Wednesday, April 30, 2008

ယနေ့ စစ်တပ်.... ဘာတွေဖြစ်နေသလဲ (၃၀)

ဟုတ်ပါသည်။ တစ်နှစ်လုံး လက်သီးဆုပ်ခဲ့ရသော ဤမြေ၊ အပြေးတက်ခဲ့ရသော ဤလမ်း၊ တစ်နှစ်လုံး လက် ၉၀ ဒီဂရီ လွှဲခဲ့ရသော ဤအဆောင်၏ ဤနေရာ၊ ဤမြေပြင်တို့သည် ကျနော်တို့ သွေးမစို့ ခဲ့ဘူး သော နေရာဟူ၍ ရှိမည်မထင်။ တန်းစီကွင်း၏ ကွန်ဂရစ် ပြင်ကျယ်ကြီး တိတ်ဆိတ်နေပုံကို ကြည့်ရင်း ကျနော်တို့ တစ်နှစ်လုံး အပြစ်ပေး ခံခဲ့ရသည့် ဆူညံပွက်လော ရိုက်နေသောသဏ္ဍာန် ဆိုးဆိုးများကို သတိရမိ၏။ သြော်.. ဒီကွင်း ဒီပြင်မှာ ကျနော်တို့ ချွေးတွေ၊ သွေးတွေ၊ အန်ဖတ်တွေနဲ့ လူးကျခဲ့ရချိန် များကို တသသ သတိရမိသည်။ ထပ်မံ တွေ့ကြုံဖွယ်ရာ မရှိတော့ဟု အောက်မေ့မိပါသည်။ အဘယ့် ကြောင့်ဆိုသော် ဒုတိယနှစ် ဗိုလ်လောင်းဘ၀သည် ပထမနှစ်လောက် မပင်ပန်းကြောင်း ကျနော် လေ့လာ တွေ့ရှိမိ၍ ဖြစ်သည်။

ဒုတိယနှစ်များ တင်ဆောင်သည့် ထရပ်ကားကြီးများ ကျောင်းဝင်းအတွင်းမှ ထွက်ခွာသွားသည်နှင့် ကျနော်တို့ လွတ်လပ်ရေး တစ်ရက်ရခဲ့ချိန် စိတ်ကူးများ ဖြစ်ပါသည်။ ကျနော်တို့ကတော့ နက်ဖြန် နေ့လည်မှ ဤကျောင်းဝင်းအတွင်းမှ ထွက်ခွာရမည်မို့ အချိန်တစ်ရက် ရပါ၏။

ကျောင်းဝင်း တ၀င်းလုံးသည် စိန်ပန်းနီတို့ဖြင့် ရဲရဲနီနေ၏။ နွေကူးကာလမို့ထင်၊ ရာသီဥတုသည် ပူ သယောင် ထင်ရသော်လဲ ဒီလောက်မဟုတ်။ တောင်ပေါ် နွေဥတုအပြင် ရင်ထဲမှ ပျော်ရွှင်မှု အဟုန် ကလည်း မြင့်နေသောကြောင့် ပြင်ပ ကမ္ဘာကို ညစ်ညူးစိတ်ဝင်ရန် လက်ခံခြင်းလဲ ဖြစ်မည်။ “ဥသြ.. ဥသြ” ဟူသော ဥသြ ငှက်ကလေး၏ တွန်သံကို ကြားလေလေ၊ တိတ်ဆိတ်နေသော လေဟာပြင် ကြီးနှယ် ငြိမ်သက်နေသည့် ကျောင်းဝင်းကြီး အတွင်း၌ နေနေရသော တစ်ရက်တာ ဆိုသည့် နေ့ရက် အချိန်ကို မြန်မြန် ကုန်လိုလှလေလေ ဖြစ်နေသည်။

ထောင်မှ ထွက်သောသူ၊ ရှင်လိန်ပြန်သော သူတို့သည် လောကတွင် အပျော်ဆုံးဟု ဆိုသည်။ ထိုအချိန် ထိုလူတို့ ဘယ်လောက်ပျော်သည်ဆိုဆို ကျနော်တို့ အပျော်ကို မှီနိုင်မည် မထင်ဟု ဆိုဝံ့ပါသည်။

မွေးကင်းစမှ ၁၈ နှစ်တိုင် မခွဲမကွာ၊ ရင်အုပ်မကွာ နေခဲ့ရသော မိဘမောင်ဘွား ဆွေမျိုးသားချင်း များနှင့် ရုတ်ချည်းဗြုန်းစား ခွဲခွာ နေခဲ့ရသည်မှာလည်း တစ်နှစ်ပြည့်တော့မည်မို့ ပြန်တွေ့ရမည်ကို တွေး၍ ပျော်သော အပျော်က တစ်မျိုး၊ ပြင်ပအရပ်သား လောက မြန်မာပြည်သူများ အကြား လူပြော များသော ပင်ပန်းဆင်းရဲ ခက်ခဲ ကြမ်းတမ်းလှသည့် စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည် ဟူသော မိမိကိုယ်ကို ကျေနပ်ဂုဏ်ယူပြီး မိဘမောင်ဘွားများ အကြား ၀င့်ကြွားစွာ ကျော်ဖြတ်နိုင်ခဲ့မည် ဟူသော ငယ်မာန်ငယ်သွေး အလျှံက တဖုံ (စားမေးပွဲကျ သူများသည် ကျနော်တို့လောက် မပျော်ကြောင်း တွေ့ရှိရပါသည်။ မတတ်နိုင်ပါ။ ဘယ်သူမပြု မိမိမှုသာဖြစ်ပါသည်) တင့်တယ်သပ်ရပ်စွာ ၀တ်ဆင်ရသော ဗိုလ်လောင်း ဆပ်ပြင်ထွက် ၀တ်စုံ၏ ရွှေကြယ်သီးနှင် ပခုံး ဒေါက်ဖြူဖြူ၊ ခါးပတ် ကြေးတံဆိပ်ကြီးနှင့် ပြောင်လက်စွာ တိုက်ချွတ်ထားသော ရှူးဖိနပ်ကိုစီး (စီနီယာ ထံမှ ငှားထားသော) ဘက်ကယ်ရီ ဦးထုပ် အနီကြီးကိုဆောင်း၍ သူငယ်ချင်း ဆွေမျိုးတွေဆီ လျှောက် လည်မည်၊ ၀င့်ကြွားမည်၊ ဓာတ်ပုံရိုက်မည် ဆိုသော (ဗမာပီပီ) ကြွားဝါမည့် အတွေးလေး တွေနှင့် ပျော်သည့် အပျော်ကတသွယ်၊ ပျော်လိုက်သည့်အပျော်၊ မြူးလိုက်သည့် ကြည့်နူးမှု၊ တွေးလိုက်သည့် အတွေး။ ထိုညက တညလုံး အိပ်မပျော်ပါ။ ရထားစီး ချိန်တွင် တညလုံး စီးရမည်ဖြစ်၍ ထိုအချိန်ကျမှ အိပ်မည်ဟု အားခဲရင်း ရင်ထဲ စီးဆင်းနေသည့် အပျော်မြစ်ကို ပီတိသဲသောင်ဖြင့် ကာရံ၍ စီးလိုရာစီး စိတ်ကူး ပျော်ရွှင်ခဲ့ရပါသည်။

နောက်နေ့နံနက် ကျောင်းကြီးမှခွာပြီး ပြင်ဦးလွင်ဘူတာသို့ ဦးတည် ထွက်ခွာသောအခါ တစ်နှစ်တာ ပင်ပန်း ဆင်းရဲခံရသော ကျောင်းတော်ကြီးအား တလတာ ခွဲခွာရတော့မည် ဟူသော အကြည့်ဖြင့် ကြည့်၍ သံပြိုင်တေးများ သီဆိုရင်ကြူး (များသောအားဖြင့် စစ်သီချင်းများသာ ရကြပါသည်။ တစ်နှစ် လုံးလည်း စစ်သီချင်းပဲ ဆိုခဲ့ရသောကြောင့် ယောင်ပြီး သီချင်း ညဉ်းလျှင်ပင် စစ်သီချင်းသာထွက်၏) ၍ စစ်ကားများဖြင့် ပြင်ဦးလွင် ဘူတာသို့ ရောက်လာကြပါသည်။ ဤတွင်ပင် ဗိုလ်လောင်းတို့၏ လူငယ် ဘ၀ ပျော်ရွှင်မှုက ပေါက်ကွဲကာ မူလဇာတိသို့ ပြန်ဝင်လာကြပါပြီ။ တစ်နှစ်လုံး ခိုးဝှက်၍ စိတ်ကျေနပ် အောင် နေခဲ့ရသမျှ အခုမှ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတော့သည်ကိုး။

ဘူတာများ ပတ်ဝန်းကျင်ရှိ အရက်ဆိုင်များ အလွန် ရောင်းကောင်းပါသည်။ အကြောက်တရား ကြီးစိုးမှု အောက်တွင် နေရသူတို့ ထိန်းသိမ်းမည့်သူ မရှိ၊ ကြောက်ရမည့်သူ မရှိတော့သော လွတ်လပ်ချိန်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်ဟု ထိုစဉ်က ကျနော် မတွေးခဲ့မိပါ။ ရထားတွဲပေါ်တွင် စကားတွေ ဗလွတ်ရွတ်တိုက် ပြောကြသည်။ အရက်တွေ နင်းကန် သောက်ကြသည်။ အအေးပိုင်းက ဆင်းလာပြီး အပူပိုင်း ဒေသပေါ်တွင် မောင်းနှင်နေသည့် ပူပြင်းသော ရထားတွဲ ထဲတွင် ပူလောင် သွေးဆူစေသော အရက်ပြင်းများကို သောက်၍ လူထုထံ၊ အဆင့်အတန်းရှိသူတို့ ရှုတ်ချ အထင်သေး စဖွယ် အပြုအမူများဖြင့် နေမ၀င်မချင်း ကျနော်တို့ သောင်းကျန်း လာကြပါသည်။ ဗိုလ်လောင်းများ သီးသန့် စီးနင်းရသော ရထားတွဲ တတွဲဖြစ်၍သာ တော်သေး၏။ အခြားခရီးသည်တို့ သိပ်ပြီးရိပ်မိ သိရှိပုံ မပေါ်ပါ။ ဘူတာတခု ဖြတ်သွားတိုင်း မိန်းမပျိုတို့ကို စကြ နောက်ကြ၏။ ဂုဏ်သိက္ခာမဲ့သော စကားလုံး များဖြင့် နောက်ပြောင်ကြ၏။ မူးယစ်မှုဖြင့် ရန်တွေဖြစ် အချင်းချင်းစကားများ ထိုးကြိတ်ကြ၏။ အချို့ ကတော့ ငြိမ်သက်အေးဆေးစွာ လိုက်ပါလာ၏။ ကျနော်ကတော့ လွတ်လွတ်လပ်လပ် ပျော်တတ်သူ ဖြစ်ပေရာ အရက်သောက်သော ပိုင်းတွင် ကျနော်လဲပါ၏။ သို့သော် ရုပ်ရင်းကြမ်းတမ်းစွာ ပျော်ကြခြင်း ကိုကား အားမပေး။ မူးအောင်သောက်၍ မူးလာသောအခါ ခရီးဆောင်အိပ်များ တင်သော ဦးခေါင်း ထက်ရှိ စင်မြင့်ပေါ် တက်အိပ်၍ မြင်းတစ်ကောင်နှယ် ခါရမ်းနေသော ရထားကြမ်းပြင်ပေါ်သို့ ပြုတ်မကျစေရန် ပတ်ထားသော ခါးပတ်ကိုချွတ်၊ စင်ပေါ်ရှိတန်းကို လျို၍ ခါးကို ပြန်ပတ်ကာ အိပ်လိုက်လာခဲ့၏။ ရထားဘယ်လောက် ခုန်ခုန် ဘယ်လောက် ရမ်းခါခါ ကျနော်ပြုတ် မကျပါ။ ဤမျှအထိ မူးယစ်ပါး နပ်စွာ သောက်စား ပျော်ရွှင်ခဲ့ဖူးပါသည်။

တွဲအတွင်းမှာတော့ ကြောင်မရှိခိုက် သောင်းကျန်းသော ကြွက်များကဲ့သို့ အနည်းနည်း အဖုံဖုံစိတ်ကို ထွက်ပေါက် ပေးနေပုံများမှာ ထိုခေတ် ဗမာလမ်းသရဲကို ပေတေ ဆိုးသွမ်းသမျှသည် ဗိုလ်လောင်း များကို မှီလိမ့်မည် မထင်ပါ။

သြော်.... နောင်တခေတ်၏ အောင်စစ်သည်ဆိုသော အနာဂတ်အတွက် မျိုးဆက်သစ် လူငယ်များကို တိုင်းပြည်အတွက် အလွန်အားထားရသော လူကြီးလူကောင်း ပီသသည့် တည်ကြည် မြင့်မြတ်သော စိတ်ထားရှိသည့် တော်တည့်ဖြောင့်မှန် သဘောထားကြီးသော ဗီဇ အမြစ်တွယ်သည့်၊ အိနြေ္ဒ သိက္ခာ ပြည့်ဝစွာဖြင့် တည်ငြိမ် အေးဆေးသော အမျိုးကောင်းသားတို့၏ အကျင့် စရိုက်များကို စနစ်တကျ ပုံသွင်း လေ့ကျင့်ပေးလိုက်ခြင်း မရှိပဲ၊ အထက်အရာရှိနှင့် စီနီယာ တို့ကိုသာ ဖိန့်ဖိန့်တုန် ကြောက်ပြီး သူတို့ရှိခိုက် စည်းကမ်းလိုက်နာ၊ ကွယ်ရာ ထင်သလိုစိုင်းနိုင်ခြင်း ကိုသာ လေ့ကျင့်ပေးလိုက်၏။ အမိန့် ဟူသမျှသာ မလွဲမသွေနာခံ၊ ဖီဆန်ရန် စိုးစဉ်းမျှမကြံနှင့်၊ အာဏာရှင် အငယ်စားတို့၏ လုပ်ပိုင်ခွင့် မျိုးပေးကာ မြူဆွယ်၍ စစ်တပ် ကောင်းစားရေး၊ အထက်အောက် အမိန့် နာခံရေးကိုသာ ဦးတည် ပုံသွင်း ခံခဲ့ရသော ကျနော်တို့သည် ကိုယ်ပိုင် လွတ်လပ်ခွင့်ရသော ဤအချိန်များတွင် ဤသို့ ၀ရုန်း သုဉ်းကား (စိတ်ပျက်ဖွယ် ကောင်းလောက်အောင်) ပျော်ရွှင် မြူးတူးကြသည်မှာ မဆန်းပါ။

မြန်မာ့ လူနေမှုစရိုက်ကိုကလဲ အခြေခံ ဤသဘောမျှသာ ဖြစ်ပါသည်။ ထိန်းချုပ် မြိုသိပ်သင့်သော အချိန်ကာလများတွင် မြိုသိပ်ကြိတ်မှိတ်နေတတ်၊ သည်းခံတတ်ပြီး ထိန်းချုပ်မဲ့ကာလ အခွင့်အခါ ကြုံဆုံလာတတ်သောအခါ မီးကုန်ယမ်းကုန် စိတ်ဆိုးခြင်း၊ ပျော်ရွှင်ခြင်း၊ နောင်တရခြင်းတို့ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်တတ်သော စရိုက် အစဉ်အလာများ၏ ကူးစက်မှုကို ခံယူ ထားကြရသည့် လူငယ်များ လည်း ဖြစ်ပေသည်ကိုး။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

ယနေ့ စစ်တပ်... ဘာတွေ ဖြစ်နေသလဲ (၂၉)

ယခုတစ်ပတ်အတွက် စစ်တက္ကသိုလ်၏ ကျောင်းဆင်းပွဲ ကာလအကြောင်းများကို တင်ပြပါမည်။ ဤကဲ့ သို့သော စစ်တက္ကသိုလ် ပထမနှစ် ဗိုလ်လောင်းဘ၀၏ အဓိက အကြောင်းများကို ပြောပြရ ခြင်းမှာ မြန်မာ့တပ်မတော်၏ စစ်သည်အရာရှိများကို မွေးထုတ်ပြုပြင်ရာ၌ ဘယ်လို ဘယ်ပုံ အစပျိုးခဲ့သည်။ ဘယ်လိုအခြေခံ ပဏ္ဍာက်ရိုက်သည်၊ ဘယ်လိုပုံစံမျိုး ရိုက်သွင်းလေ့ကျင့်ပေးနေသည်၊ အထက်အောက် အုပ်ချုပ်မှု အသားသေစေရန် စီနီယာ၊ ဂျူနီယာ ဘယ်လိုအဆင့်အတန်း ခွဲထားသည်၊ အမိန့်နာခံမှု ရှိစေရန် ဘယ်သို့ ဘယ်ပုံ ထိန်းချုပ်ထားသည်ဆိုသော အချက်များကို စစ်တပ် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တိုင်းရင်းသား ပြည်သူများ နားလည်စာနာတတ်စေရန် ရိုးသားစွာ ဖော်ပြခြင်းသာ ဖြစ်ပါ၏။ စစ်တပ်အသိုင်းအ၀ိုင်းနှင့် နှံ့စပ် ကျွမ်းဝင်သူများ အတွက်တော့ ကျွန်တော် ပြောပြသမျှသည် ဆန်းမည် မဟုတ်ပါ။

ကျနော်ဆိုလိုရင်းမှာ ဆယ်တန်းအောင်ပြီးကာစ စစ်တက္ကသိုလ်သို့ ချက်ချင်း ဗြုန်းစားရောက်ရှိ သွားသူ အရပ်သားဘ၀မှ စစ်သားဘ၀သို့ ပြောင်းလဲခံရသည့် ကျနော့်ဘ၀အား ထိုစဉ်က ခံစားချက်အတိုင်း အပွင့်လင်းဆုံး တွေးတော ရေးသားခြင်းသာ ဖြစ်ပါသည်။ စီနီယာဘ၀ ကျနော် ရောက်လာချိန် ခံစား တွေးတောချက်များနှင့် အရာရှိငယ်ဘ၀ ဖြတ်သန်းရပုံ၊ တွေ့ကြုံရပုံများ အပေါ် ရှုမြင်သုံးသပ်ချက်၊ ဆင့်ကဲ ပြောင်းလဲလာပုံများကို နောက်ပိုင်းတွင် ရေးသားဖော်ပြပါမည်။

ကျောင်းဆင်းပွဲ ကာလတွင်ကား မကြာခင် ဒုတိယနှစ် စီနီယာ ဖြစ်လာတော့မည်ကို တွေး၍ ပျော်ရွှင် ကြပါသည်။ စီနီယာဟု အခေါ်ခံရသော်လည်း ဇိမ်ရှိရှိ နေနိုင်သော စီနီယာ မဟုတ်သေးပါ။ ပထမနှစ် ဗိုလ်လောင်းများ အပေါ်တွင်သာ သြဇာရှိရှိ အနိုင်ကျင့်နိုင်ပြီး တတိယနှစ် စီနီယာနှင့် စတုတ္ထနှစ် စီနီယာကိုတော့ ဖိန့်ဖိန့်တုန်အောင် ကြောက်နေရဦးမည် ဖြစ်ပါသည်။

မိမိပထမနှစ် သင်တန်းသားဘ၀ (၁၁)လ အတွင်း ခံစားခဲ့သမျှ ထဲမှ ကောင်းသော အလေ့အကျင့်၊ ကောင်းသော သင်ကြားပြသမှုကို ယူ၍ မကောင်းသောထုံးစံ၊ တရားမ၀င် သင်ကြားပြသမှုကို မယူရန်၊ မလိုက်နာရန် ကျနော် ဆုံးဖြတ်ထားခဲ့ပါသည်။ ကိုယ့်ကို ထိုးကြိတ်သည်ကို မခံချင်သလို တပါးသူတို့ ကလဲ ထိုးကြိတ်ခြင်းကို ခံလိုကြမည် မဟုတ်ပါ။ ကျနော် ကိုယ်ချင်းစာနာ စိတ်ဖြင့် မထိုးကြိတ်ခဲ့ပါ။

(ယုံချင်ယုံ၊ မယုံချင်နေ။ ကျနော်အထိုးခံခဲ့ရပုံ တစ်ခုကို ပြောပြပါမည်။ ဘုရင့်နောင်တပ်ခွဲမှ ဒုတိယနှစ် ဗိုလ်လောင်းတစ်ဦးထံ အပြစ်ပေးခံရန် ကျနော် ရောက်ရှိသွားရသော အချိန်ကဖြစ်ပါသည်။ ထိုအချိန်က ဘုရင့်နောင် တပ်ခွဲနှင့် ကျနော်တို့ အောင်ဇေယျ တပ်ခွဲတို့မှာ အားကစားပြိုင်ပွဲ တစ်ခု၌ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြရာ ဘုရင့်နောင်တပ်ခွဲ ရှုံးခဲ့သဖြင့် ကျနော်တို့ အောင်ဇေယျ တပ်ခွဲအပေါ် စိတ်နာ မုန်းတီး နေသော အချိန်ဖြစ်မည် ထင်ပါသည်။ ကျနော်၏ ပထမနှစ် အောင်ဇေယျ တပ်ခွဲတံဆိပ် အ၀ါရောင် အပိုင်းအတွင်း အဖြူရောင် တတုံးပါ လက်မောင်းတံဆိပ်ကို မြင်သည်နှင့် ကျနော်အားဝိုင်းဝန်းအပြစ်ရှာ ထိုးကြိတ်ကြပါသည်။ လေးယောက်က တစ်ယောက် သောသူအား ထိုးကြိတ်သည်ကို လက်နှစ်ဘက် ဘေးမှာကပ် (သတိဆွဲ၍) အထိုးခံရပါသည်။

၎င်းတို့အိပ်ယာမှာ ခြေချင်းဆိုင်ကုတင် တဘက်ကို (၁၀)လုံးခန့်ရှိရာ အစွန်းဆုံး တစ်ဖက်ကုတင်မှ စ အထိုးခံရ၍ တချက်ထိုးလိုက်၊ နောက်သို့ ယက်ကန်ကန်ဖြင့် တလှမ်းရွေ့သွားလိုက်၊ နောက်တ ချက်ထိုးလိုက်၊ နောက်သို့ ရွေ့သွားလိုက်၊ တစ်ယောက်ပြီး တစ်ယောက် လက်ဆင့်ကမ်း ထိုးကြိတ် ခြင်းကို ခံရသည်မှာ ၁၀ လုံးမြောက် ကုတင်၏ အစွန်းဆုံးရောက်ပြီး နောက်ဆုတ်စရာမရှိ နံရံနှင့် ကျောချင်းကပ်၍ ခွေကျသွားသော အခါတွင်မှ ထိုးကြိတ်ခံရခြင်း ရပ်စဲပါတော့သည်။ ထိုအချိန်မှ စ၍ (၃)ရက်ခန့်အထိ အသက်ကိုပင် ၀၀ရှူ၍ မရအောင် ရင်ဘတ်ကြွက်သားများ နာနေခဲ့သည်ကို လည်းကောင်း၊ ရေချိုးစဉ် ရင်ဘတ်ကို ဆပ်ပြာ မတိုက်ရဲသည်အထိ နာနေခဲ့သည်ကို လည်းကောင်း၊ ယနေ့ထိ မမေ့သေးပါ။ ထိုင်လိုက်လျှင် ရှေ့သို့ ငုံ့၍ မရအောင် နာနေခဲ့သော ရင်ဘတ်မှာ အညိုအမဲ များဖြင့် တစ်ပတ်ခန့် မပျောက်ပါ။

ကျနော့်ကဲ့သို့ တရားမ၀င် ပြစ်ဒဏ်ပေးခံရသူ မြောက်များစွာရှိပါသည်။ ထိုသူတို့သည်လည်း စီနီယာ ဖြစ်လာသောအခါ ကိုယ်မကြိုက်ခဲ့သော အလုပ် ကိုယ်အာဏာရလာသော အခါ မလုပ်ပါ ဆိုသော ကိုယ်ချင်းစာနာစိတ် လူတိုင်းတွင် ပါလာနိုင်ပါသည်လား။ လက်ငါးချောင်းသည် တလက်တည်းမှ ထွက်ပေါ် နေသော်လည်း အတိုအရှည်၊ အတုတ်အခိုင် မညီသကဲ့သို့ပင်။ အချို့ကတော့ ပေဖြစ်တုန်းခံ၊ တူဖြစ်တုန်းနှံမည် ဆိုပြီး ကြိမ်းဝါးနေသူတွေ ရှိပါသည်။ ကိုယ့်မြင်း ကိုယ်စိုင်းပြီး၊ ကိုယ့်လမ်း ကိုယ်လျှောက်ကာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး နေသူများဖြစ်သဖြင့် ကျနော် တား၍မရပါ။ ကျနော်တို့ စီနီယာ ဖြစ်လာသောအခါ ပထမနှစ်က ခံခဲ့ရသည့် တရားမ၀င် နည်းများဖြင့် အပြစ်ပေးခြင်း ပြုကြသည့် ရဲဘော်ရဲဘက် သူငယ်ချင်းများကို တွေ့ရသော်လည်း အပြစ်ပြောရန် မတတ်နိုင်ခဲ့ပါ။ ထိုသို့သော အပြစ်ပေး ရက်စက်သည့် စီနီယာတို့သည် အာဏာ ဇောင်းထက်ကြပါသည်။ ထိုသူတို့ကို မြင်သော ပထမနှစ် ဗိုလ်လောင်းတို့သည် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါသည်။ ကျနော်ကဲ့သို့ ခပ်အေးအေး သမားတို့ ဂရု မစိုက်မိကြပါ။ ယင်းမှာ ကျနော် စီနီယာဒုနှစ်သို့ ရောက်သောအခါ တွေ့ရခြင်း ဖြစ်ပါသည်။ ကျနော်တို့ ဒုတိယနှစ်ရောက်သော အခါတွင်လည်း တခါတရံ ထိုးကြိတ် အပြစ်ပေးခံရဆဲ ဖြစ်ပါသည်။)

ကျောင်းဆင်းပွဲ စစ်ရေးပြအခမ်းအနားကြီး နီးကပ်လာပါပြီ၊ အကြိတ်အနယ် လေ့ကျင့်ကြ၊ လမ်း လျှောက်ကြ၊ ချွေးတလုံးလုံး၊ ဖုန်တထူထူနှင့် လူတွေလဲ မဲခြောက် ပိန်လှီ နေကြပါသည်။ အချို့ အလှ မက်သူ၊ ငွေတတ်နိုင်သူတွေက နေပူခံ မိတ်ကပ်တွေ၊ အသားအလှဆီတွေ လူးပြီး ကာကွယ်ကြသည်။ အချို့က သနပ်ခါးလူးသည်။ နည်းပြအရာရှိတွေ့လျှင် ထိုသနပ်ခါး လူးထားသူကို အခြားသူများအား ၀ိုင်း၍ နမ်းခိုင်းခြင်းဖြင့် အပြစ်ပေးသဖြင့် သနပ်ခါးလူးသူ နည်းပါသည်။ ဒါတောင် တချို့လူရွတ်တွေက အနမ်းခံပြီး သနပ်ခါးနေ့စဉ် လူးပါသည်။

နောက်ဆုံး ကျင်းပရန် (၁)ရက် အလိုနေ့သည် Final Rehearsal Day ဖြစ်ပါသည်။ ၀တ်စုံပြည့်ဖြင့် နောက်ဆုံး လေ့ကျင့်ရပြီး တကယ် အစစ်အမှန်ကဲ့သို့ ရုပ်မြင် ကင်မရာများဖြင့် ရိုက်ကူးခြင်း ပြုလုပ် ပါသည်။ ဗိုလ်လောင်းမိဘ တော်တော်များများလဲ ရောက်နေကြပါပြီ။

ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းများမှာ တခါမျှ မ၀တ်ဖူးသော အဖြူရောင် ဗိုလ်လောင်း ကျောင်းဆင်း ၀တ်စုံများဖြင့် ၀င့်ကြွားကြွား ရှိနေပါသည်။ တစ်ရက်နားပြီး နောက်ရက်ဆိုလျှင် ကျောင်းဆင်းပွဲ အခမ်း အနားကြီး စပါတော့မည်။ တစ်နှစ်တာ ကွဲနေရသော မိဘ၊ ညီအစ်ကို မောင်နှမများဖြင့် ပြန်လည် တွေ့ဆုံရတော့မည်မို့ အလွန်ပျော်နေကြပါသည်။

ထိုရက်ပိုင်းအတွင်း ကျောင်းဝင်းအတွင်း ခင်းကျင်းရောင်းချနေသော စားသောက် ဈေးတန်းများအကြား လျှောက်သွားခြင်း၊ ၀ယ်စားခြင်း၊ လမ်းသလားခြင်းနှင့် ဗိုလ်လောင်း ကျောင်းဆင်း မိသားစုဝင် တနယ်တည်းသွားများကို ဧည့်ခံစကားပြောခြင်းဖြင့် တစ်နှစ်လုံးမပြောခဲ့ရသော စကားကိုဝအောင် ပြောရပါသည်။ ထိုနေ့ထိုရက်အထိ လက်သီးဆုပ်နေရခြင်း စည်းကမ်းကို လိုက်နာရပါသည်။ သို့သော (၉၀)ဒီဂရီ လက်တွဲစရာ မလိုတော့ပါ။ တိုက်ပုံကြယ်သီးကိုလဲ အပြည့် တပ်စရာမလိုတော့ပါ။ ဒုတိယနှစ် ဗိုလ်လောင်းတစ်ဦး၏ အခွင့်အရေးကို ရရှိပါပြီ။

ခွင့်ပြုဖို့အတွက်လဲ အထူးတထွေ ပြင်ဆင်ရန် မလိုသေးပါ။ သဘက်ခါမနက် ကျောင်းဆင်းပွဲ အခမ်း အနားပြီးလျှင် ညစာစားပွဲတို့၊ စတိတ်ရှိုးတို့နှင့် တညလုံးပြင်ဆင် ပျော်ရွှင်ရဦးမည်။ (၁၀) ရက်နေ့ သည်လဲ ပျော်ရွှင်စရာ၊ (၁၁)ရက်နေ့ဆိုလျှင် ကျောင်းဆင်းအရာရှိတို့ သင်တန်းဆင်း ပြန်ကြမည်။ မန္တလေးရှိ ဘူတာကြီးမှတဆင့် မြန်မာနိုင်ငံ အရပ်ရပ်သို့ ထွက်ခွာကြမည်။ တစ်ရက်လျှင် အပတ်စဉ် တစ်ခုသာ ပြန်ခွင့် ရကြသည်မို့ ကျနော်တို့ ပထမနှစ်အပြီး ခွင့်ပြန်သူများအဖို့ ၁၄ ရက် မနက်ကျမှ ပြန်ရမည်ဖြစ်ရာ အေးဆေးစွာပင် ပျော်ရွှင်ကြပါ၏။ မိမိအားနှိပ်စက် ညှဉ်းပမ်းခဲ့သူ စီနီယာများအား အငြိုးမထားနိုင်ပဲ သူတို့၏ ဝေယျာဝိစ္စ၊ သိမ်းဆည်း ဖွယ်ရာများကို ၀ိုင်းဝန်း သိမ်းဆည်း ပေးရ၏။

ကျောင်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပါသည်။ ကောင်းကင်ယံ တွင်လဲ လုံခြုံရေး ရဟတ်ယာဉ်က ၀ဲပျံလှည့်ပတ်လျက်၊ ပတ်ဝန်းကျင် တောင်ထွတ်အနှံ့တွင်လဲ လက်နက်ကိုင် လုံခြုံရေး စစ်သားများအပြည့်၊ ဗိုလ်လောင်းမိဘနှင့် မိသားစုဝင်များကိုပင် လုံခြုံရေး အရ ဆိုပြီး စစ်ဆေးခြင်း၊ ခန္ဓာကိုယ်အနှံ့ ရှာဖွေခြင်း ပြုလုပ်ကြောင်း ကြားရသည်။ အဘယ်ကြောင့် ဤလူ တစ်ယောက်အတွက် ဤမျှ လုံခြုံရေး စိုးရိမ်ရလဲ မသိပါ။

ဧည့်သည် ပရိတ်သတ်များရှေ့မှောက်သို့ ဗိုလ်လောင်း ကျောင်းဆင်းတပ်ခွဲနှင့် နောက်ရံ တပ်ခွဲများ အဖြစ် ကျနော်တို့ ဂျူနီယာတပ်ခွဲများ အစီအရီဖြင့် စစ်ပုံစံတကျ အစုအတန်းလိုက် ချီတက်လာပုံမှာ စစ်သီချင်းသံများ ဟိန်းလျက် မြင်သူများ အားကျဖွယ်ပင်၊ သည်လိုပုံတွေကို သတင်းစာထဲမှာ တွေ့ခဲ့ရ၍ အားကျပြီး ကျနော်စစ်တပ်ထဲ ၀င်ခဲ့ပါသည်။ ပထမနှစ်ကိုတော့ အီစလန်ဝေအောင် ကိုယ်ရောစိတ်ပါ ပင်ပန်းဆင်းရဲစွာ ဖြတ်ကျော်ခဲ့ရပြီ။ ငွေကြေးလဲများစွာ ကုန်ကျခဲ့ရပြီ။ စာပေဆို၍လဲ အနည်းငယ်၊ စစ်ပညာဆို၍လဲ ဘာမှ ဟုတ်တိပတ်တိမဟုတ်။ တစ်ခုတော့ အဖိုးတန် အသိတရား တစ်ခုကျန်သည်။ ယင်းမှာ အချိန်၏ တန်ဖိုးကို သိလာခြင်းပင်ဖြစ်သည်။ နာရီတိုင်း မိနစ်တိုင်းတွင် တန်ဖိုးရှိသော အခြင်းအရာများကို ဘာပြီးလျှင် ဘာလုပ်မည်ဆိုသော စိတ်ကူး အကြံအစည်သည် အလိုလို ပေါ်ထင် လာသော အလေ့အကျင့်ကောင်း တစ်ခုသာ စိတ်ထဲ စွဲမြဲနေခဲ့ပါသည်။

နေရောင်ခြည်၏ ၀င်းဝင်းပပ မအေးမနွေး အချိန်တွင် ကျနော်တို့ ဗိုလ်လောင်းအားလုံး ကာကွယ်ရေး ဦးစီးချုပ်ကို စောင့်ကြသည်။ အဆင်သင့် နေရာယူပြီး ၎င်းအလာကို စောင့်သည်ကပင် (၁၅) မိနစ်မက ကြာပါသည်။ ပြီးလျှင် လမ်းလျှောက် (အမြန်၊ အနှေး) ပြုလုပ်ခြင်းကို စိတ်ထင့်ထင့်နှင့် လုပ်ရဦးမည်။ ယင်းနောက် မိန့်ခွန်းက မည်မျှကြာဦးမည် မသိပါ။

မကြာမီပင် ရှေ့ပြေးယာဉ်တန်းများ၊ လုံခြုံရေး လက်နက်ကိုင်များဖြင့် အဆောင်အယောင် ထည်ဝါ တောက်ပ လွန်းသော ယာဉ်တန်းကြီး ၀င်လာပါပြီ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသန်းရွှေ ဆင်းလာပါပြီ။ ကျနော့်အတွက်တော့ တခါမျှ မမြင်ဖူး၍ အသေအချာ လိုက်ကြည့်မိပါသည်။ တုန်တုန် ယင်ယင်ဖြင့် လမ်းလျှောက်လာဟန်၊ ပြောပုံဆိုပုံတို့ကို ကြည့်၍ ဇရာထောင်းနေပြီ ဖြစ်သော်လဲ ဘာကြောင့် ပင်စင် မယူသလဲ ဟူ၍ ကျနော်ဦးစွာ တွေးနေမိသည်။ စစ်ယာဉ်တန်းကြီး၏ ခမ်းနားထည်ဝါ တောက်ပမှုမှာ မပြောပြ တတ်အောင်ပေ။ စစ်ရေးပြကွင်း၏ ပွဲကြည့်စင်မြင့် အတွင်းမှ ပရိသတ်အားလုံး၊ ရှိသမျှ သက်ရှိအားလုံး မတ်တပ် ရပ်ပေးကြရသည်။ မည်သူမျှ ထိုင်မနေပါ။

ဦးစီးချုပ် မိန့်ခွန်းမှာ တိုင်းပြည်သို့ ပြောလိုသော ၀ါဒဖြန့် အချက်အလက်များသာ ဖြစ်၏။ နိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုးရေးအတွက် တပ်မတော်က မည်သို့မည်ပုံ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေကြောင်းနှင့် တပ်မတော် တောင့်တင်းခိုင်မာရန် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်ကြရ မည် ဖြစ်ကြောင်းများကို တခမ်းတနား နားစည်အိမျှ ကြားရ၏။ ထိုစဉ်က ထိုမိန့်ခွန်းပါ အချက်အလက် များကို တကယ်လက်တွေ့ ဘ၀တွင် ကြုံဆုံရမည့် အနာဂတ်များအဖြစ် ကျနော် ယုံကြည် ခဲ့ဖူးပါသည်။ ဟုတ်ပါသည်။ လက်တွေ့တကယ် စစ်မြေပြင်နှင့် စစ်တန်းလျားတို့ကို မမြင်ဘူး၊ မရောက်ဘူးသော သင်တန်းသား ဗိုလ်လောင်းတစ်ဦး အနေဖြင့် ကျနော်တို့ စိတ်ကူး ယဉ်ခဲ့ကြ ဖူးပါသည်။

ခွင့်ပြုကြပါပြီ။ တစ်နှစ်တာ ဖြတ်သန်းခဲ့ရသော ကြမ်းကြုတ် ကြပ်တည်းလှသည့် စစ်တက္ကသိုလ် ကြီးတွင် ခွင့်ပြန်ရန် နောက်ဆုံးကျန်ခဲ့သည့် ကျနော်တို့ အပတ်စဉ် တစ်ခုတည်းသာ ကျန်ခဲ့သည့် ရက်တွင် လွတ်လပ်စွာ ပျော်ရွှင် မြူးတူးနေကြပါသည်။ စီနီယာများ မရှိတော့ ပျော်လွန်းလို့ဆိုပြီး ဗိုလ်လောင်း အိပ်ဆောင်များကြားနှင့် တန်းစီးကွင်းကြားသို့ လန်ကွတ်တီနှင့် လျှောက်ပြေး အော်ဟစ် မြူးတူးနေသော ဗိုလ်လောင်းတစ်ချို့ တကယ်ပင် ရှိခဲ့ပါသည်။ အချို့က တန်းစီးကွင်း ထိပ်ရှိ စစ်သည် ရုပ်ထုကြီးရှေ့တွင် ပုံစံအမျိုးမျိုး မင်းသားစတိုင်နှင့် ဓာတ်ပုံရိုက်ကြပါသည်။ လက်ဝါးဖြန့်၍ လက်ကားယား ခြေကားယား လျှောက်ရသည်ကိုပင် သဘောခွေ့နေ ကြပါသည်။

ဆက်လက်ဖေါ်ပြမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစားတပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

ယနေ့ စစ်တပ်….. ဘာတွေ ဖြစ်နေသလဲ (၂၈)

စစ်သင်တန်းများ ရသင့်သည့် စစ်ဝတ်၊ ရိက္ခာများ ခံစားပိုင်ခွင့် ရှိသည့်အတိုင်း မရသည့် အကြောင်းဖြင့် ယခုအပတ်ကို စတင်ခွင့်ပြုပါ။

စစ်တက္ကသိုလ် ဗိုလ်လောင်းများအား ထုတ်ပေးရမည့် စစ်ဝတ်၊ ရိက္ခာများ၊ (ထောက် ၂၅) ပစ္စည်း စစ်အသုံး အဆောင်များ ရသင့်သော ပမာဏ အရည်အတွက်၊ အဆင့်အတန်းအတိုင်း မိမိတို့ မရကြပေ။ ဥပမာပြောပြရလျှင် ကျနော်တို့ အသုံးပြုရသည့် ဘယ်ရီကက် သပြေသီးမှည့်ရောင် လေးများကို စာဖတ်သူတို့ တွေ့ဖူးကြမည် ထင်၏။

ထို ဘယ်ရီကက် နီညိုရင့်ရောင် သပြေသီးမှည့်ရောင် ပါးပါးကပ်ကပ် လှလှပပလေးများကို ကျနော်တို့ ပထမနှစ် များအား အပြည့်အစုံ ထုတ်မပေးပေ၊ အထက်အာဏာပိုင်များအား လှည့်ဖျား၊ အယုံသွင်း၍ ကောင်းယုံ သက်သက်အတွက်သာ ဟန်ပြ ထုတ်ပေးသောကြောင့် အသစ်ရသောသူတချို့ ရ၏။ များသောအားဖြင့် အစုတ်အပြတ်များ၊ (ဥပမာ နှိုင်းပြရလျှင် လမ်းဘေးမှ ခွေးဝဲစားတို့ ကျောပခုံးပြင် အရေပြား ဗြုပ် ဒဏ်ရာ ပွထ နေ သကဲ့သို့ အကွက်ထ အမွှေးကျွတ်၊ ဂျွတ်တက်နေသော) အရောင် အဆင်းမဲ့၊ အဟောင်းအမြင်း ဦးထုပ် နီညို မဲမဲများကိုသာ ထုတ်ပေး၏။

စစ်ယူနီဖောင်းဆိုလည်း ထိုနည်းတူပင်၊ တပ်ထောက် တာဝန်ခံ အရာရှိက လူလည်လုပ်ပြီး အစားထိုးကာ အကြံအဖန်လုပ်၊ အဟောင်းထုတ်ပေးခြင်းမျိုး ဖြစ်၏။

နောက်ပိုင်းတွင် ပေါ်ပေါက် ကြားသိလာခဲ့ရသည့် အလွဲသုံးစားလုပ်သော နည်းပြ အရာရှိအချို့၏ (ရေး-၃) အမှုအခင်း တချို့အရ မိမိတို့ သင်တန်းသားများ ရသင့်သည့် စစ်ပစ္စည်း အသစ်များကို တပ်ထောက် ဗိုလ်ကြီး (ကျောင်း အုပ်ကြီး၏ လူယုံတော် လက်စွဲ တပည့်အရာရှိ) ၏ ကိုယ်ကျိုးအတွက် ပြင်ပမှ စစ်ပစ္စည်း အရောင်းဆိုင် ပိုင်ရှင် မဂို ကုလားများထံသို့ ရောင်းစားခဲ့သည့်အတွက် မိမိတို့က ထိုအဟောင်းအမြင်းများကို အစားထိုရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုပြန်ပါသည်။

ဘယ်လို လီဆည် ပြောပြော မိမိတို့ တနှစ်ပြည့်၍ မိဘရပ်ထံ ခွင့်တလ ပြန်သည့်တိုင်အောင် ထို ဘယ်ရီကပ် အသစ်ကို ထုတ်ယူရရှိခဲ့ခြင်း မရှိသည်ကိုကား ကျနော့် ကိုယ်တွေ့မို့ မမေ့….။ ဗိုလ်လောင်းသုံး ကြည်း၊ ရေ၊ လေ ကြေးခါးပတ်ကြီး ဆိုလျှင်လည်း လူစေ့တက်စေ့ လောက်ငှအောင် မရ၊ အစားထိုးအတု လုပ်ထားသော ကြေးသားမညီ ပုံစံ ကြမ်းကြမ်းကြီးတွေသာ ထုတ်ပေး၏။ ဘယ်လိုမှ တိုက်ချွတ်၍ မပြောင်…………

ထိုစဉ်က မိမိတို့ ဗိုလ်သင်တန်းသား စုစုပေါင်းမှာ ရာကျော် ဂဏန်းအရေအတွက်မျှသာ ဖြစ်သော်လည်း သူတို့ တာဝန်ရှိသူ နည်းပြတို့ အဆိုအရ ဗိုလ်လောင်းအင်အား ဤလောက် အများအပြားအတွက် အထက် တပ် ထောက် ဌာနမှ လောက်ငှအောင် ထုတ်မပေးနိုင်ခြင်း ဖြစ်သည်ဟု ဆို၏။

(ယနေ့ အချိန်တွင် စစ်တက္ကသိုလ်ဗိုလ်လောင်း တပတ်စဉ်၌ သင်တန်းသား စစ်ဗိုလ်လောင်း ဦးရေ….. ၅၀၀၀ မျှ အတင်းသွတ်သွင်း မွေးထုတ်နေပြီ ဖြစ်သည်။ ဗိုလ်က… တထောင်၊ ရဲဘော်က … ငါးရာ၊ အရည်အချင်းမှသည်… အရေအတွက်ဆီသို့ ဟူ၍ စစ်အင်အားကြီးထွားရေး တခုအတွက် တပ်တော်တွေဖွဲ့စည်း နေသည်မှာ တိုင်းပြည် ကာကွယ်ရေးထက် တိုင်းပြည်ကို စစ်အာဏာရှင် စနစ်အောက် သက်တမ်း ပိုမို ရှည်ကြာစေရေး ရည်ရွယ်ချက်က အဓိက ဖြစ်ပေသည်။ ထို စစ်အင်အားကြီးကို စစ်ကျွန်ပြုပြီး ကိုယ့်ပြည်သူပြည်သား အချင်းချင်း အနိုင်ကျင့် အုပ်ချုပ်ရသည့် အာဏာရှင် စနစ် သက်ဆိုးရှည်ရေး မဟာ စီမံချက်ကြီးတွေ ချမှတ် အကောင်အထည် ဖော် နေခြင်းဖြစ်၏။ လက်တွေ့ အောက်ခြေ စစ်ယန္တရားတွင်းမှ ဖြစ်သလို လည်ပတ်လုပ်ကိုင် နေရသော မပြည့်စုံ မလုံလောက် စစ်ထောက်ပံ့ရေး နှင့် ဘယ်လို ဘယ်ပုံ ဆက်စခန်းသွားနေမည် ဆိုသည်ကား တွေးကြည့် ပါပေတော့….။ စစ်တက္ကသိုလ်၏ ကောင်းမွန် မြင့်မြတ်သော အစဉ်အလာကောင်းတွေ အားလုံးနီးပါးက ပျက်သုဉ်းခဲ့ပြီး လေပြီ။ မျိုးချစ် တပ်မတော်ကို အသွင်ပြောင်း တပ်ဖျက်မည့် ယနေ့ခေတ် စစ်ဗိုလ်လောင်းများနှင့် အုပ်ချုပ်မှု ယိုယွင်း ပျက်ဆီးမှု ကသောင်းကနင်း၊ ၀ရုန်းသုန်းကား ဖြစ်စဉ်တွေများစွာ ဖြစ်နေကြကြောင်း လက်ရှိ စစ်တက္ကသိုလ်တွင် နည်းပြများအဖြစ် အလုပ်လုပ်နေကြသော သူငယ်ချင်း၊ ညီနောင် စစ်ဗိုလ် အရာရှိများ၏ ရင်ဖွင့် ညီးငြူသော အသံများအရ သိရ၏။ ထို့ကြောင့် ဗိုလ်တထောင် ရဲဘော်ငါးရာ မြန်မာစစ်တပ်အတွက် ရင်လေးမိ၏။)

ထိုသို့ စစ်သင်တန်းသားများအတွက် ရသင့်ရထိုက်သော အခွင့်အရေး၊ ခံစားခွင့်တွေ ပိတ်ပင်ခံထားရ၊ မလိမ့် တပတ်လုပ်ကာ လှည့်ဖျားလိမ်ညာ ခံထားရသော အခြေအနေမှန်ကို စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီး ယခုလို တပ်စစ်ဆေး လာရောက်သော အချိန်မျိုးတွင် တွေ့မြင်သိရှိသွားပါက သိပ်ကောင်းမည်ဟု ထိုစဉ်က ကျနော်တို့ တွေးတော ဆန္ဒဖြစ်မိကြ၏။

ထိုအရေးကို ကြိုမြင်ထားပြီး ဖြစ်သော စစ်ပါးဝနေသည့် သင်တန်းနည်းပြ အရာရှိများ၊ တာဝန်ခံများသည် မိမိ တို့အား ချည်ချော စစ်ယူနီဖောင်းကို သတ်မှတ် ၀တ်ဆင်ရမည့် ရက်မတိုင်ခင် ထုတ်ဝတ်ခိုင်း သကဲ့သို့ အမိန့်ဖြင့် စေခိုင်းသော လုပ်ဆောင်ချက်များဖြင့် နေ့စဉ် ဘ၀ဖြစ်ရပ်မှန် အခြေအနေများ၊ ကသောင်းကနင်း အစုတ်အပြတ် ဖြစ်ရပ်မှန်များကို ဖုံးကွယ် ဖျောက်ဖျက်ဖို့ ကြိုးစားတော့၏။

ထိုရက်ပိုင်းအတွင်း ထမင်းကောင်း၊ ဟင်းကောင်းများကို အလျှံအပယ် ကျွေးကာ မိမိတို့ အငတ်လေးများ စိတ်ကျေနပ် နေအောင် ဆွယ်ချော့မြူ၏။

အရာရာကို အလိုလိုက် အကြိုက်ဆောင်ပေးထားဟန် မျက်နှာထားမျိုးများ ချက်ချင်းပြကာ သင်တန်းသား ဗိုလ်လောင်းအားလုံး ကျေနပ် နှစ်သိမ့်နေသည့် ဟန်ပေါ်ပေါက်စေ၏။ စစ်သင်တန်းသားများက စစ်သင်ခန်းစာ များကို အလွန်ကျေနပ် စိတ်ဝင်တစား သင်ယူ နာခံလေ့ကျင့် နေကြဟန် ပီပြင်ရေးကို လေ့ကျင့်ခန်း အတုများ၊ သင်ခန်းစာ လေ့လာပုံများကို ရက်ပိုင်းအတွင်း ဖန်တီး ပုံသွင်း လိုက်ကြ၏။

စစ်ဗိုလ်ချုပ်ကြီး လာရောက်စစ်ဆေးသောအခါ ဗိုလ်လောင်းများထဲမှ တဦးဦးကို မေးခွန်းတွေ မေးကောင်း မေးလာနိုင်ဖွယ်ရှိသည်။ မေးလေ့မေးထလည်း ရှိခဲ့သည်။ ထို့ကြောင့် မိမိတို့ ဗိုလ်လောင်းတွေထဲက ဘယ်လို မကျေနပ်ချက်များ၊ အဆင်မပြေမှုများ ဘာတွေ သတင်းပို့ စရာရှိလဲ။ ဘာတွေ မပြေလည်တာ ရှိလဲ။ စစ်ထောက် ချုပ်ကြီးကို တင်ပြစရာ ရှိသလား… မိမိတို့ ဗိုလ်လောင်း များအား ထိုသို့ မေးလာလျှင် ဘာသတင်းပို့စရာ၊ စိတ်ကူးထားတာတွေ ရှိလဲ၊ အခုဖြေပါဟု ဖြေခိုင်း၏။

အကယ်၍ စစ်ထောက်ချုပ်ကို တင်ပြဖို့၊ တိုင်ကြားဖို့ တေးမှတ်စုဝေးတိုင်ပင် ထားခြင်းများ စိတ်ကူးရှိလျှင် ယခု စစ်ထောက်ချုပ် မရောက်ခင်ကတည်းက သူတို့ စစ်တက္ကသိုလ် တာဝန်ခံ နည်းပြများထံ ကြိုတင် တင်ပြပါဟု အမိန့်ထုတ်၏။ မိမိတို့ ရင်တွင်း မကျေနပ်ချက်ရှိလျှင် စစ်ဗိုလ်ချုပ် မရောက်ခင် နည်းပြ အရာရှိများအား ယခု ကြိုတင်အသိပေး တင်ပြပါ။ ၎င်းတို့ စစ်တက္ကသိုလ် နည်းပြ အရာရှိများ ခွင့်ပြုသင့်သော တင်ပြချက်ဆိုလျှင် စစ်ထောက်ချုပ် သိအောင် ဆက်လက် တင်ပြခွင့်ပြုမည်ဟု စတင် အကျပ်ကိုင် ချည်နှောင် ချုပ်တော့၏။

မဲမဲမြင်ရာ အားလုံးကို အလိုလို ကြောက်နေကြရသော ပထမနှစ် ဗိုလ်လောင်း မိမိတို့ကို ထိုသို့ ကြိုတင် စစ်မေး အစ်အောက်ခြိမ်းခြောက် မေးမြန်းကတည်းက အရာရာ ထိတ်လန့်နေသူ မည်သူမျှ လက် မထောင်၊ မည်သူမျှ ထ သတင်းမပို့၊ အားလုံးသည် တုံဋိဘာဝေ ငတေမိ ဖြစ်နေတော့၏…..။ ပါးစပ်တွေ ပိတ်လျက် ကြောင်စိစိ။ ဟိုကြည့် သည်ကြည့် ကျနော်တို့ အတွေးတွေထဲမှာ တခုခုတော့ တွေးနေမိခဲ့ကြောင်း ကျနော် ကောင်းစွာ မှတ်မိ ပါသေးသည်။ စိတ်တွင်း၊ ရင်ထဲရှိတာတောင် လွတ်လွတ်လပ်လပ်ပြောခွင့် မရတဲ့ ဒီစစ်တပ်ထဲ.. အမှန် တရား ဆိုတာ ဘယ်နေရာရောက်မှ တွေ့ရမှာပါလိမ့် ဟူသော မျက်ဝန်းများနှင့် ဖြစ်မည် ထင်၏….။

သို့ဖြင့် တကယ် စစ်ဗိုလ်ချုပ်ကြီး ရောက်လာသောအခါတွင် ကျနော်တို့အားလုံးသည် ဘာမေးမေး တင်ပြစရာ၊ သတင်းပို့ စရာမရှိပါဘူး… ဟု သာ ဖြေရယုံ ရှိတော့သည်….။ မကျေနပ်လည်း.. ကျေနပ်ပါသည်၊ မပြေလည်လည်း …. ပြေလည်ပါသည်။ မကောင်းလည်း … ကောင်းပါသည်၊ မကြိုက်လည်း … ကြိုက်ပါသည် ဟု…. ဖြေရတော့ မည်ပေါ့… သို့မဟုတ် ဆိတ်ဆိတ်တိတ် နေနေခြင်းဖြင့် ၀န်ခံပြရယုံသာ ရှိတော့သည်ပေါ့…..

ဤသည်မှာ ယနေ့ မြန်မာ စစ်တပ်၏ အနာဂတ် စစ်ခေါင်းဆောင် လုပ်မည့်သူများအတွက် လက်ဦးမွန် မဆွ သင်ပြ ခံလိုက်ရသော အာဏာပိုင် အဆင့်ဆင့်၏ မတရားမှု မှန်သမျှ။ မိမိတို့ ခံစားနေရသော လက်တွေ့ ဘ၀ မပြေလည်သမျှကို မည်သူ့ထံမှ မတိုင်ရဲ၊ ဖွင့်မပြောရဲဘဲ ရင်တွင်း ကြိတ်မှိတ် မြိုသိပ်အောင့်အီး သည်းညည်းခံ နေကြရမည်ဆိုသော လက်တွေ့ ဘ၀သင်ခန်းစာ အစတခု ဖြစ်ပေ၏။

ဤသို့ တင်ကြို အမိန့်ထုတ်ကာ လက်အောက်ငယ်သားတို့ အခွင့်အရေးကို ပိတ်ပင်ခြင်း လက်ရှိ အခြေအနေမှန် ဖြစ်သော မလောက်ငှ၊ မဖူလုံ ဖြစ်သလို လည်ပတ် လုပ်ကိုင်နေရသော ၀ရုန်း ၀ရင်း ဖြစ်စဉ်များကို အထက် စစ်ဗိုလ်ချုပ်ကြီးများ မသိရအောင် ဖုံးဖိကွယ်ကာ လိမ်ညာတင်ပြခြင်း လုပ်နည်းများကို ကျနော်တို့ စစ်ဗိုလ်လောင်း ဘ၀ ကတည်းက စတင်တွေ့ကြုံလာခဲ့ရ၏။

ထိုစဉ်ကတော့ မိမိတို့ ကိုယ်စီ၏ အနာဂတ်အရေး ဆိုသည်ကို စေ့စေ့ငှငှ ထဲထဲဝင်ဝင် ဘာဆို ဘာမှ မတွေးမိ သေးဘဲ အထင်ကြီးနှင့် ဘ၀င်တွေ မြင့်နေကြချိန် ဖြစ်၏။ ကိုယ့်ကိုကိုယ် စစ်တက္ကသိုလ် ဗိုလ်လောင်း ကျောင်းသားကွ ဆိုသော မာနဖြင့် ဖနှောင့် သံဆူး၊ နွားရေကူး သလို မော့တော့ မော့တော့ ဖြစ်နေချိန်ဖြစ်သည်။ ထို့ကြောင့် မိမိတို့ ဤစစ်တက္ကသိုလ်မှ ကျောင်းဆင်းပြီး လက်တွေ့ ခြေလျှင်၊ ခြေမြန် တပ်ရင်းများသို့ အရာရှိ စစ်ဗိုလ်ဘ၀ဖြင့် ရောက်သွားသော အခါဝယ် ယခု စစ်သင်တန်းသား ဘ၀က မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့သော လိမ်ညာ လှည့်ဖျား၊ ဖုံးဖိ တင်ပြရခြင်း ကလိမ်ကကျစ် နည်းလမ်းများကို ယခုထက် ပိုမိုဆိုးဝါး အောက်တန်းကျစွာ အရှက်ကင်းမဲ့စွာဖြင့် လုပ်ဆောင်ကြရ လိမ့်အုံးမည် ဟု… လားလားမျှ၊ … အနည်းအကျဉ်းမျှ.. မတွေးမိခဲ့ပါချေ..။

ဆက်ပါဦးမည်…။ ကျနော်တို့ စစ်တက္ကသိုလ်ကျောင်းဝင်းအတွင်း ရှုခင်းတချို့ကို ပြောပြပါအုံးမည်။
ကျောင်းဝင်းအတွင်း စစ်ရေးပြကွင်းကြီး နံဘေးရှိ အကယ်ဒမစ် စာသင်ဆောင်ကြီးများ အနားတွင် ဆေးသားဆို၍ အဖြူရောင်ပြပြသာ ကျန်ရှိတော့သော ရေညှိများတက်နေသည့် အုတ်နံရံများနှင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အောင်ဆန်းခန်းမ ဆိုသော အဆောက်အဦးကြီး တခုရှိ၏။

ထိုအောင်ဆန်း ခန်းမ၏ ရှေ့ညာဘက်တွင် တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မတ်ရပ် စကားပြော ရှင်းလင်းနေဟန် ကြေးရုပ်တုကြီး ရှိ၏။ အဆိုပါ ကြေးရုပ်တုမှာ ထိတွေ့ သန့်ရှင်းပေးမှု လုံးဝမရှိသောကြောင့် မည်းနက်မှိုင်းညိုနေသော်လည်း အသွင်သဏ္ဍာန်က ထက်မြက်ရဲရင့် ခိုင်မာနေဆဲ ဖြစ်၏။ ခြေရင်းမှ မြက်ခင်း စိမ်းစိမ်းကိုသာ မကြာမကြာ ပေါင်းသင် ဖြတ်ရိတ်ပေးနေသောကြောင့် တောရိုင်းမြက်တို့ လွှမ်းခြုံမသွားခြင်း ဖြစ်၏။

သို့သော်….. တပ်မတော်၏ ဖခင် တဦး၊ အာဇာနည် တဦး၊ တိုင်းပြည် ခေါင်းဆောင်ကြီး တဦး အနေဖြင့်မူ အလေးအမြတ်ပြု တန်ဖိုးထားမှု မရှိဟု ထင်ရလောက်အောင်ပင် ဗိုလ်ချုပ်ကြေးရုပ်ကို မည်သူမျှ စနစ်တကျ အလေးတယူ ပြုစု စောင့်ကြည့် ပြင်ဆင်သည်မျိုး မတွေ့ရ။ စာပေ၊ စစ်သမိုင်းဆိုင်ရာများ သင်ကြားရာတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်းအရာ၊ အတ္တုပ္ပတ္တိကို အကျယ်တ၀င့် ဆွေးနွေး သင်ပြပေးခြင်း မရှိသလောက်နည်းသည်ကို မှတ်မိ၏။ ကျောင်းစာသင်ဆောင်ကြီးများမှာလည်း အရောင်အဆင်းမဲ့၊ ဟောင်းနွမ်း ရင့်ရော်နေပေပြီ၊ သက်တမ်းကလည်း ရာစုနှစ် တ၀က်ကျော်မျှ ရှိပြီကိုး…

ထိုသို့ တိုင်းပြည်အတွက် အညွန့်အဖူးလူငယ်များ၊ နောင်တခေတ်၏ အောင်စစ်သည် ဖြစ်လာမည့် လူငယ်များ တိုင်းပြည်အတွက် အညွန့်အဖူး လူငယ်များ၊ နောင်တခေတ်၏ အောင်စစ်သည် ဖြစ်လာမည့် လူငယ်များ စာပေ သင်ကြားရာ အကယ်ဒမစ် အဆောင်များ ယိုယွင်းပျက်ဆီးနေသလို၊ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုလည်း ဟောင်းနွမ်း ရင့်ရော် ပျက်စီးနေ၏။ တောက်ပ လင်းလက်ခြင်းကင်းကာ ညှိုးငယ် အားမဲ့စွာ နေရဟန် ရှိ၏။ ယနေ့ တပ်မတော်၏ အမှန်ဆုံး သရုပ်ကို ဖေါ်ထုတ်ပေးနေသလိုပါ။

သို့ပါသော်လည်း … နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းကျောင်းဆင်းပွဲ အခမ်းအနားကြီးမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အလေးပြုခံ စင်မြင့် ပတ်လည် တလျောက်သည် တနှစ်တာပတ်လုံး ပန်းအလှ အပင်စိုက်၊ မြက်ခင်းအလှ ဖန်တီး၊ ရေမပြတ်လောင်း၊ မြက်ခင်းကို စိမ်းနေအောင် မွေးမြူထား၍ အလွန်လှပ၏။ ပွဲကြည့် ပရိတ်သတ် စစ်ရေးပြ ရှုစားရာ (ပရိဒ် ရှာ့ပ်)၊ စစ်ရေးပြကွင်း မဏ္ဍာပ်မှာလည်း နှစ်စဉ် နှစ်တိုင်း ငွေကျပ် သိန်းပေါင်းများစွာ အကုန်အကျခံ မွမ်းမံ ပြင်ဆင်နေသောကြောင့် အမြဲလိုလို သစ်လွင် တောက်ပလျှက် ရှိ၏။

ဗိုလ်ချုပ် ကြေးရုပ်မှာမူ နေမြဲအတိုင်း မည်းလျှက်၊ သစ်ရွက်ကြွေအခြောက် လေအဝှေ့တွေ အောက်မှာ နေပူဒဏ် ခံမြဲခံလျှက် အောင်ဆန်းခန်းမဆိုသော ၁၉၅၀ ခုနှစ်ခန့်က ရေးသားထားခဲ့ဟန်ရှိသည့် မုခ်ဦး စာတန်း စာလုံးကြီး တွေမှာလည်း ပဲ့တချက်၊ ရွဲ့တဖုံ၊ ပြင်ဆင်မွမ်းမံပုံ လုံးဝမရှိ၊ ကျနော်တို့ လူငယ်များစိတ်ကူးအရဆိုလျှင် သမိုင်းဝင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို တပ်မတော်သားတိုင်းမှ အထွဋ်အမြတ် ပြုစေလို၏။ အလေးအမြတ် ကြည်ရှုဂုဏ်တင်စေလို၏။ များမကြာမီ လာရောက်တော့မည့် စစ်ဗိုလ်ချုပ်တို့သည် တပ်မတော်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်ကို အသုံးပြု၍ အုပ်ချုပ်နေသည် ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကြီး ပျက်ဆီးနေသည်ကို သတိပြုမိပြီး ပြင်ဆင်မွမ်းမံရန် အားထုတ် အမိန့်ပေးလေလိမ့်မည်လားဟု မျှော်လင့်မိ၏။ သိုသော်လည်း……

ကျနော်တို့ ဗိုလ်လောင်းများမှာလည်း တခါလာ မွဲပြာ ပုဆိုးဆိုသလို၊ ဗွီအိုင်ပီ လူကြီးလာတိုင်း တစုံတည်းရှိသော ဒီချည်ချော ၀တ်စုံကို ထုတ်ဝေပြရလွန်းလို့ ရှက်စိတ်တောင် ၀င်မိနေ၏။ ဤမျှ မွဲတေလှသော သင်တန်းသား ဘ၀ ဆင်းရဲ ငတ်ပြတ် သမျှ… စသော အစစအရာရာ ယိုယွင်းပျက်ဆီး ချို့တဲ့ဆင်းရဲ လိမ်ညာနေမှု တွေကို စစ်ထောက်ချုပ် ဗိုလ်ချုပ်က မွမ်းမံ၊ အရေးယူ ဆောင်ရွက် ကြည့်ရှုပြင်ဆင်ခွင့် ချပေးသွားလိမ့်မည်ဟု ကျနော်တို့ ထင်မှတ် ထားခဲ့သော်လည်း……

စစ်ဗိုလ်ချုပ်ဦးစီးသော စစ်ဆေးရေးအဖွဲ့သည် ဗိုလ်လောင်း အိပ်ဆောင်များနှင့် ပတ်သက်၍ ဘာမှ ပြောသံဆူသံ မကြားရပေ။ အကယ်ဒမစ် စာသင်ဆောင်များအတွင်း ၀င်ရောက် စစ်ဆေးသော အခါမှ ကျနော်တို့ အံ့အားသင့် ရလောက် အောင် အာဏာစောင်းထက်သော စစ်ထောက်ချုပ် အကြောင်းကို သိရတော့၏။ ကျနော်တို့ စာသင် ခန်းထဲ ၀င်လာသော ရွှေရောင် တလက်လက် ထနေသောစစ် ပိကပ် ဦးထုပ်ဆောင်းထားသည့် ဗိုလ်ချုပ်သည် ကျနော်တို့ စာသင်ခုံပေါ်တွင် အားလုံးညီညာစွာ တင်ထားသော ဘယ်ရီကပ် တလုံးကို ကောက်ကိုင် ကြည့်ပြီး သည်နှင့် ဒေါသတွေ တလိပ်လိပ် ထွက်ဟန် ပြလာတော့၏ ဟုတ်၏…။

ကျနော်တို့ကို စစ်ချည်ချော ယူနီဖောင်းကိုသာ အသစ်၊ အကောင်းဝတ်ဆင်ခိုင်းသော နည်းပြတို့ မျက်လုံးပြူး ကုန်ကြပါပြီ၊ ခွေးဝဲစား၏ အရေပြားသာသာ ရှိသော အရောင်အဆင်းမဲ့၊ စုတ်ပြတ်သတ်နေသော ဘယ်ရီကပ် ဦးထုပ်ကို အမြန်ဆုံး အသစ်လဲပေးရန် အမိန့်ထုတ်၏။ သူ၏ နောက်တော်ပါးမှ ပါလာသော စစ်ဗိုလ်ကြီးငယ်တို့က အလွန်ရေးကြီးသည့် သူ၏ နှုတ်မိန့်တော်အား ကမန်းကတန်း ရေးမှတ်ယူနေကြ၏။

အခန်း ပတ်လည်ကို လိုက်လံ ကြည့်ရှုပြီး၊ ဟောင်းနွမ်း ပေရေနေသော စာသင်ခန်း နံရံတွေကို မြင်သောအခါ၊ သူ၏ ခါးလောက် အမြင့်ရှိသော နေရာထိကို နံရံကပ် ကြွေပြားခန်းလုံးပြည့် ကပ်ရန် ညွန်ကြား၏။ များစွာသော အမိန့်များ ထုတ်ပြန် မွက်ခြွေနေသည်ကို ရင်တဒိတ်ဒိတ်နှင့် ကျနော်တို့ နားထောင်နေရပြီးနောက် အဆိုပါ စစ်ထောက်ဗိုလ်ချုပ်တို့ လူတန်းကြီးသည် ပြန်လည် ထွက်ခွာသွားတော့၏။

ထိုအခါမှ ကျနော်တို့ အားလုံးရော နည်းပြအရာရှိ အားလုံးပါ နဂိုမျက်နှာတို့ ပြန်ပေါ်လာကြပြီး၊ ပေါ့ပါးရွှင်မြူး ဟန်တို့ ပေါ်လာတော့၏။ ကျနော်တို့ လွန်စွာ အံ့သြရသည်မှာ ထိုစစ်ဗိုလ်ချုပ်ပြန်သွားပြီး နောက် ၃ ရက်ခန့် ကြာလျှင်ပင် ကျနော်တို့ အားလုံးအတွက် ဘယ်ရီကပ် အသစ်များ ချက်ချင်း ထုတ်ပေးပါတော့သည် နဂိုက အနည်းငယ်ကောင်းမွန် သေးသော ဘယ်ရီကပ် ရထားပြီးသူများကိုမူ ထပ်မထုတ်ပေးတော့ပေ။ လုံးဝ မရသေးသူများနှင့် အတော် အကြည့်ရဆိုးသော ဘယ်ရီကပ် ပိုင်ရှင်များကိုသာ လဲပေးခြင်းဖြစ်၏။

ထို့ကြောင့် မြန်မာတပ်မတော်သည် စစ်ဗိုလ်ချုပ်များ လက်ဝယ်တွင်သာ အရာရာ လုပ်ပိုင်ခွင့်၊ ပေးပိုင်ခွင့်တို့ အပြည့် အ၀ ရှိသည်ဆိုသည်ကို မိမိတို့ စစ်ဗိုလ်လောင်းများ သိအောင် ပြသခြင်း ပေလား…..။ ကျောင်းစာသင်ခန်း နံရံကိုလည်း အချိန်မဆိုင်း။ နေ့ဆိုင်း၊ ညဆိုင်းဖြင့် အားကျိုးမာန်တက် နံရံကပ် ကြွေပြားများ ကပ်ကြရာ လပိုင်းလေးအတွင်းမှာပင် ကျောင်းဆောင် တခုလုံး သပ်ရပ်သန့်ရှင်းတောက်ပြောင် သွားတော့၏။

ထို အဆောက်အဦးများ ကြွေပြားကပ် ဆောက်လုပ်နေရေး တာဝန်ယူရသည့် ပြင်ဦးလွင်မြို့ ဂျီအီး ဆောက်လုပ် ရေး အင်ဂျင်နီယာ တပ်ခွဲမှ အရာခံဗိုလ်နှင့် သူ့တပ်ဖွဲ့ဝင်များ မော်တော်ကား မိုဒယ်လ် အသစ်များ၊ ဆိုင်ကယ် အသစ်များ ၀ယ်ယူပြောင်းလဲ သုံးစွဲသွားနိုင်သည့် အချိန်ရောက်သွားသောအခါ ဆောက်လုပ်ရေး လုပ်ငန်းများ လည်း ပြီးစီးသွားပါတော့သည်။ သို့သော် စာသင်ဆောင် အရှေ့ရှိ ဗိုလ်ချုပ်ကြေးရုပ်နှင့် အောင်ဆန်းခန်းမ တို့မှာမူ နဂိုအတိုင်း ဟောင်းမြဲ၊ ဆေးပြယ်နေမြဲ၊ ကြည့်သူမဲ့ စောင့်ရှောက်သူမဲ့ နေဆဲ….။

သြော် အာဏာတန်ခိုးတော့ ထက်ပါပေ့… သူ့လက်နဲ့ ညွန်ပြီး ပါးစပ်က တတွတ်တွတ် မှာကြားအမိန့်ထုတ် ပေးလိုက်တာနဲ့တင် အားလုံးက ကျပ်သိန်းပေါင်း ထောင်နဲ့ချီ အကုန်ခံပြီး၊ ချက်ချင်းကို လုပ်ဆောင်ကြရ၏။ ထိုသို့ လက်ညိုးညွန်ရာ ရေဖြစ်သည့် အမိန့်ပေးပိုင်ခွင့် ရှိခြင်းအား လွန်စွာ အားကျသူ အချို့က ဤအကြောင်းအရာကို တသသ ပြောမဆုံးနိုင်တော့ပေ၊ သူတို့လည်း ထိုသို့ အမိန့်ပေးပိုင်ခွင့်ရှိသည့် နေရာ၊ ရာထူးကို ရောက်အောင် ကြိုးစားမည်ဟု ကြိမ်းဝါးသူတို့ ပေါ်လာပေတော့သည်။

ပြော၍ မဆုံး၊ ကြွား၍မှ မဆုံးသေးခင်၊ မြန်မာပြည်၏ ထုံးစံအတိုင်း ရက်ပိုင်း၊ လပိုင်းတွင်း စစ်အမိန့်အရ တက်သုတ်ရိုက် ကသောကမျောကပ်ထားသော နံရံကပ် ကြွေပြားတချို့ကွာကျပြီး၊ ကျိုးပဲ့ဆေးကွာ၊ ရုပ်ဆိုး ပန်းဆိုးတွေပြန်ဖြစ်လာပြန်ပါပြီ။ နဂို အခြေအနေက ပိုကရို ပုံစံများသို့ ပြန်ရောက်သွားပြန်ပါပြီ…..။

ပြင်ဆင်ရန် အမိန့်ပေးခဲ့သော စစ်ဗိုလ်ချုပ် နောက်ထပ်မလာတော့၊ …ဒီလိုနဲ့ဘဲ နောက်ထပ် စစ်ထောက်ချုပ် ဖြစ်လာမည့် စစ်ဗိုလ်ချုပ်အသစ် တယောက် တပ်စစ်လာချိန်ကို ထပ်မံ စောင့်မျှော်ကြရပေအုံးမည်…..။ နောက်ထပ် ပြင်ဆင်ခွင့်တွေ ရရှိဖို့အရေး ဆောက်လုပ်ရေး တာဝန်ခံများ၊ နည်းပြ တာဝန်ခံများ ကြိုတင် ပြင်ဆင် စောင့်စားနေလေးအုံးမည်။ သို့မှသာ သူတို့ မိသားစု တ၀မ်းတခါးအတွက် ဤဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဖြောင်ဘုံးသော ဘတ်ငွေတို့ ပေါ်ထွက်လာလေမည်ဖြစ်သည်ကိုး….။ အမိန့်ပေးပိုင်ခွင့် ရှိသည့် စစ်ဗိုလ်ချုပ်ကြီးကို ကျေနပ်အောင် ဖါးရ၊ ယားပြကြရအုံးမည်။ သူတို့ လက်ရှိရယူပိုင်ဆိုင်ထားသော ခိုးပိုင်ခွင့်။ ဖြောင်ပိုင်ခွင့် ရှိသည့် ရာထူး၊ နေရာလေးတွေ ပျောက်ပျက် တိမ်းပါး ဆုံးရှုံးမသွားရအောင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး အပါအ၀င် အာဏာပိုင် အဆင့်ဆင့်အတွက် ဂါရ၀ပြု လာဒ်ထိုးငွေများ၊ လစဉ်ပေးပို့နေရသော လိုင်းကြေးများ ရရှိရေးအတွက် ရှာဖွေခိုးယူမှုတွေလည်း ဆက်လုပ်နေရအုံးမည်။

ဤလိုနဲ့ပင် မြန်မာစစ်တပ်သည် တဗိုလ်ဝ၊ တဗိုလ်တက် စနစ်ဖြင့် တည်ဆောက် လည်ပတ် နေနေလေအုံးမည်။ မြန်မာပြည်သူ ပြည်သား တိုင်းရင်းသားတို့ အားလုံး တညီတညွတ်တည်းသော စိတ်ထားဖြင့် ယခုစနစ်ဆိုးကြီးကို မလိုလားကြောင်း၊ မပြသ သရွေ့ မဆန့်ကျင်သရွေ့ ဤစနစ်သည်လည်း မြန်မာ့ မြေပေါ်မှ ကွယ်ပျောက်သွား လေမည် မဟုတ်ပေ။ ကျနော်တို့ လူငယ်များသည်လည်း ခိုင်မာသော အနာဂတ်တခုကို ရေရာစွာ ဆုပ်ကိုင် မျှော်မှန်းနိုင်မည် မဟုတ်ပေ။ ပျဉ်းမငုတ်တိုကြီးလို တတိတိဆွေးမြေ့ သုဉ်းပါးဖို့သာ ရှိတော့သည်။

ကျနော်တို့ လူငယ်များသည် မြန်မာပြည်သားအဖြစ် မွေးဖွားလာသော လူသားတဦးအဖြစ် လူသားတို့ရအပ်သော အခွင့်အရေးတို့ လိုချင်ပါသည်။ ပိုင်ဆိုင်ချင်ပါသည်။ ကျနော်တဦးတည်း စွမ်းဆောင်နိုင်မည်ဆိုလျှင် မည်သူကိုမျှ မပြောဘဲ စစ်ဗိုလ်ချုပ်ကြီးများကို အနီးကပ် လုပ်ကြံ သတ်ဖြတ်လိုက်ခြင်းဖြင့် စနစ်ကို ပြောင်းလဲသွားအောင် စွမ်းဆောင် ပစ်လိုက်မည် ဖြစ်၏။

ယခု မိမိတို့ တဦးတယောက်တည်းအားဖြင့် စွမ်းဆောင်၍ မရသော အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု ကြီးသည် တိုင်းသူပြည်သား အားလုံး တညီတညွတ်၊ တစိတ်တ၀မ်းတည်း ပူးပေါင်းဆောက်ရွက်မှ အပြီးတိုင် အောင်မြင်မည့် လူထုအရေးတော်ပုံကြီး ဖြစ်၏။ အမျိုးသား လွတ်မြောက်မှု လှုပ်ရှားမှုကြီး အောင်မြင်မှ တမျိုးသားလုံး လွတ်လပ်ခွင့်ရမည် ဖြစ်ပေသည်။ သို့ အတွက် ရခဲလှသော ဤလူ့ဘ၀ရသကို ကမ္ဘာ့ လူသား များနှင့် တန်းတူ ခံစားလိုသော မြန်မာပြည်သားများအား နောက်လာနောက်သားတို့ အနာဂတ်အတွက်ရော၊ ယနေ့မိမိတို့ ကံကြမ္မာအတွက်ပါ လေးလေးဆဆ တွေးဆ ကြံစည် ကြိုးပမ်းပေးကြပါ ဟု ပန်ကြားရင်း ခေတ္တရပ်နားခွင့် ပြုပါခင်ဗျား………။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

Friday, April 25, 2008

ယနေ့ စစ်တပ်… ဘာတွေ ဖြစ်နေသလဲ (၂၇)

လွန်ခဲ့သော တပတ်က ကျနော်တင်ပြခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများ တပ်စစ်လာရောက်ချိန် လက်အောက်ခံ စစ်ကျောင်း၊ တပ်များမှ အကြီးအကဲများ အရာရှိများ ထွန့်ထွန့်လူး၊ ပြာယာခတ်မျှ အလုပ်ရှုပ်ပြ၊ ကြောက်ပြ နေရ ကြောင်းများ မှတ်မိပါသေးလား ခင်ဗျား…။

ယခုတပတ်တွင်လည်း ကျနော့်ကိုယ်တွေ့ဖြစ်သော ကာကွယ်ရေး ၀န်ကြီးဌာန စစ်ထောက်ချုပ် ဗိုလ်ချုပ်… စစ်တက္ကသိုလ်သို့ လာရောက် တပ်စစ်ဆေးချိန် အဖြစ်အပျက်လေးများကိုလည်း စဉ်းစားသုံးသပ်ပေးကြ ပါအုံးခင်ဗျား။

အဘယ်ကြောင့် ဤအုပ်ချုပ်ရေးစနစ် တည်တံ့နေသည်။ အဘယ်သူတို့က တရားခံ ဖြစ်သည် စသည့်တို့ကို အရိပ် အမြွက်မျှ တွေးမိနိုင်စေမည်ဟု ထင်မြင်မိပါသည်။

ပခုံးတွင် ရွှေကြယ်ပွင့်ကြီးများ လက်ပြင်ပခုံးသား အပြည့်မျှ တပ်ဆင်ထားသည့် စစ်ဗိုလ်ချုပ်ဆိုက်ရောက် မလာ သေးမီမှ စလိုက်၏။

အသွင်၊ အပြင်၊ အထင်အရာ ယုတ်နိမ့် အောက်ကျသည်ဟု ပင် ဆက်စပ် ထင်မြင်နိုင်သည့် အပြုအမူ၊ အသုံး အဆောင်၊ အခင်းအကျင်း ဘာဆိုဘာမျှ (ဘာတခုကိုမှ သူတို့ စတင်ခြေချရာ သူတို့သွားလာရာ လမ်းအနီး၊ အိမ်အနီးတွင် လူလေလူလွင့် စုတ်စုတ်ပြတ်ပြတ်၊ ဆင်းဆင်းရဲရဲ ပုံစံမျှ မရှိစေရ၊ ယုတ်စွအဆုံး ခွေးတကောင်၊ ကြောင်တမြီးမျှပင် သူတို့မြင်သာသော လမ်းကြောင်းနား မသီစေရပေ) မရှိစေ၊ မမြင်စေရဘဲ တန်ဖိုးကြီးပေ့ လူတကာ အားကျစဖွယ် ဖြစ်ရပေ့ဆိုသည့် အသုံးအဆောင်တို့ကို ရသည့် နည်းဖြင့် ငှားရမ်း ပြင်ဆင် ခင်းကျင်း ထားရသည်။

ကျနော်က တပ်မတော်ကို အကောင်းမြင် ၀ါဒဖြင့် ကြည့်သူဖြစ်ပြီး၊ တပ်မတော် မရှိလျှင် မြန်မာနိုင်ငံလည်း မရှိနိုင်ဟု ယုံကြည်ထားသူ ဖြစ်ရာ ယနေ့ တပ်မတော်ကို ကောင်းမွန် မှန်ကန်သည့် သမိုင်းကြောင်းပေါ်သို့ ဆွဲတင် ခေါ်ထုတ်ပေးနိုင်မည်ဟု ယုံကြည်ရသော ရဲစွမ်း သတ္တိရှိသည့် အရာရှိ စစ်ဗိုလ်မျိုးချစ်တို့ အမူအသွင်အပြင် အချို့ဖြင့် ဤကြိုဆိုပွဲကြီး၏ တခန်းရပ် ဇာတ်ရုပ်ကို သရုပ်ဖေါ်ကြည့်လိုက်၏။

စစ်တပ်တွင်း လက်ရှိ အမှုအထမ်းနေသူ စစ်အရာရှိ၊ စစ်သည်တော် ရဲဘော်တိုင်းသည် ယနေ့ စစ်အာဏာရှင် စနစ်ဖြင့် တသွေး၊ တသံ၊ တမိန့်၊ ငါပြောသလို လုပ်၊ ငါလုပ်သလို လိုက်လုပ်ရင် သေဒဏ်ဟူသည့် တချက်လွတ် စစ်အမိန့်ဖြင့် နိုင်လိုမင်းထက် အုပ်ချုပ်နေမှုများကို ကြည်ဖြူစွာ နာခံသူချည်း မဟုတ်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။ တိုင်းပြည်နှင့် တပ်မတော်ကို နှစ်နှစ်ကာကာ မြတ်နိုး၍ စစ်တပ်တွင်း ၀င်ရောက်ကာ စစ်မှုတာဝန် ထမ်းဆောင်နေသူ မျိုးချစ်များလည်း မြောက်များစွာ ရှိသေးကြောင်း တင်ပြခဲ့ပြီးဖြစ်၏။

ပြီးခဲ့သော တပတ်က ကျနော်တင်ပြခဲ့သည့် ဗိုလ်ကြီးစောမောင်လို ထီမထင် ဘာမထီ ရဲရင့်သော စစ်သည်တော် စိတ်ထားနှင့် စစ်သားကောင်းများ၊ ယနေ့ စစ်အသိုင်းအ၀ိုင်း၏ တဖက်သက် အနိုင်ကျင့် ဖိနှိပ်အုပ်ချုပ်မှု စနစ်ကို မနှစ်မြို့သောကြောင့် မချစ်သော်လည်း အောင့်ကာနမ်း ဆိုသကဲ့သို့ သည်းညည်းခံ နေနေရသူ တပ်မတော်မှ နှုတ်ထွက်ခွင့် မရ၊ စစ်ကျွန်ဘ၀ဖြင့် မကျေမချမ်း တာဝန်ထမ်းနေရသူ ဗိုလ်ကြီး မဇိုင်းလ် ကဲ့သို့ မျိုးချစ် စစ်ဗိုလ် များ၊ စသည်တို့လည်း ထိုသို့သော အထက်အရာရှိ စစ်ဗိုလ်ချုပ်ကို တင်ကြို နှုတ်ဆက်ကြိုဆိုပွဲတွင် မဖြစ်မနေ တက်ကြရသည်။ စစ်ကျောင်းရှိ အရာရှိအားလုံး မဖြစ်မနေ တက်ကြရသည့် ပွဲဖြစ်၏။

ထိုအထဲတွင် စစ်တက္ကသိုလ် စာပေဌာနမှ နည်းပြ ဗိုလ်မှူးကြီးများလည်း ပါ၏။ ကျနော်တို့၏ ဆရာဖြစ်သူ ထို စာပေနည်းပြ ဗိုလ်မှူးကြီး အားလုံးနီးပါးကို ကျနော် အလွန်လေးစားပါ၏။ သူတို့အားလုံးနီးပါးသည် ကိုယ်ကျင့် စာရိတ္တ အားဖြင့် နိမ့်ကျသူ တဦးမျှ ကျနော် မတွေ့ဖူးပေ။

ဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန်ထမ်းနေသော်လည်း ရိုးသားမှု မာန်မာန အပြည့်ဖြင့် ဖြစ်၏။ ရရှိသော လခ၊ ရိက္ခာက ယနေ့ခေတ် ကုန်ဈေးနှုန်းဖြင့် ဘယ်လိုမှ ဖူလုံလောက်ငှအောင် မဖြစ်နိုင်သောကြောင့် သူတို့လည်း အပိုဝင်ငွေ ရှာကြရသည်။ လေ့ကျင့်ရေးဆိုဒ်မှ အရာရှိအချို့ကဲ့သို့ ဗိုလ်လောင်းများ ရိက္ခာကို ခိုးရောင်းပြီး ဆိုင်ကယ် ၀ယ်စီးသူများလိုလည်း သူတို့ မလုပ်၊ ဗိုလ်လောင်းများအတွက် ရသင့်ရထိုက်သော စစ်ဝတ်ကို ထုတ်မပေးဘဲ အဟောင်း အမြင်းများကိုသာ အစားထိုး ထုတ်ပေးကာ အသစ်များကို ရောင်းစားသူ တပ်မတော် အရာရှိတို့ကဲ့သို့ လည်း ငွေမရှာ။

နေအိမ်တွင်းတွင်ပင် ဇနီးမယားနှင့် အိမ်သူအိမ်သားများ စုပေါင်း၍ ဘိန်းမုန့် ဖုတ်ရောင်းသူ စစ်ဗိုလ်မှူးများ ကိုလည်း ကျနော်တွေ့ခဲ့ဖူးပါသည်။ အိမ်တွင်းမှာပင် ရေခဲထုပ် ထုပ်၍ ရေခဲပုံးလေးများဖြင့် အိမ်ပြင် လမ်းသွား လမ်းလာများကို ရောင်းချခြင်း၊ ဖောက်သည် ရေခဲချောင်းရောင်းသူ လူငယ်လေးတို့ကို ရောင်းချခြင်း စသည့် ရိုးသားအပြစ်ကင်းသော နည်းလမ်းများဖြင့် အသက်မွေးနေရသူ စစ်ဗိုလ်မှူးကြီးများ ရာထူးမပေး နေရာမပေးဘဲ ချောင်ထိုးခံထားရသူများ ဖြစ်၏။ မတတ်သာ၍သာ စစ်မှုထမ်းနေရသော်လည်း ယနေ့ ခေတ်တပ်မတော်၏ လုပ်ဆောင်နေမှုများအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေကြသူများ ဖြစ်၏။ ထိုသို့သော ပညာတတ် စစ်ဗိုလ်မှူးကြီး များလည်း ထိုကြိုဆိုပွဲတွင် ပါ၏။

စိတ်ရင်း အခံအားဖြင့် တိုင်းပြည်ပေါ် ချစ်မြတ်နိုးသူ စစ်ဗိုလ် စစ်သားများ၊ စိတ်ရင်းအခံ အားဖြင့်ကို တပ်မတော် စစ်ယူနီဖောင်းဝတ် ရာထူးအာဏာနေရာယူပြီး အခွင့်အရေးနှင့် ငွေးကြေးရှာမည့် စစ်ကုန်သည် စိတ်ထားဖြင့် ကိုယ်ကျိုးစီးပွားရှာစားရန် စစ်တပ်တွင်း ၀င်လာသူ စိတ်ဓါတ် ၀ဲစားဖေါ်လံဖား စစ်ဗိုလ်များ… အမျိုးမျိုး အဖုံဖုံ အားလုံးတို့သည် ထိုသို့သော အထက်အရာရှိကြီး ကြိုဆိုပွဲမျိုးတွင်မှ လူစုံတက်စုံ ဆုံကြုံရလေ့ ရှိ၏။ ကျန် အချိန်များတွင်မူ သူ့တာဝန်၊ ကိုယ်တာဝန်နှင့် ၂၄ နာရီ တာဝန်ရှိသော စစ်သားများ ဖြစ်သောကြောင့် တွေ့ဆုံကြ ရန် မလွယ်ကူကြ….။

သူတို့သည် သူ့အကြောင်းကိုယ်သိ၊ ကိုယ့်အကြောင်း သူသိ ထိုအရာရှိတွေ အားလုံးက စစ်ဗိုလ်ချုပ်တွေ မလာခင် ခပ်တည်တည်.. အချင်းချင်း မရောကြ… ဂုဏ်သိက္ခာအားဖြင့် ရိုးသားမှု ရှိခဲ့သူတို့သည် သရက်ပင်ချို ခြေရင်း ဂွေးတောက်မြစ် ချဉ်းနင်းလာသည်ကို မလိုလားသည့် ဟန်ပုံစံဖြင့် ရောထွေးယှက်တင် မနေလိုသည့် ပုံစံ.. တမိဘတည်းမှ မွေးခဲ့သော်လည်း အမူအကျင့်အားဖြင့် ထိန်းမနိုင် သိမ်းမရ၍ အောက်တန်းကျလွန်း၍ လျစ်လှူရှု ထားရသော သားချင်းတို့အပေါ် စိတ်မောဟန်၊ မတတ်သာ၍သာ ဆက်ဆံနေရ ဟန်… စသော ပုံစံတို့ကိုလည်း တွေနိုင်ပေသည်။

ထို လူကောင်းမျိုးချစ်စစ်ဗိုလ်၊ စစ်သားတို့သည် အနေအထိုင် တည်ကြည်ငြိမ်သက်၏။ ဟိုစပ် ဒီပြာ၊ ခါတာတာ လုပ်မနေကြ၊ အေးဆေးငြိမ်သက်စွာ သူနှင့် သက်ဆိုင်သည့် အလုပ်တာဝန် အကြောင်းသာ ပြင်ဆင်၏။ ဗိုလ်ကြီး စောမောင်တို့လို၊ ဗိုလ်ကြီးမဇိုင်းလ် တို့လို ခပ်တည်တည်၊ လုပ်ချင်တာလုပ်မည်၊ ပြုတ်သွားလည်း နားအေးသည် ဆိုသော စစ်သားစိတ်ထား ပိုင်ရှင်တွေက၊ မနေ့ကနှင့် ဒီနေ့ ဘာမှ မထူးခြားသလိုပင် ခါတိုင်း ရက်များလို အသောက်မပျက်၊ အေးဆေး….

သို့သော် ရာထူး၊ နေရာ၊ အာဏာ၊ ငွေကြေး၊ အခွင့်အရေးနှင့် နောင်ရေး ဆရာဘုရင် မင်းဖြစ်လျှင် တပည့်ငါသည် လည်း မင်းတပည့် အချီကြီး အပွကြီး ပွအံ့ဟု အကြံဖြင့် အချိန်အခါကို ကြည့်ပြီး လွန်ကဲစွာ ဖားယားတတ်သူ၊ ကိုယ်ကျင့် သိက္ခာမဲ့ စိတ်ဓာတ်ဝဲစား စစ်ဗိုလ်တွေကတော့ … ဘယ်လိုပုံတွေ ပေါက်နေမှာပါလိမ့်…။

ဟော…. ရောက်လာပါပြီ။ အဆောင်အယောင်၊ အခြွေအရံ၊ အသင်းအပင်း၊ အစုံအလင်ဖြင့် တောက်ပသစ်လွင် သော စည်းစိမ်ခံ ဇိမ်ခံကား နောက်ဆုံးပေါ်ကြီးများ စီးနင်းကာ တသီတတန်းကြီး ရောက်ရှိလာပါပြီ။ ဇိမ်ခံကားတွေ ရှေ့က လုံခြုံရေး စစ်ယာဉ်တွေပေါ်မှာလည်း ရောင်စုံ အလံငယ်လေးတွေက တလွင့်လွင့် …. ဂျပန်ခေတ်တုန်းက လည်း ထိုသို့ရှိခဲ့မည် ထင်၏။

အသင့်စောင့်ဆိုင်း ကြိုဆိုနေသူ ကျောင်းအုပ်ကြီး ဦးဆောင်သော အရာရှိကြီးငယ်တစုတို့မှာလည်း ဇီးစေ့ခန့် ရှိသော မျက်နှာငယ် လေးများဖြင့် မျောက်မီးခဲ ကိုင်ထားမိသလို ဦးထုပ်ကို ချွတ်လိုက် တည့်အောင် ပြန်ဆောင်းလိုက်၊ ဘောင်းဘီနှင့် စစ်ခါးပတ်ခေါင်း တည့်မတည့် ငုံ့ကြည့်လိုက်၊ မလုံမလဲနှင့် ကိုယ့်ဖင်ကို ကိုယ်ပွတ်ပြီး ဖင်မှာ ဘာကပ်နေသလဲ လှည့်ကြည့်လိုက်… နေမကျ၊ ထိုင်မကျ၊ ကြွတ…. ကြွတ…..ဖြစ်နေလေပြီ။

သူ့တို့အား အာဏာရှင်ကြီးက မေးလာလျှင် ဖြေဖို့ ဖြစ်နိုင်သမျှသော တင်ကြို လံကြုပ် အဖြေတွေအတွက် တရွရွ ရွတ်ကျင့်နေကြသည်လား၊ ဂုဏ်တော်ကိုးပါး အန္တရာယ်ကင်း ဂါထာတွေကိုပဲ ရွတ်နေကြသည်လား မသိ သူတို့ ပါးစပ်လေးတွေမှာလည်း ဟတ…၊ ဟတ……။

စားရိပ်သာမှ ဗိုလ်လောင်းတို့ ရိက္ခာကို ရောင်းစားပြီး ကိုယ်ပိုင် ဆိုင်ကယ် ၀ယ်စီးထားသော လူလည်များ၊ အကောင်ကြီးကြီး အမြီးရှည်ရှည် လူကြီးသား ဗိုလ်လောင်းများကို အိမ်ပေါ်ခေါ်တင် ကျွေးမွေးပြုစု စောင့်ရှောက် မျက်နှာသာပေးပြီး သူတို့အဖေ စစ်ဗိုလ်ချုပ်တို့၏ မျက်နှာသာပေးခြင်း ခံရပါစေကြောင်း ရွှေရေး ပန်းကန်တက်လို သည့် စိတ်ထားများဖြင့် အကြံကြီးကြီး ကြံထားသူ လူနပ်စစ်ဗိုလ်များ… စသော စိတ်ထားမမှန်သော စစ်ဗိုလ် သူတို့အမူအကျင့် မျက်နှာ အမူအရာများကား ရိုးသားသော စစ်ဗိုလ်များနှင့် လားလားမျှ မဆိုင်…..

ထိုလူလည် လူတတ်၊ လူနပ် စစ်ကုန်သည် စိတ်ထားရှိသူ၊ စစ်ပါးဝပြီး ခေတ်သစ် စစ်ယဉ်ကျေးမှု အသွင်အပြင် များ ကောင်းစွာ နားလည်သူ၊ စစ်ဗိုလ်အများစု၏ မျက်နှာတွေကို ကြည့်လိုက်လျှင် ယုန်သူငယ်လေးများကဲ့သို့ အပြစ်ကင်းကင်း၊ ရိုးသားခြင်း ဟန်ပန်ကို ပြူးကျယ်ကျယ်၊ ကလယ်ကလယ် လုပ်၍ ယခုမှ လူ့ပြည်ရောက် လာသော လူမမယ်လေးလိုများ ဟန်ပန်ကိုလည်း တွေ့နိုင်သည်။ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး၏ မျက်နှာကို မကြည့်ဝံ့ဝံ့ ကြည့်ဝံ့ဝံ့ဖြင့် မရဲတရဲ ခိုးကြည့်နေကြသည့် ဟန်များကိုလည်း တွေ့နိုင်သည်။

သူတို့ ပြစ်ဒဏ် ကြီးကြီးပေးနိုင်မည့် တရားသူကြီးကို အဝေးကပင် ကြောက်လန့် စိုးထိတ်နေရသည့် ခိုးသား တရားခံကဲ့သို့ အားငယ် တုန်လှုပ်နေဟန် ရှိသည့် ချွေးစီးပြန် ဟိုကြည့် သည်ကြည့် မျက်နှာလေးများ၊ အခွင့် ကောင်း နေရာကောင်း၊ ဂွင်ကောင်းကောင်း ရရေး တွေးထားသမျှ၊ ပေးသနားပိုင်ခွင့် ရှိသည့် အာဏာရှင်ကို မျက်နှာလို မျက်နှာရဖြင့်၊ အခြားသူကို ချွန်တွန်းလုပ် ချောက်ချ၊ ထိုနေရာကောင်းကို ကိုယ့်အတွက် ပေးသနားလာ စေဖို့ ဟူသော စိတ်တွင်း အကြံအစည်ဖြင့် ကိုယ်ရည်သွေးကာ ပလူးပလဲ ဆင်---ီ-းခွေးမျှော် လုပ်ပြနေသော ပြာယာခတ် အနားပြာများ၊ …. စသော စသော အမူအရာ ပေါင်းစုံ၊ အပြုအမူပေါင်းစုံ တို့သည် ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ၌ ပြသဘော အကယ်ဒမီ ဆုရ ဇာတ်ကား နမူနာများမှ သရုပ်ဆောင်တို့ အပြုအမူ များထက် သာလွန်နေမည် ဟု ကျနော်ထင်မိ၏။

စစ်ဆေးနေပါပြီ၊ ကျနော်တို့ သင်တန်းသားများကတော့ စာသင်ဆောင်နှင့် အိပ်ဆောင်တွင်းမှ မထွက်ရသော ကြောင့် သူတို့ ရုံးပိုင်းဆိုင်ရာနှင့် စစ်သင်တန်းဆိုင်ရာ ကိစ္စများ၊ ဘာတွေ စစ်မေး၊ ဘာတွေ အပြစ်ပေးသည် ကျနော်မသိ၊ ကျနော် သိသည်မှာ ကျနော်တို့ သင်တန်းသား ဗိုလ်လောင်းများကို (အကယ်ဒမစ်ဆောင် ခေါ်) စာသင်ဆောင်တွင် အဆင်သင့် စောင့်ဆိုင်း ပြင်ဆင်ထားပေးခိုက် ထိုလူကြီး တသိုက်ဆိုသူတို့ ရောက်လာခိုက် လေးကို စွဲစွဲထင်ထင်တွေးမြင် နေမိပါ၏။ ထိုကြောင့် ကျနော်သိသမျှ ဖောက်သည်ချလိုက်၏။

သူတို့ လာစစ်စဉ် တွေ့ရသည့် ဟာသလေးတွေ အသာထား၍ ထိုစဉ်ကာလနှစ်များအတွင်းက ကျနော်တို့ (ဖတ်စ် ယီးယား၊) ပထမနှစ် ဗိုလ်လောင်းများ၏ ၀တ်စား ဆင်ယင်မှု၊ နေထိုင်ရမှုတို့ကို အကျဉ်းမျှ ပြောပါရစေအုံး။

ကျနော်တို့ ဂျူနီယာ သင်တန်းသားများ ရက်သတ္တ တပတ်တွင်မှ ဗုဒ္ဓဟူးနေ့ ၀တ်စုံ (ခေါ်) ချည်ချော စစ်စိမ်း ယူနီးဖောင်း ၀တ်စုံကို ထို ဗုဒ္ဓဟူးနေ့ တနေ့တွင်မှသာ ၀တ်ကြရ၏။ ကျန်သော ရုံးဖွင့်ရက် လေးရက်၊ တွင်ချည်ကြမ်း အိုဂျီ (ခေါ်) ကြမ်းတမ်းလှသည့် ချည်ထည် ၀တ်စုံ ယူနီဖောင်းကို ကော်ထူထူတင် မီးပူခေါက် ရိုးကျအောင် တိုက်၍ ၀တ်ကြရ၏။ ထိုချည်ကြမ်း ၀တ်စုံကို မိမိတို့ ဂျူနီယာများ ဖြစ်သည့် ပထမနှစ်နှင့် ဒုတိယနှစ် တို့သာ ၀တ်ကြရသော်လည်း စီနီယာများမှာမူ ချည်ချော ၀တ်စုံကို စနစ်တကျ ကော်တင် မီးပူတိုက်၍ ၀တ်ကြ၏။ စီနီယာ ဂျူနီယာ အခွင့်အရေး ကွာသည်ကိုးဗျ….။

ချည်ကြမ်းသား ကော်ထောင့်နှင့် လမ်းလျှောက်လျှင် မာကျစ်နေသော ဘောင်းဘီ ၀ါးခြမ်းပြားလို ချပ်ပြား ပေါင်ကြား အချင်းချင်း ပွတ်တိုက်သောကြောင့် တရွှမ်းရွှမ်းနှင့် အသံထွက်၏။ ခြေသလုံးရှေ့ စစ်ဖိနပ်ပေါ်တွင် ချွန်ထွက်နေသော တန်းဒေါက် (ခေါ်) ဘောင်းဘီ ခြေသလုံးသားကို ရှေ့သို့ ဆန့်ထုတ် (ချည်ကြမ်းသား ကော်တင် ဘောင်းဘီ ခြေချင်းဝတ်နားကို မီးပူ၏ထိပ်မှ စောင်းလျော အချွန်ကဲ့သို့ ပုံသွင်းထားသော ခေါက်ရိုးကို သင်္ဘောထိပ်ဦးလို ချွန်မြတောင့်တင်း နေအောင် အထဲမှနေ၍ ဓါတ်မှန် ဖလင်ကော်ပြားကို ခေါက်ချိုးချိုးကာ၊ ထောက်ကူပင့်မ ကော်ကပ် ထားသေး၏။ ထိုဝတ်စုံကို ပြင်ဆင်ရချိန်ပင် နာရီဝက်ခန့် ကြာမည်ထင်၏။) လမ်းလျှောက်သည့်အခါ လူ၏ ဟန်ချက်အတိုင်း ဖိနပ်ထိပ်ဦးနှင့် ထိုဘောင်းဘီခြေသား ထိပ်ချွန် တန်းဒေါက် ချိုးထားသော အချွန်တို့က ရှေ့ပြေးအဖြစ် ပနံရရ မြကနဲ လွကနဲ ရိပ်ကနဲဖြင့် စက်ရုပ် တရုပ်သွားသည့်နှယ် ထောင်တောင်တောင် လွှားကားကား ပုံစံ ဖြစ်သွားတတ်၏။

ထိုကော်တင် ၀တ်စုံ မီးပူ ခေါက်ရိုးဖြင့် ခြေတံဘောင်းဘီးသားတွေကို ဗျက်ကျယ်ကျယ် ၀ါးခြမ်းပြား ကြီးများကဲ့သို့ ဖြစ်အောင် လုပ်ထားပြီး သင်တန်းသားတိုင်းက တန်းဒေါက်ကို မြေပြင်မှ အကွာအဝေးအားဖြင့် တပြေးညီ ဖြစ်နေအောင် တွက်ချက်ချိုးရ လုပ်ရသည်။ ပြီးသော် စစ်ရေးပြ ပုံစံဖြင့် တညီတညာ လမ်းလျှောက်ကြသောအခါ အလွန်ကြည့်၍ လှသော လူစုလူတန်း၊ စနစ်ကျသော စစ်ရေးပြ လမ်းလျှောက်ပုံ ဖြစ်လာတော့၏။

ကျနော်သည်လည်း ထိုစနစ်ကျ လှပသော စစ်ရေးပြ လူတန်းကြီးထဲတွင် ပါဝင်သော စစ်သားတဦး အနေဖြင့် လျှောက်ခဲ့ရ၏။ စိတ်ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ၊ စိတ်တွင်းတွင်တော့ ဘရယ်မဟုတ် ကျေနပ်နေခဲ့သော ရက်စွဲတို့ ရှိခဲ့ပါသည်။ ဘာကြောင့်ဆို အသုဘလိုက်ပို့သော ဗရမ်းပတာ လူအုပ်ကြီးက ၀ရုန်းသုန်းကား လမ်းလျှောက်နေကြခြင်းထဲ ပါရသည်ထက်၊ ယခုဤသို့ စစ်အမိန့်ဖြင့် စနစ်တကျ ညီညီညာညာ သွားရ၊ လာရသည်မှာ တမျိုးသော ညီညွတ်ခြင်း၊ စုဝေးခွင့် ရခြင်းမှ လူသားတို့ စိတ်မနောတွင်း စိတ်တွင်းခံစားချက် တခုကို ဖြစ်ပေးစေ၏။ လုံခြုံခြင်း၊ နွေးထွေးခြင်း၊ ခံစားချက် တခုလိုလို ကျေနပ်မှု တခုခုတော့ ပေါ်နေတတ်၏။ ဘယ်လို နာမည်တပ် ခေါ်ဝေါ်နိုင်မည် ဆိုသည်အား ကျနော် ရှင်းမပြတတ်ပါ….။

ရှိစေတော့…..

ထိုချည်ကြမ်းဝတ်စုံ ပေါင်ခြံ ရှတ ရှတကို တပတ်လျှင်လေးရက် ၀တ်ရပြီး ချည်ချော ယူနီဖောင်းကိုမူ ထို ဗုဒ္ဓဟူးနေ့ တနေ့တွင်သာ ၀တ်ခွင့်ရ၏။ ထို စစ်ထောက်ချုပ် လာရောက်စစ်ဆေးသည့် နေ့သည် ဗုဒ္ဓဟူးနေ့ မဟုတ်ပါ။ စားရိပ်သာတွင်လည်း အလွန်တရာမှ စားရခဲသည့် ဟင်း၊ ထမင်းများဖြင့် ကျွေးကြောင်း ပြောခဲ့ပြီး ဖြစ်သည်၊ ယခု ၀တ်ရမည့်ရက် မတိုင်ခင် ထိုအ၀တ်ကို ထုတ်ဝတ်ခိုင်း၏။ ကျနော်တို့ လူလို နေရကြောင်း ၀တ်ကောင်း စားကောင်းနှင့် နေရကြောင်း စစ်ဗိုလ်ချုပ်များအား ပြခြင်းဖြစ်၏။

ဤသည်မှာ ကျနော်တို့ စစ်ဗိုလ်လောင်းများ၏ အပြင်ပန်း ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး လက်တွေ့ အခြေအနေများဖြစ်၏။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင်ဒေါင်းလုပ် လုပ်ယူပါ

Read More...

ယနေ့ စစ်တပ်….. ဘာတွေ ဖြစ်နေသလဲ (၂၆)

ယခင်အပတ်က စစ်တက္ကသိုလ်၏ အထက်အရာရှိများက စစ်ဗိုလ်ချုပ်ကြီးများကို၊ ဖိန့်ဖိန့်တုန်နေအောင် ကြောက် ရွံ့ ရိုသေ လေးစားကြပုံကို၊ အမှန်အတိုင်း တင်ပြခဲ့၏။ သူတို့ထက် ရာထူးကြီးသူ မရှိသည့် အခိုက်တွင်၊ လက်အောက်ကို နည်းမျိုးစုံဖြင့် အာဏာပါဝါတွေ ပြတတ်ပုံ၊ မာန်မာနတွေ တဖွားဖွားထောင်လွှားပြီး၊ လူကို လူလို မထင်၊ ဘ၀င်သွေး နားထင်ဘေးတက်နေ တတ်ကြပုံတွေကို အရှိအမြင်အတိုင်း ရေးပြခဲ့၏။

ထိုစဉ်က ကျနော်တို့မှာ ဘာအာဏာ၊ ဘာရာထူးမှ မရှိသေးသော စစ်ဗိုလ်လောင်း သင်တန်းသား၊ ကျောင်းသား သက်သက်သာ ဖြစ်ပါ၏။ သို့သော် မကြာသော နှစ်အနည်းငယ်အတွင်း မိမိတို့ကိုယ်တိုင်လည်း၊ စစ်အရာရှိအဖြစ် ပခုံးပေါ် ရွှေကြယ်ပွင့် တောက်တောက်တွေ တပ်ကာ၊ သူတို့လို တပ်မတော် အရာရှိတွေ ဖြစ်လာမည် ဖြစ်၏။ ထို စစ်အရာရှိတွေ နည်းပြတွေကလည်း မိမိတို့ကို သူတို့ကဲ့သို့ အရာရှိ (မြန်မာ့တပ်မတော် အရာရှိ)တို့ အမူ အကျင့်များ အတွေးအခေါ်၊ အပြုအမူများကို နည်းအမျိုးမျိုးဖြင့် သင်ကြားမောင်းနှင့် ရိုက်သွင်း လေ့ကျင့်ပေး နေ ပေရာ သူတို့ ပြုသမျှ၊ အမူအရာ၊ လုပ်ဆောင်ပုံတို့သည် ကျနော်တို့ နောင်တချိန် စစ်အရာရှိ ဖြစ်လာလျှင် မလွဲမသွေ ပြုမူကျင့်ကြံရမည့် စရိုက်တို့သာ ဖြစ်ကြမည်ဖြစ်၏။

အတုမြင် အတတ်သင်ဆိုသည်ထက်၊ အတတ်မြင်အောင်ပြပြီး အတုသင်အောင် နမူနာ လုပ်ပြနေကြပေရာ၊ နဂိုကပင် အာဏာလေး ပိစိကွေးလောက် ပိုင်ဆိုင်ရလျှင်ပင် အာဏာမိုးကြိုးသွားလောက် သုံးချင်၊ ပြချင်နေသော ကျနော်တို့ အရွယ် (၁၈) နှစ်ကျော် အပျံသင်စ (လတ်တလော အငယ် ဂျူနီယာ သင်တန်းသား ဘ၀ဖြင့် မဲမဲ မြင်ရာ ကြောက်နေကြရ ပေမင့်) ကိုတက်ကြွ လူငယ်တို့မှာ အားကျမှု၊ တက်မက်မှုတို့နှင့်အတူ အာဏာကို ပိုင်ဆိုင်ထားသော အာဏာရှင့် ဘ၀ကို ရောက်လို ပိုင်ဆိုင်လိုလှ လာတော့သည်။ လက်ဝယ်တန်ခိုးလည်း ညိုးညွန်ရာ လူတကာတို့ ပြာယာပြူးတူး ဖိန့်ထွန့်လူး….. သွားစေသော အမိန့်ပေးပိုင်ခွင့် ဂုဏ်ဒြပ်ကို မက်မက် မောမော အားကျ နေတတ်ကြတော့၏။ ဒို့တတွေလည်း သူတို့လို အရာရှိတွေ၊ အရာရှိကြီးတွေ ဖြစ်လာပြီ ဆိုလျှင်….. အဟေ့… ဟေ့ တွယ်ပြီသာ မှတ်ပေတော့… ငါကွ ဟု ကြိမ်းဝါးနေသူပင် ရှိမည်လား မသိနိုင် … ရှိသောကြောင့် သာလျှင် ယနေ့တိုင် ကျနော်တို့ တိုင်းပြည် အာဏာရှင် စနစ်အောက်က မလွတ်ပေးခြင်း ဖြစ်မည်ထင်၏။

စကားမစပ်… စစ်တက္ကသိုလ်တွင်းမှ နည်းပြများ၏ လုပ်ဆောင်မှုများ အကြောင်းတင်ပြနေရင်း ထိုနည်းပြများ အကြားမှပင် အာဏာမမက်၊ ရာထူးမမက်၊ မဆိုင်ရာ ၀င်မစွက်သော ခပ်တည်တည် စစ်အရာရှိများ အကြောင်းကို လည်း အတင်းတုပ်လိုက်ပါရစေအုံး ဗျ….။

ကျနော်တို့ ကောင်းစွာ မှတ်မိနေသေးသော နည်းပြ အရာရှိ အချို့ရှိပါသည်။ သူတို့သည်လည်း စစ်ဗိုလ်လောင်း များ နည်းတူပင် မကြာခဏ ကျောင်းအုပ်ကြီးရုံးသို့ တက်ရောက် အဆူအဆဲ ခံနေရသူများဖြစ်၏။ အပြစ်များ ကျူးလွန်သော စီနီယာ ဗိုလ်လောင်းများအား တရားဝင် နည်းလမ်းတကျ ဗိုလ်လောင်း စည်းကမ်း၊ စိတ်ဓါတ် အမှတ် ဖြတ်တောက် အရေးယူ ခံရမည့် ပြစ်မှုကျူးလွန်သူ ဗိုလ်လောင်းများကို တပ်ခွဲမှူး အရာရှိရုံး၊ ထိုမှ တဆင့် နည်းပြမှူးချုပ်ရုံး၊ ထိုထက် ပြစ်မှုပမာဏ ပိုမို ကြီးမားလာပြီ ဆိုလျှင် ဒုတိယ ကျောင်းအုပ်ကြီး ရုံး၊ ထိုမှ တဆင့် အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ် နိုင်လောက်သည်အထိ အပြစ်ကြီးမားသည် ဆိုလျှင် ကျောင်းအုပ်ကြီး ရုံး စသည့်ဖြင့် အဆင့်ဆင့် ရုံးတက် အစစ်အဆေး ခံရကာ ထိုက်သင့်သော ပြစ်ဒဏ်များဖြင့် အရေးယူခံ ဒဏ်ပေးခံရ၏။

နည်းပြ အရာရှိငယ်များ ဖြစ်သော ဗိုလ်ကြီးအဆင့်၊ ဗိုလ်မှူးအဆင့် များကိုလည်း ထိုနည်းတူပင်…။ သူတို့ အရာရှိများ လိုက်နာ စောင့်ထိမ်းရမည့် အရာရှိ စည်းမျဉ်း၊ စည်းကမ်း၊ နည်းဥပဒေ၊ သင်တန်းနည်းပြ ကျင့်ဝတ်များကို ကျူးလွန်ဖောက်ဖျက်မိသည် ဆိုပါလျှင်လည်း နည်းပြမှူးချုပ်ရုံး (စီအိုင် ရုံးဟု ခေါ်သည်)။ ဒုတိယ ကျောင်းအုပ်ကြီးရုံး၊ ထိုမှ တဆင့် ကျောင်းအုပ်ကြီး ရုံးတို့သို့ တက်ရောက် အစစ်ဆေးခံ၊ ပြစ်ဒဏ် ခံကြရ၏။ အရာရှိများအတွက်မူ စစ်မှုထမ်းသက် လျော့ခြင်း၊ သတိပေးခြင်း၊ စစ်ထောက်ချခံရခြင်း စသည့် ပြစ်ဒဏ်များဖြင့် အရေးယူ၏။

မကြာခဏပင် ကြားသိနေရသော သတင်းများအရ အရာရှိ နည်းပြများသည်လည်း ရုံးမကြာမကြာ တက်ကြ ရသည်။ ပြစ်မှုကျူးလွန်၍ ဖြစ်၏။ သူတို့လည်း ဗိုလ်လောင်းများနည်းတူပင်၊ ဗိုလ်ကြီး စောမောင် (နာမည် လွဲရေးထားပါသည် ယခုအချိန်တွင်သူသည် အနည်းဆုံး ဗျူဟာမှူး အဆင့်လောက် ရှိနေပေရော့မည်… မျိုးချစ် ရဲရင့်စိတ် ရှိသည်ဟု ဆိုနိုင်သော သူ့ကို စစ်အာဏာရှင်စနစ်မှ ဘေးဥပါဒ် မပေးစေလိုသောကြောင့် ဖြစ်ပါသည်။) ဗိုလ်ကြီး မဇိုင်းလ် (နာမည်အရင်းမဟုတ်ပါ ကျနော်တို့က ချစ်စနိုးမှည့်ခေါ်ထားသော နာမည် ဖြစ်ပါသည်) စသူတို့သည် စစ်တပ်တွင်းမှ အရာရာကို ငြိမ်ဝပ်ပိပြားစွာ ဖိနှိပ် အမိန့်များ ဥပဒေများဖြင့် ၀ပ်တွားနေအောင် ကျူံးသွင်း လုပ်ဆောင်ထားသော်လည်း နေရာတိုင်းတွင် အမိန့်နာခံ နေကြသော စစ်ကျွန်များ မဟုတ်ကြောင်း၊ ရသရွေ့ နည်းလမ်းများဖြင့် အထက်စစ်အာဏာပိုင်များကို အာခံနေပြခဲ့ ကြသည့် စစ်အရာရှိ နည်းပြများ ဖြစ်ကြ၏။

ဗိုလ်ကြီး စောမောင်ဆိုပါစို့…။ သူသည် စစ်တက္ကသိုလ်မှ ထုတ်ပြန်ထားသော သင်တန်းစည်းကမ်း အမိန့်တိုင်းကို အတိအကျ လိုက်ပါ လုပ်ဆောင်နေသူ မဟုတ်မှန်း ကျနော်တို့ သိနေသည်။

ဗိုလ်လောင်း သင်တန်းသားများကို တန်းစီ စုဝေး၍သူ စကားပြောသည့် အခါတိုင်း သူပြောပြောနေကျ စကား တခွန်းကို ယခုထက်တိုင် စိတ်အာရုံ ကြားယောင်နေဆဲ ဖြစ်၏။ ဘာတဲ့……

ကြည်း ၂၃၄၅၆….ဗိုလ်ကြီးစောမောင် ဘယ်ဂေါင့်မှ စောက်ဂရုမစိုက်ဘူး…

ဆိုသည့် စကားတခွန်း ဖြစ်၏။ သာမာန် လေယူ လေသိမ်းဖြင့် ပြောသည်ထက် ဘယ်ကောင်မှ ဆိုသည့် စကားပိုဒ်တွင် အားပါး မာန်ထန်ပါပါဖြင့် အာလုပ်သံကြီးဖြင့် ဘယ်ဂေါင့်မှ စောက်ဂရုမစိုက်ဘူးဟု ပြောချိန်တွင် ပတ်ဝန်းကျင်ကိုလည်း တကယ်ပင် ထီမထင် ဟန်ဖြင့် ဝေ့၀ိုက်စောင်းငဲ့ ကြည့်လိုက်သေး၏။ ကျနော်တို့ ထိုအခိုက် အတန့်ကို အလွန်ကြိုက်၏။ စတန့်မင်းသားတွေထက် သူရသတ္တိပြောင်မြောက်ဖွယ် မကြောက်တမ်း နေပြပြောပြ၊ ပြုမူပြ နေသော နည်းပြအရာရှိ တဦးထံမှ ဘယ်သူမှ စောက်ဂရုမစိုက်ဘူးဆိုသည့် ကလန်တန်တန် မနောကို ထိုစဉ်ကတည်း ကျနော်သဘောကျခဲ့ပါသည်။ ဘာကြောင့်ဆို ဟိုလူ့ကြောက်ရ၊ ဒီလူ့ ကြောက်ရ၊ မြင်မြင်သမျှ ကြောက်နေရသော ထိုကာလက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ နေလို၊ တွေးလို၊ ပြုမူလိုစိတ် အင်မတန် ပြင်းပြ နေသောကြောင့်လည်း ဖြစ်ပေမည်။

ဗိုလ်ကြီး မဇိုင်းလ် (မျက်နှာတွင် ၀က်ခြံ အဖုကြီးများ ထွက်နေသောကြောင့် ပြောင်ဖျက်ခေါ်သော နာမည်) သည်လည်း ထိုနည်းတူပင်။ လူတကာ၊ အထက်အရာရှိ တကာရှေ့ရောက်တိုင်း ပြာတာ အမှိုက်ကောက်သမား တယောက်ကို စောင့်ကြည့်သည့်ဟန်ဖြင့် အထက်အရာရှိကြီးများကို ဘုကြည့် ကြည့်တတ်သည့် သူ၏ အမူ အရာကို ကျနော် သဘောကျသည်။ သူသည် ညနေတိုင်းလိုလို မျက်လုံးများ နီနေသည့်တိုင် အရက်သောက်ပြီး ခပ်ရမ်းရမ်း ခပ်ကြမ်းကြမ်း ဆိုင်ကယ်ကို စီးသွားတတ်သည်။ ဗိုလ်လောင်းတပ်ရင်း တာဝန်ကျ အရာရှိအဖြစ် အိပ်ဆောင်သို့ လာတိုင်း အခြားအရာရှိများလို ဗိုလ်လောင်းများအား အလကားနေ အာဏာပြ နေတတ်တာမျိုး မရှိ၊ သူ့ဟာသူ့ မျက်လုံးနီနီနှင့် နူံးပြီတီ နေနေတတ်သည်။

သူ၏ အထက်ဗိုလ်မှူးကြီး တွေကို ခပ်တည်တည် စကားပြော ဆက်ဆံတတ်သည့် ပုံစံကို ကျနော်တို့ အတုခိုးသည်၊ ဟုတ်သည် အထက်အရာရှိဆိုသူတိုင်း အလကားနေ ကြောက်ပြနေရ ခြင်းကို ထိုစဉ် သင်တန်း သား ဘ၀ကတည်းက ကျနော်မကြိုက်၊ သူတို့ နှစ်ဦးစလုံးသည် စစ်တက္ကသိုလ် ဘယ်တော့မှ လက်နက်မချ ဆိုသည့် ကျနော်တို့ စစ်တက္ကသိုလ်မှ ကျောင်းဆင်းထားသော စီနီယာ စစ်ဗိုလ်ကြီးများ ဖြစ်ကြပါ၏။ သူတို့သည် စစ်ပွဲဟု ကြီးကြီးကျယ်ကျယ် ခေါ်နိုင်မည့် ဗကပ စခန်းသိမ်း တိုက်ပွဲများ၊ သောင်းကျန်းသူ ချေမှုန်းရေး တိုက်ပွဲ များကို သက်စွန့်ဆံဖျားတိုက်ပွဲ ၀င်နွဲခဲ့သော စစ်နိုင် စစ်ဗိုလ်ကြီးများ ဖြစ်သောကြောင့် ဤမျှမာနိုင် ရဲဝံ့နိုင်ခြင်း ဖြစ်ပေမည်။

တကယ်လည်း အဆိုပါ ဗိုလ်ကြီးစောမောင်၊ ဗိုလ်ကြီး မဇိုင်းလ် စသော စစ်ဗိုလ်အချို့သည် အခြားသော နည်းပြ အရာရှိများကဲ့သို့ ၀ံပုလွေစိတ်ထား ရှိသူများလို မဟုတ်၊ မလုပ်မရှုပ်မပြုတ် ခပ်ကုတ်ကုတ်နေပြပြီး ဂွင်ကောင်း ကောင်းကို စောင့်ချောင်းနေသူ မဟုတ်၊ …. အချီကြီး အပွကြံရန် ဟန်ပန်ထုတ်နေကြသော စစ်ဗိုလ် အချို့လို လည်း မဆိုနိုင်…. လူရှေ့သူတော်ကောင်းလို နေပြပြီး ကွယ်ရာ ဖါခေါင်းထက်ဆိုးသော ကလိန်ကကျစ် စစ်ဗိုလ် မျိုးလည်း မဟုတ်…။ ဝေလေလေ ဂျပိုးလို တေပေဆိုးနေကြသော သူတချို့လိုလည်း မဟုတ်….။

ကျောင်းကို လာရောက် စစ်ဆေးသော စစ်ဗိုလ်ချုပ်ကြီးများ အရှေ့၊ စစ်ဗိုလ်တက္ကသိုလ် ကျောင်းအုပ်ကြီး၏ အရှေ့၊ ဒုတိယ ကျောင်းအုပ်ကြီး အရှေ့၊ နည်းပြမှူးချုပ် ဗိုလ်မှူးကြီး အရှေ့ ရောက်သောအခါတွင် မခုတ်တတ် သော ကြောင်လေးများ သဖွယ် ရို့ရို့ကျိုးကျိုး မြွေစွယ်ကျိုးသလို နေပြပြီး အိုင်ပီ (ခေါ်) impression တက်အောင်၊ အထက်အရာရှိ၏ မျက်နှာသာပေးမှု ခံရပါစေကြောင်း အခွင့်အရေး ရပါစေကြောင်း စစ်တက္ကသိုလ် ၏ ဗန်းစကား အိုင်ပီတက်အောင် မှင်သေသေ နေပြခြင်းမျိုးစသော) အခွင့်အရေးရှာ ပြာတာတာ စစ်ဗိုလ်များ လိုလည်း သူမနေ၊ … အထက်အရာရှိကြီးဆိုလျှင် ကြောက်ပြလွန်း၊ အရိုအသေ အပေးလွန်လွန်းပြီး အလေးပြု လျှင် သော်လည်းကောင်း၊ ပစ္စည်း တစုံတခု ပေးကမ်းလျှင် သော်လည်းကောင်း အလွန်အမင်း ဖါးဖါး ယားယား အမူအရာတို့ကိုလည်း သူ မလုပ်။

သြော်… စကားမစပ်….။
ဘယ်လို အလွန်အမင်း ဖားဖားယားယား အမူအရာ ပါလိမ့်ဟု သင်စာဖတ်သူ သိချင်ပေလိမ့်မည်။ ကျနော် ပြောပြပါအုံးမည်။ ဘယ်ရယ်မှ မဟုတ်သည့် ထိုအပြုအမူလေးများ ပြန့်ပွားခြင်းမှသည် ပြည်ကိုဖျက်မည့် စစ်တပ်အဖြစ်သို့ တဖြည်းဖြည်း ရုပ်လုံးကြွ အသွင်ပေါ်လာခြင်းဖြစ်၍ ရှင်းကို ရှင်းပြပါအုံးမည်။ ရှုပါလေအုံး တွေးပေအုံးတော့…..။

စစ်တပ်သည် အရာရာဟု ဆိုနိုင်မည့် ပြောပုံ၊ နေပုံ၊ သွားလာပုံ၊ စားသောက်ပုံ အပြုအမူတိုင်းတွင် စစ်သားကောင်း တစ်ယောက် ပီသစွာ စစ်ပုံစံတကျ နေရ၊ စားရ၊ ပြောရ၏။ သို့မှသာ စစ်သားပုံ ပေါက်မည်။ ရှေ့တန်း စစ်မြေပြင်တွင် အသက်ကို ရင်းပြီး ယှဉ်ပြိုင်ဖက် ရန်သူကို ရဲရဲရင့်ရင့် တိုက်ခိုက်မည်။ ဘာမထီ အာဇာနည်တို့ ပုံစံပေါ်ပေါက်မည်။ သို့အတွက် စစ်ပညာ၊ စစ်မှုအတတ် စစ်ရေးပြ၊ စစ်ဟန်ပန်၊ စစ်စိတ်၊ စစ်သွေး၊ စစ်ရေး သဏ္ဍာန်၊ စသည့်တို့ကို ရှေး စစ်ပညာရှင်ကြီးများက တီထွင် ဆင့်ပွား လက်ဆင့်ကမ်း ထားခဲ့ခြင်းဖြစ်၏။

မျက်မှောင်ကုတ်ကုတ် ခေါင်းငုံ့ငုံ့၊ ပခုံးလက်ပြင် ကျုံ့ဝင်ဝင်၊ လေဆန် ပြင်းပြင်းတိုက်လျှင်ပင် ပြိုလဲ ယိုင်မြဲ တော့မည့်ဟန်၊ ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲသော ယုံ့ယုံ့ ကြုံ့ကြုံ့၊ ဟန်ပန်မူရာ ပိုင်ရှင် အရပ်သား တချို့ထက်… ခေါင်းမော့၊ ရင်ကော့၍ လေဆန်ကို ရဲရဲလျှောက်လှမ်းမည့် အမူအရာရှိသော သားကောင်းလူတော် စစ်သည်တော် တို့သည် သတ္တလောကတွင်းတွင် ရဲတင်းသတ္တိဖြင့် ဖန်တီးရမည့် အခင်းအဖြစ်တို့ကို ရင်ဆိုင်ဖြတ်သန်း ရဲမည်မှာ မုချဖြစ်သည်။ ကျော်လွှား အနိုင်ယူရဲမည်မှာ ကျိမ်းသေ ဖြစ်၏။

နဂိုဟန်ပန် အမူအရာကိုမှ မရဲရင့်သော ကိုယ့်ကိုကိုယ် မယုံကြည် သလိုလို၊ ကိုယ့်ကိုကိုယ် အားမထား သလိုလို မရဲတရဲ၊ မပြတ်မသား၊ မမှန်မူဖုံး၊ မပြောဝံ့ဝံ့၊ ပြောအဆွံ့ဖြင့် ကုတ်ကုတ်နုတ်နုတ် အသွင်ပိုင်ရှင်တို့သည် ရဲရေး ရောက်သော ရွံ့ကြောက်မဲ့တွန် ဖြစ်လာလေမည်ဟု မည်သူတပ်အပ် ဆိုနိုင်မည်နည်း။

သို့အတွက် ရဲရဲဝံ့ဝံ့ ဟန်ပန် အမူအရာ၊ ပြတ်သားတည်ကြည်သော အပြုအမူတို့ကို ရဲရင့်သည့် စစ်သည်တော်တို့ ပြုမူ ကျင့်သုံးအပ်သည့် အပြုအမူများအဖြစ် ခေတ်အဆက်ဆက်က လက်ခံ ကျင့်သုံးလာခဲ့သည်။ ကျင့်သုံးစေခဲ့ သည်။ (စစ်သည်တော်တို့ ချည်းအတွက်ဟုသာ မယူဆ စေလိုပါ၊ ရဲရင့် ရိုးသားသော အရပ်သား လူကြီး/လူငယ်၊ သူရဲကောင်း၊ လူတော် လူကောင်းတို့တွင်လည်း ထို မားမားမတ်မတ် ခေါင်းမော့ ရင်ကော့ လေဆန်။ မာန်ခဲ အလံမလှဲသော အမူအရာတို့ ရှိခဲ့ကြပါသည်။)

ထို့ကြောင့် စစ်တပ်တခု ဖြစ်သော မြန်မာ စစ်တပ်တွင်းတွင်လည်း စစ်သည်တော်တို့ ကျင့်သုံးပြုမူအပ်သော အပြုအမူ၊ အတွေးအခေါ်တို့ကို စစ်ပညာဆိုသည့် ၀ိသေသဖြင့် ဘွဲ့ပြု သင်ကြားပေးခဲ့၏။ လေ့ကျင့်ပေးနေ၏။

သို့သော်… ထို ထိုသော စစ်အတတ်ပညာတို့ သင်ကြားပေးရာ ကျောင်းတော်ကြီးမှ အသွင်စံလွဲ အမူမဲ တချို့သည်….။ မဲမဲမြင်ရာ ဆရာတင်၍ ထင်ရာမြင်ရာ မှတ်သားနာယူနေသူ လူငယ်တို့အတွက် အဇာတသတ်တို့ နည်းနာမူရာ ဖြစ်နေခဲ့သော် ထိုလူငယ်တို့ ကြီးပြင်းလာသော်၊ ထို လူ့ပတ်ဝန်းကျင်သည် နာလိုရှုဆိတ် ရှိလာနိုင်ပါမည်လား….။

အထက်ရာရှိ တဦးကို စစ်တပ်အစဉ်အလာ အရာ နှုတ်ဆက် အလေးပြုလျှင် ခြေကို စုံစုံမားမားရပ်၊ သတိဆွဲသည် ဟုခေါ်သော ခေါင်းမော့၊ ရင်ကော့၊ မေးဆွဲ၊ (မေးကြောကို နောက်စေ့လည်ပင်းဘက်သို့ တင်းတင်းခန့်ခန့် ဆွဲတင်းထားခြင်း၊ စစ်တပ်တွင်းတွင် ဂျောဆွဲသည်ဟု ခေါ်သည်။) လက်ပြင်နှစ်ဖက်ကို နောက်သို့ လှန်ကော၍ ရဲရဲမော့ကာ ဘယ်လက်သီးကို ကျစ်နေအောင် ဆုပ်၊ ပေါင်ရင်းဘေးမှ ချုပ်နေအောင် ကပ်၊ ညာလက်ကို အားပါ မာန်ပါစွာ ၄၅ ဒီဂရီ လွဲတင်၍ နှဖူးနားသယ်ထိနားတိုင် ဆွဲတင်၊ ညာမျက်ခုံးစွန်နှင့် တလက်မခွဲခန့်သို့ ညာလက်ညိုး အရောက်တွင် ရပ်တည် တည်မြဲထားခြင်းကို အလေးပြုသည်၊ ဆလုရိုက်သည် ဟုခေါ်၏။

ယနေ့ ကျနော်တို့ စစ်တပ်၏ စစ်ပညာတို့ကို လေ့ကျင့်ပေးနေသည်ဆိုသော စစ်တက္ကသိုလ်တွင်းမှ နည်းပြ အရာရှိ အချို့၏ အလွန်အကဲ ဖားဖားယားယား အမူအကျင့်တို့က ထို အစဉ်အလာကောင်း၊ စစ်အမူအကျင့်ကောင်းများ ကို စံလွဲ အသွင်ယိုင်နဲ့ ပျက်စီးလာစေတော့၏။

အထက်အရာရှိကို အလေးပြုသည့်အခါ စစ်ပုံစံ တစက်မှ မကျသူ ထို ငဖား စစ်ဗိုလ်တို့သည် ညာလက်က နှဖူးစပ်တွင် ကွေးကွေးလေးတင်…. နေပူလွန်း၍ ရှေ့မြင်ကွင်းကို လက်ကာကွယ်ကြည့်သည့် အဖိုးအိုတဦးလို အချိုးဖြင့်၊ ခါးက ကိုင်းကိုင်း (မြန်မာ့ ယဉ်ကျေးမှုအရ အသက်အ၀ါ ကြီးသော သူရှေ့ရောက်လျှင် ခါးကို ကိုင်းမှ ယဉ်ကျေးသည်ဟု ဆိုသည်မို့ ထင့်) ခါးကို ကိုင်း၍ အလေးပြုလာ ကြသည်။ ပခုံးက ရို့ကျိုးကျိုး လက်ပြင်က ကုန်းကုန်း…..။

ထိုစစ်ယူနီဖောင်းဝတ် စစ်ဗိုလ်တဦးက သူ့အထက်အရာရှိကို လေးစားသမှုဖြင့် ထိုအလေးပြုပုံသည်၊ လွန်ကဲစွာ ဖားယားသည့် ဖေါ်လံဖား စိတ်ဓါတ် ၀ဲစားသော ခေတ်သစ် မြန်မာ့တပ်မတော် စစ်ယဉ်ကျေးမှု အဆိုပါ ပုံစံဖြစ်၏။

ထိုအထဲ ဘာသာရေးအရ ရိုသေမှု၊ ရာထူးအရ ရိုသေမှု၊ အာဏာဘုန်းတန်ခိုး အရှိန်အ၀ါတို့အရ ရိုသေမှု စသည်တို့ ရောယှက်လိုက်သောအခါ စောစောက ပြောပြခဲ့သည့် စစ်အင်္ကျီဟောင်းဝတ် ခါးကိုင်းကိုင်း အဘိုးအိုက လမ်းသွားလူတကာကို ပေးပါ၊ ကမ်းပါ၊ သနားပါဟု မာန်ခ ၀ါချ၊ လုပ်ပြနေသော ပုံစံပေါက်နေတော့ ၏။

ပါးစပ်ကလည်း အထက်အရာရှိ လုပ်ပိုင်ခွင့် ရှိသူကို သကာလောင်း မျက်နှာချိုသွေး ပြုံးရယ်ပြရသည်မှာလည်း အမောမို့၊ ပါးစောင်က နားရွက်တက်ချိတ်တော့မည် ဟန်၊ စပ်ဖြီးဖြီး၊ အပြုံးနှင့် စစ်ပုံ လုံးလုံး မကျသော၊ စလု ရိုက်မှုတို့သည်။ ငဖား ငယား၊ စစ်ကုန်သည် လူဝါးများတို့အတွက် စစ်ယဉ်ကျေးမှု တခုအဖြစ် မြန်မာ စစ်တပ် အတွင်း အမြစ်တွယ်လာ နေပေတော့၏။

ဘယ်လို ပုံစံနှင့်တူနေမည်လဲ ဆိုလျှင် ကရာတေးသိုင်းသမား ခါးပတ်နက် ၀တ်စုံကို ၀တ်၍၊ ခပ်နွဲ့နွဲ့ အမူအရာ ရှိသော မိန်းမလျှာ (ယောင်္ကျား ဂျော်ရကွီး) က မိန်းမကိုင် လက်ကိုင်အိတ်ဖြင့် သိုင်းကွက်နင်း နေသလို ဖြစ်မနေ ပေဘူးလား… အဟင့်… အဟင့်… ယား… ဟု လက်ဝါးစောင်းပြင် မာန်တင်ပြနေသလို ဖြစ်မနေပေဘူးလား။

နောက်တပတ်သို့ ဆက်ပါအုံးမည်၊ သည်းခံဖတ်ပါလေအုံး ခင်ဗျား။
စာလေးလည်း ဖတ်ရင်း ကိုယ်တိုင်းပြည် ကိုယ့်အနာဂတ်တွင် ဒီလို စိတ်ရှိသော ဒီနေ့လို စစ်အာဏာရှင် အဖွဲ့၊ စစ်မလိုင် လူတန်းစားတို့က၊ စစ်ယဉ်ကျေးမှု တခု တီထွင်တည်ဆောက်၍ ကျနော်တို့ တိုင်းပြည်ကို ဒရက်ကူလာ လုပ် ဂုတ်သွေးစုပ်နေကြခြင်းမှ လွတ်မြောက်ရာ လွန်မြောက်ကြောင်း တော်ရာတန်ရာ နေရာ တကာမှလည်း ကြိုးပမ်းပေးကြပါအုံး ဟု ကျနော်နေသူက စစ်ကူတောင်းလိုက်ရပါကြောင်း….

လောလောဆယ်တွင်တော့ မျိုးချစ်စစ်သား ပြည်သူ့သားများကို အတိုက်အခံ နိုင်ငံရေး အင်အားစု အများစုက လုံးလုံးအားမထား ပစ်ပယ် လျစ်လျူရှုထားကြပါကြောင်း ကျနော့် လက်တွေ့ ယနေ့ အခြေအနေတို့ဖြင့် ရေးသား သက်သေပြ၍ ပြည်သူလူထုအား တိုင်တည်လိုက်ပါ၏။

ပြည်တွင်းရှိ အဓိက အားကြီး နှစ်အားဖြစ်သော ပြည်သူလူထု အင်အားစုကြီး၊ တပ်မတော်တွင်းမှ မျိုးချစ် စစ်သားများတို့ အင်အား၊ ဒီနှစ်အားကို အားမကိုးဘဲ ဂျော့ဘုရှ်အား တခုတည်းဖြင့် ဒီနေ့ ကျနော်တို့ ဘ၀တွေ စိုပြေ ငြိမ်းချမ်း မလာနိုင်ပါကြောင်းကိုလည်း ခပ်ရဲရဲရေးသား တင်ပြလိုက်ပါ၏။ ကိုယ့်အိမ် အမိုးမလုံ ရေယို နေခြင်းအား ရွာသူကြီးကို သွားတိုင်နေ၍ ထူးမလာနိုင်၊ အိမ်အမိုး တင်ပြင် တင်ဖာနိုင်သော ပြည်သူနှင့် အမိုးပေါ်တက်မည့် လှေခါးကို ထောက်ကူပေးနိုင်မည့် မျိုးချစ်စစ်သား ဒီနှစ်အားတို့ကို အားမထားသရွေ့ ဒီအိမ်ကြီးလည်း မိုးလုံလာလေမည် မဟုတ်ဟု ဆိုလိုက်ပါသည်၊ ပြည်ပရောက် အဖွဲ့အစည်းကြီးများ အသိတရား ရစေသော်……

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင်ဒေါင်းလုပ် လုပ်ယူပါ

Read More...

Thursday, April 24, 2008

အကယ်၍


အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .

ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .

ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .

အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။

ဒေါ်အောင်ဆန်းစုကြည်မှ NLD လူငယ်များအား ၁၉၈၉ ခုနှစ်တွင်
အမှာစကားပြောကြားရင်း
ဒီ IF ကဗျာကို ပြန်ဆိုပြခဲ့ခြင်း ဖြစ်ပါသည်။

Read More...

IF



If you can keep your head when all about you
Are losing theirs and blaming it on you,

If you can trust yourself when all men doubt you,
But make allowance for their doubting too;

If you can wait and not be tired by waiting,

Or being lied about, don't deal in lies,

Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:

If you can dream-and not make dreams your master;

If you can think-and not make thoughts your aim;

If you can meet with Triumph and Disaster
And treat those two imposters just the same;

If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,

Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:

If you can make one heap of all your winnings

And risk it on one turn of pitch-and-toss,

And lose, and start again at your beginnings

And never breathe a word about your loss;

If you can force your heart and nerve and sinew
To serve your turn long after they are gone,

And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

If you can talk with crowds and keep your virtue,

Or walk with Kings-nor lose the common touch,

If neither foes nor loving friends can hurt you,

If all men count with you, but none too much;

If you can fill the unforgiving minute
With sixty seconds' worth of distance run,

Yours is the Earth and everything that's in it,
And-which is more-you'll be a Man, my son!

Read More...

ဗိုလ်မှူးအောင်ထွန်း၏ တပ်မတော်သားများသို့ တိုက်တွန်းနှိုးဆော်ချက် လက်ကမ်းစာစောင်


Read More...

Wednesday, April 23, 2008

ယနေ့ စစ်တပ်… ဘာတွေဖြစ်နေသလဲ (၂၅)

ယခု တပတ်တွင်တော့ ကျနော်တို့ စစ်တက္ကသိုလ်သို့ လာရောက် စစ်ဆေး လည်ပတ်သော အထက် အရာရှိကြီးများ၊ စစ်ဗိုလ်ချုပ်ကြီးများ ရောက်လာတတ်ခိုက် တွေ့ကြုံရသော အဖြစ်အပျက် လေးကို ရှုစားပေးပါအုံး။

ယနေ့ ပြင်ပစစ်တပ်တွင် ဖြစ်နေသည့် အတိုင်းပါပင်၊ အထက်အကြီးအကဲ တပ်မှူး၊ တိုင်းမှူး ၀န်ကြီး ဆိုသူတို့ တပ်ရင်း၊ တပ်မတခုကို လာရောက် စစ်ဆေး တော့မည်ဆိုလျှင် ရာဇသံ တင်ကြို အမိန့်က နှစ်ပတ်ခန့် ကတည်းက ကြိုပို့ထားပြီးသား ဖြစ်၏။ ဘယ်နေ့တွင် ဘယ်သူဦးစီးတဲ့ အရာရှိ၊ အခြား အဆင့် အင်အား ဘယ်နှစ်ယောက် တပ်စစ်ဆေးရန် လာရောက်မည်၊ မည်သည့် အကြောင်းကိစ္စ၊ အမှုအခင်း၊ ဦး၊ ရေး၊ ထောက်ဆိုင်ရာ လုပ်ငန်းများ ပြီးစီးအောင် ပြင်ဆင် ဆောက်ရွက်ထားရန် စသည့်ဖြင့် ကြေးနန်းများက တသီကြီး ရောက်လာတော့သည်။

မိမိတို့ ဗိုလ်လောင်း ဘ၀ကတော့ ဤသို့ တင်ကြို အကြောင်းကြား လာရောက်တတ်သော အကြီးအမှူး ဆိုသူတို့ အကြောင်း ဟုတ်တိပတ်တိ ဘာမှ မသိသေးပါ။ ဗိုလ်လောင်းတပ်ခွဲမှူး အရာရှိ၏ တန်းစီ မိန့်ခွန်းခြွေ မှာကြားပြောဆိုချက် ညွန်ကြား ခိုင်းစေချက် များအရသာ ဘယ်စစ်ဗိုလ်ချုပ် ဘယ်နေ့ လာမည် ဆိုသည်ကို သိရခြင်း ဖြစ်၏။

ထိုသို့ အမိန့်ရပြီးသည်နှင့် တပြိုင်နက် ကျနော်တို့ စစ်ဗိုလ်လောင်းများ စလုပ်ရသည်မှာ သန့်ရှင်းရေးနှင့် အခြားသော သင်တန်းကိစ္စများ အစစ်အဆေး ခံနိုင်ရေး တာဝန်များဖြစ်၏။ အိပ်ဆောင်၊ စာသင်ဆောင်၊ ထမင်းစားဆောင် စသော စစ်ဗိုလ်ချုပ် ၀င်ရောက် ကြည့်ရှုနိုင်မည် ထင်ရသော နေရာမှန်သမျှကို မြက်တပင်၊ နွယ်တခက် မတက်ရအောင် ရှင်းလင်း သုတ်သင် သန့်ရှင်းရေး လုပ်ရတော့၏။ ခါတိုင်း လူမှုဝန်ထမ်း (ခေါ်) ဖက်ထိပ် လုပ်နေကျထက် လေးငါးဆမျှ ပိုလုပ်ရ၏။ ပိုပင်ပန်းကြ၏။

နည်းပြ အရာရှိများ ကိုယ်တိုင် ကြီးကြပ်ပြီး အသေးစိတ် ခိုင်းစေသောကြောင့် အနားယူ အပါးခိုသည် မရှိပေ၊ ပင်ပန်းလွန်းသောကြောင့် မိမိတို့သည် လာစစ်ဆေးမည်ဆိုသည့် စစ်ဗိုလ်ချုပ် ကိုသာ စိတ်တွင်းမှ ကျိန်ဆဲ၊ ရေရွတ်နေကြတော့သည်။ စိတ်တွင်းမှလည်း ထိုအနှီ စစ်ဗိုလ်ချုပ်ကြီးများကို အလိုလို ကြောက်လန့် စိုးထိတ်လာမိ၏။

ဟုတ်သည် ဒီ…. စစ်ဗိုလ်ချုပ်တယောက် လာမည်ဆိုသည်နှင့် တကျောင်းလုံး ကျောင်းအုပ်ကြီးပါ မကျန် ဖင်မှာ ဖွဲမီးဖို တပ်ထားလို့ ထိုင်မကျ၊ နေမရသည့် အလား ဟိုသွားလိုက်၊ ဒီလာစစ်လိုက်၊ သူ့ မာဇဒါဂျစ် ခေါင်းရှည် နှစ်ခန်းတွဲကြီးဖြင့် မျက်စေ့နောက်နေအောင် လိုက်လံ စစ်ဆေးမှာကြား ဟိန်းဟောက် ဆဲဆို ကြိမ်းမောင်း နေတော့သည်ကို တွေ့ရ၏။ ရာထူးအကြီးဆုံး ကျောင်းအုပ်ကြီးပင်၊ ဤမျှ မျောက်မီးခဲ ကိုင်ထားသလို ဖြစ်ပြနေလျှင် ကျန်သော ပိစိကွေး နည်းပြ အရာရှိ အခြားအဆင့် များလည်း ဘယ်နေသာတော့မည်နည်း၊ ဖင် ဂျက်တပ်ထား သလား အောက်မေ့ရအောင် ပြာယာ ခတ်နေကြတော့၏။

ကျနော်တို့ အင်မတန်ကြောက်ရသော စစ်ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေ၊ ကျောင်းအုပ်ကြီးမှအစ နည်းပြအရာရှိများ တောင် ဤမျှ ပျားပန်းခတ်ကြောက်ရွံ့ စိုးထိတ်ပူပင်မှု အပြည့်ဖြင့်၊ လိုလေသေးမရှိ အားလုံးပြည့်စုံအောင်၊ ပြင်ဆင် ကြောက်လန့် နေကြသည်ဆိုလျှင်၊ ကျနော်တို့လို စစ်တပ်တွင်း ၀င်ကာစ၊ ကိုယ့်အရိပ်ကို ကိုယ်ရုတ်ခြည်း မြင်လိုက်လျှင်တောင်၊ ဖုန်းကနဲ ရင်ထိတ် နှလုံးခုံ ကြောက်စိတ် ၀င်တတ်သွားလောက်အောင်၊ မဲမဲမြင်သမျှ ကြောက်နေရသူ ဗိုလ်လောင်းတို့ အဖို့မူကား ပြောစရာ လိုတော့မည်မထင်….။

သူတို့လာမည်၊ ကျောင်းကို လာစစ်မည်ဆိုလျှင် ကျနော်တို့မှာ ပျော်လည်း ပျော်သည်၊ ကြောက်လည်း ကြောက်သည်။ စိတ်လည်းတိုသည်၊ မျှော်လည်း မျှော်သည်၊ တခါတလေလည်း ကျိန်ဆဲ ရေရွတ်ချင် စိတ်ပေါ်လာသည်။

ပျော်သည်ဆိုသည်မှာ ဤသို့သော အကြောင်းကြောင့် ဖြစ်၏။

မိမိတို့ စာသင်သား၊ သင်တန်းသား ဗိုလ်လောင်း ဘ၀တွင် ဗိုလ်လောင်းများ စားရိပ်သာမှ ကျွေးသမျှ သော ဟင်းလျှာများ၊ ထမင်းများသည် မိမိတို့အတွက် လေ့ကျင့်ခန်းယူ အငတ်ခံ၊ နေနိုင်သော အကျင့် ရစေရန် တမင်တကာ လေ့ကျင့်ပေးနေသကဲ့သို့ ရှိသော အလွန်ညံ့ဖျင်းသည့် ထမင်း ဟင်းများသာ ဖြစ်ကြောင်း ကျနော်တင်ပြခဲ့ပြီး ဖြစ်၏။

ခရမ်းချဉ်သီးပုပ် ဖျော်ဟင်းဟု ခေါ်နိုင်မည့် ချဉ်စူးနေသော (ပုပ်၊ ရိနေသည့် ခရမ်းချဉ်သီးများကို ဈေးမှ အော်ဒါဆွဲကာ နေ့စဉ်မှာယူ ထားသည်လား မသိ၊ နေ့စဉ်လိုလို ထိုအပုပ်များနှင့် ချက်ကြွေး ခြင်းကိုသာ စားရ၏) ခရမ်းချဉ်သီးပုပ်ရိများနှင့် ချက်ထားသည့် အရည်တခွက်၊ ပဲဟင်းဟု နာမည် ခေါ်နိုင်သော အရည်ကျဲ ပဲအရသာ ရှိသည့် ဟင်းရည်တခွက်၊ ခွေးမစား ငါးခြောက်ဟု ကျနော်တို့ ခေါ်သည့် အလွန်နံစော် ငံကျိနေသော ငါးပုပ်ဖျော်ရည် ကျဲက တခွက်၊ အတို့အမြုတ် အဖြစ်စားရန် အလို့ငှာ ထားပေးသော ပုပ်ရိနေသော အကွက်များပါသည့် ဂေါ်ဖီရွက် အနည်းငယ်နှင့် ငါးပိရည်ကျို တခွက်၊ ခဲအရောရော ကျောက်အရောရော၊ အမှိုက် အရောရော ထမင်းနီတာလံ မာကျစ်ကျစ်… ဒါသည်ပင်လျှင် နေ့စဉ် နီးပါး အစားအစာဖြစ်၏။ ဗုဒ္ဓဟူးနေ့ တနေ့တွင်သာ တလက်မ သာသာရှိသော အသားဟင်း နှစ်တုံးပါ ဟင်းကို စားရတတ်၏။

ထိုသို့သော ရက်များကို ငြီးငြူ စိတ်ဆင်းရဲ၊ ၀မ်းပူဆာလောင်စွာ ဖြတ်ကျော်ရင်း ရံဖန်ရံခါ၊ တရက် တလေတွင်တော့ အလွန်အင်မတန် အရသာရှိသော ဟင်းလျှာများကို နတ်သုဒ္ဓါ အလား မြိန်ရှက်စွာ စားရတတ်သည်။ တခါမှ မကြားဖူးသော ဆိတ်သားလုံးဟင်းတို့၊ ကြက်ပေါင်လုံးလိုက်၊ အချောင်းလိုက် ပါသော ဒံပေါက်တို့၊ တရုတ်အမဲတုံးကြီးများ လက်သီးဆုပ် သဏ္ဍာန်အတုံးကြီးများနှင့် ဟင်း၊ စသည် ဖြင့် ထူးဆန်းပေ့၊ အရသာရှိပေ့၊ ကောင်းပေ့ဆိုသော ထမင်းနှင့် ဟင်းများကို စားရတတ်သည်။ ထိုရက် ထိုအခါမျိုးမှာ အထက် အရာရှိကြီးဟု ခေါ်သော စစ်ဗိုလ်ချုပ်ကြီးများ တပ်စစ်ဆေးရန် အလို့ငှာ စစ်တက္ကသိုလ်သို့ ရောက်လာတတ်သော နေ့မျိုးပင် ဖြစ်တော့၏။

ထိုသို့ သာမာန်အချိန်တွင် ဖြစ်သလို ခွေးသာသာ ကျွေးသည်ကို အငတ်အပြတ်များ ပမာ စားသောက် နေရပြီး၊ အထက်အရာရှိကြီးများ ရောက်လာသော အခိုက်တွင်သာ လူတန်းစေ့ ကျွေးမွေးခံရခြင်း၏ သဘောကို ဘာကြောင့် ဆိုတာ ကျနော်တို့ နားမလည်…။ အတွေးမကြွယ်သေးသည့် မိမိတို့မှာ စစ်ဗိုလ် ချုပ်ကြီးများကိုသာ ကြံဖန် ကျေးဇူးတင်နေကြသည်။ ၎င်းတို့ လာရောက်နေထိုင်သော ရက်များများ ကြာရှည်ပါစေကြောင်း ဆုတောင်း နေတတ်သည်။ ဒါမှလည်း ဟင်းကောင်း ထမင်းကောင်းနှင့် နေ့စဉ် နီးပါး စားခွင့်ရမည်ကိုး၊ ထိုရက်ပိုင်းအတွင်းမှာလည်း တရားမ၀င် အပြစ်ပေးခြင်း၊ လက်သီးနှင့် အထိုးခံ၊ အပြစ်ပေးခံရခြင်းက ကင်းလွတ်မည်ကိုး၊ ဒါကြောင့် သူတို့ကို မျှော်သည်၊ ကျေးဇူးတွေ တင်ကြ၏။ တဖက်ကလည်း အလိုလို ကြောက်နေတတ်ကြသည်။

ထိုသို့သော ရက်များတွင် တွေ့ကြုံသည့် အခြားထူးဆန်းသော အတွေ့အကြုံတခုမှာ မျက်နှာထား သွင်ပြင် အပြောင်းအလဲ အလွန်မြန်သည့် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး အပါအ၀င် နည်းပြ အရာရှိ စစ်ဗိုလ်ကြီး ငယ်တို့ အကြောင်းဖြစ်၏။

သူတို့သည် သူတို့ထက် ရာထူးကြီးသူ မရှိသည့် အချိန်အခါများတွင် တကယ့် ဘုရင်ခံ တပါးအလား မျက်နှာများတင်းမာ ခက်ထန်၊ အံကြိတ်ပြီး မိမိတို့ကို အာဏာတွေ ပြတတ်ကြသူများသာ ဖြစ်သည်။ ကျောင်းအုပ် ကြီး ဖြစ်သူ ဗိုလ်မှူးချုပ် စိုးဝင်းမောင်သည် မေမြို့ တပ်နယ်တွင် အကြီးဆုံး ဖြစ်ပေရာ အခြားသော တိုင်းမှူး၊ စစ်ဝန်ကြီးများ။ စစ်ထောက်ချုပ်များ၊ သူထက် ရာထူးကြီးသည့် ဗိုလ်ချုပ်ကြီးများ မရှိသည့် အချိန်တွင် သူသည် တကယ့် ဘုရင်ခံတပါး အလား နေထိုင်နိုင်သူ ဖြစ်၏။ ပဒေသရာဇ် နယ်စားပယ်စားသဖွယ် သူသွားလေရာရာမှာ အားလုံးသော စစ်ဘက်၊ အရပ်ဘက် ၀န်ထမ်းတို့က အရိုအသေ ပေးကြရ၏၊ မျက်နှာချိုသွေး ကြရ၏ ဆလံပေးကြရ၏။

သူကလည်း မျက်နှာထားတော် အတော်တင်းမာ ခက်ထန်စွာ နေတော်မူလေ့ရှိ၏။ မျက်နှာမှာ ပါးစောင်ရိုး နှစ်ဆင့်နှင့် လူထူးခြားတို့ အသွင် ဥပဓိ ရုပ်ရှိသော ကျနော်တို့ ကျောင်းအုပ်ကြီးကို ကျနော် လေးစားပါတယ်။ သူသည် စစ်သားကောင်း ပီသစွာ နေလိုသူ တဦးဖြစ်ပါသည်။ သို့သော်လည်း သူ့ထက် ရာထူးကြီး လုပ်ပိုင်ခွင့်ရှိသည့် စစ်အရာရှိကြီးများ လာမည်၊ စစ်မည် ဆိုလျှင် သူလည်း မနေသာတော့ စစ်တပ်၏ ဓလေ့ ထုံးစံကို လိုက်နာရတော့သည် ပင်….။

လာပါပြီ… စစ်ထောက်ချုပ် ဗိုလ်ချုပ်…ဦးဆောင်သော နောက်တော်ရံ အခြွေအပါးများစွာနှင့် အထက် အကြီးအကဲ ဆိုသူတွေ၊ လာပါပြီ…။ ထိုအခင်းအကျင်း အကြိုအရှင်း အကြောက် ပုံစံများကို ကျနော် စတင် မြင်ဖူးချိန်ကဆို အလွန် အင်မတန်မှ အံ့သြခြင်း ဖြစ်မိပါသည်။ ဘာကြောင့် အံ့သြသနည်း ဆိုလျှင် ကျနော်တို့ ကျောင်းအုပ်ကြီး အပါအ၀င် စစ်အရာရှိများ စစ်ဗိုလ် များသည် သူတို့ချည်းရှိသော အခါ၊ သူတို့ကြောက်ရမည့်သူ မရှိသော နေရာ ကာလမျိုးများတွင် ရာဇမာန် ထက်ထက်၊ ခါး တထောက်ထောက်ဖြင့် အာဏာပိုင်ဖြစ်ကြောင်း ပါဝါတွေပြလေ့ရှိ၏။

သူတို့မျက်နှာများ ဘယ်လိုပုံ ပေါက်နေသလဲ ဟု စဉ်းစားမိ သမျှနှင့် ထပ်တူပြ ခိုင်းနှိုင်း တင်ပြရလျှင်…. ကျနော်တို့ လူငယ်များ ကလေးများ အသည်းစွဲဖြစ်သည့် မြိုင်ရာဇာ တွတ်ပီတောထွက် အမဲလိုက်လျှင် နှလုံးပြူးနှင့် ခြေကော့ ရင်မော့ လှမ်းလာနေပုံ၊ မာန်မာန အပြည့်ဖြင့် တလောကလုံးကို ထီမထင် စောင့်ကြွား ၀င့်မော်နေပုံ ကာတွန်းကို ပြန်မြင်ယောင်ကြည့်ပါ။ ကိုတွတ်ပီ မာန်တက်နေပုံနှင့် တထေရာတည်း ဖြစ်၏။ မသေးမျှင်ကို ကြောက်ကြပုံချင်းလည်း အတူတူပင် ဖြစ်ပေလိမ့်မည်။

ထိုအခါမျိုးများတွင် သူတို့မျက်နှာများသည် တလောကလုံးတွင် သူတို့ ထီထင်စရာ လူပင် မရှိ တော့သည့်နှယ် မျက်နှာထားတို့ တင်းမာ ခက်ထန်လွန်းလှသည်။ သို့သော် ယခုလို သူတို့ အထက် အရာရှိ ဆိုသူ စစ်ဗိုလ်ချုပ် တစ်ယောက်လာသော အခါ……။

ကျနော်တို့ လွန်စွာ အံ့သြရပါသည်။ အရာရှိကြီးငယ် ဟူသမျှတို့၏ မျက်ဝန်းလေးများသည် အလွန် တရာမှ အပြစ်မရှိ၊ မာနမရှိသည့် သိုးငယ်လေးများ သဖွယ်ပေကလပ်၊ ပေကလပ်၊ မျက်လုံး မျက်ဆံ လေးများဖြင့် အလွန်တရာမှ မသိနားမလည်သည့် မျက်ဝန်းလေးများ သဖွယ် ပြောင်းလဲသွားသည်ကို ထူးဆန်းစွာ တွေ့ရတတ်ခြင်းပင်…..။ အခါတိုင်းတွင်တော့ သူတို့၏ မျက်ဝန်းများသည် လောဘ၊ ဒေါသ၊ မောဟ၊ မာနတို့ဖြင့် အလျှံငြီးငြီး အမြဲမပြတ် တောင်လောက် နေတတ်ကြသူ တွေဖြစ်မှန်း ကျနော်တို့ သိ၏။

ထိုစစ်ဗိုလ်အများစုသည် သူတို့ထက် ရာထူးငယ်သော စစ်သား စစ်ဗိုလ်မှန်သမျှကို တွေ့လျှင် တရား သူကြီးက သူ့စားပွဲပေါ်မှ နေ၍ လှောင်ခြံတွင်းမှ သူဖမ်းထားသော တရားခံကို ရှုတ်ချ စက်ဆုပ်မှု အပြည့်ဖြင့် ကြည့်သော ဟန်မျိုး….၊ ငါ တရားသူကြီး စိတ်ထင်တိုင်းသာ လုပ်လိုက်ရရင် မင်းတော့ သေတော့မှာပဲ တရားခံဖြစ်တဲ့ မင်းတို့ စောက်ချိုး ပြင်စမ်းဆိုသည့် ပုံစံ ဆက်ဆံမှုမျိုးဖြင့် ငေါက်ငန်း ဆက်ဆံတတ်ကြ၏။ မတူသလို မတန်သလို ဆက်ဆံတတ်ကြ၏။ နိုင်လို မင်းထက် ပြုမူ တတ်ကြတတ်၏။

ယခုမူကား ယခင် ကာလများနှင့် လားလားမျှ မဆိုင်၊ သူတို့သည် ကျနော်တို့တွေ သူ့ငယ်သားတွေ ဘေးနားမှာ ရှိမှန်းတောင် ဂရုပြုမိကြသည် မထင်၊ သူတို့မျက်နှာမှာ လွန်စွာမှ ကြောက်ရွံ့ ရိုသေမှု အပြည့်၊ သူတို့ မျက်ဝန်းလေးတွေက အပြစ်ကင်းသည့် ယုန်သားငယ်လေးတွေလို၊ မြေခွေးရှေ့ ရောက်၍ အစားခံရမည်ကို ကြောက်သည့် ပုံစံများဖြင့် ဒူးတုန်ပြနေသော သမင်ငယ်လေးများဟန်… တတ်လည်း တတ်နိုင်ကြပါပေ၏…။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

Saturday, April 19, 2008

ယနေ့ စစ်တပ် ... ဘာတွေဖြစ်နေသလဲ (၂၄)

စစ်အာဏာပိုင် အထက်အကြီးအကဲ ဆိုသူတို့ ဦးစီး ချဲ့ထွင် မောင်းနှင် မွေးထုတ်နေသော ဤလို စစ်ကျောင်းတော် ဆင်းကြီးများမှ အရေးတကြီး ပေါ်ထွက် ဆင်းသက်လာစေလိုသည်က အမိန့်ဟူသမျှ နာခံသော ထမင်းစားသည့် စက်ရုပ်သာသာ အာဏာပါးကွက်သား လေးများသာ ဖြစ်၏...။ အထက် အမိန့်ဟူသမျှ နာခံရသည့် ခိုင်းတာလုပ်မည့် လူကျွန်လေးများ ဖြစ်အောင် လေ့ကျင့်ပေး နေရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စစ်ကျွန် သားပေါက်များရဖို့ တခုသာ ဖြစ်၏။

ကိုယ့်ပြည်သူချင်း နှိမ်နှင်း သတ်ဖြတ်ခိုင်းလျှင်လည်း ခိုင်းသည့် အမိန့်ဟူသမျှ နာခံကြသည့် လူသတ်ရဲ သည့် အာဏာ ပါးကွက်သားလေးများ ရရှိပေါ်ထွက် လာရန်သာ ဖြစ်၏။ ထိုလိုလားချက်အတိုင်း ပြည့်မှီစေဖို့ အမိန့်နာခံရေး လေ့ကျင့်ပေးမှု အစဉ်များ၊ နည်းနာများ၊ မဖြစ်မနေ စနစ်တကျ အကွက်ချ စီစဉ်ထားသော မောင်းနှင် ရိုက်သွင်း လေ့ကျင့်ပေးရေး လေ့ကျင့်ခန်းများဖြင့် ဤလို ဖြစ်စဉ်၊ ဤလို လေ့ကျင့်မှုများဖြင့် အစပြုကာ အာဏာရှင်တို့ လိုလားသော ခိုင်းသမျှလုပ်မည့် လူသတ် စက်ရုပ်တို့ အသက်ဝင်လာအောင် အညွန့်ထောင်နေအောင် တည်ဆောက် မွေးမြူနေခြင်းသာ ဖြစ်၏။

မိမိတို့ ယနေ့ လက်ခံရရှိနေသော အမိန့်များ ညွန်ကြားချက်များကို သေချာစွာ ဖတ်ရှုဆင်ခြင်၍ ဤအမိန့်များကို မိမိတို့ ကောင်အထည်ဖေါ် ဆောင်ရွက်လိုက်ခြင်းဖြင့် ပေါ်ထွက်လာသော ရလာဒ်သည် ဘယ်သူ့ကို အကျိုးပြုစေသလဲ၊ ပြည်သူ တိုင်းရင်းသား တရပ်လုံးကိုလား၊ စစ်ဗိုလ်ချုပ် အကောင်းစား ကြီးတွေအတွက်လား။ ထင်းရှားနေစေ ပါသည်၊ စစ်ဗိုလ်ချုပ် အကြီး အငယ်တို့ ကြွယ်ဝချမ်းသာ၊ အာဏာတန်ခိုး ခိုင်ခံ့ တည်မြဲရေးများမှ လွဲ၍ ပြည်သူ့အကျိုး၊ အမျိုးသားရေး စေတနာဟူသည် လားလားမျှ မပါသည်ကို တွေ့နေကြရပြီဘဲ…။

ကျနော်တို့ စစ်တပ်တွင်းမှ စစ်သားများ စစ်ဗိုလ်များ ဤသည့် ဖြစ်ရပ်မှန် အခြေအနေများကို ဆင်ခြင်၍ နောင် အရှည် မျက်စိတဆုံး၊ မြော်မြင် တွေးဆ သံဝေဂယူ၊ သင်ခန်းစားထုတ်ကာ၊ စေ့စေ့ငုငု သိရှိ ရိပ်မိမှု အချိန်မနှောင်း လေအောင် ၀ိုင်းဝန်း ကြိုမ်းကြဖို့ လိုပေပြီ...။

ချွင်းချက် အနေဖြင့် တင်ပြလိုက်ပါဦးမည်..။ ကျနော်သည်လည်း ထိုထိုစုံစုံ စစ်သင်တန်း အဖုံဖုံမှ စနစ်တကျ အကွက်ချ ရိုက်သွင်း မောင်းနှင် လေ့ကျင့်ပေး ခံထားရသော စစ်တက္ကသိုလ် ကျောင်းဆင်း အရာရှိ တဦးဖြစ်၏။ မည်မျှပင် အရွယ်ငယ်စဉ် နာနာကျင်ကျင် ပုံသွင်းပေ့စေ၊ နာခံရယူ သူတွင်သာ အဓိကကျသည် ဆိုလိုချင်သည် အကြောင်းဖြစ်၏။

မျိုးချစ်စိတ် စစ်မှန်သူတို့သည် မိမိအမှားကို မြင်အောင်ကြည့်၊ ကောင်းအောင်ပြင်၊ လူ့လောက ဘောင် အကျိုး ဆောင်နိုင်ရန် အချိန်တိုင်း စဉ်းစားနေတတ်သော သဘောမနော ရှိကြသည် ဆိုသည့် အကြောင်းမှာ ကျနော့်ကိုယ်တွေ့ အတွေ့အကြုံဖြစ်၏။ ထို့ကြောင့် လက်ရှိတပ်တွင်းမှ မျိုးချစ် စစ်သားများကိုလည်း အချိန်မနှောင်းခင် ပြည်သူ့ဘက် ကူးပြောင်း ရပ်တည်လာနိုင် ကြစေရန် ရတန် သရွေ့သော နည်းလမ်းများ အသုံးပြု၍ ကျနော်တို့ ဆွဲဆောင် စည်းရုံး နည်းလမ်းပြသ ကြိုးစား နေကြရ မည်ဖြစ်၏။ သူတို့တတွေ ပြည်သူ့ဘ၀ အမှန်တရားတွေကို သိရှိတွေးတော နားလည်ခံစား ကူညီဖေးမ လာတတ်စေရန် အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ကျနော်တို့ ၀ိုင်းဝန်း ပံ့ပိုးဖေးမ နမူနာ ပြရဲဖို့ အဆောတလျှင် လိုအပ်နေ၏။

လက်ရှိ အာဏာရယူ လုယူသိမ်းပိုက်ထားသူ စစ်ဗိုလ်ချုပ်တွေကို ပြင်ပါ ဆင်ပါ။ တွေးတောပါ။ အနာဂတ် ရေရှည်ကို ချင့်မျှော်ပြီး စေ့စပ်ပါ။ ညှိနှိုင်းပါ။ တိုင်ပင်ပါဟု အကြံပေးနေယုံဖြင့် မရတော့ပေ။ သူတို့သည် တယ်လီဖုန်း လိုင်းကြိုးဖြတ်ထားသော နာမည်ကြီး လူမိုက်တို့ သဖွယ် မာန ကြွယ်သူတို့ ဖြစ်နေပေပြီ၊ မည်သူ့ကိုမျှ အဖက်လုပ်၍ လက်ခံစကားပြော လေမည်မဟုတ်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘ၀မေ့လောက် စဖွယ်ကောင်းသော အာဏာ အရှိန်အ၀ါ၊ တန်းခိုးတေဇော၊ စေတလုံးပိုင်ရှင်နှယ် ယစ်မူးမှု အာရုံတို့၏ ၀ါးမြိုခြင်းကို ခံရပြီးသွားသူတို့ ဖြစ်နေ ခြင်းကြောင့် ဖြစ်၏။ ကျနော်ကိုယ်တိုင်ပင် ရခဲ့သရွေ့သော အာဏာ ပိစိကွေးလေးကို မက်မော မိခဲ့ သေးသည်ပဲ။ ပြင်သင့်သည်ကို ပြင်ရကောင်းမှန်း မသိသူ၊ စစ်အာဏာပိုင်များ၏ အုပ်ချုပ်မှု များအောက် ဒီလို ဖြစ်စဉ်တွေ လုပ်နေလိမ့် အုံးမည်ပင် သူတို့ ပုံသွင်း ဖန်တီးထားသော စနစ်ကိုက လူတစု ကောင်းစားရေး၊ စစ်ဝါဒ လွှမ်းမိုးရေး အထူးစပါရှယ် သီးသန့် နည်းစနစ်ဖြစ်၏။

စစ်အာဏာရှင် စနစ်အောက် တိုင်းပြည်ကို သက်တမ်းကာလ ရသလောက် ထားကြမည်။ စစ်ခေါင်း ဆောင် အဆက်ဆက်ကိုယ်ကျိုးရှာ ခြစားပြီး၊ ဆွေမျိုးသားချင်း တစုကောင်းစားရေး ၀ါဒဖြင့် အုပ်ချုပ် ရေး တည်တံ့စေရန် လုပ်နေလေအုံးမည်။ ပြုပြင်ပြောင်းလဲရေး တော်လှန်ရေး လုပ်ရပ်များ၊ ပြည်သူ အကြားမှ မပေါ်ထွက်သေး သရွေ့၊ ဤ ဖြစ်စဉ်များသည်လည်း ဖြစ်နေအုံးမည်။ စားဖားကြီး များက လည်း စားနေ၊ ၀ါးနေ၊ အနိုင်ကျင့် အုပ်ချုပ်နေအုံး မည်ပင်..။

ဘာရယ်မှ မဟုတ်... အမယ်ဘုတ်ကယ့် သူ့ချည်ခင်လို.. အတွေးတစကို ဆွဲထုတ် စဉ်းစားမိသည် နှင့် တသီတတန်းကြီး ကပ်ပါလာသော နောက်ဆက်တွဲ အဖေါ်ဖြစ်စဉ်တို့က ရှုမဆုံးနိုင်.. မောမ ဆုံးနိုင်..၊ သက်ပြင်းချ မဆုံးနိုင်....။ တွေးပူ မဆုံးနိုင်...။ ရင်မော မဆုံးနိုင်လေတော့ပေ။ တိုင်းပြည်တွင်း ပြည်သူပြည်သားတိုင်းလိုလို ခံစားနေရသည်က ကြိမ်မီးအုန်းသလို တနှုံ့နှုံ့၊ မြူထသလို ပူလွနေသော စစ်အာဏာရှင် လက်ပါးစေတို့ကို မုန်းတီးခြင်း စိတ်ဓာတ်တွေက နေရာအနှံ့၊ ဒေသအနှံ့ မျက်မြင် ကိုယ်တွေ့ တွေအများကြီး ...။ ကျနော် စစ်ဗိုလ်ကိုယ်တိုင် နွမ်းလျ၊ နာကျင်၊ စိတ်မကောင်းစွာ မြင်တွေ့ခံစားခဲ့ရ၏။

ကိုယ်ကျိုးရှာ အာဏာပိုင် အဆင့်ဆင့်၏ အနိုင်ကျင့် အုပ်ချုပ်မတရား လုပ်နေမှုများ ခံရဖန်များ လွန်း၍ ပေါက်ကွဲ အန်ထုတ် ဆုတ်နစ်ချေမွ ပစ်ချင်နေသည့် ကလဲ့စားချေရေး အတွေးအခေါ်များ က လူတိုင်း လိုလိုတွင် မွေးမြူထားပြီး၏။ ထိုမှတဆင့် ပေါက်ဖွားလာသော နာကျည်းချက် များကြောင့် ပေါ်ထွက် လာသည့် မျက်ဝန်းများသည် ကျနော်တို့ မျိုးချစ်စစ်သားတို့ကို တွေဝေငေးငိုင် လက်မှိုင်ချနေစေ၏။ ကိုင်ထားသော သေနတ်ကို ပြောင်းဝ တယမ်းယမ်း ဖြစ်နေစေ၏။ ပစ်မှတ်က မိမိနောက်က ခါးထောက် နေသူ တို့သို့လား၊ မိမိတို့ကို ကိုယ်တိုင် ကိုလား ...။ ခါးသည်း မုန်းတီး နာကျည်းမှုကို ဖေါ်ညွန်းသည့် အရောင်တောက်တောက် မျက်လုံးက နိုင်ငံ့ အနာဂတ်ကို အနီရောင် သွေးညှီနံ့တို့ လွှမ်းလေအောင် ကြိုလင့် စောင့်စားနေတော့မည် ဟန်...။

ကျနော်တို့ တိုင်းပြည်ကို အနီမလွှမ်းစေလိုပါ၊ သွေးထွက်သံယို မဖြစ်စေလိုပါ....။
တဖက်သက် အနိုင်ကျင့် ခံရမှုတွေ ဖိစီးလွန်း၍ တင်းမာခက်ထန်နေသော စိတ်ထားပိုင်ရှင်တို့ ဖြစ်လာကြ၏။ ထစ်ကနဲရှိ ဓားဆွဲ၊ ဒုတ်ဆွဲ သွေးစွန်းပြီးမှ နောင်တရ ငိုယိုတတ်သော ဒေါသအိုး လူမျိုးများ ဖြစ်လာကြ၏။

လူမျိုးရေး ခွဲခြား စိမ်းကားဟန်ဖြင့် ဥပက္ခာပြုမူ တတ်သော အမူအကျင့်တို့ဖြင့် လူလူချင်း ပေါင်းသင်း ဆက်ဆံရေးတို့ အေးစက်လာတတ်ကြ၏။ ကိုယ့်လူမျိုးချင်း တဦးကို တဦး စိတ်ချ ယုံကြည် အားကိုး အားထား ပြုနိုင်ဖွယ် မရှိသော စည်းလုံးမှုတို့ လျှော့ရဲ အားနည်းလာကြ၏။ သိသိသာသာ တိမ်းစောင်း ဆွဲချနေသော ဘာသာရေး လမ်းလွဲမှု၊ စာပေ အဆိပ်သင့် မှိုင်းတိုက် နေမှုများမှတဆင့် ဖေါ်ညွန်းလာ သမျှကလည်း မိစ္ဆာ အယူဝါဒဆီသို့ ဆွဲချနေလေ၏။ ဒီဘ၀ခံရ သမျှ ဆင်းရဲ စုတ်ပြတ်သမျှသည်၊ ရှေးဘ၀မှ ပါလာသော နှောင်းဝဋ်ကြွေး အကျန်များမို့၊ အံကြိတ်ခံထား၊ သည်းခံထားဟု မဏ္ဌာပ် လော်စပီကာ များက တဆင့် တွင်တွင်အော်နေကြ၏။

ဒီဘ၀မှာ ရတဲ့နည်းနဲ့ ပိုက်ဆံရှာ၊ သာသနာရေး၊ ဘာသာရေး လုပ်နေသူ အလှူခံတွေကို ဖြစ် အောင်လှူ၊ ဆိုင်းဘုတ်၊ ကမ္ပည်းတွေကို လူထင်ကြီးအောင် စာလုံးကြီးကြီးနှင့် ထိုး ...။ အဲဒီလို လူသိ အောင် မလှူခဲ့လို့ ဒါနနှင့် သီလ မပါရင် သေခါမှ သိလိမ့်မယ်။ ပူပင်ရလိမ့်မယ် ဆိုပြီး ခြိမ်းခြောက်.. ဒီဘ၀မှာ ရအောင်လှူ၊ ဒါမှ နောက်နောင် ဘ၀ကျ ကောင်းစားလိမ့်မည်ဆိုတဲ့ လမ်းလွဲ မှိုင်းတိုက်မှုတွေ တွင်တွင်ဟောပြော.. နဂိုကမှ မြင်မြင်သမျှ ကြောက်နေရသူ ပြည်သူ တို့က ဒါကို ယုံကြည်မိ ဒီကြားထဲ သေနတ်ပစ္စတိုလေး ခါးမှာချိန် ဟိတ်ဟန် အပြည့်နဲ့ ဘုရားထီးတင် အလှူငွေတွေ လက်ခံ၊ လှူသူ တွေဖြစ်တဲ့.. မြို့မျက်နှာဖုံး ဆိုသူတွေထဲမှာ ရိုးသားနုံအ မွန်မြတ်သူတွေလည်းပါ၊ ဘိန်းဘုရင် မူးယစ် ဆေးဝါး ရာဇာတွေလည်းပါ၊ အရက်ချက် စက်ရုံ ပိုင်ရှင်ကြီးတွေလည်းပါ၊ .. နောက်ဆုံး ဖာခေါင်းကြီး တွေလည်းပါ၊ သူတို့ လှူသည်မှာ ဘာသာရေးနှင့် နောင်ဘ၀အတွက်ဟု ဆို၏။

.. ... အားထားမိသူ ပြည်သူတို့ အားကိုးရာမဲ့၊ ကူရာမဲ့ ဘ၀မှာ ရေနစ်သူအတွက် ကောက်ရိုး တမျှင်ပမာ ယုံမှတ်မိ၍ ပုံအပ်ခြင်းကို အပြစ်မဆိုပါ။ လှူသူများ၊ ဘုရား စေတီတွေ ပေါများလာ ခြင်းကို ဂုဏ်ယူ ပါ၏။ သို့သော် စေတီတွေ ဘာသာရေး အဆောက်အဦးတွေ ပေါများသည်ထက် သူခိုး၊ ဂျပိုး၊ လူလိမ် လူကောက်တို့ နည်းပါသော မြင်ကွင်းတို့ ကျနော်တို့ ပြည်တွင်းတွင် မျက်စိတဆုံး ရှိစေချင်၏။ ကိုယ်ကျင့် စာရိတ္တ၊ စည်းကမ်း စောင့်ထိန်းမှု ကောင်းမွန်မြင့်မြတ်သည့် ဘာသာဝင် နိုင်ငံသားတို့ ထွန်းကား များပြားတိုးတက် လာသည်ကို မြင်ချင်၏။ ဖြစ်စေချင်၏။ ဆွဲလွဲသံ တလွင်လွင် ကြားရခြင်း ထက် ထောင်တွင်းက ငိုရှိုက်သံတို့ ဆိတ်သုဉ်း သွားခြင်းကိုသာ မျှော်မိ၏။

သန့်စင် မွန်မြတ်သော ထေရ၀ါရ ဗုဒ္ဓသာသနာတော်မြတ်ကိုသာ အဓွန့်ရှည်စေလို၏။
အဆိပ်ပင်ရေလောင်းနေသူ အာဏာပိုင်တို့၏ ဆွဲချဖောက်ပြန်။ အယူတိမ်း တလွဲယိမ်း၊ အားကိုးမှား ကိုးကွယ်ရေး အယူသည်း အတွေးအခေါ်တို့ ဒီထက် ကြာကြာ မ၀ါးမြိုနေစေလို၊ မတည်တံ့စေ လိုတော့...။ တွေးပူ၏။ ဆေးကု မနိုင်ဖြစ်မည် စိုး၏။ ဒီလို ဘာသာရေး လက်ရှိ အခြေအနေတွေမှ တိုင်းပြည်အနာဂတ်ကို အဆိပ်ခတ်သလို ဖြစ်နေသည့် သဘောတရားရေးများကို အားမလို အားမရ စိတ်နှင့် ပြုပြင်ရန် ပြောသူ၊ ဆော်သြသူ၊ ယခု ဤစာကို ရေးသူ ကျနော့်ကိုပင် သူတို့ (ဘာသာရေး အစွဲပြင်းထန်သူ အချို့)က နာကျည်း မုန်းတီးစွာ ရှုတ်ချကြပေဦးမည်။

ထိုသူတို့သည် အတွေးအခေါ် အမြော်အမြင် လူ့ဘ၀ခံယူချက် ပမာဏနည်းပါးသေး (၍ဟုထင် သည်) ပေတော့ ကိုယ့်ကိုကိုယ်လည်း မယုံ၊ ကိုယ်စွမ်း ဉာဏ်ကိုလည်း အားမထား၊ လူ့ပတ်ဝန်းကျင် ကိုလည်း မယုံ၊ ဘယ်သူ့ကိုမှ မယုံ၊ အနာဂတ်ကိုလည်း မမျှော်လင့်၊ သူတို့မျိုးဆက်သစ်တို့ ရှေ့ရေးကိုလည်း မတွေးဆ၊ .. သူတို့ လတ်တလော စိတ်တွင်း လိုအင်ကို ဖြည့်ဆည်းပေးနိုင်လိမ့် မည်ဟု ယုံကြည် ရသည့် ဘိုးတော်၊ ထွက်ရပ်ပေါက်။ သိဒ္ဓှိရှင်၊ အကြားအမြင် စသူတို့ထံ ဆည်းကပ် ခယ ခိုင်းသမျှလုပ်၊ ဟောသမျှယုံ၊ တောင်းသမျှပေး.. မိမိတို့ဘ၀အတွက် မိမိတို့နိုင်ငံအတွက် စားစရာ၊ စုစရာ ရင်းနှီး မြုပ်နှံစရာ ဆိုသည်ကို မစဉ်းစား၊ နောင်လာမည့် ဘယ်လိုမှ မသိနိုင်သော ကာလတခုကို ရည်မျှော် လောဘတက်ကာ လှူစရာငွေ၊ ရအောင်ရှာ၊ ခိုး၍ရရ၊ လိမ်၍ရရ၊ ကောက်၍ရရ၊ ချေး၍ရရ၊ ဘယ်လိုဘဲ ရရ၊ ရသမျှ လှူလျှင်နောင် ဘ၀ဒီထက် အပြန် ထောင်သောင်းချီ ပြန်ရမည်တဲ့.. ဟူး ... မော့ပါဗျား။

အရှည်အဝေး တွေးတွေးဆဆ စဉ်းစားကြည့်မည် ဆိုလျှင်လည်း ရှုပ်ထွေးပွေလီ ဗွေသီ အာရုံ အစုံစုံ ထပ်မံ ပေါ်ထွက် လာပေလိမ့်အုံးမည်။ သြော်... ဒီနေ့ လတ်တလော ကြားနေရသော ကောလဟာလ တခုက စာရေးနေခိုက်ကို ပျော်သလိုလို ဖြစ်သွားစေခဲ့၏။ ဘာတဲ့ ဗိုလ်ချုပ်မှူးကြီး တမလွန်ကို တိုင်းခန်းလှည့်လည် သွားပြီဆိုပဲ.. သို့သော် သူစိုက်ခဲ့သော စနစ်ဆိုး အမည်ရှိ ငှက်ပျောပင်စည်သည် ကိုယ်ထည် ပြတ်ထွက်သွားသော်လည်း သူနစ်မြုပ် ထားခဲ့သော အမြစ်၊ အတက်များ၏ အစွမ်းဖြင့် နောက်တတက် ထပ်ထွက်လာပေလိမ့်အုံးမည်..။ ထိုအမြစ်များကို ကျနော်တို့ တူးဆွ ဖယ်ရှားဖို့ ကြိုးစားကြရအုန်းမည်..။

မောသွား သလား။ အသင်စာဖတ်သူ ခင်ဗျား ... ကျနော်လည်း တွေးတော ရင်မောရတာ များသွားပြီမို့ နောက်တပတ်မှာမှ ပြန်တွေ့ ကြပါစို့... ဗျ...။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)


PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

Friday, April 18, 2008

ယနေ့ စစ်တပ်.... ဘာတွေဖြစ်နေသလဲ (၂၃)

ကျနော်တို့ ပထမနှစ် ဗိုလ်လောင်း သင်တန်းသား ဘ၀က တွေ့ကြုံခဲ့ရသော အဖြစ် အပျက်များကို အသက် အရွယ် အိုမင်း ရင့်ရော်သွားသည့်တိုင် မေ့နိုင်မည် မဟုတ်ဟု ထင်သည်။

ဟုတ်၏။ ဘယ်တော့မှ မမေ့နိုင်ပါ။
နုပျိုသော ဘ၀မှ ကြမ်းတမ်းသော အတွေ့အကြုံ၊ စိုးထိတ်ကြောက်လန့်ရမှု အချိန်ရက်စွဲတို့ ရှည်ကြာလာသည်နှင့်အမျှ၊ လူငယ် ကျနော်တို့သည် ချွေးတရွှဲရွှဲ၊ မောတဟိုက်ဟိုက် အချိန်များကို ထမင်းစား ရေသောက်လောက်နှင့် ထင်မြင် ခံစားလာရတော၏။ ပေါ့ပျက်ပျက် တွေးဆ ခံယူလာကြ တော့၏။ အရေထူလာပြီဟု ပြောနိုင်ပေမည်...။

မဲမဲမြင်ရာ လူဟူသမျှအား ကြောက်ရွံ့ခန့်ညား ရိုသေနေရမှု ကာလရှည်ကြာ လာသည်နှင့်အမျှ အရပ်သူ အရပ်သား မည်သူ့ကိုမှ (မှတ်ချက်။ ။စစ်တက္ကသိုလ် အရာရှိ စီနီယာမှ လွဲ၍) တယ်ပြီး လူမထင်ချင်တော့၊ စာရင်း မသွင်းချင်၊ မခန့်ချင်တော့၊ ကိုယ့်ကိုကိုယ် ဘာကောင်၊ ညာကောင်ရယ်လို့ ထင်ခြင်းကြောင့်တော့ မဟုတ်။

ကြောက်ရ၊ စိုးထိတ်ရ၊ အားငယ်ရသော ရက်စွဲတို့ အလွန် တာရှည်လာသောအခါ ထုံမှိုင်း၊ ထူပိန်း သွားတတ်သော လူတို့သဘော သဘာဝအရ ကြောက်ရကောင်းမှန်း၊ လန့်ရကောင်းမှန်း မသိသလို လို ဖြစ်လာသည်ဟု ဆိုနိုင်သလို...။ ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့် အပြစ်ပေး အထိုး အကြိတ်ခံရဖန် များလွန်းသဖြင့် ကြောက်ရ လန့်ရမည် အဆင့်တို့ကို အလိုလို ခွဲပိုင်းဝေဖန် ကြောက်လန့်တတ်မှု ဖြစ်သွားခြင်းလည်း ဖြစ်နိုင်ပေသည်။

ယခု တပတ်တော့ ပညာသင်ကာလအတွင်း သူ့နှစ်အလိုက် မဖြစ်မနေ ပြိုင်ရသော အားကစားပြိုင်ပွဲ များရှိ၏။ ပထမနှစ်မှ ဖိုင်နယ်ယီးယားအထိ ဆိုင်ရာ၊ ဆိုင်ရာ တပ်ခွဲလိုက် အားကစားပြိုင်ပွဲ များကို အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင် ကြရ၏။ ခိုကပ် ရှောင်လွဲ ပုန်းအောင်းနေ၍ မရချေ။ နောက်ဆုံး ပြိုင်ပွဲသို့ ၀င်ရောက် မပြိုင်ချင်လျှင် ဆေးရုံသွားတက်.. ရောဂါမရှိလျှင်လည်း မရှိ ရှိယောင်ဆောင်... နှာခေါင်းထဲက လေထွက်၊ အရိုးထဲက ယားယံစသော လံကြုပ် ရောဂါတို့ဖြင့် ဂယ်ရှာ ဟန်ပြ ရှောင်ကြ ရှားကြ၊ သို့မှသာ မဟာ အားကစားပြိုင်ပွဲကြီးများမှ လွတ်ကင်းနိုင် ပေမည်။ သို့မဟုတ်က လာထား ချည်.. ချွေး၊ သွေး၊ အချိန်... ...

အားကစားဆိုမှဖြင့် ချွေးမထွက် မမောမပန်း၊ မပင်ပန်း၊ မညောင်းမညာ၊ သက်သက်သာသာ ဘယ်ရှိ လိမ့်မည်နည်း။ ဘာမဟုတ်သည့် စစ်တုရင်ပြိုင်ပွဲလို တချိန်လုံး ထိုင်နေရသည့် အားကစား ပြိုင်ပွဲလို မျိုးတောင်မှ ဖင်ညောင်းအောင် ထိုင်နေရသေးသည်ပဲ။

ကျနော်တို့ ပထမနှစ် စတုတ္ထနှစ် အထိသော ဗိုလ်လောင်းအားလုံး ၀င်ရောက် ယှဉ်ပြိုင်ရသည့် အားကစား ပြိုင်ပွဲများမှာ ဘောလုံး၊ လက်ဝှေ့၊ ဘတ်စကတ်ဘော၊ ကြက်တောင်၊ လှံစွပ်ထိုး စသော အုပ်စု၊ တဦးချင်းအလိုက် သီးခြားအနိုင်ယူ ယှဉ်ပြိုင်ရသည့် ပွဲမျိုးများ ဖြစ်၏။

သီးသန့် အပတ်စဉ်အလိုက် ပြိုင်ရသော ပွဲမျိုးမှာ ကျနော်တို့ ပထမနှစ်များအတွက် နယ်ကျော် ပြေးပွဲ ဆိုသည့် တောတောင်ကျော်ဖြတ် အပြေးပြိုင်ပွဲ၊ ဒုတိယနှစ် ဗိုလ်လောင်းများ အတွက်မူ ဂျွမ်းဘားပြိုင်ပွဲ၊ တတိယနှစ်များအတွက် ရေကူးပြိုင်ပွဲ၊ စတုတ္ထနှစ်များ အတွက်မူ (အဆော့လ်ထ်) Assault (ခေါ်) ချေမှုန်းရေးပြိုင်ပွဲ စသည်ဖြင့် အသီးသီးရှိ၏။ ပြိုင်ပွဲအားလုံးကတော့ ပင်ပန်းကြမ်းတမ်းကြသည်ပင်၊ အသက် ၂၀ ၀န်းကျင် သန်စွမ်းမှု အကောင်းဆုံး၊ အထက်ဆုံးအရွယ် လူငယ်များမို့သာ အားကြိုး မာန်တက် လုပ်နိုင်၊ ဆော့ကစား နိုင်၊ ပြိုင်နိုင်ကြခြင်း ဖြစ်၏။

နယ်ကျော် ပြေးပွဲဆိုသည့် ကျနော်တို့ ခေါ် စတေဘယ်လ်ရှစ်ပြိုင်ပွဲသည် ကျနော်တို့ ပထမနှစ် များ သက်လုံကောင်းသော၊ အမောလုံသော အပြေးစံချိန် ပိုင်ရှင်များဖြစ်အောင် လေ့ကျင့်ပေးသော ပြိုင်ပွဲ တမျိုးဖြစ်၏။ နယ်ကျော်ပြေးပွဲဟု ဆိုသည့်အတိုင်း နယ်ဒေသများ တောင်ကုန်း၊ တောင်စောင်းများ၊ သစ်တောအုပ်များ ချောင်းခြောက်ငယ်များကို အမောတကော ဖြတ်ကျော် ပြေးရခြင်းဖြစ်၏။ တကယ် ပြိုင်ပွဲဝင်ရမည့် အချိန်ကာလတွင် နာရီပိုင်းမျှသာ အချိန်ကြာမည့် ထိုပြိုင်ပွဲလေး တခုသည် ကျနော် တို့ကို လပေါင်းများစွာ၊ နာရီပေါင်းများစွာ အတော်ကြာကြာ ဒုက္ခပေးနေသော လေ့ကျင့်မှု များကို လုပ်နေရစေခဲ့၏။ တတိ တတိနှင့် လေ့ကျင့်မှုမှ ခံနိုင်ရည် သက်လုံတိုးတက် ကောင်းမွန်မှု မြင့်မား လာအောင် ကြိုးစား နေစေခဲ့ပေသည်။

ယခင် အပတ်များက ကျနော်တင်ပြခဲ့သည့် ပီတီကွင်းမှ အပြေးတက် အပြန် အမောတကော အချိန်များ အတွင်း လုပ်ရသော ရေချိုးခန်းတွင် ရေမချိုးမှီ၊ အသည်းအသန် အလုအယက် လေ့ကျင့်ရသည့် ဖားခုန်၊ လေထီးခုန်၊ ဘယ်ရီ (ဗိုက်သားလေ့ကျင့်ခန်း) ရိုက်ခြင်း စသော ကြိုင်တင် လေ့ကျင့်မှုများသည် ဘေဘီဘိုက်တာ ကလေးကစားစရာ အဆင့်များသာ ရှိသေး၏။ တကယ်တမ်း ကျနော်တို့ စိုးထိတ် ကြောက်ရွံ့ ပင်ပန်းကြီးစွာ ခံစားရသည်မှာ ထို စတေဘယ်လ်ရှစ် နယ်ကျော် ပြေးပွဲအတွက် တင်ကြို အပြေးကျင့်ရသော လေ့ကျင့်မှု ကာလများကို ဖြစ်၏။

မိမိတို့ တကယ်တန်း အပြေးပြိုင်ပွဲဝင်ရမည့် ရွာစဉ်တလျောက် ထိုအပြေးပြိုင်ရမည့် လမ်းကြော အတိုင်း၊ တပ်ခွဲလိုက် စီနီယာများ ဦးစီးပြီး သောကြာလို နေ့မျိုးနှင့် ကြားကာလ ရက်များတွင် အပြိုင် အဆိုင်လေ့ကျင့်ကြ၏။ ပြိုင်ပွဲအစစ် မဟုတ်သေးသော်လည်း စီနီယာများ ဦးစီးပြီး တကယ့် ပြိုင်ပွဲတွင် ၀င်ပြိုင်နေကြသည့်နှယ် အချက်ပေး တာလွှတ်ပြီး ၀င်ချိန်၊ ထွက်ချိန်ကို စီနီယာများက ကြပ်မတ်ကာ စောင့်ကြည့်စစ်ဆေး၏။

အပြေးကျင့်ရာ လမ်းတလျောက်တွင်လည်း စီနီယာများက အကဲခတ် စောင့်ကြည့် တွန်းအားပေးလျှက် မောင်းနှင်လျှက် ရှိ၏။ မောလွန်း၍ ရင်ဘတ်အောင့်၍၊ ချွေးထွက်လွန်လွန်း သွား၍၊ မျက်လုံးတွေပြာ ဦးခေါင်းတွေ မူးမိုက်လာ၍၊ ဆက်မပြေးနိုင်တော့၍ ဆိုပြီး၊ မနားရ။ မထိုင်ရ၊ လမ်းလျှောက်သွား၍ မရ၊ ခြေပစ်၊ လက်ပစ်၊ ယိမ်းထိုး၊ ယိုင်နဲ့၊ စစ်ရှုံး သုံ့ပန်းနှယ်၊ ရွဲ ဘလဲ၊ လျှာတစ်လစ် ဆိုက်ပြနေ၍ မရ၊ သေကောင်ပေါင်းလဲ ဟန်ဖြင့် ရှယ်ကိုင် မှေးဖျော့နေ၍ မရချေ....။

တခေါ်လောက်သာသာ အကွာအဝေးတိုင်းတွင် စီနီယာများက အသင့်စောင့်နေ၏။ အပြေးကျင့်နေ ကြသော ကျနော်တို့ ပထမနှစ်များသည် သူတို့စိတ်အထင် ဇွဲနဲ့ဘဲနှင့် အားမာန်နှင့် မပြေးဘဲ ဖြော့တော့ တော့၊ နွဲ့တဲ့တဲ့၊ လူပျင်းတွေလို ကနွဲ့ကလျ လှုပ်လီလှုပ်လဲ့ သွားမပြေးမိလိုက်နှင့်... ထို ပထမနှစ် ဗိုလ်လောင်းမှာ အခြားသော သာမာန်အပြေးကျင့် သူများထက် ပိုနာ၊ ပိုပင်ပန်းမည် မှတ်ပေတော့...။

အပြေးကျင့်ရန် စတင် တာမလွတ်ခင် ကပင် ကျနော်တို့အား ၀မ်တိမ်အဖြစ် လစ်မစ်အချိန် ကန့်သတ် ချက် ပေးလိုက်ပြီး ဖြစ်သည်။ စတင် တာလွတ်ချိန် ဘယ်အချိန်မှစ၍ ဘယ်နာရီအမှီ ပန်းဝင်အောင် ပြေးရမည်။ ပန်းမ၀င်နိုင်သူ နောက်ကျသော ဘယ်နှစ်ယောက် အုတ်ခဲပက် (အုတ်ခဲထည့်ထားသော ကျောပိုးအိတ်)နှင့် သတင်း ပို့ရမည်ဆိုသော အမိန့်က တင်ကြိုထုတ်ပြန် ထားပြီး ဖြစ်၏။ ထိုည မအိပ် ရတော့အောင် ခေါ်ကြိတ်၊ ခေါ်အုပ်မည့် သူတွေကလည်း အသင့်၊ ဒီလို အပြေးကျင့်ယုံ လေ့ကျင့်ခန်း အတွင်း သူများနည်းတူ မပြေးနိုင်ယုံမျှဖြင့် ကိုယ့်ကိုယ်ပိုင် အိပ်ချိန်ထဲက ပေးရမည်ကို ကြောက်စိုး ထိတ်ကြ၏။
ထိုမျှမက ပြေးကျင့်နေစဉ် လမ်းတလျှောက်က စီနီယာများ အလိုမကျ ဖြော့ဖြော့ ဟန်ပန်၊ အားမာန် မပါ၊ နှေးကွေးစွာ ပြေးမိပါကလည်း ရောက်လာနိုင်မည့် သတင်းပို့ ခေါ်ခံ အပြစ်ပေး ခြင်းက အသင့် စောင့်နေ၏။ ထိုကြောင့် အံကြိတ် ဇွဲတင် ပြေးနိုင်အောင် ကြိုးစားရ၏။ မဖျော့ရဲ၊ မလျှော့ရဲ။ အပါး မခိုရဲ၊ လိုက်ပြေးနိုင်အောင် ကြိုးစားရင်း သက်လုံတို့ အရပ်သားဘ၀နှင့် ဘာမှ မဆိုင်တော့ လောက်အောင် အမောခံ၊ အပင်ပန်း ခံနိုင်ရည် တက်လာ၏။

အဆိုးဆုံးမှာ စိတ်လိုက်မာန်ပါ အားမလို အားမရ ဖြစ်တတ်သော စီနီယာအချို့တို့က ကျနော်တို့ အပြေးလေ့ကျင့်စဉ် လမ်းတလျှောက်ရှိ အလွန်မောဟိုက်တတ်သော တောင်ကုန်း အတက်တို့၊ ချောင်း အကူး၊ မြောင်းအကူး စသော နေရာတို့တွင် သူတို့က တင်ကြိုရောက်နှင့် စောင့်စားရောက် နှင့်ကာ ဆွဲခေါ်ပြေးတက် လေ့ကျင့် ပေးတတ်ခြင်းပင် ဖြစ်၏။ သူတို့ကို တွေ့ရသော အချိန်တွင် ကျနော်တို့သည် အလွန် အင်မတန်မှကို ပင်ပန်းမောဟိုက် လှိုက်ဖို၊ အားအင် ကုန်နေတတ်သော အချိန်များ ဖြစ်ကြ၏။ လှုပ်လီ လှုပ်တဲ့ ခပ်နွဲ့နွဲ့ အပြေးမောင်တို့ သူ့အနားရောက်ချိန် အားမလို အားမရ၊ သူတို့ ခံစားရပြီ ဆိုသည်နှင့် ထိုမောပန်းဟောဟိုက် နေသူသည် မသက်သာတော့ပေ...။

ထိုစီနီယာတို့သည် သူတို့တွင် ပတ်ထားသော ခါးပတ်ကိုချွတ်.. စီနီယာနှစ်ယောက် တဘက် တချက်စီ ရံကာ သေလုမျောပါး ပုံစံဖြင့် ပြေးနေသူ၏ ခါးမှ ခါးပတ်ကို သူတို့ ခါးပတ်ဖြင့် တွယ်ချိတ် ချည်နှောင်ကာ ရှေ့ကုန်းအတက်၊ တောင်အတက်မှ ဆွဲပြေးပါတော့သည်၊ နဂို မောဟိုက် ပင်ပန်း ချိနဲ့ နေ၍ လှုပ်လဲ့လဲ့ ပြေးနေရ သူကို ဤသို့ ခါးပတ်ဖြင့် ဆွဲယူပြေးသောအခါ လူကတော့ ခါးမှဖြတ် အဆွဲခံ နေရသည်မို့ ပြေးလိုက်နေသလို ဖြစ်နေသော်လည်း၊ ခြေထောက်တို့မူ မသယ်နိုင်၊ မလှမ်းနိုင်၊ မရွေ့ နိုင်တော့၊ ရင်ဘတ်အတွင်းက ဖားဖိုနှယ် ဖေါင်းပိန်၊ မောဟိုက် အသက်ရှူ ပြင်းဟိုက် တုန်မှုကလည်း ကြောက်ခမန်း လိလိ၊ ဆွဲသူကလည်း နောက်လှည့် မကြည့် တရွတ်တိုက် ဆွဲပြေးလျှက်...။ ဒါကို စစ်တက္ကသိုလ် ဘယ်တော့မှ လက်နက်မချ ဆိုသည့် အနိုင်မခံ အရှုံးမပေး ဟူသည့် ဂုဏ်ယူဖွယ် စိတ်ဓာတ်အဖြစ် ကျနော်တို့ ယုံကြည်ခဲ့ဖူးပါသည်။ သို့သော်....။

မခံနိုင်၊ မပြေးနိုင်၊ ဆက်မလုပ်နိုင်၊ မတတ်နိုင်တော့ကြောင်းလည်း ပြောခွင့်မရှိ၊ အော်လည်း မအော်ရဲ၊ ဟိုက်လွန်းသည်မို့ အော်လည်း မအော်နိုင်၊ မိမိကို နောက်လှည့် မကြည့်ဘဲ အတင်း ဆွဲပြေးနေသူ တို့သည် မိမိတို့ အလွန် ကြောက်လန့်ရသည့် အထက် စီနီယာများ ဖြစ်ကြပေသည်။ သူတို့ ဘာလုပ် လုပ် အငယ်ဂျူနီယာ စစ်ဗိုလ်လောင်းတို့က အံကြိတ်ခံရယုံမှ တပါး အခြား မရှိ ပေ...။

ဤသို့ ဤနှယ် ဖြင့်ပင် နယ်ကျော် ပြေးပွဲအတွက် ပြိုင်ပွဲမ၀င်ခင် အစမ်းလေ့ကျင့်သည့် ထိုပုံစံမျိုး တွင်းတွင်ပင် ပြေးရင်း အမောဆို့လွန် နှလုံးသွေးရပ် အသက်ထွက်သွားသူ တို့ ကျနော်တို့ မြန်မာပြည် စစ်တက္ကသိုလ် တွင်းတွင် တကယ် ရှိခဲ့ဖူးပါ၏။ စစ်တပ်၏ ဆောင်ပုဒ်ကိုက ချွေးထွက်များမှ သွေးထွက် နည်းမည်ဆိုပြီး ထိုသေသွားသော သူတို့သည် စစ်တပ်၏ အင်မတန် ကောင်းမွန်သော အမိန့်နာခံမှု ဆိုသည်ကို စံနမူနာ ပြလုပ်ဆောင်ရင်း သက်ဆုံးတိုင် တာဝန်ကျေသွား၏ ဘာညာဖြင့် ၀ါဒဖြန့်သော စကားလုံးတို့ ကြားခဲ့ရ၏။

ပြောပြလျှင် ယုံချင်မှ ယုံပေမည်။
ထိုသို့ အသက်ထွက် ဆုံးပါးသွားသူ လူငယ်တို့ကို တိုင်းပြည်အတွက် အသက်စွန့်သွားသည်ဟု ပြောနိုင် ပါမည်လား။ နည်းစနစ်မကျသော အုပ်ချုပ်လေ့ကျင့်မှု လျော့ရဲအားနည်း ချက်ကြောင့် ဖြစ်ပွားခဲ့ရသော ဆုံးရှုံး နစ်နာမှုကြီးများဟု ဆိုနိုင်မည်လား။

တဖက်သက် အမိန့်ပေး အုပ်ချုပ်ခွင့်ရှိသော စစ်တပ်တွင်း အထက်စီနီယာ၊ အထက်အရာရှိ လုပ်သူ၏ အပြုအမူ မှန်သမျှသည် အမှန်ဆိုသော (အာဏာရှင်စနစ် တည်ဆောက်ရေး အခြေခံ အုတ်မြစ်) ဇွတ်အတင်း သွတ်သွင်း လေ့ကျင့်မှုများကြောင့် တန်းဖိုးမဖြတ်နိုင်သော သားကောင်း လူငယ်တို့ အသက် စတေးခဲ့ကြရသည်ဟု ဆိုနိုင်မည်လား...။ အချို့ကတော့ ပြောကြပေမည်၊ ဤ သင်တန်းသည် စစ်သင်တန်းဖြစ်၏။ မိုးကြိုးငှက်ငယ် ဂျော်ရကွီးလေးများ မိတ်ကပ်လူး လေ့ကျင့် ပေးရာ နေရာမဟုတ် သောကြောင့် အသက်သေသေ၊ အရိုးကြေကြေ၊ အရေခန်းခန်း လေ့ကျင့် မောင်းနှင်ပေးရမည်မှာ အမှန်ဟု သုံးသပ်ကြပေမည်။ စီနီယာ အချို့ကလည်း စစ်တက္ကသိုလ်၏ အသက်သည် အမိန့်နာခံမှု ကောင်းသည့် စစ်အရာရှိများ ဖြစ်လာစေရန်ဖြစ်ရာ အမိန့်ဟူသမျှ နာခံသူသည် ကောင်းမြတ်သော စိတ်ဓာတ် အရည်အချင်းနှင့် ပြည့်စုံသူ ဖြစ်သည်ဟုဆို၏။

ကျနော်တော့ မထင်... ယနေ့ စစ်တပ်၏ အကြီးမှူး စစ်ဗိုလ်ချုပ်တို့သည် နိုင်ငံကိုလည်း သူတို့ အုပ်ချုပ်နေသည်၊ စစ်တပ်ကလည်း သူတို့ စေလိုရာက နေရသော အခိုင်းခံ ဘ၀.. ပြည်သူနှင့် တပ်မတော် တသားတည်းဖြစ်အောင် ရင်းနှီးချစ်ခင်မှု ရှိနေခဲ့လျှင် ပြဿနာမရှိ၊ ယခုကား စစ်ခေါင်းဆောင်ကြီးများ.. ကျနော့် စစ်တက္ကသိုလ်ဆင်း စီနီယာကြီးများမှ၊ အချို့မှာ ရာထူးနှင့် အာဏာ အတွက် ဂုဏ်၊ ကိုယ်ကျင့် စာရိတ္တ၊ ငယ်သားတို့ ဘ၀အမှန်ကို ကျောခိုင်း မသိကျိုးကျွံပြု စွန့်ပစ်နေကြ သူများအဖြစ် မြင်တွေ့ ကြုံဆုံနေရသောအခါ သူတို့ပြောခဲ့သော စစ်သားကောင်း စိတ်ဓါတ်သည် အာဏာရှင်တို့ လိုရာခိုင်း ခံနိုင်ရေးအတွက် သက်ရှိ ကျေးကျွန်များပမာ သဘောထား လုပ်ဆောင်နိုင် စေမှု အပေါ် စကားလုံး လှလှလေးများဖြင့် ဖုံးအုပ်ဖလှယ် ထားခြင်းသာဖြစ်ကြောင်း တွေ့လာရ၏။

အမိန့် နာခံမှု ကောင်းမွန်သော ပြည်သူ့စစ်သားဟု ပါးပါးနပ်နပ် အလိမ်ခံနေရသည့် မိမိတို့ ဘ၀ကို စောကြောတွေးတော မိလာတော့၏။ မည်သို့ ဆိုစေ.. ထိုသို့ စနစ်၏ အစတေးခံ ဘ၀အောက် နည်းအမျိုးမျိုးတို့ဖြင့် ပေးဆပ်စွန့်လွှတ် စတေး ခံကာ အသက်ဆုံးရှုံး သွားနေသူတို့ ကျနော်တို့ တိုင်းပြည်မှာ ယခုထိတိုင် ရှိနေဆဲပင်၊ ထိုစနစ် ရှိနေ သမျှလည်း ဆုံးရှုံးမှုတို့ ရှိနေအုံးမည် ဖြစ်၏။

မလိုလားအပ်သော စွမ်းအား အရင်းအမြစ်များ တန်ဖိုးမဲ့ ဖြစ်နေကြရခြင်း၏ အဓိက အရင်းအမြစ် ကတော့ အုပ်ချုပ် စီမံခန့်ခွဲ ကြပ်မတ်မှု အားနည်းလျော့ရဲ ညံ့ဖျင်းခြင်းနှင့် တယူသန် အာဏာ တည်ရေး တဇွတ်ထိုး တချက်လွတ် အမိန့်များကြောင့် မဆုံးရှုံးသင့်သော အသက်တို့၊ ရုပ်ဝတ္တုတို့ တန်ဖိုးမဲ့စွာ ဆုံးရှုံး သွားနေကြရခြင်း ဖြစ်၏။ အပြစ်မဲ့ တိုင်းရင်းသားများလည်း ပေးဆပ်ရ၏။ ပြည်သူ့ရင်နှစ် သားချစ် စစ်သားတို့လည်း ရင်းနှီးသေကြေ နေကြရ၏။

မကောင်း.. ကျနော်တို့ မျိုးဆက်သစ်တို့ အနာဂတ်အတွက် မကောင်းပေ....။
ဒီတပတ် ကျနော်တို့ စစ်တက္ကသိုလ်မှ အပြေးလေ့ကျင့်ခန်းများမှ အပြင်းအထန် လေ့ကျင့်ပေးခံ ရခြင်း အကြောင်းများ မှတဆင့် အထက် စီနီယာ၊ အထက်အရာရှိ လုပ်သူ ပေးသမျှ၊ ခိုင်းသမျှ၊ အသက်နှင့် လဲ၍ နာခံရမည်ဟု ရိုက်သွင်း လေ့ကျင့်ပေးနေသော ယနေ့ စစ်တပ်၏ အဓိက ရည်ရွယ်ချက်ကို စဉ်းစားတွေးတော စိတ်ကူးနယ်ချဲ့မိပြန်၏။

အသက်ဆုံးသွားသူ သူငယ်ချင်း ဗိုလ်လောင်းလေးတို့ အကြောင်းမှတဆင့် မိမိတို့ကို အဓိကထား ပုံသွင်း လေ့ကျင့် ပေးနေခြင်း၏ အကြောင်း အရင်းအမြစ် နောက်ကို ဇာချဲ့ ကောက်ကြောင်း လိုက်မိ ရာမှ တိုင်းပြည် တပြည်လုံး၊ တမျိုးသားလုံး အရေးနှင့် ဆက်စပ်တွေးမိ၊ ဆင်ခြင်မိလာပြန် ၏။

မြန်မာနိုင်ငံသားတို့အထဲမှ အထူးသဖြင့် သင်စ၊ အတုယူစ၊ ကိုယ့်စိတ်ကို ကိုယ်ဆောက်တည် ပုံသွင်းစ (ကျနော်တို့လို ၂၀ ကျော် အသက်) လူငယ်တို့ ဤအရွယ်မှာ ပုံသွင်းကောင်းသည့် အိုးလုပ်ရွံ့မြေ ပမာ ဖြစ်ရာ ကောင်းမွန်မှန်ကန်သော ပုံသွင်းလေ့ကျင့် ပေးခံရခြင်းကို ရရှိခဲ့လျှင် ပြဿနာမရှိ၊ ယခုကား ဤသို့မဟုတ်ပေ...။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...

ယနေ့ စစ်တပ်.... ဘာတွေ ဖြစ်နေသလဲ (၂၂)

“ ဖြန်း..ဖြန်း ”.... နှစ်ချက်ဆင့် ရိုက်လိုက်သော ပါးရိုက်သံသည် တိတ်ဆိတ်နေသော စစ်ဗိုလ် လောင်းတို့အကြား မင်သက်ငေးမော ထိန်လန့်သွားစေ၏။

ကြွက်ကြွက် ညံဆူစကားတွေ ဖေါင်ဖွဲ့နေသည့် အသံတို့စဲသွား၏။ ကျနော်တို့ တန်းစီနေရာ တပ်စခန်း ခြံစည်းရိုးလေး အပြင်ဘက်မှ စောင့်စား ဆူညံနေကြသော ဗိုလ်လောင်းဧည့်တွေ့ မိဘ ညီအကို မောင်နှမများ၏ သဘောကျ လက်ဆုံ စကားပြောသံ တို့သည်လည်း ချက်ချင်းဆိုသလို တိတ်ဆိတ် သွားသည်ဟု ထင်ရ၏။

ဆက်လက်၍လည်း စစ်တက္ကသိုလ်မှ နည်းပြအရာရှိ ဗိုလ်ကြီးတဦး၏ ငှက်ဆိုးထိုးသံပမာ ကြိမ်းမောင်း သံကြီးက အလွန်သာယာလှသည့် ခပ်လှမ်းလှမ်းမှ ပြည်ရွှေဆံတော် ဘုရား၏ ဆွဲလွဲသံ လွင်လွင် လေးများကိုလည်း လှမ်း လွှမ်း၍ ခြုံအုပ်လိုက်တော့၏။

မင်းတို့ ကောင်တွေ နောက်တခါ ဒီလိုအမိန့်မရဘဲ တန်းစီပျက်ကွက်ရင် ဒီထက် ဆိုးမယ်.... ကြားလား.. ဗိုလ်လောင်းတွေ....

ဟုတ်... ဖြေဆိုလိုက်သော ကျနော်တို့ ဗိုလ်လောင်း ၂၀၀ ခန့်၏ အသံက ညီညာမှု မရှိသလို၊ ကျေနပ်မှု မရှိကြောင်းကိုလည်း ထင်ဟပ်သည့် တေးသံ၊ မှတ်သံ၊ ထေ့သံတို့ပါ စွက်နေ၏။

ဟုတ်သည်... ကျနော်တို့၏ ချစ်ခင်ရင်းနှီးလှသော သူငယ်ချင်း ဗိုလ်လောင်းနှစ်ဦးကို ယခုကဲ့သို့ လူပုံအလယ်၊ အရပ်သားတွေအလယ် ခန့်ထယ် မော်ကြွားမှုတွေနှင့် ဟန်လုပ်နေချိန်၊ ကျေးပိုင် ကျွန်ပိုင် ခေတ်မှ၊ ကျွန်ပိုင်ရှင်ကနေ သူ့သက်ဦးဆံပိုင် ငယ်သား ကျွန်တကောင်ကို နိုင်လို မင်းထက် လုပ်၍ ရသည့် ဟန်ဖြင့် သက်သက် အနိုင်ကျင့် နှိပ်စက်ခြင်း ဤပုံစံမျိုးကို ကျနော်တို့ မကြိုက်ကြ....။

သို့ဖြင့် လှောင်ငေါ့သံလိုလို ကြောက်ရွံ့သွား၍ဘဲ.. အသံကောင်းကောင်း မထွက်ကြတော့ သလိုလို.. သလိုလို ယောင်တောင်ပြန် ပုံစံမျိုးများဖြင့် ကျနော်တို့ စိတ်တွင်း မကျေနပ်ချက် တချို့ကို လှစ်အန် ထုတ်လိုက်ကြ၏။

သွား ... ဟိုကောင်... ပြန်ဝင်...

စောစောက ပါးရိုက်ခံလိုက်ရသော ဗိုလ်လောင်းတဦးနှင့် မကြာမီကပင် လက်ထောက်မှောက်၊ ဒိုက်ထိုး၊ ဖားခုန် အပြစ်ပေးခံထားရသော ဗိုလ်လောင်းနှစ်ဦးတို့ ခပ်လျှိုလျှို၊ ခပ်ကုပ်ကုပ်ဖြင့် တန်းစီ မတ်တပ်ရပ် နေကြသော ကျနော်တို့ လူတန်းထဲ ၀င်ရပ်လာကြသည်။

သူတို့မျက်နှာ နှစ်ဦးစလုံးကို မမြင်ရသော်လည်း ကျနော် လှမ်းမြင်နေရသူ ဗိုလ်လောင်း မျိုးနိုင်ကတော့ အံသွားကို တင်းမာစွာ ကြိတ်ထားသည်။ မျက်လုံးအစုံက ရဲတောက် မာထန်၊ စူးရှ လက်မြ နေ၏။ ဟုတ်ပေသည်…...သူရင်ထဲ နာကျင်မှု ပြင်းပြစွာ၊ အားနာမှု လွှမ်းစွာ ရှက်စိတ် သည်းစွာ ပေါ်နေရှာ မည်ကိုး ...။

မလှမ်းမကမ်း သူ့အနောက်နားက ခြံစည်းရိုး ၀ါးလုံးတိုင်နောက်မှ ငေးမော ကြည့်နေကြသော မိဘ ဆွေမျိုးများ အထဲတွင် သူ့အမေနှင့် သူ့ညီအကို မောင်နှမများ၊ သူငယ်ချင်းများ ရှိသည်။ ယခု သူတို့ ရှေ့တွင် တန်းစီကွင်း အရောက် မိနစ်ပိုင်းမျှ နောက်ကျမိခြင်းကြောင့် ရရှိလိုက်ရသော ပြစ်ဒဏ်မှာ.. ယခုလို လူပုံအလယ် ပါးရိုက် ခံလိုက်ရခြင်းပင်၊ ကျနော်တို့ မြန်မာတိုင်းရင်းသား အားလုံးသည် ပါးရိုက်ခြင်း ဟူသည်ကို အင်မတန် စပ်ဆုပ်ရွံရှာ ယုံမက ပါးရိုက် ခံရမည်ကိုလည်း သေမလောက် ကြောက်တတ်ကြသည်။

ယခုတော့ သူ.... သူ့မေမေရှေ့ သူ့သူငယ်ချင်းတွေ ရှေ့.. လူပုံလယ်တွေရှေ့မှာ မြတ်နိုးစွာသော ရွှေပါး တဖြန်းဖြန်း မည်အောင် အရိုက်ခံလိုက်ရပေပြီ။

စစ်အာဏာရှင်စနစ်၏ အခြေခံ အဖွဲ့အစည်းဖြစ်သော စစ်တပ်တွင်းမှ စစ်အရာရှိ လောင်းများကို စစ်တက္ကသိုလ်မှ မွေးထုတ်သင်ကြား လေ့ကျင့်ပေးနေခြင်းမှ သင်တန်းသားတို့ လက်တွေ့ဘ၀ အခြေ အနေများ ဆိုသည်ကို ကျနော် တင်ပြခဲ့ပြီး ဖြစ်၏။

ယခု ကျနော်တို့ စစ်တက္ကသိုလ် ဗိုလ်လောင်းများသည် လေ့လာရေး ခရီးစဉ်အဖြစ် ပြည်မြို့ရှိ ရွှေဆံတော် ဘုရားအနီး တပ်ဝင်းတခုတွင် ညအိပ်ရန် ရောက်ရှိ ရပ်နားစဉ် ရက်စွဲများအကြောင်း ဖြစ်၏။ မအိပ်မှီ ထိုညနေ၏ နေရောင်ကွယ်လုချိန် ဖြစ်ပျက်နေသော မြင်ကွင်းတချို့ကို ကျနော် ပြောပြခြင်း ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့် ပြည်မြို့သည် ပန်းမြို့တော်၊ နှင်းမြို့တော်၊ တောင်လှေခါး၊ ပြင်ဦးလွင် မြို့တော် စသော ခြောက်မည်ရ (ယခု စစ်တပ်မြို့တော်ဟု တခုထပ်တိုးလိုက်၏) မေမြို့ထက်စာလျှင် ခရီး မိုင်အရ သိပ်မကွာဝေးလှသော မြို့တမြို့ဖြစ်၏။ ပြင်ဦးလွင် (မေမြို့)ကဲ့သို့ တောင်ပေါ်ရှမ်းမြို့တွင် နှစ်ရှည်လများ ခွဲခွာကာ စစ်သင်တန်း တက်နေသူ သားတော်မောင် ရင်နှစ်သည်းချာ တို့ကို အထွေထွေ အခြေအနေအရ မေမြို့ထိ လိုက်မတွေ့နိုင်သော ဗိုလ်လောင်းမိဘများ၊ သူငယ်ချင်းများ၊ ချစ်သူများ မိတ်ဆွေများသည် ရန်ကုန်မှ ယခုကျနော်တို့ ရောက်ရှိနေရာ ပြည်မြို့သို့ လာရောက်၍ တွေ့ဆုံ နှုတ်ဆက်ကြ၏။ လိုအပ်သော အထောက်အကူ ငွေကြေး၊ စားသောက်စရာ အခြောက် အခြမ်း၊ အကြော်အလှော်၊ နွေးထွေးမှု မေတ္တာတို့ လာပို့ပေးကြ၏။

ပင်ပန်းလှသော စစ်တက္ကသိုလ်တွင်း စာပေသင်ကြားမှုများ၊ စစ်သင်ခန်းစာများဖြင့် လုံးလည် ချာလည် လိုက်နေခဲ့သော ကျနော်တို့သည် ဤသို့သော လေ့လာရေး (ကျနော်တို့အခေါ် အိပ်၊ စား၊ ကားစီး ... အိပ်စ်ကားစင်း) ခရီးစဉ်ကို ပြင်းပြသော စိတ်ဆန္ဒတို့ဖြင့် စောင့်မျှော် တမ်းတခဲ့ကြသူချည်း ဖြစ်ပါသည်။

ပြင်ပ လူ့လောကနှင့် အဆက်ဖြတ်ခံထားရသော ကျောင်းတော်သားဘ၀မှ ပြင်ပလူနေမှု စနစ် အရပ်သားများ အကြားသို့ စစ်ယူနီဖောင်း အဆောင်အယောင် အဆင့်တဆိပ်ကိုယ်စီ ဖနှောင့်၊ သံဆူး၊ နွားရေကူးသလို ထောက်ကြွ၊ မော့တော့ ကြော့ကြော့ ပျော်ကြမည်ဟု တေးမှတ်ထားခဲ့သော ဤရက်မျိုးတွင်းတွင် ထိုသို့ဖြစ်ပွားခြင်းသည် ဘာနှင့်တူသနည်းဆိုလျှင် မင်္ဂလာဆောင် မောင်နှံအသစ် စက်စက်အား ပျားရည်ဆမ်းမျှ မထွက်ရသေးခင် အသုဘ တလားအခေါင်း လက်ဖွဲ့ လာပေးသလိုပင် ဖြစ်၏။

ကျနော်တို့ ဗိုလ်လောင်း တပတ်စဉ်လုံးသည် ပြည်မြို့နှင့် ၀န်းကျင်ရှိ မကွေး၊ ရေနံချောင်း၊ ချောက်၊ မင်းလှ၊ ညောင်ခြေထောက်၊ ထုံးဘုံ စသောဒေသများရှိ စစ်တပ်၏ အရေးကြီး စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံများ၊ ရှေးဟောင်းခံတပ်များ၊ ရေနံချက် စက်ရုံအလုပ်ရုံများကို လှည့်လည် ကြည့်ရှုလေ့လာရင်း ယခုပြည်မြို့တွင် ခေတ္တရပ်နား အိပ်စက်ခြင်းဖြစ်၏။

နှစ်ရက်မျှ၏ ညနေပိုင်း ခဏာတာသာ တွေ့ခွင့်ရနိုင်သည် ဖြစ်သော်လည်း နှစ်နှင့်ချီ၍ ခွဲခွာကြရသော မိဘ ဆွေမျိုး မိတ်ဆွေများ အနေဖြင့် ဤနှစ်ရက်မျှမှ နာရီပိုင်း အချိန်တို့သည် လွန်စွာ တန်ဖိုးရှိသော အချိန်များ ဖြစ်ပေသည်။ အချို့ ဗိုလ်လောင်းတို့၏ မိဘများ၊ လာရောက် တွေ့ဆုံကြသော်လည်း ငါးပိ၊ ငါးခြောက် အရောင်းဆိုင်ငယ်လေးဖြင့် ရောင်းချ အသက်မွေး နေရသူ ကျနော့် မိဘတို့ကတော့ လာချင်ပါတယ် သားရယ်ဟုသာ ပြောနိုင်၏။ သူတို့တွင် အချိန်ပိုလည်း မရှိ၊ လမ်းစားရိတ် အပိုလည်း မသုံးနိုင်.. ၎င်းကို ကျနော်သိ၏။ ထို့ကြောင့် မမျှော်..............။

ပုဇွန်တောင် သံလျှက်စွန်းမှ မွေးဖွားကြီးပြင်းလာသူ ကျနော် သူငယ်ချင်း မျိုးနိုင်အတွက် ပြင်းပြသော စိတ်မကောင်းခြင်း ခံစားရ၏။

ဂျပန်ခေတ် စစ်တက္ကသိုလ်လို စည်းကမ်း စိတ်ဓာတ်၊ ခံယူချက် လေ့ကျင့် ပေးခြင်းမျိုးရှိ၏ဟု လူပုံ အလယ် ကြွားဝါချင်ယုံဖြင့်၊ ဤသို့ လူပုံအလယ် အရှက်ခွဲ အနိုင်ကျင့် ခြင်းမျိုး မလုပ်သင့်ဟု ကျနော် ယုံကြည်သည်။ စည်းကမ်း စိတ်ဓာတ် အရာတွင် စံနမူနာပြနိုင်သည့် စစ်သင်တန်းသား ဖြစ်စေလိုသော လေ့ကျင့် သင်ကြားပေးခြင်းမျိုး ကျနော်တို့ကို ရရှိစေလိုလျှင် နည်းပြလုပ်သူတို့ ကိုယ်တိုင် စံနမူနာပြ နေထိုင် ကျင့်ကြံပြခြင်းဖြင့် ကျနော်တို့ အတုယူ လေ့ကျင့်မည် မုချဖြစ်၏။

ယခု ဗိုလ်လောင်း မျိုးနိုင်အား အနိုင်ကျင့် ပါးရိုက်လိုက်သော စစ်ဗိုလ်ကြီးသည် ဗိုလ်လောင်း သင်တန်းသားတို့၏ ချဉ်ခြင်း (ချစ်ခြင်း မဟုတ်)၊ စက်ဆုပ် ရွံရှာခြင်းကို ရာနှုန်းပြည့် ပိုင်ဆိုင်ထားသူ ငပဲ့ကြီး ဖြစ်၏။ စစ်တက္ကသိုလ်တွင် အကျင့်တန်သူ၊ ကောက်ကျစ်သူ၊ ယုတ်မာသူ၊ အာဏာပြ အနိုင်ကျင့်တတ်သူ၊ လူမုန်းများသူတို့ကို ငပဲ့ဟု ခေါ်၏။ ထိုသူသည် ငပဲ့ အရာရှိ ဖြစ်၏။ သူ၏ နေပုံ ထိုင်ပုံ၊ ပြုမူပုံတို့မှာ အရာရှိကောင်း တဦး၏ အသွင်မူဟန်တို့နှင့် လားလားမျှ မဆိုင်၊ သင်တန်းသား ဗိုလ်လောင်းတို့အား ကျားချောင်းချောင်း၍ အမြဲလိုလို ဒုက္ခပေး အနိုင်ကျင့်ရန်သာ တာဝန်ယူထားသူ ကိုယ်ကျင့်စာရိတ္တ စံနှုန်း၊ အင်မတန် နိမ့်ကျသူ စစ်ဗိုလ်တဦးအဖြစ် ကျနော်တို့ စိတ်တွင်း လက်ခံ ထား၏။

ယခု ထိုငပဲ့က လူပုံအလယ် ခန့်ထယ်စွာ ပါးရိုက်တော်မူ ပြလိုက်ခြင်းသည် နောင်တခေတ်၏ ခေါင်းဆောင် ဖြစ်လာမည့် လူငယ် မျိုးဆက်သစ်တို့အား စည်းကမ်း၊ စိတ်ဓာတ်၊ ခံယူချက်၊ အတွေး အခေါ်နေရာတွင် ကောင်းမွန်သည့် ဦးတည်ချက်ဖြင့် သွန်သင်ပြသ ဆိုဆုံးမရာ ရောက်ခဲ့သည်ဟု မထင်...

ငါပြောသလိုလုပ်.. ငါလုပ်သလို မလုပ်နဲ့ဟူသည့် ဒီကနေ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှု စနစ်ကို ထင်ဟပ်ပုံဖေါ်၊ ရိုက်သွင်း မောင်းနှင် လေ့ကျင့်ပေးလိုက်သလို ဖြစ်သည်ဟုသာ ထင်မိ၏။ အထက်အရာရှိ ခေါင်းဆောင်ဟူသည် ကိုယ်တိုင် စံနမူနာပြ နေစရာမလို၊ ရာထူး အာဏာရှိသရွေ့ လက်အောက်ငယ်သား တို့ကို အနိုင်ကျင့်ဖိစီး နှိပ်စက်ခွင့်ရှိသည့် အာဏာပိုင်သာ သူသာဖြစ်သည်ဟု ပုံသွင်း လေ့ကျင့်ပေးရာ မရောက်ပေဘူးလား ...။ ကျနော်တွေးမိသော ဖြစ်ရပ်တချို့မှ ဆက်စပ် တွေးမိသမျှကို ယခုအပတ်အတွက် တင်ပြပေးလိုက်ပါ၏။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

PDF ဖိုင်ဖြင့်ဖတ်လိုပါက ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ

Read More...