Tuesday, April 8, 2008

ဒါဖတ်ပြီးမှ မဲပေးပါ (၁)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းဟာ လူတယောက်၊ ပါတီတဖွဲ့၊ အဖွဲ့အစည်းတခု အကျိုးစီးပွားအတွက် ရေးဆွဲ ထားတာ မဟုတ်ပါဘူးလို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် မကြာခင်က ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး သိန်းစိန် ပြောတာ မှန်မမှန် စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို မြေလှန် ဆန်းစစ်ဖို့ လိုလာပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲဖို့ အမျိုးသား ညီလာခံ စကျင်းပတဲ့ လွန်ခဲ့တဲ့ (၁၄) နှစ်ကို ပြန်ကြည့်ရင် ညီလာခံ ဦးတည်ချက် (၆)ချက် သတ်မှတ်ထား ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းအတွက် အခြေခံမူတွေ အမျိုးသားညီလာခံက တဆင့် ရေးဆွဲရာမှာ ဒီ ဦးတည်ချက် (၆) ချက်နဲ့ မလွတ်စေဖို့ စစ်အစိုးရက ကြိုတင်ဘောင်ခတ် ထားတာပါ။

ညီလာခံ ဦးတည်ချက် နံပါတ် (၆)အချက်မှာ အနာဂတ် နိုင်ငံတော် အမျိုးသား ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော် ပါဝင် ထမ်းဆောင်ရေးလို့ အတိအလင်း ရေးထားပါတယ်။ ဒါကြောင့် စကတည်းက စစ်တပ်အကျိုးအတွက် ရည်ရွယ် ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ဆိုတာရှင်းနေပါတယ်။ ဒီအချက်ကို ညီလာခံတက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အတော်များများ လက်မခံပေမဲ့ နောက်ဆုံး အလျှော့ ပေးခဲ့ရပါတယ်။ ဒိနောက် အနာဂတ် နိုင်ငံရေးမှာ စစ်တပ် ကြိုးကိုင်နိုင်ဖို့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းထဲမှာ စစ်တပ်ကဏ္ဍတွေကို ပြဋ္ဌာန်း နိုင်အောင် ညီလာခံကိုယ် စားလှယ် (၆)ဦးပါတဲ့ အဖွဲ့တခုက အဆိုအမျိုးမျိုး တင်သွင်းခဲ့ပါတယ်။ ဒီကိုယ်စားလှယ် တွေကတော့ တချိန်က အန်အယ်လ်ဒီက အထုတ်ခံထားရတဲ့ အမတ်တွေ ဖြစ်ပါတယ်။

မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် (၁) က ဦးကြည်ဝင်း၊ မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် (၂) ကဦးတင်ထွန်းမောင်၊ တွံတေး မဲ ဆန္ဒနယ် အမှတ် (၂) က ဦးမြလှိုင်၊ ကျိုက်လတ် မဲဆန္ဒနယ်အမှတ် (၂)က ဦးတင်ဝင်း၊ တောင်တွင်းကြီး မဲဆန္ဒနယ် အမှတ် (၁) က ဦးသိန်းကြည်နဲ့ မင်းဘူးမဲဆန္ဒနယ် အမှတ် (၂) က ဦးလှစိုး တို့ (၆)ဦးဖြစ်ပါတယ်။
အန်အယ်လ်ဒီ ကထုတ်ပယ်ထားတဲ့ ဒီအမတ်(၆)ဦးဟာ အမျိုးသား ညီလာခံမှာ တပ်မတော် အခန်းကဏ္ဍ သမ္မတ လုပ် ပိုင်ခွင့် စတဲ့ အရေးပါတဲ့ ကဏ္ဍတွေကို အကြံပြုခဲ့သူတွေ ဖြစ်ပါတယ်။

စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ရေးဆွဲရာမှာ ညီလာခံဦးတည်ချက် (၆)ချက်နဲ့ ဘောင်ခတ်ရုံသာ မက စစ်တပ်ကဏ္ဍ ပစ်ပယ်သွားတာမျိုး မဖြစ်ရအောင် အခြေခံမူ (၁၀၄) ချက် ဆိုတာပါ မူလကတည်းက သတ်မှတ်ပြီး ဒီဘောင်ထဲက ရေးရမယ်လို့ ထပ်ပြီး ပြဋ္ဌာန်းပြန်ပါတယ်။ စစ်အစိုးရ သတ်မှတ်တဲ့ အခြေခံမူ (၁၀၄) ချက်ကို ဆင့်ပွားပြီး အမျိုးသားညီလာခံ အဆင့်ဆင့်မှာ ညီလာခံ ကိုယ်စားလှယ်တွေ အသေးစိတ် အဆိုပြုတာကိုတော့ အသေးစိတ် အခြေခံ ရမယ့်မူတွေလို့ သုံးနှုန်းပါတယ်။ အမျိုးသား ညီလာခံက အတည်ပြုထားတဲ့ အသေးစိတ် အခြေခံရမယ့် မူတွေကို အခြေခံ ပြီးမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ဆိုပြီး စစ်အစိုးရက ပုဒ်မတပ် ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ကြည့်ရင် အနာဂတ် နိုင်ငံရေးမှာ စစ်တပ် ကြိုးကိုင်နိုင် အောင် ခုလို အဆင့်ဆင့် ခြေကုတ်ယူ ပြဋ္ဌာန်းထားတာတွေ့ရမှာဖြစ်ပါတယ်။

- နိုင်ငံတော်သမ္မတကို စစ်ရေးအမြင်ရှိသူ ဖြစ်ရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အခန်းပုဒ်မ ၅၉ (ဃ) မှာ ပြဋ္ဌာန်းပါတယ်။ မူလက နိုင်ငံတော်သမ္မတကို စစ်ရေးအတွေ့ အကြုံရှိသူ ဖြစ်ရမယ်လို့ အဆိုပြုပြီးကာမှ ညီလာခံတွင်း ဝေဖန်မှုတွေ မကျေနပ်မှုတွေ ဖြစ်ပြီးနောက် နိုင်ငံတော်သမ္မတကို စစ်ရေးအမြင်ရှိသူ ဖြစ်ရမယ်လို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
တနည်းပြောရရင် လက်ရှိ မြန်မာစစ်ခေါင်းဆောင် တွေထဲက အငြိမ်းစားယူပြီး သမ္မတလုပ်ချင်သူ လုပ်နိုင်အောင် လမ်း ဖွင့်ပေးထားတဲ့ အချက်လို့ တချို့လေ့လာသူတွေက တွက်ပါတယ်။

- လွှတ်တော်ကို ကြည့်ရင်လဲ စစ်ဗိုလ်လွှတ်တော် ကိုယ်စားလှယ် (၂၅) ရာနှုန်းပါရမယ်လို့ ဥပဒေပြုရေး အခန်း (၄)ပြည်သူ့ လွှတ်တော် ဖွဲ့စည်းခြင်း ပုဒ်မ (၁၀၉) မှာ ပြဋ္ဌာန်းထားပါတယ်။ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၄၄၀) အနက် စစ်တပ်က တင်မြှောက်လိုက်တဲ့ စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ် ဦးရေ (၁၁၀) ရှိရမှာဖြစ်တယ် လို့ ပြဋ္ဌာန်း ထားပါတယ်။ ဒါကြောင့် ရာခိုင်နှုန်းနဲ့တွက်ရင် စစ်တပ်က လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်း ပါဝင်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

- အခြေခံမူ (၁၀၄)ချက် အရေးပေါ်ကာလ အခန်းကိုကြည့်ရင် စစ်တပ်ကို အာဏာသိမ်းခွင့် ရှိတယ်လို့ မူချထား ပါတယ်။ ဒါပေမယ့် ဒီအချက်အပေါ် ညီလာခံကာလ ဝေဖန်ဆန့်ကျင်မှုတွေ များခဲ့ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းထွက်လာတဲ့အခါ တိုင်းပြည်အရေး ကြုံလာရင် စစ်တပ်က တိုက်ရိုက် အာဏာသိမ်းခွင့် ရှိတယ်လို့ မသုံးနှုန်း တော့ဘဲ သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ကို တိုင်းပြည်တည်ငြိမ် အေးချမ်းသည်ထိ အများဆုံး တနှစ်တိတိ အာဏာ လွှဲနိုင်တယ်ဆိုတဲ့သဘောနဲ့ နားလှည့် ပါးရိုက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ (အခန်း (၁၁) အရေးပေါ် ဆိုင်ရာ ပြဋ္ဌာန်း ချက်များ)
ဒီထက်ဆိုးတာက အဲသလို တိုင်းပြည် ငြိမ်ဝပ်ပိပြားအောင် ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ယူထားတဲ့ ကာလ အတွင်း ဆောင်ရွက်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို လုံးဝ တရားစွဲဆိုခွင့် မရှိလို့ ပုဒ်မ (၄၃၂) မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ သဘော ကတော့ ပြီးခဲ့တဲ့ သံဃာ့ အရေးအခင်းလို ကိစ္စမျိုး၊ ၈၈ အရေးအခင်းမျိုး အနာဂတ်မှာ ဖြစ်လာလို့ စစ်တပ်က လူသတ်သတ်၊ ဓားပြတိုက်တိုက် ဘယ်လို နှိမ်နင်းနှိမ်နင်း အရေးယူခွင့် မရှိဆိုပြီး အခြေခံဥပဒေနဲ့ ကြိုတင်အကာအကွယ် ယူထားတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

- အရေးပေါ်အခြေအနေ ကြေညာတဲ့နေရာ မှာလည်း သမ္မတဟာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ တိုင်ပင်ပြီး လိုအပ်သလို အမိန့်ထုတ်ပြန် နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ (ပုဒ်မ ၄၁၀၊ ၄၁၁၊ ၄၁၂ )။ ဒီနေရာမှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဘယ်သူတွေနဲ့ ဖွဲ့ထားသလဲ ကြည့်ဖို့လိုပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတ နှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒု-ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ် (ပုဒ်မ ၂၀၁) ။
အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၁)ဦးကို ကြည့်ရင် သမ္မတက စစ်ရေးအမြင်ရှိသူ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒု-ကာကွယ်ရေး ဦးစီးချုပ်နှစ်ဦးက စစ်သား၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနကိုလည်း စစ်တပ်ကပဲ ကိုင်ထားမှာဆိုတော့ (၁၁) မဲမှာ စစ်တပ်က (၆) မဲ အပိုင်ရထားတာမို့ တိုင်းပြည် အရေးပေါ်ကာလ ဆုံးဖြတ်ချက်တွေကို စစ်တပ်လိုချင်သလို ခြယ်လှယ်ခွင့် ရှိမှာ ဖြစ်ပါတယ်။

- နိုင်ငံရေးအပိုင်းကို ကြည့်ပြန်တော့ နိုင်ငံ့ဝန်ထမ်းချင်း အတူတူ အရပ်သား ၀န်ထမ်းကိုတော့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခွင့်မရှိလို့ တားမြစ်ထားပေမယ့် စစ်သား စစ်ဗိုလ်ကိုတော့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်နိုင်တယ် ဆိုပြီး ခြွင်းချက်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပုဒ်မ (၁၂၁ ပုဒ်မခွဲ ည ) မှာ ပြဋ္ဌာန်းထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဖြစ်ထိုက်သူ သတ်မှတ်ချက်ထဲမှာ စစ်ဗိုလ်၊ စစ်သား ပါနိုင်တယ်လို့ ပြဋ္ဌာန်းလိုက်ရင် အရပ် ဘက် ၀န်ထမ်းတွေပါ အမတ်ဖြစ်လာနိုင်တာမို့ ခုလို ပြောင်ကျကျ အခြေခံဥပဒေကို အလွဲသုံးစားလုပ်ပြီး စစ်ဗိုလ် အမတ် (၂၅) ရာနှုန်းရအောင် ယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆ (က) မှာ နိုင်ငံ့ဝန်ထမ်းဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရမယ်လို့ ဆိုထားတဲ့အတွက် စစ်ဗိုလ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်ရမယ် ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ပုဒ်မ ၁၂၁ (ည) နဲ့ ၀ိရောဓိ ဖြစ်နေတာတွေ့ရပါတယ်။

- စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပုဒ်မ (၃၄၀) ကို ကြည့်ရင်လည်း စစ်တပ်ဦးဆောင်မှုနဲ့ ပြည်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

- စစ်ဘက် တရားစီရင်ရေးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ် ဖြစ်စေရမယ်။ တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိတယ်လို့ ဆိုထား ပြန်ပါတယ်။ (ပုဒ်မ ၃၄၃ )
သဘောကတော့ စစ်သားက ရာဇ၀တ်မှုကျူးလွန်ရင် အရပ်ဘက် တရားစီရင်ရေးက အရာ မရောက်တော့ဘူးလို ဖြစ်နေတဲ့အတွက် အနာဂတ် တရားစီရင်ရေးဟာ ရင်လေးစရာ ဖြစ်တယ်လို့ ရန်ကုန်ရှေ့နေ အသိုင်းအ၀ိုင်းက ထောက်ပြပါတယ်။ ထူးခြားတဲ့ အချက်က သမ္မတအပါအ၀င် နိုင်ငံဝန်ထမ်း အကြီးအကဲတွေကို စစ်အစိုးရ အသုံးအနှုန်းအရ စွပ်စွဲပြစ်တင် ခွင့် သတ်မှတ်ပြဌာန်း ထားပေမယ့် ကာကွယ်ရေး ဦးစီးချုပ်ကိုတော့ ဘာလုပ်လုပ် ကွင်းလုံးကျွတ် ဖြစ်အောင် အခြေခံဥပ ဒေနဲ့ ကာကွယ် ပေးထားပါတယ်။ ဒါတင်မက ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အဆင့်အတန်းဟာ ဒု-သမ္မတ အဆင့်နဲ့ တပြေးညီ ဖြစ်ရမယ်လို့ အသေးစိတ် အခြေခံရမယ့် မူတွေမှာ ပြဋ္ဌာန်း ထားပြန်ပါတယ်။

- စစ်တပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဘက်စုံ ကျားကန်ထားရုံမက စစ်တပ်မိသားစုတွေရဲ့ စားဝတ်နေရေးကိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကာကွယ် ပေးထားပြန်ပါတယ်။ ကျဆုံးသွားတဲ့ စစ်သားရဲ့ ကလေးတွေကို နိုင်ငံတော်က တာဝန် ယူစောင့်ရှောက်ရမယ်။ မသန်စွမ်းတဲ့ စစ်သားတွေအတွက် အသက်မွေးပညာ အခမဲ့ သင်ယူခွင့် ပေးရမယ် ဆိုပြီး ဖွဲ့စည်း ပုံအခြေခံ ဥပဒေမူကြမ်း ပုဒ်မ ၃၂ (က)(ခ) မှာ ပြဋ္ဌာန်းထားပါတယ်။
နိုင်ငံ့ ၀န်ထမ်းတာချင်း အတူတူ အရပ်ဘက် ၀န်ထမ်းထက် စစ်ဘက်ဝန်ထမ်းက ပိုအရေးပါတယ် ဆိုပြီး အခြေခံဥပဒေ ကိုသုံး အလွဲသုံးစားလုပ်၊ ပြောင်ကျကျ ခွဲခြားပြီး တိုင်းပြည်ဘဏ္ဍာ ဖြုန်းဖို့ အခွင့်အရေး ယူထားတာ ဖြစ်ပါတယ်။

ဒီဆောင်းပါးပါ အချက်တွေကို စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းနဲ့တိုက် မင်နီတား ဖတ်ကြည့်မယ်ဆိုရင် ဘယ်သူ့ အကျိုးအတွက် ရည်ရွယ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလဲ ဆိုတာ မျက်ဝါးထင်ထင် မြင်ရမှာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က အဖွဲ့အစည်းတခု အကျိုးစီးပွားအတွက် ရေးဆွဲထားတာ မဟုတ်ပါဘူးလို့ ပြောနေပေမယ့် တကယ်တမ်း စစ်အစိုးရ လုပ်ရပ်က (ဆရာကြီး သခင်ကိုယ်တော်မှိုင်း စကားနဲ့ ပြောရရင်) ဗြဟ္မာ့ဘုံ နွားခုန်တက် သလို ဖြစ်နေတယ်ဆိုတာ ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။

ဦးစိန်ကျော်လှိုင်
ခေတ်ပြိုင်မှ ကူးယူဖေါ်ပြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈) အပြည့်အစုံကို ဤနေရာမှ ဖတ်ရှုနိုင်သည်

0 ထင်မြင်ချက်: