Friday, May 2, 2008

ယနေ့ စစ်တပ်..... ဘာတွေဖြစ်နေသလဲ (၃၁)

ရန်ကုန်ဘူတာကြီးသို့ ရထားတွဲကြီး တအိအိဖြင့် ၀င်လာပါသည်။ အဝေးကပင် ကြားနိုင်သော စစ်သီချင်း ဆိုသံများ၊ ပေါက်ကရ အော်ဟစ်သံများနှင့် ရထားနံရံကို ထု၍ စည်းချက်လိုက်သံများ ဆူညံစွာ ကြားလာရပါသည်။ ဤသို့ ရထားတွဲ နံရံ သံပြားများကို တွေ့ကရာ ပစ္စည်းများဖြင့် ထုနှက် သီချင်းဆိုခြင်းကို တားမြစ်သော မီးရထားဝန်ထမ်း တစ်ဦးတစ်ယောက်မျှ မရှိပါ။ စစ်အာဏာရှင်ခေတ် ဖြစ်ပေသည်ကိုး။ ဘူတာတွင်းသို့ ဆူညံအော်ဟစ်၍ တတွဲလုံး ပွက်လော ရိုက်အောင် ပျော်ရွှင်လာ ကြသော ရထားတွဲမှာ ကျနော်တို့ စစ်တက္ကသိုလ် ဗိုလ်လောင်းများ၏ သီးသန့် ရထားတွဲ ဖြစ်ပါသည်။ ကြိုဆို စောင့်ဆိုင်းနေကြသော ဗိုလ်လောင်းဆွေမျိုးများနှင့် အခြား ခရီးသည်များကတော့ ကျနော်တို့ ဗိုလ်လောင်းများအပေါ် အထင်ကြီးမည်လား၊ ရှုတ်ချမည်လား မပြောတတ်ပါ။ ကျနော်တို့ အုပ်စုဖွဲ့ နေရခိုက် အပျော်တွေစုဆုံ ပေါက်ကွဲ ပျော်ရွှင်ခဲ့ကြပုံကို ယခုအချိန် ပြန်တွေးမိသောအခါ ကျနော် ရှက်မိပါသည်။

စစ်တပ်၏ အထက်အရာရှိမှတပါး မည်သူ့ကိုမျှ ကြောက်စရာ မလိုသော အာဏာရှင် နို့စို့ခံ အာဏာရှင် အငယ်စားလေးများ၏ မာန်ဘ၀င်နှင့် လုပ်ပိုင်ခွင့် ဘ၀ကို ယစ်မူးနေခဲ့မိသော ကျနော်တို့ ၁၉ နှစ်သား လူရွယ်လေးများ၏ ခံစားချက်၊ အရောင်စွန်းထင်းမှု၊ ပုံသွင်းပြုပြင်မှု နောက်သို့ နားယောင်ခံစား လိုက်ပါမှု၊ အာဏာတန်ခိုး၏ ယစ်မူးမှုကို နှစ်ခြိုက်ဖြေသိမ့်မှု စသော အထွေထွေ ပြောင်းလဲမှု စံနှုန်းနှင့် ဖြစ်ပျက်မှုတို့ကို နားလည်ခံစား ခွင့်လွှင်သူ ရှိကောင်းရှိမည်။ သရော်ပြုံး ပြုံးသူလည်း ရှိမည်။ အထင်ကြီး အားကျမှုနှင့် ကြည့်သူ၊ မှုန်မှိုင်းရီဝေ အသက်မပါသော မျက်လုံးနှင့် ကြည့်သူလည်း ရှိမည်။ အစွယ် တဖွေးဖွေး ကောက်ကျစ်သော အပြုံးကြီးများနှင့် ကျေနပ်နေသော စစ်အာဏာရှင်ကြီးများ၏ အခြောက်၊ အမြူ၊ အကြိမ်းအချော့ အခွင့်အရေးပေး ကာကွယ်လွှမ်းမိုးကာ အနာဂတ်၏ သားကောင်း များဟု အမည်တပ်၍ အထက်အရာရှိ ခိုင်းလျှင် ဘာမဆိုလုပ်မည်၊ လုပ်ဝံ့သည်၊ လုပ်ကိုလုပ်ရမည်၊ မလုပ်ချင်လဲ လုပ်ရမည်၊ မလုပ်သင့်လဲ လုပ်ရမည်၊ မည်သည့်နည်းနှင့်မဆို အထက်အရာရှိက ခိုင်းလျှင် ဘာမဆို လုပ်မည်ဖြစ်သော အာဏာရှင် လက်ဝေခံ အာဏာရှင် အငယ်စားလေးများ ကတော့ မိဘ ပြည်သူများရှိရာ မြို့ပြလူနေမှု စနစ်ဆီသို့ ခွင့်ပြန်လာခဲ့ပါပြီ။

ကျနော့်ဖေဖေကတော့ ကျနော်အား သားကောင်း ရတနာတစ်ယောက် ဖြစ်စေလိုကြောင်း ပြောဖူးပါ သည်။ ကဗျာ ဆရာကြီး တစ်ဦး၏ ကဗျာတစ်ပုဒ်ထဲမှ စာသားလေးကို ရေးပို့ဖူးပါသည်။ အရပ်သား ရုံးဝန်ထမ်း စစ်စစ်ဖြစ်သော ကျနော့်ဖေဖေသည် အာဏာပိုင်သော၊ စစ်ဗိုလ် စစ်သားများကို အလွန် ကြောက်ပါသည်။ သူကြောက်ရွံ့ ထိမ့်လန့်ရသော မြန်မာပြည်၏ တန်ခိုးထက်သော စစ်ဗိုလ် လူတန်းစားတွင် သူ့သား ပါလာတော့မည်မို့ သူပျော်နေလား၊ မပျော်ဖူးလား ကျနော်မတွေး တတ်ပါ။ “ငါ့သားကြီးလုံးလုံး၊ စစ်သားကြီး ရှုံးလောက်တဲ့” ဟု ကျနော်ထင်သည်။ ကြေးနီရောင် သန်းနေသော ကိုယ်ရောင်ဝါနှင့် သံချောင်းတမျှ မာကျောသော ကြွက်သားများပိုင်ရှင် ရှေးခေတ် မြန်မာစစ်သား များကို ရည်စူး စပ်ဆိုထားသည့် ကဗျာဖြင့် ကျနော်ကို ရည်ရွယ် ရေးပို့ပါသည်။

ဟုတ်ပါသည်။ ကျနော့်ဖေဖေသည် ကျနော့်အား အနာဂတ် နိုင်ငံတော်၏ သားကောင်းတစ်ယောက် ဖြစ်စေလိုပါသည်။ အများပြည်သူ၏ လေးစား အားထားကိုယ်းစား ယုံကြည်သည့် (ဗိုလ်ချုပ်အောင် ဆန်းကဲ့သို့) မျိုးချစ် ခေါင်းဆောင်တစ်ယောက် ဖြစ်စေလိုပါသည်။ တိုင်းပြည်နှင့် ယှဉ်သော၊ တန်ဖိုး ရှိသော လူငယ်တစ်ယောက် ဖြစ်စေလိုပါသည်။ ဖခင်၏ ရည်မှန်းချက်ကို သူရေးထားသော စာများ၊ သူပေးပို့သော (ကျနော်ခိုးဖတ်ရသည့် စာအုပ်များ) စာစောင်များကို ကြည့်၍ ကျနော် နားလည် ခံစား မိပါသည်။ သို့သော် ထိုအချိန်က အာဏာကို အတန်ငယ် ယစ်မူးနေပါသည်။

ယာဉ်မောင်းနှင်ခွင့် လိုင်စင်မရှိပဲ ရန်ကုန်မြို့တွင် ကားများ၊ ဆိုင်ကယ်များ မောင်းနှင်ပြီး အသေးအဖွဲ စည်းကမ်းများ ဖောက်မိသည့်တိုင် စစ်တက္ကသိုလ် ဗိုလ်လောင်း ကပ်ပြားလေး ပြလိုက်ရုံဖြင့် မည်သူမျှ အရေးမယူသော လုပ်ပိုင်ခွင့်ဘ၀ကို လည်းကောင်း၊ (ပြစ်မှုကြီးများဖြစ်သော ယာဉ်တိုက်မှု၊ လူသေမှု များ ဖြစ်ရင်တော့ သက်သာမည် မထင်ပါ။ ကျနော် မဖြစ်ဖူး၍ မသိ)၊ ရပ်ကွက်ရှိ ရ၀တ လူကြီးများ၊ မီးသတ် အဖွဲ့အစည်းများက တလေးတစား ဆက်ဆံခြင်း ခံရသော ဆံပင်တိုတို စစ်ပုံစံ လူငယ်လေး တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ကျေနပ်မိသော အခြေအနေကို လည်းကောင်း၊ သမက်တော်လို သော သမီးရှင်များ၏ ဖော်ရွေမှု (ထိုအချိန်ထိ စစ်ဗိုလ်များ ဈေးကောင်းသေးသည်။ ယခုတော့ မည်သို့ရှိမည် မသိပါ။ ကျနော်လဲ ကလေးအဖေ ဖြစ်နေပါပြီ)၊ ရပ်ကွက်ထဲတွင် ကျနော်မိဘများ ဂုဏ်ယူ ၀င့်ကြွားရမည် (ထိုစဉ်က ကျနော်အထင်ပါ)ဟူသော သားသမီး တစ်ဦး၏ မိဘအပေါ် ဂုဏ်တင်စေမည့် ခံစားချက်လေးဖြင့် လည်းကောင်း၊ ကျနော်သည် ကိုယ့်ဘ၀ကိုယ်၊ ကိုယ်အဆင့်ကိုယ် အတိုင်းထက် အလွန် ကျေနပ် နှစ်သက်နေခဲ့ မိပါသည်။ ထိုအရာတွေသည် ခုနှစ်သက္ကရာဇ် ၁၉၉၅ ခုနှစ်က ကျနော့်အတွေးများဖြစ်ကြောင်း ကိုတော့ စကားမစပ် ပြောပါရစေ။

ထိုသို့ ပကာသန ဖက်သော ဂုဏ်ယူဝင့်ကြွားခြင်း ခံစားချက်ဖြင့် မိဘမောင်ဘွား ဆွေမျိုးများ ထံသို့ လိုက်လံ လည်ပတ်ပါသည်။ ကြွားဝါပါသည်။ မုန့်ဖိုး တောင်းပါသည်။ လူကြီးဆန်သော အမူအရာနှင့် လူငယ်စကားကို ပြောကာ ကျနော်တို့ ဆင်းရဲ ပင်ပန်းခဲ့သည့် အခြေအနေ တစ်ချို့ကို ပြောပြပါသည်။ အကုန်လုံး ပြောပြလျှင် ယုံချင်မှလဲ ယုံမည်။ ကျနော် မလိမ်တတ်မှန်းသိသူ မိဘတွေ အလွန်တရာ သနားဂရုဏာ စိတ်ဖြင့် ယူကျုံးမရဖြစ် မည်ကိုလည်း စိုးရိမ်မိပါသည်။ ထို့ကြောင့် အကုန်လုံးကို ကျနော် မပြောပြပါ။ သနားသော ဆွေမျိုးများက ကျောင်းသွားပြန်တက်လျှင် သုံးရန် မုန့်ဖိုးများ ပေးပါသည်။ ဟိုသွားလည်၊ သည်လျှောက်လည်ဖြင့် ၁၀ ရက်ခန့် ကြာသောအခါ ပျင်းသလိုလို ဖြစ်လာပါသည်။ ကျောင်းတက်နေသော (၁၁)လလုံး လိုလိုမှာ တရစပ် ကိစ္စများဖြင့် ချာချာလည်နေခဲ့ပြီ။ ယခုတလ အတောအတွင်း ဘာအလုပ်မှ မရှိတော့သောအခါ အလေ့အကျင့် ပြောင်းလဲရသည့် အတွက်လားမသိ၊ ပျင်းသလိုလို ဖြစ်လာပါသည်။ အိပ်ရေးဝအောင်အိပ်ရပြီး၊ ဗိုက်ဝအောင် စားရ၍ ထိုခွင့် ၃ ပတ် အတွင်း တွင်ပင် ကျနော်သည် ပြည့်ဖြိုးသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာခဲ့ပါသည်။ ခွင့်ပြန်လာကာစက နီကျစ် သော ဆံပင်၊ မွဲခြောက်သော အသားအရည်၊ ပိန်လှီသော ခန္ဓာကိုယ်တို့သည် မိဘ၏ မေတ္တာရိပ်သို့ ခေတ္တမျှ ပြန်ရောက်ရုံနှင့် အတော်ပင် ပြောင်းလဲသွားကြောင်း အံ့သြစွာ သိခဲ့ရပါသည်။

အားလပ်သော အချိန်များအတွင်း စာဖတ်ခြင်းကိုသာ အလေ့အကျင့် တစ်ခုအဖြစ် မွေးမြူခဲ့ပါသည်။ ယနေ့ထက်တိုင် စာဖတ်ခြင်းကို စွဲမြဲခုံမင်စွာ ပြုလုပ်နေဆဲ ဖြစ်ပါသည်။ စာအုပ်စာပေ လူ့မိတ်ဆွေ ဟူသော စကားပုံသည် မှန်ကန်လှပါ၏။ စာဖတ်ခြင်း၊ တွေးခေါ်မြော်မြင်၊ စဉ်းစား ကြံစည်ခြင်းတို့ ကြောင့်သာ ကျနော်ဘ၀သည် ယခုလို အနိမ့်အမြင့် အတက်အကျရှိစွာ ပြောင်းလဲ လာခဲ့ခြင်း ဖြစ်ပါသည်။ စာမဖတ်၊ မျှော်မတွေး ခပ်အေးအေးသာ နေခဲ့ပါမူ ယခုထက်တိုင် စစ်အာဏာရှင် စနစ်၏ ကျေးကျွန် တစ်ဦးအဖြစ်နှင့် ထားရာနေ၊ စေရာသွား ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ဆိုသော စစ်သားအမည်ခံ၊ စစ်အာဏာရှင် တည်မြဲရေး အသုံးချခံ သားကောင် တစ်ဦးအဖြစ် မြန်မာ့သမိုင်း၏ ခေတ်ကို ယုတ်နိမ့်စေသော သမိုင်းတရားခံများ စာရင်းတွင် ကျနော် ပါဝင်နေဦးမည် ဖြစ်ပါသည်။ ယခုမူ စာပေမှရသော အတွေးအခေါ် အားမာန်ဖြင့် လွတ်လပ်သော အတွေးအမြင် ဘ၀ကို ပြန်ရအောင် ဖန်တီးနိုင်ခဲ့ပါပြီ။ တိုင်းပြည်အတွက် တကယ် လိုအပ်နေသော ကိုယ်ကျင့်သိက္ခာ တည်ကြည်သော စိတ်ဓာတ်မြင့်မား ခိုင်မာသော မျိုးဆက်သစ် လူငယ်တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကို မွေးမြူ တည်ဆောက် ကြိုးပမ်း နေနိုင်ခဲ့ပါပြီ။

စာအုပ်စာပေ၏ ကျေးဇူးသည် ကြီးမားပေစွ၊ ဒါတောင် လွတ်လပ်စွာ ရေးသားခွင့်မရှိသည့် စစ် အာဏာရှင် စနစ်အောက်ဝယ် စာပေ အနုပညာသည် တို့သည် တတ်စွမ်းသရွေ့၊ အခွင့်အရေး ရသရွေ့ တိုင်းပြည် ကောင်းစားရေး၊ မျိုးဆက်သစ်တို့ အညွန့်တလူလူ ရှိရေး၊ ကြိုပမ်း အကောင်အထည်ဖော် နေ၍ တော်သေးသည်။ မျိုးဆက်သစ်တို့ အညွန့်ကို ချိုးနှိမ်ရန် စစ်ဗိုလ်ချုပ်ကြီးများက ယုတ်မာ ပက်စက်သော အကြံဖြင့် ကြံစည် အားထုတ်နေကြချိန်တွင် စာပေပညာရှင်တို့ ကလဲ တဖက်တလမ်းမှ ရတန်သရွေ့ မျိုးဆက်သစ်တို့ ဘ၀ကို မြှင့်တင်ရန် ကြိုးပမ်းနေကြ၏။ ကျနော်တို့ မျိုးဆက်သစ် လူငယ် များ၏ အသိအမြင်ကို မြှင့်တင်ပေးနေခဲ့သော သင်ဆရာ၊ မြင်ဆရာ၊ မျိုးချစ် စာရေးဆရာကြီးများ စာပေ အနုပညာရှင်များအား အနူးအညွတ်လေးစားစွာ ကျေးဇူးတင်ရှိပါသည်။

ဒုတိယနှစ် ဗိုလ်လောင်း သင်တန်းသားဘ၀ မရောက်ခင် စစ်တပ် အရာရှိလောကတွင် ရာထူးနှင့် နေရာလိုက် ၍ အခွင့်အရေး ရပိုင်ခွင့်ပေးခြင်းကို ဘယ်လိုကစ လေ့ကျင့်သည်ကို ရှင်းပြပါမည်။ အခြားသော ဗိုလ်သင်တန်းကျောင်းများတွင် ဤသို့ရှိမည် မရှိမည်ကို ကျနော်မတက်ဖူး၍ မသိပါ။ ကျနော် တက်ဖူးသော စစ်တက္ကသိုလ်မှ ပုံသွင်း ပြုပြင်မှုများ အကြောင်းကိုသာ ကျနော်ဆက်စပ် မှတ်မိ တွေးမိသလောက် ပြောပြပါမည်။

ဗိုလ်လောင်းဘ၀တွင် စီနီယာနှစ်အလိုက် အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေ သတ်မှတ်ထားပါသည်။ သူ့အခွင့်အရေးနှင့်အတူ အချိန်တန်မှ ရတာမို့ စီနီယာများကလဲ သူတို့ရသည့် အခွင့်အရေးကို ဂျူနီယာက လိုက်တုလျှင် အပြင်းအထန်စိတ်ဆိုးပြီး မတန်မရာ အခွင့်အရေး ယူရမည်လား၊ အထက် စီနီယာကို ခြေရာတိုင်းရမည်လား ဆိုသော ကိုယ်တွေ့ယူ သင်ခန်းစာများဖြင့် အစဉ်အလာဖြစ်အောင် ဆင့်ကဲမျှဝေခဲ့ကြပါသည်။ ထိုသို့သော အခွင့်အရေးတို့ကို မက်မောတတ်သည့် စိတ်ဖြစ်အောင် အခွင့်အရေးရသူတို့ကို ကြည့်ပြီး အားကျ ကျေနပ်တတ်အောင် လိုက်လုပ်တတ်လာအောင် စိတ်ဓါတ် ရေးရာ သိမ်းသွင်းမှု၊ မြူဆွယ် ဖြားယောင်းမှုတို့ဖြင့် စစ်တပ် ရာထူး နေရာအပေါ် တပ်မက်မှု ဖြစ်စေ၏။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစားတပ်မတော် အရာရှိတစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

0 ထင်မြင်ချက်: