Friday, October 31, 2008

ပြည်သူ့တပ်မတော်သား အစစ်အမှန်များ - အပိုင်း(၂)

စစ်အာဏာရှင်တွေရဲ့မှားယွင်းမှုကို အနီးကပ် သိရှိပြီးတော့ တပ်မတော်အတွင်း ပြုပြင်ပြောင်းလဲရေး အတွက် ဖန်တီးခွင့် ရှိသူတွေဟာ လုပ်ပိုင်ခွင့် အများဆုံးရရှိထားတဲ့ ကိုယ်ရေး အရာရှိတွေနဲ့ ထောက်လမ်းရေး တပ်ဖွဲ့တွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ စစ်အာဏာရှင်တွေကို ကိုင်လှုပ်ခဲ့သူတွေ အဖြစ် ပေါ်ထွက်ခဲ့ပါတယ်။ ၁၉၇၇ခုနှစ် ကတည်းက ဆိုရှယ်လစ် စနစ်နဲ့ စစ်အာဏာရှင်တွေကို ဆန်ကျင်ခဲ့သူကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအုံးကျော်မြင့် ဖြစ်ပါတယ်။ သူဟာ O.T.S (29) သင်တန်း ဆင်း၊ အကောင်းဆုံး ဗိုလ်လောင်းဆု ရရှိခဲ့သူဖြစ်ပြီး ပျော်ဘွယ်နဲ့ ရမည်းသင်းအကြား ယင်းတော်ရွာ ဇာတိဖြစ်ပါတယ်။ ငယ်စဉ်ကပင် ထူးချွန်ထက်မြက်သူ အဖြစ် ကျော်ကြားပြီး စစ် ရုံးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းတွေ ရေးသားတာကအစ ဗိုလ်ကြီး အုံးကျော်မြင့် ရေးသားတယ် ဆိုရင် လူကြီးတွေက ပြင်ဆင်မှုမရှိဘဲအတည်ပြု ပေးကြတဲ့အထိ ထက်မြက်လှပါတယ်။ ဗိုလ်ကြီး အုံးကျော်မြင့်ဟာ ၁၉၇၄-၇၅-၇၆ ခုနှစ်တွေက ဖြစ်ခဲ့တဲ့ အလုပ်သမား၊ ကျောင်းသားလူထု အုံကြွမှု အရေးအခင်းကြီးတွေမှာ သွေးထွက်သံယို ဖြစ်တဲ့အထိ မဆလ အာဏာရှင်များက ကိုင်တွယ် ဖြေရှင်းတာကို ဘ၀င်မကျခဲ့ကြောင်းနဲ့ ဆဲဗင်းဂျူလိုင်မှာ ပါဝင်ခဲ့တဲ့ သူ့ သူငယ်ချင်းတွေ အပေါ် တမ်းတ သတိရလျက် ရှိကြောင်း ကြားသိခဲ့ပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်တို့ရဲ့ အပတ်စဉ် (၂၉) ကျောင်းဆင်း အရာရှိတွေကို ဦးနေ၀င်းက သတိထား စောင့်ကြည့် ခဲ့ကြောင်းလည်း သိရှိရပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့စဉ် တိုးတက်စ ပြုနေတဲ့ ထိုင်းနိုင်ငံရဲ့ အခြေအနေ၊ စိမ်းလန်းစိုပြေနေတဲ့ စပါးခင်းတွေကို ကြည့်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းနေမှုနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စနစ်ကိုသဘောကျ နှစ်ခြိုက်မှု မရှိခဲ့ကြောင်း သိရပါတယ်။ သူလေးစားတဲ့ ပုဂ္ဂိုလ်တွေထဲက ဗိုလ်ချုပ်ကြီး သူရတင်ဦး (ယခု NLD ဒုဥက္ကဋ္ဌ) ဖြုတ်ချ ခံခဲ့ရတာနဲ့ ပတ်သက်လို တရားမျှတမှု မရှိတာကိုလည်း သုံးသပ်လာပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်ကြီး သူရတင်ဦးနဲ့ ပတ်သက်ပြီး တင်ပြရမယ်ဆိုရင် သူဟာ စစ်သည်တွေကို အဆင့်အတန်း မခွဲခြားဘဲ ခြင်းခတ်အတူတူ၊ ထမင်းလက်ဆုံ စားခဲ့သူ ဖြစ်ပါတယ်။ စစ်သည်တွေ ရိက္ခာ မလောက်လို့ တင်ပြလာတာကို ရှေ့တန်းထွက် စစ်သည်တွေရဲ့ တိုက်ခိုက်ရေး ရိက္ခာထုတ်နဲ့ ရိက္ခာ နှစ်ဆရအောင် စီစဉ် ပေးခဲ့လို့ စစ်သည်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။

ဒါကို ထောက်လှမ်းရေးမှုးချုပ် ဗိုလ်မှူးချုပ် မျက်မှန်တင်ဦးက အုပ်စုဖွဲ့ လေဟန် ဦးနေ၀င်းထံ တင်ပြခဲ့လို့ ဦးနေ၀င်းက စတင်သံသယ ၀င်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စန်းယုကလည်း ဗိုလ်ချုပ်ကြီး တင်ဦးဟာ တပ်ရဲ့ သက်သာ ချောင်ချိရေး ခေါင်းစဉ်နဲ့ ဦးစားပေး လုပ်နေတာ ကြောင့် နိုင်ငံ့ ဘဏ္ဍာငွေ ပိုမို ကုန်ကျနေပါတယ်လို့ ဦးနေ၀င်းထံ သွေးထိုးပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်ကြီးတင်ဦးရဲ့သား နိုင်ငံခြားမှာ ဆေးသွားကုတဲ့ ကိစ္စနဲ့ အိမ်ဆောက်ရန် လိုအပ်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ နိုင်ငံခြားက တင်သွင်းတဲ့ ကိစ္စတွေကို အကြောင်းရှာ ပြီးတော့ ဗိုလ်ချုပ်ကြီးတင်ဦးကို အရေးယူ ဖြုတ်ပစ်ခဲ့ပါတယ်။

ဒါတွေကို သိရှိနားလည်တဲ့ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ ဗိုလ်ချုပ်ကြီးတင်ဦးကို ခေါင်းဆောင် ပြန်တင်ကာ တပ်မတော်အတွင်း ပြုပြင် ပြောင်းလဲရေးလုပ်ရန် ရည်ရွယ်ပြီး အာဏာသိမ်းဖို့ ကြံစည်ခဲ့ပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ သူတစ်ပါးနိုင်ငံ တိုးတက်နေတာကို ကြည့်ပြီး မဆလ စနစ်နဲ့ အာဏာရှင် စစ်ခေါင်းဆောင်တွေကို ဖြုတ်ချဖို့ စဉ်းစားဆုံးဖြတ်ပြီးတော့ ကာကွယ်ရေး ၀န်ကြီးဌာန စခန်းမှုး ဗိုလ်မှူးစိန်မြင့်၊ ဗိုလ်ကြီးသိန်းဝင်းနဲ့ ကိုယ်ရေးအရာရှိတချို့၊ ခလရ (၁၆) မှ ဗိုလ်မှူးမောင်လတ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးကြီးလှဖေတို့ ကိုတိုင်ပင် ညှိနှိုင်း ခဲ့ပါတယ်။ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်စောဖြူကိုလည်း တိုင်ပင် ညှိနှိုင်းရန် ကြိုးစားပြီး ဗုံးကြဲ လေယာဉ် တောင်းခံမှု လုပ်ထုံးလုပ်နည်းကို မေးမြန်းခဲ့ပါတယ်။ သံချပ်ကာနဲ့ တင့်ကားတပ်မှူး ကိုလည်း တီးခေါက်ဆွေးနွေး မေးမြန်းပြီး ဆက်တိုက် လှုပ်ရှားခဲ့ပါတယ်။ တခါတရံ ကားပေါ်မှာ ဆွေးနွေးခြင်း၊ မထင်မှတ်တဲ့နေရာမှာ ချိန်းဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းဖို့ ကြံစည်တဲ့ အစီအစဉ်ကို တချို့ ဆွေးနွေးနေတဲ့ အရာရှိကြီးများကို မပြောဘဲ လိမ်မာပါးနပ်စွာ လျှို့ဝှက်ထားပြီး သူ့ဆရာ ကာကွယ်ရေးဦးစီးချုပ်က မေးခိုင်းသလို ပုံစံမျိုးနဲ့ ဆောင်ရွက်ခဲ့ ပါတယ်။ ယုံကြည်စိတ်ချရမယ် ထင်တဲ့အရာရှိတွေကို အရိပ်အမြွက် ပြောဆိုခဲ့ပြီး ဗိုလ်ချုပ်ကြီးတင်ဦးထံ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီလျှို့ဝှက် စစ်ဆင်ရေးရဲ့ သင်္ကေတကို"ငရုတ်သီး"လို့ သတ်မှတ်ခဲ့ပါတယ်။ မဟာဗျူဟာ အစီအစဉ်အနေနဲ့ လေဆိပ်နဲ့ အသံလွှင့်ဌာနကို ထိန်းချုပ် ထားပြီး ညစာစားပွဲမှာဖြစ်စေ၊ ပါတီညီလာခံမှာဖြစ်စေ ၀င်ရောက်စီးနင်းဖို့ စနစ်တကျ အစီအစဉ် ရေးဆွဲထားပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ သူ့ရဲ့ဆရာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အရှိန် အ၀ါကြောင့် လည်းကောင်း၊ သူကိုယ်တိုင် ထူးချွန် ထက်မြက်တာကြောင့် လည်းကောင်း၊ (ကကကြည်း) ရုံးတံဆိပ်ကြောင့် လည်းကောင်း၊ လက်အောက်ခံ ကြည်းတပ်တွေ ကြောက်ရွံ့ပြီး အလွယ်တကူ လိုက်နာ လှုပ်ရှားကြမယ်လို့ ငရုတ်သီး စစ်ဆင်ရေးမှာ ပါဝင်တဲ့ အရာရှိကြီးငယ်တွေ အနေနဲ့ ယုံကြည်မျှော်လင့် ထားခဲ့ပါတယ်။ ဒါပေမယ့် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်စောဖြူဟာ သံသယ၀င်ခဲ့ပြီး တိုးတိုးတိတ်တိတ် မေးမြန်းစုံစမ်းရာမှ အသံဗလံ အစအန ထွက်လာခဲ့ပါတယ်။

အဲဒီနောက် ညစာစားပွဲ တစ်ခုမှာ ဗိုလ်ကြီးအုံးကျော်မြင့်ရဲ့ သကာင်္မကင်းဖွယ်ရာ လှုပ်ရှားမှုကို ထောက်လှမ်းရေးတပ်ဖွဲ့က ခြေရာခံ လိုက်မိနေပါတယ်။ တဖန်ကြည်းတပ် တပ်မှူးတစ်ချို့ ဖြစ်တဲ့ ဗိုလ်မှူးမောင်လတ်နဲ့ သံချပ်ကာ တပ်မှူးတို့ဟာ အစီအစဉ် အကောင်အထည်ဖော်ရာမှာ ရှောင်ရှားကြောက်ရွံ့လို့ ဟန်ချက်လွဲသွားခဲ့ပါတယ်။ ပိုပြီးဆိုးတာက ဗိုလ်ကြီး အုံးကျော်မြင့်ဟာ ဗိုလ်မှူးကြီး သန်းတင်ကို သွားရောက် တိုင်ပင်ခဲ့ရာမှာ အမှားကြီး မှားခဲ့ပါတယ်။ ဗိုလ်မှူးကြီး သန်းတင်က မလုပ်သင့်ကြောင်း ပြောရာမှ သူကလက်မခံဘဲ တိုင်ကြားနိုင်သည်ကို ရိပ်မိ သိရှိပြီး ဗိုလ်ကြီး အုံးကျော်မြင့်လည်း အမေရိကန်သံရုံးမှာ ၁၉၇၇ ခုနှစ် ဇူလိုင်လ(၂)ရက်နေ့ ညနေ အချိန်က နိုင်ငံရေးခိုလှုံခွင့် ၀င်ရောက် တောင်းခံခဲ့ပါတယ်။ သံရုံးအနေနဲ့ ဥပဒေအရ လုပ်ပေးလို့ မရကြောင်း အကြောင်းပြန်လိုက်လို့ သံရုံးက ပြန်ထွက်လာစဉ် ထောက်လှမ်းရေး တပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ ၁၉၇၇ ဇူလိုင်လ(၂၀)ရက်နေ့မှာ ဗိုလ်ကြီး(၁၁)ဦး၊ ဗိုလ်မှူး(၃)ဦးနဲ့ တိုင်းမှူးတစ်ဦး အပါအ၀င် ဗိုလ်ချုပ်ကြီး တင်ဦးတို့ကို ခုံရုံးတင်ခဲ့ပြီး ဗိုလ်ကြီးအုံးကျော်မြင့်ကိုတော့ သေဒဏ်အမိန့် ပေးခဲ့ပါတယ်။ စစ်အာဏာရှင်ခေတ်မှာ သေဒဏ်ပေးခဲ့တဲ့ အရပ်သားများနဲ့ လောစစ်ဟန် အပါအ၀င် မြောက်ကိုးရီးယားက ကွန်မန်ဒို ဗုံးခွဲခဲ့သူများကို မသတ်ဘဲ ဆိုင်းငံထားပြီး ဗိုလ်ကြီးအုံးကျော်မြင့်ကိုတော့ မသေမချင်း ရက်ရက်စက်စက် ကြိုးပေး ကွပ်မျက်ခဲ့လို့ သားသုံးသားမှာ စစ်သားကို စစ်အာဏာရှင်တွေက အထူးကြောက်ရွံ့ပြီး အငြိုးကြီးစွာ နှိပ်ကွပ် ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်အာဏာရှင်တွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ထိတ်လန့် စွာနဲ့ စစ်သည်အရာရှိတွေ အုံကြွမှု မဖြစ်ပွားစေဖို့ အပူတပြင်း လုပ်ဆောင်ခဲ့ရပါတယ်။ တိုင်း၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့တွေကို ကိုယ်စားလှယ်စေလွှတ် ရှင်းလင်းခြင်း၊ အသံသွင်းပြီး ရှင်းလင်းခြင်း စသဖြင့် ပြုလုပ်ခဲ့ပါတယ်။ တချို့ စစ်သည်တွေဟာ သူတို့ ချစ်ခင်လေးစားတဲ့ ဗိုလ်ချုပ်ကြီးတင်ဦး ပြုတ်သွားလို့ ယူကြုံးမရ ဖြစ်ကာ ငိုယိုနေလို့ ဂယက်ရိုက်မှုကြီးစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မဆလ ဗဟိုကော်မတီဝင် (၄၀)ဦး၊ ပါတီဝင်(၅၀၀၀၀) ခန့်ကို ပါတီသန့်စင်ရေး ဆိုပြီး ဖြုတ်၊ ထုတ်၊ ချ လုပ်ခဲ့ရပါတယ်။ ယနေ့ထိပ်ပိုင်း စစ်အာဏာရှင်မှာ န၀တ ခေတ်က တက်လာသူ နှစ်ဦးသာကျန်တော့လို့ "ဘယ်သူခွဲခွဲ ဒို့မခွဲ၊ အမြဲစည်းလုံးမယ်" ဆောင်ပုဒ်အစား "ဘယ်သူ့ ဘယ်သူမှ တပ်ကိုမခွဲ၊ ဒို့အချင်းချင်းဘဲ ခွဲနေမယ်" ဆိုတာ သက်သေပြနေပါတယ်။ "ဘေးပြောတာကိုမယုံနဲ့၊ သွေးပြောတာကိုယုံ "ဆောင်ပုဒ် ဟာလည်း ပြောင်းပြန်ဖြစ်နေကာ "ဘေးကမိန်းမတွေ ပြောတာကိုယုံပြီး၊ သွေးဖြစ်တဲ့ ရဲဘော်၊ ရဲဘက်တွေက ပြုပြင်ပြောင်းလဲရေး၊ အချင်းချင်းသင့်မြတ်ရေး ပြောနေတာကိုတော့ မယုံဘူး" ဖြစ်နေပါတယ်။ ယနေ့ နအဖဟာ "အမျိုးသား ပြန်လည် သင့်မြတ်ရေး" အစား "အမျိုးသား ပြန်လည် သတ်ဖြတ်ရေး"ကို လုပ်ဆောင် နေပါတယ်။

စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအရ ကြိုးနီစနစ်နဲ့ ထိန်းချုပ်ထားတဲ့အပြင် ဆက်သွယ်ရေး ကွန်ယက် ကန့်သတ်ချက်များနဲ့ တင်းကျပ်လှတဲ့ စစ်စည်းကမ်းတွေကြားထဲက ကိုယ်ရေးအရာရှိ(PA)ရဲ့ စည်းစိမ်ဥစ္စာများ စွန့်လွှတ်ကာ အသက်ကိုပဓာနမထားဘဲ အာဏာရှင်ကို တော်လှန်ရဲတဲ့ ဗိုလ်ကြီးအုံးကျော်မြင့်ရဲ့ သတ္တိကို ယနေ့ မျိုးဆက်သစ် တပ်မှူးများ အတုယူ အကောင်အထည် ဖော်သင့်ပါတယ်။ ယနေ့တပ်မှူးများကို အကြံပြုချင်တာက အာဏာရှင်စနစ် ဖြုတ်ချဖို့ဆိုရင် အာဏာရှင်တွေ ကြောက်ရွံ့တဲ့ ဘုရားသား၊ ကျောင်းသား၊ စစ်သား၊ သားသုံးသား ပူးပေါင်းပြီး ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်တဲ့အထိ မဟာဗျူဟာ အစီအစဉ် ထားရန်လိုအပ်ပါတယ်။ အနည်းဆုံး နယ်နိမိတ်၊ နယ်မြေရှိဖို့နဲ့ ပြည်သူလူထုမှ ရွေးချယ် အာဏာအပ်နှင်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်မှသာ ကြားဖြတ်အစိုးရအဖွဲ့ အင်္ဂါရပ် ပြည့်စုံမှာ ဖြစ်သလို ပြည်သူ လူထုကလည်း ပြည်သူ့ဘက် ရပ်တည်လာတဲ့ တပ်မတော်သားများကို ချက်ချင်း ၀ိုင်းရံပေးဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင်တွေဟာ ဒီလို အနေအထားမျိုးမှာ ကြောက်လန့်တကြား လက်ဦးမှု ရယူ ချေမှုန်းတတ်တဲ့ အကျင့်ဆိုး ရှိတာမို့ ပြည်သူ့ဘက် ရပ်တည်လာတဲ့ တပ်မှူးများနဲ့ စစ်သားများ ပူးပေါင်းလိုက်ရင် လက်တုံ့နှေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ဘက် ရပ်တည်လာတဲ့ တပ်တွေဟာ ပြည်သူနဲ့ ပူးပေါင်းကာ အခြေအနေပေး သလောက်သာ ရယူခဲ့ရတဲ့ လက်နက် ခဲယမ်းတွေနဲ့ အတူ တော်လှန်ရေး တစ်ရပ်တောင့်ခံ ရင်ဆိုင်နေဆဲမှာပင် အာဏာရှင်ရဲ့ ဖိအားပေး အင်အားထုကြီးစွာ မနှိပ်ကွပ်နိုင်ခင် အခြေခံနယ်မြေနဲ့ အချုပ်အခြာအာဏာ ရှိနေမှုကို နိုင်ငံတကာက အသိအမှတ် ပြုပေးပြီး လိုအပ်လာလျှင် ဒီမိုကရေစီ နိုင်ငံကြီးတွေက အင်အားသုံး အကာ အကွယ်ပေးလိုက်ပါက စစ်အာဏာရှင်စနစ် အလျှင်အမြန် ချုပ်ငြိမ်းသွားမှာ မလွဲဧကန် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတဲ့ မျိုးဆက်သစ် တပ်မှူးတွေကို ပြည်သူလူထုက မျှော်လင့် လက်ကမ်း ကြိုဆိုနေပါတယ်။ ပြည်သူတွေရဲ့ စည်းလုံးမှု၊ နိုင်ငံတကာရဲ့ ၀ိုင်းဝန်း ထောက်ခံမှု တွေနဲ့အတူ ကြားဖြတ်အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဘုရားသား၊ ကျောင်းသားနဲ့ စစ်သားတို့ ပူးပေါင်းကာ စစ်အာဏာရှင်တွေကို တော်လှန်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးဟာ တပ်မတော်သားတွေကို ပြည်သူ့ ဘက်ရပ်တည်ရန် အချိန်အခါ သင့်ပြီ ဖြစ်တယ်ဆိုတာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ တိုင်းပြည်ကို တကယ်ချစ်တဲ့ပြည်သူ့ တပ်မတော်သား အစစ်အမှန်များ အနေနဲ့ ကမ္ဘာ့အလယ်မှာ "မြန်မာဟေ့"ဟု ၀င့်ထယ်နိုင်အောင် ကြိုးစားကြ စေလိုကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။

Ref: ဖိုးတရုတ်

Read More...

ပြည်သူ့တပ်မတော်သား အစစ်အမှန်များ - အပိုင်း(၁)

စစ်အာဏာရှင်တွေရဲ့ တင်းကျပ်တဲ့ အမိန့်နဲ့ စည်းကမ်းချက်တွေကို ဆန့်ကျင်ပြီး ပြည်သူ့ဘက် မားမား မတ်မတ် ရပ်တည်ပေးခဲ့သူကတော့ ဗိုလ်ကြီး စိုင်းဝင်းကျော် ဖြစ်ပါတယ်။ ၁၉၈၈ ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံမှာ တပ်မ(၂၂)က ဗိုလ်ကြီးစိုင်းဝင်းကျော်ဟာ ပြတ်ပြတ် သားသား ပြည်သူ့ရင်ခွင်ကို ခိုလှုံ သွားခဲ့ပါတယ်။ သူဟာ တပ်မတော်သားတွေ အားလုံး အံ့သြ ချီးကျူး ရလောက်အောင် ဇနီးနဲ့ သားသမီးကိုတောင် မငဲ့ကွက်ဘဲ ရာထူး အဆောင် အယောင် စည်းစိမ်ဥစ္စာ စွန့်လွှတ်ကာ ပြည်သူလူထုနဲ့ ရဲဝံ့စွာ ပူးပေါင်းခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းမှု ဖြစ်သွားတဲ့ အခါမှာလည်း နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်ခြင်း မရှိဘဲ ပြည်တွင်းမှာ ဆက်လက် နေရဲတဲ့ သတ္တိဟာ သူရဲကောင်းစိတ်ဓာတ် ဖြစ်ပါတယ်။ နောက်ဆုံး န၀တရဲ့  ဖမ်းဆီးခြင်းကို ခံရပြီး ပြည်သူ့ဘက်ကို ရပ်တည်ပေးတဲ့ အတွက် ဗိုလ်ကြီးစိုင်းဝင်းကျော်ကို အငြိုးကြီးစွာ သေဒဏ်ပေးခဲ့ ပါတယ်။ သူရဲ့မိတ်ဆွေ တစ်ချို့က သနားဂရုဏာသက်လို့ အသနားခံ ၀င်ပြောခဲ့၍သာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ပြောင်းလဲ ကျခံစေခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်မှ ပြန်လွတ်လာရာမှာ ရပ်တည်ချက် ပြတ်သားပြီးတော့ န၀တကို ဆက်လက်ဆန့်ကျင် ခဲ့သူ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးစိန်မြဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်(၁၉၈၉) မှာအသက်အရွယ်ကြီး ရင့်တာ ကိုတောင် ဂရုမထားဘဲ မုဒုံမှ ဘုရားသုံးဆူသို့ မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ အကူအညီနဲ့ တောတွင်းလမ်းအတိုင်း ချီတက်ခဲ့ပါတယ်။ သူဟာ စစ်သည်များနဲ့ ကျောင်းသားအချို့ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဦးကို ဖွဲ့စည်းပြီး မဟာမိတ် KNU, NMSP တို့နဲ့ လက်တွဲကာ အာဏာရှင်တို့အား တော်လှန်ရင်း ဖျားနာမှုဒဏ်ကြောင့် အသက်ပေးခဲ့ရပါတယ်။

အလားတူ ဒုတိယဗိုလ်မှူးကြီး အေးမြင့်ဟာ နုငယ်ဖြူစင်တဲ့ ကျောင်းသားတွေ အထိနာမှာ စိုးရိမ်ပြီး “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး” မှာ စစ်ပညာကို သွားရောက် သင်ကြား ပေးခဲ့ပါတယ်။ အသက်အရွယ်ကြီး ရင့်သည်အထိ တောထဲတောင်ထဲမှာ နှစ်ပေါင်း မြောက်မြားစွာ ကျောင်းသားတွေနဲ့ အတူတကွ ဆင်းရဲ ဒုက္ခခံပြီး မိမိတတ်ကျွမ်းတဲ့ စစ်ပညာကို လေ့ကျင့် သင်ကြားပေးခဲ့တဲ့ ဒီစစ်သားကြီးရဲ့မေတ္တာ၊ စေတနာဟာ ကြီးမားလှပါတယ်။

လေတပ်မှ အငြိမ်းစား ဗိုလ်မှူး တစ်ဦးဖြစ်ပြီး "လေသူရဲ တစ်ဦး" ကလောင်နံမည်နဲ့ စာရေး ရာမှာ ထင်ရှားတဲ့ ဗိုလ်မှူးဂျွန်လှဝင်းဟာလည်း (၁၉၈၈)ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့ပါတယ်။ သူဟာ အစ္စရေးနိုင်ငံမှာ သင်တန်းဆင်းလာတဲ့ ထူးချွန်သူ တစ်ဦးဖြစ်ပြီး ပြည်သူနဲ့ လက်တွဲ တိုက်ပွဲဝင်ခဲ့လို့ ထောင်ဒဏ် (၂၀) နှစ် ကျခံခဲ့ရ ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)မှ တပ်ကြပ်ကြီး ဒေါ်နုနုအေးကတော့ (၁၉၈၈) လူထုအုံကြွမှုကြီး မှာ ရှေ့တန်းက ပါဝင်ဆင်နွှဲခဲ့ပြီးနောက် န၀တ တက်လာတဲ့အခါ အရှုံးမပေးဘဲ နယ်စပ်ကို ထွက်လာပြီး ကျောင်းသားတပ်မတော် ABSDF နဲ့ လက်တွဲကာ ဆက်လက် တော်လှန်ခဲ့ပါတယ်။ တောထဲ၊ တောင်ထဲမှာ ယောကျာင်္းရင့်မကြီးများနဲ့  ရင်ပေါင်တန်းကာ ပင်ပန်း ဆင်းရဲမှုဒဏ် ကြံ့ကြံ့ ခံ၍ တိုက်ပွဲ ၀င်ခဲ့သူဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်သော်လည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့  ကုလသမဂ္ဂရုံးရှေ့  မှာအစာငတ်ခံ ဆန္ဒပြပွဲ ဆင်နွှဲခဲ့တဲ့အထိ ဆန္ဒပြင်းပြခဲ့ပါတယ်။ ဒါ့အပြင် ခရီးရှည် ချီတက် ဆန္ဒပြပွဲကိုလည်း စွမ်းစွမ်းတမံ ပါဝင်ခဲ့တဲ့ အာဂ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။

ဗိုလ်ကြီး ၀င်းဘိုဟာ ၁၉၉၀ ပြည့်နှစ်မှာ နံမည်ကျော် န၀တ ပတ္တမြား တရားမ၀င်ရောင်းချ ရာမှာ ပါဝင် ပတ်သက်မှုနဲ့ ထောင်ကျခဲ့ပါတယ်။ ဗိုလ်ကြီး ၀င်းဘိုဟာ ၁၉၉၇ခုနှစ်မှာ ပြန်လည် လွတ် မြောက်လာပြီးနောက် မျက်ဝါးထင်ထင် တွေ့မြင်လာတဲ့ ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေ အတွက် ရင်ထုမနာ ဖြစ်ခဲ့ရပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာမန္တလေးမြို့ မဟာဂန္ဓာရုံကျောင်း၊ ရွှေကျင် ဆရာတော်ဘုရားကြီးနဲ့ သံဃာ အပါး (၁၀၀၀) လက်မှတ်ရေးထိုး ထားတဲ့ စာကို ဆရာတော်ကြီးရဲ့  ခွင့်ပြုချက်နှင့် ယူဆောင်ခဲ့ပါတယ်။ အဲဒီစာမှာ မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ တိုင်းပြည်ကောင်းကျိုး အတွက် ဦးနေ၀င်း၊ ဦးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ အာဃာတ မထားဘဲ ဆွေးနွေးညှိနှိုင်းဖို၊့ အကျဉ်းထောင် အသီးသီးက ဒုက္ခဆင်းရဲ ခံစားနေရတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ မေတ္တာရပ်ခံ ထားတဲ့စာ ဖြစ်ပါတယ်။ ဗိုလ်ကြီးဝင်းဘိုဟာ အဲဒီစာ ပေးမှုနဲ့ ထောင်ဒဏ် (၂၀) နှစ် ကျခဲ့ပါတယ်။ ထောင်အတွင်းမှာ ထောင် အာဏာပိုင်တွေရဲ့ မတရားအုပ်ချုပ်၊ လူ့အခွင့်အရေး ချိုးဖောက် တာတွေကို အမှန်တရား ဘက်က ကာကွယ်ရင်း ထောင်အာဏာပိုင်တွေက ရန်ငြိုးဖွဲ့ မတရား ရိုက်နှိက်ခဲ့မှုကြောင့် သူဟာ ထောင်တွင်းမှာ ကျဆုံးခဲ့ရ ပါတယ်။ သူသေဆုံးတဲ့ နေ့ကို မြန်မာ့နိုင်ငံရေး အကျဉ်းသားများနေ့ အဖြစ် ဒီမိုကရေစီ ဘက်တော်သားများက ဂုဏ်ပြုသတ်မှတ် ခဲ့ကြပါတယ်။

နိုင်ငံခြားရေး ၀န်ကြီး ဦးဝင်းအောင်ဟာ မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာရှင် တွေကြောင့် နိုင်ငံတကာ အလယ်မှာ မျက်နှာငယ်နေရတာကို သိရှိနားလည်ပြီး သူဖြစ်ချင်တဲ့ ဆန္ဒနဲ့ မကြာခင် ထူးခြားသိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတော့မှာပါလို့ အနက်ခွ စကားလုံးကို နိုင်ငံခြား အစည်းအဝေးတစ်ခုမှာ ပြောခဲ့ပါတယ်။ စစ်သားပီပီ ရဲရဲဝံ့ဝံ့ အဲဒီလို ပြောခဲ့မိလို့ ထိပ်ပိုင်း စစ်အာဏာရှင် နှစ်ဦးကစိတ်ဆိုးပြီး သူ့ကို နိုင်ငံခြားမှာပင် တန်းဖြုတ်ခဲ့ပါတယ်။ အမှန်တကယ် တော့ စစ်အာဏာရှင်တွေဟာ အာဏာကို လိမ်လည်ပြီး မတရား ရယူထားတာကြောင့် တိုင်းပြည် အနေနဲ့ အဖက်ဖက်က ယိုယွင်း ပျက်ဆီးနေလို့ နိုင်ငံတကာ အလယ်မှာ ရှက်ဖွယ်လိလိ ဖြစ်နေ ခဲ့ရ ခြင်း ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ဇော်ထွန်းဟာ (GDP) ကိစ္စမှာ နိုင်ငံရဲ့  စီးပွားရေး ဆိုင်ရာ ကိန်းဂဏာန်း တွက်ချက်တာ မှားယွင်းနေလို့ အမှန်အတိုင်း ဖြစ်စေဖို့ ပြောဆိုခဲ့ရာ နအဖဟာ သူတို့ရဲ့ မူဝါဒနဲ့ သူတို့ကို တိုက်ခိုက်တယ်လို့ မတရား စွပ်စွဲကာ ရာထူးမှ ဖြုတ်ပစ်လိုက်ပါတယ်။ နအဖဟာ မတိုးတက် တာကို တိုးတက်တယ်လို့ လိမ်ညာ ဖြီးဖြန်းတာကိုမှ ကျေနပ်ပီတိ ဖြစ်နေကြပါတယ်။ တိုင်းပြည်ကို တကယ်တိုးတက်လိုတဲ့ ဗိုလ်မှူးချုပ် ဇော်ထွန်းတို့လို တကယ့် စစ်သားတွေ အများကြီး ရှိနေ ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ ချုပ်က တောင်းဆိုတဲ့ အချက်အလက်တွေကို လိုက်လျော သင့်ပါကြောင်း နိုင်ငံအတွက် ILO မှ ကြပ်မတ်လာပါက တိုင်းပြည် နစ်နာသွားနိုင်ကြောင်း တင်ပြခဲ့တဲ့ ကြယ်ငါးပွင့် လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်မောင်ကြည်နဲ့ အရာရှိ တစ်ချို့ကိုလည်း နအဖ အာဏာ ပိုင်တွေဟာ မညှာမတာ ရာထူးက ဖြုတ်ထုတ်ခဲ့ပါတယ်။ နအဖဟာ အဲဒီတင်ပြချက် မှန်ကန်ကြောင်း သိရှိပြီး ILO ရဲ့  တောင်းဆိုချက်ကို ပြန်လည် လိုက်နာ ရပေမဲ့ အမှန်တရားကို တင်ပြခဲ့တဲ့ ဗိုလ်မှူးကြီးနဲ့ အရာရှိတွေ ကိုတော့ ပြန်လည် မခန့်အပ်ကြောင်း ကြားသိခဲ့ရ ပါတယ်။

မိမိတို့ရဲ့ အသက်၊ ရာထူး၊ ဥစ္စာစည်းစိမ်ကို ဂရုမစိုက်ဘဲ အမှန်တရားဘက် ရပ်တည်တဲ့ စစ်တပ် အတွင်းမှာ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ စစ်သားတွေ ရှိနေပြီဆိုတာ တင်ပြလိုက်ရပါတယ်။

Ref: ဖိုးတရုတ်

Read More...

Monday, October 13, 2008

ဒေါက်တာ ချေဂွေဗားရား ကျဆုံးခြင်း ၄၁ နှစ်မြောက် ဂုဏ်ပြုဆောင်းပါး

ရိုင်ဖယ်သေနတ်နှင့် ဆရာဝန်

ရွှေအိမ်စည်

(၁)
မြေ၀သုန်သည် ဂုဏ်ပြုအပ်သည့် ဧည့်သည်တယောက်အား ဆီးကြို၍ ထွေးပွေ့ထားခဲ့သည်မှာ ကြာပြီ။ သူကျ ဆုံးခဲ့သည့် ၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှ။ နှစ်ပေါင်း (၄၀) ရှိလေပြီ။ သူကား ဆရာဝန်တဦး။ သို့သော် သူကား မောင်းပြန်ရိုင်ဖယ် သေနတ်ကိုသာ ကိုင်၏။

“လူတယောက်ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲ့အစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ်” သူပြောခဲ့သည့် စကားဖြစ်၏။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့က ကျူးဘားနိုင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်းဖြစ်၏။

(၂)
၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီဟူသည်အား အတည်ပြုနိုင်သည်က အောက်တိုဘာလ (၁၅) ရက်နေ့မှဖြစ်သည်။ ကျူးဘားသမ္မတ ရဲဘော်ကြီး ဖီဒယ် ကက်စထရိုမှ အတည်ပြု ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းမှ ဖြတ်၍ယူလာခဲ့သည့် လက်မောင်းရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အားကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည်ပြုခဲ့ရခြင်းဖြစ်သည်။ သူ၏အလောင်းကိုမူ မတွေ့ခဲ့ကြ ရ။ နှစ်ပေါင်း (၃၀) အထိ ပျောက်ဆုံးနေခဲ့၏။ ၁၉၉၇ ခုနှစ် ဇူလိုင်လ (၁၂) ရက်တွင်မှပင် သူ၏ ရုပ်အလောင်း အား မြေ၀သုန်အတွင်းမှ ပြန်လည် တူးဖော်ရရှိတော့၏။

ဘိုးလီးဗီးယားနိုင်ငံ “ဗယ်ရီဂရန်ဒေသ” လေယာဉ်ကွင်းငယ်လေး အနီးမှ ဖြစ်သည်။ ကျင်းငယ်အတွင်း၌ ရုပ်အ လောင်း အရိုးစု (၇)စုအား တွေ့ရ၏။ အရိုးစု အမှတ် (၂)က လက်မောင်းရင်းမှနေ၍ လွှနှင့် တိုက်ဖြတ်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံး မရှိ။ ဒီအင်အေ စစ်ဆေးမှုပြု၍ အတည်ပြုနိုင်ခဲ့၏။ သူ ...။

သူကား နှစ်ပေါင်း (၃၀) ကြာမှပင် ကျူးဘားနိုင်ငံ “ဆန်တာကလာရာမြို့” ရှိ သူ၏ ဂူဗိမာန်အတွင်း ကိုယ်အင်္ဂါ စုံလင်စွာနှင့် လဲလျောင်းရတော့၏။

(၃)
သူနှင့် ပတ်သက်၍ သူ့ဝန်းကျင်၏ မှတ်ချက်အမြင်များမှ သူ့အား တွေ့ရမည်။ ပြင်သစ်အတွေးအခေါ် ပညာရှင် “ယန်ပေါဆတ်” က သူ့အား “ကျနော်တို့ခေတ်ရဲ့ အပြီးအပြည့်အစုံဆုံး လူသား” ဟူ၍ မှတ်ချက်ပေး၏။ အမေရိ ကန်နိုင်ငံ မေရီလင်းအင်စတီကျူက သူ့အား “ကမ္ဘာပေါ်တွင် နာမည် အကျော်ကြားဆုံး ၂၀-ရာစု ၏ သင်္ကေတ တခု” ဟု သတ်မှတ်၏။ သူ၏ ရဲဘော်ကြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုကမူ သူ့အား “သူဟာ သူ့ရဲ့ အ ကျင့်စာရိတ္တ၊ သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှုတွေကို ထားရစ်ခဲ့တာဖြစ် တယ်။ တခွန်းတည်း အတိုချုပ် ပြောရမယ်ဆိုရင် သူ့ရဲ့ စံနမူနာတွေကို ကျနော်တို့အတွက် ထားခဲ့တာဖြစ် တယ်”

(၄)
သူ့အား အားဂျင်တီးနားနိုင်ငံ၏ မြို့တော် “ဗွေနိုဇာရီမြို့” မှ မိုင် ၁၀၀ ကျော်ဝေးသည့် “ရိုစာရီယိုမြို့” တွင် မွေးဖွားခဲ့၏။ “ရိုစာရီယိုမြို့” က “ပါရာနာ” မြစ်၏ မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသည့်မြို့ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲ အေးခဲ၍ နေသည်။

သူကား ၁၉၂၈ ခုနှစ် ဇွန် (၁၄) ရက်နေ့ဖွားဖြစ်သည်။ မောင်နှမ (၅) ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဖခင် အာနက်စ်စတို ဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာ တဦးဖြစ်ပြီး မိခင်က စီလီယာ ဆာနာဖြစ်၏။ သူကား ငယ် စဉ်က ချူချာ၏။ ပန်းနာရင်ကြပ်သည်တဦး။ အေးလျှင် ပန်းနာဝေဒနာက ထပြီ။ ပန်းနာရင်ကြပ်ရောဂါ ရှိပေမယ့် သူကား အားကစားဖက်တွင်လည်း ထူးချွန်ခဲ့၏။ “ရဂ္ဂဘီပွဲ” များတွင် ခပ်ကြမ်းကြမ်း ကစားတတ်သည်။ ဖခင်က သူ့အား ငယ်စဉ်ကပင် သေနတ်ပစ် သင်ပေး၏။ စစ်တုရင် ကစားနည်း သင်ပေး၏။ သူသည် စစ်တုရင် ကစားရာတွင်လည်း ထူးချွန်သူတဦး ဖြစ်ခဲ့သလို သေနတ်ပစ်ရာတွင်လည်း…။

(၅)
သူက ငယ်စဉ်ကပင် စာအုပ်ပုံအကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ ဖခင်၏ ကိုယ်ပိုင် စာကြည့်ခန်းတွင် စာအုပ် ပေါင်း ၃၀၀၀ ကျော်ရှိ၏။ စာကြည့်တိုက်ငယ်လေး တခုပမာ။ “ဂျက်လန်ဒန်” ၊ ”“ဂျူးလဘန်း”၊ “ဆစ်ဂမန်ဖ ရိုက်”၊ “ဘာထရန်ရပ်ဆဲလ်” တို့အား ငယ်စဉ်ကပင် ဖတ်ခဲ့ရ၏။ သူက ကဗျာကိုလည်း အရူးအမူး စွဲလန်း၏။ “ပက်ဘလိုနီရူးဒါ” ၏ ကဗျာများအား အာဂုံဆောင် နိုင်သည်အထိ ဖတ်ခဲ့၏။ ဖခင်က လက်ဝဲ၀ါဒီ တဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ သူ လေ့လာခွင့်ရခဲ့၏။

(၆)
၁၉၄၇ ခုနှစ်တွင် သူ “ဗွေနိုဇာရီး” တက္ကသိုလ်တွင် ဆေးပညာ သင်ယူခဲ့သည်။ ထိုတက္ကသိုလ်မှပင် ဒေါက်တာ ဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ ခုနှစ်တွင် သူသည် ဆေးတက္ကသိုလ် တက်နေရင်း ခွင့်ယူ၍ သူငယ်ချင်းတဦးနှင့် အတူ မော် တော်ဆိုင်ကယ် တစီးနှင့် လက်တင်အမေရိကတိုက်တလွှား ခရီးနှင်၏။ ချီလီသို့ ရောက်၏။ ချီလီမှသည် ပီရူး၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ထိုမှ ဗင်နီးဇွဲလား...။

ဤခရီးစဉ်မှ သူသည် လက်တင်အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု၊ လူတန်းစား မညီမျှမှုများအား တွေ့ခဲ့ သည်။ ဤခရီးစဉ် အကြောင်းအား သူကိုယ်တိုင် စာပြန်ရေး၏။ “မော်တော်ဆိုင်ကယ် ဒိုင်ယာရီ” ဟူ၍ စာအုပ် အဖြစ် ထုတ်ဝေခဲ့၏။ စရေးသည်မှာ စပိန်ဘာသာနှင့် ဖြစ်သည်။ နောက်ပိုင်းတွင်မူ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုစာအုပ်အားမှီး၍ ရုပ်ရှင် ပြန်ရိုက်၏။

(၇)
၁၉၅၃ ခုနှစ်တွင် အာဂျင်းတီးနား အစိုးရက ဆရာဝန်များအား အတင်းအကျပ် အမှုထမ်းခိုင်း၏။ သူက လူတ ယောက်ချင်း ခံစားနေရသည့် ဝေဒနာအား မကုသချင်။ ဤတွင် သူသည် အာဂျင်းတီးနားမှ တိမ်းရှောင် ထွက်ခဲ့တော့၏။ ပီးရူး၊ အီကွေဒေါ၊ ပနားမား၊ ကော်စတာရီကာ၊ နီကာရာဂွား၊ ဟွန်ဒူးရပ်စ်၊ အဲလ်ဘာလဗာဒို၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ ရောက်၏။ မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့် တွေ့၏။ ပေါင်းမိ၏။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား “၂၆ J” ရဲဘော်များဟု ခေါ်ကြသည်။

ဖီဒယ်ကက်စထရိုတို့၏ “၂၆ J” ရဲဘော်များက ကျူးဘား အာဏာရှင် “ဖူလ်ဂျင်စီယို ဘာတစ္စတာ” အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ။ မက္ကဆီကိုတွင်ပင် “၂၆ J” ရဲဘော်များနှင့်အတူ သူ စစ်သင်တန်းတက်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှူးကြီးဟောင်းတဦး။ သင်တန်းမှူး ဗိုလ်မှူးကြီးဟောင်း “အယ်ဘာတိုဘေးယို”က မှတ်ချက်ပြု၏။ “သူသည် သင်တန်းသားများအား လုံးအနက် အထူးချွန်ဆုံးဖြစ်သည်” ဟူ၍။

(၈)
၁၉၅၆ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် “၂၆ J” ရဲဘော်များနှင့်အတူ သူသည် ကျူးဘားနိုင်ငံသို့ ၀င်ခဲ့ကြ၏။ Gramma အမည်ရှိ မော်တော်ငယ် တစီးနှင့်။ မိုင် ၁၃၀ ကျော်ဝေးသည့် ပင်လယ်ခရီးအား နှင်ကြ၏။ ရဲဘော်ရှစ် ကျိပ်နှင့် တယောက်။ ဓားကောက်သဏ္ဍာန် ကျူးဘားကျွန်းပေါ်သို့ ရောက်၏။ မကြာ ကျူးဘားအာဏာရှင် တပ်များနှင့် တိုက်ပွဲများ ဖြစ်သည်။ တိုက်ပွဲအဖြေက မကောင်း။ သူတို့ဘက်မှ ရဲဘော် (၆၉) ယောက် ကျဆုံး ကုန်၏။ သူ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော်(၁၂)ယောက်သာ ကျန်တော့၏။ အငတ်ငတ် အပြတ်ပြတ်။ ကြံခင်း များအတွင်း ပုန်းနေကြ၏။ ကြံများ စုတ်ရင်းသာ အာဟာရ ဖြည့်နေ ကြရသည်မှာ ရက်သတ္တပတ်ခန့် ကြာ၏။ ဤမှ သူတို့ အာဏာရှင်အား ပြန်တိုက်၏။ မောင်းပြန်ရိုင်ဖယ် (၁၂) လက်။ လူ (၁၂) ယောက်နှင့်။

(၉)
ကျူးဘားနိုင်ငံ “ဆီအဲယားမေထရာ” တောင်တန်းများပေါ်မှာ သူတို့ လွတ်မြောက်နယ်မြေ တည်ဆောက်၏။ သူပုန်စခန်းဖွင့်၏။ အောင်မြေ။

သူသည် ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများ ဖွင့်၏။ စာသင်ကျောင်းများ တည်ထောင်၏။ ဤတွင် သူ သည် မောင်းပြန်ရိုင်ဖယ်အား လက်မှကိုင်ရင်း လူထုအား ဆေးကုသ၏။ လူတယောက်ချင်း၏ ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ ခံစားနေရသော ဝေဒနာကိုလည်း ကု၏။ လူထုမှ ထောက်ခံလာသည်။ တော်လှန်ရေးသည် မြင့်တက်၍ လာ၏။ ဒီလှိုင်းများသဖွယ် အားနှင့် မာန်နှင့်၊ အဆုံး၌ ကျူးဘား အာဏာရှင်အစိုးရ ကျဆုံးရ၏။

(၁၀)
ကျူးဘား တော်လှန်ရေးတွင် ကျူးဘားမဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယ သြဇာအာဏာ အရှိဆုံးပုဂ္ဂိုလ် ဖြစ်လာ၏။ ကျူးဘားနိုင်ငံ၏ ပြန်လည်ထူထောင်လုပ်ငန်းများတွင် အဓိက တာ ၀န်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတက်ရာတွင် သူသည် စီးပွားရေးရာအပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိုင်ငံသုံး ငွေစက္ကူပေါ်၌ သူ့လက်မှတ်ထိုးပေးရ၏။ ထိုစဉ်က GATT (ကုန်သွယ်ရေးနှင့် အခွန်အကောက်ဆိုင်ရာ အထွေထွေ သဘောတူညီချက်အဖွဲ့) အစည်းအဝေးပွဲများ သို့ သူတက်ရောက်ခဲ့ရသည်။ သံလွင်ရောင် စစ်ဝတ်စုံ၊ ပြောက်ကျား ယူနီဖောင်းနှင့် ...။

(၁၁)
၁၉၆၂ ခုနှစ်ကား စစ်အေးတိုက်ပွဲ အရှိန်အမြင့်မားဆုံး ကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ အမေရိကန်က သဘောမတူ။ ဤတွင် တင်းမာမှုက ကြီးမား၍လာ၏။ နျူက လီးယားစစ်ပွဲများ ဖြစ်လေမည်လား။ ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်၏။

(၁၂)
၁၉၆၄ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ် မတ်လအထိ သူသည် နိုင်ငံတကာ ခရီးစဉ်များသွား၍ သံခင်းတမန် ခင်းများအား ခင်းကျင်း၏။ ပြင်သစ်၊ အီဂျစ်၊ အယ်ဂျီရီယား၊ ဂါနာ၊ ဂီနီ၊ မာလီ၊ ဒါဟိုမီ၊ ကွန်ဂို၊ အိုင်ယာလန်နှင့် တရုတ်ပြည်သစ်နိုင်ငံများသို့။

ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန်ဖြစ်သည်။ သူက သဘောတရားအရတွင် “မော်” တို့နှင့် တူ၏။ ဤအတိုင်းပင် သူ့ခရီးစဉ်များအတွင်း ပြောဆိုဆွေးနွေး၏။ ကျူး ဘားခေါင်းဆောင်တဦး ပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ကြ၏။ ဤတွင် သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကို မနှစ်မြို့တော့။ သူတို့ ညီအစ်ကိုက “ခရူးရှော့”နှင့် နီးစပ်သူ။ သူခရီးစဉ်အပြီး “ဟားဗားနား” သို့ ပြန်ရောက်၏။ ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုနှင့် သူ၏ဆက်ဆံရေးက အေးအေးစက်စက်။ မကြာ သူ ကျူးဘားမှ ပျောက်သွားခဲ့တော့၏။ အားလုံးအား စွန့်လွှတ်၍ ...။

(၁၃)
အာဖရိကတိုက်ရှိ ကွန်ဂို-ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်း သူ သေနတ်ကိုင်၍ ရောက်သွား၏။ အာဖရိက တောနက်ကြီးအတွင်း ပြောက်ကျားစစ် ဆင်နေတော့၏။ ရာသီဥတုက ဆိုးသည်။ ထိုစဉ်က သူအသက်သည် (၃၈) နှစ်ခန့်ရှိပြီ။ ပန်းနာရင်ကျပ် ဝေဒနာက ပြန်ထ၍လာပြီ။ ဆိုးဆိုးဝါးဝါး။ မရတော့။ သူ အနားယူရသည်။ အ နားယူစဉ် ကာလအတွင်း “ကွန်ဂို ဒိုင်ယာရီ” အား ရေးခဲ့သည်။ သူ၏ တော်လှန်ရေးကာလ ကွန်ဂို အတွေ့အကြုံ များ။

(၁၄)
ထို့နောက် သူသည် ဘိုလီးဗီးယားအစိုးရအား တော်လှန်ရန် ဘိုလီဗီးယားသို့ ထွက်ခဲ့၏။ သူနှင့် ရဲဘော် (၁၇) ယောက်။ ဗီယက်နမ် ရဲဘော်များလည်း ပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ။ ၁၉၆၇ ခုနှစ် အောက်တိုဘာ (၇)ရက်နေ့တွင် သူနှင့် ရဲဘော်များ ဘိုလီးဗီးယားနိုင်ငံ ယူဂို(ချူရီ) တောင်ကြားအတွင်းသို့ ၀င် ခဲ့ကြ၏။ ရိုင်ဖယ် သေနတ်များနှင့်။

ချောင်းရိုးငယ်အား ဖြတ်ကြ၏။ ဤတွင် ၀ိုင်းဝန်းပစ်ခတ်မှုအား သူတို့ ရုတ်တရက် ခံလိုက်ကြရ၏။ သူ ဦးဆောင် သည့် ပြောက်ကျားများ ဘိုလီးဗီးယား စစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီ။ အကျအဆုံးက များသည်။ သူလည်း ထိ၏။ ဆုတ်၍ မရ။ တက်၍ မရ။ နောက်ဆုံး သူ ဘိုလီးဗီးယား စစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ ၏။
(၁၅)
၁၉၆၇ ခုနှစ်အောက်တိုဘာလ (၉)ရက်နေ့။
ဘိုလီးဗီးယားနိုင်ငံ၏ မြို့တော်နှင့် ဝေးကွာလွန်းသည့် “ဗယ်လီဂရန်ဒေမြို့” လေယာဉ်ကွင်းငယ်၏ အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့် စစ်သုံ့ပန်းတဦးအား နောက်ပြန် လက်ထိပ်ခတ်၍ ထားသည်။ လက်ထိပ်ခတ် ခံထားရသည့် စစ်သုံ့ပန်းသည် ဘိုလီးဗီးယား စစ်သားများ၏ အရှေ့၌ မတ်မတ်ရပ်၍ နေသည်။ စစ်သားများက စစ်သုံ့ပန်းအား မောင်းပြန်ရိုင်ဖယ်သေနတ်များနှင့်ချိန်ထား၏။ စစ်သုံ့ပန်းက စစ်သားများအား သူ၏ စူးရှသော မျက်လုံးများနှင့် ကြည့်၏။

အမိန့်သံထွက်လာ၏။
ယမ်းပေါက်ကွဲသံများ ဆူညံ၍ သွားသည်။ ယမ်းညှော်နံ့တို့က လေယာဉ်ကွင်းအနီး မွှန်၍နေသည်။ စစ်သုံ့ပန်း သည် တဖြေးဖြေး ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ခန္ဓာကိုယ်အနှံ့မှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ဘို လီးဗီးယား စစ်သားများက သွေးအလူးလူးနှင့် လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့်တိုက်၍ ဖြတ်ကြ၏။ ထိုနောက် လေယာဉ်ကွင်း အနီးတွင်ပင် လက်မပါသော ခန္ဓာကိုယ်အား ကျင်းတူး၍ မြုပ်နှံလိုက်ကြတော့၏။

(၁၆)
မပုပ်မသိုးရန် ဆေးရည် စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယားအစိုးရမှ ကျူးဘားသမ္မတ ဖီဒယ်
ကက်စထရိုထံသို့ ပို့လိုက်၏။
၁၉၆၇ ခုနှစ် အောက်တိုဘာလ (၁၅)ရက်။
ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့် သိ၏။ သူနှင့် တော်လှန်ရေးများအတွင်း လက်တွဲခဲ့ သည့် လက်များ။ မလွဲနိုင်။ သူ…။ သူ …။
“အာနက်စ်တို ဂွေဗားရား ဒီလာဆနာ” သို့မဟုတ် “ချေ”။
ချေ ဟူသည်က …..စပိန် ဘာသာအရ “ ရဲဘော်၊ ရဲဘက်” ဟူ၍ ဖြစ်သည်။
“မြေ၀သုန်ရေ ...
ဂုဏ်ပြုအပ်တဲ့
ဧည့်သည်တယောက်ကို
ဆီးကြိုပေတော့ ...”
(အော်ဒင်)

ref: ဒေါက်တာလွမ်းဆွေ

Read More...