Friday, March 21, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၆)

ထိုနည်းပြမူးချုပ် ဗိုလ်မှုးကြီးသည် စစ်သက္ကသိုလ်မှ ဗိုလ်လောင်းများအား စစ်ပညာ သင်ကြားရေးတွင် ကြီးကြပ်အုပ်ချုပ်သူ အဖြစ် တာဝန်ယူပို့ချခဲ့ပြီး၊ တဆင့်မြင့် ရာထူးတိုးကာ ကရင်ပြည်နယ်ရှိ ခြေမြန် တပ်မ ဌါနချုပ်တခုသို့ စစ်ဗျူဟာမှုး အဖြစ် ပြောင်းရွှေ့သွား၏။ ထိုသို့ ပြောင်းရွှေ့ရောက်သွားပြီး များမကြာမီမှာပင် စိတ်မကောင်းဖွယ်ရာ သတင်းတခုကို ကြားရ၏။ ရှေ့တန်းစစ်စခန်း တခုသို့အသွား ၎င်းစီးနင်းလာသော စစ်ယဉ်သည် ကေအင်န်ယူတို့ ထောင်ထားသော ကားမိုင်းနင်းမိ၍ ကားပေါ်လိုက် ပါလာသူ ထိုဗျူဟာမှုး အသစ်စက်စက် ခြေထောက်ပြတ်တောက်သော ဒါဏ်ရာရရှိခဲ့သည်ဟု ကြားသိ ရ၏။ မိမိတို့အား သင်ပြပေးခဲ့ဖူးသည့် ဆရာဖြစ်၍ ကျနော်တို့ အားလုံး စိတ်မကောင်းပါ။
သို့သော် မတတ်နိုင်။

ဆရာသင်ပေးခဲ့သည့် စစ်ပညာ အရပ်ရပ်တွင် သူကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီ ဖြစ်သော မိုင်းရှောင်သည့် အတတ်ပညာ မပါရှိခဲ့လေသောကြောင့်လား မသိ။ မိမိတို့ ဗိုလ်လောင်းများ အတွက်လည်း လက်တွေ့ စစ်တပ်များရောက်လျှင် စစ်မြေပြင်ဟူသည်နှင့် အတူ မိုင်းဟူသည့် ပေါက်ကွဲ၊ ခြေပြတ်၊ သေတတ် စေတတ်သော အန္တရာယ်သည် အဆင်သင့် စောင့်ကြိုနေသည်ဟုလည်း သတိပေးရာ ရောက်လာတော့ သည်။ ထိုကာလ ရက်ပိုင်းများ အတွင်း ရန်ကုန်နှင့် မန္တလေး မြို့ကြီးများမှ ကျောင်းများတွင် ကျောင်းသား လူငယ်များနှင့် ရဟန်း သံဃာ အချို့တို့ ဦးဆောင်မှုဖြင့် နေရာ အတော်များများ၌ ဆူပူအုံကြွမှု (စစ်တပ်အခေါ် ဖြစ်ပါသည်။ တကယ့်တကယ်က လူထုတော်လှန်ရေး အုံကြွမှုဖြစ်ရန် အစပျိုးနေသည့်) ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်ဟု ကြားသိရပါသည်။ ဘယ်သူကမှ လာမပြောပါ။ ရေဒီယို နားထောင်သူများမှ တဆင့် သိရှိရခြင်းဖြစ်၏။ တပ်ပြင်ထွက်ခွင့် ပိတ်ထားခံရသော ရက်ပိုင်း များသည် ထို အဓိကရုဏ်း ဖြစ်နေခဲ့သော ရက်စွဲများပင် ဖြစ်နေပေလိမ့်မည်။

မိမိတို့ ကျောင်းတွင်းမှာတော့ ဘာမှမထူးခြားပါ။ စည်းကမ်းအတိုင်း၊ သင်ရိုးညွှန်းအတိုင်း၊ သင်ခန်းစာ မပျက်၊ စာသင်ဆောင်သွားမပျက်၊ ထမင်းစားမပျက်၊ အပြစ်ပေးခံမပျက်ကြပါ။ တပ်ပြင်ထွက်ခွင့် ပိတ်ခံ ရသော စနေ၊ တနင်္ဂနွေနေ့ အချို့တွင်သာ စီနီယာ ဖိုင်နယ်များ၏ မကျေမနပ်ဖြင့် တောင်အော်၊ မြောက်အော်၊ သံသေး သံကြောင်ဖြင့် အော်သော အော်သံအချို့သာ ကျောင်းပုရ၀ုဏ် အတွင်း လှိုဏ်ထပ်နေ၏။ ထိုသို့ အော်သော်လည်း မည်သူမျှ လာရောက်စစ်ဆေးခြင်းမရှိ၊ တားမြစ်သူ မရှိပါ။

ဤဖြစ်ရပ် ဖြစ်စဉ်မျိုးမှာ ရိုးနေပေပြီ။ စီနီယာတို့သည် နည်းပြအုပ်ချုပ်သူ ကွယ်ရာ (ယခုလို အချိန်မျိုး) တွင် ၎င်းတို့ ရင်တွင်းခံစားနေရသော မကျေနပ်ချက်ကို ထိုသို့ အော်ဟစ်ဆဲဆို လိုက်ခြင်းဖြင့်သာ ဖြေသိမ့်ရ၏။ တပ်ပြင်ထွက်ခွင့် ပိတ်လိုက်သောကြောင့် တပ်အပြင်ဖြစ်သော မေမြို့ အတွင်းသို့ ထွက်လည်ခွင့် မရ။ ထွက်လည်ခွင့် မရသောကြောင့် ၎င်းတို့၏ ပျော်ရွှင်ဖွယ် အချိန်လေးများ အလဟဿ ဖြစ်ရသည်။ ချိန်းဆိုထားသော ပျိုပျိုတို့နှင့် လွဲရသည်။ ထိုအခါ ကျွဲမြီးတိုခြင်း၊ ဒေါကန်ခြင်း၊ အလိုမကျခြင်းတို့ အလိုလိုဖြစ်လာသည်။ အင်မတန် တောင့်တထားသော မ ဓါတ်ဆိုသည်နှင့် လွဲချော် ရခြင်းပေါ် အပြင်းအထန် အလိုမကျ၊ အစားထိုးနိုင်ဖွယ် မရှိခြင်းတို့ ရောယှက်ကာ မည်သူ့ကို စိတ်တိုရ မှန်းမသိ၊ အလိုလို စိတ်တွေတိုကာ စိတ်ထင်သလို ညောင်နာနာ၊ ကြောင်တတ်တတ်… အသံသေး၊ အသံကြောင်၊ အော်ဟစ် သောင်းကျန်းကြတော့၏။

ဤမကျေနပ်မှုကြောင့် ဖိုင်နယ်များ အော်ဟစ်သောင်းကျန်း ကြခြင်းကို အုပ်ချုပ်ရေး တာဝန်ကျသူ ဖိုင်နယ်ဗိုလ်လောင်းများက ကျောင်းအာဏာပိုင် လုပ်သူတို့ကိုလည်း သွားတိုင်မပြောရဲပေ။ သူတို့ကား ကြောက်စရာ၊ လန့်စရာမဲ့သော စစ်သက္ကသိုလ်၏ ဘုရားဟု သမုတ်ထားခံရသူ ဖိုင်နယ် ရီးယား ဗိုလ်လောင်း စီနီယာ ကြီးများဖြစ်ကြ၏။ သို့ဖြစ်သောကြောင့် သူတို့ဘ၀က လွတ်လပ်ကြပါသည်။ စိတ်ထင်တိုင်း (ယခုကဲ့သို့ ကျောင်းပိတ်ရက် နည်းပြအရာရှိများ အိပ်ဆောင်ပေါ်မရှိခိုက် သောင်းကျန်း နိုင်ကြပါသည်။ ရင်ဖွင့် အော်ဟစ်နိုင်ကြ၏။ (ကျနော်တို့ ဖိုင်နယ်ရောက်လာသော အခါလည်း ထိုနည်းတူပင် အော်ဟစ်သူတွေ ပေါ်လာပါသည်။ ရှေ့ဆောင်နွားလား တို့၏ ခွါရာနင်းသူတို့ ဖြစ်၏။)

ထိုကာလ၊ ထိုသို့ မကျေမနပ်ဖြင့် ဆူဆူပူပူ လုပ်လိုသည့် အဖြစ်အပျက်မျိုး၊ အနေအထားမျိုး ရောက်လာသော ကာလတခု၌ ကျနော်တို့ ဗိုလ်လောင်းအားလုံး ပညာပေး နှိပ်စက်ခြင်း ခံရသော ညတညကို မှတ်မိပါသေးသည်။
ထိုတရက်….လရောင်တို့ ထိန်ထိန်သာနေသော တောင်ပေါ်မေမြို့၏ လပြည့်ညတည…။

တပ်ပြင်ထွက်ခွင့်များ အပိတ်ခံရခြင်း၊ နည်းပြအရာရှိများ၏ နည်းမျိုးစုံဖြင့် သင်တန်းသား ဗိုလ်လောင်း များအပေါ် ကြပ်ခြင်း၊ စောင့်ကြည့် ခြိမ်းခြောက်ခြင်း၊ အပြစ်ပေးခြင်း၊ (ဖိုင်နယ် ဗိုလ်လောင်းများအား နည်းပြ အရာရှိများက အပြစ်ပေးပိုင်ခွင့်ရှိသည်။ ကျနော်တို့ ဂျူနီယာများ၏ မျက်စိရှေ့မှောက်တွင်တော့ မဟုတ်ပါ။) ခံရဖန် များလာနေသော ထိုရက်မျိုးကို ကျနော်တို့ မမေ့သေးပါ။ အလိုမကျ ဆူပွက်သော ဗိုလ်လောင်းတို့၏ လှုပ်ရှားမှု အခြေအနေသည် ခါတိုင်းနှင့် မတူ၊ ကျနော်တို့ ပထမနှစ်များ မိုးပြိုမည်ကို ကြောက်နေရသော ယုန်သူငယ်လေးများကဲ့သို့ နဂိုကြောက် နေကြရသည့်အထဲ၊ အကြောင်းမရှိ အကြောင်းရှာ အပြစ်ပေးတတ်သော ဖိုင်နယ်တို့ ရန်က ပိုများလာ၏။ အလုပ်မရှိ ချစ်တီးခေါင်း သန်းရှာ တတ်သူတို့၊ သူတို့စိတ်အလိုမကျ ဖြစ်မှုများလာသော ဤအချိန်တွင် စိတ်တို့ ဖြေဖျောက်ရာသည် ကျနော်တို့ အပေါ်တွင်သာ ကျ၏။

အောက်ပတ်စ်ခေါ် တပ်ပြင်ထွက်ခွင့် ပိတ်ခံရသဖြင့် အလိုလို မကျေမနပ်ဖြစ်ကာ ပူညံပူညံ လုပ်သူ ယခင်ကထက် ပိုများလာနေ၏။ အကြောင်းမရှိ အကြောင်းရှာ အော်ဟစ်ဆဲဆို နေသံများ၊ ဟိုမှသည်မှ သံသေးညောင်နာ စူးစူးရှရှ အော်ဟစ်သံများ မကြားစဖူး အတော်ကြားလာ နေရ၏။ အိပ်ဆောင် ၀န်းကျင်သို့ နည်းပြ အရာရှိငယ်များ ရောက်လာသည့် အခါတွင်လည်း၊ မကြားတကြား နောက်သလိုလို အတည်လိုလိုနှင့် မိမိတို့ အခွင့်အရေးများ ဆုံးရှုံးရသည်ကို မကြိုက်နှစ်သက်သည့် သဘောမျိုး ဆောင်ပြကြ၏။ ဤသို့ ပေါ်ပေါ်ထင်ထင် လုပ်လွန်း၊ အော်လွန်း ပြောကြလွန်း၍လားမသိ။ အထက် အာဏာပိုင်လုပ်သူကို ထီမထင် မထေမဲ့မြင် ပြုရဲကြသူ၊ ဗိုလ်လောင်း သင်တန်းသားများအား ပညာပေး သည့် ပုံစံဖြင့် ထုံးစံထက်ပိုမို တင်းကျပ်သည့် စည်းကမ်းများ ထုပ်ပြန်ကာ အနီးကပ် စောင့်ကြည့်လာ၏။ ကျနော်တို့ ဗိုလ်လောင်း တပ်ရင်း တရင်းလုံးကို မကြာခဏ လျှက်တပြက် တန်းစီလူစစ်ခြင်း၊ (surprise check)။ ညကြီးသန်းခေါင် ရှောင်တခင် တန်းစီ လူစစ်ခြင်းတို့ကို အမြင်ကပ်၊ စိတ်ရှုပ်ထွေး၊ နာကျည်း ဖွယ် ဖြစ်လောက်အောင် လုပ်လာတော့၏။

ကျနော်တို့ ဗိုလ်လောင်း သင်တန်းသားများ အတွက် ထုပ်ပြန်ထားသော စည်းကမ်းတခုကို စာဖတ် သူတို့ သိပြီးဖြစ်ပါသည်။ ဗိုလ်လောင်းများသည် လျှက်စစ်ပစ္စည်းဆို၍ ဘာဆိုဘာမှ သုံးစွဲပိုင်ခွင့် မရှိပါ။ ဓါတ်ခဲ ထည့်သုံးရသည့် ရေဒီယိုကိုပင် သုံးခွင့်မရှိ။ ကတ်ဆက်၊ မီးပူ၊ ပန်ကာ၊ ထမင်းပေါင်းအိုး ဘာဆိုဘာမှ သုံးခွင့်မရှိပါ။ လျှက်စစ်သုံးသော၊ လျှက်စစ်ဓါတ်နှင့် သက်ဆိုင်သော ပစ္စည်းဆို ဘာမျှ သုံးခွင့်မရှိ။ ထိုလျှက်စစ်ပစ္စည်း မသုံးစွဲရဟူသော အမိန့်နှင့် ပတ်သက်၍၊ ဗိုလ်လောင်းများ လိုက်နာမှု ရှိမရှိ၊ စစ်ဆေးခြင်းများ ထိုရက်ပိုင်းအတွင်း အတော်ကြပ်လာ၏။ ဗိုလ်လောင်းများ အိပ်ဆောင်အပေါ် ရှောင်တခင် တက်ရောက်ရှာဖွေခြင်းများ လုပ်လာ၏။

ကျနော်တို့ အားလုံးအတွက် အင်မတန် အိပ်ကောင်းနေသော ညတည …။ ကျောင်းပိတ်ရက် အားလပ် သောစနေညမို့ ညပိုင်းတွင်လည်း ညဥ့်နက်သည်အထိ ဗွီဒီယိုတွေကြည့်၊ လုပ်ချင်တာတွေလုပ်၊ လူတိုင်းအားနေကြသည်။ တနေကုန် ပျော်ပါးပြီး မောဟိုက် ပင်ပန်းကြသည်နှင် ညနက်ပိုင်းတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေကြကုန်၏။ အိပ်ကောင်းကောင်းနှင့် အိပ်ပျော်နေကြချိန်၊ ညဥ့်နှစ်နာရီခန့်တွင်၊ ငှက်ဆိုးထိုးသံနှယ် ဆူညံနေသော ၀ီစီ ခရာမှုတ်သံ တတွီတွီ အဆက်မပြတ် ပေါ်ထွက်လာတော့၏။ ချက်ချင်းတန်းစီရန် အော်ခေါ်နေသော အသံများ ဆူညံလာ၏။ အိပ်မှုန်စုံမွှား ထလာကြသော ဗိုလ်လောင်းတိုင်း၏ ပါးစပ်မှ နည်းမျိုးစုံသော ဆဲဆိုသံ၊ ညည်းတွားသံများ၊ မကျေမနပ် ဆောင့်အောင့် အော်ခေါ်သံများ အိပ်ဆောင်တိုင်း၏ ကော်ရစ်တာ တလျှောက် ဆူညံစွာ ကြားလာရတော့၏။ တိမ်ကင်း စင်နေသေးသော ကောင်းကင်ယံဝယ် ငွေလမင်းသည် ထိန်ထိန်သာနေ၏။ ပိုးမွှားငယ်တို့ အသံစီစီများ၊ ပုရစ်အော်သံလိုလို အသံများ တကျစ်ကျစ် မြည်သံများသည် သာယာအေးမြသော ညကို အလှပို ထင်စေ၊ တန်ဆာဆင်နေ သလိုပါပင်။ သို့သော် ကျနော်တို့ မပျော်နိုင်ပါ။ မကြည်နူးနိုင်ပါ.. ခင်ဗျား။

ထိုအချိန် ပတ်ဝင်းကျင် တခွင်မှ သဘာဝ ပိုးမွှားတို့ အော်မြည်သံသည် ချက်ချင်း တိတ်ဆိတ်သွားတော့ သည်ဟု ထင်ကြရသည်၏။ အဘယ့်ကြောင့်ဆိုသော် ဆူညံသော အော်သံ၊ ဟစ်သံတို့က တမဟုတ် ချင်း ညံလာ၊ လွှမ်းလာသောကြောင့် ဖြစ်၏။ ထိုမြင်ကွင်း၊ ထိုအသံ၊ ထိုအဆင်း၊ ထိုအချင်း တို့မှာ ကျနော်တို့ အတွက် မရိုးတော့ပေ။ မကြာခဏ ကြားရလွန်းပြီမို့၊ အိပ်ငိုက်လျှက်နှင့် မကြာခဏ တန်းစီ ခဲ့ကြရ ပြီးပြီမို့ မထူးဆန်းတော့ပါ။ အလွန်အင်မတန် အိပ်ငိုက်နေသော ကျနော်တို့ ဗိုလ်လောင်း များအား ချက်ချင်း၊ အမြန်ဆင်းလာရန် အော်သံများ၊ တွန်းအားအဖြစ် အချက်ပေး ခေါ်ယူနေသော ခရာတတွီတွီ မှုတ်သံများ၊ တပ်ခွဲလိုက် နည်းပြ အရာရှိ၏ အိပ်ဆောင်များ အောက်မှ အော်ဟစ် ခေါ်သံများသည်၊ အခန်းတံခါးတွေ တဒေါက်ဒေါက်ခေါက် အော်နှိုးသံများက ပြင်ပအရပ်သား တယောက် အတွက်မူ ထိုညက ကမ္ဘာပျက် နေခဲ့သည်ဟု ထင်ကြမည်ပင်။

အိပ်ဆောင်စောင့် အဖြစ်ပင် ကျန်နေခွင့်မပေး။ ရှိသမျှ အားလုံးတန်းစီရန် အော်ပြောနေသံ ကြားရသော ကြောင့် တခုခုတော့ ထူးပါပြီ၊ မလာစဖူး၊ အလာထူးသော နည်းပြအရာရှိ အတော်များများပါ ရောက်လာ နေသောကြောင့် စစ်သက္ကသိုလ်အတွင်း တခုခုတော့ ဖြစ်နေလို့ ဖြစ်မည်ဟု ကျနော်တို့ တွက်ဆ မိကြ၏။ တပ်ခွဲလိုက်တန်းစီ၊ ညာညှိ၊ အမှတ်စဉ်မှတ် အော်သံ၊ ဟစ်သံ၊ ငေါက်ငန်းသံ၊ ပျောက်နေသောသူအား အော်မေးသံ၊ အိပ်ချင်၍ တ၀ါးဝါး သမ်းဝေသံ၊ ခါးကြောများ တဂျွတ်ဂျွတ် ချိုးကာ တရေးနိုး အကြောလျှော့နေသံ အို…စုံလို့ပင်။ ထိုအသံပေါင်းစုံတို့သည် လှပသော လပြည့်ည၏ အစားပြန်မရနိုင်သော အလှကို အကျဉ်းတန် စေခဲ့ပါပြီ။ ဗိုလ်လောင်းအားလုံး ဗိုလ်လောင်းတန်းစီ ကွင်းကြီးတွင် ရောက်ရှိပြီး တန်းစီ လူစစ်နေချိန်တွင် နည်းပြ အရာရှိများသည် ဗိုလ်လောင်းအိပ်ဆောင် များပေါ် တက်ရောက်သွားတော့သည်။ သူတို့နှင့် အတူ ဗိုလ်လောင်း တာဝန်ကျ (အပွိုင့်မင့် ကဒက်) များပါ လိုက်သွားကြ၏။ ကျနော်တို့ကား ချမ်းအေးလှသော လေအေးတဖြူးဖြူး တိုက်ခတ်ကျီစယ်သော ဒါဏ်ခံရင်း တန်းစီမတ်တပ်ရပ် စောင့်နေကြရဆဲ။ စီနီယာတို့ ပါးစပ်ကလည်း ပွစိ၊ ပွစိ။

ချမ်းဒါဏ်ရော၊ အိပ်ရေးပျက်ဒါဏ်ရော၊ အချိန်မတော် တန်းစီခြင်း လုပ်ခိုင်းသည့် အဖြစ်ကိုရော၊ အားလုံး စုပြီး တယောက်တမျိုး မကျေနပ်သံတွေ ပြောနေကြသဖြင့် တန်းပေါင်းစီကွင်း တခွင်သည် ရုပ်ရှင်ရုံမှ ရုပ်ရှင်အပြီး ညောင်းညာ ထွက်ပေါ်လာသည့် လူအုပ်ကြီးများထံမှ ဆူညံသံများ ကဲ့သို့ ညံလှသည်။ တယောက်တပေါက် ပြောနေကြသည်မှာလည်း အစုံ…။

ထိုအချိန် အိပ်ဆောင်ပေါ်တက်သွားသော နည်းပြတို့ ပြန်ဆင်းမလာသေး။ တန်းစီကွင်းမှ ပေ၅၀ ခန့် သာ အကွာရှိ သုံးထပ် အိပ်ဆောင်များပေါ် တခန်းဝင် တခန်းထွက်၊ တံခါးများ တွန်းဖွင့်ပြီး အခန်းထဲထိ ၀င်ရောက်စစ်ဆေး ရှာဖွေနေသည်ကို တွေ့ရ၏။ ကျနော်တို့ တန်းစီကွင်း နောက်ကျောရှိ အနော်ရထာ တပ်ခွဲဆောင်၊ အောင်ဆန်းတပ်ခွဲဆောင် တို့ကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်မှု တာဝန်ခံ အရာရှိများက တက်ရောက် ရှာဖွေလျှက်ရှိသည်။ ကျနော်တို့ ရှေ့တည့်တည့် အောင်စစ်သည် (ဘုရင့်နောင်)တပ်ခွဲ အိပ်ဆောင် ဖိုင်နယ်အိပ်ခန်းများထဲ စစ်ဆေးနေသော နည်းပြအရာရှိ ကျောက်မဲ (အက်စ်အိုင်) ဗိုလ်မှုး မြင့်လွင်သည် ပစ္စည်းတစုံတခုကို ကိုင်၍ ကော်ရစ်တာဘက် ထွက်လာ၏။ သူ့နောက်မှာလည်း ဗိုလ်လောင်း တာဝန်ကျများ၊ အခြားတပ်ခွဲ အရာရှိများပါ၏။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine


PDF ဖိုင်ဖြင့်ဖတ်လိုပါကဤနေရာတွင်ဒေါင်းလုပ် လုပ်ပါ

0 ထင်မြင်ချက်: