည်ညိုပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးနဲ့ မယ်သီလရှင်တွေအပေါ်တောင် ဒီလိုလုပ်တယ်ဆိုရင် ငါတို့ ခရစ်ယာန်ဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေအပေါ် ပိုလို့သာဆိုးမှာပဲလို့ သတိပေးလိုက် သလို ဖြစ်သွားခဲ့တယ်။

ဒါတွေဟာ ရှစ်လေးလုံးအရေးအခင်းတုန်းက ဒေါက်တာမောင်မောင် စိမ်ခေါ်ခဲ့တဲ့ ငြိမ်သက်နေတဲ့ အများစုကြီးကို လှုပ်နှိုးလိုက်တာဖြစ်တယ်။ လူထုအုံကြွမှုတို့၊ တော်လှန်ရေးတို့ ဆိုတာဟာ ဒီငြိမ်သက်နေတဲ့ အများစုကြီး ကိုယ့်ဘက်ကိုပါဝင်လာအောင် လုပ်ကြရတာဖြစ် တယ်။ ဒီစာရင်းထဲမှာ မီးဖိုချောင်ထဲက အိမ်ထောင်ရှင်တွေသာမက စစ်တန်းလျား-ရဲတန်းလျား ထဲက အိမ်သူတွေ၊ ကြံ့ဖွတ်နဲ့ စွမ်းအားရှင်မိသားစုတွေ၊ အောက်ခြေ တပ်မှူးတပ်သားတွေပါ ပါဝင်တယ်။ သူတို့ပါဝင်လာပြီဆိုရင် လှုပ်ရှားမှုရဲ့အကွေ့အချိုးတခုကို ရောက်တော့တာပဲ။ လှုပ်ရှားမှုတခုအနေနဲ့ပြောရရင် လူထုကြီးကို ဒီလိုအဆင့်မျိုးရောက်အောင် မြှင့်တင်ရတာ လွယ်တာမဟုတ်ဘူး။ အခု အဲဒီလိုအပ်ချက်က ပြည့်စုံသလောက်ဖြစ်နေပြီ။ လိုအပ်နေတာ မှန်ကန်တဲ့ ဦးဆောင်မှုပဲ။

ခေါင်းဆောင်မှုဆိုတာ အဝေးကနေ ဘာလုပ်လို့ ညွှန်ကြားတာကို ပြောတာမဟုတ်ဘူး။ ညွှန်ကြားနေကြတာတွေက နေရာအနှံ့ အများကြီးပဲ။ ကမ္ဘာ့ထောင့်တိုင်းကနေ ညွှန်ကြားနေကြ တယ်လို့တောင် ပြောရင်ရတယ်။ တချို့က ခေါင်းဆောင်တယ်ဆိုတာ ဘာလုပ်ရမယ်လို့ ညွှန်ပြ တာပဲလို့ ယူဆကြသလားမသိဘူး။ ဗမာပြည်လွတ်လပ်ရေးရအောင် ခေါင်းဆောင်ခဲ့တယ်၊ ခေါင်းဆောင်မှုပေးခဲ့တယ်ဆိုတဲ့ လူတွေကို ပြန်ကြည့်ပါ။ ဘာလုပ်ကြလို့ ပြောခဲ့ကြရုံသက်သက် ပဲလား။ မဟုတ်ဘူး။ လက်တွေ့လုပ်ငန်းတွေထဲမှာ ကိုယ်ရောစိတ်ပါ ပါဝင်လုပ်ကိုင်ခဲ့ကြတာ။ တော်လှန်ရေးတပ်ဖွဲ့တခုကို တည်ထောင်ရာမှာ ပါရုံမက၊ ရှင်သန်ကြီးထွားအောင်လုပ်ရာ၊ ဆိုးတူ ကောင်းဘက် အတူတိုက်ပွဲဝင်တာတွေမှာပါ ထိပ်က ပါခဲ့ကြတာ။

ပြည်ပကနေ လှမ်းပြီးခေါင်းဆောင်တယ်ဆိုတဲ့ သာဓကတွေလည်း ပြည်တွင်းပြည်ပ သမိုင်းမှာ အများကြီးရှိခဲ့တာပဲ။ လီနင်ဟာ ရုရှားတော်လှန်ရေးကို ပြည်ပကခေါင်းဆောင်ခဲ့တယ်။ သခင်သိန်းဖေတို့ဟာလည်း အိန္ဒိယမှာနေရင်း ဂျပန်တော်လှန်ရေးကို ခေါင်းဆောင်ရာမှာ ပါဝင်ခဲ့ ကြတယ်။ သတိပြုကြရမှာက သူတို့မှာ ပြည်တွင်းကအခြေခံ အခိုင်အမာ၊ ထုနဲ့ထည်နဲ့ ရှိတယ်။ အပြင်ကနေ အသံသက်သက်နဲ့ ခေါင်းဆောင်ခဲ့တာမဟုတ်ဘူး။ သူတို့ခေတ်တွေတုန်းက အခုလို ပြည်ပအသံလွှင့်ဌာနတို့၊ အင်တာနက်တို့၊ တယ်လီဖုံးတို့ဆိုတာတွေကို အိပ်မက်ထဲမှာတောင် တွေ့ဖူးခဲ့တာမဟုတ်ဘူး။ အကုန်လုံးက မြေအောက်လုပ်ငန်းကို အဓိကထား လုပ်ကြရတယ်။ အဆက်အသွယ်အားလုံးဟာ စွန့်စားမှုတွေ ပြည့်နေတာချည့်ဖြစ်တယ်။

ပြည်ပကနေ ပြည်တွင်းကို ကိုယ့်သဘောထားတွေကို ကြိုက်သလို ပို့နိုင်နေတဲ့ကာလ မှာ အထဲကလူတွေ ဦးနှောက်ခြောက်ကုန်စေတဲ့ မတူတဲ့အမြင်တွေ ပို့တယ်ဆိုရင် ခွင့်မလွှတ်နိုင် တဲ့ အမှား ကျူးလွန်တာပဲ။ အတွင်းနဲ့ အပြင်နဲ့ ငြင်းရမယ့်ကိစ္စတွေကိုလည်း အရမ်း မဖြန့်လွှင့် သင့်ဘူး။ အထဲက လူတွေအနေနဲ့ သူတို့အမြင်တွေကို ပြောခွင့်၊ ဖြန့်ခွင့်မရှိသေးတဲ့ အနေအထား မှာ ကိုယ့်အယူအဆက အသံနဲ့ဖိထားတယ်ဆိုတာမျိုး မဖြစ်သင့်ဘူး။ ကိုယ့်အချင်းချင်း ငြင်းကြ ရမှာတွေကို ခဏချထားသင့်တယ်။ ကိုယ့်မှာ ငွေရေးကြေးရေးက အကုန်လိုလို ပြည့်စုံနေတဲ့ အခါမှာ အကုန်ချို့တဲ့နေသူတွေကို ငဲ့ညှာသင့်တယ်။ တချို့ဟာ အခုလို အခွင့်အရေးကောင်း တုန်း ငါတို့အမြင်တွေကို လွှမ်းအောင် လုပ်ထားလိုက်မယ်လို့များ ယူဆထားကြသလား အောက်မေ့ရတယ်။ မလုပ်သင့်ပါဘူး။

ပြည်ပကလူတွေရဲ့ တာဝန်ဟာ ပြည်တွင်းမှာ တကွဲတပြားဖြစ်နေသူတွေကို စုစည်းပေး ဖို့၊ တူညီတဲ့ ကြွေးကြော်သံတွေ တင်နိုင်အောင်ညှိနှိုင်းပေးဖို့ ဖြစ်သင့်တယ်။ အအက်ကို သပ်လျှို တာမျိုး မလုပ်သင့်ဘူး။ စစ်အုပ်စုက ပြည်တွင်းမှာ အတိုက်အခံတွေကို လေသံလေးမှ ဟခွင့် မပေးဘဲထားတဲ့အချိန်မှာ ပြည်ပရှိ လူတွေအနေနဲ့ တပြည်လုံး၊ တကမ္ဘာလုံးကြားအောင် သံကုန် ဟစ်ခွင့်ရနေတယ်။ ဒါကို တန်ဘိုးထား၊ ထိရောက်စွာ အသုံးချကြရမယ်။ အနည်းဆုံး အားလုံး သဘောတူလက်ခံနိုင်တဲ့ လုပ်ငန်းစဉ်တရပ် ပေါ်လာအောင် ကြိုးစားကြသင့်တယ်။

ပြည်ပအင်အားစုတွေဟာ ပြည်တွင်းအင်အားစုဆောင်းရေး၊ တည်ဆောက်ရေးမှာ လည်း အားစိုက်ပါဝင်ရမယ်။ ကိုယ့်အခွင့်အရေးကို အသုံးပြုပြီး သုံးစွဲသူ၊ ဖြုန်းတီးသူသက်သက် မဖြစ်သင့်ဘူး။ အတွင်းကတည်ဆောက်ထားတဲ့ အင်အားတွေကို တန်ဘိုးထားထိန်းသိမ်း၊ အတူ တိုက်ပွဲဝင်ကြရမယ်။ ဒီလိုလုပ်ငန်းမျိုးဟာ ဒီနေ့လိုကာလမှာ တည်ဆောက်ရတာ ဘယ်လောက် ခက်တယ်ဆိုတာ လုပ်ဖူးသူတိုင်း သိတယ်။ တည်ဆောက်ထားတာမှန်သမျှဟာ အလွယ်တကူ၊ အချိန်တိုတိုနဲ့ ရရှိခဲ့တာမဟုတ်ဘူး။ အာဇာနည်တွေရဲ့ အရှိန်သြဇာတွေ၊ ပါတီတွေ၊ ၀ါဒတွေ၊ လူပုဂ္ဂိုလ်တွေရဲ့အစဉ်အလာ၊ သြဇာတွေ စတာတွေနဲ့ တည်ဆောက်ထားကြတာ ဖြစ်တယ်။ နအဖကို မုန်းတီးမှုတခုထဲနဲ့ တည်ဆောက်ထားတာမဟုတ်ဘူး။ ဒီနေ့ နာကျည်းမုန်းတီးတယ် ဆိုတာနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံထဲက အစိတ်အပိုင်းတခု ဖြစ်သွားတာမဟုတ် ဘူး။ စစ်သားကောင်းတယောက်ဟာ ကျည်ဆံကို အရမ်းမဖြုန်းတီးဘူး။ တပ်မှူးကောင်း တယောက်ဟာ တပ်သားတွေရဲ့အသက်ကို အရမ်းမဖြုန်းဘူး။ အလားတူပဲ ယူဂျီလုပ်ငန်း တာဝန် ယူလုပ်နေသူတွေဟာ မိမိအင်အားတွေကို အလွယ်တကူ စတေးပစ်လို့မဖြစ်ဘူး။ ရှာရတယ်၊ မွေးရတယ်၊ တည်ဆောက်ရတယ်။

ခေါင်းဆောင်မှုဆိုတာ အတတ်ပညာ၊ အနုပညာဖြစ်တယ်ဆိုတာတွေအပြင် ကိုယ်ကျိုး ကင်းမှု၊ အမြော်အမြင်ကြီးမှု စတာတွေလည်း ပါတယ်။ လူထုအရေး၊ လူထုအရေးတော်ပုံကို ကိုယ့်အရေး၊ ကိုယ့်အရေးတော်ပုံလို သဘောထားတယ်ဆိုတာဟာ ကိုယ်အကျိုးနဲ့ တွဲဖက် ထားတာကို ဆိုလိုတာမဟုတ်ဘူး။

ဆိုလိုတာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကို သာမန် လတ်တလောချင်းပေါ်ပေါက် တဲ့ လှုပ်ရှားမှုလောက်နဲ့ လုပ်လို့မရဘူး။ ရေရှည်တည်ဆောက်၊ ပြင်ဆင်မှုတွေလုပ်ကြရမယ်။ တပွဲနဲ့မအောင်ရင် နောက်တပွဲ ဆက်တိုက်နိုင်အောင် တည်ဆောက်ရမယ်။ ဒီလိုအဆောက်အအုံ တည်ဆောက်တာကို လက်နက်အားကိုး၊ ငွေအားကိုးနဲ့ ခုရေတွင်းတူး ခုရေကြည်သောက်လုပ်လို့ မရဘူး၊။ ခေါင်းဆောင်မှုအရည်အသွေးဟာ ဒီနေရာမှာ စကားပြောတာပဲ။ တိုက်ပွဲတပွဲကို ဦးဆောင်တာနဲ့ အရေးတော်ပုံတခုကို ဦးဆောင်တာတို့တောင် မတူဘူး။ စစ်ခေါင်းဆောင်မှု မှားရင် ရလဒ်ကို ချက်ခြင်းမြင်ရတယ်။ နိုင်ငံရေးခေါင်းဆောင်မှုမှားရင် ရလာဒ်ကို ချက်ခြင်း မြင်ကောင်းမှမြင်ရတယ်။ ဒါပေမဲ့ ဆုံးရှုံးးမှုကတော့ ဘာမှမကွာဘူး။ ဆုံးရှုံးမှုဒဏ်ကို ခံကြရရာ မှာလည်း အာဏာရနေသူနဲ့ အာဏာမဲ့သူတို့ မတူဘူး။ အာဏာမဲ့သူဟာ ဆုံးရှုံးမှု ပိုကြီးလေ့ရှိ တာပဲ။

နောက်ဆုံး မမေ့သင့်တဲ့အချက်တချက်က ခေါင်းဆောင်ဆိုတာဟာ ခေါင်းဆောင်တာ သက်သက်မဟုတ်ဘူး။ သူပါ ပါဝင်တိုက်ပွဲဝင်၊ ဆင်နွှဲရတာဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်တယ်။ တိုက်ပွဲတပွဲ၊ လှုပ်ရှားမှုတခု ဆုံးရှုံးတယ်ဆိုရင် အောက်ခြေက တရားခံဖြစ်တယ်ရယ်လို့ မရှိဘူး။ ခေါင်းဆောင်ပဲ တရားခံဖြစ်တယ်။ သူ့ပဲ အဓိကတာဝန်ရှိတယ်။

ဗသြ

Read More...

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၁)အပိုဒ်(က)

.... ... ...မြန်မာပြည်၏ စာသင်ကျောင်းနှင့် တက္ကသိုလ်များ ပိတ်ချည်၊ ဖွင့်ချည်ဖြင့် ကျောင်းသားလှုပ်ရှားမှု များဖြစ်တိုင်း ကျောင်းသားတို့၏ ပညာရေး ကိုသာ ပိတ်ဆို့ဖျက်ဆီး တားမြစ်ခြင်းခံနေရချိန် .........။


နိုင်ငံရေးကမတည်ငြိမ်၊ စီးပွားရေးကျဆင်းမှုမုန်တိုင်းကလည်း မကြာခဏ တိုက်ခတ် မွှေနှောက်သောကြောင့် ကုန်ဈေးနှုန်းပမာဏက အတက်သာရှိပြီး အကျဟူသည်မကြားဖူးချိန်..
ထိုအချိန် ထိုကာလအတွင်း၊ မြန်မာပြည်၏ တောင်ပေါ်မြို့တစ်မြို့တွင် တည်ရှိသော အထင်ကရကျော်ကြား လှသည့် တက္ကသိုလ်ကြီးတခုအတွင်းဝယ် ဤသို့သောဖြစ်စဉ် ဖြစ်ရပ်များ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသည်ကိုတွေ့ရှိ ရမည် ဖြစ်သည်။
..... ...... ...... ....... .........
‘ကွေး.. ... ...ဆန့် .... ..... ... တစ်’
‘ကွေး.. ... ...ဆန့် .... ..... ... နှစ်’

စစ်သက္ကသိုလ်လေ့ကျင့်ရေးကွင်း
ကြွေပြား အနီများဖြင့်တန်ဆာဆင်ထားသည့် သုံးထပ်မှ လေးထပ်ထိမြင့်သော ဗိုလ်လောင်းအိပ်ဆောင်များ ကြားရှိ ဗိုလ်လောင်းများ စုပေါင်းတန်းစီကွင်းအတွင်းမှ အမိန့်ပေးသံများနှင့် သံပြိုင်အော်ဟစ်သံများဖြစ်ပါသည်။ ထိုကဲ့သို့သော အသံများကို မနက်၊ ညနေ စုပေါင်းတန်းစီချိန်များအတွင်း ပုံမှန်ကြားရလေ့ရှိပြီး ၊ စနေ ၊တနင်္ဂနွေ ကျောင်းပိတ်ရက်အတွင်းတွင်မူ တနေကုန်နီးပါးကြားနေရလေ့ရှိသော အော်သံ၊ ဟစ်သံများ ဖြစ်ပေသည်။
ကွေး၊ ဆန့် ဟူ၍ ခိုင်းစေအမိန့်ပေးနေသူများမှာ စစ်သက္ကသိုလ် ဗိုလ်လောင်း စတုထ္ထနှစ် စီနီယာများဖြစ်ကြပြီး၊ ၎င်းတို့အော်သည့်အမိန့်အတိုင်း လက်ထောက် မှောက် ( ဒိုက်ထိုးခြင်း) ပုံစံဖြင့် မြေကြီးပေါ်ထောက်ထားသော လက် နှစ်ဖက်အား ပင်ပန်းနွမ်းနယ်စွာဖြင့် ကွေးချည်၊ ဆန့်ချည် လိုက်လုပ်ရင်း အော်ဟစ်၍ အမှတ်စဉ် ရွတ်ဆိုနေကြသူ များမှာ နောင်တစ်ခေတ်၏ အောင်စစ်သည်များ ဖြစ်လာကြမည့် စစ်သက္ကသိုလ် (Defence Services Academy) ခေါ် D. S. A ၏ ပထမနှစ် သင်တန်းသား ဗိုလ်လောင်းလူငယ်လေးများ ဖြစ်ကြ၏ ။
စစ်သက္ကသိုလ်၏စုပေါင်းတန်းစီကွင်းကြီးမှာ အလျှားပေ (၅၀၀) နှင့် အနံပေ (၃၀၀) ခန့်ရှိပြီး ပြန့်ပြူးသော ကွန်ကရစ်ခင်း လေးထောင့်ကွင်းကြီးဖြစ်၏။ ပတ်ပတ် လည်တွင် အလှကွက်များဖြင့် တန်ဆာဆင်ထားသော ပန်း ဘောင်ကြီးများ အစီအရီ တည်ရှိပြီး ၎င်းဘောင်များထဲတွင် ရာသီအလိုက်စိုက်ပျိုးထားသော ရောင်စုံပန်း အမျိုးမျိုးတို့မှ အရောင်စုံအလှစုံတို့၏ ရှုခင်းပသာဒနှင့် ကွင်းပြင်ကြီးအတွင်းမှ အော်သံ၊ ဟစ်သံ၊ ငေါက်ငန်းသံ၊ နွမ်းလျှ ပင်ပန်းစွာ လှုပ်ရှားဟန်တို့မှာ ဘယ်လို နည်းဖြင့်မှ ဆက်စပ်၍မရနိုင်သော အလှနှင့် အကျည်းတန်မှုတို့ပင်ဖြစ်ပေသည်။
ထိုမြင်ကွင်း၊ ထိုအချင်းတို့မှာ D.S.A ၏ မရိုးနိုင်သော နေ့စဉ်ဖြစ်ရပ်တို့သာ ဖြစ်၏ ။ စစ်သက္ကသိုလ်၏ အုပ်ချုပ် မှုအစဉ်အလာအရ စီနီယာ ဗိုလ်လောင်းက ဂျူနီယာ ဗိုလ်လောင်းကို ကြီးကြပ်အုပ်ချုပ်ရပြီး၊ အပြစ်တစ်စုံတစ်ရာ တွေ့ရှိ သော အခါများဝယ် ဤကဲ့သို့အပြစ်ပေးခြင်းမျိုး မကြာခဏ ပြုလေ့ရှိသည်။ စီနီယာ ဗိုလ်လောင်း၏ နည်းအမျိုးမျိုးဖြင့် အပြစ်ပေးခြင်းများကို ဂျူနီုယာဗိုလ်လောင်းများက ရိုသေကျိုးနွံ့စွာ၊ ကြောက်ရွံ့သော မျက်နှာပေးလေးများဖြင့် လိုက်နာ လုပ်ဆောင်ရ၏။ အပြစ်ပေးနည်းအမျိုးမျိုးကို နည်းစနစ်တကျအတိုင်း လိုက်ပါလုပ်ဆောင်ရန် ငြင်းဆန်ခြင်း၊ ဖီဆန်ခြင်း၊ ကလန်ကဆန်လုပ်ခြင်း ပြုမိသူ ဂျူနီယာ ပထမနှစ် (first year cadet) ဗိုလ်လောင်းသည် အထက်အမိန့်ကိုမနာ ခံခြင်း၊ အာဏာဖီဆန်ခြင်းဟူသော ပြစ်မှုဖြင့် အခြားကြီးလေးသောပြစ်ဒဏ်များ၊ ရုံးတင်စစ်ဆေးအရေးယူခြင်း၊ စစ် ဘက်ဥပဒေဖြင့် အရေးယူခံရခြင်း စသော အတောမသတ်သည့် ပြစ်ဒဏ်များက မိုးကျရွှေကိုယ်များနှယ် ရောက်လာ မည်ဖြစ်၏။ ထို့အပြင် စိတ်ဓါတ်ခံယူချက် အောက်တန်းကျသော စီနီယာဗိုလ်လောင်းအချို့၏ အငြိုးတေးဖွဲ့ ရန်ငြိုးထား ခြင်းကို ခံရမည်ဖြစ်ပြီး၊ အပြစ်မရှိ အပြစ်ရှာခံရခြင်းများစွာ ကြုံတွေ့ရတော့မည်ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ ထိုဗိုလ်လောင်းသည် စိတ်ဓတ်ကျဆင်းလာရပြီး နောက်ဆုံးတွင် ဂျူနီယာပထမနှစ် (First Year Cadet) ဘ၀မှထွက် ပြေးကာ စစ်ပြေး၊ ၀ရမ်းပြေး ဘ၀သို့ရောက်သွားမည်ဖြစ်၏။
ဤရွေ့ဤမျှအထိ ဆိုးကျိုးသက်ရောက်စေနိုင်သော အမိန့်မနာခံမှုဆိုသည့် ပြစ်မှုကို ဗိုလ်လောင်းသင်တန်း သားတိုင်းက ကြောက်ရွံ့ကြသည်မှာ မဆန်းပါပေ။
အပြစ်ပေးခံနေရသူများထဲတွင် လက်ထောက်မှောက်သူကမှောက်၊ ဂျွမ်းထိုး သူကထိုး၊ ဖါးခုန်ဟုခေါ်သော ဖါးတစ်ကောင်ကဲ့သို့ ခုန်ဆွ၊ ခုန်ဆွ၊ ခုန်သူကခုန် အမျိုးမျိုးအစုံစုံ ပုံစံတို့ကိုတွေ့ကြရမည်ဖြစ်သည်။ ပါးစပ်မှလည်း တစ်.. ...နှစ်... ....သုံး စသည်ဖြင့် အမှတ်စဉ်များ အော်ဟစ်နေကြရ၏။ တချို့သောဗိုလ်လောင်း များက ...ဟုတ် ... ... မဟုတ် ဟူသောအသံနက်ကြီးများဖြင့် စီနီယာဗိုလ်လောင်း၏ အမေးကို ဖြေကြားနေပုံကိုလည်း တွေ့ရပေမည်။
တန်းစီကွင်းကြီး၏ အရှေ့ဘက်အရပ် ကွင်းထိပ်မျက်နှာစာမှ တပ်မတော် (ကြည်း. ရေ. လေ) စစ်သား သုံးဦး၏လက်တွဲဖေါ်၊ အတူယှဉ်တွဲနေဟန် ပလာစတာ ရုပ်တုကြီးများကလည်း အလွန်ခန့်ထည်စွာဖြင့်၊ ကြီးကျယ်ခမ်း နားလှသော ဗိုလ်လောင်းအိပ်ဆောင်များနှင့်အပြိုင် ပဏာရတင့်တယ်လှပေသည်။ ( ယခုတော့ ကြေး ရုပ်တုကြီးတွေ ဖြစ်သွားပါပြီ ) ။
စစ်သက္ကသိုလ်၏ ပရ၀ုဏ်အတွင်း ဘယ်နေရာကြည့်ကြည့် သပ်ရပ်သန့်ရှင်း စွာဖြင့် တည်ဆောက် မွမ်းမံထား ၏။ ဗိုလ်လောင်းအိပ်ဆောင်များ၏ အရှေ့မှပတ်၍ ဖေါက်လုပ်ထားသော ကုန်းမြင့်မို့မို့လေးအပေါ် ကွေ့ဝိုက် မောင်းနှင်ရ သည့် မော်တော်ကားလမ်းမှာလည်း ကွန်ကရစ်ဖြင့် စနစ်တကျ ညီညာစွာသွန်းလောင်းထား၏ ကားလမ်း၏တဖက် တချက်တွင်လည်း စနစ်တကျစိုက်ပျိုးထားသည့် စိန်ပန်းနီပင်၊ စိန်ပန်းပြာပင်နှင့် တောင်ပေါ်ဒေသ၏ ပိတောက်ပန်းဟု ခေါ်နိုင်သော ပန်းချယ်ရီပင် တို့ကလည်း အစီအရီ ....။
စိန်ပန်းပြာပွင့်တို့ ကြွေလင့်ချိန်ဖြစ်သောကြောင့် စိန်ပန်းပြာပင်တို့၏အခြေ ကားလမ်းတ၀ိုက်သည် အပြာ ရောင် အပွင့်တို့ဖြင့် ရှုခင်းပန်းချီကားတစ်ချပ်မှ အပြာရောင်ဆေးစက်တို့ ကြဲပက်ထားသည့်ဟန်၊ တောင်ပေါ်ဒေသ၏ သဘာဝရာသီဥတုအတိုင်း ကောင်းကင်ပြာပြာကြီးကလည်းပြာ .. စိန်ပန်းပွင့်ကြွေတို့ကလည်းပြာ .. အရာရာသည် အပြာရောင်လွှမ်းသော ဆေးရောင်စုံ ပန်းချီကားတစ်ချပ်နှယ်ပါပင် ။
တောင်ပေါ်ဒေသ၏ရာသီဥတုကလည်း လေအေးပေးစက်တပ်ဆင်စရာမလိုဘဲ အေးမြချမ်းစိမ့်နေ၏။ လေနု အေးအေးလေးများ၏ လတ်ဆတ်သန့်ရှင်းမှုများနှင့်အတူ မွှေးပျံ့သင်းထုံသော ပန်းရနံ့တို့ကလည်း စွဲမက်ဖွယ်တောင် ပေါ်ဒေသ၏အလှကို ပေါ်လွင်ထင်ရှားစေပေသည်။
အဆိုပါ မြင်ကွင်း၊ ရှုခင်းတို့သည် မြန်မာနိုင်ငံ မန္တလေးတိုင်းအတွင်းရှိ မေမြို့၊ ပန်းမြို့တော်၊ တောင်လှေခါး မြို့တော်၊ နှင်းမြို့တော်၊ ပြင်ဦးလွင်ဟု ငါးမည်ရမြို့တော် ပြင်ဦးလွင်တွင်တည်ရှိသည့် (အရှေ့တောင် အာရှတွင် တစ်ခုတည်းသော တက္ကသိုလ်) ဟု မြန်မာစစ်တပ်အတွင်းဝါဒဖြန့်ထားသည့် (Defence Services Academy) ခေါ် D.S.A ၏ နွေနှောင်းရက်တစ်ရက် မြင်ကွင်းပင်ဖြစ်ပါသည်။
စစ်သက္ကသိုလ်သည် မြန်မာ့တပ်မတော်ခေါ် မြန်မာ လက်နက်ကိုင်စစ်တပ် အတွက် စစ်ဗိုလ်အရာရှိ၊ စစ်ခေါင်း ဆောင်ငယ်များ မွေးထုတ် သင်ကြားပေးနေရာ စစ်သင်တန်းကျောင်းကြီးတစ်ခုဖြစ်၏။ ၁၉၅၀ ခုနှစ် လွန်များမှ စတင် တည်ထောင်ခဲ့ပြီး မြန်မာလက်နက်ကိုင်စစ်တပ်အတွက် စစ်မှုထမ်းအရာရှိ ပေါင်း ၃၀၀၀၀ ကျော် မျှ လေ့ကျင့်မွေး ထုတ်ခဲ့ပြီးဖြစ်၏။ ယနေ့လက်ရှိ မြန်မာ့စစ်တပ်တွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အာဏာရယူဆုပ် ကိုင်ထားဆဲဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီးမောင်အေးသည် အဆိုပါ D.S.A ခေါ် စစ်သက္ကသိုလ် ပထမအပတ် ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦးဖြစ်သည်။
ဗိုလ်ချုပ်ကြီးမောင်အေး
ထို့အပြင် စစ်တပ်၏လတ်တလော အရေးပါအရာရောက်သော တိုင်းမှုး၊ တပ်မမှုး ရာထူးများ၊ ဌါန၊ နေရာ အတော်များများကိုလည်း စစ်သက္ကသိုလ်ဆင်း အရာရှိ များကသာ ဦးစီး၍ လွှမ်းမိုးချုပ်ကိုင်ထားသည်ကို တွေ့ရမည်ဖြစ်၏။
ယနေ့မြန်မာ့တပ်မတော်အပေါ် ဦးစီးကြိုးကိုင် ချယ်လှယ်နေသော စစ်ဗိုလ်ချုပ်များ၊ တပ်မတော် ခေါင်းဆောင် များသည် မြန်မာလက်နက်ကိုင် စစ်တပ်ကို အင်အားအဖြစ် အသုံးပြု၍ မြန်မာနိုင်ငံအပေါ် စစ်အာဏာရှင်စနစ်ဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့ သည်မှာ ၁၉၈၈ ခုနှစ် (မြန်မာတစ်နိုင်ငံလုံး အုံကြွ၍ ဒီမိုကရေစီတောင်းဆိုပွဲကြီး ဖြစ်ပွားသောနှစ်) မှ စတင်၍ ယနေ့ထိတိုင်ပင်ဖြစ်၏။ ယနေ့ ၂၀၀၆ ခုနှစ် မြန်မာ နိုင်ငံ၏ နိုင်ငံတကာ မျက်နှာစာတွင် ခေါင်းမဖေါ်ဝံ့အောင် ဖြစ်နေရသည့် လက်ရှိအခြေအနေ၏ အကြောင်းအရင်းမှန်ကို မြန်မာပြည်သူ၊ ပြည်သားများနှင့် ကမ္ဘာ့ ပြည်သူတရပ် လုံး သိရှိမှသာ မြန်မာပြည်၏ အနာဂတ်အလားအလာ ကောင်းမွန် လာနိုင်ဖွယ်ရှိသည်။
စစ်အာဏာရှင်စနစ်ကျင့်သုံး၍ တိုင်းပြည်နှင့်လူမျိုးအား တိုးတက်ဖွံ့ဖြိုး အောင်စွမ်းဆောင်နိုင်ခဲ့သည့် အစိုးရ အဖွဲ့ဟူ၍ ကမ္ဘာ့သမိုင်းတွင် မရှိခဲ့ဘူးပါ။ သို့သော်လည်း ယနေ့ ကျနော်တို့ မြန်မာနိုင်ငံကို လက်နက်ကိုင်စစ်တပ် အင်အားဖြင့် ခြိမ်းခြောက်ဖိနှိပ် အနိုင်ကျင့် ဗိုလ်ကျကာ အဓမ္မအုပ်ချုပ်နေသော စစ်အာဏာရှင်အုပ်စု၏ လက်အောက်၌ တိုင်းပြည်၏ အထွေထွေ အခြေအနေသည် တဖြည်းဖြည်း ဆုတ်ယုတ်နိမ့်ပါးပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် အမွဲဆုံးနိုင်ငံဖြစ်နေပေပြီ။ ထိုသို့အဆိုးဝါးဆုံးအခြေအနေ ရောက်နေသည့်တိုင် စစ်အာဏာရှင်အုပ်စုသည် ၎င်းတို့ ဖန်တီးနေသော အာဏာရှင်စစ်အုပ်ချုပ်ရေးစနစ်ဖြင့် တိုင်းပြည်၏လက်ရှိ ဖြစ်ပေါ်နေသော ဆင်းရဲမွဲတေခြင်းနှင့် ဆုတ်ယုတ်နိမ့်ပါးမှု အခြေအနေမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်မှု မရှိကြောင်း အမြင်မှန်မရနိုင်တော့ဘဲ၊ ၎င်းတို့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးနှင့် ၎င်းတို့၏ သားချင်းဆွေမျိုးတသိုက် ချမ်းသာကောင်းစားရေးကိုသာ၊ အရှက် တရားကင်းမဲ့စွာဖြင့် အစွမ်းကုန်၊ နည်းလမ်းစုံ၊ ကောက်ကျစ်ရက်စက်မှုပေါင်းစုံ သုံး၍ ကြိုးပမ်းဆောင်ရွက်နေကြ၏။


ပြည်သူလူထုတစ်ရပ်လုံးမှ ရွေးကောက်တင်မြှောက်ထားသော ပြည်ချစ်နိုင်ငံရေးပါတီတခုဖြစ်သည့် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်များအား အကြောင်းမဲ့ ဖမ်းဆီးထိမ်းသိမ်းထားခြင်း၊ ဒီမိုကရေစီရရှိရေး ဆောင် ရွက်သူ မျိုးချစ်နိုင်ငံရေးသမား မည်သူ့ကိုမဆို ရက်စက်ကြမ်းကြုပ်စွာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ခြင်း၊ အပြစ်မရှိပါဘဲ သားချင်း၊ ဆွေမျိုးမကျန် ဖမ်းဆီး နှစ်ရှည်ထောင်ဒဏ်များပေး၍ မျိုးဆက်တုံး သုတ်သင်ခြင်းများပြုလုပ်ကာ ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်နေကြသည်။ တိုင်းပြည်အား အမှောင်တိုက်လမ်းမှားသို့ ဇွတ်အတင်း သွတ်သွင်းဆွဲချနေကြသည်။ ၎င်းတို့ စစ်ဗိုလ်ချုပ်ကြီးတစ်စု အာဏာတည်မြဲရေး အတွက် ဘာကိုမဆို ရက်စက် ကြမ်းကြုပ်စွာ ပြုလုပ်နေသည့် အချိန်လည်း ဖြစ်၏။
လာဘ်စား၊ ခြစားမှုများ၊ မတရားမှုမျာ၊ ဥပဒေမဲ့လုပ်ရပ်များ၊ အာဏာအလွဲသုံးစား လုပ်၍ ကိုယ်ကျိုးရှာနေမှု များ၊ ဥပဒေဘက်တော်သားဟု အမည်ခံထားသော စစ်ဘက်၊ နယ်ဘက်၊ အာဏာပိုင်အဖွဲ့အစည်းများ၏ ပြည်သူလူထု အပေါ် မတရားဖိစီးနှိပ်စက်အနိုင်ကျင့်၍ ၎င်းတို့ကိုယ်ကျိုးစီးပွားတစ်ခုတည်းအတွက် မတရားစီးပွား ရှာဖွေနေကြခြင်း ဖြစ်စဉ်များ တိုင်းပြည်၏နေရာအနှံ့တွင် ဖြစ်ပွားနေ၏။ ဥပဒေ၏ အထက်တွင်မည်သူမှမရှိစေရဟု အမိန့်ထုပ်ပြန်သူ အာဏာရှင်ကြီးကိုယ်တိုင်ကပင် မတရားကိုယ်ကျိုးစီးပွား ရှာဖွေနေသူဖြစ်နေခြင်း၊ စသောအနာဂတ် ပြည်ထောင်စု အတွက် ရတက်မအေးစဖွယ်၊ ရင်လေးဖွယ်၊ အခြေအနေများကြောင့် ယနေ့မြန်မာ နိုင်ငံကိုစိုးမိုးအုပ်ချုပ်နေသည့် မြန်မာစစ်တပ်အစိုးရ၏ ကျောထောက် နောက်ခံ အဖြစ်ရပ်တည်နေသော မြန်မာ့တပ်မတော်သည် ကမ္ဘာ့လူထုကြီး၏ ဝေဖန်ရှုတ်ချခြင်းကို ခံရယုံသာမက၊ မြန်မာတိုင်းရင်းသားအပေါင်း၊ မိဘပြည်သူ အပေါင်း၏ မလိုမုန်းထားခြင်း၊ စက် ဆုပ်ရွံ့ရှာစွာ ရှောင်ရှားဖယ်ကျဉ်ခံရခြင်း၊ မေတ္တာတရား ကင်းမဲ့စွာ ဆက်ဆံပြောဆိုခံရခြင်း၊.. စသောရင်ထုမနာ ဖြစ်ဖွယ်အကြောင်းများ ဖြစ်ပေါ်လာနေပေ၏။

ဆက်လက်ဖတ်ရှုရန် အပိုဒ်များ....
(က).
(ခ). (ဂ). (ဃ)

Read More...

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၁) အပိုဒ်(ခ)

အမှန်စင်စစ် မြန်မာတပ်မတော်သည် မြန်မာပြည်သူတို့၏ ရင်နှစ်သည်းချာ သားရတနာတို့ဖြင့် လေ့ကျင့်ဖွဲ့စည်း တည်ဆောက်ထားသော အင်အားကြီးမားသည့် လက်နက်ကိုင်အဖွဲ့ကြီးတစ်ဖွဲ့ဖြစ်သည်။

ပြည်သူ့လူတန်းစား အမျိုးမျိုးမှ မွေးဖွားလာ သောလူငယ်မျိုးဆက်သစ်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော လက်နက်ကိုင် အဖွဲ့ကြီးတစ်ခုသာဖြစ် ပေသည်။ မြန်မာတိုင်းရင်းသား လူမျိုးစုအားလုံး၏ မည်သည့် ယဉ်ကျေးမှု တွင်ဖြစ်စေ လူတစ်ဦးသည် မိမိ၏ဆွေမျိုးသား ချင်း မိဘမောင်ဘွားများ၏ မလိုမုန်းထား စက်ဆုပ်ရွံ့ရှာစွာ ဆက်ဆံခံရခြင်း၊ အော့ကြော့လန်ခြင်း၊ ကို နှစ်ခြိုက်လိုလားသူ တစ်ဦးတယောက်မျှမရှိပါ။ မိမိနှင့်မိမိ၏မိသားစုဘ၀ ၀မ်းရေးအတွက် ကျင်လည်လုပ်ကိုင်နေရသောတာဝန်၊ အလုပ်အကိုင်၊ ပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး၊ မိဘဆွေမျိုး၊ အပေါင်းအသင်းနှင့် သူငယ်ချင်းတို့၏ ကြည်ဖြူနှစ်သက်ခြင်းကို ခံယူလိုကြ သည်ချည်းဖြစ်၏၊
ယနေ့မြန်မာတပ်မတော်ကို စတင်တည်ထောင်ခဲ့သော အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၄ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သော မိန့်ခွန်းပါ.... ရည်ရွယ်ချက်များသည် တိုင်းပြည်နှင့်လူမျိုးစု အားလုံးအတွက် အင်အားရှိဖွယ်ရာ၊ အားကိုးရာတပ်မတော်ကြီးအဖြစ် အားကိုးအားထားပြုနိုင်ဖွယ် အင်အားစုကြီး အဖြစ် မျှော်ရည်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သော မွန်မြတ်သည့် ရည်ရွယ်ချက် တို့ဖြင့် တည်ထောင်ခဲ့သည့် စစ်တပ်... ယနေ့ဘာတွေဖြစ်နေသလဲ ...
.....ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက်၊ ဒီလူမျိုးတွေရဲ့ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာ ဆိုတဲ့အနေမျိုးဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲဒီတပ်မတော် ဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာ ဖြစ်နေမယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲဖြစ်မယ်။..ဟု .. အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဆိုခဲ့၏။ သူ့စကားမှန်ကန် အောင်လည်း သူကိုယ်တိုင်စံနမူနာပြ စစ် ခေါင်းဆောင်အဖြစ် အောင်မြင်စွာ တည်ဆောက်ခဲ့၏။
မြန်မာမျိုးချစ်လူငယ်များ၏ စံနမူနာပြ ခေါင်းဆောင်င်္ကြီးဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း၏ တပ်မတော်အပေါ် ထားရှိခဲ့သော ရည်ရွယ်ချက်သဘောထားသည် ယနေ့ခတ်တွင် မှန်-မမှန် တော့မသိ။ တပ်မတော်ကို စတင်တည်ထောင်ခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံကိုပင်မမြင်ရတော့။ မည်သည့် စစ်တပ်၊ ဌာန၊ ရုံးခန်းတွင်မှ ချိတ်ဆွဲခွင့်မရှိတော့ပေ။ ကမ္ဘာနှင့်တ၀န်း နိုင်ငံတကာသုံး ငွေကြေးများတွင် သူတို့နိုင်ငံ အတွက် ကိုယ်ကျိုးစွန့်လွတ်၊ အနစ်နာခံကာ လွတ်လပ်ရေးရအောင် အသက်စွန့်ကြိုးပမ်းခဲ့သူ မျိုးချစ်အာဇာနည်တို့၏ ဓါတ်ပုံရုပ်လွှာကို တခမ်းတနား ရိုက်နှိပ်၊ ဂုဏ်ယူဝင့်ကြွားစွာ မြတ်နိုးလေးစား တန်ဖိုးထားနေချိန်တွင် ကျနော်တို့နိုင်ငံ၌ ငွေစက္ကူပေါ်တွင်ဝေးစွ၊ မည်သည့်နေရာမှာမှ အမှတ်တရ ချိတ်ဆွဲ ခွင့်မပြုတော့သည်ကို အလွန်တရာဝမ်းနည်းဖွယ် ကောင်းစွာ တွေ့မြင်နေရသည်။ ရိုသေလေးစားမှုဖြင့် အမှတ်တရပြုခြင်းကိုပင် တားမြစ်ပိတ်ပင်ထားယုံမျှမက အမျိုး သားခေါင်းဆောင်ကြီးများ၏ အာဇာနည်စိတ်ဓတ်ကို မြတ်နိုးလေးစားသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓတ်ပုံကို တရိုတသေ အလေးပြုမိသူ မျိုးချစ်ပုဂ္ဂိုလ်တို့အား ပြင်းထန်လှသော နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ကာ ရက်ရက် စက်စက်နှိပ်ကွပ်နေသည်ကိုလည်း ပြည်သူ ပြည်သားအားလုံးက ရင်ထုမနာဖြစ်စွာ တွေ့မြင်နေရ လေသည်။
ဤသို့ တိုင်းပြည်နှင့် လူမျိုးအတွက် စံနမူနာကောင်းများပြသခဲ့သူ၊ ကိုယ်ကျိုး အတွက် တစက်မှ မငဲ့ကွက်ခဲ့ပဲ တိုင်းပြည်အတွက်သာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ အာဇာနည်များ၏ မွန်မြတ်စွာရေးသားခဲ့သည့်သမိုင်းကို ဖျောက်ဖျက်ပစ်ပြီး ၎င်းတို့၏ ဖက်ဆစ်အာဏာရှင်စနစ် ကြီးစိုးချယ်လှယ်မှု သက်တမ်းရှည်ကြာစေရန် အထောက်အကူ ပြုမည့် လီဆည်လိမ်ညာထားသည့် သမိုင်းအတုအယောင်များဖြင့် အစားထိုးကာ နည်းမျိုးစုံဖြင့် ပြည်သူကိုလှည့်စား သိမ်းသွင်းရန် ကြိုးပမ်းနေကြသည်ကို တွေ့ရ၏။ ထိုသို့ပြည်သူချစ်သော ပြည်သူ့ခေါင်းဆောင်များကို မြန်မာ့သမိုင်းမှ ဖျောက်ဖျက်ဖယ်ရှားရန် တဖက်မှကြိုးစားနေသကဲ့သို့ တဖက်မှလည်း သူတို့စစ်တပ် ကြီးစိုးသော အာဏာရှင်စနစ်ကို အားကိုးယုံကြည်လာစေရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသည်ကို တွေ့ရှိရ၏။ တိုင်းပြည်၏နေရာအနှံ့ တွေ့မြင် နေကြရ သော စစ်တပ်၏၀ါဒဖြန့်ဆိုင်းဘုတ်များတွင် စာလုံးမည်းကြီးများဖြင့်ရေးသား ထားသလို (တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ) ဟု တွင်တွင် ကြော်ငြာကာ စစ်တပ်ကို ပြည်သူက ငြိုငြင်မှု လျှော့ပါးစေရန် ဆွဲဆောင်၏။ တဖက်မှလည်း ၎င်းတို့ တပ်မတော်ကို အမိ၊ အဖ၊ အကြီးအမှုးသဖွယ် သဘောမထားပဲ အပြစ်ပြောသူ ကလန်ကဆန် လုပ်သူတို့ကို ရက်ရက်စက်စက် အပြစ်ပေးဖမ်းဆီး သတ်ဖြတ်သည် အထိ ပြုနေ၏။
အကြောက်တရားကို နောက်ကွယ်တွင် မသိမသာရော သိသိသာသာလုပ်ရပ် များဖြင့်ပါ လှစ်ဟပြ ခြိမ်း ခြောက်ထားပြီး မျိုးချစ်ပြည်သူ၊ ပြည်သားများကို လူမမြင်၊ သူမမြင် တိတ်တဆိတ်ဖမ်းဆီးကာ ဘ၀ပျက်သည်အထိ ရက်စက်စွာ ပြစ်ဒဏ်ခတ်၏။ နောက်ဆုံး ရက်ရက်စက်စက် တိရိစ္ဆာန်တကောင်လောက်ပင် တန်ဖိုးမထားဘဲ အကြမ်း ဖက် သတ်ဖြတ်၏။ ဖက်ဆစ်စနစ် ဂျပန်ခေတ်က ဂတ်စတာပို စစ်ပုလိပ်တို့ ဖြင့် တိုင်းပြည်ကို အကြောက်တရားဖြင့် ခြိမ်းခြောက်စေကာ အုပ်ချုပ်သွားသကဲ့သို့ ယနေ့ ကိုယ့်လူမျိုးချင်း သွေးခွဲအုပ်ချုပ်ကာ စစ်တပ်အစိုးရအပေါ် ဖိန့်ဖိန့်တုန် ကြောက်လန့်စေ၏။ မော်၍ပင်မကြည့်ဝံ့အောင် နည်းမျိုးစုံဖြင့် ပုံသွင်းထား၏ အခြားတဖက်မှ စစ်အာဏာရှင်စနစ်၏ အာဏာပိုင်တန်ခိုးကို အသုံးပြုပြီး နိုင်ငံရေးနှင့် ကိုယ်ကျိုးစီးပွားရှာနေသူ စစ်ဗိုလ်ချုပ်ကြီးတို့အပေါ် လူမြင် သူမြင် ကောင်းစေသော ဆိုင်းဘုတ်များ၊ ကြော်ငြာများ၊ ဘာသာရေးဗန်းပြသော သူတော်ကောင်းယောင် ဆောင်မှု လုပ်ရပ် များ ဥပမာ..(ထီးတင်ခြင်း၊ ကောင်းမှုကုသိုလ်ဆိုသော ရေစက်ချခြင်း။) အများပြည်သူ၏သွေးနှင့်ချွေးနှင့် ရင်းနှီးကာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းပြီး ဖြစ်ပေါ်လာသည့်လုပ်ငန်းအဆောက်အဦးများကို အခမ်းအနားကြီးများကျင်းပကာ ၎င်းတို့က အခန့်သားလာရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သူတို့၏လုပ်ပိုင်ခွင့် တန်ခိုးအာဏာကို အလွန်အကြူး ပိုင်ဆိုင်လေဟန် ဂျင်ပေါ်ကထုံးပမာ လုပ်ရပ်များဖြင့် အမြတ်ထုတ် ကိုယ်ကျိုးရှာသေး၏။ ထိုသို့ ကြောင်သူတော် အရေခြုံ၍ ဟန်ပြသူတော်ကောင်း အလုပ်များကို မီဒီယာများမှ တွင်တွင်ပြကာ မသိနားမလည်သူ ပြည်သူတို့ အထင် တကြီးဖြစ်လာအောင်၊ မသိနားမလည်သောပြည်သူတို့ကို ဝေခွဲမရ၊ ဇဝေဇ၀ါဖြစ်လာအောင် ၀ါဒမှိုင်းတိုက်စေ၏။ မင်းဆိုး မင်းညစ်တို့၏ လူမမြင် သူမမြင် ရက်စက်ယုတ်မာပုံ၊ ကိုယ်ကျိုးစီးပွားကောင်းစားဖို့ အတွက်သာ ဆိုလျှင် ဇတ် တူသားပင်စားရန်မကြောက်သော စားခွက်လုမှု၊ အာဏာပြိုင်ဆိုင်နေမှုတို့ကို ပြည်သူလူထု မသိရှိစေရန်၊ စိတ်မ၀င်စား စေရန် ကြောင်သူတော်ကောင်းအဖြစ် ဟန်ဆောင်ကြော်ငြာသော လုပ်ကြံသတင်းများ ဖြန့်ေ၀၀ါဒဖြန့်ကာ မှိုင်းတိုက် ဖုံးကွယ်ရန် ကြိုးစားနေသော ကာလလည်း ဖြစ်၏။
သို့ပါသော်လည်း လက်ရှိအောက်ခြေ လက်နက်ကိုင်စစ်တပ်အတွင်းတွင် ဖြစ်ပေါ်နေသည့် မျိုးချစ်စစ်သည် သာမန်စစ်သားတို့၏ ခံစားချက်များ၊ ရင်ထုမနာ အတွေးများ၊ အထက်အာဏာပိုင်တို့၏ မတရားကိုယ်ကျိုးစီးပွား ရှာနေ ကြပုံများကို ငြိုငြင်ကဲ့ရဲ့နေမှုများ၊ လက်တွေ့ဘ၀အပေါ် အလိုမကျ ဒေါသဖြစ်နေသည့် တပ်မတော်သားတို့၏ ရင်တွင်း စိတ်ဆန္ဒများကို စစ်ဗိုလ်ချုပ်ကြီးတို့မသိ။ သိအောင်လည်းအားမထုတ်ရဲကြပေ။
ယနေ့မြန်မာ ပြည်သူလူထုက ယနေ့တပ်မတော်အပေါ်ယုံကြည်စွာအားကိုး အားထားခြင်း၊ အားပေးထောက် ခံခြင်း၊ မြတ်နိုးလေးစားဂုဏ်ယူကြခြင်းကို မြန်မာစစ်တပ်အတွင်း စစ်သားအဖြစ်အသက်မွေးဝမ်းကြောင်းမှုပြုကာ ဘ၀ ရပ်တည်နေကြသော ကျနော်စစ်ဗိုလ်အပါအ၀င် မြန်မာစစ်တပ်မှစစ်သည် အဆင့်အတန်း အားလုံး တို့က လိုလို လားလား တောင့်တကြပါသည်။ ပြည်သူလူထု၏အားကိုး ယုံကြည်ခြင်းကို ခံယူလိုကြပါသည်။ (မြန်မာ့သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်၏ အကြွင်းအကျန် အမွေအဖြစ် ပဒေသရာဇ်အနွယ်ဝင် ဖက်စစ်အာဏာရှင်တို့ ပုံသွင်းချမှတ် ဖေါ် ဆောင်မွေးမြူထားသည့် ..အလွန်တော်သည့် ကျွန်မျိုးကျွန်နွယ်၏စကားလှယ် ကျွန်တော်ဆိုသော ဝေါဟာရကို ဆန့် ကျင်တော်လှန်ပယ်ဖျက်၍ စကားသစ် ဖြစ်သော " ကျနော်ဆိုသည့် စကားလုံးကိုသာ အစားထိုး၍ သုံးစွဲသွားပါမည်။ )
သို့ပါသော်လည်း.. .. ..
ပြည်သူလူထုနှင့် တိုင်းရင်းသားတရပ်လုံးက သူတို့အပေါ်ဖိစီးနှိပ်စက် အနိုင်ကျင့်သော အာဏာပိုင်အဖွဲ့ အစည်း အဆင့်ဆင့်နှင့် လက်နက်ကိုင် အဖွဲ့ဟူသမျှ မုန်း၏။ ရ.ယ.က ကိုမုန်း၏။ မ.ယ.က၊ ပ.ယ.က၊ တ.ယ.က စသော စသော အေးချမ်းသာယာဖေရးနှင့် ဖွံ့ဖြိုးရေးအမည်ခံ ၎င်းတို့ကိုယ်ကြိုးစီးပွားရှာရေးအတွက်၊ အထက်စစ် အာဏာပိုင်များအား မျက်နှာလို၊ မျက်နှာရ ဖော်လန်ဖားပြီး အားကိုးရာမဲ့ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် အနိုင်ကျင့် နှိပ်စက်နေကြသူ၊ ပြည်သူ့သစ္စာဖေါက် များကိုမုန်း၏။ လူထုကြားမှနေ၍ ပြည်သူလူထုဖိနှိပ်ရေး၊ ဖက်ဆစ်အုပ်ချုပ်ရေး ယန္တရားကို လျှို့ဝှက်ကူညီကာ မတရားကြီးပွားချမ်းသာနေကြသော ( အရပ်သား သတင်းပေး) သစ္စာဖေါက်သူလျှို များအား မုန်း၏။ ထိုသစ္စာဖေါက် ပုဆိန်ရိုးများ၏ လက်ထောက်ချသတင်းပေးမှုကြောင့် ရိုးသားသော တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်မြောက်များစွာတို့ စစ်ထောက်လှမ်းရေး (ယခု စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) နှင့် စ.စ.စ၊ အထူးသတင်းတပ်ဖွဲ့ စသည်ဖြင့် ပြည်သူကို ထောင့်ပေါင်းစုံမှ စောင့်ကြည့် ဖိနှိပ်ရန် ဖွဲ့စည်းထားသော ကိုယ်ကျိုးရှာ အာဏာသုံး လက်ပါးစေအဖွဲ့များ၊ ဖက်ဆစ် စစ်ပုလိပ် လူယုတ်မာတို့၏ မတရားအကွက်ဆင် ဖမ်းဆီးခြင်းကိုခံခဲ့ကြရသည်၊ ခံနေကြ ရဆဲ ဖြစ်သည်ကို ပြည်သူတို့က မချိတင်ကဲ ဖြစ်စွာ ခံစားတွေ့မြင်နေရ၏။ ပြည်သူ့ရဲတပ်ဖွဲ့ ဟုခေါ်သော ယူနီဖောင်းဝတ် သူခိုး၊ ဓါးပြ၊ ပြန်ပေးဆွဲဂိုဏ်း၊ လူဆိုးလူမိုက်ဆန်ဆန် စစ်အာဏာရှင်စိတ်ကြိုက် ဥပဒေ၏ အကာအကွယ်အောက်မှ အဓမ္မမှုများ ကျူးလွန်နေသော ဥပဒေမဲ့ အဖွဲ့အစည်းများ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းအပြင် ထိုဥပဒေဘက်တော် သားဆိုသူတို့၏ မတရားသော အခွန်အတုပ်များ အတင်းအဓမ္မ တောင်းယူခြင်းကို အပြစ်မဲ့သော ပြည်သူလူထုမှ ခံနေကြရသည် ဆိုသည်ကိုလည်း ပြည်သူလူထုကသိ၏။ ပြည်သူလူထုအတွက်ဥပဒေနည်းလမ်းတကျ ကာကွယ်၊ စောင့်ရှောက်ရန်ဟု စစ်အာဏာရှင် အဖွဲ့က ကင်ပွန်းတပ်ပေးထားသော ပြည်သူ တို့ကို ဒုက္ခပေးသော အဖွဲ့အစည်း၊ လူတစုတို့ကိုလည်း ပြည်သူလူထုက မုန်းတီး နေကြပေပြီ။
ဒီကြားထဲ ရသမျှလက်တဆုပ်စာ၊ အာဏာငယ်ဖြင့်၊ ပြည်သူအပေါ် မောက်မာ ရိုင်းစိုင်း အနိုင်ကျင့်တတ်သော စစ်ဗိုလ်၊ စစ်သားအချို့ကလည်း၊ သူတို့ကိုသူတို့ မြို့စား၊ နယ်စား၊ မင်းဟန်ပန်ဖြင့် အပြစ်မဲ့သူကို ခြိမ်းခြောက် အနိုင်ကျင့်ကာ မတရား ဖိစီးနှိပ်စက်သေးသည်။ အရှက်တရားမဲ့ ကိုယ်ကျိုးရှာနေကြသည့် မင်းလိုလိုက်၊ မင်းကြိုက် ဆောင် သခင်အားရ၊ ကျွန်ပါးဝနေသော အာဏာရှင်အငယ်စား စစ်ဗိုလ်၊ စစ်သားအချို့ကိုယ်လည်း ပြည်သူလူထုက နာကျည်းမုန်းတီးနေ၏။ နေရာတိုင်း၊ ဌါနတိုင်း၊ အချိန်တိုင်းတွင် အပြစ်မဲ့ပြည်သူအရပ်သားတို့အား ဖိစီးနှိပ်စက်နေ သည်မှာ ဤအာဏာ၊ ရိုးသားသော တိုင်းရင်းသား မျိုးချစ်သူတို့၏ အားမာန်ကို ရိုက်ချိုးဖျက်ဆီး နေသည်ကလည်း ဤအာဏာ၊ မြင့်မြတ်သော သာသနာပြု ရဟန်းရှင်၊ လူတို့၏စိတ်နှလုံးတို့ကို မှေးမှန်ကွယ်ပျောက်စေ သည့်....ဤအာဏာ၊ မျိုးရိုးဂုဏ်ရှိန် ထည်ဝါတောက်ပခဲ့သော မျိုးမြန်မာတို့၏ ဇာတိမာန်ကို ချိုးနှိမ်ဖိနှိပ်နေ သည် မှာလည်း ဤအာဏာ၊ မကြာမြင့်သေးသည့် ဆယ်စုနှစ်အနည်းငယ်ခန့် အချိန်က အရှေ့တောင်အာရှ နိုင်ငံများအကြား တွင် အချမ်းသာဆုံးဟု ကြွေးကြော်နိုင်ခဲ့သော ကျနော်တို့၏ အမိမြန်မာပြည်ကြီးကို ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်သွား အောင် ဖျက်ဆီးခဲ့သည်သာမက၊ နုနယ်ပျိုမျစ်သော မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ မွေးရပ်အမိမြေ ကိုစွန့်ခွာကာ တိုင်းတပါးရပ်ခြား၊ လူမျိုးခြားတို့ လက်အောက်တွင် ရရာအလုပ်လုပ်၊ မတရားဖိစီးနှိပ်စက်ခံ၊ ကျွန် သာသာ ဘ၀များဖြင့် ၀မ်းစာရှာဖွေရလောက်အောင်၊ အမိတိုင်းပြည်ကြီး၏ စီးပွားရေးရော၊ လူမှု အနာဂတ် ရေးပါ ဆုတ် ယုတ်နိမ့်ပါး စေခဲ့သည်မှာလည်း ဤစစ်အာဏာရှင်စနစ်...။

ဆက်လက်ဖတ်ရှုရန် အပိုဒ်များ.....(က). (ခ). (ဂ). (ဃ)

Read More...