Friday, May 2, 2008

ယနေ့ စစ်တပ်.... ဘာတွေဖြစ်နေသလဲ (၃၃)

ပြင်ဦးလွင်(ခေါ်) စစ်တပ်မြို့ ကျဉ်းကျဉ်းလေး၏ မြို့လယ်မှာ ကျဉ်းကျဉ်း ငယ်ငယ်ပင်ဖြစ်ရာ ဘယ်နေရာ၊ ဘယ်ဆိုင်သွားသွား စီနီယာ အရာရှိတို့နှင့် ကင်းလွတ်သည်ဟူ၍ မရှိ။ စားသောက် ခြင်းကို လုပ်သာ လုပ်နေရသည်။ ဘယ်စီနီယာ ၀င်လာမလဲ၊ ဘယ်အရာရှိ ၀င်လာမလဲ၊ တရားခံရှာ နေသော ရဲမျက်လုံးနှင့် ဆိုင်ဝကိုသာ အမြဲကြည့် နေရသည်။ ယင်းတို့ တဦး တယောက်ဝင်လာ သည်ကို မမြင်လိုက်မိ၍ မတ်တပ် မရပ်လိုက်မိပါက စီနီယာဆိုလျှင် ချွေးထွက်ဖို့ ပြင်ပေရော့။ အရာရှိဆိုင်လျှင် ချွေးလဲထွက်မည်၊ စည်းကမ်း စိတ်ဓါတ် အမှတ်ဆိုတာလဲ ဖြတ်တောက်လျော့ချ ဦးမည်။ ထို့ကြောင့် ကျနော်တို့ ဂျူနီယာများသည် စီနီယာများ မလာတတ်သော နေရာများတွင်သာ သွားရောက် လည်ပတ်ကြရသည်။ ၆ ရက်ကြာ ပင်ပန်း ခဲ့သမျှ အပန်းဖြေရန် ၄ နာရီကြာမျှသာ ထွက်ခွင့်ရကြရာ ထိုအချိန်လေးတွင် ပျော်ရွှင်စွာ၊ စိတ်ဖြောင့် ငြိမ်းချမ်းစွာ အပန်းဖြေကြရသည် မဟုတ်ပါ။ ကျီးကန်းတောင်းမှောက် မျက်လုံးများဖြင့် မိမိအပြစ်ဒဏ် မဖြစ်အောင် စီနီယာ ဆိုသည့် အထက်အရာရှိကို ကြောက်ကြရသည်။ ဤမျှထိအောင် ပုံသွင်းလေ့ကျင့် ပေးသော မြန်မာ စစ်တပ်ပေတည်း။

အောက်ပတ်စ်ခေါ် တပ်ပြင်ထွက်လည်ခြင်းမှ ပြန်ဝင်လာသော အခါတွင်လဲ ဗိုလ်လောင်းတာဝန်မှူး (ခေါ်) စတုတ္ထနှစ် တာဝန်ကျ ဗိုလ်လောင်းမှ ပထမနှစ် ဗိုလ်လောင်းများ စုံ မစုံ၊ ချိန်ကိုက်ပြန်ဝင် မ၀င်၊ ဘာတွေ ၀ယ်လာသည် ဆိုသည်ကို စစ်ဆေးရုံမက ပါးစပ်ကိုပါ နမ်းကြည့်တတ်သည်။ အရက် သောက်လာသလား၊ ဆေးလိပ်ခိုး သောက်လာသလား၊ လက်ဆွဲအိတ်ကို ယူ၍ ဘာတွေ ၀ယ်လာသလဲ အကုန်စစ်ဆေးသည်။ တကယ့် မူကြို ကျောင်းသားလေးများ ပမာပင်။ ဒုတိယနှစ် များကျတော့ ဤသို့ စစ်မေး ခံရခြင်းမှ ကင်း လွတ်ခွင့်ရသော အခွင့်အရေး ရှိသည်။ အခြား အခြားသော အိပ်ဆောင်အခွင့်အရေး၊ ထမင်းစားဆောင်၊ စာသင်ဆောင် အခွင့်အရေးတွေလဲ ရှိ၏။

ယင်းကဲ့သို့ ဘာမှပြောခြင်း မရှိလောက်သည့် အခွင့်အရေးများကို အဆင့်လိုက်ခွဲခြား သတ်မှတ် ပေးခြင်းဖြင့် မြန်မာစစ်ဗိုလ် အလောင်းအလျာတို့သည် အခွင့်အရေးကို ရည်မျှော်တတ်လာသည်။ ငါဘယ်အဆင့် ရောက် ရင် ဘာအခွင့် အရေးရမယ် ဆိုတာကို သွားရည်ကျမခန်း တွေးတောတတ်လာသည်။ မျက်မြင် သာဓက များကလဲ ရှိနေပြီကိုး။

ကျနော်ပြောခဲ့သော ကျောင်းစာသင်ခန်းမကို လာစစ်သည့် စစ်ဗိုလ်ချုပ်ကို ကြည့်၍ အားကျသူက အားကျ နေသည်။ အားကျချင်စဖွယ်ကိုး။ စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် သိန်းပေါင်းရာနှင့်ချီ၍ ကုန်ကျမည့် စီမံကိန်းကြီးကို ချက်ချင်းလုပ်ကြသည်။ ဟောင်းနွမ်းနေသော စာသင်ခန်းများကို ခန်းလုံးပြည့် ကြွေပြားတွေ ကပ်ကြသည်။ “အမိန့်”၊ ဟုတ်ပါသည်။ အမိန့်တခွန်းတည်းပါပဲ။ ဤလို အမိန့်ပေးနိုင်သော၊ အမိန့်ပေးပိုင်ခွင့် ရှိသော ရာထူးကြီးကို ပိုင်ဆိုင်လိုစိတ် ရှိကြသည်မှာ ပုထုဇဉ်တို့၏ သဘောပင်ဖြစ်သည်။ ယင်းသို့သော ဗိုလ်လောင်းဘ၀မှာတင် အခွင့်အရေးကို မက်မောတတ်အောင်၊ လိုချင်ရမက် ရှိအောင်၊ သင်ကြား စည်းရုံး ပေးထားခြင်း၊ နည်းပေးလမ်းပြ ပြုလုပ်ထားခြင်း၊ အစဉ်အလာသဖွယ် ဖန်တီးပေးထားခြင်း စသည့်တို့ ကြောင့်ပေတည်း။

သို့ရာတွင် အခွင့်အရေးကို မက်မောအောင် မည်မျှကျုံးသွင်း သင်ကြားစေကာမူ အခွင့်အရေးကို မမက် သော၊ ထိုအခွင့်အရေး ဆိုတာကို မက်မောဖွယ် မဟုတ်ကြောင်း တွေးတော သိရှိသူများလဲ ရှိပါသေးသည်။ သူတို့သည် စစ်အာဏာရှင်စနစ်၏ ယန္တရား လည်ပတ်မှုအတွက် အခြေခံအုတ်မြစ်ကို မည်သို့ တည်ဆောက် ထားသည်၊ မည်သို့သော လူစားများကို မည်သို့သော အခွင့်အရေးများဖြင့် ကျုံးသွင်းမြူဆွယ် ခိုင်းစေ ထားသည်၊ မည်သို့သော ၀ါဒဖြင့် ကွန်ယက်ဖြန့်ကျက်၍ မသိနားမလည် အသိမကြွယ်သော မြန်မာပြည်သူ ပြည်သားတို့အပေါ် မည်သို့နားလှည့် ပါးရိုက်လုပ်ဆောင်၍ ဖိနှိပ်ချုပ်ချယ်မှု ဟန်ပြကောင်းအောင် ပြည်သူ ပြည်သားအချင်းချင်း ငါးကြင်းဆီနှင့် ငါးကြင်း ကြော်နည်းကို မည်သို့ အသုံးချနေသည် စသော နည်းအမျိုး မျိုး တို့ကို လေ့လာသိရှိကြသော စစ် အရာရှိများ ဖြစ်ပါသည်။

၎င်းတို့သည် အရက်ဆိုင်တွင် အရက်ထိုင်သောက်ရင်း၊ အလာပ္ပ သလာပ္ပ စကားပြောရင်း၊ တရား ထိုင်ရင်း သိရှိနားလည်သူများ မဟုတ်ကြပါ။ ပင်ကိုယ်စိတ်ရင်းတွင် စစ်မှန်သော မျိုချစ်စိတ်အား ဆုပ်ကိုင်ထားကြပြီး စာပေဖတ်ရှု လေ့လာခြင်း၊ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း ချိန်ထိုး နှိုင်းယှဉ် သုံးသပ်ခြင်း၊ ပြည်ပရေဒီယိုများ နားထောင်ခြင်း၊ ပြည်တွင်းမှ သက်ကြီးအရွယ် မျိုးချစ်စစ်သား ဟောင်းများ၊ နိုင်ငံရေးသမား၏ ဆုံးမစကားကို နာယူခြင်း စသည်တို့ဖြင့် မိမိတို့၏ အတွေးအမြင်ကို အာဏာရှင်စနစ်၏ ကျွန်သွင်းခံရခြင်းမှ ကာကွယ်ကာ လွတ်လပ်သော အမြင်ဖြင့် လွတ်လပ်စွာ နေထိုင်ရန် ကြိုးပမ်းကြသူများ အကြောင်းကို နောင်တွင်ရေးသား တင်ပြ ပါဦးမည်။

ဤအပိုင်းတွင်တော့ အခါအခွင့်ကို မျှော်ချင့်၍ အလိုက်သင့် ကျွန်ခေါင်း၊ ကူလီခေါင်း ရာထူး တိုးတက်ရေးကို ကျုံးသွင်း မျောလိုက်စေသည့် အခွင့်အရေး မျှော်ရေး၊ ပုံစံချ လေ့ကျင့်ပုံ အကြောင်းကို ကျနော် မှတ်မိသမျှ အကြမ်းဖျဉ်း ပြောပြခြင်းသာ ဖြစ်ပါ၏။

ဒုတိယနှစ် ဗိုလ်လောင်းဘ၀ကို စတင် ကြုံတွေ့ရပါပြီ။ ပထမနှစ် ဗိုလ်လောင်း ဘ၀လောက် ပင်ပန်း ဆင်းရဲခြင်း မရှိတော့သော်လည်း စိတ်ကျဉ်းကျပ်မှု ကတော့ ရှိသေးသည်။ အားကစား ပြိုင်ပွဲများ ဖြစ်သော ကျွမ်းဘားပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများအတွက် စီနီယာများ၏ အနီးကပ် ကြီးကြပ် လေ့ကျင့်မှုကို ခံရပြန်သည်။ ကျွမ်းဘားပြိုင်ပွဲ ဆိုသည်မှာ ယနေ့ မီဒီယာများတွင် တွေ့မြင်နေရသော ကျွမ်းဘား အားကစားနည်း အတိုင်း တဦးချင်း ပြိုင်ဆိုင်ရခြင်း ဖြစ်သည်။ အလွယ်တကူ လေ့ကျင့်၍ ပြီးမြောက် အောင်မြင်နိုင်သည့် အားကစား မဟုတ်ပါ။ နှစ်နှင့်ချီ လေ့ကျင့်ရသော၊ ကျွမ်းကျင်မှုနှင့် ကြံ့ခိုင်မှုရှိမှ ၀င်ပြိုင်နိုင်သော အားကစားဖြစ်ပါသည်။

ကြံ့ခိုင်မှုအတွက် ပထမနှစ်ကတည်းက လေ့ကျင့်ပေးပြီးဖြစ်၍ ယခု ဒုတိယနှစ်တွင် ကျွမ်းကျင်မှု ရှိစေရန် နင်းကန် လေ့ကျင့်ရပါသည်။ ၀င်မပြိုင်၍လဲ မရပါ။ လူတိုင်းမဖြစ်မနေ ပြိုင်ရပါမည်။

တတန်းဘား(ခေါ်) သံတန်းတတန်းအား လူ၏ လက်တဖောင်ကျော် ၂ ပေခန့် ပိုမြင့်သော ဒေါက် တိုင် ၂ တိုင်ဖြင့် ထောက်မတပ်ဆင်ထားသည့် သံတန်းကို လက်နှစ်ဖက်ဖြင့် တွဲခိုကာ အရှိန်ယူရသည်။ လူသည် ပုခက်ကဲ့သို့ လွှဲရှိန် ရလာသောအခါ ခြေနှစ်ဘက်နှင့် ခါးကိုလွှဲရှိန်နှင့် အလိုက်သင့် ရိုက်ခတ်၍ ကမ္ဘာ့ ဆွဲအားကို ရုတ်ချည်းဆန့်ကျင်ကာ ဆွဲခိုထားသော သံတန်းဘားကို မိမိ၏ ဆီးခုံခါးရိုးနှင့် ထိအောင် လက်ဖြင့် ဆွဲကုပ်ယူရခြင်း ဖြစ်ပါသည်။ စာဖြင့် ရေးပြရာသည်မှာ လွယ်သယောင် ရှိသော်လဲ လက်တွေ့ လုပ်ရသောအခါ မလွယ်ကူပါ။ လူကို ပုခက်သဖွယ် လွှဲနေနိုင်အောင် လက်ဝါး နှစ်ဘက်ကလဲ ဆုပ်အား ကောင်းဦးမှ၊ လွှဲရမ်း၍ အရှိန် မြင့်တက်လာအောင်လဲ ခါးရမ်း ကွေးညွတ်ခြင်းကို အင်နားရှားနှင့် ကာရံညီ စည်းချက်ချ အရှိန်တင် လွှဲနိုင်ဦးမှ၊ အရှိန် ရလာသောအခါတွင်လဲ လက်ကိုင်ထားသော တန်းပေါ် မိမိ ကိုယ်ခန္ဓာ အပေါ်ပိုင်း တခုလုံးရောက်အောင် လွှဲရိုက် တင်နိုင်ဖို့လဲ သန်မာမှု ရှိဦးမှ စသည်ဖြင့် အမျိုးမျိုး လိုအပ်သည်။

ထို့အပြင် နှစ်တန်းဘား၊ ရိမ်းဘားကွင်းခိုခြင်း၊ မြင်းဘား(ဟော့စ်ဘား) (ခေါ်) တုံးခုန် ကျော်ရခြင်း စသော ပြိုင်ပွဲဝင်နည်း အမျိုးမျိုးကို စနစ်တကျ လေ့ကျင့် ပြိုင်ပွဲဝင်ရ၏။ မလွယ်ပါ။ ခက်ခဲစွာ ၀င်ပြိုင်ရပါသည်။

ပြိုင်ပွဲဝင်ရန် လေ့ကျင့်ရင်း စာပေ ကဏ္ဍကိုလဲ လက်မလွှတ်ရဲပါ။ စာပေတွင် ပထမနှစ်လောက် သက်သာခွင့် မရတော့ပါ။ ထိုအတွင်း နောက်ထပ်ရောက်ရှိလာသော စစ်ကျွန်သစ် ပထမနှစ် ဗိုလ်လောင်းများကို ၀ိုင်းဝန်း ကြပ်မတ်ရပါသည်။ တချို့ကတော့ ကိုယ်ပထမနှစ်တုန်းက ခံခဲ့ရသည်။ ယခု စီနီယာဖြစ်လာပြီမို့ ပြန်နှံမည် ဟု ကလဲ့စားချေ အကြွေးဆပ် စိတ်ကူးဖြင့် ပထမနှစ် ဂျူနီယာများကို အပြစ်မရှိ အပြစ်ရှာ ခေါ်ယူ အပြစ်ပေးကာ ငပွကြီး၊ ငပဲ့ကြီး လုပ်တော့သည်။ ကျနော်ကမူ စစ်တက္ကသိုလ်၏ စီနီယာ မပီသဟု ဆိုချင် ဆိုပါ။ ကိုယ့်ကို ပြန်လည်ပြောခွင့်၏ ခုခံခွင့်မရှိသော ဂျူနီယာတစ်ယောက်အား နိုင်လိုမင်းထက် အပြစ် ပေးပြီး ကိုယ့်ကိုကို သန္ဓိတင် လိုသော အာဏာရှင်နောက်လိုက် မြို့စားရွာစား စိတ်ဓာတ်ပုံစံမျိုး မလုပ်ချင်ပါ။

ထိုသိုသော ဂျူနီယာများကို နှိပ်စက်ညှဉ်းပမ်းလေ့ ရှိသူတစ်ဦးက ပြောဖူးပါသည်။

“ဒီကောင်တွေကို အုပ်တာ (အပြစ်ပေးခြင်ကို အုပ်သည်ဟုခေါ်သည်) သက်သက်မဲ့ လုပ်နေတာ မဟုတ်ဘူး ကွ။ စိတ်ဓာတ်ရော၊ ကိုယ်ခန္ဓာပါ ကြံ့ခိုင်အောင် မဖြစ်မနေလုပ်ပေးနေတာ” ဟူ၍။

တရားဝင် အပြစ်ပေးခြင်း နည်းလမ်းများဖြင့် ကျန်းမာကြံ့ခိုင်စေရန် လေ့ကျင့်ပေးခြင်းကို အပြစ်မဆိုပါ။ သို့သော် နိုင့်လိုမင်းထက် အနိုင်ကျင့် နှိပ်စက်ကလူပြုခြင်း တို့ကိုမူ လေ့ကျင့်ပေးခြင်းဟု ကျနော်မမြင်ပါ။ နိုင်လိုမင်းထက် အနိုင်ကျင့် နှိပ်စက်သည်ကိုလဲ စစ်တက္ကသိုလ် အုပ်ချုပ်သူများက လျစ်လှူရှုထားကြ၏။

မည်သို့ပင်ဆိုစေ၏ မြန်မာစစ်တပ်သည် အထက်ကို လက်အောက် ငယ်သားတို့က အလွန်အကျူး ကြောက်ရွံ့ ရိုသေအောင် နည်းမျိုးစုံဖြင့် ခြောက်လှန့် ပုံသွင်း ပေးခြင်းသာဖြစ်သည်။ ခေါင်းဆောင်ပီသသူကို နောက်လိုက်က ရိုသေလေးစားရန် စံနမူနာပြ နေထိုင်ခြင်း၊ လေ့ကျင့်ပေးခြင်း မဟုတ်ပဲ မည်သည့် အဆင့်အတန်း၊ မည်သည့် စိတ်ဓာတ်ရှိသူဖြစ်စေ၊ အထက်အရာရှိ ဖြစ်နေပါက ရိုသေကြောက်ရွံ့ရမည်။ ထိုသူ၏ အမိန့်သည် တရားဝင်ဝင် မ၀င်ဝင် ဘယ်လိုပဲ ဖြစ်ဖြစ် လိုက်လုပ်ရမည်။ ထိုသို့သာ အဓိက ပုံသွင်း၏။

ယင်းကား အာဏာရှင်စနစ်၏ အောက်ခြေဖွဲ့စည်းပုံ အစတည်း။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

0 ထင်မြင်ချက်: