Monday, March 31, 2008

ကန့်ကွက်မဲ ထည့်ရန် နှိုးဆော်ချက် လက်ကမ်းစာစောင်များ




Read More...

Friday, March 28, 2008

တပ်မတော်သားအားလုံး စစ်အာဏာရှင်ကို တော်လှန်ရန်

တပ်မတော်သားအားလုံး စစ်အာဏာရှင်ကို တော်လှန်ရန် စစ်ထောက်လှမ်းရေး
သံအရာရှိဟောင်းက တိုက်တွန်းနှိုးဆော်
ဒီဗွီဘီ။ ၂၆၊ မတ်၊ ၂၀၀၈


မြန်မာနိုင်ငံ စစ်အာဏာရှင် စနစ်ဆိုး လက်အောက်က လွတ်မြောက်ရေး အတွက် တော်လှန်ဖို့ တပ်မတော်သား အားလုံးကို နအဖ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှုး အောင်လင်းထွဋ်က တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ ဖက်ဆစ်ဂျပန် အာဏာရှင်ကို တော်လှန်ခဲ့တဲ့ မတ်လ ၂၇ ရက် ၆၃ နှစ်မြောက် တော်လှန်ရေးနေ့ မတိုင်မီ ဒီလို နှိုးဆော် လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ အာဏာရှင် စနစ်ဆိုးလက်အောက်က လွတ်မြောက်ရေး အတွက် ဖက်ဆစ်စနစ် ကို ရဲဘော်တို့ရဲ့ နောင်တော် စစ်သည်များက တော်လှန်ခဲ့သလို ယနေ့ စစ်သည်တို့ အနေဖြင့်လည်း အာဏာရှင် စနစ်ဆိုးကို တော်လှန်ဖို့အတွက် ရဲဘော်တို့က လုပ်လာကြလိမ့် မယ်လို့ ရဟန်းရှင် ပြည်သူ လူထုနဲ့ နိုင်ငံတကာ မိသားစုက မျှော်လင့် နေကြတယ်လို့ ဗိုလ်မှုးအောင်လင်းထွဋ်က နှိုးဆော်ချက်မှာ ပြောကြားထားပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံတော် ကာကွယ်ရေး ဆိုတဲ့ စကားလုံးကို သုံးပြီး တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ထိုင်း စတဲ့နိုင်ငံတွေကို ရန်သူအဖြစ် သတ်မှတ်ပေမယ့် လက်တွေ့မှာတော့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား အတွက် အင်အားကြီး နိုင်ငံကို မျက်နှာချိုသွေးပုံ တွေကို ဗိုလ်မှုးအောင်လင်းထွဋ်က ထောက်ပြထားပါတယ်။

အမေရိကန်ကို မုန်းရမယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား အတွက် အမေရိကန်ရဲ့ စာနာမှုကို ရအောင်ဆိုပြီး အဆင့်မြင့် ၀န်ကြီးတွေကို ကိုယ်တိုင် အမေရိကန်နိုင်ငံကို လွှတ်ပြီး မျက်နှာချိုသွေး ခဲ့ကြတယ်။ ဒါ့အပြင် ရဲဘော်တို့ကို ခေါင်းဆောင်နေတဲ့ နိုင်ငံတော်အကြီးအကဲက မိတ်(ဒ်)အင်ယူ အက်(စ်)အေ (Made in USA) အားဆေးမှသောက်လို့ ပို့ပေးရတယ်။ ယူအက်(စ်)အေ (USA)က ဘောက်ဆင်ပွဲကိုမှ ကြည့်ချင်တယ်ဆိုလို့ အပတ်စဉ်ပို့ပေးရတယ်။ ဒုတိယအကြီးအကဲ ဆိုသူကလည်း မိတ်(ဒ်)အင်ယူအက်(စ်)အေ (Made in USA) အနောက်တိုင်းဝတ်စုံကိုမှ ၀တ်လို့ နိုင်ငံခြားခရီးစဉ် ရှိတိုင်း ပို့ပေးရတယ်၊ အားလုံးကို နိုင်ငံတော်ငွေထဲက စိုက်ထုတ်ပေးရတယ် ဆိုတာကို အသိပေး လိုတယ်။ အဲဒီ ဗိုလ်ချုပ်ကြီးတွေရဲ့ ငွေများကိုတော့ စင်ကာပူနိုင်ငံမှာ သွားသိမ်းထားတယ်။ နိုင်ငံတော် ကာကွယ်ရေးဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ဗိုလ်ချုပ်ကြီးတွေရဲ့ ရိုးသား တည်ကြည် ဖြောင့်မတ်မှု မရှိပုံကိုလည်း ရှင်းပြထားပါတယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်မှုးကြီး ဆိုသူက ပြောတယ်။ မင်းတို့ တရုတ် နိုင်ငံကို ချစ်လို့ပေါင်းနေတယ် ထင်သလား၊ မလွှဲသာလို့ ပေါင်းနေတာတဲ့။ အိန္ဒိယနိုင်ငံကိုလည်း တရုတ်နိုင်ငံနဲ့ ချိန်ခွင်လျှာညှိဖို့ ဆက်ဆံတာတဲ့။ ထိုင်းနိုင်ငံကို ကျတော့ သဘာဝ ဓာတ်ငွေ့။ ငါးဖမ်းခွင့် စတဲ့စီးပွားရေး မက်လုံးတွေပေးပြီးမှ အချိုသပ်ထားရမယ်တဲ့။

စစ်အာဏာရှင် လက်အောက်မှာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရ တဲ့ ဘ၀ကို ရောက်ရှိနေပြီဖြစ်လို့ ပြည်သူတရပ်လုံးနဲ့ လက်တွဲပြီး လက်ရှိ အခြေနေကနေ ကယ်တင်ဖို့ တပ်မတော်သား အားလုံးကို ဗိုလ်မှုးအောင်လင်းထွဋ်က တိုက်တွန်းပါတယ်။

ယနေ့ကမ္ဘာမှာ တချိန်က ငါတို့ရဲ့ နိုင်ငံရဲ့နောက်က နေခဲ့ကြတဲ့ နိုင်ငံတွေဟာ အခုဆိုရင် ငါတို့ မြန်မာ နိုင်ငံထက် အစစအရာရာ ကျော်တက်သွားကြပြီ။ ငါတို့ မြန်မာနိုင်ငံသားတွေဟာ အဲဒီနိုင်ငံမှာ ကျွန်သွားခံ နေကြရပြီ။ မြန်မာလူမျိုးဆိုတာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ် နေကြရပြီ ဆိုတာကို ရဲဘော်တို့ကို အသိပေးလိုတယ်။ ရဲဘော်တို့ ဒါတွေကို ကယ်တင်နိုင်ဖို့အတွက် နိုင်ငံတကာမှာ မြန်မာ လူမျိုးရဲ့ဂုဏ်သိက္ခာ မြှင့်တင်ဖို့အတွက် ရဲဘော်တို့ဟာ ကယ်တင်ရှင်အဖြစ် ဆောင်ရွက်ပေးနိုင်လိမ့်မယ် ဆိုတာကို ပြည်တွင်း၊ ပြည်ပ မြန်မာလူမျိုးများနဲ့ နိုင်ငံတကာ မိသားစုများက အားကိုးယုံကြည် ကြပါတယ်။

ဗိုလ်မှုးအောင်လင်းထွဋ်က လွန်ခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလမှာလည်း နအဖကို တုတ်ပြရေးမူ ကျင့်သုံးသင့်ပြီ ဆိုတဲ့ အိတ်ဖွင့်ပေးစာ တစောင်နဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အကြံပြု တိုက်တွန်းခဲ့ဖူးပါတယ်။ အပျော့ဆွဲ သံတမန် နည်းလမ်းတွေ၊ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ဖိအားပေးနေမယ့်အစား စစ်ခေါင်းဆောင်တွေကို တိုက်ရိုက်ခြိမ်းခြောက် အပြစ်ပေး နိုင်မယ့် တနည်းအားဖြင့် တုတ်ပြရေးမူကို ကျင့်သုံးသင့်ပြီလို့ အဲဒီအိတ်ဖွင့်ပေးစာမှာ ရေးသားခဲ့ပါတယ်။ (၂၀၀၇ အောက်တိုဘာ ၁၆ ဒီဗွီဘီသတင်း)

မြန်မာ့တပ်မတော်သားအားလုံးကို ဗိုလ်မှုးအောင်လင်းထွဋ်၏ တိုက်တွန်းနှိုးဆော်ချက်။

လေးစားအပ်သော ညီတော် နောင်တော် အရာရှိအရာခံ အကြပ် တပ်သားများ ခင်ဗျာ။ ယနေ့သည် လွန်ခဲ့သော ၆၃ နှစ်က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ငါတို့ တပ်မတော်ဟာ ရဟန်းရှင် ပြည်သူလူထုနဲ့ လက်တွဲပြီး ဖက်စစ်စနစ်ကို တော်လှန်ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ငါတို့တပ်မတော်ဟာ ပြည်သူလူထုနဲ့ လက်တွဲပြီး စနစ်ဆိုးက လွတ်မြောက်အောင် စတင် ကြိုးပမ်းတဲ့ နေ့တနေ့ ဆိုရင်လည်း ပြောလို့ရတယ်။ အဲဒီအချိန် အဲဒီခေတ် အခါက ရဲဘော်တို့ရဲ့ နောင်တော် တွေဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ ဖြစ်ခဲ့ ကြရတယ်။ ဒါပေမယ့် ယနေ့ အချိန်ခါမှာတော့ ရဲဘော်တို့ကို ခေါင်းဆောင်နေတဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီး တစုရဲ့ မိသားစု ကောင်းစားရေး ၀ါဒကြောင့် ရဲဘော်တို့၊ ငါတို့ ချစ်မြတ်နိုးရတဲ့ မြန်မာ့တပ်မတော်ကြီးဟာ ရဟန်းရှင်၊ ပြည်သူလေးစားတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဟုတ်သေးရဲ့လား ဆိုတာကို ရဲဘော်တို့ ဆန်းစစ် လေ့လာပြီး စဉ်းစားဆုံးဖြတ်ဖို့ အချိန်ရောက်နေပါပြီ။ ရဲဘော်တို့ ယနေ့ခေတ်ဟာ ဂလိုဘယ်လိုက် ဇေးရှင်း (Globlelization) လို့ခေါ်တဲ့ ခေတ်ထဲကို ရောက်နေပြီ ဆိုတာလည်း သတိပေး လိုက်ပါတယ်။ ငါတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ၀ါးလုံးခေါင်းထဲမှာ လသာနေလို့ မရတော့ဘူး။ ကမ္ဘာနဲ့ ရင်ဘောင် တန်းနိုင်အောင် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့လိုတယ်။ ကမ္ဘာ့နိုင်ငံများရဲ့ အပယ်ခံ နိုင်ငံတခု အဖြစ်နဲ့ ဆက်လက် ရပ်တည်နေလို့ မရတော့ဘူး။ အာဏာရှင်စနစ် တည်မြဲ ရေးအတွက် မျက်ကန်းမျိုးချစ်စိတ်နဲ့ လုပ်လို့မရတော့ဘူး။ ယနေ့ကမ္ဘာမှာ တချိန်က ငါတို့ရဲ့ နိုင်ငံရဲ့ နောက်က နေခဲ့ကြတဲ့ နိုင်ငံတွေဟာ အခုဆိုရင် ငါတို့ မြန်မာနိုင်ငံထက် အစစ အရာရာ ကျော်တက် သွားကြပြီ။ ငါတို့ မြန်မာနိုင်ငံသားတွေဟာ အဲဒီနိုင်ငံမှာ ကျွန်သွားခံ နေကြရပြီ။ မြန်မာလူမျိုးဆိုတာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ် နေကြရပြီ ဆိုတာကို ရဲဘော်တို့ကို အသိပေးလိုတယ်။ ရဲဘော်တို့ ဒါတွေကို ကယ်တင်နိုင်ဖို့အတွက် နိုင်ငံတကာမှာ မြန်မာလူမျိုးရဲ့ ဂုဏ်သိက္ခာ မြှင့်တင်ဖို့အတွက် ရဲဘော်တို့ဟာ ကယ်တင်ရှင်အဖြစ် ဆောင်ရွက်ပေးနိုင် လိမ့်မယ်ဆိုတာကို ပြည်တွင်း၊ ပြည်ပ မြန်မာ လူမျိုးများနဲ့ နိုင်ငံတကာ မိသားစုများက အားကိုယ်း ယုံကြည်ကြပါတယ်။ ဒါပေမယ့် ရဲဘော်တို့ လက်ရှိ အာဏာရှင် မိသားစု အကာအကွယ်ပေးရေး အာဏာရှင်စနစ် တည်မြဲရေးအတွက် အာဏာရှင် ဖွဲ့စည်းပုံမျိုးနဲ့တော့ မြန်မာနိုင်ငံကို ကယ်တင်လို့ မရနိုင်ဘူးဆိုတာကို ရဲဘော်တို့ကို အသိပေးလိုတယ်။ ရဲဘော်တို့ နည်းလမ်းကတော့ ကမ္ဘာ့ကုလသမဂ္ဂကြီးရဲ့ မေတ္တာရပ်ခံချက်ဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းအတိုင်း မလွဲမသွေ သွားရလိမ့်မယ်။ အတုအယောင် ဖွဲ့စည်းပုံမျိုးနဲ့တော့ မရဘူးဆိုတာကို ရဲဘော်တို့ကို အသိပေးလိုတယ်။

ရဲဘော်တို့ ယနေ့ ဗိုလ်ချုပ်ကြီးတွေ ပြောနေတဲ့ နိုင်ငံတော် ကာကွယ်ရေးဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ အလျဉ်းသင့်လို့ ပြောချင်တယ်။ ၁၉၈၈ ခုနှစ်မတိုင်မီက ငါတို့တပ်မတော်ရဲ့ရန်သူဟာ တရုတ်နိုင်ငံလို့ သတ်မှတ်ခဲ့တယ်။ ၁၉၈၈ နောက်ပိုင်းကနေ ၁၉၉၆ ခုနှစ်အထိတော့ ရန်သူကို အိန္ဒိယနိုင်ငံကို သတ်မှတ်ခဲ့တယ်။ ၁၉၉၆ ခုကနေ ယနေ့အထိတော့ ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံကို ရန်သူလို့သတ်မှတ်ပြီး တပ်မတော်အတွင်း သင်တန်းတွေ၊ လေ့ကျင့်မှုတွေ လုပ်ခဲ့ကြတယ် ဆိုတာကို ရဲဘော်တို့ သိပြီးဖြစ်ပါတယ်။ ရဲဘော်တို့ အဲဒီထဲက အမေရိကန်နဲ့ ပတ်သက်ပြီး ရဲဘော်တို့ကို အသိပေး ချင်တယ်။ ရဲဘော်တို့ရဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ လေ့ကျင့်ခန်းတွေမှာ ဗိုလ်ချုပ်ကြီးတွေက အမေရိကန် မုန်းတီးရေး စိတ်တွေ ပေါ်လာအောင် ဘရိန်းဝပ်ရှ် (Brain Wash) လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင်က အမေရိကန်ကို မျက်နှာလိုမျက်နှာရ လုပ်ခဲ့တာကို အသိပေး လိုပါတယ်။ အမေရိကန်ကို မုန်းရမယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား အတွက် အမေရိကန်ရဲ့ စာနာမှုကို ရအောင်ဆိုပြီး အဆင့်မြင့် ၀န်ကြီးတွေကို ကိုယ်တိုင် အမေရိကန် နိုင်ငံကိုလွှတ်ပြီး မျက်နှာချို သွေးခဲ့ကြတယ်။ ဒါ့အပြင် ရဲဘော်တို့ကို ခေါင်းဆောင်နေတဲ့ နိုင်ငံတော် အကြီးအကဲက မိတ်(ဒ်)အင်ယူ အက်(စ်)အေ (Made in USA) အားဆေးမှသောက်လို့ ပို့ပေးရတယ်။ ယူအက်(စ်)အေ (USA)က ဘောက်ဆင်ပွဲကိုမှ ကြည့်ချင်တယ်ဆိုလို့ အပတ်စဉ် ပို့ပေးရတယ်။ ဒုတိယ အကြီးအကဲ ဆိုသူကလည်း မိတ်(ဒ်)အင်ယူအက်(စ်)အေ (Made in USA) အနောက်တိုင်း ၀တ်စုံကိုမှ ၀တ်လို့ နိုင်ငံခြားခရီးစဉ်ရှိတိုင်း ပို့ပေးရတယ်။ အားလုံးကို နိုင်ငံတော်ငွေထဲက စိုက်ထုတ်ပေးရတယ် ဆိုတာကို အသိပေးလိုတယ်။ အဲဒီ ဗိုလ်ချုပ်ကြီးတွေရဲ့ ငွေများကိုတော့ စင်ကာပူနိုင်ငံမှာ သွားသိမ်း ထားတယ်။ ရဲဘော်တို့ ဒီလောက်ဆိုရင် နိုင်ငံတော် ခေါင်းဆောင်တွေရဲ့ ၀ါဒဖြန့်မှုကို သိလောက်ပါပြီ။ ရဲဘော်တို့ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်မှုးကြီး ဆိုသူက ပြောတယ်၊ မင်းတို့ တရုတ် နိုင်ငံကို ချစ်လို့ပေါင်းနေတယ် ထင်သလား၊ မလွှဲသာလို့ ပေါင်းနေတာတဲ့၊ အိန္ဒိယနိုင်ငံကိုလည်း တရုတ်နိုင်ငံနဲ့ ချိန်ခွင်လျှာညှိဖို့ ဆက်ဆံတာတဲ့၊ ထိုင်းနိုင်ငံကိုကျတော့ သဘာဝ ဓာတ်ငွေ့။ ငါး ဖမ်းခွင့် စတဲ့ စီးပွားရေးမက်လုံးတွေ ပေးပြီးမှ အချိုသပ်ထားရမယ်တဲ့။ ဒါတွေကိုကြည့်ရင် နိုင်ငံတော် ကာကွယ်ရေး ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ဗိုလ်ချုပ် ကြီးတွေရဲ့ ရိုးသား တည်ကြည် ဖြောင့်မတ် မှု မရှိတာကို သိနိုင်ပါတယ်။ ရဲဘော်တို့ ဘယ်နိုင်ငံမှ ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဆိုတာ မဖြစ်နိုင် သလို ဘယ်နိုင်ငံမှလည်း မြန်မာနိုင်ငံကို ပြောင်းလဲလို့မရပါဘူး။ တကယ် လုပ်နိုင်တာက ရဲဘော်တို့နဲ့ ပြည်တွင်း၊ ပြည်ပ မြန်မာလူ မျိုးတွေပါ။ အခုချိန်မှာတော့ ရဲဘော်တို့ဟာ အဓိက ကျတဲ့နေရာက ရောက်နေပါပြီ။ ပြည်သူနဲ့ နိုင်ငံတကာကို လိမ်လည် လှည့်ဖျားနေတဲ့ ၀ါဒဖြန့်မှု တွေကိုလည်း အခုလောက်ဆိုရင် ရဲဘော်တို့ သိလောက်ပါပြီ။ ရဲဘော်တို့ နိဂုံးချုပ် အနေနဲ့ ပြောချင်တာကတော့ မြန်မာနိုင်ငံ အာဏာရှင် စနစ်ဆိုး လက်အောက်က လွတ်မြောက်ရေး အတွက် ဖက်ဆစ်စနစ်ကို ရဲဘော်တို့ရဲ့ နောင်တော် စစ်သည်များက တော်လှန်ခဲ့သလို ယနေ့စစ်သည်တို့ အနေဖြင့်လည်း အာဏာရှင် စနစ်ဆိုးကို တော်လှန်ဖို့အတွက် ရဲဘော်တို့က လုပ်လာကြလိမ့်မယ်လို့ ရဟန်းရှင် ပြည်သူ လူထုနဲ့ နိုင်ငံတကာ မိသားစုက မျှော်လင့်နေကြတယ်။ ဘုရားသားတော်တွေ၊ ကျောင်းသားတွေ ကလည်း ကျန်တဲ့ သားတသားဖြစ်တဲ့ စစ်သား တွေကို လက်ကမ်း ကြိုနေကြတယ်။ ကမ္ဘာသူ ကမ္ဘာသား တွေကလည်း မြန်မာနိုင်ငံ လွတ်မြောက်ရေး ၀ိုင်းဝန်းအားပေး နေကြတယ်။ ရဲဘော်တို့ နေ့စဉ်ဆိုနေတဲ့ သစ္စာ ၄ ချက်ထဲက ပထမအချက်ဖြစ်တဲ့…
“ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်” ဆိုတဲ့သစ္စာကို မမေ့ပါနဲ့။ ပြည်သူအင်အား၊ တိုင်းပြည်အင်အား ရှိမှ ငါတို့တပ်မတော် ဆိုတာလည်း အင်အားရှိမှာပါ။ ဒါ့ကြောင့် ငါတို့ရဲ့ မြန်မာနိုင်ငံ တမျိုးသားလုံးရဲ့ အရေးကို ဦးထိပ်ထားပြီး အာဏာရှင် စနစ်ဆိုးကို တော်လှန်ဖို့ အချိန်ရောက်နေပြီ ဆိုတာကို ဒီနေရာကနေ နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။

ဗိုလ်မှုးအောင်လင်းထွဋ်၏ ကိုယ်ရေးအကျဉ်း။

မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၂၀ ဆင်း။
၁၉၇၉-၁၉၈၃ - ခလရ (၈၁) ၌ တာဝန်ထမ်။
၁၉၈၃ ဒီဇင်ဘာ - တပ်မတော်ထောက်လှမ်းရေးသို့ ပြောင်းရွေ့တာဝန်ထမ်း။
၁၉၈၄ - တပ်မတော်ထောက်လှမ်းရေး သင်တန်းကျောင်း၌ ကျောင်းဆရာ။
၁၉၈၇ - အမေရိကန်နိုင်ငံ ၀ါရှင်တန်၌ ထောက်လှမ်းရေးသင်တန်းတက်။
၁၉၉၁-၁၉၉၉ - စစ်ထောက်လှမ်းရေးဌာနချုပ်၌ တာဝန်ထမ်း။
၂၀၀၅ အထိ ၀ါရှင်တန် နအဖသံရုံး၌ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆိုင်ရာ သံအရာရှိနှင့် သံရုံး ယာယီတာဝန်ခံ။
၂၀၀၅ ဧပြီ - အမေရိကန်၌ နိုင်ငံရေးခိုလှုံ။

Read More...

Wednesday, March 26, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၈)

စကားသံများတော့ တိတ်သယောင် ရှိသွား၏။ သို့သော်အားလုံးသည် တုံဋိဘာဝေ။ မထုံတက်တေး၊ ကြောင်တောင်တောင် လိုလို၊ ရူးချင်ယောင် ဆောင်သလိုလို ပုံစံတွေ ချက်ချင်းဖြစ်သွား၏။ တိုက်ပွဲက အခုမှ စတာကိုး။

ဟုတ်ပါသည်။ တိုက်ပွဲခေါ်သံက အခုမှ စတင်လိုက်ပါပြီ။
မည်သူမှ တရားခံအဖြစ် ထွက်မလာ။ ဘယ်သူကမှလည်း သူအော်ပါသည်ဟု ၀န်ခံထွက်ပေါ်မလာ သလို၊ မည်သူကမျှလည်း ဘေးကမည်သူ အော်လိုက်တာပါလို့ တိုင်တောတာမျိုးလည်း မရှိ။ အားလုံးက သူတို့နှင့် လုံးဝ မသက်ဆိုင်သည့်နှယ် မျက်နှာခပ်တင်းတင်း ပုံစံများ..။

ကျနော် ပထမနှစ် သူရဲကောင်းကတော့ ကြောက်ချင်၊ ကြောက်ပိုး၊ ကြောက်ချင့်တိုးပါပြီ။ တောင်မင်း၊ မြောက်မင်း မကယ်နိုင် ဖြစ်ကြပါပြီ။ ကြောက်လိုက်သည်မှ ကြောက်၊ ကြောက်၊ ကြောက်၊ ကြောက်နှင့် ပင် ကျနော်တို့ နှလုံးခုံသံက မြည်နေပြီလား မသိပါ။ တန်းစီကွင်း တခုလုံး ပိုးမွှား၊ ပုရစ်တို့ အော်သံ တချို့နှင့် ကျောက်မဲ ဗိုလ်မှုး၏ ဆဲသံ အော်သံများသာ လွှမ်းနေပေပြီ။

ကျနော်သိ၏။
ထိုကဲ့သို့ ခွေးတကောင်နှယ် အူပြီး လှောင်ပြောင်သူ၏ အသံကို ကျနော်သိ၏။ ကောင်းကောင်း ကျက်မိ၏။ ကျနော့်ကို အမြဲတမ်း ကင်းနှိုးခိုင်းတတ်သော သူ့အသံကို ခွေးချီသွားတောင် မှတ်မိ၏။ ယခု သူက ခွေးလိုအူလိုက်တော့ ပိုတောင် မှတ်မိ၏။ သူသည် ကျနော်တို့ တပ်ခွဲမှ ဖိုင်နယ် ဗိုလ်လောင်း တယောက် ဖြစ်ပါသည်။ ( ထိုဗိုလ်လောင်းသည် ဗိုလ်ကြီးအဆင့်ထိ ရောက်ပြီးမှ အိတ်ခ်ျအိုင်ဗွီ ရောဂါ ဖြင့် တပ်မတော်မှ ထုတ်ပစ်ခြင်းကို ခံလိုက်ရသည်ဟု ကြားသိရ၏)။ သို့သော် ကျနော်တို့ တပ်ခွဲ တန်းစီနေသူများ ထံမှမူ ဘာသံမျှထွက်မလာ။ ဤနေရာမျိုးတွင်တော့ ဗိုလ်လောင်းများ အားလုံးသည် ညီညွတ်ကြပေသည်။ စည်းလုံးကြပေသည်။ ရဲဘော် ရဲဘက်စိတ် အပြည့်ရှိကြပေသည်။

“ဟေ့ကောင်တွေ၊ ခွေးတွေ…ငါမေးနေတာ မဖြေဘူးလား၊ စောစောက ဘယ်ကောင်အော်တာလဲ၊ ပြောစမ်း၊ မပြောရင် မင်းတို့ ဗိုလ်လောင်း တပ်ရင်း တရင်းလုံး နာပြီမှတ်”.. ကျောက်မဲ၏ အသံ ဆိုးကြီးသာ လွှမ်းနေ၏။ အားလုံး မထုံတက်တေး၊ လေညာက အနေသာကြီးဆိုသည့် ပုံစံများဖြင့် ဘာသံမှ မထွက်။ ကျောက်မဲ၏ ဒေါသတို့က ဘ၀င်္ဂ အထက် တက်ပါလေပြီ။ နည်းပြ အရာရှိများကို စော်ကားသည်ဟု ဆိုကာ ဗိုလ်လောင်း တပ်ရင်း တရင်းလုံးကို လက်ထောက် မှောက် အနေအထားဖြင့် နေရန် အမိန့်ပေးတော့၏။
အားလုံး မှောက်နေကြရ၏။
စစ်အမိန့်လေ။
မနာခံလို့ ဘယ်ရမလဲ။

ကျနော်တို့ကတော့ ထူးမခြားနား၊ နေ့စဉ်ခံနေရသော လက်ထောက်မှောက် ခိုင်းခြင်းမို့၊ ဘယ်လိုမှ မခံစားရသော်လည်း၊ စိတ်တွင်း ကျိတ်၍ ကျေနပ်နေတာ တခုပေါ်လာ၏။ ၎င်းမှာ မိမိတို့ကို အမြဲ အနိုင် ကျင့် အပြစ်ပေးတတ်သော၊ ဖိုင်နယ် ဗိုလ်လောင်းများသည် ယခု မိမိတို့နှင့် အတူ၊ တတန်းတစားထဲ အပြစ်ပေးခံ နေရသည်ကို နှစ်သက် ကျေနပ်နေသောကြောင့် ဖြစ်၏။ စိတ်တွင်းကလည်း မှတ်ပလား ကွ။ ငါတို့ကို ရက်ရက်စက်စက် အုပ်ချင်အုံး (အပြစ်ပေးချင်အုံးဟု အဓိပ္ပါယ် ရှိပါသည်)။ မင်းတို့လည်း အခု ခံရပြီ၊ ကောင်းတယ်။ လက်ထောက်မှောက် အနေအထား မှောက်နေရက်သားဖြင့်၊ မျက်စိကို နာနာမှိတ်၊ အိပ်ချင်စိတ်နှင့် ရင်တထိတ်ထိတ်ကြား၊ နာလို မကောင်းကြံ စိတ်ကလေး ကလည်း ပေါ်လိုက်သေး၏။

ကျနော်တို့ အိပ်နေချိန် ရုတ်တရက် ဆင်းလာကာ တန်းစီရသည်မို့ ကင်းစောင့် တာဝန်ကျ သူများမှ လွဲလျှင် အားလုံးသည် အရပ်ဝတ် အင်္ကျီ၊ ပုဆိုးများနှင့်သာ ဖြစ်ကြ၏။ ကျနော်တို့ ပထမနှစ်၊ ဒုတိယနှစ် များသာ (အမြဲသတိမပြတ် ၀တ်ဆင်နေရသောကြောင့်) တိုက်ပုံများနှင့် ဖြစ်ပြီး ကျန်စီနီယာတို့မှာ သာမန် အရပ်ဝတ် အနွေးထည်များ ၀တ်ထားကြသူများသည်။ ထိုစဉ် ကျနော်တို့ ရှေ့တန်း အစွန်းနားမှ မည်သူလဲတော့ မသိ၊ အားလုံးက မှောက်လျက်သား၊ ကြမ်းပြင်ကို လက်နှစ်ဘက်ထောက်၊ ခေါင်းကို အောက်စိုက် မျက်နှာအပ်ပြီး၊ ဖင်ဘူးတောင်း ထောင်နေ ကြချိန်မို့ မျက်နှာကိုမသိ။ ပထမနှစ် ဖြစ်တာကတော့ သေချာပါသည်။

ကျနော်တို့ လက်ထောက်မှောက်နေသည့် ရှေ့စွန်တန်းမှ ဗိုလ်လောင်းသည် သူ့ပုဆိုးကို မခိုင့် တခိုင် ၀တ်ထားသောကြောင့် ထင့်၊ မှောက်နေရချိန် ကြာလာသည်နှင့် အမျှ၊ သူ့ပုဆိုးသည်လည်း လျှောကျ သွား၏။ ပေါင်မုန့် နှစ်လုံးက ဖွေးကနဲ ပေါ်နေတော့သည်။ စစ်အမိန့်အရ အလှုပ်ရသည်မို့ ပြောင်လျက် သား ဖင်နှင့်ပင် နေနေရ၏။ အောက်ခံဘောင်းဘီကလည်း မပါ။ တန်းပေါင်းစီကွင်း ပတ်လည်ရှိ ဓါတ်မီးတိုင် အလင်းများကလည်း ကျနော်တို့ အားလုံးကို စီးမိုးမြင်ရအောင် ထွန်းညှိပေး ထားသည်မို့ မည်သူလှုပ်သည်၊ မည်သူ ဘာလုပ်သည်ကို အကုန်မြင်နေရ၏။ ထိုအချိန်အတွင်း တိမ်စိုင်မဲတို့ အုပ်မိုးခြင်း ကင်းသွားသော ငွေလမင်းသည် သူ၏ အေးမြခြင်း၊ ငြိမ်းချမ်းခြင်း အလင်းမြမြကို အတင်းချပြ လင်းပလိုက်သော အခါ ကိုရွှေဖင်ပြောင်၏ ဖေါင်ထင်ကို အရောင်တင်ပေး နေသကဲ့သို့ ရှိ၏။ ငြိမ်းချမ်းသော ပုံရိပ်တော့ မဟုတ်ပါပေ။

ဤသည်ကို တချို့က တခွိခွိဖြင့် သဘောကျ၏။ တချို့က ထိုဗိုလ်လောင်းကို လှမ်းကြပ်၏။ “ဖတ်စ်ယီးယား မလှုပ်နဲ့ ငြိမ်ငြိမ်နေ၊ ကြားလား”။ ဟိုကလည်း မလှုပ်ရဲရှာပါ။ လှုပ်လိုက်လျှင် ကွင်းလုံး လျှောကျတော့မည် ဖြစ်၍ ပေါင်နှစ်ဖက်နှင့် ညှပ်ကာ အစွမ်းကုန် ကာကွယ်နေလေ၏။

ထိုအချိန်အထိ တရားခံက မထွက်လာသေး။ ကျောက်မဲ နှင့် နည်းပြအရာရှိတို့လည်း ဒေါသတွေ တလိပ်လိပ် ထွက်နေကြပေပြီ။ သူတို့ကို ဘောထင်သည်။ ( စစ်သက္ကသိုလ်၏ ဘန်းစကား။ မထီမဲ့မြင် ပြုလွန်းသည်၊ စောက်ဂရုမစိုက်ဘဲ --ီးထင်သည့် အချိုးချိုးသည်ဟု အဓိပ္ပါယ် ရှိပါသည်။) စောက်ဂရု မစိုက်သော စော်ကားမှု လုပ်သည်ဟု စွပ်စွဲကာ အမှာတော်တွေ တရစပ် ချွေနေပါတော့သည်။
အတော်ကြာကြာ လက်ထောက်မှောက်ဖြင့် နေခိုင်းပြီး၊ ကျနော်တို့ ပထမနှစ်တွေ တရေးခန့် မှောက်ငိုက် ငိုက်ပြီးသည်အထိ တရားခံက မထွက်၊ ကွန်ကရစ် ကြမ်းပြင်ပေါ် ထောက်ထားရသော လက်ဝါး နှစ်ဘက် ထုံကျင်လာသည် အထိ ရာသီဥတုက အေးလှ၏။ တချို့က ပွစိပွစိ လုပ်လာ၏။

“ဟေ့ကောင်…စောစောက အော်တဲ့ကောင်…. အွန်နာ မရှိဘူးလား၊ (အွန်နာ ဆိုသည်မှာလည်း မွေးစားထားသော စစ်သက္ကသိုလ်၏ ဘန်းစကားဖြစ်၏။ သိက္ခာ ကိုယ်ကျင့် မတည်ကြည်ဘူးလား၊ သစ္စာ မရှိဘူးလား ဟု မေးခြင်းဖြစ်၏။)သတ္တိရှိရှိ….ရင်ဆိုင်လေကွာ…။ ဒီမှာ မဆိုင်တဲ့သူတွေပါ မင်းတယောက်ကြောင့် အိပ်ရေးပျက်ရပြီ”။

ဒါလည်း မထူး၊ ဟိုက သည်က ပူညံ၊ ပူညံ အသံတွေ ထွက်လာတော့ပြန်သည်။
“ဟေ့ကောင်တွေ မင်းတို့ စကားများလို့ အပြစ်ပေးထားတယ်… ထပ်စကားများ ပြန်ပလား။”
“မဖြေဘူးလား… စောစောက ခွေးလိုအူတာ ဘယ်ကောင်လဲ… မဖြေရင် မင်းတို့အားလုံး … အပြစ်ရှိတယ်။ ဖြေမလား၊ မဖြေဘူးလား။”
“ကြာတယ်ကွာ ကဲ… အော်စမ်း… မင်းတို့အားလုံး..ခွေးလို အူစမ်း..။ ကဲ….စ….အူ”
ကျောက်မဲကြီးက အမိန့်ထုတ်၏။

ထိုအမိန့်သံ ကြားပြီး မကြာမီပင်…….
အော်လိုက်ကြသည်မှာ လတော်သလင်းတွင်၊ ဖေါ်တသင်းတွေ့သော ကိုကိုခွေးပျို အကောင် ၂၀၀ခန့် တပြိုင်နက် အော်သည့်၊ အူသည့်နှယ် ထင်ရ၏။ တပြိုင်နက် တရှိန်ထိုး အော်လိုက်၊ အူလိုက်ကြသည်။ ကျောင်းဆောင်များ ၀န်းရံနေသော လှိုဏ်သံဖြင့် ပဲ့တင်သံ ထပ်သွားသည်မှာ ဘ၀ဂ် အထက်ပင် တက်နေမည်လား၊ အောက်မေ့ရတော့သည်။

ကျနော်တို့လည်း စီနီယာတွေ စိတ်ပါလက်ပါ အူကြသည်ကို တွေ့၍။ အားတက်လာကာ အားရပါးရ အူပစ်လိုက်သည်။ အူး..အူ….အူး….တအူးတည်း အူ….ပစ်လိုက်သည်။ စောစောက ဖြစ်နေသော ကြောက်စိတ်များ၊ ငိုက်စိတ်များ၊ ဒေါသမနာလိုစိတ်များ မေ့ပျောက်ကင်းစင်သွား ခံစားရ၏။ စီနီယာများ ရော မိမိတို့ ပထမနှစ်များပါ ဤသို့ အားရပါးရ အူ ပြကြခြင်းမှာ ခွေးစိတ်ပေါက်လာ၍ မဟုတ်။ မိမိတို့ပေါ် မတရား အနိုင်ကျင့်လွန်းသော၊ နှိပ်စက်လွန်းသော၊ ဗိုလ်ကျ ရိုင်းစိုင်းလွန်းသော ဗိုလ်မှုး ကျောက်မဲကို တမင်သက်သက် အရွဲ့တိုက် လိုက်ကြခြင်းကြောင့် တတ်နိုင်သော နည်းဖြင့် ပညာ ပြန်ပေးခြင်းဖြစ်၏။ ထို့ကြောင့် ညီညီညွတ်ညွတ်၊ အင်ကုန်၊ အားကုန် အူကြခြင်းသာ ဖြစ်၏။ အစွမ်းကုန် အကျယ်ဆုံး ၀ိုင်းအူခြင်းအားဖြင့် ခပ်လှမ်းလှမ်းရှိ နည်းပြ အရာရှိကြီးများ၊ ကျောင်းအုပ်၊ ဒုကျောင်းအုပ် တို့ ကြားသွားစေရန် ရည်ရွယ်ပြီး လုပ်ခြင်းလည်း ဖြစ်သည်ပင်။

ထိုသို့ ရုတ်ခြည်း ဆူညံစွာ သံပြိုင် အူသံကြီး ထွက်ပေါ်လာသည့် အချိန်မှာ တိတ်ဆိတ်အေးမြလှသော မေမြို့ ခေါ် ပြင်ဦးလွင်မြို့၏ ဆောင်းတွင်း လပြည့်ည တည ဖြစ်ပါ၏။ မိမိတို့ အားလုံး တင်ကြို တိုင်ပင်ထားခြင်း မရှိပါဘဲ လျှက်တပြက် ညီညာစွာ ဤသို့ ဖြစ်သွားကြခြင်းမှာ တမင်သက်သက် မဟုတ်…။ မကျေနပ်မှု အဟုန် အတော်တက်နေသော စစ်သင်သားတို့ အခွင့်ကြုံခိုက်၊ အငိုက်ယူကာ ရင်တွင်း မကျေနပ်စိတ်ကို အခြားနည်းဖြင့် အာဏာပိုင်တို့သိအောင် ဖေါ်ထုတ်ကြခြင်း ဖြစ်၏။ မဖြစ် သင့်သော စစ်ဗိုလ်လောင်း လူသားတို့က ခွေးများနှယ် အသားကုန် အူပြီး ၀ိုင်းဝန်း ဆန္ဒပြကြခြင်း ဟု လည်းပြောနိုင်၏။ ရပ်ဆိုသည့် အမိန့် အော်နေသည့်တိုင် မရပ်ကြ၊ အူကောင်းကောင်း နှင့် ဆက်အူနေကြဆဲပင်။

ကျောက်မဲပင် လန့်သွားမည်လား မသိ….။အဘယ့်ကြောင့်ဆို… ကျနော်တို့အားလုံး ဤသို့ တညီ တညွတ်တည်း ဆူညံစွာ အူရန် အမိန့်ပေးခဲ့သူမှာ သူလေ……။

ထိုစဉ် ကျနော်တို့ တပ်ခွဲတွင်း တက်ညီလက်ညီ အူနေသူများကြားထဲက တယောက်၏ အရွှန်းဖေါက် သံကို ကြားလိုက်ရသည်။ အူသံတွေကြားထဲက ချွှန်ထွက်လာသော သူ့အသံမှာ…..

“ လမင်းကြီးကလည်း သာလို့၊ ဖင်ကြီးကလည်း ပြောင်လို့ ဟီး..ဟီး…ဟဲ…ဟဲ..”
“ အူးဟူး…အူး…….”

အားလုံးက လေးဘက်ထောက် အနေအထား၊ ခွေးလေးတွေ အလား၊ နှုတ်ပါးစပ်မှလည်း စူးရှ ကျယ်လောင်သော ခွေးအူသံတို့ကို တရစပ် ဟစ်လျှက်…..ဘာတွေနှင့် တူနေပါမည်လဲ…. တွေးကြည့်ကြပါလား….။


ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine


PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

Monday, March 24, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၇)

ကျနော်တို့ လှမ်းမြင်လိုက်ရသော မြင်ကွင်းကြောင့် တန်းစီကွင်းအတွင်း ဆူညံစွာ စကားပြောသံများ၊ တယောက်တိတ်၊ တဖွဲ့တိတ်၊ တအုပ်တိတ်မှသည် အားလုံးတိုးတိတ်သွားပြီး၊ ကျောင်းတ၀န်းလုံး ရုတ်ခြည်း တိတ်ဆိတ်သွား၏။ ဘာတွေ လုပ်နေပါလိမ့်၊ ဘယ်သူ့ အခန်းက ဘာတွေတွေ့လို့ ပါလိမ့်.. ဘာတွေများ ဖြစ်ဦးမှာပါလိမ့်.. စသည့် စိတ်ဝင်စားမှု လိမ့် ပေါင်းများစွာဖြင့် ကော်ရစ်တာ မီးလုံး ထိန်ထိန်ရောင်အောက် တွေ့နေရသော မြင်ကွင်းကို စူးစိုက်ကြည့်နေကြ၏။

ည၏အလှ အေးမြမြနှင့် ငွေသော်တာ လရိပ်ရွှမ်းက ကျနော်တို့ အားလုံးအပေါ် လွှမ်းခြုံဆဲပင်။ ပုရစ်သံငယ် တချို့ ပြန်ကြားရပြီ။ လူသံတို့ တိတ်ပြီဆိုတော့ သူတို့အလှည့်ပေါ့…..။ ထိုအချိန်... “ ဂွမ်း … ချလွမ်း” ဆိုသော အသံများကြားရပြီး သုံးထပ်ဆောင် ကော်ရစ်တာပေါ်မှ ပစ္စည်းများ ပစ်ချနေသော ဗိုလ်မှုးမြင့်လွင် (ကျောက်မဲ) ကို လှမ်းတွေ့ရ၏။

လား..လား.. သူပစ်ချလိုက်သော ပစ္စည်းကြီးမှာ ဖိုင်နယ် ဗိုလ်လောင်းတဦးဖြစ်သူ (….) ပိုင်ဆိုင်သော ကတ်ဆက် အကောင်းစားကြီးဖြစ်သည်။ “ဟား..သွားပြီ။ ဟိုကောင့် ရေဒီယို ကတ်ဆက်ကြီးတော့ မာလကီးယား ဒေါင်း..ညောင်းပြီ။” တယောက်က ၀င်ထောက်၏။ “ရေဒီယို နားထောင်မှာ.. စိုးလို့ ထင်တယ်ကွ” ကျနော့် အနီးရှိ ဖိုင်နယ် ဗိုလ်လောင်းတယောက် နှုတ်မှ လွှတ်ကနဲထွက်သွား၏။
နောက်ထပ် တခု ပစ်ချပြန်ပြီ။ ဘယ်သူ့ ပစ္စည်းလဲ မသိ။ ဂွမ်း ကနဲ၊ ချွမ်း ကနဲ။ သွားပြန်ပါပြီ။ ဗိုလ်လောင်း အင်အား ၆၀၀ ကျော်ခန့်ထဲမှ အသံ အနည်းငယ် ထွက်လာ၏။
“ ဒါမတရားဘူး…”
“ ဟုတ်တယ်”
“ ရက်စက်တယ်ကွာ”။
“ တောက်”။ …..စသည်ဖြင့်……။
ထိုအသံများကို ကျောက်မဲတို့ နည်းပြအရာရှိများ မကြားသေးပါ။ လူနည်းစုမှ တယောက်တပေါက် ဟိုပြောသည်ပြောမို့ ထင်၏။

ဟော နောက်ထပ် ပစ္စည်းကြီးတခု… ကိုင်မ.. လာပြန်ပြီ။ ရေဒီယို ကတ်ဆက်ပင် ဖြစ်မည်။ ဂုန်း…အုံး… သုံးထပ်ဆောင် အမြင့်မှ မြေပြင်ထပ် အိပ်ဆောင်ရှေ့ရှိ ကွန်ကရစ် ကြမ်းပြင်ပေါ် ကျကွဲသံ။ ဒီတခါတော့ အသံ နည်းနည်းကျယ်လာ၏။ …ဟား….။ တယောက်တပေါက် အော်ဟစ်သံမှ တဆင့် လူတော်တော် များများ၏ အာမေဋိတ်သံများ ပေါင်းစုသွားသော အခါ “ ရဟား..” ကနဲ အတော်ကျယ်သော အသံ ဖြစ်လာ၏။ “ဟား..” ဟု အသံထွက်သက်သက် မဟုတ် “ဟား..” နှင့် “အား” ဟူသော အသံကြားမှ အားရပါးရ အာလုပ်သံမျိုး ဖြစ်၏။ အိပ်ဆောင်ပေါ်က ဗိုလ်မှုးလည်း ပစ်ချလို့ ကောင်းတုန်း..။ ပစ္စည်းတခု ဂွမ်းကနဲ ကျသွားသံ ကြားတိုင်း သရော်သံလိုလို..၊ အားပေးသံလိုလို..၊ တခု ဆုံးသွားလည်း နောက်တခု ၀ယ်နိုင်သေးတယ်ကွာ… ဟူသည့် အဓိပ္ပါယ်ကောက်လို့ ရနိုင်မည်ဖြစ်သော လှောင်ပြောင် သံလိုလို…တွေက “ဟေး” ကနဲ…၊ “ဟား” ကနဲ ထပ်ထပ် ထွက်လာ၏။ ဂျလွမ်း ….( ၀ါး…)။ ဂုန်းဂျွမ်း…(ဟား…)..။ နောက်တခု ဂုန်းဂလုံး…. ဂျွမ်း (အဟေးဟေး…) စသည်ဖြင့် လှောင်သံ၊ ပြောင်သံတို့သည် တစစပိုကျယ်၊ ပိုအော်၊ ဟိုက ပစ္စည်းတခု ပစ်ချလိုက်တိုင်း အော်သံ၊ လှောင်သံတို့က ပိုကျယ်လာ၏။ လှောင်ပြောင်သူတို့ အင်အား တစစ ကြီးထွားလာ၏။ အောက် တန်းစီကွင်းရှိ ကျနော်တို့ ဗိုလ်လောင်းများထဲက (ဖိုင်နယ်များနှင့် တတိယ ဗိုလ်လောင်း အချို့သာ အော်ရဲပါသည်) ထိုသို့ လျှက်စစ် ပစ္စည်းတခု ပစ်ချ၍ ဖျက်စီးလိုက်လေလေ၊ လှောင်အော် အော်လေ၊ ဗိုလ်လောင်းများ လှောင်ပြောင်လေလေ။ ဟိုး အိပ်ဆောင်ပေါ်က (ဒုဦးစီးမှုး ညှိနှိုင်းခေါ် ကျောက်မဲ) ဗိုလ်မှုးမြင့်လွင်က ဒေါပွလေလေ…။ တွေ့သမျှ လျှက်စစ်ပစ္စည်း အကုန်ပစ်ချလေ…။ အဟေ့…ဟေ့.. စိတ်ဓါတ် ကုမ္မာရတို့ တိုက်ပွဲသည် ပြင်းသည်ထက် ပြင်းလာ၏။

ကျနော်တို့ ပထမနှစ် များကတော့ တုံဋိဘာဝေ..ပေကလပ်၊ ပေကလပ်။ ရင်တွင်းမတော့ တလှပ်လှပ် ခုန်နေသော နှလုံးခုန်သံနှင့်အတူ ကြောက်စိတ်တို့သာ တိုးလာနေ၏။ ကျနော်တို့ ပစ္စည်းလည်း မဟုတ်။ ကျနော်တို့ အပြစ်လည်းမပါ။ သို့သော် ဘာကို ကြောက်လို့ ကြောက်နေမှန်း မသိသော ကြောက်စိတ် တို့က ရေတံခွန်မှ ရေအလျှင်အလား။ တဖွားဖွား..ကြောက်လာ၏။ နဂို ရိုက်သွင်း ခံထားရသော အားလုံးကို၊ မဲမဲမြင်သမျှကို ကြောက်နေရသည့် စစ်သားသစ် ဘ၀မို့လည်း…။ ဤလိုကြုံခိုက်၊ မဟာ အခွင့်အရေး ရခိုက်မှာ အကြောက် မာန်တက်လာခြင်းလည်း ဖြစ်မည်ထင်၏။

ချမ်းသည်နှင့် ရော၍ အကြောက်ဒူးတို့ တဆတ်ဆတ် တုန်လာနေ၏။ ရာသီဥတု ချမ်း၍ပဲ ဒူးတုန် သလိုလို။ ကြောက်စိတ်ကြောင့်ပဲ တုန်သလိုလို၊ အမှန်တကယ်က…..၊ ယခုဖြစ်နေသော နည်းပြအရာရှိ များနှင့် စီနီယာ ဗိုလ်လောင်းများ အကြား တင်းမာမှု အခြေအနေကို၊ ကြားမှ စိုးရိမ်ထိတ်လန့်သော ကြောက်စိတ်ကြောင့် တုန်နေခြင်းဖြစ်၏။

သင်တန်းသား ဗိုလ်လောင်းများနှင့် နည်းပြအရာရှိများ၏ စိတ်ဓါတ်ရေးရာ စိန်ခေါ်မှု တိုက်ပွဲသည် နောက်ဆက်တွဲ ရလာဒ်ဆိုးများစွာ အတွက် လက်ယပ်ခေါ်နေသလို ဖြစ်နေပြီ ဆိုခြင်းအား ကျနော်တို့ ဂျူနီယာများပင် နားလည်နေပေပြီ။

မကြာမီပင် ဒေါသသံဖြင့် အော်ဟစ်ပြောဆိုလာသော ကျယ်လောင် အောင်မြင်သည့် ဗိုလ်မှုးမြင့်လွင်၏ အသံနှင့် အတူ နည်းပြများ၊ တာဝန်ကျ ဗိုလ်လောင်းများ၊ အိပ်ဆောင်များမှ ဆင်းလာသော ဖိနပ်ခွါသံ ခပ်ပြင်းပြင်းတို့ကို ကြားရလာရ တော့ပြီ။ …..ကျနော့်ရင်တွေ ပိုပိုခုန်လာပါပြီ…..။

ငွေလမင်းသည် သာနေဆဲ..၊ သို့သော်… ဟိုး ကောင်းကင် တဖက်စွန်းနားဆီက ရွှေ့လျားလာနေသော မိုးတိမ် မဲစိုင် လှိုင်းထုကြီးသည် လမင်းလေးကို ၀ါးမြိုမည့်ဟန်ဖြင့် အမြန်ချီတက်လာနေသည်ကို လှမ်းတွေ့ရ၏။ ထိုအချိန် ဖက်ဆစ် ကင်ပေတိုင်တို့ ခြေသံလေလား၊ အထင်မှားရမည့် စစ်ဖိနပ်သံတို့ တဂွပ်ဂွပ် ကလည်း ကျနော်တို့ရှိရာ ဦးတည်လာနေချိန်။ တန်းပေါင်းစီကွင်း အတွင်းရှိ ဗိုလ်လောင်း အားလုံးထံမှ ဘာသံမျှ မထွက်တော့…။ အားလုံး တိတ်ဆိတ်နေကြပေပြီ။ ဤအဖြစ်သနစ်ကို မသိ ကြရှာသော ပိုးငယ်၊ မွှားငယ် ကိုရွှေပုရစ်တို့က သူတို့အလှည့် ရောက်ပြီဟု ယူဆကြ၍ထင်၏။ တကျီကျီ….တကျစ်ကျစ်……။

ကျနော်တို့ ဗိုလ်လောင်းအားလုံး တန်းစီကွင်းအတွင်း တိတ်ဆိတ်စွာ နေလိုက်ကြရပြီး ဗိုလ်မှုးမြင့်လွင် နှင့် နည်းပြများ ဆင်းလာသည်ကို ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်နေကြ၏။ ကျောက်မဲခေါ် ဗိုလ်မှုး မြင့်လွင်၏ အောင်မြင်စူးရှသော မိန့်ခြွေသံကြီး ပေါ်ထွက်လာလေပြီ။ ညဥ့်သန်းခေါင်ကျော် နှစ်ချက်တီး ချိန် မိုးသောက်ယံ မတိုင်ခင်၏ လေညင်း အေးအေးသည် ဤကျက်သရေ နည်းပါးလှသော ဆိုဆုံးမ စကား၊ ဆဲဆိုသံများကြောင့် ငြိမ်းချမ်းစွာ မအေးမြတော့ဟု ထင်လာရ၏။

“မင်းတို့ ဗိုလ်လောင်းတွေ၊ ကျောင်းက ထုတ်ပြန်ထားတဲ့ အမိန့်ကို အတိအကျ မလိုက်နာကြဘူး၊ လျှက်စစ်ပစ္စည်း မသုံးစွဲရ ဆိုတာကိုသုံးတယ်၊ မလုပ်နဲ့ဆိုတာကို အကုန်လုပ်တယ်၊ ပြောတော့မိုး --ိုးတော့ မြေကြီး၊ --ီး ဗိုလ်လောင်းလား…။ မင်းတို့ စောင့်သုံးကျတာ ဘာရှိလဲ၊ ဖါချမယ်၊ အရက်သောက် မယ်၊ ပေါက်ကရလုပ်မယ်၊ စည်းကမ်းဖေါက်မယ်။ ဒါဗိုလ်လောင်း အလုပ်လား၊ အခုကြည့်စမ်း ကတ်ဆက်တွေ တပုံကြီး သီချင်းတငြိမ့်ငြိမ့်နဲ့ ဒါအနုပညာကျောင်း မဟုတ်ဘူးကွ..။”
(မှတ်ချက်…။ ထိုကာလအတွင်း မြန်မာပြည်နေရာ အနှံ့အပြားတွင် မငြိမ်သက်မှုများ ဖြစ်နေသည်ဟု ကျနော်တို့ ကြားသိရသည်။)

“ကဲ..လူစစ်စမ်း၊ လူစုံလား ဗိုလ်လောင်းတာဝန်မှုး၊ အမှတ်စဉ်မှတ်ခိုင်းစမ်း”
ထိုသို့ တန်းစီကွင်းထိပ်ရှိ စကားပြော စဉ်မြင့်ရှိရာ ကြည်း၊ ရေ၊ လေ ရုပ်တုကြီး အောက်ခြေမှ မိန့်ခွန်းတွေ ခြွေနေသော ဗိုလ်မှုးမြင့်လွင်၏ နောက်ထံပါးဝယ်၊ နည်းပြအရာရှိ သုံးပွင့်တပ် ဗိုလ်ကြီး တဦးက ဘယ်သူ့၊ ဘယ်ဗိုလ်လောင်း၏ အခန်းထဲက သူသိမ်းဆည်း လာခဲ့မှန်း မသိသော ရီမုတ် ကွန်ထရိုးဖြင့် ထိန်းသိမ်းမောင်းနှင် နိုင်သည့် ကားငယ်လေး တစင်းကို ဆော့ကစား မောင်းနှင်နေ၏။ သူနှင့် အခြားသော အရာရှိတသိုက် တပြုံးပြုံးနှင့် ထိုကားလေးကို သဘောကျနေကြ၏။

အမှတ်စဉ် မှတ်ခိုင်းနေစဉ်အတွင်း တန်းစီနေကြသူ လူအုပ်တွင်းတွင် ပွစိ၊ ပွစိ စကားသံ တချို့ ထွက်ပေါ်လာ၏။ ထိုအချိန်အထိ ပြိုင်ကားငယ်မှာ ကျနော်တို့ မြင်ကွင်း မီးရောင်ထင်းထင်း အောက်တွင် ပြေးလွှား မောင်းနှင် ကောင်းဆဲဖြစ်၏။ ထိုအဖြစ်အပျက်ကို မကျေနပ်သူတွေ ထွက်ပေါ် လာနေ၏။ မိမိတို့ ဗိုလ်လောင်းပိုင် ပစ္စည်းကို သူပိုင်တခုလို သိမ်းယူလာပြီး သွေးအေးအေးနှင့် မောင်းဆော့ နေသော ကလေးမဟုတ်၊ ခွေးမဟုတ် နည်းပြစစ်ဗိုလ်ကြီး အကြောင်းကို အတင်းတုတ် နေ၏။

“ဗိုလ်လောင်းတွေ စကားမများနဲ့” ထို ကားဆော့ ကစားနေသူ ဗိုလ်ကြီးက လှမ်းအော်၏။ ဗိုလ်မှုး ကျောက်မဲကား တန်းစီ လူစစ်နေသော တပ်ခွဲလိုက် အမှတ်စဉ် မှတ်နေပုံကို သတိကြီးစွာဖြင့် လိုက်လံ ရေတွက်နေ၏။ စကားသံတို့က မစဲသေး။ စောစောက ဖြစ်ပျက်ခဲ့သော မတရားမှုများ၊ ဗိုလ်လောင်းများ ပိုင် ပစ္စည်းများကို ဖျက်ဆီးခံခဲ့ရမှုများ အကြောင်း ပွစိ၊ ပွစိ ပြောဆဲဖြစ်၏။
“ဗိုလ်လောင်းတွေ စကားမများနဲ့ ငါပြောနေတာ မကြားဘူးလား”
ပွစိ၊ ပွဆ ဟိုမှ သည်မှ ထွက်နေဆဲ။ ကျောက်မဲပါ ဒေါပွလာပြီ ထင်၏။
“ ဟေ့ကောင်တွေ စကားမများနဲ့လို့ ပြောနေတာ မကြားဘူးလား၊ မအေ--ိုးတွေ… ခွေး သူတောင်းစား တွေ…အခုတိတ်စမ်း”

ယခု ကျနော်တို့ ရှေ့ရောက်နေသည့် နည်းပြများထဲတွင် ဗိုလ်မှုးကျောက်မဲသည် ရာထူး အကြီးဆုံး ဖြစ်သလောက် စကားပြော အယဉ်ကျေးဆုံး ဖြစ်၏။ ဆဲသံ၊ မပါလျှင် စစ်ဗိုလ့် စကားမမည်ဟု များ ဘယ်ဆရာကများ သူ့ကို သင်ပေးထားသည်မသိ။ ခဏတော့ တိတ်သွား၏။ မကြာပါ.. စကားသံ ပြန်ထွက်လာပြန်သည်။ နှစ်ကြိမ်မျှ အငေါက်ခံနေရသည့်တိုင် ဗိုလ်လောင်းများကတော့ မတိတ်သေး..။ စောစောကလိုမျိုး တိုက်ပွဲဝင် အာခံသံတွေ ထပ်ထွက်လာ၏။ တယောက်တပေါက်နှင့် (လူညီလျှင် ဤကို ကျွဲလို့ ဖတ်နိုင်သည့် ပုံစံမျိုး)။ ၀ရူး၊ ၀ရား၊ ရှုးရှားရှားနှင့် ၀ူးဝူးဝါးဝါး အသံ တချို့ပါထွက်လာ၏။

“ဟေ့ကောင်တွေ မအေ--ိုးတွေ၊ ခွေးတွေ စကားမပြောနဲ့လို့ ပြောနေတာ မကြားဘူးလား” ကျောက်မဲက ထပ်အော်၏။ တချို့ တပ်ခွဲက လူအစစ်ဆေးခံသည့် အနေဖြင့် တစ်၊ နှစ်၊ သုံး..စသည်ဖြင့် အမှတ်စဉ် အော်ဟစ် ရွတ်ဆိုနေချိန်ဖြစ်၏။ ထိုအမှတ်စဉ် ရွတ်သံများနှင့် ရော၍ မည်သူက ရောင်တော်ပြန် ရောလွတ် အော်လိုက်သည်မသိ၊ ခွေးတကောင် အူသည့်နှယ် “အု…အူ” ဆိုသည့် မကြားတကြား အော်သံ၊ လှောင်သံက လျှက်တပြတ် ထွက်ပေါ်လာ၏။

ထိုစဉ် ချက်ချင်းပင် နည်းပြအရာရှိများ၊ ရှုးရှုးရှားရှား ဖြစ်သွားကြ၏။
“စောစောက ခွေးလို အူတာ ဘယ်သူလဲ၊ အခုရှေ့ထွက်ခဲ့စမ်း၊ ကြားလား၊ ဘယ်ကောင်အော်တာလဲ ”

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ပါ

Read More...

Friday, March 21, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၆)

ထိုနည်းပြမူးချုပ် ဗိုလ်မှုးကြီးသည် စစ်သက္ကသိုလ်မှ ဗိုလ်လောင်းများအား စစ်ပညာ သင်ကြားရေးတွင် ကြီးကြပ်အုပ်ချုပ်သူ အဖြစ် တာဝန်ယူပို့ချခဲ့ပြီး၊ တဆင့်မြင့် ရာထူးတိုးကာ ကရင်ပြည်နယ်ရှိ ခြေမြန် တပ်မ ဌါနချုပ်တခုသို့ စစ်ဗျူဟာမှုး အဖြစ် ပြောင်းရွှေ့သွား၏။ ထိုသို့ ပြောင်းရွှေ့ရောက်သွားပြီး များမကြာမီမှာပင် စိတ်မကောင်းဖွယ်ရာ သတင်းတခုကို ကြားရ၏။ ရှေ့တန်းစစ်စခန်း တခုသို့အသွား ၎င်းစီးနင်းလာသော စစ်ယဉ်သည် ကေအင်န်ယူတို့ ထောင်ထားသော ကားမိုင်းနင်းမိ၍ ကားပေါ်လိုက် ပါလာသူ ထိုဗျူဟာမှုး အသစ်စက်စက် ခြေထောက်ပြတ်တောက်သော ဒါဏ်ရာရရှိခဲ့သည်ဟု ကြားသိ ရ၏။ မိမိတို့အား သင်ပြပေးခဲ့ဖူးသည့် ဆရာဖြစ်၍ ကျနော်တို့ အားလုံး စိတ်မကောင်းပါ။
သို့သော် မတတ်နိုင်။

ဆရာသင်ပေးခဲ့သည့် စစ်ပညာ အရပ်ရပ်တွင် သူကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီ ဖြစ်သော မိုင်းရှောင်သည့် အတတ်ပညာ မပါရှိခဲ့လေသောကြောင့်လား မသိ။ မိမိတို့ ဗိုလ်လောင်းများ အတွက်လည်း လက်တွေ့ စစ်တပ်များရောက်လျှင် စစ်မြေပြင်ဟူသည်နှင့် အတူ မိုင်းဟူသည့် ပေါက်ကွဲ၊ ခြေပြတ်၊ သေတတ် စေတတ်သော အန္တရာယ်သည် အဆင်သင့် စောင့်ကြိုနေသည်ဟုလည်း သတိပေးရာ ရောက်လာတော့ သည်။ ထိုကာလ ရက်ပိုင်းများ အတွင်း ရန်ကုန်နှင့် မန္တလေး မြို့ကြီးများမှ ကျောင်းများတွင် ကျောင်းသား လူငယ်များနှင့် ရဟန်း သံဃာ အချို့တို့ ဦးဆောင်မှုဖြင့် နေရာ အတော်များများ၌ ဆူပူအုံကြွမှု (စစ်တပ်အခေါ် ဖြစ်ပါသည်။ တကယ့်တကယ်က လူထုတော်လှန်ရေး အုံကြွမှုဖြစ်ရန် အစပျိုးနေသည့်) ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်ဟု ကြားသိရပါသည်။ ဘယ်သူကမှ လာမပြောပါ။ ရေဒီယို နားထောင်သူများမှ တဆင့် သိရှိရခြင်းဖြစ်၏။ တပ်ပြင်ထွက်ခွင့် ပိတ်ထားခံရသော ရက်ပိုင်း များသည် ထို အဓိကရုဏ်း ဖြစ်နေခဲ့သော ရက်စွဲများပင် ဖြစ်နေပေလိမ့်မည်။

မိမိတို့ ကျောင်းတွင်းမှာတော့ ဘာမှမထူးခြားပါ။ စည်းကမ်းအတိုင်း၊ သင်ရိုးညွှန်းအတိုင်း၊ သင်ခန်းစာ မပျက်၊ စာသင်ဆောင်သွားမပျက်၊ ထမင်းစားမပျက်၊ အပြစ်ပေးခံမပျက်ကြပါ။ တပ်ပြင်ထွက်ခွင့် ပိတ်ခံ ရသော စနေ၊ တနင်္ဂနွေနေ့ အချို့တွင်သာ စီနီယာ ဖိုင်နယ်များ၏ မကျေမနပ်ဖြင့် တောင်အော်၊ မြောက်အော်၊ သံသေး သံကြောင်ဖြင့် အော်သော အော်သံအချို့သာ ကျောင်းပုရ၀ုဏ် အတွင်း လှိုဏ်ထပ်နေ၏။ ထိုသို့ အော်သော်လည်း မည်သူမျှ လာရောက်စစ်ဆေးခြင်းမရှိ၊ တားမြစ်သူ မရှိပါ။

ဤဖြစ်ရပ် ဖြစ်စဉ်မျိုးမှာ ရိုးနေပေပြီ။ စီနီယာတို့သည် နည်းပြအုပ်ချုပ်သူ ကွယ်ရာ (ယခုလို အချိန်မျိုး) တွင် ၎င်းတို့ ရင်တွင်းခံစားနေရသော မကျေနပ်ချက်ကို ထိုသို့ အော်ဟစ်ဆဲဆို လိုက်ခြင်းဖြင့်သာ ဖြေသိမ့်ရ၏။ တပ်ပြင်ထွက်ခွင့် ပိတ်လိုက်သောကြောင့် တပ်အပြင်ဖြစ်သော မေမြို့ အတွင်းသို့ ထွက်လည်ခွင့် မရ။ ထွက်လည်ခွင့် မရသောကြောင့် ၎င်းတို့၏ ပျော်ရွှင်ဖွယ် အချိန်လေးများ အလဟဿ ဖြစ်ရသည်။ ချိန်းဆိုထားသော ပျိုပျိုတို့နှင့် လွဲရသည်။ ထိုအခါ ကျွဲမြီးတိုခြင်း၊ ဒေါကန်ခြင်း၊ အလိုမကျခြင်းတို့ အလိုလိုဖြစ်လာသည်။ အင်မတန် တောင့်တထားသော မ ဓါတ်ဆိုသည်နှင့် လွဲချော် ရခြင်းပေါ် အပြင်းအထန် အလိုမကျ၊ အစားထိုးနိုင်ဖွယ် မရှိခြင်းတို့ ရောယှက်ကာ မည်သူ့ကို စိတ်တိုရ မှန်းမသိ၊ အလိုလို စိတ်တွေတိုကာ စိတ်ထင်သလို ညောင်နာနာ၊ ကြောင်တတ်တတ်… အသံသေး၊ အသံကြောင်၊ အော်ဟစ် သောင်းကျန်းကြတော့၏။

ဤမကျေနပ်မှုကြောင့် ဖိုင်နယ်များ အော်ဟစ်သောင်းကျန်း ကြခြင်းကို အုပ်ချုပ်ရေး တာဝန်ကျသူ ဖိုင်နယ်ဗိုလ်လောင်းများက ကျောင်းအာဏာပိုင် လုပ်သူတို့ကိုလည်း သွားတိုင်မပြောရဲပေ။ သူတို့ကား ကြောက်စရာ၊ လန့်စရာမဲ့သော စစ်သက္ကသိုလ်၏ ဘုရားဟု သမုတ်ထားခံရသူ ဖိုင်နယ် ရီးယား ဗိုလ်လောင်း စီနီယာ ကြီးများဖြစ်ကြ၏။ သို့ဖြစ်သောကြောင့် သူတို့ဘ၀က လွတ်လပ်ကြပါသည်။ စိတ်ထင်တိုင်း (ယခုကဲ့သို့ ကျောင်းပိတ်ရက် နည်းပြအရာရှိများ အိပ်ဆောင်ပေါ်မရှိခိုက် သောင်းကျန်း နိုင်ကြပါသည်။ ရင်ဖွင့် အော်ဟစ်နိုင်ကြ၏။ (ကျနော်တို့ ဖိုင်နယ်ရောက်လာသော အခါလည်း ထိုနည်းတူပင် အော်ဟစ်သူတွေ ပေါ်လာပါသည်။ ရှေ့ဆောင်နွားလား တို့၏ ခွါရာနင်းသူတို့ ဖြစ်၏။)

ထိုကာလ၊ ထိုသို့ မကျေမနပ်ဖြင့် ဆူဆူပူပူ လုပ်လိုသည့် အဖြစ်အပျက်မျိုး၊ အနေအထားမျိုး ရောက်လာသော ကာလတခု၌ ကျနော်တို့ ဗိုလ်လောင်းအားလုံး ပညာပေး နှိပ်စက်ခြင်း ခံရသော ညတညကို မှတ်မိပါသေးသည်။
ထိုတရက်….လရောင်တို့ ထိန်ထိန်သာနေသော တောင်ပေါ်မေမြို့၏ လပြည့်ညတည…။

တပ်ပြင်ထွက်ခွင့်များ အပိတ်ခံရခြင်း၊ နည်းပြအရာရှိများ၏ နည်းမျိုးစုံဖြင့် သင်တန်းသား ဗိုလ်လောင်း များအပေါ် ကြပ်ခြင်း၊ စောင့်ကြည့် ခြိမ်းခြောက်ခြင်း၊ အပြစ်ပေးခြင်း၊ (ဖိုင်နယ် ဗိုလ်လောင်းများအား နည်းပြ အရာရှိများက အပြစ်ပေးပိုင်ခွင့်ရှိသည်။ ကျနော်တို့ ဂျူနီယာများ၏ မျက်စိရှေ့မှောက်တွင်တော့ မဟုတ်ပါ။) ခံရဖန် များလာနေသော ထိုရက်မျိုးကို ကျနော်တို့ မမေ့သေးပါ။ အလိုမကျ ဆူပွက်သော ဗိုလ်လောင်းတို့၏ လှုပ်ရှားမှု အခြေအနေသည် ခါတိုင်းနှင့် မတူ၊ ကျနော်တို့ ပထမနှစ်များ မိုးပြိုမည်ကို ကြောက်နေရသော ယုန်သူငယ်လေးများကဲ့သို့ နဂိုကြောက် နေကြရသည့်အထဲ၊ အကြောင်းမရှိ အကြောင်းရှာ အပြစ်ပေးတတ်သော ဖိုင်နယ်တို့ ရန်က ပိုများလာ၏။ အလုပ်မရှိ ချစ်တီးခေါင်း သန်းရှာ တတ်သူတို့၊ သူတို့စိတ်အလိုမကျ ဖြစ်မှုများလာသော ဤအချိန်တွင် စိတ်တို့ ဖြေဖျောက်ရာသည် ကျနော်တို့ အပေါ်တွင်သာ ကျ၏။

အောက်ပတ်စ်ခေါ် တပ်ပြင်ထွက်ခွင့် ပိတ်ခံရသဖြင့် အလိုလို မကျေမနပ်ဖြစ်ကာ ပူညံပူညံ လုပ်သူ ယခင်ကထက် ပိုများလာနေ၏။ အကြောင်းမရှိ အကြောင်းရှာ အော်ဟစ်ဆဲဆို နေသံများ၊ ဟိုမှသည်မှ သံသေးညောင်နာ စူးစူးရှရှ အော်ဟစ်သံများ မကြားစဖူး အတော်ကြားလာ နေရ၏။ အိပ်ဆောင် ၀န်းကျင်သို့ နည်းပြ အရာရှိငယ်များ ရောက်လာသည့် အခါတွင်လည်း၊ မကြားတကြား နောက်သလိုလို အတည်လိုလိုနှင့် မိမိတို့ အခွင့်အရေးများ ဆုံးရှုံးရသည်ကို မကြိုက်နှစ်သက်သည့် သဘောမျိုး ဆောင်ပြကြ၏။ ဤသို့ ပေါ်ပေါ်ထင်ထင် လုပ်လွန်း၊ အော်လွန်း ပြောကြလွန်း၍လားမသိ။ အထက် အာဏာပိုင်လုပ်သူကို ထီမထင် မထေမဲ့မြင် ပြုရဲကြသူ၊ ဗိုလ်လောင်း သင်တန်းသားများအား ပညာပေး သည့် ပုံစံဖြင့် ထုံးစံထက်ပိုမို တင်းကျပ်သည့် စည်းကမ်းများ ထုပ်ပြန်ကာ အနီးကပ် စောင့်ကြည့်လာ၏။ ကျနော်တို့ ဗိုလ်လောင်း တပ်ရင်း တရင်းလုံးကို မကြာခဏ လျှက်တပြက် တန်းစီလူစစ်ခြင်း၊ (surprise check)။ ညကြီးသန်းခေါင် ရှောင်တခင် တန်းစီ လူစစ်ခြင်းတို့ကို အမြင်ကပ်၊ စိတ်ရှုပ်ထွေး၊ နာကျည်း ဖွယ် ဖြစ်လောက်အောင် လုပ်လာတော့၏။

ကျနော်တို့ ဗိုလ်လောင်း သင်တန်းသားများ အတွက် ထုပ်ပြန်ထားသော စည်းကမ်းတခုကို စာဖတ် သူတို့ သိပြီးဖြစ်ပါသည်။ ဗိုလ်လောင်းများသည် လျှက်စစ်ပစ္စည်းဆို၍ ဘာဆိုဘာမှ သုံးစွဲပိုင်ခွင့် မရှိပါ။ ဓါတ်ခဲ ထည့်သုံးရသည့် ရေဒီယိုကိုပင် သုံးခွင့်မရှိ။ ကတ်ဆက်၊ မီးပူ၊ ပန်ကာ၊ ထမင်းပေါင်းအိုး ဘာဆိုဘာမှ သုံးခွင့်မရှိပါ။ လျှက်စစ်သုံးသော၊ လျှက်စစ်ဓါတ်နှင့် သက်ဆိုင်သော ပစ္စည်းဆို ဘာမျှ သုံးခွင့်မရှိ။ ထိုလျှက်စစ်ပစ္စည်း မသုံးစွဲရဟူသော အမိန့်နှင့် ပတ်သက်၍၊ ဗိုလ်လောင်းများ လိုက်နာမှု ရှိမရှိ၊ စစ်ဆေးခြင်းများ ထိုရက်ပိုင်းအတွင်း အတော်ကြပ်လာ၏။ ဗိုလ်လောင်းများ အိပ်ဆောင်အပေါ် ရှောင်တခင် တက်ရောက်ရှာဖွေခြင်းများ လုပ်လာ၏။

ကျနော်တို့ အားလုံးအတွက် အင်မတန် အိပ်ကောင်းနေသော ညတည …။ ကျောင်းပိတ်ရက် အားလပ် သောစနေညမို့ ညပိုင်းတွင်လည်း ညဥ့်နက်သည်အထိ ဗွီဒီယိုတွေကြည့်၊ လုပ်ချင်တာတွေလုပ်၊ လူတိုင်းအားနေကြသည်။ တနေကုန် ပျော်ပါးပြီး မောဟိုက် ပင်ပန်းကြသည်နှင် ညနက်ပိုင်းတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေကြကုန်၏။ အိပ်ကောင်းကောင်းနှင့် အိပ်ပျော်နေကြချိန်၊ ညဥ့်နှစ်နာရီခန့်တွင်၊ ငှက်ဆိုးထိုးသံနှယ် ဆူညံနေသော ၀ီစီ ခရာမှုတ်သံ တတွီတွီ အဆက်မပြတ် ပေါ်ထွက်လာတော့၏။ ချက်ချင်းတန်းစီရန် အော်ခေါ်နေသော အသံများ ဆူညံလာ၏။ အိပ်မှုန်စုံမွှား ထလာကြသော ဗိုလ်လောင်းတိုင်း၏ ပါးစပ်မှ နည်းမျိုးစုံသော ဆဲဆိုသံ၊ ညည်းတွားသံများ၊ မကျေမနပ် ဆောင့်အောင့် အော်ခေါ်သံများ အိပ်ဆောင်တိုင်း၏ ကော်ရစ်တာ တလျှောက် ဆူညံစွာ ကြားလာရတော့၏။ တိမ်ကင်း စင်နေသေးသော ကောင်းကင်ယံဝယ် ငွေလမင်းသည် ထိန်ထိန်သာနေ၏။ ပိုးမွှားငယ်တို့ အသံစီစီများ၊ ပုရစ်အော်သံလိုလို အသံများ တကျစ်ကျစ် မြည်သံများသည် သာယာအေးမြသော ညကို အလှပို ထင်စေ၊ တန်ဆာဆင်နေ သလိုပါပင်။ သို့သော် ကျနော်တို့ မပျော်နိုင်ပါ။ မကြည်နူးနိုင်ပါ.. ခင်ဗျား။

ထိုအချိန် ပတ်ဝင်းကျင် တခွင်မှ သဘာဝ ပိုးမွှားတို့ အော်မြည်သံသည် ချက်ချင်း တိတ်ဆိတ်သွားတော့ သည်ဟု ထင်ကြရသည်၏။ အဘယ့်ကြောင့်ဆိုသော် ဆူညံသော အော်သံ၊ ဟစ်သံတို့က တမဟုတ် ချင်း ညံလာ၊ လွှမ်းလာသောကြောင့် ဖြစ်၏။ ထိုမြင်ကွင်း၊ ထိုအသံ၊ ထိုအဆင်း၊ ထိုအချင်း တို့မှာ ကျနော်တို့ အတွက် မရိုးတော့ပေ။ မကြာခဏ ကြားရလွန်းပြီမို့၊ အိပ်ငိုက်လျှက်နှင့် မကြာခဏ တန်းစီ ခဲ့ကြရ ပြီးပြီမို့ မထူးဆန်းတော့ပါ။ အလွန်အင်မတန် အိပ်ငိုက်နေသော ကျနော်တို့ ဗိုလ်လောင်း များအား ချက်ချင်း၊ အမြန်ဆင်းလာရန် အော်သံများ၊ တွန်းအားအဖြစ် အချက်ပေး ခေါ်ယူနေသော ခရာတတွီတွီ မှုတ်သံများ၊ တပ်ခွဲလိုက် နည်းပြ အရာရှိ၏ အိပ်ဆောင်များ အောက်မှ အော်ဟစ် ခေါ်သံများသည်၊ အခန်းတံခါးတွေ တဒေါက်ဒေါက်ခေါက် အော်နှိုးသံများက ပြင်ပအရပ်သား တယောက် အတွက်မူ ထိုညက ကမ္ဘာပျက် နေခဲ့သည်ဟု ထင်ကြမည်ပင်။

အိပ်ဆောင်စောင့် အဖြစ်ပင် ကျန်နေခွင့်မပေး။ ရှိသမျှ အားလုံးတန်းစီရန် အော်ပြောနေသံ ကြားရသော ကြောင့် တခုခုတော့ ထူးပါပြီ၊ မလာစဖူး၊ အလာထူးသော နည်းပြအရာရှိ အတော်များများပါ ရောက်လာ နေသောကြောင့် စစ်သက္ကသိုလ်အတွင်း တခုခုတော့ ဖြစ်နေလို့ ဖြစ်မည်ဟု ကျနော်တို့ တွက်ဆ မိကြ၏။ တပ်ခွဲလိုက်တန်းစီ၊ ညာညှိ၊ အမှတ်စဉ်မှတ် အော်သံ၊ ဟစ်သံ၊ ငေါက်ငန်းသံ၊ ပျောက်နေသောသူအား အော်မေးသံ၊ အိပ်ချင်၍ တ၀ါးဝါး သမ်းဝေသံ၊ ခါးကြောများ တဂျွတ်ဂျွတ် ချိုးကာ တရေးနိုး အကြောလျှော့နေသံ အို…စုံလို့ပင်။ ထိုအသံပေါင်းစုံတို့သည် လှပသော လပြည့်ည၏ အစားပြန်မရနိုင်သော အလှကို အကျဉ်းတန် စေခဲ့ပါပြီ။ ဗိုလ်လောင်းအားလုံး ဗိုလ်လောင်းတန်းစီ ကွင်းကြီးတွင် ရောက်ရှိပြီး တန်းစီ လူစစ်နေချိန်တွင် နည်းပြ အရာရှိများသည် ဗိုလ်လောင်းအိပ်ဆောင် များပေါ် တက်ရောက်သွားတော့သည်။ သူတို့နှင့် အတူ ဗိုလ်လောင်း တာဝန်ကျ (အပွိုင့်မင့် ကဒက်) များပါ လိုက်သွားကြ၏။ ကျနော်တို့ကား ချမ်းအေးလှသော လေအေးတဖြူးဖြူး တိုက်ခတ်ကျီစယ်သော ဒါဏ်ခံရင်း တန်းစီမတ်တပ်ရပ် စောင့်နေကြရဆဲ။ စီနီယာတို့ ပါးစပ်ကလည်း ပွစိ၊ ပွစိ။

ချမ်းဒါဏ်ရော၊ အိပ်ရေးပျက်ဒါဏ်ရော၊ အချိန်မတော် တန်းစီခြင်း လုပ်ခိုင်းသည့် အဖြစ်ကိုရော၊ အားလုံး စုပြီး တယောက်တမျိုး မကျေနပ်သံတွေ ပြောနေကြသဖြင့် တန်းပေါင်းစီကွင်း တခွင်သည် ရုပ်ရှင်ရုံမှ ရုပ်ရှင်အပြီး ညောင်းညာ ထွက်ပေါ်လာသည့် လူအုပ်ကြီးများထံမှ ဆူညံသံများ ကဲ့သို့ ညံလှသည်။ တယောက်တပေါက် ပြောနေကြသည်မှာလည်း အစုံ…။

ထိုအချိန် အိပ်ဆောင်ပေါ်တက်သွားသော နည်းပြတို့ ပြန်ဆင်းမလာသေး။ တန်းစီကွင်းမှ ပေ၅၀ ခန့် သာ အကွာရှိ သုံးထပ် အိပ်ဆောင်များပေါ် တခန်းဝင် တခန်းထွက်၊ တံခါးများ တွန်းဖွင့်ပြီး အခန်းထဲထိ ၀င်ရောက်စစ်ဆေး ရှာဖွေနေသည်ကို တွေ့ရ၏။ ကျနော်တို့ တန်းစီကွင်း နောက်ကျောရှိ အနော်ရထာ တပ်ခွဲဆောင်၊ အောင်ဆန်းတပ်ခွဲဆောင် တို့ကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်မှု တာဝန်ခံ အရာရှိများက တက်ရောက် ရှာဖွေလျှက်ရှိသည်။ ကျနော်တို့ ရှေ့တည့်တည့် အောင်စစ်သည် (ဘုရင့်နောင်)တပ်ခွဲ အိပ်ဆောင် ဖိုင်နယ်အိပ်ခန်းများထဲ စစ်ဆေးနေသော နည်းပြအရာရှိ ကျောက်မဲ (အက်စ်အိုင်) ဗိုလ်မှုး မြင့်လွင်သည် ပစ္စည်းတစုံတခုကို ကိုင်၍ ကော်ရစ်တာဘက် ထွက်လာ၏။ သူ့နောက်မှာလည်း ဗိုလ်လောင်း တာဝန်ကျများ၊ အခြားတပ်ခွဲ အရာရှိများပါ၏။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine


PDF ဖိုင်ဖြင့်ဖတ်လိုပါကဤနေရာတွင်ဒေါင်းလုပ် လုပ်ပါ

Read More...

Thursday, March 20, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၅)

အိပ်ဆောင်ရောက်သည်နှင့် တပြိုင်နက် အားကစားပြိုင်ပွဲများ ပြိုင်ဆိုင်ရေး တာဝန်ကျသော နည်းပြ စီနီယာက ကြိုတင်စောင့်နေပြီး ကျနော်တို့အတွက် သန်မာမှု ဆိုသော ဒူးခေါင်း လေ့ကျင့်ခန်း အတွက် ဖါးခုန် ခုန်ခိုင်းခြင်း၊ ဗိုက်သားကြွက်သားများ သန်မာရေးအတွက် ဘယ်ရီ ရိုက်ခြင်းခေါ် အိပ်ထ မတင် လေ့ကျင့်ခန်းများကို တရစပ် လုပ်ခိုင်းတော့သည်။ ၎င်းနောက် ပင်ပန်းမှု ကြွက်သားများ ပြေလျော့ စေရန် အကြောလျော့ခြင်းကို ထပ်မံလုပ်ရပြန်ပါ၏။ ထိုသို့ ကျနော်တို့ ပထမနှစ် အုပ်စုက လေ့ကျင့်ခန်း များ လုပ်နေချိန်တွင် စီနီယာ အများစုက ရေချိုးနေကြပါသည်။ သူတို့အားလုံး ရေချိုးပြီးစီးလောက်ချိန် တွင်မှ မိမိတို့ကို ရေချိုးရန် တန်းဖြုတ်ပေးလိုက်ပြီး ထိုအချိန်မှစ၍ ရေချိုးပြီးသည်အထိ တိုင်ပင်ခေါ် အမှတ်စဉ်ဖြင့် တရစပ် မောင်းနှင်ပြန်ပါသည်။ အိပ်ဆောင်တန်းလျားထဲဝင် ချက်ချင်း ၀တ်ဆင် ထားသော ပီတီ ဒရက်စ်ခေါ် လေ့ကျင့်ရေးဝတ် ယူနီဖေါင်းကို ချက်ချင်းချွတ်၊ ပုံ၊ ပုဆိုးရေလဲကို ကောက် စွပ်၊ စစ်တဘက်ငယ်ကို ခြုံကာ ချက်ချင်း ရေချိုးကန်ရှိရာသို့ အပြေးပြန်ထွက်ရသည်။ ထိုအချိန် ရေချိုးပြီး၊ စစ်ယူနီဖေါင်းလဲပြီးသူ စီနီယာတို့က အပေါက်ဝမှ စောင့်ပြီး မိမိတို့အားလုံးကို တယောက် မကျန် အပြေးအလွှား၊ အလုအယက် ရေချိုးရန် လုပ်ဆောင်ကြပုံကို စောင့်ကြည့်နေ၏။

နှုတ်ဖျားကိုယ်စီမှလည်း ဟိုမောင် အဖြန်အလုပ်စမ်း။ အမြန်လုပ်၊ မပြီးသေးဘူးလား၊ အမြန်လုပ်စမ်း စသည်ဖြင့် အော်ဟစ် အမိန့်ပေးနေကြသည်။ ကျနော်တို့မှာ ဆောက်တည်ရာ မရ၊ အလု အယက် ရေချိုးကန်ထဲ တိုးဝေ့ရောက်ရှိသွားသော အခါ၊ ရေကန်အတွင်းမှ ရေက မကျန်တော့သလောက်ပင်။ အောက်ခြေထိလုနီးပါး ရေကိုပင် ကျနော်တို့ တသိုက် အလုအယက် ချိုးရန်ပြင်ရသည်။ ၀တ်လာသော ရေလဲလုံချည်ကို ကောက်ချွတ်၊ ရေကန်ဘောင်ပေါ် ပစ်တင်၊ ခြုံလာသော စစ်တဘက်တိုလေးကို ပစ်တင်၊ ကိုယ်လုံးတီးဖြင့် ရေကန်အတွင်းရှိ အောက်ခြေထိလု နီးပါးသာ ကျန်တော့သည့် (ထုံးချိုးများ၊ ထုံးအနယ်အနှစ်များဖြင့် ရောကာ ဖြူဖြူကျင်ကျင် ဖြစ်နေသော) အကြွင်း အကျန်ရေကို အလုအယက် ချိုးရသည်။

ထိုအချိန်မှာ စီနီယာ ဒုတိယနှစ်များနှင့် တတိယနှစ် အားကစားနည်းပြတို့က ရေကန်အတွင်း မိမိတို့ ရေချိုးသည်ကို အမှတ်စဉ်ဖြင့် အော်ဟစ်မောင်းနှင်၏။ သူရေတွက်နေသည့် အမှတ်စဉ် (ဥပမာ- ၁ မှ ၂၀ အတွင်း ပြီးအောင်ချိုး ဟုဆိုလျှင် ထိုအမှတ်စဉ်ရေတွက်နေသည့် ကာလအတွင်းသာ ပြီးအောင် ရေချိုးရသည်)။ ထိုသို့ရေချိုးလျင်ပင် အနောက်က ကျားလိုက်နေသလို အလုအယက် ကသောကမျော ချိုးရသည်မှာ ပထမနှစ် ဗိုလ်လောင်းဘ၀၏ (၇)လခန့် ကာလအထိ နေ့စဉ်မြင်ကွင်းဖြစ်၏။ နေ့တဓူဝ ကိစ္စဖြစ်၏။

ဤနေရာတွင် ဗိုလ်လောင်းသင်တန်းသား ဘ၀တွင် ကြုံခဲ့ရသော တကယ့် အဖြစ်အပျက်လေး တခုကို ပြောပြခွင့် ပြုပါခင်ဗျား။ အုတ်ဘောင် လူတရပ်ခန့်အမြင့် ကာရံထားသည့် ရေချိုးကန်ငယ် အတွင်း အလုအယက် တိုးဝင်ကာ ဘယ်သူတွေရောက်နေ၊ ရေချိုးနေမှန်း မကြည့်နိုင်အား၊ ကိုယ်လုံးတီးနှင့် လူတွေကြားထဲ အတင်းတွန်းထိုး ၀င်ရောက် ရေခပ်၊ ခပ်သွက်သွက်လောင်းချိုး၊ ဆပ်ပြာတိုက်ချိန်မရှိ၊ ရေစိုယုံလောက် လောင်းပြီးချိန် မှာ စီနီယာတွေ အော်နေသော အချိန်တိုင်ပင်က ပြည့်ပြီ။ ထိုအချိန် ရေချိုးကန်ပေါ် တ၀ိုက်တွင် မြူခိုးလိုလို ရေငွေ့လိုလို အငွေ့တို့က လွင့်ပျံတက်လျှက်ရှိ၏။ အဘယ့်ကြောင့် ဆိုသော် ပြင်ဦးလွင်မြို့၏ အေးမြသော ရာသီဥတုအတွင်း ချွေးတရွှဲရွှဲ သွေးတပူပူဖြင့် အားကစားကွင်းမှ ပြန်တက်လာသော မိမိတို့သည် ရုတ်ခြည်း အေးမြသော ရေကို အလုအယက်ချိုး ကြသောကြောင့် အပူအအေး ဓါတ်ပြုကာ ချွေးတို့ အငွေ့ ပြန်လာကြခြင်း ဖြစ်၏။ ကျနော်တို့ လူငယ်များ ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော ရေခိုးရေငွေ့ တို့သည် မီးလောင်နေသော ထင်းတုံးကို ရေဖြင့် လောင်းပက်ပြီး၍ အခိုးအငွေ့ ဖြူလွှလွှတို့ ပြပြ ထွက်ပေါ်နေသည့် နှယ်ပင်။ ထို (၅) ခွက်မျှသာ အလုအယက် ချိုးခွင့်ရသော ရေလေးကပင် မိမိတို့အတွက် နေ့စဉ် အာသာပြေ ဖြစ်၏။ ပြီးလျှင် ချက်ချင်း ရေလဲပုဆိုး ကောက်ဝတ် မိမိတင်လိုက်သောဟာဟု ထင်ရသည့် စစ်တဘက် ငယ်ကို ကောက်ဆွဲခြုံကာ အပြေးပြန်ထွက်ရ၏။ အိပ်ဆောင်တွင်း ရောက်တော့လည်း အသင့်စောင့် နေသူ စီနီယာတို့က မိမိတို့ သင်တန်းသွားလျှင် ၀တ်ရမည့် စစ်ယူနီဖေါင်းကို အမြန်ဆုံးနည်းဖြင့် လဲခိုင်းရန် အမိန့်များဖြင့် အော်ဟစ် စောင့်ဆိုင်း နေကြ၏။ အမြန်ဝတ်၊ အမြန်ဝတ် ၁ ကနေ ၂၀ ထိပဲရမယ်။ နေက်ကျတဲ့ ၅ယောက် မယူဘူး။ ကြားလား၊ ကြားလား၊ ဖတ်စ်ယီးယား။… အမြန်လုပ်စမ်း၊ အမြန်လုပ် စမ်း..၊ ၁..၂..၃..၄..၅…..အချိန်ပြည့်တော့မယ် အမြန်လုပ်စမ်း၊ စသည်ဖြင့် အမိန့်အော်သံတွေကြား ဗျာများလှသော အချိန်တို့သည် ကျနော်တို့ မူပိုင်ဖြစ်ပါသည်။ အလွန် ကသုတ်ကရက် နိုင်လှသော ၀တ်စားဆင်ယင် ချိန်မျိုးမှာ ကျနော်တို့ နေ့စဉ်ကြုံရသော ကိစ္စများဖြစ်သည်။ ဒီကြားထဲ ၀တ်စားမှု မသပ်မရပ် ဖြစ်ခဲ့လျှင်လည်း တန်းဒေါက်စစ်ဆေး ဟုခေါ်သော ၀တ်စားဆင်ယင်မှု စစ်ဆေးသည့် အချိန်ရောက်လျှင် ပြဿနာ ဖြစ်နိုင်သေးသည်။ အပြစ်ပေး ခံရနိုင်သေး၏။ စီအိုင်ခေါ် နည်းပြမှုးချုပ် ဗိုလ်မှုးကြီးတဦး ကျနော်တို့ စစ်သက္ကသိုလ်သို့ အသစ်ပြောင်း ရောက်ရှိလာပြီးနောက် မကြာမီပင် ကျနော်တို့ နေထိုင်မှုပုံစံ တမျိုးပြောင်းလဲ သွားပြန်၏။ ရေချိုးခန်းထဲ ၀တ်စလစ်ဖြင့် ကသုတ်ကရက်၊ အရူးမီးဝိုင်းသလို အလုအယက် ရေချိုးရခြင်း၊ တိုးဝှေ့ရခြင်း၊ အရှက်ကြီးစွာ မိမွေးတိုင်း လူပုံအလယ် နေကြရခြင်း ဒုက္ခဆင်းရဲ ကင်းငြိမ်းပါတော့သည်။ ကျနော်တို့၏ ဂျပန်ရေချိုးပုံ ကိုယ်လုံးတီးဖြင့် ရေချိုးရခြင်း အနိဌါရုံ မြင်ကွင်းတွေ ချုပ်ငြိမ်း သွားပါတော့သည်။ အဘယ့်ကြောင့်ပါနည်း…..။

ကိုယ်လုံးတီးဖြင့် ရေချိုးခြင်း ကိစ္စကို အချိန်ကာလ အားဖြင့် လေး၊ ငါးလ ခန့်သာ ရှက်ရှက် ကြောက်ကြောက်၊ ထူထူပူပူဖြင့် လုပ်လိုက်ရသည်။ မကြာမီပင် ဤ၀ဋ်မှ ကျွတ်တော့၏။ ဖြစ်စဉ်မှာ ဤကဲ့သို့သော ဇာတ်လမ်းလေးများက တဆင့် စခဲ့ခြင်းဖြစ်၏။ ဗိုလ်လောင်းများ အိပ်ဆောင်နှင့် မျက်နှာ ချင်းဆိုင် တဖက်ခြမ်းတွင် ငါးပေမျှမြင့်သော အုတ်တံတိုင်း တခုသာခြားသည့် မြေကွက်လပ်ကြီးများ ရှိ၏။ ကျနော်တို့ အိပ်ဆောင်နှင့် အနီးဆုံး ထိုမြေကွက်လပ်ကြီး အတွင်းတွင် အင်္ဂလိပ်ခေတ် ကတည်း က ဆောက်လုပ်ထားခဲ့သော နှစ်ထပ်တိုက် အိမ်နီနီကြီး တလုံးရှိ၏။ ထိုနှစ်ထပ် အိမ်ကြီးသို့ အသစ် ပြောင်း ရောက်ရှိလာသော နည်းပြမှုးချုပ် ဗိုလ်မှုးကြီး၏ မိသားစုတွင် ကျနော်တို့ အရွယ် သမီးပျိုလေး တဦးလည်း ပါလာ၏။ ထိုသမီးပျိုလေး၏ အိပ်ခန်းနှင့် တွဲလျှက် စာကြည့်ခန်းသည် ဗိုလ်လောင်းများ ရေချိုးသော အုတ်ရေကန်များ ဘက်သို့ မျက်နှာမူထားပြီး ထိုအခန်းမှ ကျနော်တို့ဆီသို့ ကောင်းစွာ စီးမိုး မြင်ရသော မြင်ကွင်း အနေအထားဖြစ်၏။

သူတို့မိသားစု ပြောင်းရွှေ့ရောက်စ သုံး၊ လေးရက်အတွင်း အကြောင်း မတိုက်ဆိုင်၍လား၊ ဗိုလ်မူးကြီး ၏ သမီးတော် သတိမမူမိ၍လား မသိ၊ မောင်ဗမာတို့ ရေချိုးချိန် ကိုယ်ကာယ အလှပြမှုနှင့် ပတ်သက်ပြီး ဘာပြဿနာမှ မဖြစ်သေးပေ။ မိန်းမဟူသည် လျှက်စစ် မိန်းခလုတ်၊ မိန်းဆွစ်၊ တယ်လီဗေးရှင်းတွင် တွေ့သော မိန်းကလေး အရုပ်လောက်သာ မြင်နေရသူ မ ဟူသည်ကိုလည်း အလေးမခြင်းမှ၊ ၀ိတ်မခြင်း မှ မ၊ မ စသည့် အကြောင်းလောက်သာ ပြောဆိုနိုင်ကြပြီး၊ မိန်းမဟူသည့် ဓါတ်နှင့် အလွန့် အလွန် ပြတ်လပ်ဝေးကွာနေသူ ဗိုလ်လောင်း နွားသိုးလေးများအတွက် ထိုအပျိုလေးသည် မျက်စိ အစာကျွေး ရာ တော်ဝင် ပန်းတပွင့် ဖြစ်လာတော့သည်မှာ ပြောစရာ မလိုပေ။ ကျနော်တို့က သူမ၏ စာကြည့်ခန်း ပြူတင်းပေါက်ကို လှမ်းမြင်ရသလို၊ သူမကလည်း ကျနော်တို့ အိပ်ဆောင်၊ ရေချိုးကန်အားလုံးကို အပေါ်စီးမှ လှမ်းမြင်နေရ နိုင်သည်။ မကြာခင်မှာပင် မရိုးနိုင်သော ဇာတ်လမ်းလေး တခုက အစပြုလာ ပါတော့သည်။ စစ်ဗိုလ်လောင်း ကျောင်းသား ဆိုသည်မှာ ခြံထဲ ပိတ်လှောင်ထားခြင်း ခံနေရသည့် နွားသိုးလေးများ ပမာ ဖြစ်ရာ၊ ဣတ္တိယခေါ် မ ဓါတ်ကို အတွေ့အာရုံ မဆိုထားဘိ၊ အမြင်အာရုံပင် အလွန်အမင်း ငတ်မွတ် နေကြရသူများ ဖြစ်၍၊ ယခုကဲ့သို့ မလှမ်း မကမ်းတွင် အသင့်ရောက်လာသော သမီးပျိုလေးကို အဝေးရောက် အမြင်အာရုံဖြင့် အငမ်းမရ၊ ငမ်းကြ၏။ ခြင်္သေ့လည်ပြန် မက ဒိုင်နိုဆော လည်ပြန်၊ ဝေလငါးလည်ပြန်၊ သမင်လည်ပြန် စသော လည်ပြန် ပေါင်းများစွာဖြင့် ကြည့်ကြ၏။ မျက်နှာပိုး မသေသော မျက်ခွက်ကလည်း တဟီးဟီး၊ စပ်ဖြဲဖြဲ ဖြစ်နေကြမည် ထင်၏။

သမီးပျိုလေးအား သူ့အခန်း ပြူတင်းဝနား ရိပ်ခနဲ မတွေ့လိုက်နှင့် ကိုဗိုလ်လောင်းတို့ စက္ခု အာရုံ မျက်လုံး အားလုံးသည် ထိုအရိပ်ကလေး နောက်သို့ ထပ်ချပ်မကွာ လိုက်တော့၏။ ဤမျှ ဆွဲဆောင်အား ကြီးသော မ ဓါတ်ပင်။ ကျနော်တို့ အားလုံးသည် ထိုအချိန်က ၁၉၊ ၂၀ နှစ် အရွယ် ယောင်္ကျားပျိုများသာ ဖြစ်သဖြင့် ကျနော်တို့ အပြစ်မဟုတ်။ နုပျိုမှုကို ခံစားခွင့် ပေးထားသော သဘာဝ၏ တာဝန်ဖြစ်ပါသည်။
(မှတ်ချက်။ ။ကျနော်တို့ ပထမနှစ်များသည် ထိုနတ်သမီးလေးလို လှသည်ဟု စီနီယာတွေ ပြောကြသည့် ထိုမိန်းကလေးကို တရားဝင် ပေါ်တင် ငန်းခွင့် မရှိပါ၊ စီနီယာများက ငန်းခွင့် မူပိုင် ယူထားပါသည်။) ည စာကြည့်ချိန်တွင် စီနီယာ ဗိုလ်လောင်းတို့သည် မိမိအိပ်ခန်း အတွင်းမှ ဘယ်မှမသွားရပဲ စာဖတ်နေကြရသည်။ ကျနော်တို့ ပထမနှစ်များသာ ကိုက်နှစ်ရာခန့် ဝေးသော စာသင်ဆောင် မှောင်မှောင် မဲမဲသို့ သွား၍စာဖတ်ရသည်။

ကျနော် အိပ်ဆောင်စောင့် ပထမနှစ် ဗိုလ်လောင်းအဖြစ် ကျန်ရစ်ခဲ့ရန် တာဝန်ကျသော နေ့တနေ့ မြင်ကွင်းအရ စီနီယာတို့သည် ထိုမိန်းကလေးကို ဖိုရေး ပြရင်း၊ အချင်းချင်း ရန်ဖြစ်နေကြသည်ကို ကြားမိလိုက်၏။ သမီးပျိုလေးသည် ပြူတင်းဝကနေ၍ အပြင်ရှုခင်းကို ငေးသည်ပဲ ဖြစ်ဖြစ်၊ အညောင်း ပြေ၊ အညာပြေ လမ်းလျှောက်ရင်း ပြူတင်းဝမှာ ပေါ်လာသည်ပဲ ဖြစ်ဖြစ်၊ ကိုရွှေလူပျု နွားသိုးတို့ တစခန်းထ ကြပါတော့သည်။ စာထိုင်ဖတ်နေကြရာ အိပ်ခန်းတွင်း မနေနိုင်တော့ဘဲ၊ အပြင် ကော်ရစ်ဒါ ထွက်၍ တံတွေးပဲ ထွေးသလိုလို၊ အိပ်ချင်ပြေဘဲ လမ်းလျှောက်ထွက် သလိုလို၊ သလိုလိုပေါင်း မြောက်များစွာဖြင့် အခန်းအပြင် ထွက်ကာ အသံတိတ် ဟန်ရေး ပြပါတော့သည်။ ညအမှောင်ထု အတွင်း ဖြစ်သော်လည်း ဗိုလ်လောင်း အိပ်ဆောင်များမှာ မီးထိန်ထိန် ထွန်းထားသောကြောင့် အပြန်အလှန် မြင်နိုင်ကြသည်။ တခါတလေများ ပန်းပွင့်လေးက သူ့ဟာသူ ဘာကိုသဘောကျ၍ ပြုံးရီ မြူးတူးလိုက်သည် မသိ။ ထို ပြုံးလိုက်သည်ကို မြင်သော ကိုကို နှာဂျိုထောင်တို့က၊ သူ့ကိုပြုံးပြတာ၊ ငါ့ကိုပြုံးပြသာ စသည်ဖြင့် အပြုံး ပြခံ မဟာပုရိဿ အဖြစ် ဘ၀င်ကိုင် မာန်တက်ကြပြီး အချင်းချင်း စကားနိုင်လု ရန်ဖြစ်ကြခြင်းဖြစ်၏။
ဤသည်ကား ကျနော်တို့ ဂျူနီယာ ဗိုလ်လောင်းများ အင်မတန် ကြောက်ရသော စီနီယာ ဗိုလ်လောင်း များ အထဲမှ စီနီယာ အချို့၏ လူပီသပုံ အပြုအမူ တချို့ပင် ဖြစ်ပါသည်။ စောစောက ဂျပန်ရေချိုးခြင်း အကြောင်း ပြန်ဆက်ကြရအောင်။ ယခင်က ဂျပန်ရေချိုးခြင်းကို ဖာသိ ဘာသာ ပုံမှန် သဘောမျိုး နေခဲ့ ကြသော်လည်း ယခုတော့ ယခင်လို မဟုတ်ပါတော့ပြီ။ ယမင်းပျို သူဇာအလှလေးက နတ်သမီးလေး အလား မလှမ်းမကမ်းမှာ ရောက်နေပြီလေ။ ကိုရွှေလူပျို နုနု ထွတ်ထွတ်တို့နှင့် အနီးဆုံးနေရာမှာ မိန်းမပျိုလေး ရှိနေပြီလေ။ မကြာပါ။

ကျနော်တို့ အားလုံးအတွက် စိတ်ကြည်နူးဖွယ်ရာ သတင်းကြားရ၏။ ၎င်းမှာ မိမိတို့ ဗိုလ်လောင်းများ ရေချိုးချိန်တွင် လုံလုံခြုံခြုံ ၀တ်ဆင်ထားသော အနေအထားဖြင့်၊ ဘောင်းဘီတို ၀တ်ဆင်ပြီးမှ ရေချိုးကန်ထဲဝင်ကာ ရေချိုးရန် ထုတ်ပြန်သည့် အမိန့်စာအကြောင်း သတင်းဖြစ်ပါသည်။
အဘယ့်ကြောင့်ပါနည်း…။

ကိုရွှေလူပျို (နွားသိုးပေါက်စ) ဗိုလ်လောင်းတို့က မိန်းမပျိုလေး ခပ်လှမ်းလှမ်းတွင် ရောက်ရှိနေ သောကြောင့် ရေချိုးကန်ထဲ ကိုယ်လုံးတီးဖြင့် ရေချိုးရန် မ၀ံ့ရဲသော ရှက်စိတ်ဖြင့် တိုင်စာတင်လိုက်လို့ ဟု..ထင်ပါသလား ခင်ဗျား။ မိမိတို့ ရေချိုးနေချိန် ကောင်မလေး ထွက်လာပြီး မိမိတို့ ကာယအလှ မြင်တွေ့သွားမှာကို ရှက်ရွှံ့စိုးထိတ် သောကြောင့် လုံလုံခြုံခြုံ ရေချိုးခွင့် ပြုပါရန် တောင်းဆို လိုက်သောကြောင့်ဟု..ထင်ပါသလား ခင်ဗျား။ မှားပါသည်။ တက်တက်စင်အောင် မှားပါသည်။

အချို့သူတို့က ပုံမှန်အတိုင်း ရေချိုးကြသော်လည်း အချို့ကမူ မိန်းမပျိုလေး ပြူတင်းဝ ထွက်လာပြီး ရပ်ကြည့်လိမ့်မည်ဟု ထင်ရသည့် အချိန်အထိ အပေါ်ဗလာ။ ခါးအောက်မှာ တဘက်စောင် တိုတိုငယ် လေးပတ်ပြီး ပြင်ဦးလွင်မြို့၏ ခိုက်ခိုက်တုံသော အအေးဒါဏ်ကို ကြံကြံခံရင်း စောင့်သည်။ (ပထမနှစ် ဗိုလ်လောင်းများကတော့ မလုပ်ရဲကြရှာပါ) အအေးပတ်လိုက ပတ်စေ၊ သူ့ရည်မှန်းချက် မပြည့်မချင်း ရေချိုးချိန် ရောက်သည့်တိုင် ရေမချိုး။ အာဂ သတ္တိရှင်တွေ ဖြစ်၏။

ထိုအပျိုစင် ကညာလေး၏ မျက်နှာတော်အား ပြူတင်းဝနား မြင်လိုက်ရသည်နှင့် ကိုလူပျို ရွှေနွားသိုးတို့ မောင်ဗမာ ပြပွဲ စတင်ပါတော့သည်။ ရေချိုးခန်းထဲ မ၀င်မီ ကောင်မလေးမမြင်၊ မြင်အောင် (မသိသလို၊ ဘာလိုလိုနှင့်) ပတ်ထားသော စစ်တဘက်ကို စောစီးစွာ ချွတ်ပြ၍ လျှက်တပြတ် ကိုယ်ဟန်ကြွားခြင်း၊ ရေချိုးခန်းထဲ ချိုးချိန်တွင် ပန်းကလေး မြင်လောက်သည်အထိ အမူအရာ အမျိုးမျိုးလုပ်ပြခြင်း၊ ရှင်းရှင်း ပြောရရင် သူတို့ ဖွားဘက်တော်ကို အပျိုလေးမြင်သည် အထိ ကြိုးစားပမ်းစား ဆောင်ရွက်ခြင်း တို့ဖြင့် ဖွယ်ဖွယ်ရာရာ ပေါင်းစုံကို လုပ်ပြကြသည်။ မကြာပါ၊ ဒီတချီတော့ ပန်းကလေး ရှက်သွားဟန်တူသည်။ ချက်ချင်း ပြူတင်းတံခါး ပိတ်သွားသည်။ ရက်အတန်ကြာသည်အထိ ပြန်မဖွင့်တော့ပါ။ မကြာခင် ကျနော်ပြောခဲ့သော ဘောင်းဘီဝတ်ပြီးမှ ရေချိုးရန် ညွှန်ကြားစာ ရောက်လာပါတော့သည်။

မောင်ဗမာ ပြခဲ့သော စီနီယာများကို ကျေးဇူးတင်ရှိရမလို ဖြစ်နေ၏။ ကျနော်တို့အားလုံး အရှက်လုံစွာ ရေချိုးခွင့်ရရေး ကြိုးစားပေးခဲ့သော စီနီယာတို့၏ အမြော်အမြင်ကြီးမှုကို ကျေးဇူးတင်ပါ၏။ သူတို့ကို ဏှာကြီးသည်ဟု ကျနော်မမြင်ပါ။ စစ်ဗိုလ်တဦး၏ သမီး အရှက်တော်ရမည်စိုး၍ ဗိုလ်လောင်းအားလုံး အတွက် ပြင်ဆင်ချက် အမိန့်ထတ်ပေးသော စစ်အာဏာရှင် စနစ်ကိုပင် ချီးမွမ်းရမလိုဖြစ်၏။

အာဏာရှင်ခေတ်တွင် အာဏာသြဇာရှိသူ၏ သားချင်းဆွေမျိုးတို့တွင်လည်း ဆင့်ကဲ သက်ရောက်သော လုပ်ပိုင်ခွင့်နှင့် သွယ်ဝိုက် ပိုင်ဆိုင်သော အာဏာရှိကြပုံကို ကျနော်တင်ပြလိုခြင်း ဖြစ်သည်။ လုံလုံခြုံခြုံ ရေချိုးခွင့် ရသွားပြီ ဖြစ်သောကြောင့် တစိတ်တပိုင်း အာဏာပိုင်သော အပျိုလေးကို ကျေးဇူးတင် ပါသည် ရွှေသမီးတော်ဟု ဆိုရမလိုပင်။

ဤသည်မှာ မိမိတို့ ပထမနှစ် ဗိုလ်လောင်းဘ၀က ကြုံခဲ့ရသော ပင်ပန်းအားငယ်၊ ကြောက်စိတ်တို့ အရှိန်အဟုန် ပြင်းပြင်းဖြင့် လွှမ်းမိုးဖိစီးနေချိန်ကြား၊ လူငယ့်ဘာဝ စိတ်လွတ်လပ်မှု ရှာလိုနေချိန်များ အကြားမှ ဖြစ်စဉ်တခုကို အတွေ့အကြုံတခု အနေဖြင့် အကြမ်းမျှ တင်ပြခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်။

ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

PDF ဖိုင်ဖြင့် ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ပါ

Read More...

Thursday, March 6, 2008

ယနေ့ စစ်တပ် ဘာတွေ ဖြစ်နေသလဲ (၁၄)

ထိုသို့သော၊ ဘာမှ မယ်မယ်ရရမရှိသည့် ပြစ်မှုမျိုး လေးများဖြင့်ပင် ကျနော်တို့မှာ နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်သည့် တကယ့် တရားခံ ကြီးများအလား စွပ်စွဲချက်တွေတင်ပြီး အပတ်စဉ် တခုလုံး အပြစ်ပေး ခံရတတ်သည်။

ဘာအပြစ်မှ မကျူးလွန် သူတွေပါ ဘုမသိ၊ ဘမသိနှင့် ရောနှော အပြစ်ပေး ခံရသည်။ (စစ်သက္ကသိုလ် ကျောင်းတွင် ဘမ်းစကား အရဆိုလျှင် ကြောင်တက်တက်နှင့် အုပ်ခံရသည်) စီနီယာတို့ ပြောသည်မှာ ယခုကဲ့သို့ တယောက်မကောင်း အများ၊ အားလုံးတန်းတူ အပြစ်ပေးခြင်းမှာ စစ်သားအချင်းချင်း ရဲဘော်ရဲဘက် စိတ်ဓါတ် မွေးမြူလာစေရန် လေ့ကျင့်ပေးခြင်းဖြစ်သည်ဟုဆိုကြသည်။

ကျနော့် အထင်မတော့ ရဲဘော်ရဲဘက်စိတ်ကို ဤနည်းဖြင့် လေ့ကျင့်ပေး၍ ဖြစ်ထွန်းမွေးမြူ လာခဲ့သည် မထင်…..။

ထိုအခါ ကျန်သောဗိုလ်လောင်း အများစုမှာ နဂိုက ယဉ်ယဉ်အေးအေး နေခဲ့သော်လည်း မှိုင်းတိုက် ကျူံးသွင်းနေသလို ဖြစ်နေသော အခြေအနေတို့က သူတို့၏စိတ်ဓါတ်၊ ခံယူချက်တို့ကို ပြောင်းလဲလာစေ တော့၏။ တယောက်မကောင်း အများအပြစ်ဆိုသည့် မျက်မြင်လက်တွေ့ အခြေအနေတို့က ရိုးသားသူ တို့၏ စိတ်ဓါတ် ခံယူချက်တို့ကို ပြောင်းလဲခံယူရန် ပုံသွင်းနေသကဲ့သို့ ဖြစ်နေပေရာ သူတို့လည်း ပေါက်တဲ့နှဖူး မထူးဇာတ် ခင်းလာကြတော့သည်။ သူတစ ငါတစ အပြစ်တို့ ဖေါက်ဖျက် ကျူးလွန်လာ ကြတော့သည်။

ကြားကြားဖူးပေါင် ဆိုသော ထွေတလာဆန်းကျယ် ပြစ်မှု အမြောက်အများ ကျူးလွန် ဖေါက်ဖျက်လာ တော့သည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်မလုပ်လည်း သူများက လုပ်တာနဲ့ ကိုယ်ပါခံရတာကိုး.. ဆို သည့် မိမိစိတ်တွင်း ခံစားနေရသော နာကျည်းမှုကို ဖြေသိမ့်သော ကိုယ့်စိတ်ကူးက ကိုယ့်ကိုကိုယ် အား ပေး လှုံ့ဆော်နေသည့် အတွက်ဖြစ်ပေသည်။ ထိုအချိန်က ကိုယ်မလုပ်လည်း ခံရတာပဲ ဆိုသည့် ရိုက်သွင်းပေးသော ခံယူချက်ကြောင့် လူမှန် လူဖြောင့် အတော်များများမှာ စိတ်ဓါတ် ပျက်ပြားသော၊ လုပ်ချင်ရာ လုပ်တတ်သော လူပေလေးများ အဖြစ်သို့ ပြောင်းလဲသွား ခဲ့ကြသည်။

ကျနော်တို့ တိုင်းပြည်ကြီး အတွက် အနာဂတ်၏ ခေါင်းဆောင်လောင်းလျာ များစွာတို့သည် ဤပုံ ဤနည်းဖြင့် စိတ်ဓါတ်ယွင်းမှားသော ခံယူချက်၊ အတွေးအခေါ်တို့ ပေါ်ပေါက် ဖြစ်ထွန်းသွားစေတော့၏။ ဥပဒေဆိုသည်မှာ နောက်ဆက်တွဲ ဖြစ်လာသမျှ ခံစားရင်ဆိုင်ရဲသူ တို့အတွက် ဖေါက်ဖျက် ကျူးလွန် စော်ကားနိုင်သော အူတူအတ မိန်းမပျိုလေးနှယ် သဘောထား ခံယူလာတော့ ခြင်းဖြစ်သည်။

သို့နှင့်ပင် လူသားတိုင်း ပိုင်ဆိုင်အပ်သော လူ့အခွင့်အရး ဟူသည်ကို လည်းကောင်း၊ ကိုယ်တိုင်ရထိုက် သော ကိုယ့်အခွင့်အရေး ဟူသည်ကို လည်းကောင်း မသိရှာတော့သော အာဏာ ပါးကွက်သား အလောင်းအလျာ လေးများသည် ငါးမျှားချိတ်နှင့် တူသောတာဝန် အဆင့်တံဆိပ် ပြောင်ပြောင် ယောင်ယောင် ၀တ်၍ ပြန်တန်းဝင် အရာရှိဆိုသော ငါးစာကိုဟပ်ကာ ကျောင်းဆင်း စစ်ဗိုလ်ဖြစ်လာ ကြတော့သည်။

နောက်ဆက်တွဲ ရလဒ်အဖြစ် ယနေ့ မြန်မာ့တပ်မတော် အရာရှိ အတော် များများသည် တယောက် မကောင်း အများဆိုသည့် စစ်ကျောင်းများမှ ပုံသွင်းသင်ကြား ပေးလိုက်သည့် စိတ်ဓါတ်ခံယူချက် များကြောင့် ညှာတာမှု၊ စာနာမှု ကင်းသော စစ်ခေါင်းဆောင်များ ဖြစ်လာကြတော့ခြင်း ဖြစ်သည်။ ဥပဒေ ဆိုသည်ကို လက်တလုံးခြား လုပ်တတ်သော ဥပဒေ ဘက်တော်သားလေးများ ဖြစ်လာကြတော့ ခြင်း ဖြစ်သည်။ ယ္ခု ပြင်ပလောကတွင် ပြေဆိုလေ့ရှိသည့် အများမိုးခါးရေ သောက်လျှင် ကိုယ်လည်း သောက်ရမယ်၊ ရောမ ရောက်ရင် ရောမ လိုကျင့်ရမယ် ဆိုသော အပြုအမူ၊ အတွေးအခေါ်၊ လုပ်ဆောင် သူတို့ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။
အများလုပ်တာ လိုက်လုပ်၊ အမှန်တရား ဘက်ရပ်တည်ပြီး သူတော်ကောင်းလုပ်ဖို့ မကြိုးစားနဲ့၊ သူရဲကောင်း၊ အာဇာနည် ပုံစံဖြင့် ချွန်ထွက်ခေါင်းပြူ မလာနဲ့ ဆိုသည့် စစ်အာဏာရှင့် အလိုကျ ခေါင်းတော်ညိတ် စိတ်တော်သိ အလေ့အထ သဘောမျိုးကို (မဖြစ်သင့်မှန်း သိသိနှင့်၊ နိုင်ငံအတွက် မရှိသင့်တော့မှန်း နားလည်ပါဘိနှင့် မျက်ကွယ်ပြု လစ်လျူရှုကာ) လိုက်နာလာသူများ ဖြစ်ပေါ်လာ တော့ခြင်းဖြစ်သည်။

အများ၏ စိတ်ထားအတိုင်းသာ လိုက်လုပ်၊ လိုက်တွေး၊ အများနှင့် တတန်းတည်းသာနေ၊ ချွန်၍ မပေါ်နှင့်။ လူကောင်း၊ လူတော်၊ လူဇော်တို့ ပုံစံမျိုး၊ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၍ ပေးဆပ် စွန့်လွှတ်ဝံ့သော စိတ်ဓါတ်ဖြင့် မလုပ်ရဲသော သူရဲဘောကြောင်သည့် တကိုယ်ကောင်း စိတ်ဓါတ်တို့ကို ရိုက်သွင်းပေးလိုက်၏။ အရာရာ အားငယ်စိုးရွံ့မှုဖြင့် အာဏာရှိသူတိုင်းကို ထိပ်လန့်ကြောက်ရွံ့မှုဖြင့်၊ လူပုံအလယ် လူတော ရဲရဲမတိုးဝံ့သည့် ငုပ်လျိုး စိတ်ဓါတ်တို့ကို ရိုက်သွင်းပေးခြင်း ခံခဲ့ရသလို ဖြစ်သွား၏။ နောက်ဆုံး သူတစကိုယ်တစ သူလုပ်သလို လိုက်လုပ်၊ ကိုယ်လုပ်သလို သူလိုက်လုပ်၊ အပြိုင်အဆိုင် အပြစ်တွေ ကျူးလွန်ကြတော့ရင်း လူတိုင်းသည် ရာဇ၀တ်မှု တခုမဟုတ် တခု ကျူးလွန် ဖူးပြီးသူချည်း ဖြစ်လာတော့၏။
သို့နှင့် အထက်အရာရှိရှေ့ ရောက်သည်နှင့် သူခိုးလူမိမည် စိုးသော မျက်နှာပေး လေးများ အလိုလို မွေးမြူ ဟန်ပြ လာတတ်တော့သည်။ အာဏာရှိသူ အထက်အရာရှိရှေ့များ မရောက်လိုက်နှင့် မသိစိတ်က ခိုင်းစေသောကြောင့်လား မသိပါ၊ အလိုလိုနေရင်းပင် သူခိုးလူမိမှာကို ကြောင့်ရွံ့သည့် မျက်နှာပေးလေးများ၊ တရားခွင်ထဲက တရားသူကြီး ရှေ့ရောက်သော တရားခံ လေးများ၏ ရုပ်သွင် တို့က ပေါ်လာတော့သည်။ ဘယ်လောက်ပဲ အားတင်း ဟန်ဆောင်နေနေ လူမသိခိုက် မိမိ ဖေါက်ဖျက် ထားသည့် ပြစ်မှုများကို မိမိ အတွင်းစိတ်က သိနေ သောကြောင့် ဖျောက်ဖျက်မရ ကြခြင်း ဖြစ်၏။

စစ်ဥပဒေ ဆိုသည်ကလည်း ဘယ်လိုမှ ရှောင်၍၊ တိမ်း၍၊ ကွင်း၍မလွတ်အောင် ဖန်တီး ပြဋ္ဌါန်းထား၏။ ထိုအခါ သည်းခံအောင့်အီး မနေနိုင်သူတို့က လူအလစ် ဖေါက်ဖျက်၏။ ထိုသို့ လက်အောက် ငယ်သားတိုင်းက ဤကာလရောက်လျှင် ဤပြစ်မှုမျိုးကို ဖေါက်ဖျက်လေ့ ရှိသည်ကိုလည်း အာဏာပိုင် ကြီးများက သိတော်မူ၏။ သိသိနှင့် သူတို့ကလွှတ်ပေးထား၏။

သူတို့ အဓိက လိုအပ်သည်မှာ ဥပဒေကို ဖေါက်ဖျက်သူတို့အား ဥပဒေဖြင့် အရေးယူ နောင်ကြဉ်စေရေး မဟုတ်။ သူတို့လို အထက် အာဏာပိုင်များကို မဆန့်ကျင်သော၊ ခိုင်းတာလုပ်၊ ကျွေးတာစား၊ ခေါ်ရင်လာ၊ ခံမပြောသော စစ်ကျွန်လေးများ အဖြစ် ပါးပါးနပ်နပ်(အထက်အရာရှိ ဆိုသူကို အသင့် ခူးခပ်၊ ရှာဖွေ၊ ကျွေးမွေးလုပ်ကိုင်ပေးတတ်သော ကျွန်သာသာ) လုပ်ကိုင်ပေးနေလျှင် ပြီး၏။ သို့နှင့် ကျနော်တို့ အမိမြန်မာပြည်အတွက် တန်ဖိုးမဖြတ်နိုင်သော စစ်သူရဲကောင်း အလောင်းလျာတို့မှာ ကြောင်ဘား အာဏာရှင် စစ်ဗိုလ်ချုပ်များ၏ ခြူဆွဲပေးလိုက်ခြင်းကို ခံရသော ဆပ်ကပ်ပြပွဲများမှ အလိမ္မာ သတ္တ၀ါလေးများ နှယ် အသိမကြွယ် ဖြစ်ခဲ့ရတော့၏။

မိမိ စီနီယာလုပ်သလို လိုက်လုပ်ရင်း၊ ယနေ့မြင်နေ တွေ့နေရသည့် အာဏာသုံး ကိုယ်ကျိုးရှာ လုပ်ရပ်များ၊ ပြောင်ပြောင်တင်းတင်း ဆွေမျိုးသားချင်း ကောင်းစားရေး ခံယူချက်များ၊ ကိုယ့်တဘို့ ကောင်းစားရေး ၀ါဒ အတွေးအခေါ်များ၊ အလိုလို လက်ခံလာ ကြတော့ခြင်းလည်း ဖြစ်သည်။

အထက်မှ ပေးအပ်သော စစ်အမိန့်ဆိုသည်ကို အတိအကျသာ လိုက်လုပ်၊ ဆရာသခင် အာဏာရှင်ကြီး များ နှစ်ခြိုက် သဘောတွေ့တော်မူသော ကျေးတော် ကျွန်တော်မျိုး လက်အောက် စစ်အမှုထမ်း တို့သည် နတ်ရေကန်ထဲ ပစ်ချလိုက်သော သူဆင်းရဲ၊ နေ့ချင်းညချင်း သူဌေးသူကြွယ် ဖြစ်သွားနိုင် သကဲ့သို့ ဘ၀ကို ရုတ်ခြင်း ပြောင်းလဲ တိုးမြှင့်ပေးခြင်း ခံကြရ၏။ သူတကာထက် ချက်ချင်းကြွယ်ဝ ချမ်းသာခြင်းကို ဖြစ်စေနိုင်သည့် ငွေကြေးတနင့်တပိုး ရစေမည့် အခွင့်အရေးများ၊ သိန်းပေါင်းများစွာ တန်သည့် တယ်လီဖုန်း ပါမစ်များ၊ မော်တော်ကား ပါမစ်များ၊ အိုးအိမ် အဆောက်အအုံ ပိုင်ဆိုင် နိုင်ခွင့်များကို ပေးသနားနိုင်သော အိမ်တော်ပါ နောက်လိုက် ငယ်ကျွန်တော် ကြီးများအဖြစ် လက်သပ် မွေးမြူခြင်းကို ခံယူလိုသော ပုဆိန်ရိုး စိတ်ထားများ၊ သခင်အားရ ကျွန်ပါးဝခြင်းများ အပြိုင်အဆိုင် လုပ်ဆောင် ကြသော ဓလေ့ကို ကျင့်သုံး လာကြခြင်းလည်း ဖြစ်ပေ၏။

ကိုယ့်ကိုကိုယ် မြို့စား၊ နယ်စား၊ ရွာစားငယ်လေးများ ဆန်ဆန် စိတ်ကြီးတွေဝင်၊ အာဏာရှင် အငယ်စား လေးများသဖွယ် မိမိတို့ အနိုင်ကျင့် နိုင်ခွင့်ရှိသည့် အရပ်သူ အရပ်သား တွေအပေါ် အာဏာတွေ ပိုးစိုးပက်စက်ပြ၊ မိမိတို့ တာဝန်ယူထားသည့် မိမိတို့ပိုင်နက် နယ်ပယ် အတွင်းမှ အပြစ်မဲ့ ပြည်သူလူထုကို နှိပ်စက်ကလူ ပြုလုပ်လာတတ်ပြီး ခေါင်းဆောင် အကြီးအမှုး စစ်အာဏာရှင်ကြီးတို့ အလိုကျရေး တခုအတွက် ဘာမဆို လုပ်ရဲလာကြ၏။

ရက်စက် ကောက်ကျစ် လာတတ်ကြ၏၊ ကိုယ်ကျိုး တခုအတွက် အရှက်တရား ဆိုသည်ကို စွန့်ပယ်လိုက် ကြတော့၏။ နဂိုကပင် အရှက်တရား ဆိုသည်ကို သင်မပေးလိုက်သော စစ်ကျောင်းမှ စစ်ဓလေ့သည် သာဆိုးသော လူသတ်စရိုက်ကို တွန်းထိုးမြှင့်တင် ပေးလိုက်သလို ရှိနေမည်လား မသိပါ။ ထိုသို့ ယဉ်ကျေးသော မြန်မာတို့၏ စိတ်ထားနှင့် ဖီလာဆန့်ကျင်ဖြစ်သည့် လူမျိုးရေးစရိုက်၊ စိတ်ဓါတ်၊ အတွေးအခေါ်တို့ ယနေ့ခေတ်တွင် ဖွံ့ထွားလာသည်မှာ တယောက်မကောင်း အများဆိုသည့် ၀ါးလုံးရှည်နှင့် သိမ်းရိုက်၍ လူတိုင်း၏ စိတ်ခံယူချက်ကို ဖျက်ဆီးလိုက်သည့် အာဏာရှင်ခေတ် စစ်တပ် အုပ်ချုပ်ရေး စစ်သွေး စစ်မာန်ကို အခြေပြုသည့် စိတ်ကြီးဝင် အာဏာရှင် အငယ်စားလေးများအဖြစ် ပုံသွင်းလေ့ကျင့်ပေးလိုက်သည့် အခြေအနေ များကြောင့် ဖြစ်နိုင်သည်ဟု ကျနော်က သုံးသပ်မိ၏။

နောက်ပိုင်း လက်တွေ့ ဘ၀ရောက်လာပြီးမှ ဤအခြေအနေတို့ ရောက်လာရခြင်း၊ အများ မိုးခါးရေ သောက်၍ ကိုယ် လိုက်သောက်ရသည်ဟု ဆင်ခြေပေး ပြောဆိုလာ တတ်ခြင်းတို့မှာ ထိုအထက်ပါ တယောက် မကောင်း အများဆိုသည့် အချက်တခုတည်းကြောင့် မဟုတ်ဘဲ နောက်ဆက်တွဲ ကူးစက်ရ ယူ နိုင်စေသည့် မျက်မြင် လက်တွေ့ ဖြစ်စဉ်များကြောင့် ဖြစ်ကြောင်းလည်း လေ့လာ တွေ့ရှိရသည်။

မြန်မာစစ်တပ်တွင်း အချင်းချင်းကြား မကြာခဏ ဖြစ်နေလေ့ရှိသည့် အုပ်စုကွဲ အမြင်မကြည်လင် ဖြစ်စဉ်များ၏ တရားခံမှာလည်း ထိုတယောက်မကောင်း အများဟု စွပ်စွဲပြီး အချင်းချင်း အပြစ်မြင်တတ် အောင် မောင်းနှင်လေ့ကျင့် ပေးလိုက်ခြင်း များကြောင့် ဖြစ်နိုင်ပေသည်။ အရာရှိအချင်းချင်း၊ အခြား အဆင့် အချင်းချင်း အကြားမှာပင် ရာထူးစွဲ၊ ကျောင်းစွဲ၊ ဆွေမျိုးစွဲ၊ ဒေသစွဲ၊ ဆရာတပည့် စွဲ၊ သွေးသား တော်စပ်မှုစွဲ၊ စသော အစွဲပေါင်းများစွာကို စိတ်တွင်း တေးမှတ်၍ မသိမသာ ခွဲခြားဆက်ဆံ မသိမသာ နေလာတတ်ကြ၏ အချို့ဆိုလျှင် လက်အောက်ငယ်သားများ၊ ဂျူနီယာ အရာရှိများကြား သိသိသာသာ ခွဲခြားပြုမူ ပြောဆို ဆက်ဆံ တတ်ကြသည်။ အထက် အာဏာပိုင်သူက ၎င်း၏ အာဏာ အမိန့်အတိုင်း လိုက်နာရသူ လက်အောက်ခံ ခိုင်းဖက်များအကြား သွေးခွဲ အုပ်ချုပ်ခံရမှု များကြောင့်လည်း လက်အောက်ငယ်သား အချင်းချင်း တဦးကို တဦး အယုံအကြည် ကင်းမဲ့လာခြင်း ဖြစ်ပေမည်။ ခေါင်းဆောင်က ငယ်သားကို မယုံ၊ ငယ်သားက ခေါင်းဆောင်ကို မကြည်။

ပျက်စီးပုံဖွဲ့နေသော တပ်မတော်ကြီး ဖွဲ့စည်းပုံအသစ်ပြင်ဖို့တော့ လိုပေပြီ။

ထို့ကြောင့် ရဲဘော်ရဲဘက်စိတ် ရှိသည်ဟု ပြောပြောနေသော အာဏာပိုင်များသည် လက်အောက်ငယ် သားများအကြား သွားလာရသည်ကိုပင် နောက်ကျောမလုံ ဖြစ်နေကြခြင်း ဖြစ်မည်။ ထိုသို့ ဗွီအိုင်ပီ အတွက် အထူးသီးသန့် ရွေးချယ်လေ့ကျင့် မွေးမြူထားသော လုံခြုံရေးတပ်များ (ဥပမာ- အကြမ်းဖက် နှိမ်နှင်းရေး အထူးတပ်ဖွဲ့လိုမျိုး) သွားလေရာ ခေါ်ဆောင်၍ ဂျာမန် အူဇီ တကားကားနှင့် စစ်သား များကြားတွင်ပင် ကြောက်လန့် စိုးရိမ် နေကြရသော စစ်ဗိုလ်ချုပ် များကိုကြည့်၍ သံဝေဂ ရမိပါသည်။
သြော်..သနားပါဘိ….။

မိမိက ရိုးသားစွာနေပါလျှက် ကောက်ကျစ် အောက်တန်းကျသော စိတ်နေ စိတ်ထားရှိသည့် အနားပြာ များက ကြွယ်ဝ ချမ်းသာနေသည်ကို အမြဲလိုလို တွေ့မြင်နေကြရသည်။ ထိုသို့ ညံ့ဖျင်းသော စိတ်ဓါတ်ဖြင့် အောက်တန်းကျစွာ ကြွယ်ဝ ချမ်းသာနေမှုကို မတုပ၊ အားမကျ သင့်ပါဘဲ လိုက်လံ တုပ အားကျမိပြီး၊ အများ ကိုယ်ကျင့်ပျက်လျှင် ကိုယ်ပါလိုက်ပျက်မှ တရားဝင်သည့် လူမှုရေးစနစ် ပုံစံမျိုး ထင်ထင် ရှားရှား ပေါ်ပေါက် လာရခြင်း ဖြစ်ပေမည်။ ထိုကြားထဲမှ သခင်အားရ၊ ကျွန်ပါးဝ စိတ်ထား များများမွေးကာ အချင်းချင်း လည်ပင်းနင်းနိုင်လေ၊ သွေးခွဲ အုပ်ချုပ်လိုသူ စစ်အာဏာရှင် ကြီးတွေ အကြိုက် တွေ့လေလေမို့ ထိုပါးကွက်သား အာဏာရှင် အငယ်စားတို့ နေရာ ကောင်းကောင်းမှာ အာဏာစောင်း ထက်မြက်စွာဖြင့် နေ့ချင်းညချင်း ကြွယ်ဝ ချမ်းသာကြသည်မှာ ယနေ့ခေတ်၏ မရိုးသော မြင်ကွင်းတခု ဖြစ်နေပေပြီ။

စစ်အာဏာပိုင်များက ယင်းတို့၏ စနစ်ဆိုး သက်ဆိုးရှည်ရေးအတွက် နည်းလမ်းပေါင်းစုံ သုံး၍ အကွက်ချ လေ့ကျင့်ပေးခြင်း ခံခဲ့ရသော်လည်း ခံယူချက် စိတ်ထားဟူသည်ကို မည်သူမျှ ပုံသွင်း၍ မရဟု လေးလေးနက်နက် ယုံကြည်သူ ကျနော်တို့ လူငယ်များက မည်သို့မည်ပုံ စိတ်ထားတို့ မှန်ကန် အောင် ထိမ်းသိမ်း လာတတ်ခဲ့ပုံတို့ကို ဆက်ကာ တင်ပြပါဦးမည်။ လောလောဆယ် ကျောင်းဝင်းထဲ ပြန်ဝင်ကြည့်ကြပါဦးစို့….

စစ်သက္ကသိုလ်ရှိ မြေပြင် အတော်များများမှာ ကျနော်တို့ ပထမနှစ် ဗိုလ်လောင်း အားလုံးနီးပါးက ဂျွမ်းထိုး ဖူးပြီးပါပြီ။ ကျယ်ပြန့်လှသော ဗိုလ်လောင်း အိပ်ဆောင် ပရ၀ုဏ်များ အတွင်း၊ အပြင် တစ်လျှောက်ကို လှည့်ပတ်၍လည်း ဖါးခုန်၊ ခုန်ဖူးပါပြီ။ အပြစ်ပေးခံရသော ကာလ ရှည်ကြာ လာသည်နှင့် အမျှ ကျနော်တို့သည် ရှက်ရကောင်းမှန်း အားငယ်ရကောင်းမှန်း ဘာမှ မသိတော့ပေ။ အပြစ်ပေးလျှင်ခံ လစ်လျှင် လုပ်ချင်ရာလုပ် စသဖြင့် သံသရာလည်နေခဲ့၏။ တခါတရံ ကျောင်းဝင်းထဲ ၀င်ရောက်လာတတ်သည့် ကားကောင်းကားသန့် အကောင်းစားကြီးများ (စစ် အာဏာပိုင်များ၏ ဆွေကြီး မျိုးကြီးများသည် ၎င်းတို့ ကိုယ်ပိုင်ကားများဖြင့် ဗိုလ်လောင်း အိပ်ဆောင် အတွင်းထိ ၀င်ရောက်ကာ ယင်းတို့၏ သားချင်း ဗိုလ်လောင်းများကို ဧည့်တွေ့ခွင့်ရှိ၏။ ကျနော်တို့လို အညတရ စစ်ဗိုလ်လောင်း လေးများ၏ ဧည့်သည်များ အတွက်မူ ဧည့်တွေ့ဆောင်ဟု ခေါ်သော စစ်သက္ကသိုလ် အ၀င်ဝရှိ အဆောင် ပုပုလေးမှာသာ ကျပ်ကျပ်တည်းတည်း သွားရောက် တွေ့ဆုံရသည်။ အိပ်ဆောင်အထိ မည်သူမျှခေါ်ခွင့်မရှိ။ မည်သူမျှ ခေါ်မလာရဲပေ။ စီနီယာများကလည်း သူတို့ မိတ်ဆွေ များကို အိပ်ဆောင်အထိ မခေါ်ရဲပေ။ နည်းပြ အရာရှိများ ကိုယ်တိုင် ကြိုဆိုရသည့် ရာထူးကြီးကြီး အကောင်ကြီးကြီး များမှသာ ဤသို့ တက်လာနိုင်ပါသည်)။ ထိုအခွင့်ထူးခံ ဇိမ်ခံကား လှလှကြီးများပေါ် ပါလာတတ်သော ဆွေတော်မျိုးတော် မိန်းမပျိုလေးများက ကျနော်တို့ ပထမနှစ် မျောက်သင်းကွဲများ မုဆိုးအလယ် မျက်နှာငယ် နေရသည့်နှယ် အပြစ်ပေးခံ နေရသည်ကို တအံ့တသြ ကြည့်သွားကြ သည်ကိုလည်း မရှက်နိုင်ပါ။ ကျောပြင်တွင် မြေနီများ စွန်းထင်းနေပြီး ချွေးများဖြင့် ကွက်ကာ ပေတူးနီရဲ နေတတ်သည့် မိမိတို့ ဘ၀ကို မရှက်နိုင်ပါ။ ဦးခေါင်း ဆံပင်မှာလည်း မြေနီရောင်များဖြင့် ဥရောပ တိုက်သားများလို နီကျင်ကျင် အရောင်ဆိုးထားသလို ဖြစ်နေတတ်၏။ မျက်နှာပုံပန်း ကလည်း ပင်ပန်းလွန်း အားကြီး၍ ရှုံ့မဲ့ကာ တွန့်လိမ်နေမည်မလွဲ။

ဤပုံ ဤယောင်္ကျားပျိုမျိုးကို အဘယ်မိန်းမပျိုက စိတ်ပါဝင်စား ပါလိမ့်မည်နည်း။ သနားစဖွယ်ကောင်း လှသည့် ငရဲသားလေးများ ငရဲခံနေရသည်ကို နတ်ပြည်မှ နတ်သမီးလေးများက လာရောက်ကြည့်ရှု သွားသည်ဟုသာ ထိုအချိန်က ကျနော်တို့ စိတ်ထဲ တွေးမိကြသည်။

အရှက်တရားဟူသည် ဘာပါလိမ့်ဟု မေးမြန်းကြရမည့်နှယ် ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းများမှာ အရှက်ကုန်သော ဘ၀ကို ကြုံခဲ့ရပါ၏။ အဘယ့်ကြောင့်ဆိုသော် ကျနော်တို့ စစ်ဆေးရုံတွင် ဆေးစစ်စဉ် ကာလက အကြောင်းကို ပြောခဲ့ပြီး ဖြစ်ပါ၏။ ယခု ဗိုလ်လောင်း အိပ်ဆောင်သစ် ကြီးများပေါ် ရောက်ပြီး သည်မှစ၍ စီနီယာတို့၏ နည်းမျိုးစုံဖြင့် လေ့ကျင့် သင်ကြားမှုများ၊ အပြစ်ပေး ခံရမှုများ အပြင် ကျနော်တို့ အားလုံးအတွက် အချိန်ဟူသည် အလွန်တန်ဖိုးရှိကြောင်း လေ့ကျင့် သင်ကြားပေးသည့် အနေဖြင့် ပီတီကွင်း အားကစားအချိန်မှ ပြန်အတက် ရေချိုးချိန်သို့ ရောက်သောအခါ အချိန်လု ရေချိုးရသည့် အချိန်ကိုလည်း ခံစားတွေးတော ပေးကြပါဦး။

ပီတီကွင်းမှ တန်းဖြုတ် ပေးလိုက်သည်နှင့် တပြိုင်နက် အိပ်ဆောင်ပေါ် အတူတူ ပြန်တက်ရမည့် စီနီယာ တို့စသည် မိမိတို့ ပထမနှစ်များအား ကွင်းမှ အိပ်ဆောင်အရောက် အပြေးတက်ဖြင့် ပြေးခိုင်းပါသည်။ နောက်ကျသော ဘယ်နှစ်ယောက် မယူဟု ရာဇသံပါ ပေးလိုက်ပြီး ပြေးတက်နေသူ မိမိတို့နောက်မှ ယင်းတို့ကပါ ထပ်ကြပ်လိုက်ပါ ပြေးတက်လာပါသည်။ သူတို့က လေ့ကျင့်သား ပြည့်ဝပြီးသူများမို့ ကျနော်တို့ထက် လျှင်မြန်သွက်လက်စွာ ပြေးတက်နိုင်ကြပြီး သူတို့ထက်ငယ်သော ကျနော်တို့မှာ သူတို့ကိုမှီအောင် မနည်းပြေးလိုက်ရ၏။ နောက်ကျ ကျန်ခဲ့၍ မရပါ။

မိမိတို့က အိပ်ဆောင်ပေါ်သို့ ပြန်မရောက်သေး၊ စီနီယာတို့က အရင်ရောက်နှင့် နေကြပြီ။ အသင့် ကြိုတင် စောင့်ဆိုင်းနေပြီး ကျနော်တို့ကို ထောင့်ပေါင်းစုံမှ လေ့ကျင့် မောင်းနှင်ရန် အသင့်စောင့်ဆိုင်း ဖိတ်ခေါ်နေပေ၏။ “ဟိုမောင် အမြန်ပြေးလာစမ်း။ ဒီလောက်လေး ပြေးတက်တာများ ဟောဟဲ ဆိုက်ရတယ်လို့ ဒီမှာ ကိုယ့်ကိုကြည့် အသက်ရှုသံတောင် မထွက်ဘူး။ လာလာ….ကိုယ့်ညီကို သန်မာမှု ရှိအောင်၊ သက်လုံကောင်းအောင် လေ့ကျင့်ပေးမယ် ”။ …စပါပြီ။ အဲဒီမှာ စပါပြီ။ ပီတီကွင်းက မောမော ပန်းပန်း ပြန်တက် ပြေးလာရလို့ အနားယူခွင့် ရလိမ့်မည် မထင်ပါနှင့်၊ ဟောဟဲဆိုက်လို့ ရှာတစ်လစ်မှ မသိမ်းရသေးမှီ နောက်တချီ တမောင်းက လာပြန်လေပြီ။

ဆက်လက်ဖေါ်ပြပါမည်။

ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ပါ

Read More...