Wednesday, April 29, 2009

အန်အယ်လ်ဒီ စုံညီအစည်းအဝေး စတင် ပြည်နယ် နှင့် တိုင်း (၄) ခု က ဆွေးနွေး

မင်းနိုင်သူ /၂၈ ဧပြီ ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီစုံညီအစည်း အဝေးကို ယနေ့ စတင်ပြီး ကချင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ စသည့် ပြည်နယ်နှင့် တိုင်းတို့မှ ဗဟို အလုပ်အမှုဆောင် အဖွဲ့က တင်ပြသော စာတမ်းကို ပြန်လည်ဆွေး နွေးသွားကြကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“ပြန်လည်ဆွေးနွေးသွားကြတာတွေကတော့ အများကြီးပဲ။ စည်းရုံးရေး အကြောင်းအရာနဲ့ ပတ်သက် တာတွေရော၊ နိုင်ငံရေး အကြောင်းအရာနဲ့ ပတ်သက်တာတွေရော ပြန်လည် ဆွေးနွေး သွားကြပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေ နအဖ စစ်ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးနိုင်မှု ရှိမရှိ၊ အဲဒါတွေကို အဓိကထား ဆွေးနွေး သွားကြတာပေါ့။ မနက်ဖြန် ဆွေးနွေးမှုတွေ အပြီးမှာမှ တစုံတရာ သဘောထား ထုတ်ပြန်ချက် ပေးနိုင်မယ်” ဟု ၎င်းက ပြောသည်။

ယနေ့ဆွေးနွေးခဲ့ကြသော ပြည်နယ်နှင့်တိုင်းများသည် ဗဟို အလုပ်အမှုဆောင် အဖွဲ့မှ တင်ပြသော အစီရင်ခံစာ (၃) ရပ်အပေါ်တွင် ပြန်လည်တုံ့ပြန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲမစတင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ သဘောထား အစီရင်ခံစာကို ဦးသိန်းညွန့် ကလည်းကောင်း၊ ပါတီစည်းရုံးရေး ဆိုင်ရာ အစီအရင်ခံစာကို ဦးအုံးကြိုင်က လည်းကောင်း၊ နိုင်ငံရေးဆိုင်ရာ အစီရင်ခံစာကို ဒေါက်တာ သန်းငြိမ်းက လည်းကောင်း အသီးသီး ဖတ်ကြား တင်ပြခဲ့ကြောင်း သိရသည်။

“ပြည်နယ်နှင့်တိုင်းတွေက စည်းရုံးရေးအဖွဲ့ဝင် ထဲက တဦးနဲ့ လွှတ်တော် ကိုယ်စားလှယ်ထဲက တဦးစီက ပြန်လှန် ဆွေးနွေးတယ်။ မရှင်းတဲ့ အချက်တွေ ပြန်မေးတယ်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့က ပြန်လည် ဖြေကြား ပေးခဲ့တယ်” ဟု ဦးအုံးကြိုင်က ပြောသည်။

အဆိုပါ အန်အယ်လ်ဒီပါတီ စုံညီအစည်းအဝေးသို့ ပြည်နယ်နှင့် တိုင်းများမှ စည်းရုံးရေး အဖွဲ့ဝင် (၆၃) ဦး၊ လွှတ်တော် ကိုယ်စားလှယ် (၉၃) ဦး၊ ဗဟိုလူငယ် (၃) ဦးနှင့် ဗဟို အမျိုးသမီး (၃) ဦးတို့ အပြင် စီအာပီပီ ကိုယ်စား လှယ်များ၊ ၀ါရင့် နိုင်ငံရေး သမားကြီးများနှင့် သံတမန်များပါ တက်ရောက်ခဲ့ကြသည်။

အာဏာပိုင်များဘက်မှလည်း ရဲများ၊ လုံထိန်းများ၊ အရပ်ဝတ် လုံခြုံရေးများဖြင့် စောင့်ကြည့်မှုများ ရှိခဲ့ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

0 ထင်မြင်ချက်: