Wednesday, March 26, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၈)

စကားသံများတော့ တိတ်သယောင် ရှိသွား၏။ သို့သော်အားလုံးသည် တုံဋိဘာဝေ။ မထုံတက်တေး၊ ကြောင်တောင်တောင် လိုလို၊ ရူးချင်ယောင် ဆောင်သလိုလို ပုံစံတွေ ချက်ချင်းဖြစ်သွား၏။ တိုက်ပွဲက အခုမှ စတာကိုး။

ဟုတ်ပါသည်။ တိုက်ပွဲခေါ်သံက အခုမှ စတင်လိုက်ပါပြီ။
မည်သူမှ တရားခံအဖြစ် ထွက်မလာ။ ဘယ်သူကမှလည်း သူအော်ပါသည်ဟု ၀န်ခံထွက်ပေါ်မလာ သလို၊ မည်သူကမျှလည်း ဘေးကမည်သူ အော်လိုက်တာပါလို့ တိုင်တောတာမျိုးလည်း မရှိ။ အားလုံးက သူတို့နှင့် လုံးဝ မသက်ဆိုင်သည့်နှယ် မျက်နှာခပ်တင်းတင်း ပုံစံများ..။

ကျနော် ပထမနှစ် သူရဲကောင်းကတော့ ကြောက်ချင်၊ ကြောက်ပိုး၊ ကြောက်ချင့်တိုးပါပြီ။ တောင်မင်း၊ မြောက်မင်း မကယ်နိုင် ဖြစ်ကြပါပြီ။ ကြောက်လိုက်သည်မှ ကြောက်၊ ကြောက်၊ ကြောက်၊ ကြောက်နှင့် ပင် ကျနော်တို့ နှလုံးခုံသံက မြည်နေပြီလား မသိပါ။ တန်းစီကွင်း တခုလုံး ပိုးမွှား၊ ပုရစ်တို့ အော်သံ တချို့နှင့် ကျောက်မဲ ဗိုလ်မှုး၏ ဆဲသံ အော်သံများသာ လွှမ်းနေပေပြီ။

ကျနော်သိ၏။
ထိုကဲ့သို့ ခွေးတကောင်နှယ် အူပြီး လှောင်ပြောင်သူ၏ အသံကို ကျနော်သိ၏။ ကောင်းကောင်း ကျက်မိ၏။ ကျနော့်ကို အမြဲတမ်း ကင်းနှိုးခိုင်းတတ်သော သူ့အသံကို ခွေးချီသွားတောင် မှတ်မိ၏။ ယခု သူက ခွေးလိုအူလိုက်တော့ ပိုတောင် မှတ်မိ၏။ သူသည် ကျနော်တို့ တပ်ခွဲမှ ဖိုင်နယ် ဗိုလ်လောင်း တယောက် ဖြစ်ပါသည်။ ( ထိုဗိုလ်လောင်းသည် ဗိုလ်ကြီးအဆင့်ထိ ရောက်ပြီးမှ အိတ်ခ်ျအိုင်ဗွီ ရောဂါ ဖြင့် တပ်မတော်မှ ထုတ်ပစ်ခြင်းကို ခံလိုက်ရသည်ဟု ကြားသိရ၏)။ သို့သော် ကျနော်တို့ တပ်ခွဲ တန်းစီနေသူများ ထံမှမူ ဘာသံမျှထွက်မလာ။ ဤနေရာမျိုးတွင်တော့ ဗိုလ်လောင်းများ အားလုံးသည် ညီညွတ်ကြပေသည်။ စည်းလုံးကြပေသည်။ ရဲဘော် ရဲဘက်စိတ် အပြည့်ရှိကြပေသည်။

“ဟေ့ကောင်တွေ၊ ခွေးတွေ…ငါမေးနေတာ မဖြေဘူးလား၊ စောစောက ဘယ်ကောင်အော်တာလဲ၊ ပြောစမ်း၊ မပြောရင် မင်းတို့ ဗိုလ်လောင်း တပ်ရင်း တရင်းလုံး နာပြီမှတ်”.. ကျောက်မဲ၏ အသံ ဆိုးကြီးသာ လွှမ်းနေ၏။ အားလုံး မထုံတက်တေး၊ လေညာက အနေသာကြီးဆိုသည့် ပုံစံများဖြင့် ဘာသံမှ မထွက်။ ကျောက်မဲ၏ ဒေါသတို့က ဘ၀င်္ဂ အထက် တက်ပါလေပြီ။ နည်းပြ အရာရှိများကို စော်ကားသည်ဟု ဆိုကာ ဗိုလ်လောင်း တပ်ရင်း တရင်းလုံးကို လက်ထောက် မှောက် အနေအထားဖြင့် နေရန် အမိန့်ပေးတော့၏။
အားလုံး မှောက်နေကြရ၏။
စစ်အမိန့်လေ။
မနာခံလို့ ဘယ်ရမလဲ။

ကျနော်တို့ကတော့ ထူးမခြားနား၊ နေ့စဉ်ခံနေရသော လက်ထောက်မှောက် ခိုင်းခြင်းမို့၊ ဘယ်လိုမှ မခံစားရသော်လည်း၊ စိတ်တွင်း ကျိတ်၍ ကျေနပ်နေတာ တခုပေါ်လာ၏။ ၎င်းမှာ မိမိတို့ကို အမြဲ အနိုင် ကျင့် အပြစ်ပေးတတ်သော၊ ဖိုင်နယ် ဗိုလ်လောင်းများသည် ယခု မိမိတို့နှင့် အတူ၊ တတန်းတစားထဲ အပြစ်ပေးခံ နေရသည်ကို နှစ်သက် ကျေနပ်နေသောကြောင့် ဖြစ်၏။ စိတ်တွင်းကလည်း မှတ်ပလား ကွ။ ငါတို့ကို ရက်ရက်စက်စက် အုပ်ချင်အုံး (အပြစ်ပေးချင်အုံးဟု အဓိပ္ပါယ် ရှိပါသည်)။ မင်းတို့လည်း အခု ခံရပြီ၊ ကောင်းတယ်။ လက်ထောက်မှောက် အနေအထား မှောက်နေရက်သားဖြင့်၊ မျက်စိကို နာနာမှိတ်၊ အိပ်ချင်စိတ်နှင့် ရင်တထိတ်ထိတ်ကြား၊ နာလို မကောင်းကြံ စိတ်ကလေး ကလည်း ပေါ်လိုက်သေး၏။

ကျနော်တို့ အိပ်နေချိန် ရုတ်တရက် ဆင်းလာကာ တန်းစီရသည်မို့ ကင်းစောင့် တာဝန်ကျ သူများမှ လွဲလျှင် အားလုံးသည် အရပ်ဝတ် အင်္ကျီ၊ ပုဆိုးများနှင့်သာ ဖြစ်ကြ၏။ ကျနော်တို့ ပထမနှစ်၊ ဒုတိယနှစ် များသာ (အမြဲသတိမပြတ် ၀တ်ဆင်နေရသောကြောင့်) တိုက်ပုံများနှင့် ဖြစ်ပြီး ကျန်စီနီယာတို့မှာ သာမန် အရပ်ဝတ် အနွေးထည်များ ၀တ်ထားကြသူများသည်။ ထိုစဉ် ကျနော်တို့ ရှေ့တန်း အစွန်းနားမှ မည်သူလဲတော့ မသိ၊ အားလုံးက မှောက်လျက်သား၊ ကြမ်းပြင်ကို လက်နှစ်ဘက်ထောက်၊ ခေါင်းကို အောက်စိုက် မျက်နှာအပ်ပြီး၊ ဖင်ဘူးတောင်း ထောင်နေ ကြချိန်မို့ မျက်နှာကိုမသိ။ ပထမနှစ် ဖြစ်တာကတော့ သေချာပါသည်။

ကျနော်တို့ လက်ထောက်မှောက်နေသည့် ရှေ့စွန်တန်းမှ ဗိုလ်လောင်းသည် သူ့ပုဆိုးကို မခိုင့် တခိုင် ၀တ်ထားသောကြောင့် ထင့်၊ မှောက်နေရချိန် ကြာလာသည်နှင့် အမျှ၊ သူ့ပုဆိုးသည်လည်း လျှောကျ သွား၏။ ပေါင်မုန့် နှစ်လုံးက ဖွေးကနဲ ပေါ်နေတော့သည်။ စစ်အမိန့်အရ အလှုပ်ရသည်မို့ ပြောင်လျက် သား ဖင်နှင့်ပင် နေနေရ၏။ အောက်ခံဘောင်းဘီကလည်း မပါ။ တန်းပေါင်းစီကွင်း ပတ်လည်ရှိ ဓါတ်မီးတိုင် အလင်းများကလည်း ကျနော်တို့ အားလုံးကို စီးမိုးမြင်ရအောင် ထွန်းညှိပေး ထားသည်မို့ မည်သူလှုပ်သည်၊ မည်သူ ဘာလုပ်သည်ကို အကုန်မြင်နေရ၏။ ထိုအချိန်အတွင်း တိမ်စိုင်မဲတို့ အုပ်မိုးခြင်း ကင်းသွားသော ငွေလမင်းသည် သူ၏ အေးမြခြင်း၊ ငြိမ်းချမ်းခြင်း အလင်းမြမြကို အတင်းချပြ လင်းပလိုက်သော အခါ ကိုရွှေဖင်ပြောင်၏ ဖေါင်ထင်ကို အရောင်တင်ပေး နေသကဲ့သို့ ရှိ၏။ ငြိမ်းချမ်းသော ပုံရိပ်တော့ မဟုတ်ပါပေ။

ဤသည်ကို တချို့က တခွိခွိဖြင့် သဘောကျ၏။ တချို့က ထိုဗိုလ်လောင်းကို လှမ်းကြပ်၏။ “ဖတ်စ်ယီးယား မလှုပ်နဲ့ ငြိမ်ငြိမ်နေ၊ ကြားလား”။ ဟိုကလည်း မလှုပ်ရဲရှာပါ။ လှုပ်လိုက်လျှင် ကွင်းလုံး လျှောကျတော့မည် ဖြစ်၍ ပေါင်နှစ်ဖက်နှင့် ညှပ်ကာ အစွမ်းကုန် ကာကွယ်နေလေ၏။

ထိုအချိန်အထိ တရားခံက မထွက်လာသေး။ ကျောက်မဲ နှင့် နည်းပြအရာရှိတို့လည်း ဒေါသတွေ တလိပ်လိပ် ထွက်နေကြပေပြီ။ သူတို့ကို ဘောထင်သည်။ ( စစ်သက္ကသိုလ်၏ ဘန်းစကား။ မထီမဲ့မြင် ပြုလွန်းသည်၊ စောက်ဂရုမစိုက်ဘဲ --ီးထင်သည့် အချိုးချိုးသည်ဟု အဓိပ္ပါယ် ရှိပါသည်။) စောက်ဂရု မစိုက်သော စော်ကားမှု လုပ်သည်ဟု စွပ်စွဲကာ အမှာတော်တွေ တရစပ် ချွေနေပါတော့သည်။
အတော်ကြာကြာ လက်ထောက်မှောက်ဖြင့် နေခိုင်းပြီး၊ ကျနော်တို့ ပထမနှစ်တွေ တရေးခန့် မှောက်ငိုက် ငိုက်ပြီးသည်အထိ တရားခံက မထွက်၊ ကွန်ကရစ် ကြမ်းပြင်ပေါ် ထောက်ထားရသော လက်ဝါး နှစ်ဘက် ထုံကျင်လာသည် အထိ ရာသီဥတုက အေးလှ၏။ တချို့က ပွစိပွစိ လုပ်လာ၏။

“ဟေ့ကောင်…စောစောက အော်တဲ့ကောင်…. အွန်နာ မရှိဘူးလား၊ (အွန်နာ ဆိုသည်မှာလည်း မွေးစားထားသော စစ်သက္ကသိုလ်၏ ဘန်းစကားဖြစ်၏။ သိက္ခာ ကိုယ်ကျင့် မတည်ကြည်ဘူးလား၊ သစ္စာ မရှိဘူးလား ဟု မေးခြင်းဖြစ်၏။)သတ္တိရှိရှိ….ရင်ဆိုင်လေကွာ…။ ဒီမှာ မဆိုင်တဲ့သူတွေပါ မင်းတယောက်ကြောင့် အိပ်ရေးပျက်ရပြီ”။

ဒါလည်း မထူး၊ ဟိုက သည်က ပူညံ၊ ပူညံ အသံတွေ ထွက်လာတော့ပြန်သည်။
“ဟေ့ကောင်တွေ မင်းတို့ စကားများလို့ အပြစ်ပေးထားတယ်… ထပ်စကားများ ပြန်ပလား။”
“မဖြေဘူးလား… စောစောက ခွေးလိုအူတာ ဘယ်ကောင်လဲ… မဖြေရင် မင်းတို့အားလုံး … အပြစ်ရှိတယ်။ ဖြေမလား၊ မဖြေဘူးလား။”
“ကြာတယ်ကွာ ကဲ… အော်စမ်း… မင်းတို့အားလုံး..ခွေးလို အူစမ်း..။ ကဲ….စ….အူ”
ကျောက်မဲကြီးက အမိန့်ထုတ်၏။

ထိုအမိန့်သံ ကြားပြီး မကြာမီပင်…….
အော်လိုက်ကြသည်မှာ လတော်သလင်းတွင်၊ ဖေါ်တသင်းတွေ့သော ကိုကိုခွေးပျို အကောင် ၂၀၀ခန့် တပြိုင်နက် အော်သည့်၊ အူသည့်နှယ် ထင်ရ၏။ တပြိုင်နက် တရှိန်ထိုး အော်လိုက်၊ အူလိုက်ကြသည်။ ကျောင်းဆောင်များ ၀န်းရံနေသော လှိုဏ်သံဖြင့် ပဲ့တင်သံ ထပ်သွားသည်မှာ ဘ၀ဂ် အထက်ပင် တက်နေမည်လား၊ အောက်မေ့ရတော့သည်။

ကျနော်တို့လည်း စီနီယာတွေ စိတ်ပါလက်ပါ အူကြသည်ကို တွေ့၍။ အားတက်လာကာ အားရပါးရ အူပစ်လိုက်သည်။ အူး..အူ….အူး….တအူးတည်း အူ….ပစ်လိုက်သည်။ စောစောက ဖြစ်နေသော ကြောက်စိတ်များ၊ ငိုက်စိတ်များ၊ ဒေါသမနာလိုစိတ်များ မေ့ပျောက်ကင်းစင်သွား ခံစားရ၏။ စီနီယာများ ရော မိမိတို့ ပထမနှစ်များပါ ဤသို့ အားရပါးရ အူ ပြကြခြင်းမှာ ခွေးစိတ်ပေါက်လာ၍ မဟုတ်။ မိမိတို့ပေါ် မတရား အနိုင်ကျင့်လွန်းသော၊ နှိပ်စက်လွန်းသော၊ ဗိုလ်ကျ ရိုင်းစိုင်းလွန်းသော ဗိုလ်မှုး ကျောက်မဲကို တမင်သက်သက် အရွဲ့တိုက် လိုက်ကြခြင်းကြောင့် တတ်နိုင်သော နည်းဖြင့် ပညာ ပြန်ပေးခြင်းဖြစ်၏။ ထို့ကြောင့် ညီညီညွတ်ညွတ်၊ အင်ကုန်၊ အားကုန် အူကြခြင်းသာ ဖြစ်၏။ အစွမ်းကုန် အကျယ်ဆုံး ၀ိုင်းအူခြင်းအားဖြင့် ခပ်လှမ်းလှမ်းရှိ နည်းပြ အရာရှိကြီးများ၊ ကျောင်းအုပ်၊ ဒုကျောင်းအုပ် တို့ ကြားသွားစေရန် ရည်ရွယ်ပြီး လုပ်ခြင်းလည်း ဖြစ်သည်ပင်။

ထိုသို့ ရုတ်ခြည်း ဆူညံစွာ သံပြိုင် အူသံကြီး ထွက်ပေါ်လာသည့် အချိန်မှာ တိတ်ဆိတ်အေးမြလှသော မေမြို့ ခေါ် ပြင်ဦးလွင်မြို့၏ ဆောင်းတွင်း လပြည့်ည တည ဖြစ်ပါ၏။ မိမိတို့ အားလုံး တင်ကြို တိုင်ပင်ထားခြင်း မရှိပါဘဲ လျှက်တပြက် ညီညာစွာ ဤသို့ ဖြစ်သွားကြခြင်းမှာ တမင်သက်သက် မဟုတ်…။ မကျေနပ်မှု အဟုန် အတော်တက်နေသော စစ်သင်သားတို့ အခွင့်ကြုံခိုက်၊ အငိုက်ယူကာ ရင်တွင်း မကျေနပ်စိတ်ကို အခြားနည်းဖြင့် အာဏာပိုင်တို့သိအောင် ဖေါ်ထုတ်ကြခြင်း ဖြစ်၏။ မဖြစ် သင့်သော စစ်ဗိုလ်လောင်း လူသားတို့က ခွေးများနှယ် အသားကုန် အူပြီး ၀ိုင်းဝန်း ဆန္ဒပြကြခြင်း ဟု လည်းပြောနိုင်၏။ ရပ်ဆိုသည့် အမိန့် အော်နေသည့်တိုင် မရပ်ကြ၊ အူကောင်းကောင်း နှင့် ဆက်အူနေကြဆဲပင်။

ကျောက်မဲပင် လန့်သွားမည်လား မသိ….။အဘယ့်ကြောင့်ဆို… ကျနော်တို့အားလုံး ဤသို့ တညီ တညွတ်တည်း ဆူညံစွာ အူရန် အမိန့်ပေးခဲ့သူမှာ သူလေ……။

ထိုစဉ် ကျနော်တို့ တပ်ခွဲတွင်း တက်ညီလက်ညီ အူနေသူများကြားထဲက တယောက်၏ အရွှန်းဖေါက် သံကို ကြားလိုက်ရသည်။ အူသံတွေကြားထဲက ချွှန်ထွက်လာသော သူ့အသံမှာ…..

“ လမင်းကြီးကလည်း သာလို့၊ ဖင်ကြီးကလည်း ပြောင်လို့ ဟီး..ဟီး…ဟဲ…ဟဲ..”
“ အူးဟူး…အူး…….”

အားလုံးက လေးဘက်ထောက် အနေအထား၊ ခွေးလေးတွေ အလား၊ နှုတ်ပါးစပ်မှလည်း စူးရှ ကျယ်လောင်သော ခွေးအူသံတို့ကို တရစပ် ဟစ်လျှက်…..ဘာတွေနှင့် တူနေပါမည်လဲ…. တွေးကြည့်ကြပါလား….။


ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine


PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

0 ထင်မြင်ချက်: