Thursday, May 8, 2008

ယနေ့ စစ်တပ်...... ဘာတွေဖြစ်နေသလဲ (၃၅)

ဒုတိယနှစ် ကာလတလျှောက်လုံးတွင်လဲ စာပေပညာ၊ စစ်ပညာ ဆည်းပူးရင်းဖြင့် အချိန်တို့ ကုန်မှန်းမသိ ကုန်ခဲ့ပါသည်။ ထိုကြားထဲ အားလပ်သမျှ အချိန်အချို့တွင် ကျနော်သည် တိုင်းပြည်အတွက်သာ တွေးခေါ် စဉ်းစားနေမိ၏။ ကျောင်းစာပေ ဖတ်ချိန်ထက် အပြင်စာပေ ဖတ်ချိန်က ပိုများလာသည်ဟု ကျနော်ထင်၏။ အဘယ်ကြောင့်ဆိုသော် စီနီယာဖြစ်လာသည်နှင့် အမျှ အချိန်ပို အားလပ်ချိန်ပို များများရလာလေ၊ ကျနော် စာဖတ်ချိန် ပိုရလာလေပင်ဖြစ်သည်။ အိပ်ဆောင်တွင် ဖတ်ရန် အချိန်မလုံလောက်သောအခါ စာသင်ခန်းသို့ လျှို့ဝှက် သယ်ဆောင်၍ ခိုးဖတ်ပါ သည်။ (စာသင်ဆောင်တွင် စာကြည့်တိုက်မှ စာအုပ်ပင် ဖတ်ခွင့်မရှိပါ) ကျနော် ဉာဏ်မီသလောက် တွေးတောပါသည်။ ဆင်ခြင်ပါသည်။

တိုင်းပြည်အတွက် တန်ဖိုးရှိသော လူငယ်တစ်ယောက် ကျနော် ဖြစ်လာနိုင်မည်လော။
အခွင့်အရေးများကို မက်မောတတ်လာအောင် မတရား နှိပ်စက်ခံရခြင်းကို မတိုင်ရဲအောင်၊ ကိုယ်ခံရချိန် အံကြိတ်ခံခဲ့၊ ပြန်နှံချိန်ရောက်တော့ အင်ကုန်အားကုန် ပြန်နှံခြင်းကို သိသိသာသာ ခွင့်ပြုထားသော သင်ကြားရေးစနစ် (မူတွေကတော့ ကောင်းပါသည်။ လူတွေကသော မကောင်းခြင်းဖြစ်၏) ကြားထဲမှ “ငါပြောသလို လုပ်၊ ငါလုပ်သလို လိုက်မလုပ်ကြနဲ့” ဆိုသော တရားမ၀င် သင်ပြပေးနေသည့် မြန်မာ့ တပ်မတော်၏ ခေါင်းဆောင်မှု အရည်အချင်း စံနှုန်းများ အကြားတွင် ကျနော်မည်မျှ စီးမျောလိုက်ပါ နိုင်မည်နည်း။ မည်မျှသည်းခံ နိုင်ပါမည်နည်း။

ဒုတိယနှစ်ဗိုလ်လောင်းဆိုသည့် ပညာရှာကာလတွင် စာအုပ်စာပေ ငှားရမ်းခွင့် မရှိသေးဟု ကန့်သတ် ထားခြင်းခံရသော မျိုးဆက်သစ်လူငယ်တို့အပေါ် ပညာကန့်သတ်မှု စနစ်ကြောင့် ကျနော်တို့ ဦးနှောက်တွေ မည်၍မည်မျှ ဖွံ့ဖြိုးတိုးတက် လာပါမည်နည်း။ တွေးတောဆင်ခြင်မှု ကောင်းမွန် မှန်ကန်လာပါမည်လော။ မြင်ရသမျှ၊ ကြားရသမျှတို့သည်လဲ တိုင်းပြည်အတွက် စစ်စစ်မှန်မှန် ကြိုးပမ်း ထမ်းဆောင်ခဲ့သူ၊ စွန့်လွှတ်ခဲ့ သူတို့အပေါ် ချိုးနှိမ်နေသည်တို့ကိုသာ တွေ့ရခြင်းကြောင့် ကျနော်သည်လဲ တိုင်းပြည်အတွက် တကယ်ပင် အကျိုးရှိရှိ လုပ်ဆောင်နိုင် ပါမည်လော။ ကျနော် စဉ်းစားမိလာသည်။

သို့အတွက်ကြောင့် စစ်တပ်၏ အခြေခံသဘော သဘာဝ အချို့ကိုတော့ ကျနော်လေ့လာ သိရှိခဲ့ရလေပြီ။ တကယ်လက်တွေ့ ဘ၀နယ်ပယ်တွင် ဘယ်လိုရှိမည်မှန်း ကြိုတင် မသိနိုင်သောကြောင့် သင်တန်းသား ဘ၀ တွင်ပင် နေပျော်အောင် အချိန်ကို အကျိုးရှိရှိဖြစ်အောင် အသုံးချနေခဲ့ပါ၏။ လူငယ်ဘ၀ သောက်သောက် စားစား အချိန်တစ်ချို့လဲ ရှိပါသည်။ ကျနော်သည် တချိန်လုံး တိုင်းပြည်အတွက် စဉ်းစားနေခဲ့သည့် အာဇာနည် လောင်းလျာတစ်ယောက် မဟုတ်ခဲ့ကြောင်းကိုတော့ ၀န်ခံလိုပါသည်။ သို့သော်လည်း တိုင်းရေး ပြည်ရေးနှင့် ပတ်သက်၍ ကောင်းမွန်စွာ အကျိုးပြုနိုင်ခွင့် ဆောင်ကြဉ်းရန် အခြေအနေ ပေးပါက မည်သည့်နေရာ၊ မည်သည့်ကဏ္ဍက ဖြစ်စေ အချိန်မရွေး တာဝန်ယူ ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်၊ စိတ်၊ အတွေးအခေါ် အမြဲတမ်း ပြင်ထားခြင်းသာ ဖြစ်၏။ လူငယ်ဘ၀ အပျော်အပါး၊ အသောက်အစား ရက်စွဲ များစွာ ရှိခဲ့၏။ တိုင်းပြည်အတွက် တန်ဖိုးရှိသော လူငယ် တစ်ယောက်ဖြစ်အောင် ကြိုးစားမည်ဆိုသော စိတ်ဓာတ်ကိုလဲ ရင့်ကျက် ခိုင်မာလာအောင် ကြိုးပမ်းခဲ့၏။

စာပေ ပညာများအဖြစ် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရှုပ၊ ဓာတု၊ နိုင်ငံရေးနှင့် စစ်ရေးသိပ္ပံ (သမိုင်းမပါ) ဘာသာရပ်အလိုက် နည်းပြဆရာတို့က စိတ်ရှည်လက်ရှည် သင်ပြပေးပါသည်။ ကျနော် ယုံကြည် လေးစား မိသော အကြောင်းအရာ တစ်ခုရှိပါသည်။ ၎င်းမှာ ကျနော်တို့ စစ်တက္ကသိုလ် တက်ရောက်ခဲ့စဉ် ကာလက သင်ကြားရေး ကဏ္ဍတွင် တာဝန်ယူကြသော စစ်ဘက်ဆိုင်ရာ အရာရှိများ၊ အရပ်ဘက် နည်းပြဆရာများ အားလုံးသည် ဗိုလ်လောင်းများ အားလုံးအပေါ်တွင် တကယ်ပင် စေတနာထားပြီး၊ တိုင်းပြည်၏ သားကောင်းရတနာများ၊ မြင့်မြတ်သော စိတ်ဓာတ်များ မွေးမြူ လာအောင် တကယ်ပင် သင်ကြား ပြသ ပေးခဲ့၏။ စံနမူနာပြ နေထိုင်ကြပါ၏။ စာပေနည်းပြ ဆရာကြီးများထံတွင် ကိုယ်ကျိုးရှာသမားများ မတွေ့ဖူးဟု ကျနော်ထင်ပါသည်။ အရာရှိကြီး ဖြစ်လင့်ကစား ရိုးသား သိမ်မွေ့စွာဖြင့် နေထိုင်ပြုမူ ကျင့်ကြံပြီး စာပေ သင်ကြားရေးကိုသာ အာရုံစိုက်သူ၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီးများအနက် အများစုမှာ ရရှိသည့် လစာကြောင့် နေနိုင်စားနိုင်ရုံသာ ရှိပါ၏။ အချို့ဆို ရေခဲထုပ်ရောင်းရင်း မိသားစု ၀မ်းစာရှာကာ ဗိုလ်လောင်းများ စိတ်ဓာတ်၊ ပညာမြင့်မား ရေးကိုသာ အားသွန်ခွန်စိုက် ကြိုးပမ်း သင်ကြားပေးခဲ့သူများကိုလဲ တွေ့ဖူးပါသည်။

သဘာဝအရကိုပင် အလင်းနှင့်အမှောင်၊ နေ့နှင့်ည၊ အကောင်းနှင့်အဆိုး၊ အမြုပင် ဆန့်ကျင်ဘက် တို့ကို ဖန်တီးထားပေရာ ကျနော်တို့ ဗိုလ်လောင်းများ ပညာဆည်းပူးရေး ကဏ္ဍတွင်လဲ ကောင်းသော ပညာရပ် များကို သင်ကြားပေးသူ ဆရာ၊ ဆရာမများလည်း ရှိကြပါသည်။ အဆိုပါစိတ်ရင်း စေတနာမှန်ဖြင့် တိုင်းပြည် အတွက် အနာဂတ်ကို ဖန်တီးနိုင်စွမ်းရှိသည့် လူငယ်တို့အပေါ် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ သင်ကြား ပြသပေးခဲ့သူ ဆရာ၊ ဆရာမများအား တပည့်တဦး အနေဖြင့် ဤစာစုတွင် ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြ အပ်ပါသည်။

အထူးသဖြင့် ကျနော်တို့ မြန်မာစာကို ပိုမိုစိတ်ဝင်စားမှု ရှိလာအောင် ဆွဲဆောင် သင်ကြားပေးနိုင်သော ဆရာဂုဏ်မြောက် ဆရာဒုဗိုလ်မှူးကြီး မင်းနိုင်နှင့် အခြားသော မြန်မာစာဌာနမှ ဆရာ၊ ဆရာမ များကို အထူးပင် သတိတရ ကျေးဇူးတင်ရှိပါသည်။

မြန်မာစာပေ၊ မြန်မာစကားသင်ကြားရင်း မြန်မာတို့၏ သမိုင်းကြောင်းကို ထည့်သွင်း ဆွေးနွေးကာ မြန်မာ့ သက်ဦးဆံပိုင် ဘုရင်စနစ်၏ ဆိုးမွေ ကောင်းမွေများအကြောင်း ဆွေးနွေးချက်ကို ကျနော် အကြိုက်ဆုံး ဖြစ်၏။

နောက် သင်္ချာတွင် သင်သော calculus, probability ဘာသာရပ်များကိုလဲ စိတ်ဝင်စားပါသည်။ ဦးနှောက် တွေ ထူပူနေအောင် တွေးတောရခြင်း၊ တွက်ချက်ရခြင်းဖြင့် ကျနော်တို့ ဦးနှောက်တွေကို တွေးတောတတ် စေခဲ့ပါသည်။

စစ်တက္ကသိုလ် တွင်းတွင်သာ ထိတွေ့ကျင်လည် နေရသောကြောင့် ပြင်ပစစ်တပ် မိသားစုများ အကြောင်း နှင့် မြန်မာနိုင်ငံ ပြည်တွင်းရေး ပြည်သူများ၏ ဘ၀အခြေအနေ စသည့်တို့ကို တိတိပပ ဘာမှ မသိရှိခဲ့ပါ။

ဝါးလုံးခေါင်း ကျဉ်းကျဉ်းထဲသာသော လတစင်းနှယ်ပင်။ စစ်တက္ကသိုလ် စစ်သည်မိသားစု ၀င်များ၏ ဘ၀ရပ်တည်ရေး ကျပ်တည်းမှုကို ကြည့်၍တော့ သနားမိပါသည်။ ထိုအချိန် ထိုအခါက ကျနော်တို့ ဗိုလ်လောင်း သင်တန်းသားအတွက်ရသော လခ ထောင်ဂဏန်းမှာ ဘာကြေး၊ ညာကြေး ဖြတ်တာနှင့်ပင် ကုန်သလောက် ရှိပါပြီ။ အိပ်ဆောင်သုတ်ရန် ထုံးဖိုး၊ သင်္ဘောဆေးဖိုး၊ ပန်းပင်ဖိုး၊ ကန်တော့ကြေး၊ ဂါဝရ ကြေး၊ အသုဘကြေး၊ နာရေး အကူအညီစသော ခေါင်းစဉ် အမျိုးမျိုးဖြင့် ဖြတ်တောက်သဖြင့် လခမှာ အနည်းငယ်သာ ကျန်တော့သည်။ ဒီကြားထဲ ဓါတ်ပုံဆရာတို့၏ လက်စွမ်းပြမှု၊ ကိုယ်တိုင်ကလဲ အကျည်း တန် မှန်ကြိုက် ဆိုသလို အောက်ဒိုး လေ့ကျင့်ခန်း စသော ပြင်ပသို့ ရောက်တိုင်း စစ်တက္ကသိုလ်တွင်း ကန်ထရိုက် ယူထားသော ဓါတ်ပုံဆရာများက ဗိုလ်လောင်းများနှင့် အတူတူ လိုက်ပါသည် လူနည်းနည်း မစုလိုက်နှင့်၊ ရှုခင်းလေး မလှလိုက်နှင့်၊ ဗိုလ်လောင်းတိုင်းကို ဓါတ်ပုံရိုက်မလားဟု အချက်ပေး ဂျီကျ တော့သည်။ ကျနော်တို့ကလဲ ကိုယ့်အိတ်ထဲက ကုန်တာမဟုတ်၊ လခထဲက ဖြတ်တာ၊ ရိုက်ကွာဆိုပြီး ဓါတ်ပုံ တွေ ရိုက်ကြပါသည်။ ဓာတ်ပုံဖိုး မဟုတ်လဲ နည်းပြများက ဖြတ်တောက်သည်မို့ ငွေမရတာ များပါသည်။ အမြတ်ကတော့ ဓါတ်ပုံမှတ်တမ်း ကျန်ရှိခဲ့ပါ၏။

ထို့ကြောင့် လကုန် လဆန်းတိုင်း မိဘပို့ပေးသော ငွေလွှဲကို ဗိုလ်လောင်းတိုင်း မျှော်ကြပါသည်။ မိဘတွေ ကတော့ ဘယ်လိုစီးပွားအား ဘယ်လိုငွေစုပြီး သားတော်မောင် ပြည်ချစ်သား မျက်နှာ မငယ်စေဖို့ ငွေလွှဲ လစဉ် ပို့ပေးနေကြလဲ မသိပါ။ ဗိုလ်လောင်းများကတော့ လဆန်းတိုင်း ငွေလွှဲ စာရင်းကို လည်ပင်း ရှည်အောင် စောင့်မျှော်ကြပါသည်။ မိဘများပို့ပေးသော ပိုက်ဆံကို တရကြမ်း သုံးဖြုန်းခဲ့သော သားမိုက် များလဲရှိပါသေးသည်။ ထိုသားမိုက်များ စာရင်းတွင် ကျနော်လဲ ပါဝင်ခဲ့ပါသည်။ သောက်စား၊ လောင်းကစား ပစ်ခြင်းကြောင့် ငွေမကုန်သော်လည်း ကျနော် ဖြစ်စေချင်သော လုပ်စေချင်သော စေတနာပို ကြွားဝါလိုစိတ် များကြောင့် ငွေကြေး ပိုမိုကုန်ကျခဲ့သည်ကို ယခုတော့ နောင်တ သံဝေဂလဲ ရနေမိပါပြီ။

စောစောက စစ်သည်မိသားစုများနှင့် အရာရှိမိသားစုများ စားဝတ်နေရေး မပြေလည်မှု အကြောင်း ဆက်ရေးပါမည်။ စားဝတ်နေရေး မပြေလည်၍ စားရိပ်သာ အနီးတွင် ဟင်းထုပ်၊ ထမင်းထုပ်၊ အကြော် အလှော်၊ ဆေးလိပ်၊ ကွမ်း ခိုးကြောင့် ခိုးဝှက် ရောင်းသူရောင်းမှု၊ ရေခဲထုပ်ရောင်းသည့် အရာရှိကတော်၏ ရုန်းကန်ရသော ဘ၀ရပ်တည်မှု၊ ဘိန်းမုန့်ဖုတ် ရောင်းသူရောင်းမှုနှင့် ဆနွင်း မကင်း ဖုတ်ရောင်းသော ဗိုလ်မှူး စသည်တို့မှာ စေ့စေ့တွေးလျှင် အံ့သြစရာပင် ဖြစ်သည်။ သို့ပေမယ့် ဟိုမှသည်မှ၊ တစတစ တွေ့မြင် ရင်းနှီး ကြုံရဖန် များလာသောအခါ မထူးဆန်းသလို ဖြစ်သွားပါသည်။

ကျနော် (ထိုအချိန်က) အထင်မှားကား စစ်အစိုးရ အုပ်ချုပ်နေတာပဲ၊ လခတော့ လုံလောက်အောင် ပေးမှာပဲ၊ ဒီလူတွေ အသုံးအဖြုံးကြီး၍ မလောက်တာ ဖြစ်မယ်ဟူ၍ ဖြစ်ပါသည်။ ထိုစဉ်ကတော့ လစဉ် မိဘများ ပို့ပေးသော ငွေကြေးဖြင့် ဖူဖူလုံလုံ နေနိုင်ခဲ့သော လတွေများနေ သောကြောင့် ကိုယ်တိုင်ခြေလျင် ခြေမြန် တပ်ရင်းများသို့ ရောက်ရှိသောအခါ ဤသို့ဤနှယ် ကြုံရနိုင်သည်ဟုလဲ မတွေးမိခဲ့ပါ။ စစ်တပ်အစိုးရ အုပ်ချုပ်နေသည်ပဲ။ စစ်တပ်မိသားစုဝင်များ ချွတ်ခြုံကျအောင်တော့ မလုပ်တန်ရာဟုသာ တွေးထင်နေခဲ့ သည်။ ထိုအချိန်ထိ တကယ်ပင် ယုံစားနေဆဲ ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

0 ထင်မြင်ချက်: