Wednesday, April 29, 2009

လူသတ်မှုကျူးလွန်သူ လေတပ်ဗိုလ်ကြီးကို ဖမ်းဆီးရမိ

NEJ /၂၈ ဧပြီ ၂၀၀၉

ပြီးခဲ့သည့် ဧပြီလဆန်းက ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်တစ်ထောင် လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈)၊ (၄) လွှာ ယာဘက်ခြမ်း အခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံ (၂) ဦးအနက် တဦးဖြစ်သူ လေတပ် ဗိုလ်ကြီး ဖုန်းဇော်အေးကို ဖမ်းဆီး ရမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ကမာရွတ် ရဲစခန်းမှ အမည် မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ဧပြီ (၁၅) ရက် သင်္ကြန်အကြတ်နေ့ တုန်းက ပြည်လမ်းအမှတ် (၄၃၇) မှာ ဖွင့်ထားတဲ့ Summer Palace ဟိုတယ် မန်နေဂျာက ကျနော်တို့ စခန်းကို ဖုန်းဆက်တယ်။ သူတို့ဆီမှာ လူတယောက် တည်းခိုခန်းခ မပေးဘဲ တည်းနေတာ လာစစ် ပေးပါလို့ ဆိုတယ်။ ကျနော်တို့ ဟိုတယ်ကို ရောက်ပြီး သိပ်မကြာဘူး။ လူတယောက် ဟိုတယ် အပေါ်ထပ်ကနေ ခုန်ချတယ်။ အောက်ထပ်က အဖီထုတ်ထားတဲ့ အမိုးပေါ်ကို ပြုတ်ကျပြီး ခြေထောက် ကျိုးသွားတယ်။ ဒါနဲ့ သူ့ကို သွားမေးကြတယ်။ နောက် ဆေးရုံပို့ပြီး စစ်ကြည့်တော့ မင်္ဂလာဒုံ လေတပ်စခန်းက ဗိုလ်ကြီးတယောက် ဖြစ်နေတယ်။ သူပြောတာတွေ ရှေ့နောက် မညီတာနဲ့ ဆက်ပြီး စစ်လိုက်တာ ဗိုလ်တစ်ထောင် လမ်းသွယ် (၄)၊ နှစ်လောင်းပြိုင် လူသတ်မှုက လူသတ်သမား ဖြစ်နေတာ သိရတယ်။ ခု သူ့ကို စစ်တပ်က လာလွှဲယူသွားပြီ” ဟု ပြောသည်။


ပြီးခဲ့သည့် ဧပြီ (၂) ရက်က ဗိုလ်တစ်ထောင်လမ်းသွယ် (၄) အပြင်က သော့ခတ် ထားသည့် တိုက်ခန်း တခန်းမှ အပုပ်နံ့ ထွက်လာ၍ လူများက ရဲကို အကြောင်းကြားခဲ့ရာမှ လူသတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အသတ်ခံရသူများမှာ အသက် (၄၆) နှစ်အရွယ် သင်္ဘောအရာရှိ ဦးခင်မောင်လေးနှင့် ရွှေပြည်သာတွင် နေထိုင်သည့် အငြိမ်းစား ဗိုလ်မှူးချုပ် ကျော်ဝင်း၏ သမီး အသက် (၄၄) နှစ်အရွယ် ဒေါ်အေးအေးဝင်း ခေါ် ဒေါ်မြတ်သီရိခင် ဖြစ်ပြီး မတ်လ (၃၀) ရက် ညက အသတ်ခံရကြောင်း သိရသည်။

ဖမ်းဆီးမိသူ ဗိုလ်ကြီးဖုန်းဇော်အေးသည် ဦးခင်မောင်လေး၏ တူတော်သူဖြစ်ပြီး မကြာခဏ ဦးလေးဖြစ်သူထံ လာရောက်လေ့ ရှိကြောင်း၊ အခင်းဖြစ်ပွားသည့် နေ့က ငွေချေးရာမှ အချင်းများကြပြီး အဖော် တယောက်နှင့် အတူ သတ်သွားသည်ဟု ယူဆရကြောင်း အိမ်နီးနားချင်းများက ပြောကြသည်။

ယခုမှုခင်းနှင့် ပတ်သက်၍ သတင်းထောက်များနှင့် ရဲမှုခင်း သတင်းထုတ်ပြန်ရေး အဖွဲ့ တွေ့ဆုံစဉ် သတင်းထောက်များ၏ မေးမြန်းချက်ကို တာဝန်ရှိသူများက တရားခံတဦး မိပြီ ဆိုသည်မှ လွဲပြီး အခြား ပြောဆိုခြင်း မပြုသကဲ့သို့ သတင်း ရေးသားရန်လည်း လုံးဝ ခွင့်မပြုကြောင်း သိရသည်။

ယခု ပြစ်မှုကျူးလွန်သူသည် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ စစ်အရာရှိ တယောက်ဖြစ်နေခြင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်တော်စပ်သူ ဗိုလ်မှူးချုပ် သိန်းနိုင်၏ တပ်မှ ဖြစ်နေခြင်းတို့ကြောင့် လုံးဝ သတင်းဖော်ပြခွင့် ပြုမည်မဟုတ်ကြောင်း ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်သတင်းထောက် တဦးက သုံးသပ်သည်။

အင်းလျားလမ်း (၅) လောင်းပြိုင် လူသတ်မှုတွင်လည်း ထိပ်တန်း စစ်အရာရှိတဦး၏ သားတဦး ပါဝင်ပတ်သက်နေ၍ မည်သည့်အခါမှ သတင်းထုတ်ပြန်မည် မဟုတ်ကြောင်း စစ်အစိုးရ ထိပ်ပိုင်း အာဏာပိုင်များနှင့် နီးစပ်သူ စစ်အရာရှိကြီးတဦးက ပြောကြားခဲ့သော်လည်း ထိပ်တန်းခေါင်းဆောင် မည်သူ၏ သားဖြစ်သည်ဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

Ref: ခေတ်ပြိုင်

0 ထင်မြင်ချက်: