Friday, May 30, 2008
Saturday, May 24, 2008
Thursday, May 22, 2008
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အထူးကြေညာချက် -၁၂/၀၅/၀၈
အမှတ် ၉၇/ခ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
၁၃၇၀ ခုနှစ် ကဆုန်လပြည့်ကျော် (၂) ရက်
အထူးကြေညာချက် - ၁၂/၀၅/၀၈
မြန်မာနိုင်ငံတွင် မကြုံစဖူး အပြင်းထန်ဆုံးသော နာဂစ် မုန်တိုင်းကြီး ဒဏ်အား ကယ်ဆယ်ရေး ဟူသည့် အမျိုးသားရေး အကျပ်အတည်းကြီးကို ပံ့ပိုး ကူညီဖြေရှင်းပေးရန် ရောက်ရှိလာမည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လှိုက်လှဲစွာ ကြိုဆိုလိုက်ပါသည်။
နာဂစ်မုန်တိုင်းကြီး ဒဏ်ကြောင့် မယုံနိုင်လောက်အောင် မရှုမလှ သေကြေပျက်စီးသွားသော ဒေသများမှ ပြည်သူများအား ယနေ့ထိတိုင် ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ထိထိရောက်ရောက် ပြည့်ပြည့်၀၀ မဆောင်ရွက် နိုင်သေးသည်ကို တွေ့မြင်ကြားသိ နေရပါသည်။ ငွေကြေးအင်အား၊ ပစ္စည်းအင်အား နှင့် ကျွမ်းကျင်မှုအင်အား မပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် မုတ်သုန်ရာသီ ၀င်ရောက်လာမှု တို့ကိုပါ ကြုံတွေ့နေကြပြန်ရာ ကလေးငယ် အများစု အပါအ၀င် သန်းနှင့်ချီသော ပြည်သူများမှာ ရက်ပိုင်းအတွင်း ကြုံတွေ့လာရနိုင်သော မုန်တိုင်း၏ နောက်ဆက်တွဲ ကပ်ရောဂါဆိုးများ ကျရောက်ကာ အသက် ဆုံးရှုံးရမည့် ရက်ကို စောင့်ဆိုင်း နေရသလို ဖြစ်နေပါသည်။
ထို့အပြင် မုန်တိုင်းဒဏ်သင့် ဒေသများမှာ မြန်မာနိုင်ငံ၏ အသက် သွေးကြောဖြစ်သော ဆန်စပါးနှင့် ရေထွက်ပစ္စည်းများ အများဆုံးထွက်ရှိရာ ဒေသများ ဖြစ်နေပြန်ပါသည်။ ထိုဒေသ များကို အမြန်ဆုံး ပုံမှန် ပြန်ဖြစ်လာအောင် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကယ်ဆယ်ခြင်း၊ ပြန်လည် နေရာချထားခြင်းနှင့် ထူထောင်ခြင်းတို့သည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် "သေရေး ရှင်ရေးတမျှ" အရေးကြီးလှပါ သည်။
လူသန်းပေါင်းများစွာတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတို့ကို ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို ကယ်တင်ရေး ဟူသော အလွန်ကြီးမားလှသည့် ယင်းလုပ်ငန်း တာဝန်ကြီးမှာ လူတစ်ဦး တစ်ယောက်တည်းဖြင့် ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုတည်းဖြင့်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ တည်းဖြင့် ဖြစ်စေ၊ ဒေသန္တရဆိုင်ရာ အသင်းအဖွဲ့ တစ်ခုတည်းဖြင့် ဖြစ်စေ၊ ဆောင်ရွက်၍ လုံးဝ ရနိုင်မည်မဟုတ်ပါ။
သို့ဖြစ်၍ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက မေတ္တာတရား၊ ဂရုဏာတရားများ ရှေ့ထားကာ ငွေကြေးအင်အား၊ ပစ္စည်းအင်အား၊ စက်ကိရိယာ အင်အားနှင့် ကျွမ်းကျင်မှု လူအင်အား စသည်တို့ဖြင့် လူသားချင်း စာနာထောက်ထား၍ စီးပွားရေးကပ်ဘေး၊ ကပ်ရောဂါဘေးနှင့် အခြားအခြားသော ဘေး အသီးသီးတို့မှ လွတ်မြောက်အောင် အမြန်ဆုံးပါဝင် ကူညီ ကြပါရန်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ဒုက္ခ ပင်လယ်ဝေနေသော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတို့အပေါ် အစွမ်းကုန် ကူညီပံ့ပိုး ဖြေရှင်းပေးပါရန်တို့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အလေးအနက် မေတ္တာ ရပ်ခံလိုက်သည်။
၂၀-၅-၀၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏
အစည်းအဝေးဆုံးဖြတ်ချက်အရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့
Friday, May 16, 2008
တပ်မတော်သားများသို့ ဗိုလ်မှူးအောင်လင်းထွဋ်၏ပေးစာ
တပ်မတော်သားအပေါင်းတို့ခင်ဗျား……..
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိုက်မဲမှု၊ ယုတ်မာမှုမုန်တိုင်းကို ကြိုတင်ကာကွယ်ဖို့အတွက် ယနေ့ နိုင်ငံတကာက စီစဉ်ဆောင်ရွက်နေပါတယ်။ မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ အသက်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ဖို့ပါ။ တကယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ ဆက်လက် မိုက်မဲနေမည် ဆိုရင် ရက်ပိုင်းအတွင်း ခင်ဗျားတို့ထံ နိုင်ငံတကာက ကူညီရေး အဖွဲ့အစည်းများ ရောက်ရှိလာပါလိမ့်မည်။
ကျနော်တင်ပြချင်တာက ၎င်းတို့ရောက်တဲ့အခါ ပူးပေါင်းပြီး အကူအညီပေးပါ အန္တရာယ်မပြုပါနှင့်။ ခင်ဗျားတို့ရဲ့ မိတ်ဆွေများသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် လာရောက် ကူညီသူများ ဖြစ်ပါသည်။ ဒါကလည်း ခင်ဗျားတို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဖယ်ရှားမပစ်နိုင်လို့ နိုင်ငံတကာက ၀င်ရောက်ကူညီတာပါ။ ခင်ဗျားတို့ကို အန္တရာယ်ပေးဖို့ မဟုတ်ပါဘူး။ ကယ်တင်ရှင် တွေလို့မှတ်ပါ။
တကယ်လို့ အန္တရာယ်ပြုဖို့ ဗိုလ်ချုပ်မှူးကြီးတွေက အမိန့်ပေးရင် မလိုက်နာကြပါနဲ့ ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျားတို့ရဲ့မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ ဒုက္ခရောက်ကြလိမ့်မည်။ ၁၉၉၉ ခုနှစ်က kosovo အရေးအခင်းကြောင့် ဆာဗီးယား သမ္မတ မီလိုဆိုဗစ်ရဲ့ ဘဲဂရိတ်မြို့ ဘယ်လိုဒုက္ခမျိုးနဲ့ ကြုံခဲရတယ်ဆိုတာကို သတိပေးလိုတယ်။ အခုဘဲ “နေပြည်တော် ”ဖွတ်ဖွတ်ညက်ညက် ကြေသွား လိမ့်မယ်။
ဒါ့ကြောင့် မတရားတဲ့ အမိန့်ကို မနာခံဖို့ တပ်မတော်သားများနဲ့ တပ်မှုးကြီး၊ ငယ် အပေါင်းကို မေတ္တာ ရပ်ခံ လိုတယ်။
ဗိုလ်မှူးအောင်လင်းထွဋ်

Tuesday, May 13, 2008
Saturday, May 10, 2008
Thursday, May 8, 2008
အမေရိကန် ကူညီရေး လေယာဉ်များ နအဖ ခွင့်ပြုလိုက်ပြီ
မေလ ၈ ရက်နေ့ ညနေတွင် နအဖ စစ်အုပ်စုက နာဂစ် မုန်တိုင်းဒဏ်မှ အသက်ရှင် ကျန်နေသူများအား ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့မည့် အမေရိကန် စစ်လေယာဉ်များအား ခွင့်ပြုလိုက်ကြောင်း ထိုင်းတပ်မတော်က ပြောကြားလိုက်သည်။
“အမေရိကန် လေယာဉ်တွေ ခွင့်ပြုဖို့ မြန်မာအစိုးရကို ကျနော်တို့ ပြောပေးလိုက်တာပါ၊ အခုပဲ သူတို့ သဘောတူလိုက်ပြီ” ဟု ထိုင်း စစ်သေနာပတိချုပ် Boonsrang Niumpradit က ပြောခဲ့သည်။ အမေရိကန် သံရုံးအရာရှိကလည်း ဤဆုံးဖြတ်ချက် ဟုတ်မှန်ကြောင်း အတည်ပြုခဲ့သည်။
နအဖ အရာရှိတဦး၏ ယနေ့ ပြောကြားချက်အရ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ယခုထိ သေဆုံးသူ ပေါင်းမှာ ၈၀,၀၀၀ ကျော်ပြီဖြစ်ကြောင်း ရွာလုံးကျွတ် ပျောက်ကွယ်သွားမှုများမှာလည်း မနည်းလှကြောင်း ထုတ်ဖော် ၀န်ခံနေရပြီ ဖြစ်သည်။
နအဖ ခွင့်ပြုချက် မရရှိသေးသဖြင့် ရိက္ခာပစ္စည်းများ တင်ဆောင်ထားသည့် ကယ်ဆယ်ရေး လေယာဉ်များသည် ထိုင်း၊ ဘင်္ဂလားဒက်ရှ်၊ ဒူဘိုင်း နိုင်ငံများတွင် စောင့်ဆိုင်းနေကြရသည်။
ဗိုလ်မှူးအောင်လင်းထွဋ္ဋ်၏ အရေးပေါ် ပေးစာတစောင်
သို့
ဦးကျော်တင့်ဆွေ
ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်
နယူးယောက်မြို့
မြန်မာနိုင်ငံရဲ့ ကျရောက်နေတဲ့ ဘေးဒုက္ခကို နိုင်ငံရေးကို ဘေးဖယ်ပြီး လူမှုရေးကို ရှေ့ရှုပြီး နိုင်ငံတကာရဲ့ အကူအညီနဲ့ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ခင်ဗျားအစွမ်းကုန် ကူညီဖို့ လိုနေ ပါသည်။ နိုင်ငံတော်အကြီးအကဲဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းကို ခင်ဗျားရော ကျွန်တော်ရော ကောင်းကောင်းသိပါသည်။ “ မင်းတို့ အမင်္ဂလာသတင်းတွေ ငါမကြားချင်ဘူး” လို့ ဗိုလ်ချုပ်သန်းရွှေ ပြောခဲ့ တာကို၊ ယခုအချိန်မှာ ခင်ဗျားတို့ ဒီစကားကို နာခံဖို့မသင့်တော့ပါဘူး။
အထူးသဖြင့် အမေရိကန်နိုင်ငံက ကမ်းလှမ်းတဲ့ အကူအညီ အားလုံးကို လက်ခံဖို့၊ ပြည်ဝင်ခွင့် ရဖို့ အတွက် တာဝန်ရှိသူတစ်ယောက် အနေဖြင့် သက်ဆိုင်ရာ မြန်မာနိုင်ငံ အကြီးအကဲတွေကို နားဝင်အောင် အမြန်ပြောဖို့လိုပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ဟာ နိုင်ငံရေးအရ သဘောထားမတူပေမဲ့ လူမှုရေးမှာ တက်ညီ လက်ညီ လုပ်ရလိမ့်မည်လို့ ယုံကြည်ပါသည်။
အခုမြန်မာလူမျိုးတွေ သောင်းနဲ့ချီပြီး သေဆုံးခဲ့ပြီ ဖြစ်ပါသည်။ သန်းနဲ့ချီပြီး ဒုက္ခရောက်နေကြတယ်။ ဒါတွေကို ခင်ဗျားတို့ လစ်လျှူရှုပြီး သေချင်သေ ဆိုတာမျိုး မလုပ်သင့်ပါဘူး။ ကုလသမဂ္ဂမှာ တာဝန်ရှိတဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ နိုင်ငံတကာနဲ့ မြန်မာအစိုးရကြားမှာ သံတမန်တစ်ဦး အနေနဲ့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုရရှိအောင် အမြန်ဆုံး ညှိနှိုင်းပေးပါ။ နိုင်ငံတကာ ကယ်ဆယ်ရေး Exports တွေ ပြည်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးပါ။ US က ကယ်ဆယ်ရေး Team ကို ကူညီဖို့ ၀င်ခွင့် ရအောင် သက်ဆိုင်ရာကို ပြောပေးပါ။
ကျွန်တော့်ဘက်က အကူအညီ လိုမယ်ဆိုရင်လဲ ပြောပါ။ ခင်ဗျားဟာ သံတမန်လောကမှာ ငယ်စဉ် ကတည်းက ကြိုးစားခဲ့ပြီး ရိုးသားတည်ကြည်တဲ့သူ တစ်ဦးအဖြစ် ကျွန်တော်သိပြီး လေးစားတဲ့အတွက် စာရေးသားလိုက်ခြင်း ဖြစ်ပါတယ်။
လေးစားစွာဖြင့်
ဗိုလ်မှူးအောင်လင်းထွဋ်
သံရုံးယာယီတာဝန်ခံ (အငြိမ်းစား)
ဝါရှင်တန်မြို့



















