Friday, September 5, 2008

ဂမ္ဘာရီဆုိတဲ့ ဂန္ဘလား

ဆောင်းပါးရှင် - ဆရာဂါမဏိ

မြန်မာနိုင်ငံပြဿနာကို ဝင်ရောက်ကူညီဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကုလအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယား နိုင်ငံသား အီဘရာဟင်ဂမ်ဘာရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံသမိုင်းမှာ အကြမ်းကြုတ် အရက်စက်ဆုံးနဲ့ ခြအစားဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ္ဘာရီ ဘာလုပ္ခဲ့သလဲ။

အဲဒီ ကာလတေလွ်ာက္လံုးမွာ ဂမ္ဘာရီဟာ အဘာခ်ာ စစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ အဘာချာ စစ်အုပ်စုရဲ့ လူသတ်ဝါဒတွေကို နိုင်ငံတကာ မျက်နှာစာမှာ ပညာသားပါပါနဲ့ ကျွမ်းကျင်ပါးနပ်စွာ ကာကွယ်ပေးခဲ့တယ်။ အင်မတန့်ကို တက်တက်ကြွကြွ စိတ်အား ထက်ထက်သန်သန်နဲ့ စိတ်ပါ လက်ပါ ကိုယ်စားပြု ပေးခဲ့တာဖြစ်တယ်။ အထက်ကခိုင်းလို့ တာဝန်အရ ဝတ်ကျေတန်းကျေ လုပ်ရတာ မဟုတ်ခဲ့ပါဘူး။ “နိုင်ဂျီးရီးယားလူမျိုးတွေ လိုအပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ စားလို့မှ မရတာ။ အခုအချိန်မှာ ဒီမိုကရေစီက ဦးစားပေး မဟုတ်ဘူး” လို့ ဂမ်ဘာရီ အဲဒီတုံးက ပြောခဲ့ပါသေးတယ်။

အဘာချာ အစိုးရအပေါ် တကမ္ဘာလုံးကနေ ဖိအားတွေ တိုးလာတဲ့အခါ ဂမ်ဘာရီဟာ အဘာချာအာဏာရှင် စနစ်ကို ကာကွယ်ပေးရာမှာနဲ့ ဖိအားကို လမ်းလွှဲပေးရာမှာ ပိုနာမည်ဆိုး၊ ပိုပြင်းထန်လာခဲ့တယ်။ ၁၉၉၅ ခု နိုဝင်ဘာလ မှာ နာမည်ကျော် စာရေးဆရာလည်းဖြစ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားလည်း ဖြစ်တဲ့ အိုဂိုနီ တိုင်းရင်းသား လူထုခေါင်းဆောင် ကင်ဆာရိုဝီဝါ ကို မတရား အမှုဆင်ဖမ်းပြီး သေဒဏ်ပေးလိုက်လို့ တကမ္ဘာလုံးက ကန့်ကွက် ရှုတ်ချတဲ့အခါ ဂမ်ဘာရီက ကင်ဆာရိုဟာ “သာမန်ရာဇဝတ်သား” တယောက်သာ ဖြစ်တယ်၊ လူသတ်သမားဖြစ် တယ်လို့ စီအဲန်အဲန်ရုပ်သံအ စီအစဉ်တခုမှာ သမုတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာ တော့ ဒီလို မပြောခဲ့ရပါဘူးလို့ ဖြေရှင်းခဲ့တယ်။) ကင်ဆာရိုတို့ (၉)ယောက်ကို ဥပဒေနည်းလမ်းတကျ တရားရုံးတင် စစ်ဆေးခဲ့တာ ဖြစ်ကြောင်း၊ ရှေ့နေကောင်းကောင်းနဲ့ ခုခံ ကာကွယ်လျှောက်လဲခွင့် ရခဲ့ကြောင်း ဂမ်ဘာရီက ပြောပါတယ်။ ဒါပေမဲ့ အပြင်တရားရုံးမှာ အမှုမစစ်ဘဲ အထူးခုံရုံးမှာစစ်တာ၊ အမှုစစ်ပုံကို ကန့်ကွက်တဲ့အနေနဲ့ ရှေ့နေအားလုံးနီးနီး နုတ်ထွက်သွားတာ၊ တရားလိုပြ သက်သေတွေကို စစ်အစိုးရက ငွေပေးပြီး သက်သေထွက်ခိုင်းတာ၊ အယူခံခွင့်မရတာတွေကိုတော့ ထည့်မပြောပါဘူး။

ကင်ဆာရိုနဲ့ အိုဂိုနီ တိုင်းရင်းသားခေါင်းဆောင် (၈)ဦး သေဒဏ်ပေးမှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံတွေကို သွားပြီး သေဒဏ်ကိစ္စ လက်ခံဖို့ စည်းရုံးနားချတာရော ရေနံ လက်နက်အားကိုးနဲ့ အကြပ်ကိုင်တာရော လုပ်ခဲ့တဲ့ အဓိက နိုင်ဂျီးရီးယားသံတမန် (၂) ယောက်က နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ဂမ်ဘာရီနဲ့ နိုင်ငံခြားရေး ဝန်ကြီး တွမ်အစ်ကီမီ တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နိုင်ငံတချို့ကို နားချလို့မရခဲ့ပေမဲ့ တချို့နိုင်ငံတွေကိုတော့ ပါးစပ်ပိတ်သွားအောင် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂမ်ဘာရီဟာ နိုင်ဂျီးရီးယား ဘဏ္ဍာရေးဌာနကို ပိုင်တယ်၊ သူ့မှာ အဘာချာ စစ်အုပ်စုကို ကာကွယ်ပေးရာမှာ ဘာမဆို လုပ်နိုင်ဖို့ အကန့်အသတ်မဲ့ ရင်းမြစ်တွေရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

၁၉၉၈ ခုမှာ အာဏာရှင် အဘာချာတယောက် ပြည့်တန်ဆာ (၂)ယောက်နဲ့ ပျော်ပါးနေရင်း ဗိုင်ယာဂရာ (ကာမအားဆေး) ဆေးလွန်လို့ သေသွားပြီးနောက် ဒီမိုကရေစီ တစုံတရာပေါ်လာပြီး၊ အဘာချာရဲ့ မိုက်ဖော်ဆိုးဖက် တွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာ ဂမ်ဘာရီ လွတ်နေခဲ့ပါတယ်။ ရှင်းလင်းဖြေကြား တာတွေ မလုပ်ခဲ့ရပါဘူး။ အရှက်ခွဲ ရှုတ်ချခံရမယ့်အစား ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်က ခေါ်ယူ သူကောင်းပြုပေးပြီး လက်ထောက် အတွင်းရေးမှူးချုပ်တောင် ဖြစ်လာပါတယ်။

တကယ်တော့ ကိုဖီအာနန့်သား ကိုဂျိုအာနန် ဟာ အဘာချာ စစ်အစိုးရနဲ့ပေါင်းပြီး နိုင်ဂျီးရီးယား ရေနံလုပ်ငန်းထဲ ပတ်သက်နေလို့ ကိုဖီအာနန် ကိုယ်တိုင်က နိုင်ဂျီးရီးယားမှာ ဒီမိုကရေစီ ရှိမရှိကို စိတ်မဝင်စားခဲ့ပါဘူး။ နိုင်ဂျီးရီးယား နိုင်ငံမြို့တော် လေးဂို့စ်မှာ ကိုဂျိုအာနန်ရဲ့ ဧရာမ ဇိမ်ခံတိုက်အိမ်ကြီး အထင်အရှားရှိပါတယ်။ ကိုဂျိုအာနန်နဲ့ အဘာချာ နဲ့ ရေနံလုပ်ငန်းတွေကြားမှာ အဓိက ဂျိတ်ဆက်က ဂမ်ဘာရီဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။ (ကိုဖီ အာနန့်သားဟာ နောက်ပိုင်းမှာလည်း ဆဒ္ဒမ်ဟူစိန်လက်ထက် အီရတ်ကို ပိတ်ဆို့ အရေးယူထားချိန်မှာ ကုလရဲ့ ပိတ်ဆို့ရေး ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး အကြံအဖန်နည်းနဲ့ အောက် လမ်းကဝင် စီးပွားရေး သောင်းကျန်းခဲ့ပါ သေးတယ်။)

အဘာချာ သေပြီးနောက်မှာ ကိုဖီအာနန်က နိုင်ဂျီးရီးယားကိုသွားပြီး ၁၉၉၃ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ (အဘာချာအာဏာသိမ်းလို့ သမတ မဖြစ်လိုက်ရတဲ့) အာဘီယိုလာကို ၉၃ ရွေးကောက်ပွဲ မင်းဒိတ် စွန့်လွှတ်ဖို့ ဖြောင်းဖြခဲ့ရာမှာလည်း ဂမ်ဘာရီက ကိုဖီအာနန်ကို အရင်မိတ်ဆက် သဘောထားချပေး ခဲ့တာဖြစ်ပါတယ်။ အာဘီယိုလာ ခမျာ အဘာချာ သေပေမဲ့ သမ္မတ မဖြစ်လိုက်ဘဲ ထောင်ထဲမှာဘဲ သေသွား ခဲ့ပါတယ်။

ဒါတွေကြောင့်လည်း ၂ဝဝ၈ ခုထဲမှာ ဂမ်ဘာရီကို နိုင်ဂျာမြစ်ဝကျွန်းပေါ် ထိပ်သီးအစည်းအဝေးရဲ့ ပဲ့ကိုင် ကော်မတီ ဥက္ကဌအဖြစ် ခန့်ဖို့ကို နိုင်ဂျီးရီးယား ပြည်သူတွေက အပြင်းအထန် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝဝ၅ တုံးက လည်း အမေရိကန်နိုင်ငံ နယူးယောက် တက္ကသိုလ် မက်ဒ်ဂါအဲဗားစ်ကောလိပ် အာဏာပိုင်တွေက ဂမ်ဘာရီကို လာဟောပြော ပို့ချပေးဖို့ ဖိတ်ခဲ့တဲ့အခါ နယူးယောက်မှာရှိတဲ့ ပြည်ပရောက်နိုင်ဂျီးရီးယား အသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ ပါသေးတယ်။ အထူးသဖြင့် ဂမ်ဘာရီလို စစ်အာဏာရှင်ဒေါက်တိုင်က လူမှု အခွင့်အရေးအကြောင်း ပို့ချမှာဟာ ဘုန်းကြီးနဲ့ ဘီးလို ဖြစ်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဘာချာလက်ထက်မှာ ဂမ်ဘာရီဟာ သတင်းစာ တိုက်တွေ၊ စာအုပ်တိုက်တွေ ပိတ်ပစ်တာကို ဆင်ခြေပေး ကာကွယ်ပေးခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အလုပ်သမား အခွင့်အရေး၊ ကျောင်းသား အခွင့်အရေးတို့ကို ပိတ်ပင်တဲ့ အမိန့်တွေ၊ ဥပဒေတွေ ထုတ်ပြန်တာကိုလည်း ရပ်ခံ ကာကွယ် လျှောက်လဲပေးခဲ့သူ ဖြစ်ပါတယ်။

ပုဆိန်က မေ့နိုင်ပေမဲ့ သစ်ပင်က ဘယ်တော့မှမမေ့ဘူး လို့ နိုင်ဂျီးရီးယား ပြည်သူတွေက ဆိုပါတယ်။ ကင်ဆာရိုဝီဝါ ဆိုတဲ့နာမည်ဟာ ဂမ်ဘာရီရဲ့ တသက်တာကို ထာဝစဉ် ခြောက်လှန့်နေလိမ့်မယ်၊ ဂမ်ဘာရီရဲ့ သွေးစွန်း ထားတဲ့သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ နိုင်ဂျီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောထားပါတယ်။

အဲဒီဂမ်ဘာရီဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်အဖြစ် ၂ဝဝ၈ သြဂုတ်လ (၂ဝ)ရက်တုံးက ရန်ကုန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုခေါင်းဆောင်တွေနဲ့ တွေ့တော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်တရား မျှတအောင် လုပ်မယ်ဆိုပြီး နအဖ အခြေခံဥပဒေ၊ နအဖဆန္ဒခံယူပွဲ၊ နအဖလမ်းပြ မြေပုံတွေကို အသိအမှတ်ပြုတဲ့ ဘက်ကနေ ရူးကြောင် မူးကြောင်နဲ့ပြောခဲ့တာ ဘာများဆန်းပါသလဲ။ နအဖက ဂမ်ဘာရီကို ပျော်ရွှင်အောင် လုပ်ပေးတာလား၊ ပျော့ကွက်ကို ကိုင်ထားလားမသိ၊ နံမည်ကြီး မင်းသမီး အကယ်ဒမီ တယောက်နဲ့ ဧည့်ဝတ်ကျေပွန် ကိုယ်ဖိရင်ဖိ စောင်မကြည့်ရှု ခိုင်းတယ်လို့ ကြားသိရပါတယ်။ သူ့ဆရာ ဘန်ကီမွန်း ကိုယ်တိုင်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး ကိစ္စသက်သက်အတွက် ဗမာပြည်ကို လာတယ်ဆိုပြီး သန်းရွှေနဲ့ တွေ့တဲ့အခါ မျက်နှာချိုသွေးလေးနဲ့ လမ်းပြမြေပုံကို အမြန်ဆုံးပြီးမြောက် အောင်မြင်သွားအောင် လုပ်ဖို့ ခယဝယ လုပ်ခဲ့သေးတယ် မဟုတ်ပါလား။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာနဲ့ တီဗွီမှာပါဖို့ ဓာတ်ပုံအရိုက်ခံရရုံ၊ ဝါဒဖြန့် ခံရရုံသက်သက် အတွက် ဂမ်ဘာရီနဲ့ တွေ့ဆုံရတာကို သပိတ်မှောက်တာဟာ လုံးဝမှန်ကန်ပါတယ်။ ဒေါ်စုကိုယ်တိုင်က ဒီလို ရှင်းရှင်း ပြတ်ပြတ် သဘောထားပေးနေမှတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း အခုလိုကွဲလွယ် မှောက်လွယ်တဲ့ ဂမ်ဘလားတွေ၊ လင်ဘန်းတွေကို အားကိုးမနေဘဲ ကိုယ့်လူထု၊ ကိုယ့်တပ်မတော် အောက်ခြေ တပ်မှူးတပ်သားတွေ စွမ်းအားနဲ့သာ စစ်အာဏာရှင် စနစ်ကို မြန်မာ့မြေကနေ အပြီးအပိုင် တိုက်ထုတ်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

Ref: ဖိုးတရုတ်

Read More...

Thursday, September 4, 2008

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ စစ်ရေးနည်းလမ်းဖြင့် သင့် မသင့် ဆွေးနွေးခန်း

ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေကို လေးစား ဂုဏ်ယူမိပါတယ်။ ကျွန်တော်လည်း တဖက်တလမ်းမှ ပါဝင် အကြုံပြုလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆွေးနွေးပွဲ အစီအစဉ်ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော့်ဘာလောဂ်ကို ဆောင်းပါးရေးသား ချီးမြှင့်နေကြတဲ့ ဆောင်းပါးရှင် ဗိုလ်ထက်မင်းနဲ့ ဆရာ ဂါမဏိတို့ကို ဆွေးနွေးရန် ဖိတ်ခေါ် ခဲ့ပါတယ်။ နိုင်ငံတကာမှ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်မူဝါဒတွေနဲ့ ပြည်သူလူထု ဘက်က မေးနိုင်တဲ့ မေးခွန်းတွေကို စီစစ်ရွေးချယ်ပြီး သူတို့ ကို ဆွေးနွေး ပြန်ကြားစေခဲ့ပါတယ်။ သူတို့ရဲ့ အမြင်တွေကို ကွက်ကွက်ကွင်းကွင်း ဖြေကြားကူညီပံ့ပိုးပေးတဲ့ အတွက် ဆောင်းပါးရှင် ဗိုလ်ထက်မင်းနဲ့ ဆရာ ဂါမဏိတို့အား ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ် ပါတယ်။ စာဖတ်သူတွေ အနေနဲ့လည်း အပြုသဘောဆောင်ပြီး မိမိတို့ရဲ့ ဆန္ဒသဘောထားတွေ ကို ဒီမိုကရေစီ အနှစ်သာရရှိရှိ တင်ပြပေးနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်။ အခု ဆရာ ဂါမဏိရဲ့ ဆွေးနွေးပြန်ကြားချက်ကို စာဖတ်သူများအား တင်ပြပေးလိုက်ပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၁)။ ။ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်တဲ့ နည်း လမ်းနဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာနိုင် တဲ့အလားအလာ မရှိတော့ဘူးလားခင်ဗျား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ မြန်မာနိုင်ငံမှာ လုံးဝငြိမ်းချမ်းစွာနဲ့ ပြောင်းလဲလာနိုင်မယ့် အလား အလာဟာ မေလ ဆန္ဒခံယူပွဲ ပြီးတဲ့နောက်မှာ ၁ ရာခိုင်နှုန်းလောက်ဘဲ ရှိပါတော့တယ်။ ရွှေဝါရောင် တော်လှန်ရေးပြီးစမှာ နအဖက ဆက်ဆံရေးဝန်ကြီး ခန့်လိုက်တော့ အလားအလာဟာ ၃၀ ရာခိုင်နှုန်းလောက်ထိ တက်လာပါ သေးတယ်။ ဒါပေမဲ့ ၈၈ ခု အာဏာသိမ်းပြီးကတည်း က တလျှောက်လုံးမှာ ငြိမ်းချမ်းစွာပြောင်းလဲနိုင်မယ့် အလားအလာဟာ တခါမှ ၅၀ ရာခိုင်နှုန်း မကျော်ခဲ့ပါဘူး။

ကိုဖိုးတရုတ်ရဲ့ဆွေးနွေးမေးမြန်းချက်(၂)။ ။ဒီမိုကရေစီ ရရှိဖို့ စစ်ရေးနည်းလမ်းနဲ့ မြန်မာနိုင်ငံမှာ သုံးသင့်ပါသလား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ နအဖ စစ်အုပ်စုဟာ လက်နက်ကိုသာ ယုံကြည်အားကိုးသူ၊ လက်နက်အင်အား ကိုသာ ကိုးကွယ်သူဖြစ်တယ်၊ တခြားဘာတန်ဖိုးစံတွေကိုမှ ကိုးကွယ်ယုံကြည်သူ မဟုတ်ဘူးဆိုတာ ရွှေဝါရောင် တုံးက သံဃာတွေကို သတ်ပြခြင်း အားဖြင့် သက်သေပြခဲ့ပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်ကာလက ဂျာမဏီ၊ အီတလီ၊ ဂျပန် ဖက်ဆစ်နိုင်ငံတွေကို စစ်ရေးနည်းလမ်းနဲ့သာ ပြောင်းလဲစေနိုင်ခဲ့သလို နအဖအပေါ်လည်း စစ်ရေးနည်းလမ်းဘဲ ကျင့်သုံးမှ ရမှာဖြစ်ပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၃)။ ။ စစ်ရေးနည်းလမ်းသုံးရင် နိုင်ငံတကာအများစုက မလိုလားတဲ့ အကြမ်းဖက်ဝါဒနဲ့ ပတ်သက်ခြင်း မရှိဘူးလားခင်ဗျား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ စစ်ရေးနည်းလမ်းဟာ တဖက်ရန်သူရဲ့ စစ်တပ်အင်အားတွေကို ချေမှုန်းဖို့ သို့မဟုတ် မလှုပ်မယှက်ဖြစ်သွားစေဖို့ ရည်ရွယ်တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအားလုံးက ကိုင်စွဲကျင့်သုံးတဲ့နည်းလမ်း ဖြစ်တယ်။ စစ်တပ်မရှိတဲ့နိုင်ငံ ကမ္ဘာမှာ မရှိပါဘူး။ အကြမ်းဖက်ဝါဒကတော့ ကမ္ဘာပေါ်မှာ အစွန်းရောက် အင်အားစုအနည်းငယ်ကဘဲ ကျင့်သုံးတဲ့နည်းလမ်း ဖြစ်ပြီး လက်နက်မဲ့အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက် တာဖြစ်ပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၄)။ ။ စစ်ရေးနည်းဗျူဟာအရဆိုရင် ယေဘူယျ ဘယ်လို အကောင်အထည် ဖော်သင့်ပါသလဲ။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ စစ်ရေးနည်းလမ်းဆိုတာ နှစ်မျိုးရှိပါတယ်။ ကိုယ့်ဘက်က တော်လှန်ရေးတပ် အင်အားတွေ ကြီးထွားအားကောင်း အောင်လုပ်ပြီး ရန်သူတပ်တွေကို တိုက်ခိုက်အနိုင်ယူတာက တနည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ (၁၇၇၆ ခု)၊ အဇ္ဇရေး (၁၉၄၈)၊ တရုတ် (၁၉၄၉)၊ ဗီယက်နမ် (၁၉၇၅)၊ ရဝမ်ဒါ (၁၉၉၄)၊ ဘော့စ်နီးယား-ဟာဇီဂိုးဗီးနား (၁၉၉၅)၊ အရှေ့တီမော (၁၉၉၉) တို့မှာ အဲသလိုလုပ်ခဲ့ပါတယ်။ နောက်တနည်းကတော့ အာဏာရှင်တပ်တွေကို ဒီမိုကရေစီ ပြည်သူတွေဘက် ကူးပြောင်းလာစေပြီး အာဏာရှင်ဘက် သေနတ်ပြောင်း ပြန်လှည့်စေတဲ့နည်းဖြစ်ပါတယ်။ ဖိလစ်ပိုင် (၁၉၈၆)၊ ရုရှား (၁၉၉၁)၊ ဂျော်ဂျီယာ (၂၀၀၃)၊ ယူကရိန်း (၂၀၀၄)၊ ဆားဘီးယား (၂၀၀၀) တို့မှာတော့ အာဏာရှင့် လက်အောက်က တပ်မတော်သားတွေကို ဒီမိုကရေစီအင်အားစုတွေက စည်းရုံးနိုင်ခဲ့လို့ အာဏာရှင်ရဲ့ပစ်မိန့်ကို မနာခံတော့ဘဲ ပြည်သူတွေဘက် ပူးပေါင်းလိုက်ခြင်းဖြင့် ဒီမိုကရေစီပေါ်ထွန်းခဲ့ပါတယ်။ ငြိမ်းချမ်းစွာ အကြမ်းမဖက်တိုက်ပွဲရဲ့ နောက်ကွယ်မှာ ဘက်ပြောင်းသွားတဲ့ သေနတ်တွေ မရှိရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၅)။ ။ တပ်မတော်က ပြည်သူ့ဘက်ကို ပါလာနိုင်ဖို့ အလားအလာ ရှိရဲ့လား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ မြန်မာနိုင်ငံမှာ တပ်မတော်က ပြည်သူ့ဘက် ပါဝင်နိုင်ဖို့အလားအလာ ၆၀ ရာခိုင်နှုန်းရှိပါတယ်။ ၉၀ ရွေးကောက်ပွဲ မှာ မဲပေးခဲ့ပုံကြည့်ရင် အထင်အရှားတွေ့နိုင်ပါတယ်။ ၁၈ နှစ်ကြာပြီး အခုအချိန်မှာလည်း အဲဒီတုံးကထက် မလျော့ဘူး ဆိုတာ တပ်ထဲကသတင်းတွေ ရပါတယ်။ ဒါပေမဲ့ ကျန်နေတဲ့ အလားအလာ ၄၀ ရာခိုင်နှုန်းအတွက် ဒီမိုကရေစီအင်အား စုတွေ၊ ပြည်သူတွေက (အောက်ခြေနဲ့ အလယ် အလတ်ဆင့်)တပ်မတော်ကို စိတ်အားထက်ထက်သန်သန်နဲ့ တာဝန်ယူမှုရှိရှိ အထူးစူးစိုက် သားချင်းဖွဲ့ နွေးထွေး စည်းရုံးတာ မလုပ်သရွေ့တော့ လူထုတိုက်ပွဲတွေ ဘယ်လောက်လုပ်လုပ် ဘာမှထူးလာမှာမဟုတ်ဘဲ ပြည်သူ တွေ ထပ်သေတာဘဲ အဖတ်တင်ပါလိမ့်မယ်။

Source byဖိုးတရုပ်


Read More...

Friday, August 29, 2008

ဗိုလ်မှူးအောင်လင်းထွဋ်မှ ထိုင်းဝန်ကြီးချုပ်ထံ ပေးစာ



Read More...

ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဘယ်သူလဲ

Read More...

ဗိုလ်အောင်ဆန်းနှင့် တပ်မတော်သမိုင်း

Read More...

Tuesday, August 19, 2008

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ အပိုင်း (၁)


ဆက်လက်ကြည့်ရှုရန် အပိုင်း (၂), (၃), (၄), (၅),

Read More...

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ၏ သင်တန်းသား အမည်စာရင်းများ

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၁) သင်တန်းသား အမည်စာရင်း

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၂) သင်တန်းသား အမည်စာရင်း

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၃) သင်တန်းသား အမည်စာရင်း
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၄) သင်တန်းသား အမည်စာရင်း


ခေတ်ပြိုင်မှ ကူးယူဖေါ်ပြပါသည်

Read More...

Wednesday, August 13, 2008

ယနေ့ စစ်တပ်...... ဘာတွေဖြစ်နေသလဲ (၃၉)

တတိယနှစ် ဗိုလ်လောင်းဘ၀တွင်လည်း အပတ်စဉ်အလိုက် အားကစား ပြိုင်ပွဲအတွက် ကိုယ့်ဖာသာ လေ့ကျင့်ရပါသည်။ (ရေကူးပြိုင်ပွဲ) စာပေ၊ စစ်ပညာမှာလည်း ပိုမို အဆင့်မြင့် လာပါသည်။ အထူးသဖြင့် စာပေ သင်ကြားရခြင်းတွင် ပိုမို စိတ်ဝင်စားလာခြင်း ဖြစ်ပါသည်။ စိတ်ဝင်စားဖွယ်ဖြစ်အောင် သင်ကြား ပို့ချပေးနေသော နည်းပြဆရာ၊ ဆရာမတို့ကလည်း (စာရေး ဆရာကြီး ဦးအောင်သင်း နည်းပြလုပ်နေစဉ်က ကဲ့သို့ပင်) တပည့်များအပေါ် မေတ္တာ၊ စေတနာ အပြည့်အ၀ဖြင့် ရှင်းလင်းပို့ချ သင်ကြားပေးသောကြောင့် ဖြစ်ပါသည်။

တတိယနှစ် ဗိုလ်လောင်းဘ၀တွင် စာကြည့်တိုက်ကြီးကို ကျနော်တို့ သုံးခွင့်ရလာပါပြီ။ တပတ် စဉ်လုံး အယောက် (၂၀၀)ကျော် ရှိသည့်အထဲ စာကြည့်တိုက်သို့ လူတိုင်းမသွားပါ။ စာပေ၀ါသနာ ပါသူ နည်း၍ ထင်ပါသည်။ စာကြည့်တိုက်သည် အမြဲပင် လူရှင်းနေတတ်၏။ ကျနော်တို့ စာသင် ချိန် ဇယားတွင် အပိုချိန်ဟူ၍ ပါလေ့ရှိရာ ထိုအချိန်ကျလျှင် နည်းပြဆရာ မလာတတ်ပေ။ ထိုအချိန် ကို လူတိုင်းပင် သူတို့ အကျိုးရှိမည်ထင်သလို အသုံးပြုကြ၏။ အချို့ကား စာဖတ်၊ အချို့က စကား ၀ိုင်းဖွဲ့၊ အချို့က ဆေးလိပ်သောက်၊ များသောအားဖြင့်တော့ စာသင်ခုံပေါ်တွင် နံစောင်းတင်၍ လက်မောင်းကို ခေါင်းအုံးလုပ်ကာ အိပ်ကြတာများပါသည်။ ကျနော်လည်း တခါတရံ အိပ်ပါသည်။

များသောအားဖြင့် ကျနော်၏ အားလပ်ချိန်တိုင်းကို စာကြည့်တိုက်တွင်သာ အချိန် ဖြုန်းခဲ့၏။ စာကြည့်တိုက်ကြီးသည် မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံးဖြစ်သည်ဟု ဆိုကြသည်။ အတော်ပင် ကြီးမားသည် ထင်ရသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော စာကြည့်တိုက်မျိုးကို ပထမ ဦးဆုံး တွေ့ကြုံ ရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

ကျနော့်မှာ စာအုပ်လောဘကြောင့် ကျနော့် နာမည်နှင့်လည်း ငှားသည်။ သူငယ်ချင်း နာမည်နှင့် လည်း ငှားသည်။ တခါငှားလျှင် တယောက် ဘယ်နှစ်အုပ်ဟူ၍ ကန့်သတ် ထားခြင်းကြောင့် လောဘကြီးသော ကျနော့်မှာ ဤသို့ ဤနှယ် ကြံစည်ရခြင်း ဖြစ်ပါသည်။

ပန်းသည် မစာဥ၊ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း၊ စံပယ်ပင် စသော ရှေးခေတ်ကာလပေါ် ၀တ္ထုမှ သည် နှောင်းခေတ် ပါလီမန် ဒီမိုကရေစီခေတ် အတွင်းခန့်အထိ ကြားကာလ တလျှောက် ထုတ်ဝေ ခဲ့သော ၀တ္ထုစာစောင် မြောက်မြားစွာ ရှိပါ၏။ ပေပုရပိုက်၊ ကျမ်း စသည့်တို့လည်း မြောက်မြားစွာ ရှိပါ၏။ စစ်ပညာနှင့် ပတ်သက်၍လည်း ခေတ်မှီ အတတ်ပညာ စာစောင်များအထိ များမြောင်စွာ ရှိပါသည်။ ကျနော်ကတော့ နိုင်ငံသမိုင်း။ စစ်သမိုင်းနှင့် အုပ်ချုပ်ရေး နည်းစနစ်များ၊ နိုင်ငံရေး သဘောတရားပါသော စာအုပ်များကိုသာ နင်းကန်ကျုံး၍ ဖတ်ပါသည်။ မှတ်ပါသည်။

တတိယနှစ် ဗိုလ်လောင်းဘ၀တွင် ပြင်ပ လေ့လာရေးဟူ၍ အပျော်ခရီးစဉ် မရှိတော့ပဲ ပြည်သူ့ဘ၀ အကျိုးပြုရေးနှင့် ပြည်သူ့စစ်သင်တန်း ပို့ချရန်ဆိုပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ခေါင်သော၊ ဖွံ့ဖြိုးမှု နည်းသော စစ်တပ်နှင့် ကျွမ်းဝင်မှုနည်းသော နေရာဒေသတို့ လုပ်အားပေးခရီး သွားရောက်ရင်း ရပ်ရွာ ပြည်သူ့စစ်အဖွဲ့ကို စစ်ပညာ သွားသင်ပေးရပါသည်။ ဗိုလ်လောင်းတိုင်းက ကိုယ်တတ် မြောက်သော စစ်ပညာကို ပြည်သူ့စစ် တပ်ဖွဲ့ဝင်များအား သင်ကြားပေးခဲ့သော အစဉ်အလာရှိခဲ့ ပါသည်။

ထိုပြည်သူ့ ဘ၀လေ့လာရေး ခရီးစဉ်တွင်မှ ကျနော်သည် တိုင်းပြည်အတွက် အလုပ်လုပ်ရန် များစွာ ကြိုးစားဖို့ လိုသေးသည်ဆိုသော အားမလို အားမရစိတ် အခြေခံ၍ စစ်တပ်၏ အုပ်ချုပ်မှုနှင့် နိုင်ငံ၏ ချွတ်ခြုံကျ ဆင်းရဲနေမှု အနာဂတ် အလားအလာကို ဆက်စပ်ဆင်ခြင် တွေးမိလာခြင်း ခံစားချက်ကို ရရှိလာခဲ့ပါသည်။ ကျနော်တို့ ဗိုလ်လောင်းများ ဘယ်နေရာ၊ ဘယ်ဒေသသို့ ခရီး ထွက်ခဲ့ပါသနည်း။

ထိုနေရာလေးသည် ဟန်ဆောင်မှု ကင်းမဲ့ပါသည်။ မြို့ပြ၏ ယဉ်ကျေးမှုတို့လည်း မလွှမ်းမိုးသေးပါ။ ရှေးမြန်မာတို့၏ မျိုးရိုးဇာတိကို ထိန်းသိမ်းနေသော ဒေသဟု ဆိုလျှင်လည်း ပြော၍ရပါသည်။

ကျနော်တို့ ပြည်သူ့ဘ၀ လေ့လာရေးနှင့် အကျိုးပြုရေး ခရီးစဉ်ကို မန္တလေးတိုင်း တံတားဦးမြို့နယ် ထဲမှ ဆီမီးခုံ ကျေးရွာငယ်ဖြစ်သည်ဟု ဆိုသောအခါ အတော်များများက မသိကြပေ။ မရောက်ဖူး သူများသာ ဖြစ်သောကြောင့် ဖြစ်ပါသည်။

ကျနော်တို့၏ ပန်းမြို့တော်၊ နှင်းမြို့တော် မေမြို့မှ စစ်ကားကြီးများဖြင့် မန္တလေးသို့ ဆင်းခဲ့ပါပြီ။ အအေးပိုင်းမှ အပူပိုင်းသို့ ဆင်းရသည်ဖြစ်၍ ရာသီဥတု၏ ပူပြင်းသော ဒဏ်ကိုတော့ ချွေးဒီးဒီးကျ အောင် ခံရ၏။ လမ်းဘေး ၀ဲယာတလျှောက် ငေးမောကြည့်ရင်း၊ အတွေးတွေ နယ်ချဲ့ရင်း လိုက်ပါ လာ၏။ ပထမနှစ်၊ ဒုတိယနှစ်တွေတုန်းကလို ကားစီးချိန်သည် ကျနော်တို့အတွက် အိပ်စက်ရန် အချိန်မဟုတ်တော့ပါ။ ဘာကိုမဆို လေ့လာ အကဲခတ် နေရမည်ဆိုသော စာပေမှပေးသော အသိ တရား အမွေကြောင့် လမ်းဘေးတလျှောက် လေ့လာရင်း လိုက်ပါလာခဲ့ပါသည်။

ဓာတ်ဆီ၊ ဒီဇယ်ရောင်းချသော (ခွက်ပုန်း လောင်စာဆိုင်ဟု ပြောလျှင်ရမည်ထင်၏) တဲပုတ်လေး များ၊ ယာယီတဲလေးများ ဟိုမှသည်မှ တွေ့မြင်ရခြင်းဖြင့် မန္တလေးသို့ ၀င်ကာနီးပြီ ဆိုသည်ကို သိသာရပါပြီ။ မကြာခင် ရွှေမန်းသူ၊ ရွှေမန်းသားတို့၏ ခြေနင်း စက်ဘီးငယ်များဖြင့် လူးလာ ခေါက်ပြန် ခရီးနှင် နေကြသည့်ကြားထဲ စစ်ကားများ ဖြတ်မောင်းသောအခါ မည်သူမျှ ထူးဆန်ဖွယ် မကြည့်ကြောင်း တွေ့ရသည်။ သာမန် တွေ့မြင်နေကျ ဘတ်စ်ကားများ ကဲ့သို့ပင် ရှောင်ကွင်း မောင်းနှင် သွားကြ၏။ သစ်လုံးတင် ကားကြီးများကိုလည်း မကြာမကြာ တွေ့နေရ၏။

စစ်တပ်နှင့် ပြည်သူ ကြည်ဖြူစွာ ရင်းနှီးမှု ရှိနေ၍လား၊ သို့မဟုတ် အရပ်သား၊ အရပ်ဘက် ပြည်သူတို့ အကြားတွင် စစ်အဆောင်အယောင်၊ စစ်သား၊ စစ်ကားတို့ အမြဲတစေ ထိုးဖောက် ထိတွေ့ အုပ်ချုပ်မှုသက်တမ်း ရှည်ကြာလာ၍ စစ်၏အငွေ့အသက် အရိပ်အယောင်ကို မထူးဆန်း တော့ခြင်းလည်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော မြန်မာပြည်ကို စစ်တပ်ခေါင်းဆောင်များ က လွှမ်းမိုးချုပ်ကိုင် စိုးမိုးထားသည်မှာ နှစ်ပေါင်း(၃၀)ကျော်ခဲ့ပြီကိုး။

ထိုအချိန်က မန္တလေးစက်မှုဇုံ စတင် တည်ဆောက်နေပြီဟု ထင်ပါသည်။ ကျနော်တို့ ဖြတ်သွား သော လမ်းတလျှောက်တွင် အဆောက်အဦးများ၊ စက်ရုံပုံစံများ၊ နေရာအနှံ ဟိုမှသည်မှ တွေ့ခဲ့ရ ၏။ ပိုင်ရှင်ဖြစ်ဟန်တူသော တရုတ်မျက်နှာပေါက်နှင့် လူများကိုလည်း ကားကောင်း ကားသန့် များနှင့်အတူ တွေ့ခဲ့ရ၏။ တို့တိုင်းပြည်ကြီး တိုးတက်လာမှာပါဟု စိတ်ထဲက တွေးထင်မိ၏။ သို့သော် ရွှေမန်းသူ၊ ရွှေမန်းသားများ နေပူကျဲကျဲထဲတွင် စက်ဘီးဖြင့် သွားနေသည်ကို မြင်ရ၍ သနားမိသော ကျနော်သည် စက်ရုံပိုင်ရှင် တရုတ်များ၏ ကားကောင်း (အဖိုးတန် အမျိုးအစား) နှင့် ခရီးသွားပုံကို ယှဉ်မိလိုက်သောအခါ များစွာ ရင်လေးလာပါသည်။ တခုခုတော့ လိုနေပါပြီ။ ရွှေခြေကျင်းနှင့် မန္တလာသူတော့ ကျနော်မတွေ့ခဲ့ရပါ။ နောက်ဆုံးပေါ်ကားနှင့် ရွှေတရုတ်ကြီးကိုသာ ကျနော်မြင်ခဲ့ရသလို ရှိ၏။

မန္တလေးမြို့တွင်းမှကျော်၍ တံတားဦးဘက် ဆက်လက် ခရီးထွက်ခဲ့ရာ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ၏ ရာသီဥတုအတိုင်း လေပူလေနွေးများ၏ တိုက်ခတ်မှုကို (ဘေးဗလာ)စစ်ကား၏ နောက် ခန်းမှ ထိတွေ့ ခံစားရင်း၊ မကြာမီပင် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး ဆောက် လုပ်ရာ ဒေသသို့ ရောက်ရှိလာ၏။ လားလား- မြို့နှင့် ဝေးလှချည်လား။ ဒီလေဆိပ်ကြီး ပြီးသွား ရင်တော့ မြို့ထဲနှင့် လေဆိပ် ကားခတင် လေယာဉ်ခလောက် ရှိနိုင်တယ်ဟု ကျနော်တို့ ပြောမိ ကြပါသေးသည်။ ဟုတ်ပါသည်။ မန္တလေးမြို့နှင့် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အတော်ပင် ဝေးကွာပါသည်။ လေဆိပ် တည်ဆောက်မှုကို ခေတ္တလေ့လာ ကြည့်ရှုရပါသည်။

တံတားဦးမြို့ကို ဖြတ်ကျော်သွားသောအခါ မြို့ပြယဉ်ကျေးမှုနှင့် ကျေးလက်ယဉ်ကျေးမှုတို့၏ ရောနှောနေမှုကို စတင်တွေ့ရှိလာရ၏။ မြို့၏ အလယ်လောက်တွင်သာ ဘီယာ၊ ကဖေးဆိုင်အချို့ တွေ့ရပြီး မြို့အစွန်မှ ကျနော်တို့ တာဝန်ကျသည့် ဆီမီးခုံသွားလမ်း တလျှောက်တွင် နွားချေးနံ့ တသင်းသင်း၊ တောပန်းရနံ့ တလှိုင်လှိုင်နှင့် ပျံ့သင်းနေသော လေကို ရှုရှိုက်ရပါပြီ။ ယာမြေသီးနှံ တို့၏ အနံ့လော၊ အလေ့ကျပေါက်သော အပင်တို့မှ ရနံ့လော မသိပါ။ တောင်ပေါ် လေနှင့်တော့ မတူ၊ တမျိုးခံစား ရှုရှိုက်ရပါသည်။ ရံဖန်ရံခါ တောစံပယ်ပန်းလေးများ၏ မွှေးရနံ့ကို ရှုရှိုက်ရပါ သည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစားတပ်မတော် အရာရှိတစ်ဦး)

Read More...

Monday, July 21, 2008

ယနေ့ စစ်တပ်.... ဘာတွေ ဖြစ်နေသလဲ (၃၈)

မည်သို့ပင် ဆိုစေကာမူ ကျနော်သည် စစ်တက္ကသိုလ်၏ စီနီယာဗိုလ်လောင်း ဖြစ်လာသည့်နည်းတူ ဂျူနီယာ ဗိုလ်လောင်းတို့အပေါ် ကောင်းသော စံနမူနာပြနိုင်အောင် ကြိုးစားပါ၏။ မဟုတ်တာ လုပ်ချင်သည့် စိတ်ပေါ်လာသည့်တိုင် ဂျူနီယာတို့ မမြင်အောင် ဖုံးဖိလုပ်ကိုင်၍ မကောင်းသော အတတ်ကို မသင်ပြပါ။ မည်သို့ပင် ဆိုစေကာမူ ကျနော်သည် စစ်တက္ကသိုလ်၏ စီနီယာဗိုလ်လောင်း ဖြစ်လာသည့်နည်းတူ ဂျူနီယာ ဗိုလ်လောင်းတို့အပေါ် ကောင်းသော စံနမူနာပြနိုင်အောင် ကြိုးစားပါ၏။ မဟုတ်တာ လုပ်ချင်သည့် စိတ်ပေါ်လာသည့်တိုင် ဂျူနီယာတို့ မမြင်အောင် ဖုံးဖိလုပ်ကိုင်၍ မကောင်းသော အတတ်ကို မသင်ပြပါ။ ကောင်းသော အတတ် အလေ့အကျင့်ကိုတော့ အားလုံးကို မျှဝေပါသည်။ စာဖတ်ခြင်း၊ ကောင်းသော စာဖတ်ခြင်း၊ အကျိုးရှိသော စာအုပ်၊ အကျိုးမဲ့သော စာအုပ် စသည်တို့ ဖြင့် ညီငယ် ဂျူနီယာများအတွက် အကျိုးရှိဖွယ် အကြောင်းတို့ကိုသာ သင်ကြားပေးခဲ့၏။ ကျနော် ၏ ဂျူနီယာ ဗိုလ်လောင်း သင်တန်းများမှ ဆင်းသော အရာရှိ အများစုသည် ကျနော် အမြဲပြောလေ့ ရှိသော စကားတစ်ခွန်းကို သူတို့ ကောင်းကောင်း မှတ်မိနေကြမည် ထင်ပါသည်။ “မျက်တောင် မွှေးတဆုံးမကြည့်နဲ့။ မျက်စိတဆုံးကြည့်ပါ” ဟူ၍ ကျနော် အမြဲပြောလေ့ ရှိခဲ့ပါသည်။ တိုင်းပြည်၏ လက်ရှိ ဖြစ်ပျက်နေပုံများကို မြင်အောင်ကြည့်၍ သိအောင် ကြိုးစားတတ်ရန် နီးစပ်သူများကို ကျနော် အမြဲတမ်း ပြောလေ့ရှိခဲ့ပါသည်။ ကိုယ့်လူ၊ ကိုယ့်ပြည်တွင်း၏ အခြေအနေကို သိမှ ကိုယ့် နိုင်ငံ ဘာတွေလိုအပ်နေသည်။ ဘာတွေမလိုအပ်ပါ။ ခွဲခြားသိလာနိုင်မည် ဖြစ်ကြောင်း၊ ဘယ် အရာကို မဆို အခြေခံကျကျ စဉ်းစားတတ်မှ နောင်ရေးဆိုတာကို ကြိုတွက်နိုင်မည် ဖြစ်ကြောင်း ကျနော် တတ်စွမ်းသရွေ့၊ နားလည်သရွေ့ ရှင်းလင်း ဟောပြောခဲ့ပါသည်။

ကျနော် စီနီယာတန်း ရောက်လာချိန်တွင် တရားမ၀င် ပြစ်ဒဏ်ပေးခြင်းကြောင့် ဆေးရုံတက်ရသူ၊ အရေးပေါ်ခန်းတွင် တက်ရောက် ကုသခံရသူဟူ၍ အတော်ကြီးကျယ်သည့် ပြဿနာများ ပေါ်လာ ခဲ့သည်။ ကျနော့်လို ကိုယ် ဂျူနီယာဘ၀က ခံခဲ့ရသော်လည်း စီနီယာ ဖြစ်လာသောအခါ ကိုယ်ချင်း စာ စိတ်ဖြင့် မထိုးမကြိတ် မညှဉ်းဆဲပဲ သမာ သမတ်ကျကျ နေသော ဗိုလ်လောင်းများ ရှိသကဲ့သို့ တူဖြစ်တုန်း နှံသော ဗိုလ်လောင်းများလဲ ရှိသေး၏။

ဂျူနီယာတစ်ဦး သေလုမျောပါး ထိုးကြိတ်ခံရပြီး ဆေးရုံတက်၊ ဆေးစစ်ချက်တွေယူ၊ အထက်စစ် ရုံးချုပ်၊ လေ့ကျင့်ရေးဌာန အထိတင်မှ အားလုံး ပျူးပျူးပျာပျာ ဖြစ်ကုန်၏။ စစ်တက္ကသိုလ် ဒီလောက်ထိ အခြေအနေတွေ ဆိုးနေလားဆိုပြီး စုံစမ်းရေး အဖွဲ့တွေဖွဲ့၊ အမှုတွေစစ်၊ အရေးယူမှု တွေ၊ ကျောင်းထုတ်ပစ်တာတွေ လုပ်လာရတော့၏။ စောစောစီးစီး ကတည်းက တားမြစ်မိန့်ကို တိကျစွာ ထုတ်ပြီး လိုက်နာမှု မရှိက ထိရောက်သော ပြစ်ဒဏ်သာ ချမှတ်ခဲ့ပါက ဤမျှ သေလု မျောပါး အထိ ပြဿနာ ကြီးထွားလာစရာ အကြောင်းမရှိပါ။ ယခုသော်မှ အသည်းအသန် အလုပ် ရှုပ် ကြတော့၏။

တစ်ရက်တွင် ခန်းမကျယ်ကြီးထဲ ဗိုလ်လောင်းအားလုံး (စီနီယာများသာ ခေါ်၍) အစည်းအဝေး ကျင်းပကာ အမိန့်ထုတ်ပြန်၏။ နည်းပြ အရာရှိများကလည်း ဟောပြော၏။ တရားမ၀င် ပြစ်ဒဏ် မပေးကြရန်နှင့် တွေ့ရှိက ပြစ်ဒဏ်ချမှတ်မည် ဖြစ်ကြောင်း ဟောပြော၏။ နည်းပြများ ဟောပြောပြီး သော် စီနီယာထဲမှ ကျနော့်အား ပြောခိုင်း၏။

ကျနော်ကတော့ ရှည်ရှည်ဝေးဝေး အကျယ်ချဲ့မပြောခဲ့ပါ။ ကိုယ်မကြိုက်ခဲ့သော ခံစားချက်ကို သူတပါး မခံစားစေရရန် ကိုယ်ချင်းစာဖို့ပြောပြီး စီနီယာအားလုံး တိုက်တွန်းကြောင်း၊ တောင်းပန် ကြောင်း၊ တားမြစ်ပါကြောင်း ဤသို့သာ ပြောခဲ့၏။ နောက်ပိုင်းတွင် ထိုးကြိတ်ခြင်းကြောင့် ဖြစ် ပေါ်သော အမှုအခင်း မကြားရတောပေ။ တကယ်ပဲ မထိုးကြိတ် ကြတာလား၊ အထိုးခံရသူကပဲ အာချောင်သည့် စာရင်းအ၀င်မခံလို၍ ရေငုံနှုတ်ပိတ် နေကြသည်လား မပြောတတ်ပါ။

ထိုအချင်းအရာများကို လေ့လာမိ၍ ကျနော်အသိတစ်ခု တွေးမိပါသည်။ အစဉ်အလာတစ်ခု ဆိုသည်ကို မျိုးရိုးစဉ်ဆက် (သို့မဟုတ်)သင်ပြသူနှင့် သင်ယူသူ (သို့မဟုတ်)လူ့ယဉ်ကျေးမှု ကူးစက်ခြင်း စသည့်အကြောင်း အချက်များကြောင့် ချက်ချင်းလက်ငင်း ဖြတ်ချ ပပျောက်ပစ်ရန်မှာ ခဲယဉ်းသည့် အကြောင်းပင်ဖြစ်သည်။

ကောင်းမွန် မြင့်မြတ်သော အစဉ်အလာ ထုံးတမ်းချည်းပဲ ရှေးလူတို့က သင်ကြားပြသ ခဲ့လျှင် ပြဿနာ မဟုတ်၊ ပိုမိုယဉ်ကျေးပြီး၊ ပိုမိုမွန်မြတ်သော မျိုးဆက်သစ်တို့သာ ဆင့်ကဲ ပေါ်ထွန်းလာ နိုင်၏။

ငုပ်လျှိုးနိမ့်ပါးဖွယ် မကောင်းသော စရိုက်၊ အတွေးအခေါ် နည်းလမ်းတို့သည် အစဉ်အလာသဖွယ် နှောင်းလူတို့ အတုယူဖွယ် ဖြစ်ခဲ့သော် ထိုအတုကို ယူသော၊ ထိုထုံးတမ်းကို လိုက်နာကျင့်သုံးသော လူတို့ (တိုင်းသူ ပြည်သားတို့) ဆုတ်ယုတ်ခြင်း မလွဲမသွေ ဖြစ်လာတော့မည်။

ကျနော် ကျယ်ကျယ်ကြီး လျှောက်တွေးမိ၍ စစ်တက္ကသိုလ် အပတ်စဉ် နောင်လာမည့် အစဉ် အဆက်များ အတွက်လည်း စိတ်ပူမိသည်။ တိုင်းပြည် တပြည်လုံးနှင့်လဲ ယှဉ်ပြီး အနာဂတ်အရေး ရင်လေးလာမိသည်။

ကျနော် တတိယနှစ် ဗိုလ်လောင်းဘ၀ ရောက်မှ ရေဒီယိုကို စတင်နားထောင် ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ပနှစ်၊ ဒုနှစ်တွင် လျှပ်စစ်ပစ္စည်းဟူ၍ ဘာမှ သုံးစွဲခွင့်မရှိ (တတိယနှစ်၊ စတုတ္ထ နှစ်တွင်လည်း သုံးခွင့်မရှိပါ။ စီနီယာဆိုပြီး နည်းပြအုပ်ချုပ်သူများ အလစ်တွင် ခိုးဝှက် သုံးရခြင်း ဖြစ်ပါသည်) စာအုပ်စာပေ ဖတ်ရှု လေ့လာရင်းမှ ကျနော်သည် ကမ္ဘာသုံး ဘာသာစကားဖြစ်သော အင်္ဂလိပ်ဘာသာကို အတော်ပင် ညံ့ဖျင်းနေကြောင်း သိရှိလာရ၏။ စာအုပ်စာပေချည်း ဖတ်နေ၍ မရ၊ အကြား အာရုံနှင့်လည်း ကမ္ဘာနှင့် အကျွမ်းဝင်ရန်၊ အင်္ဂလိပ်သတင်း အစီအစဉ်များ နား ထောင်ရန် ရေဒီယို၊ ကက်စက်ငယ်ကို မိဘများထံ နားပူနားဆာလုပ် တောင်းခံရလေ၏။

ဖခင်ပို့ပေးသော ရေဒီယိုကက်စက်ကို ဟိုကလိ၊ သည်ကလိရင်းမှ နိုင်ငံခြားမှ အသံလွှင်သော မြန်မာ အစီအစဉ်များကို ကောင်းစွာ သိရှိလာပါသည်။ နောက်ပိုင်းတွင် ကမ္ဘာ့သတင်းများ၊ မြန်မာ့ လတ်တလော သတင်းများကို ကြားသိလာရရာမှ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေကို တစိတ် တဒေသကို သိရှိကြားမှတ် လာရ၏။ ပိုမိုစိတ်ဝင်စားလာ၏။

ဤတွင်မှ မြန်မာ့နိုင်ငံရေး လိပ်ခဲတည်းလည်း ဖြစ်နေသော အခြေအနေကို လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုအပြီးတိုင် ဖြိုခွဲဖျက်ဆီးရန် ကြံရွယ်နေသည်ကို လည်းကောင်း သိရှိလာရတော့၏။ ကျနော်တို့၏ စစ်ခေါင်းဆောင်များ ကတော့ ကျနော်တို့ကို နိုင်ငံရေးနှင့် ပတ်သက်၍ ဘာမှလဲ မပြော၊ ဘာမှလဲ မသင်ပေး၊ အနာဂတ် နိုင်ငံတွင် စစ်တပ်၏ကဏ္ဍ ထွန်း တောက်ရေး၊ လွှမ်းမိုးရေးကိုသာ ဇောင်းပေးသင်ကြား ပို့ချသည်။

ယင်းတို့ သင်ကြား ၀ါဒဖြန့်ချက် တစ်ခုကို အမှတ်ရပါသေးသည်။ မြန်မာပြည်သူ ပြည်သားတို့နှင့် လွတ်လပ်စွာ အုပ်ချုပ်သည့် ဒီမိုကရေစီတို့ မတန်သေးသည့် အကြောင်း၊ မြန်မာတို့သည် သွေးဆူ လွယ်သည့် အတွက် ထူးချွန် ထက်မြက်သည့် စစ်ခေါင်းဆောင်များ လက်အောက် တွင်သာ တိုင်းပြည် စည်ပင် သာယာဝပြောနိုင်ကြောင်း များကို အလောင်းဘုရားခေတ်၊ ကျန်စစ်သား၊ အနော်ရထာ စသော အင်ပါယာ ရှေးဟောင်း ဘုရင်ခေတ်မှ ပဒေသရာဇ်ပုံစံကို အမွှန်းတင်၍ ယနေ့ မြန်မာနိုင်ငံကိုလည်း စစ်အစိုးရမှ မအုပ်ချုပ်လျှင် တိုင်းပြည်သည် အချိန်မရွေး သူ့ကျွန် ဖြစ်သွားမည့် အကြောင်း အပ်ကြောင်းထပ်မျှ ပြောလာခဲ့သည့် အတွက် ကျနော်တို့မှာ နားပင်ထူ လာသည်။

ကျနော် ရေဒီယိုကို အချိန် အားလပ်သရွှေ့ နားထောင်ပါသည်။ သတင်းများကို အမြဲမပြတ် နားစွင့် ပါသည်။ သတင်းနားမထောင်၊ စာမဖတ်သူတို့ကတော့ စစ်တပ်၏ ရာထူးများအကြောင်း၊ နေရာ များအကြောင်း၊ အခွင့်အရေးများ အကြောင်း၊ ထောက်လှမ်းရေး တပ်သို့ မရရအောင်ပြောင်းဖို့ အခုကတည်းက အကွက်ချ စီမံရေးစသော အနာဂတ် အစီအစဉ်များကို ဆွေးနွေး တိုင်ပင် နေကြ၏။ ထိုသူတို့ထဲတွင် ဆွေကြီးမျိုးကြီး သားများနှင့် အလွန်ပင် ထိပ်ဆုံး ရောက်လိုသူ ဗိုလ်လောင်းများ ပါဝင်ပါ၏။ ကျနော်ကား မည်သူ၏ စကားကိုမျှ မထောက်ခံပါ။ ၀င်ရောက်၍လည်း မဆွေးနွေးပါ။

ကမ္ဘာ့ နိုင်ငံသမိုင်းစာအုပ်များကိုသာ ရှာဖွေဖတ်ရှုနေမိပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစားတပ်မတော် အရာရှိ တစ်ဦး)

Read More...

ဗိုလ်ချုပ်အောင်ဆန်း၏ မင်္ဂလာဆောင်






ရဲရင့် ဘလော့မှ ကူးယူဖေါ်ပြသည်

Read More...