Thursday, April 24, 2008

IF



If you can keep your head when all about you
Are losing theirs and blaming it on you,

If you can trust yourself when all men doubt you,
But make allowance for their doubting too;

If you can wait and not be tired by waiting,

Or being lied about, don't deal in lies,

Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:

If you can dream-and not make dreams your master;

If you can think-and not make thoughts your aim;

If you can meet with Triumph and Disaster
And treat those two imposters just the same;

If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,

Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:

If you can make one heap of all your winnings

And risk it on one turn of pitch-and-toss,

And lose, and start again at your beginnings

And never breathe a word about your loss;

If you can force your heart and nerve and sinew
To serve your turn long after they are gone,

And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

If you can talk with crowds and keep your virtue,

Or walk with Kings-nor lose the common touch,

If neither foes nor loving friends can hurt you,

If all men count with you, but none too much;

If you can fill the unforgiving minute
With sixty seconds' worth of distance run,

Yours is the Earth and everything that's in it,
And-which is more-you'll be a Man, my son!

Read More...

ဗိုလ်မှူးအောင်ထွန်း၏ တပ်မတော်သားများသို့ တိုက်တွန်းနှိုးဆော်ချက် လက်ကမ်းစာစောင်


Read More...

Wednesday, April 23, 2008

ယနေ့ စစ်တပ်… ဘာတွေဖြစ်နေသလဲ (၂၅)

ယခု တပတ်တွင်တော့ ကျနော်တို့ စစ်တက္ကသိုလ်သို့ လာရောက် စစ်ဆေး လည်ပတ်သော အထက် အရာရှိကြီးများ၊ စစ်ဗိုလ်ချုပ်ကြီးများ ရောက်လာတတ်ခိုက် တွေ့ကြုံရသော အဖြစ်အပျက် လေးကို ရှုစားပေးပါအုံး။

ယနေ့ ပြင်ပစစ်တပ်တွင် ဖြစ်နေသည့် အတိုင်းပါပင်၊ အထက်အကြီးအကဲ တပ်မှူး၊ တိုင်းမှူး ၀န်ကြီး ဆိုသူတို့ တပ်ရင်း၊ တပ်မတခုကို လာရောက် စစ်ဆေး တော့မည်ဆိုလျှင် ရာဇသံ တင်ကြို အမိန့်က နှစ်ပတ်ခန့် ကတည်းက ကြိုပို့ထားပြီးသား ဖြစ်၏။ ဘယ်နေ့တွင် ဘယ်သူဦးစီးတဲ့ အရာရှိ၊ အခြား အဆင့် အင်အား ဘယ်နှစ်ယောက် တပ်စစ်ဆေးရန် လာရောက်မည်၊ မည်သည့် အကြောင်းကိစ္စ၊ အမှုအခင်း၊ ဦး၊ ရေး၊ ထောက်ဆိုင်ရာ လုပ်ငန်းများ ပြီးစီးအောင် ပြင်ဆင် ဆောက်ရွက်ထားရန် စသည့်ဖြင့် ကြေးနန်းများက တသီကြီး ရောက်လာတော့သည်။

မိမိတို့ ဗိုလ်လောင်း ဘ၀ကတော့ ဤသို့ တင်ကြို အကြောင်းကြား လာရောက်တတ်သော အကြီးအမှူး ဆိုသူတို့ အကြောင်း ဟုတ်တိပတ်တိ ဘာမှ မသိသေးပါ။ ဗိုလ်လောင်းတပ်ခွဲမှူး အရာရှိ၏ တန်းစီ မိန့်ခွန်းခြွေ မှာကြားပြောဆိုချက် ညွန်ကြား ခိုင်းစေချက် များအရသာ ဘယ်စစ်ဗိုလ်ချုပ် ဘယ်နေ့ လာမည် ဆိုသည်ကို သိရခြင်း ဖြစ်၏။

ထိုသို့ အမိန့်ရပြီးသည်နှင့် တပြိုင်နက် ကျနော်တို့ စစ်ဗိုလ်လောင်းများ စလုပ်ရသည်မှာ သန့်ရှင်းရေးနှင့် အခြားသော သင်တန်းကိစ္စများ အစစ်အဆေး ခံနိုင်ရေး တာဝန်များဖြစ်၏။ အိပ်ဆောင်၊ စာသင်ဆောင်၊ ထမင်းစားဆောင် စသော စစ်ဗိုလ်ချုပ် ၀င်ရောက် ကြည့်ရှုနိုင်မည် ထင်ရသော နေရာမှန်သမျှကို မြက်တပင်၊ နွယ်တခက် မတက်ရအောင် ရှင်းလင်း သုတ်သင် သန့်ရှင်းရေး လုပ်ရတော့၏။ ခါတိုင်း လူမှုဝန်ထမ်း (ခေါ်) ဖက်ထိပ် လုပ်နေကျထက် လေးငါးဆမျှ ပိုလုပ်ရ၏။ ပိုပင်ပန်းကြ၏။

နည်းပြ အရာရှိများ ကိုယ်တိုင် ကြီးကြပ်ပြီး အသေးစိတ် ခိုင်းစေသောကြောင့် အနားယူ အပါးခိုသည် မရှိပေ၊ ပင်ပန်းလွန်းသောကြောင့် မိမိတို့သည် လာစစ်ဆေးမည်ဆိုသည့် စစ်ဗိုလ်ချုပ် ကိုသာ စိတ်တွင်းမှ ကျိန်ဆဲ၊ ရေရွတ်နေကြတော့သည်။ စိတ်တွင်းမှလည်း ထိုအနှီ စစ်ဗိုလ်ချုပ်ကြီးများကို အလိုလို ကြောက်လန့် စိုးထိတ်လာမိ၏။

ဟုတ်သည် ဒီ…. စစ်ဗိုလ်ချုပ်တယောက် လာမည်ဆိုသည်နှင့် တကျောင်းလုံး ကျောင်းအုပ်ကြီးပါ မကျန် ဖင်မှာ ဖွဲမီးဖို တပ်ထားလို့ ထိုင်မကျ၊ နေမရသည့် အလား ဟိုသွားလိုက်၊ ဒီလာစစ်လိုက်၊ သူ့ မာဇဒါဂျစ် ခေါင်းရှည် နှစ်ခန်းတွဲကြီးဖြင့် မျက်စေ့နောက်နေအောင် လိုက်လံ စစ်ဆေးမှာကြား ဟိန်းဟောက် ဆဲဆို ကြိမ်းမောင်း နေတော့သည်ကို တွေ့ရ၏။ ရာထူးအကြီးဆုံး ကျောင်းအုပ်ကြီးပင်၊ ဤမျှ မျောက်မီးခဲ ကိုင်ထားသလို ဖြစ်ပြနေလျှင် ကျန်သော ပိစိကွေး နည်းပြ အရာရှိ အခြားအဆင့် များလည်း ဘယ်နေသာတော့မည်နည်း၊ ဖင် ဂျက်တပ်ထား သလား အောက်မေ့ရအောင် ပြာယာ ခတ်နေကြတော့၏။

ကျနော်တို့ အင်မတန်ကြောက်ရသော စစ်ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေ၊ ကျောင်းအုပ်ကြီးမှအစ နည်းပြအရာရှိများ တောင် ဤမျှ ပျားပန်းခတ်ကြောက်ရွံ့ စိုးထိတ်ပူပင်မှု အပြည့်ဖြင့်၊ လိုလေသေးမရှိ အားလုံးပြည့်စုံအောင်၊ ပြင်ဆင် ကြောက်လန့် နေကြသည်ဆိုလျှင်၊ ကျနော်တို့လို စစ်တပ်တွင်း ၀င်ကာစ၊ ကိုယ့်အရိပ်ကို ကိုယ်ရုတ်ခြည်း မြင်လိုက်လျှင်တောင်၊ ဖုန်းကနဲ ရင်ထိတ် နှလုံးခုံ ကြောက်စိတ် ၀င်တတ်သွားလောက်အောင်၊ မဲမဲမြင်သမျှ ကြောက်နေရသူ ဗိုလ်လောင်းတို့ အဖို့မူကား ပြောစရာ လိုတော့မည်မထင်….။

သူတို့လာမည်၊ ကျောင်းကို လာစစ်မည်ဆိုလျှင် ကျနော်တို့မှာ ပျော်လည်း ပျော်သည်၊ ကြောက်လည်း ကြောက်သည်။ စိတ်လည်းတိုသည်၊ မျှော်လည်း မျှော်သည်၊ တခါတလေလည်း ကျိန်ဆဲ ရေရွတ်ချင် စိတ်ပေါ်လာသည်။

ပျော်သည်ဆိုသည်မှာ ဤသို့သော အကြောင်းကြောင့် ဖြစ်၏။

မိမိတို့ စာသင်သား၊ သင်တန်းသား ဗိုလ်လောင်း ဘ၀တွင် ဗိုလ်လောင်းများ စားရိပ်သာမှ ကျွေးသမျှ သော ဟင်းလျှာများ၊ ထမင်းများသည် မိမိတို့အတွက် လေ့ကျင့်ခန်းယူ အငတ်ခံ၊ နေနိုင်သော အကျင့် ရစေရန် တမင်တကာ လေ့ကျင့်ပေးနေသကဲ့သို့ ရှိသော အလွန်ညံ့ဖျင်းသည့် ထမင်း ဟင်းများသာ ဖြစ်ကြောင်း ကျနော်တင်ပြခဲ့ပြီး ဖြစ်၏။

ခရမ်းချဉ်သီးပုပ် ဖျော်ဟင်းဟု ခေါ်နိုင်မည့် ချဉ်စူးနေသော (ပုပ်၊ ရိနေသည့် ခရမ်းချဉ်သီးများကို ဈေးမှ အော်ဒါဆွဲကာ နေ့စဉ်မှာယူ ထားသည်လား မသိ၊ နေ့စဉ်လိုလို ထိုအပုပ်များနှင့် ချက်ကြွေး ခြင်းကိုသာ စားရ၏) ခရမ်းချဉ်သီးပုပ်ရိများနှင့် ချက်ထားသည့် အရည်တခွက်၊ ပဲဟင်းဟု နာမည် ခေါ်နိုင်သော အရည်ကျဲ ပဲအရသာ ရှိသည့် ဟင်းရည်တခွက်၊ ခွေးမစား ငါးခြောက်ဟု ကျနော်တို့ ခေါ်သည့် အလွန်နံစော် ငံကျိနေသော ငါးပုပ်ဖျော်ရည် ကျဲက တခွက်၊ အတို့အမြုတ် အဖြစ်စားရန် အလို့ငှာ ထားပေးသော ပုပ်ရိနေသော အကွက်များပါသည့် ဂေါ်ဖီရွက် အနည်းငယ်နှင့် ငါးပိရည်ကျို တခွက်၊ ခဲအရောရော ကျောက်အရောရော၊ အမှိုက် အရောရော ထမင်းနီတာလံ မာကျစ်ကျစ်… ဒါသည်ပင်လျှင် နေ့စဉ် နီးပါး အစားအစာဖြစ်၏။ ဗုဒ္ဓဟူးနေ့ တနေ့တွင်သာ တလက်မ သာသာရှိသော အသားဟင်း နှစ်တုံးပါ ဟင်းကို စားရတတ်၏။

ထိုသို့သော ရက်များကို ငြီးငြူ စိတ်ဆင်းရဲ၊ ၀မ်းပူဆာလောင်စွာ ဖြတ်ကျော်ရင်း ရံဖန်ရံခါ၊ တရက် တလေတွင်တော့ အလွန်အင်မတန် အရသာရှိသော ဟင်းလျှာများကို နတ်သုဒ္ဓါ အလား မြိန်ရှက်စွာ စားရတတ်သည်။ တခါမှ မကြားဖူးသော ဆိတ်သားလုံးဟင်းတို့၊ ကြက်ပေါင်လုံးလိုက်၊ အချောင်းလိုက် ပါသော ဒံပေါက်တို့၊ တရုတ်အမဲတုံးကြီးများ လက်သီးဆုပ် သဏ္ဍာန်အတုံးကြီးများနှင့် ဟင်း၊ စသည် ဖြင့် ထူးဆန်းပေ့၊ အရသာရှိပေ့၊ ကောင်းပေ့ဆိုသော ထမင်းနှင့် ဟင်းများကို စားရတတ်သည်။ ထိုရက် ထိုအခါမျိုးမှာ အထက် အရာရှိကြီးဟု ခေါ်သော စစ်ဗိုလ်ချုပ်ကြီးများ တပ်စစ်ဆေးရန် အလို့ငှာ စစ်တက္ကသိုလ်သို့ ရောက်လာတတ်သော နေ့မျိုးပင် ဖြစ်တော့၏။

ထိုသို့ သာမာန်အချိန်တွင် ဖြစ်သလို ခွေးသာသာ ကျွေးသည်ကို အငတ်အပြတ်များ ပမာ စားသောက် နေရပြီး၊ အထက်အရာရှိကြီးများ ရောက်လာသော အခိုက်တွင်သာ လူတန်းစေ့ ကျွေးမွေးခံရခြင်း၏ သဘောကို ဘာကြောင့် ဆိုတာ ကျနော်တို့ နားမလည်…။ အတွေးမကြွယ်သေးသည့် မိမိတို့မှာ စစ်ဗိုလ် ချုပ်ကြီးများကိုသာ ကြံဖန် ကျေးဇူးတင်နေကြသည်။ ၎င်းတို့ လာရောက်နေထိုင်သော ရက်များများ ကြာရှည်ပါစေကြောင်း ဆုတောင်း နေတတ်သည်။ ဒါမှလည်း ဟင်းကောင်း ထမင်းကောင်းနှင့် နေ့စဉ် နီးပါး စားခွင့်ရမည်ကိုး၊ ထိုရက်ပိုင်းအတွင်းမှာလည်း တရားမ၀င် အပြစ်ပေးခြင်း၊ လက်သီးနှင့် အထိုးခံ၊ အပြစ်ပေးခံရခြင်းက ကင်းလွတ်မည်ကိုး၊ ဒါကြောင့် သူတို့ကို မျှော်သည်၊ ကျေးဇူးတွေ တင်ကြ၏။ တဖက်ကလည်း အလိုလို ကြောက်နေတတ်ကြသည်။

ထိုသို့သော ရက်များတွင် တွေ့ကြုံသည့် အခြားထူးဆန်းသော အတွေ့အကြုံတခုမှာ မျက်နှာထား သွင်ပြင် အပြောင်းအလဲ အလွန်မြန်သည့် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး အပါအ၀င် နည်းပြ အရာရှိ စစ်ဗိုလ်ကြီး ငယ်တို့ အကြောင်းဖြစ်၏။

သူတို့သည် သူတို့ထက် ရာထူးကြီးသူ မရှိသည့် အချိန်အခါများတွင် တကယ့် ဘုရင်ခံ တပါးအလား မျက်နှာများတင်းမာ ခက်ထန်၊ အံကြိတ်ပြီး မိမိတို့ကို အာဏာတွေ ပြတတ်ကြသူများသာ ဖြစ်သည်။ ကျောင်းအုပ် ကြီး ဖြစ်သူ ဗိုလ်မှူးချုပ် စိုးဝင်းမောင်သည် မေမြို့ တပ်နယ်တွင် အကြီးဆုံး ဖြစ်ပေရာ အခြားသော တိုင်းမှူး၊ စစ်ဝန်ကြီးများ။ စစ်ထောက်ချုပ်များ၊ သူထက် ရာထူးကြီးသည့် ဗိုလ်ချုပ်ကြီးများ မရှိသည့် အချိန်တွင် သူသည် တကယ့် ဘုရင်ခံတပါး အလား နေထိုင်နိုင်သူ ဖြစ်၏။ ပဒေသရာဇ် နယ်စားပယ်စားသဖွယ် သူသွားလေရာရာမှာ အားလုံးသော စစ်ဘက်၊ အရပ်ဘက် ၀န်ထမ်းတို့က အရိုအသေ ပေးကြရ၏၊ မျက်နှာချိုသွေး ကြရ၏ ဆလံပေးကြရ၏။

သူကလည်း မျက်နှာထားတော် အတော်တင်းမာ ခက်ထန်စွာ နေတော်မူလေ့ရှိ၏။ မျက်နှာမှာ ပါးစောင်ရိုး နှစ်ဆင့်နှင့် လူထူးခြားတို့ အသွင် ဥပဓိ ရုပ်ရှိသော ကျနော်တို့ ကျောင်းအုပ်ကြီးကို ကျနော် လေးစားပါတယ်။ သူသည် စစ်သားကောင်း ပီသစွာ နေလိုသူ တဦးဖြစ်ပါသည်။ သို့သော်လည်း သူ့ထက် ရာထူးကြီး လုပ်ပိုင်ခွင့်ရှိသည့် စစ်အရာရှိကြီးများ လာမည်၊ စစ်မည် ဆိုလျှင် သူလည်း မနေသာတော့ စစ်တပ်၏ ဓလေ့ ထုံးစံကို လိုက်နာရတော့သည် ပင်….။

လာပါပြီ… စစ်ထောက်ချုပ် ဗိုလ်ချုပ်…ဦးဆောင်သော နောက်တော်ရံ အခြွေအပါးများစွာနှင့် အထက် အကြီးအကဲ ဆိုသူတွေ၊ လာပါပြီ…။ ထိုအခင်းအကျင်း အကြိုအရှင်း အကြောက် ပုံစံများကို ကျနော် စတင် မြင်ဖူးချိန်ကဆို အလွန် အင်မတန်မှ အံ့သြခြင်း ဖြစ်မိပါသည်။ ဘာကြောင့် အံ့သြသနည်း ဆိုလျှင် ကျနော်တို့ ကျောင်းအုပ်ကြီး အပါအ၀င် စစ်အရာရှိများ စစ်ဗိုလ် များသည် သူတို့ချည်းရှိသော အခါ၊ သူတို့ကြောက်ရမည့်သူ မရှိသော နေရာ ကာလမျိုးများတွင် ရာဇမာန် ထက်ထက်၊ ခါး တထောက်ထောက်ဖြင့် အာဏာပိုင်ဖြစ်ကြောင်း ပါဝါတွေပြလေ့ရှိ၏။

သူတို့မျက်နှာများ ဘယ်လိုပုံ ပေါက်နေသလဲ ဟု စဉ်းစားမိ သမျှနှင့် ထပ်တူပြ ခိုင်းနှိုင်း တင်ပြရလျှင်…. ကျနော်တို့ လူငယ်များ ကလေးများ အသည်းစွဲဖြစ်သည့် မြိုင်ရာဇာ တွတ်ပီတောထွက် အမဲလိုက်လျှင် နှလုံးပြူးနှင့် ခြေကော့ ရင်မော့ လှမ်းလာနေပုံ၊ မာန်မာန အပြည့်ဖြင့် တလောကလုံးကို ထီမထင် စောင့်ကြွား ၀င့်မော်နေပုံ ကာတွန်းကို ပြန်မြင်ယောင်ကြည့်ပါ။ ကိုတွတ်ပီ မာန်တက်နေပုံနှင့် တထေရာတည်း ဖြစ်၏။ မသေးမျှင်ကို ကြောက်ကြပုံချင်းလည်း အတူတူပင် ဖြစ်ပေလိမ့်မည်။

ထိုအခါမျိုးများတွင် သူတို့မျက်နှာများသည် တလောကလုံးတွင် သူတို့ ထီထင်စရာ လူပင် မရှိ တော့သည့်နှယ် မျက်နှာထားတို့ တင်းမာ ခက်ထန်လွန်းလှသည်။ သို့သော် ယခုလို သူတို့ အထက် အရာရှိ ဆိုသူ စစ်ဗိုလ်ချုပ် တစ်ယောက်လာသော အခါ……။

ကျနော်တို့ လွန်စွာ အံ့သြရပါသည်။ အရာရှိကြီးငယ် ဟူသမျှတို့၏ မျက်ဝန်းလေးများသည် အလွန် တရာမှ အပြစ်မရှိ၊ မာနမရှိသည့် သိုးငယ်လေးများ သဖွယ်ပေကလပ်၊ ပေကလပ်၊ မျက်လုံး မျက်ဆံ လေးများဖြင့် အလွန်တရာမှ မသိနားမလည်သည့် မျက်ဝန်းလေးများ သဖွယ် ပြောင်းလဲသွားသည်ကို ထူးဆန်းစွာ တွေ့ရတတ်ခြင်းပင်…..။ အခါတိုင်းတွင်တော့ သူတို့၏ မျက်ဝန်းများသည် လောဘ၊ ဒေါသ၊ မောဟ၊ မာနတို့ဖြင့် အလျှံငြီးငြီး အမြဲမပြတ် တောင်လောက် နေတတ်ကြသူ တွေဖြစ်မှန်း ကျနော်တို့ သိ၏။

ထိုစစ်ဗိုလ်အများစုသည် သူတို့ထက် ရာထူးငယ်သော စစ်သား စစ်ဗိုလ်မှန်သမျှကို တွေ့လျှင် တရား သူကြီးက သူ့စားပွဲပေါ်မှ နေ၍ လှောင်ခြံတွင်းမှ သူဖမ်းထားသော တရားခံကို ရှုတ်ချ စက်ဆုပ်မှု အပြည့်ဖြင့် ကြည့်သော ဟန်မျိုး….၊ ငါ တရားသူကြီး စိတ်ထင်တိုင်းသာ လုပ်လိုက်ရရင် မင်းတော့ သေတော့မှာပဲ တရားခံဖြစ်တဲ့ မင်းတို့ စောက်ချိုး ပြင်စမ်းဆိုသည့် ပုံစံ ဆက်ဆံမှုမျိုးဖြင့် ငေါက်ငန်း ဆက်ဆံတတ်ကြ၏။ မတူသလို မတန်သလို ဆက်ဆံတတ်ကြ၏။ နိုင်လို မင်းထက် ပြုမူ တတ်ကြတတ်၏။

ယခုမူကား ယခင် ကာလများနှင့် လားလားမျှ မဆိုင်၊ သူတို့သည် ကျနော်တို့တွေ သူ့ငယ်သားတွေ ဘေးနားမှာ ရှိမှန်းတောင် ဂရုပြုမိကြသည် မထင်၊ သူတို့မျက်နှာမှာ လွန်စွာမှ ကြောက်ရွံ့ ရိုသေမှု အပြည့်၊ သူတို့ မျက်ဝန်းလေးတွေက အပြစ်ကင်းသည့် ယုန်သားငယ်လေးတွေလို၊ မြေခွေးရှေ့ ရောက်၍ အစားခံရမည်ကို ကြောက်သည့် ပုံစံများဖြင့် ဒူးတုန်ပြနေသော သမင်ငယ်လေးများဟန်… တတ်လည်း တတ်နိုင်ကြပါပေ၏…။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

Saturday, April 19, 2008

ယနေ့ စစ်တပ် ... ဘာတွေဖြစ်နေသလဲ (၂၄)

စစ်အာဏာပိုင် အထက်အကြီးအကဲ ဆိုသူတို့ ဦးစီး ချဲ့ထွင် မောင်းနှင် မွေးထုတ်နေသော ဤလို စစ်ကျောင်းတော် ဆင်းကြီးများမှ အရေးတကြီး ပေါ်ထွက် ဆင်းသက်လာစေလိုသည်က အမိန့်ဟူသမျှ နာခံသော ထမင်းစားသည့် စက်ရုပ်သာသာ အာဏာပါးကွက်သား လေးများသာ ဖြစ်၏...။ အထက် အမိန့်ဟူသမျှ နာခံရသည့် ခိုင်းတာလုပ်မည့် လူကျွန်လေးများ ဖြစ်အောင် လေ့ကျင့်ပေး နေရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စစ်ကျွန် သားပေါက်များရဖို့ တခုသာ ဖြစ်၏။

ကိုယ့်ပြည်သူချင်း နှိမ်နှင်း သတ်ဖြတ်ခိုင်းလျှင်လည်း ခိုင်းသည့် အမိန့်ဟူသမျှ နာခံကြသည့် လူသတ်ရဲ သည့် အာဏာ ပါးကွက်သားလေးများ ရရှိပေါ်ထွက် လာရန်သာ ဖြစ်၏။ ထိုလိုလားချက်အတိုင်း ပြည့်မှီစေဖို့ အမိန့်နာခံရေး လေ့ကျင့်ပေးမှု အစဉ်များ၊ နည်းနာများ၊ မဖြစ်မနေ စနစ်တကျ အကွက်ချ စီစဉ်ထားသော မောင်းနှင် ရိုက်သွင်း လေ့ကျင့်ပေးရေး လေ့ကျင့်ခန်းများဖြင့် ဤလို ဖြစ်စဉ်၊ ဤလို လေ့ကျင့်မှုများဖြင့် အစပြုကာ အာဏာရှင်တို့ လိုလားသော ခိုင်းသမျှလုပ်မည့် လူသတ် စက်ရုပ်တို့ အသက်ဝင်လာအောင် အညွန့်ထောင်နေအောင် တည်ဆောက် မွေးမြူနေခြင်းသာ ဖြစ်၏။

မိမိတို့ ယနေ့ လက်ခံရရှိနေသော အမိန့်များ ညွန်ကြားချက်များကို သေချာစွာ ဖတ်ရှုဆင်ခြင်၍ ဤအမိန့်များကို မိမိတို့ ကောင်အထည်ဖေါ် ဆောင်ရွက်လိုက်ခြင်းဖြင့် ပေါ်ထွက်လာသော ရလာဒ်သည် ဘယ်သူ့ကို အကျိုးပြုစေသလဲ၊ ပြည်သူ တိုင်းရင်းသား တရပ်လုံးကိုလား၊ စစ်ဗိုလ်ချုပ် အကောင်းစား ကြီးတွေအတွက်လား။ ထင်းရှားနေစေ ပါသည်၊ စစ်ဗိုလ်ချုပ် အကြီး အငယ်တို့ ကြွယ်ဝချမ်းသာ၊ အာဏာတန်ခိုး ခိုင်ခံ့ တည်မြဲရေးများမှ လွဲ၍ ပြည်သူ့အကျိုး၊ အမျိုးသားရေး စေတနာဟူသည် လားလားမျှ မပါသည်ကို တွေ့နေကြရပြီဘဲ…။

ကျနော်တို့ စစ်တပ်တွင်းမှ စစ်သားများ စစ်ဗိုလ်များ ဤသည့် ဖြစ်ရပ်မှန် အခြေအနေများကို ဆင်ခြင်၍ နောင် အရှည် မျက်စိတဆုံး၊ မြော်မြင် တွေးဆ သံဝေဂယူ၊ သင်ခန်းစားထုတ်ကာ၊ စေ့စေ့ငုငု သိရှိ ရိပ်မိမှု အချိန်မနှောင်း လေအောင် ၀ိုင်းဝန်း ကြိုမ်းကြဖို့ လိုပေပြီ...။

ချွင်းချက် အနေဖြင့် တင်ပြလိုက်ပါဦးမည်..။ ကျနော်သည်လည်း ထိုထိုစုံစုံ စစ်သင်တန်း အဖုံဖုံမှ စနစ်တကျ အကွက်ချ ရိုက်သွင်း မောင်းနှင် လေ့ကျင့်ပေး ခံထားရသော စစ်တက္ကသိုလ် ကျောင်းဆင်း အရာရှိ တဦးဖြစ်၏။ မည်မျှပင် အရွယ်ငယ်စဉ် နာနာကျင်ကျင် ပုံသွင်းပေ့စေ၊ နာခံရယူ သူတွင်သာ အဓိကကျသည် ဆိုလိုချင်သည် အကြောင်းဖြစ်၏။

မျိုးချစ်စိတ် စစ်မှန်သူတို့သည် မိမိအမှားကို မြင်အောင်ကြည့်၊ ကောင်းအောင်ပြင်၊ လူ့လောက ဘောင် အကျိုး ဆောင်နိုင်ရန် အချိန်တိုင်း စဉ်းစားနေတတ်သော သဘောမနော ရှိကြသည် ဆိုသည့် အကြောင်းမှာ ကျနော့်ကိုယ်တွေ့ အတွေ့အကြုံဖြစ်၏။ ထို့ကြောင့် လက်ရှိတပ်တွင်းမှ မျိုးချစ် စစ်သားများကိုလည်း အချိန်မနှောင်းခင် ပြည်သူ့ဘက် ကူးပြောင်း ရပ်တည်လာနိုင် ကြစေရန် ရတန် သရွေ့သော နည်းလမ်းများ အသုံးပြု၍ ကျနော်တို့ ဆွဲဆောင် စည်းရုံး နည်းလမ်းပြသ ကြိုးစား နေကြရ မည်ဖြစ်၏။ သူတို့တတွေ ပြည်သူ့ဘ၀ အမှန်တရားတွေကို သိရှိတွေးတော နားလည်ခံစား ကူညီဖေးမ လာတတ်စေရန် အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ကျနော်တို့ ၀ိုင်းဝန်း ပံ့ပိုးဖေးမ နမူနာ ပြရဲဖို့ အဆောတလျှင် လိုအပ်နေ၏။

လက်ရှိ အာဏာရယူ လုယူသိမ်းပိုက်ထားသူ စစ်ဗိုလ်ချုပ်တွေကို ပြင်ပါ ဆင်ပါ။ တွေးတောပါ။ အနာဂတ် ရေရှည်ကို ချင့်မျှော်ပြီး စေ့စပ်ပါ။ ညှိနှိုင်းပါ။ တိုင်ပင်ပါဟု အကြံပေးနေယုံဖြင့် မရတော့ပေ။ သူတို့သည် တယ်လီဖုန်း လိုင်းကြိုးဖြတ်ထားသော နာမည်ကြီး လူမိုက်တို့ သဖွယ် မာန ကြွယ်သူတို့ ဖြစ်နေပေပြီ၊ မည်သူ့ကိုမျှ အဖက်လုပ်၍ လက်ခံစကားပြော လေမည်မဟုတ်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘ၀မေ့လောက် စဖွယ်ကောင်းသော အာဏာ အရှိန်အ၀ါ၊ တန်းခိုးတေဇော၊ စေတလုံးပိုင်ရှင်နှယ် ယစ်မူးမှု အာရုံတို့၏ ၀ါးမြိုခြင်းကို ခံရပြီးသွားသူတို့ ဖြစ်နေ ခြင်းကြောင့် ဖြစ်၏။ ကျနော်ကိုယ်တိုင်ပင် ရခဲ့သရွေ့သော အာဏာ ပိစိကွေးလေးကို မက်မော မိခဲ့ သေးသည်ပဲ။ ပြင်သင့်သည်ကို ပြင်ရကောင်းမှန်း မသိသူ၊ စစ်အာဏာပိုင်များ၏ အုပ်ချုပ်မှု များအောက် ဒီလို ဖြစ်စဉ်တွေ လုပ်နေလိမ့် အုံးမည်ပင် သူတို့ ပုံသွင်း ဖန်တီးထားသော စနစ်ကိုက လူတစု ကောင်းစားရေး၊ စစ်ဝါဒ လွှမ်းမိုးရေး အထူးစပါရှယ် သီးသန့် နည်းစနစ်ဖြစ်၏။

စစ်အာဏာရှင် စနစ်အောက် တိုင်းပြည်ကို သက်တမ်းကာလ ရသလောက် ထားကြမည်။ စစ်ခေါင်း ဆောင် အဆက်ဆက်ကိုယ်ကျိုးရှာ ခြစားပြီး၊ ဆွေမျိုးသားချင်း တစုကောင်းစားရေး ၀ါဒဖြင့် အုပ်ချုပ် ရေး တည်တံ့စေရန် လုပ်နေလေအုံးမည်။ ပြုပြင်ပြောင်းလဲရေး တော်လှန်ရေး လုပ်ရပ်များ၊ ပြည်သူ အကြားမှ မပေါ်ထွက်သေး သရွေ့၊ ဤ ဖြစ်စဉ်များသည်လည်း ဖြစ်နေအုံးမည်။ စားဖားကြီး များက လည်း စားနေ၊ ၀ါးနေ၊ အနိုင်ကျင့် အုပ်ချုပ်နေအုံး မည်ပင်..။

ဘာရယ်မှ မဟုတ်... အမယ်ဘုတ်ကယ့် သူ့ချည်ခင်လို.. အတွေးတစကို ဆွဲထုတ် စဉ်းစားမိသည် နှင့် တသီတတန်းကြီး ကပ်ပါလာသော နောက်ဆက်တွဲ အဖေါ်ဖြစ်စဉ်တို့က ရှုမဆုံးနိုင်.. မောမ ဆုံးနိုင်..၊ သက်ပြင်းချ မဆုံးနိုင်....။ တွေးပူ မဆုံးနိုင်...။ ရင်မော မဆုံးနိုင်လေတော့ပေ။ တိုင်းပြည်တွင်း ပြည်သူပြည်သားတိုင်းလိုလို ခံစားနေရသည်က ကြိမ်မီးအုန်းသလို တနှုံ့နှုံ့၊ မြူထသလို ပူလွနေသော စစ်အာဏာရှင် လက်ပါးစေတို့ကို မုန်းတီးခြင်း စိတ်ဓာတ်တွေက နေရာအနှံ့၊ ဒေသအနှံ့ မျက်မြင် ကိုယ်တွေ့ တွေအများကြီး ...။ ကျနော် စစ်ဗိုလ်ကိုယ်တိုင် နွမ်းလျ၊ နာကျင်၊ စိတ်မကောင်းစွာ မြင်တွေ့ခံစားခဲ့ရ၏။

ကိုယ်ကျိုးရှာ အာဏာပိုင် အဆင့်ဆင့်၏ အနိုင်ကျင့် အုပ်ချုပ်မတရား လုပ်နေမှုများ ခံရဖန်များ လွန်း၍ ပေါက်ကွဲ အန်ထုတ် ဆုတ်နစ်ချေမွ ပစ်ချင်နေသည့် ကလဲ့စားချေရေး အတွေးအခေါ်များ က လူတိုင်း လိုလိုတွင် မွေးမြူထားပြီး၏။ ထိုမှတဆင့် ပေါက်ဖွားလာသော နာကျည်းချက် များကြောင့် ပေါ်ထွက် လာသည့် မျက်ဝန်းများသည် ကျနော်တို့ မျိုးချစ်စစ်သားတို့ကို တွေဝေငေးငိုင် လက်မှိုင်ချနေစေ၏။ ကိုင်ထားသော သေနတ်ကို ပြောင်းဝ တယမ်းယမ်း ဖြစ်နေစေ၏။ ပစ်မှတ်က မိမိနောက်က ခါးထောက် နေသူ တို့သို့လား၊ မိမိတို့ကို ကိုယ်တိုင် ကိုလား ...။ ခါးသည်း မုန်းတီး နာကျည်းမှုကို ဖေါ်ညွန်းသည့် အရောင်တောက်တောက် မျက်လုံးက နိုင်ငံ့ အနာဂတ်ကို အနီရောင် သွေးညှီနံ့တို့ လွှမ်းလေအောင် ကြိုလင့် စောင့်စားနေတော့မည် ဟန်...။

ကျနော်တို့ တိုင်းပြည်ကို အနီမလွှမ်းစေလိုပါ၊ သွေးထွက်သံယို မဖြစ်စေလိုပါ....။
တဖက်သက် အနိုင်ကျင့် ခံရမှုတွေ ဖိစီးလွန်း၍ တင်းမာခက်ထန်နေသော စိတ်ထားပိုင်ရှင်တို့ ဖြစ်လာကြ၏။ ထစ်ကနဲရှိ ဓားဆွဲ၊ ဒုတ်ဆွဲ သွေးစွန်းပြီးမှ နောင်တရ ငိုယိုတတ်သော ဒေါသအိုး လူမျိုးများ ဖြစ်လာကြ၏။

လူမျိုးရေး ခွဲခြား စိမ်းကားဟန်ဖြင့် ဥပက္ခာပြုမူ တတ်သော အမူအကျင့်တို့ဖြင့် လူလူချင်း ပေါင်းသင်း ဆက်ဆံရေးတို့ အေးစက်လာတတ်ကြ၏။ ကိုယ့်လူမျိုးချင်း တဦးကို တဦး စိတ်ချ ယုံကြည် အားကိုး အားထား ပြုနိုင်ဖွယ် မရှိသော စည်းလုံးမှုတို့ လျှော့ရဲ အားနည်းလာကြ၏။ သိသိသာသာ တိမ်းစောင်း ဆွဲချနေသော ဘာသာရေး လမ်းလွဲမှု၊ စာပေ အဆိပ်သင့် မှိုင်းတိုက် နေမှုများမှတဆင့် ဖေါ်ညွန်းလာ သမျှကလည်း မိစ္ဆာ အယူဝါဒဆီသို့ ဆွဲချနေလေ၏။ ဒီဘ၀ခံရ သမျှ ဆင်းရဲ စုတ်ပြတ်သမျှသည်၊ ရှေးဘ၀မှ ပါလာသော နှောင်းဝဋ်ကြွေး အကျန်များမို့၊ အံကြိတ်ခံထား၊ သည်းခံထားဟု မဏ္ဌာပ် လော်စပီကာ များက တဆင့် တွင်တွင်အော်နေကြ၏။

ဒီဘ၀မှာ ရတဲ့နည်းနဲ့ ပိုက်ဆံရှာ၊ သာသနာရေး၊ ဘာသာရေး လုပ်နေသူ အလှူခံတွေကို ဖြစ် အောင်လှူ၊ ဆိုင်းဘုတ်၊ ကမ္ပည်းတွေကို လူထင်ကြီးအောင် စာလုံးကြီးကြီးနှင့် ထိုး ...။ အဲဒီလို လူသိ အောင် မလှူခဲ့လို့ ဒါနနှင့် သီလ မပါရင် သေခါမှ သိလိမ့်မယ်။ ပူပင်ရလိမ့်မယ် ဆိုပြီး ခြိမ်းခြောက်.. ဒီဘ၀မှာ ရအောင်လှူ၊ ဒါမှ နောက်နောင် ဘ၀ကျ ကောင်းစားလိမ့်မည်ဆိုတဲ့ လမ်းလွဲ မှိုင်းတိုက်မှုတွေ တွင်တွင်ဟောပြော.. နဂိုကမှ မြင်မြင်သမျှ ကြောက်နေရသူ ပြည်သူ တို့က ဒါကို ယုံကြည်မိ ဒီကြားထဲ သေနတ်ပစ္စတိုလေး ခါးမှာချိန် ဟိတ်ဟန် အပြည့်နဲ့ ဘုရားထီးတင် အလှူငွေတွေ လက်ခံ၊ လှူသူ တွေဖြစ်တဲ့.. မြို့မျက်နှာဖုံး ဆိုသူတွေထဲမှာ ရိုးသားနုံအ မွန်မြတ်သူတွေလည်းပါ၊ ဘိန်းဘုရင် မူးယစ် ဆေးဝါး ရာဇာတွေလည်းပါ၊ အရက်ချက် စက်ရုံ ပိုင်ရှင်ကြီးတွေလည်းပါ၊ .. နောက်ဆုံး ဖာခေါင်းကြီး တွေလည်းပါ၊ သူတို့ လှူသည်မှာ ဘာသာရေးနှင့် နောင်ဘ၀အတွက်ဟု ဆို၏။

.. ... အားထားမိသူ ပြည်သူတို့ အားကိုးရာမဲ့၊ ကူရာမဲ့ ဘ၀မှာ ရေနစ်သူအတွက် ကောက်ရိုး တမျှင်ပမာ ယုံမှတ်မိ၍ ပုံအပ်ခြင်းကို အပြစ်မဆိုပါ။ လှူသူများ၊ ဘုရား စေတီတွေ ပေါများလာ ခြင်းကို ဂုဏ်ယူ ပါ၏။ သို့သော် စေတီတွေ ဘာသာရေး အဆောက်အဦးတွေ ပေါများသည်ထက် သူခိုး၊ ဂျပိုး၊ လူလိမ် လူကောက်တို့ နည်းပါသော မြင်ကွင်းတို့ ကျနော်တို့ ပြည်တွင်းတွင် မျက်စိတဆုံး ရှိစေချင်၏။ ကိုယ်ကျင့် စာရိတ္တ၊ စည်းကမ်း စောင့်ထိန်းမှု ကောင်းမွန်မြင့်မြတ်သည့် ဘာသာဝင် နိုင်ငံသားတို့ ထွန်းကား များပြားတိုးတက် လာသည်ကို မြင်ချင်၏။ ဖြစ်စေချင်၏။ ဆွဲလွဲသံ တလွင်လွင် ကြားရခြင်း ထက် ထောင်တွင်းက ငိုရှိုက်သံတို့ ဆိတ်သုဉ်း သွားခြင်းကိုသာ မျှော်မိ၏။

သန့်စင် မွန်မြတ်သော ထေရ၀ါရ ဗုဒ္ဓသာသနာတော်မြတ်ကိုသာ အဓွန့်ရှည်စေလို၏။
အဆိပ်ပင်ရေလောင်းနေသူ အာဏာပိုင်တို့၏ ဆွဲချဖောက်ပြန်။ အယူတိမ်း တလွဲယိမ်း၊ အားကိုးမှား ကိုးကွယ်ရေး အယူသည်း အတွေးအခေါ်တို့ ဒီထက် ကြာကြာ မ၀ါးမြိုနေစေလို၊ မတည်တံ့စေ လိုတော့...။ တွေးပူ၏။ ဆေးကု မနိုင်ဖြစ်မည် စိုး၏။ ဒီလို ဘာသာရေး လက်ရှိ အခြေအနေတွေမှ တိုင်းပြည်အနာဂတ်ကို အဆိပ်ခတ်သလို ဖြစ်နေသည့် သဘောတရားရေးများကို အားမလို အားမရ စိတ်နှင့် ပြုပြင်ရန် ပြောသူ၊ ဆော်သြသူ၊ ယခု ဤစာကို ရေးသူ ကျနော့်ကိုပင် သူတို့ (ဘာသာရေး အစွဲပြင်းထန်သူ အချို့)က နာကျည်း မုန်းတီးစွာ ရှုတ်ချကြပေဦးမည်။

ထိုသူတို့သည် အတွေးအခေါ် အမြော်အမြင် လူ့ဘ၀ခံယူချက် ပမာဏနည်းပါးသေး (၍ဟုထင် သည်) ပေတော့ ကိုယ့်ကိုကိုယ်လည်း မယုံ၊ ကိုယ်စွမ်း ဉာဏ်ကိုလည်း အားမထား၊ လူ့ပတ်ဝန်းကျင် ကိုလည်း မယုံ၊ ဘယ်သူ့ကိုမှ မယုံ၊ အနာဂတ်ကိုလည်း မမျှော်လင့်၊ သူတို့မျိုးဆက်သစ်တို့ ရှေ့ရေးကိုလည်း မတွေးဆ၊ .. သူတို့ လတ်တလော စိတ်တွင်း လိုအင်ကို ဖြည့်ဆည်းပေးနိုင်လိမ့် မည်ဟု ယုံကြည် ရသည့် ဘိုးတော်၊ ထွက်ရပ်ပေါက်။ သိဒ္ဓှိရှင်၊ အကြားအမြင် စသူတို့ထံ ဆည်းကပ် ခယ ခိုင်းသမျှလုပ်၊ ဟောသမျှယုံ၊ တောင်းသမျှပေး.. မိမိတို့ဘ၀အတွက် မိမိတို့နိုင်ငံအတွက် စားစရာ၊ စုစရာ ရင်းနှီး မြုပ်နှံစရာ ဆိုသည်ကို မစဉ်းစား၊ နောင်လာမည့် ဘယ်လိုမှ မသိနိုင်သော ကာလတခုကို ရည်မျှော် လောဘတက်ကာ လှူစရာငွေ၊ ရအောင်ရှာ၊ ခိုး၍ရရ၊ လိမ်၍ရရ၊ ကောက်၍ရရ၊ ချေး၍ရရ၊ ဘယ်လိုဘဲ ရရ၊ ရသမျှ လှူလျှင်နောင် ဘ၀ဒီထက် အပြန် ထောင်သောင်းချီ ပြန်ရမည်တဲ့.. ဟူး ... မော့ပါဗျား။

အရှည်အဝေး တွေးတွေးဆဆ စဉ်းစားကြည့်မည် ဆိုလျှင်လည်း ရှုပ်ထွေးပွေလီ ဗွေသီ အာရုံ အစုံစုံ ထပ်မံ ပေါ်ထွက် လာပေလိမ့်အုံးမည်။ သြော်... ဒီနေ့ လတ်တလော ကြားနေရသော ကောလဟာလ တခုက စာရေးနေခိုက်ကို ပျော်သလိုလို ဖြစ်သွားစေခဲ့၏။ ဘာတဲ့ ဗိုလ်ချုပ်မှူးကြီး တမလွန်ကို တိုင်းခန်းလှည့်လည် သွားပြီဆိုပဲ.. သို့သော် သူစိုက်ခဲ့သော စနစ်ဆိုး အမည်ရှိ ငှက်ပျောပင်စည်သည် ကိုယ်ထည် ပြတ်ထွက်သွားသော်လည်း သူနစ်မြုပ် ထားခဲ့သော အမြစ်၊ အတက်များ၏ အစွမ်းဖြင့် နောက်တတက် ထပ်ထွက်လာပေလိမ့်အုံးမည်..။ ထိုအမြစ်များကို ကျနော်တို့ တူးဆွ ဖယ်ရှားဖို့ ကြိုးစားကြရအုန်းမည်..။

မောသွား သလား။ အသင်စာဖတ်သူ ခင်ဗျား ... ကျနော်လည်း တွေးတော ရင်မောရတာ များသွားပြီမို့ နောက်တပတ်မှာမှ ပြန်တွေ့ ကြပါစို့... ဗျ...။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)


PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

Friday, April 18, 2008

ယနေ့ စစ်တပ်.... ဘာတွေဖြစ်နေသလဲ (၂၃)

ကျနော်တို့ ပထမနှစ် ဗိုလ်လောင်း သင်တန်းသား ဘ၀က တွေ့ကြုံခဲ့ရသော အဖြစ် အပျက်များကို အသက် အရွယ် အိုမင်း ရင့်ရော်သွားသည့်တိုင် မေ့နိုင်မည် မဟုတ်ဟု ထင်သည်။

ဟုတ်၏။ ဘယ်တော့မှ မမေ့နိုင်ပါ။
နုပျိုသော ဘ၀မှ ကြမ်းတမ်းသော အတွေ့အကြုံ၊ စိုးထိတ်ကြောက်လန့်ရမှု အချိန်ရက်စွဲတို့ ရှည်ကြာလာသည်နှင့်အမျှ၊ လူငယ် ကျနော်တို့သည် ချွေးတရွှဲရွှဲ၊ မောတဟိုက်ဟိုက် အချိန်များကို ထမင်းစား ရေသောက်လောက်နှင့် ထင်မြင် ခံစားလာရတော၏။ ပေါ့ပျက်ပျက် တွေးဆ ခံယူလာကြ တော့၏။ အရေထူလာပြီဟု ပြောနိုင်ပေမည်...။

မဲမဲမြင်ရာ လူဟူသမျှအား ကြောက်ရွံ့ခန့်ညား ရိုသေနေရမှု ကာလရှည်ကြာ လာသည်နှင့်အမျှ အရပ်သူ အရပ်သား မည်သူ့ကိုမှ (မှတ်ချက်။ ။စစ်တက္ကသိုလ် အရာရှိ စီနီယာမှ လွဲ၍) တယ်ပြီး လူမထင်ချင်တော့၊ စာရင်း မသွင်းချင်၊ မခန့်ချင်တော့၊ ကိုယ့်ကိုကိုယ် ဘာကောင်၊ ညာကောင်ရယ်လို့ ထင်ခြင်းကြောင့်တော့ မဟုတ်။

ကြောက်ရ၊ စိုးထိတ်ရ၊ အားငယ်ရသော ရက်စွဲတို့ အလွန် တာရှည်လာသောအခါ ထုံမှိုင်း၊ ထူပိန်း သွားတတ်သော လူတို့သဘော သဘာဝအရ ကြောက်ရကောင်းမှန်း၊ လန့်ရကောင်းမှန်း မသိသလို လို ဖြစ်လာသည်ဟု ဆိုနိုင်သလို...။ ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့် အပြစ်ပေး အထိုး အကြိတ်ခံရဖန် များလွန်းသဖြင့် ကြောက်ရ လန့်ရမည် အဆင့်တို့ကို အလိုလို ခွဲပိုင်းဝေဖန် ကြောက်လန့်တတ်မှု ဖြစ်သွားခြင်းလည်း ဖြစ်နိုင်ပေသည်။

ယခု တပတ်တော့ ပညာသင်ကာလအတွင်း သူ့နှစ်အလိုက် မဖြစ်မနေ ပြိုင်ရသော အားကစားပြိုင်ပွဲ များရှိ၏။ ပထမနှစ်မှ ဖိုင်နယ်ယီးယားအထိ ဆိုင်ရာ၊ ဆိုင်ရာ တပ်ခွဲလိုက် အားကစားပြိုင်ပွဲ များကို အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင် ကြရ၏။ ခိုကပ် ရှောင်လွဲ ပုန်းအောင်းနေ၍ မရချေ။ နောက်ဆုံး ပြိုင်ပွဲသို့ ၀င်ရောက် မပြိုင်ချင်လျှင် ဆေးရုံသွားတက်.. ရောဂါမရှိလျှင်လည်း မရှိ ရှိယောင်ဆောင်... နှာခေါင်းထဲက လေထွက်၊ အရိုးထဲက ယားယံစသော လံကြုပ် ရောဂါတို့ဖြင့် ဂယ်ရှာ ဟန်ပြ ရှောင်ကြ ရှားကြ၊ သို့မှသာ မဟာ အားကစားပြိုင်ပွဲကြီးများမှ လွတ်ကင်းနိုင် ပေမည်။ သို့မဟုတ်က လာထား ချည်.. ချွေး၊ သွေး၊ အချိန်... ...

အားကစားဆိုမှဖြင့် ချွေးမထွက် မမောမပန်း၊ မပင်ပန်း၊ မညောင်းမညာ၊ သက်သက်သာသာ ဘယ်ရှိ လိမ့်မည်နည်း။ ဘာမဟုတ်သည့် စစ်တုရင်ပြိုင်ပွဲလို တချိန်လုံး ထိုင်နေရသည့် အားကစား ပြိုင်ပွဲလို မျိုးတောင်မှ ဖင်ညောင်းအောင် ထိုင်နေရသေးသည်ပဲ။

ကျနော်တို့ ပထမနှစ် စတုတ္ထနှစ် အထိသော ဗိုလ်လောင်းအားလုံး ၀င်ရောက် ယှဉ်ပြိုင်ရသည့် အားကစား ပြိုင်ပွဲများမှာ ဘောလုံး၊ လက်ဝှေ့၊ ဘတ်စကတ်ဘော၊ ကြက်တောင်၊ လှံစွပ်ထိုး စသော အုပ်စု၊ တဦးချင်းအလိုက် သီးခြားအနိုင်ယူ ယှဉ်ပြိုင်ရသည့် ပွဲမျိုးများ ဖြစ်၏။

သီးသန့် အပတ်စဉ်အလိုက် ပြိုင်ရသော ပွဲမျိုးမှာ ကျနော်တို့ ပထမနှစ်များအတွက် နယ်ကျော် ပြေးပွဲ ဆိုသည့် တောတောင်ကျော်ဖြတ် အပြေးပြိုင်ပွဲ၊ ဒုတိယနှစ် ဗိုလ်လောင်းများ အတွက်မူ ဂျွမ်းဘားပြိုင်ပွဲ၊ တတိယနှစ်များအတွက် ရေကူးပြိုင်ပွဲ၊ စတုတ္ထနှစ်များ အတွက်မူ (အဆော့လ်ထ်) Assault (ခေါ်) ချေမှုန်းရေးပြိုင်ပွဲ စသည်ဖြင့် အသီးသီးရှိ၏။ ပြိုင်ပွဲအားလုံးကတော့ ပင်ပန်းကြမ်းတမ်းကြသည်ပင်၊ အသက် ၂၀ ၀န်းကျင် သန်စွမ်းမှု အကောင်းဆုံး၊ အထက်ဆုံးအရွယ် လူငယ်များမို့သာ အားကြိုး မာန်တက် လုပ်နိုင်၊ ဆော့ကစား နိုင်၊ ပြိုင်နိုင်ကြခြင်း ဖြစ်၏။

နယ်ကျော် ပြေးပွဲဆိုသည့် ကျနော်တို့ ခေါ် စတေဘယ်လ်ရှစ်ပြိုင်ပွဲသည် ကျနော်တို့ ပထမနှစ် များ သက်လုံကောင်းသော၊ အမောလုံသော အပြေးစံချိန် ပိုင်ရှင်များဖြစ်အောင် လေ့ကျင့်ပေးသော ပြိုင်ပွဲ တမျိုးဖြစ်၏။ နယ်ကျော်ပြေးပွဲဟု ဆိုသည့်အတိုင်း နယ်ဒေသများ တောင်ကုန်း၊ တောင်စောင်းများ၊ သစ်တောအုပ်များ ချောင်းခြောက်ငယ်များကို အမောတကော ဖြတ်ကျော် ပြေးရခြင်းဖြစ်၏။ တကယ် ပြိုင်ပွဲဝင်ရမည့် အချိန်ကာလတွင် နာရီပိုင်းမျှသာ အချိန်ကြာမည့် ထိုပြိုင်ပွဲလေး တခုသည် ကျနော် တို့ကို လပေါင်းများစွာ၊ နာရီပေါင်းများစွာ အတော်ကြာကြာ ဒုက္ခပေးနေသော လေ့ကျင့်မှု များကို လုပ်နေရစေခဲ့၏။ တတိ တတိနှင့် လေ့ကျင့်မှုမှ ခံနိုင်ရည် သက်လုံတိုးတက် ကောင်းမွန်မှု မြင့်မား လာအောင် ကြိုးစား နေစေခဲ့ပေသည်။

ယခင် အပတ်များက ကျနော်တင်ပြခဲ့သည့် ပီတီကွင်းမှ အပြေးတက် အပြန် အမောတကော အချိန်များ အတွင်း လုပ်ရသော ရေချိုးခန်းတွင် ရေမချိုးမှီ၊ အသည်းအသန် အလုအယက် လေ့ကျင့်ရသည့် ဖားခုန်၊ လေထီးခုန်၊ ဘယ်ရီ (ဗိုက်သားလေ့ကျင့်ခန်း) ရိုက်ခြင်း စသော ကြိုင်တင် လေ့ကျင့်မှုများသည် ဘေဘီဘိုက်တာ ကလေးကစားစရာ အဆင့်များသာ ရှိသေး၏။ တကယ်တမ်း ကျနော်တို့ စိုးထိတ် ကြောက်ရွံ့ ပင်ပန်းကြီးစွာ ခံစားရသည်မှာ ထို စတေဘယ်လ်ရှစ် နယ်ကျော် ပြေးပွဲအတွက် တင်ကြို အပြေးကျင့်ရသော လေ့ကျင့်မှု ကာလများကို ဖြစ်၏။

မိမိတို့ တကယ်တန်း အပြေးပြိုင်ပွဲဝင်ရမည့် ရွာစဉ်တလျောက် ထိုအပြေးပြိုင်ရမည့် လမ်းကြော အတိုင်း၊ တပ်ခွဲလိုက် စီနီယာများ ဦးစီးပြီး သောကြာလို နေ့မျိုးနှင့် ကြားကာလ ရက်များတွင် အပြိုင် အဆိုင်လေ့ကျင့်ကြ၏။ ပြိုင်ပွဲအစစ် မဟုတ်သေးသော်လည်း စီနီယာများ ဦးစီးပြီး တကယ့် ပြိုင်ပွဲတွင် ၀င်ပြိုင်နေကြသည့်နှယ် အချက်ပေး တာလွှတ်ပြီး ၀င်ချိန်၊ ထွက်ချိန်ကို စီနီယာများက ကြပ်မတ်ကာ စောင့်ကြည့်စစ်ဆေး၏။

အပြေးကျင့်ရာ လမ်းတလျောက်တွင်လည်း စီနီယာများက အကဲခတ် စောင့်ကြည့် တွန်းအားပေးလျှက် မောင်းနှင်လျှက် ရှိ၏။ မောလွန်း၍ ရင်ဘတ်အောင့်၍၊ ချွေးထွက်လွန်လွန်း သွား၍၊ မျက်လုံးတွေပြာ ဦးခေါင်းတွေ မူးမိုက်လာ၍၊ ဆက်မပြေးနိုင်တော့၍ ဆိုပြီး၊ မနားရ။ မထိုင်ရ၊ လမ်းလျှောက်သွား၍ မရ၊ ခြေပစ်၊ လက်ပစ်၊ ယိမ်းထိုး၊ ယိုင်နဲ့၊ စစ်ရှုံး သုံ့ပန်းနှယ်၊ ရွဲ ဘလဲ၊ လျှာတစ်လစ် ဆိုက်ပြနေ၍ မရ၊ သေကောင်ပေါင်းလဲ ဟန်ဖြင့် ရှယ်ကိုင် မှေးဖျော့နေ၍ မရချေ....။

တခေါ်လောက်သာသာ အကွာအဝေးတိုင်းတွင် စီနီယာများက အသင့်စောင့်နေ၏။ အပြေးကျင့်နေ ကြသော ကျနော်တို့ ပထမနှစ်များသည် သူတို့စိတ်အထင် ဇွဲနဲ့ဘဲနှင့် အားမာန်နှင့် မပြေးဘဲ ဖြော့တော့ တော့၊ နွဲ့တဲ့တဲ့၊ လူပျင်းတွေလို ကနွဲ့ကလျ လှုပ်လီလှုပ်လဲ့ သွားမပြေးမိလိုက်နှင့်... ထို ပထမနှစ် ဗိုလ်လောင်းမှာ အခြားသော သာမာန်အပြေးကျင့် သူများထက် ပိုနာ၊ ပိုပင်ပန်းမည် မှတ်ပေတော့...။

အပြေးကျင့်ရန် စတင် တာမလွတ်ခင် ကပင် ကျနော်တို့အား ၀မ်တိမ်အဖြစ် လစ်မစ်အချိန် ကန့်သတ် ချက် ပေးလိုက်ပြီး ဖြစ်သည်။ စတင် တာလွတ်ချိန် ဘယ်အချိန်မှစ၍ ဘယ်နာရီအမှီ ပန်းဝင်အောင် ပြေးရမည်။ ပန်းမ၀င်နိုင်သူ နောက်ကျသော ဘယ်နှစ်ယောက် အုတ်ခဲပက် (အုတ်ခဲထည့်ထားသော ကျောပိုးအိတ်)နှင့် သတင်း ပို့ရမည်ဆိုသော အမိန့်က တင်ကြိုထုတ်ပြန် ထားပြီး ဖြစ်၏။ ထိုည မအိပ် ရတော့အောင် ခေါ်ကြိတ်၊ ခေါ်အုပ်မည့် သူတွေကလည်း အသင့်၊ ဒီလို အပြေးကျင့်ယုံ လေ့ကျင့်ခန်း အတွင်း သူများနည်းတူ မပြေးနိုင်ယုံမျှဖြင့် ကိုယ့်ကိုယ်ပိုင် အိပ်ချိန်ထဲက ပေးရမည်ကို ကြောက်စိုး ထိတ်ကြ၏။
ထိုမျှမက ပြေးကျင့်နေစဉ် လမ်းတလျှောက်က စီနီယာများ အလိုမကျ ဖြော့ဖြော့ ဟန်ပန်၊ အားမာန် မပါ၊ နှေးကွေးစွာ ပြေးမိပါကလည်း ရောက်လာနိုင်မည့် သတင်းပို့ ခေါ်ခံ အပြစ်ပေး ခြင်းက အသင့် စောင့်နေ၏။ ထိုကြောင့် အံကြိတ် ဇွဲတင် ပြေးနိုင်အောင် ကြိုးစားရ၏။ မဖျော့ရဲ၊ မလျှော့ရဲ။ အပါး မခိုရဲ၊ လိုက်ပြေးနိုင်အောင် ကြိုးစားရင်း သက်လုံတို့ အရပ်သားဘ၀နှင့် ဘာမှ မဆိုင်တော့ လောက်အောင် အမောခံ၊ အပင်ပန်း ခံနိုင်ရည် တက်လာ၏။

အဆိုးဆုံးမှာ စိတ်လိုက်မာန်ပါ အားမလို အားမရ ဖြစ်တတ်သော စီနီယာအချို့တို့က ကျနော်တို့ အပြေးလေ့ကျင့်စဉ် လမ်းတလျှောက်ရှိ အလွန်မောဟိုက်တတ်သော တောင်ကုန်း အတက်တို့၊ ချောင်း အကူး၊ မြောင်းအကူး စသော နေရာတို့တွင် သူတို့က တင်ကြိုရောက်နှင့် စောင့်စားရောက် နှင့်ကာ ဆွဲခေါ်ပြေးတက် လေ့ကျင့် ပေးတတ်ခြင်းပင် ဖြစ်၏။ သူတို့ကို တွေ့ရသော အချိန်တွင် ကျနော်တို့သည် အလွန် အင်မတန်မှကို ပင်ပန်းမောဟိုက် လှိုက်ဖို၊ အားအင် ကုန်နေတတ်သော အချိန်များ ဖြစ်ကြ၏။ လှုပ်လီ လှုပ်တဲ့ ခပ်နွဲ့နွဲ့ အပြေးမောင်တို့ သူ့အနားရောက်ချိန် အားမလို အားမရ၊ သူတို့ ခံစားရပြီ ဆိုသည်နှင့် ထိုမောပန်းဟောဟိုက် နေသူသည် မသက်သာတော့ပေ...။

ထိုစီနီယာတို့သည် သူတို့တွင် ပတ်ထားသော ခါးပတ်ကိုချွတ်.. စီနီယာနှစ်ယောက် တဘက် တချက်စီ ရံကာ သေလုမျောပါး ပုံစံဖြင့် ပြေးနေသူ၏ ခါးမှ ခါးပတ်ကို သူတို့ ခါးပတ်ဖြင့် တွယ်ချိတ် ချည်နှောင်ကာ ရှေ့ကုန်းအတက်၊ တောင်အတက်မှ ဆွဲပြေးပါတော့သည်၊ နဂို မောဟိုက် ပင်ပန်း ချိနဲ့ နေ၍ လှုပ်လဲ့လဲ့ ပြေးနေရ သူကို ဤသို့ ခါးပတ်ဖြင့် ဆွဲယူပြေးသောအခါ လူကတော့ ခါးမှဖြတ် အဆွဲခံ နေရသည်မို့ ပြေးလိုက်နေသလို ဖြစ်နေသော်လည်း၊ ခြေထောက်တို့မူ မသယ်နိုင်၊ မလှမ်းနိုင်၊ မရွေ့ နိုင်တော့၊ ရင်ဘတ်အတွင်းက ဖားဖိုနှယ် ဖေါင်းပိန်၊ မောဟိုက် အသက်ရှူ ပြင်းဟိုက် တုန်မှုကလည်း ကြောက်ခမန်း လိလိ၊ ဆွဲသူကလည်း နောက်လှည့် မကြည့် တရွတ်တိုက် ဆွဲပြေးလျှက်...။ ဒါကို စစ်တက္ကသိုလ် ဘယ်တော့မှ လက်နက်မချ ဆိုသည့် အနိုင်မခံ အရှုံးမပေး ဟူသည့် ဂုဏ်ယူဖွယ် စိတ်ဓာတ်အဖြစ် ကျနော်တို့ ယုံကြည်ခဲ့ဖူးပါသည်။ သို့သော်....။

မခံနိုင်၊ မပြေးနိုင်၊ ဆက်မလုပ်နိုင်၊ မတတ်နိုင်တော့ကြောင်းလည်း ပြောခွင့်မရှိ၊ အော်လည်း မအော်ရဲ၊ ဟိုက်လွန်းသည်မို့ အော်လည်း မအော်နိုင်၊ မိမိကို နောက်လှည့် မကြည့်ဘဲ အတင်း ဆွဲပြေးနေသူ တို့သည် မိမိတို့ အလွန် ကြောက်လန့်ရသည့် အထက် စီနီယာများ ဖြစ်ကြပေသည်။ သူတို့ ဘာလုပ် လုပ် အငယ်ဂျူနီယာ စစ်ဗိုလ်လောင်းတို့က အံကြိတ်ခံရယုံမှ တပါး အခြား မရှိ ပေ...။

ဤသို့ ဤနှယ် ဖြင့်ပင် နယ်ကျော် ပြေးပွဲအတွက် ပြိုင်ပွဲမ၀င်ခင် အစမ်းလေ့ကျင့်သည့် ထိုပုံစံမျိုး တွင်းတွင်ပင် ပြေးရင်း အမောဆို့လွန် နှလုံးသွေးရပ် အသက်ထွက်သွားသူ တို့ ကျနော်တို့ မြန်မာပြည် စစ်တက္ကသိုလ် တွင်းတွင် တကယ် ရှိခဲ့ဖူးပါ၏။ စစ်တပ်၏ ဆောင်ပုဒ်ကိုက ချွေးထွက်များမှ သွေးထွက် နည်းမည်ဆိုပြီး ထိုသေသွားသော သူတို့သည် စစ်တပ်၏ အင်မတန် ကောင်းမွန်သော အမိန့်နာခံမှု ဆိုသည်ကို စံနမူနာ ပြလုပ်ဆောင်ရင်း သက်ဆုံးတိုင် တာဝန်ကျေသွား၏ ဘာညာဖြင့် ၀ါဒဖြန့်သော စကားလုံးတို့ ကြားခဲ့ရ၏။

ပြောပြလျှင် ယုံချင်မှ ယုံပေမည်။
ထိုသို့ အသက်ထွက် ဆုံးပါးသွားသူ လူငယ်တို့ကို တိုင်းပြည်အတွက် အသက်စွန့်သွားသည်ဟု ပြောနိုင် ပါမည်လား။ နည်းစနစ်မကျသော အုပ်ချုပ်လေ့ကျင့်မှု လျော့ရဲအားနည်း ချက်ကြောင့် ဖြစ်ပွားခဲ့ရသော ဆုံးရှုံး နစ်နာမှုကြီးများဟု ဆိုနိုင်မည်လား။

တဖက်သက် အမိန့်ပေး အုပ်ချုပ်ခွင့်ရှိသော စစ်တပ်တွင်း အထက်စီနီယာ၊ အထက်အရာရှိ လုပ်သူ၏ အပြုအမူ မှန်သမျှသည် အမှန်ဆိုသော (အာဏာရှင်စနစ် တည်ဆောက်ရေး အခြေခံ အုတ်မြစ်) ဇွတ်အတင်း သွတ်သွင်း လေ့ကျင့်မှုများကြောင့် တန်းဖိုးမဖြတ်နိုင်သော သားကောင်း လူငယ်တို့ အသက် စတေးခဲ့ကြရသည်ဟု ဆိုနိုင်မည်လား...။ အချို့ကတော့ ပြောကြပေမည်၊ ဤ သင်တန်းသည် စစ်သင်တန်းဖြစ်၏။ မိုးကြိုးငှက်ငယ် ဂျော်ရကွီးလေးများ မိတ်ကပ်လူး လေ့ကျင့် ပေးရာ နေရာမဟုတ် သောကြောင့် အသက်သေသေ၊ အရိုးကြေကြေ၊ အရေခန်းခန်း လေ့ကျင့် မောင်းနှင်ပေးရမည်မှာ အမှန်ဟု သုံးသပ်ကြပေမည်။ စီနီယာ အချို့ကလည်း စစ်တက္ကသိုလ်၏ အသက်သည် အမိန့်နာခံမှု ကောင်းသည့် စစ်အရာရှိများ ဖြစ်လာစေရန်ဖြစ်ရာ အမိန့်ဟူသမျှ နာခံသူသည် ကောင်းမြတ်သော စိတ်ဓာတ် အရည်အချင်းနှင့် ပြည့်စုံသူ ဖြစ်သည်ဟုဆို၏။

ကျနော်တော့ မထင်... ယနေ့ စစ်တပ်၏ အကြီးမှူး စစ်ဗိုလ်ချုပ်တို့သည် နိုင်ငံကိုလည်း သူတို့ အုပ်ချုပ်နေသည်၊ စစ်တပ်ကလည်း သူတို့ စေလိုရာက နေရသော အခိုင်းခံ ဘ၀.. ပြည်သူနှင့် တပ်မတော် တသားတည်းဖြစ်အောင် ရင်းနှီးချစ်ခင်မှု ရှိနေခဲ့လျှင် ပြဿနာမရှိ၊ ယခုကား စစ်ခေါင်းဆောင်ကြီးများ.. ကျနော့် စစ်တက္ကသိုလ်ဆင်း စီနီယာကြီးများမှ၊ အချို့မှာ ရာထူးနှင့် အာဏာ အတွက် ဂုဏ်၊ ကိုယ်ကျင့် စာရိတ္တ၊ ငယ်သားတို့ ဘ၀အမှန်ကို ကျောခိုင်း မသိကျိုးကျွံပြု စွန့်ပစ်နေကြ သူများအဖြစ် မြင်တွေ့ ကြုံဆုံနေရသောအခါ သူတို့ပြောခဲ့သော စစ်သားကောင်း စိတ်ဓါတ်သည် အာဏာရှင်တို့ လိုရာခိုင်း ခံနိုင်ရေးအတွက် သက်ရှိ ကျေးကျွန်များပမာ သဘောထား လုပ်ဆောင်နိုင် စေမှု အပေါ် စကားလုံး လှလှလေးများဖြင့် ဖုံးအုပ်ဖလှယ် ထားခြင်းသာဖြစ်ကြောင်း တွေ့လာရ၏။

အမိန့် နာခံမှု ကောင်းမွန်သော ပြည်သူ့စစ်သားဟု ပါးပါးနပ်နပ် အလိမ်ခံနေရသည့် မိမိတို့ ဘ၀ကို စောကြောတွေးတော မိလာတော့၏။ မည်သို့ ဆိုစေ.. ထိုသို့ စနစ်၏ အစတေးခံ ဘ၀အောက် နည်းအမျိုးမျိုးတို့ဖြင့် ပေးဆပ်စွန့်လွှတ် စတေး ခံကာ အသက်ဆုံးရှုံး သွားနေသူတို့ ကျနော်တို့ တိုင်းပြည်မှာ ယခုထိတိုင် ရှိနေဆဲပင်၊ ထိုစနစ် ရှိနေ သမျှလည်း ဆုံးရှုံးမှုတို့ ရှိနေအုံးမည် ဖြစ်၏။

မလိုလားအပ်သော စွမ်းအား အရင်းအမြစ်များ တန်ဖိုးမဲ့ ဖြစ်နေကြရခြင်း၏ အဓိက အရင်းအမြစ် ကတော့ အုပ်ချုပ် စီမံခန့်ခွဲ ကြပ်မတ်မှု အားနည်းလျော့ရဲ ညံ့ဖျင်းခြင်းနှင့် တယူသန် အာဏာ တည်ရေး တဇွတ်ထိုး တချက်လွတ် အမိန့်များကြောင့် မဆုံးရှုံးသင့်သော အသက်တို့၊ ရုပ်ဝတ္တုတို့ တန်ဖိုးမဲ့စွာ ဆုံးရှုံး သွားနေကြရခြင်း ဖြစ်၏။ အပြစ်မဲ့ တိုင်းရင်းသားများလည်း ပေးဆပ်ရ၏။ ပြည်သူ့ရင်နှစ် သားချစ် စစ်သားတို့လည်း ရင်းနှီးသေကြေ နေကြရ၏။

မကောင်း.. ကျနော်တို့ မျိုးဆက်သစ်တို့ အနာဂတ်အတွက် မကောင်းပေ....။
ဒီတပတ် ကျနော်တို့ စစ်တက္ကသိုလ်မှ အပြေးလေ့ကျင့်ခန်းများမှ အပြင်းအထန် လေ့ကျင့်ပေးခံ ရခြင်း အကြောင်းများ မှတဆင့် အထက် စီနီယာ၊ အထက်အရာရှိ လုပ်သူ ပေးသမျှ၊ ခိုင်းသမျှ၊ အသက်နှင့် လဲ၍ နာခံရမည်ဟု ရိုက်သွင်း လေ့ကျင့်ပေးနေသော ယနေ့ စစ်တပ်၏ အဓိက ရည်ရွယ်ချက်ကို စဉ်းစားတွေးတော စိတ်ကူးနယ်ချဲ့မိပြန်၏။

အသက်ဆုံးသွားသူ သူငယ်ချင်း ဗိုလ်လောင်းလေးတို့ အကြောင်းမှတဆင့် မိမိတို့ကို အဓိကထား ပုံသွင်း လေ့ကျင့် ပေးနေခြင်း၏ အကြောင်း အရင်းအမြစ် နောက်ကို ဇာချဲ့ ကောက်ကြောင်း လိုက်မိ ရာမှ တိုင်းပြည် တပြည်လုံး၊ တမျိုးသားလုံး အရေးနှင့် ဆက်စပ်တွေးမိ၊ ဆင်ခြင်မိလာပြန် ၏။

မြန်မာနိုင်ငံသားတို့အထဲမှ အထူးသဖြင့် သင်စ၊ အတုယူစ၊ ကိုယ့်စိတ်ကို ကိုယ်ဆောက်တည် ပုံသွင်းစ (ကျနော်တို့လို ၂၀ ကျော် အသက်) လူငယ်တို့ ဤအရွယ်မှာ ပုံသွင်းကောင်းသည့် အိုးလုပ်ရွံ့မြေ ပမာ ဖြစ်ရာ ကောင်းမွန်မှန်ကန်သော ပုံသွင်းလေ့ကျင့် ပေးခံရခြင်းကို ရရှိခဲ့လျှင် ပြဿနာမရှိ၊ ယခုကား ဤသို့မဟုတ်ပေ...။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

ယနေ့ စစ်တပ်.... ဘာတွေ ဖြစ်နေသလဲ (၂၂)

“ ဖြန်း..ဖြန်း ”.... နှစ်ချက်ဆင့် ရိုက်လိုက်သော ပါးရိုက်သံသည် တိတ်ဆိတ်နေသော စစ်ဗိုလ် လောင်းတို့အကြား မင်သက်ငေးမော ထိန်လန့်သွားစေ၏။

ကြွက်ကြွက် ညံဆူစကားတွေ ဖေါင်ဖွဲ့နေသည့် အသံတို့စဲသွား၏။ ကျနော်တို့ တန်းစီနေရာ တပ်စခန်း ခြံစည်းရိုးလေး အပြင်ဘက်မှ စောင့်စား ဆူညံနေကြသော ဗိုလ်လောင်းဧည့်တွေ့ မိဘ ညီအကို မောင်နှမများ၏ သဘောကျ လက်ဆုံ စကားပြောသံ တို့သည်လည်း ချက်ချင်းဆိုသလို တိတ်ဆိတ် သွားသည်ဟု ထင်ရ၏။

ဆက်လက်၍လည်း စစ်တက္ကသိုလ်မှ နည်းပြအရာရှိ ဗိုလ်ကြီးတဦး၏ ငှက်ဆိုးထိုးသံပမာ ကြိမ်းမောင်း သံကြီးက အလွန်သာယာလှသည့် ခပ်လှမ်းလှမ်းမှ ပြည်ရွှေဆံတော် ဘုရား၏ ဆွဲလွဲသံ လွင်လွင် လေးများကိုလည်း လှမ်း လွှမ်း၍ ခြုံအုပ်လိုက်တော့၏။

မင်းတို့ ကောင်တွေ နောက်တခါ ဒီလိုအမိန့်မရဘဲ တန်းစီပျက်ကွက်ရင် ဒီထက် ဆိုးမယ်.... ကြားလား.. ဗိုလ်လောင်းတွေ....

ဟုတ်... ဖြေဆိုလိုက်သော ကျနော်တို့ ဗိုလ်လောင်း ၂၀၀ ခန့်၏ အသံက ညီညာမှု မရှိသလို၊ ကျေနပ်မှု မရှိကြောင်းကိုလည်း ထင်ဟပ်သည့် တေးသံ၊ မှတ်သံ၊ ထေ့သံတို့ပါ စွက်နေ၏။

ဟုတ်သည်... ကျနော်တို့၏ ချစ်ခင်ရင်းနှီးလှသော သူငယ်ချင်း ဗိုလ်လောင်းနှစ်ဦးကို ယခုကဲ့သို့ လူပုံအလယ်၊ အရပ်သားတွေအလယ် ခန့်ထယ် မော်ကြွားမှုတွေနှင့် ဟန်လုပ်နေချိန်၊ ကျေးပိုင် ကျွန်ပိုင် ခေတ်မှ၊ ကျွန်ပိုင်ရှင်ကနေ သူ့သက်ဦးဆံပိုင် ငယ်သား ကျွန်တကောင်ကို နိုင်လို မင်းထက် လုပ်၍ ရသည့် ဟန်ဖြင့် သက်သက် အနိုင်ကျင့် နှိပ်စက်ခြင်း ဤပုံစံမျိုးကို ကျနော်တို့ မကြိုက်ကြ....။

သို့ဖြင့် လှောင်ငေါ့သံလိုလို ကြောက်ရွံ့သွား၍ဘဲ.. အသံကောင်းကောင်း မထွက်ကြတော့ သလိုလို.. သလိုလို ယောင်တောင်ပြန် ပုံစံမျိုးများဖြင့် ကျနော်တို့ စိတ်တွင်း မကျေနပ်ချက် တချို့ကို လှစ်အန် ထုတ်လိုက်ကြ၏။

သွား ... ဟိုကောင်... ပြန်ဝင်...

စောစောက ပါးရိုက်ခံလိုက်ရသော ဗိုလ်လောင်းတဦးနှင့် မကြာမီကပင် လက်ထောက်မှောက်၊ ဒိုက်ထိုး၊ ဖားခုန် အပြစ်ပေးခံထားရသော ဗိုလ်လောင်းနှစ်ဦးတို့ ခပ်လျှိုလျှို၊ ခပ်ကုပ်ကုပ်ဖြင့် တန်းစီ မတ်တပ်ရပ် နေကြသော ကျနော်တို့ လူတန်းထဲ ၀င်ရပ်လာကြသည်။

သူတို့မျက်နှာ နှစ်ဦးစလုံးကို မမြင်ရသော်လည်း ကျနော် လှမ်းမြင်နေရသူ ဗိုလ်လောင်း မျိုးနိုင်ကတော့ အံသွားကို တင်းမာစွာ ကြိတ်ထားသည်။ မျက်လုံးအစုံက ရဲတောက် မာထန်၊ စူးရှ လက်မြ နေ၏။ ဟုတ်ပေသည်…...သူရင်ထဲ နာကျင်မှု ပြင်းပြစွာ၊ အားနာမှု လွှမ်းစွာ ရှက်စိတ် သည်းစွာ ပေါ်နေရှာ မည်ကိုး ...။

မလှမ်းမကမ်း သူ့အနောက်နားက ခြံစည်းရိုး ၀ါးလုံးတိုင်နောက်မှ ငေးမော ကြည့်နေကြသော မိဘ ဆွေမျိုးများ အထဲတွင် သူ့အမေနှင့် သူ့ညီအကို မောင်နှမများ၊ သူငယ်ချင်းများ ရှိသည်။ ယခု သူတို့ ရှေ့တွင် တန်းစီကွင်း အရောက် မိနစ်ပိုင်းမျှ နောက်ကျမိခြင်းကြောင့် ရရှိလိုက်ရသော ပြစ်ဒဏ်မှာ.. ယခုလို လူပုံအလယ် ပါးရိုက် ခံလိုက်ရခြင်းပင်၊ ကျနော်တို့ မြန်မာတိုင်းရင်းသား အားလုံးသည် ပါးရိုက်ခြင်း ဟူသည်ကို အင်မတန် စပ်ဆုပ်ရွံရှာ ယုံမက ပါးရိုက် ခံရမည်ကိုလည်း သေမလောက် ကြောက်တတ်ကြသည်။

ယခုတော့ သူ.... သူ့မေမေရှေ့ သူ့သူငယ်ချင်းတွေ ရှေ့.. လူပုံလယ်တွေရှေ့မှာ မြတ်နိုးစွာသော ရွှေပါး တဖြန်းဖြန်း မည်အောင် အရိုက်ခံလိုက်ရပေပြီ။

စစ်အာဏာရှင်စနစ်၏ အခြေခံ အဖွဲ့အစည်းဖြစ်သော စစ်တပ်တွင်းမှ စစ်အရာရှိ လောင်းများကို စစ်တက္ကသိုလ်မှ မွေးထုတ်သင်ကြား လေ့ကျင့်ပေးနေခြင်းမှ သင်တန်းသားတို့ လက်တွေ့ဘ၀ အခြေ အနေများ ဆိုသည်ကို ကျနော် တင်ပြခဲ့ပြီး ဖြစ်၏။

ယခု ကျနော်တို့ စစ်တက္ကသိုလ် ဗိုလ်လောင်းများသည် လေ့လာရေး ခရီးစဉ်အဖြစ် ပြည်မြို့ရှိ ရွှေဆံတော် ဘုရားအနီး တပ်ဝင်းတခုတွင် ညအိပ်ရန် ရောက်ရှိ ရပ်နားစဉ် ရက်စွဲများအကြောင်း ဖြစ်၏။ မအိပ်မှီ ထိုညနေ၏ နေရောင်ကွယ်လုချိန် ဖြစ်ပျက်နေသော မြင်ကွင်းတချို့ကို ကျနော် ပြောပြခြင်း ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့် ပြည်မြို့သည် ပန်းမြို့တော်၊ နှင်းမြို့တော်၊ တောင်လှေခါး၊ ပြင်ဦးလွင် မြို့တော် စသော ခြောက်မည်ရ (ယခု စစ်တပ်မြို့တော်ဟု တခုထပ်တိုးလိုက်၏) မေမြို့ထက်စာလျှင် ခရီး မိုင်အရ သိပ်မကွာဝေးလှသော မြို့တမြို့ဖြစ်၏။ ပြင်ဦးလွင် (မေမြို့)ကဲ့သို့ တောင်ပေါ်ရှမ်းမြို့တွင် နှစ်ရှည်လများ ခွဲခွာကာ စစ်သင်တန်း တက်နေသူ သားတော်မောင် ရင်နှစ်သည်းချာ တို့ကို အထွေထွေ အခြေအနေအရ မေမြို့ထိ လိုက်မတွေ့နိုင်သော ဗိုလ်လောင်းမိဘများ၊ သူငယ်ချင်းများ၊ ချစ်သူများ မိတ်ဆွေများသည် ရန်ကုန်မှ ယခုကျနော်တို့ ရောက်ရှိနေရာ ပြည်မြို့သို့ လာရောက်၍ တွေ့ဆုံ နှုတ်ဆက်ကြ၏။ လိုအပ်သော အထောက်အကူ ငွေကြေး၊ စားသောက်စရာ အခြောက် အခြမ်း၊ အကြော်အလှော်၊ နွေးထွေးမှု မေတ္တာတို့ လာပို့ပေးကြ၏။

ပင်ပန်းလှသော စစ်တက္ကသိုလ်တွင်း စာပေသင်ကြားမှုများ၊ စစ်သင်ခန်းစာများဖြင့် လုံးလည် ချာလည် လိုက်နေခဲ့သော ကျနော်တို့သည် ဤသို့သော လေ့လာရေး (ကျနော်တို့အခေါ် အိပ်၊ စား၊ ကားစီး ... အိပ်စ်ကားစင်း) ခရီးစဉ်ကို ပြင်းပြသော စိတ်ဆန္ဒတို့ဖြင့် စောင့်မျှော် တမ်းတခဲ့ကြသူချည်း ဖြစ်ပါသည်။

ပြင်ပ လူ့လောကနှင့် အဆက်ဖြတ်ခံထားရသော ကျောင်းတော်သားဘ၀မှ ပြင်ပလူနေမှု စနစ် အရပ်သားများ အကြားသို့ စစ်ယူနီဖောင်း အဆောင်အယောင် အဆင့်တဆိပ်ကိုယ်စီ ဖနှောင့်၊ သံဆူး၊ နွားရေကူးသလို ထောက်ကြွ၊ မော့တော့ ကြော့ကြော့ ပျော်ကြမည်ဟု တေးမှတ်ထားခဲ့သော ဤရက်မျိုးတွင်းတွင် ထိုသို့ဖြစ်ပွားခြင်းသည် ဘာနှင့်တူသနည်းဆိုလျှင် မင်္ဂလာဆောင် မောင်နှံအသစ် စက်စက်အား ပျားရည်ဆမ်းမျှ မထွက်ရသေးခင် အသုဘ တလားအခေါင်း လက်ဖွဲ့ လာပေးသလိုပင် ဖြစ်၏။

ကျနော်တို့ ဗိုလ်လောင်း တပတ်စဉ်လုံးသည် ပြည်မြို့နှင့် ၀န်းကျင်ရှိ မကွေး၊ ရေနံချောင်း၊ ချောက်၊ မင်းလှ၊ ညောင်ခြေထောက်၊ ထုံးဘုံ စသောဒေသများရှိ စစ်တပ်၏ အရေးကြီး စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံများ၊ ရှေးဟောင်းခံတပ်များ၊ ရေနံချက် စက်ရုံအလုပ်ရုံများကို လှည့်လည် ကြည့်ရှုလေ့လာရင်း ယခုပြည်မြို့တွင် ခေတ္တရပ်နား အိပ်စက်ခြင်းဖြစ်၏။

နှစ်ရက်မျှ၏ ညနေပိုင်း ခဏာတာသာ တွေ့ခွင့်ရနိုင်သည် ဖြစ်သော်လည်း နှစ်နှင့်ချီ၍ ခွဲခွာကြရသော မိဘ ဆွေမျိုး မိတ်ဆွေများ အနေဖြင့် ဤနှစ်ရက်မျှမှ နာရီပိုင်း အချိန်တို့သည် လွန်စွာ တန်ဖိုးရှိသော အချိန်များ ဖြစ်ပေသည်။ အချို့ ဗိုလ်လောင်းတို့၏ မိဘများ၊ လာရောက် တွေ့ဆုံကြသော်လည်း ငါးပိ၊ ငါးခြောက် အရောင်းဆိုင်ငယ်လေးဖြင့် ရောင်းချ အသက်မွေး နေရသူ ကျနော့် မိဘတို့ကတော့ လာချင်ပါတယ် သားရယ်ဟုသာ ပြောနိုင်၏။ သူတို့တွင် အချိန်ပိုလည်း မရှိ၊ လမ်းစားရိတ် အပိုလည်း မသုံးနိုင်.. ၎င်းကို ကျနော်သိ၏။ ထို့ကြောင့် မမျှော်..............။

ပုဇွန်တောင် သံလျှက်စွန်းမှ မွေးဖွားကြီးပြင်းလာသူ ကျနော် သူငယ်ချင်း မျိုးနိုင်အတွက် ပြင်းပြသော စိတ်မကောင်းခြင်း ခံစားရ၏။

ဂျပန်ခေတ် စစ်တက္ကသိုလ်လို စည်းကမ်း စိတ်ဓာတ်၊ ခံယူချက် လေ့ကျင့် ပေးခြင်းမျိုးရှိ၏ဟု လူပုံ အလယ် ကြွားဝါချင်ယုံဖြင့်၊ ဤသို့ လူပုံအလယ် အရှက်ခွဲ အနိုင်ကျင့် ခြင်းမျိုး မလုပ်သင့်ဟု ကျနော် ယုံကြည်သည်။ စည်းကမ်း စိတ်ဓာတ် အရာတွင် စံနမူနာပြနိုင်သည့် စစ်သင်တန်းသား ဖြစ်စေလိုသော လေ့ကျင့် သင်ကြားပေးခြင်းမျိုး ကျနော်တို့ကို ရရှိစေလိုလျှင် နည်းပြလုပ်သူတို့ ကိုယ်တိုင် စံနမူနာပြ နေထိုင် ကျင့်ကြံပြခြင်းဖြင့် ကျနော်တို့ အတုယူ လေ့ကျင့်မည် မုချဖြစ်၏။

ယခု ဗိုလ်လောင်း မျိုးနိုင်အား အနိုင်ကျင့် ပါးရိုက်လိုက်သော စစ်ဗိုလ်ကြီးသည် ဗိုလ်လောင်း သင်တန်းသားတို့၏ ချဉ်ခြင်း (ချစ်ခြင်း မဟုတ်)၊ စက်ဆုပ် ရွံရှာခြင်းကို ရာနှုန်းပြည့် ပိုင်ဆိုင်ထားသူ ငပဲ့ကြီး ဖြစ်၏။ စစ်တက္ကသိုလ်တွင် အကျင့်တန်သူ၊ ကောက်ကျစ်သူ၊ ယုတ်မာသူ၊ အာဏာပြ အနိုင်ကျင့်တတ်သူ၊ လူမုန်းများသူတို့ကို ငပဲ့ဟု ခေါ်၏။ ထိုသူသည် ငပဲ့ အရာရှိ ဖြစ်၏။ သူ၏ နေပုံ ထိုင်ပုံ၊ ပြုမူပုံတို့မှာ အရာရှိကောင်း တဦး၏ အသွင်မူဟန်တို့နှင့် လားလားမျှ မဆိုင်၊ သင်တန်းသား ဗိုလ်လောင်းတို့အား ကျားချောင်းချောင်း၍ အမြဲလိုလို ဒုက္ခပေး အနိုင်ကျင့်ရန်သာ တာဝန်ယူထားသူ ကိုယ်ကျင့်စာရိတ္တ စံနှုန်း၊ အင်မတန် နိမ့်ကျသူ စစ်ဗိုလ်တဦးအဖြစ် ကျနော်တို့ စိတ်တွင်း လက်ခံ ထား၏။

ယခု ထိုငပဲ့က လူပုံအလယ် ခန့်ထယ်စွာ ပါးရိုက်တော်မူ ပြလိုက်ခြင်းသည် နောင်တခေတ်၏ ခေါင်းဆောင် ဖြစ်လာမည့် လူငယ် မျိုးဆက်သစ်တို့အား စည်းကမ်း၊ စိတ်ဓာတ်၊ ခံယူချက်၊ အတွေး အခေါ်နေရာတွင် ကောင်းမွန်သည့် ဦးတည်ချက်ဖြင့် သွန်သင်ပြသ ဆိုဆုံးမရာ ရောက်ခဲ့သည်ဟု မထင်...

ငါပြောသလိုလုပ်.. ငါလုပ်သလို မလုပ်နဲ့ဟူသည့် ဒီကနေ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှု စနစ်ကို ထင်ဟပ်ပုံဖေါ်၊ ရိုက်သွင်း မောင်းနှင် လေ့ကျင့်ပေးလိုက်သလို ဖြစ်သည်ဟုသာ ထင်မိ၏။ အထက်အရာရှိ ခေါင်းဆောင်ဟူသည် ကိုယ်တိုင် စံနမူနာပြ နေစရာမလို၊ ရာထူး အာဏာရှိသရွေ့ လက်အောက်ငယ်သား တို့ကို အနိုင်ကျင့်ဖိစီး နှိပ်စက်ခွင့်ရှိသည့် အာဏာပိုင်သာ သူသာဖြစ်သည်ဟု ပုံသွင်း လေ့ကျင့်ပေးရာ မရောက်ပေဘူးလား ...။ ကျနော်တွေးမိသော ဖြစ်ရပ်တချို့မှ ဆက်စပ် တွေးမိသမျှကို ယခုအပတ်အတွက် တင်ပြပေးလိုက်ပါ၏။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

Friday, April 11, 2008

ယနေ့ စစ်တပ်… ဘာတွေ ဖြစ်နေသလဲ (၂၁)

၂၀၀၇ နှစ်သစ်၏ အစ ဤရက်၊ ဤကာလများမှသည် မကြာသော ကာလအတွင်း မြန်မာပြည်သူ ပြည်သား အားလုံးတို့အတွက် နေရာတိုင်း၊ အချိန်တိုင်း၌ ကောင်းမြတ် မှန်ကန်သော တရားလွှမ်း၍ အေးချမ်းတည်ငြိမ် လုံခြုံသော ဘ၀တို့ကို မင်္ဂလာရှိရှိ ပိုင်ဆိုင်နိုင်မည့် အချိန်များ ဖြစ်လာပါစေကြောင်း….. မျိုးချစ် စစ်သား တတ်သောစကားနှင့် ဆိုရလျှင် ပြည်သူပြည်သားတို့ ယနေ့ ခံစားနေရသော ဆင်းရဲဒုက္ခတို့မှ အမြန်ဆုံး လွတ်စေချင် ပါပြီဟု ဆန္ဒအမှန်ဖြင့် အစပြုလိုက်ပါသည်။

ယခင်နှစ်ပတ်က ကျနော်၏ တင်ပြနေကျ တပ်တွင်း အတွေ့အကြုံများ အစား လတ်တလော ခံစားချက်များ၊ ရင်ဖွင့်စကားများ ပါသွား၏။ စစ်တပ်တွင်း၏ လက်ရှိ အခြေအနေများကို မှတ်မိသမျှ တင်ပြနေရာမှ လမ်းလွဲ သွားသိလို ဖြစ်သွားခြင်းအား ခွင့်လွတ်ပေးစေလိုပါသည်။

အကြောင်းမှာ ကျနော်သည် စာရေးခြင်းကို ကျွမ်းကျင်သူ စာရေးဆရာ မဟုတ်ပါ။ ထို့ကြောင့် စာအရေးအသား၊ အထားအသို၊ အတင်အပြ၊ အဆွဲအဆောင် ချောမွေ့ ဖြောင့်ဖြူးခြင်းရှိမည် မဟုတ်၊ နားဝင်ပီယံလည်း ဖြစ်မည် မထင်။ စိတ်ဝင်စားဖွယ်လည်း ဟုတ်ချင်မှ ဟုတ်မည်။ လက်ရှိရေးသားနေသော စာလုံးများသည် ရင်ဖွင့်သံမျှသာ ဖြစ်၏။ စာပေ စာရင်းမ၀င်ဟု ကျနော် ယုံကြည်၏။

မည်သို့ ဆိုစေ လွတ်လပ်ပွင့်လင်းစွာ ရေးသား ပုံနှိပ်ထားသော စာဟူ၍ နကန်း တလုံးမျှ ဖတ်ပိုင်ခွင့် မရှိသည့် ဘ၀အတွင်း နှစ်ရှည်လများ ဦးနှောက် အသိအမြင် ပိတ်ဆို့ ခံခဲ့ရသူ တဦးအနေဖြင့်၊ အတွေးအမြင်၊ စဉ်းသားသုံးသပ်ခြင်း၊ စာပေဖတ်ရှု တွေးခေါ်မှု လွတ်လပ်ခြင်းကို မိမိတို့ဘာသာ ရယူပိုင်ဆိုင်လိုစိတ် ပြင်းပြမိ၏။ ပြင်းပြမိရာမှ ကိုယ်တိုင် ထိုးဖောက် ဖေါ်ထုတ်လိုစိတ်တို့ ပေါ်လာမိ၏။ ထို့ကြောင့် ရေး၏။

အထူးသဖြင့် သာမာန်ပြည်သူတို့ ကမ္ဘာသူ ကမ္ဘာသားတို့ မမြင်နိုင် မဖတ်နိုင်အောင် ကန့်သတ်ချုပ်ချယ် တားမြစ် ထားခြင်းခံရသည့် ယနေ့ မြန်မာစစ်တပ်တွင်း တကယ်ဖြစ်ရပ်မှန်များကို ပြည်သူတို့လည်း ဖတ်ချင်၊ ကြားချင် ပေလိမ့်မည်။ ထို့ကြောင့်ကျနော်၏ လူငယ်တစ်ဦးမှ စွန့်လွှတ်မှုများစွာဖြင့် ရင်းနှီး၍ ရေးခြင်းဖြစ်၏။

စစ်တပ်တွင်းမှ ကျနော့် သူငယ်ချင်း ညီနောင် အရာရှိများကိုလည်း အားပေးတိုက်တွန်း၏ ဤကဲ့သို့ လွတ်လပ်သော စာမျက်နှာများအတွက် ရေးချိန်မရလျှင်လည်း မိမိတို့နေ့စဉ် ကြုံဆုံနေရသော တိုင်းပြည်အတွက် အကျိုးမဲ့ ဖြစ်စေမည့် ဖြစ်စဉ် မှတ်တမ်းများ စုဆောင်းထားဖို့။ စစ်အာဏာပိုင် ဗိုလ်ချုပ်ကြီးများ၏ မတရားမှု လုပ်ရပ်များကို ရေးသား မှတ်တမ်းတင်ထားဖို့….. ယနေ့ မြန်မာစစ်တပ်၏ လုပ်ရပ် အမှန်များသည် နောင်တချိန် သမိုင်းသင်ခန်းစာ ဖေါ်ထုတ်ရာတွင် အလွန်အရေးပါသည့် အချက်အလက်များ ဖြစ်လာလိမ့်မည့် အကြောင်း ဤစာစုများမှ နေ၍ ကျနော်တို့ စစ်တပ်တွင်းရှိ အရာရှိများသို့ အသိပေးနေခြင်းလည်း ဖြစ်ပါသည်။

ထို့ပြင် အတွေးအမြင်တို့ မပွင့်လင်း၊ ကျဉ်းမြောင်းသောကြောင့် ဆင်းရဲ အောက်တန်းကျနေသော မိမိတို့ နိုင်ငံ မိမိတို့ စစ်တပ် အဖွဲ့အစည်းအတွင်းမှ လွတ်လပ်ပွင့်လင်းသော စာပေအတွေးအခေါ်တို့၊ ပေါ်ထွက်လာစေလိုသည့် စိတ်ဆန္ဒလည်း ပါဝင်၏။

ထိုသို့ လွတ်လပ်စွာ ရေးသားတွေးခေါ် ဖတ်ရှု၊ စဉ်းစားခြင်း အလေ့အကျင့်တို့ ကျနော်တို့ တိုင်းပြည်တွင်းတွင် ပေါ်ထွက်လာစေခြင်းကို ရည်ရွယ်ကာ စံနမူနာပြသော သဘောဖြင့် တတ်စွမ်းသရွေ့ ဆက်လက်ရေးသား တင်ပြ သွားမည် ဖြစ်ပါသည်။

အင်တာနက် စာမျက်နှာပေါ်တွင် တင်ထားသော စာများဖြစ်သောကြောင့် မြန်မာပြည်တွင်းမှ ဖတ်ရှု၍ မရနိုင်ဟု မထင်စေလိုပါ။ ကျနော်တို့ မြန်မာပြည်တွင်းမှ အင်တာနက် ပိတ်ဆို့မှု တာဝန်ယူထားရသူ ကွန်ပျူတာ ပညာရှင် အများစုမှာ ကျနော်၏ မိတ်ဆွေ အရာရှိများ၊ စစ်ဗိုလ်များသာ ဖြစ်သည်ကို ထည့်သွင်း စဉ်းစားရမည် ဖြစ်၏။ သူတို့သည်လည်း တာဝန်အရ သတင်းပိတ်ဆို့မှုကို လုပ်နေကြရသော်လည်း ယခု ဤဒိုင်ဂျက်(စ်) စာမျက်နှာ များကို သူတို့လည်း ဖတ်ရှုကြ၏။ သူတို့လည်း စိတ်ဝင်စားကြ၏။ ဤသည်မှာ မှန်သောစကားကို ဆိုခြင်း ဖြစ်ပါသည်။

ယခု ကျနော်တင်ပြနေသော အကြောင်းအရာများမှာ အင်တာနက် လုံခြုံရေး တာဝန်ယူနေရသူ တပ်မတော် အရာရှိ အားလုံးနီးပါး ကိုယ်တိုင် ဖြတ်သန်း ကျော်လွှားနေရသော လက်တွေ့ဖြစ်စဉ်များ ဖြစ်သောကြောင့် ကျနော့် သူငယ်ချင်း စစ်ဘက်အရာရှိ စစ်ဗိုလ်များက ပို၍ စိတ်ဝင်စားကြ၏။

ထို့ကြောင့် တိုင်းပြည် အနာဂတ်အတွက် အရေးပါလှသော ဤမျိုးဆက်သစ် လူငယ် စစ်အရာရှိတို့ စိတ်သဏ္ဍာန် ကို တိုင်းချစ်ပြည်ချစ်စိတ်နှင့် ယှဉ်၍ ကောင်းရာ မြင့်မြတ်ရာစိတ်ထားဘက်သို့ ကူးပြောင်း မွေးမြူလာစေရန် ကျနော်တို့ တတ်စွမ်းသည့် နေရာမှ ကြိုးပမ်းနေမှုသည် အရေးပါသော နေရာတွင် ရှိသည်ဟု ပြောလိုပါသည်။

စစ်တပ်တွင်းမှ စစ်အရာရှိများ၊ စစ်ခေါင်းဆောင်များ ကိုယ်တိုင် စစ်အာဏာရှင် စနစ်၏ ဆိုးကျိုးများကို တွေးဆ သိမြင်ပြီး ပြုပြင်ပြောင်းလဲရေး လိုလားသော အတွေးအခေါ်များ၊ တိုင်းကျိုးပြည်ပြု စိတ်ထားတို့ ပွားများလာနိုင်စေ ရန် ဤအင်တာနက် စာမျက်နှာ၊ စာပေကောင်းတို့ ကလည်း မြေတောင်မြှောက် စွမ်းဆောင် ပေးနိုင်ကြောင်း အရေးကြီးသည့် အချက်တခုအဖြစ် ကျနော်ထောက်ခံ တင်ပြလိုပါသည်။

အထူးသဖြင့် စာပေအရည်အသွေး ကောင်းသည်ထက် ကောင်းအောင် ပင်ပန်းခံကြိုးစားအားထုတ် နေကြသော မျိုချစ်မြန်မာ အယ်ဒီတာများနှင့် ကျနော်တို့လို စစ်အရာရှိ လူငယ်များ ဖတ်ရှု ဝေဖန်သင့်သော အကြောင်းအရာ အတွေးအခေါ်များကို စေတနာပါပါ ပညာထက်ထက် ရေးသား တင်ပြနေကြသော စာရေးသူ မျိုးချစ် ပုဂ္ဂိုလ်များ၏ ကြိုးစား အားထုတ်မှုကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း မြန်မာစစ်တပ်အတွင်းမှ အမှန်တရားကို မြတ်နိုး တန်ဖိုးထားလိုသူ မျိုးချစ်အရာရှိ၊ စစ်သည်များကိုယ်စား ယနေ့ တင်ပြပါရစေ။

ကျနော်၏ စစ်တပ်တွင်း ဖြစ်စဉ်များဟု ခေါင်းစဉ်တပ် ရေးသားပေးပို့ နေရာတွင် စစ်တပ်တွင်း ဆယ်စုနှစ် နှင့်ချီ နေခဲ့ရသော အတွေးအမြင် ပိတ်ဆို့ထားခံရသည့် ဒါဏ်ကြောင့် ကျနော်တို့ အတွေးအမြင်များသည် စဉ်ဆက် မပြတ် ဆက်စပ် စဉ်းစားရန် အတော်ခက်ခဲနေကြောင်း မိမိကိုယ်မိမိ သုံးသပ်တွေ့ရှိရပါသည်။ ဦးနှောက်တို့သည် အရွယ်နှင့် မလိုက်အောင် ထုံထိုင်းနေသည်ဟု ထင်မိ၏။ မသွေးဘဲ ပစ်ထားသောဓါး တုံးနေခဲ့ သကဲ့သို့ ပါပင်။ ထို့ကြောင့် စာဖတ်သူ (ကျနော်စိတ်ကူးတည့်ရာ ရေးပို့နေသော အပတ်စဉ် စာစုများကို ဖိတ်မိသူ) တို့ နားလည် ပေးစေလိုပါသည်၏။

ကျနော့်တွင် ရေးသားတင်ပြဖွယ် အကြောင်းအရာ များစွာရှိပါ၏။ စာဖတ်သူတို့ စိတ်ဝင်တစား ရှိကြမည့် အကြောင်းအရာ များစွာရှိပါ၏။ ဖြည်းဖြည်းမှန်မှန်ဖြင့် ကျနော် လွတ်လပ်နေသေးသရွေ့ တင်ပြသွားပါမည်။

စာမြည်းအားဖြင့် ဆိုရလျှင် ယခု တင်ပြပေးခဲ့ပြီးသမျှမှာ စစ်တက္ကသိုလ်တွင်းမှ အပရိက ဖြစ်စဉ်ငယ်များသာ ဖြစ်သေး၏။ အပြေးပြိုင်ပွဲတွင် နိုင်လိုဇောဖြင့် အတင်းအဓမ္မ လေ့ကျင့် မောင်းနှင်ခြင်းကြောင့် ဇီဝိန်ချုပ်သွားသော သနားစရာ ဗိုလ်လောင်း လူငယ်လေးများ အကြောင်း၊ စစ်သက်လေး အနည်းငယ်ရလာ စီနီယာတို့နှင့် စကားစမည် ပြောခွင့် ရလာသည့်အခါ တွေ့ကြုံလာရသည့် စီနီယာ မျိုးချစ် ဗိုလ်လောင်းများအကြောင်း၊ စစ်တပ်၏ လက်တွေ့ ဘ၀ အခြေအနေမှန်ကို ရိပ်မိသိရှိ တွေးမိလာပြီး စစ်တပ်မှ နှုတ်ထွက်ရန် ကြိုးစားသူ စီနီယာ ဖိုင်နယ် များ၏ ပါးနပ်သော လုပ်ရပ်များအကြောင်း စသည်ဖြင့် စစ်တက္ကသိုလ်တွင်း ဖြစ်စဉ်များမှာ ပြော၍ပင် ကုန်မည် မထင်အောင် များပြားလှပါသည်။

၎င်းမှာ ဗိုလ်သင်တန်းကျောင်း စစ်တက္ကသိုလ်တွင်း ဖြစ်စဉ်ဖြစ်ရပ်များသာ ရှိသေး၏။ လက်တွေ့ခြေလျှင်၊ ခြေမြန် တပ်ရင်းများတွင် တွေ့ကြုံခဲ့ရသော အရာရှိ လူငယ် ဘ၀ဖြစ်စဉ်အမှန်တွေ မပါသေး။ တိုက်ပွဲဟု ခေါ်သော ရှေ့တန်း စစ်မြေပြင်မှ သနားစရာ စစ်သားများ၏ အနာဂတ်ပျောက် ဒုက္ခရောက်နေကြသည့် အကြောင်းတွေ မပါသေး။ အာဏာပိုင် စစ်အရာရှိ အဆင့်ဆင့်မှ ကိုယ်ကျိုးရှာ လာဒ်စားရန်အတွက် အာဏာကို အလွဲသုံးစား လုပ်ကြပုံတွေ မပါသေး။

အောက်ခြေအဆင့် အရာရှိ စစ်သည်များ အတွေးအခေါ် အယူအဆ တိမ်းချော် အားဖျော့နေအောင် ကျုံးသွင်း ၀ါဒဖြန့်နေသည့် စစ်အာဏာပိုင်များ၏ လှည့်ပတ် လိမ်ညာ ကလိန်ကကျစ် စည်းရုံးမှုများ အကြောင်း မပါသေး။ ၀တ်ထားတော့ စစ်ဝတ် လုပ်နေရတော့ ထောင်ကျ အကျဉ်းသား သာသာဘ၀တွေ အကြောင်း မပါသေး။ ကိုယ်အပြစ်ကို သူများအပြစ် ပုံချတတ်သည့် မိန်းမလျှာ စစ်အုပ်ချုပ်သူ လူကြောက်ကြီးများ အကြောင်း မပါသေး။

တခါ ဗွီအိုင်ပီဟု ခေါ်သော တာဝန်ရှိ အာဏာပိုင် ထိပ်သီး စစ်ဗိုလ်ချုပ်ကြီး၊ သူခိုးကြီးများ၏ ဗြောင်ကျကျ ကိုယ်ကျိုးရှာနေမှုများ၊ ခိုးစားနေကြသည့် အကြောင်းများကို သိသိကြီးနှင့် ငြိမ်ခံနေကြရသည့် အခြေခံ အကြောင်းအရင်းများကို ဖေါ်ထုတ်ပြမည့် ဟာသဆန်ဆန် ဇာတ်လမ်းတွေ မပါသေး…. မကြာခင် ရေးသား တင်ပြပေးရမည်၊ လောလောဆယ်တော့ ရေဒီယို အစီအစဉ်များမှ နေ၍ ရဲရဲရင့်ရင့် ရင်ဖွင့် တင်ပြနေကြသည့် မျိုးချစ်တပ်မတော် အရာရှိအချို့၏ တပ်တွင်း အခြေအနေမှန်တွေ တင်ပြနေခြင်းအား နားစိုက် လေ့လာကြည့် ပါအုန်းမည်။ အားမာန် စိတ်ဓါတ်တွေ ကူးစက် မွေးမြူပါအုန်းမည်။

နောက်တပတ်မှ စ၍ ကျနော့် အတွေ့အကြုံများ အနက်မှ တိုင်းပြည်နှင့် မျိုးချစ်စစ်သားများ သိသင့်သည့် အကြောင်းအရာများကို တင်ပြပေးပါမည်။ ကျေးဇူးတင်စွာဖြင့်

ဆက်လက် ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၂၀)

စစ်တက္ကသိုလ်၏ အစဉ်အလာတို့သည် ကောင်းမွန်၏။ မြင့်မြတ်၏။

စစ်သားဟောင်းကြီး တဦး၏။ အဆိုဟု ပြောကြသော ...ငါ့သားများ စစ်ထဲဝင်ရင်လေ.. သူ့ကို ပြောလိုက် စမ်းပါကွာ... စစ်တပ်ဆိုတာ တကယ်တမ်းသာ လိုက်နာ ကျင့်ကြံမယ်ဆိုရင် တကယ့် ယောင်္ကျားကောင်း ယောင်္ကျားမြတ်တွေ ဖြစ်စေနိုင်တဲ့ အတတ်ပညာတွေကို သင်ကြားလေ့ကျင့် ပေးရာ ကျောင်းကြီးပေါ့... ဆိုသော စကားလေး တခွန်းသည် ယနေ့စစ်တပ်၏ နေရာ အတော်များများတွင် တွေ့နေရသော ၀ါဒဖြန့် ဆောင်ပုဒ်တခု ဖြစ်နေပေပြီ။

အဆိုပါ စစ်သားဟောင်းကြီး၏ စကားဟုဆိုသော ရည်ညွန်း စကားစုလေး၏ အဓိပ္ပါယ်မှာ အလွန်မှန်ပါ၏။ စစ်သားဖြစ်သော ကျနော် ထောက်ခံပါသည်။ မြန်မာစစ်တပ်တွင်း လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှ စတင် တည်ထောင်ကတည်းက မွန်မြတ်မှန်ကန်သည့် စိတ်ဓာတ် ခံယူချက်တို့ဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်၏။ ထိုသို့ ရှိနှင့်ပြီးသော အစဉ်အလာကောင်းများ ကျင့်ထုံးများ၊ စည်းကမ်းများကို တကယ်တမ်းသာ လိုက်နာ ကျင့်ကြံ စောင့်ထိန်းလိုက်နာမည် ဆိုပါလျှင် အလွန်မှ စိတ်ဓာတ်ရေးရာရော ကိုယ်ခန္ဓာ သန်စွမ်း ကြံခိုင်မှု အရပါ ပြည့်ဝစေမည့် အခြေအနေများ စုစည်း ထားသော လူသား အဖွဲ့အစည်းကြီး ဖြစ်၏။ စနစ် ကျ န သော နည်းနာ၊ စည်းကမ်း၊ စောင့်ထိန်းမှု တို့ကို ကြပ်ကြပ်မတ်မတ် လေ့ကျင့် သင်ကြားပေးသော အဖွဲ့ အစည်း ဖြစ်၏။

သို့သော် တကယ်တမ်းသာ ဆိုသည့် တင်ကြိုနိမိတ်ဖတ် ပြောစမှတ်ပြုနိုင်သည့် စကားတလုံးကို ရှေ့တင် သုံးသပ်ထားသည်ကို ဂရုပြုသင့်ပေသည်။

တကယ်တမ်းသာ .. ဟူသည့် ရည်ညွန်းစကားသည် လွန်စွာမှ တာသွားလှ၏။ တကယ်တမ်း လိုက်နာ ကျင့်ကြံနိုင်သော စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေသများ ချမှတ်ဖွင့်ဆို ပြဌာန်း ထားပါလျှက် ယနေ့ ကျနော်တို့ တပ်မတော် ဘာကြောင့် နာမည်ပျက်၊ သမိုင်းနွံနစ်မည့် လက်နက် ကိုင်တပ်ဖွဲ့ဟု ကမ္ဘာတွင် ကျော်ဇောနေခဲ့ ပါသနည်း။ တကယ်တမ်း လုပ်သင့်လုပ်အပ်သော တာဝန်၊ ၀တ္တရား၊ လုပ်ထုံးလုပ်နည်းတို့ကို မလုပ်ဘဲ၊ မလုပ်သင့်သည့် အမျိုးသား သစ္စာဖောက်၊ ကိုယ်ကျိုးရှာ၊ အာဏာရူးသည့် ပုဆိန်ရိုး လုပ်ရပ်မျိုး အစဉ်အလာ ဆိုးများကိုသာ လုပ်ဆောင် နေခြင်းကြောင့် ဖြစ်သည်။

လုပ်သင့်သည်ကို မလုပ်၊ မလုပ်သင့်သည်များကို မိုက်ရူးရဲ ဆန်ဆန် လုပ်နေကြခြင်းကြောင့် နဂိုက နာမည်ကောင်း ရှိခဲ့သော မျိုးချစ် တပ်မတော်သည် ကိုယ့်ပြည်သူ ပြည်သား အများကပင်၊ အော့နှလုံးနာ၊ ရွံရှာ စက်ဆုပ်သော၊ မျိုးဖျက်လူတစ်စု၏ နောက်လိုက် လက်ကိုင်ဒုတ်၊ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ အစည်း အဖြစ် ထင်မြင်သွားကြခြင်း ဖြစ်ပါသည်။

ကျနော်တို့ လူငယ်များ ရင်ထုမနာ ကြေကွဲရသည်မှာ ဤအကြောင်းကြောင့် ဖြစ်သည်။ တိုင်းပြည်တပြည် အတွက် အင်မတန် အရေးကြီးလှသော အဖွဲ့အစည်းကြီးအတွင်း စိတ်ဓါတ်ရေးရာ အရ ချို့ယွင်းပျက်စီး နေခြင်း၏ အကျိုးဆက်အား ချင့်မျှော်တွေးဆ၍ အလွန်စိတ်မကောင်း ဖြစ်မိပါ၏။

ထို့ကြောင့် အချိန်မနှောင်းသေးဟု ယူဆကာ ပြုပြင်ပြောင်းလဲမှုများ၊ အရေးယူ ဆောင်ရွက်မှုများ၊ အမှန် တရားကို ဖေါ်ညွန်သော ဥပဒေပြုမှုများ ပေါ်ထွန်း လာစေလိုသောကြောင့် မျိုးချစ် စစ်အရာရှိငယ် တဦးအနေဖြင့် တတ်စွမ်းသမျှ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

တရားမျှတ၊ သမာသမတ်ကျကျ နေထိုင်ကျင့်ကြံမှုကို ဓမ္မ၊ မှန်ကန်ဖြောင့်မတ် မျှတခြင်းဟု ဆို၏။ သို့သော် တရားမျှတမှုမရှိ၊ နိုင်လိုမင်းထက်၊ နှိပ်စက်ကလူ၊ တဖက်သက် အနိုင်ကျင့် မတရား ရက်စက်သော အခါမျိုးတွင် အဓမ္မတို့ လွှမ်းမိုးသည်... တရားမျှတမှု ကင်းမဲ့သည် ဟု ဆိုကြ၏..။ မင်္ဂလာရှိသော နံနက်ခင်း တွင် ကျက်သရေမဲ့သော အခင်းတခု ဖြစ်ပွားခဲ့ပါလျှင် အမင်္ဂလာ ဖြစ်ပြီဟု ဆိုကြ၏။ ကျနော်တို့ တပ်မတော် တွင်းတွင်လည်း ထိုနည်းတူပါပင်၊ တပ်မတော်ကို တည်ထောက်သူ မျိုးချစ်အာဇာနည် ကြီးများက စစ်သည်တော်ကြီးများ ချမှတ် လမ်းညွန်ခဲ့သည့် မွန်မြတ်သော အစဉ်အလာများ၊ လုပ်ထုံး လုပ်နည်းများ၊ စိတ်ဓာတ် ခံယူချက်များ လက်ဆင့်ကမ်း ပေးထားခဲ့ပြီ ဖြစ်၏။

ယောင်္ကျားကောင်းတို့ တတ်အပ်သော အတတ်ပညာ၊ စိတ်ဓာတ်၊ အတွေးအခေါ်၊ မျိုးချစ်စိတ်၊ အမျိုး သားရေး တာဝန်များ၊ နိုင်ငံကြီးများ ပီသစေမည့် လူကြီးလူကောင်းတို့ အတွေး အခေါ်များကို စနစ်တကျ လေ့ကျင့် သင်ကြားပေးခြင်းများ ရှိခဲ့ပါ၏။ သို့သော် ယနေ့ နယက (ခေါ်) စစ်အာဏာသိမ်း အဓမ္မ ဖိနှိပ် အုပ်ချုပ်သော စစ်အုပ်ချုပ်မှု စနစ်အောက်တွင် တပ်မတော်၏ အစဉ်အလာကောင်းတို့သည် ပပျောက် ကုန်၏။ ငါတို့သည် တိုင်းပြည်နှင့် လူမျိုးကို ချစ်၍ တပ်မတော်တွင်း ၀င်ခဲ့ပါသည်ဟု စစ်အာဏာပိုင် ဗိုလ်ချုပ်ကြီးများ ကြားလောက်သော နေရာတွင် အော်ရဲ၊ ပြောရဲသူ တယောက်မှ မရှိတော့ပေ။

ရဲရင့်သော မျိုးချစ်စိတ်၊ ခိုင်မာသော အမျိုးသားရေး ခံယူချက် သန့်စင်သည့် သစ္စာစောင့်သိမှု စံနှုန်း များသည် မသိလိုက် မသိဘာသာနှင့် ဖယ်ရှားခံလိုက်ရကုန်၏။ တရားဝင် မဟုတ်သော အမိန့်များ။ တားမြစ် မှုများကြောင့် ပယ်ဖျက်ခံလိုက်ရ ကုန်၏။ ယနေ့လက်တွေ့ပင်.... ဥပမာ ကြည့်ပါ။ မွန်မြတ်သော အာဇာနည် သူရဲကောင်းတို့၏ စံနမူနာကို ယူမည်စိုးသောကြောင့် တပ်မတော်တွင်းတွင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် သမိုင်းဝင်မျိုးချစ် အာဇာနည်ကြီးများ၏ အခန်းကဏ္ဍကို နှိမ့်ချ ဖျောက်ဖျက် ခံထားရသည်မှာ အထင် အရှားပင်....

ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော အမျိုးသား ခေါင်းဆောင်များ၏ မွန်မြတ်သန့်စင်သော သမိုင်းကို ဖျောက်ဖျက်လိုက်သည် ဆို၍၊ သူတို့ထက် သာလွန်သည့် အရည်အချင်း၊ စိတ်ဓာတ်၊ ခံယူချက်၊ အတွေး အခေါ်၊ ပေးဆပ်စွန့်လွှတ်မှု၊ ခေါင်းဆောင်ကောင်း၊ စံနမူနာကို ပြသနိုင်သူ စစ်ခေါင်းဆောင်သစ်တို့ ပေါ်ထွက် နေလျှင် ကိစ္စမရှိ။

ယခုတော့.... လူလွန်မသား တကိုယ်ကောင်းဝါဒရှင် အာဏာရူးတို့က သူတို့ကို သူတို့ တိုင်းပြည် ခေါင်းဆောင်ဟု ကြော်ငြာပြီး ဗြောင်ဗြောင်တင်းတင်း ကိုယ်ကျိုးရှာနေ၏။ အာဏာနှင့် ပြည်သူကို အနိုင်ကျင့် နေ၏။ သူ့ကိုယ်သူ ဘုန်းတန်ခိုးရှင်ကြီး၊ ဘယ်တော့မှ မမှားသော အုပ်ချုပ်သူ နိုင်ငံ့အကြီး အကဲကြီး၊ ပဒေဿရာဇ် ဘုရင်ကြီးဟု တွင်တွင် ၀ါဒဖြန့်နေ၏။

ကျနော်တို့ လူငယ်တွေ မည်သူ့ကို စံတင်နမူနာ ယူနိုင်ပါမည်နည်း။
ထိုအခါ နဂိုရှိပြီး တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ရေးရာ အမွေအနှစ်ကောင်းတို့သည် စံလွဲကုန်၏။ ကောင်းမြတ် မှန်ကန်သော သမိုင်းတို့လည်း ငုပ်လျိုးလွဲလိမ် ခံခဲ့ရသည်ကို ကြည့်၍ မိမိတို့ လူကောင်း သူကောင်း ဖြစ်အောင် ကြိုးစား၍ကော သမိုင်းတွင် လေးစားဂုဏ်ယူ နိုင်ပါမည်လား ဟူသည့် အတွေးတိမ်တိမ် တို့ကြောင့် လူများစွာ၊ စစ်သားများစွာ၊ လူငယ်များစွာတို့သည် အများသောက်သော မိုးခါးရေကို လိုက်သောက် သွားကြတော့သည်။

ဤသို့သော မျိုးဆက်သစ် လူငယ်တွေအကြား ဘယ်ဟာ ဘယ်သူကို ဆရာတင်၍၊ ဘာကို စံနမူနာပြု လေးစားရမှန်း မသိအောင် ထားခဲ့ ရသည့်ကြားထဲ နိုင်ငံ့သမိုင်း၊ စစ်သမိုင်း တို့သည်လည်း ယနေ့အာဏာပိုင် တို့၏ ၀ါဒဖြန့် သိမ်းသွင်းရာ လိုရာဆွဲ ၀တ္ထုတွေ ဖြစ်ကုန်၏။

ကျနော်တို့ ဗိုလ်လောင်း ဘ၀က စာပေနှင့် လေ့ကျင့်ရေး အပိုင်းများ သင်ကြားပေးခဲ့သော အရာရှိကြီး များသည် ယနေ့တပ်မတော်တွင် အင်မတန်ရှားပါးနေပြီ ဖြစ်သော မျိုးချစ် စစ်သားကြီးများ စာရင်းတွင် ထည့်သွင်းအပ်သည့် ဆရာကောင်း၊ ခေါင်းဆောင်ကောင်းများ ဖြစ်ကြပါသည်။ အဓိကအားဖြင့် စစ် တက္ကသိုလ် စာပေဌာနများမှ နည်းပြအရာရှိကြီးများကို ဆိုလိုပါသည်။ (လေ့ကျင့်ရေးဆိုဒ်မှ တကိုယ်ကောင်း ဖေါ်လံဖား အရာရှိအချို့ကို မဆိုလိုပါ။)

စစ်တက္ကသိုလ်တွင် စာပေများ သင်ကြား လေ့ကျင့်ပေးရင်းဖြင့် မြန်မာ့သမိုင်းအတွက် အရေးပါသောအခန်းမှ စွန့်လွတ် ပေးဆပ်သွားသူ မျိုးချစ်ကြီးများ၊ ကမ္ဘာ့သမိုင်းများမှ သမိုင်းဝင် ခေါင်းဆောင်ကြီးများ၏ မြင့်မား မွန်မြတ်လှသော စိတ်ဓာတ်ခံယူချက် အတွေးအခေါ်များကို သင်ရိုးညွန်းတမ်းတွင် မပါသည့်တိုင်အောင် ကျနော်တို့လို နောင်တခေတ်၏ ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များ သိအပ်သည်ဟု ဆိုကာ သင်ကြား ပြသပေး၏။ ပဲ့ပြင်ညွန်ပြ ဆိုဆုံးမ၏။ အဘယ်ကြောင့် ဆိုသော် ကျနော်တို့ စစ်တက္ကသိုလ် တက်ရောက် နေချိန် ၁၉၉၀ ကျော် ကာလများတွင် စစ်တပ်တွင်းနှင့် အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့် အတွင်း ကိုယ်ကျင့် သိက္ခာပျက်ပြားသော ရောဂါဆိုးကြီးနှင့် အမျိုးသားရေး စိတ်ဓာတ် ခြစား၊ ၀ဲစားသော ရောဂါကြီး နှစ်ခုတို့က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီ ဖြစ်သောကြောင့် ပင်။

စစ်ဗိုလ်မှူးကြီးများဖြစ်ကြသော နည်းပြဆရာတို့သည် စစ်တပ်အကြောင်း ဘာဆိုဘာမှ မသိသေးသည့် ကျနော်တို့ ဗိုလ်လောင်းများအား ပြင်ပလောက ရောက်သွားလျှင် ကြုံလာ ရင်ဆိုင်လာ ရနိုင်သည့် အခြေအနေတို့ကို အရိပ်အမွက်မျှ ပြောပြတတ်၏။ ဆောင်ရန်၊ ရှောင်ရန်၊ စောင့်စည်းရန်၊ ထိန်းသိမ်းရန်၊ သားကောင်း အာဇာနည်အဖြစ် နေထိုင် ကျင့်ကြံနိုင်ရန် လမ်းပြပေးလိုက်၏။ အရှိကို အရှိတိုင်း သိအောင် လည်း ကြိုးစားရန် သင်ပြ၏။ သမိုင်း၏ ဖြစ်စဉ်များမှ အမှန်တရားကို လေ့လာ၊ မိမိတို့နိုင်ငံ၏ လက်တွေ့ ဖြစ်စဉ်များမှ အဖြေထုတ်၊ သုံးသပ်၊ တိုင်းပြည်အနာဂတ် အတွက် ကောင်းရာမွန်ရာ ဖြစ်စေမည့် လုပ်ရပ်၊ အတွေးအခေါ်များ ကိုယ့်ဘာသာ တွေးခေါ်လုပ်ကိုင် တတ်ဖို့ အရေးကြီးကြောင်း သင်ကြားဆိုဆုံးမခဲ့၏။

ထိုသို့ မွန်မြတ်မှန်ကန် အမြင်ကျယ်စွာ သွန်သင် ပဲ့ပြင်ပေးခဲ့သည့် ဆရာများ ကျေးဇူးကြောင့် ကျနော်တို့ ယနေ့ တိုင်းပြည်ကို လမ်းမှားသို့ ဆွဲချနေသော စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင် ဖီဆန်လာကြသည်ကို တွေ့ရှိရ၏။


အဘယ်ကြောင့်ဆိုသော် စစ်တက္ကသိုလ်တွင် သင်ကြားရသော မျိုးချစ် နည်းပြ အရာရှိကြီးများ သည် အခြားသော ဗိုလ်သင်တန်း ကျောင်းများတွင်လည်း ဤသို့သော မျိုးချစ်စိတ် အရင်းခံသည့် နည်းနာ စိတ်ဓာတ် ခံယူချက်များ၊ အတွေးအခေါ်များ မွေးမြူတတ်စေရန် သွားရောက်သင်ကြား ပေးကြသောကြောင့် ဖြစ်၏။ သို့သော် ပေးကားပေး၏မရ၊ ကျွေးကား ကျွေး၏ မ၀ဆိုသလိုပါပင်...။ လူတိုင်း စစ်ဗိုလ်တိုင်းတော့ အမှန်တရားဘက် ရဲရဲ ရပ်တည်ခြင်းမျိုး မလုပ်နိုင်ရှာသေးပေ။

အချို့သူတို့သည် လူစင်စစ်မှ လူနှင့် အင်မတန်ရင်းနှီးသော လေးဘက်သွား သတ္တ၀ါသာသာ အတွေးအခေါ် ခံယူချက်များသို့ ပြောင်းလဲသွားသည်ကို ၀မ်းနည်းစဖွယ် တွေ့ရ၏။ သူတို့သည် သူတို့သခင်အပေါ် သစ္စာ ရှိယုံ၊ သခင်အလိုကျ အမြီးထောင်ပြ။ ဟောင်ပြ ငေါက်ငန်းပြ နေယုံဖြင့် သူတို့ဘ၀ ပြည့်စုံ တာဝန်ကျေပြီဟု ယူဆ သူတွေပင် ရှိခဲ့ပါ၏။

ထို့ကြောင့် ဤစာပိုဒ် အစပိုင်းတွေ ကျနော်ဆိုခဲ့သည့်အတိုင်း တပ်မတော်သည် တကယ်တမ်းသာ လိုက်နာ ကျင့်ကြံမည် ဆိုလျှင် ယောင်္ကျားကောင်း ယောင်္ကျားမြတ်တွေ ဖြစ်စေနိုင်သည့် အလေ့ အကျင့်များကို သင်ကြား လေ့ကျင့်ပေးရာ ကျောင်းကြီးဖြစ်သည် ဆိုသည့် စကားကို ယနေ့ မျိုးချစ်စစ်သား ပြည်သူ ပြည်သားတို့ စဉ်းစားမျှော်မြင် သုံးသပ်စေချင်၏။ ကိုယ်တိုင် လိုက်နာ ကျင့်သုံးခံယူ ဆောက်တည်စေချင်၏။
သင်ပေးခြင်းကို ရ၏။ လေ့ကျင့်ပေးခြင်းကို ခံယူ မှတ်သားနိုင်၏။ အမှန်တကယ်လည်း ကောင်းမြတ် သင့်လျှော်၏၊ တိုင်းပြည်အတွက်လည်း အဖိုးတန် သားကောင်းရတနာတွေ ဖြစ်စေနိုင်၏။ သို့သော် ဘာကြောင့် စစ်သားတိုင်းသည် မျိုးချစ်စစ်သား၊ ပြည်သူ့သားတွေ ဖြစ်မလာပါသနည်း၊ တကယ်တမ်း ဘာကြောင့် ခံယူချက် ကောင်းတို့ကို မကျင့်သုံး နိုင်ပါသနည်း။

လူငယ်တယောက် အမြင်ကို တင်ပြလိုပါသည်။
ယနေ့ စစ်အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး များသည် သူတို့၏ ဖျက်မရတော့သော မှားယွင်းမှု လုပ်ရပ်များ အတွက် မကြာမီ သမိုင်းတွင် နွံနစ်တော့မည်ကို သိ၏။ ကျဆုံးခန်းကို ရောက်တော့မည်ကို သိ၏။ သို့သော်လည်း လူသက်တမ်းအရ နှစ်အနည်းငယ်သာ အသက်ရှင် ရပ်တည်နိုင်တော့မည့် သူတို့၏ နောက်ဆုံး အချိန်တွေအတွင်း အလွန်တရာ မက်မောဖွယ် ကောင်းလှသည့် အာဏာရှင် အရသာကို မစွန့်လွှတ် နိုင်တော့သောကြောင့် မီးစာကုန် ဆီခန်းသည်အထိ မိုက်တွင်းနက် ဇာတ်ခင်းသွားရန် ကြံစည်ပြီး ကြလေပြီ ဖြစ်၏။

သို့အတွက် တပ်မတော်ကိုလည်း သူတို့၏ အာဏာ တည်မြဲရေးအတွက် အသုံးချ ဒေါက်တိုင်တခု၊ ခိုင်းဖတ် ကျေးကျွန် အဖွဲ့အစည်းတခုအဖြစ် ရသရွေ့ အသုံးချနေအုန်းမည်သာ ဖြစ်၏။ သူတို့သားချင်း ဆွေမျိုးတစု ကောင်းစားရေး တခုတည်းက လွဲ၍ တိုင်းပြည်မျက်နှာ၊ ပြည်သူ့ မျက်နှာ၊ နောင်လာနောက်သား မျက်နှာ စသည်တို့ကိုလည်း သူတို့ကြည့်တော့သည် မဟုတ်။ ရသရွေ့အမြတ်ထုတ် ဂုတ်သွေးစုပ်ကာ ပြည်သူ လူထုကြီးမှ မကျေနပ်မှု အဟုန် အမြင့်ဆုံးဖြစ်လာ၍ အုံကြွလာချိန်တွင် ထွက်ပြေးခိုလှုံ နေထိုင်ဖို့ပင် (အရှေ့တောင် အာရှနိုင်ငံ တနိုင်ငံအတွင်း ၎င်းတို့ မိသားစုပိုင် ဂေဟာကြီးများ ဆောက်လုပ်ထားပြီး) ပြင်ဆင်ပြီး ဖြစ်ပေသည်။

ဤအတိုင်း သူခိုးဓါးပြတို့ ဖိစီးနှိပ်စက် ကိုယ်ကျိုးရှာ နေကြသည်ကို ပြည်သူတို့ တပ်မတော်သားတို့ လက်ပိုက်ကြည့် နေကြမည်လား။ တရားမျှတမှု ဥပဒေ စိုးမိုးမှုတို့ ရရှိအောင်.... တရားဥပဒေ ဆိုသည့် စည်းကမ်းပြည့်ဝ တည်ငြိမ်သည့် စည်းကမ်းများ ပေါ်ထွက်လာအောင် မလုပ်ဘဲ ကြောက်တယ်.. ကြောက်တယ်… ပြောပြီး နောက်ကွယ် ဝေးဝေးမှာ ဖယ်ပုန်း ခြေရာဖျောက် နေကြမည်လား။

ကြောက်သူ များလေလေ၊ စစ်အာဏာသိမ်း ဓါးမြကြီးများ အတွက် မတရား ဓါးပြတိုက် လုယက်ရန် အချိန်များများ ပိုရလေ ဖြစ်ကြောင်း ကျနော်တို့ စစ်တပ်တွင်းမှ မျိုးချစ်စစ်သည်တို့ သိစေချင် လှပါ၏။ လက်ရှိ စစ်တပ်တွင်း အလုပ်လုပ် နေကြသော စစ်သည် အဆင့်အတန်း အားလုံးတို့သည် တကယ်တမ်းသာ တိုင်းပြည်ကို ချစ်ခင်မြတ်နိုး၍ စစ်တပ်တွင်း ၀င်ခဲ့ပါသည်ဆိုလျှင် ယနေ့ခေတ်ပျက် ခေတ်ကျပ် အခါသမယ ကို လက်ပိုက်ကြည့်နေ၍ မသင့်တော့ပါ။

စစ်တက္ကသိုလ်ဆင်း စစ်အရာရှိ ကြီးငယ်များ၊ အခြားသော ဗိုလ်သင်တန်း အသီးသီးမှ ဆင်းသော ညီနောင် အရာရှိများ၊ မျိုးချစ်စစ်သည်များ အားလုံးတို့ ပြည်သူ့ သားကောင်းများအဖြစ် ၀င့်ဝင့် ထယ်ထယ် နေလိုပါသည်ဆိုလျှင်.. ပြည်သူ့မျက်နှာကို ကြည့်တတ်မှ ပြည်သူ့ အလိုကျ တာဝန်ထမ်းပါမှ ရပါမည်။....

ပြည်သူ့ မျက်နှာကိုမကြည့် ကိုယ့်ဘို့သာ ကြည့်ပြီး အာဏာ၊ ရာထူး၊ ငွေကြေး၊ အခွင့်အရေး၊ ပေးစွမ်း နိုင်သော အာဏာရှင် သူခိုးဓါးပြများ အလိုကျသာ ဖေါ်လံဖား ပုဆိန်ရိုး လုပ်နေကြမည် ဆိုလျှင် ကျနော်တို့ တိုင်းပြည်သည် များမကြာသော ကာလအတွင်း ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ် သွားလိမ့်မည် ဖြစ်ကြောင်း စေတနာဖြင့် အကြံပေး တင်ပြလိုက်ပါရစေ။

ထို့ကြောင့် တပ်မတော်တွင်း ပြဌာန်းထားသော စည်းကမ်း နည်းဥပဒေများကို အတိအကျ လိုက်နာ စောင့်ထိမ်းနိုင်အောင် ကြိုးစားပါ။ စစ်ဗိုလ်ချုပ်ကြီးများက ဖောက်ဖျက်၍ ဒို့လည်း ကျူးလွန် ဖောက်ဖျက်ရ ပါသည် ဆို၍ တိုင်းပြည် လက်ရှိဘ၀က လွတ်မည် ကျွတ်မည် မဟုတ်ကြောင်း သတိပြုကြပါ။

တကယ်တမ်းသာ စည်းမျဉ်း စည်းကမ်းများကို စစ်သည်အဆင့်အတန်း အားလုံးအတိအကျ လိုက်နာပြီး ထားရှိမွေးမြူ သင့်သည့် မျိုးချစ်ပြည်ချစ်၊ တိုင်းချစ်စိတ်ဓာတ်ကို ကိုယ်စီ လေးလေးနက်နက် မွေးမြူ ကျင့်သုံး လာကြပြီဆိုလျှင် စစ်အာဏာရှင် ဓားမြဗိုလ်ချုပ်ကြီးများ ဤမြေ၊ ဤဒေသတွင် ဆက်လက်နေထိုင် မင်းမူ ဗိုလ်ကျ အနိုင်ကျင့်ရန် ဘယ်နည်းနှင့်မျှ ဖြစ်နိုင်တော့မည် မဟုတ်ကြောင်း ပြည်ချစ်သော စစ်သားတိုင်း သိစေလို၊ တွေးတော စေလိုလှပါသည်။

(စစ်တက္ကသိုလ်တွင်း အတွေ့အကြုံများကို ဆက်လက်ရေးသားနိုင်ရန် ကြိုးပမ်းပါအုံးမည်။ လောလော ဆယ်တွင် မိမိ၏ ရှားပါးလှသော ကိုယ်ပိုင်အချိန်တွင်းမှ ကြိုးစားအချိန်လု ရေးသားရ ပါသောကြောင့် အရေးအသား ချောမွေ့ ပြေပြစ်မှု အားနည်းနေသည်ကို စာဖတ်သူများအနေဖြင့် နားလည် ခွင့်လွှတ် ပေးစေလိုပါသည်)

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

Tuesday, April 8, 2008

ဒါဖတ်ပြီးမှ မဲပေးပါ (၁)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းဟာ လူတယောက်၊ ပါတီတဖွဲ့၊ အဖွဲ့အစည်းတခု အကျိုးစီးပွားအတွက် ရေးဆွဲ ထားတာ မဟုတ်ပါဘူးလို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် မကြာခင်က ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး သိန်းစိန် ပြောတာ မှန်မမှန် စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို မြေလှန် ဆန်းစစ်ဖို့ လိုလာပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲဖို့ အမျိုးသား ညီလာခံ စကျင်းပတဲ့ လွန်ခဲ့တဲ့ (၁၄) နှစ်ကို ပြန်ကြည့်ရင် ညီလာခံ ဦးတည်ချက် (၆)ချက် သတ်မှတ်ထား ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းအတွက် အခြေခံမူတွေ အမျိုးသားညီလာခံက တဆင့် ရေးဆွဲရာမှာ ဒီ ဦးတည်ချက် (၆) ချက်နဲ့ မလွတ်စေဖို့ စစ်အစိုးရက ကြိုတင်ဘောင်ခတ် ထားတာပါ။

ညီလာခံ ဦးတည်ချက် နံပါတ် (၆)အချက်မှာ အနာဂတ် နိုင်ငံတော် အမျိုးသား ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော် ပါဝင် ထမ်းဆောင်ရေးလို့ အတိအလင်း ရေးထားပါတယ်။ ဒါကြောင့် စကတည်းက စစ်တပ်အကျိုးအတွက် ရည်ရွယ် ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ဆိုတာရှင်းနေပါတယ်။ ဒီအချက်ကို ညီလာခံတက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အတော်များများ လက်မခံပေမဲ့ နောက်ဆုံး အလျှော့ ပေးခဲ့ရပါတယ်။ ဒိနောက် အနာဂတ် နိုင်ငံရေးမှာ စစ်တပ် ကြိုးကိုင်နိုင်ဖို့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းထဲမှာ စစ်တပ်ကဏ္ဍတွေကို ပြဋ္ဌာန်း နိုင်အောင် ညီလာခံကိုယ် စားလှယ် (၆)ဦးပါတဲ့ အဖွဲ့တခုက အဆိုအမျိုးမျိုး တင်သွင်းခဲ့ပါတယ်။ ဒီကိုယ်စားလှယ် တွေကတော့ တချိန်က အန်အယ်လ်ဒီက အထုတ်ခံထားရတဲ့ အမတ်တွေ ဖြစ်ပါတယ်။

မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် (၁) က ဦးကြည်ဝင်း၊ မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် (၂) ကဦးတင်ထွန်းမောင်၊ တွံတေး မဲ ဆန္ဒနယ် အမှတ် (၂) က ဦးမြလှိုင်၊ ကျိုက်လတ် မဲဆန္ဒနယ်အမှတ် (၂)က ဦးတင်ဝင်း၊ တောင်တွင်းကြီး မဲဆန္ဒနယ် အမှတ် (၁) က ဦးသိန်းကြည်နဲ့ မင်းဘူးမဲဆန္ဒနယ် အမှတ် (၂) က ဦးလှစိုး တို့ (၆)ဦးဖြစ်ပါတယ်။
အန်အယ်လ်ဒီ ကထုတ်ပယ်ထားတဲ့ ဒီအမတ်(၆)ဦးဟာ အမျိုးသား ညီလာခံမှာ တပ်မတော် အခန်းကဏ္ဍ သမ္မတ လုပ် ပိုင်ခွင့် စတဲ့ အရေးပါတဲ့ ကဏ္ဍတွေကို အကြံပြုခဲ့သူတွေ ဖြစ်ပါတယ်။

စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ရေးဆွဲရာမှာ ညီလာခံဦးတည်ချက် (၆)ချက်နဲ့ ဘောင်ခတ်ရုံသာ မက စစ်တပ်ကဏ္ဍ ပစ်ပယ်သွားတာမျိုး မဖြစ်ရအောင် အခြေခံမူ (၁၀၄) ချက် ဆိုတာပါ မူလကတည်းက သတ်မှတ်ပြီး ဒီဘောင်ထဲက ရေးရမယ်လို့ ထပ်ပြီး ပြဋ္ဌာန်းပြန်ပါတယ်။ စစ်အစိုးရ သတ်မှတ်တဲ့ အခြေခံမူ (၁၀၄) ချက်ကို ဆင့်ပွားပြီး အမျိုးသားညီလာခံ အဆင့်ဆင့်မှာ ညီလာခံ ကိုယ်စားလှယ်တွေ အသေးစိတ် အဆိုပြုတာကိုတော့ အသေးစိတ် အခြေခံ ရမယ့်မူတွေလို့ သုံးနှုန်းပါတယ်။ အမျိုးသား ညီလာခံက အတည်ပြုထားတဲ့ အသေးစိတ် အခြေခံရမယ့် မူတွေကို အခြေခံ ပြီးမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ဆိုပြီး စစ်အစိုးရက ပုဒ်မတပ် ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ကြည့်ရင် အနာဂတ် နိုင်ငံရေးမှာ စစ်တပ် ကြိုးကိုင်နိုင် အောင် ခုလို အဆင့်ဆင့် ခြေကုတ်ယူ ပြဋ္ဌာန်းထားတာတွေ့ရမှာဖြစ်ပါတယ်။

- နိုင်ငံတော်သမ္မတကို စစ်ရေးအမြင်ရှိသူ ဖြစ်ရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အခန်းပုဒ်မ ၅၉ (ဃ) မှာ ပြဋ္ဌာန်းပါတယ်။ မူလက နိုင်ငံတော်သမ္မတကို စစ်ရေးအတွေ့ အကြုံရှိသူ ဖြစ်ရမယ်လို့ အဆိုပြုပြီးကာမှ ညီလာခံတွင်း ဝေဖန်မှုတွေ မကျေနပ်မှုတွေ ဖြစ်ပြီးနောက် နိုင်ငံတော်သမ္မတကို စစ်ရေးအမြင်ရှိသူ ဖြစ်ရမယ်လို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
တနည်းပြောရရင် လက်ရှိ မြန်မာစစ်ခေါင်းဆောင် တွေထဲက အငြိမ်းစားယူပြီး သမ္မတလုပ်ချင်သူ လုပ်နိုင်အောင် လမ်း ဖွင့်ပေးထားတဲ့ အချက်လို့ တချို့လေ့လာသူတွေက တွက်ပါတယ်။

- လွှတ်တော်ကို ကြည့်ရင်လဲ စစ်ဗိုလ်လွှတ်တော် ကိုယ်စားလှယ် (၂၅) ရာနှုန်းပါရမယ်လို့ ဥပဒေပြုရေး အခန်း (၄)ပြည်သူ့ လွှတ်တော် ဖွဲ့စည်းခြင်း ပုဒ်မ (၁၀၉) မှာ ပြဋ္ဌာန်းထားပါတယ်။ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၄၄၀) အနက် စစ်တပ်က တင်မြှောက်လိုက်တဲ့ စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ် ဦးရေ (၁၁၀) ရှိရမှာဖြစ်တယ် လို့ ပြဋ္ဌာန်း ထားပါတယ်။ ဒါကြောင့် ရာခိုင်နှုန်းနဲ့တွက်ရင် စစ်တပ်က လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်း ပါဝင်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

- အခြေခံမူ (၁၀၄)ချက် အရေးပေါ်ကာလ အခန်းကိုကြည့်ရင် စစ်တပ်ကို အာဏာသိမ်းခွင့် ရှိတယ်လို့ မူချထား ပါတယ်။ ဒါပေမယ့် ဒီအချက်အပေါ် ညီလာခံကာလ ဝေဖန်ဆန့်ကျင်မှုတွေ များခဲ့ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းထွက်လာတဲ့အခါ တိုင်းပြည်အရေး ကြုံလာရင် စစ်တပ်က တိုက်ရိုက် အာဏာသိမ်းခွင့် ရှိတယ်လို့ မသုံးနှုန်း တော့ဘဲ သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ကို တိုင်းပြည်တည်ငြိမ် အေးချမ်းသည်ထိ အများဆုံး တနှစ်တိတိ အာဏာ လွှဲနိုင်တယ်ဆိုတဲ့သဘောနဲ့ နားလှည့် ပါးရိုက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ (အခန်း (၁၁) အရေးပေါ် ဆိုင်ရာ ပြဋ္ဌာန်း ချက်များ)
ဒီထက်ဆိုးတာက အဲသလို တိုင်းပြည် ငြိမ်ဝပ်ပိပြားအောင် ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ယူထားတဲ့ ကာလ အတွင်း ဆောင်ရွက်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို လုံးဝ တရားစွဲဆိုခွင့် မရှိလို့ ပုဒ်မ (၄၃၂) မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ သဘော ကတော့ ပြီးခဲ့တဲ့ သံဃာ့ အရေးအခင်းလို ကိစ္စမျိုး၊ ၈၈ အရေးအခင်းမျိုး အနာဂတ်မှာ ဖြစ်လာလို့ စစ်တပ်က လူသတ်သတ်၊ ဓားပြတိုက်တိုက် ဘယ်လို နှိမ်နင်းနှိမ်နင်း အရေးယူခွင့် မရှိဆိုပြီး အခြေခံဥပဒေနဲ့ ကြိုတင်အကာအကွယ် ယူထားတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

- အရေးပေါ်အခြေအနေ ကြေညာတဲ့နေရာ မှာလည်း သမ္မတဟာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ တိုင်ပင်ပြီး လိုအပ်သလို အမိန့်ထုတ်ပြန် နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ (ပုဒ်မ ၄၁၀၊ ၄၁၁၊ ၄၁၂ )။ ဒီနေရာမှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဘယ်သူတွေနဲ့ ဖွဲ့ထားသလဲ ကြည့်ဖို့လိုပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတ နှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒု-ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ် (ပုဒ်မ ၂၀၁) ။
အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၁)ဦးကို ကြည့်ရင် သမ္မတက စစ်ရေးအမြင်ရှိသူ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒု-ကာကွယ်ရေး ဦးစီးချုပ်နှစ်ဦးက စစ်သား၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနကိုလည်း စစ်တပ်ကပဲ ကိုင်ထားမှာဆိုတော့ (၁၁) မဲမှာ စစ်တပ်က (၆) မဲ အပိုင်ရထားတာမို့ တိုင်းပြည် အရေးပေါ်ကာလ ဆုံးဖြတ်ချက်တွေကို စစ်တပ်လိုချင်သလို ခြယ်လှယ်ခွင့် ရှိမှာ ဖြစ်ပါတယ်။

- နိုင်ငံရေးအပိုင်းကို ကြည့်ပြန်တော့ နိုင်ငံ့ဝန်ထမ်းချင်း အတူတူ အရပ်သား ၀န်ထမ်းကိုတော့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခွင့်မရှိလို့ တားမြစ်ထားပေမယ့် စစ်သား စစ်ဗိုလ်ကိုတော့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်နိုင်တယ် ဆိုပြီး ခြွင်းချက်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပုဒ်မ (၁၂၁ ပုဒ်မခွဲ ည ) မှာ ပြဋ္ဌာန်းထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဖြစ်ထိုက်သူ သတ်မှတ်ချက်ထဲမှာ စစ်ဗိုလ်၊ စစ်သား ပါနိုင်တယ်လို့ ပြဋ္ဌာန်းလိုက်ရင် အရပ် ဘက် ၀န်ထမ်းတွေပါ အမတ်ဖြစ်လာနိုင်တာမို့ ခုလို ပြောင်ကျကျ အခြေခံဥပဒေကို အလွဲသုံးစားလုပ်ပြီး စစ်ဗိုလ် အမတ် (၂၅) ရာနှုန်းရအောင် ယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆ (က) မှာ နိုင်ငံ့ဝန်ထမ်းဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရမယ်လို့ ဆိုထားတဲ့အတွက် စစ်ဗိုလ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်ရမယ် ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ပုဒ်မ ၁၂၁ (ည) နဲ့ ၀ိရောဓိ ဖြစ်နေတာတွေ့ရပါတယ်။

- စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပုဒ်မ (၃၄၀) ကို ကြည့်ရင်လည်း စစ်တပ်ဦးဆောင်မှုနဲ့ ပြည်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

- စစ်ဘက် တရားစီရင်ရေးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ် ဖြစ်စေရမယ်။ တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိတယ်လို့ ဆိုထား ပြန်ပါတယ်။ (ပုဒ်မ ၃၄၃ )
သဘောကတော့ စစ်သားက ရာဇ၀တ်မှုကျူးလွန်ရင် အရပ်ဘက် တရားစီရင်ရေးက အရာ မရောက်တော့ဘူးလို ဖြစ်နေတဲ့အတွက် အနာဂတ် တရားစီရင်ရေးဟာ ရင်လေးစရာ ဖြစ်တယ်လို့ ရန်ကုန်ရှေ့နေ အသိုင်းအ၀ိုင်းက ထောက်ပြပါတယ်။ ထူးခြားတဲ့ အချက်က သမ္မတအပါအ၀င် နိုင်ငံဝန်ထမ်း အကြီးအကဲတွေကို စစ်အစိုးရ အသုံးအနှုန်းအရ စွပ်စွဲပြစ်တင် ခွင့် သတ်မှတ်ပြဌာန်း ထားပေမယ့် ကာကွယ်ရေး ဦးစီးချုပ်ကိုတော့ ဘာလုပ်လုပ် ကွင်းလုံးကျွတ် ဖြစ်အောင် အခြေခံဥပ ဒေနဲ့ ကာကွယ် ပေးထားပါတယ်။ ဒါတင်မက ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အဆင့်အတန်းဟာ ဒု-သမ္မတ အဆင့်နဲ့ တပြေးညီ ဖြစ်ရမယ်လို့ အသေးစိတ် အခြေခံရမယ့် မူတွေမှာ ပြဋ္ဌာန်း ထားပြန်ပါတယ်။

- စစ်တပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဘက်စုံ ကျားကန်ထားရုံမက စစ်တပ်မိသားစုတွေရဲ့ စားဝတ်နေရေးကိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကာကွယ် ပေးထားပြန်ပါတယ်။ ကျဆုံးသွားတဲ့ စစ်သားရဲ့ ကလေးတွေကို နိုင်ငံတော်က တာဝန် ယူစောင့်ရှောက်ရမယ်။ မသန်စွမ်းတဲ့ စစ်သားတွေအတွက် အသက်မွေးပညာ အခမဲ့ သင်ယူခွင့် ပေးရမယ် ဆိုပြီး ဖွဲ့စည်း ပုံအခြေခံ ဥပဒေမူကြမ်း ပုဒ်မ ၃၂ (က)(ခ) မှာ ပြဋ္ဌာန်းထားပါတယ်။
နိုင်ငံ့ ၀န်ထမ်းတာချင်း အတူတူ အရပ်ဘက် ၀န်ထမ်းထက် စစ်ဘက်ဝန်ထမ်းက ပိုအရေးပါတယ် ဆိုပြီး အခြေခံဥပဒေ ကိုသုံး အလွဲသုံးစားလုပ်၊ ပြောင်ကျကျ ခွဲခြားပြီး တိုင်းပြည်ဘဏ္ဍာ ဖြုန်းဖို့ အခွင့်အရေး ယူထားတာ ဖြစ်ပါတယ်။

ဒီဆောင်းပါးပါ အချက်တွေကို စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းနဲ့တိုက် မင်နီတား ဖတ်ကြည့်မယ်ဆိုရင် ဘယ်သူ့ အကျိုးအတွက် ရည်ရွယ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလဲ ဆိုတာ မျက်ဝါးထင်ထင် မြင်ရမှာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က အဖွဲ့အစည်းတခု အကျိုးစီးပွားအတွက် ရေးဆွဲထားတာ မဟုတ်ပါဘူးလို့ ပြောနေပေမယ့် တကယ်တမ်း စစ်အစိုးရ လုပ်ရပ်က (ဆရာကြီး သခင်ကိုယ်တော်မှိုင်း စကားနဲ့ ပြောရရင်) ဗြဟ္မာ့ဘုံ နွားခုန်တက် သလို ဖြစ်နေတယ်ဆိုတာ ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။

ဦးစိန်ကျော်လှိုင်
ခေတ်ပြိုင်မှ ကူးယူဖေါ်ပြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈) အပြည့်အစုံကို ဤနေရာမှ ဖတ်ရှုနိုင်သည်

Read More...

ယနေ့စစ်တပ် ဘာတွေဖြစ်နေသလဲ (၁၉)

ပြီးခဲ့သည့် တပတ်က ကျနော်တို့ စစ်တက္ကသိုလ်တွင်း လျှက်တပြတ် တချို့ကို ကျနော် တတ်စွမ်းသရွှေ့ တင်ပြခဲ့၏။
၎င်းကို ဖတ်ရှုမိသော ကျနော်၏ ညီနောင် စစ်တပ်အရာရှိ စီနီယာ တချို့ အတွင်းမှ ထိုစာစုများနှင့် ပတ်သက်၍ ထောပနာပြုသူ ရှိသလို၊ ရှုတ်ချသူကိုလည်း တွေ့ရပါသည်။ မြန်မာ စစ်တပ်တွင်းမှ အဖြစ်မှန်၊ အကြောင်းမှန် တို့ကို စာပေရသ အားဖြင့် မြင်ဖူးရန် လွန်စွာ ခက်ခဲသော ယနေ့အချိန်မျိုးတွင် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ရှင်းရှင်း ရေးသားသော ကျနော့် စာမျက်နှာတို့သည် ထူးဆန်းသော အကြောင်းတခု ဖြစ်နေလေ၏။ မယုံသူလည်းရှိ၊ ယုံသူလည်းရှိ၏။ ဝေဖန်သူလည်း တွေ့ရ၏။ လာအားပေးသူကိုလည်း တွေ့ရ၏။

ဤဖြစ်စဉ်များ၊ အကြောင်းအရာများသည် မြန်မာပြည်၏ မြေမျက်နှာပြင် တနေရာတွင် အမှန်တကယ် ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များ ဖြစ်ပါသည်။ မှတ်မိသည့် နေ့စွဲများ အနက်မှ ယနေ့ တိုင်းပြည် ပြန်လည် ပြုပြင်တည်ဆောက်ရေး ကဏ္ဍတွင် တထောင့် တနေရာမှ ပါဝင်ပတ်သက် နိုင်လိမ့်မည်ဟု ယုံကြည်ရ မည့် အကြောင်းအရာများကို တင်ပြခြင်း ဖြစ်ပါသည်။ ကိုယ်ရည်မသွေး၊ မျက်နှာမလိုက်၊ ပင်းခြင်း၊ ယိမ်းခြင်းမရှိ၊ လူငယ်တဦး၏ ခံစားခဲ့ရသော အမြင်အာရုံအတိုင်း ရေးသားတင်ပြခြင်း ဖြစ်၍၊ စစ်တပ် အတွင်းမှ အမှန်တရားကို မြတ်နိုးသူ၊ လွတ်လပ်စွာ ရေးသားခြင်း၊ ပြောဆိုခြင်းကို ရယူပိုင်ဆိုင်လိုသူ မျိုးချစ်စစ်သားများက ကျနော့်ကို အားပေး၏။

အာဏာရှင့် နောက်လိုက် (ခိုင်းတာလုပ်၊ ပေးတာယူ၊ ကျွေးတာစား၊ ခေါ်ရင်သွား၊ ခံမပြောရဲသော၊ ခွေးသာသာ အပြီးထောင်ခွင့် ရထားသည်ကို မာန်တက်နေသည့်) ဘ၀ဖြင့် တရယူ၊ တမှီနှိုက်၊ ရာထူး၊ အာဏာ၊ နေရာ၊ ငွေကြေး၊ အခွင့်အရေး အတွက် အာဏာပိုင် မှန်သမျှ ခြေသလုံးဖက်ရန် မရှက်၊ တောင်းစားရန် မရှက်သူ၊ ကိုယ်ကျိုးတခုသာ ကြည့်သူ စစ်ဗိုလ်တချို့က ကျနော့်အား သစ္စာဖေါက်ဟု စွပ်စွဲ၏။

လူတို့ လှုပ်ရှားမှုဖြင့် ဖြစ်ပေါ်ခဲ့သော မိမိတို့ ကိုယ်တွေ့ အတွေ့အကြုံများကို မှတ်တမ်းပြု ရေးဖွဲ့ ပြေဆိုခြင်းအား သစ္စာဖေါက်ဟု ဆိုနိုင်ပါမည်လား။ ကျနော်တင်ပြခဲ့သည်များကလည်း ကျနော့် တကိုယ်ရည် ကောင်းကျိုးအတွက် တခုမှမပါ ပါ။ မြန်မာ့တပ်မတော်၊ ယနေ့ အာဏာသိမ်း အစိုးရ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ အတွင်း ဖြစ်ပျက်ခဲ့သမျှသော အကြောင်းများ၊ ဖြစ်စဉ်များသည် မြန်မာ့သမိုင်းနှင့် နိုင်ငံ့ အနာဂတ် အကြောင်း အကောင်းအဆိုး ဝေဖန်စီစစ်ချက်များဖြင့် သမိုင်းသင်ခန်းစာ ထုတ်နိုင်မည့် အချိန်ကာလ တခုအတွက် အကျုံးဝင်သည့် အချက်အလက်များ သာဖြစ်၏။

ထို့ကြောင့် သမိုင်း၏ တစိတ်တပိုင်း ဖြစ်စဉ်များ အနက်မှ ဖြစ်ရပ်များ ဟုသာ သဘောထား၍ ဤစာစုမျိုးကို ရည်ရွယ်ရေးသား နေခြင်းဖြစ်ပါသည်။ ကျနော့်ထက်ပိုမို၍ သိရှိလေ့လာ မှတ်သားထား မိသော ညီနောင်စစ်သည်တော်တို့ ထံမှလည်း ဤသို့ ပြည်သူဘက် ရပ်တည်သော၊ အမှန်တရား ဖြစ်ရပ်များကို စာတစောင် ပေတဖွဲ့ ရေးသားကာ ပြည်သူ့ထံသို့ တင်ပြဆောင်ကြဉ်း ပေးလာစေလို စိတ်လည်း ပြင်းပြစွာ ရှိပါ၏။ သို့ဖြစ်သောကြောင့် ကျနော်မှ အစကနဦး (မဟုတ်သည့်တိုင်)၊ ကြိုးစား ထိုးဖောက် ရေးသားနေခြင်း ဖြစ်ပါသည်။

မြန်မာ့တပ်မတော်ကို စတင်လည်ထောင်ခဲ့သူ ရဲဘော်သုံးကျိပ်၊ မျိုးချစ်ဘိုးဘေးများက သူတို့၏ အတွေ့ အကြုံများကို စာမျက်နှာထက်တင် စာဖတ်သူတို့ထံ ပို့ခဲ့၍သာ ဖက်ဆစ်ခေတ်က မြန်မာတို့၏ နာကျည်း အောက်မေ့ဖွယ်၊ သနားဖွယ် ဘ၀တို့ကို ကျနော်တို့သိခဲ့၏။ သူတို့ခေတ်၊ သူတို့သမိုင်းတွင် သူတို့ ဖြတ်သန်းခဲ့သမျှ ခေတ်အရိပ်ကို အရှင်းဆုံး၊ အလွတ်လပ်ဆုံး ရေးသားမှတ်တမ်း တင်ခဲ့သောကြောင့် သာ နောင်ကြဉ်နိုင်မည့် လုပ်ရပ်များ၊ ဆောင်ရန် ရှောင်ရန်များကို ကျနော်တို့သိခဲ့၏။ အဖြူ အမဲ၊ အမှား အမှန် ခွဲခြားသိခဲ့သော်လည်း ဆောင်လိုသည်ကို မဆောင်ရ၊ ရှောင်လိုသည်ကို မရှောင်ရအောင် ယနေ့ အာဏာရှင် စနစ်က ဘောင်ခတ် ကျုံးသွင်း ပိတ်ဆို့ထား၏။ ရှေးယခင် ပဒေသရာဇ် စနစ်ကို ပုံပြောင်းပြီး ခေတ်သစ် ပဒေသရာဇ် စနစ်ဖြင့် တိုင်းပြည်ကို ကျွန်ပြုလိုသည့် စိတ်ယုတ်မာဖြင့် နည်းမျိုးစုံ သုံး အကောက်ကြံနေသော ဘုရင်ရူး အာဏာရှင်ကို နေမမြင့်မှီ တားဆီးနိုင်မှ တော်ကာကျမည်။ သို့မဟုတ်ပါက ပြည်နာ၏။

ကျနော်သည် ခေတ်တွင် ရှေးဘိုးဘွားတို့ထက် တော်လှန်ရေး စိတ်ဓါတ်ထက်မြတ် လိမ္မာမှ ရမည်။ အဘယ့်ကြောင့်ဆို ရှေးခေတ်က ပြည့်ရန်သူသည် တိုင်းတပါးလူမျိုးခြား ဖြစ်၍၊ ယနေ့ပြည့်ရန်သူသည် မိမိတို့ လူမျိုးတူချင်းဖြစ်နေ၏။ မိမိတို့၏ အဆွေအမျိုး၊ တကိုယ်ကောင်း စိတ်ဓါတ်ပိုင်ရှင် သားချင်း များပင် စိတ်ဓါတ်ရေးရာအရ ပြည့်ရန်သူ၊ ပြည်ဖျက် သစ္စာဖောက် ပုဆိန်ရိုး စာရင်းဝင်နေ၏။ ထို တကိုယ်ကောင်း အနားပျာ ကျွန်စိတ် ခံယူချက်အရ မျိုးဖျက် ပုဆိန်ရိုး ဖြစ်နေသော စစ်အာဏာရှင့် နောက်လိုက် စစ်ကျွန် စစ်ပိုင်ရှင်တို့ကို သုတ်သင်ဖယ်ရှား၊ ပုံပြောင်းရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရမည့် အရေးမှာ ယနေ့ ကျနော်တို့ ခေတ်၏ တော်လှန်ရေးပင် ဖြစ်တော့၏။

ဤသို့သော သိမ်မွေ့ ရှုပ်ထွေးသော စိတ်ဓါတ်ရေးရာ တော်လှန်ရေးကြီး ပေါ်ပေါက်လာရန် ရည်မျှော်၍ လိုအပ်နေသော သမိုင်းပေး တာဝန်ကို ကျနော်တို့ လူငယ်များ ထမ်းဆောင်ရန် ပြင်ဆင်ပြီး ဖြစ်နေမည် ဟု ကျနော်ယုံကြည်၏။ ထို့ကြောင့် ကျနော်တို့ ဘိုးဘေများ၏ နောင်မျိုးဆက်များ အပေါ်ထားရှိခဲ့သော သမိုင်းအမွေ စေတနာ၊ တော်လှန်ရေး စိတ်ဓါတ်အမွေများကို အထူးအားကျ၍ (သူတို့၏ ပေးဆပ်စွန့်လွှတ်မှု စိတ်ထားကို ခြေဖျားမှ မမှီသော်လည်း) တတ်စွမ်းသမျှ ကြိုးစားရေးသားခြင်း ဖြစ်၏။ စစ်တပ်၏ စစ်ကျွန်အရာရှိ တဦးအဖြစ်မှ ပြည်သူလူထုဘက် ရပ်တည်သော လုပ်ရပ်ကို ပြည်သူ့ ကာကွယ်ရေး မျိုးချစ်စစ်သားတဦး အဖြစ်ကူးပြောင်းပြီး၊ မျိုးဆက်သစ် မျိုးချစ်လူငယ်တဦး၏ လုပ်သင့်သော အလုပ်ကို လုပ်ဆောင်ခြင်းသာ ဖြစ်ပါသည်။

တဖန်… မြန်မာနိုင်ငံတွင် ဆိတ်သုဉ်းနေသော လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်၊ ထင်မြင်ယူဆခွင့် တို့ ပြန်ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ရေးသားဝံ့သူ နည်းပါးနေသေးသော မြန်မာစစ်တပ်တွင်းမှ ဖြစ်စဉ် အခြေအနေမှန်များကို တတ်စွမ်းသရွှေ့ စီစဉ်ရေးသား တင်ပြခြင်းလည်း ဖြစ်၏။ စွန့်လွတ်ခြင်း များစွာဖြင့် အနာဂတ် ပျောက်နေရရှာသော ပြည်သူ့သားမျိုးချစ်၊ မျိုးချစ်တပ်မတော်သား တို့ အနာဂတ် ကောင်းရာ၊ ကောင်းကျိုးအတွက် အဓိက ရည်ရွယ် ကြိုးပမ်းခြင်းလည်း ဖြစ်ပါသည်။

ယနေ့ စစ်တပ်၏ လုပ်ရပ်များနှင့် ပတ်သက်၍ တိုင်းပြည်နှင့် ပြည်သူလူထု ကောင်းရာကောင်းကျိုး အတွက် ဖြစ်သင့် ဖြစ်ထိုက်သည့် အကြောင်းအရာ၊ လုပ်ရပ်များဆိုလျှင် ထောက်ခံရမည်။ တိုင်းပြည် အတွက် ဆုတ်ယုတ်နိမ့်ကျ ပျက်စီးစေနိုင်သည့် လုပ်ရပ်၊ နည်းနာများ၊ ဖြစ်စဉ်များကို မကောင်းသည့် အကြောင်း၊ မဖြစ်သင့်သည့် အကြောင်း ရေးရ၊ ပြောရမည်။ ဤသည်မှာ တိုင်းပြည်ကို ချစ်သော မျိုးချစ်သူ မြန်မာနိုင်ငံသား စစ်သားတိုင်း၏ တာဝန်ဖြစ်ပါသည်။

တိုင်းပြည်နှင့် လူမျိုး အကျိုးအတွက် ရှေးဦး စွန့်လွှတ် ပေးဆပ်သွားသော မျိုးချစ်အာဇာနည်ကြီး အားလုံးတို့သည် မွန်မြတ်သော ပေးဆပ်ခြင်းဖြင့် စံနမူနာကောင်းများ ပြခဲ့ကြပါသည်။ သူတို့၏ စိတ်နေစိတ်ထား လုပ်ရပ်များကို သူတို့ခေတ်က ရေးခဲ့သော စာပေများ၊ သမိုင်းများအရ ကျနော်တို့ သိခဲ့၏။ ယနေ့ ကျနော်တို့ ခေတ်တွင် လွတ်လပ်မှု ဟူသမျှတို့ ဆိတ်သုဉ်းပြီး၊ မရေးရဲ၊ မပြောရဲ၊ မဆိုရဲ၊ မဖွင့်ဖေါ်ရဲ၊ ဘာမှ မလုပ်ကိုင်ရဲသော ရဲတို့ ခေတ်တွင် အသက်ရှင်ခဲ့သော ကျနော်တို့၏ လုပ်ရပ်ကို ဤသို့ ရဲရဲရေး၍ မှတ်တမ်း မတင်ခဲ့လျှင် နောင်လာ နောက်သားတို့ မည်သို့ သိရှိလေ့လာ နိုင်မည်နည်း။
သို့အတွက် မိမိတို့ လုပ်ရပ်မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ပွင့်လင်းရိုးသားစွာ မှတ်တမ်းပြု ရေးဖွဲ့ခဲ့ မှသာ နောက်လာနောင်သားတို့ သိရှိပေမည်။ ထိုယုံကြည်ချက်ဖြင့် ကျနော်ရေးခြင်းဖြစ်၏။

ရှေးဘိုးဘေတို့ ရေးခဲ့သော သမိုင်းစာမျက်နှာတို့အရ မိမိတို့ ဘိုးဘေး အာဇာနည်ကြီးများ အကြောင်း ကျနော်တို့သိရှိ လေ့လာခွင့်ရ၏။ ကျနော်တို့မျိုးဆက်သစ် လူငယ်များသည် အဆိုပါ အာဇာနည်ကြီး တို့၏ မွန်မြတ်သော ပေးဆပ်မှုများကို အတုယူ အားကျသင့်၏။ သို့မှသာ တိုးတက်သော မျိုးဆက်များ အဖြစ် အမွေကောင်းတို့ကို လက်ခံယူရာရောက်မည်။ ထို သမိုင်းမှတ်တမ်းတို့ အရသာလျှင် ကျနော်တို့ နိုင်ငံ ယနေ့ ကြုံနေရသော အခြေအနေကို ယခင်ခေတ် မြန်မာပြည်၏ အခြေအနေတို့နှင့် ယှဉ်၍သာ ဆိုးခြင်း ရှိ၊ မရှိ၊ ပိုမို ကောင်းမွန်လာခြင်း ရှိ၊ မရှိသိမည်။ ဆိုးနေပါက အကောင်းသို့ရောက်အောင် ကြိုးစားလိုစိတ် ပေါ်မည်။ သို့မှသာ ယနေ့ ကြုံတွေ့နေရသော စစ်အာဏာရှင် ကျွန်သဘောက် ဘ၀မှ လွတ်မည်။ စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်မှသာ တိုင်းပြည် တိုးတက်မည်။ တိုင်းပြည်တိုး တက်မှ လွတ်လပ်ဖွံ့ဖြိုးသော နိုင်ငံသားများ အဖြစ် မော်ဝင့်နိုင်မည်။

ယနေ့ အခြေအနေမှန်ကို ထပ်ဆိုရလျှင် နိုင်ငံရေး အကြပ်အတည်း လိပ်ခဲတည်းလည်း ဖြစ်နေ၏။ ထိုကြားထဲ ပြည်တွင်း စီးပွားရေး အခြေအနေသည် နိမ့်သထက် နိမ့်ကျလာနေ၏။ ဆင်းရဲသထက် ဆင်းရဲလာနေ၏။ ဤအခြေအနေတွေကြား၊ တစတစ အင်အား ကြီးထွား လာနေသော တပ်မတော် သည် တိုင်းပြု ပြည်ပြု မျိုးချစ် တပ်မတော် ဖြစ်နေခဲ့လျှင် ပြဿနာမရှိ၊ ယခုကား ပြည်ချစ်တပ် ဟုတ်မဟုတ်၊ အမှန်တရားတို့ သမိုင်းစာမျက်နှာပေါ် ထင်ရှားစွာ ထွက်ပေါ်လာနေပေပြီ။

ကျနော်ရေးခဲ့သော အကြောင်းအရာတို့သည် မျိုးချစ်တပ်မတော် ဟု ကြေငြာနေသော တပ်မတော် အတွင်းမှ မထင်မရှား ဖြစ်ခဲ့သည့် အချင်းအရာတို့မျှသာ ဖြစ်သေး၏။ နိုင်ငံနှင့် လူမျိုးချီ၍ ဆုံးရှုံးနစ်နာ စေမည့် အာဏာရှင်တို့၏ အကြမ်းဖက်မှုများ၊ ဥပဒေမဲ့ အပြုအမူများ အကြောင်း မပါသေးပါ။ ကျနော်တို့ မျိုးချစ်တပ်မတော်သားများ၊ အရာရှိများ စိတ်မကောင်း ဖြစ်ကြရသည့် အဓိကအချက်မှာ တပ်မတော် သားဟူသည့် စစ်လက်နက်ကိုင် တပ်ဖွဲ့ဝင် မိမိတို့သည် မိမိတို့တာဝန် ဖြစ်သော တိုင်းပြည် ကာကွယ် ရေးကို ထဲထဲဝင်ဝင် မလုပ်ကြရဘဲ၊ ကိုယ့်ပြည်သူ တိုင်းရင်းသား လူမျိုးအချင်းချင်းကို ဖိစီး ခြောက်လှန့် နှိပ်စက်နေကြရသည်။ ကိုယ့်လူမျိုးချင်းကိုယ် နှိမ်နင်း သတ်ဖြတ်နေကြရသည်။ မိမိတို့ စစ်ယူနီဖေါင်း ၀တ် မှန်သမျှကို ပြည်သူတို့က မော်၍မျှ မကြည့်ဝံ့အောင် နည်းမျိုးစုံဖြင့် လုပ်နေကြ ရသည်။ ထိုလုပ်ရပ်များ၏ တန်ပြန် အရိပ်အဖြစ် ရပ်ထဲ၊ ရွာထဲ၊ မြို့ထဲသို့ စစ်ယူနီဖေါင်းဖြင့် ကျော့ကျော့ မော့မော့ ထွက်ရဲသူဟူ၍ မရှိသလောက် ဖြစ်နေကြရ၏။ ၎င်းမှာ ကျနော်တို့လို မျိုးချစ်စစ်သည်များ အတွက် ၀မ်းနည်းကြေကွဲမှု အခံစားရဆုံး ယနေ့ အတွေ့အကြုံဖြစ်၏။

ထိုသို့ အထင်မြင် စိမ်းကားမှုကို ကျနော်တို့ ခံစားရ၍ စိတ်မကောင်း ဖြစ်နေချိန်တွင် တိုင်းပြည်၏ အချမ်းသာဆုံး လူနည်းစု စာရင်း၌ စစ်ဗိုလ်ချုပ်ကြီးများ အားလုံး ပါဝင်နေ၏။ သို့သော် တိုင်းပြည် အဆင်းရဲဆုံး အလွှာဟု ဆိုနိုင်မည့် အခြေခံ လူတန်းစားထဲတွင် တပ်မတော်၏ အောက်ခြေအဆင့် စစ်သည် အားလုံးနီးပါးတို့ပါ၏။ ကျနော်တို့ စစ်ဗိုလ်များသည်လည်း အပါအ၀င်ဖြစ်၏။ တခုခုတော့ လွဲနေပေပြီ။ အမှန်တရားတို့ ပေါ်ထွက်သင့်ပေပြီ။ အမိ စစ်တက္ကသိုလ် အပါအ၀င် အခြားသော စစ်ကျောင်းအသီးသီးမှ ပြန်တမ်းဝင် အရာရှိဖြစ်ခဲ့သော အရာရှိ ကြီးငယ်များ၊ စစ်သည်များ အားလုံးတို့ အတွက် တင်ပြလိုပါသည်။ ညီနောင် အရာရှိစစ်သည်တို့ အနေဖြင့် ယနေ့ လုပ်ဆောင် နေကြရသော တာဝန်ဟူသည့် အလုပ်များသည် တိုင်းပြည်နှင့် လူမျိုး အတွက် မှန်ကန်သော အကျိုးကို ဖြစ်စေ၏၊ မဖြစ်စေ၏ လေးလေးနက်နက် စဉ်းစား ဆင်ခြင် သုံးသပ်မှု ပြုစေလိုပါ၏။

ဖြစ်ပြီးခဲ့သော အတိတ်က သမိုင်းများ၊ ဖြစ်လာနိုင်သည့် ယနေ့ ပြည်တွင်းရေးရာ အခြေအနေများ၊ ဖြစ်နေ ရင်ဆိုင်နေရသည့် ယနေ့ မိမိတို့ တပ်မတော်သားများ ဘ၀ (လက်တွေ့ ဘ၀ကို) အမှန်အတိုင်း သုံးသပ် ဆင်ခြင်မည်ဆိုလျှင် မိမိတို့ လက်ရှိဘ၀သည် (မင်း ခစား၊ ကမ်းနားသစ်ပင် ဆိုသည်ထက် ဆိုးဝါးသည့်) မည်သို့မျှ မသေချာ မရရာ မှုန်ဝါးဝါး ဖြစ်နေကြရသည်ကို တွေ့မြင်လာလိမ့်မည်။ မိမိတို့ အနာဂတ်ကိုပင် ယုံထင်၊ ကြောင်ထင် ဖြစ်နေအောင် ၀ါဒမှိုင်း တိုက်ခံထားရကြောင်း သိရှိ နားလည် လာပေလိမ့်မည်။ ထိုအခါ မိမိတို့၏ ရိုးရှင်းသော မျိုးချစ်စိတ်ကို ပြန်လည်ဖေါ်ထုတ် အသက်သွင်းမိလာ ကြလိမ့်မည်။ ပျောက်ဆုံးနေသော ပြည်သူ့ မေတ္တာကို တမ်းတလာကြ လိမ့်မည်။ ပြည်သူချစ်ခင် လေးစားသည့် မျိုးချစ် ပြည်သူ့စစ်သားဆိုသည့် ရဲရဲတောက် တပ်မတော်သားများ အဖြစ် ပြန်လည်ရယူ ပိုင်ဆိုင်ချင်လာ လိမ့်မည်။

ပြည်သူ့တပ်မတော်သား၊ မျိုးချစ်တပ်မတော်သား စင်စစ် ဖြစ်လိုစိတ် ပေါ်လာသည်နှင့် တပြိုင်နက် စစ်အာဏာရှင် စနစ်အောက် စစ်ကျွန်များ ဘ၀မှ ရုန်းထွက်လွတ်မြောက် လိုစိတ် ထွက်ပေါ်လာမည်မှာ မုချဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ၏ တသွေး တသံ တမိန့်အောက် နှင့် ယင်းတို့ ကိုယ်ကျိုးစီးပွား အာဏာ၊ ရာထူး တည်တံရေး တခုတည်းအတွက် မတရား အမိန့်ပေး စေခိုင်းခံနေရသော ဘ၀အောက်တွင် ပြည်သူ့ အကျိုးစီးပွား အတွက် ရည်ရွယ်၍ ဘာဆို ဘာမျှ ဆောင်ရွက်ခွင့် မရှိ။ ထို့ကြောင့် ပြည်သူ့ အကျိုးကို အမှန်တကယ် လိုလားသည်ဆိုလျှင် မိမိတို့ ယနေ့ ခံစားနေရသော စစ်ကျွန်ဘ၀မှ ဦးစွာ ရုန်းထွက်ဖို့ လွတ်မြောက်ဖို့လိုသည်။

မိမိတို့ချည်း စစ်ပုန်ကန်မှုလုပ်၍ စစ်အာဏာစက် အောက်မှ မလွတ်နိုင်၊ ပြည်သူနှင့် တက်ညီ လက်ညီ ပူးပေါင်း တိုက်ပွဲဝင်မှ ရမည်ဖြစ်၏။ ပြည်သူ့ စစ်သားတို့ တော်လှန် ဆန့်ကျင်ရမည့် အာဏာရှင်စနစ်ကို ကြိုးကို ချယ်လှယ်နေသူတို့အား ရေတွက်ကြည့်ပါက လက်ဆယ်ချောင်း အရေအတွက်မျှပင် မရှိသည် ကို တွေ့ရလိမ့်မည်။ ထို လက်ဆယ်ချောင်းမျှ အရေအတွက်မျှပင် မရှိသော အင်အား ပမာဏငယ်၊ လက်တဖျစ်စာပင် မရှိသော လူတစုကို၊ သန်း ၅၀ မျှသော ပြည်သူလူထုကြီး၊ မျိုးချစ် လက်နက်ကိုင် စစ်သား မဟာ အင်အားထုကြီးဖြင့် ၀ိုင်းဝန်း ပူးပေါင်းဆန့်ကျင်လျှင် ထိုလူတစု အာဏာပြ၀ံ့မည်တဲ့လား၊ ထိုလူတစု အာဏာ ရှိနေပါအုံးမည်လား။ ထိုလူတစု မိုက်ကန်းသော အမိန့်တွေ ပေးရဲပါအုံးမလား။ ယုံကြည်ချက် အပြည့်ဖြင့် စိတ်တူကိုယ်တူ ညီညာစွာ ဆောင်ရွက်လျှင် ပြည်သူလူထုကြီးရော ကျနော် တို့ မျိုးချစ် စစ်သားများပါ ယနေ့ ခံစားနေရသော စစ်ကျွန်ဘ၀မှ လွတ်မြောက်မည်မှာ မုချဖြစ်၏။

ထိုသို့ စစ်ကျွန်ဘ၀မှ လွတ်မြောက်အောင် ပြည်သူနှင့် တပ်မတော်သား မျိုးချစ်တို့ ပူးပေါင်း လက်တွဲ တိုက်ပွဲဝင်ပြီး၊ မိမိတို့ အနာဂတ်ကို ရေရာ သေချာစွာ စီမံခန့်ခွဲနိုင်မည့် ပြည်သူ့ အစိုးရလက်ထက် ရောက်အောင် ၀ိုင်းဝန်း ကြံဆောင်ကြဖို့ ယနေ့ လိုအပ်နေပေပြီ။ သို့မှသာ မိမိတို့ တပ်မတော်သားတို့ မျှော်လင့် တောင့်တနေသည့် ခိုင်မာသော အနာဂတ် သေချာရေရာမှု ရရှိနိုင်လိမ့်မည် ဆိုသည့် အကြောင်း လေးလေးနက်နက် တွေးတော ဆင်ခြင်စေလိုခြင်းသည် ယခုတပတ် စာစု၏ အဓိကကို ရေးသူ ကျနော်၏ အဓိက လိုလားချက် ဖြစ်ပါသည် ခင်ဗျား…......

ယခုတပတ်၏ ကျနော့်စာစုငယ်ကို ပြည်ပတွင် ပညာတော်သင် ရောက်ရှိနေသော (ညီငယ် ရေချမ်း အပါအ၀င်) ချစ်ခင်လေးစားရပါသော မျိုးချစ် စစ်အရာရှိငယ်များ၊ နေပြည်တော် စစ်တိုင်းရုံးချုပ်ကြီးမှ ညီနောင် အရာရှိများ၊ မျိုးချစ် စစ်သည်များ၊ နိုင်ငံ နေရာအနှံ့ရှိ ခြေလျှင်ခြေမြန် တပ်ရင်း အသီးသီး၊ နိုင်ငံ့တာဝန် ထမ်းဆောင်နေသည်ဟု ယုံကြည်ချက်ဖြင့် အသက်မွေးမှု ပြုနေသည့် ကျနော့် သူငယ်ချင်း ညီအကို မျိုးချစ် တပ်မတော်အရာရှိ၊ စစ်သည်များ အတွက် ရည်ရွယ်ကာ ရေးသား ပေးပို့ လိုက်ရခြင်း ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)
ရည်ညွှန်း။ ။ Burma Digest Online Magazine


PDF ဖိုင်ဖြင့် ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...