Monday, March 24, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၇)

ကျနော်တို့ လှမ်းမြင်လိုက်ရသော မြင်ကွင်းကြောင့် တန်းစီကွင်းအတွင်း ဆူညံစွာ စကားပြောသံများ၊ တယောက်တိတ်၊ တဖွဲ့တိတ်၊ တအုပ်တိတ်မှသည် အားလုံးတိုးတိတ်သွားပြီး၊ ကျောင်းတ၀န်းလုံး ရုတ်ခြည်း တိတ်ဆိတ်သွား၏။ ဘာတွေ လုပ်နေပါလိမ့်၊ ဘယ်သူ့ အခန်းက ဘာတွေတွေ့လို့ ပါလိမ့်.. ဘာတွေများ ဖြစ်ဦးမှာပါလိမ့်.. စသည့် စိတ်ဝင်စားမှု လိမ့် ပေါင်းများစွာဖြင့် ကော်ရစ်တာ မီးလုံး ထိန်ထိန်ရောင်အောက် တွေ့နေရသော မြင်ကွင်းကို စူးစိုက်ကြည့်နေကြ၏။

ည၏အလှ အေးမြမြနှင့် ငွေသော်တာ လရိပ်ရွှမ်းက ကျနော်တို့ အားလုံးအပေါ် လွှမ်းခြုံဆဲပင်။ ပုရစ်သံငယ် တချို့ ပြန်ကြားရပြီ။ လူသံတို့ တိတ်ပြီဆိုတော့ သူတို့အလှည့်ပေါ့…..။ ထိုအချိန်... “ ဂွမ်း … ချလွမ်း” ဆိုသော အသံများကြားရပြီး သုံးထပ်ဆောင် ကော်ရစ်တာပေါ်မှ ပစ္စည်းများ ပစ်ချနေသော ဗိုလ်မှုးမြင့်လွင် (ကျောက်မဲ) ကို လှမ်းတွေ့ရ၏။

လား..လား.. သူပစ်ချလိုက်သော ပစ္စည်းကြီးမှာ ဖိုင်နယ် ဗိုလ်လောင်းတဦးဖြစ်သူ (….) ပိုင်ဆိုင်သော ကတ်ဆက် အကောင်းစားကြီးဖြစ်သည်။ “ဟား..သွားပြီ။ ဟိုကောင့် ရေဒီယို ကတ်ဆက်ကြီးတော့ မာလကီးယား ဒေါင်း..ညောင်းပြီ။” တယောက်က ၀င်ထောက်၏။ “ရေဒီယို နားထောင်မှာ.. စိုးလို့ ထင်တယ်ကွ” ကျနော့် အနီးရှိ ဖိုင်နယ် ဗိုလ်လောင်းတယောက် နှုတ်မှ လွှတ်ကနဲထွက်သွား၏။
နောက်ထပ် တခု ပစ်ချပြန်ပြီ။ ဘယ်သူ့ ပစ္စည်းလဲ မသိ။ ဂွမ်း ကနဲ၊ ချွမ်း ကနဲ။ သွားပြန်ပါပြီ။ ဗိုလ်လောင်း အင်အား ၆၀၀ ကျော်ခန့်ထဲမှ အသံ အနည်းငယ် ထွက်လာ၏။
“ ဒါမတရားဘူး…”
“ ဟုတ်တယ်”
“ ရက်စက်တယ်ကွာ”။
“ တောက်”။ …..စသည်ဖြင့်……။
ထိုအသံများကို ကျောက်မဲတို့ နည်းပြအရာရှိများ မကြားသေးပါ။ လူနည်းစုမှ တယောက်တပေါက် ဟိုပြောသည်ပြောမို့ ထင်၏။

ဟော နောက်ထပ် ပစ္စည်းကြီးတခု… ကိုင်မ.. လာပြန်ပြီ။ ရေဒီယို ကတ်ဆက်ပင် ဖြစ်မည်။ ဂုန်း…အုံး… သုံးထပ်ဆောင် အမြင့်မှ မြေပြင်ထပ် အိပ်ဆောင်ရှေ့ရှိ ကွန်ကရစ် ကြမ်းပြင်ပေါ် ကျကွဲသံ။ ဒီတခါတော့ အသံ နည်းနည်းကျယ်လာ၏။ …ဟား….။ တယောက်တပေါက် အော်ဟစ်သံမှ တဆင့် လူတော်တော် များများ၏ အာမေဋိတ်သံများ ပေါင်းစုသွားသော အခါ “ ရဟား..” ကနဲ အတော်ကျယ်သော အသံ ဖြစ်လာ၏။ “ဟား..” ဟု အသံထွက်သက်သက် မဟုတ် “ဟား..” နှင့် “အား” ဟူသော အသံကြားမှ အားရပါးရ အာလုပ်သံမျိုး ဖြစ်၏။ အိပ်ဆောင်ပေါ်က ဗိုလ်မှုးလည်း ပစ်ချလို့ ကောင်းတုန်း..။ ပစ္စည်းတခု ဂွမ်းကနဲ ကျသွားသံ ကြားတိုင်း သရော်သံလိုလို..၊ အားပေးသံလိုလို..၊ တခု ဆုံးသွားလည်း နောက်တခု ၀ယ်နိုင်သေးတယ်ကွာ… ဟူသည့် အဓိပ္ပါယ်ကောက်လို့ ရနိုင်မည်ဖြစ်သော လှောင်ပြောင် သံလိုလို…တွေက “ဟေး” ကနဲ…၊ “ဟား” ကနဲ ထပ်ထပ် ထွက်လာ၏။ ဂျလွမ်း ….( ၀ါး…)။ ဂုန်းဂျွမ်း…(ဟား…)..။ နောက်တခု ဂုန်းဂလုံး…. ဂျွမ်း (အဟေးဟေး…) စသည်ဖြင့် လှောင်သံ၊ ပြောင်သံတို့သည် တစစပိုကျယ်၊ ပိုအော်၊ ဟိုက ပစ္စည်းတခု ပစ်ချလိုက်တိုင်း အော်သံ၊ လှောင်သံတို့က ပိုကျယ်လာ၏။ လှောင်ပြောင်သူတို့ အင်အား တစစ ကြီးထွားလာ၏။ အောက် တန်းစီကွင်းရှိ ကျနော်တို့ ဗိုလ်လောင်းများထဲက (ဖိုင်နယ်များနှင့် တတိယ ဗိုလ်လောင်း အချို့သာ အော်ရဲပါသည်) ထိုသို့ လျှက်စစ် ပစ္စည်းတခု ပစ်ချ၍ ဖျက်စီးလိုက်လေလေ၊ လှောင်အော် အော်လေ၊ ဗိုလ်လောင်းများ လှောင်ပြောင်လေလေ။ ဟိုး အိပ်ဆောင်ပေါ်က (ဒုဦးစီးမှုး ညှိနှိုင်းခေါ် ကျောက်မဲ) ဗိုလ်မှုးမြင့်လွင်က ဒေါပွလေလေ…။ တွေ့သမျှ လျှက်စစ်ပစ္စည်း အကုန်ပစ်ချလေ…။ အဟေ့…ဟေ့.. စိတ်ဓါတ် ကုမ္မာရတို့ တိုက်ပွဲသည် ပြင်းသည်ထက် ပြင်းလာ၏။

ကျနော်တို့ ပထမနှစ် များကတော့ တုံဋိဘာဝေ..ပေကလပ်၊ ပေကလပ်။ ရင်တွင်းမတော့ တလှပ်လှပ် ခုန်နေသော နှလုံးခုန်သံနှင့်အတူ ကြောက်စိတ်တို့သာ တိုးလာနေ၏။ ကျနော်တို့ ပစ္စည်းလည်း မဟုတ်။ ကျနော်တို့ အပြစ်လည်းမပါ။ သို့သော် ဘာကို ကြောက်လို့ ကြောက်နေမှန်း မသိသော ကြောက်စိတ် တို့က ရေတံခွန်မှ ရေအလျှင်အလား။ တဖွားဖွား..ကြောက်လာ၏။ နဂို ရိုက်သွင်း ခံထားရသော အားလုံးကို၊ မဲမဲမြင်သမျှကို ကြောက်နေရသည့် စစ်သားသစ် ဘ၀မို့လည်း…။ ဤလိုကြုံခိုက်၊ မဟာ အခွင့်အရေး ရခိုက်မှာ အကြောက် မာန်တက်လာခြင်းလည်း ဖြစ်မည်ထင်၏။

ချမ်းသည်နှင့် ရော၍ အကြောက်ဒူးတို့ တဆတ်ဆတ် တုန်လာနေ၏။ ရာသီဥတု ချမ်း၍ပဲ ဒူးတုန် သလိုလို။ ကြောက်စိတ်ကြောင့်ပဲ တုန်သလိုလို၊ အမှန်တကယ်က…..၊ ယခုဖြစ်နေသော နည်းပြအရာရှိ များနှင့် စီနီယာ ဗိုလ်လောင်းများ အကြား တင်းမာမှု အခြေအနေကို၊ ကြားမှ စိုးရိမ်ထိတ်လန့်သော ကြောက်စိတ်ကြောင့် တုန်နေခြင်းဖြစ်၏။

သင်တန်းသား ဗိုလ်လောင်းများနှင့် နည်းပြအရာရှိများ၏ စိတ်ဓါတ်ရေးရာ စိန်ခေါ်မှု တိုက်ပွဲသည် နောက်ဆက်တွဲ ရလာဒ်ဆိုးများစွာ အတွက် လက်ယပ်ခေါ်နေသလို ဖြစ်နေပြီ ဆိုခြင်းအား ကျနော်တို့ ဂျူနီယာများပင် နားလည်နေပေပြီ။

မကြာမီပင် ဒေါသသံဖြင့် အော်ဟစ်ပြောဆိုလာသော ကျယ်လောင် အောင်မြင်သည့် ဗိုလ်မှုးမြင့်လွင်၏ အသံနှင့် အတူ နည်းပြများ၊ တာဝန်ကျ ဗိုလ်လောင်းများ၊ အိပ်ဆောင်များမှ ဆင်းလာသော ဖိနပ်ခွါသံ ခပ်ပြင်းပြင်းတို့ကို ကြားရလာရ တော့ပြီ။ …..ကျနော့်ရင်တွေ ပိုပိုခုန်လာပါပြီ…..။

ငွေလမင်းသည် သာနေဆဲ..၊ သို့သော်… ဟိုး ကောင်းကင် တဖက်စွန်းနားဆီက ရွှေ့လျားလာနေသော မိုးတိမ် မဲစိုင် လှိုင်းထုကြီးသည် လမင်းလေးကို ၀ါးမြိုမည့်ဟန်ဖြင့် အမြန်ချီတက်လာနေသည်ကို လှမ်းတွေ့ရ၏။ ထိုအချိန် ဖက်ဆစ် ကင်ပေတိုင်တို့ ခြေသံလေလား၊ အထင်မှားရမည့် စစ်ဖိနပ်သံတို့ တဂွပ်ဂွပ် ကလည်း ကျနော်တို့ရှိရာ ဦးတည်လာနေချိန်။ တန်းပေါင်းစီကွင်း အတွင်းရှိ ဗိုလ်လောင်း အားလုံးထံမှ ဘာသံမျှ မထွက်တော့…။ အားလုံး တိတ်ဆိတ်နေကြပေပြီ။ ဤအဖြစ်သနစ်ကို မသိ ကြရှာသော ပိုးငယ်၊ မွှားငယ် ကိုရွှေပုရစ်တို့က သူတို့အလှည့် ရောက်ပြီဟု ယူဆကြ၍ထင်၏။ တကျီကျီ….တကျစ်ကျစ်……။

ကျနော်တို့ ဗိုလ်လောင်းအားလုံး တန်းစီကွင်းအတွင်း တိတ်ဆိတ်စွာ နေလိုက်ကြရပြီး ဗိုလ်မှုးမြင့်လွင် နှင့် နည်းပြများ ဆင်းလာသည်ကို ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်နေကြ၏။ ကျောက်မဲခေါ် ဗိုလ်မှုး မြင့်လွင်၏ အောင်မြင်စူးရှသော မိန့်ခြွေသံကြီး ပေါ်ထွက်လာလေပြီ။ ညဥ့်သန်းခေါင်ကျော် နှစ်ချက်တီး ချိန် မိုးသောက်ယံ မတိုင်ခင်၏ လေညင်း အေးအေးသည် ဤကျက်သရေ နည်းပါးလှသော ဆိုဆုံးမ စကား၊ ဆဲဆိုသံများကြောင့် ငြိမ်းချမ်းစွာ မအေးမြတော့ဟု ထင်လာရ၏။

“မင်းတို့ ဗိုလ်လောင်းတွေ၊ ကျောင်းက ထုတ်ပြန်ထားတဲ့ အမိန့်ကို အတိအကျ မလိုက်နာကြဘူး၊ လျှက်စစ်ပစ္စည်း မသုံးစွဲရ ဆိုတာကိုသုံးတယ်၊ မလုပ်နဲ့ဆိုတာကို အကုန်လုပ်တယ်၊ ပြောတော့မိုး --ိုးတော့ မြေကြီး၊ --ီး ဗိုလ်လောင်းလား…။ မင်းတို့ စောင့်သုံးကျတာ ဘာရှိလဲ၊ ဖါချမယ်၊ အရက်သောက် မယ်၊ ပေါက်ကရလုပ်မယ်၊ စည်းကမ်းဖေါက်မယ်။ ဒါဗိုလ်လောင်း အလုပ်လား၊ အခုကြည့်စမ်း ကတ်ဆက်တွေ တပုံကြီး သီချင်းတငြိမ့်ငြိမ့်နဲ့ ဒါအနုပညာကျောင်း မဟုတ်ဘူးကွ..။”
(မှတ်ချက်…။ ထိုကာလအတွင်း မြန်မာပြည်နေရာ အနှံ့အပြားတွင် မငြိမ်သက်မှုများ ဖြစ်နေသည်ဟု ကျနော်တို့ ကြားသိရသည်။)

“ကဲ..လူစစ်စမ်း၊ လူစုံလား ဗိုလ်လောင်းတာဝန်မှုး၊ အမှတ်စဉ်မှတ်ခိုင်းစမ်း”
ထိုသို့ တန်းစီကွင်းထိပ်ရှိ စကားပြော စဉ်မြင့်ရှိရာ ကြည်း၊ ရေ၊ လေ ရုပ်တုကြီး အောက်ခြေမှ မိန့်ခွန်းတွေ ခြွေနေသော ဗိုလ်မှုးမြင့်လွင်၏ နောက်ထံပါးဝယ်၊ နည်းပြအရာရှိ သုံးပွင့်တပ် ဗိုလ်ကြီး တဦးက ဘယ်သူ့၊ ဘယ်ဗိုလ်လောင်း၏ အခန်းထဲက သူသိမ်းဆည်း လာခဲ့မှန်း မသိသော ရီမုတ် ကွန်ထရိုးဖြင့် ထိန်းသိမ်းမောင်းနှင် နိုင်သည့် ကားငယ်လေး တစင်းကို ဆော့ကစား မောင်းနှင်နေ၏။ သူနှင့် အခြားသော အရာရှိတသိုက် တပြုံးပြုံးနှင့် ထိုကားလေးကို သဘောကျနေကြ၏။

အမှတ်စဉ် မှတ်ခိုင်းနေစဉ်အတွင်း တန်းစီနေကြသူ လူအုပ်တွင်းတွင် ပွစိ၊ ပွစိ စကားသံ တချို့ ထွက်ပေါ်လာ၏။ ထိုအချိန်အထိ ပြိုင်ကားငယ်မှာ ကျနော်တို့ မြင်ကွင်း မီးရောင်ထင်းထင်း အောက်တွင် ပြေးလွှား မောင်းနှင် ကောင်းဆဲဖြစ်၏။ ထိုအဖြစ်အပျက်ကို မကျေနပ်သူတွေ ထွက်ပေါ် လာနေ၏။ မိမိတို့ ဗိုလ်လောင်းပိုင် ပစ္စည်းကို သူပိုင်တခုလို သိမ်းယူလာပြီး သွေးအေးအေးနှင့် မောင်းဆော့ နေသော ကလေးမဟုတ်၊ ခွေးမဟုတ် နည်းပြစစ်ဗိုလ်ကြီး အကြောင်းကို အတင်းတုတ် နေ၏။

“ဗိုလ်လောင်းတွေ စကားမများနဲ့” ထို ကားဆော့ ကစားနေသူ ဗိုလ်ကြီးက လှမ်းအော်၏။ ဗိုလ်မှုး ကျောက်မဲကား တန်းစီ လူစစ်နေသော တပ်ခွဲလိုက် အမှတ်စဉ် မှတ်နေပုံကို သတိကြီးစွာဖြင့် လိုက်လံ ရေတွက်နေ၏။ စကားသံတို့က မစဲသေး။ စောစောက ဖြစ်ပျက်ခဲ့သော မတရားမှုများ၊ ဗိုလ်လောင်းများ ပိုင် ပစ္စည်းများကို ဖျက်ဆီးခံခဲ့ရမှုများ အကြောင်း ပွစိ၊ ပွစိ ပြောဆဲဖြစ်၏။
“ဗိုလ်လောင်းတွေ စကားမများနဲ့ ငါပြောနေတာ မကြားဘူးလား”
ပွစိ၊ ပွဆ ဟိုမှ သည်မှ ထွက်နေဆဲ။ ကျောက်မဲပါ ဒေါပွလာပြီ ထင်၏။
“ ဟေ့ကောင်တွေ စကားမများနဲ့လို့ ပြောနေတာ မကြားဘူးလား၊ မအေ--ိုးတွေ… ခွေး သူတောင်းစား တွေ…အခုတိတ်စမ်း”

ယခု ကျနော်တို့ ရှေ့ရောက်နေသည့် နည်းပြများထဲတွင် ဗိုလ်မှုးကျောက်မဲသည် ရာထူး အကြီးဆုံး ဖြစ်သလောက် စကားပြော အယဉ်ကျေးဆုံး ဖြစ်၏။ ဆဲသံ၊ မပါလျှင် စစ်ဗိုလ့် စကားမမည်ဟု များ ဘယ်ဆရာကများ သူ့ကို သင်ပေးထားသည်မသိ။ ခဏတော့ တိတ်သွား၏။ မကြာပါ.. စကားသံ ပြန်ထွက်လာပြန်သည်။ နှစ်ကြိမ်မျှ အငေါက်ခံနေရသည့်တိုင် ဗိုလ်လောင်းများကတော့ မတိတ်သေး..။ စောစောကလိုမျိုး တိုက်ပွဲဝင် အာခံသံတွေ ထပ်ထွက်လာ၏။ တယောက်တပေါက်နှင့် (လူညီလျှင် ဤကို ကျွဲလို့ ဖတ်နိုင်သည့် ပုံစံမျိုး)။ ၀ရူး၊ ၀ရား၊ ရှုးရှားရှားနှင့် ၀ူးဝူးဝါးဝါး အသံ တချို့ပါထွက်လာ၏။

“ဟေ့ကောင်တွေ မအေ--ိုးတွေ၊ ခွေးတွေ စကားမပြောနဲ့လို့ ပြောနေတာ မကြားဘူးလား” ကျောက်မဲက ထပ်အော်၏။ တချို့ တပ်ခွဲက လူအစစ်ဆေးခံသည့် အနေဖြင့် တစ်၊ နှစ်၊ သုံး..စသည်ဖြင့် အမှတ်စဉ် အော်ဟစ် ရွတ်ဆိုနေချိန်ဖြစ်၏။ ထိုအမှတ်စဉ် ရွတ်သံများနှင့် ရော၍ မည်သူက ရောင်တော်ပြန် ရောလွတ် အော်လိုက်သည်မသိ၊ ခွေးတကောင် အူသည့်နှယ် “အု…အူ” ဆိုသည့် မကြားတကြား အော်သံ၊ လှောင်သံက လျှက်တပြတ် ထွက်ပေါ်လာ၏။

ထိုစဉ် ချက်ချင်းပင် နည်းပြအရာရှိများ၊ ရှုးရှုးရှားရှား ဖြစ်သွားကြ၏။
“စောစောက ခွေးလို အူတာ ဘယ်သူလဲ၊ အခုရှေ့ထွက်ခဲ့စမ်း၊ ကြားလား၊ ဘယ်ကောင်အော်တာလဲ ”

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ပါ

0 ထင်မြင်ချက်: