Friday, January 18, 2008

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၁)အပိုဒ်(ဂ)

ဤစနစ်ကြီးတည်တန့်ရေးအတွက် အဓိက ကျောထောက်နောက်ခံ ပြုနေ သည်မှာ မြန်မာစစ်တပ်၊ ကျနော်က ဤလက်နက်ကိုင်စစ်တပ်အတွင်း အရာရှိငယ် တစ်ဦးအဖြစ် အလုပ်လုပ်နေ၏။

စစ်ဗိုလ်တစ်ဦး အဖြစ် စစ်သားတွေကို အုပ်ချုပ်နေ၏။ စစ်အရာရှိဟုခေါ်သော စစ်ကျွန်ခေါင်း တစ်ဦးအဖြစ် စစ်အာဏာပိုင်ကြီးများ ခိုင်းသမျှ လုပ်နေရသော စစ်ဗိုလ်ဖြစ်နေ၏။ သာမန်အရပ်သား၊ သာမည ပြည်သူထဲ က မွေးဖွား လာသော အညတရစစ်ဗိုလ်ကျနော်သည် ပြည်သူချစ်သော စစ်သား အဖြစ် မိမိဘ၀ကို ရပ်တည်ရှင်သန်လိုသောကြောင့်သာ ဤမျိုးချစ်မြန်မာ့တပ်မတော် ဟု ရုပ်မြင်သံကြား၊ မြန်မာသတင်းစာတို့တွင် ဖန်တရာတေ ရေးသားဖေါ်ပြနေကြ သော မြန်မာစစ်တပ်အတွင်း ၀င်ရောက် အမှုထမ်းနေသူဖြစ်၏။ တိုင်းပြည်ကာကွယ်ရေးနှင့် ပြည်သူလူထုဘ၀၊ ကူညီစောင့်ရှောက်ရေးအတွက် ၀င်ရောက် တာဝန် ထမ်းဆောင်နေခြင်းဖြစ်၏။
သို့သော် ယနေ့အခြေအနေအရ ပြည်သူလူထုတရပ်လုံးမျက်မုန်း ကျိုးနေ သော ဤအဖွဲ့အစည်း၊ စိတ်မပါ သော်လည်း ဆန့်ကျင်ဟန် မပြရဲဘဲ လိုက်လျော ခေါင်းညိတ်နေရသော အဖွဲ့အစည်း၊ မတော်လှန်ဝံ့၍သာ သည်းခံ ဆက်ဆံနေရသော အဖွဲ့အစည်း၊ ၎င်းတို့ကိုင်ဆောင်ထားသည့် လူသတ်လက်နက်နှင့် ထင်သလို၊ ခြိမ်းခြောက် နှိပ်စက်ပိုင်ခွင့်ရှိသော အာဏာကိုစိုးထိတ်သည့် အတွက်ရွှံ့ကြောက် ကြောက်နေရသော အဖွဲ့အစည်းမှာ ကျနော် အလုပ်လုပ်နေသည့် မြန်မာစစ်တပ်နှင့် အပါင်းအပါ လက်နက်ကိုင် အဖွဲ့များဖြစ်နေ၏။
အဆိုပါ အပေါင်းအပါ လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် အကွက်ကျကျ လည်ပတ်လှုပ်ရှားနေသော ဤစနစ် ဆိုးကြီးက ပြည်သူလူထုကို၊ မတရားထုတ်ပြန်ထားသော ဥပဒေပျက်များဖြင့် ခြိမ်းခြောက်၊ ကြောက်လန့်စေကာ၊ ခြောက်လှန့်လွမ်း မိုးထား၏။ ဆိုးရွားရက်စက်ပြင်းထန်လှသော ပြစ်ဒဏ်များ၊ ထိတ်လန့်ရွံ့ရှာ စက်ဆုပ်ဖွယ် ဘ၀ပျက်ခမန်း ကျရောက်လာနိုင်သော စီးပွားရေး၊ လူမှုရေးဆိုင်ရာ နှောက်ယှက်ဖျက်စီး ကန့်သတ်ချုပ်ချယ်ခံရခြင်း များဖြင့် မလူးသာ၊ မလွန့်သာအောင် ထိမ်းချုပ်ထား၏။ စစ်တပ်အစိုးရအပေါ် တော်လှန်ဆန့်ကျင်လိုစိတ် လုံးဝမပေါ် ရဲအောင် နှိပ်ကွပ်ဖိစီး ချုပ်ချယ်ထားပေသည်။ ထို့အတူပင် ငွေဝယ်ကျွန်သာသာ အဆင့်ရှိသည့်၊ ကျနော်အပါအ၀င် မျိုးချစ်စိတ်ဓါတ်အရင်းခံဖြင့် စစ်တပ်ထဲ ၀င်လာသူ စစ်သည်အများစုပါဝင် ဖွဲ့စည်းထားသည့် အောက်ခြေလက်နက်ကိုင် တပ်ဖွဲ့များ အတွင်းတွင်လည်း ပြင်းထန်ရက်စက်သော ပြစ်ဒါဏ်များ၊ ဆိုးဝါးများမြောင် ကျပ်တည်းလွန်းသော ဥပဒေ များ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွန်ကြားချက်များအပြင်၊ လုံးဝငြင်းဆန်ဖယ်ရှား၊ ပျက်ကွက်ခွင့် မရှိသော အမိန့်ဟူသော အထက်အာဏာပိုင်၏ အမိန့်နှင့်ညွန်ကြားဆိုသော အပြင်းထန်ဆုံး ဥပဒေတခုဖြင့် တင်းမာကျပ်တည်းစွာ၊ ချုပ်ချယ် ကန့်သတ်ထားပေသည်။ ခြိမ်းခြောက်ကြောက်လန့် စေမှုများဖြင့် ဖိနှိပ်ထားသကဲ့သို့ စိတ်ဓါတ်ရေးရာ၊ ခံယူချက်ရေးရာ အရလည်း မှိုင်းတိုက် အသိညာဏ်မဲ့စေကာ၊ ၎င်းတို့ ပြောသမျှအဟုတ်ကြီးထင်ရအောင် ၀ါဒဖြန့် ယန္တယား စနစ်တကျ လည်ပတ်စေကာ ဇဝေဇ၀ါ အတွေးအခေါ်များသာ တွေးခေါ်စေ၏။
ပြည်သူလူထုတို့ စစ်အာဏာရှင် အစိုးရအောက် ကြုံတွေ့ရပုံနှင့် လက်နက်ကိုင်တပ်ဖွဲ့အတွင်းမှ ဆင်းရဲချို့ တည့်စွာ ဘ၀ရပ်တည်နေရသော မျိုးချစ်စစ်သားတို့၏ ရင်ဆိုင်တွေ့ကြုံနေပုံမှာ သိပ်ထူးမခြားနားကြောင်း အရာရှိ ဖြစ်နေသူ ကျနော်ကိုယ်တိုင် နှိုင်းယှဉ်သုံးသပ် တွေ့ရှိရသည်။ ပြည်သူ့ဘ၀အခြေနေမှန်ကို စစ်သားတိုင်းက မသိ ပြည်သူတွေကလည်း မျိုးချစ်စစ်သည်တော်တို့ မြိုသိပ်ကြိတ်မှိတ်နေရသော မလွန်ဆန်ဝံ့သည့် အာဏာရှင့်စနစ် အောက် ပြားပြားမှောက်ကြောက်နေရသည့် ဘ၀အမှန်တိုင်းကိုလည်း အားလုံးမသိနိုင်ပေ။ ဤသို့အဆင်မပြေမှုများ ကိုယ်စီခံစားနေရသော ပြည်သူနှင့်တပ်မတော်သားလက်နက်ကိုင် အင်အားစုများအကြား အပြန်အလှန် ခြိမ်းခြောက်ပြီး ငါးကြင်းဆီနှင့် ငါးကြင်းကြော်ကာ အာဏာပိုင်များကို စိုးထိတ်ကြောက်ရွံ့စေပြီး ကိုယ်ကျိုးစီးပွားရှာ အမြတ်ထုတ်နေ သည်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ဆွေမျိုးသားချင်း တစုသာလျှင်ဖြစ်သည်။
သာမန် မသိနားမလည်သူ အများစုပါဝင်သည့် လူထုကြီးတရပ်လုံးကို မျက်စိပိတ်၊နားပိတ်၊ အတတ်ပညာ တွေးခေါ်မှုတို့ ပိတ်ဆို့ခံထားရသော နွားခြေရာခွက် အတွင်းမှ ဖားငယ်များကဲ့သို့ လူမဆန်စွာပိတ်ဆို့ခံထားကြရသည်။ မိမိတို့ ယနေ့ ကြုံတွေ့နေရသည့် စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဤအခြေနေဆိုးများ ဖြစ်ပေါ်နေရသည်ဆိုသည့် အမှန်တရားကို ပြည်သူ၊ ပြည်သားအားလုံး တညီတညွတ်တည်း လက်ခံယုံကြည်လာမည်ကို အလွန်ကြောက်ရွံ့သော စစ်အာဏာရှင်များသည် အမှန်တရားဆိုသည့် လက်တွေ့ဘ၀အမှန်၊ အခြေအနေမှန်တို့ကို လုံးဝ(လုံးဝ)ပြောဆို၊ ရေးသား၊ ဖေါ်ပြ၊ ပုံနှိပ်၊ ဖြန့်ဖြူးခွင့်မပြုရဲဘဲ၊ အလွန်ကြပ်တည်းစွာ၊ ပြင်းထန်စွာ တားမြစ်ထားခြင်း ဖြစ်ပေသည်။
မည်သို့ပင် စစ်အာဏာရှင်ကြီးများက ပြည်သူလူထုအပေါ် ခြိမ်းခြောက်၊ ဖိနှိပ်၊ အနိုင်ကျင့်မှုများနှင့် မတရား အုပ်ချုပ်နေပါစေ။ အမှောင်မိုက်ဆုံးကာလပြီးလျှင် လင်းအာရုံတို့ ရောက်လာမြဲဖြစ်သည်ကို ပြည်သူတို့ ကြိုတင် မျှော်လင့် ပြင်ဆင်ထားရကြမည်သာဖြစ်သည်။ ဗိုလ်ချုပ်မှုးကြီး ဘုရင်ရှုး ဦးဆောင်သည့် စစ်အာဏာ ရှင်တစ်စုသည် မြန်မာပြည်သူတစ်ချို့ကို တချိန်လုံးနီးပါး ဖိနှိပ်အုပ်ချုပ်၍ ရကောင်း ရနိုင်မည်ဖြစ်ပြီး၊ တိုင်းပြည် တပြည်လုံး လူထုတရပ် လုံးကို အချိန်တချို့ အခိုက်အတန့်တွင်သာ ကြောက်ရွံ့မှုကိုအခြေပြုသည့် ရက်စက်ဖိနှိပ်မှုဖြင့် အာဏာသုံး ခိုင်းစေ အနိုင်ကျင့်နိုင်မည်ဖြစ်သည်။ သို့သော်..စစ်အာဏာရှုး၊ ဘုရင်ရှုး၊ စစ်ဗိုလ်ချုပ် များသည် မြန်မာပြည်တပြည်လုံးရှိ ပြည်သူ၊ ပြည်သားအားလုံးကိုတော့ ယနေ့သူတို့ အကွက်ချ စီစဉ်နေသလို ရာသက်ပန်၊ စစ်တပ်လွှမ်းမိုးသော စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အာဏာရှင့်စိတ်ကြိုက် စိုးမိုးချယ်လှယ်အုပ်ချုပ်နိုင်မည် မဟုတ်ကြောင်း မကြာမီ သက်သေထူ နိုင်တော့မည် ဖြစ်ပါသည်။
အာဏာရှင်များ စိတ်ကြိုက်ရေးသားထုတ်ပြန်ထားသော ဥပဒေပျက်များဖြင့် ခြိမ်းခြောက်တားဆီး၊ ပိတ်ဆို့ ကန့်သတ်ချုပ်ချယ်၊ အပြစ်ဒဏ်ကြီးမားစွာပေး၍ အမှန်တရားဆိုသည်ကို မပြောရဲ၊ မဆိုရဲ၊ ထုတ်ဖေါ်ခြင်းမပြုရဲအောင် မည်သို့ပင်လုပ် ဆောင်ထားပါစေ။ သမိုင်းဟူသည် တနေ့နေ့တွင် အမှန်အတိုင်း ပေါ်ထွက်လာတတ် သည့် လောက ဓမ္မတာကို စစ်ဗိုလ်ချုပ်ကြီးတို့ ရှောင်လွှဲ၍ မရနိုင်ပေ။ ယခု ဤစာစုသည်ပင်လျှင် အမှန်တရားကို အမှန်အတိုင်း ပြောဆိုရေးသားရန် မ၀ံ့မရဲ ဖြစ်နေသည့် မြန်မာပြည်တွင်းမှ ပြည်သူလူထုအတွက် အမှန်တရားကို ဦးဆောင်ကာ ထုတ်ဖေါ် ပြသသည့် စာစုတို့အနက်မှ တခုဖြစ်ပေသည်။ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်ရလိုမှု၊ ရာထူး၊ အာဏာ၊ နေရာ၊ ငွေကြေး၊ အခွင့်အရေးတို့စသော အခွင့်ထူးခံလူတန်းစားတို့ တပ်မက်တတ်သည့် စီးစိမ်အားလုံးကို စွန့်လွှတ်ခဲ့သော စစ်တက္ကသိုလ်ကျောင်းဆင်း စစ်ဗိုလ်တဦး၏ အမှန်တရားဘက်မှ အတိအလင်း ရပ်တည်လာခြင်း ဦးဆောင်မှု မှသည် စစ်တပ်အတွင်းရှိ အမှန်တရားကိုမြတ်နိုးသူ စစ်သည်တော်အားလုံးအတွက် ရှေ့ဆောင်လမ်းပြဖြစ်စေပါမည်။ စစ်တပ် တွင်းမှ မျိုးချစ်စိတ်မှန်ကန်သူ လူတန်းစား စစ်သည်အဆင့်တန်းအားလုံးတို့အား ပြည်သူလူထုဘက်မှ ကာကွယ်သည့် အမှန် တရားဘက် ပြောင်းလဲ ရပ်တည်လာစေရန် စံနမူနာပြ ဦးဆောင်ပြုမူ လာခြင်းလည်း ဖြစ်သည်။
တိုင်းပြည်တွင်း ယနေ့အချိန်အခါတွင် မဖြစ်မနေလိုအပ်နေပြီဟု တတ်အပ်ဆို နိုင်သော တပ်မတော်အင်အား စုအတွင်းမှ ပြည်သူလူထုဘက် ရဲရဲဝံ့ဝံ့ မားမား မတ်မတ် ရပ်တည်ကာကွယ်မည့် မျိုးချစ်စစ်သားတို့၏ မိမိတို့ဖြတ်သန်း နေရသော လက်တွေ့ဘ၀ အတွေ့အကြုံများထဲမှ ပြည်သူ့အတွက်ကောင်းကျိုးပြုနိုင်မည့် အမှန်တရားကို ရဲရဲရင့်ရင့် ထုတ်ဖေါ်ရင်ဆိုင်ပြီး၊ မတရားအုပ်စိုးနေသူတို့၏ ဥပဒေမဲ့ လုပ်ရပ်များကို အများသိအောင် ဖွင့်ဟဖေါ်ထုတ်ဖို့ လိုအပ်နေ သည့် အချိန်အခါ ဖြစ်သည်။ အရာရှိဖြစ်သူမှစ၍ အမှန်တရားကို လေးစားမြတ်နိုးသူ စစ်သည်တော် တိုင်း ယနေ့ စစ်အာဏာရှင်စနစ်အပေါ် အတိအလင်းဆန့်ကျင်မှု ပြုကြရန်နှင့် မတရားသော စစ်အမိန့် အာဏာဟူသမျှ ပြတ်ပြတ် သားသားငြင်းဆန်၊ ဖီဆန်ကြရန် ကျနော်တို့စစ်တပ်ထဲမှ မျိုးချစ်အရာရှိများနှင့် မျိုးချစ်စစ်သားများကို ဦးဆောင်ညွန်ပြ မီးမောင်းထိုးပြခြင်းလည်းဖြစ်၏။ စစ်တပ်၏မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အတွင်း လမ်းပျောက်၊ အနာဂတ်ပျောက်နေသူ လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီးအားလုံး မိမိတို့အနာဂတ်ကောင်းမွန်လှပဖို့အတွက် တညီတညွတ်တည်း ဆုံးဖြတ် ချက်တခု တက်ညီလက်ညီ ချမှတ်ဆောင်ရွက်နိုင်စေဖို့အတွက် တပ်လှန့်သော အချက်ပေး ခရာသံအဖြစ် ကြေငြာ မောင်းခြင်းလည်းဖြစ်ပါသည်။ တပ်မတော် အတွင်းရှိ မျိုးချစ် စစ်သည်အင်အားစုများအားလုံး အမှန်တရားဘက် ရဲရဲဝံ့ဝံ့ ရပ်တည် ရင်ဆိုင်ကြရန် အချိန်သင့်ပြီဖြစ်ကြောင်း၊ သိမြင်ယုံကြည်လာသည့် စစ်ဗိုလ်တဦးမှ တည်ကြည် ဖြောင့်မတ်စွာ၊ ရိုးသားစွာဖြင့် စစ်အာဏာရှင်စနစ်အောက် ကျွန်သဘောက်သာသာ ခံစားရင်ဆိုင်နေကြရရှာသော ပြည်သူတို့ဘက်သို့ ကူးပြောင်း ကာကွယ်လာခြင်း ဖြစ်ပါသည်။
တပ်မတော်နှင့် ပြည်သူလူထ၏ု အနာဂတ်အရေးအတွက် ကောင်းမွန်မှန်ကန် သည့် ကြိုးပမ်းမှုလုပ်ရပ်များကိုသာ ဆောင်ရွက်လိုသည့် မြန်မာလူငယ်အရာရှိ တစ်ဦး၏ ရိုးရှင်းသောအမြင်၊ ပွင့်လင်းသောခံစားချက်တို့ဖြင့် တပ်မတော်တွင်း ရော၊ မြန်မာတိုင်းရင်းသား ပြည်သူလူထု အတွင်းမှပါ ပါဝင်ဆောင်ရွက် ရတော့မည့် အကြောင်း အရာများ၊ ရည်မှန်းချက် များ၊ ပေါ်ထွက်လာမည့်ကောင်းကျိုး၊ ဆိုးကျိုးများ၊ ရှေ့ဆက် ရင်ဆိုင်သင့်သည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး ရည်ရွယ် ချက်ဖြင့် အကြမ်းမဖက်၊ သွေးမဆက်ဘဲ၊ စုစည်းညီညွတ်စွာ ဆောင်ရွက်ကြရမည့် အမျိုးသားရေး လှုပ်ရှားမှု ပုံစံ များ၊ စသည်တို့ပါဝင်ပြီး အနာဂတ်ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို မုချအထောက် အကူပြုနိုင်မည်ဟု ယူဆယုံကြည် ချက်များဖြင့် ဤစာအုပ်ကိုပြုစုရေးသားခြင်းဖြစ်သည်။
နောင်အနာဂတ် လာမည့်မျိုးဆက်သစ်လူငယ်တို့အတွက် မှန်ကန်ကောင်းမွန်သော သမိုင်းအမွေများကိုသာ ကျန်ခဲ့စေလိုသော အရောင်မရော၊ ၀ါဒမနှောသည့် စိတ်ရင်းစေတနာဖြင့် အမြင်၊ အရှိ၊ အသိအတိုင်း မထိန်မ၀ှက် သုံးသပ် ဖေါ်ပြမည် ဖြစ်သောကြောင့် မြန်မာ ရှေးထုံးနှင့် မကိုက်ညီခြင်း၊ လက်ရှိနိုင်ငံရေးပါတီများ၏ အခြေခံ သဘောတရားများနှင့် မကိုက်ညီခြင်း၊ မိမိတို့ ဆိုင်ရာဆိုင်ရာ ဘာသာရေး လတ်တလောကန့်သတ်ချက်၊ အယူဝါဒစွဲလမ်းမှု၊ အများယုံကြည်မှုတို့ အရ ယနေ့ခေတ် စံနှုန်းများနှင့် မအပ်စပ်ခြင်းစသော ရှေးဆန်သူတို့အတွက် ဘ၀င်မကျ၊ စံမပြ၊ သဘောမတွေ့ဖွယ်ရာ၊ အသုံးအနှုန်းများ၊ အတွေးအခေါ်များ၊ ဆန့်ကျင်မှုများ တွေ့ရှိခဲ့သော်၊ ပါဝင်ခဲ့သော် မျိုးချစ်စိတ်ထက်သန်ပြင်းထန်သော ခေတ်လူငယ်တစ်ီဦး၏ တိုင်းပြည်ကို ကောင်းမွန်တိုးတက်စေလိုလွန်းသည့် စေတနာစိတ်ဇောကြောင့် ဖြစ်ပေါ် တွေးခေါ်လာ မိသော ခံစားချက်ငယ်ဟုသာ သဘောပိုက်နားလည်ပေးစေလိုလှပါသည်။ ကဲ.... အတွေးအခေါ်တွေဘက် ဆက်ကြပါဦး စို့....
ပြည်သူများက စစ်အာဏာရှင်များနှင့် ၎င်းတို့ နောက်လိုက်လက်နက်ကိုင်တပ်များကို ကြောက်ရွံ့စိုးထိတ် နေကြ ရသကဲ့သို့၊ လက်နက်ကိုင်ထားကြရသော ကျနော်တို့ စစ်တပ်အပါအ၀င် အခြားသော အောက်ခြေအုပ်ချုပ်ရေး အဖွဲ့အစည်း များသည်လည်း အထက်အာဏာပိုင်စစ်အာဏာရှင်ကြီးများကို ဖိန့်ဖိန့်တုန်ကြောက်နေကြရကြောင်း သာမန် ပြည်သူတို့ မသိနိုင်ပေ။ ဤမျှတိုင်းပြည်တ၀ှမ်း၊ ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော် အပြန်အလှန် ထိတ်လန့်ကြောက်ရွံ့စေ၍ မသိနား မလည်စေမှုများ လွှမ်းမိုးစေကာ အမြတ်ထုတ်စိုးမိုးချယ်လှယ်နေသော စစ်အာဏာရှင်ကြီးများ၏ ညစ်နွမ်းယုတ်ထေးသော သမိုင်းစဉ်ဖြစ်၏။ ၎င်းတို့ကောင်းစားရေး တခုတည်းသာ အဓိကဖြစ်သည့် အာဏာရှင် စနစ်ဆိုးတည်တန့်ရေး၊ ဖန်တီးနေမှု များကို စစ်ပါးဝစွာ၊ ပရိယာယ် ကြွယ်ဝစွာ လုပ်ဆောင်နေခြင်းများဖြစ်၏။ စစ်အာဏာရှင်စနစ်ဆိုးကြီး၏ နောက်ဆက်တွဲ ရလာဒ်အဖြစ် ပေါ်ထွက်ဖြစ်ထွန်းလာသော ဆင်းရဲမွဲတေမှု၊ လူမှုရေးချို့တဲမှု၊ လူသား တစ်ဦး၏ခံစားပိုင်ခွင့်၊ ပိုင်ဆိုင်ပိုင်ခွင့် တို့ ဆုံးရှုံးမှု၊ ဘ၀မလုံခြုံမှု၊ အနာဂတ်မရေရာမှု၊ အသိပညာ၊ အတတ်ပညာမဲ့မှု စသောဘ၀နှင့်ချီ၍ ရင်းနှီးပေးဆပ်ရမည့် ဆိုးကျိုးဒုက္ခများကို လက်ရှိရော အနာဂတ်၌ပါ ခါးစည်းရင်ဆိုင်ခံစားရမည့်သူများမှာ မသိနားမလည်၊ အသိမကြွယ် ရိုးသားသော မြန်မာတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး၊ နောက်လာမည့် မျိုးဆက်အားလုံးသာဖြစ်၏။ တိုင်းပြည် နှင့်ယှဉ်၍ ရာဇ၀င်ကြွေးတင်လျှင် ရှင်ဘုရင်လုပ်ခဲ့သူနှင့် ၎င်း၏ဆွေတော်မျိုးတော်အပေါင်းတို့က ပြေလည်အောင် ပေးဆပ် လိမ့်မည် မဟုတ်ကြောင်း၊ မြန်မာပြည်သားတို့ အလေးအနက်ပြု စဉ်းစားရမည့်အချိန် ကျရောက် နေပေပြီ။
ထိုအချင်းအရာတို့၏ လက်တလော ပေါ်ထွက်လာနေသော ဆိုးကျိုးအဖြစ် မျိုးဆက်သစ်လူငယ်များ၊ ပြည်သူ့ ရင်နှစ် သားရတနာကလေးငယ်လေးများ၊ တဖြည်းဖြည်းသိသာစွာဖြင့် အသိတုံးဉာဏ်တုံး၊ အတွေးအခေါ်တုံး၊ လူညွန့်တုံး၍ လူလုံး မလှစွာဖြင့် တန်ဖိုးမဲ့သော အချိန်များကို ဖြတ်ကျော်နေကြရသည်ကို တွေ့ရ၏။ မျိုးဆက်သစ်ဖြစ်လာမည့် လူငယ် အများစုမှာ မိမိဘ၀အရေး၊ မိမိအနာဂတ်အရေး၊ မိမိနိုင်ငံအရေး၊ မိမိပတ်ဝန်းကျင်အရေး စသည့်အရေးပါသည့် အရေးအရာ ဘာဆိုဘာမှ တွေးခေါ်ဆင်ခြင်ဆုံးဖြတ်ခြင်း၊ ဝေဖန်အကဲဖြတ်သုံးသတ်ခြင်း၊ ပြုလုပ်နိုင်စွမ်းမရှိကြသည့် နလဗိန်းတုံးများ မသိမသာဖြစ်လာကြခြင်းကို မလိုလားအပ်စွာ တွေ့မြင်နေရခြင်း ဖြစ်သည်။ ကြုံဆုံနီးစပ်၊ မြင်တွေ့နေရသည့် မှားယွင်း သော၊ လူမှုရေးကျင့်ဝတ် အစဉ်အလာပျက်များကို၊ လွဲမှားစွာ ကူးစက်ခံအတုယူမိသောကြောင့် ကိုယ်ကျင့် စာရိတ္တ စံနှုန်းများ တဖြည်းဖြည်း နိမ့်ပါးကျဆင်းလာကာ အထက်တန်းမကျစွာ ကိုယ့်ကိုကိုယ် တန်ဖိုးမထားသော လုပ်ရပ်များ သူသူငါငါလုပ်လာနေကြသည်ကို တားဆီးရဲသူ၊ ကန့်ကွက်ရဲသူ မရှိသလို တားမြစ်ရကောင်းမှန်း ကန့်ကွက်ရကောင်းမှန်း၊ မသိအောင်လည်း စစ်အာဏာရှင်စနစ်က ဖန်တီးထားသည်။ မိမိနိုင်ငံနှင့် မိမိလူမျိုးကို တန်ဖိုးထား လေးစားချစ်ခင်ရ ကောင်းမှန်းမသိသည့် အမျိုးသားရေးစရိုက်လက္ခဏာညံ့များ၊ တိုင်းတပါးယဉ်ကျေးမှု အတွေးအခေါ်များ၊ ၀င်ရောက်လာကြ စေရန် မြောက်ပိုင်းကွန်မြူနစ် နိုင်ငံကြီးတခုမှ ယဉ်ကျေးမှုများ၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး လုပ်ရပ်များကို မီဒီယာများ မှတဆင့် ကျူးကျော်ကူးစက်ခွင့်ပြုထားသည်။ ဒီကြားထဲ မျိုးချစ်စိတ် အရင်းခံဖြင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ရပ် များ လုပ်ဆောင်ဖို့ လိုနေပြီဖြစ်ကြောင်း အကြံပြုကြသည့် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူ အဖွဲ့အစည်းများကို ပြည်ပ သြဇာခံ ပုဆိန်ရိုး၊ တိုင်းတပါး ယဉ်ကျေးမှုနှင့် နိုင်ငံရေးစနစ်ကို အောက်ကြို့ခံ အတုယူဖို့ မိုက်မဲစွာ ကြိုးစားနေသည်ဟု စွပ်စွဲသေးသည်။ သူတို့ပါးစပ်က နတ်စကားထွက်ရဲသေးသည့် အရှက်တရားမရှိသော စစ်ခေါင်းဆောင်များကို ကျနော်တို့မျိုးချစ်လူငယ်တွေက အံ့အားသင့်မိကြ၏။ သူတို့ဘယ်လိုဘဲ နတ်စကားထွက်ထွက် ပြင်ပလူနေမှုတွင် မြင်နေကြ ရသည့် မျိုးဆက်သစ်ဖြစ်လာမည့် ကလေးငယ်တို့ကို ကြည့်လိုက်ရုံဖြင့် စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းတို့ကို တွေ့မြင်နိုင် ပေမည်။
ကျံကျောင်းဓားနှင့် ရှဲရှဲနီ တကြော်ကြော်အော် ဆော့ကစားနေသော မျိုးဆက်သစ် ကလေးသူငယ်တို့ ကြီးပြင်းလာ နေသော ဤခေတ်တွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ဓါတ်ပုံကို ဦးညွတ်အလေးပြုမိယုံဖြင့်၊ ချက်ချင်း ဖမ်းချုပ်ထောင်ချခံရသော အုပ်ချုပ်ရေးစနစ်၊ မိမိမကြေနပ်သောအကြောင်းအရာ၊ မိမိယုံကြည်သော အတွေးအခေါ်၊ မိမိ အနာဂတ်အတွက် တင်ကြိုအားမရနိုင်သည့် အဖြစ်အပျက်စသော အမှန်တရားတခုခုကို လူပုံလယ်ရှေ့ ရင်ဖွင့်ပြောဆို မိယုံဖြင့် ထောင်ဒါဏ် နှစ်ရှည်ကျခံနိုင်ရသည့် ဥပဒေ၊ ဒီကနေ့လို ကြပ်တည်းမွတ်သိပ်မှု အပြည့်ပြည့်ဖြင့် အရာရာကို ကြောက်ရွံ့နေရသော စစ်အုပ်ချုပ်ရေးစနစ်ဆိုးကြီးသည် အနာဂတ် ကျနော်တို့တိုင်းပြည်ကို ထိတ်လန့်ဖွယ်ကောင်းစွာ ခြိမ်းခြောက်နေသည်ကို လူငယ်တွေ တွေးတော ဆင်ခြင်မိကြဖို့ အရေးတကြီးလိုနေပြီဖြစ်၏။ အသက်အရွယ်အတွေ့အကြုံ ရင့်ကျက်ပြီး ဖြစ်သည့် အုပ်ချုပ်ရေးပိုင်း၊ အုပ်ထိမ်းမှုပိုင်းဆိုင်ရာ တာဝန်ရှိသူများကလည်း ထိုအခြေ အနေဆိုးတို့ကို သိရှိ ရိပ်မိ၊ နောင်တရကာ ပြင်ဆင်ပြေင်းလဲရေးတွေ လုပ်ရမည့်အစား လူငယ်ထုကိုညံ့ဖျင်းသည့် ပတ်ဝန်းကျင်တွေထဲ နစ်မြုပ် နေကြသည်ကို ဖာသိဖာသာ နေနေကြ၏။ ရှေ့ဆောင်နွားလား အုပ်ချုပ်သူများမှ ဖြောင့်ဖြောင့်မသွားသောအခါ မြန်မာ ပြည်တွင်းလူမှုဆက်ဆံရေး ပတ်ဝန်းကျင်သည် လျင်သူစားစတမ်း၊ လည်သူဝါးစတမ်း၊ ဦးသူခူးးစတမ်း စိတ်ဓါတ်ဖြင့် နေ ထိုင်ကျင့်ကြံသူ တကိုယ်ကောင်းစိတ်ဓါတ်ပိုင်ရှင်တို့သည်သာ အောင်လံထူနိုင်သလို၊ တရားမျှတသလိုဖြစ်လာ၏။...

ဆက်လက်ဖတ်ရှုရန် အပိုဒ်များ............. (က). (ခ). (ဂ). (ဃ)

0 ထင်မြင်ချက်: