Friday, January 25, 2008

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၂)အပိုဒ်(ဂ)

မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဆိုသော ငွေပေးသူ မည်သူ့ကိုမဆို အမျိုးသားမှတ်ပုံတင်လက်မှတ် ထုတ်ပေးသည့် ကိုယ်ကျိုးရှာ အဖွဲ့အစည်းနှင့် ဒေသခံစစ်အာဏာ ပိုင်များကို ငွေတွေပုံပေးပြီး၊ နိုင်ငံသားဟု ခံယူလာသည့် မြန်မာစကား လုံးဝနားမလည်သည့် လူမျိုးခြား တိုင်းတပါးသားတို့ကိုပင် မယူရလျှင် မနေနိုင်တော့အောင် ၄င်းတို့က စီးပွား၊ ဓန ချမ်းသာ ကြွယ်ဝလွန်းပြီး၊ မြန်မာ အမျိုးသမီးတို့မှာ ကုန်းကောက်စရာပင် မရှိအောင် ဆင်းရဲမွဲတေ လာ၍လော..။

သို့မဟုတ် စစ်အာဏာရှင်စနစ်ကြီးကပင် အတင်းအဓမ္မ ဆွဲဆောင် လူထပ်ခံစေ၍ လော။.. မြန်မာ့ သမီးပျိုတို့ကပင် မျိုးချစ်စိတ် ခေါင်းပါးလာ၍လော..။ မြန်မာယောက်ျားတို့ အိမ်ထောင်ဦးစီး အဖြစ်ပင် အားကိုးမှု မပြုနိုင်တော့လောက်အောင် အသောက်အစား လောင်း ကစားမက်ပြီး ပင်ကိုယ်အရည်အချင်း၊ စွမ်းရည်၊ စိတ်ဓါတ်၊ ဥာဏ၊ ကာယတို့ ညံ့ဖျင်းကုန်ကြ၍ လော.....။ ကျနော်တို့ကဲ့သို့ မြန်မာတိုင်းရင်းသား မျိုးချစ် လူငယ်တွေကတော့ မြန်မာတိုင်းရင်းသား အမျိုးသမီးထု တရပ်လုံးကို တိုင်းပြည်နှင့် လူမျိုးဂုဏ်ကို စောင့်ထိန်းသည့်၊ မျိုးရိုးဇာတိဂုဏ်မာန မြင့်သော၊ မြန်မာ တိုင်းရင်းသား စင်စစ် ကလေးငယ်တို့ကိုသာ နို့ချိုတိုက်ကျွေးသော သားကောင်း မိခင်တို့ဖြစ်စေချင်ပါသည်။

ကဲ ပြည်သူပြည်သား လူငယ်၊ လုံမငယ်များ၏ အသိဥာဏ် ပညာ၊ အတွေးအခေါ်၊ ခံယူချက်၊ မျိုးချစ်စိတ်ဓါတ်တို့ စတင်မွေးမြူပေးရာ..မြန်မာပြည်၏ (၁၉၉၃ ခုနှစ်) ပညာရေး စနစ်ကို လေ့လာ ကြပါအုံးစို့..။
လူသားတဦး၏ စာရိတ္တ အခြေခံမဏ္ဍိုင်ဖြစ်သည့် စစ်အာဏာရှင် ခေတ်အောက် မြန်မာ့ပညာ သင်ကြားရေး စနစ်ကိုလေ့လာမည်ဆိုလျှင်လည်း အားရကျေနပ်ဖွယ် တစက်မှမရှိပေ။ ကျနော်တို့ အရွယ်လူငယ်များ လူလားမြောက်ရာ ထိုကာလမှအစပြုခဲ့၍ ယနေ့တိုင်အသက်ဝင်နေဆဲ ဖြစ်သော ငွေတတ်နိုင်လျှင် ပညာတတ်တတ်၊ မတတ်တတ်၊ အောင်လက်မှတ် အလွယ်တကူ ရရှိနိုင်သည့် စစ်အာဏာရှင်ခေတ်မြန်မာ့ ပညာသင်ကြားရေး စနစ်အတိုင်း၊ သင်ပေးသလောက်ယူ၊ ကျန်တာ ကိုယ့်ဟာကိုယ် လိုချင်လျှင် ပြင်ပမှာ ရသလို၊ ကြုံသလို၊ ဖြစ်သလို ဆက်လက် လေ့လာ၊ ပညာ တတ်တာ မတတ်တာ၊ စစ်အစိုးရ တာဝန်မဟုတ်ဟု၊ တရားဝင် မကြေငြာယုံ တမယ်၊ ကြောက်ရွံ့ စိုးထိတ်ဖွယ် ပညာရေးစနစ်ပျက်အတွင်း ဆက်လက်ပညာ သင်ကြားလျှင် ကောင်းမည်လား၊ အပြင်လောကသို့ထွက်ပြီး စီးပွားရေးလုပ်ငန်းအတွက် အခြေခံလုပ်ငန်း ပညာရပ်တွေပဲ ဆည်းပူး သင်ယူလျှင် ကောင်းမည်လား၊ စသည်ဖြင့် ကျနော်တို့အရွယ် လူငယ်တွေ ဝေခွဲရန် ခက်နေသော၊ ဇဝေဇ၀ါ အဖြေမရှာ နိုင်သော ကာလ လည်းဖြစ်၏။

ထိုနှစ် ထိုကာလ အတွင်းက မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍမှ ပညာသင်ကြားမှု၊ စာပေနှင့် အတတ်ပညာ တတ်မြောက်မှု တို့တွင် ပညာသင်သူ ကျောင်းသား၊ ကျောင်းသူများ၏ ပင်ကိုယ် အစွမ်းအစဖြင့် အရည်အချင်းစစ် စာမေးပွဲများကို ဖြေဆို အောင်မြင်နိုင်ခဲ့ကြသူများ ရှိသကဲ့သို့ အာဏာအကူ၊ ဆွေမျိုးအကူ၊ ရာထူးအကူတို့ဖြင့် ဖြေဆို အောင်မြင်နိုင်ကြသည့် မပေါ်လွင်၊ မထင်ရှားခဲ့သည့် မသမာသော နည်းလမ်း ဖြစ်ရပ်များစွာတို့ ရှင်သန်လှုပ်ရှား နေချိန်လည်း ဖြစ်၏။ အတန်းပညာ သင်ရိုးကို ဖြတ်ကျော် အောင်မြင်စေကြောင်း၊ မသမာသော ဥပဒေမဲ့ ဖြတ်လမ်း နည်းများဖြင့် ကြိုးစားခဲ့ကြသည့် ဖြစ်စဉ်များ နိုင်ငံအနှံ့ ဟိုမှ သည်မှ၊ ဖြစ်ပွားနေခဲ့သော အချိန် လည်းဖြစ်၏။

ကျောင်းများတွင် စာမသင်၊ ချဲထီ၊ နှစ်လုံးထီ ထိုင်တွက်နေကာ ကျောင်းသားတို့ဖြစ်ချင်ရာဖြစ်၊ သူနှင့်မဆိုင်သလိုနေသောဆရာ၊ ဆရာမတို့က၊ ၄င်းတို့ပညာရေးဋ္ဌာနဆိုင်ရာ၊ တာဝန်ရှိသူဟု ၄င်းတို့ဘာသာ ကြော်ညာထားသော စစ်အာဏာပိုင်များ စာသင်ကျောင်းသို့ လာစစ်လျှင်၊ ထိုတာဝန်မဲ့ နေတတ်သလို နေကာ ကိုယ်ကျိုးရှာနေသော ဆရာ၊ ဆရာမတို့သည် အထက် အာဏာပိုင်ဆိုသူကို ဖိန့်ဖိန့်တုန်မျှ ကြောက်လန့်ဟန်ဖြင့် လက်အုပ်လေးချီကာ၊ မိမိတို့၏ ကိုယ်ကျိုး စီးပွား ရပ်တည်ရေးအတွက် မတရားသော နည်းလမ်း ပေါင်းစုံဖြင့် ဘ၀ရပ်တည် နေရခြင်းကို ငဲ့ညှာ သနား၊ နားလည်ခွင့်လွှတ်ပါစေကြောင်း တောင်းပန်ပြောဆို ပြုမူနေကြသလို၊ ဘာမှမသိ နားမလည်သော အပြစ်ဟူ၍ မြူတစ်မှုန်မျှ မရှိသည့် ကျနော်တို့အရွယ် ကျောင်းသား၊ ကျောင်းသူ လူငယ်တို့ကိုလည်း ထိုစစ်အာဏာပိုင် ကြီးများကို အတင်းအကျပ်၊ လက်အုပ်ချီမိုး ရှိခိုးခိုင်း၏။ ကန်တော့ခိုင်း၏။

စစ်ဗိုလ်များကို ဤသို့ လက်အုပ်ချီ၍
မျက်နှာလို၊ မျက်နှာရ၊ ဖေါ်လံဖါးပြီး ကိုယ်ကျိုးရှာ၊ သာရာစီး၊ အခွင့်အရေး ယူတတ်ရပုံ စိတ်ဓါတ်နှင့်၊ မှားယွင်းသော ကိုယ်ကျင့် စံနှုန်းတို့ကို သင်ကြားရိုက်သွင်း ပေးနေ၏။ ထိုသို့ လက်အုပ်ချီ ရှိခိုးတောင်းပန်ပြီး၊ နောက်ကွယ် လုပ်ချင်ရာလုပ်ခွင့်ရှိသည့်၊ ပဒေသရာဇ် အုပ်ချုပ်ရေးပုံစံကို၊ ဥာဏ်နီ ဥာဏ်နက်သုံးကာ နည်းမျိုးစုံဖြင့်ရအောင် အကောင်အထည် ဖေါ်နေ သော စစ်အာဏာရှင်ကြီးများကတော့ ကျေနပ်အားရစွာဖြင့် ထိုဆရာကြောက်၊ ဆရာရှော်တို့အား ဆုတော်၊ လာဒ်တော်များ၊ ပါမစ်များ ပေးသနားတော်မူ၏။ ပညာရေး သင်ကြားရင်းမှ၊ ကိုယ်ကျိုး ရှာပိုင်ခွင့်များ၊ ကျောင်းသား မိဘများကို လည်ပင်းနင်းငွေညစ်ခွင့်၊ အိမ်ခေါ်ပြီး ကျူရှင်သင်ကာ ငွေရှာပိုင်ခွင့်၊ ကျောင်းသားအချင်းချင်းကြားမှ ငွေတတ်နိုင်သူ သား၊ သမီးကိုသာ ပညာ အနည်း ငယ်သင်ပေးပြီး ဆင်းရဲသူ သားသမီးများ ဖြစ်ချင်ရာဖြစ် လစ်လျူရှု ပစ်ပယ်ထားပိုင်ခွင့် စသော မဟာ အခွင့်အရေးများဖြင့် ချီးမြှင့်၏။

၎င်းနောက် ယင်းတို့အား ကြောက်လန့်တကြား၊ ၀ပ်တွား ခယ အလုပ်အကျွေး ပြုနေသည့် လူငယ် လူရွယ်များ ကိုကြည့်ကာ၊ လူစွမ်းလူစ အင်မတန် ညံ့သည့်၊ ဆင်ခြင်တုံတရားမဲ့သော၊ တွေးခေါ် မြော်မြင်မှု မရှိသော၊ ထားရာနေ စေရာသွားပြီး၊ လူလစ်လျှင် ထင်ရာလုပ်ကာ၊ အာဏာရှိသူကို တွေ့လျှင် ကြောက်ရွံ့ စိုးထိတ်ဟန်ဖြင့် တောင်းပန်ရှိခိုးမည့်၊ ကြောင်သူတော် မျိုးဆက်သစ် လေး များ စနစ်တကျ ပေါ်ထွက်လာတော့မည်မို့ စစ်အာဏာပိုင်များ နှလုံးပီတိ ဂွမ်းဆီထိ၊ ပျော်တပြုံးပြုံး၊ ပီတိတဖြာဖြာ။ ဒီပုံစံတွေကို ၀ါဒဖြန့်ချီရေး၊ မီဒီယာတွေကနေ တခမ်းတနား လွှင့်ထုတ်ပြသနေ၏။ ထိုကဲ့သို့ ဖါးတတ်၊ ယားတတ်စွာ အာဏာပိုင်တို့ကို ပြုမူဆက်ဆံပြီး၊ အဆင့်အတန်းမဲ့သော အကျင့်မှားတို့ကို စံနမူနာပြအဖြစ် သင်ကြားပေးနေသော ကိုယ်ကျင့် သိက္ခာတန်ဖိုး လုံးဝမရှိသည့် ကျောင်းဆရာ၊ ကျောင်းဆရာမ အမည်ခံ ၀ိသမ လောဘသား အချို့ကမိမိအိမ်တွင် အခကြေးငွေ ပေးပြီး၊ ကျူရှင် လာတက်သော ကျောင်းသားကိုမှ စာသင်ပေးသော ပညာရေး စနစ်ဆိုးကြီးက ၀ံ့ကြွားစွာ အောင်လံထူနေချိန်ကို ကျနော်တို့ လူငယ်များ ဖြတ်ကျော် တွေ့ကြုံခဲ့ရ၏။
လက်ရှိ ပညာသင်ကြားရေး စနစ်တွင် တာဝန်ထမ်းလျှက်ရှိသော ကျောင်းဆရာ၊ ဆရာမ အားလုံး တို့က ထိုစရိုက်ဆိုး၊ အစဉ်အလာဆိုးကို လက်ခံ၊ ယုံကြည် လိုက်ပါ လုပ်ဆောင်ကြသည် မဟုတ်ပါ။ ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက်ကာ၊ အာဏာ ရှင်ကြီး များကို လက်အုပ်ချီမိုး၊ မရှိခိုးသူ ဆရာမြတ်၊ ဆရာကောင်း တို့ကိုလည်း ကျနော်တို့တွေ့မြင်ခဲ့ရ၏။ စိတ်မကောင်း ဖြစ်ဖွယ် အဓိက အချက်မှာ၊ ထိုဆရာကောင်း၊ ဆရာမြတ်တို့သည် စိတ်ထားမမှန်သူ စီးပွားရေးသမား ကျောင်းဆရာ များနှင့်ယှဉ်လျှင် လွန်စွာ ဆင်းရဲချို့တဲ့ မွဲတေစွာ၊ လူမှုဘ၀ရပ်တည် နေကြရခြင်းဖြစ်ပါ၏။ ရိုးသားမှု ကိုမြတ်နိုးသော ပြည်သူပြည်သားများ၊ ကျောင်းသားလူငယ်များက ထိုဆရာကောင်း၊ ဆရာမြတ် တို့အား မည်မျှပင် နွမ်းပါးချို့တဲ့နေပါစေ၊ လေးစား ချစ်ခင်လျှက် ရှိမြဲပင်ဖြစ်၏။ အဓိက အားဖြင့် ဆိုလိုသည်မှာ အုပ်ချုပ်မှု စနစ်မှားယွင်းစွာဖြင့် မိမိတို့တစ်ကိုယ်ကောင်းကျိုးကို တိုင်းပြည် ကောင်းကျိုးထက် ဦးစားပေးသော ခေါင်းဆောင်များ၏ လက်အောက် အမှန်တကယ် ဖြစ်ပျက် နေသော အခြေအနေမှန်များကို စစ်ဗိုလ်ချုပ်ကြီးများက မသိသည်လား၊ သိလျက် မသိဟန်ဆောင် သည်လား မသိနိုင်ပါ။ နောင်ရေး မျှော်တွေး ပူပန်တတ်သူ မျိုးချစ်စိတ်ဓါတ်ရှိသူ အားလုံးအတွက် နိုင်ငံ့ အနာဂတ် အရေးသည် အလွန်ရင်လေးဖွယ်ရာ ဆုတ်ယုတ်မှုဆီ ဦးတည်နေသည်မှာ သေချာ လှ၏။ ကျနော်တင်ပြခဲ့သော လူငယ်များ ရေလိုက်လွဲပြီး စိတ်ခံယူချက် အလွဲများနောက် ကောက် ကောက်ပါအောင် ဆွဲဆောင်စည်းရုံးနေသည့် မျိုးဖျက်ဝါဒဖြင့် ချည်းကပ်လာနေသော ကျူးကျော် ရေး အင်အားကြီးဝါဒရှင် ကွန်မြူနစ်နိုင်ငံကြီး၏ သိမ်းပိုက်ခံရမှုကို သိသိကြီးနှင့် ခံခဲ့ရသည် ဆိုသော သမိုင်းဖြစ်စဉ်တို့ မဖြစ်စေချင်၍ ပျက်စီးယိုယွင်းလာနေသည့် သတိထားအပ်သော အကြောင်း အရာများကို ထင်းထင်းမြင်သာအောင် တင်ပြနေခြင်းဖြစ်ပေသည်၊ အဆိုးချည်းသာ ဖွံ့ထွား ပွားများ နေသည်မဟုတ်ပါ။ နိုင်ငံ အနာဂတ်အတွက် မိမိတို့ကိုယ် မိမိ ထိန်းသိမ်းပြုပြင် စောင့်ရှောက်မွမ်းမံ နေသော မျိုးဆက်သစ်လူငယ်များစွာ ရှိနေသေးကြောင်း ယခုစာစုများမှ တဆင့်ရင်ဖွင့် တင်ပြ ပါမည်။

ကျနော်တို့ခေတ်မှ ပျင်းရိသော ကျောင်းသား၊ လူငယ်တို့၊ များသောအားဖြင့် ရေလိုက်လွှဲ လမ်းမှား ရောက်သွားတတ်ကြသည်မှာ အတန်းတင် စာမေးပွဲ နီးကပ်ကာမှ ၄င်းကိုယ်ကျိုးရှာ ဆရာတို့၏ ခန့်မှန်း မေးခွန်းများကိုသာ အလွတ်ရအောင် တွန်းသင်၊ တွန်းကျက်စေပြီး၊ ဖြေဆိုရသော၊ ၀င်ကြေးများစွာ ပေးရသည့် အနီးကပ် ကျူရှင်တက် ဖြေဆိုခြင်းဖြစ်သည်။ အစိုးရစစ်ဟု ခေါ်သော အတန်းတင်စာမေးပွဲ မေးခွန်းကြီးများကလည်း မကြာခဏဆိုသလို ကျောင်းသားလူငယ်ထု ရှေ့ မှောက်သို့ စာမေးပွဲကာလ မတိုင်မီကပင် ကြိုတင်ရနှင့် နေတတ်သော၊ စာမေးပွဲ မေးခွန်း ပေါက်ကြားမှု ဖြစ်စဉ်များကလည်း မကြာမကြာ ဖြစ်ပေါ်နေချိန်၊ အကယ်၍ ဤမျှ အလွယ်တကူ အရည်ချင်းမဲ့စွာ ဖြတ်ကျော်အောင်မြင်နိုင်ရေး၊ အာဏာပိုင် စစ်ဗိုလ်ချုပ်ကြီးများက ပေါ်ပေါ်ထင် ထင်တဖုံ၊ နောက်ကွယ်က တစ်မျိုး၊ အမျိုးမျိုးကူညီ ပံ့ပိုး နေပါလျက်၊ အလွန်အင်မတန် ညံ့ဖျင်းသူ လူထုံ၊ လူပေ၊ လူညံ့တို့ စာမေးပွဲတွင် မဖြေဆိုနိုင်ခဲ့သော အခါတွင်လည်း ပူပင်စိုးထိတ်ဖွယ် မရှိပေ၊ စာစစ်သူ ဆရာ၊ ဆရာမ၊ ကျောင်းအုပ်နှင့် တာဝန်ရှိသူ အာဏာပိုင် တို့ထံ ချည်းကပ်ပြီး ငွေကြေး၊ တန်စိုး လက်ဆောင်ပေး၍ စာမေးပွဲ တွင် မိမိ မဖြေဆိုနိုင်ထားခြင်းကို ကူညီကယ်မ ပေးပါရန် တိုးလျိုး တောင်းပန်၊ ခယ၊ ၀ပ်တွားလိုက်ယုံမျှဖြင့် အတန်းတင်၊ အရည်အချင်း စစ်မေးသည် ဆိုသော ထိုစာမေးပွဲကိုလည်း အောင်မြင်အောင် ဖန်တီးနိုင်စွမ်း ရှိကြသည့် ကာလဖြစ်၏။

ထို့အပြင် အလွန်တရာမျှ ထူးဆန်းအံ့သြဖွယ် ကောင်းသော နည်းလမ်း တစ်ခုလည်း ရှိသေး၏။ ယင်းမှာ စစ်အာဏာပိုင်များ ကိုယ်တိုင် ယုံကြည်စွာ လုပ်ဆောင် နေသော ဗေဒင်၊ ယတြာ၊ ကိန်းခန်း တို့ဖြင့် ကြိုတင်တွက်ချက်ကာ စာမေးပွဲတွင်း မေးနိုင်မည့် မေးခွန်းကို ကြိုတင် ပြင်ဆင် တွက်ဆလျှက်၊ စတိသဘော ကျက်မှတ်သူနှင့်၊ ဗေဒင် ယတြာဆောင်ကာ အပိုင်ခိုးချရန် ကြိုးစား သူ လူပျက်၊ လူပျင်းတို့လည်း နာမည်ကောင်း ရနေချိန်၊ လူများစွာတို့၏ အဟုတ်ကြီးထင်မှတ် ခံနေရချိန် ဖြစ်၏။
ထိုအချိန် ထိုကာလက မြန်မာ့ ပညာရေးနှင့် ပတ်သက်၍ စစ်အာဏာပိုင်များ ကြွေးကြော် နေခဲ့သော ဆောင်ပုဒ် အချို့ကို မှတ်မိပါသေးသည်။ ပညာမြင့်မှ၊ လူမျိုးတင့်မည်။ ပညာရေးဖြင့် ခေတ်မှီ နိုင်ငံတော်ကြီး တည်ဆောက်အံ့။ စသော မစားရ ၀ခမန်း ကြွေးကြော်သံများဖြင့် မသိ နားမလည်၊ အသိမကြွယ်သေးသော ကျောင်းသားလူငယ်ထုအား အထင်ကြီးစဖွယ် ဖြစ်အောင် မှိုင်းတိုက် သိမ်းသွင်း ထားနိုင်ခဲ့သည်။ ယနေ့အချိန်အခါတွင်တော့ ခေတ်လူငယ်တို့သည် မထုံ၊ မအ တော့ပေ။ စစ်အာဏာရှင်ကြီးများ၏ စနစ်ဆိုးတည်တံ့ရေး ၀ါဒဖြန့်ချက်များကို ယုံမှတ်၊ ပုံအပ်သူ နည်းပါးလာကြောင်း၊ ကျနော်တို့ လေ့လာတွေ့ရှိ နေပြီဖြစ်၏။

ကျနော်တို့ လူလားမြောက်ကာစ၊ ဆိုခဲ့ပြီးသော အရပ်သား ပညာရေးစနစ်က မရေမရာဖြစ်နေချိန်၊ မြန်မာ အစိုးရထုတ် သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ မီဒီယာ ပေါင်းစုံတို့တွင် မြန်မာ့မျိုးချစ် တပ်မတော်ကြီး၏ စုစည်းညီညွတ်၊ တောင့်တင်း ခိုင်မာပုံ၊ ခေတ်မှီ တပ်မတော်ကြီးအဖြစ် ဖွဲ့စည်း တည်ဆောက် တော့မည့်ပုံများ၊ ဝေေ၀ဆာဆာ၊ မြိုင်မြိုင်ဆိုင်ဆိုင်၊ အားကျ လုခမန်း ရေးသား ဖေါ်ပြကြ၏။ သတင်း၊ စာပေ လွတ်လပ်မှု မရှိသော မြန်မာနိုင်ငံတွင်းမှ၊ လူငယ်တို့သည် မြင်ရ၊ တွေ့ရသမျှ၊ မမြင်ချင်၊ မတွေ့ချင်လည်း တွေ့နေရသော မြန်မာသတင်းစာများမှ စစ်တပ် ကောင်း စားရေး အတွက် စစ်ဝါဒ ဖြန့်ချက်များကို အဟုတ်ကြီး ထင်မှတ် ယုံကြည်ခဲ့ကြ၏။

တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပင်ပေးကာ၊ ကာကွယ် စောင့်ရှောက် နေသည်ဆိုသော တပ်မတော် အစိုးရ လက်ထက်၊ အရာရာသည် အသိပိတ်၊ အမြင်ပိတ်ဖြစ်၍ ဘ၀ အတွေ့အကြုံ နုနယ်သေးသူ လူငယ်တို့ မြင်မြင်ရာ အားကျ မက်မောလာသည်မှာ မဆန်း။ ကျနော်တို့ မြန်မာ နိုင်ငံကြီး ပြိုကွဲပျက်စီးမည့် ဘေးအန္တရာယ် ချောက်ကမ္ဘားကြီးထဲ ကျလုတဲတဲ အခြေအနေဆိုးကြီး အတွင်းမှ လက်မတင်လေး လွတ်မြောက်အောင် စွန့်စားကယ်တင် စောင့်ရှောက်ကာ၊ ယနေ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေခဲ့ရသည်ဆိုသော တပ်မတော်အစိုးရခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်၌ တိုင်းပြည်ကြီး ယခင်ကနှင့် မတူ ထူးခြားစွာ ဖွံ့ဖြိုး တိုးတက်နေပြီ အစရှိသည့် ကြော်ငြာချက်များကို ယုံစားမိ၍၊ တိုင်းပြည် နှင့် လူမျိုးတို့ကို ကာကွယ် စောင့်ရှောက် အံ့ ဟု ကြွေးကြော်ပြီး မြန်မာ့ မျိုးချစ် တပ်မတော်ကြီးအတွင်း စစ်မှုတာဝန် ထမ်းဆောင်ရန် ၀င်ရောက်ကြသည့် လူငယ် များထဲတွင် ကျနော်လည်း တစ်ဦး အပါအ၀င် ဖြစ်ပါသည်။

ဤတစ်ပတ် ဤမျှဖြင့်နားခွင့်ပြုပါ။ ရှေ့တစ်ပတ်တွင် ဆက်လက်ဖေါ်ပြပါမည်။
ကျေးဇူးတင်ရှိစွာဖြင့်
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

ဆက်လက်ဖတ်ရှုရန် စာပိုဒ်များ.....(က). (ခ). (ဂ). အပိုင်း(၃)သို့

အပိုင်း (၂) အားလုံး PDF ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

0 ထင်မြင်ချက်: