၂၀၀၇ နှစ်သစ်၏ အစ ဤရက်၊ ဤကာလများမှသည် မကြာသော ကာလအတွင်း မြန်မာပြည်သူ ပြည်သား အားလုံးတို့အတွက် နေရာတိုင်း၊ အချိန်တိုင်း၌ ကောင်းမြတ် မှန်ကန်သော တရားလွှမ်း၍ အေးချမ်းတည်ငြိမ် လုံခြုံသော ဘ၀တို့ကို မင်္ဂလာရှိရှိ ပိုင်ဆိုင်နိုင်မည့် အချိန်များ ဖြစ်လာပါစေကြောင်း….. မျိုးချစ် စစ်သား တတ်သောစကားနှင့် ဆိုရလျှင် ပြည်သူပြည်သားတို့ ယနေ့ ခံစားနေရသော ဆင်းရဲဒုက္ခတို့မှ အမြန်ဆုံး လွတ်စေချင် ပါပြီဟု ဆန္ဒအမှန်ဖြင့် အစပြုလိုက်ပါသည်။
ယခင်နှစ်ပတ်က ကျနော်၏ တင်ပြနေကျ တပ်တွင်း အတွေ့အကြုံများ အစား လတ်တလော ခံစားချက်များ၊ ရင်ဖွင့်စကားများ ပါသွား၏။ စစ်တပ်တွင်း၏ လက်ရှိ အခြေအနေများကို မှတ်မိသမျှ တင်ပြနေရာမှ လမ်းလွဲ သွားသိလို ဖြစ်သွားခြင်းအား ခွင့်လွတ်ပေးစေလိုပါသည်။
အကြောင်းမှာ ကျနော်သည် စာရေးခြင်းကို ကျွမ်းကျင်သူ စာရေးဆရာ မဟုတ်ပါ။ ထို့ကြောင့် စာအရေးအသား၊ အထားအသို၊ အတင်အပြ၊ အဆွဲအဆောင် ချောမွေ့ ဖြောင့်ဖြူးခြင်းရှိမည် မဟုတ်၊ နားဝင်ပီယံလည်း ဖြစ်မည် မထင်။ စိတ်ဝင်စားဖွယ်လည်း ဟုတ်ချင်မှ ဟုတ်မည်။ လက်ရှိရေးသားနေသော စာလုံးများသည် ရင်ဖွင့်သံမျှသာ ဖြစ်၏။ စာပေ စာရင်းမ၀င်ဟု ကျနော် ယုံကြည်၏။
မည်သို့ ဆိုစေ လွတ်လပ်ပွင့်လင်းစွာ ရေးသား ပုံနှိပ်ထားသော စာဟူ၍ နကန်း တလုံးမျှ ဖတ်ပိုင်ခွင့် မရှိသည့် ဘ၀အတွင်း နှစ်ရှည်လများ ဦးနှောက် အသိအမြင် ပိတ်ဆို့ ခံခဲ့ရသူ တဦးအနေဖြင့်၊ အတွေးအမြင်၊ စဉ်းသားသုံးသပ်ခြင်း၊ စာပေဖတ်ရှု တွေးခေါ်မှု လွတ်လပ်ခြင်းကို မိမိတို့ဘာသာ ရယူပိုင်ဆိုင်လိုစိတ် ပြင်းပြမိ၏။ ပြင်းပြမိရာမှ ကိုယ်တိုင် ထိုးဖောက် ဖေါ်ထုတ်လိုစိတ်တို့ ပေါ်လာမိ၏။ ထို့ကြောင့် ရေး၏။
အထူးသဖြင့် သာမာန်ပြည်သူတို့ ကမ္ဘာသူ ကမ္ဘာသားတို့ မမြင်နိုင် မဖတ်နိုင်အောင် ကန့်သတ်ချုပ်ချယ် တားမြစ် ထားခြင်းခံရသည့် ယနေ့ မြန်မာစစ်တပ်တွင်း တကယ်ဖြစ်ရပ်မှန်များကို ပြည်သူတို့လည်း ဖတ်ချင်၊ ကြားချင် ပေလိမ့်မည်။ ထို့ကြောင့်ကျနော်၏ လူငယ်တစ်ဦးမှ စွန့်လွှတ်မှုများစွာဖြင့် ရင်းနှီး၍ ရေးခြင်းဖြစ်၏။
စစ်တပ်တွင်းမှ ကျနော့် သူငယ်ချင်း ညီနောင် အရာရှိများကိုလည်း အားပေးတိုက်တွန်း၏ ဤကဲ့သို့ လွတ်လပ်သော စာမျက်နှာများအတွက် ရေးချိန်မရလျှင်လည်း မိမိတို့နေ့စဉ် ကြုံဆုံနေရသော တိုင်းပြည်အတွက် အကျိုးမဲ့ ဖြစ်စေမည့် ဖြစ်စဉ် မှတ်တမ်းများ စုဆောင်းထားဖို့။ စစ်အာဏာပိုင် ဗိုလ်ချုပ်ကြီးများ၏ မတရားမှု လုပ်ရပ်များကို ရေးသား မှတ်တမ်းတင်ထားဖို့….. ယနေ့ မြန်မာစစ်တပ်၏ လုပ်ရပ် အမှန်များသည် နောင်တချိန် သမိုင်းသင်ခန်းစာ ဖေါ်ထုတ်ရာတွင် အလွန်အရေးပါသည့် အချက်အလက်များ ဖြစ်လာလိမ့်မည့် အကြောင်း ဤစာစုများမှ နေ၍ ကျနော်တို့ စစ်တပ်တွင်းရှိ အရာရှိများသို့ အသိပေးနေခြင်းလည်း ဖြစ်ပါသည်။
ထို့ပြင် အတွေးအမြင်တို့ မပွင့်လင်း၊ ကျဉ်းမြောင်းသောကြောင့် ဆင်းရဲ အောက်တန်းကျနေသော မိမိတို့ နိုင်ငံ မိမိတို့ စစ်တပ် အဖွဲ့အစည်းအတွင်းမှ လွတ်လပ်ပွင့်လင်းသော စာပေအတွေးအခေါ်တို့၊ ပေါ်ထွက်လာစေလိုသည့် စိတ်ဆန္ဒလည်း ပါဝင်၏။
ထိုသို့ လွတ်လပ်စွာ ရေးသားတွေးခေါ် ဖတ်ရှု၊ စဉ်းစားခြင်း အလေ့အကျင့်တို့ ကျနော်တို့ တိုင်းပြည်တွင်းတွင် ပေါ်ထွက်လာစေခြင်းကို ရည်ရွယ်ကာ စံနမူနာပြသော သဘောဖြင့် တတ်စွမ်းသရွေ့ ဆက်လက်ရေးသား တင်ပြ သွားမည် ဖြစ်ပါသည်။
အင်တာနက် စာမျက်နှာပေါ်တွင် တင်ထားသော စာများဖြစ်သောကြောင့် မြန်မာပြည်တွင်းမှ ဖတ်ရှု၍ မရနိုင်ဟု မထင်စေလိုပါ။ ကျနော်တို့ မြန်မာပြည်တွင်းမှ အင်တာနက် ပိတ်ဆို့မှု တာဝန်ယူထားရသူ ကွန်ပျူတာ ပညာရှင် အများစုမှာ ကျနော်၏ မိတ်ဆွေ အရာရှိများ၊ စစ်ဗိုလ်များသာ ဖြစ်သည်ကို ထည့်သွင်း စဉ်းစားရမည် ဖြစ်၏။ သူတို့သည်လည်း တာဝန်အရ သတင်းပိတ်ဆို့မှုကို လုပ်နေကြရသော်လည်း ယခု ဤဒိုင်ဂျက်(စ်) စာမျက်နှာ များကို သူတို့လည်း ဖတ်ရှုကြ၏။ သူတို့လည်း စိတ်ဝင်စားကြ၏။ ဤသည်မှာ မှန်သောစကားကို ဆိုခြင်း ဖြစ်ပါသည်။
ယခု ကျနော်တင်ပြနေသော အကြောင်းအရာများမှာ အင်တာနက် လုံခြုံရေး တာဝန်ယူနေရသူ တပ်မတော် အရာရှိ အားလုံးနီးပါး ကိုယ်တိုင် ဖြတ်သန်း ကျော်လွှားနေရသော လက်တွေ့ဖြစ်စဉ်များ ဖြစ်သောကြောင့် ကျနော့် သူငယ်ချင်း စစ်ဘက်အရာရှိ စစ်ဗိုလ်များက ပို၍ စိတ်ဝင်စားကြ၏။
ထို့ကြောင့် တိုင်းပြည် အနာဂတ်အတွက် အရေးပါလှသော ဤမျိုးဆက်သစ် လူငယ် စစ်အရာရှိတို့ စိတ်သဏ္ဍာန် ကို တိုင်းချစ်ပြည်ချစ်စိတ်နှင့် ယှဉ်၍ ကောင်းရာ မြင့်မြတ်ရာစိတ်ထားဘက်သို့ ကူးပြောင်း မွေးမြူလာစေရန် ကျနော်တို့ တတ်စွမ်းသည့် နေရာမှ ကြိုးပမ်းနေမှုသည် အရေးပါသော နေရာတွင် ရှိသည်ဟု ပြောလိုပါသည်။
စစ်တပ်တွင်းမှ စစ်အရာရှိများ၊ စစ်ခေါင်းဆောင်များ ကိုယ်တိုင် စစ်အာဏာရှင် စနစ်၏ ဆိုးကျိုးများကို တွေးဆ သိမြင်ပြီး ပြုပြင်ပြောင်းလဲရေး လိုလားသော အတွေးအခေါ်များ၊ တိုင်းကျိုးပြည်ပြု စိတ်ထားတို့ ပွားများလာနိုင်စေ ရန် ဤအင်တာနက် စာမျက်နှာ၊ စာပေကောင်းတို့ ကလည်း မြေတောင်မြှောက် စွမ်းဆောင် ပေးနိုင်ကြောင်း အရေးကြီးသည့် အချက်တခုအဖြစ် ကျနော်ထောက်ခံ တင်ပြလိုပါသည်။
အထူးသဖြင့် စာပေအရည်အသွေး ကောင်းသည်ထက် ကောင်းအောင် ပင်ပန်းခံကြိုးစားအားထုတ် နေကြသော မျိုချစ်မြန်မာ အယ်ဒီတာများနှင့် ကျနော်တို့လို စစ်အရာရှိ လူငယ်များ ဖတ်ရှု ဝေဖန်သင့်သော အကြောင်းအရာ အတွေးအခေါ်များကို စေတနာပါပါ ပညာထက်ထက် ရေးသား တင်ပြနေကြသော စာရေးသူ မျိုးချစ် ပုဂ္ဂိုလ်များ၏ ကြိုးစား အားထုတ်မှုကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း မြန်မာစစ်တပ်အတွင်းမှ အမှန်တရားကို မြတ်နိုး တန်ဖိုးထားလိုသူ မျိုးချစ်အရာရှိ၊ စစ်သည်များကိုယ်စား ယနေ့ တင်ပြပါရစေ။
ကျနော်၏ စစ်တပ်တွင်း ဖြစ်စဉ်များဟု ခေါင်းစဉ်တပ် ရေးသားပေးပို့ နေရာတွင် စစ်တပ်တွင်း ဆယ်စုနှစ် နှင့်ချီ နေခဲ့ရသော အတွေးအမြင် ပိတ်ဆို့ထားခံရသည့် ဒါဏ်ကြောင့် ကျနော်တို့ အတွေးအမြင်များသည် စဉ်ဆက် မပြတ် ဆက်စပ် စဉ်းစားရန် အတော်ခက်ခဲနေကြောင်း မိမိကိုယ်မိမိ သုံးသပ်တွေ့ရှိရပါသည်။ ဦးနှောက်တို့သည် အရွယ်နှင့် မလိုက်အောင် ထုံထိုင်းနေသည်ဟု ထင်မိ၏။ မသွေးဘဲ ပစ်ထားသောဓါး တုံးနေခဲ့ သကဲ့သို့ ပါပင်။ ထို့ကြောင့် စာဖတ်သူ (ကျနော်စိတ်ကူးတည့်ရာ ရေးပို့နေသော အပတ်စဉ် စာစုများကို ဖိတ်မိသူ) တို့ နားလည် ပေးစေလိုပါသည်၏။
ကျနော့်တွင် ရေးသားတင်ပြဖွယ် အကြောင်းအရာ များစွာရှိပါ၏။ စာဖတ်သူတို့ စိတ်ဝင်တစား ရှိကြမည့် အကြောင်းအရာ များစွာရှိပါ၏။ ဖြည်းဖြည်းမှန်မှန်ဖြင့် ကျနော် လွတ်လပ်နေသေးသရွေ့ တင်ပြသွားပါမည်။
စာမြည်းအားဖြင့် ဆိုရလျှင် ယခု တင်ပြပေးခဲ့ပြီးသမျှမှာ စစ်တက္ကသိုလ်တွင်းမှ အပရိက ဖြစ်စဉ်ငယ်များသာ ဖြစ်သေး၏။ အပြေးပြိုင်ပွဲတွင် နိုင်လိုဇောဖြင့် အတင်းအဓမ္မ လေ့ကျင့် မောင်းနှင်ခြင်းကြောင့် ဇီဝိန်ချုပ်သွားသော သနားစရာ ဗိုလ်လောင်း လူငယ်လေးများ အကြောင်း၊ စစ်သက်လေး အနည်းငယ်ရလာ စီနီယာတို့နှင့် စကားစမည် ပြောခွင့် ရလာသည့်အခါ တွေ့ကြုံလာရသည့် စီနီယာ မျိုးချစ် ဗိုလ်လောင်းများအကြောင်း၊ စစ်တပ်၏ လက်တွေ့ ဘ၀ အခြေအနေမှန်ကို ရိပ်မိသိရှိ တွေးမိလာပြီး စစ်တပ်မှ နှုတ်ထွက်ရန် ကြိုးစားသူ စီနီယာ ဖိုင်နယ် များ၏ ပါးနပ်သော လုပ်ရပ်များအကြောင်း စသည်ဖြင့် စစ်တက္ကသိုလ်တွင်း ဖြစ်စဉ်များမှာ ပြော၍ပင် ကုန်မည် မထင်အောင် များပြားလှပါသည်။
၎င်းမှာ ဗိုလ်သင်တန်းကျောင်း စစ်တက္ကသိုလ်တွင်း ဖြစ်စဉ်ဖြစ်ရပ်များသာ ရှိသေး၏။ လက်တွေ့ခြေလျှင်၊ ခြေမြန် တပ်ရင်းများတွင် တွေ့ကြုံခဲ့ရသော အရာရှိ လူငယ် ဘ၀ဖြစ်စဉ်အမှန်တွေ မပါသေး။ တိုက်ပွဲဟု ခေါ်သော ရှေ့တန်း စစ်မြေပြင်မှ သနားစရာ စစ်သားများ၏ အနာဂတ်ပျောက် ဒုက္ခရောက်နေကြသည့် အကြောင်းတွေ မပါသေး။ အာဏာပိုင် စစ်အရာရှိ အဆင့်ဆင့်မှ ကိုယ်ကျိုးရှာ လာဒ်စားရန်အတွက် အာဏာကို အလွဲသုံးစား လုပ်ကြပုံတွေ မပါသေး။
အောက်ခြေအဆင့် အရာရှိ စစ်သည်များ အတွေးအခေါ် အယူအဆ တိမ်းချော် အားဖျော့နေအောင် ကျုံးသွင်း ၀ါဒဖြန့်နေသည့် စစ်အာဏာပိုင်များ၏ လှည့်ပတ် လိမ်ညာ ကလိန်ကကျစ် စည်းရုံးမှုများ အကြောင်း မပါသေး။ ၀တ်ထားတော့ စစ်ဝတ် လုပ်နေရတော့ ထောင်ကျ အကျဉ်းသား သာသာဘ၀တွေ အကြောင်း မပါသေး။ ကိုယ်အပြစ်ကို သူများအပြစ် ပုံချတတ်သည့် မိန်းမလျှာ စစ်အုပ်ချုပ်သူ လူကြောက်ကြီးများ အကြောင်း မပါသေး။
တခါ ဗွီအိုင်ပီဟု ခေါ်သော တာဝန်ရှိ အာဏာပိုင် ထိပ်သီး စစ်ဗိုလ်ချုပ်ကြီး၊ သူခိုးကြီးများ၏ ဗြောင်ကျကျ ကိုယ်ကျိုးရှာနေမှုများ၊ ခိုးစားနေကြသည့် အကြောင်းများကို သိသိကြီးနှင့် ငြိမ်ခံနေကြရသည့် အခြေခံ အကြောင်းအရင်းများကို ဖေါ်ထုတ်ပြမည့် ဟာသဆန်ဆန် ဇာတ်လမ်းတွေ မပါသေး…. မကြာခင် ရေးသား တင်ပြပေးရမည်၊ လောလောဆယ်တော့ ရေဒီယို အစီအစဉ်များမှ နေ၍ ရဲရဲရင့်ရင့် ရင်ဖွင့် တင်ပြနေကြသည့် မျိုးချစ်တပ်မတော် အရာရှိအချို့၏ တပ်တွင်း အခြေအနေမှန်တွေ တင်ပြနေခြင်းအား နားစိုက် လေ့လာကြည့် ပါအုန်းမည်။ အားမာန် စိတ်ဓါတ်တွေ ကူးစက် မွေးမြူပါအုန်းမည်။
နောက်တပတ်မှ စ၍ ကျနော့် အတွေ့အကြုံများ အနက်မှ တိုင်းပြည်နှင့် မျိုးချစ်စစ်သားများ သိသင့်သည့် အကြောင်းအရာများကို တင်ပြပေးပါမည်။ ကျေးဇူးတင်စွာဖြင့်
ဆက်လက် ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
Friday, April 11, 2008
ယနေ့ စစ်တပ်… ဘာတွေ ဖြစ်နေသလဲ (၂၁)
ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၂၀)
စစ်တက္ကသိုလ်၏ အစဉ်အလာတို့သည် ကောင်းမွန်၏။ မြင့်မြတ်၏။
စစ်သားဟောင်းကြီး တဦး၏။ အဆိုဟု ပြောကြသော ...ငါ့သားများ စစ်ထဲဝင်ရင်လေ.. သူ့ကို ပြောလိုက် စမ်းပါကွာ... စစ်တပ်ဆိုတာ တကယ်တမ်းသာ လိုက်နာ ကျင့်ကြံမယ်ဆိုရင် တကယ့် ယောင်္ကျားကောင်း ယောင်္ကျားမြတ်တွေ ဖြစ်စေနိုင်တဲ့ အတတ်ပညာတွေကို သင်ကြားလေ့ကျင့် ပေးရာ ကျောင်းကြီးပေါ့... ဆိုသော စကားလေး တခွန်းသည် ယနေ့စစ်တပ်၏ နေရာ အတော်များများတွင် တွေ့နေရသော ၀ါဒဖြန့် ဆောင်ပုဒ်တခု ဖြစ်နေပေပြီ။
အဆိုပါ စစ်သားဟောင်းကြီး၏ စကားဟုဆိုသော ရည်ညွန်း စကားစုလေး၏ အဓိပ္ပါယ်မှာ အလွန်မှန်ပါ၏။ စစ်သားဖြစ်သော ကျနော် ထောက်ခံပါသည်။ မြန်မာစစ်တပ်တွင်း လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှ စတင် တည်ထောင်ကတည်းက မွန်မြတ်မှန်ကန်သည့် စိတ်ဓာတ် ခံယူချက်တို့ဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်၏။ ထိုသို့ ရှိနှင့်ပြီးသော အစဉ်အလာကောင်းများ ကျင့်ထုံးများ၊ စည်းကမ်းများကို တကယ်တမ်းသာ လိုက်နာ ကျင့်ကြံ စောင့်ထိန်းလိုက်နာမည် ဆိုပါလျှင် အလွန်မှ စိတ်ဓာတ်ရေးရာရော ကိုယ်ခန္ဓာ သန်စွမ်း ကြံခိုင်မှု အရပါ ပြည့်ဝစေမည့် အခြေအနေများ စုစည်း ထားသော လူသား အဖွဲ့အစည်းကြီး ဖြစ်၏။ စနစ် ကျ န သော နည်းနာ၊ စည်းကမ်း၊ စောင့်ထိန်းမှု တို့ကို ကြပ်ကြပ်မတ်မတ် လေ့ကျင့် သင်ကြားပေးသော အဖွဲ့ အစည်း ဖြစ်၏။
သို့သော် တကယ်တမ်းသာ ဆိုသည့် တင်ကြိုနိမိတ်ဖတ် ပြောစမှတ်ပြုနိုင်သည့် စကားတလုံးကို ရှေ့တင် သုံးသပ်ထားသည်ကို ဂရုပြုသင့်ပေသည်။
တကယ်တမ်းသာ .. ဟူသည့် ရည်ညွန်းစကားသည် လွန်စွာမှ တာသွားလှ၏။ တကယ်တမ်း လိုက်နာ ကျင့်ကြံနိုင်သော စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေသများ ချမှတ်ဖွင့်ဆို ပြဌာန်း ထားပါလျှက် ယနေ့ ကျနော်တို့ တပ်မတော် ဘာကြောင့် နာမည်ပျက်၊ သမိုင်းနွံနစ်မည့် လက်နက် ကိုင်တပ်ဖွဲ့ဟု ကမ္ဘာတွင် ကျော်ဇောနေခဲ့ ပါသနည်း။ တကယ်တမ်း လုပ်သင့်လုပ်အပ်သော တာဝန်၊ ၀တ္တရား၊ လုပ်ထုံးလုပ်နည်းတို့ကို မလုပ်ဘဲ၊ မလုပ်သင့်သည့် အမျိုးသား သစ္စာဖောက်၊ ကိုယ်ကျိုးရှာ၊ အာဏာရူးသည့် ပုဆိန်ရိုး လုပ်ရပ်မျိုး အစဉ်အလာ ဆိုးများကိုသာ လုပ်ဆောင် နေခြင်းကြောင့် ဖြစ်သည်။
လုပ်သင့်သည်ကို မလုပ်၊ မလုပ်သင့်သည်များကို မိုက်ရူးရဲ ဆန်ဆန် လုပ်နေကြခြင်းကြောင့် နဂိုက နာမည်ကောင်း ရှိခဲ့သော မျိုးချစ် တပ်မတော်သည် ကိုယ့်ပြည်သူ ပြည်သား အများကပင်၊ အော့နှလုံးနာ၊ ရွံရှာ စက်ဆုပ်သော၊ မျိုးဖျက်လူတစ်စု၏ နောက်လိုက် လက်ကိုင်ဒုတ်၊ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ အစည်း အဖြစ် ထင်မြင်သွားကြခြင်း ဖြစ်ပါသည်။
ကျနော်တို့ လူငယ်များ ရင်ထုမနာ ကြေကွဲရသည်မှာ ဤအကြောင်းကြောင့် ဖြစ်သည်။ တိုင်းပြည်တပြည် အတွက် အင်မတန် အရေးကြီးလှသော အဖွဲ့အစည်းကြီးအတွင်း စိတ်ဓါတ်ရေးရာ အရ ချို့ယွင်းပျက်စီး နေခြင်း၏ အကျိုးဆက်အား ချင့်မျှော်တွေးဆ၍ အလွန်စိတ်မကောင်း ဖြစ်မိပါ၏။
ထို့ကြောင့် အချိန်မနှောင်းသေးဟု ယူဆကာ ပြုပြင်ပြောင်းလဲမှုများ၊ အရေးယူ ဆောင်ရွက်မှုများ၊ အမှန် တရားကို ဖေါ်ညွန်သော ဥပဒေပြုမှုများ ပေါ်ထွန်း လာစေလိုသောကြောင့် မျိုးချစ် စစ်အရာရှိငယ် တဦးအနေဖြင့် တတ်စွမ်းသမျှ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
တရားမျှတ၊ သမာသမတ်ကျကျ နေထိုင်ကျင့်ကြံမှုကို ဓမ္မ၊ မှန်ကန်ဖြောင့်မတ် မျှတခြင်းဟု ဆို၏။ သို့သော် တရားမျှတမှုမရှိ၊ နိုင်လိုမင်းထက်၊ နှိပ်စက်ကလူ၊ တဖက်သက် အနိုင်ကျင့် မတရား ရက်စက်သော အခါမျိုးတွင် အဓမ္မတို့ လွှမ်းမိုးသည်... တရားမျှတမှု ကင်းမဲ့သည် ဟု ဆိုကြ၏..။ မင်္ဂလာရှိသော နံနက်ခင်း တွင် ကျက်သရေမဲ့သော အခင်းတခု ဖြစ်ပွားခဲ့ပါလျှင် အမင်္ဂလာ ဖြစ်ပြီဟု ဆိုကြ၏။ ကျနော်တို့ တပ်မတော် တွင်းတွင်လည်း ထိုနည်းတူပါပင်၊ တပ်မတော်ကို တည်ထောက်သူ မျိုးချစ်အာဇာနည် ကြီးများက စစ်သည်တော်ကြီးများ ချမှတ် လမ်းညွန်ခဲ့သည့် မွန်မြတ်သော အစဉ်အလာများ၊ လုပ်ထုံး လုပ်နည်းများ၊ စိတ်ဓာတ် ခံယူချက်များ လက်ဆင့်ကမ်း ပေးထားခဲ့ပြီ ဖြစ်၏။
ယောင်္ကျားကောင်းတို့ တတ်အပ်သော အတတ်ပညာ၊ စိတ်ဓာတ်၊ အတွေးအခေါ်၊ မျိုးချစ်စိတ်၊ အမျိုး သားရေး တာဝန်များ၊ နိုင်ငံကြီးများ ပီသစေမည့် လူကြီးလူကောင်းတို့ အတွေး အခေါ်များကို စနစ်တကျ လေ့ကျင့် သင်ကြားပေးခြင်းများ ရှိခဲ့ပါ၏။ သို့သော် ယနေ့ နယက (ခေါ်) စစ်အာဏာသိမ်း အဓမ္မ ဖိနှိပ် အုပ်ချုပ်သော စစ်အုပ်ချုပ်မှု စနစ်အောက်တွင် တပ်မတော်၏ အစဉ်အလာကောင်းတို့သည် ပပျောက် ကုန်၏။ ငါတို့သည် တိုင်းပြည်နှင့် လူမျိုးကို ချစ်၍ တပ်မတော်တွင်း ၀င်ခဲ့ပါသည်ဟု စစ်အာဏာပိုင် ဗိုလ်ချုပ်ကြီးများ ကြားလောက်သော နေရာတွင် အော်ရဲ၊ ပြောရဲသူ တယောက်မှ မရှိတော့ပေ။
ရဲရင့်သော မျိုးချစ်စိတ်၊ ခိုင်မာသော အမျိုးသားရေး ခံယူချက် သန့်စင်သည့် သစ္စာစောင့်သိမှု စံနှုန်း များသည် မသိလိုက် မသိဘာသာနှင့် ဖယ်ရှားခံလိုက်ရကုန်၏။ တရားဝင် မဟုတ်သော အမိန့်များ။ တားမြစ် မှုများကြောင့် ပယ်ဖျက်ခံလိုက်ရ ကုန်၏။ ယနေ့လက်တွေ့ပင်.... ဥပမာ ကြည့်ပါ။ မွန်မြတ်သော အာဇာနည် သူရဲကောင်းတို့၏ စံနမူနာကို ယူမည်စိုးသောကြောင့် တပ်မတော်တွင်းတွင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် သမိုင်းဝင်မျိုးချစ် အာဇာနည်ကြီးများ၏ အခန်းကဏ္ဍကို နှိမ့်ချ ဖျောက်ဖျက် ခံထားရသည်မှာ အထင် အရှားပင်....။
ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော အမျိုးသား ခေါင်းဆောင်များ၏ မွန်မြတ်သန့်စင်သော သမိုင်းကို ဖျောက်ဖျက်လိုက်သည် ဆို၍၊ သူတို့ထက် သာလွန်သည့် အရည်အချင်း၊ စိတ်ဓာတ်၊ ခံယူချက်၊ အတွေး အခေါ်၊ ပေးဆပ်စွန့်လွှတ်မှု၊ ခေါင်းဆောင်ကောင်း၊ စံနမူနာကို ပြသနိုင်သူ စစ်ခေါင်းဆောင်သစ်တို့ ပေါ်ထွက် နေလျှင် ကိစ္စမရှိ။
ယခုတော့.... လူလွန်မသား တကိုယ်ကောင်းဝါဒရှင် အာဏာရူးတို့က သူတို့ကို သူတို့ တိုင်းပြည် ခေါင်းဆောင်ဟု ကြော်ငြာပြီး ဗြောင်ဗြောင်တင်းတင်း ကိုယ်ကျိုးရှာနေ၏။ အာဏာနှင့် ပြည်သူကို အနိုင်ကျင့် နေ၏။ သူ့ကိုယ်သူ ဘုန်းတန်ခိုးရှင်ကြီး၊ ဘယ်တော့မှ မမှားသော အုပ်ချုပ်သူ နိုင်ငံ့အကြီး အကဲကြီး၊ ပဒေဿရာဇ် ဘုရင်ကြီးဟု တွင်တွင် ၀ါဒဖြန့်နေ၏။
ကျနော်တို့ လူငယ်တွေ မည်သူ့ကို စံတင်နမူနာ ယူနိုင်ပါမည်နည်း။
ထိုအခါ နဂိုရှိပြီး တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ရေးရာ အမွေအနှစ်ကောင်းတို့သည် စံလွဲကုန်၏။ ကောင်းမြတ် မှန်ကန်သော သမိုင်းတို့လည်း ငုပ်လျိုးလွဲလိမ် ခံခဲ့ရသည်ကို ကြည့်၍ မိမိတို့ လူကောင်း သူကောင်း ဖြစ်အောင် ကြိုးစား၍ကော သမိုင်းတွင် လေးစားဂုဏ်ယူ နိုင်ပါမည်လား ဟူသည့် အတွေးတိမ်တိမ် တို့ကြောင့် လူများစွာ၊ စစ်သားများစွာ၊ လူငယ်များစွာတို့သည် အများသောက်သော မိုးခါးရေကို လိုက်သောက် သွားကြတော့သည်။
ဤသို့သော မျိုးဆက်သစ် လူငယ်တွေအကြား ဘယ်ဟာ ဘယ်သူကို ဆရာတင်၍၊ ဘာကို စံနမူနာပြု လေးစားရမှန်း မသိအောင် ထားခဲ့ ရသည့်ကြားထဲ နိုင်ငံ့သမိုင်း၊ စစ်သမိုင်း တို့သည်လည်း ယနေ့အာဏာပိုင် တို့၏ ၀ါဒဖြန့် သိမ်းသွင်းရာ လိုရာဆွဲ ၀တ္ထုတွေ ဖြစ်ကုန်၏။
ကျနော်တို့ ဗိုလ်လောင်း ဘ၀က စာပေနှင့် လေ့ကျင့်ရေး အပိုင်းများ သင်ကြားပေးခဲ့သော အရာရှိကြီး များသည် ယနေ့တပ်မတော်တွင် အင်မတန်ရှားပါးနေပြီ ဖြစ်သော မျိုးချစ် စစ်သားကြီးများ စာရင်းတွင် ထည့်သွင်းအပ်သည့် ဆရာကောင်း၊ ခေါင်းဆောင်ကောင်းများ ဖြစ်ကြပါသည်။ အဓိကအားဖြင့် စစ် တက္ကသိုလ် စာပေဌာနများမှ နည်းပြအရာရှိကြီးများကို ဆိုလိုပါသည်။ (လေ့ကျင့်ရေးဆိုဒ်မှ တကိုယ်ကောင်း ဖေါ်လံဖား အရာရှိအချို့ကို မဆိုလိုပါ။)
စစ်တက္ကသိုလ်တွင် စာပေများ သင်ကြား လေ့ကျင့်ပေးရင်းဖြင့် မြန်မာ့သမိုင်းအတွက် အရေးပါသောအခန်းမှ စွန့်လွတ် ပေးဆပ်သွားသူ မျိုးချစ်ကြီးများ၊ ကမ္ဘာ့သမိုင်းများမှ သမိုင်းဝင် ခေါင်းဆောင်ကြီးများ၏ မြင့်မား မွန်မြတ်လှသော စိတ်ဓာတ်ခံယူချက် အတွေးအခေါ်များကို သင်ရိုးညွန်းတမ်းတွင် မပါသည့်တိုင်အောင် ကျနော်တို့လို နောင်တခေတ်၏ ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များ သိအပ်သည်ဟု ဆိုကာ သင်ကြား ပြသပေး၏။ ပဲ့ပြင်ညွန်ပြ ဆိုဆုံးမ၏။ အဘယ်ကြောင့် ဆိုသော် ကျနော်တို့ စစ်တက္ကသိုလ် တက်ရောက် နေချိန် ၁၉၉၀ ကျော် ကာလများတွင် စစ်တပ်တွင်းနှင့် အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့် အတွင်း ကိုယ်ကျင့် သိက္ခာပျက်ပြားသော ရောဂါဆိုးကြီးနှင့် အမျိုးသားရေး စိတ်ဓာတ် ခြစား၊ ၀ဲစားသော ရောဂါကြီး နှစ်ခုတို့က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီ ဖြစ်သောကြောင့် ပင်။
စစ်ဗိုလ်မှူးကြီးများဖြစ်ကြသော နည်းပြဆရာတို့သည် စစ်တပ်အကြောင်း ဘာဆိုဘာမှ မသိသေးသည့် ကျနော်တို့ ဗိုလ်လောင်းများအား ပြင်ပလောက ရောက်သွားလျှင် ကြုံလာ ရင်ဆိုင်လာ ရနိုင်သည့် အခြေအနေတို့ကို အရိပ်အမွက်မျှ ပြောပြတတ်၏။ ဆောင်ရန်၊ ရှောင်ရန်၊ စောင့်စည်းရန်၊ ထိန်းသိမ်းရန်၊ သားကောင်း အာဇာနည်အဖြစ် နေထိုင် ကျင့်ကြံနိုင်ရန် လမ်းပြပေးလိုက်၏။ အရှိကို အရှိတိုင်း သိအောင် လည်း ကြိုးစားရန် သင်ပြ၏။ သမိုင်း၏ ဖြစ်စဉ်များမှ အမှန်တရားကို လေ့လာ၊ မိမိတို့နိုင်ငံ၏ လက်တွေ့ ဖြစ်စဉ်များမှ အဖြေထုတ်၊ သုံးသပ်၊ တိုင်းပြည်အနာဂတ် အတွက် ကောင်းရာမွန်ရာ ဖြစ်စေမည့် လုပ်ရပ်၊ အတွေးအခေါ်များ ကိုယ့်ဘာသာ တွေးခေါ်လုပ်ကိုင် တတ်ဖို့ အရေးကြီးကြောင်း သင်ကြားဆိုဆုံးမခဲ့၏။
ထိုသို့ မွန်မြတ်မှန်ကန် အမြင်ကျယ်စွာ သွန်သင် ပဲ့ပြင်ပေးခဲ့သည့် ဆရာများ ကျေးဇူးကြောင့် ကျနော်တို့ ယနေ့ တိုင်းပြည်ကို လမ်းမှားသို့ ဆွဲချနေသော စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင် ဖီဆန်လာကြသည်ကို တွေ့ရှိရ၏။
အဘယ်ကြောင့်ဆိုသော် စစ်တက္ကသိုလ်တွင် သင်ကြားရသော မျိုးချစ် နည်းပြ အရာရှိကြီးများ သည် အခြားသော ဗိုလ်သင်တန်း ကျောင်းများတွင်လည်း ဤသို့သော မျိုးချစ်စိတ် အရင်းခံသည့် နည်းနာ စိတ်ဓာတ် ခံယူချက်များ၊ အတွေးအခေါ်များ မွေးမြူတတ်စေရန် သွားရောက်သင်ကြား ပေးကြသောကြောင့် ဖြစ်၏။ သို့သော် ပေးကားပေး၏မရ၊ ကျွေးကား ကျွေး၏ မ၀ဆိုသလိုပါပင်...။ လူတိုင်း စစ်ဗိုလ်တိုင်းတော့ အမှန်တရားဘက် ရဲရဲ ရပ်တည်ခြင်းမျိုး မလုပ်နိုင်ရှာသေးပေ။
အချို့သူတို့သည် လူစင်စစ်မှ လူနှင့် အင်မတန်ရင်းနှီးသော လေးဘက်သွား သတ္တ၀ါသာသာ အတွေးအခေါ် ခံယူချက်များသို့ ပြောင်းလဲသွားသည်ကို ၀မ်းနည်းစဖွယ် တွေ့ရ၏။ သူတို့သည် သူတို့သခင်အပေါ် သစ္စာ ရှိယုံ၊ သခင်အလိုကျ အမြီးထောင်ပြ။ ဟောင်ပြ ငေါက်ငန်းပြ နေယုံဖြင့် သူတို့ဘ၀ ပြည့်စုံ တာဝန်ကျေပြီဟု ယူဆ သူတွေပင် ရှိခဲ့ပါ၏။
ထို့ကြောင့် ဤစာပိုဒ် အစပိုင်းတွေ ကျနော်ဆိုခဲ့သည့်အတိုင်း တပ်မတော်သည် တကယ်တမ်းသာ လိုက်နာ ကျင့်ကြံမည် ဆိုလျှင် ယောင်္ကျားကောင်း ယောင်္ကျားမြတ်တွေ ဖြစ်စေနိုင်သည့် အလေ့ အကျင့်များကို သင်ကြား လေ့ကျင့်ပေးရာ ကျောင်းကြီးဖြစ်သည် ဆိုသည့် စကားကို ယနေ့ မျိုးချစ်စစ်သား ပြည်သူ ပြည်သားတို့ စဉ်းစားမျှော်မြင် သုံးသပ်စေချင်၏။ ကိုယ်တိုင် လိုက်နာ ကျင့်သုံးခံယူ ဆောက်တည်စေချင်၏။
သင်ပေးခြင်းကို ရ၏။ လေ့ကျင့်ပေးခြင်းကို ခံယူ မှတ်သားနိုင်၏။ အမှန်တကယ်လည်း ကောင်းမြတ် သင့်လျှော်၏၊ တိုင်းပြည်အတွက်လည်း အဖိုးတန် သားကောင်းရတနာတွေ ဖြစ်စေနိုင်၏။ သို့သော် ဘာကြောင့် စစ်သားတိုင်းသည် မျိုးချစ်စစ်သား၊ ပြည်သူ့သားတွေ ဖြစ်မလာပါသနည်း၊ တကယ်တမ်း ဘာကြောင့် ခံယူချက် ကောင်းတို့ကို မကျင့်သုံး နိုင်ပါသနည်း။
လူငယ်တယောက် အမြင်ကို တင်ပြလိုပါသည်။
ယနေ့ စစ်အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး များသည် သူတို့၏ ဖျက်မရတော့သော မှားယွင်းမှု လုပ်ရပ်များ အတွက် မကြာမီ သမိုင်းတွင် နွံနစ်တော့မည်ကို သိ၏။ ကျဆုံးခန်းကို ရောက်တော့မည်ကို သိ၏။ သို့သော်လည်း လူသက်တမ်းအရ နှစ်အနည်းငယ်သာ အသက်ရှင် ရပ်တည်နိုင်တော့မည့် သူတို့၏ နောက်ဆုံး အချိန်တွေအတွင်း အလွန်တရာ မက်မောဖွယ် ကောင်းလှသည့် အာဏာရှင် အရသာကို မစွန့်လွှတ် နိုင်တော့သောကြောင့် မီးစာကုန် ဆီခန်းသည်အထိ မိုက်တွင်းနက် ဇာတ်ခင်းသွားရန် ကြံစည်ပြီး ကြလေပြီ ဖြစ်၏။
သို့အတွက် တပ်မတော်ကိုလည်း သူတို့၏ အာဏာ တည်မြဲရေးအတွက် အသုံးချ ဒေါက်တိုင်တခု၊ ခိုင်းဖတ် ကျေးကျွန် အဖွဲ့အစည်းတခုအဖြစ် ရသရွေ့ အသုံးချနေအုန်းမည်သာ ဖြစ်၏။ သူတို့သားချင်း ဆွေမျိုးတစု ကောင်းစားရေး တခုတည်းက လွဲ၍ တိုင်းပြည်မျက်နှာ၊ ပြည်သူ့ မျက်နှာ၊ နောင်လာနောက်သား မျက်နှာ စသည်တို့ကိုလည်း သူတို့ကြည့်တော့သည် မဟုတ်။ ရသရွေ့အမြတ်ထုတ် ဂုတ်သွေးစုပ်ကာ ပြည်သူ လူထုကြီးမှ မကျေနပ်မှု အဟုန် အမြင့်ဆုံးဖြစ်လာ၍ အုံကြွလာချိန်တွင် ထွက်ပြေးခိုလှုံ နေထိုင်ဖို့ပင် (အရှေ့တောင် အာရှနိုင်ငံ တနိုင်ငံအတွင်း ၎င်းတို့ မိသားစုပိုင် ဂေဟာကြီးများ ဆောက်လုပ်ထားပြီး) ပြင်ဆင်ပြီး ဖြစ်ပေသည်။
ဤအတိုင်း သူခိုးဓါးပြတို့ ဖိစီးနှိပ်စက် ကိုယ်ကျိုးရှာ နေကြသည်ကို ပြည်သူတို့ တပ်မတော်သားတို့ လက်ပိုက်ကြည့် နေကြမည်လား။ တရားမျှတမှု ဥပဒေ စိုးမိုးမှုတို့ ရရှိအောင်.... တရားဥပဒေ ဆိုသည့် စည်းကမ်းပြည့်ဝ တည်ငြိမ်သည့် စည်းကမ်းများ ပေါ်ထွက်လာအောင် မလုပ်ဘဲ ကြောက်တယ်.. ကြောက်တယ်… ပြောပြီး နောက်ကွယ် ဝေးဝေးမှာ ဖယ်ပုန်း ခြေရာဖျောက် နေကြမည်လား။
ကြောက်သူ များလေလေ၊ စစ်အာဏာသိမ်း ဓါးမြကြီးများ အတွက် မတရား ဓါးပြတိုက် လုယက်ရန် အချိန်များများ ပိုရလေ ဖြစ်ကြောင်း ကျနော်တို့ စစ်တပ်တွင်းမှ မျိုးချစ်စစ်သည်တို့ သိစေချင် လှပါ၏။ လက်ရှိ စစ်တပ်တွင်း အလုပ်လုပ် နေကြသော စစ်သည် အဆင့်အတန်း အားလုံးတို့သည် တကယ်တမ်းသာ တိုင်းပြည်ကို ချစ်ခင်မြတ်နိုး၍ စစ်တပ်တွင်း ၀င်ခဲ့ပါသည်ဆိုလျှင် ယနေ့ခေတ်ပျက် ခေတ်ကျပ် အခါသမယ ကို လက်ပိုက်ကြည့်နေ၍ မသင့်တော့ပါ။
စစ်တက္ကသိုလ်ဆင်း စစ်အရာရှိ ကြီးငယ်များ၊ အခြားသော ဗိုလ်သင်တန်း အသီးသီးမှ ဆင်းသော ညီနောင် အရာရှိများ၊ မျိုးချစ်စစ်သည်များ အားလုံးတို့ ပြည်သူ့ သားကောင်းများအဖြစ် ၀င့်ဝင့် ထယ်ထယ် နေလိုပါသည်ဆိုလျှင်.. ပြည်သူ့မျက်နှာကို ကြည့်တတ်မှ ပြည်သူ့ အလိုကျ တာဝန်ထမ်းပါမှ ရပါမည်။....
ပြည်သူ့ မျက်နှာကိုမကြည့် ကိုယ့်ဘို့သာ ကြည့်ပြီး အာဏာ၊ ရာထူး၊ ငွေကြေး၊ အခွင့်အရေး၊ ပေးစွမ်း နိုင်သော အာဏာရှင် သူခိုးဓါးပြများ အလိုကျသာ ဖေါ်လံဖား ပုဆိန်ရိုး လုပ်နေကြမည် ဆိုလျှင် ကျနော်တို့ တိုင်းပြည်သည် များမကြာသော ကာလအတွင်း ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ် သွားလိမ့်မည် ဖြစ်ကြောင်း စေတနာဖြင့် အကြံပေး တင်ပြလိုက်ပါရစေ။
ထို့ကြောင့် တပ်မတော်တွင်း ပြဌာန်းထားသော စည်းကမ်း နည်းဥပဒေများကို အတိအကျ လိုက်နာ စောင့်ထိမ်းနိုင်အောင် ကြိုးစားပါ။ စစ်ဗိုလ်ချုပ်ကြီးများက ဖောက်ဖျက်၍ ဒို့လည်း ကျူးလွန် ဖောက်ဖျက်ရ ပါသည် ဆို၍ တိုင်းပြည် လက်ရှိဘ၀က လွတ်မည် ကျွတ်မည် မဟုတ်ကြောင်း သတိပြုကြပါ။
တကယ်တမ်းသာ စည်းမျဉ်း စည်းကမ်းများကို စစ်သည်အဆင့်အတန်း အားလုံးအတိအကျ လိုက်နာပြီး ထားရှိမွေးမြူ သင့်သည့် မျိုးချစ်ပြည်ချစ်၊ တိုင်းချစ်စိတ်ဓာတ်ကို ကိုယ်စီ လေးလေးနက်နက် မွေးမြူ ကျင့်သုံး လာကြပြီဆိုလျှင် စစ်အာဏာရှင် ဓားမြဗိုလ်ချုပ်ကြီးများ ဤမြေ၊ ဤဒေသတွင် ဆက်လက်နေထိုင် မင်းမူ ဗိုလ်ကျ အနိုင်ကျင့်ရန် ဘယ်နည်းနှင့်မျှ ဖြစ်နိုင်တော့မည် မဟုတ်ကြောင်း ပြည်ချစ်သော စစ်သားတိုင်း သိစေလို၊ တွေးတော စေလိုလှပါသည်။
(စစ်တက္ကသိုလ်တွင်း အတွေ့အကြုံများကို ဆက်လက်ရေးသားနိုင်ရန် ကြိုးပမ်းပါအုံးမည်။ လောလော ဆယ်တွင် မိမိ၏ ရှားပါးလှသော ကိုယ်ပိုင်အချိန်တွင်းမှ ကြိုးစားအချိန်လု ရေးသားရ ပါသောကြောင့် အရေးအသား ချောမွေ့ ပြေပြစ်မှု အားနည်းနေသည်ကို စာဖတ်သူများအနေဖြင့် နားလည် ခွင့်လွှတ် ပေးစေလိုပါသည်)
ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
Tuesday, April 8, 2008
ဒါဖတ်ပြီးမှ မဲပေးပါ (၁)
ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းဟာ လူတယောက်၊ ပါတီတဖွဲ့၊ အဖွဲ့အစည်းတခု အကျိုးစီးပွားအတွက် ရေးဆွဲ ထားတာ မဟုတ်ပါဘူးလို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် မကြာခင်က ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး သိန်းစိန် ပြောတာ မှန်မမှန် စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို မြေလှန် ဆန်းစစ်ဖို့ လိုလာပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲဖို့ အမျိုးသား ညီလာခံ စကျင်းပတဲ့ လွန်ခဲ့တဲ့ (၁၄) နှစ်ကို ပြန်ကြည့်ရင် ညီလာခံ ဦးတည်ချက် (၆)ချက် သတ်မှတ်ထား ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းအတွက် အခြေခံမူတွေ အမျိုးသားညီလာခံက တဆင့် ရေးဆွဲရာမှာ ဒီ ဦးတည်ချက် (၆) ချက်နဲ့ မလွတ်စေဖို့ စစ်အစိုးရက ကြိုတင်ဘောင်ခတ် ထားတာပါ။
ညီလာခံ ဦးတည်ချက် နံပါတ် (၆)အချက်မှာ အနာဂတ် နိုင်ငံတော် အမျိုးသား ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော် ပါဝင် ထမ်းဆောင်ရေးလို့ အတိအလင်း ရေးထားပါတယ်။ ဒါကြောင့် စကတည်းက စစ်တပ်အကျိုးအတွက် ရည်ရွယ် ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ဆိုတာရှင်းနေပါတယ်။ ဒီအချက်ကို ညီလာခံတက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အတော်များများ လက်မခံပေမဲ့ နောက်ဆုံး အလျှော့ ပေးခဲ့ရပါတယ်။ ဒိနောက် အနာဂတ် နိုင်ငံရေးမှာ စစ်တပ် ကြိုးကိုင်နိုင်ဖို့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းထဲမှာ စစ်တပ်ကဏ္ဍတွေကို ပြဋ္ဌာန်း နိုင်အောင် ညီလာခံကိုယ် စားလှယ် (၆)ဦးပါတဲ့ အဖွဲ့တခုက အဆိုအမျိုးမျိုး တင်သွင်းခဲ့ပါတယ်။ ဒီကိုယ်စားလှယ် တွေကတော့ တချိန်က အန်အယ်လ်ဒီက အထုတ်ခံထားရတဲ့ အမတ်တွေ ဖြစ်ပါတယ်။
မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် (၁) က ဦးကြည်ဝင်း၊ မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် (၂) ကဦးတင်ထွန်းမောင်၊ တွံတေး မဲ ဆန္ဒနယ် အမှတ် (၂) က ဦးမြလှိုင်၊ ကျိုက်လတ် မဲဆန္ဒနယ်အမှတ် (၂)က ဦးတင်ဝင်း၊ တောင်တွင်းကြီး မဲဆန္ဒနယ် အမှတ် (၁) က ဦးသိန်းကြည်နဲ့ မင်းဘူးမဲဆန္ဒနယ် အမှတ် (၂) က ဦးလှစိုး တို့ (၆)ဦးဖြစ်ပါတယ်။
အန်အယ်လ်ဒီ ကထုတ်ပယ်ထားတဲ့ ဒီအမတ်(၆)ဦးဟာ အမျိုးသား ညီလာခံမှာ တပ်မတော် အခန်းကဏ္ဍ သမ္မတ လုပ် ပိုင်ခွင့် စတဲ့ အရေးပါတဲ့ ကဏ္ဍတွေကို အကြံပြုခဲ့သူတွေ ဖြစ်ပါတယ်။
စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ရေးဆွဲရာမှာ ညီလာခံဦးတည်ချက် (၆)ချက်နဲ့ ဘောင်ခတ်ရုံသာ မက စစ်တပ်ကဏ္ဍ ပစ်ပယ်သွားတာမျိုး မဖြစ်ရအောင် အခြေခံမူ (၁၀၄) ချက် ဆိုတာပါ မူလကတည်းက သတ်မှတ်ပြီး ဒီဘောင်ထဲက ရေးရမယ်လို့ ထပ်ပြီး ပြဋ္ဌာန်းပြန်ပါတယ်။ စစ်အစိုးရ သတ်မှတ်တဲ့ အခြေခံမူ (၁၀၄) ချက်ကို ဆင့်ပွားပြီး အမျိုးသားညီလာခံ အဆင့်ဆင့်မှာ ညီလာခံ ကိုယ်စားလှယ်တွေ အသေးစိတ် အဆိုပြုတာကိုတော့ အသေးစိတ် အခြေခံ ရမယ့်မူတွေလို့ သုံးနှုန်းပါတယ်။ အမျိုးသား ညီလာခံက အတည်ပြုထားတဲ့ အသေးစိတ် အခြေခံရမယ့် မူတွေကို အခြေခံ ပြီးမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ဆိုပြီး စစ်အစိုးရက ပုဒ်မတပ် ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ကြည့်ရင် အနာဂတ် နိုင်ငံရေးမှာ စစ်တပ် ကြိုးကိုင်နိုင် အောင် ခုလို အဆင့်ဆင့် ခြေကုတ်ယူ ပြဋ္ဌာန်းထားတာတွေ့ရမှာဖြစ်ပါတယ်။
- နိုင်ငံတော်သမ္မတကို စစ်ရေးအမြင်ရှိသူ ဖြစ်ရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အခန်းပုဒ်မ ၅၉ (ဃ) မှာ ပြဋ္ဌာန်းပါတယ်။ မူလက နိုင်ငံတော်သမ္မတကို စစ်ရေးအတွေ့ အကြုံရှိသူ ဖြစ်ရမယ်လို့ အဆိုပြုပြီးကာမှ ညီလာခံတွင်း ဝေဖန်မှုတွေ မကျေနပ်မှုတွေ ဖြစ်ပြီးနောက် နိုင်ငံတော်သမ္မတကို စစ်ရေးအမြင်ရှိသူ ဖြစ်ရမယ်လို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
တနည်းပြောရရင် လက်ရှိ မြန်မာစစ်ခေါင်းဆောင် တွေထဲက အငြိမ်းစားယူပြီး သမ္မတလုပ်ချင်သူ လုပ်နိုင်အောင် လမ်း ဖွင့်ပေးထားတဲ့ အချက်လို့ တချို့လေ့လာသူတွေက တွက်ပါတယ်။
- လွှတ်တော်ကို ကြည့်ရင်လဲ စစ်ဗိုလ်လွှတ်တော် ကိုယ်စားလှယ် (၂၅) ရာနှုန်းပါရမယ်လို့ ဥပဒေပြုရေး အခန်း (၄)ပြည်သူ့ လွှတ်တော် ဖွဲ့စည်းခြင်း ပုဒ်မ (၁၀၉) မှာ ပြဋ္ဌာန်းထားပါတယ်။ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၄၄၀) အနက် စစ်တပ်က တင်မြှောက်လိုက်တဲ့ စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ် ဦးရေ (၁၁၀) ရှိရမှာဖြစ်တယ် လို့ ပြဋ္ဌာန်း ထားပါတယ်။ ဒါကြောင့် ရာခိုင်နှုန်းနဲ့တွက်ရင် စစ်တပ်က လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်း ပါဝင်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
- အခြေခံမူ (၁၀၄)ချက် အရေးပေါ်ကာလ အခန်းကိုကြည့်ရင် စစ်တပ်ကို အာဏာသိမ်းခွင့် ရှိတယ်လို့ မူချထား ပါတယ်။ ဒါပေမယ့် ဒီအချက်အပေါ် ညီလာခံကာလ ဝေဖန်ဆန့်ကျင်မှုတွေ များခဲ့ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းထွက်လာတဲ့အခါ တိုင်းပြည်အရေး ကြုံလာရင် စစ်တပ်က တိုက်ရိုက် အာဏာသိမ်းခွင့် ရှိတယ်လို့ မသုံးနှုန်း တော့ဘဲ သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ကို တိုင်းပြည်တည်ငြိမ် အေးချမ်းသည်ထိ အများဆုံး တနှစ်တိတိ အာဏာ လွှဲနိုင်တယ်ဆိုတဲ့သဘောနဲ့ နားလှည့် ပါးရိုက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ (အခန်း (၁၁) အရေးပေါ် ဆိုင်ရာ ပြဋ္ဌာန်း ချက်များ)
ဒီထက်ဆိုးတာက အဲသလို တိုင်းပြည် ငြိမ်ဝပ်ပိပြားအောင် ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ယူထားတဲ့ ကာလ အတွင်း ဆောင်ရွက်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို လုံးဝ တရားစွဲဆိုခွင့် မရှိလို့ ပုဒ်မ (၄၃၂) မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ သဘော ကတော့ ပြီးခဲ့တဲ့ သံဃာ့ အရေးအခင်းလို ကိစ္စမျိုး၊ ၈၈ အရေးအခင်းမျိုး အနာဂတ်မှာ ဖြစ်လာလို့ စစ်တပ်က လူသတ်သတ်၊ ဓားပြတိုက်တိုက် ဘယ်လို နှိမ်နင်းနှိမ်နင်း အရေးယူခွင့် မရှိဆိုပြီး အခြေခံဥပဒေနဲ့ ကြိုတင်အကာအကွယ် ယူထားတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
- အရေးပေါ်အခြေအနေ ကြေညာတဲ့နေရာ မှာလည်း သမ္မတဟာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ တိုင်ပင်ပြီး လိုအပ်သလို အမိန့်ထုတ်ပြန် နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ (ပုဒ်မ ၄၁၀၊ ၄၁၁၊ ၄၁၂ )။ ဒီနေရာမှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဘယ်သူတွေနဲ့ ဖွဲ့ထားသလဲ ကြည့်ဖို့လိုပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတ နှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒု-ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ် (ပုဒ်မ ၂၀၁) ။
အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၁)ဦးကို ကြည့်ရင် သမ္မတက စစ်ရေးအမြင်ရှိသူ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒု-ကာကွယ်ရေး ဦးစီးချုပ်နှစ်ဦးက စစ်သား၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနကိုလည်း စစ်တပ်ကပဲ ကိုင်ထားမှာဆိုတော့ (၁၁) မဲမှာ စစ်တပ်က (၆) မဲ အပိုင်ရထားတာမို့ တိုင်းပြည် အရေးပေါ်ကာလ ဆုံးဖြတ်ချက်တွေကို စစ်တပ်လိုချင်သလို ခြယ်လှယ်ခွင့် ရှိမှာ ဖြစ်ပါတယ်။
- နိုင်ငံရေးအပိုင်းကို ကြည့်ပြန်တော့ နိုင်ငံ့ဝန်ထမ်းချင်း အတူတူ အရပ်သား ၀န်ထမ်းကိုတော့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခွင့်မရှိလို့ တားမြစ်ထားပေမယ့် စစ်သား စစ်ဗိုလ်ကိုတော့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်နိုင်တယ် ဆိုပြီး ခြွင်းချက်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပုဒ်မ (၁၂၁ ပုဒ်မခွဲ ည ) မှာ ပြဋ္ဌာန်းထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဖြစ်ထိုက်သူ သတ်မှတ်ချက်ထဲမှာ စစ်ဗိုလ်၊ စစ်သား ပါနိုင်တယ်လို့ ပြဋ္ဌာန်းလိုက်ရင် အရပ် ဘက် ၀န်ထမ်းတွေပါ အမတ်ဖြစ်လာနိုင်တာမို့ ခုလို ပြောင်ကျကျ အခြေခံဥပဒေကို အလွဲသုံးစားလုပ်ပြီး စစ်ဗိုလ် အမတ် (၂၅) ရာနှုန်းရအောင် ယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆ (က) မှာ နိုင်ငံ့ဝန်ထမ်းဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရမယ်လို့ ဆိုထားတဲ့အတွက် စစ်ဗိုလ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်ရမယ် ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ပုဒ်မ ၁၂၁ (ည) နဲ့ ၀ိရောဓိ ဖြစ်နေတာတွေ့ရပါတယ်။
- စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပုဒ်မ (၃၄၀) ကို ကြည့်ရင်လည်း စစ်တပ်ဦးဆောင်မှုနဲ့ ပြည်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
- စစ်ဘက် တရားစီရင်ရေးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ် ဖြစ်စေရမယ်။ တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိတယ်လို့ ဆိုထား ပြန်ပါတယ်။ (ပုဒ်မ ၃၄၃ )
သဘောကတော့ စစ်သားက ရာဇ၀တ်မှုကျူးလွန်ရင် အရပ်ဘက် တရားစီရင်ရေးက အရာ မရောက်တော့ဘူးလို ဖြစ်နေတဲ့အတွက် အနာဂတ် တရားစီရင်ရေးဟာ ရင်လေးစရာ ဖြစ်တယ်လို့ ရန်ကုန်ရှေ့နေ အသိုင်းအ၀ိုင်းက ထောက်ပြပါတယ်။ ထူးခြားတဲ့ အချက်က သမ္မတအပါအ၀င် နိုင်ငံဝန်ထမ်း အကြီးအကဲတွေကို စစ်အစိုးရ အသုံးအနှုန်းအရ စွပ်စွဲပြစ်တင် ခွင့် သတ်မှတ်ပြဌာန်း ထားပေမယ့် ကာကွယ်ရေး ဦးစီးချုပ်ကိုတော့ ဘာလုပ်လုပ် ကွင်းလုံးကျွတ် ဖြစ်အောင် အခြေခံဥပ ဒေနဲ့ ကာကွယ် ပေးထားပါတယ်။ ဒါတင်မက ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အဆင့်အတန်းဟာ ဒု-သမ္မတ အဆင့်နဲ့ တပြေးညီ ဖြစ်ရမယ်လို့ အသေးစိတ် အခြေခံရမယ့် မူတွေမှာ ပြဋ္ဌာန်း ထားပြန်ပါတယ်။
- စစ်တပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဘက်စုံ ကျားကန်ထားရုံမက စစ်တပ်မိသားစုတွေရဲ့ စားဝတ်နေရေးကိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကာကွယ် ပေးထားပြန်ပါတယ်။ ကျဆုံးသွားတဲ့ စစ်သားရဲ့ ကလေးတွေကို နိုင်ငံတော်က တာဝန် ယူစောင့်ရှောက်ရမယ်။ မသန်စွမ်းတဲ့ စစ်သားတွေအတွက် အသက်မွေးပညာ အခမဲ့ သင်ယူခွင့် ပေးရမယ် ဆိုပြီး ဖွဲ့စည်း ပုံအခြေခံ ဥပဒေမူကြမ်း ပုဒ်မ ၃၂ (က)(ခ) မှာ ပြဋ္ဌာန်းထားပါတယ်။
နိုင်ငံ့ ၀န်ထမ်းတာချင်း အတူတူ အရပ်ဘက် ၀န်ထမ်းထက် စစ်ဘက်ဝန်ထမ်းက ပိုအရေးပါတယ် ဆိုပြီး အခြေခံဥပဒေ ကိုသုံး အလွဲသုံးစားလုပ်၊ ပြောင်ကျကျ ခွဲခြားပြီး တိုင်းပြည်ဘဏ္ဍာ ဖြုန်းဖို့ အခွင့်အရေး ယူထားတာ ဖြစ်ပါတယ်။
ဒီဆောင်းပါးပါ အချက်တွေကို စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းနဲ့တိုက် မင်နီတား ဖတ်ကြည့်မယ်ဆိုရင် ဘယ်သူ့ အကျိုးအတွက် ရည်ရွယ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလဲ ဆိုတာ မျက်ဝါးထင်ထင် မြင်ရမှာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က အဖွဲ့အစည်းတခု အကျိုးစီးပွားအတွက် ရေးဆွဲထားတာ မဟုတ်ပါဘူးလို့ ပြောနေပေမယ့် တကယ်တမ်း စစ်အစိုးရ လုပ်ရပ်က (ဆရာကြီး သခင်ကိုယ်တော်မှိုင်း စကားနဲ့ ပြောရရင်) ဗြဟ္မာ့ဘုံ နွားခုန်တက် သလို ဖြစ်နေတယ်ဆိုတာ ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။
ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၁၉)
ပြီးခဲ့သည့် တပတ်က ကျနော်တို့ စစ်တက္ကသိုလ်တွင်း လျှက်တပြတ် တချို့ကို ကျနော် တတ်စွမ်းသရွှေ့ တင်ပြခဲ့၏။
၎င်းကို ဖတ်ရှုမိသော ကျနော်၏ ညီနောင် စစ်တပ်အရာရှိ စီနီယာ တချို့ အတွင်းမှ ထိုစာစုများနှင့် ပတ်သက်၍ ထောပနာပြုသူ ရှိသလို၊ ရှုတ်ချသူကိုလည်း တွေ့ရပါသည်။ မြန်မာ စစ်တပ်တွင်းမှ အဖြစ်မှန်၊ အကြောင်းမှန် တို့ကို စာပေရသ အားဖြင့် မြင်ဖူးရန် လွန်စွာ ခက်ခဲသော ယနေ့အချိန်မျိုးတွင် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ရှင်းရှင်း ရေးသားသော ကျနော့် စာမျက်နှာတို့သည် ထူးဆန်းသော အကြောင်းတခု ဖြစ်နေလေ၏။ မယုံသူလည်းရှိ၊ ယုံသူလည်းရှိ၏။ ဝေဖန်သူလည်း တွေ့ရ၏။ လာအားပေးသူကိုလည်း တွေ့ရ၏။
ဤဖြစ်စဉ်များ၊ အကြောင်းအရာများသည် မြန်မာပြည်၏ မြေမျက်နှာပြင် တနေရာတွင် အမှန်တကယ် ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များ ဖြစ်ပါသည်။ မှတ်မိသည့် နေ့စွဲများ အနက်မှ ယနေ့ တိုင်းပြည် ပြန်လည် ပြုပြင်တည်ဆောက်ရေး ကဏ္ဍတွင် တထောင့် တနေရာမှ ပါဝင်ပတ်သက် နိုင်လိမ့်မည်ဟု ယုံကြည်ရ မည့် အကြောင်းအရာများကို တင်ပြခြင်း ဖြစ်ပါသည်။ ကိုယ်ရည်မသွေး၊ မျက်နှာမလိုက်၊ ပင်းခြင်း၊ ယိမ်းခြင်းမရှိ၊ လူငယ်တဦး၏ ခံစားခဲ့ရသော အမြင်အာရုံအတိုင်း ရေးသားတင်ပြခြင်း ဖြစ်၍၊ စစ်တပ် အတွင်းမှ အမှန်တရားကို မြတ်နိုးသူ၊ လွတ်လပ်စွာ ရေးသားခြင်း၊ ပြောဆိုခြင်းကို ရယူပိုင်ဆိုင်လိုသူ မျိုးချစ်စစ်သားများက ကျနော့်ကို အားပေး၏။
အာဏာရှင့် နောက်လိုက် (ခိုင်းတာလုပ်၊ ပေးတာယူ၊ ကျွေးတာစား၊ ခေါ်ရင်သွား၊ ခံမပြောရဲသော၊ ခွေးသာသာ အပြီးထောင်ခွင့် ရထားသည်ကို မာန်တက်နေသည့်) ဘ၀ဖြင့် တရယူ၊ တမှီနှိုက်၊ ရာထူး၊ အာဏာ၊ နေရာ၊ ငွေကြေး၊ အခွင့်အရေး အတွက် အာဏာပိုင် မှန်သမျှ ခြေသလုံးဖက်ရန် မရှက်၊ တောင်းစားရန် မရှက်သူ၊ ကိုယ်ကျိုးတခုသာ ကြည့်သူ စစ်ဗိုလ်တချို့က ကျနော့်အား သစ္စာဖေါက်ဟု စွပ်စွဲ၏။
လူတို့ လှုပ်ရှားမှုဖြင့် ဖြစ်ပေါ်ခဲ့သော မိမိတို့ ကိုယ်တွေ့ အတွေ့အကြုံများကို မှတ်တမ်းပြု ရေးဖွဲ့ ပြေဆိုခြင်းအား သစ္စာဖေါက်ဟု ဆိုနိုင်ပါမည်လား။ ကျနော်တင်ပြခဲ့သည်များကလည်း ကျနော့် တကိုယ်ရည် ကောင်းကျိုးအတွက် တခုမှမပါ ပါ။ မြန်မာ့တပ်မတော်၊ ယနေ့ အာဏာသိမ်း အစိုးရ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ အတွင်း ဖြစ်ပျက်ခဲ့သမျှသော အကြောင်းများ၊ ဖြစ်စဉ်များသည် မြန်မာ့သမိုင်းနှင့် နိုင်ငံ့ အနာဂတ် အကြောင်း အကောင်းအဆိုး ဝေဖန်စီစစ်ချက်များဖြင့် သမိုင်းသင်ခန်းစာ ထုတ်နိုင်မည့် အချိန်ကာလ တခုအတွက် အကျုံးဝင်သည့် အချက်အလက်များ သာဖြစ်၏။
ထို့ကြောင့် သမိုင်း၏ တစိတ်တပိုင်း ဖြစ်စဉ်များ အနက်မှ ဖြစ်ရပ်များ ဟုသာ သဘောထား၍ ဤစာစုမျိုးကို ရည်ရွယ်ရေးသား နေခြင်းဖြစ်ပါသည်။ ကျနော့်ထက်ပိုမို၍ သိရှိလေ့လာ မှတ်သားထား မိသော ညီနောင်စစ်သည်တော်တို့ ထံမှလည်း ဤသို့ ပြည်သူဘက် ရပ်တည်သော၊ အမှန်တရား ဖြစ်ရပ်များကို စာတစောင် ပေတဖွဲ့ ရေးသားကာ ပြည်သူ့ထံသို့ တင်ပြဆောင်ကြဉ်း ပေးလာစေလို စိတ်လည်း ပြင်းပြစွာ ရှိပါ၏။ သို့ဖြစ်သောကြောင့် ကျနော်မှ အစကနဦး (မဟုတ်သည့်တိုင်)၊ ကြိုးစား ထိုးဖောက် ရေးသားနေခြင်း ဖြစ်ပါသည်။
မြန်မာ့တပ်မတော်ကို စတင်လည်ထောင်ခဲ့သူ ရဲဘော်သုံးကျိပ်၊ မျိုးချစ်ဘိုးဘေးများက သူတို့၏ အတွေ့ အကြုံများကို စာမျက်နှာထက်တင် စာဖတ်သူတို့ထံ ပို့ခဲ့၍သာ ဖက်ဆစ်ခေတ်က မြန်မာတို့၏ နာကျည်း အောက်မေ့ဖွယ်၊ သနားဖွယ် ဘ၀တို့ကို ကျနော်တို့သိခဲ့၏။ သူတို့ခေတ်၊ သူတို့သမိုင်းတွင် သူတို့ ဖြတ်သန်းခဲ့သမျှ ခေတ်အရိပ်ကို အရှင်းဆုံး၊ အလွတ်လပ်ဆုံး ရေးသားမှတ်တမ်း တင်ခဲ့သောကြောင့် သာ နောင်ကြဉ်နိုင်မည့် လုပ်ရပ်များ၊ ဆောင်ရန် ရှောင်ရန်များကို ကျနော်တို့သိခဲ့၏။ အဖြူ အမဲ၊ အမှား အမှန် ခွဲခြားသိခဲ့သော်လည်း ဆောင်လိုသည်ကို မဆောင်ရ၊ ရှောင်လိုသည်ကို မရှောင်ရအောင် ယနေ့ အာဏာရှင် စနစ်က ဘောင်ခတ် ကျုံးသွင်း ပိတ်ဆို့ထား၏။ ရှေးယခင် ပဒေသရာဇ် စနစ်ကို ပုံပြောင်းပြီး ခေတ်သစ် ပဒေသရာဇ် စနစ်ဖြင့် တိုင်းပြည်ကို ကျွန်ပြုလိုသည့် စိတ်ယုတ်မာဖြင့် နည်းမျိုးစုံ သုံး အကောက်ကြံနေသော ဘုရင်ရူး အာဏာရှင်ကို နေမမြင့်မှီ တားဆီးနိုင်မှ တော်ကာကျမည်။ သို့မဟုတ်ပါက ပြည်နာ၏။
ကျနော်သည် ခေတ်တွင် ရှေးဘိုးဘွားတို့ထက် တော်လှန်ရေး စိတ်ဓါတ်ထက်မြတ် လိမ္မာမှ ရမည်။ အဘယ့်ကြောင့်ဆို ရှေးခေတ်က ပြည့်ရန်သူသည် တိုင်းတပါးလူမျိုးခြား ဖြစ်၍၊ ယနေ့ပြည့်ရန်သူသည် မိမိတို့ လူမျိုးတူချင်းဖြစ်နေ၏။ မိမိတို့၏ အဆွေအမျိုး၊ တကိုယ်ကောင်း စိတ်ဓါတ်ပိုင်ရှင် သားချင်း များပင် စိတ်ဓါတ်ရေးရာအရ ပြည့်ရန်သူ၊ ပြည်ဖျက် သစ္စာဖောက် ပုဆိန်ရိုး စာရင်းဝင်နေ၏။ ထို တကိုယ်ကောင်း အနားပျာ ကျွန်စိတ် ခံယူချက်အရ မျိုးဖျက် ပုဆိန်ရိုး ဖြစ်နေသော စစ်အာဏာရှင့် နောက်လိုက် စစ်ကျွန် စစ်ပိုင်ရှင်တို့ကို သုတ်သင်ဖယ်ရှား၊ ပုံပြောင်းရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရမည့် အရေးမှာ ယနေ့ ကျနော်တို့ ခေတ်၏ တော်လှန်ရေးပင် ဖြစ်တော့၏။
ဤသို့သော သိမ်မွေ့ ရှုပ်ထွေးသော စိတ်ဓါတ်ရေးရာ တော်လှန်ရေးကြီး ပေါ်ပေါက်လာရန် ရည်မျှော်၍ လိုအပ်နေသော သမိုင်းပေး တာဝန်ကို ကျနော်တို့ လူငယ်များ ထမ်းဆောင်ရန် ပြင်ဆင်ပြီး ဖြစ်နေမည် ဟု ကျနော်ယုံကြည်၏။ ထို့ကြောင့် ကျနော်တို့ ဘိုးဘေများ၏ နောင်မျိုးဆက်များ အပေါ်ထားရှိခဲ့သော သမိုင်းအမွေ စေတနာ၊ တော်လှန်ရေး စိတ်ဓါတ်အမွေများကို အထူးအားကျ၍ (သူတို့၏ ပေးဆပ်စွန့်လွှတ်မှု စိတ်ထားကို ခြေဖျားမှ မမှီသော်လည်း) တတ်စွမ်းသမျှ ကြိုးစားရေးသားခြင်း ဖြစ်၏။ စစ်တပ်၏ စစ်ကျွန်အရာရှိ တဦးအဖြစ်မှ ပြည်သူလူထုဘက် ရပ်တည်သော လုပ်ရပ်ကို ပြည်သူ့ ကာကွယ်ရေး မျိုးချစ်စစ်သားတဦး အဖြစ်ကူးပြောင်းပြီး၊ မျိုးဆက်သစ် မျိုးချစ်လူငယ်တဦး၏ လုပ်သင့်သော အလုပ်ကို လုပ်ဆောင်ခြင်းသာ ဖြစ်ပါသည်။
တဖန်… မြန်မာနိုင်ငံတွင် ဆိတ်သုဉ်းနေသော လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်၊ ထင်မြင်ယူဆခွင့် တို့ ပြန်ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ရေးသားဝံ့သူ နည်းပါးနေသေးသော မြန်မာစစ်တပ်တွင်းမှ ဖြစ်စဉ် အခြေအနေမှန်များကို တတ်စွမ်းသရွှေ့ စီစဉ်ရေးသား တင်ပြခြင်းလည်း ဖြစ်၏။ စွန့်လွတ်ခြင်း များစွာဖြင့် အနာဂတ် ပျောက်နေရရှာသော ပြည်သူ့သားမျိုးချစ်၊ မျိုးချစ်တပ်မတော်သား တို့ အနာဂတ် ကောင်းရာ၊ ကောင်းကျိုးအတွက် အဓိက ရည်ရွယ် ကြိုးပမ်းခြင်းလည်း ဖြစ်ပါသည်။
ယနေ့ စစ်တပ်၏ လုပ်ရပ်များနှင့် ပတ်သက်၍ တိုင်းပြည်နှင့် ပြည်သူလူထု ကောင်းရာကောင်းကျိုး အတွက် ဖြစ်သင့် ဖြစ်ထိုက်သည့် အကြောင်းအရာ၊ လုပ်ရပ်များဆိုလျှင် ထောက်ခံရမည်။ တိုင်းပြည် အတွက် ဆုတ်ယုတ်နိမ့်ကျ ပျက်စီးစေနိုင်သည့် လုပ်ရပ်၊ နည်းနာများ၊ ဖြစ်စဉ်များကို မကောင်းသည့် အကြောင်း၊ မဖြစ်သင့်သည့် အကြောင်း ရေးရ၊ ပြောရမည်။ ဤသည်မှာ တိုင်းပြည်ကို ချစ်သော မျိုးချစ်သူ မြန်မာနိုင်ငံသား စစ်သားတိုင်း၏ တာဝန်ဖြစ်ပါသည်။
တိုင်းပြည်နှင့် လူမျိုး အကျိုးအတွက် ရှေးဦး စွန့်လွှတ် ပေးဆပ်သွားသော မျိုးချစ်အာဇာနည်ကြီး အားလုံးတို့သည် မွန်မြတ်သော ပေးဆပ်ခြင်းဖြင့် စံနမူနာကောင်းများ ပြခဲ့ကြပါသည်။ သူတို့၏ စိတ်နေစိတ်ထား လုပ်ရပ်များကို သူတို့ခေတ်က ရေးခဲ့သော စာပေများ၊ သမိုင်းများအရ ကျနော်တို့ သိခဲ့၏။ ယနေ့ ကျနော်တို့ ခေတ်တွင် လွတ်လပ်မှု ဟူသမျှတို့ ဆိတ်သုဉ်းပြီး၊ မရေးရဲ၊ မပြောရဲ၊ မဆိုရဲ၊ မဖွင့်ဖေါ်ရဲ၊ ဘာမှ မလုပ်ကိုင်ရဲသော ရဲတို့ ခေတ်တွင် အသက်ရှင်ခဲ့သော ကျနော်တို့၏ လုပ်ရပ်ကို ဤသို့ ရဲရဲရေး၍ မှတ်တမ်း မတင်ခဲ့လျှင် နောင်လာ နောက်သားတို့ မည်သို့ သိရှိလေ့လာ နိုင်မည်နည်း။
သို့အတွက် မိမိတို့ လုပ်ရပ်မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ပွင့်လင်းရိုးသားစွာ မှတ်တမ်းပြု ရေးဖွဲ့ခဲ့ မှသာ နောက်လာနောင်သားတို့ သိရှိပေမည်။ ထိုယုံကြည်ချက်ဖြင့် ကျနော်ရေးခြင်းဖြစ်၏။
ရှေးဘိုးဘေတို့ ရေးခဲ့သော သမိုင်းစာမျက်နှာတို့အရ မိမိတို့ ဘိုးဘေး အာဇာနည်ကြီးများ အကြောင်း ကျနော်တို့သိရှိ လေ့လာခွင့်ရ၏။ ကျနော်တို့မျိုးဆက်သစ် လူငယ်များသည် အဆိုပါ အာဇာနည်ကြီး တို့၏ မွန်မြတ်သော ပေးဆပ်မှုများကို အတုယူ အားကျသင့်၏။ သို့မှသာ တိုးတက်သော မျိုးဆက်များ အဖြစ် အမွေကောင်းတို့ကို လက်ခံယူရာရောက်မည်။ ထို သမိုင်းမှတ်တမ်းတို့ အရသာလျှင် ကျနော်တို့ နိုင်ငံ ယနေ့ ကြုံနေရသော အခြေအနေကို ယခင်ခေတ် မြန်မာပြည်၏ အခြေအနေတို့နှင့် ယှဉ်၍သာ ဆိုးခြင်း ရှိ၊ မရှိ၊ ပိုမို ကောင်းမွန်လာခြင်း ရှိ၊ မရှိသိမည်။ ဆိုးနေပါက အကောင်းသို့ရောက်အောင် ကြိုးစားလိုစိတ် ပေါ်မည်။ သို့မှသာ ယနေ့ ကြုံတွေ့နေရသော စစ်အာဏာရှင် ကျွန်သဘောက် ဘ၀မှ လွတ်မည်။ စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်မှသာ တိုင်းပြည် တိုးတက်မည်။ တိုင်းပြည်တိုး တက်မှ လွတ်လပ်ဖွံ့ဖြိုးသော နိုင်ငံသားများ အဖြစ် မော်ဝင့်နိုင်မည်။
ယနေ့ အခြေအနေမှန်ကို ထပ်ဆိုရလျှင် နိုင်ငံရေး အကြပ်အတည်း လိပ်ခဲတည်းလည်း ဖြစ်နေ၏။ ထိုကြားထဲ ပြည်တွင်း စီးပွားရေး အခြေအနေသည် နိမ့်သထက် နိမ့်ကျလာနေ၏။ ဆင်းရဲသထက် ဆင်းရဲလာနေ၏။ ဤအခြေအနေတွေကြား၊ တစတစ အင်အား ကြီးထွား လာနေသော တပ်မတော် သည် တိုင်းပြု ပြည်ပြု မျိုးချစ် တပ်မတော် ဖြစ်နေခဲ့လျှင် ပြဿနာမရှိ၊ ယခုကား ပြည်ချစ်တပ် ဟုတ်မဟုတ်၊ အမှန်တရားတို့ သမိုင်းစာမျက်နှာပေါ် ထင်ရှားစွာ ထွက်ပေါ်လာနေပေပြီ။
ကျနော်ရေးခဲ့သော အကြောင်းအရာတို့သည် မျိုးချစ်တပ်မတော် ဟု ကြေငြာနေသော တပ်မတော် အတွင်းမှ မထင်မရှား ဖြစ်ခဲ့သည့် အချင်းအရာတို့မျှသာ ဖြစ်သေး၏။ နိုင်ငံနှင့် လူမျိုးချီ၍ ဆုံးရှုံးနစ်နာ စေမည့် အာဏာရှင်တို့၏ အကြမ်းဖက်မှုများ၊ ဥပဒေမဲ့ အပြုအမူများ အကြောင်း မပါသေးပါ။ ကျနော်တို့ မျိုးချစ်တပ်မတော်သားများ၊ အရာရှိများ စိတ်မကောင်း ဖြစ်ကြရသည့် အဓိကအချက်မှာ တပ်မတော် သားဟူသည့် စစ်လက်နက်ကိုင် တပ်ဖွဲ့ဝင် မိမိတို့သည် မိမိတို့တာဝန် ဖြစ်သော တိုင်းပြည် ကာကွယ် ရေးကို ထဲထဲဝင်ဝင် မလုပ်ကြရဘဲ၊ ကိုယ့်ပြည်သူ တိုင်းရင်းသား လူမျိုးအချင်းချင်းကို ဖိစီး ခြောက်လှန့် နှိပ်စက်နေကြရသည်။ ကိုယ့်လူမျိုးချင်းကိုယ် နှိမ်နင်း သတ်ဖြတ်နေကြရသည်။ မိမိတို့ စစ်ယူနီဖေါင်း ၀တ် မှန်သမျှကို ပြည်သူတို့က မော်၍မျှ မကြည့်ဝံ့အောင် နည်းမျိုးစုံဖြင့် လုပ်နေကြ ရသည်။ ထိုလုပ်ရပ်များ၏ တန်ပြန် အရိပ်အဖြစ် ရပ်ထဲ၊ ရွာထဲ၊ မြို့ထဲသို့ စစ်ယူနီဖေါင်းဖြင့် ကျော့ကျော့ မော့မော့ ထွက်ရဲသူဟူ၍ မရှိသလောက် ဖြစ်နေကြရ၏။ ၎င်းမှာ ကျနော်တို့လို မျိုးချစ်စစ်သည်များ အတွက် ၀မ်းနည်းကြေကွဲမှု အခံစားရဆုံး ယနေ့ အတွေ့အကြုံဖြစ်၏။
ထိုသို့ အထင်မြင် စိမ်းကားမှုကို ကျနော်တို့ ခံစားရ၍ စိတ်မကောင်း ဖြစ်နေချိန်တွင် တိုင်းပြည်၏ အချမ်းသာဆုံး လူနည်းစု စာရင်း၌ စစ်ဗိုလ်ချုပ်ကြီးများ အားလုံး ပါဝင်နေ၏။ သို့သော် တိုင်းပြည် အဆင်းရဲဆုံး အလွှာဟု ဆိုနိုင်မည့် အခြေခံ လူတန်းစားထဲတွင် တပ်မတော်၏ အောက်ခြေအဆင့် စစ်သည် အားလုံးနီးပါးတို့ပါ၏။ ကျနော်တို့ စစ်ဗိုလ်များသည်လည်း အပါအ၀င်ဖြစ်၏။ တခုခုတော့ လွဲနေပေပြီ။ အမှန်တရားတို့ ပေါ်ထွက်သင့်ပေပြီ။ အမိ စစ်တက္ကသိုလ် အပါအ၀င် အခြားသော စစ်ကျောင်းအသီးသီးမှ ပြန်တမ်းဝင် အရာရှိဖြစ်ခဲ့သော အရာရှိ ကြီးငယ်များ၊ စစ်သည်များ အားလုံးတို့ အတွက် တင်ပြလိုပါသည်။ ညီနောင် အရာရှိစစ်သည်တို့ အနေဖြင့် ယနေ့ လုပ်ဆောင် နေကြရသော တာဝန်ဟူသည့် အလုပ်များသည် တိုင်းပြည်နှင့် လူမျိုး အတွက် မှန်ကန်သော အကျိုးကို ဖြစ်စေ၏၊ မဖြစ်စေ၏ လေးလေးနက်နက် စဉ်းစား ဆင်ခြင် သုံးသပ်မှု ပြုစေလိုပါ၏။
ဖြစ်ပြီးခဲ့သော အတိတ်က သမိုင်းများ၊ ဖြစ်လာနိုင်သည့် ယနေ့ ပြည်တွင်းရေးရာ အခြေအနေများ၊ ဖြစ်နေ ရင်ဆိုင်နေရသည့် ယနေ့ မိမိတို့ တပ်မတော်သားများ ဘ၀ (လက်တွေ့ ဘ၀ကို) အမှန်အတိုင်း သုံးသပ် ဆင်ခြင်မည်ဆိုလျှင် မိမိတို့ လက်ရှိဘ၀သည် (မင်း ခစား၊ ကမ်းနားသစ်ပင် ဆိုသည်ထက် ဆိုးဝါးသည့်) မည်သို့မျှ မသေချာ မရရာ မှုန်ဝါးဝါး ဖြစ်နေကြရသည်ကို တွေ့မြင်လာလိမ့်မည်။ မိမိတို့ အနာဂတ်ကိုပင် ယုံထင်၊ ကြောင်ထင် ဖြစ်နေအောင် ၀ါဒမှိုင်း တိုက်ခံထားရကြောင်း သိရှိ နားလည် လာပေလိမ့်မည်။ ထိုအခါ မိမိတို့၏ ရိုးရှင်းသော မျိုးချစ်စိတ်ကို ပြန်လည်ဖေါ်ထုတ် အသက်သွင်းမိလာ ကြလိမ့်မည်။ ပျောက်ဆုံးနေသော ပြည်သူ့ မေတ္တာကို တမ်းတလာကြ လိမ့်မည်။ ပြည်သူချစ်ခင် လေးစားသည့် မျိုးချစ် ပြည်သူ့စစ်သားဆိုသည့် ရဲရဲတောက် တပ်မတော်သားများ အဖြစ် ပြန်လည်ရယူ ပိုင်ဆိုင်ချင်လာ လိမ့်မည်။
ပြည်သူ့တပ်မတော်သား၊ မျိုးချစ်တပ်မတော်သား စင်စစ် ဖြစ်လိုစိတ် ပေါ်လာသည်နှင့် တပြိုင်နက် စစ်အာဏာရှင် စနစ်အောက် စစ်ကျွန်များ ဘ၀မှ ရုန်းထွက်လွတ်မြောက် လိုစိတ် ထွက်ပေါ်လာမည်မှာ မုချဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ၏ တသွေး တသံ တမိန့်အောက် နှင့် ယင်းတို့ ကိုယ်ကျိုးစီးပွား အာဏာ၊ ရာထူး တည်တံရေး တခုတည်းအတွက် မတရား အမိန့်ပေး စေခိုင်းခံနေရသော ဘ၀အောက်တွင် ပြည်သူ့ အကျိုးစီးပွား အတွက် ရည်ရွယ်၍ ဘာဆို ဘာမျှ ဆောင်ရွက်ခွင့် မရှိ။ ထို့ကြောင့် ပြည်သူ့ အကျိုးကို အမှန်တကယ် လိုလားသည်ဆိုလျှင် မိမိတို့ ယနေ့ ခံစားနေရသော စစ်ကျွန်ဘ၀မှ ဦးစွာ ရုန်းထွက်ဖို့ လွတ်မြောက်ဖို့လိုသည်။
မိမိတို့ချည်း စစ်ပုန်ကန်မှုလုပ်၍ စစ်အာဏာစက် အောက်မှ မလွတ်နိုင်၊ ပြည်သူနှင့် တက်ညီ လက်ညီ ပူးပေါင်း တိုက်ပွဲဝင်မှ ရမည်ဖြစ်၏။ ပြည်သူ့ စစ်သားတို့ တော်လှန် ဆန့်ကျင်ရမည့် အာဏာရှင်စနစ်ကို ကြိုးကို ချယ်လှယ်နေသူတို့အား ရေတွက်ကြည့်ပါက လက်ဆယ်ချောင်း အရေအတွက်မျှပင် မရှိသည် ကို တွေ့ရလိမ့်မည်။ ထို လက်ဆယ်ချောင်းမျှ အရေအတွက်မျှပင် မရှိသော အင်အား ပမာဏငယ်၊ လက်တဖျစ်စာပင် မရှိသော လူတစုကို၊ သန်း ၅၀ မျှသော ပြည်သူလူထုကြီး၊ မျိုးချစ် လက်နက်ကိုင် စစ်သား မဟာ အင်အားထုကြီးဖြင့် ၀ိုင်းဝန်း ပူးပေါင်းဆန့်ကျင်လျှင် ထိုလူတစု အာဏာပြ၀ံ့မည်တဲ့လား၊ ထိုလူတစု အာဏာ ရှိနေပါအုံးမည်လား။ ထိုလူတစု မိုက်ကန်းသော အမိန့်တွေ ပေးရဲပါအုံးမလား။ ယုံကြည်ချက် အပြည့်ဖြင့် စိတ်တူကိုယ်တူ ညီညာစွာ ဆောင်ရွက်လျှင် ပြည်သူလူထုကြီးရော ကျနော် တို့ မျိုးချစ် စစ်သားများပါ ယနေ့ ခံစားနေရသော စစ်ကျွန်ဘ၀မှ လွတ်မြောက်မည်မှာ မုချဖြစ်၏။
ထိုသို့ စစ်ကျွန်ဘ၀မှ လွတ်မြောက်အောင် ပြည်သူနှင့် တပ်မတော်သား မျိုးချစ်တို့ ပူးပေါင်း လက်တွဲ တိုက်ပွဲဝင်ပြီး၊ မိမိတို့ အနာဂတ်ကို ရေရာ သေချာစွာ စီမံခန့်ခွဲနိုင်မည့် ပြည်သူ့ အစိုးရလက်ထက် ရောက်အောင် ၀ိုင်းဝန်း ကြံဆောင်ကြဖို့ ယနေ့ လိုအပ်နေပေပြီ။ သို့မှသာ မိမိတို့ တပ်မတော်သားတို့ မျှော်လင့် တောင့်တနေသည့် ခိုင်မာသော အနာဂတ် သေချာရေရာမှု ရရှိနိုင်လိမ့်မည် ဆိုသည့် အကြောင်း လေးလေးနက်နက် တွေးတော ဆင်ခြင်စေလိုခြင်းသည် ယခုတပတ် စာစု၏ အဓိကကို ရေးသူ ကျနော်၏ အဓိက လိုလားချက် ဖြစ်ပါသည် ခင်ဗျား…......
ယခုတပတ်၏ ကျနော့်စာစုငယ်ကို ပြည်ပတွင် ပညာတော်သင် ရောက်ရှိနေသော (ညီငယ် ရေချမ်း အပါအ၀င်) ချစ်ခင်လေးစားရပါသော မျိုးချစ် စစ်အရာရှိငယ်များ၊ နေပြည်တော် စစ်တိုင်းရုံးချုပ်ကြီးမှ ညီနောင် အရာရှိများ၊ မျိုးချစ် စစ်သည်များ၊ နိုင်ငံ နေရာအနှံ့ရှိ ခြေလျှင်ခြေမြန် တပ်ရင်း အသီးသီး၊ နိုင်ငံ့တာဝန် ထမ်းဆောင်နေသည်ဟု ယုံကြည်ချက်ဖြင့် အသက်မွေးမှု ပြုနေသည့် ကျနော့် သူငယ်ချင်း ညီအကို မျိုးချစ် တပ်မတော်အရာရှိ၊ စစ်သည်များ အတွက် ရည်ရွယ်ကာ ရေးသား ပေးပို့ လိုက်ရခြင်း ဖြစ်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
PDF ဖိုင်ဖြင့် ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ
Monday, March 31, 2008
Friday, March 28, 2008
တပ်မတော်သားအားလုံး စစ်အာဏာရှင်ကို တော်လှန်ရန်
သံအရာရှိဟောင်းက တိုက်တွန်းနှိုးဆော်
ဒီဗွီဘီ။ ၂၆၊ မတ်၊ ၂၀၀၈
မြန်မာနိုင်ငံ စစ်အာဏာရှင် စနစ်ဆိုး လက်အောက်က လွတ်မြောက်ရေး အတွက် တော်လှန်ဖို့ တပ်မတော်သား အားလုံးကို နအဖ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှုး အောင်လင်းထွဋ်က တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ ဖက်ဆစ်ဂျပန် အာဏာရှင်ကို တော်လှန်ခဲ့တဲ့ မတ်လ ၂၇ ရက် ၆၃ နှစ်မြောက် တော်လှန်ရေးနေ့ မတိုင်မီ ဒီလို နှိုးဆော် လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ အာဏာရှင် စနစ်ဆိုးလက်အောက်က လွတ်မြောက်ရေး အတွက် ဖက်ဆစ်စနစ် ကို ရဲဘော်တို့ရဲ့ နောင်တော် စစ်သည်များက တော်လှန်ခဲ့သလို ယနေ့ စစ်သည်တို့ အနေဖြင့်လည်း အာဏာရှင် စနစ်ဆိုးကို တော်လှန်ဖို့အတွက် ရဲဘော်တို့က လုပ်လာကြလိမ့် မယ်လို့ ရဟန်းရှင် ပြည်သူ လူထုနဲ့ နိုင်ငံတကာ မိသားစုက မျှော်လင့် နေကြတယ်လို့ ဗိုလ်မှုးအောင်လင်းထွဋ်က နှိုးဆော်ချက်မှာ ပြောကြားထားပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံတော် ကာကွယ်ရေး ဆိုတဲ့ စကားလုံးကို သုံးပြီး တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ထိုင်း စတဲ့နိုင်ငံတွေကို ရန်သူအဖြစ် သတ်မှတ်ပေမယ့် လက်တွေ့မှာတော့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား အတွက် အင်အားကြီး နိုင်ငံကို မျက်နှာချိုသွေးပုံ တွေကို ဗိုလ်မှုးအောင်လင်းထွဋ်က ထောက်ပြထားပါတယ်။
အမေရိကန်ကို မုန်းရမယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား အတွက် အမေရိကန်ရဲ့ စာနာမှုကို ရအောင်ဆိုပြီး အဆင့်မြင့် ၀န်ကြီးတွေကို ကိုယ်တိုင် အမေရိကန်နိုင်ငံကို လွှတ်ပြီး မျက်နှာချိုသွေး ခဲ့ကြတယ်။ ဒါ့အပြင် ရဲဘော်တို့ကို ခေါင်းဆောင်နေတဲ့ နိုင်ငံတော်အကြီးအကဲက မိတ်(ဒ်)အင်ယူ အက်(စ်)အေ (Made in USA) အားဆေးမှသောက်လို့ ပို့ပေးရတယ်။ ယူအက်(စ်)အေ (USA)က ဘောက်ဆင်ပွဲကိုမှ ကြည့်ချင်တယ်ဆိုလို့ အပတ်စဉ်ပို့ပေးရတယ်။ ဒုတိယအကြီးအကဲ ဆိုသူကလည်း မိတ်(ဒ်)အင်ယူအက်(စ်)အေ (Made in USA) အနောက်တိုင်းဝတ်စုံကိုမှ ၀တ်လို့ နိုင်ငံခြားခရီးစဉ် ရှိတိုင်း ပို့ပေးရတယ်၊ အားလုံးကို နိုင်ငံတော်ငွေထဲက စိုက်ထုတ်ပေးရတယ် ဆိုတာကို အသိပေး လိုတယ်။ အဲဒီ ဗိုလ်ချုပ်ကြီးတွေရဲ့ ငွေများကိုတော့ စင်ကာပူနိုင်ငံမှာ သွားသိမ်းထားတယ်။ နိုင်ငံတော် ကာကွယ်ရေးဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ဗိုလ်ချုပ်ကြီးတွေရဲ့ ရိုးသား တည်ကြည် ဖြောင့်မတ်မှု မရှိပုံကိုလည်း ရှင်းပြထားပါတယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်မှုးကြီး ဆိုသူက ပြောတယ်။ မင်းတို့ တရုတ် နိုင်ငံကို ချစ်လို့ပေါင်းနေတယ် ထင်သလား၊ မလွှဲသာလို့ ပေါင်းနေတာတဲ့။ အိန္ဒိယနိုင်ငံကိုလည်း တရုတ်နိုင်ငံနဲ့ ချိန်ခွင်လျှာညှိဖို့ ဆက်ဆံတာတဲ့။ ထိုင်းနိုင်ငံကို ကျတော့ သဘာဝ ဓာတ်ငွေ့။ ငါးဖမ်းခွင့် စတဲ့စီးပွားရေး မက်လုံးတွေပေးပြီးမှ အချိုသပ်ထားရမယ်တဲ့။
စစ်အာဏာရှင် လက်အောက်မှာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရ တဲ့ ဘ၀ကို ရောက်ရှိနေပြီဖြစ်လို့ ပြည်သူတရပ်လုံးနဲ့ လက်တွဲပြီး လက်ရှိ အခြေနေကနေ ကယ်တင်ဖို့ တပ်မတော်သား အားလုံးကို ဗိုလ်မှုးအောင်လင်းထွဋ်က တိုက်တွန်းပါတယ်။
ယနေ့ကမ္ဘာမှာ တချိန်က ငါတို့ရဲ့ နိုင်ငံရဲ့နောက်က နေခဲ့ကြတဲ့ နိုင်ငံတွေဟာ အခုဆိုရင် ငါတို့ မြန်မာ နိုင်ငံထက် အစစအရာရာ ကျော်တက်သွားကြပြီ။ ငါတို့ မြန်မာနိုင်ငံသားတွေဟာ အဲဒီနိုင်ငံမှာ ကျွန်သွားခံ နေကြရပြီ။ မြန်မာလူမျိုးဆိုတာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ် နေကြရပြီ ဆိုတာကို ရဲဘော်တို့ကို အသိပေးလိုတယ်။ ရဲဘော်တို့ ဒါတွေကို ကယ်တင်နိုင်ဖို့အတွက် နိုင်ငံတကာမှာ မြန်မာ လူမျိုးရဲ့ဂုဏ်သိက္ခာ မြှင့်တင်ဖို့အတွက် ရဲဘော်တို့ဟာ ကယ်တင်ရှင်အဖြစ် ဆောင်ရွက်ပေးနိုင်လိမ့်မယ် ဆိုတာကို ပြည်တွင်း၊ ပြည်ပ မြန်မာလူမျိုးများနဲ့ နိုင်ငံတကာ မိသားစုများက အားကိုးယုံကြည် ကြပါတယ်။
ဗိုလ်မှုးအောင်လင်းထွဋ်က လွန်ခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလမှာလည်း နအဖကို တုတ်ပြရေးမူ ကျင့်သုံးသင့်ပြီ ဆိုတဲ့ အိတ်ဖွင့်ပေးစာ တစောင်နဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အကြံပြု တိုက်တွန်းခဲ့ဖူးပါတယ်။ အပျော့ဆွဲ သံတမန် နည်းလမ်းတွေ၊ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ဖိအားပေးနေမယ့်အစား စစ်ခေါင်းဆောင်တွေကို တိုက်ရိုက်ခြိမ်းခြောက် အပြစ်ပေး နိုင်မယ့် တနည်းအားဖြင့် တုတ်ပြရေးမူကို ကျင့်သုံးသင့်ပြီလို့ အဲဒီအိတ်ဖွင့်ပေးစာမှာ ရေးသားခဲ့ပါတယ်။ (၂၀၀၇ အောက်တိုဘာ ၁၆ ဒီဗွီဘီသတင်း)
လေးစားအပ်သော ညီတော် နောင်တော် အရာရှိအရာခံ အကြပ် တပ်သားများ ခင်ဗျာ။ ယနေ့သည် လွန်ခဲ့သော ၆၃ နှစ်က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ငါတို့ တပ်မတော်ဟာ ရဟန်းရှင် ပြည်သူလူထုနဲ့ လက်တွဲပြီး ဖက်စစ်စနစ်ကို တော်လှန်ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ငါတို့တပ်မတော်ဟာ ပြည်သူလူထုနဲ့ လက်တွဲပြီး စနစ်ဆိုးက လွတ်မြောက်အောင် စတင် ကြိုးပမ်းတဲ့ နေ့တနေ့ ဆိုရင်လည်း ပြောလို့ရတယ်။ အဲဒီအချိန် အဲဒီခေတ် အခါက ရဲဘော်တို့ရဲ့ နောင်တော် တွေဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ ဖြစ်ခဲ့ ကြရတယ်။ ဒါပေမယ့် ယနေ့ အချိန်ခါမှာတော့ ရဲဘော်တို့ကို ခေါင်းဆောင်နေတဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီး တစုရဲ့ မိသားစု ကောင်းစားရေး ၀ါဒကြောင့် ရဲဘော်တို့၊ ငါတို့ ချစ်မြတ်နိုးရတဲ့ မြန်မာ့တပ်မတော်ကြီးဟာ ရဟန်းရှင်၊ ပြည်သူလေးစားတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဟုတ်သေးရဲ့လား ဆိုတာကို ရဲဘော်တို့ ဆန်းစစ် လေ့လာပြီး စဉ်းစားဆုံးဖြတ်ဖို့ အချိန်ရောက်နေပါပြီ။ ရဲဘော်တို့ ယနေ့ခေတ်ဟာ ဂလိုဘယ်လိုက် ဇေးရှင်း (Globlelization) လို့ခေါ်တဲ့ ခေတ်ထဲကို ရောက်နေပြီ ဆိုတာလည်း သတိပေး လိုက်ပါတယ်။ ငါတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ၀ါးလုံးခေါင်းထဲမှာ လသာနေလို့ မရတော့ဘူး။ ကမ္ဘာနဲ့ ရင်ဘောင် တန်းနိုင်အောင် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့လိုတယ်။ ကမ္ဘာ့နိုင်ငံများရဲ့ အပယ်ခံ နိုင်ငံတခု အဖြစ်နဲ့ ဆက်လက် ရပ်တည်နေလို့ မရတော့ဘူး။ အာဏာရှင်စနစ် တည်မြဲ ရေးအတွက် မျက်ကန်းမျိုးချစ်စိတ်နဲ့ လုပ်လို့မရတော့ဘူး။ ယနေ့ကမ္ဘာမှာ တချိန်က ငါတို့ရဲ့ နိုင်ငံရဲ့ နောက်က နေခဲ့ကြတဲ့ နိုင်ငံတွေဟာ အခုဆိုရင် ငါတို့ မြန်မာနိုင်ငံထက် အစစ အရာရာ ကျော်တက် သွားကြပြီ။ ငါတို့ မြန်မာနိုင်ငံသားတွေဟာ အဲဒီနိုင်ငံမှာ ကျွန်သွားခံ နေကြရပြီ။ မြန်မာလူမျိုးဆိုတာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ် နေကြရပြီ ဆိုတာကို ရဲဘော်တို့ကို အသိပေးလိုတယ်။ ရဲဘော်တို့ ဒါတွေကို ကယ်တင်နိုင်ဖို့အတွက် နိုင်ငံတကာမှာ မြန်မာလူမျိုးရဲ့ ဂုဏ်သိက္ခာ မြှင့်တင်ဖို့အတွက် ရဲဘော်တို့ဟာ ကယ်တင်ရှင်အဖြစ် ဆောင်ရွက်ပေးနိုင် လိမ့်မယ်ဆိုတာကို ပြည်တွင်း၊ ပြည်ပ မြန်မာ လူမျိုးများနဲ့ နိုင်ငံတကာ မိသားစုများက အားကိုယ်း ယုံကြည်ကြပါတယ်။ ဒါပေမယ့် ရဲဘော်တို့ လက်ရှိ အာဏာရှင် မိသားစု အကာအကွယ်ပေးရေး အာဏာရှင်စနစ် တည်မြဲရေးအတွက် အာဏာရှင် ဖွဲ့စည်းပုံမျိုးနဲ့တော့ မြန်မာနိုင်ငံကို ကယ်တင်လို့ မရနိုင်ဘူးဆိုတာကို ရဲဘော်တို့ကို အသိပေးလိုတယ်။ ရဲဘော်တို့ နည်းလမ်းကတော့ ကမ္ဘာ့ကုလသမဂ္ဂကြီးရဲ့ မေတ္တာရပ်ခံချက်ဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းအတိုင်း မလွဲမသွေ သွားရလိမ့်မယ်။ အတုအယောင် ဖွဲ့စည်းပုံမျိုးနဲ့တော့ မရဘူးဆိုတာကို ရဲဘော်တို့ကို အသိပေးလိုတယ်။
ရဲဘော်တို့ ယနေ့ ဗိုလ်ချုပ်ကြီးတွေ ပြောနေတဲ့ နိုင်ငံတော် ကာကွယ်ရေးဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ အလျဉ်းသင့်လို့ ပြောချင်တယ်။ ၁၉၈၈ ခုနှစ်မတိုင်မီက ငါတို့တပ်မတော်ရဲ့ရန်သူဟာ တရုတ်နိုင်ငံလို့ သတ်မှတ်ခဲ့တယ်။ ၁၉၈၈ နောက်ပိုင်းကနေ ၁၉၉၆ ခုနှစ်အထိတော့ ရန်သူကို အိန္ဒိယနိုင်ငံကို သတ်မှတ်ခဲ့တယ်။ ၁၉၉၆ ခုကနေ ယနေ့အထိတော့ ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံကို ရန်သူလို့သတ်မှတ်ပြီး တပ်မတော်အတွင်း သင်တန်းတွေ၊ လေ့ကျင့်မှုတွေ လုပ်ခဲ့ကြတယ် ဆိုတာကို ရဲဘော်တို့ သိပြီးဖြစ်ပါတယ်။ ရဲဘော်တို့ အဲဒီထဲက အမေရိကန်နဲ့ ပတ်သက်ပြီး ရဲဘော်တို့ကို အသိပေး ချင်တယ်။ ရဲဘော်တို့ရဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ လေ့ကျင့်ခန်းတွေမှာ ဗိုလ်ချုပ်ကြီးတွေက အမေရိကန် မုန်းတီးရေး စိတ်တွေ ပေါ်လာအောင် ဘရိန်းဝပ်ရှ် (Brain Wash) လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင်က အမေရိကန်ကို မျက်နှာလိုမျက်နှာရ လုပ်ခဲ့တာကို အသိပေး လိုပါတယ်။ အမေရိကန်ကို မုန်းရမယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား အတွက် အမေရိကန်ရဲ့ စာနာမှုကို ရအောင်ဆိုပြီး အဆင့်မြင့် ၀န်ကြီးတွေကို ကိုယ်တိုင် အမေရိကန် နိုင်ငံကိုလွှတ်ပြီး မျက်နှာချို သွေးခဲ့ကြတယ်။ ဒါ့အပြင် ရဲဘော်တို့ကို ခေါင်းဆောင်နေတဲ့ နိုင်ငံတော် အကြီးအကဲက မိတ်(ဒ်)အင်ယူ အက်(စ်)အေ (Made in USA) အားဆေးမှသောက်လို့ ပို့ပေးရတယ်။ ယူအက်(စ်)အေ (USA)က ဘောက်ဆင်ပွဲကိုမှ ကြည့်ချင်တယ်ဆိုလို့ အပတ်စဉ် ပို့ပေးရတယ်။ ဒုတိယ အကြီးအကဲ ဆိုသူကလည်း မိတ်(ဒ်)အင်ယူအက်(စ်)အေ (Made in USA) အနောက်တိုင်း ၀တ်စုံကိုမှ ၀တ်လို့ နိုင်ငံခြားခရီးစဉ်ရှိတိုင်း ပို့ပေးရတယ်။ အားလုံးကို နိုင်ငံတော်ငွေထဲက စိုက်ထုတ်ပေးရတယ် ဆိုတာကို အသိပေးလိုတယ်။ အဲဒီ ဗိုလ်ချုပ်ကြီးတွေရဲ့ ငွေများကိုတော့ စင်ကာပူနိုင်ငံမှာ သွားသိမ်း ထားတယ်။ ရဲဘော်တို့ ဒီလောက်ဆိုရင် နိုင်ငံတော် ခေါင်းဆောင်တွေရဲ့ ၀ါဒဖြန့်မှုကို သိလောက်ပါပြီ။ ရဲဘော်တို့ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်မှုးကြီး ဆိုသူက ပြောတယ်၊ မင်းတို့ တရုတ် နိုင်ငံကို ချစ်လို့ပေါင်းနေတယ် ထင်သလား၊ မလွှဲသာလို့ ပေါင်းနေတာတဲ့၊ အိန္ဒိယနိုင်ငံကိုလည်း တရုတ်နိုင်ငံနဲ့ ချိန်ခွင်လျှာညှိဖို့ ဆက်ဆံတာတဲ့၊ ထိုင်းနိုင်ငံကိုကျတော့ သဘာဝ ဓာတ်ငွေ့။ ငါး ဖမ်းခွင့် စတဲ့ စီးပွားရေးမက်လုံးတွေ ပေးပြီးမှ အချိုသပ်ထားရမယ်တဲ့။ ဒါတွေကိုကြည့်ရင် နိုင်ငံတော် ကာကွယ်ရေး ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ဗိုလ်ချုပ် ကြီးတွေရဲ့ ရိုးသား တည်ကြည် ဖြောင့်မတ် မှု မရှိတာကို သိနိုင်ပါတယ်။ ရဲဘော်တို့ ဘယ်နိုင်ငံမှ ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဆိုတာ မဖြစ်နိုင် သလို ဘယ်နိုင်ငံမှလည်း မြန်မာနိုင်ငံကို ပြောင်းလဲလို့မရပါဘူး။ တကယ် လုပ်နိုင်တာက ရဲဘော်တို့နဲ့ ပြည်တွင်း၊ ပြည်ပ မြန်မာလူ မျိုးတွေပါ။ အခုချိန်မှာတော့ ရဲဘော်တို့ဟာ အဓိက ကျတဲ့နေရာက ရောက်နေပါပြီ။ ပြည်သူနဲ့ နိုင်ငံတကာကို လိမ်လည် လှည့်ဖျားနေတဲ့ ၀ါဒဖြန့်မှု တွေကိုလည်း အခုလောက်ဆိုရင် ရဲဘော်တို့ သိလောက်ပါပြီ။ ရဲဘော်တို့ နိဂုံးချုပ် အနေနဲ့ ပြောချင်တာကတော့ မြန်မာနိုင်ငံ အာဏာရှင် စနစ်ဆိုး လက်အောက်က လွတ်မြောက်ရေး အတွက် ဖက်ဆစ်စနစ်ကို ရဲဘော်တို့ရဲ့ နောင်တော် စစ်သည်များက တော်လှန်ခဲ့သလို ယနေ့စစ်သည်တို့ အနေဖြင့်လည်း အာဏာရှင် စနစ်ဆိုးကို တော်လှန်ဖို့အတွက် ရဲဘော်တို့က လုပ်လာကြလိမ့်မယ်လို့ ရဟန်းရှင် ပြည်သူ လူထုနဲ့ နိုင်ငံတကာ မိသားစုက မျှော်လင့်နေကြတယ်။ ဘုရားသားတော်တွေ၊ ကျောင်းသားတွေ ကလည်း ကျန်တဲ့ သားတသားဖြစ်တဲ့ စစ်သား တွေကို လက်ကမ်း ကြိုနေကြတယ်။ ကမ္ဘာသူ ကမ္ဘာသား တွေကလည်း မြန်မာနိုင်ငံ လွတ်မြောက်ရေး ၀ိုင်းဝန်းအားပေး နေကြတယ်။ ရဲဘော်တို့ နေ့စဉ်ဆိုနေတဲ့ သစ္စာ ၄ ချက်ထဲက ပထမအချက်ဖြစ်တဲ့…
“ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်” ဆိုတဲ့သစ္စာကို မမေ့ပါနဲ့။ ပြည်သူအင်အား၊ တိုင်းပြည်အင်အား ရှိမှ ငါတို့တပ်မတော် ဆိုတာလည်း အင်အားရှိမှာပါ။ ဒါ့ကြောင့် ငါတို့ရဲ့ မြန်မာနိုင်ငံ တမျိုးသားလုံးရဲ့ အရေးကို ဦးထိပ်ထားပြီး အာဏာရှင် စနစ်ဆိုးကို တော်လှန်ဖို့ အချိန်ရောက်နေပြီ ဆိုတာကို ဒီနေရာကနေ နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။
မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၂၀ ဆင်း။
၁၉၇၉-၁၉၈၃ - ခလရ (၈၁) ၌ တာဝန်ထမ်။
၁၉၈၃ ဒီဇင်ဘာ - တပ်မတော်ထောက်လှမ်းရေးသို့ ပြောင်းရွေ့တာဝန်ထမ်း။
၁၉၈၄ - တပ်မတော်ထောက်လှမ်းရေး သင်တန်းကျောင်း၌ ကျောင်းဆရာ။
၁၉၈၇ - အမေရိကန်နိုင်ငံ ၀ါရှင်တန်၌ ထောက်လှမ်းရေးသင်တန်းတက်။
၁၉၉၁-၁၉၉၉ - စစ်ထောက်လှမ်းရေးဌာနချုပ်၌ တာဝန်ထမ်း။
၂၀၀၅ အထိ ၀ါရှင်တန် နအဖသံရုံး၌ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆိုင်ရာ သံအရာရှိနှင့် သံရုံး ယာယီတာဝန်ခံ။
၂၀၀၅ ဧပြီ - အမေရိကန်၌ နိုင်ငံရေးခိုလှုံ။
Wednesday, March 26, 2008
ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၈)
စကားသံများတော့ တိတ်သယောင် ရှိသွား၏။ သို့သော်အားလုံးသည် တုံဋိဘာဝေ။ မထုံတက်တေး၊ ကြောင်တောင်တောင် လိုလို၊ ရူးချင်ယောင် ဆောင်သလိုလို ပုံစံတွေ ချက်ချင်းဖြစ်သွား၏။ တိုက်ပွဲက အခုမှ စတာကိုး။
ဟုတ်ပါသည်။ တိုက်ပွဲခေါ်သံက အခုမှ စတင်လိုက်ပါပြီ။
မည်သူမှ တရားခံအဖြစ် ထွက်မလာ။ ဘယ်သူကမှလည်း သူအော်ပါသည်ဟု ၀န်ခံထွက်ပေါ်မလာ သလို၊ မည်သူကမျှလည်း ဘေးကမည်သူ အော်လိုက်တာပါလို့ တိုင်တောတာမျိုးလည်း မရှိ။ အားလုံးက သူတို့နှင့် လုံးဝ မသက်ဆိုင်သည့်နှယ် မျက်နှာခပ်တင်းတင်း ပုံစံများ..။
ကျနော် ပထမနှစ် သူရဲကောင်းကတော့ ကြောက်ချင်၊ ကြောက်ပိုး၊ ကြောက်ချင့်တိုးပါပြီ။ တောင်မင်း၊ မြောက်မင်း မကယ်နိုင် ဖြစ်ကြပါပြီ။ ကြောက်လိုက်သည်မှ ကြောက်၊ ကြောက်၊ ကြောက်၊ ကြောက်နှင့် ပင် ကျနော်တို့ နှလုံးခုံသံက မြည်နေပြီလား မသိပါ။ တန်းစီကွင်း တခုလုံး ပိုးမွှား၊ ပုရစ်တို့ အော်သံ တချို့နှင့် ကျောက်မဲ ဗိုလ်မှုး၏ ဆဲသံ အော်သံများသာ လွှမ်းနေပေပြီ။
ကျနော်သိ၏။
ထိုကဲ့သို့ ခွေးတကောင်နှယ် အူပြီး လှောင်ပြောင်သူ၏ အသံကို ကျနော်သိ၏။ ကောင်းကောင်း ကျက်မိ၏။ ကျနော့်ကို အမြဲတမ်း ကင်းနှိုးခိုင်းတတ်သော သူ့အသံကို ခွေးချီသွားတောင် မှတ်မိ၏။ ယခု သူက ခွေးလိုအူလိုက်တော့ ပိုတောင် မှတ်မိ၏။ သူသည် ကျနော်တို့ တပ်ခွဲမှ ဖိုင်နယ် ဗိုလ်လောင်း တယောက် ဖြစ်ပါသည်။ ( ထိုဗိုလ်လောင်းသည် ဗိုလ်ကြီးအဆင့်ထိ ရောက်ပြီးမှ အိတ်ခ်ျအိုင်ဗွီ ရောဂါ ဖြင့် တပ်မတော်မှ ထုတ်ပစ်ခြင်းကို ခံလိုက်ရသည်ဟု ကြားသိရ၏)။ သို့သော် ကျနော်တို့ တပ်ခွဲ တန်းစီနေသူများ ထံမှမူ ဘာသံမျှထွက်မလာ။ ဤနေရာမျိုးတွင်တော့ ဗိုလ်လောင်းများ အားလုံးသည် ညီညွတ်ကြပေသည်။ စည်းလုံးကြပေသည်။ ရဲဘော် ရဲဘက်စိတ် အပြည့်ရှိကြပေသည်။
“ဟေ့ကောင်တွေ၊ ခွေးတွေ…ငါမေးနေတာ မဖြေဘူးလား၊ စောစောက ဘယ်ကောင်အော်တာလဲ၊ ပြောစမ်း၊ မပြောရင် မင်းတို့ ဗိုလ်လောင်း တပ်ရင်း တရင်းလုံး နာပြီမှတ်”.. ကျောက်မဲ၏ အသံ ဆိုးကြီးသာ လွှမ်းနေ၏။ အားလုံး မထုံတက်တေး၊ လေညာက အနေသာကြီးဆိုသည့် ပုံစံများဖြင့် ဘာသံမှ မထွက်။ ကျောက်မဲ၏ ဒေါသတို့က ဘ၀င်္ဂ အထက် တက်ပါလေပြီ။ နည်းပြ အရာရှိများကို စော်ကားသည်ဟု ဆိုကာ ဗိုလ်လောင်း တပ်ရင်း တရင်းလုံးကို လက်ထောက် မှောက် အနေအထားဖြင့် နေရန် အမိန့်ပေးတော့၏။
အားလုံး မှောက်နေကြရ၏။
စစ်အမိန့်လေ။
မနာခံလို့ ဘယ်ရမလဲ။
ကျနော်တို့ကတော့ ထူးမခြားနား၊ နေ့စဉ်ခံနေရသော လက်ထောက်မှောက် ခိုင်းခြင်းမို့၊ ဘယ်လိုမှ မခံစားရသော်လည်း၊ စိတ်တွင်း ကျိတ်၍ ကျေနပ်နေတာ တခုပေါ်လာ၏။ ၎င်းမှာ မိမိတို့ကို အမြဲ အနိုင် ကျင့် အပြစ်ပေးတတ်သော၊ ဖိုင်နယ် ဗိုလ်လောင်းများသည် ယခု မိမိတို့နှင့် အတူ၊ တတန်းတစားထဲ အပြစ်ပေးခံ နေရသည်ကို နှစ်သက် ကျေနပ်နေသောကြောင့် ဖြစ်၏။ စိတ်တွင်းကလည်း မှတ်ပလား ကွ။ ငါတို့ကို ရက်ရက်စက်စက် အုပ်ချင်အုံး (အပြစ်ပေးချင်အုံးဟု အဓိပ္ပါယ် ရှိပါသည်)။ မင်းတို့လည်း အခု ခံရပြီ၊ ကောင်းတယ်။ လက်ထောက်မှောက် အနေအထား မှောက်နေရက်သားဖြင့်၊ မျက်စိကို နာနာမှိတ်၊ အိပ်ချင်စိတ်နှင့် ရင်တထိတ်ထိတ်ကြား၊ နာလို မကောင်းကြံ စိတ်ကလေး ကလည်း ပေါ်လိုက်သေး၏။
ကျနော်တို့ အိပ်နေချိန် ရုတ်တရက် ဆင်းလာကာ တန်းစီရသည်မို့ ကင်းစောင့် တာဝန်ကျ သူများမှ လွဲလျှင် အားလုံးသည် အရပ်ဝတ် အင်္ကျီ၊ ပုဆိုးများနှင့်သာ ဖြစ်ကြ၏။ ကျနော်တို့ ပထမနှစ်၊ ဒုတိယနှစ် များသာ (အမြဲသတိမပြတ် ၀တ်ဆင်နေရသောကြောင့်) တိုက်ပုံများနှင့် ဖြစ်ပြီး ကျန်စီနီယာတို့မှာ သာမန် အရပ်ဝတ် အနွေးထည်များ ၀တ်ထားကြသူများသည်။ ထိုစဉ် ကျနော်တို့ ရှေ့တန်း အစွန်းနားမှ မည်သူလဲတော့ မသိ၊ အားလုံးက မှောက်လျက်သား၊ ကြမ်းပြင်ကို လက်နှစ်ဘက်ထောက်၊ ခေါင်းကို အောက်စိုက် မျက်နှာအပ်ပြီး၊ ဖင်ဘူးတောင်း ထောင်နေ ကြချိန်မို့ မျက်နှာကိုမသိ။ ပထမနှစ် ဖြစ်တာကတော့ သေချာပါသည်။
ကျနော်တို့ လက်ထောက်မှောက်နေသည့် ရှေ့စွန်တန်းမှ ဗိုလ်လောင်းသည် သူ့ပုဆိုးကို မခိုင့် တခိုင် ၀တ်ထားသောကြောင့် ထင့်၊ မှောက်နေရချိန် ကြာလာသည်နှင့် အမျှ၊ သူ့ပုဆိုးသည်လည်း လျှောကျ သွား၏။ ပေါင်မုန့် နှစ်လုံးက ဖွေးကနဲ ပေါ်နေတော့သည်။ စစ်အမိန့်အရ အလှုပ်ရသည်မို့ ပြောင်လျက် သား ဖင်နှင့်ပင် နေနေရ၏။ အောက်ခံဘောင်းဘီကလည်း မပါ။ တန်းပေါင်းစီကွင်း ပတ်လည်ရှိ ဓါတ်မီးတိုင် အလင်းများကလည်း ကျနော်တို့ အားလုံးကို စီးမိုးမြင်ရအောင် ထွန်းညှိပေး ထားသည်မို့ မည်သူလှုပ်သည်၊ မည်သူ ဘာလုပ်သည်ကို အကုန်မြင်နေရ၏။ ထိုအချိန်အတွင်း တိမ်စိုင်မဲတို့ အုပ်မိုးခြင်း ကင်းသွားသော ငွေလမင်းသည် သူ၏ အေးမြခြင်း၊ ငြိမ်းချမ်းခြင်း အလင်းမြမြကို အတင်းချပြ လင်းပလိုက်သော အခါ ကိုရွှေဖင်ပြောင်၏ ဖေါင်ထင်ကို အရောင်တင်ပေး နေသကဲ့သို့ ရှိ၏။ ငြိမ်းချမ်းသော ပုံရိပ်တော့ မဟုတ်ပါပေ။
ဤသည်ကို တချို့က တခွိခွိဖြင့် သဘောကျ၏။ တချို့က ထိုဗိုလ်လောင်းကို လှမ်းကြပ်၏။ “ဖတ်စ်ယီးယား မလှုပ်နဲ့ ငြိမ်ငြိမ်နေ၊ ကြားလား”။ ဟိုကလည်း မလှုပ်ရဲရှာပါ။ လှုပ်လိုက်လျှင် ကွင်းလုံး လျှောကျတော့မည် ဖြစ်၍ ပေါင်နှစ်ဖက်နှင့် ညှပ်ကာ အစွမ်းကုန် ကာကွယ်နေလေ၏။
ထိုအချိန်အထိ တရားခံက မထွက်လာသေး။ ကျောက်မဲ နှင့် နည်းပြအရာရှိတို့လည်း ဒေါသတွေ တလိပ်လိပ် ထွက်နေကြပေပြီ။ သူတို့ကို ဘောထင်သည်။ ( စစ်သက္ကသိုလ်၏ ဘန်းစကား။ မထီမဲ့မြင် ပြုလွန်းသည်၊ စောက်ဂရုမစိုက်ဘဲ --ီးထင်သည့် အချိုးချိုးသည်ဟု အဓိပ္ပါယ် ရှိပါသည်။) စောက်ဂရု မစိုက်သော စော်ကားမှု လုပ်သည်ဟု စွပ်စွဲကာ အမှာတော်တွေ တရစပ် ချွေနေပါတော့သည်။
အတော်ကြာကြာ လက်ထောက်မှောက်ဖြင့် နေခိုင်းပြီး၊ ကျနော်တို့ ပထမနှစ်တွေ တရေးခန့် မှောက်ငိုက် ငိုက်ပြီးသည်အထိ တရားခံက မထွက်၊ ကွန်ကရစ် ကြမ်းပြင်ပေါ် ထောက်ထားရသော လက်ဝါး နှစ်ဘက် ထုံကျင်လာသည် အထိ ရာသီဥတုက အေးလှ၏။ တချို့က ပွစိပွစိ လုပ်လာ၏။
“ဟေ့ကောင်…စောစောက အော်တဲ့ကောင်…. အွန်နာ မရှိဘူးလား၊ (အွန်နာ ဆိုသည်မှာလည်း မွေးစားထားသော စစ်သက္ကသိုလ်၏ ဘန်းစကားဖြစ်၏။ သိက္ခာ ကိုယ်ကျင့် မတည်ကြည်ဘူးလား၊ သစ္စာ မရှိဘူးလား ဟု မေးခြင်းဖြစ်၏။)သတ္တိရှိရှိ….ရင်ဆိုင်လေကွာ…။ ဒီမှာ မဆိုင်တဲ့သူတွေပါ မင်းတယောက်ကြောင့် အိပ်ရေးပျက်ရပြီ”။
ဒါလည်း မထူး၊ ဟိုက သည်က ပူညံ၊ ပူညံ အသံတွေ ထွက်လာတော့ပြန်သည်။
“ဟေ့ကောင်တွေ မင်းတို့ စကားများလို့ အပြစ်ပေးထားတယ်… ထပ်စကားများ ပြန်ပလား။”
“မဖြေဘူးလား… စောစောက ခွေးလိုအူတာ ဘယ်ကောင်လဲ… မဖြေရင် မင်းတို့အားလုံး … အပြစ်ရှိတယ်။ ဖြေမလား၊ မဖြေဘူးလား။”
“ကြာတယ်ကွာ ကဲ… အော်စမ်း… မင်းတို့အားလုံး..ခွေးလို အူစမ်း..။ ကဲ….စ….အူ”
ကျောက်မဲကြီးက အမိန့်ထုတ်၏။
ထိုအမိန့်သံ ကြားပြီး မကြာမီပင်…….
အော်လိုက်ကြသည်မှာ လတော်သလင်းတွင်၊ ဖေါ်တသင်းတွေ့သော ကိုကိုခွေးပျို အကောင် ၂၀၀ခန့် တပြိုင်နက် အော်သည့်၊ အူသည့်နှယ် ထင်ရ၏။ တပြိုင်နက် တရှိန်ထိုး အော်လိုက်၊ အူလိုက်ကြသည်။ ကျောင်းဆောင်များ ၀န်းရံနေသော လှိုဏ်သံဖြင့် ပဲ့တင်သံ ထပ်သွားသည်မှာ ဘ၀ဂ် အထက်ပင် တက်နေမည်လား၊ အောက်မေ့ရတော့သည်။
ကျနော်တို့လည်း စီနီယာတွေ စိတ်ပါလက်ပါ အူကြသည်ကို တွေ့၍။ အားတက်လာကာ အားရပါးရ အူပစ်လိုက်သည်။ အူး..အူ….အူး….တအူးတည်း အူ….ပစ်လိုက်သည်။ စောစောက ဖြစ်နေသော ကြောက်စိတ်များ၊ ငိုက်စိတ်များ၊ ဒေါသမနာလိုစိတ်များ မေ့ပျောက်ကင်းစင်သွား ခံစားရ၏။ စီနီယာများ ရော မိမိတို့ ပထမနှစ်များပါ ဤသို့ အားရပါးရ အူ ပြကြခြင်းမှာ ခွေးစိတ်ပေါက်လာ၍ မဟုတ်။ မိမိတို့ပေါ် မတရား အနိုင်ကျင့်လွန်းသော၊ နှိပ်စက်လွန်းသော၊ ဗိုလ်ကျ ရိုင်းစိုင်းလွန်းသော ဗိုလ်မှုး ကျောက်မဲကို တမင်သက်သက် အရွဲ့တိုက် လိုက်ကြခြင်းကြောင့် တတ်နိုင်သော နည်းဖြင့် ပညာ ပြန်ပေးခြင်းဖြစ်၏။ ထို့ကြောင့် ညီညီညွတ်ညွတ်၊ အင်ကုန်၊ အားကုန် အူကြခြင်းသာ ဖြစ်၏။ အစွမ်းကုန် အကျယ်ဆုံး ၀ိုင်းအူခြင်းအားဖြင့် ခပ်လှမ်းလှမ်းရှိ နည်းပြ အရာရှိကြီးများ၊ ကျောင်းအုပ်၊ ဒုကျောင်းအုပ် တို့ ကြားသွားစေရန် ရည်ရွယ်ပြီး လုပ်ခြင်းလည်း ဖြစ်သည်ပင်။
ထိုသို့ ရုတ်ခြည်း ဆူညံစွာ သံပြိုင် အူသံကြီး ထွက်ပေါ်လာသည့် အချိန်မှာ တိတ်ဆိတ်အေးမြလှသော မေမြို့ ခေါ် ပြင်ဦးလွင်မြို့၏ ဆောင်းတွင်း လပြည့်ည တည ဖြစ်ပါ၏။ မိမိတို့ အားလုံး တင်ကြို တိုင်ပင်ထားခြင်း မရှိပါဘဲ လျှက်တပြက် ညီညာစွာ ဤသို့ ဖြစ်သွားကြခြင်းမှာ တမင်သက်သက် မဟုတ်…။ မကျေနပ်မှု အဟုန် အတော်တက်နေသော စစ်သင်သားတို့ အခွင့်ကြုံခိုက်၊ အငိုက်ယူကာ ရင်တွင်း မကျေနပ်စိတ်ကို အခြားနည်းဖြင့် အာဏာပိုင်တို့သိအောင် ဖေါ်ထုတ်ကြခြင်း ဖြစ်၏။ မဖြစ် သင့်သော စစ်ဗိုလ်လောင်း လူသားတို့က ခွေးများနှယ် အသားကုန် အူပြီး ၀ိုင်းဝန်း ဆန္ဒပြကြခြင်း ဟု လည်းပြောနိုင်၏။ ရပ်ဆိုသည့် အမိန့် အော်နေသည့်တိုင် မရပ်ကြ၊ အူကောင်းကောင်း နှင့် ဆက်အူနေကြဆဲပင်။
ကျောက်မဲပင် လန့်သွားမည်လား မသိ….။အဘယ့်ကြောင့်ဆို… ကျနော်တို့အားလုံး ဤသို့ တညီ တညွတ်တည်း ဆူညံစွာ အူရန် အမိန့်ပေးခဲ့သူမှာ သူလေ……။
ထိုစဉ် ကျနော်တို့ တပ်ခွဲတွင်း တက်ညီလက်ညီ အူနေသူများကြားထဲက တယောက်၏ အရွှန်းဖေါက် သံကို ကြားလိုက်ရသည်။ အူသံတွေကြားထဲက ချွှန်ထွက်လာသော သူ့အသံမှာ…..
“ လမင်းကြီးကလည်း သာလို့၊ ဖင်ကြီးကလည်း ပြောင်လို့ ဟီး..ဟီး…ဟဲ…ဟဲ..”
“ အူးဟူး…အူး…….”
အားလုံးက လေးဘက်ထောက် အနေအထား၊ ခွေးလေးတွေ အလား၊ နှုတ်ပါးစပ်မှလည်း စူးရှ ကျယ်လောင်သော ခွေးအူသံတို့ကို တရစပ် ဟစ်လျှက်…..ဘာတွေနှင့် တူနေပါမည်လဲ…. တွေးကြည့်ကြပါလား….။
ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
Monday, March 24, 2008
ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၇)
ကျနော်တို့ လှမ်းမြင်လိုက်ရသော မြင်ကွင်းကြောင့် တန်းစီကွင်းအတွင်း ဆူညံစွာ စကားပြောသံများ၊ တယောက်တိတ်၊ တဖွဲ့တိတ်၊ တအုပ်တိတ်မှသည် အားလုံးတိုးတိတ်သွားပြီး၊ ကျောင်းတ၀န်းလုံး ရုတ်ခြည်း တိတ်ဆိတ်သွား၏။ ဘာတွေ လုပ်နေပါလိမ့်၊ ဘယ်သူ့ အခန်းက ဘာတွေတွေ့လို့ ပါလိမ့်.. ဘာတွေများ ဖြစ်ဦးမှာပါလိမ့်.. စသည့် စိတ်ဝင်စားမှု လိမ့် ပေါင်းများစွာဖြင့် ကော်ရစ်တာ မီးလုံး ထိန်ထိန်ရောင်အောက် တွေ့နေရသော မြင်ကွင်းကို စူးစိုက်ကြည့်နေကြ၏။
ည၏အလှ အေးမြမြနှင့် ငွေသော်တာ လရိပ်ရွှမ်းက ကျနော်တို့ အားလုံးအပေါ် လွှမ်းခြုံဆဲပင်။ ပုရစ်သံငယ် တချို့ ပြန်ကြားရပြီ။ လူသံတို့ တိတ်ပြီဆိုတော့ သူတို့အလှည့်ပေါ့…..။ ထိုအချိန်... “ ဂွမ်း … ချလွမ်း” ဆိုသော အသံများကြားရပြီး သုံးထပ်ဆောင် ကော်ရစ်တာပေါ်မှ ပစ္စည်းများ ပစ်ချနေသော ဗိုလ်မှုးမြင့်လွင် (ကျောက်မဲ) ကို လှမ်းတွေ့ရ၏။
လား..လား.. သူပစ်ချလိုက်သော ပစ္စည်းကြီးမှာ ဖိုင်နယ် ဗိုလ်လောင်းတဦးဖြစ်သူ (….) ပိုင်ဆိုင်သော ကတ်ဆက် အကောင်းစားကြီးဖြစ်သည်။ “ဟား..သွားပြီ။ ဟိုကောင့် ရေဒီယို ကတ်ဆက်ကြီးတော့ မာလကီးယား ဒေါင်း..ညောင်းပြီ။” တယောက်က ၀င်ထောက်၏။ “ရေဒီယို နားထောင်မှာ.. စိုးလို့ ထင်တယ်ကွ” ကျနော့် အနီးရှိ ဖိုင်နယ် ဗိုလ်လောင်းတယောက် နှုတ်မှ လွှတ်ကနဲထွက်သွား၏။
နောက်ထပ် တခု ပစ်ချပြန်ပြီ။ ဘယ်သူ့ ပစ္စည်းလဲ မသိ။ ဂွမ်း ကနဲ၊ ချွမ်း ကနဲ။ သွားပြန်ပါပြီ။ ဗိုလ်လောင်း အင်အား ၆၀၀ ကျော်ခန့်ထဲမှ အသံ အနည်းငယ် ထွက်လာ၏။
“ ဒါမတရားဘူး…”
“ ဟုတ်တယ်”
“ ရက်စက်တယ်ကွာ”။
“ တောက်”။ …..စသည်ဖြင့်……။
ထိုအသံများကို ကျောက်မဲတို့ နည်းပြအရာရှိများ မကြားသေးပါ။ လူနည်းစုမှ တယောက်တပေါက် ဟိုပြောသည်ပြောမို့ ထင်၏။
ဟော နောက်ထပ် ပစ္စည်းကြီးတခု… ကိုင်မ.. လာပြန်ပြီ။ ရေဒီယို ကတ်ဆက်ပင် ဖြစ်မည်။ ဂုန်း…အုံး… သုံးထပ်ဆောင် အမြင့်မှ မြေပြင်ထပ် အိပ်ဆောင်ရှေ့ရှိ ကွန်ကရစ် ကြမ်းပြင်ပေါ် ကျကွဲသံ။ ဒီတခါတော့ အသံ နည်းနည်းကျယ်လာ၏။ …ဟား….။ တယောက်တပေါက် အော်ဟစ်သံမှ တဆင့် လူတော်တော် များများ၏ အာမေဋိတ်သံများ ပေါင်းစုသွားသော အခါ “ ရဟား..” ကနဲ အတော်ကျယ်သော အသံ ဖြစ်လာ၏။ “ဟား..” ဟု အသံထွက်သက်သက် မဟုတ် “ဟား..” နှင့် “အား” ဟူသော အသံကြားမှ အားရပါးရ အာလုပ်သံမျိုး ဖြစ်၏။ အိပ်ဆောင်ပေါ်က ဗိုလ်မှုးလည်း ပစ်ချလို့ ကောင်းတုန်း..။ ပစ္စည်းတခု ဂွမ်းကနဲ ကျသွားသံ ကြားတိုင်း သရော်သံလိုလို..၊ အားပေးသံလိုလို..၊ တခု ဆုံးသွားလည်း နောက်တခု ၀ယ်နိုင်သေးတယ်ကွာ… ဟူသည့် အဓိပ္ပါယ်ကောက်လို့ ရနိုင်မည်ဖြစ်သော လှောင်ပြောင် သံလိုလို…တွေက “ဟေး” ကနဲ…၊ “ဟား” ကနဲ ထပ်ထပ် ထွက်လာ၏။ ဂျလွမ်း ….( ၀ါး…)။ ဂုန်းဂျွမ်း…(ဟား…)..။ နောက်တခု ဂုန်းဂလုံး…. ဂျွမ်း (အဟေးဟေး…) စသည်ဖြင့် လှောင်သံ၊ ပြောင်သံတို့သည် တစစပိုကျယ်၊ ပိုအော်၊ ဟိုက ပစ္စည်းတခု ပစ်ချလိုက်တိုင်း အော်သံ၊ လှောင်သံတို့က ပိုကျယ်လာ၏။ လှောင်ပြောင်သူတို့ အင်အား တစစ ကြီးထွားလာ၏။ အောက် တန်းစီကွင်းရှိ ကျနော်တို့ ဗိုလ်လောင်းများထဲက (ဖိုင်နယ်များနှင့် တတိယ ဗိုလ်လောင်း အချို့သာ အော်ရဲပါသည်) ထိုသို့ လျှက်စစ် ပစ္စည်းတခု ပစ်ချ၍ ဖျက်စီးလိုက်လေလေ၊ လှောင်အော် အော်လေ၊ ဗိုလ်လောင်းများ လှောင်ပြောင်လေလေ။ ဟိုး အိပ်ဆောင်ပေါ်က (ဒုဦးစီးမှုး ညှိနှိုင်းခေါ် ကျောက်မဲ) ဗိုလ်မှုးမြင့်လွင်က ဒေါပွလေလေ…။ တွေ့သမျှ လျှက်စစ်ပစ္စည်း အကုန်ပစ်ချလေ…။ အဟေ့…ဟေ့.. စိတ်ဓါတ် ကုမ္မာရတို့ တိုက်ပွဲသည် ပြင်းသည်ထက် ပြင်းလာ၏။
ကျနော်တို့ ပထမနှစ် များကတော့ တုံဋိဘာဝေ..ပေကလပ်၊ ပေကလပ်။ ရင်တွင်းမတော့ တလှပ်လှပ် ခုန်နေသော နှလုံးခုန်သံနှင့်အတူ ကြောက်စိတ်တို့သာ တိုးလာနေ၏။ ကျနော်တို့ ပစ္စည်းလည်း မဟုတ်။ ကျနော်တို့ အပြစ်လည်းမပါ။ သို့သော် ဘာကို ကြောက်လို့ ကြောက်နေမှန်း မသိသော ကြောက်စိတ် တို့က ရေတံခွန်မှ ရေအလျှင်အလား။ တဖွားဖွား..ကြောက်လာ၏။ နဂို ရိုက်သွင်း ခံထားရသော အားလုံးကို၊ မဲမဲမြင်သမျှကို ကြောက်နေရသည့် စစ်သားသစ် ဘ၀မို့လည်း…။ ဤလိုကြုံခိုက်၊ မဟာ အခွင့်အရေး ရခိုက်မှာ အကြောက် မာန်တက်လာခြင်းလည်း ဖြစ်မည်ထင်၏။
ချမ်းသည်နှင့် ရော၍ အကြောက်ဒူးတို့ တဆတ်ဆတ် တုန်လာနေ၏။ ရာသီဥတု ချမ်း၍ပဲ ဒူးတုန် သလိုလို။ ကြောက်စိတ်ကြောင့်ပဲ တုန်သလိုလို၊ အမှန်တကယ်က…..၊ ယခုဖြစ်နေသော နည်းပြအရာရှိ များနှင့် စီနီယာ ဗိုလ်လောင်းများ အကြား တင်းမာမှု အခြေအနေကို၊ ကြားမှ စိုးရိမ်ထိတ်လန့်သော ကြောက်စိတ်ကြောင့် တုန်နေခြင်းဖြစ်၏။
သင်တန်းသား ဗိုလ်လောင်းများနှင့် နည်းပြအရာရှိများ၏ စိတ်ဓါတ်ရေးရာ စိန်ခေါ်မှု တိုက်ပွဲသည် နောက်ဆက်တွဲ ရလာဒ်ဆိုးများစွာ အတွက် လက်ယပ်ခေါ်နေသလို ဖြစ်နေပြီ ဆိုခြင်းအား ကျနော်တို့ ဂျူနီယာများပင် နားလည်နေပေပြီ။
မကြာမီပင် ဒေါသသံဖြင့် အော်ဟစ်ပြောဆိုလာသော ကျယ်လောင် အောင်မြင်သည့် ဗိုလ်မှုးမြင့်လွင်၏ အသံနှင့် အတူ နည်းပြများ၊ တာဝန်ကျ ဗိုလ်လောင်းများ၊ အိပ်ဆောင်များမှ ဆင်းလာသော ဖိနပ်ခွါသံ ခပ်ပြင်းပြင်းတို့ကို ကြားရလာရ တော့ပြီ။ …..ကျနော့်ရင်တွေ ပိုပိုခုန်လာပါပြီ…..။
ငွေလမင်းသည် သာနေဆဲ..၊ သို့သော်… ဟိုး ကောင်းကင် တဖက်စွန်းနားဆီက ရွှေ့လျားလာနေသော မိုးတိမ် မဲစိုင် လှိုင်းထုကြီးသည် လမင်းလေးကို ၀ါးမြိုမည့်ဟန်ဖြင့် အမြန်ချီတက်လာနေသည်ကို လှမ်းတွေ့ရ၏။ ထိုအချိန် ဖက်ဆစ် ကင်ပေတိုင်တို့ ခြေသံလေလား၊ အထင်မှားရမည့် စစ်ဖိနပ်သံတို့ တဂွပ်ဂွပ် ကလည်း ကျနော်တို့ရှိရာ ဦးတည်လာနေချိန်။ တန်းပေါင်းစီကွင်း အတွင်းရှိ ဗိုလ်လောင်း အားလုံးထံမှ ဘာသံမျှ မထွက်တော့…။ အားလုံး တိတ်ဆိတ်နေကြပေပြီ။ ဤအဖြစ်သနစ်ကို မသိ ကြရှာသော ပိုးငယ်၊ မွှားငယ် ကိုရွှေပုရစ်တို့က သူတို့အလှည့် ရောက်ပြီဟု ယူဆကြ၍ထင်၏။ တကျီကျီ….တကျစ်ကျစ်……။
ကျနော်တို့ ဗိုလ်လောင်းအားလုံး တန်းစီကွင်းအတွင်း တိတ်ဆိတ်စွာ နေလိုက်ကြရပြီး ဗိုလ်မှုးမြင့်လွင် နှင့် နည်းပြများ ဆင်းလာသည်ကို ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်နေကြ၏။ ကျောက်မဲခေါ် ဗိုလ်မှုး မြင့်လွင်၏ အောင်မြင်စူးရှသော မိန့်ခြွေသံကြီး ပေါ်ထွက်လာလေပြီ။ ညဥ့်သန်းခေါင်ကျော် နှစ်ချက်တီး ချိန် မိုးသောက်ယံ မတိုင်ခင်၏ လေညင်း အေးအေးသည် ဤကျက်သရေ နည်းပါးလှသော ဆိုဆုံးမ စကား၊ ဆဲဆိုသံများကြောင့် ငြိမ်းချမ်းစွာ မအေးမြတော့ဟု ထင်လာရ၏။
“မင်းတို့ ဗိုလ်လောင်းတွေ၊ ကျောင်းက ထုတ်ပြန်ထားတဲ့ အမိန့်ကို အတိအကျ မလိုက်နာကြဘူး၊ လျှက်စစ်ပစ္စည်း မသုံးစွဲရ ဆိုတာကိုသုံးတယ်၊ မလုပ်နဲ့ဆိုတာကို အကုန်လုပ်တယ်၊ ပြောတော့မိုး --ိုးတော့ မြေကြီး၊ --ီး ဗိုလ်လောင်းလား…။ မင်းတို့ စောင့်သုံးကျတာ ဘာရှိလဲ၊ ဖါချမယ်၊ အရက်သောက် မယ်၊ ပေါက်ကရလုပ်မယ်၊ စည်းကမ်းဖေါက်မယ်။ ဒါဗိုလ်လောင်း အလုပ်လား၊ အခုကြည့်စမ်း ကတ်ဆက်တွေ တပုံကြီး သီချင်းတငြိမ့်ငြိမ့်နဲ့ ဒါအနုပညာကျောင်း မဟုတ်ဘူးကွ..။”
(မှတ်ချက်…။ ထိုကာလအတွင်း မြန်မာပြည်နေရာ အနှံ့အပြားတွင် မငြိမ်သက်မှုများ ဖြစ်နေသည်ဟု ကျနော်တို့ ကြားသိရသည်။)
“ကဲ..လူစစ်စမ်း၊ လူစုံလား ဗိုလ်လောင်းတာဝန်မှုး၊ အမှတ်စဉ်မှတ်ခိုင်းစမ်း”
ထိုသို့ တန်းစီကွင်းထိပ်ရှိ စကားပြော စဉ်မြင့်ရှိရာ ကြည်း၊ ရေ၊ လေ ရုပ်တုကြီး အောက်ခြေမှ မိန့်ခွန်းတွေ ခြွေနေသော ဗိုလ်မှုးမြင့်လွင်၏ နောက်ထံပါးဝယ်၊ နည်းပြအရာရှိ သုံးပွင့်တပ် ဗိုလ်ကြီး တဦးက ဘယ်သူ့၊ ဘယ်ဗိုလ်လောင်း၏ အခန်းထဲက သူသိမ်းဆည်း လာခဲ့မှန်း မသိသော ရီမုတ် ကွန်ထရိုးဖြင့် ထိန်းသိမ်းမောင်းနှင် နိုင်သည့် ကားငယ်လေး တစင်းကို ဆော့ကစား မောင်းနှင်နေ၏။ သူနှင့် အခြားသော အရာရှိတသိုက် တပြုံးပြုံးနှင့် ထိုကားလေးကို သဘောကျနေကြ၏။
အမှတ်စဉ် မှတ်ခိုင်းနေစဉ်အတွင်း တန်းစီနေကြသူ လူအုပ်တွင်းတွင် ပွစိ၊ ပွစိ စကားသံ တချို့ ထွက်ပေါ်လာ၏။ ထိုအချိန်အထိ ပြိုင်ကားငယ်မှာ ကျနော်တို့ မြင်ကွင်း မီးရောင်ထင်းထင်း အောက်တွင် ပြေးလွှား မောင်းနှင် ကောင်းဆဲဖြစ်၏။ ထိုအဖြစ်အပျက်ကို မကျေနပ်သူတွေ ထွက်ပေါ် လာနေ၏။ မိမိတို့ ဗိုလ်လောင်းပိုင် ပစ္စည်းကို သူပိုင်တခုလို သိမ်းယူလာပြီး သွေးအေးအေးနှင့် မောင်းဆော့ နေသော ကလေးမဟုတ်၊ ခွေးမဟုတ် နည်းပြစစ်ဗိုလ်ကြီး အကြောင်းကို အတင်းတုတ် နေ၏။
“ဗိုလ်လောင်းတွေ စကားမများနဲ့” ထို ကားဆော့ ကစားနေသူ ဗိုလ်ကြီးက လှမ်းအော်၏။ ဗိုလ်မှုး ကျောက်မဲကား တန်းစီ လူစစ်နေသော တပ်ခွဲလိုက် အမှတ်စဉ် မှတ်နေပုံကို သတိကြီးစွာဖြင့် လိုက်လံ ရေတွက်နေ၏။ စကားသံတို့က မစဲသေး။ စောစောက ဖြစ်ပျက်ခဲ့သော မတရားမှုများ၊ ဗိုလ်လောင်းများ ပိုင် ပစ္စည်းများကို ဖျက်ဆီးခံခဲ့ရမှုများ အကြောင်း ပွစိ၊ ပွစိ ပြောဆဲဖြစ်၏။
“ဗိုလ်လောင်းတွေ စကားမများနဲ့ ငါပြောနေတာ မကြားဘူးလား”
ပွစိ၊ ပွဆ ဟိုမှ သည်မှ ထွက်နေဆဲ။ ကျောက်မဲပါ ဒေါပွလာပြီ ထင်၏။
“ ဟေ့ကောင်တွေ စကားမများနဲ့လို့ ပြောနေတာ မကြားဘူးလား၊ မအေ--ိုးတွေ… ခွေး သူတောင်းစား တွေ…အခုတိတ်စမ်း”
ယခု ကျနော်တို့ ရှေ့ရောက်နေသည့် နည်းပြများထဲတွင် ဗိုလ်မှုးကျောက်မဲသည် ရာထူး အကြီးဆုံး ဖြစ်သလောက် စကားပြော အယဉ်ကျေးဆုံး ဖြစ်၏။ ဆဲသံ၊ မပါလျှင် စစ်ဗိုလ့် စကားမမည်ဟု များ ဘယ်ဆရာကများ သူ့ကို သင်ပေးထားသည်မသိ။ ခဏတော့ တိတ်သွား၏။ မကြာပါ.. စကားသံ ပြန်ထွက်လာပြန်သည်။ နှစ်ကြိမ်မျှ အငေါက်ခံနေရသည့်တိုင် ဗိုလ်လောင်းများကတော့ မတိတ်သေး..။ စောစောကလိုမျိုး တိုက်ပွဲဝင် အာခံသံတွေ ထပ်ထွက်လာ၏။ တယောက်တပေါက်နှင့် (လူညီလျှင် ဤကို ကျွဲလို့ ဖတ်နိုင်သည့် ပုံစံမျိုး)။ ၀ရူး၊ ၀ရား၊ ရှုးရှားရှားနှင့် ၀ူးဝူးဝါးဝါး အသံ တချို့ပါထွက်လာ၏။
“ဟေ့ကောင်တွေ မအေ--ိုးတွေ၊ ခွေးတွေ စကားမပြောနဲ့လို့ ပြောနေတာ မကြားဘူးလား” ကျောက်မဲက ထပ်အော်၏။ တချို့ တပ်ခွဲက လူအစစ်ဆေးခံသည့် အနေဖြင့် တစ်၊ နှစ်၊ သုံး..စသည်ဖြင့် အမှတ်စဉ် အော်ဟစ် ရွတ်ဆိုနေချိန်ဖြစ်၏။ ထိုအမှတ်စဉ် ရွတ်သံများနှင့် ရော၍ မည်သူက ရောင်တော်ပြန် ရောလွတ် အော်လိုက်သည်မသိ၊ ခွေးတကောင် အူသည့်နှယ် “အု…အူ” ဆိုသည့် မကြားတကြား အော်သံ၊ လှောင်သံက လျှက်တပြတ် ထွက်ပေါ်လာ၏။
ထိုစဉ် ချက်ချင်းပင် နည်းပြအရာရှိများ၊ ရှုးရှုးရှားရှား ဖြစ်သွားကြ၏။
“စောစောက ခွေးလို အူတာ ဘယ်သူလဲ၊ အခုရှေ့ထွက်ခဲ့စမ်း၊ ကြားလား၊ ဘယ်ကောင်အော်တာလဲ ”
ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
Friday, March 21, 2008
ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၆)
ထိုနည်းပြမူးချုပ် ဗိုလ်မှုးကြီးသည် စစ်သက္ကသိုလ်မှ ဗိုလ်လောင်းများအား စစ်ပညာ သင်ကြားရေးတွင် ကြီးကြပ်အုပ်ချုပ်သူ အဖြစ် တာဝန်ယူပို့ချခဲ့ပြီး၊ တဆင့်မြင့် ရာထူးတိုးကာ ကရင်ပြည်နယ်ရှိ ခြေမြန် တပ်မ ဌါနချုပ်တခုသို့ စစ်ဗျူဟာမှုး အဖြစ် ပြောင်းရွှေ့သွား၏။ ထိုသို့ ပြောင်းရွှေ့ရောက်သွားပြီး များမကြာမီမှာပင် စိတ်မကောင်းဖွယ်ရာ သတင်းတခုကို ကြားရ၏။ ရှေ့တန်းစစ်စခန်း တခုသို့အသွား ၎င်းစီးနင်းလာသော စစ်ယဉ်သည် ကေအင်န်ယူတို့ ထောင်ထားသော ကားမိုင်းနင်းမိ၍ ကားပေါ်လိုက် ပါလာသူ ထိုဗျူဟာမှုး အသစ်စက်စက် ခြေထောက်ပြတ်တောက်သော ဒါဏ်ရာရရှိခဲ့သည်ဟု ကြားသိ ရ၏။ မိမိတို့အား သင်ပြပေးခဲ့ဖူးသည့် ဆရာဖြစ်၍ ကျနော်တို့ အားလုံး စိတ်မကောင်းပါ။
သို့သော် မတတ်နိုင်။
ဆရာသင်ပေးခဲ့သည့် စစ်ပညာ အရပ်ရပ်တွင် သူကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီ ဖြစ်သော မိုင်းရှောင်သည့် အတတ်ပညာ မပါရှိခဲ့လေသောကြောင့်လား မသိ။ မိမိတို့ ဗိုလ်လောင်းများ အတွက်လည်း လက်တွေ့ စစ်တပ်များရောက်လျှင် စစ်မြေပြင်ဟူသည်နှင့် အတူ မိုင်းဟူသည့် ပေါက်ကွဲ၊ ခြေပြတ်၊ သေတတ် စေတတ်သော အန္တရာယ်သည် အဆင်သင့် စောင့်ကြိုနေသည်ဟုလည်း သတိပေးရာ ရောက်လာတော့ သည်။ ထိုကာလ ရက်ပိုင်းများ အတွင်း ရန်ကုန်နှင့် မန္တလေး မြို့ကြီးများမှ ကျောင်းများတွင် ကျောင်းသား လူငယ်များနှင့် ရဟန်း သံဃာ အချို့တို့ ဦးဆောင်မှုဖြင့် နေရာ အတော်များများ၌ ဆူပူအုံကြွမှု (စစ်တပ်အခေါ် ဖြစ်ပါသည်။ တကယ့်တကယ်က လူထုတော်လှန်ရေး အုံကြွမှုဖြစ်ရန် အစပျိုးနေသည့်) ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်ဟု ကြားသိရပါသည်။ ဘယ်သူကမှ လာမပြောပါ။ ရေဒီယို နားထောင်သူများမှ တဆင့် သိရှိရခြင်းဖြစ်၏။ တပ်ပြင်ထွက်ခွင့် ပိတ်ထားခံရသော ရက်ပိုင်း များသည် ထို အဓိကရုဏ်း ဖြစ်နေခဲ့သော ရက်စွဲများပင် ဖြစ်နေပေလိမ့်မည်။
မိမိတို့ ကျောင်းတွင်းမှာတော့ ဘာမှမထူးခြားပါ။ စည်းကမ်းအတိုင်း၊ သင်ရိုးညွှန်းအတိုင်း၊ သင်ခန်းစာ မပျက်၊ စာသင်ဆောင်သွားမပျက်၊ ထမင်းစားမပျက်၊ အပြစ်ပေးခံမပျက်ကြပါ။ တပ်ပြင်ထွက်ခွင့် ပိတ်ခံ ရသော စနေ၊ တနင်္ဂနွေနေ့ အချို့တွင်သာ စီနီယာ ဖိုင်နယ်များ၏ မကျေမနပ်ဖြင့် တောင်အော်၊ မြောက်အော်၊ သံသေး သံကြောင်ဖြင့် အော်သော အော်သံအချို့သာ ကျောင်းပုရ၀ုဏ် အတွင်း လှိုဏ်ထပ်နေ၏။ ထိုသို့ အော်သော်လည်း မည်သူမျှ လာရောက်စစ်ဆေးခြင်းမရှိ၊ တားမြစ်သူ မရှိပါ။
ဤဖြစ်ရပ် ဖြစ်စဉ်မျိုးမှာ ရိုးနေပေပြီ။ စီနီယာတို့သည် နည်းပြအုပ်ချုပ်သူ ကွယ်ရာ (ယခုလို အချိန်မျိုး) တွင် ၎င်းတို့ ရင်တွင်းခံစားနေရသော မကျေနပ်ချက်ကို ထိုသို့ အော်ဟစ်ဆဲဆို လိုက်ခြင်းဖြင့်သာ ဖြေသိမ့်ရ၏။ တပ်ပြင်ထွက်ခွင့် ပိတ်လိုက်သောကြောင့် တပ်အပြင်ဖြစ်သော မေမြို့ အတွင်းသို့ ထွက်လည်ခွင့် မရ။ ထွက်လည်ခွင့် မရသောကြောင့် ၎င်းတို့၏ ပျော်ရွှင်ဖွယ် အချိန်လေးများ အလဟဿ ဖြစ်ရသည်။ ချိန်းဆိုထားသော ပျိုပျိုတို့နှင့် လွဲရသည်။ ထိုအခါ ကျွဲမြီးတိုခြင်း၊ ဒေါကန်ခြင်း၊ အလိုမကျခြင်းတို့ အလိုလိုဖြစ်လာသည်။ အင်မတန် တောင့်တထားသော မ ဓါတ်ဆိုသည်နှင့် လွဲချော် ရခြင်းပေါ် အပြင်းအထန် အလိုမကျ၊ အစားထိုးနိုင်ဖွယ် မရှိခြင်းတို့ ရောယှက်ကာ မည်သူ့ကို စိတ်တိုရ မှန်းမသိ၊ အလိုလို စိတ်တွေတိုကာ စိတ်ထင်သလို ညောင်နာနာ၊ ကြောင်တတ်တတ်… အသံသေး၊ အသံကြောင်၊ အော်ဟစ် သောင်းကျန်းကြတော့၏။
ဤမကျေနပ်မှုကြောင့် ဖိုင်နယ်များ အော်ဟစ်သောင်းကျန်း ကြခြင်းကို အုပ်ချုပ်ရေး တာဝန်ကျသူ ဖိုင်နယ်ဗိုလ်လောင်းများက ကျောင်းအာဏာပိုင် လုပ်သူတို့ကိုလည်း သွားတိုင်မပြောရဲပေ။ သူတို့ကား ကြောက်စရာ၊ လန့်စရာမဲ့သော စစ်သက္ကသိုလ်၏ ဘုရားဟု သမုတ်ထားခံရသူ ဖိုင်နယ် ရီးယား ဗိုလ်လောင်း စီနီယာ ကြီးများဖြစ်ကြ၏။ သို့ဖြစ်သောကြောင့် သူတို့ဘ၀က လွတ်လပ်ကြပါသည်။ စိတ်ထင်တိုင်း (ယခုကဲ့သို့ ကျောင်းပိတ်ရက် နည်းပြအရာရှိများ အိပ်ဆောင်ပေါ်မရှိခိုက် သောင်းကျန်း နိုင်ကြပါသည်။ ရင်ဖွင့် အော်ဟစ်နိုင်ကြ၏။ (ကျနော်တို့ ဖိုင်နယ်ရောက်လာသော အခါလည်း ထိုနည်းတူပင် အော်ဟစ်သူတွေ ပေါ်လာပါသည်။ ရှေ့ဆောင်နွားလား တို့၏ ခွါရာနင်းသူတို့ ဖြစ်၏။)
ထိုကာလ၊ ထိုသို့ မကျေမနပ်ဖြင့် ဆူဆူပူပူ လုပ်လိုသည့် အဖြစ်အပျက်မျိုး၊ အနေအထားမျိုး ရောက်လာသော ကာလတခု၌ ကျနော်တို့ ဗိုလ်လောင်းအားလုံး ပညာပေး နှိပ်စက်ခြင်း ခံရသော ညတညကို မှတ်မိပါသေးသည်။
ထိုတရက်….လရောင်တို့ ထိန်ထိန်သာနေသော တောင်ပေါ်မေမြို့၏ လပြည့်ညတည…။
တပ်ပြင်ထွက်ခွင့်များ အပိတ်ခံရခြင်း၊ နည်းပြအရာရှိများ၏ နည်းမျိုးစုံဖြင့် သင်တန်းသား ဗိုလ်လောင်း များအပေါ် ကြပ်ခြင်း၊ စောင့်ကြည့် ခြိမ်းခြောက်ခြင်း၊ အပြစ်ပေးခြင်း၊ (ဖိုင်နယ် ဗိုလ်လောင်းများအား နည်းပြ အရာရှိများက အပြစ်ပေးပိုင်ခွင့်ရှိသည်။ ကျနော်တို့ ဂျူနီယာများ၏ မျက်စိရှေ့မှောက်တွင်တော့ မဟုတ်ပါ။) ခံရဖန် များလာနေသော ထိုရက်မျိုးကို ကျနော်တို့ မမေ့သေးပါ။ အလိုမကျ ဆူပွက်သော ဗိုလ်လောင်းတို့၏ လှုပ်ရှားမှု အခြေအနေသည် ခါတိုင်းနှင့် မတူ၊ ကျနော်တို့ ပထမနှစ်များ မိုးပြိုမည်ကို ကြောက်နေရသော ယုန်သူငယ်လေးများကဲ့သို့ နဂိုကြောက် နေကြရသည့်အထဲ၊ အကြောင်းမရှိ အကြောင်းရှာ အပြစ်ပေးတတ်သော ဖိုင်နယ်တို့ ရန်က ပိုများလာ၏။ အလုပ်မရှိ ချစ်တီးခေါင်း သန်းရှာ တတ်သူတို့၊ သူတို့စိတ်အလိုမကျ ဖြစ်မှုများလာသော ဤအချိန်တွင် စိတ်တို့ ဖြေဖျောက်ရာသည် ကျနော်တို့ အပေါ်တွင်သာ ကျ၏။
အောက်ပတ်စ်ခေါ် တပ်ပြင်ထွက်ခွင့် ပိတ်ခံရသဖြင့် အလိုလို မကျေမနပ်ဖြစ်ကာ ပူညံပူညံ လုပ်သူ ယခင်ကထက် ပိုများလာနေ၏။ အကြောင်းမရှိ အကြောင်းရှာ အော်ဟစ်ဆဲဆို နေသံများ၊ ဟိုမှသည်မှ သံသေးညောင်နာ စူးစူးရှရှ အော်ဟစ်သံများ မကြားစဖူး အတော်ကြားလာ နေရ၏။ အိပ်ဆောင် ၀န်းကျင်သို့ နည်းပြ အရာရှိငယ်များ ရောက်လာသည့် အခါတွင်လည်း၊ မကြားတကြား နောက်သလိုလို အတည်လိုလိုနှင့် မိမိတို့ အခွင့်အရေးများ ဆုံးရှုံးရသည်ကို မကြိုက်နှစ်သက်သည့် သဘောမျိုး ဆောင်ပြကြ၏။ ဤသို့ ပေါ်ပေါ်ထင်ထင် လုပ်လွန်း၊ အော်လွန်း ပြောကြလွန်း၍လားမသိ။ အထက် အာဏာပိုင်လုပ်သူကို ထီမထင် မထေမဲ့မြင် ပြုရဲကြသူ၊ ဗိုလ်လောင်း သင်တန်းသားများအား ပညာပေး သည့် ပုံစံဖြင့် ထုံးစံထက်ပိုမို တင်းကျပ်သည့် စည်းကမ်းများ ထုပ်ပြန်ကာ အနီးကပ် စောင့်ကြည့်လာ၏။ ကျနော်တို့ ဗိုလ်လောင်း တပ်ရင်း တရင်းလုံးကို မကြာခဏ လျှက်တပြက် တန်းစီလူစစ်ခြင်း၊ (surprise check)။ ညကြီးသန်းခေါင် ရှောင်တခင် တန်းစီ လူစစ်ခြင်းတို့ကို အမြင်ကပ်၊ စိတ်ရှုပ်ထွေး၊ နာကျည်း ဖွယ် ဖြစ်လောက်အောင် လုပ်လာတော့၏။
ကျနော်တို့ ဗိုလ်လောင်း သင်တန်းသားများ အတွက် ထုပ်ပြန်ထားသော စည်းကမ်းတခုကို စာဖတ် သူတို့ သိပြီးဖြစ်ပါသည်။ ဗိုလ်လောင်းများသည် လျှက်စစ်ပစ္စည်းဆို၍ ဘာဆိုဘာမှ သုံးစွဲပိုင်ခွင့် မရှိပါ။ ဓါတ်ခဲ ထည့်သုံးရသည့် ရေဒီယိုကိုပင် သုံးခွင့်မရှိ။ ကတ်ဆက်၊ မီးပူ၊ ပန်ကာ၊ ထမင်းပေါင်းအိုး ဘာဆိုဘာမှ သုံးခွင့်မရှိပါ။ လျှက်စစ်သုံးသော၊ လျှက်စစ်ဓါတ်နှင့် သက်ဆိုင်သော ပစ္စည်းဆို ဘာမျှ သုံးခွင့်မရှိ။ ထိုလျှက်စစ်ပစ္စည်း မသုံးစွဲရဟူသော အမိန့်နှင့် ပတ်သက်၍၊ ဗိုလ်လောင်းများ လိုက်နာမှု ရှိမရှိ၊ စစ်ဆေးခြင်းများ ထိုရက်ပိုင်းအတွင်း အတော်ကြပ်လာ၏။ ဗိုလ်လောင်းများ အိပ်ဆောင်အပေါ် ရှောင်တခင် တက်ရောက်ရှာဖွေခြင်းများ လုပ်လာ၏။
ကျနော်တို့ အားလုံးအတွက် အင်မတန် အိပ်ကောင်းနေသော ညတည …။ ကျောင်းပိတ်ရက် အားလပ် သောစနေညမို့ ညပိုင်းတွင်လည်း ညဥ့်နက်သည်အထိ ဗွီဒီယိုတွေကြည့်၊ လုပ်ချင်တာတွေလုပ်၊ လူတိုင်းအားနေကြသည်။ တနေကုန် ပျော်ပါးပြီး မောဟိုက် ပင်ပန်းကြသည်နှင် ညနက်ပိုင်းတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေကြကုန်၏။ အိပ်ကောင်းကောင်းနှင့် အိပ်ပျော်နေကြချိန်၊ ညဥ့်နှစ်နာရီခန့်တွင်၊ ငှက်ဆိုးထိုးသံနှယ် ဆူညံနေသော ၀ီစီ ခရာမှုတ်သံ တတွီတွီ အဆက်မပြတ် ပေါ်ထွက်လာတော့၏။ ချက်ချင်းတန်းစီရန် အော်ခေါ်နေသော အသံများ ဆူညံလာ၏။ အိပ်မှုန်စုံမွှား ထလာကြသော ဗိုလ်လောင်းတိုင်း၏ ပါးစပ်မှ နည်းမျိုးစုံသော ဆဲဆိုသံ၊ ညည်းတွားသံများ၊ မကျေမနပ် ဆောင့်အောင့် အော်ခေါ်သံများ အိပ်ဆောင်တိုင်း၏ ကော်ရစ်တာ တလျှောက် ဆူညံစွာ ကြားလာရတော့၏။ တိမ်ကင်း စင်နေသေးသော ကောင်းကင်ယံဝယ် ငွေလမင်းသည် ထိန်ထိန်သာနေ၏။ ပိုးမွှားငယ်တို့ အသံစီစီများ၊ ပုရစ်အော်သံလိုလို အသံများ တကျစ်ကျစ် မြည်သံများသည် သာယာအေးမြသော ညကို အလှပို ထင်စေ၊ တန်ဆာဆင်နေ သလိုပါပင်။ သို့သော် ကျနော်တို့ မပျော်နိုင်ပါ။ မကြည်နူးနိုင်ပါ.. ခင်ဗျား။
ထိုအချိန် ပတ်ဝင်းကျင် တခွင်မှ သဘာဝ ပိုးမွှားတို့ အော်မြည်သံသည် ချက်ချင်း တိတ်ဆိတ်သွားတော့ သည်ဟု ထင်ကြရသည်၏။ အဘယ့်ကြောင့်ဆိုသော် ဆူညံသော အော်သံ၊ ဟစ်သံတို့က တမဟုတ် ချင်း ညံလာ၊ လွှမ်းလာသောကြောင့် ဖြစ်၏။ ထိုမြင်ကွင်း၊ ထိုအသံ၊ ထိုအဆင်း၊ ထိုအချင်း တို့မှာ ကျနော်တို့ အတွက် မရိုးတော့ပေ။ မကြာခဏ ကြားရလွန်းပြီမို့၊ အိပ်ငိုက်လျှက်နှင့် မကြာခဏ တန်းစီ ခဲ့ကြရ ပြီးပြီမို့ မထူးဆန်းတော့ပါ။ အလွန်အင်မတန် အိပ်ငိုက်နေသော ကျနော်တို့ ဗိုလ်လောင်း များအား ချက်ချင်း၊ အမြန်ဆင်းလာရန် အော်သံများ၊ တွန်းအားအဖြစ် အချက်ပေး ခေါ်ယူနေသော ခရာတတွီတွီ မှုတ်သံများ၊ တပ်ခွဲလိုက် နည်းပြ အရာရှိ၏ အိပ်ဆောင်များ အောက်မှ အော်ဟစ် ခေါ်သံများသည်၊ အခန်းတံခါးတွေ တဒေါက်ဒေါက်ခေါက် အော်နှိုးသံများက ပြင်ပအရပ်သား တယောက် အတွက်မူ ထိုညက ကမ္ဘာပျက် နေခဲ့သည်ဟု ထင်ကြမည်ပင်။
အိပ်ဆောင်စောင့် အဖြစ်ပင် ကျန်နေခွင့်မပေး။ ရှိသမျှ အားလုံးတန်းစီရန် အော်ပြောနေသံ ကြားရသော ကြောင့် တခုခုတော့ ထူးပါပြီ၊ မလာစဖူး၊ အလာထူးသော နည်းပြအရာရှိ အတော်များများပါ ရောက်လာ နေသောကြောင့် စစ်သက္ကသိုလ်အတွင်း တခုခုတော့ ဖြစ်နေလို့ ဖြစ်မည်ဟု ကျနော်တို့ တွက်ဆ မိကြ၏။ တပ်ခွဲလိုက်တန်းစီ၊ ညာညှိ၊ အမှတ်စဉ်မှတ် အော်သံ၊ ဟစ်သံ၊ ငေါက်ငန်းသံ၊ ပျောက်နေသောသူအား အော်မေးသံ၊ အိပ်ချင်၍ တ၀ါးဝါး သမ်းဝေသံ၊ ခါးကြောများ တဂျွတ်ဂျွတ် ချိုးကာ တရေးနိုး အကြောလျှော့နေသံ အို…စုံလို့ပင်။ ထိုအသံပေါင်းစုံတို့သည် လှပသော လပြည့်ည၏ အစားပြန်မရနိုင်သော အလှကို အကျဉ်းတန် စေခဲ့ပါပြီ။ ဗိုလ်လောင်းအားလုံး ဗိုလ်လောင်းတန်းစီ ကွင်းကြီးတွင် ရောက်ရှိပြီး တန်းစီ လူစစ်နေချိန်တွင် နည်းပြ အရာရှိများသည် ဗိုလ်လောင်းအိပ်ဆောင် များပေါ် တက်ရောက်သွားတော့သည်။ သူတို့နှင့် အတူ ဗိုလ်လောင်း တာဝန်ကျ (အပွိုင့်မင့် ကဒက်) များပါ လိုက်သွားကြ၏။ ကျနော်တို့ကား ချမ်းအေးလှသော လေအေးတဖြူးဖြူး တိုက်ခတ်ကျီစယ်သော ဒါဏ်ခံရင်း တန်းစီမတ်တပ်ရပ် စောင့်နေကြရဆဲ။ စီနီယာတို့ ပါးစပ်ကလည်း ပွစိ၊ ပွစိ။
ချမ်းဒါဏ်ရော၊ အိပ်ရေးပျက်ဒါဏ်ရော၊ အချိန်မတော် တန်းစီခြင်း လုပ်ခိုင်းသည့် အဖြစ်ကိုရော၊ အားလုံး စုပြီး တယောက်တမျိုး မကျေနပ်သံတွေ ပြောနေကြသဖြင့် တန်းပေါင်းစီကွင်း တခွင်သည် ရုပ်ရှင်ရုံမှ ရုပ်ရှင်အပြီး ညောင်းညာ ထွက်ပေါ်လာသည့် လူအုပ်ကြီးများထံမှ ဆူညံသံများ ကဲ့သို့ ညံလှသည်။ တယောက်တပေါက် ပြောနေကြသည်မှာလည်း အစုံ…။
ထိုအချိန် အိပ်ဆောင်ပေါ်တက်သွားသော နည်းပြတို့ ပြန်ဆင်းမလာသေး။ တန်းစီကွင်းမှ ပေ၅၀ ခန့် သာ အကွာရှိ သုံးထပ် အိပ်ဆောင်များပေါ် တခန်းဝင် တခန်းထွက်၊ တံခါးများ တွန်းဖွင့်ပြီး အခန်းထဲထိ ၀င်ရောက်စစ်ဆေး ရှာဖွေနေသည်ကို တွေ့ရ၏။ ကျနော်တို့ တန်းစီကွင်း နောက်ကျောရှိ အနော်ရထာ တပ်ခွဲဆောင်၊ အောင်ဆန်းတပ်ခွဲဆောင် တို့ကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်မှု တာဝန်ခံ အရာရှိများက တက်ရောက် ရှာဖွေလျှက်ရှိသည်။ ကျနော်တို့ ရှေ့တည့်တည့် အောင်စစ်သည် (ဘုရင့်နောင်)တပ်ခွဲ အိပ်ဆောင် ဖိုင်နယ်အိပ်ခန်းများထဲ စစ်ဆေးနေသော နည်းပြအရာရှိ ကျောက်မဲ (အက်စ်အိုင်) ဗိုလ်မှုး မြင့်လွင်သည် ပစ္စည်းတစုံတခုကို ကိုင်၍ ကော်ရစ်တာဘက် ထွက်လာ၏။ သူ့နောက်မှာလည်း ဗိုလ်လောင်း တာဝန်ကျများ၊ အခြားတပ်ခွဲ အရာရှိများပါ၏။
ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine
PDF ဖိုင်ဖြင့်ဖတ်လိုပါကဤနေရာတွင်ဒေါင်းလုပ် လုပ်ပါ
Thursday, March 20, 2008
ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၅)
အိပ်ဆောင်ရောက်သည်နှင့် တပြိုင်နက် အားကစားပြိုင်ပွဲများ ပြိုင်ဆိုင်ရေး တာဝန်ကျသော နည်းပြ စီနီယာက ကြိုတင်စောင့်နေပြီး ကျနော်တို့အတွက် သန်မာမှု ဆိုသော ဒူးခေါင်း လေ့ကျင့်ခန်း အတွက် ဖါးခုန် ခုန်ခိုင်းခြင်း၊ ဗိုက်သားကြွက်သားများ သန်မာရေးအတွက် ဘယ်ရီ ရိုက်ခြင်းခေါ် အိပ်ထ မတင် လေ့ကျင့်ခန်းများကို တရစပ် လုပ်ခိုင်းတော့သည်။ ၎င်းနောက် ပင်ပန်းမှု ကြွက်သားများ ပြေလျော့ စေရန် အကြောလျော့ခြင်းကို ထပ်မံလုပ်ရပြန်ပါ၏။ ထိုသို့ ကျနော်တို့ ပထမနှစ် အုပ်စုက လေ့ကျင့်ခန်း များ လုပ်နေချိန်တွင် စီနီယာ အများစုက ရေချိုးနေကြပါသည်။ သူတို့အားလုံး ရေချိုးပြီးစီးလောက်ချိန် တွင်မှ မိမိတို့ကို ရေချိုးရန် တန်းဖြုတ်ပေးလိုက်ပြီး ထိုအချိန်မှစ၍ ရေချိုးပြီးသည်အထိ တိုင်ပင်ခေါ် အမှတ်စဉ်ဖြင့် တရစပ် မောင်းနှင်ပြန်ပါသည်။ အိပ်ဆောင်တန်းလျားထဲဝင် ချက်ချင်း ၀တ်ဆင် ထားသော ပီတီ ဒရက်စ်ခေါ် လေ့ကျင့်ရေးဝတ် ယူနီဖေါင်းကို ချက်ချင်းချွတ်၊ ပုံ၊ ပုဆိုးရေလဲကို ကောက် စွပ်၊ စစ်တဘက်ငယ်ကို ခြုံကာ ချက်ချင်း ရေချိုးကန်ရှိရာသို့ အပြေးပြန်ထွက်ရသည်။ ထိုအချိန် ရေချိုးပြီး၊ စစ်ယူနီဖေါင်းလဲပြီးသူ စီနီယာတို့က အပေါက်ဝမှ စောင့်ပြီး မိမိတို့အားလုံးကို တယောက် မကျန် အပြေးအလွှား၊ အလုအယက် ရေချိုးရန် လုပ်ဆောင်ကြပုံကို စောင့်ကြည့်နေ၏။
နှုတ်ဖျားကိုယ်စီမှလည်း ဟိုမောင် အဖြန်အလုပ်စမ်း။ အမြန်လုပ်၊ မပြီးသေးဘူးလား၊ အမြန်လုပ်စမ်း စသည်ဖြင့် အော်ဟစ် အမိန့်ပေးနေကြသည်။ ကျနော်တို့မှာ ဆောက်တည်ရာ မရ၊ အလု အယက် ရေချိုးကန်ထဲ တိုးဝေ့ရောက်ရှိသွားသော အခါ၊ ရေကန်အတွင်းမှ ရေက မကျန်တော့သလောက်ပင်။ အောက်ခြေထိလုနီးပါး ရေကိုပင် ကျနော်တို့ တသိုက် အလုအယက် ချိုးရန်ပြင်ရသည်။ ၀တ်လာသော ရေလဲလုံချည်ကို ကောက်ချွတ်၊ ရေကန်ဘောင်ပေါ် ပစ်တင်၊ ခြုံလာသော စစ်တဘက်တိုလေးကို ပစ်တင်၊ ကိုယ်လုံးတီးဖြင့် ရေကန်အတွင်းရှိ အောက်ခြေထိလု နီးပါးသာ ကျန်တော့သည့် (ထုံးချိုးများ၊ ထုံးအနယ်အနှစ်များဖြင့် ရောကာ ဖြူဖြူကျင်ကျင် ဖြစ်နေသော) အကြွင်း အကျန်ရေကို အလုအယက် ချိုးရသည်။
ထိုအချိန်မှာ စီနီယာ ဒုတိယနှစ်များနှင့် တတိယနှစ် အားကစားနည်းပြတို့က ရေကန်အတွင်း မိမိတို့ ရေချိုးသည်ကို အမှတ်စဉ်ဖြင့် အော်ဟစ်မောင်းနှင်၏။ သူရေတွက်နေသည့် အမှတ်စဉ် (ဥပမာ- ၁ မှ ၂၀ အတွင်း ပြီးအောင်ချိုး ဟုဆိုလျှင် ထိုအမှတ်စဉ်ရေတွက်နေသည့် ကာလအတွင်းသာ ပြီးအောင် ရေချိုးရသည်)။ ထိုသို့ရေချိုးလျင်ပင် အနောက်က ကျားလိုက်နေသလို အလုအယက် ကသောကမျော ချိုးရသည်မှာ ပထမနှစ် ဗိုလ်လောင်းဘ၀၏ (၇)လခန့် ကာလအထိ နေ့စဉ်မြင်ကွင်းဖြစ်၏။ နေ့တဓူဝ ကိစ္စဖြစ်၏။
ဤနေရာတွင် ဗိုလ်လောင်းသင်တန်းသား ဘ၀တွင် ကြုံခဲ့ရသော တကယ့် အဖြစ်အပျက်လေး တခုကို ပြောပြခွင့် ပြုပါခင်ဗျား။ အုတ်ဘောင် လူတရပ်ခန့်အမြင့် ကာရံထားသည့် ရေချိုးကန်ငယ် အတွင်း အလုအယက် တိုးဝင်ကာ ဘယ်သူတွေရောက်နေ၊ ရေချိုးနေမှန်း မကြည့်နိုင်အား၊ ကိုယ်လုံးတီးနှင့် လူတွေကြားထဲ အတင်းတွန်းထိုး ၀င်ရောက် ရေခပ်၊ ခပ်သွက်သွက်လောင်းချိုး၊ ဆပ်ပြာတိုက်ချိန်မရှိ၊ ရေစိုယုံလောက် လောင်းပြီးချိန် မှာ စီနီယာတွေ အော်နေသော အချိန်တိုင်ပင်က ပြည့်ပြီ။ ထိုအချိန် ရေချိုးကန်ပေါ် တ၀ိုက်တွင် မြူခိုးလိုလို ရေငွေ့လိုလို အငွေ့တို့က လွင့်ပျံတက်လျှက်ရှိ၏။ အဘယ့်ကြောင့် ဆိုသော် ပြင်ဦးလွင်မြို့၏ အေးမြသော ရာသီဥတုအတွင်း ချွေးတရွှဲရွှဲ သွေးတပူပူဖြင့် အားကစားကွင်းမှ ပြန်တက်လာသော မိမိတို့သည် ရုတ်ခြည်း အေးမြသော ရေကို အလုအယက်ချိုး ကြသောကြောင့် အပူအအေး ဓါတ်ပြုကာ ချွေးတို့ အငွေ့ ပြန်လာကြခြင်း ဖြစ်၏။ ကျနော်တို့ လူငယ်များ ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော ရေခိုးရေငွေ့ တို့သည် မီးလောင်နေသော ထင်းတုံးကို ရေဖြင့် လောင်းပက်ပြီး၍ အခိုးအငွေ့ ဖြူလွှလွှတို့ ပြပြ ထွက်ပေါ်နေသည့် နှယ်ပင်။ ထို (၅) ခွက်မျှသာ အလုအယက် ချိုးခွင့်ရသော ရေလေးကပင် မိမိတို့အတွက် နေ့စဉ် အာသာပြေ ဖြစ်၏။ ပြီးလျှင် ချက်ချင်း ရေလဲပုဆိုး ကောက်ဝတ် မိမိတင်လိုက်သောဟာဟု ထင်ရသည့် စစ်တဘက် ငယ်ကို ကောက်ဆွဲခြုံကာ အပြေးပြန်ထွက်ရ၏။ အိပ်ဆောင်တွင်း ရောက်တော့လည်း အသင့်စောင့် နေသူ စီနီယာတို့က မိမိတို့ သင်တန်းသွားလျှင် ၀တ်ရမည့် စစ်ယူနီဖေါင်းကို အမြန်ဆုံးနည်းဖြင့် လဲခိုင်းရန် အမိန့်များဖြင့် အော်ဟစ် စောင့်ဆိုင်း နေကြ၏။ အမြန်ဝတ်၊ အမြန်ဝတ် ၁ ကနေ ၂၀ ထိပဲရမယ်။ နေက်ကျတဲ့ ၅ယောက် မယူဘူး။ ကြားလား၊ ကြားလား၊ ဖတ်စ်ယီးယား။… အမြန်လုပ်စမ်း၊ အမြန်လုပ် စမ်း..၊ ၁..၂..၃..၄..၅…..အချိန်ပြည့်တော့မယ် အမြန်လုပ်စမ်း၊ စသည်ဖြင့် အမိန့်အော်သံတွေကြား ဗျာများလှသော အချိန်တို့သည် ကျနော်တို့ မူပိုင်ဖြစ်ပါသည်။ အလွန် ကသုတ်ကရက် နိုင်လှသော ၀တ်စားဆင်ယင် ချိန်မျိုးမှာ ကျနော်တို့ နေ့စဉ်ကြုံရသော ကိစ္စများဖြစ်သည်။ ဒီကြားထဲ ၀တ်စားမှု မသပ်မရပ် ဖြစ်ခဲ့လျှင်လည်း တန်းဒေါက်စစ်ဆေး ဟုခေါ်သော ၀တ်စားဆင်ယင်မှု စစ်ဆေးသည့် အချိန်ရောက်လျှင် ပြဿနာ ဖြစ်နိုင်သေးသည်။ အပြစ်ပေး ခံရနိုင်သေး၏။ စီအိုင်ခေါ် နည်းပြမှုးချုပ် ဗိုလ်မှုးကြီးတဦး ကျနော်တို့ စစ်သက္ကသိုလ်သို့ အသစ်ပြောင်း ရောက်ရှိလာပြီးနောက် မကြာမီပင် ကျနော်တို့ နေထိုင်မှုပုံစံ တမျိုးပြောင်းလဲ သွားပြန်၏။ ရေချိုးခန်းထဲ ၀တ်စလစ်ဖြင့် ကသုတ်ကရက်၊ အရူးမီးဝိုင်းသလို အလုအယက် ရေချိုးရခြင်း၊ တိုးဝှေ့ရခြင်း၊ အရှက်ကြီးစွာ မိမွေးတိုင်း လူပုံအလယ် နေကြရခြင်း ဒုက္ခဆင်းရဲ ကင်းငြိမ်းပါတော့သည်။ ကျနော်တို့၏ ဂျပန်ရေချိုးပုံ ကိုယ်လုံးတီးဖြင့် ရေချိုးရခြင်း အနိဌါရုံ မြင်ကွင်းတွေ ချုပ်ငြိမ်း သွားပါတော့သည်။ အဘယ့်ကြောင့်ပါနည်း…..။
ကိုယ်လုံးတီးဖြင့် ရေချိုးခြင်း ကိစ္စကို အချိန်ကာလ အားဖြင့် လေး၊ ငါးလ ခန့်သာ ရှက်ရှက် ကြောက်ကြောက်၊ ထူထူပူပူဖြင့် လုပ်လိုက်ရသည်။ မကြာမီပင် ဤ၀ဋ်မှ ကျွတ်တော့၏။ ဖြစ်စဉ်မှာ ဤကဲ့သို့သော ဇာတ်လမ်းလေးများက တဆင့် စခဲ့ခြင်းဖြစ်၏။ ဗိုလ်လောင်းများ အိပ်ဆောင်နှင့် မျက်နှာ ချင်းဆိုင် တဖက်ခြမ်းတွင် ငါးပေမျှမြင့်သော အုတ်တံတိုင်း တခုသာခြားသည့် မြေကွက်လပ်ကြီးများ ရှိ၏။ ကျနော်တို့ အိပ်ဆောင်နှင့် အနီးဆုံး ထိုမြေကွက်လပ်ကြီး အတွင်းတွင် အင်္ဂလိပ်ခေတ် ကတည်း က ဆောက်လုပ်ထားခဲ့သော နှစ်ထပ်တိုက် အိမ်နီနီကြီး တလုံးရှိ၏။ ထိုနှစ်ထပ် အိမ်ကြီးသို့ အသစ် ပြောင်း ရောက်ရှိလာသော နည်းပြမှုးချုပ် ဗိုလ်မှုးကြီး၏ မိသားစုတွင် ကျနော်တို့ အရွယ် သမီးပျိုလေး တဦးလည်း ပါလာ၏။ ထိုသမီးပျိုလေး၏ အိပ်ခန်းနှင့် တွဲလျှက် စာကြည့်ခန်းသည် ဗိုလ်လောင်းများ ရေချိုးသော အုတ်ရေကန်များ ဘက်သို့ မျက်နှာမူထားပြီး ထိုအခန်းမှ ကျနော်တို့ဆီသို့ ကောင်းစွာ စီးမိုး မြင်ရသော မြင်ကွင်း အနေအထားဖြစ်၏။
သူတို့မိသားစု ပြောင်းရွှေ့ရောက်စ သုံး၊ လေးရက်အတွင်း အကြောင်း မတိုက်ဆိုင်၍လား၊ ဗိုလ်မူးကြီး ၏ သမီးတော် သတိမမူမိ၍လား မသိ၊ မောင်ဗမာတို့ ရေချိုးချိန် ကိုယ်ကာယ အလှပြမှုနှင့် ပတ်သက်ပြီး ဘာပြဿနာမှ မဖြစ်သေးပေ။ မိန်းမဟူသည် လျှက်စစ် မိန်းခလုတ်၊ မိန်းဆွစ်၊ တယ်လီဗေးရှင်းတွင် တွေ့သော မိန်းကလေး အရုပ်လောက်သာ မြင်နေရသူ မ ဟူသည်ကိုလည်း အလေးမခြင်းမှ၊ ၀ိတ်မခြင်း မှ မ၊ မ စသည့် အကြောင်းလောက်သာ ပြောဆိုနိုင်ကြပြီး၊ မိန်းမဟူသည့် ဓါတ်နှင့် အလွန့် အလွန် ပြတ်လပ်ဝေးကွာနေသူ ဗိုလ်လောင်း နွားသိုးလေးများအတွက် ထိုအပျိုလေးသည် မျက်စိ အစာကျွေး ရာ တော်ဝင် ပန်းတပွင့် ဖြစ်လာတော့သည်မှာ ပြောစရာ မလိုပေ။ ကျနော်တို့က သူမ၏ စာကြည့်ခန်း ပြူတင်းပေါက်ကို လှမ်းမြင်ရသလို၊ သူမကလည်း ကျနော်တို့ အိပ်ဆောင်၊ ရေချိုးကန်အားလုံးကို အပေါ်စီးမှ လှမ်းမြင်နေရ နိုင်သည်။ မကြာခင်မှာပင် မရိုးနိုင်သော ဇာတ်လမ်းလေး တခုက အစပြုလာ ပါတော့သည်။ စစ်ဗိုလ်လောင်း ကျောင်းသား ဆိုသည်မှာ ခြံထဲ ပိတ်လှောင်ထားခြင်း ခံနေရသည့် နွားသိုးလေးများ ပမာ ဖြစ်ရာ၊ ဣတ္တိယခေါ် မ ဓါတ်ကို အတွေ့အာရုံ မဆိုထားဘိ၊ အမြင်အာရုံပင် အလွန်အမင်း ငတ်မွတ် နေကြရသူများ ဖြစ်၍၊ ယခုကဲ့သို့ မလှမ်း မကမ်းတွင် အသင့်ရောက်လာသော သမီးပျိုလေးကို အဝေးရောက် အမြင်အာရုံဖြင့် အငမ်းမရ၊ ငမ်းကြ၏။ ခြင်္သေ့လည်ပြန် မက ဒိုင်နိုဆော လည်ပြန်၊ ဝေလငါးလည်ပြန်၊ သမင်လည်ပြန် စသော လည်ပြန် ပေါင်းများစွာဖြင့် ကြည့်ကြ၏။ မျက်နှာပိုး မသေသော မျက်ခွက်ကလည်း တဟီးဟီး၊ စပ်ဖြဲဖြဲ ဖြစ်နေကြမည် ထင်၏။
သမီးပျိုလေးအား သူ့အခန်း ပြူတင်းဝနား ရိပ်ခနဲ မတွေ့လိုက်နှင့် ကိုဗိုလ်လောင်းတို့ စက္ခု အာရုံ မျက်လုံး အားလုံးသည် ထိုအရိပ်ကလေး နောက်သို့ ထပ်ချပ်မကွာ လိုက်တော့၏။ ဤမျှ ဆွဲဆောင်အား ကြီးသော မ ဓါတ်ပင်။ ကျနော်တို့ အားလုံးသည် ထိုအချိန်က ၁၉၊ ၂၀ နှစ် အရွယ် ယောင်္ကျားပျိုများသာ ဖြစ်သဖြင့် ကျနော်တို့ အပြစ်မဟုတ်။ နုပျိုမှုကို ခံစားခွင့် ပေးထားသော သဘာဝ၏ တာဝန်ဖြစ်ပါသည်။
(မှတ်ချက်။ ။ကျနော်တို့ ပထမနှစ်များသည် ထိုနတ်သမီးလေးလို လှသည်ဟု စီနီယာတွေ ပြောကြသည့် ထိုမိန်းကလေးကို တရားဝင် ပေါ်တင် ငန်းခွင့် မရှိပါ၊ စီနီယာများက ငန်းခွင့် မူပိုင် ယူထားပါသည်။) ည စာကြည့်ချိန်တွင် စီနီယာ ဗိုလ်လောင်းတို့သည် မိမိအိပ်ခန်း အတွင်းမှ ဘယ်မှမသွားရပဲ စာဖတ်နေကြရသည်။ ကျနော်တို့ ပထမနှစ်များသာ ကိုက်နှစ်ရာခန့် ဝေးသော စာသင်ဆောင် မှောင်မှောင် မဲမဲသို့ သွား၍စာဖတ်ရသည်။
ကျနော် အိပ်ဆောင်စောင့် ပထမနှစ် ဗိုလ်လောင်းအဖြစ် ကျန်ရစ်ခဲ့ရန် တာဝန်ကျသော နေ့တနေ့ မြင်ကွင်းအရ စီနီယာတို့သည် ထိုမိန်းကလေးကို ဖိုရေး ပြရင်း၊ အချင်းချင်း ရန်ဖြစ်နေကြသည်ကို ကြားမိလိုက်၏။ သမီးပျိုလေးသည် ပြူတင်းဝကနေ၍ အပြင်ရှုခင်းကို ငေးသည်ပဲ ဖြစ်ဖြစ်၊ အညောင်း ပြေ၊ အညာပြေ လမ်းလျှောက်ရင်း ပြူတင်းဝမှာ ပေါ်လာသည်ပဲ ဖြစ်ဖြစ်၊ ကိုရွှေလူပျု နွားသိုးတို့ တစခန်းထ ကြပါတော့သည်။ စာထိုင်ဖတ်နေကြရာ အိပ်ခန်းတွင်း မနေနိုင်တော့ဘဲ၊ အပြင် ကော်ရစ်ဒါ ထွက်၍ တံတွေးပဲ ထွေးသလိုလို၊ အိပ်ချင်ပြေဘဲ လမ်းလျှောက်ထွက် သလိုလို၊ သလိုလိုပေါင်း မြောက်များစွာဖြင့် အခန်းအပြင် ထွက်ကာ အသံတိတ် ဟန်ရေး ပြပါတော့သည်။ ညအမှောင်ထု အတွင်း ဖြစ်သော်လည်း ဗိုလ်လောင်း အိပ်ဆောင်များမှာ မီးထိန်ထိန် ထွန်းထားသောကြောင့် အပြန်အလှန် မြင်နိုင်ကြသည်။ တခါတလေများ ပန်းပွင့်လေးက သူ့ဟာသူ ဘာကိုသဘောကျ၍ ပြုံးရီ မြူးတူးလိုက်သည် မသိ။ ထို ပြုံးလိုက်သည်ကို မြင်သော ကိုကို နှာဂျိုထောင်တို့က၊ သူ့ကိုပြုံးပြတာ၊ ငါ့ကိုပြုံးပြသာ စသည်ဖြင့် အပြုံး ပြခံ မဟာပုရိဿ အဖြစ် ဘ၀င်ကိုင် မာန်တက်ကြပြီး အချင်းချင်း စကားနိုင်လု ရန်ဖြစ်ကြခြင်းဖြစ်၏။
ဤသည်ကား ကျနော်တို့ ဂျူနီယာ ဗိုလ်လောင်းများ အင်မတန် ကြောက်ရသော စီနီယာ ဗိုလ်လောင်း များ အထဲမှ စီနီယာ အချို့၏ လူပီသပုံ အပြုအမူ တချို့ပင် ဖြစ်ပါသည်။ စောစောက ဂျပန်ရေချိုးခြင်း အကြောင်း ပြန်ဆက်ကြရအောင်။ ယခင်က ဂျပန်ရေချိုးခြင်းကို ဖာသိ ဘာသာ ပုံမှန် သဘောမျိုး နေခဲ့ ကြသော်လည်း ယခုတော့ ယခင်လို မဟုတ်ပါတော့ပြီ။ ယမင်းပျို သူဇာအလှလေးက နတ်သမီးလေး အလား မလှမ်းမကမ်းမှာ ရောက်နေပြီလေ။ ကိုရွှေလူပျို နုနု ထွတ်ထွတ်တို့နှင့် အနီးဆုံးနေရာမှာ မိန်းမပျိုလေး ရှိနေပြီလေ။ မကြာပါ။
ကျနော်တို့ အားလုံးအတွက် စိတ်ကြည်နူးဖွယ်ရာ သတင်းကြားရ၏။ ၎င်းမှာ မိမိတို့ ဗိုလ်လောင်းများ ရေချိုးချိန်တွင် လုံလုံခြုံခြုံ ၀တ်ဆင်ထားသော အနေအထားဖြင့်၊ ဘောင်းဘီတို ၀တ်ဆင်ပြီးမှ ရေချိုးကန်ထဲဝင်ကာ ရေချိုးရန် ထုတ်ပြန်သည့် အမိန့်စာအကြောင်း သတင်းဖြစ်ပါသည်။
အဘယ့်ကြောင့်ပါနည်း…။
ကိုရွှေလူပျို (နွားသိုးပေါက်စ) ဗိုလ်လောင်းတို့က မိန်းမပျိုလေး ခပ်လှမ်းလှမ်းတွင် ရောက်ရှိနေ သောကြောင့် ရေချိုးကန်ထဲ ကိုယ်လုံးတီးဖြင့် ရေချိုးရန် မ၀ံ့ရဲသော ရှက်စိတ်ဖြင့် တိုင်စာတင်လိုက်လို့ ဟု..ထင်ပါသလား ခင်ဗျား။ မိမိတို့ ရေချိုးနေချိန် ကောင်မလေး ထွက်လာပြီး မိမိတို့ ကာယအလှ မြင်တွေ့သွားမှာကို ရှက်ရွှံ့စိုးထိတ် သောကြောင့် လုံလုံခြုံခြုံ ရေချိုးခွင့် ပြုပါရန် တောင်းဆို လိုက်သောကြောင့်ဟု..ထင်ပါသလား ခင်ဗျား။ မှားပါသည်။ တက်တက်စင်အောင် မှားပါသည်။
အချို့သူတို့က ပုံမှန်အတိုင်း ရေချိုးကြသော်လည်း အချို့ကမူ မိန်းမပျိုလေး ပြူတင်းဝ ထွက်လာပြီး ရပ်ကြည့်လိမ့်မည်ဟု ထင်ရသည့် အချိန်အထိ အပေါ်ဗလာ။ ခါးအောက်မှာ တဘက်စောင် တိုတိုငယ် လေးပတ်ပြီး ပြင်ဦးလွင်မြို့၏ ခိုက်ခိုက်တုံသော အအေးဒါဏ်ကို ကြံကြံခံရင်း စောင့်သည်။ (ပထမနှစ် ဗိုလ်လောင်းများကတော့ မလုပ်ရဲကြရှာပါ) အအေးပတ်လိုက ပတ်စေ၊ သူ့ရည်မှန်းချက် မပြည့်မချင်း ရေချိုးချိန် ရောက်သည့်တိုင် ရေမချိုး။ အာဂ သတ္တိရှင်တွေ ဖြစ်၏။
ထိုအပျိုစင် ကညာလေး၏ မျက်နှာတော်အား ပြူတင်းဝနား မြင်လိုက်ရသည်နှင့် ကိုလူပျို ရွှေနွားသိုးတို့ မောင်ဗမာ ပြပွဲ စတင်ပါတော့သည်။ ရေချိုးခန်းထဲ မ၀င်မီ ကောင်မလေးမမြင်၊ မြင်အောင် (မသိသလို၊ ဘာလိုလိုနှင့်) ပတ်ထားသော စစ်တဘက်ကို စောစီးစွာ ချွတ်ပြ၍ လျှက်တပြတ် ကိုယ်ဟန်ကြွားခြင်း၊ ရေချိုးခန်းထဲ ချိုးချိန်တွင် ပန်းကလေး မြင်လောက်သည်အထိ အမူအရာ အမျိုးမျိုးလုပ်ပြခြင်း၊ ရှင်းရှင်း ပြောရရင် သူတို့ ဖွားဘက်တော်ကို အပျိုလေးမြင်သည် အထိ ကြိုးစားပမ်းစား ဆောင်ရွက်ခြင်း တို့ဖြင့် ဖွယ်ဖွယ်ရာရာ ပေါင်းစုံကို လုပ်ပြကြသည်။ မကြာပါ၊ ဒီတချီတော့ ပန်းကလေး ရှက်သွားဟန်တူသည်။ ချက်ချင်း ပြူတင်းတံခါး ပိတ်သွားသည်။ ရက်အတန်ကြာသည်အထိ ပြန်မဖွင့်တော့ပါ။ မကြာခင် ကျနော်ပြောခဲ့သော ဘောင်းဘီဝတ်ပြီးမှ ရေချိုးရန် ညွှန်ကြားစာ ရောက်လာပါတော့သည်။
မောင်ဗမာ ပြခဲ့သော စီနီယာများကို ကျေးဇူးတင်ရှိရမလို ဖြစ်နေ၏။ ကျနော်တို့အားလုံး အရှက်လုံစွာ ရေချိုးခွင့်ရရေး ကြိုးစားပေးခဲ့သော စီနီယာတို့၏ အမြော်အမြင်ကြီးမှုကို ကျေးဇူးတင်ပါ၏။ သူတို့ကို ဏှာကြီးသည်ဟု ကျနော်မမြင်ပါ။ စစ်ဗိုလ်တဦး၏ သမီး အရှက်တော်ရမည်စိုး၍ ဗိုလ်လောင်းအားလုံး အတွက် ပြင်ဆင်ချက် အမိန့်ထတ်ပေးသော စစ်အာဏာရှင် စနစ်ကိုပင် ချီးမွမ်းရမလိုဖြစ်၏။
အာဏာရှင်ခေတ်တွင် အာဏာသြဇာရှိသူ၏ သားချင်းဆွေမျိုးတို့တွင်လည်း ဆင့်ကဲ သက်ရောက်သော လုပ်ပိုင်ခွင့်နှင့် သွယ်ဝိုက် ပိုင်ဆိုင်သော အာဏာရှိကြပုံကို ကျနော်တင်ပြလိုခြင်း ဖြစ်သည်။ လုံလုံခြုံခြုံ ရေချိုးခွင့် ရသွားပြီ ဖြစ်သောကြောင့် တစိတ်တပိုင်း အာဏာပိုင်သော အပျိုလေးကို ကျေးဇူးတင် ပါသည် ရွှေသမီးတော်ဟု ဆိုရမလိုပင်။
ဤသည်မှာ မိမိတို့ ပထမနှစ် ဗိုလ်လောင်းဘ၀က ကြုံခဲ့ရသော ပင်ပန်းအားငယ်၊ ကြောက်စိတ်တို့ အရှိန်အဟုန် ပြင်းပြင်းဖြင့် လွှမ်းမိုးဖိစီးနေချိန်ကြား၊ လူငယ့်ဘာဝ စိတ်လွတ်လပ်မှု ရှာလိုနေချိန်များ အကြားမှ ဖြစ်စဉ်တခုကို အတွေ့အကြုံတခု အနေဖြင့် အကြမ်းမျှ တင်ပြခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine





















